← Chapters

အခန်း (၈၆)

Vol. 9 Ch. 86

အခန်း (၈၆)

Vol. 9 Ch. 86

🥝 Chapter 86

“အော်၊ သူတို့လား? သူတို့က မစ်ရှင်တစ်ခုနဲ့ အပြင်သွားကြတယ် ဟဲဟဲ”

လဲ့အော် သူ့လက်ထဲရှိ ရွှေနီရောင်လှံရှည်ကြီးကို ဝေ့ယမ်းလိုက်ရင်း “မနက်ဖြန်မှ သူတို့ ပြန်လာမှာ”

အာ!

စုရှင်းချန် မျက်နှာထက် မျှော်လင့်ချက်ကင်းမဲ့သွားသော အမူအရာပေါ်လာသည်။

“နောက်တစ်ခါကျရင် သူတို့ကို ခင်ဗျားကိုပါ တစ်ခါတည်း ခေါ်သွားခိုင်းဖို့ ကျနော် သေချာပေါက်ပြောရမယ်!”

“ဟမ်၊ မင်း ဘယ်လိုသိတာလဲ? သူတို့လည်း အမြဲတမ်း အဲ့ဒီအတိုင်းပဲပြောကြတာ”

လဲ့အော်က ‘မင်း ခန့်မှန်းမိသွားတာပဲ’ ဆိုသည့် မျက်နှာပေးမျိုးလုပ်ပြနေသည်။

စုမျိုးနွယ်စုဝင် သုံးယောက်လုံးစိတ်ပျက်လက်ပျက်ဖြင့် ခေါင်းခါလိုက်ကြသည်။

“ကျဲ... သူနဲ့ စကားပြောလိုက်ပါတော့၊” စုရှင်းချန် အံကြိတ်ကာ လက်လျှော့လိုက်သည်။

“သူ့ကို ကျဲ ဘယ်လောက် အစွမ်းထက်လဲဆိုတာ သိအောင်လုပ်ပြလိုက်!”

စုကျို သက်ပြင်းချလိုက်ပြီး လဲ့အော်ဘက်သို့လှည့်လိုက်သည်။

“လာပါ၊ ကျွန်မက စုကျိုပါ”

“ဟုတ်တယ်၊ တခြားသူကိုကြည့်မနေနဲ့”

“စိန်ခေါ်စာ ထုတ်ခဲ့တဲ့ စုကျိုက ကျွန်မပဲ”

လဲ့အော် သူမကို တစ်ချက်ကြည့်သည်၊ ထို့နောက် စုရှင်းချန်ကို တစ်ချက်ကြည့်သည်။

ထို့နောက်တွင်မှ စုကျို ခါးတွင် ချိတ်ထားသော [ ရွှေရောင်တောက်ပသော ထိပ်တန်းမီးဓာတ် ဝိညာဉ်အုတ်မြစ် ] ကို သူ သတိပြုမိသွားသည်။

“ဟင်၊ နင်က ရွှေရောင်တောက်ပတဲ့ အဆင့်လား?”

“...”

【 အဆင့် ၃၀ မှ ၄၀ အတွင်းရှိ တပည့်များအားလုံးသတိပြုရန်၊ အရေးကြီး ဆုလာဘ်မစ်ရှင်တစ်ခု ထုတ်ပြန်လိုက်သည်။ 】

စုကျိုသည် [ ရွှေရောင် ဝိညာဉ်အုတ်မြစ်ကြီး ] ကို မတတ်သာဘဲ ပြန်သိမ်းလိုက်ပြီး လဲ့အော်အား သူ့ စစ်မှန်သော စုကျိုအမည်ပါတပည့်တံဆိပ်ကို ထုတ်ပြကာ မည်သူမည်ဝါဖြစ်ကြောင်းသက်သေပြလိုက်သည်။ လဲ့အော်ကမု သူမနှင့်အတူ တိုက်ခိုက်ရေးကွင်းသို့ သွားတော့မည့်ဆဲဆဲမှာပင် အဆင့် ၃၀ ၏ ကောင်းကင်ယံရှိ ဝိညာဉ်စွမ်းအင်များ ရုတ်တရက် ပြောင်းလဲသွားပြီး အရေးပေါ် အကြောင်းကြားစာတစ်ခု ပေါ်လာတော့သည်။

【 နောက်သုံးလတွင် ကျင်းပမည့် ‘ထိပ်သီးဝိညာဉ်လမ်းစဉ် ပြိုင်ပွဲကြီး’ တွင် ပါဝင်ယှဉ်ပြိုင်ရန်အတွက် ဝိညာဉ်ပိုးဖလံဂေဟာသည် အခြေခံအဆင့်အထွတ်အထိပ် အသင်းဝင် တစ်ဦးချင်းစီအတွက် ထိပ်တန်း တတိယအဆင့် ခံစစ်ဝတ်စုံ၊ ဘောင်းဘီ၊ ဖိနပ်နှင့် ခြေအိတ်များကို ပြင်ဆင်ပေးမည် ဖြစ်သည်။ 】

【 ထို့ကြောင့် ပိုးကောင်မွေးမြူသည့် တပည့်များအားလုံးထံမှ တတိယအဆင့် ပိုးချည်များကို စုဆောင်းရန် ခေါ်ယူအပ်ပါသည်။ 】

လိုအပ်ချက်မှာ ဤပိုးချည်အသုတ်သည် ခိုင်ခံ့ရမည်၊ ခံစစ်စွမ်းအား မြင့်မားရမည်ဖြစ်ပြီး တိုက်စားတတ်သော စွမ်းအားများ၊ ပြင်းထန်သော အဆိပ်များနှင့် ဆိုးဝါးသော ဝိညာဉ်ဂါထာများကို ခံနိုင်ရည်ရှိရမည် ဖြစ်သည်။

စုကျို အံ့အားသင့်သွားပြီးနောက် အဆင့် ၃၀ ၏အဓိကတပည့်ကြီး လဲ့အော်ပင်လျှင် လှုပ်ရှားမှု ရပ်တန့်သွားသည်ကို သတိပြုမိလိုက်သည်။

မကြာမီ ဤတိုက်ခိုက်ရေးရူးကြီးမှာ အလုပ်ရပ်နားလိုက်ရပြီး စုကျိုကို လက်ပြကာ သက်ပြင်းချလိုက်သည်။

“ခဏစောင့်ဦး ဂျူနီယာညီမ စုကျို၊ ငါ အလုပ်ကိစ္စလေးတွေ အရင်ကိုင်တွယ်လိုက်ဦးမယ”

အဓိကတပည့်ကြီး ဖြစ်သည့်အတွက် သူသည် အဆင့် ၁ မှ ယင်လီကဲ့သို့ပင် အဆင့် ၃၀ ရှိ တပည့်များအတွက် မစ်ရှင်များ ထုတ်ပြန်ပေးရန် တာဝန်ရှိသည်။

ချက်ချင်းဆိုသလို လဲ့အော်သည် သူ့ နှာတံပေါ်ရှိ ရွှေရောင် ‘ခေါင်းဆောင်’ စာလုံးကိုနှိပ်လိုက်သည်။

【 အဆင့် ၃၀ ရှိ တပည့်များ၊ တိုက်ခိုက်ကြ! 】

【 တိုက်စားမှုဒဏ်နှင့် အဆိပ်ဒဏ်ခံနိုင်သော ဝိညာဉ်ပိုးချည်များ ထုတ်လုပ်ရန်အတွက် ဝိညာဉ်ပိုးကောင်များကို မှော်ကျောက်တုံး (Magic Crystals) များ ၃ ရက် ဆက်တိုက် ကျွေးရမည်! 】

【 ယနေ့မှစ၍ အဆင့် ၃၀ ရှိ တပည့်များသည် အဆင့် ၄၀ ရှိ ဝိညာဉ်ပိုးဖလံဂေဟာမှ မိစ္ဆာနှိမ်နင်းရေး မစ်ရှင်များကို လက်ခံနိုင်ပြီ! ဝိညာဉ်ပိုးကောင်များ ကျွေးရန်အတွက် မိစ္ဆာအမြုတေများကို စုဆောင်းကြလော့! 】

【 ဤအကြိမ်တွင် ပိုးချည်မျှော်စင်သည် တိုက်ပွဲဝတ်စုံများ ထုတ်လုပ်မည်ဖြစ်သည်၊ ငါတို့ အဆင့် ၃၀ တပည့်များအားလုံး ဤစိန်ခေါ်မှုကို လက်ခံကြမည်ရှိနေသည်ကို သူမ တွေ့ရှိလိုက်ရသည်။

ရွေးချယ်စရာ တာဝန်ပေါင်း ၅၀ သို့မဟုတ် ၆၀ ခန့် ရှိနေသည်။

ရွှေနက်ကျေးရွာ: ကျေးရွာသည် ရုတ်တရက် အဆက်အသွယ် ပြတ်တောက်သွားခဲ့သည်၊ မိစ္ဆာကျင့်ကြံသူများ၏ လက်ချက်ဟု သံသယရှိသည်။

လျိုကွမ်းမြို့ဆင်ခြေဖုံး : အစိတ်အပိုင်းများ ပြတ်တောက်နေသော အလောင်းများစွာတွေ့ရှိရသည်၊ မိစ္ဆာကျင့်ကြံသူများက သားရဲများကို ထိန်းချုပ်၍ ဆူပူသောင်းကျန်းစေသည်ဟု သံသယရှိသည်။

ရှီကွမ်းကျွန်း: မိစ္ဆာစွမ်းအင်များ ပြင်းထန်လာပြီး အမျိုးသမီးငယ်အများအပြား ဆန်းကြယ်စွာသေဆုံးနေသည်...

ရှီးရှန်းထန်: ရက်အနည်းငယ်စာရောင်းရငွေများ လုယက်ခံရပြီး ဆိုင်၏ရတနာမှာလည်း ခိုးယူခံလိုက်ရသည်...

စုကျိုသည် ဤတာဝန်များကို အဆင့် ၃၀ ရှိ သူများပါ လက်ခံနိုင်ကြောင်းတွေ့ရှိလိုက်ရသည်။

သို့သော် တာဝန်တစ်ခုစီ၏အောက်တွင် စာသားသေးလေးများပါရှိသည်။

[ ဤတာဝန်ကို အဖွဲ့ငယ်ဖြင့် လက်ခံရန်အကြံပြုသည်၊ သို့သော် မိစ္ဆာကျင့်ကြံသူများ သတိမပြုမိစေရန်နှင့် သာမန်လူတို့၏အသက်အန္တရာယ်ကို မထိခိုက်စေရန်အတွက် အဖွဲ့ဝင်ဦးရေ ကန့်သတ်ချက်အားကျော်လွန်ခြင်းမပြုရန် သတိပြုပါ။ ]

[ ထို့အပြင် ယခုအကြိမ်တွင် အဆင့် ၃၀ ရှိ တပည့်များအား အဆင့် ၄၀ ရှိ မစ်ရှင်များ ဆောင်ရွက်ရာတွင် အုပ်ချုပ်ရေးမှုးများနှင့် အုပ်ချုပ်ရေးမှုး ချုပ်က လိုက်ပါစောင့်ရှောက်ပေးမည် ဖြစ်သည်။ အန္တရာယ်ရှိပါက တပည့်တံဆိပ်ကို အချိန်မရွေး ချိုးဖျက်၍ အကူအညီ တောင်းခံနိုင်သည်။ ]

စုကျို ထိုစာကို ဖတ်ပြီးသည်နှင့် သူ့ခါးရှိ ဂွမ်းအရုပ်လေးထံမှ အသံထွက်လာသည်။

“ကျဲ... ရွှေနက်ကျေးရွာက ဟိုမိန်းကလေး...” စုကျီကျီ အသံဖြစ်သည်။

“အင်း”

စုကျို မှတ်မိနေပါသေးသည်။ ကျင်းယွီထန် အဝင်ဝတွင် တွေ့ခဲ့သည့် အဘိုးအိုနှင့် မြေးမလေးမှာ ရွှေနက်ကျေးရွာကဟု ပြောခဲ့ကြသည်။

ဒီလိုနည်းနဲ့ သူတို့သတင်းကို တစ်ဖန်ပြန်ကြားရလိမ့်မည်ဟု သူ မထင်ထားမိပေ။ ဒါက ရေစက်ပဲဆိုလျှင် သူမ သွားကြည့်သင့်သည်။

“ငါကတော့ ရှီးရှန်းထန်ကို သွားချင်တယ်!” သူ့နောက်ရှိ ဂွမ်းအရုပ်လေးထဲမှ ကျူးပိုင်ယွီအသံလည်း ထွက်လာသည်။

“အဲ့ဒီ အစုတ်အပြတ်ကောင်တွေက ငါ့ပစ္စည်းခိုးသွားတာ၊ သွားကြည့်မှ ဖြစ်မယ်”

သူသည် သူ့ ‘နှလုံးသားဖြတ်ဓား’ အား သေသေချာချာမသန့်ရှင်းပေးခဲ့သည့်ကိစ္စကို ယခုထိ အငြိုးထားနေဆဲပင်။

“စုကျို၊ ငါတော့ ရှီကွမ်းကျွန်းကို သွားမယ်! အမျိုးသမီး အတော်များများအသတ်ခံနေရတာ၊ ငါ ဒီအတိုင်း ထိုင်ကြည့်မနေနိုင်ဘူး!”

ယင်လီ ပြတ်ပြတ်သားသား ပြောလိုက်သည်။

စုကျို လေပူတစ်ချက်မှုတ်လိုက်မိသည်။ လူတိုင်းက မတူညီတဲ့နေရာများကိုသွားချင်နေကြသည်။ ကယ်ဆယ်ရေး မစ်ရှင်တိုင်းကလည်း အရေးကြီးပုံရသည်။

“ငါတို့ အဖွဲ့ခွဲလိုက်လို့ရတာပဲ” လိုကျား၏တည်ငြိမ်သောအသံက ချက်ချင်းထွက်ပေါ်လာသည်။

“ရှောင်လု သွားမယ့်နေရာက အမြဲတမ်း ကျပန်းဖြစ်နေတတ်တာ၊ အရင်ကလည်း ငါ သူနဲ့ မတူညီတဲ့ မစ်ရှင်နှစ်ခုမှာ အတူရှိခဲ့ဖူးတယ်”

“...”

ဒါ ဂုဏ်ယူစရာကိစ္စလား? ထည့်ပြောဖို့ လိုလို့လား? စုကျို သူမကို အားကျမိသွားသည်။

သို့သော် သူမလည်း သဘောတူလိုက်သည်။

“ကောင်းပြီ၊ ဒါဆိုရင် အဖွဲ့ခွဲပြီး ကိုယ်သွားချင်တဲ့ မစ်ရှင်ကို ကိုယ်တိုင်ရွေးကြတာပေါ့”

“အော်... ဆောရီး၊ ဒီနေ့ အသင်းခေါင်းဆောင်က ဘယ်သူလဲ... ငါ ခေါင်းဆောင်ပြောတာ နားထောင်ပါ့မယ်”

ဖျတ် ဖျတ် ဖျတ် ဖျတ်...

ဂွမ်းအရုပ်လေးထဲမှ အသံများ ထွက်လာပြီးနောက် လူ ခြောက်ယောက်လုံး ဆက်သွယ်မှုကို ချက်ချင်းဖြတ်လိုက်ကြသည်။

စုကျို : “...”

ဒီလူတွေက ဘာသဘောလဲ ?

သူမသည် ရွှေနက်ကျေးရွာ မစ်ရှင်ကို ချက်ချင်းရွေးချယ်လိုက်သည်။ သူမ သွားချင်သည့် အခြားနေရာများအတွက် ယင်လီနှင့် ကျူးပိုင်ယွီတို့ ရှိနေသဖြင့် သူမ စိတ်ချလက်ချရှိနေသည်။ ၎င်းတို့စွမ်းဆောင်ရည်ကို သူမ ယုံကြည်သည်။

ရွှေနက်ကျေးရွာ မစ်ရှင်ကိုလက်ခံပြီးနောက် သူ့ လက်ဖမိုးပေါ်တွင် စာသားလေး ပေါ်လာသည်။

[ စုကျို : ရွှေနက်ကျေးရွာ မစ်ရှင်ကို အောင်မြင်စွာ လက်ခံပြီးပါပြီ၊ ဤမစ်ရှင်ကို နှစ်ဦးတွဲ ဆောင်ရွက်ရန်အကြံပြုသည်။ ]

[ ဒုတိယမြောက် အဖွဲ့ဝင်ပါဝင်လာရန် စောင့်ဆိုင်းနေသည်... ]

နေရာလွတ် တစ်နေရာကျန်နေသေးသည်။ စုကျီကျီ သို့မဟုတ် စုရှင်းချန် တစ်ယောက်ယောက်ဖြစ်နိုင်သည်။

စောင့်နေစဉ်မှာပင် စုကျို အခြားမစ်ရှင် သွားကြမည့် ယင်လီ၊ ကျူးပိုင်ယွီတို့ဆီသို့ ဂွမ်းအရုပ်မှတစ်ဆင့် စာတစ်စောင် ပြိုင်တူပို့လိုက်သည်။

“အောင်မြင်အောင် လုပ်ခဲ့ကြနော်”

“ငါ့တံခါးဝမှာ ချိတ်ထားတဲ့ ကျင်းကန်းပေါင်ရုပ်သေးရယ်၊ ချိတ်ထားတဲ့ သူ့ရဲ့ ဦးခေါင်းခွံနောက်စိနဲ့ ပုခုံးရိုးတွေကိုတော့ နင်တို့ အဆင်ပြေသလို သုံးလို့ရတယ်”

“...”

“ပြီးတော့ စီနီယာအစ်မယို့လုရဲ့ အကောင်းဆုံး ကံကောင်းခြင်းလက်မှတ်မိတ္တူ ‘အရာရာ ဘေးကင်းပါစေ’ ဆိုတာတွေကိုလည်း ချန်ယွမ်ရဲ့ သိုလှောင်အိတ်ထဲမှာ ငါ ဝှက်ထည့်ပေးလိုက်တယ်”

“?”

“စီနီယာအစ်မရဲ့အဆိုးဆုံးနဲ့ အလတ်စားကံစမ်းမဲ လက်မှတ်တွေကိုလည်း ချန်ယွမ်ဆီမှာပဲ ငါ ဝှက်ထားပေးတယ်...”

“!”

“အော်... ဒါနဲ့ ကျူးပိုင်ယွီရဲ့ ‘ချည်နှောင်ခြင်း ကျောက်စိမ်းခါးပတ်’ မိတ္တူ ရှစ်ခုရယ်၊ စီနီယာအစ်ကိုလိုကျားရဲ့ ဝတ်ရုံမိတ္တူ ကိုးထည်ရယ်... ယင်လီ နင့်ရဲ့ပန်းပုဓားမိတ္တူရယ်၊ ကျီကျီနဲ့တနျိုတို့ရဲ့ ကိုယ်စားလှယ် ရုပ်သေးရုပ်တွေရယ်... အဲ့ဒါတွေကော ယူဦးမလား?”

“!!! စုကျို!”

“နင်ကတော့ တကယ်အစွမ်းထက်တဲ့ သားရဲပဲ...”

“ကျဲ...”

စုကျို ဂွမ်းအရုပ်ကိုပိတ်ချလိုက်ပြီး သူ့ အိတ်ထဲသို့ထည့်ကာ မျက်နှာသေနှင့် နေလိုက်သည်။

[ ရွှေနက်ကျေးရွာ မစ်ရှင်သို့ ပါဝင်မည့် ဒုတိယမြောက် အဖော်ကိုစောင့်ဆိုင်းနေဆဲ... ]

ဟင် ? စုကျီကျီနဲ့ စုရှင်းချန်တို့ ဘာတွေ နှောင့်နှေးနေကြတာလဲ ?

“စုကျို၊ ငါတို့ရဲ့တိုက်ပွဲကို ထပ်ပြီးရွှေ့ဆိုင်းရဦးမယ်”

လဲ့အော်သည် အဓိကတပည့်ကြီးတစ်ဦး၏ရှုပ်ထွေးလှသော အလုပ်များကိုကိုင်တွယ်ပြီးနောက် သက်ပြင်းချလျက် သူမကို ကြည့်လိုက်သည်။

“ဒါပေမဲ့ ရပါတယ်၊ ငါ ပြန်လာတာကို စောင့်နေလိုက်”

ဖျတ် ခနဲ အသံနှင့်အတူ သူသည် မြှားပုံသဏ္ဍာန်ရှိသော ဂါထာစက္ကူကြီးတစ်ခုကို သူမထံ ပစ်ပေးလိုက်သည်။

[ အဆက်အသွယ် လုံးဝမပြတ်စေရ!! ]

စုကျို: “?”

ချက်ချင်းဆိုသလို သူမ ထိုဂါထာစက္ကူကို သူမ၏ ရွှေရောင်လက်ချောင်းနှစ်ချောင်းဖြင့် ဖမ်းယူလိုက်သည်။

လဲ့အော်မှာ မှင်သက်သွားပြီး သူမ လက်ထဲမှ အရာကိုကြည့်ကာ မျက်နှာထားမှာ ချက်ချင်းတည်ကြည်သွားတော့သည်။

“အခြေခံအဆင့်အထွတ်အထိပ်က ထုလုပ်ထားတဲ့ သစ်သားပန်းပုလား?”

“ခုနက ရွှေရောင်ဝိညာဉ်အုတ်မြစ်နဲ့ အမျိုးအစားတူတာလား?”

“တကယ်ပဲ စုကျိုရေ... နင့်ရဲ့လက်ရာက အသက်ဝင်လွန်းလို့ အစစ်နဲ့အတုတောင် ငါ ခွဲမရတော့ဘူး”

စုကျို သူ့ ညာဘက်မျက်ခုံးကိုပင့်လိုက်ပြီး သူ့ကို ရယ်ချင်ပတ်ကျိကြည့်လိုက်သည်။

“ပစ္စည်းတွေကို လျှောက်မပစ်နဲ့လေ၊ နင်က ဒီဂါထာစက္ကူကို ပစ်ပေးလိုက်တာဆိုတော့...”

“ငါကတော့ ရရင် သိမ်းထားလိုက်မှာပဲ”

လဲ့အော် ကြောင်သွားသည်။ ထို့နောက်တွင်မှ စုကျိုသည် အဆင့် ၃၀ ရှိ အခြားကျင့်ကြံသူများနှင့် တကယ်ကိုကွာခြားကြောင်း သူ သတိပြု မိသွားသည်။ သူမက ဝိညာဉ်သန့်စင်ခြင်း အဆင့်နှောင်းပိုင်းလောက်သာရှိပုံရပြီး လေတိုက်ရင် လွင့်သွားတော့မည့်အလား ပိန်ပိန်ပါးပါးလေး ဖြစ်သော်လည်း သူကဲ့သို့ အဓိကတပည့်ကြီးကို အနည်းငယ်မျှကြောက်ရွံ့ခြင်း မရှိပေ။

သူမသည် ထိုသစ်သားလက်မကြီးနှစ်ခုကိုသုံး၍ သူ့ “အဆက်အသွယ် လုံးဝမပြတ်စေရ” ဂါထာစက္ကူကိုညှပ်ယူကာ သူမ၏ သိုလှောင်အိတ်ထဲသို့ အရှက်မရှိ ထည့်လိုက်ခြင်းပင်။

“စိတ်ဝင်စားဖို့ကောင်းသားပဲ၊ ဒါကို လက်ခံလိုက်စမ်း စုကျို!”

“ဒီတိုက်ပွဲပြီးရင် ငါတို့ မစ်ရှင်တွေ သွားလုပ်လို့ရတယ်၊ ဘာမှမဖြစ်ဘူး။ ငါ ချက်ချင်း လာခဲ့မယ်—”

သူမ လုပ်ရပ်ကြောင့် လှုံ့ဆော်ခံလိုက်ရသောလဲ့အော်သည် လျှပ်စီးများ တဖျတ်ဖျတ်လက်နေသော သူ့ ရွှေနီရောင်လှံရှည်ကြီးကို ဝေ့ယမ်းကာ စုကျိုထံသို့ တိုက်ရိုက် ဦးတည်တိုက်ခိုက်လိုက်တော့သည်။

စုကျို မျက်ခုံးပင့်လိုက်ပြီး သူ့ ရွှေလက်ချောင်းလေးများဖြင့် ထိုလှံရှည်ကြီးကိုလှမ်းဖမ်းလိုက်ရာ သူမ ကိုယ်တိုင်အံ့အားသင့်သွားရသည်!

ချက်ချင်းဆိုသလို သူမ ခြေထောက်အောက်ရှိ တယ်လီပို့ရေတွင်းမှာ လှိုင်းထသကဲ့သို့ တုန်ခါလာတော့သည်။

[ သင်၏ ဒုတိယမြောက်မစ်ရှင်အဖော် ချဉ်းကပ်လာနေပြီဖြစ်သည်။ ]

[ အဖော်အဖြစ် တွဲဖက်မှု အောင်မြင်သည်! ]

“?”

စုကျိုသည် ကြောင်အမ်းအမ်းဖြင့်မော့ကြည့်လိုက်ရာ၊ သူမနှင့် လဲ့အော်တို့သည် ဝိညာဉ်စွမ်းအင်များကို သယ်ဆောင်ပေးနိုင်သော ရွှေနီရောင်လှံရှည်ကြီး၏တစ်ဖက်တစ်ချက်စီကို ကိုင်ထားမိလျက်သားဖြစ်နေကြသည်။

လဲ့အော်လည်း မှင်သက်သွားသည်။

ထို့နောက် သူ့ ခြေထောက်အောက်ရှိ ရေတွင်းအဖုံးမှာ လင်းလက်လာပြီး ရွှေနက်ကျေးရွာမစ်ရှင်တည်နေရာသို့ တယ်လီပို့ ပို့ဆောင်တော့မည်ကို ပြသနေသည်!

ကောင်းကင်ယံတွင်လည်း အကြောင်းကြားစာ စာသားများပေါ်လာတော့သည်!

[ အောက်ထျန်းအသင်းခေါင်းဆောင် လဲ့အော်သည် အောက်ခြေအသင်းခေါင်းဆောင် စုကျိုအား စိန်ခေါ်သည်! ]

[ အောက်ထျန်းအသင်းခေါင်းဆောင် လဲ့အော်သည် အောက်ခြေအသင်းခေါင်းဆောင် စုကျိုအား လှံဖြင့် ထိုးနှက်တိုက်ခိုက်သည်! ]

[ နှစ်ဦးသားလှံကို အတူတကွ ကိုင်ထားမိသဖြင့် အဖော်များဖြစ်လာကြသည်။ ]

[ အောက်ထျန်းအသင်းခေါင်းဆောင် လဲ့အော်နှင့် အောက်ခြေအသင်းခေါင်းဆောင် စုကျိုတို့သည် အောင်မြင်စွာအဖော်ဖြစ်သွားကြပြီး ရွှေနက်ကျေးရွာမစ်ရှင်ကို အတူတကွဆောင်ရွက်မည်ဖြစ်သည်! ]

[ တယ်လီပို့ ပို့ဆောင်ခြင်း စတင်ပါပြီ! ]

စုကျို : “...”

လဲ့အော် : “...”

ကျန်ရှိနေသောသူများမှာ ကောင်းကင်ယံရှိ စာသားကိုကြည့်ကာ အားလုံးဆွံ့အကုန်ကြသည်။

“ငါတို့ရဲ့ ခေါင်းဆောင်ကြီးကတော့... ဝိညာဉ်ပိုးဖလံဂေဟာမှာ... ဦးနှောက်မရှိဆုံးလူ မဟုတ်လား?”

“ဝိုး...”

ကျင်းကန်းပေါင်နှင့် ရင်းမြောင်တို့သည် အောက်ခြေအသင်းအဝင်ဝတွင် အတူတူထိုင်နေရင်း မော့ကြည့်နေကြသည်။

သူတို့ တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ပြီးနောက် ရွှေနက်ကျေးရွာ မစ်ရှင်ကို ချက်ချင်းလက်ခံလိုက်ကြကာ အတူတူတယ်လီပို့ ထွက်ခွာသွားကြတော့သည်!

စုကျီကျီနှင့် စုရှင်းချန်တို့မှာလည်း အံ့အားသင့်လွန်းသဖြင့် စကားပင် မပြောနိုင်ကြတော့ပေ။

မကြာမီမှာပင် ဝတ်ရုံနီနှင့်ချန်ယွမ်မှ ၎င်းတို့ကို ပွေ့ချီကာ ရွှေနက်ကျေးရွာ မစ်ရှင်၏တယ်လီပို့ စက်ဝန်းထဲသို့ခုန်ဝင်သွားကြသည်!

ယင်လီနှင့် ဟောက်ယို့လုတို့ကမူ အမျိုးသမီးများကိုကယ်တင်ရမည့် မိစ္ဆာနှိမ်နင်းရေးမစ်ရှင်ထဲသို့ ခြေလှမ်းလှမ်းလိုက်ကြသည်။

လိုကျား မျက်လုံးမှိတ်လျက် “...”

ဘယ်သူမှ မရှိတော့ဘူးလား ဟ!

ဘယ်သူမှ သူ့ကို ဂရုမစိုက်ကြတော့ဘူး။

သူ တစ်ယောက်တည်း ကျန်ခဲ့ပြန်ပြီ။

“ငါက မျက်စိကွယ်နေတာပါ... ဟူး...”

ကျူးပိုင်ယွီ : “??? စီနီယာအစ်ကို... ကျွန်တော်က လူမဟုတ်လို့လား!”

“...အော်၊ ဆောရီး၊ ငါ မျက်လုံးမှိတ်ထားမိလို့ မမြင်လိုက်ဘူး”

“...”

ကျူးပိုင်ယွီသည် ဒေါသကိုအသာထိန်းကာ၊ ခိုးကြည့်ရန် မျက်လုံးဖွင့်တော့မည့် လိုကျားကိုဆွဲပြီး သူတို့ရှေ့တွင် ပေါ်လာသော ရှီးရှန်းထန် မစ်ရှင်စက်ဝန်းထဲသို့ တိုးဝင်သွားတော့သည်။

တစ်ခဏချင်းမှာပင် အဆင့် ၃၀ တွင် တာဝန်ကျနေသော အုပ်ချုပ်ရေးမှုးများနှင့် အုပ်ချုပ်ရေးမှုးချုပ် အားလုံးထွက်လာကြပြီး သူတို့၏ တပည့်များကိုကာကွယ်ရန်အတွက် မစ်ရှင်တည်နေရာ ၅၀၊ ၆၀ ဆီသို့ အသီးသီး ဦးတည်သွားကြတော့သည်။

ဤအချိန်တွင် အဆင့် ၁ မှ ၃၀ အထိ ရှိသော ကောင်းကင်ယံပုံရိပ်ယောင်များတွင်လည်း အဆင့် ၃၀ ၏မိစ္ဆာနှိမ်နင်းရေး မြင်ကွင်းများကို တိုက်ရိုက်ထုတ်လွှင့်ပြသနေပြီ ဖြစ်သည်။

“ဝိုး... ငါတို့အဆင့်က စုရှန်းဖျင်ပါလား!”

“ခေါင်းဆောင်ယင်လည်း ပါတယ်!”

ချက်ချင်းပင် အဆင့် ၁ မှ ၃၀ အထိ ရှိသော လူအားလုံးသည် မိစ္ဆာနှိမ်နင်းရေးမစ်ရှင်ကို စိတ်ဝင်တစား စောင့်ကြည့်နေကြပြီး၊ ပါဝင်နေသည့် ရဲရင့်သော တပည့်များအတွက် စိုးရိမ်ပူပန်နေကြသည်။

တစ်ချိန်တည်းမှာပင်၊ ရွှေနက်ကျေးရွာသို့ ဦးတည်နေသော တယ်လီပို့ရေတွင်းအတွင်း၌ စုကျိုနှင့် လဲ့အော်တို့ တစ်ယောက်ကိုတစ်ယောက် စိုက်ကြည့်နေကြသည်။

ထို့နောက်တွင်မှ မည်သို့မည်ပုံ တစ်နေရာတည်း ရောက်လာမှန်းမသိသော ကျင်းကန်းပေါင်နှင့် ရင်းမြောင်တို့ကို လှည့်ကြည့်လိုက်ကြ လေတော့သည်။

“သူရဲကောင်းမလေး၊ နတ်မိမယ်စု၊ အလှပဆုံးနဲ့ အစွမ်းအထက်ဆုံး နတ်မိမယ်လေး...”

ထိုလူနှစ်ဦးမှာ ချွေးပြန်နေကြပြီး စုကျိုအား အသည်းအသန်ရှင်းပြနေကြသည်။

“ဒါက တိုက်ဆိုင်တာပါ၊ ခေါင်းဆောင်လေနဲ့ နင့်ရဲ့ တိုက်ပွဲကို စပ်စုချင်လို့ နောက်က လိုက်လာတာ မဟုတ်ပါဘူး”

စုကျို ပြုံးလိုက်သည် - “ဟက်”

ကျင်းကန်းပေါင် သူ့ပါးစပ်ကို သူ ပြန်ရိုက်လိုက်သည်။

“ငါ့ကိုကြည့်စမ်း၊ လိမ်မိပြန်ပြီ၊ ငါနဲ့ ရင်းမြောင်ကလည်း မိစ္ဆာတွေကို နှိမ်နင်းပြီး ကောင်းမှုကုသိုလ်လုပ်ဖို့ ပါဝင်ချင်လို့လာခဲ့ကြတာပါ”

သူ ရက်ရက်ရောရောပြောဆိုလိုက်ပြီး ညာဘက်လက်သီးကိုမြှောက်ပြလိုက်သည်!

သို့သော် စုကျိုကို တစ်ချက်ကြည့်လိုက်ပြီးနောက် သူ့ ‘ပါဝင်လှုပ်ရှားမှု’ ကို နောက်ကျောဘက်သို့ အမြန်ပြန်ဝှက်လိုက်၏။

လဲ့အော် သူ့လှံကို ပြန်သိမ်းလိုက်ပြီး ၎င်းတို့၏ပုံပျက်ပန်းပျက် အမူအရာကိုကြည့်ကာ မျက်မှောင်ကြုတ်လိုက်သည်။ သူသည် ဒေါသကို မထိန်းနိုင်ဘဲ သူတို့ခေါင်းကို လှံဖြင့် တစ်ချက်စီခေါက်လိုက်သည် -

“အဆင့် ၃၀ ရဲ့ အခြေခံအဆင့် စီနီယာအစ်ကိုတွေ ဖြစ်ပြီးတော့၊ အခုမှ ရောက်လာတဲ့ ဝိညာဉ်သန့်စင်ခြင်းအဆင့် ဂျူနီယာညီမလေးအတွက် စံနမူနာကောင်းလေးတောင် မပြနိုင်ကြဘူးလား!”

“လမ်းဘေးကကြွက်တွေလိုပဲ ဟိုပုန်းဒီပုန်းနဲ့ မျက်လုံးတွေကလည်း ဂယောက်ဂယက် ဖြစ်နေတာပဲ၊ ဘာကို ကြောက်နေကြတာလဲ!”

ကျင်းကန်းပေါင်ခမျာ ငိုချင်သွားရသည်။ သူ ဘာမှမကြောက်ဘူး၊ စုကျိုကိုပဲ ကြောက်တာပါ။

သို့သော် လဲ့အော်ကမူ သနားညှာတာမှုမရှိဘဲ ဆက်တိုက်ခေါက်နေဆဲပင်။ ထိုစဉ် စုကျို ရုတ်တရက် စကားပြောလာသည်။

“တော်တော့” စုကျို မျက်ခုံးပင့်လိုက်သည်။

“နင်တို့ တစ်ခုခု ကြားလိုက်လား?”

“ဟင် ?” လဲ့အော် အာရုံစိုက် နားထောင်လိုက်ရာ ချက်ချင်းတည်ကြည်သွားတော့သည်။

လေတိုးသံတစ်ခုနှင့်အတူ သွားကြိတ်သံကဲ့သို့ တဂျိဂျိ အသံတစ်ခုထွက်ပေါ်လာသည်။

“ရွှေနက်ကျေးရွာကတော့ ပျက်စီးသွားပြီ ထင်တယ်?”

စုကျို နှုတ်ခမ်းများ တွန့်သွားရသည်။

“မဟုတ်ဘူး”

သူမ ထိုအသံကို သိသည်။

“ဒါ တယ်လီပို့ရေတွင်း ပျက်စီးနေတဲ့ အသံပဲ”

အဆင့် ၃၀ မှ အခြေခံအဆင့် စီနီယာ သုံးယောက်လုံး : “?”

ပထမအဆင့်က တယ်လီပို့ရေတွင်းတွေမှာ ချို့ယွင်းချက်ရှိနိုင်ခြင်းအား ၎င်းတို့ မသိကြပေ။

သို့သော် စုကျိုကမူ သိထားသည်။

သူမသည် တယ်လီပို့ရေတွင်းအတွင်း တဖြည်းဖြည်းနည်းပါးလာသော ဝိညာဉ်စွမ်းအင်များနှင့် သူ့အထက်မှ လိမ့်ဆင်းလာသော ကျောက်တုံး များကိုကြည့်ကာ လေပူတစ်ချက် မှုတ်လိုက်သည်။

“တစ်ခုခုတော့ မှားနေပြီ”

“ရေတွင်းပျက်သွားပြီ ထင်တယ်...”

“???”

ခဏအကြာတွင် စုကျိုစကားကို အတည်ပြုသည့်အလား လူတိုင်း၏လက်ကောက်ဝတ်ရှိ ဝိညာဉ်စစ်ဆေးရေး လက်ပတ်များပေါ်တွင် အနီရောင် သတိပေးစာသားများပေါ်လာတော့သည်။

【 သတိပြုရန်! အရေးပေါ်အခြေအနေ! တယ်လီပို့စနစ် ချို့ယွင်းနေသည်! 】

“!”

【 ရွှေနက်ကျေးရွာ အထက်ရှိ ဝိညာဉ်စွမ်းအင်လမ်းကြောင်းသည် ယနေ့နံနက်ပိုင်းတွင် မိစ္ဆာကျင့်ကြံသူများ၏ဖျက်ဆီးခြင်းကို ခံလိုက်ရသည်! 】

【 တယ်လီပို့ရေတွင်းသည် ‘မိမိကိုယ်ကိုယ် ကယ်ဆယ်ရေးစနစ်’ ကို အသက်သွင်းတော့မည်။ နောက်ထပ် ၁၂ ကြိမ် အသက်ရှူစာအတွင်း ရေတွင်းသည် အမြုတေအဆင့်ကျင့်ကြံသူ၏အရှိန်နှုန်းဖြင့် ဒေါင်လိုက်ပြုတ်ကျတော့မည်! 】

【 ကျေးဇူးပြု၍ ခံစစ်အနေအထားဖြင့် ဆင်းသက်ရန်ပြင်ဆင်ထားကြပါ! 】

【 အမြုတေအဆင့် ဆင်းသက်နှုန်းကြောင့် ခန္ဓာကိုယ်ထိခိုက်ပျက်စီးမှု မရှိစေရန် သတိပြုပါ။ 】

【 နောက်ဆုံး မြေပြင်နှင့် ရိုက်ခတ်မည့်အားမှာ အခြေခံအဆင့်အထွတ်အထိပ်မှ အမြုတေအဆင့် အစောပိုင်းအထိပြင်းထန်နိုင်ပါသည်။ 】

“ဟင်!”

“သေစမ်း!”

အခြေခံအဆင့် အလတ်ပိုင်းနှင့် နှောင်းပိုင်းတွင် ရှိနေကြသော ကျင်းကန်းပေါင်နှင့် ရင်းမြောင်တို့မှာမျက်လုံးပြူးသွားကြသည်။ လဲ့အော်လည်း အံ့အားသင့်သွားပြီး မျက်နှာတည်ကြည်သွားတော့သည်။

“ငါက လျှပ်စီးဒဏ်ကို အကြိမ်ကြိမ်ခံနိုင်အောင်လေ့ကျင့်ထားတာဆိုတော့ ငါ့ခန္ဓာကိုယ်က အခြေခံအဆင့်အထွတ်အထိပ်ကိုတောင် ကျော်လွန် နေပြီ၊ မင်းတို့ကို ကာကွယ်ပေးဖို့ ငါ့စွမ်းအားရှိသမျှ ကြိုးစားပေးမယ်”

သို့သော် ထိုသို့ပြောပြီးနောက် သူ့ အမူအရာမှာ ထူးဆန်းစွာ ပြောင်းလဲသွားပြန်သည် -

“ဆောရီး၊ ငါ မေ့သွားလို့၊ ငါ လဲ့အော်က တစ်သက်လုံး ‘ကာကွယ်ရေး’နည်းစနစ်ဆိုတာ တစ်ခါမှ မသင်ခဲ့ဖူးဘူး”

“???”

“ငါတို့ ပြုတ်ကျတဲ့အခါ မင်းတို့ ငါ့ရဲ့အခြေခံအဆင့် အထွတ်အထိပ်ခန္ဓာကိုယ်ပေါ်မှာ ထိုင်ချလိုက်ကြမလား?”

ကျင်းကန်းပေါင်နှင့် ရင်းမြောင် : “...”

စုကျိုသည် လဲ့အော်၏ခန္ဓာကိုယ်တွင် အမြဲတစေပတ်ခွေနေသော လျှပ်စီးကြောင်းများကိုကြည့်ကာ သူ့အပေါ်ထိုင်မိလျှင် သူမ ခန္ဓာကိုယ် တစ်ဝက်လောက် သေချာပေါက်ထုံသွားလိမ့်မည်ဟု သံသယဝင်မိသည်။

“ရပါတယ်၊ ကျေးဇူးပဲ”

စုကျို လက်ယမ်းကာ လဲ့အော်၏ ‘တော်လှချည်ရဲ့’ ဆိုသော ခေါင်းဆောင်မှုအကြံဉာဏ်ကို ယဉ်ကျေးစွာငြင်းပယ်လိုက်သည်။ သူမသည် သိုလှောင်အိတ်ထဲမှ [ ရွှေရောင် မက်မွန်သီးတင်ပါး ] မိတ္တူလေးခုကိုထုတ်ယူကာ လျှော်ကြိုးဖြင့် သူ့နောက်ကျောတွင် ချည်နှောင်လိုက်သည်။ ၎င်းမှာ စကိတ်စီးသည့်အခါ ဝတ်ဆင်ရသည့် တင်ပါးနှင့် ဒူးကာကွယ်ရေး ပစ္စည်းများနှင့်တူလှသည်။

“ဘာကြည့်နေကြတာလဲ?”

စုကျိုသည် အခြေခံအဆင့် အထွတ်အထိပ် ‘ရွှေရောင်ထိုင်ခုံ’ လေးလွှာကို ခိုင်ခံ့အောင် လုပ်ပြီးနောက် မော့ကြည့်လိုက်ရာ လဲ့အော်နှင့် အခြားနှစ်ယောက်မှာ ပါးစပ်အဟောင်းသားဖြင့် မှင်သက်ကာကြည့်နေကြသည်ကို တွေ့လိုက်ရသည်။ သူမသည် သူတို့ စိုက်ကြည့်နေ သောနေရာကို တစ်ချက်ကြည့်လိုက်ပြီး ခေတ္တစဉ်းစားကာ ခေါင်းညိတ်လိုက်သည် -

“နင်တို့လည်း လိုချင်လို့လား?”

“အမွှေးတိုင်တစ်တိုင်စာ အချိန်အတွက် ဝိညာဉ်ကျောက်တုံး ငါးထောင်စီ ပေးရမယ်”

“!”

All Chapters