အခန်း (၈၇)
Vol. 9 Ch. 87
🥝 Chapter 87
စုကျိုရှိနေသည့် တယ်လီပို့စက်ဝန်းအတွင်း၌
သူhပတ်ဝန်းကျင်ရှိ မူလတယ်လီပို့မြူခိုးများသည် ယခုအခါ ရေငွေ့ပျံသကဲ့သို့ တဖြည်းဖြည်းပါးလွှာလာသည်။
တယ်လီပို့စက်ဝန်း၏အပြင်ဘက်မြင်ကွင်းမှာ အနီရင့်ရောင် ကောင်းကင်ကြီးက အရှိန်ပြင်းစွာဖြင့် အောက်သို့ ရစ်ဝဲဆင်းနေပြီး၊ အဝေးမှ ကမ်းပါးယံများသည် မီးတောက်တိမ်တိုက်များအလား မြင်တွေ့နေရသည်။
စုကျို အမြင်အာရုံထဲတွင် အရာအားလုံးသည် ရူးသွပ်စွာလှည့်ပတ်နေသည်။
ယခုအချိန်တွင် သူတို့လေးယောက်လုံးသည် ထိုလေဆင်နှာမောင်းကြီးဖြစ်နေသည်ကို သူမ ချက်ချင်းသဘောပေါက်လိုက်သည်။
“ငါ့ကို တစ်ခုပေး! တစ်ခု မဟုတ်ဘူး၊ နှစ်ခု ယူမယ်”
ရင်းမြောင်သည်လည်း အခြေအနေ၏အရေးကြီးပုံကို သိရှိသွားပြီး ရှက်ကိုးရှက်ကန်းလုပ်မနေတော့ပေ။
သူ့ ‘နိမ့်ဝင်နေသော ပုခုံးရိုး’ များက အဝတ်အစားနှင့် အသားခြောက်များချိတ်ထားနိုင်လျှင်၊ သူက ဘာလို့ ‘ရွှေရောင်အသားအိအိ’ ပေါ်မှာ မထိုင်နိုင်ရမှာလဲ?
ရင်းမြောင်သည် စုကျိုထံသို့ ငွေစက္ကူတစ်ရွက်ကို အဆင်သင့်ပစ်ပေးလိုက်သည်။
စုကျို လျင်မြန်စွာတုံ့ပြန်ပြီး ထူးဆန်းသောပုံသဏ္ဌာန်ရှိသော်လည်း လုပ်ဆောင်ချက်ပိုင်း၌ပြည့်စုံလှသော ရွှေရောင်အသားအိအိနှစ်ခုကို ပစ်ထုတ်ပေးလိုက်သည်။
ပုံစံကမှာ အနည်းငယ်ထူးဆန်းနေသော်လည်း ၎င်းတို့မှာ တကယ်ပင်အပြစ်ပြောစရာမရှိပေ။
ရင်းမြောင်သည် ထိုပစ္စည်းကို ရရှိသောအခါ အလွန်ဝမ်းသာသွားပြီး အာမေဍိတ်သံပြုလိုက်သည်။
“ဒါက အခြေခံအဆင့် အထွတ်အထိပ် ကျင့်ကြံသူတစ်ယောက်ရဲ့ခန္ဓာကိုယ်လိုပဲ!”
“ငါလည်း နှစ်ခုယူမယ်!”
ကျင်းကန်းပေါင်သည်လည်း အသက်ရှင်ချင်သေးသည်။
ရွှေနက်ကျေးရွာသို့ မရောက်သေးမီ သူ မသေချင်ပေ။
စုကျိုသည် နောက်ထပ် ဝိညာဉ်ကျောက်တုံး တစ်သောင်းကိုလက်ခံရရှိလိုက်သည်။
[ ကျင်းချန်၏ မိတ္တူ ]
တကယ့်ကိုပဲ
စုကျိုသည် စာရင်းကိုတစ်ချက်ကြည့်လိုက်ပြီး အံ့အားသင့်သွားရသည်။
သူမသည် Green River ဝတ္ထုထဲကို တကယ်ကူးပြောင်းလာခဲ့တာပဲ၊ စနစ်၏အချက်အလက်များမှ တင်ပါးကိုပင် “ညှစ်ထုတ်” ယူထားသေးသည်။
တကယ် သဟဇာတဖြစ်တဲ့ဝတ္ထုပါပဲ၊ စာဖတ်သူရဲ့ ခံစားချက်ကို တကယ်ထည့်တွက်ပေးထားတာ။
သူ အချက်အလက်များကို ဆက်လက်ဖတ်ကြည့်လိုက်သည်။
စနစ်သည် နောက်ပြောင်နေခြင်းမဟုတ်ဘဲ ကျွမ်းကျင်မှုအပြည့်ဖြင့် လုပ်ဆောင်နေခြင်းဖြစ်ကြောင်း သူမ တွေ့ရှိလိုက်ရသည်။
[ ဤမိတ္တူတွင် တစ်ဝက်တစ်ပျက် ရွှေရောင်အမြုတေအဆင့်သို့ ရောက်နေသော ကျင်းချန်၏တင်ပါးဆုံရိုးနှင့် မြီးညောင်းရိုးတို့ဖြင့် ဖွဲ့စည်းထား သော တင်ပါးဆုံကွင်းပါဝင်ပြီး၊ အပြင်ဘက်တွင် တင်ပါးကြွက်သားကြီး၊ အလတ်နှင့် အငယ်များ၊ ပီရီဖောမစ်ကြွက်သားများဖြင့် တွဲဆက်ထား သည်။ တင်ပါးဆုံရိုးသည် အနည်းငယ် နောက်သို့စောင်းနေသည်... ]
မိတ္တူကူးယူမှု၏စေ့စပ်သေချာမှုကို ကြည့်ပြီး စုကျို အလွန်ကျေနပ်သွားသည်။
ဤအသေးစိတ် အချက်အလက်များက ကျင်းချန်ဆိုသည့် သားရဲ၏အမှန်တရားကို ဖော်ထုတ်ပေးလိုက်ခြင်းပင်။
သူက သူ့ကျင့်ကြံမှုအဆင့်ကို ဖုံးကွယ်ထားရဲတယ်ပေါ့။
သူက တကယ်တော့ တစ်ဝက်တစ်ပျက် ရွှေအမြုတေအဆင့်ကိုရောက်နေပြီပဲ!
ဒါ့အပြင်၊ တင်ပါးဆုံရိုးက နောက်ကိုစောင်းနေသေးတယ်!
[ မိတ္တူ၏အရိုးစုကို မာကျောသောသံနက်ဖြင့် ပြုလုပ်ထားပြီး၊ ကြွက်သားများကို ခံနိုင်ရည်ရှိသော ဝိညာဉ်ပိုးချည်များဖြင့် ဖြည့်တင်းထားသည်။ ]
[ မိတ္တူ၏အဆင့်မှာ အနည်းငယ်နိမ့်သော်လည်း၊ ၎င်းကြံ့ခိုင်မှုမှာ ကျင်းချန်၏ မူလခန္ဓာကိုယ်ဖြစ်သော အခြေခံအဆင့် အထွတ်အထိပ်နှင့် ညီမျှသည်။ ပုံတူကူးယူမှုမှာ အလွန်စစ်မှန်လှသဖြင့် မူလကျင်းချန်ကိုယ်တိုင်ပင် အတုအစစ်ခွဲခြားနိုင်မည် မဟုတ်ပါ! ]
[ အမှားအယွင်းတစ်ခုကြောင့်၊ ဤမိတ္တူသည် မူလကျင်းချန်ခန္ဓာကိုယ်နှင့် တစ်စုံတစ်ရာ ထိတွေ့မှုရှိနိုင်ခြေရှိပါသည်။ သတိဖြင့် အသုံးပြုပါ။ ]
စုကျိုသည် အချက်အလက်များကို သေချာဖတ်ပြီးနောက်၊ ယနေ့ သူ့ဖောက်သည်များဖြစ်လာကြသည့် ရင်းမြောင်နှင့် ကျင်းကန်းပေါင်တို့ကို နှစ်သိမ့်လိုက်သည်။
“စိတ်မပူပါနဲ့၊ ဒီနှစ်ခုက နင်တို့ရဲ့ ခန္ဓာကိုယ်ဘေးကင်းဖို့အတွက် လုံလောက်ပါတယ်”
“ဒါ ကျင်းချန်ကိုယ်တိုင်နဲ့ တစ်ပုံစံတည်းတူတာ”
“ကျင်းချန်ကိုယ်တိုင် ဒီမှာရှိနေပြီး သူ့ရဲ့ မူလခန္ဓာကိုယ်က အစိတ်စိတ်အမွှာမွှာ ဖြစ်သွားရင်တောင် နင်တို့ကတော့ ဘာမှဖြစ်မှာမဟုတ်ဘူး”
ရင်းမြောင်နှင့် ကျင်းကန်းပေါင်တို့မှာ အံ့သြဝမ်းသာ ဖြစ်သွားကြရသည်။
တကယ်ပါပဲ၊ သူတို့မှာ ကျင်းချန်နှစ်ယောက်ရဲ့ခန္ဓာကိုယ်ကြံ့ခိုင်မှုအတိုင်း ထပ်ထားတာကိုး!
ဘေးတွင်ရပ်နေသော လဲ့အော်မှာမူ မှင်သက်နေသည်။ မျက်စိတစ်မှိတ်အတွင်းမှာပင် ‘ဘုန်း’ ခနဲ အသံနှင့်အတူ၊ တယ်လီပို့စက်ဝန်းသည် လေဆင်နှာမောင်းတစ်ခုကဲ့သို့ လွင့်စင်သွားပြီး ရုတ်တရက် အောက်သို့ ထိုးဆင်းသွားတော့သည်! တစ်ခဏချင်းမှာပင် စုကျိုသည် တယ်လီပို့စက်ဝန်း အရှိန်အဟုန်ဖြင့် ဆင်းသက်လာစဉ်ပွတ်တိုက်မှုကြောင့် မီးပွားများလွင့်စင်လာပြီး ဗရဗြဲ ပေါက်ကွဲသံများ ထွက်ပေါ် လာသည်ကို မြင်လိုက်ရသည်!
“အားလုံးထိုင်တဲ့ အနေအထားပြင်ထားကြ!”
သူမသည် ဖောက်သည်နှစ်ဦးကို အကျယ်ကြီး အော်ပြောလိုက်သည်။ ချက်ချင်းပင် သူမ၊ ကျင်းကန်းပေါင်နှင့် ရင်းမြောင်တို့ အားလုံးသည် ထိုင်လျက်သား အနေအထားဖြင့် အောက်သို့ ထိုးဆင်းသွားကြတော့သည်!
[ ငါ ရောက်ပြီ! အဆင့် ၃၀ က စီနီယာတွေ ဒီခက်ခဲတဲ့တာဝန်ကို ဘယ်လို အဆုံးသတ်မလဲဆိုတာ ကြည့်ရအောင်! ]
[ စီနီယာတွေက ပျက်စီးနေတဲ့ တယ်လီပို့စက်ဝန်းကို သူတို့ရဲ့ခန္ဓာကိုယ်ဗလာနဲ့ ခုခံနေကြတာပဲ— ဒီပုံရိပ်ကို ငါ တစ်သက်လုံး မှတ်မိနေတော့မယ်... နေပါဦး၊ ဒါ ဘာကြီးလဲ! ]
[ ...အာ... ဒါကတော့... ]
[ သူတို့ ကိုယ့်ကိုယ်ကိုယ် စတေးတော့မယ်လို့ ငါ ထင်နေတာ! ]
[ လန်းတယ်... ]
[ အားလုံးက ထိုင်လျက်သားကြီးလား? ]
ဝိညာဉ်ပိုးဖလံဂေဟာရှိ အဆင့် ၁ မှ ၃၀ အထိ တပည့်များမှာ မစ်ရှင်တိုက်ရိုက်ထုတ်လွှင့်မှုကို ကြည့်ရှုရင်း မျက်နှာပြင်တစ်ခုလုံးတွင် မီးပွင့်မတတ် မှတ်ချက်များဖြင့် ပြည့်နှက်သွားစေသည်။
ခဏချင်းမှာပင် ‘ရွှေနက်ကျေးရွာမစ်ရှင်’ ပုံရိပ်ယောင်မှာ ယနေ့ကြည့်ရှုမှုအများဆုံး စာရင်း၏ထိပ်ဆုံး ၅ ခုအတွင်းသို့ ခုန်တက်သွားတော့သည်! ပုံရိပ်ယောင်ထဲတွင် ‘ဘုန်း ဘုန်း ဘုန်း’ နှင့်အတူ စုကျိုတို့ရှိနေသော တယ်လီပို့စက်ဝန်းမှာ ပြင်းထန်စွာတုန်ခါနေပြီး၊ နီရဲသော မီးတောက်များ ဟိန်းဟောက်နေသည့် မြေအောက်နက်နက်သို့ ဆက်တိုက်ထိုးဆင်းသွားသည်။
အဖွဲ့သားများမှာ ဆက်တိုက်ပြုတ်ကျနေပြီး သူတို့ခန္ဓာကိုယ်များမှာ ပူပြင်းလှသော သတ္တုကျောက်ဆောင်များနှင့် ရိုက်မိနေကြသည်။ သို့သော် စုကျိုနှင့် ကျန်နှစ်ယောက်မှာမူ လေဖြည့်ထားသော အိစက်သည့် ခုံပေါ်တွင်ထိုင်နေသကဲ့သို့ အကြိမ်အနည်းငယ်ခုန်ထွက်သွားပြီးနောက် တင်ပါးတွင် ဒဏ်ရာတစ်စက်မှမရဘဲ ဘေးကင်းနေကြသည်။
လဲ့အော်မှာမူ သူ့ရွှေနီရောင်လှံရှည်ကို အောက်သို့စိုက်လျက် ဇောက်ထိုးအနေအထားဖြင့် ဆင်းသက်လာရာ၊ နှိပ်စက်ပေါ်တွင် ထိုင်နေသကဲ့သို့ အေးဆေးနေသော စုကျိုတို့ကိုကြည့်ပြီး မှင်သက်သွားရတော့သည်။
“...”
လဲ့အော်၏ နဖူးတွင် ချွေးစက်များ ထွက်လာသည်။ သူ့ လှံဖျားမှာ သူပြုတ်ကျခဲ့သည့် ရွှေနက်ကျေးရွာ၏အလွန်မာကျောပြီး အပူချိန်မြင့်မား လှသော ကျောက်သားထုကြောင့် အနည်းငယ်ပင်အရည်ပျော်သွားခဲ့သည်! သို့တိုင် စုကျိုတို့ သုံယောက်မှာမူ ထူးဆန်းသော ထိုင်လျက်အနေအ ထားဖြင့် တစ်ကိုယ်လုံး ဘာဒဏ်ရာမှမရဘဲဆင်းသက်လာနိုင်ကြသည်။ ပြုတ်ကျနေရင်းမှာပင် သူတို့ စကားပြောနိုင်ကြသေးသည်။
“ဟေး... ခေါင်းဆောင်လေ၊ ဘာလို့ ဒီတယ်လီပို့ရေတွင်းရဲ့အန္တရာယ်ကို အတင်းအဓမ္မကြီး ခုခံနေရတာလဲ?”
“မင်း ခန္ဓာကိုယ်ကြံ့ခိုင်မှုနဲ့ဆိုရင်၊ တင်ပါးအတွက် ရွှေရောင်အသားအိအိတစ်ခုရှိရင်တင် လုံလောက်နေပြီကို” ဟု ရင်းမြောင်က အကြံပေးလိုက်သည်။
လဲ့အော် : “...”
‘ဂလောင်’ ခနဲ အသံနှင့်အတူ၊ တယ်လီပို့စက်ဝန်းမှ ဆင်းသက်လာသော သူတို့လေးဦးမှာ နောက်ဆုံးရပ်တန့်သွားကြသည်။ လဲ့အော်သည် စိုက်ထားသော လှံပေါ်မှခုန်ဆင်းလိုက်ပြီး ဖုန်အနည်းငယ်မှလွဲ၍ ဘာဒဏ်ရာမှမရှိသော စုကျိုကိုကြည့်လိုက်သည်။ သူ့ ထုံထိုင်းလှသော ဦးနှောက်မှာ နောက်ဆုံးတွင် စတင်အလုပ်လုပ်လာပြီဖြစ်သည်။
“စုကျို... နင်က ဝိညာဉ်သန့်စင်ခြင်းအဆင့်ပဲရှိသေးတာကို၊ အခြေခံအဆင့် အထွတ်အထိပ်နဲ့ ညီမျှတဲ့ ခံစစ်ရတနာကိုဖန်တီးနိုင်တယ်ပေါ့”
“ကျင်းကန်းပေါင်နဲ့ ရင်းမြောင်တို့ နင့်ကို ရှုံးခဲ့တာက တကယ်မဆန်းတော့ဘူးပဲ”
လဲ့အော်သည် စုကျို၏ထူးခြားမှုကို အသိအမှတ်ပြုလိုက်သည်။
“အရင်က ငါ နင့်ကို အထင်သေးခဲ့မိတယ်”
“ဒါပေမဲ့ ဝိညာဉ်လက်မှုပညာရှင် တစ်ယောက်အနေနဲ့ နင် တကယ်ထူးခြားတာပဲ၊ ဒါကို ဘာလို့ ဒီလိုပုံစံမျိုးလုပ်ထားရတာလဲ?”
စုကျို ပြုံးပြလိုက်သည်။
“ဒီလိုပုံစံလုပ်ရတာကတော့ လူသားခန္ဓာကိုယ်ရဲ့သက်တောင့်သက်သာရှိမှုအတွက်ပေါ့၊ အသုံးပြုရတာ ပိုအဆင်ပြေပြီး အသုံးပြုသူရဲ့ ခန္ဓာကိုယ်ကို မထိခိုက်စေဖို့လေ”
“အော်... အဲ့လိုလား”
လဲ့အော် ခေတ္တစဉ်းစားလိုက်ပြီး သူမပြောတာကို တကယ်ယုံကြည်သွားသည်။ စုကျိုသည် တိုက်ခိုက်ရေးတွင် နက်နက်ရှိုင်းရှိုင်း တွေးခေါ်တတ်သူဟု သူ ခံစားလိုက်ရသည်။
“လက်အိတ်တွေဆိုရင်လည်း လက်သီးပုံစံရှိရသလိုမျိုးပေါ့!”
မဟုတ်ရင် စီးရတာ အဆင်မပြေဖြစ်မှာပေါ့ မဟုတ်ဘူးလား ?
“စုကျို... နင် တကယ့်ပါရမီရှင်ပဲ”
“မဟုတ်တာ”
စုကျို ပြုံးလိုက်သည်။ လဲ့အော်သည် စုကျိုအား ပိုမိုစိတ်ဝင်စားလာတော့သည်။
“စိတ်တူကိုယ်တူ သူငယ်ချင်းရှာရတာ တကယ်ခက်တာ၊ နင်လည်း ပိုသန်မာလာဖို့အတွက် ရူးသွပ်နေတဲ့သူပဲ”
သူမကြောင့် သူ့တိုက်ခိုက်လိုစိတ်များ ချက်ချင်းဟုန်းဟုန်းတောက်လာတော့သည်! သူ့ သားရေဝတ်စုံပေါ်တွင် မြွေငယ်လေးများအလား လျှပ်စီးကြောင်းများ ရူးသွပ်စွာကခုန်နေကြသည်။ သူ့ နက်မှောင်သော မျက်ဝန်းများတွင် လျှပ်စီးများလက်နေ၏။
“စိတ်လှုပ်ရှားဖို့ ကောင်းလိုက်တာ၊ ငါ မစောင့်နိုင်တော့ဘူး!”
လဲ့အော်က လှံရှည်ကြီးကို ပခုံးပေါ် ထမ်းလိုက်ရင်း “အမြန်သွားကြစို့၊ ဒီမိစ္ဆာနှိမ်နင်းရေး မစ်ရှင်ကို အမြန်အဆုံးသတ်ပြီး ငါတို့ တိုက်ပွဲကို ဆက်ရအောင်!”
ကျင်းကန်းပေါင်နှင့် ရင်းမြောင်တို့က သူတို့နှစ်ဦးကို မျှော်လင့်တကြီးကြည့်လိုက်ကြသည်။
စုကျိုကမူ ဂရုမစိုက်ဘဲ နှစ်ခြမ်းကွဲသွားသော [ ရွှေရောင်ထိုင်ခုံ ] နှစ်ခုကိုကောက်ယူကာ သိုလှောင်အိတ် အောက်ခြေသို့ပစ်ထည့်လိုက်သည်။
တာဝန်ပြီးရင်တော့ ယင်လီဆီသွားပြီး ပြန်ပြင်ခိုင်းရဦးမည်။
“ဘယ်လို တစ်ဝက်တစ်ပျက် ရွှေရောင်အမြုတေအဆင့်က ဒီလောက်တောင် ခံနိုင်ရည်မရှိရတာလဲ?” ၏
စုကျို မကျေမနပ် ရေရွတ်လိုက်သည်။
ကျင်းကန်းပေါင်နှင့် ရင်းမြောင်တို့ ထလိုက်ကြရာ သူတို့ ‘ထိုင်ခုံ’ နှစ်ခုလုံး အစိတ်စိတ်အမွှာမွှာဖြစ်နေသည်ကို တွေ့လိုက်ရသည်။
တစ်ခဏမျှ သူတို့ခမျာ ဝမ်းသာရမလား ဝမ်းနည်းရမလား မဝေခွဲနိုင်ဖြစ်သွားကြသည်။ အကယ်၍ သူတို့သာ ထိုဒဏ်ကို ကိုယ်တိုင်ခံခဲ့ရလျှင် အခုချိန်မှာ သူတို့ခန္ဓာကိုယ်တွေက အစိတ်စိတ်အမွှာမွှာဖြစ်နေလောက်ပြီဖြစစ်သည်!
“ခုနက ကယ်တင်ပေးခဲ့တဲ့အတွက် ကျေးဇူးတင်ပါတယ် နတ်မိမယ်စု”
ကျင်းကန်းပေါင်နှင့် ရင်းမြောင်တို့သည် ကျိုးပဲ့နေသော အစိတ်အပိုင်းများကို စုကျိုထံ ရိုရိုသေသေပြန်ပေးလိုက်ကြသည်။
ကျင်းကန်းပေါင်ကမူ သက်ပြင်းတရှိုက်ရှိုက်နှင့် “ပစ္စည်းပြင်တဲ့နေရာမှာတော့ ကျွန်တော် တကယ်ညံ့ပါတယ်၊ ယင်လီကိုပဲ ပြင်ခိုင်းရမှာပဲ၊ ကျွန်တော်ကတော့ တကယ်အသုံးမကျတာ”
စုကျို သူ့ကို တစ်ချက်ကြည့်ကာ ခေါင်းအသာငြိတ်လိုက်သော်လည်း ဘာမှတော့ မပြောပေ။
ကျင်းကန်းပေါင်သည် တယ်လီပို့ရေတွင်းထဲမှ ထွက်ခွာသွားသော စုကျို၏နောက်ကျောကို ရပ်ကြည့်နေမိသည်။
ဒီနေ့ သူမသည် အဝါနုရောင် ဂါဝန်လေးကိုဝတ်ဆင်ထားပြီး အောက်နားစလေးများက လေထဲလွင့်ပျံနေသည်။
သူ့ မျက်လုံးထဲတွင် ယခုအချိန်၌ သူမသည် ယခင်က ‘ကျင်းချန်’ ထက်ပင် ပိုတောက်ပနေပြီးမြင့်မြတ်နေလေတော့သည်။
“ရင်းမြောင်... ငါ တကယ်ပဲ အဲ့ဒီလောက်တောင် အသုံးမကျတာလား?”
“ဟင် ? မင်း အခုမှ သိတာလား?”
“...ငါ ဘာလို့ အဲ့လိုတွေးမိလဲဆိုတာကို မြန်မြန်မေးစမ်းပါ”
“...အာ”
“...အရင်တုန်းကဆိုရင် ကျင်းချန်ပဲဖြစ်ဖြစ်၊ ချန်မျိုးနွယ်စုရဲ့ အကြီးအကဲပဲဖြစ်ဖြစ်၊ ဒုတိယအဆင့် ထိပ်တန်းဝိညာဉ်လက်နက်ကို ငါ မပြင်နိုင်ဘူးလို့ ပြောလိုက်တာနဲ့ ငါ့ကို ‘အမှိုက်’ လို့ဆဲပြီး ကန် ထုတ်ကြမှာ”
“ဒါပေမဲ့ ခုနက... သူက ငါ့ကို မဆဲဘူး၊ ရိုက်လည်း မရိုက်ဘူး”
ကျင်းကန်းပေါင် သူ့ရင်ဘတ်ကို ဖိကာပြောလိုက်သည်။
ရင်းမြောင်လည်း မှင်သက်သွားရသည်။
သူမ သက်ပြင်းတစ်ချက်ချလိုက်ပြီး တယ်လီပို့ရေတွင်းထဲမှခြေလှမ်းလှမ်းထွက်လိုက်ကာ၊ ၎င်းတို့ ပြန်လှည့်ကြည့်ချင်စိတ်ကို မအောင့်နိုင်ဘဲ -
“မြန်မြန်လာပါတော့၊ ခေါင်းဆောင်လေနဲ့ ‘စုဝူတိ’ (စုဝူတိ - အောင်နိုင်သူစု) တို့က မိစ္ဆာကျင့်ကြံသူတွေရဲ့စခန်းနားတောင် ရောက်တော့မယ်၊ နင်တို့က ဘာတွေ တတွတ်တွတ်ပြောနေတာလဲ?”
စုဝူတိ ?
ဖူးးး~
ကျင်းကန်းပေါင် တဟားဟား ရယ်မောမိသွားပြီးနောက် အမြန်လိုက်သွားတော့သည်ဈ
“နင်ကတော့ တကယ့် သူရဲဘောကြောင်ကောင်ပဲ”
စုဝူတိ (အောင်နိုင်သူစု) ကတော့ ရောက်နှင့်နေပြီပေါ့လေ။
ဒါပေမဲ့ ဒါလည်း အဓိပ္ပါယ်ရှိပါတယ်လေ~
ဘယ်သူက စုကျိုကို ယှဉ်နိုင်မှာလဲ?
စုကျိုသာ မင်းကို တစ်ချက် တို့လိုက်တာနဲ့ မင်း တင်ပါးက သူ့လက်ခုပ်ထဲ ရောက်သွားပြီသာ မှတ်တော့!
...
အဆင့် ၄၀ ရှိ ထိပ်သီးတပည့်များ၏လေ့ကျင့်ရေးကွင်း။
ကျင်းချန်သည် အဆင့် ၃၅ ၏အဓိကတပည့်ကြီး ဖြစ်သည့်အတွက် အထူးအစီအစဉ်ဖြင့် လေ့ကျင့်ရေးသို့ စေလွှတ်ခြင်း ခံထားရသည်။
ယနေ့ ကျင်းချန်သည် စိတ်ဓာတ်တက်ကြွနေသည်၊ လေးပစ်ရာတွင် သုံးရသည့် သူ့ ဒဏ်ရာရထားသော ဘယ်ဘက် လက်ညှိုးနှင့် လက်ခလယ်တို့မှာ နာကျင်ခြင်းမရှိတော့ပေ။
အုပ်ချုပ်ရေးမှုးပြောလာသည်မှာ သူသည် လေ့ကျင့်ခန်းများလွန်း၍ ပင်ပန်းသွားခြင်းဖြစ်နိုင်သည်ဟု ဆိုသည်၊ တကယ်ပင် တစ်ညတာ အနားယူပြီးနောက် သူ အများကြီးသက်သာသွားခဲ့ပြီ!
“အစ်ကို ကျင်းချန်၊ ကိုယ့်ကိုယ်ကိုယ် အရမ်းကြီးဖိအားမပေးပါနဲ့၊ အစ်ကိုက အခု ကျတော်တို့အဆင့်ထက် နိမ့်တဲ့နေရာက လာတာဆိုပေမဲ့ ကျနော်တို့အသင်းခေါင်းဆောင် ဖြစ်လာတယ်ဆိုကတည်းက ဂေဟာက အစ်ကို့အပေါ်မျှော်လင့်ချက်ကြီးကြီးထားတယ်ဆိုတာ သိသာပါတယ်”
“ပင်ပန်းနေရင် ခဏနားလို့ရပါတယ်၊ အတင်းအဓမ္မလေ့ကျင့်နေဖို့ မလိုပါဘူး”
“ဟုတ်တာပေါ့”
ဝိညာဉ်ပိုးဖလံဂေဟာကို ကိုယ်စားပြုရန် အဆင့်အသီးသီးမှ ယာယီရွေးချယ်ထားသော အထူးအသင်းသားများမှာ တစ်ဦးနှင့်တစ်ဦး သိပ်မရင်းနှီးကြသေးသဖြင့် ယဉ်ကျေးပျူငှာစွာစကားပြောဆိုနေကြသည်။
သို့သော် သူတို့အားလုံးက ကျင်းချန်အား ၎င်းတို့၏ခေါင်းဆောင်အဖြစ် အသိအမှတ်ပြုထားကြသည်။
မနေ့က သူ အမှားအယွင်းအနည်းငယ် ရှိခဲ့သော်လည်း သူတို့က သူ့ကို လေးစားနေကြဆဲပင်။
“အစ်ကိုက ရွှေရောင်အမြုတေအဆင့် ရောက်ဖို့ တစ်ဝက်ပဲ လိုတော့တာလေ၊ အရမ်းကြီး ကြိုးစားနေလို့ အမြုတေ အောင်မြင်စွာ ဖွဲ့စည်းနိုင်သွားရင် အခြေခံအဆင့် ပြိုင်ပွဲမှာ ဝင်ပြိုင်လို့ရမှာ မဟုတ်တော့ဘူး” လူတိုင်း ကျင်းချန်ကို အနားယူရန်တိုက်တွန်းကြသည်။
သို့သော် ကျင်းချန် ရယ်မောလျက်ငြင်းပယ်လိုက်သည်။
“အားလုံးပဲ... ငါတို့က ဂေဟာရဲ့ မတူညီတဲ့ အဆင့်တွေကနေ လာကြတာဆိုတော့ ငါတို့ရဲ့ စွမ်းအားအပြည့်အဝထွက်လာဖို့ အတူတူ ကြိုးစားကြရမယ”
“ဒါ့အပြင် ဆရာကြီးလုကျိကျောင်းကပြောထားတယ်၊ ဒီသုံးလအတွင်းမှာ ငါတို့ကို စိန်ခေါ်ပြီး အနိုင်ရတဲ့ ဘယ်တပည့်မဆို ငါတို့နေရာမှာ အစားထိုးဝင်ရောက် တိုက်ခိုက်ရမယ်တဲ့”
“ငါ ဘယ်လိုလုပ် ပျင်းနေရဲမှာလဲ— ဘုန်း!”
ကျင်းချန်သည် စိတ်အားထက်သန်စွာဖြင့် စကားပြောဆိုပြီးသည်နှင့် တစ်ပြိုင်နက်၊ ရုတ်တရက် ထိုနေရာ၌ပင် ‘ဘုန်း’ ခနဲ ထိုင်ချလိုက်တော့သည်။
လူတိုင်း မှင်သက်သွားကြသည်။
ကျင်းချန်၏ဂုဏ်ယူဝင့်ကြွားနေသော မျက်နှာလေးမှာလည်း အေးခဲသွားရသည်။
ဘာတွေ ဖြစ်ကုန်တာလဲ?
သူ ထိုင်ဖို့ လုံးဝရည်ရွယ်ချက် မရှိပါဘူး!
ဘယ်လိုဖြစ်ပြီး... ရုတ်တရက်ကြီး ထိုင်ချလိုက်ရတာလဲ?!
ကျင်းချန်သည် သူ့ စိတ်ထဲတွင် ဖြစ်ပေါ်လာသော စိုးရိမ်ထိတ်လန့်မှုကိုအသာထိန်းကာ၊ ယာယီအသင်းဝင် လေးဦးနှင့် လူစားထိုးအသင်းဝင် ငါးဦးတို့ကို လှည့်ကြည့်လိုက်သည်။
ထိုလူကိုးယောက်လုံး၏ မျက်နှာထက် အံ့အားသင့်နေသည့် အမူအရာများကို သူ တွေ့လိုက်ရသည်။
သူတို့အားလုံး မတ်တပ်ရပ်နေကြသော်လည်း၊ သူ ကျင်းချန်ကမူ စကားပြောနေရင်းနှင့် ရုတ်တရက်ကြီး ထိုင်ချလိုက်ခြင်းဖြစ်သည်။
တိုက်ခိုက်ရေးကွင်းကြီးထဲမှာ ထိုင်နေတာ...
ကျင်းချန်က “...အားလုံးပဲ... ထိုင်ပြီး စကားပြောကြရအောင်။ မတ်တပ်ရပ်နေဖို့ မလိုပါဘူး၊ အရမ်းကြီး ယဉ်ကျေးနေသလို ဖြစ်နေလိမ့်မယ်”
ထိုလူကိုးယောက်လုံး ခဏမျှတန့်သွားပြီးနောက်၊ သူတို့ထဲတွင် အရပ်အရှည်ဆုံးလူက ရယ်မောလိုက်သည်။
“ကောင်းပါပြီ၊ ထိုင်ပြီး စကားပြောကြတာပေါ့၊ ငါ့ရဲ့ မိစ္ဆာအစေခံကို လက်ဖက်ရည်လာပို့ခိုင်းလိုက်မယ်၊ မလေ့ကျင့်ခင် ခဏလောက် အနားယူကြတာပေါ့၊ ဒါမှ ဒီနေ့ ပိုကောင်းကောင်းလေ့ကျင့်နိုင်မှာ!”
“ဟုတ်တာပေါ့”
ကျင်းချန် အံကြိတ်ကာ စကားနှစ်လုံးကိုညှစ်ထုတ်လိုက်ရသည်။
သူသည် အမြန်ပင် ပြုံးလိုက်ရင်း “ဒါဆိုရင် အခြေအနေက ပိုပြီး ပေါ့ပေါ့ပါးပါး ရှိသွားမှာပေါ့၊ လူတိုင်းလည်း တစ်ယောက်နဲ့တစ်ယောက် ပိုပြီး မြန်မြန်ရင်းနှီးသွားတာပေါ့”
သို့သော် အတွင်းစိတ်မှာမူ သံသယနှင့် စိုးရိမ်မှုများဖြင့် ပြည့်နှက်နေသည်။
ငါ တစ်ဝက်တစ်ပျက် ရွှေရောင်အမြုတေအဆင့် ကျင့်ကြံသူ ဖြစ်နေလို့လား? မကြာခင် တကယ့် ရွှေရောင်အမြုတေ ဖြစ်တော့မယ့် ဝိညာဉ်စွမ်းအင်တွေကို ငါ မထိန်းချုပ်နိုင်တော့တာလား?
ဒါက ငါ့မျိုးနွယ်စုက ပြောခဲ့တဲ့ ‘အမြုတေဖွဲ့စည်းခြင်းဟာ အန္တရာယ်ရှိတယ်၊ ကာကွယ်ပေးမယ့်သူ လိုအပ်တယ်’ ဆိုတဲ့ နိမိတ်လက္ခဏာလား?
သူ့ခန္ဓာကိုယ်အတွင်းက အမြုတေဖွဲ့စည်းမှုက ဝိညာဉ်စွမ်းအင်များကိုဖိသိပ်နေလေသည်။
ဒါဆိုရင်... သူ့ခန္ဓာကိုယ်က တဖြည်းဖြည်းနဲ့ထိန်းချုပ်မှု လွတ်နေပြီလား?