အခန်း (၈၉)
Vol. 9 Ch. 89
🥝 Chapter 89
စုကျိုသည် [မိစ္ဆာကျင့်ကြံသူ၏ အသွင်အပြင်] ဟုခေါ်သော ပစ္စည်းလေးခုကို ထုတ်ယူလိုက်သည်။
ဤနက်မှောင်သော အရာများမှာစိုထိုင်းနေကြသည်။
ပစ္စည်းများကို ပန်းပဲဖိုထဲထည့်ကာ အခြောက်ခံပြီးနောက်၊ ဤ [မိစ္ဆာကျင့်ကြံသူ၏ အသွင်အပြင်] ပစ္စည်းလေးခုမှာ တစ်ဆက်တည်းဖြစ်သော မိစ္ဆာကျင့်ကြံသူ ဝတ်ရုံနက်၊ ဝါးခပတ်ပါသော မျက်နှာဖုံးနှင့် သားရေဖိနပ်နက်များ တစ်စုံစာဖြစ်နေသည်ကို ကျင်းကန်းပေါင် ချက်ချင်းသတိပြုမိသွားသည်။
ဝတ်ဆင်ရသည်မှာလည်း အံ့သြစရာကောင်းလောက်အောင်အဆင်ပြေလှသည်။
စုကျို ပြောပြသည့်အတိုင်း ဓားငယ်လေးဖြင့် အလယ်တွင် ‘ဇစ်’ တစ်ခုကဲ့သို့လှီးဖြတ်ကာ သူတို့ လက်နှင့် ခြေထောက် များကို အတွင်းသို့ထိုးထည့်လိုက်ရုံပင်။
ဘောင်းဘီနက်ကျပ်ကျပ်မှာ ခြေအိတ်နှင့် အလိုအလျောက် ဆက်သွားပြီး၊ ၎င်းမှာ ဖိနပ်နက်နှင့်လည်း အလိုအလျောက် တစ်သားတည်းဖြစ်သွားသည်။
ရိုးရိုးရှင်းရှင်း ခြေလှမ်းလိုက်ရုံဖြင့် ခန္ဓာကိုယ်အောက်ပိုင်း ဝတ်စုံမှာ ပြီးပြည့်စုံသွားတော့သည်။
လက်အိတ်များမှာလည်း ထူးဆန်းစွာပင် ဆင်တူလှသည်၊ ဝတ်ရုံနက် လက်စများ၊ အင်္ကျီအနားသတ်များနှင့် လက်နှင့် ဆက်နေသော လက်အိတ်နက်များအားလုံးကို ဆွဲယူရုံဖြင့် ဝတ်ဆင်နိုင်သည်။
သို့သော် ဝတ်ဆင်နေရင်းမှာပင် ကျင်းကန်းပေါင်မှာ တစ်ခု ခု မှားနေသည်ကို သတိထားမိသွားသည်၊ အကြောင်းမှာ မတော်တဆ လက်ချောင်းများက လက်အိတ်နက်၏ထိပ် ဖျားမှ ထွက်လာသောအခါ သူ့လက်ချောင်းများကြားရှိ အရေပြားအိုကြီးမှာ သူ့အရေပြားနှင့် မတူကြောင်းတွေ့ရှိလိုက်ရ၍ဖြစ်သည်!?
ကျင်းကန်းပေါင်သည် တည်ငြိမ်အေးဆေးနေသော စုကျိုအား လှမ်းကြည့်လိုက်သည်။
သူသည် ချက်ချင်းတုန်လှုပ်သွားပြီး စကားတစ်လုံးမှပင် မဟရဲတော့ပေ။
“...ဒီမိစ္ဆာကျင့်ကြံသူတွေရဲ့ အဝတ်အစား ဝတ်ပုံဝတ်နည်းက ဘာလို့ ဒီလောက်တောင် ထူးဆန်းနေရတာလဲ?”
လဲ့အော်မှာ လုံးဝ နားမလည်နိုင်ဖြစ်နေသည်။
“မျှော်လင့်ထားတဲ့အတိုင်းပဲ၊ မိစ္ဆာကျင့်ကြံသူတွေက ငါတို့လို ကျင့်ကြံသူအမှန်တွေနဲ့ လုံးဝကို ကွဲပြားတာပဲ၊ သူတို့ရဲ့ အဝတ်အစားတွေကတောင် ဒီလောက်ထူးဆန်းနေရတယ်လို့”
ရင်းမြောင်က “ဟေး၊ ဒါက တော်တော်တော့ အဆင်ပြေသားပဲ~ လေးငါးထည်လုံးကို တစ်ပြိုင်နက်တည်း ဝတ်လို့ရတာကိုး”
ကျင်းကန်းပေါင်သည် သူ့ညီအစ်ကိုကို လှမ်းကြည့်ကာ တိတ်ဆိတ်နေသော်လည်း ‘အဝတ်အစား’ ဝတ်နေသော သူ့လက်များမှာ တုန်ရီနေသည်။
သူတို့လေးဦးလုံးမှာ ဤ ‘မိစ္ဆာကျင့်ကြံသူ ဝတ်စုံအပြည့်’ ကိုဝတ်ဆင်ထားကြသည်။
စုကျိုသည် သူ့ ရွှေလက်ချောင်းအတွက် ဓားကိုသုံးကာ ညာဘက်လက်အိတ်၏လက်ချောင်းထိပ် ငါးခုကို လှီးဖြတ်လိုက်ရာ၊ အနက်ရောင်လက်အိတ်အတွင်းမှ သူမ၏ ဖြူစင်သွယ်လျသော လက်ချောင်းထိပ်လေးများက အမြင်မတော်စွာပေါ်ထွက်လာသည်။
စုကျိုသည် သူ့လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်ပြီးနောက် ကျောဘက်တွင် ချိတ်ထားသော အနက်ရောင် ဝါးခပတ်ဦးထုပ်ကြီးကို ဆွဲယူဆောင်းလိုက်သည်။
ထို့နောက် သူမသည် လက်သမားပါရမီနှင့် ကျွမ်းကျင်မှုရှိသော ကျင်းကန်းပေါင်အား သူ့ဝတ်စုံရှိ ‘ဇစ်’ ကို ခြေ ထောက်မှ မျက်နှာအထိ ဝိညာဉ်စွမ်းအင်သုံး၍ဆွဲပိတ်ပေးရန် ခိုင်းလိုက်သည်။
သူ့ မျက်နှာလေးမှာ ချက်ချင်းဆိုသလို မိစ္ဆာကျင့်ကြံသူ၏ မျက်နှာဖုံးနက်၊ မျက်လုံးစည်းနှင့် ဝါးခပတ်ဦးထုပ်ကြီး နောက်ကွယ်တွင် ပုန်းလျိုးပျောက်ကွယ်သွားတော့သည်။
တောက်ပကြည်လင်သော သူ့ ဖီးနစ်မျက်ဝန်းတစ်စုံသာ ပေါ်နေပြီး သူမ မည်သူမည်ဝါဖြစ်ကြောင်းကို ဖော်ပြနေသည်။
“!”
လဲ့အော်သည် သူမ ဘေးပတ်ပတ်လည်ကိုလှည့်ပတ်ကြည့် ရှုရင်း သူဝတ်ထားသောဝတ်စုံကို ဆွဲကြည့်ကာပြောသည်။
“ဒါ တကယ်အံ့သြစရာပဲ စုကျို၊ ဒါ ဝိညာဉ်လက်မှုပညာရှင်ရဲ့ လက်ရာလား၊ ဝိညာဉ်ရက်ကန်းပညာရှင်ရဲ့လက်ရာလား?”
“ဒီဝတ်စုံက တကယ် ယုံစရာကောင်းလောက်အောင် တူလွန်းတယ်”
“နင် ဒါကြီးဝတ်နေတာကို ငါ့မျက်စိနဲ့ တပ်အပ်မမြင်ခဲ့ရင်၊ နင့်ကို မိစ္ဆာဝင်ပူးနေပြီလို့တောင် ငါ ထင်မိမှာပဲ၊ နင့်ဆီမှာ မိစ္ဆာစွမ်းအင်တွေတောင် ရှိနေသလိုပဲ”
စုကျို “အံ့သြနေဖို့ မလိုပါဘူး”
သူမသည် ကုန်ပစ္စည်းစာရင်းမှ အချက်အလက်ကိုလှမ်းကြည့်လိုက်သည်။ ဤဝတ်စုံကို [မိစ္ဆာကျင့်ကြံသူ ဝူအာ၏ အသွင်အပြင်] ဟု ခေါ်ပြီး [မိစ္ဆာကျင့်ကြံသူ ဝူအာ၏ အဝတ်အစား] ဟု မခေါ်ပေ။
စာရင်းပါဖော်ပြချက်အရ ဤအရာသည် မိစ္ဆာကျင့်ကြံသူအဖြစ်အယောင်ဆောင်ရာတွင် အလွန်အားကောင်းသော စွမ်းရည်ရှိသည်။
မိစ္ဆာကျင့်ကြံသူများ ကိုယ်တိုင်ပင်လျှင် သူ မည်သူမည်ဝါဖြစ် ကြောင်းမသိနိုင်ပေ။
“မိစ္ဆာစွမ်းအင် ပါလာတာက ပုံမှန်ပါပဲ”
“အသွင်အပြင်ဆိုတာ ဘာကိုဆိုလိုတာလဲ ? နင်တို့ သိလို့လား ?”
လဲ့အော်ကမူ နားမလည်ပေ၊ သို့သော် သူ့တိုက်ခိုက်လိုစိတ်မှာ မထိန်းချုပ်နိုင်တော့ပေ။ သူသည် စုကျို ပုံစံအတိုင်း လိုက်လုပ်ကာ ကျင်းကန်းပေါင်အား သူ့ဝတ်စုံတစ်ခုလုံးကို ‘ဇစ်’ ဆွဲပိတ်ပေးရန် ခိုင်းလိုက်သည်။
ကျင်းကန်းပေါင်နှင့် ရင်းမြောင်တို့လည်း ထိုနည်းအတိုင်းအမြန်လုပ်လိုက်ကြသော်လည်း၊ ကျင်းကန်းပေါင်ကမူ အရာအားလုံးမှာ ရိုးရိုးရှင်းရှင်း မဟုတ်ကြောင်း ပိုခံစားလာရသည်။
အမှန်ပင် စုကျိုသည် ‘မျှတသောခွန်အား’ ဂါထာကို သုံးလိုက်သောအခါ ရုတ်တရက် ဉာဏ်အလင်းပွင့်သွားပြီး ကံကောင်းထောက်မစွာဖြင့် သူမ ကျင့်ကြံမှုကိုအခြေခံအဆင့် အဆင့် ၇ သို့ ယာယီမြှင့်တင်နိုင်ခဲ့သည်။ ထို့နောက် ကိုယ်ယောင်ဖျောက်ဂါထာကို ဖျက်လိုက်ပြီး ခွေးချေးပုံများရှေ့တွင် အတူတူမတ်တပ်ရပ်လိုက်ကြသည်။
သစ်ကိုင်းပေါ်တွင် တရားထိုင်နေရာမှနိုးလာသော အုပ်ချုပ်ရေးမှုးရူယွီသည် သူမ၏ မျက်လုံးများကို ရုတ်တရက် ဖွင့်လိုက်ပြီး သူတို့လေးဦးကို စူးစူးရှရှကြည့်လိုက်တော့သည်။
“လက်မလှုပ်နဲ့၊ ငါတို့က တစ်ဖက်တည်းသားတွေပဲ” စုကျိုက သူမကို ပြုံးပြလိုက်သည်။
“လျှို့ဝှက်ကုဒ်ကတော့ ကိုယ်ပျောက်ဂါထာ နှစ်စောင်ပေါ့”
ရူယွီ : “...”
သေချာသွားပြီ၊ အုပ်ချုပ်ရေးမှုးကြီးတောင်မှ ခွဲခြားမရနိုင်တော့ဘူး!
ကျင်းကန်းပေါင်မျက်နှာအမူအရာမှာ သိသိသာသာပျက် ယွင်းသွားသည်။
ရင်းမြောင်လည်း တစ်ခုခုမှားနေသည်ကို သတိထားမိသွားပြီး ကျင်းကန်းပေါင်နှင့် အကြည့်ချင်းအမြန်ဖလှယ်လိုက်သည်။
စုကျို... သူ ထုတ်ပေးလိုက်တဲ့အရာက သာမန်မိစ္ဆာကျင့်ကြံသူ ဝတ်စုံမဟုတ်တာတော့ သေချာနေပြီ မဟုတ်ပါလား?!
ရိုးအလှသော လဲ့အော်တစ်ယောက်သာလျှင် သူတို့လေးဦး ထိုမိစ္ဆာဝတ်စုံကိုဝတ်ပြီး ဇစ်ဆွဲလိုက်သည့်အချိန်မှာတင် လူတိုင်း၏အရှိန်အဝါတွေ ပြောင်းလဲသွားသည်ကို သတိမထားမိဘဲရှိနေသည်။
သူတို့သည် စုကျို၊ လဲ့အော်၊ ကျင်းကန်းပေါင်တို့အဖြစ်မပေါ်လွင်တော့ဘဲ...
မိစ္ဆာကျင့်ကြံသူ တစ်ယောက်တည်းအဖြစ်သာ မြင်တွေ့နေရသည်။
မှန်၏~
၎င်းမှာ ထိုမိစ္ဆာကျင့်ကြံသူ တစ်ဦးတည်း၏အရှိန်အဝါပင်!
အခုမှ မွေးဖွားလာသည့် အမွှာလေးယောက်အလား မိခင်ရင်းတောင်မှ ပထမတစ်ချက်ကြည့်ရုံဖြင့် ခွဲခြားနိုင်မည် မဟုတ်ပေ။
စုကျိုအရပ်သည်ပင်လျှင် လက်မအနည်းငယ်ပိုမြင့်လာသယောင် ရှိနေသလား ?
ကျင်းကန်းပေါင်နှင့် ရင်းမြောင်တို့မှာ သူတို့ ဝတ်စုံများကို ကိုင်ကြည့်ရင်း နှုတ်ခမ်းများတွန့်ချိုးသွားကြသည်။
သူတို့တုံ့ဆိုင်းနေစဉ်မှာပင် စုကျိုနှင့် လဲ့အော်တို့က မြေပြင် ပေါ်ရှိ လူပုံသဏ္ဌာန် အစီအရင်ဆီသို့ ရောက်ရှိသွားကြပြီ ဖြစ်သည်။
စုကျိုကမူ ပထမဆုံးအဖြစ် တည်ငြိမ်စွာပင် လှဲချလိုက်သည်။
မြေပြင်ပေါ်ရှိ စစ်ဆေးရေးကျောက်တုံးနှစ်တုံးမှာ ‘ရှဲ...’ ခနဲ အသံမြည်လာပြီး ကျောက်မြောင်းထဲမှ မြူခိုးနက်များ ထွက်ပေါ်လာကာ သူမကို ချက်ချင်းလွှမ်းခြုံသွားတော့ သည်။
[ ကင်းထောက် ဝူအာ၊ ဝင်ခွင့်ပြုသည်။ ]
မိစ္ဆာစာလုံးတစ်ခု ချက်ချင်းပေါ်လာပြီး စုကျိုကို တယ်လီပို့ကာခေါ်ဆောင်သွားတော့သည်။
ကင်းထောက် ဝူအာ ? ခုနက မြစ်ထဲမှာ ရေချိုးနေတဲ့တစ်ယောက်က ကင်းထောက်ဖြစ်နေတာကိုး?
ကျင်းကန်းပေါင်နှင့် ရင်းမြောင်တို့ အံ့အားသင့်သွားကြသည်။
လဲ့အော်လည်း အံ့သြသွားရသည်။
“ဒါဆို ဒီဝတ်စုံမှာ မိစ္ဆာကျင့်ကြံသူရဲ့ အမှတ်အသား ပါနေတာပေါ့?”
သူသည် စုကျို ခြေရင်းတွင် လှဲနေခြင်းဖြစ်ရာ သူမ တယ်လီပို့ခံရသည်နှင့် တပြိုင်နက်မြေပြင်ပေါ်၌ လူပုံစံအတိုင်း ဝပ်တွားသွားလိုက်သည်။
သို့သော် သူ ငုံ့ကြည့်လိုက်သောအခါ သူဝတ်ထားသည့် မိစ္ဆာဝတ်ရုံပေါ်တွင် မည်သည့် အမှတ်အသားတံဆိပ်ကိုမျှ ရှာမတွေ့ပေ။
“သေစမ်း၊ ငါ့ဝတ်စုံမှာတော့ မိစ္ဆာအမှတ်အသား တံဆိပ်မပါဘူး ဟ”
သို့သော် သူပြောလိုက်သည်နှင့်အမျှ သူ့ကိုဝန်းရံထားသည့် မြူခိုးနက်များမှာ လင်းလက်လာသည်။
[ ကင်းထောက် ဝူအာ၊ ထပ်မံ ဝင်ရောက်သည်။ ]
လဲ့အော် : “...?”
ကျင်းကန်းပေါင်၊ ရင်းမြောင် : “...”
“နင်တို့ ဘယ်မှာလဲ? ဘာရပ်လုပ်နေတာလဲ? မြန်မြန်ဝင်လာကြလေ”
စုကျို အတွင်းဘက်မှနေ၍ ဝိညာဉ်ချင်းဆက်သွယ်ကာ သူတို့ကို စိတ်မရှည်စွာတိုက်တွန်းနေသည်။
လဲ့အော် ရေရွတ်လိုက်သည်။
“ဘာလို့ ငါကော ဝူအာ ဖြစ်နေရတာလဲ?”
ထိုသို့ပြောပြီးနောက် သူလည်း တယ်လီပို့ခံလိုက်ရသည်။
ကျင်းကန်းပေါင်နှင့် ရင်းမြောင်တို့ အကြည့်ချင်းဖလှယ်လိုက်ကြပြီး လူပုံစံကျင်းထဲသို့ အမြန်တိုးဝင်လိုက်ကြသည်။
မကြာမီမှာပင် သူတို့လည်း အလင်းနက်များ၏လွှမ်းခြုံခြင်းကို ခံလိုက်ရသည်။
[ ကင်းထောက် ဝူအာ၊ ထပ်မံ ဝင်ရောက်သည်။ ]
[ ကင်းထောက် ဝူအာ၊ ထပ်မံ ဝင်ရောက်သည်။ ]
“...”
“...”
“ဆူညံဆူညံ မလုပ်ကြနဲ့”
အစီအရင်အတွင်းသို့ ရောက်နှင့်နေပြီဖြစ်သော စုကျိုက ခါးထောက်လျက် စိတ်မရှည်စွာ စောင့်နေသည်။
“အချိန်ဆွဲမနေနဲ့တော့”
လဲ့အော်နှင့် အခြားနှစ်ယောက်မှာ တယ်လီပို့၍ရောက်ရှိလာကြပြီဖြစ်သည်။ သူတို့မှာ မြေပြင်ပေါ်တွင် ပက်လက်တစ်မျိုး၊ မှောက်ရက်တစ်မျိုး ပြန့်ကျဲနေကြရာမှ စုကျို၏ အသံကို ကြားသည်နှင့် ချက်ချင်းထရပ်လိုက်ကြသည်။
လူကယ်ဖို့က ပထမဦးစားပေး မဟုတ်ပါလား?
သူတို့သုံးယောက်သည် စုကျိုဘေးတွင် မတ်တပ်ရပ်လိုက်ကြသောအခါ သူတို့မြင်တွေ့နေရသည့် အရာမှာ လမ်းပိတ်နေသည့် တောင်နံရံကြီးမဟုတ်တော့ကြောင်း သိလိုက်ရသည်။
၎င်းအစား မြေအောက်သို့ ဦးတည်နေသည့် ဝှက်ထားသော ကျောက်လှေကားတစ်ခုပေါ်လာသည်။
“စုကျို၊ ငါ အရင်သွားမယ်”
အသင်းခေါင်းဆောင်တစ်ဦးအနေဖြင့် လဲ့အော်က ရှေ့ဆုံးမှသွားရန် တာဝန်ရှိသည်ဟု ခံစားလိုက်ရသည်။
စုကျို မျက်ခုံးပင့်လိုက်ပြီး ပြောသည်။
“ပညာရှင်ဆန်ဆန် နေစမ်းပါ၊ ငါက ဝူအာလေ”
“...”
ဒါဆို သူတို့ကရော ဘာတွေလဲ?
သူတို့လည်း ဝူအာတွေပဲလေ!
လဲ့အော်သည် မျက်နှာဖုံးနက်ကြီး အုပ်ထားသည့် သူ့မျက် နှာကိုလက်ဖြင့်အုပ်ကာ ခေါင်းကိုက်လာသလို ခံစားလိုက်ရသည်။
မိစ္ဆာကျင့်ကြံသူ၏မျက်နှာဖုံးမှာ အရမ်းအိုက်ပြီး သူ့အား နေရခက်စေသည်ကို သူ သတိထားမိသည်။
ဝတ်စုံ၏အထည်သားမှာလည်း မခံမရပ်နိုင်အောင်ပူလောင် လှသည်၊ မိစ္ဆာကျင့်ကြံသူတွေ ဘာအထည်ကို သုံးထားမှန်း သူ မသိသော်လည်း သူ့သစ်သားလျှပ်စီး ဝိညာဉ်အုတ်မြစ်ရှိသော အရေပြားပေါ်တွင် အသက်ရှူရကျပ်သလို ခံစားနေရသည်။
သို့သော် မစ်ရှင်အတွက်ကြောင့် သူ အောင့်အည်းသည်းခံလိုက်သည်။
“သတိထားကြ”
ကျောက်လှေကားမှာ ကျဉ်းမြောင်းလှပြီး မြေအောက်ထပ်သို့ ဦးတည်နေသည့် နံရံတစ်လျှောက် သုံးလှမ်းခြားတိုင်းတွင် ကြောင်မျက်လုံးကဲ့သို့ တောက်ပနေသည့် မှော်ကျောက်တုံးတစ်ခုစီ ရှိနေပြီး လမ်းကို လင်းထိန်စေသည်။
စုကျိုသည် သူ့ကိုယ် သူ သတိမထားမိဘဲ နောက်ဆုံးသို့ ရောက်သွားကာ လမ်းတစ်လျှောက်ရှိ မှော်ကျောက်တုံးများကိုခွာယူပြီး သူမ သိုလှောင်အိတ်ထဲသို့ထည့်သွားတော့သည်။
မကြာမီ သူတို့ မြေအောက်အောက်ဆုံးထပ်သို့ ရောက်ရှိသွားကြသည်။
ပူပြင်းလှသော လေထုက သူတို့ကို ရိုက်ခတ်လာပြီး သံထုသံများသည် မြေအောက်မှ ဟိန်းထွက်နေသည်။
“နောက်ထပ် သုံးရက်နေရင် ဒီမှော်ကျောက်တုံး အသုတ်က အဆင်သင့်ဖြစ်ပြီ!”
“မြန်မြန်လုပ်! ဘယ်သူမှ ပျင်းမနေနဲ့!”
မြေအောက်မှော်ကျောက်တုံး ထုတ်လုပ်ရေးစခန်းတစ်ခုလား?
ကျင်းကန်းပေါင်နှင့်သူ့အဖော်များသည် စုကျိုနှင့် အကြည့် ချင်းအမြန်ဖလှယ်လိုက်ကြသည်။
အမှန်ပင်၊ အောက်သို့ဆင်းသွားသောအခါ မြေပြင်ပေါ်တွင် ရှိနေသင့်သည့် ‘ရွှေနက်ကျေးရွာ’ တစ်ခုလုံးကို မြေအောက်၌ တွေ့ရှိလိုက်ရတော့သည်!
သံကျောက်ဆောင်များဖြင့် ဆောက်လုပ်ထားသော အိမ်များသည် မြေအောက်မှအေးစက်စူးရှသော အလင်းတန်းများကို ဖြာထွက်နေစေပြီး အိမ်ခေါင်မိုးများမှာလည်း သံသတ္တုအကြွင်းအကျန်များဖြင့် ဖုံးအုပ်ထားသကဲ့သို့ မြူခိုးနက်များကြားတွင် မှိန်ပျပျတောက်ပနေသည်။
အိမ်နှစ်လုံး သုံးလုံးခြားတိုင်းတွင် ဧရာမ လေမှုတ်ဖိုကြီး တစ်လုံးစီရှိနေသည်။
ယောက်ျား၊ မိန်းမ၊ ကလေးမကျန် ကျင့်ကြံသူ အုပ်စုတစ်စုမှာ တူများကို ကိုင်ဆောင်ကာ လေမှုတ်ဖိုများကို မနား တမ်းလုပ်ဆောင်နေကြသည်။ အရေအတွက်အားဖြင့် သုံးရာခန့်ရှိသော ထိုသူများသည် ချွေးဒိုင်ဒိုင်ကျလျက် မနားတမ်း အလုပ်လုပ်နေကြရသည်။
၎င်းတို့၏နောက်ကွယ်တွင် လူအစိတ်၊ သုံးဆယ်ခန့်စီကို အနက်ရောင်ဝတ် မိစ္ဆာကျင့်ကြံသူတစ်ဦးစီက လက်ထဲတွင် ကြိမ်လုံးများကို ကိုင်ဆောင်ကာ စောင့်ကြပ်ကြည့်ရှုနေကြသည်!
[ မိစ္ဆာကျင့်ကြံသူတွေက ရွှေနက်ကျေးရွာကို တကယ်ပဲ သိမ်းပိုက်ပြီး မိစ္ဆာကျောက်တုံးတွေ သွန်းလုပ်ဖို့ ခိုင်းစေနေကြတာလား? ]
[ မြေပြင်ပေါ်မှာ ဘာလို့ အစီအရင်တွေနဲ့ကာကွယ်ထားရ သလဲဆိုတာ အခုမှ နားလည်တော့တယ်၊ အမြုတေဖွဲ့စည်းခြင်းအဆင့် ကျွမ်းကျင်သူတွေမှ အတင်းဝင်လို့ရမှာကိုး။ ]
[ ဟူး... တော်သေးတာပေါ့၊ စုကျိုတို့အဖွဲ့ ဒီနေရာကို ရှာတွေ့သွားလို့! ]
[ ဝိညာဉ်ပိုးဖလံဂေဟာ... တိုက်စစ်ဆင်ကြတော့! ]
[ ရွှေနက်ကျေးရွာ... ခဏစောင့်ဦး၊ ငါတို့ ကယ်ဖို့လာနေပြီ! ]
ဝိညာဉ်ပိုးဖလံဂေဟာရှိ အဆင့် ၁ မှ ၃၀ ထိရှိသော တပည့်များသည် မစ်ရှင်ပြသကွင်းပြင်ကို ကြည့်ရှုရင်း စုကျိုနှင့် သူ့အဖော်များအတွက် စိုးရိမ်ပူပန်နေကြသည်!
သူတို့ကိုယ်တိုင်ပင် သွားရောက်ကူညီချင်စိတ်ပေါက်နေကြသည်။ သို့သော် ပြသကွင်းပြင်ထဲရှိ စုကျိုမှာ ရွှေနက်ကျေးရွာအတွင်းရှိ ထူးခြားချက်ကို လျင်မြန်စွာသတိပြုမိသွားသည်။
“သူတို့ရဲ့ ဘယ်ဘက်လက်တွေကို အမြန်ကြည့်လိုက်”
သူမ လဲ့အော်နှင့် အခြားနှစ်ယောက်ကို ဝိညာဉ်ချင်း ဆက်သွယ်ကာပြောလိုက်သည်။
ရွှေနက်ကျေးရွာရှိ ချွေးတလုံးလုံးနှင့် အလုပ်လုပ်နေသော သူများ၏ဘယ်ဘက်လက်ကောက်ဝတ်တွင် မိစ္ဆာစွမ်းအင်များဖြင့် ပြုလုပ်ထားပုံရသော လက်ချောင်းတစ်ဆစ်ခန့်အကျယ်ရှိသည့် အနက်ရောင် လက်ပတ်တစ်ခုစီ ရှိနေသည်ကို သူတို့ တွေ့လိုက်ရသည်။ ၎င်းမှာ ဝိညာဉ်ပိုးဖလံဂေဟာ၏ ဝိညာဉ်စစ်ဆေးရေးလက်ပတ်နှင့် အနည်းငယ် ဆင်တူသော်လည်း လက်ပတ်ပေါ်တွင် ‘子’ (သား) ဆိုသော စာလုံးရေးထိုးထားသည်။
ထို့နောက် အခြေခံအဆင့် အထွတ်အထိပ်တွင်ရှိသော ဝတ်ရုံနက်ဝတ် မိစ္ဆာကျင့်ကြံသူတစ်ဦး၏ဘယ်ဘက်လက်တွင်လည်း ထိုကဲ့သို့ အနက်ရောင်လက်ပတ်ရှိနေ သည်ကို တွေ့ရသော်လည်း ၎င်း၌ ‘母’ (မိခင်) ဟူသော စာလုံးကို ထွင်းထုထားသည်။
“ဒါက ‘မိခင်-သား’ ချိတ်ပိတ်ခြင်းပဲ” လဲ့အော် ချက်ချင်း လှုပ်ရှားလိုက်ပြီး စုကျိုနှင့်အခြားသူများကို ကျေးရွာအဝင်ဝရှိ နံရံအနိမ့်လေးတစ်ခုနောက်ကွယ်၊ မိစ္ဆာကျင့်ကြံသူများမမြင်နိုင်သည့် ကွယ်ရာသို့ဆွဲခေါ်ကာ ဝပ်နေခိုင်း လိုက်သည်။
“မိခင်လက်ပတ်ကိုရမှ၊ ကျန်တဲ့သူတွေဆီက သားလက် ပတ်တွေကို သော့ဖွင့်ပေးလို့ရမှာ”
စုကျို ခေါင်းညိတ်လိုက်ပြီး အခြေအနေကို သဘောပေါက်သွားသည်။
သို့သော် လဲ့အော်နှင့် အခြားနှစ်ယောက်၏ခိုးကြောင်ခိုး ဝှက် အမူအရာကို ကြည့်ပြီး သူ စကားမပြောနိုင်လောက်အောင် ဖြစ်သွားရသည်။
“နင်တို့က ဘာကိုပုန်းနေတာလဲ?”
“အခု ငါတို့က မကောင်းမှုမှန်သမျှ အကုန်လုပ်ထားတဲ့ ဆိုးသွမ်းတဲ့ မိစ္ဆာကျင့်ကြံသူတွေလေ”
“...”
“ဘယ်သူမှ ပျင်းမနေနဲ့!”
“မြန်မြန်လုပ်! ဒီနေ့ အပြီးသတ်ရမယ်!”
စူးရှသော မိစ္ဆာကြိမ်လုံးသံက မြေပြင်ကို ရိုက်ခတ်သွားသည်။
ရွှေနက်ကျေးရွာသားများသည် ချက်ချင်းတိတ်ဆိတ် သွားကြပြီး ခေါင်းငုံ့ကာ ချွေးတပြန်ပြန်ဖြင့် ဆက်လက် သွန်းလုပ်နေကြတော့သည်။
စုကျို အသာချောင်းကြည့်လိုက်ရာ ကျင်းယွီထန်မြို့တွင် တွေ့ခဲ့ရသော အဘိုးအိုနှင့် မြေးမလေးကို ချက်ချင်းရှာတွေ့သွားသည်။
ကံကောင်းထောက်မစွာဖြင့် သူတို့ဒဏ်ရာမရရှိကြသေးပေ။
ရွှေနက်ကျေးရွာအတွင်း မပြတ်မလပ်သွန်းလုပ်နေကြစဉ်မှာပင် ဆဋ္ဌဂံပုံသဏ္ဌာန် မိစ္ဆာကျောက်တုံး တစ်သုတ်ကို မျက်နှာဖုံးစွပ် မိစ္ဆာကျင့်ကြံသူများကလျင်မြန်စွာ ယူဆောင်သွားကြသည်။
၎င်းတို့မှာ စုကျို ခုနက ကျောက်လှေကားမှ ခွာယူခဲ့သည့် မှော်ကျောက်တုံးကြီးနှင့် ဆင်တူသည်။
၎င်းတို့သည် ကြောင်မျက်လုံးကဲ့သို့ တောက်ပနေပြီး မှောင် မည်းသော မြေအောက်ခန်းထဲတွင် စိမ်းဖန့်ဖန့်အလင်း ရောင်ကို ထုတ်လွှတ်နေသည်။
သို့သော် ယခုအချိန်မှာ နေ့လယ်စာစားချိန် နီးကပ်နေပြီ ဖြစ်ဟန်တူသည်။
ကင်းလှည့်စောင့်ကြပ်နေသော မိစ္ဆာကျင့်ကြံသူ တစ်ဒါဇင်ကျော်မှာ စုကျိုတို့ မတ်တပ်ရပ်နေသည့် ရွာအဝင်ဝရှိမထင် မရှားသော အိမ်နိမ့်တန်းလျားလေးဆီသို့ လျှောက်လှမ်းလာကြသည်။
လဲ့အော် လက်မှာ ချက်ချင်းလက်သီးကျစ်ကျစ်ပါအောင် ဆုပ်လိုက်မိသည်။
“ဟေး... မင်းတို့ ရေချိုးပြီးတော့ အခုမှ ပြန်ရောက်လာကြတာကိုး” ရှေ့ဆုံးမှ ဦးဆောင်လာသော အရပ်ရှည်ရှည် ဗလကောင်းကောင်းနှင့် အခြေခံအဆင့် အထွတ်အထိပ်ရှိ မိစ္ဆာကျင့်ကြံသူက ‘မိခင်’ လက်ပတ်ဝတ်ဆင်ထားသည့် သူ့လက်ကိုမြှောက်ကာ ရှေ့ဆုံးတွင် ရပ်နေသော စုကျိုအား လှမ်းခေါ်လိုက်သည်။
စုကျို မျက်ခုံးပင့်လိုက်ပြီး သူ့ ညာဘက်လက်ဖြင့်လည် ချောင်းကို အမြန်ဖိကာ [ မိစ္ဆာကျင့်ကြံသူ ဝူအာ၏ နက်ရှိုင်းကာရင့်ကျက်သော အသံ ] သို့ ပြောင်းလဲလိုက်ပြီး ခေါင်းညိတ်ပြလိုက်သည်။
“အင်း”