အခန်း (၂၁၁-၂၁၅)
Vol. 22 Ch. 211-215
အခန်း (၂၁၁) မန်နေဂျာမင်၊ သွားကြည့်ဖို့ မစဉ်းစားပေလော
မြင်းပေါ်မှ ပြုတ်မကျစေရန် မင်ယွဲ့သည် သူမ၏ကိုယ်ကို ကိုင်းညွတ်ကာ နှိမ့်ထားလိုက် သည်။
အစပိုင်းတွင် မြင်းရိုင်းသည် ကျောပေါ်ရှိ ဝန်ထုပ်ဝန်ပိုးကို ခံစားမိသည်နှင့် တရှိန်ထိုး ခုန်ပေါက်ကာ ပေါက်ကွဲထွက်မတတ် ရုန်းကန်နေတော့သည်။ သို့သော် မင်ယွဲ့၏ စိတ်အစဉ်၌ ကြောက်ရွံ့ခြင်းဟူသည် အစအနမျှမရှိဘဲ ရင်ခုန်စိတ်လှုပ်ရှားဖွယ် ကစားပွဲတစ်ခုကဲ့သို့သာ သဘောထားနေ၏။
လူနှင့်မြင်းသည် အားပြိုင်နေကြသည်။ သူမသည် ဇက်ကြိုးကို တင်းတင်းဆုပ်ကိုင်ကာ မြင်း၏လည်ပင်းကို အားကိုးတကြီး ဖက် တွယ်ထားသည်။
အချိန်အတော်ကြာ အားခဲကြိုးပမ်းပြီးနောက်တွင်မူ ရုန်းကန်နေသော မြင်းရိုင်းသည် နောက်ဆုံး၌ ယဉ်ပါးသွားလေတော့သည်။
မြင်းကလေး ငြိမ်သက်သွားသည်ကို မြင်လျှင် မင်ယွဲ့က ၎င်း၏လည်ဆံမွေးများကို နူးညံ့စွာ ပွတ်သပ်ပေးလိုက်ရာ မြင်းကလေးကလည်း ကျေနပ်သည့်နှယ် နှာမှုတ်သံ ပေးရှာသည်။
စိမ်းလန်းစိုပြည်သော မြက်ခင်းပြင်ထက်တွင် လေပြေအေးလေး တိုက်ခတ်နေသည်။ မင်ယွဲ့သည် ဇက်ကြိုးကို ခါယမ်းကာ ခြေနှစ်ဖက်ဖြင့် မြင်း၏ဝမ်းဗိုက်ကို ခပ်ဖွဖွ ညှပ်လိုက်ရင်း—
"ဟေ့... သွားစို့—"
ခွာသံများ တဒေါက်ဒေါက် မြည်ဟည်းသွားပြီးနောက် သူတို့သည် လေဟုန်စီးသကဲ့သို့ တဟုန်ထိုး ပြေးထွက်သွားကြသည်။
မြင်းကလေးသည်လည်း လွတ်လပ်မှုကို ခံစားရသကဲ့သို့ ခေါင်းကိုမော့ကာ ပျော်ရွှင်စွာ ဟီသံပေးလေသည်။
မင်ယွဲ့၏ ရင်ထဲတွင်လည်း လေနှင့်အတူ လွင့်မျောနေသည့်အလား လွတ်လပ်ပေါ့ပါးမှုကို ခံစားနေရပြီး ဤကျယ်ပြောလှသော မြက်ခင်းပြင်ကြီး၊ သဘာဝတရားကြီးနှင့် တစ်သားတည်း ဖြစ်သွားသကဲ့သို့ ခံစားရသည်။
အချိန်ကြာလာသည်နှင့်အမျှ သူမနှင့် မြင်းအကြား နားလည်မှုက ပိုမိုနက်ရှိုင်းလာသည်။
သူမသည် ရိုးရိုးတန်းတန်း စီးရုံတင်မကတော့ဘဲ အတားအဆီးများကို ကျော်လွှားခြင်း၊ မြင်းပေါ်တွင် ပုံစံအမျိုးမျိုး ပြောင်းလဲစီးနင်းခြင်း စသည့် စွမ်းရည်များကိုပါ လေ့ကျင့်တော့သည်။
စိတ်လှုပ်ရှားမှုများ ပြေလျော့သွားချိန်မှသာ သူမသည် နာရီပေါင်းများစွာ မြင်းစီးနေခဲ့မိကြောင်း သတိပြုမိတော့သည်။
ယခုမူ သူမ၏ ကိုယ်လက်အင်္ဂါတို့မှာ ပျော့ခွေမတတ် နုံးချိနေချေပြီ။
ပြင်းထန်လွန်းသော လေ့ကျင့်ခန်းကြောင့် ပေါင်အတွင်းသားများမှာ ပွတ်တိုက်မိကာ နီရဲပြီး အရေပြားများပင် စုတ်ပြဲနေသည်။
သူမသည် သင်ယူမှုခန်းမမှ ထွက်လာပြီးနောက် ရေချိုးကာ ဆေးလူးလိုက်သည်။
ထိုအခါမှသာ မိုဟန်ကျီ ပို့ထားသော "ဂွတ်နိုက်" ဆိုသည့် မက်ဆေ့ချ်ကို တွေ့တော့သည်။
သန်းခေါင်ကျော်နေပြီ ဖြစ်သောကြောင့် သူ့ကို မနှောင့်ယှက်လိုတော့ဘဲ ပြန်စာမပို့တော့ရန် ဆုံးဖြတ်လိုက်သည်။
အားလပ်ရက်တွင် မင်ယွဲ့သည် ဆေးရုံရှိ ရွှီနော့ထံသို့ သွားရောက်လည်ပတ်ခဲ့သည်။ ရွှီမိသားစု၏ ဂရုစိုက်မှုကြောင့် ကောင်လေးမှာ အရင်ကထက် ပို၍ ကျန်းမာဝဖြိုးလာသည်။
"အမကြီး... လိမ္မော်သီးစားပါဦး"
မင်ယွဲ့သည် သူ့ကို ကယ်တင်ပေးခဲ့သူဖြစ်ကြောင်း ခုနစ်နှစ်အရွယ် ကောင်လေးက သိနားလည်နေသည့်အတွက် သူမကို အလွန်ခင်မင်တွယ်တာနေရှာသည်။
မင်ယွဲ့က ပြုံးလျက် လိမ္မော်သီးကို ယူကာ ကောင်လေး၏ ခေါင်းကို အသာအယာ ပွတ်
သပ်ပေးလိုက်သည်။
"မစ္စတာရွှီ... ကျွန်မရဲ့ ကမ်းလှမ်းချက်ကို ဘယ်လိုစဉ်းစားမိလဲရှင့်"
မစ္စတာရွှီက မင်ယွဲ့၏ ကျေးဇူးကို မည်သို့ဆပ်ရမည်မှန်း မသိသော်လည်း သူကျွမ်းကျင်သော ချက်ပြုတ်မှုအတတ်ဖြင့် သူမကို ကူညီရန် ဆုံးဖြတ်လိုက်ပုံရသည်။
"မစ္စတာရွှီ... ရှင် စိတ်ထဲ အားနာလို့ သဘောတူစရာ မလိုပါဘူး ရှင့်ရဲ့ဆန္ဒကို ကျွန်မ အပြည့်အဝ လေးစားပါတယ် မင်ယွဲ့ စားသောက်ဆိုင်မှာ အလုပ်လုပ်ဖို့ကို သေချာစဉ်းစားပါဦး"
မင်ယွဲ့သည် သူ့ကို အလုပ်ခန့်ရန် စိတ်ကူးရှိသော်လည်း ကျေးဇူးတရားဖြင့် အကျပ်ကိုင်ခြင်းမျိုးကို မလိုလားပေ။ သို့သော် မစ္စတာရွှီက စိတ်ရင်းမှန်ဖြင့် ပြန်ပြောခဲ့သည်။
"မစ္စမင်... ကျွန်တော် ဒီအလုပ်ကို လိုလိုလားလား လက်ခံပါတယ် ငါးနှစ်လောက် နားနေခဲ့ပေမဲ့ ကျွန်တော့်ရဲ့ လက်ရာကို ယုံကြည်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်"
ထို့ကြောင့် နှစ်ဦးနှစ်ဖက် သဘောတူညီမှုရရှိကာ စာချုပ်ချုပ်ဆိုဖြစ်ခဲ့ကြသည်။
မင်ယွဲ့သည် သဘောထားကြီးသူပီပီ စားဖိုမှူးများကို လစာအပြင် ဆိုင်၏ ရှယ်ယာအချို့ကိုပါ ခွဲဝေပေးခဲ့သည်။ ၎င်းသည် စားဖိုမှူးများ ဆိုင်အပေါ် သစ္စာရှိစေရန်နှင့် စိတ်အားထက်သန်စေရန် ဆွဲဆောင်မှုတစ်ခုပင် ဖြစ်သည်။
မကြာမီမှာပင် မင်ယွဲ့ စားသောက်ဆိုင် အား ခမ်းနားစွာ ဖွင့်လှစ်နိုင်ခဲ့သည်။
ကောင်းကင်ပြာရောင် ဆိုင်းဘုတ်ထက်တွင် လခြမ်းကွေးလေးနှင့် ကြယ်ပွင့်ကလေးများက ရိုမန်တစ်ဆန်သော အငွေ့အသက်ကို ဆောင်ကြဉ်းပေးနေသည်။
"ဟေး... ဆိုင်သစ်ပဲ၊ သွားကြည့်ရအောင်လေ"
လမ်းသွားလမ်းလာများက ဆိုင်၏ လှပသော အပြင်အဆင်ကြောင့် စိတ်ဝင်တစား ရှိနေကြသည်။
ဆိုင်ထဲသို့ ဝင်ဝင်ချင်းတွင်ပင် ကောင်တာပေါ်၌ ပန်ဒါလေးတစ်ကောင်ကဲ့သို့ ထိုင်နေသော ယွမ်ပေါ့ကို တွေ့လိုက်ရသဖြင့် အားလုံးက အံ့အားသင့်သွားကြသည်။
ယွမ်ပေါ့မှာမူ စားစရာများကိုသာ အာရုံရောက်နေပြီး ဧည့်သည်များကို ဂရုမစိုက်နိုင်အားပေ။
"ဟိုမှာကြည့်... ပန်ဒါလေးနဲ့ တူလိုက်တာ"
ဟု မိန်းကလေးတစ်ဦးက စိတ်လှုပ်ရှားစွာ ပြောသည်။
ဝန်ထမ်းတစ်ဦးက ပြုံးရွှင်စွာ ကြိုဆိုလျက်—
"မင်္ဂလာပါရှင်၊ ပထမထပ်မှာ တရုတ်ရိုးရာ ဟင်းလျာတွေ ရနိုင်ပြီး ဒုတိယထပ်မှာတော့ နိုင်ငံတကာ ဟင်းလျာတွေကို သီးသန့်အခန်းတွေနဲ့ သုံးဆောင်နိုင်ပါတယ်ရှင် ကျွန်မတို့ဆိုင်က အိမ်မွေးတိရစ္ဆာန်တွေကိုလည်း ခွင့်ပြုထားပါတယ်"
ဆိုင်၏ အပြင်အဆင်မှာ လွန်စွာ ခန့်ညားထည်ဝါပြီး ကိုယ်ပိုင်လွတ်လပ်ခွင့်ကို ဦးစားပေးထားသည်။
စားသုံးသူများက ယွမ်ပေါ့၏ ချစ်စရာကောင်းပုံကို ချီးကျူးနေကြသော်လည်း မျက်နှာချင်းဆိုင်ရှိ ဆိုင်ဟောင်းမှ လူများကမူ မနာလိုဝန်တိုစိတ်ဖြင့် ကြည့်နေကြသည်။
"မန်နေဂျာ... ဒီအတိုင်းဆို ခက်ပြီ၊ ဧည့်သည်တွေ အကုန် ဟိုဘက်ဆိုင် ရောက်ကုန်ပြီ"
"မစိုးရိမ်ပါနဲ့၊ အသစ်မို့လို့ သွားစားကြတာပါနောက်ပိုင်းတော့ တို့ဆိုင်ပဲ ပြန်လာကြမှာပါ"
ဟု တစ်ဖက်ဆိုင် မန်နေဂျာက မာန်တက်စွာ ပြောလိုက်သော်လည်း စိုးရိမ်စိတ်ကိုမူ ဖုံးကွယ်မရပေ။
ထိုအချိန်တွင် ဆိုင်ပိုင်ရှင် မင်ယွဲ့ကမူ သူမ၏ ရည်မှန်းချက်များကို အကောင်အထည်ဖော်ရန် ကျောင်းတွင် စာများကိုသာ အာရုံစိုက်လျက် ကြိုးစားနေဆဲဖြစ်သည်။
အခန်း (၂၁၂) အချိန်အခါ မတော်ဘဲ ရောက်ရှိလာခြင်း
"မန်နေဂျာမင်... ဒီနေ့ ဆိုင်သစ်ဖွင့်ပွဲကို သွားမကြည့်ဘူးလား"
မိုဟန်ကျီ၏ ကားသည် ယန်တက္ကသိုလ် အဝင်ဝတွင် ရပ်တန့်ထားပြီး သူသည် မင်ယွဲ့ထံသို့ ဖုန်းဆက်သွယ်နေခြင်းဖြစ်သည်။
"ကျွန်မက ပညာရေးမှာပဲ အာရုံနစ်နေတာဆိုတော့ စီးပွားရေးဘက်ကို သိပ်ပြီး ဂရုမစိုက်နိုင်သေးလို့ပါ"
သူတို့နှစ်ဦးသည် ရင်းနှီးသော သူငယ်ချင်းများကဲ့သို့ပင် ဖုန်းထဲမှတစ်ဆင့် တစ်ဦးကိုတစ်ဦး နောက်ပြောင်ကျီစယ်နေကြသည်။
"အခု အလုပ်တွေပြီးပြီလား... ငါ အမှတ်မထင် ယန်တက္ကသိုလ်ဂိတ်ဝကို ဖြတ်လာမိလို့"
မိုဟန်ကျီသည် မင်ယွဲ့၏ အတန်းချိန်ဇယားကို ကြိုတင်စုံစမ်းထားပြီးသား ဖြစ်သည်။
သူသည် ကားထဲမှနေ၍ တက္ကသိုလ်ဂိတ်ဝသို့ ဝင်ထွက်သွားလာနေသော ကျောင်းသားကျောင်းသူများအကြား သူတမ်းတနေရသော ထိုပုံရိပ်လေး ပေါ်လာမည့်အချိန်ကို စိတ်ရှည်
လက်ရှည် စောင့်ဆိုင်းနေခဲ့သည်။
"ရှင် ယန်တက္ကသိုလ်ကို ရောက်နေတာလား... ကျွန်မ အခုချက်ချင်း လာခဲ့ပါ့မယ်"
မင်ယွဲ့သည် သူ့ကို အကြာကြီး မစောင့်စေလိုသဖြင့် ခြေလှမ်းများကို သွက်သွက်လှမ်းလိုက်သည်။ သို့သော် ကျောင်းဂိတ်ဝအထွက်တွင်ပင် လူတစ်ယောက်က သူမ၏လမ်းကို ပိတ်ဆို့တားဆီးလိုက်လေသည်။
"ဂျူနီယာ မင်ယွဲ့... ခဏလောက် စကားပြောလို့ ရမလား"
မင်ယွဲ့သည် စိုးရိမ်စိတ်ဖြင့် အပြင်ဘက်သို့ လှမ်းကြည့်လိုက်ရာ မိုဟန်ကျီသည်လည်း သူမကို ချက်ချင်းမြင်သွားတော့သည်။
သူမ၏လမ်းကို ပိတ်ထားသော အမျိုးသားကို မြင်သည်နှင့် မိုဟန်ကျီ၏ မျက်နှာအမူအရာမှာ ချက်ချင်းပြောင်းလဲသွားပြီး ကားတံခါးကိုဖွင့်ကာ ခြေလှမ်းကျဲကြီးများဖြင့် သူတို့ထံသို့ လျှောက်လာတော့သည်။
"ကျွန်မ အခု အလုပ်ရှုပ်နေလို့ပါ၊ နောက်မှပဲ ပြောကြတာပေါ့"
မင်ယွဲ့သည် လက်ထဲတွင် စာအုပ်နှစ်အုပ်ကို ပိုက်ထားရင်း ကျောင်းဂိတ်ဝရှိ ကားများကို လိုက်ရှာနေမိသည်။
ထိုစဉ်မှာပင် သူမ၏ရှေ့၌ ရှိနေသော ကျောင်းသား၏ မျက်ဝန်းထဲမှ ထက်သန်လှသော အကြည့်များကြောင့် စိတ်ထဲ၌ တစ်မျိုးတစ်ဖုံ ခံစားလိုက်ရပြီး မျက်နှာကို အသာလွှဲလိုက်
မိသည်။
"ဂျူနီယာ... ငါ မင်းကို နှစ်သက်မိနေပြီ"
ထိုကျောင်းသားသည် သတ္တိကို မနည်းမွေးမြူကာ သူ၏ရင်ထဲမှ စကားကို ဖွင့်ဟပြောဆိုလိုက်ခြင်း ဖြစ်သည်။
"စိတ်မကောင်းပါဘူး... ကျွန်မမှာ ရည်းစားရှိပြီးသားပါ"
မင်ယွဲ့မှာ အံ့အားသင့်သွားရသည်။
အမြဲတမ်း တစ်ဦးတည်း အထီးကျန်ဆန်ခဲ့သော သူမ၏ ဘဝထဲသို့ ယခုနောက်ပိုင်းတွင် ပိုးပန်းသူများ တသီတတန်းကြီး ရောက်ရှိလာခြင်းက ထူးဆန်းဖွယ်ရာပင်။
သို့သော် သူမ၏ စိတ်ထဲရှိသူမှာ ရောက်ရှိနေပြီဖြစ်သဖြင့် အခြားသူများနှင့် ရှုပ်ရှုပ်ထွေးထွေး မဖြစ်လိုပေ။
"ဂျူနီယာ... ငါ တကယ်ပြောတာပါ မင်းမှာ ရည်းစားရှိတယ်ဆိုရင် သူက ဘာလို့ တစ်ခါမှ ပေါ်မလာရတာလဲ"
ထိုကျောင်းသားက မယုံကြည်နိုင်စွာ မေးခွန်းထုတ်သည်။
မင်ယွဲ့သည် ကျောင်းတွင် စာကိုသာ အာရုံစိုက်လေ့ရှိပြီး စီနီယာကျောက်မှတစ်ပါး အခြားသူများနှင့် ရင်းရင်းနှီးနှီး ရှိလှသည်မဟုတ်ပေ။
"ယွဲ့ယွဲ့—"
မိုဟန်ကျီသည် လျှောက်လာပြီး သူမ၏ ပုခုံးကို အသာအယာ ဖက်လိုက်ကာ အလွန်ရင်းနှီးလှသော အသံဖြင့် ခေါ်လိုက်သည်။
ဤကဲ့သို့ ပိုင်ဆိုင်မှုကို ပြသလိုက်ခြင်းက တစ်ဖက်မှ ကျောင်းသားကို ရှက်ကိုးရှက်ကန်း ဖြစ်သွားစေတော့သည်။
"မင်း... မင်းမှာ တကယ်ပဲ ရည်းစားရှိတာလား၊
ဘာလို့ ကြိုမပြောခဲ့တာလဲ"
သူသည် အရှက်ရသွားသည့်အပြင် မင်ယွဲ့က သူမတွင် ချစ်သူရှိကြောင်း လူသိရှင်ကြား မကြေညာခဲ့သည့်အတွက် ယခုကဲ့သို့ အခြေအနေမျိုး ဖြစ်သွားရသည်ဟု အပြစ်တင်လိုနေပုံရသည်။
"ဟေ့လူ... ကျွန်မမှာ ရည်းစားရှိမရှိဆိုတာ ရှင့်ကို ဘာလို့ လိုက်ပြောနေရမှာလဲ"
မင်ယွဲ့မှာ စကားပင် ဆွံ့အသွားရသည်။
ဤကျောင်းသားမှာ အစပိုင်းတွင် အေးဆေးပုံရသော်လည်း အငြင်းခံရသည့်အခါ အရာရာကို အပြစ်တင်တတ်သည့် သူ၏ စရိုက်မှာ လုံးဝမကောင်းလှပေ။
"ဒါပေမဲ့ မင်းသာ ကြိုပြောရင် ငါ ဒီလိုလုပ်မှာ မဟုတ်ဘူး..."
"သူက ကျွန်မရဲ့ ရည်းစားလို့ အခုပြောပြီးပြီပဲ၊ ရှင် ဘာပြောစရာ ကျန်သေးလဲ"
မိုဟန်ကျီ၏ အေးစက်လှသော အကြည့်များနှင့် ဆုံမိသောအခါ ထိုကျောင်းသားမှာ ကျောရိုးထဲအထိ စိမ့်တက်သွားရပြီး ထိတ်လန့်တကြား ထွက်ပြေးသွားလေတော့သည်။
"ဘာလို့ ကြိုမပြောတာလဲ... စောင့်နေတာ ကြာပြီလား"
မင်ယွဲ့က မေးလိုက်သည်။
သူမသည် မိုက်မဲသူ မဟုတ်ပေ၊ ရှင်းယောင်လုပ်ငန်းစုသည် ဤနေရာနှင့် အလှမ်းဝေးလှရာ "လမ်းကြုံလို့" ဆိုသည်မှာ လုံးဝ မဖြစ်နိုင်မှန်း သူမ သိသည်။
"အခုလေးတင် ရောက်တာပါ၊ မင်းကို တစ်ယောက်ယောက်က ရင်ဖွင့်နေတာနဲ့ အမှတ်မထင် တိုးသွားတာ... ငါ အချိန်အခါ မတော်ဘဲ ရောက်လာမိတာလား"
သူသည် ရှေ့သို့ တည့်တည့်ကြည့်ကာ မကျေမနပ်သံဖြင့် ပြောလိုက်သည်။
"ခစ်... ခစ်"
မင်ယွဲ့သည် တဟားဟား ရယ်မောလိုက်ပြီး သူ၏မျက်နှာကို သူမဘက်သို့ ဆွဲလှည့်လိုက်
သည်။
“ရှင်က တကယ်ပဲ သဝန်တိုတတ်တာပဲနော်"
မိုဟန်ကျီသည် သူမ၏ ကျီစယ်မှုကို စိတ်မဆိုးသည့်အပြင် မင်ယွဲ့က
“ရှင်က ကျွန်မရဲ့ တရားဝင် ရည်းစားပါ"
ဟု အတည်ပြုပေးလိုက်သည့်အတွက် စိတ်ထဲတွင် ကျေနပ်သွားရသည်။
ကားထဲတွင် သူတို့နှစ်ဦး ထိုင်နေစဉ် မိုဟန်ကျီသည် မင်ယွဲ့၏ နှုတ်ခမ်းနားသို့ တိုးကပ်သွားပြီးနောက် ရှက်ကိုးရှက်ကန်းဖြင့် ကားကိုသာ အာရုံစိုက် မောင်းနှင်နေတော့သည်။
မင်ယွဲ့မှာမူ သူ၏ အပြစ်ကင်းစင်သော လူငယ်လေးတစ်ဦးကဲ့သို့ ပြုမူပုံကို ကြည့်ကာ ပြုံးမိနေတော့သည်။
မင်ယွဲ့က သူ၏ နားရွက်ဖျားလေးများ နီရဲနေသည်ကို တွေ့သဖြင့် စပ်စုချင်စိတ်ဖြင့် လှမ်းကိုင်လိုက်ရာ မိုဟန်ကျီမှာ တုန်လှုပ်သွားပြီး ဘရိတ်ကိုပင် အရှိန်ပြင်းပြင်း နင်းမိမတတ် ဖြစ်သွားရသည်။
စားသောက်ဆိုင်ရှေ့သို့ ရောက်သောအခါ မင်ယွဲ့က ပြုံးလျက်—
“ကျွန်မကို နမ်းလိုက်လို့ ရှက်နေတာလား"
ဟု မေးလိုက်သည်။
မိုဟန်ကျီမှာ စကားလုံးများ ပျောက်ရှနေရသည်။
သူသည် ချစ်ရသူနှင့် အတူရှိချိန်တွင် စိတ်ကို မနည်းထိန်းချုပ်နေရသော်လည်း သူမကို စိတ်
အနှောင့်အယှက် ဖြစ်စေမည်ကို စိုးရိမ်နေမိသည်။
"ဒါဆိုရင်လည်း ကျင့်သားရသွားအောင် နောက်ထပ် အများကြီး နမ်းလိုက်ပေါ့"
ပြောပြောဆိုဆိုဖြင့် မင်ယွဲ့က သူ့ကို စတင်နမ်းရှိုက်လိုက်ရာ မိုဟန်ကျီမှာလည်း သူမ၏ လည်ပင်းကို ထိန်းကိုင်ကာ နက်နက်ရှိုင်းရှိုင်း တုံ့ပြန်တော့သည်။
ထိုခဏ၌ မင်ယွဲ့မှာမူ လုံးဝ အားမခံနိုင်တော့ဘဲ သူ၏ အနမ်းများအောက်တွင် နစ်မျောနေတော့သည်။
"ဒေါက် ဒေါက်—"
ကားမှန်ကို လာရောက်ခေါက်သံကြောင့် သူတို့နှစ်ဦး လူခွဲလိုက်ကြသည်။
"အစ်ကိုမို... ရောက်နေတာကို ဘာလို့ ကားပေါ်က ဆင်းမလာတာလဲ"
၎င်းမှာ ကျန်ကျွင်း၏ အသံဖြစ်သည်။
အပြင်က လူတွေ မမြင်နိုင်မှန်း သိသော်လည်း ကားထဲတွင် ခိုးကြောင်ခိုးဝှက် လုပ်နေမိသည့်အတွက် မင်ယွဲ့မှာ မျက်နှာလေး နီရဲလျက် မိုဟန်ကျီ၏ ရင်ခွင်ထဲတွင် ခေါင်းဝှက်ထားမိသည်။
"မင်းတို့ အရင်ဝင်နှင့်... ငါ ခဏနေရင် လာခဲ့မယ်"
ဟု မိုဟန်ကျီက လှမ်းပြောလိုက်သည်။
ဆိုင်ဖွင့်ပွဲသို့ ဝမ်ကျန်း၊ ကျန်ဟင်၊ ကျိုးကျွမ်းနှင့် အခြားသူငယ်ချင်းများစွာ ရောက်ရှိနေကြသည်။
စီနီယာကျောက်နှင့် လျိုဝေတို့မှာမူ ဓာတ်ခွဲခန်းမှ အလုပ်များပြီးမှ ရောက်လာကြမည်ဖြစ်သည်။
မင်ယွဲ့သည် ဆိုင်အတွင်းသို့ ဝင်ကာ ဝန်ထမ်းများကို စနစ်တကျ ညွှန်ကြားနေပုံမှာ လွန်စွာ ခန့်ညားလှသည်။ သူမ၏ ဘက်စုံတော်ပုံကို ကြည့်ကာ မိုဟန်ကျီမှာ ပို၍ပင် မြတ်နိုးမိပြန်သည်။
စားသောက်ဆိုင်ရှေ့တွင် ဇိမ်ခံကားများ တန်းစီကာ ရပ်တန့်နေသည်ကို မြင်ရသော မျက်နှာချင်းဆိုင်ဆိုင်မှ လူများမှာမူ ထိတ်လန့်တကြား ဖြစ်နေကြလေတော့သည်။
"မန်နေဂျာ... ဟိုဘက်ဆိုင်ရှေ့မှာ ဇိမ်ခံကားတွေ အများကြီးပဲ၊ အခုဆို ငါးစီးတောင် ရှိနေပြီ"
ဝန်ထမ်းများ၏ စိုးရိမ်တကြီး ပြောဆိုသံများက ဆိုင်အတွင်း၌ ပျံ့လွင့်နေသော်လည်း မင်ယွဲ့မှာမူ သူမ၏ ရည်မှန်းချက် ပန်းတိုင်ဆီသို့ ယုံကြည်မှု အပြည့်ဖြင့် လျှောက်လှမ်းနေပြီ ဖြစ်သည်။
အခန်း (၂၁၃) ဂုဏ်ယူပါတယ်
"ညီမလေး၊ ဂုဏ်ယူပါတယ်နော်"
ပိုင်ကျင်းနှင့် အဖွဲ့သားများ ဆိုင်အတွင်းသို့ ရောက်ရှိလာကြသည်။
"ဒါကတော့ မင်းရဲ့ ဒုတိယနဲ့ တတိယ စီနီယာအစ်ကိုတွေဆီက ပေးလိုက်တဲ့ ဂုဏ်ပြုလက်ဆောင်တွေပါ သူတို့ကိုယ်တိုင် မလာနိုင်ပေမဲ့ လက်ဆောင်ကိုတော့ အရောက်ပို့ပေးရမယ်ဆိုပြီး မှာလိုက်လို့လေ"
ဟယ်ဝမ်က ပြုံးရွှင်စွာဖြင့် လက်ဆောင်များကို ကမ်းပေးသည်။
“ညီမလေးရေ... ဒါကတော့ တို့တွေရဲ့ လက်ဆောင်ပဲ"
မင်ယွဲ့သည် အရေးကြီးသော ဧည့်သည်တော်များကို ကြိုဆိုနေရခြင်းဖြစ်ရာ ပထမထပ်တွင် သီးသန့်အခန်းများ ကြိုတင်ပြင်ဆင်ပေးထားသည်။
ပထမထပ်တွင် ရိုးရာဒေသစာများကို အဓိကထားရောင်းချသဖြင့် အထက်တန်းလွှာ ဧည့်သည်များအတွက် သီးသန့်နေရာမှာ အဆင်ပြေလှသည်။
ထိုစဉ် ဟယ်ဝမ်နှင့် မိုဟန်ကျီတို့ အကြည့်ချင်း ဆုံသွားကြသည်။ ခဏတာမျှ ဘာပြောရမည်မှန်း မသိဘဲ နှစ်ဦးသား အေးစက်တိတ်ဆိတ်သွားကြ၏။ သူတို့နှစ်ဦးလုံးသည် မင်ယွဲ့နှင့် မည်သို့ပတ်သက်သည်ကို အပြန်အလှန် သိရှိထားကြသော်လည်း ယခုကဲ့သို့ လူချင်းတိုးမိကြသည်မှာ ပထမဆုံးအကြိမ်ပင် ဖြစ်သည်။
"သူတို့က ကျွန်မရဲ့ စီနီယာအစ်ကိုတွေပါ"
ဟု မင်ယွဲ့က ကြားထဲမှ ဝင်ရောက်ရှင်းပြလိုက်
သည်။
“ပြီးတော့ ဒါကတော့ ကျွန်မရဲ့ချစ်သူ... မိုဟန်ကျီ ပါ"
မင်ယွဲ့၏ ထိုစကားက ပတ်ဝန်းကျင်တစ်ခုလုံးကို လှုပ်ခတ်သွားစေသည်။
"ညီမလေး... မင်းတို့က ဘယ်တုန်းကတည်းက တွဲနေကြတာလဲ"
ဝူရှောင်က မင်ယွဲ့နှင့် မိုဟန်ကျီကို အလှည့်ကျ ကြည့်ရင်း အံ့အားသင့်နေသည်။
အချစ်ရေးအကြောင်း ပြောကြဆိုကြသည်မှာ ထုံးစံဖြစ်သော်လည်း ယခုကဲ့သို့ လူအများရှေ့ တရားဝင် မိတ်ဆက်ပေးလာလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။
ပိုင်ကျင်းကိုယ်တိုင်လည်း မင်ယွဲ့က ယခုကဲ့သို့ တိတ်တိတ်ဆိတ်ဆိတ်ဖြင့် အေးစက်စက်နိုင်လှသော အမျိုးသားတစ်ဦးနှင့် လက်တွဲသွားလိမ့်မည်ဟု မထင်မှတ်ထားခဲ့ချေ။
"ရှင်တို့နှစ်ယောက်ကိုတော့ ကျွန်မ ထပ်ပြီး မိတ်ဆက်ပေးဖို့ မလိုတော့ဘူးမလား"
မင်ယွဲ့က ပြုံးလျက် မေးလိုက်သည်။
ဟယ်ဝမ်၏ မျက်နှာတွင်မူ ရှုပ်ထွေးသော ခံစားချက်များ အရိပ်ထင်နေ၏။
"အင်း... အခုတော့ မင်းကို ငါက ယောက်ဖလို့ ခေါ်ရမလား၊ ဒါမှမဟုတ် ဝမ်းကွဲညီအစ်ကိုလို့ပဲ ဆက်ခေါ်ရမလား"
"မင်း အဆင်ပြေသလိုသာ ခေါ်ပါ"
မိုဟန်ကျီက ဂရုမစိုက်ဟန်ဖြင့် ပြန်ပြောသည်။
သူ့အတွက်မူ မင်ယွဲ့၏ ချစ်သူဟူသော ဂုဏ်ပုဒ် ခိုင်မြဲနေဖို့သာ အဓိကဖြစ်သည်။
မင်ယွဲ့က သူတို့ကို သီးသန့်အခန်းထဲသို့ ခေါ်ဆောင်သွားပြီးနောက် အားလုံး နေရာတကျ ထိုင်မိကြသည်။
"ဆိုင်ရဲ့ အထူးဟင်းလျာတွေကို ကျွန်မကိုယ်တိုင်ပဲ ချက်ပေးရမလား"
အားလုံးမှာ ရင်းနှီးပြီးသားသူများ ဖြစ်သဖြင့် မင်ယွဲ့က ကိုယ်တိုင်ချက်ပြုတ်ကျွေးမွေးရန် ကမ်းလှမ်းလိုက်ခြင်းဖြစ်သည်။
"မလိုပါဘူး ညီမလေးရယ်၊ ဒီနေ့တော့ တို့တွေနဲ့အတူပဲ ထိုင်စားပါ"
ဟု စီနီယာများက တားမြစ်ကြသည်။
မင်ယွဲ့၏ လက်ရာကောင်းမွန်ကြောင်း သိသော်လည်း အလုပ်ရှုပ်နေမည်ကို စိုးရိမ်ကြခြင်းဖြစ်သည်။
"ကောင်းပါပြီ"
မကြာမီပင် စားဖိုမှူး၏ အထူးလက်ရာ ဟင်းလျာများ တစ်ပွဲပြီးတစ်ပွဲ ရောက်ရှိလာသည်။
မွှေးပျံ့လှသော ဟင်းရနံ့များက အခန်းတွင်းဝယ် ပျံ့လွင့်နေပြီး လူတိုင်းကို ဗိုက်ဆာလာစေသည်။ စကားဝိုင်းကလည်း တဖြည်းဖြည်း မြိုင်ဆိုင်လာရာ မင်ယွဲ့က မိုဟန်ကျီ၏ နားနားသို့ ကပ်၍ တိုးတိုးလေး ပြောလိုက်သည်။
"ရှင့်သူငယ်ချင်းတွေလည်း ရောက်နေကြပြီမလား... သွားကြည့်လိုက်ပါဦး၊ ကျွန်မက ဒီမှာပဲ နေခဲ့မယ်လေ"
မိုဟန်ကျီက ချက်ချင်း ထမသွားဘဲ မင်ယွဲ့၏ လက်ကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်
ထားသည်။
မိုဟန်ကျီ၏ ထိုကဲ့သို့ ခွဲမရနိုင်လောက်အောင် တွယ်ကပ်နေသော ပုံစံကို ကြည့်ပြီး ဟယ်ဝမ်
တစ်ယောက် အံ့ဩနေမိသည်။
သူ နှစ်ပေါင်းနှစ်ဆယ်ကျော် သိလာခဲ့သော အေးစက်စက်ဝမ်းကွဲအစ်ကိုမှာ အတုအယောင်များလော၊ ယခုကဲ့သို့ နူးညံ့သိမ်မွေ့နေသောသူမှာ အစစ်အမှန်လောဟုပင် သံသယဝင်မိသည်။
"ဒါဆိုရင်လည်း ကျွန်မ ရှင်နဲ့အတူ လိုက်ခဲ့မယ်လေ၊ ဟုတ်ပြီလား"
မင်ယွဲ့က သူ၏လက်ကို ပြန်လည်ဆုပ်ကိုင်ကာ ထရပ်လိုက်သည်။
မိုဟန်ကျီ၏ မျက်နှာထက်တွင် ကျေနပ်သော အပြုံးတစ်ခု ပွင့်လန်းသွားသည်။
"စီနီယာတို့... ကျွန်မ တခြားသူငယ်ချင်းတွေကို သွားနှုတ်ဆက်လိုက်ဦးမယ်နော်၊ လိုတာရှိရင်လည်း ပြောပါ၊ အားမနာဘဲ စားကြသောက်ကြပါ"
"သိပါပြီ ညီမလေးရယ်... တို့တွေက ကိုယ့်အိမ်လိုပဲ သဘောထားတာမို့ စိတ်မပူပါနဲ့"
ဝူရှောင်က တူကိုကိုင်ကာ ဟင်းများကို မြိန် ယှက်စွာ စားသောက်ရင်း ပြန်ဖြေသည်။
တရုတ်အစားအစာ စစ်စစ်ကို မစားရသည်မှာ ကြာပြီဖြစ်ရာ သူမအတွက်တော့ နိဗ္ဗာန်ဘုံ ရောက်နေသကဲ့သို့ပင်။
"သွားလေ... သွား"
ဟု ပိုင်ကျင်းကလည်း ခွင့်ပြုပေးလိုက်သည်။
မင်ယွဲ့နှင့် မိုဟန်ကျီ ထွက်သွားသည်နှင့် ပိုင်ကျင်းနှင့် ဝူရှောင်တို့သည် ဟယ်ဝမ်ဘက်သို့ ချက်ချင်း လှည့်လာကြသည်။
"ဟယ်ဝမ်... မိုဟန်ကျီက တကယ်ပဲ အတည်တွဲနေတာလား"
မိုဟန်ကျီ၏ ဂုဏ်သတင်းမှာ စီးပွားရေးလောကတွင် ဟိုးဟိုးကျော်လှသည်။ ငယ်ငယ်ရွယ်ရွယ်နှင့် ဈေးကွက်ကို လက်ဝါးကြီးအုပ်နိုင်သူ ဖြစ်သော်လည်း သူ၏ အချစ်ရေးရာဇဝင်မှာမူ ဗလာနတ္ထိ ဖြစ်နေခဲ့သည်။ ထို့ကြောင့်ပင် အချို့က သူ့ကို မိန်းကလေး စိတ်မဝင်စားသူဟုပင် ထင်ကြေးပေးခဲ့ကြဖူးသည်။
"ကြည့်ရတာတော့ အတည်ပဲ ထင်တယ်"
ဟယ်ဝမ်ကိုယ်တိုင်လည်း ခံစားချက်ပေါင်းစုံ ဖြစ်နေရသည်။
အရင်ကတည်းက တစ်ခုခု ထူးခြားနေသည်ကို သူ သတိထားမိခဲ့သော်လည်း သူ၏ ဝမ်းကွဲအစ်ကိုက ယခုကဲ့သို့ လျှင်မြန်စွာ အရယူသွားလိမ့်မည်ဟု မထင်မှတ်ထားခဲ့ပေ။
"ဒါက... ငါတို့ ညီမလေးအတွက် မထိခိုက်နိုင်ဘူးလား"
ဝူရှောင်က မင်ယွဲ့၏ နောက်ခံမိသားစုနှင့် မိုဟန်ကျီတို့၏ အခြေအနေ ကွာဟချက်ကို စိုးရိမ်နေခြင်းဖြစ်သည်။
"အဲဒါအတွက်တော့ စိတ်ပူစရာမလိုပါဘူး၊ ငါ့အဒေါ်က လူမှုအတန်းအစားကို ဂရုစိုက်တဲ့သူ မဟုတ်ဘူး၊ မိုဟန်ကျီက ချစ်သူထားတယ်ဆိုရင်တင် သူတို့က ဝမ်းသာလွန်းလို့ ကခုန်ကြမှာ၊ မိုမိသားစုဝင်တွေကလည်း အဆင့်အတန်း ခွဲခြားတဲ့သူတွေ မဟုတ်ကြဘူး"
ဟယ်ဝမ်၏ စကားကြောင့် ဝူရှောင် စိတ်သက်သာရာ ရသွားသည်။
"တကယ်တော့ ညီမလေးက အရမ်းတော်တာပဲ၊ ငယ်ငယ်ရွယ်ရွယ်နဲ့ ကုမ္ပဏီရော ဆိုင်ရော ပိုင်ဆိုင်ထားတယ်၊ သီချင်းလည်း ရေးနိုင်တယ်၊ ဒီလောက် ထူးချွန်တဲ့သူကို မိုမိသားစုက အထင်မကြီးဘဲ နေပါ့မလား"
ပိုင်ကျင်းက မင်ယွဲ့ကို နိမ့်ကျသူအဖြစ် ရှုမြင်ခံရသည်ကို မနှစ်မြို့ပေ။
မင်ယွဲ့သည် ဂီတလောကတွင်လည်း အနာဂတ်၌ ခေါင်းဆောင်တစ်ဦး ဖြစ်လာမည့် ပါရမီရှင်
တစ်ဦး မဟုတ်ပါလား။
"ဟုတ်တာပေါ့... ညီမလေးက ဟင်းချက်တာလည်း နတ်သုဒ္ဓါကျနေတာပဲ"
ဝူရှောင်က ဟင်းများကို ပါးစပ်ထဲ အတင်းထိုးထည့်ရင်း ပိုင်ကျင်း၏ စကားကို ထောက်ခံလိုက်သည်။
တစ်ဖက်တွင်မူ မင်ယွဲ့နှင့် မိုဟန်ကျီတို့သည် အခြားသီးသန့်အခန်းတစ်ခုသို့ ရောက်ရှိနေပြီဖြစ်သည်။
"မိုလေး ရောက်လာပြီဟေ့"
ကျန်ကျွင်းက လှမ်းနှုတ်ဆက်သည်။
ထိုအခန်းထဲတွင်လည်း မုန်လီနှင့် ကျန်းရှုယွဲ့တို့ကဲ့သို့ မိုဟန်ကျီ၏ သူငယ်ချင်းများဖြင့် စည်ကားနေသည်။
"ဒါက ကျန်ကျွင်း... မင်း သိပြီးသားပါ"
ဟု မိုဟန်ကျီက မိတ်ဆက်ပေးရင်း
“ဟိုကတော့ မုန်လီနဲ့ ကျန်းရှုယွဲ့... ငါ့ရဲ့ သူငယ်ချင်းတွေပဲ"
ဟု ပြောပြသည်။
မင်ယွဲ့က သူ၏လက်ကို ပြန်လည်ဆုပ်ကိုင်လိုက်သည်။ သူက သူမကို သူငယ်ချင်းများနှင့် ရင်းနှီးစေချင်မှန်း သိနေသည်။
"မင်္ဂလာပါ... မင်ယွဲ့လို့ပဲ ခေါ်နိုင်ပါတယ်"
မိုဟန်ကျီက ချက်ချင်းပင်
“ငါ့ရဲ့ ချစ်သူပါ"
ဟု ဖြည့်စွက်ပြောလိုက်ကာ သူတို့၏ ဆုပ်ကိုင်ထားသော လက်များကို မြှောက်ပြလိုက်သည်။
"အချစ်တွေကို လာကြွားနေတာလား... တို့လို လူပျိုကြီးတွေကတော့ မပါချင်ဘူးနော်"
ကျန်ကျွင်းက အရင်ဆုံး ကန့်ကွက်လိုက်သည်။
"ဂုဏ်ယူပါတယ်"
မုန်လီကတော့ အဘွားမို၏ မွေးနေ့ပွဲကတည်းက သူတို့နှစ်ဦး၏ ပတ်သက်မှုကို ရိပ်မိထားပြီးသား ဖြစ်သည်။
ကျန်းရှုယွဲ့ကလည်း သူမ၏ သူငယ်ချင်းကောင်းအတွက် ဝမ်းသာပေးနေသည်။
"ကျွန်မရဲ့ ဆိုင်ကို လာရောက်အားပေးကြတာ ကျေးဇူးတင်ပါတယ်၊ စားချင်တာရှိရင် စိတ်ကြိုက်မှာနိုင်ပါတယ်"
မင်ယွဲ့က ပြုံးရွှင်စွာ ပြောလိုက်သည်။
"အားနာမနေပါနဲ့... သူတို့က အစားအသောက်မှာ သိပ်ဂျီကျတဲ့သူတွေ မဟုတ်ပါဘူး"
ဟု မိုဟန်ကျီက ဝင်ပြောသည်။
"ဟုတ်ပါတယ် မစ္စမင်ယွဲ့... အားနာစရာမလိုပါဘူး၊ မိုလေးရဲ့ ချစ်သူဆိုတော့ တို့တွေကလည်း သူငယ်ချင်းတွေပါပဲ"
ကျန်ကျွင်းကလည်း ပြောရင်းဆိုရင်းနှင့်ပင် ဆိုင်၏ အတွင်းပိုင်းအပြင်အဆင်ကို လှည့်ပတ်ကြည့်ရှုနေသည်။
“ဒီအပြင်အဆင်က တကယ် လှတာပဲ၊ ငါ ဘာလို့ အရင်က ဒီလိုမျိုး မစဉ်းစားမိပါလိမ့်"
"ဒီမှာ ကျွန်မတို့ရဲ့ ရိုးရာယဉ်ကျေးမှုနဲ့ သမိုင်းဝင် အမှတ်အသားတွေကို ထည့်သွင်းထားတာပါ၊ ရှင်တို့ သဘောကျမယ်လို့ မျှော်လင့်ပါတယ်"
"အရမ်းသဘောကျတာပေါ့၊ ဒါနဲ့ မင်ယွဲ့... ဒီနံရံက ကြာပန်းပန်းချီကားကို ဘယ်သူဆွဲတာလဲ၊ တကယ့်ကို တရုတ်ရိုးရာ အငွေ့အသက် အပြည့်ပဲ"
မုန်လီက စိတ်ဝင်တစား မေးလိုက်သည်။
"အဲဒါ ကျွန်မ လက်ရာပါ၊ စွမ်းဆောင်ရည်လေးကို ထုတ်ကြွားလိုက်တာပေါ့"
မင်ယွဲ့က ရယ်မောရင်း ပြန်ဖြေသည်။
သူမသည် အတုမဲ့လေ့လာရေးခန်းတွင် ပန်းချီပညာကို လေ့ကျင့်ခဲ့ဖူးရာ ဆိုင်အတွက် အလှဆင်ရန် သူမ၏ လက်ရာများကိုပင် ဘောင်သွင်း၍ ချိတ်ဆွဲထားခြင်းဖြစ်သည်။
မုန်လီမှာ မင်ယွဲ့တွင် ယခုကဲ့သို့သော အရည်အချင်းမျိုး ရှိလိမ့်မည်ဟု မထင်မှတ်ထားခဲ့ပေ။ သူမသည် အမြဲတမ်း လူအများကို အံ့အားသင့်အောင် ပြုလုပ်နိုင်စွမ်းရှိသူ ဖြစ်သည်။
"ဒါက တကယ့်ကို လက်ရာကောင်းပဲ"
ကျန်ကျွင်းက ပန်းချီပညာကို နားမလည်သော်လည်း အမြင်အာရုံတွင် ထူးခြားကောင်းမွန်နေသည်ကိုမူ သိရှိသည်။
အခန်းတွင်းရှိ အခြားပန်းချီကားတစ်ချပ်ကို မုန်လီက ထပ်မံကြည့်ရှုပြန်သည်။
“ဒါက ပန်ဒါလေးလား"
ခန့်ညားထည်ဝါသော အခန်း၏ ပုံစံနှင့် အနည်းငယ် ကွဲပြားနေသော်လည်း ထိုပန်ဒါပုံလေးက အခန်းကို ပိုမိုသက်ဝင်လှုပ်ရှားစေသည်။
"ဟုတ်ကဲ့... ယွမ်ပေါ့ကို အခြေခံပြီး ဆွဲထားတာပါ"
မင်ယွဲ့က ရှေ့တန်းကောင်တာတွင် ဧည့်သည်များကို ဆွဲဆောင်နေသည့် သူမ၏ ပန်ဒါလေးအကြောင်း ပြောပြသည်။
"မင်ယွဲ့စားသောက်ဆိုင်က အိမ်မွေးတိရစ္ဆာန်တွေ ခေါ်လာလို့ရတဲ့ ဆိုင်မျိုးဖြစ်အောင် ရည်ရွယ်ထားလို့ သီးသန့်အခန်းတွေမှာ တိရစ္ဆာန်ပုံလေးတွေ ချိတ်ထားတာပါ"
"မီးဖိုချောင်ဘက်ကို တစ်ချက်လောက် သွားကြည့်လိုက်ဦးမယ်နော်"
မင်ယွဲ့က ခဏအကြာတွင် နှုတ်ဆက်၍ ထွက်ခွာသွားသည်။
"တို့တွေကို ဂရုစိုက်မနေပါနဲ့၊ တို့က မိသားစုဝင်တွေလို ဖြစ်နေပြီပဲ၊ လိုတာရှိရင် ပြောပါ့မယ်"
မုန်လီက ပြန်လည်ပြောဆိုလိုက်သည်။
မင်ယွဲ့ ထွက်သွားပြီးနောက် အခန်းတွင်း၌ မိုဟန်ကျီနှင့် သူ၏ သူငယ်ချင်းများသာ ကျန်ရစ်ခဲ့တော့သည်။
အခန်း (၂၁၄) ထူးဆန်းသော ဧည့်သည်
"မင်း တကယ်ပဲ အတည်ပြောနေတာလား"
မုန်လီက မယုံကြည်နိုင်ဟန်ဖြင့် ထပ်မံမေးမြန်းလိုက်သည်။
"အင်း"
"ဒီလောက် တိုတိုတုတ်တုတ်ကြီး မလုပ်စမ်းပါနဲ့ဦး မင်းရဲ့ စိတ်ကူးလေးတွေကိုလည်း ပြောပြပါဦး ငါကတော့ မင်းလိုလူစားမျိုးရဲ့ အချစ်ရေးရာဇဝင်ကို တကယ့်ကို စိတ်ဝင်စားမိတယ်"
ဟု မုန်လီက ပြုံးစစဖြင့် တိုက်တွန်းလေသည်။
သူ့နည်းတူပင် ကျန်ကျွင်းနှင့် ကျန်းရှုယွဲ့တို့ကလည်း မျှော်လင့်ချက်အပြည့်ဖြင့် နားစွင့်နေကြ၏။
"ငါ ယွဲ့ယွဲ့ကို သဘောကျတယ်၊ ဒါကြောင့် ငါ့ဘက်ကစပြီး လိုက်ခဲ့တယ်၊ သူကလည်း သဘောတူလိုက်တယ်၊ ဒါပဲလေ"
ထိုစကားကို ကြားရသောအခါ သုံးဦးသားလုံး ဆွံ့အသွားကြရသည်။
ဤမျှ ချောက်ကပ်လှသော အဖြေကြောင့် သူတို့မှာ စိတ်ပျက်လက်ပျက် ဖြစ်သွားကြရ၏။
"လှပဆန်းပြားတဲ့ အချစ်ဇာတ်လမ်းလေးတစ်ပုဒ် ဖြစ်သင့်တာကို မင်းပြောလိုက်တဲ့ပုံစံက အရသာ အကုန်ပျက်သွားတာပဲ"
ဟု ကျန်းရှုယွဲ့က ညည်းတွားသည်။
မိုဟန်ကျီကဲ့သို့သော လူမျိုးထံမှ ရင်ခုန်စရာ စကားလုံးများ ကြားရရန်မှာ တကယ့်ကို ခက်ခဲလှပေသည်။
"မင်း မင်ယွဲ့ကိုလည်း ဒီလိုပဲ စကားပြောတာလား ဒီလို အေးစက်စက် အမူအရာမျိုးနဲ့ မိန်းကလေး
တစ်ယောက်ရဲ့ နှလုံးသားကို သိမ်းပိုက်နိုင်
တယ်ဆိုတာ ငါတော့ မယုံနိုင်ဘူး"
ဟု မုန်လီက သံသယပွားနေသည်။
"ချိုသာတဲ့ စကားလုံးတွေရော၊ အပြန်အလှန် ဆွဲဆောင်မှုတွေရော ဘယ်မှာလဲ အချစ်ဒရာမာ ဇာတ်လမ်းတွဲပေါင်း ဒါဇင်ချီရှိမယ့် အကြောင်းအရာကို မင်းက ခြောက်ကပ်ကပ် စာတစ်ကြောင်းတည်းနဲ့ အဆုံးသတ်လိုက်တာလား"
ကျန်ကျွင်းမှာ တကယ်ပင် စကားအိုင်သွားရသည်။
"ဒါထက် ပိုပြီး ဘာပြောစရာ ရှိသေးလို့လဲ မင်းတို့ ဒီလောက် သိချင်နေရင်လည်း ကိုယ်တိုင်ပဲ တစ်ယောက်ယောက်ကို ရှာပြီး တွဲကြည့်ကြပါလား"
မိုဟန်ကျီက အေးအေးလူလူပင် ရေတစ်
ဖန်ခွက်ကို ငှဲ့လိုက်သည်။
"ကြည့်စမ်း... တွဲတာမှ မကြာသေးဘူး၊ တို့တွေကိုတောင် အဖက်မလုပ်တော့ဘူးပေါ့လေ"
ကျန်ကျွင်းက မကျေမနပ် ပြောဆိုသည်။
"ငါက မင်းတို့ သုံးယောက်ကို အဖက်မလုပ်ဘူးလို့ မင်းတို့ဘက်က ခံစားနေရရင်လည်း ငါ ဘာမှ မတတ်နိုင်ဘူးလေ"
ဟု မိုဟန်ကျီက ခပ်ပေါ့ပေါ့ပင် ပြန်ပြောလိုက်
သည်။
သူငယ်ချင်း သုံးဦးက သူ့ကို ထူးဆန်းသော သတ္တဝါတစ်ကောင်ကို ကြည့်သကဲ့သို့ ကြည့်နေကြသည်။
သူတို့ သိထားသော သူငယ်ချင်းကောင်းမှာ ယခုတော့ လူယုတ်မာတစ်ယောက် ဖြစ်သွားပြီဟုပင် ထင်မှတ်ရသည်။
"မင်း ဒီလောက် စောင်းမြောင်းပြောတတ်တာကို မင်ယွဲ့ သိရဲ့လား"
"ဒါက စောင်းမြောင်းပြောတာ မဟုတ်ဘူး၊ အမှန်တရားကိုပဲ ပြောတာ"
မိုဟန်ကျီက စကားလုံး အသုံးအနှုန်း တိကျရန် လိုအပ်ကြောင်း အလေးအနက် ပြန်လည်
ပြင်ဆင်ပေးလိုက်သည်။
"ကဲ... ဒါဆို အမှန်အတိုင်း ပြောစမ်းပါ မင်း မင်ယွဲ့ကိုလည်း ဒီလိုပဲ ဆက်ဆံတာလား"
မင်ယွဲ့သာ ဤသို့ ဆက်ဆံခံရပါက မိုဟန်ကျီကို ဆူပူကြိမ်းမောင်းမည်လားဟု မုန်လီက သိချင်
နေသည်။
"မိန်းကလေးတွေဆိုတာ ယုယခံရဖို့ မွေးဖွားလာကြတာလေ ချစ်သူဆိုတာ တန်ဖိုးထား မြတ်နိုးရမယ့်သူပါ ပြီးတော့ ငါက ယွဲ့ယွဲ့ရဲ့ အရာအားလုံးကို ချစ်တာ"
ထိုစကားကို ကြားသောအခါ မုန်လီတို့ သုံးဦးမှာ အချစ်နွံထဲ နစ်မွန်းနေသော လူမိုက်တစ်ဦးကို မြင်လိုက်ရသကဲ့သို့ ကြောင်အမ်းအမ်း ဖြစ်သွားကြသည်။
တော်သေးသည်မှာ မင်ယွဲ့က အားကိုးထိုက်သော မိန်းကလေးဖြစ်နေ၍သာ၊ သို့မဟုတ်ပါက မိုဟန်ကျီ၏ ပိုင်ဆိုင်မှုအားလုံးမှာ အလိမ်ခံရနိုင်ချေ ရှိပေသည်။
မိုဟန်ကျီ၏ တစ်သက်တာ လူပျိုကြီး ဘဝမှာ တကယ့်ကို ထူးခြားလှသည်။ သူနှင့် စကားမပြောကြည့်သရွေ့ သူ၏ ပြောင်းလဲမှုကို သိနိုင်မည် မဟုတ်ပေ။ ပုံမှန်အတိုင်း အေးစက်လှသော ဤအမျိုးသားမှာ မျိုးရိုးဗီဇ ပြောင်းလဲသွားသည့်အလား ချိုသာသော စကားလုံးများကို ဖန်းတီးပြောဆိုနေလေသည်။
မင်ယွဲ့စားသောက်ဆိုင်မှာ တဖြည်းဖြည်း စည်ကားလာသည်နှင့်အမျှ လမ်းတစ်ဖက်ရှိ စားသောက်ဆိုင်မှ လူများမှာမူ ပို၍ပင် စိတ်တိုလာကြသည်။
"ဟိုဘက်ဆိုင်မှာ ဘာတွေ ဖြစ်နေတာလဲ ဒီလောက်များတဲ့ ဧည့်သည်တွေကို သူတို့ ဘယ်လိုများ ဧည့်ခံနေတာပါလိမ့်"
"ဒါပေမဲ့ ဟင်းချက်စရာ ကုန်ကြမ်းတွေကော လောက်ငရဲ့လား"
ဝန်ထမ်းများမှာ ပြတင်းပေါက်ကို မှီကာ အလုပ်မရှိ အပျင်းတစ်ရင်း တစ်ဖက်ဆိုင်ကို ကြည့်ကာ ညည်းတွားနေကြသည်။
ဆိုင်မန်နေဂျာက သူတို့၏ အပျင်းထူနေသော ပုံစံကို မြင်သောအခါ ဒေါသတကြီး ကြိမ်းမောင်းလေတော့သည်။
"ဒါက မင်းတို့နဲ့ ဘာဆိုင်လို့လဲ ဒီလောက်တောင် စိတ်ဝင်စားနေရင်လည်း ဟိုဘက်ဆိုင်ကို အလုပ်ပြောင်းသွားကြပါလား"
ဝန်ထမ်းများမှာ ငှက်ကလေးများကဲ့သို့ ချက်ချင်းပင် လူစုကွဲသွားကြသည်။
“မန်နေဂျာ ဖြစ်ရုံနဲ့ပဲ နေ့တိုင်း ငါတို့ကို ဒေါသပုံချနေတာ"
ဟု မန်နေဂျာ ထွက်သွားသည်နှင့် ဝန်ထမ်းများက တိုးတိုးတိတ်တိတ် အုပ်စုဖွဲ့ကာ အတင်းပြောကြပြန်သည်။
"မန်နေဂျာဖြစ်တာကတော့ ဟုတ်ပါပြီ၊ တို့တွေမှာမှ ချမ်းသာတဲ့ အဖေ မရှိတာ... ဘာတတ်နိုင်မှာလဲ"
ဆိုင်မန်နေဂျာသည် သူ၏ ဖခင်ဖြစ်သူထံမှ ငွေကြေးရင်းနှီးမြှုပ်နှံမှု ရယူထားသည်ကို အားလုံးက သိထားကြသဖြင့် အဆူခံရတိုင်း ထိုအချက်ကိုပင် မကျေနပ်ချက်အဖြစ် ပြောဆိုကြခြင်း ဖြစ်သည်။
"သူကတော့ ဧည့်သည်မရှိတော့ အလုပ်မရှိတာနဲ့ ငါတို့ကိုပဲ ရန်လုပ်နေတာ"
"ကဲ... တော်ကြပါတော့ တကယ်ပဲ ဟိုဘက်
ဆိုင်ကို ပြောင်းချင်နေတာလား"
ဝန်ထမ်းများမှာ ထပ်မံအဆူခံရမည် စိုးသဖြင့် စားပွဲများကို အဝတ်ဖြင့် သုတ်ချင်ယောင် ဆောင်လိုက်ကြရသည်။
မင်ယွဲ့၏ စားသောက်ဆိုင်တွင် ခွေးနှင့် ကြောင် အစရှိသည့် အိမ်မွေးတိရစ္ဆာန်များစွာ ရှိနေသော်လည်း ဧည့်သည်များမှာ တာဝန်သိသော တိရစ္ဆာန်ပိုင်ရှင်များ ဖြစ်ကြသဖြင့် အားလုံးက နားလည်လက်ခံနိုင်ကြသည်။
ယဉ်ကျေးမှုမရှိသော တိရစ္ဆာန်ပိုင်ရှင်များကိုမူ မင်ယွဲ့က ဆိုင်ထဲမှ ထွက်ခွာသွားရန် ပြတ်သားစွာ ညွှန်ကြားလေ့ရှိသည်။
မင်ယွဲ့သည် စားသောက်ဆိုင်ဖွင့်ခြင်းဖြင့် ရရှိမည့် အကျိုးအမြတ်ထက် တိရစ္ဆာန်ချစ်သူများအတွက် အဆင်ပြေစေမည့် နေရာတစ်ခု ဖန်တီးပေးလိုသည့် ရည်မှန်းချက်ကိုသာ ဦးစားပေးထားသည်။ ထို့ကြောင့်ပင် တာဝန်သိသော တိရစ္ဆာန်ပိုင်ရှင်များအတွက် သင့်လျော်သော စားသောက်ဆိုင်တစ်ဆိုင် ဖြစ်လာခဲ့ခြင်း ဖြစ်သည်။
တစ်ဖက်ဆိုင်မှာ လုံးဝ ပျက်စီးသွားခြင်း မရှိသေးသော်လည်း ဧည့်သည်အရေအတွက်မှာမူ သိသိသာသာ လျော့နည်းသွားခဲ့သည်။
မင်ယွဲ့၏ ဟင်းလျာအမယ်များပြားမှုနှင့် ထူးကဲသော လက်ရာကြောင့် လူအများက ဤဆိုင်ကိုသာ ရွေးချယ်လာကြသည်။ တိရစ္ဆာန် မကြိုက်သူများပင်လျှင် သီးသန့်အခန်းများကို ရွေးချယ်၍ စားသောက်နိုင်ကြပေသည်။
တစ်ဖက်ဆိုင်မှ မန်နေဂျာမှာမူ မင်ယွဲ့စားသောက်ဆိုင်၏ ဆွဲဆောင်မှုလျှို့ဝှက်ချက်ကို သိရှိရန်အတွက် ကိုယ်တိုင် သွားရောက်စုံစမ်းရန် ဆုံးဖြတ်လိုက်လေသည်။
ထိုနေ့မှာ လသာသော ညတစ်ည မဟုတ်ပေ။ သူသည် ဦးထုပ်တစ်လုံးကို ငိုက်အောင်ဆောင်း၊ နှာခေါင်းစည်းကို တပ်ဆင်ကာ မင်ယွဲ့စားသောက်ဆိုင်အတွင်းသို့ ခိုးကြောင်ခိုးဝှက် ဝင်ရောက်လာခဲ့သည်။
"လူကြီးမင်း... ဘာများ အကူအညီပေးရမလဲခင်ဗျာ"
စားပွဲထိုးက နှစ်ကြိမ်တိုင်တိုင် ခေါ်လိုက်မှ သူ သတိဝင်လာသည်။
"သီးသန့်အခန်း တစ်ခန်းလိုချင်တယ်"
သီးသန့်အခန်းခမှာ ဈေးကြီးသော်လည်း ဧည့်သည်များ အဘယ်ကြောင့် ဤဆိုင်တွင် ပျော်မွေ့နေကြသည်ကို သိရှိရန်အတွက် သူက ငွေကုန်ကြေးကျခံရန် ဆုံးဖြတ်ထားသည်။
"လူကြီးမင်းခင်ဗျာ... ပထမထပ်က သီးသန့်အခန်းတွေ အကုန်ပြည့်နေလို့ ဒုတိယထပ်ဆိုရင် အဆင်ပြေပါ့မလားခင်ဗျာ"
စားပွဲထိုး၏ စကားကြောင့် သူ၏ ရင်ထဲတွင် မနာလိုစိတ်များ တဖွားဖွား ဖြစ်ပေါ်လာသည်။
မိမိဆိုင်မှာ ဧည့်သည်ပါးနေချိန်တွင် ဤဆိုင်၌မူ စည်ကားလွန်းနေသည် မဟုတ်ပါလား။
"ရတယ်"
သူသည် စားပွဲထိုးနောက်မှ လိုက်၍ ဒုတိယထပ်ရှိ သီးသန့်အခန်းတစ်ခုအတွင်းသို့ ဝင်လိုက်သည်။ အခန်းအတွင်းသို့ လှမ်းဝင်လိုက်သည်နှင့် လတ်ဆတ်သန့်ရှင်းသော ရနံ့တစ်ခုက နှာခေါင်းထဲသို့ တိုးဝင်လာပြီး ခန့်ညားလှသော အပြင်အဆင်၊ တောက်ပသော အရောင်အသွေးများနှင့် နံရံတွင် ချိတ်ဆွဲထားသော စိတ်ကူးယဉ် ပန်းချီကားများကို မြင်တွေ့လိုက်ရသည်။
ဤသည်မှာ နိုင်ငံခြားစတိုင် အပြင်အဆင်ဖြင့် ပြုလုပ်ထားသော သီးသန့်အခန်း ဖြစ်သည်။ သူသည် ကြိုတင်လေ့လာထားခြင်း မရှိသဖြင့် ရရာအခန်းတစ်ခုသို့ ဝင်လိုက်ခြင်း ဖြစ်သော်လည်း လက်ထဲသို့ ရောက်လာသော ဟင်းမီနူးက သူ့ကို အံ့အားသင့်စေသည်။
ဒုတိယထပ်ရှိ သီးသန့်အခန်းတိုင်းတွင် မတူညီသော အထူးဟင်းလျာများ ရှိနေခြင်းမှာ မင်ယွဲ့စားသောက်ဆိုင်၏ ထူးခြားချက်တစ်ခုပင် ဖြစ်သည်။
"ဟင်းစာရင်းထဲမှာ ပါတာတွေ အကုန်လုံး တစ်ပွဲစီပေး"
ဟု သူက ဦးထုပ်အနားသတ်ကို ငုံ့ရင်း ပြောလိုက်သည်။
"လူကြီးမင်း... သေချာလို့လားခင်ဗျာ"
စားပွဲထိုးမှာ နားကြားမှားသည်ဟု ထင်မှတ်ကာ ထပ်မံမေးမြန်းလိုက်ရသည်။ ဤမျှများပြားလှသော ဟင်းလျာများကို တစ်ဦးတည်း မှာယူသူမျိုး ယခင်က မကြုံဖူးခဲ့ပေ။
"သေချာပါတယ်ဆိုမှ... ဘာတွေ ကြန့်ကြာနေတာလဲ၊ မြန်မြန်ပြင်ပေးစမ်းပါ"
ဟု သူက မကျေမနပ် ပြောဆိုသည်။
စားပွဲထိုးလည်း ဟင်းစာရင်းကို ယူကာ မီးဖိုချောင်ဘက်သို့ အမြန်သွားလိုက်ရတော့သည်။
"ဆရာကြီး... ဒုတိယထပ်က အခန်းထဲမှာ ထူးဆန်းတဲ့ ဧည့်သည်တစ်ယောက် ရောက်နေတယ်၊ ဟင်းစာရင်းတစ်ခုလုံးကို မှာနေတာအပြင်အဆင်ကလည်း နှာခေါင်းစည်းနဲ့ ဦးထုပ်နဲ့ဆိုတော့ ဘယ်သူမှန်း မသိရဘူး"
စားပွဲထိုးက မီးဖိုချောင်တွင် တိုင်တောလေသည်။
စားဖိုမှူးကြီးမှာ ဟင်းသီးဟင်းရွက်များကို ပုံဖော်နေရင်းမှ လက်အနည်းငယ် တုံ့ဆိုင်းသွားကာ
"မင်း ပြောတာ... ထူးဆန်းတဲ့ ဧည့်သည်က ဟင်းစာရင်းတစ်ခုလုံးကို မှာလိုက်တယ် ဟုတ်လား"
"ဟုတ်ပါတယ်ဆရာကြီး၊ အဲဒီလူက တကယ့်ကို ထူးထူးဆန်းဆန်းပါပဲ"
"ဒါဆိုရင် မန်နေဂျာကို သွားပြောလိုက် ဒါက ရိုးရိုးကိစ္စ မဟုတ်ဘူး၊ တစ်ဖက်ဆိုင်က ငါတို့ရဲ့ ဟင်းချက်နည်းတွေကို လာခိုးတာလည်း ဖြစ်
နိုင်တယ်"
"ဟုတ်ကဲ့ပါ"
စားပွဲထိုးသည် ချက်ချင်းပင် မန်နေဂျာထံသို့ သတင်းပို့ရန် ထွက်သွားသည်။
မင်ယွဲ့သည် ကျောင်းမှ အထွက်တွင် ထိုသတင်းကို ကြားလိုက်ရသဖြင့် အံ့ဩသွားရသည်။
လမ်းတစ်ဖက်က စားသောက်ဆိုင်မှ လူဖြစ်မည်မှာ မြေကြီးလက်ခတ်မလွဲပေ။ သူတို့ ဘာတွေ ကြံစည်နေကြသနည်း။ ဟင်းချက်နည်း ခိုး
ယူခြင်းမှာ ထင်သလောက် မလွယ်ကူလှပေ။
မြည်းကြည့်ရုံဖြင့် ဟင်းချက်နည်းကို သိနိုင်
မည်ဟု သူတို့ တကယ်ပဲ ထင်နေကြသလော။
"သူမှာတဲ့အတိုင်းပဲ လုပ်ပေးလိုက်ပါ၊ ကျွန်မ အခုချက်ချင်း လာခဲ့မယ်"
မင်ယွဲ့၏ ညွှန်ကြားချက် ရောက်လာသည်နှင့် မီးဖိုချောင်ရှိ ဝန်ထမ်းများမှာ ဟင်းလျာများကို အပြိုင်အဆိုင် ပြင်ဆင်ကြတော့သည်။ ဟင်းစာရင်းတစ်ခုလုံး ဖြစ်သဖြင့် မီးဖိုချောင်တစ်ခုလုံး အလုပ်များသွားရသည်။
"အလကားလာပေးတဲ့ ပိုက်ဆံကို မယူဘဲနေတာက လူအပဲ"
ဟု မင်ယွဲ့က တွေးလိုက်သည်။
တစ်ဖက်လူက မည်သူပင်ဖြစ်ပါစေ၊ သူမကတော့ ဂရုမစိုက်ပေ။ သူမသည် ကားကို မင်ယွဲ့စားသောက်ဆိုင်ဘက်သို့ ဦးတည်မောင်းနှင်ရင်း ထိုလူ ဘာကြံစည်နေသလဲဆိုသည်ကို သိချင်
နေသည်။
အကယ်၍ သူက စားသောက်ရန်သက်သက် လာခြင်းဆိုလျှင် ပြဿနာမရှိသော်လည်း မကောင်းသော အကြံတစ်ခုခု ပါလာပါက သူမအနေဖြင့် ငြိမ်ခံနေမည် မဟုတ်ပေ။
မီးဖိုချောင်မှ ဝန်ထမ်းများက ဟင်းလျာများကို တစ်ပွဲပြီးတစ်ပွဲ လာရောက်ချပေးနေသည်။
"အခန်းထဲကို မဝင်ခင် တံခါးခေါက်ပါ၊ ငါ ခွင့်မပြုဘဲနဲ့ ဘယ်သူမှ ဝင်မလာနဲ့"
ထူးဆန်းသော ဧည့်သည်က ခပ်ပြတ်ပြတ်ပင် မှာကြားလိုက်ရာ စားပွဲထိုးမှာလည်း သူ၏ ညွှန်ကြားချက်ကို တိကျစွာ လိုက်နာရလေတော့သည်။
အခန်း (၂၁၅) ငွေရှင်းဖို့ မမေ့နဲ့ဦး
မင်ယွဲ့စားသောက်ဆိုင်မှ ဝန်ထမ်းများသည် ထိုလူအား ထူးဆန်းသည်ဟု ထင်မှတ်နေကြသော်လည်း မန်နေဂျာဖြစ်သူ၏ ပုံမှန်အတိုင်းသာ ဧည့်ခံရန် ညွှန်ကြားချက်ကြောင့် မည်သည့်ပြဿနာမျှ မဖန်တီးဘဲ ငြိမ်သက်နေကြသည်။ ခေတ္တအကြာတွင် သီးသန့်အခန်းတံခါးထံမှ တုံ့ခေါက်သံ ပေါ်ထွက်လာသည်။
"ဝင်ခဲ့"
စားပွဲထိုးက ဟင်းပွဲများကို သယ်ဆောင်လာရင်း ထိုလူကို အကဲခတ်ကြည့်ရာ ဟင်းပွဲများရောက်သည်အထိ ဦးထုပ်နှင့် နှာခေါင်းစည်းကို ချွတ်ခြင်းမရှိသည်ကို သတိပြုမိလိုက်သည်။
မိမိကို စိုက်ကြည့်နေသည်ကို သိသွားသောအခါ ထိုသူက ဒေါသတကြီး ပြန်လည်စိုက်ကြည့်လေသည်။ စားပွဲထိုးလည်း ကြောက်ကြောက်လန့်လန့်ဖြင့် ဟင်းပွဲများကို အမြန်ချ၍ အခန်းပြင်သို့ ထွက်ခွာသွားရတော့သည်။
တံခါးပြန်ပိတ်သွားသည်နှင့် အခန်းတွင်းရှိ အမျိုးသားသည် ဦးထုပ်နှင့် နှာခေါင်းစည်းကို ချွတ်လိုက်ရာ လမ်းတစ်ဖက်ရှိ စားသောက်ဆိုင်
ပိုင်ရှင် ကျန်ကျွင်း ဖြစ်နေသည်ကို တွေ့ရသည်။
"ဒီလူတွေ တစ်ယောက်ပြီးတစ်ယောက် တိုးဝှေ့နေအောင် လာကြရတဲ့အထဲမှာ ဘယ်လိုအကောင်းစားတွေ ပါနေလဲဆိုတာ ငါ ကြည့်ရသေးတာပေါ့"
သူသည် မကျေမနပ် ရေရွတ်ရင်း ဓားနှင့် ခက်ရင်းကို ကိုင်ကာ စတင်စားသောက်လေသည်။ တံခါးခေါက်သံ ထပ်မံထွက်ပေါ်လာတိုင်း သူသည် အလုပ်ရှုပ်စွာဖြင့် နှာခေါင်းစည်းနှင့် ဦးထုပ်ကို အလျင်အမြန် ပြန်လည်ဝတ်ဆင်ရသည်။ စားပွဲထိုးများမှာလည်း စဉ်းစားမရနိုင်အောင် ဖြစ်နေရ၏။ ထမင်းတစ်နပ် စားရုံမျှဖြင့် သူခိုးဖမ်းသကဲ့သို့ ဖြစ်နေခြင်းမှာ တကယ့်ကို ထူးဆန်းလှသည်။
မင်ယွဲ့ ရောက်ရှိလာချိန်တွင် ထိုအခန်းအတွက် မှာယူထားသော ဟင်းလျာများအားလုံး အဆင်သင့် ဖြစ်နေပြီဖြစ်သည်။
ဟင်းပွဲများမှာ များပြားလွန်းလှသဖြင့် စားပွဲတစ်လုံးတည်းနှင့် မဆံ့ဘဲ စားပွဲအကြီး နှစ်လုံးအပြည့် ခင်းကျင်းထားရသည်။
ကျန်ကျွင်းသည် မူလက ဟင်းလျာများကို တစ်လုပ်စီ မြည်းစမ်းရန်သာ ရည်ရွယ်ထားသော်လည်း ပထမဆုံးတစ်လုပ် လျှာပေါ်သို့ ရောက်ရှိသွားချိန်တွင် ထိုအရသာကို မခုခံနိုင်တော့ပေ။ နှစ်ပေါင်းများစွာအတွင်း မကြုံဖူးခဲ့သော အရသာထူးက သူ၏ အာရုံခံစားမှုကို ပြင်းထန်စွာ ရိုက်ခတ်သွားသည်။
'နောက်ဆုံးအကြိမ် ဒီလိုအရသာမျိုး စားခဲ့ရတာက နိုင်ငံခြားက စတားဟိုတယ်မှာပဲ အခုလို စုံလင်လှတဲ့ စားသောက်ဆိုင်မျိုးမှာ ဒီလိုလက်ရာမျိုး ရှိနေလိမ့်မယ်လို့ ငါ တကယ်မထင်ထားခဲ့ဘူး'
သူသည် မထိန်းနိုင်ဘဲ တစ်ပွဲပြီးတစ်ပွဲ စားသောက်မိတော့သည်။
ကံကောင်းသည်မှာ အနောက်တိုင်းဟင်းလျာများ၏ ပမာဏမှာ တရုတ်ဟင်းလျာများကဲ့သို့ မများပြားခြင်းပင် ဖြစ်သည်။
သို့သော်လည်း ဟင်းပွဲတိုင်းကို မြည်းစမ်းပြီးသောအခါ သူ၏ ဗိုက်မှာ အတင်းအကျပ် သွတ်သွင်းထားရသကဲ့သို့ လည်ပင်းထိအောင် ပြည့်အင်လာပြီး လှုပ်ရှားရန်ပင် ခက်ခဲသွားတော့သည်။
မင်ယွဲ့သည် ပထမထပ်ဧည့်ခန်း၌ ထိုင်ရင်း ထိုလူ ဘာဆက်လုပ်မည်ကို စောင့်ကြည့်နေသော်လည်း အချိန်အတော်ကြာသည်အထိ မည်သူမျှ ထွက်မလာခဲ့ပေ။
"တံခါးကိုပဲ ဖွင့်ပြီး ဝင်သွားလိုက်ရအောင်"
မင်ယွဲ့သည် ဝန်ထမ်းများကို ဘေးသို့ဖယ်ခိုင်းကာ တံခါးကို တိုက်ရိုက်ဖွင့်၍ ဝင်လိုက်သည်။
ဤအချိန်တွင် ယဉ်ကျေးပျူငှာမှုကို ဂရုမစိုက်နိုင်တော့ပေ။ မိမိဆိုင်အတွင်း တစ်စုံတစ်ယောက် အန္တရာယ်ဖြစ်သွားပါက ပြဿနာတက်နိုင်သည် မဟုတ်ပါလား။
အခန်းတွင်းသို့ ဝင်လိုက်သည်နှင့် စားပွဲပေါ်တွင် မှောက်လျက်လဲနေသော အမျိုးသားတစ်ဦးကို တွေ့လိုက်ရသည်။ လူဝင်လာသည်ကို မြင်သောအခါ နှာခေါင်းစည်းကို အတင်းကောက်တပ်သော်လည်း ကသုတ်ကရက်နိုင်လွန်းသဖြင့် ပြုတ်ကျသွားရာ လက်ဖြင့်သာ အတင်းအုပ်ထားရတော့သည်။
"လက်နဲ့ ကာမနေပါနဲ့တော့ ရှင်က ကိုယ့်ဆိုင်မှာကိုယ် မနေဘဲ ဒီကို ဘာလာလုပ်တာလဲ"
မင်ယွဲ့က စကားတစ်ခွန်းတည်းဖြင့် သူ၏ မည်သူမည်ဝါဖြစ်ကြောင်းကို ဖော်ထုတ်လိုက်သည်။
"စားသောက်ဆိုင်ဆိုတာ လူတိုင်းစားဖို့ ဖွင့်ထားတာပဲ၊ ငါ လာစားတာ ဘာဖြစ်လဲ"
သူသည် စားပွဲအောက်မှနေ၍ ဗိုက်ကို အသာအယာ ပွတ်သပ်နေရသည်။
အစားများသွားသဖြင့် ခဏလောက် မှေးလိုက်ရာမှ အိပ်ပျော်သွားခြင်း ဖြစ်သည်။
"ငါ ခွင့်မပြုဘဲ မဝင်လာနဲ့လို့ ပြောထားတယ်မလား အခုချက်ချင်း ထွက်သွား"
သူက ချက်ချင်းပင် ရန်လိုသော အမူအရာသို့ ပြောင်းလဲလိုက်သည်။
"ဧည့်သည်က အရှင်သခင်ပဲ၊ အခု ငါက မင်းတို့ကို ထွက်သွားဖို့ ပြောနေတာ"
သူသည် ငွေပေး၍ စားသောက်နေသူဖြစ်ကြောင်း သတိရသွားပြီး ယုံကြည်မှုများ ပြန်လည်ဝင်
ရောက်လာဟန် ရှိသည်။
"လူကြီးမင်းခင်ဗျာ... ကျွန်တော်တို့ မင်ယွဲ့စားသောက်ဆိုင်က ဧည့်သည်တိုင်းရဲ့ ကျန်းမာရေးကို ဂရုစိုက်ရပါတယ် ခေါ်တာကို မထူးလို့သာ ဝင်လာရတာပါ"
ဟု ဝန်ထမ်းတစ်ဦးက ရှင်းပြသည်။
"ဘာကြောင့်ပဲဖြစ်ဖြစ် ငါ ဂရုမစိုက်ဘူး၊ အခု ထွက်သွားကြ မင်းတို့က ငါ့ရဲ့ စားသောက်ချိန်ကို နှောင့်ယှက်ဖျက်ဆီးလိုက်တာပဲ၊ ဒါကြောင့် ငါ့ကို လျော်ကြေးပေးရမယ်"
ကျန်ကျွင်းက မတော်မတရား ပြောဆိုလာသည်။
မင်ယွဲ့က မျက်မှောင်ကြုတ်ကာ ထိုလူကို ကြည့်လိုက်သည်။ သူသည် အခမဲ့စားပြီး ထွက်ပြေးရန် ကြံစည်နေခြင်းဖြစ်ကြောင်း သိသာလှသည်။
"မစ္စတာကျန်... ရှင်က စားသောက်ဆိုင်ဖွင့်ဖို့ ပိုက်ဆံရှိပြီး ထမင်းစားဖို့ ပိုက်ဆံမရှိတာလားတကယ်လို့ ဒီလောက်တောင် ဆင်းရဲနေရင်လည်း ဆိုင်ကို ရောင်းလိုက်ဖို့ ကျွန်မ အကြံပေးပါရစေ၊ သူများရှေ့မှာ အရှက်မကွဲပါနဲ့တော့"
ထိုစကားကြောင့် ကျန်ကျွင်းသည် ဒေါသဖြင့် မျက်နှာတစ်ခုလုံး နီမြန်းလာကာ
“မင်း... မင်း... မိန်းမတွေ ဆိုင်ဖွင့်တာ တကယ်ပဲ ယဉ်ကျေးမှုမရှိဘူး"
ဟု ပြန်လည်အော်ဟစ်လေသည်။
သူ့တွင် ပြောစရာ စကားမရှိတော့သောအခါ မင်ယွဲ့၏ အမျိုးသမီးဖြစ်မှုကိုသာ ပစ်မှတ်ထား၍ တိုက်ခိုက်တော့သည်။ ထိုအခါ မင်ယွဲ့သာမက ဆိုင်ရှိ အမျိုးသမီး ဝန်ထမ်းများပါ သူ့ကို ဒေါသတကြီး စိုက်ကြည့်ကြတော့သည်။
"ယဉ်ကျေးလှပါတယ်ဆိုတဲ့ မန်နေဂျာကျန်က ဒီကို ဘာကိစ္စနဲ့ ရောက်လာတာပါလိမ့် ဪ... ကျွန်မ မေ့သွားလို့၊ ယဉ်ကျေးလှပါတယ်ဆိုတဲ့ 'အမျိုးသား' မန်နေဂျာကျန်က ဒီကို ဘာလာလုပ်တာလဲ"
ကျန်ကျွင်း၏ မျက်နှာမှာ ပျက်ယွင်းသွားသည်။
သူသည် မိဘများ၏ စုဆောင်းငွေအားလုံးကို သုံး၍ ဆိုင်ဖွင့်ထားရခြင်း ဖြစ်သဖြင့် မင်ယွဲ့နှင့် နှိုင်းယှဉ်ပါက အမှန်တကယ်ပင် ဆင်းရဲသူတစ်ဦး ဖြစ်နေသည်။
မင်ယွဲ့၏ ဆိုင်အပြင်အဆင်များမှာ ရိုးရှင်းသော်လည်း အဆင့်မြင့်လှပြီး အတော်အတန် ငွေကုန်ကြေးကျများကြောင်း သူ သိရှိထားသည်။
"ပြီးခဲ့တဲ့အကြိမ်က ရှင့်ဆိုင်ကို ကျွန်မ သွားတုန်းက ရှင့်ဝန်ထမ်းတွေက ကျွန်မအပေါ် ရိုင်းစိုင်းခဲ့ကြတာ ဘယ်ဆိုင်က ပိုပြီး စည်းကမ်းမရှိတာလဲဆိုတာ ရှင် စဉ်းစားကြည့်သင့်တယ်"
မင်ယွဲ့၏ တည်ငြိမ်လှသော စကားများကြောင့် ကျန်ကျွင်းမှာ ပေါက်ကွဲလုနီးပါး ဖြစ်သွားသော်လည်း အသိစိတ်ဖြင့် ပြန်ထိန်းလိုက်ရသည်။
"မင်းကလည်း ငါ့ဆိုင်ကို အကဲလာခတ်ခဲ့တာပဲ မဟုတ်လား အကြီးကတော့ အငယ်ကို မပြောသင့်ဘူး ထင်တယ်"
"စိတ်မကောင်းပါဘူး... ကျွန်မက ရှင့်လိုလူမျိုးနဲ့ လုံးဝမတူဘူး ရှင့်ဆိုင်က ကျွန်မကို ငြင်းပယ်ခဲ့လို့သာ ကျွန်မ ဒီဆိုင်ကို ဖွင့်ဖြစ်ခဲ့တာပါ အဲဒီတုန်းက ရှင်ပြောခဲ့တာ မှတ်မိသေးလား ကျွန်မမှာ အရည်အချင်းရှိရင် ဆိုင်တစ်ဆိုင် ဖွင့်ကြည့်ပါလားတဲ့ ကျွန်မအတွက်ကတော့ အမြတ်ရဖို့ မရဖို့ထက် ကျွန်မမှာ တကယ် အရည်အချင်း ရှိတယ်ဆိုတာ ရှင့်ကို သက်သေပြချင်ရုံသက်သက်ပါပဲ"
ကျန်ကျွင်းသည် ဒေါသကြောင့် တစ်ကိုယ်လုံး တုန်ရီနေသည်။
မိမိကိုယ်တိုင်ကပင် ဤမျှ ကြောက်စရာကောင်းသော ပြိုင်ဘက်ကို ဖိတ်ခေါ်ခဲ့မိသည်ဟု မထင်မှတ်ထားခဲ့ပေ။
"မင်းအတွက် ဒီလောက်အထိ လုပ်ဖို့ လိုလို့လား"
"ကျွန်မအတွက် ဆိုင်ဖွင့်ရတာက လက်ဖျောက်
တစ်ချက်တီးသလောက် လွယ်ပါတယ် ဒါပေမဲ့ ရှင် သင်ခန်းစာတစ်ခု ရသွားတာကိုတော့ ကျွန်မ ဝမ်းသာမိတယ် ပြီးတော့ မင်ယွဲ့စားသောက်ဆိုင်မှာ ဧည့်သည်တွေ ဒီလောက်များနေတာက ကျွန်မတို့ရဲ့ အရည်အချင်းကြောင့်ဆိုတာ ရှင် နားလည်သင့်တယ် ရှင် မနာလိုဖြစ်နေရင်လည်း ကိုယ့်ကိုယ်ကိုယ်ပဲ ပြုပြင်ပြောင်းလဲလိုက်ပါ"
မင်ယွဲ့သည် ပြောပြီးသည်နှင့် လှည့်ထွက်သွားသော်လည်း တံခါးဝအရောက်တွင် ပြန်လှည့်
ကြည့်ကာ
“ဪ... ပြီးတော့ ငွေရှင်းဖို့ မမေ့နဲ့ဦးနော်။ မစ္စတာကျန်အနေနဲ့ မနက်ဖြန် ရှင့်ဆိုင်ကို ကျွန်မ အကြွေးလာတောင်းတာမျိုးတော့ အဖြစ်မခံချင်ဘူးမလား"
ဟု သတိပေးလိုက်သည်။
ကျန်ကျွင်း၏ မျက်နှာမှာ ဒေါသကြောင့် နီရဲနေပြီး ဗိုက်ထဲတွင်လည်း မအီမသာ ဖြစ်လာသည်။ သူသည် အနီးရှိ ပန်းကန်ပြားကို ကောက်ကိုင်ကာ မင်ယွဲ့ရှိရာသို့ ပစ်ပေါက်လိုက်လေသည်။
"သတိထား"
ဝန်ထမ်းများက ထိတ်လန့်တကြား အော်ဟစ်
လိုက်ကြသည်။
သို့သော် မင်ယွဲ့သည် နောက်ကျောတွင် မျက်လုံးပါသည့်အလား အသံကို ကြားရသည်နှင့် လျင်မြန်စွာပင် ဘေးသို့ ရှောင်တိမ်းလိုက်သည်။
'ဂွမ်း'
ပန်းကန်ပြားမှာ ကြမ်းပြင်ပေါ်သို့ ကျကာ အစိတ်စိတ်အမွှာမွှာ ကွဲအက်သွားသည်။
မင်ယွဲ့ကတော့ တည်ငြိမ်စွာဖြင့်ပင် ရပ်နေဆဲဖြစ်ပြီး သူမ၏ အဝတ်အစားပေါ်တွင် ဖန်စလေးတစ်ခုမျှပင် စင်ဟန်မရှိပေ။ အားလုံးမှာ သူမ၏ လျင်မြန်လှသော လှုပ်ရှားမှုကြောင့် အံ့ဩဘနန်း ဖြစ်သွားကြသည်။
မင်ယွဲ့သည် ခန္ဓာကိုယ်ကြံ့ခိုင်မှု လေ့ကျင့်ခန်းများကြောင့် ယခုကဲ့သို့သော တိုက်ခိုက်မှုကို အလွယ်တကူ ရှောင်တိမ်းနိုင်ခြင်း ဖြစ်သည်။
"ဪ... ဒီပန်းကန်ဖိုးပါ ထည့်ရှင်းဖို့ မမေ့နဲ့ဦးနော်"
မင်ယွဲ့က ပြုံးလျက် ပြောဆိုကာ အခန်းပြင်သို့ အေးအေးလူလူ ထွက်ခွာသွားတော့သည်။
အခန်းတွင်းမှ ကျန်ကျွင်း၏ မတတ်သာသော ဒေါသတကြီး အော်ဟစ်သံများ ထွက်ပေါ်လာသော်လည်း ပစ္စည်းများ ရိုက်ခွဲသံ ထပ်မံထွက်ပေါ်မလာတော့ပေ။
မင်ယွဲ့သည် ပထမထပ် ဧည့်ခန်းတွင် ပြန်လည်ထိုင်လိုက်သည်။ ယွမ်ပေါ့သည်လည်း မင်ယွဲ့နှင့်အတူ ပါလာခဲ့ပြီး ယခုအခါ ကောင်တာတွင် အခန့်သား ထိုင်နေသည်။
ယွမ်ပေါ့သည် ဆိုင်၏ အမှတ်အသားအဖြစ် နေသားကျနေပြီဖြစ်ပြီး ဧည့်သည်များ ကျွေးသမျှကို အေးဆေးစွာ စားသောက်ရင်း ပျော်ရွှင်နေလေသည်။