အခန်း (၂၅၆-၂၆၀)
Vol. 26 Ch. 256-260
အပိုင်း (၂၅၆) ကွင်းဆင်းစစ်ဆေးခြင်းနှင့် အကဲဖြတ်မှု
လျူးယွဲ့ ၏ ဘဏ်စာရင်းထဲတွင် ယခုအခါ ငွေခြောက်သောင်းခန့်သာ ကျန်ရှိတော့သည်။ သူမသည် အတတ်နိုင်ဆုံး ခြွေတာနေထိုင်ခဲ့သော်လည်း ယခင်က အသုံးအဖြုန်းကြီးခဲ့သော အရှိန်ကြောင့် ငွေများမှာ သူမ မသိလိုက်ဘဲ လျင်မြန်စွာ ကုန်ဆုံးသွားခဲ့ရသည်။
ယခင်ကဆိုလျှင် ဤငွေခြောက်သောင်းမှာ လက်ကိုင်အိတ်တစ်လုံး ဝယ်ရန်ပင် မလောက်ငသော်လည်း၊ ယခုမူ ၎င်းသည် သူမအတွက် အသက်ဆက်ရန် တစ်ခုတည်းသော အရင်းအနှီး ဖြစ်နေသည်။
"ယွဲ့ယွဲ့... ဒါက အမေ့ဆီက မင်္ဂလာဆောင်လက်ဖွဲ့ပါ ငါ့ရဲ့ မင်္ဂလာဆောင်ကို လာတက်ပေးလို့ ကျေးဇူးတင်တယ်"
ဖုန်းမျက်နှာပြင်ပေါ်တွင် ငွေတစ်သန်း လွှဲပြောင်းမှု အသိပေးချက်ကို မြင်လိုက်ရသောအခါ လျူးယွဲ့၏ နှုတ်ခမ်းဖျားတွင် လှောင်ပြုံးတစ်ခု ယှက်သန်းသွားသည်။ သူမ၏ မိခင်သည် မင်္ဂလာဆောင်ကို လာတက်ရန်နှင့် ပြဿနာမရှာရန် ကတိပေးခဲ့လျှင် ငွေတစ်သန်း ပေးမည်ဟု ဆိုခဲ့သည်။
မိခင်နှင့် သမီးကြားက သံယောဇဉ်ကို ဈေးနှုန်းသတ်မှတ်ပြီး အပေးအယူလုပ်ခဲ့ကြခြင်း ဖြစ်သည်။ သူမသည် ရယ်မောရင်းနှင့်ပင် မျက်ရည်များ ဝေဝန်းလာခဲ့သည်။
သူမ၏ ဘဝသည် မည်သည့်အချိန်ကစ၍ ဤမျှအထိ ကျဆုံးသွားခဲ့ရသနည်း။ ဖခင်ဖြစ်သူမှာ ပြင်းထန်စွာ နာမကျန်းဖြစ်နေပြီး၊ မိခင်က အခြားတစ်ယောက်နှင့် အိမ်ထောင်ပြုကာ ငွေကြေးကျပ်တည်းမှုဒဏ်ကို ခံစားနေရသည်။ မွေးကတည်းက စည်းစိမ်ချမ်းသာထဲတွင် ကြီးပြင်းလာသူ တစ်ဦးအဖို့ ဤအခြေအနေမှာ ခါးသီးလွန်းလှသည်။
"ရိုးရှင်းမှုကနေ ဇိမ်ခံဖို့က လွယ်ပေမယ့်၊ ဇိမ်ခံမှုကနေ ရိုးရှင်းဖို့ကတော့ ခက်ခဲလှတယ်" ဆိုသည့်အတိုင်းပင်။
သာမန်မိသားစုတစ်ခုအတွက်ဆိုလျှင် ငွေတစ်သန်းမှာ အလုပ်အကိုင်ကောင်းတစ်ခု ရှာဖွေရန်နှင့် အခြေတကျဖြစ်ရန် လုံလောက်သော်လည်း၊ မောက်မာမှုနှင့် အပျော်အပါးကိုသာ အသားကျနေသော လျူးယွဲ့အတွက်မူ ဤငွေမှာ သူမ၏ ရေငတ်မှုကို ခေတ္တမျှသာ ပြေပျောက်စေလိမ့်မည်။ သူမသည် ရှိုက်ကြီးတငင် ငိုကြွေးနေမိသည်။ မင်ယွဲ့၏ အောင်မြင်မှုများကို တွေးမိလေလေ သူမ၏ နှလုံးသားမှာ ပို၍ နာကျင်ရလေလေ ဖြစ်သည်။
တစ်ဖက်တွင်မူ မင်ယွဲ့သည် လျူးယွဲ့၏ စိတ်ခံစားချက်များကို လုံးဝသတိမထားမိဘဲ ဝေးလံခေါင်ဖျားသော ဆင်းရဲနွမ်းပါးသည့် ဒေသတစ်ခုသို့ ခရီးနှင်နေသည်။ ဓာတ်ခွဲခန်းမှ အလုပ်များ ပြီးဆုံးသွားပြီဖြစ်၍ သူမသည် ခေတ္တအနားယူရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။
တိုက်တိုက်ဆိုင်ဆိုင်ပင် "မင်ယွဲ့ ပရဟိတ ဖောင်ဒေးရှင်း" မှ ဝေးလံသောဒေသတစ်ခု၏ အကူအညီပေးရေး လျှောက်ထားမှုကို စစ်ဆေးရန် တင်ပြလာခဲ့သည်။
မင်ယွဲ့သည် ယန်ကျင်းတွင် ကြာရှည်စွာ နေထိုင်ခဲ့သဖြင့် ပတ်ဝန်းကျင်အသစ်သို့ သွားရောက်ကာ စိတ်အပန်းဖြေရင်း သူမ၏ ဖောင်ဒေးရှင်းအဖွဲ့သားများ မည်သို့ အလုပ်လုပ်နေသည်ကို ကိုယ်တိုင်ကြည့်ရှုရန် ဆုံးဖြတ်လိုက်သည်။
စိမ်းစိုလှပသော တောတောင်ရေမြေ မြင်ကွင်းများကို မြင်လိုက်ရသောအခါ သူမ အံ့အားသင့်သွားရသည်။ အစိုးရ၏ ပံ့ပိုးမှုများ ရှိနေသော်လည်း ဤမျှအထိ ဆင်းရဲနွမ်းပါးပြီး နောက်ကျကျန်နေသည့် ဒေသများ ရှိနေသေးသည်ကို သူမ စိတ်ကူးပင် မယဉ်ခဲ့မိပေ။
ဤနေရာမှ လူများသည် ၁၉၉၀ ပြည့်နှစ်များဆီကကဲ့သို့ နေထိုင်နေကြသော်လည်း သူတို့၏ တက်ကြွလှသော စိတ်ဓာတ်ကိုမူ မင်ယွဲ့ သဘောကျမိသည်။
"ဘိုးဘိုး... ဘယ်ကို သွားမလို့လဲ"
မင်ယွဲ့က လမ်းဘေးမှ အဘိုးအိုတစ်ဦးကို ပြုံးလျက် နှုတ်ဆက်လိုက်သည်။ သူမ၏ အေးချမ်းပြီး ချစ်စရာကောင်းသော အမူအရာကြောင့် အဘိုးအိုမှာ သဘောကျသွားပုံရသည်။
"ဟင်းသီးဟင်းရွက်ခင်းကို ရေလောင်းမလို့ပါ ကလေးမရယ် မြို့ကြီးက လာတာထင်တယ်... အသားအရေက ဖြူဖွေးနေတာပဲ"
အဘိုးအိုက ဖော်ရွေစွာ ပြုံးပြသည်။
မင်ယွဲ့က ကျေးရွာလူကြီး၏ အိမ်သို့ သွားရာလမ်းကို မေးမြန်းပြီးနောက် ရှေ့နေ ရွှီခယ်နှင့်အတူ ခရီးဆက်ခဲ့သည်။
"မစ္စမင်... ကျွန်တော်တစ်ယောက်တည်းကိုပဲ ခေါ်လာတာ မကြောက်ဘူးလား ဒီလို ဝေးလံတဲ့ နေရာတွေမှာ လူဆိုးတွေ ရှိတတ်တယ်နော်"
ဟု ရွှီခယ်က စိုးရိမ်တကြီး မေးသည်။
"ရှင်ကသာ ကြောက်နေတာလား... ကျွန်မကတော့ ဘာမှမဖြစ်ဘူး"
ဟု မင်ယွဲ့က တည်ငြိမ်စွာ ဖြေလိုက်သည်။
သူမသည် ရွှီခယ်ကို ယုံကြည်ခြင်းထက် မိမိကိုယ်ကိုယ် ပို၍ ယုံကြည်ခြင်း ဖြစ်သည်။
ကျေးရွာလူကြီး၏ အိမ်ရှေ့သို့ ရောက်သောအခါ ဝင်းတံခါးမှာ ပွင့်လျက်ရှိနေသည်။ ရွှီခယ်က အိမ်ထဲသို့ လှမ်းခေါ်လိုက်ရာ အပြာရောင်အင်္ကျီဝတ်ထားသော မိန်းကလေးတစ်ဦး ထွက်လာသည်။ သူမသည် အသက် ၁၈၊ ၁၉ ခန့်သာ ရှိဦးမည် ဖြစ်သည်။
"အဖေ... ဧည့်သည်တွေ ရောက်နေတယ်"
မကြာမီ ကျေးရွာလူကြီး ထွက်လာသည်။
မင်ယွဲ့နှင့် ရွှီခယ်တို့မှာ ပရဟိတ ဖောင်ဒေးရှင်းမှ ကွင်းဆင်းစစ်ဆေးရေး အဖွဲ့ဖြစ်ကြောင်း မိတ်ဆက်လိုက်သောအခါ ကျေးရွာလူကြီးမှာ အလွန်ပင် စိတ်လှုပ်ရှားသွားတော့သည်။
"ရောက်လာကြပြီပဲ! အရင်က လူငယ်သုံးယောက် လာစုံစမ်းသွားပြီး ဘာသံမှ ထပ်မကြားတော့လို့ မျှော်လင့်ချက် မရှိတော့ဘူးလို့ ထင်နေတာ"
ကျေးရွာလူကြီးသည် ဝမ်းသာအားရဖြင့် သူတို့အား အိမ်ထဲသို့ ဖိတ်ခေါ်သည်။
ကျေးရွာလူကြီး၏ သမီးငယ်လေးမှာ သူတို့အတွက် ရေနွေးကြမ်း ငှဲ့ပေးနေရင်း မင်ယွဲ့၏ ခန့်ညားပြီး ကျော့ရှင်းသော အမူအရာကို အားကျစွာဖြင့် ငေးကြည့်နေမိသည်။
မင်ယွဲ့သည် ကျေးရွာ၏ အခြေအနေများကို အသေးစိတ် မေးမြန်းစုံစမ်းသည်။ ဖောင်ဒေးရှင်း ဝန်ထမ်းများ၏ အစီရင်ခံစာကို ယုံကြည်သော်လည်း၊ ကိုယ်တိုင် ကွင်းဆင်းစစ်ဆေးခြင်း မှာ မရှိမဖြစ်လိုအပ်သော လုပ်ထုံးလုပ်နည်း တစ်ရပ်ဖြစ်သည်ဟု သူမ ယူဆထားသည်။
"ကျွန်မတို့ကို ရွာထဲ လိုက်ပြပေးလို့ ရမလားရှင်"
မင်ယွဲ့က ယဉ်ကျေးစွာ တောင်းဆိုလိုက်သည်။
ကျေးရွာလူကြီးသည် ရွာ၏ ခက်ခဲမှုများကို လက်တွေ့ပြသရန် အားတက်သရောဖြင့် ထရပ်လိုက်တော့သည်။ မင်ယွဲ့သည် ဤဆင်းရဲနွမ်းပါးသော ဒေသကို ဖွံ့ဖြိုးတိုးတက်အောင် မည်သို့ ကူညီရမည်ဟူသော ရည်မှန်းချက်များဖြင့် သူမ၏ စစ်ဆေးမှုကို စတင်လိုက်လေသည်။
အပိုင်း (၂၅၇) ချမ်းသာကြွယ်ဝလာမည့်နေ့ရက်များထံသို့
ကျေးရွာလူကြီးသည် ရှေ့မှဦးဆောင်၍ မင်ယွဲ့ ကို လိုက်လံပြသနေပြီး သူ၏ သမီးငယ်လေးနှင့် ရှေ့နေ ရွှီခယ်တို့မှာ နောက်မှ လိုက်ပါလာကြသည်။
"အစ်ကိုတို့ကမြို့တော်က လာတာလားဟင်"
ကျေးရွာလူကြီး၏ သမီးငယ်လေးက မြို့ပြအပေါ် တမ်းတသော မျက်ဝန်းအစုံဖြင့် မေးမြန်းရှာသည်။
"ဟုတ်ပါတယ်"
ရွှီခယ်က ပြန်လည်ဖြေကြားလိုက်သည်။
"အဲ့ဒီမှာ ကောင်းကင်ထိအောင် မြင့်တဲ့ တိုက်ကြီးတွေရှိတယ်၊ ကားတွေလည်း အများကြီးပဲ... လူတွေက ကွန်ပျူတာရှေ့မှာ ထိုင်ပြီး အလုပ်လုပ်ကြတာပေါ့နော်"
ထိုမိန်းကလေးငယ်မှာ မြို့ကြီးပြကြီးသို့ တစ်ခါမျှ မရောက်ဖူးသော်လည်း တီဗွီထဲတွင် မြင်ဖူးသမျှကို အားကျမဆုံး ဖော်ပြနေတော့သည်။
ရွှီခယ်သည် ကျေးလက်၏ အေးချမ်းမှုနှင့် မြို့ပြ၏ အပြိုင်အဆိုင် များလှသော မွန်းကျပ်မှုတို့ကြားက ခြားနားချက်ကို ပြောပြချင်သော်လည်း၊ သူမ၏ မျှော်လင့်ချက်ရောင်ခြည်များကို မငြိမ်းသတ်လိုသဖြင့် မျိုသိပ်ထားလိုက်သည်။
သူ အလုပ်ပြုတ်စဉ်က ခံစားခဲ့ရသော နာကျင်မှုနှင့် ဘဝ၏ ဖိအားများကို ပြောပြလျှင်လည်း အခွင့်ထူးခံတစ်ဦး၏ မောက်မာမှုဟု ထင်သွားနိုင်သည် မဟုတ်ပါလား။
"ဟုတ်တယ်... အဲ့ဒီမှာ ခမ်းနားလှတဲ့ နန်းတော်ကြီးတွေနဲ့ တရုတ်တံတိုင်းကြီးလည်း ရှိတယ်လေ"
ရွှီခယ်က ယန်ကျင်းမြို့၏ စည်ကားပုံကို ဖော်ပြရာတွင် ထိုမိန်းကလေး၏ မျက်ဝန်းများမှာ ပိုမိုတောက်ပလာခဲ့သည်။
"ညီမလေးလည်း ကြိုးစားရင် တစ်နေ့ ယန်ကျင်းကို ရောက်မှာပါ"
"တကယ်လားဟင်"
"တကယ်ပေါ့... ကိုယ်တိုင် ဆန္ဒရှိဖို့ပဲ လိုတာပါ"
ရွှီခယ်က ယုံကြည်မှုအပြည့်ဖြင့် ပြောလိုက်သည်။ သူသည် မင်ယွဲ့၏ စွမ်းဆောင်နိုင်ရည်ကို အပြည့်အဝ ယုံကြည်ထားသူ ဖြစ်သည်။
မင်ယွဲ့ကဲ့သို့သော အမျိုးသမီးက ဤနေရာအထိ လာရောက်ခဲ့သည်ဆိုလျှင် လက်ဗလာဖြင့် ပြန်မည်မဟုတ်ဘဲ ဤရွာ၏ ကံကြမ္မာကို ပြောင်းလဲပေးလိမ့်မည်ဟု သူ သိနေသည်။
မင်ယွဲ့နှင့် ကျေးရွာလူကြီးတို့သည် စကားပြောရင်း လမ်းလျှောက်လာကြသည်။
"ရွာထဲမှာ စမ်းချောင်းရှိတဲ့ ဂူရှိသလားဟင်"
မင်ယွဲ့က မြစ်ကမ်းနားတွင် ခဏထိုင်၍ ရေကို ခပ်ဆော့ရင်း မေးလိုက်သည်။
"ရှိတာပေါ့... ဒီမြစ်ထဲက ရေတွေက အဲ့ဒီစမ်းဂူကနေ စီးဆင်းလာတာပဲ၊ ဂူကလည်း တော်တော်ကြီးတယ်... လိုက်ပြပါ့မယ်"
ဤရွာတွင် သယံဇာတ ရှားပါးသော်လည်း ဤကြည်လင်အေးမြသော စမ်းရေမှာ သူတို့ ဂုဏ်ယူရသည့် အရာတစ်ခုပင် ဖြစ်သည်။
သူတို့သည် တောင်ခြေရှိ စမ်းဂူကြီးဆီသို့ ရောက်ရှိလာကြသည်။ သဘာဝတရား၏ ဖန်တီးမှုမှာ အံ့မခန်းလှပေ။ ကျောက်နံရံများ ဝန်းရံထားသော ဂူအတွင်းမှ စမ်းရေသည် အလွန်ပင် နက်ရှိုင်းသဖြင့် အစိမ်းရောင်သမ်းနေသည်။
ရေကာတာငယ်လေးမှတစ်ဆင့် ရေများမှာ ရေတံခွန်ငယ်သဖွယ် အရှိန်ဖြင့် စီးဆင်းနေသည်။
"ဒီရေက သိပ်ကောင်းတာပဲ... ကျွန်တော်တို့ တစ်ရွာလုံး ဒီရေကိုပဲ သောက်ပြီး ကြီးပြင်းလာကြတာ"
ဟု ကျေးရွာလူကြီးက ဂုဏ်ယူစွာ ဆိုသည်။
မင်ယွဲ့သည် တစ်စုံတစ်ခုကို စဉ်းစားနေပုံရသည်။
"ကျေးရွာလူကြီး... ရွာရဲ့ အခြေအနေကို ကျွန်မတို့ နားလည်ပါပြီ၊ နောက်ရက်တွေမှာ အကြောင်းပြန်ပါ့မယ်"
ကျေးရွာလူကြီးမှာ မင်ယွဲ့တို့ ထွက်ခွာသွားမည်ကို စိုးရိမ်သဖြင့် အိမ်တွင် ဧည့်ခံကျွေးမွေးရန် အတင်းအကျပ် ဖိတ်ခေါ်တော့သည်။
မင်ယွဲ့တို့သည်လည်း သူ၏ စေတနာကို မပယ်ရှားလိုသဖြင့် လိုက်ပါလာခဲ့ကြသည်။
ကျေးရွာလူကြီး၏ အိမ်တွင် ရွာမှ တာဝန်ရှိသူများကိုပါ ဖိတ်ခေါ်၍ စည်ကားလှသော ထမင်းဝိုင်းကြီးဖြင့် ဧည့်ခံသည်။ အိမ်မွေးကြက်မကြီးကို သတ်၍ ဟင်းချက်ပေးထားသကဲ့သို့ ခြံထွက် ဟင်းသီးဟင်းရွက်များမှာလည်း လတ်ဆတ်လှသည်။
"အားမနာတမ်း စားကြပါ... အိမ်ချက်လက်ရာလေးတွေမို့ လိုအပ်တာရှိရင် ခွင့်လွှတ်ပေးပါ"
"ရပါတယ်... ကျွန်မတို့က ဒီလို အိမ်ချက်ဟင်းတွေကို ပိုကြိုက်တာ"
ဟု မင်ယွဲ့က ပြုံးရွှင်စွာ ဆိုသည်။
ရွာ၏ စာရင်းကိုင်က မင်ယွဲ့တို့အား ဝိုင်ဖြင့် တည်ခင်းရန် ကြိုးစားသော်လည်း မင်ယွဲ့က ငြင်းပယ်လိုက်သည်။
"ကျွန်မတို့ ကားမောင်းရမှာမို့ အရက်မသောက်ပါဘူး လူကြီးမင်းတို့ကို အပွင့်လင်းဆုံး ပြောရရင်တော့... ကျွန်မတို့ စစ်ဆေးရေးအဖွဲ့ရဲ့ အစီရင်ခံစာအရ ဒီရွာမှာ ရင်းနှီးမြှုပ်နှံမှုတွေ လုပ်ပြီး ဆင်းရဲတွင်းက လွတ်ကင်းအောင် ကူညီပေးသွားမှာပါ"
ဤစကားမှာ ရွာသူရွာသားများအတွက် အကြီးမားဆုံးသော ကတိကဝတ်ပင် ဖြစ်တော့သည်။
ညတွင် မင်ယွဲ့နှင့် ရွှီခယ်တို့သည် မြို့နယ်အတွင်းရှိ ဟိုတယ်တစ်ခုတွင် တည်းခိုရင်း ရွာ၏ ဖွံ့ဖြိုးရေးစီမံကိန်းကို ဆွေးနွေးကြသည်။ မင်ယွဲ့သည် နောင်တွင် ဤဖောင်ဒေးရှင်းကို စိတ်ချရသူတစ်ဦးအား အပ်နှံလိုရာ ရွှီခယ်မှာ အကောင်းဆုံး ကိုယ်စားလှယ်လောင်းပင် ဖြစ်သည်။
"ရွာကို ငွေကြေးသက်သက်ပဲ ထောက်ပံ့ပေးနေရင် ဆင်းရဲတွင်းက လွတ်မှာမဟုတ်ဘူး ‘ငါးတစ်ကောင်ပေးမယ့်အစား ငါးဖမ်းနည်း သင်ပေးတာက ပိုကောင်းတယ်' မဟုတ်လား"
ဟု ရွှီခယ်က အကြံပြုသည်။
"ရှင် ဘာလုပ်ချင်လဲ ပြောကြည့်ပါဦး"
"မြစ်ဘေးက စမ်းရေဟာ သိပ်ကြည်လင်တာပဲ... အဲ့ဒီမှာ သောက်ရေသန့်စက်ရုံ တစ်ခု တည်ထောင်ပေးနိုင်ရင် ရွာသားတွေအတွက် အလုပ်အကိုင်လည်း ရသွားမယ်၊ ရွာအတွက်
လည်း ဝင်ငွေရမယ်လေ"
"ကောင်းတယ်... နောက်ပြီး ကျောင်းသားတွေကိုလည်း တက္ကသိုလ်တက်နိုင်အောင် ထောက်ပံ့ပေးမယ်၊ ဒါပေမဲ့ နှစ်စဉ် စာမေးပွဲ ရလဒ်တွေကို စစ်ဆေးပြီး ပညာရေးကို လျစ်လျူရှုတဲ့သူဆိုရင် ထောက်ပံ့မှုကို ရပ်ဆိုင်းမယ်"
ပညာရေး၏ အရေးပါမှုကို ကိုယ်တိုင်သိမြင်ထားသော မင်ယွဲ့သည် ကလေးငယ်များ၏ အနာဂတ်အတွက် လမ်းစများ ဖွင့်ပေးရန် ဆုံးဖြတ်လိုက်သည်။
နောက်တစ်နေ့တွင် သူတို့သည် စာချုပ်များနှင့်
အတူ ရွာသို့ ပြန်လည်ရောက်ရှိလာသည်။ ကျေးရွာလူကြီးမှာ စိတ်လှုပ်ရှားလွန်းသဖြင့် တုန်ရင်နေရှာသည်။
"ကျွန်မတို့ ပထမက ငွေသုံးသန်းလောက် တိုက်ရိုက်ထောက်ပံ့ဖို့ စဉ်းစားခဲ့ပေမယ့်... အဲ့ဒါက ရေရှည်အတွက် မကောင်းဘူးဆိုတာ တွေ့ရတယ်"
ကျေးရွာလူကြီးသည် ငွေသုံးသန်းဟူသော ပမာဏကို ကြားလိုက်ရသဖြင့် အံ့အားသင့်သွားရသည်။ သူ၏ တစ်သက်တွင် ဤမျှများပြားသော ငွေကို မမြင်ဖူးခဲ့ပေ။ သို့သော် မင်ယွဲ့၏ ရေရှည်ဖွံ့ဖြိုးရေး အယူအဆမှာ ပို၍ မှန်ကန်ကြောင်း သူ သဘောပေါက်လိုက်သည်။
"ဒါကြောင့် ကျွန်မတို့ ဒီရွာမှာ စမ်းရေသန့်စက်ရုံတစ်ခု တည်ဆောက်ပေးပါ့မယ်... ရွာသားတွေဟာ ဒီလုပ်ငန်းရဲ့ ရှယ်ယာရှင်တွေ ဖြစ်လာမှာပါ"
မင်ယွဲ့၏ စကားကြောင့် ရွာသူရွာသားများ၏ မျက်ဝန်းတွင် အနာဂတ်အတွက် မျှော်လင့်ချက် အလင်းရောင်များ တောက်ပလာခဲ့တော့သည်။
ဆင်းရဲနွမ်းပါးမှုမှ ချမ်းသာကြွယ်ဝလာမည့်နေ့ရက်များမှာ ယနေ့မှစ၍ စတင်ခဲ့ပြီ မဟုတ်လော။
အပိုင်း (၂၅၈) လူအများ စွဲမက်ဖွယ်ရာ
"ဒီရွာရဲ့ စမ်းရေက သိပ်ကို သန့်စင်ပါတယ် ဒါကြောင့် ကျွန်တော်တို့ ဒီမှာ ရေသန့်စက်ရုံတစ်ခု တည်ဆောက်ပြီး နှစ်စဉ်ရရှိတဲ့ အသားတင်အမြတ်ရဲ့ ၂၀ ရာခိုင်နှုန်းကို ကျေးရွာရဲ့ အခြေခံအဆောက်အအုံနဲ့ လူမှုကူညီရေး လုပ်ငန်းတွေမှာ ပြန်လည်အသုံးပြုသွားမှာပါ"
ရှေ့နေ ရွှီခယ်သည် စာချုပ်ကို ထုတ်ယူလျက် မင်ယွဲ့ နှင့် ညက ဆွေးနွေးထားသည့် ဆုံးဖြတ်ချက်များကို ရွာသူရွာသားများအား
ရှင်းလင်းပြောကြားလိုက်သည်။
အမြော်အမြင်ရှိသော သူတို့သည် မှန်ကန်သော ရွေးချယ်မှုကို ပြုလုပ်တတ်ကြသည်။ ဤရေသန့်စက်ရုံ၏ တန်ဖိုးမှာ ငွေသုံးသန်းထက်မက များပြားနိုင်သလို၊ ရေရှည်အမြတ်အစွန်းများမှ ၂၀ ရာခိုင်နှုန်း ခွဲဝေရရှိမည်ဆိုခြင်းမှာ ကျေးရွာလူကြီးအတွက်မူ အိပ်မက်ပင် မမက်ရဲသော အခွင့်အရေး ဖြစ်သည်။ ထို့အပြင် စက်ရုံတည်ရှိခြင်းဖြင့် ဒေသခံရွာသားများအတွက် အလုပ်အကိုင် အခွင့်အလမ်းများစွာ ပွင့်လန်းလာတော့မည် မဟုတ်ပါလား။
"ကောင်းပါပြီ... သိပ်ကို ကျေးဇူးတင်ပါတယ်
ခင်ဗျာ"
ကျေးရွာလူကြီးမှာ အမြင်တိုသူတစ်ဦး မဟုတ်ပေ။ ငွေသုံးသန်းမှာ ချက်ချင်းလက်ငင်း အခက်အခဲကို ဖြေရှင်းနိုင်သော်လည်း ရွာ၏ အနာဂတ်ကို မကယ်တင်နိုင်ကြောင်း သူ သိသည်။ ဤစက်ရုံသည်သာလျှင် သူ၏ သားစဉ်မြေးဆက်များအား ဆင်းရဲတွင်းမှ ကယ်ထုတ်ပေးနိုင်မည် ဖြစ်သည်။
"နောက်ထပ် ငါးနှစ်အတွင်းမှာ စာရိတ္တနဲ့ ပညာထူးချွန်တဲ့ ကလေးတွေကို ရွေးချယ်ပြီး ပညာသင်ဆုတွေ ထောက်ပံ့ပေးသွားဦးမှာပါ သူတို့ ကျောင်းပြီးတဲ့အထိ ကျွန်မတို့ တာဝန်ယူပါ့မယ်"
ဟု မင်ယွဲ့က ဖြည့်စွက်ပြောကြားသည်။
မင်ယွဲ့ ခန့်မှန်းသည်မှာ ငါးနှစ်အတွင်း ဤရွာ၏ စီးပွားရေး အခြေအနေ တိုးတက်လာပါက ကလေးများ ကျောင်းတက်ရန် ငွေကြေးအခက်အခဲ ရှိတော့မည် မဟုတ်ခြင်းပင် ဖြစ်သည်။ သို့သော် ကျေးရွာလူကြီး၏ မျက်နှာတွင် စိုးရိမ်ရိပ်တစ်ခု ဖြတ်ပြေးသွားသည်။
"ဒါပေမဲ့ ကျွန်တော်တို့ဆီမှာ ဆရာ၊ ဆရာမတွေ မလုံလောက်ဘူးခင်ဗျ တစ်ရွာလုံးမှာ ဆရာ နှစ်ယောက်ပဲ ရှိတာ"
လက်တွေ့ကျသော ထိုအခက်အခဲကို ကြားသောအခါ မင်ယွဲ့ ခေတ္တမျှ စဉ်းစားလိုက်ပြီးမှ
“ဒီကိစ္စကို ကျွန်မ ဖြေရှင်းပေးပါ့မယ်"
ဟု တည်ငြိမ်စွာ ဆိုလိုက်သည်။
မင်ယွဲ့သည် သူမ၏ "Far Away" (ဝေးလံသောအရပ်ဆီသို့) အစီအစဉ်မှ ဒါရိုက်တာ ဝူလျန်ထံသို့ ဖုန်းဆက်လိုက်သည်။
ဒါရိုက်တာ ဝူသည် ထိုအချိန်တွင် အနုပညာလောက၏ ဂုဏ်ပြုစားပွဲတစ်ခုသို့ ရောက်ရှိနေခြင်း ဖြစ်သည်။
"ဒါရိုက်တာဝူ... အပိုင်း ၅ အတွက် ရိုက်ကွင်းနေရာ ရှာပြီးပြီလား"
မင်ယွဲ့၏ အသံကို ကြားသည်နှင့် ဝူလျန်သည် ဆူညံနေသော ပွဲအလယ်မှ ထွက်၍ တိတ်ဆိတ်သော နေရာသို့ သွားကာ ရိုသေစွာ ဖြေကြားလိုက်သည်။
"မရှာရသေးပါဘူး မစ္စမင်... မစ္စမင်မှာ အကြံဉာဏ်ရှိရင် ပြောပါဦး"
"ဒါဆိုရင် ရန်အန်းရွာကို လာကြည့်ဖို့ အကြံပေးချင်တယ် ဒီမှာ ဆင်းရဲနွမ်းပါးမှုနဲ့ သဘာဝအလှတရားတွေ ရောယှက်နေတယ်... ဒီနေရာက အပိုင်း ၅ အတွက် အသင့်တော်ဆုံးပဲ"
မင်ယွဲ့သည် ဤအစီအစဉ်မှတစ်ဆင့် စေတနာ့ဝန်ထမ်း ဆရာ၊ ဆရာမများကို ဆွဲဆောင်ရန်နှင့် ရွာသူရွာသားများအတွက် အပိုဝင်ငွေ ဖန်တီးပေးရန် ရည်ရွယ်ထားသည်။
ဒါရိုက်တာ ဝူသည်လည်း မင်ယွဲ့၏ အမြင်ကို ယုံကြည်သဖြင့် ရိုက်ကူးရေးအဖွဲ့အား နောက်
တစ်နေ့တွင် ချက်ချင်း စေလွှတ်ရန် ဆုံးဖြတ်
လိုက်တော့သည်။
"Far Away" အစီအစဉ်သည် ပထမပိုင်းတွင် ဆင်းရဲခက်ခဲမှုကို ပြသ၍ ပရိသတ်၏ ကိုယ်ချင်းစာစိတ်ကို နှိုးဆော်ခဲ့သည်။
ဒုတိယပိုင်းတွင်မူ ဇိမ်ခံသင်္ဘောများနှင့် ပင်လယ်ကမ်းခြေ ဗီလာများကို ပြသကာ ချမ်းသာကြွယ်ဝမှု၏ အရသာကို ခံစားစေခဲ့သည်။ ဤကဲ့သို့ ဆန့်ကျင်ဘက် မြင်ကွင်းနှစ်ခုကို ကျွမ်းကျင်စွာ ပေါင်းစပ်လိုက်ခြင်းမှာ ပရိသတ်များကို ဆွဲဆောင်နိုင်သည့် လျှို့ဝှက်
ချက်ပင် ဖြစ်သည်။
လူအများမှာ မိမိတို့ တစ်ခါမျှ မကြုံဖူးသော ဘဝများကို ဤအစီအစဉ်မှတစ်ဆင့် ရင်ခုန်စိတ်လှုပ်ရှားစွာ ကြည့်ရှုနေကြသည်။ အနုပညာရှင်များ၏ ဇိမ်ခံမှုထက် ထိုအရာများမှာ မင်ယွဲ့ကဲ့သို့သော နောက်ကွယ်မှ ပုဂ္ဂိုလ်ကြီး၏ ပိုင်ဆိုင်မှုများ ဖြစ်နေခြင်းက ပို၍ စိတ်ဝင်စားစရာ ကောင်းနေသည်။
ပရဟိတ လုပ်ငန်းများနှင့် ချမ်းသာကြွယ်ဝမှု၏ နေထိုင်မှုပုံစံတို့ကို ဟန်ချက်ညီညီ တင်ပြထားသော ဤအစီအစဉ်မှာ ယခုအခါ လူတိုင်း "စွဲမက်စွာ ကြည့်ရှုရသည့်" ထိပ်တန်း အစီအစဉ်
တစ်ခု ဖြစ်လာခဲ့လေပြီ။
မင်ယွဲ့သည် ရွှံ့နွံထူထပ်သော ကျေးလက်လမ်းပေါ်တွင် ရပ်နေရင်းမှ ဝေးလံသော တောင်တန်းများကို ငေးကြည့်နေမိသည်။ သူမ၏ ရည်မှန်းချက်မှာ ငွေကြေးကူညီရန် သက်သက်မဟုတ်ဘဲ၊ ဤဒေသမှ ကလေးငယ်များ၏ မျက်ဝန်းထဲတွင် မြို့ပြ၏ အလင်းရောင်နှင့် ပညာရေး၏ တန်ဖိုးကို ထည့်သွင်းပေးရန်ပင် ဖြစ်သည်။
အပိုင်း (၂၅၉) သင့်လျော်ကောင်းမွန်သော စီမံမှု
မင်ယွဲ့ ၏ အစီအစဉ်များ အပြီးသတ်သွားချိန်တွင် ကျေးရွာလူကြီးနှင့် တာဝန်ရှိသူများ၏ အစည်းအဝေးလည်း ပြီးဆုံးသွားခဲ့သည်။
ဤကိစ္စသည် ရွာအတွက် အကျိုးကျေးဇူးသာရှိပြီး ဆိုးကျိုးတစ်စုံတစ်ရာ မရှိသဖြင့် သူတို့အားလုံးက တညီတညွတ်တည်း ထောက်ခံကြသည်။
"ဒါဆိုရင် စက်ရုံဆောက်မယ့်နေရာကို သွားကြည့်ရအောင် ရေသန့်စက်ရုံက တော်တော်ကျယ်မှာဆိုတော့ ရွာထဲမှာ ဆောက်တာထက် ပိုသင့်တော်မယ့်နေရာကို ရွေးရမယ်"
ဟု မင်ယွဲ့က လေးနက်စွာ ဆိုလိုက်သည်။
သူတို့သည် ရွာမှ မြို့နယ်သို့ သွားရာ လမ်းဘေးရှိ ကုန်းမြင့်လေးတစ်ခုသို့ ရောက်ရှိလာကြသည်။ ထိုနေရာမှာ ရွာနှင့်လည်း မဝေးလှသလို သယ်ယူပို့ဆောင်ရေးအတွက်လည်း များစွာ အဆင်ပြေလှသည်။
"ဒီကုန်းမြင့်လေးက ဘာအတွက် သုံးနေတာလဲ"
"ဘာမှ သုံးမရပါဘူးခင်ဗျာ... မြေရိုင်းပဲ"
ဟု ကျေးရွာလူကြီးက ဖြေသည်။
"ကောင်းပြီ... စက်ရုံကို ဒီမှာပဲ ဆောက်မယ်
စမ်းချောင်းကနေ ပိုက်လိုင်းတွေ တိုက်ရိုက်
သွယ်တန်းမယ် ဒီကုန်းမြင့်ကို မြေညှိပြီး စက်ရုံဆောက်ဖို့အတွက် ကျေးရွာကို နစ်နာကြေး ငွေတစ်သန်း ထောက်ပံ့ပေးပါ့မယ်"
မင်ယွဲ့၏ ရက်ရောမှုမှာ ရွာသူရွာသားများအတွက် ရွှေမိုးငွေမိုး ရွာသွန်းလိုက်သကဲ့သို့ပင်။
ရွှီခယ်သည်လည်း ရှေ့နေပီပီ နောင်တွင် အငြင်းပွားမှုမရှိစေရန် ဒေသဆိုင်ရာ သစ်တောဦးစီးဌာနနှင့် လိုအပ်သော လုပ်ငန်းစဉ်များကို စနစ်တကျ ဆောင်ရွက်ခဲ့သည်။
ငွေတစ်သန်းကို အိမ်ထောင်စုအလိုက် ခွဲဝေပေးလိုက်ရာ ရွာသားများ၏ စားဝတ်နေရေးဝန်ထုပ်ဝန်ပိုးမှာ များစွာ ပေါ့ပါးသွားတော့သည်။
တစ်ဖက်တွင်လည်း ဒါရိုက်တာ ဝူလျန်သည် အချိန်မဆွဲဘဲ ရိုက်ကူးရေးအဖွဲ့နှင့်အတူ ရန်အန်းရွာသို့ ရောက်ရှိလာသည်။ ကျေးရွာလူကြီး၏ အိမ်တွင် မင်ယွဲ့ ထမင်းစားနေစဉ်မှာပင် သူတို့အဖွဲ့ ရောက်ရှိလာခြင်း ဖြစ်သည်။
"မစ္စမင်... ဒါက ကျွန်မပြောခဲ့တဲ့ အစီအစဉ်ရဲ့ ဒါရိုက်တာပါ"
ဟု မင်ယွဲ့က ကျေးရွာလူကြီးနှင့် မိတ်ဆက်
ပေးလိုက်သည်။
ဝူလျန်ကလည်း ကျိုးနွံစွာဖြင့် နှုတ်ဆက်ပြီး ရိုက်ကူးရေးအတွက် လိုအပ်သော ပူးပေါင်းဆောင်ရွက်မှုများနှင့် ပေးချေမည့် အခကြေးငွေများအကြောင်းကို ညှိနှိုင်းတော့သည်။
မင်ယွဲ့သည် ထိုကိစ္စများကို သူတို့ဘာသာ ဆက်လက်လုပ်ဆောင်ရန် လွှတ်ထားခဲ့ပြီး အေးချမ်းလှသော ကျေးလက်လေညင်းကို ခံစားရန် အပြင်သို့ ထွက်လာခဲ့သည်။
မှိန်ပျပျ နေရောင်ခြည်အောက်ရှိ လှိုင်းလုံးသဖွယ် တောင်တန်းကြီးများကို ငေးကြည့်ရင်း မင်ယွဲ့သည် ရုတ်တရက် အိမ်ကို သတိရလာသဖြင့် မိဘများထံ ဖုန်းဆက်လိုက်သည်။ ဖုန်းချပြီးနောက်တွင်မူ မိုဟန်ကျီထံမှ ဗီဒီယိုကောဝင်လာတော့သည်။
"အလုပ်များနေတဲ့ ကျွန်တော့်ရဲ့ ချစ်သူလေးက အခုရော သူ့ရည်းစားကို အာရုံစိုက်ဖို့ အချိန်ရှိရဲ့လား"
နက်ရှိုင်းပြီး ဆွဲဆောင်မှုရှိသော မိုဟန်ကျီ၏ အသံကြောင့် မင်ယွဲ့ ပြုံးလိုက်မိသည်။
"ရှိတာပေါ့... အခုက အချိန်တွေ အများကြီး ရှိတယ်"
ဗီဒီယိုထဲတွင် ယွမ်ပေါ့လေးမှာ မိုဟန်ကျီ ပခုံးပေါ်တွင် ခန့်ညားစွာ ထိုင်နေသည်။ ယွမ်ပေါ့သည် ယခင်ကထက် ပို၍ ဝဖြိုးလာပြီး ချစ်စရာ ပိုကောင်းလာခဲ့သည်။ သူတို့နှစ်ဦးမှာ ယွမ်ပေါ့၏ အလိုလိုက်မှုနှင့် ပတ်သက်၍ အငြင်းပွားနေကြသည့် ပုံစံမှာ ကလေးတစ်ဦးကို ပြုစုနေသော မိဘနှစ်ပါးနှင့်ပင် တူနေတော့သည်။
"ဘယ်တော့ ပြန်လာမှာလဲ... လွမ်းလှပြီ"
ဟု မိုဟန်ကျီ က တမ်းတတသဖြင့် မင်ယွဲ့ ရယ်မောမိသည်။
"ပြန်လာရင် အချိန်အကြာကြီး အတူရှိပေးပါ့မယ်... ဟုတ်ပြီလား"
ထိုအချိန်တွင် ယွမ်ပေါ့က စိတ်ကောက်ဟန်ဖြင့် လူးလှိမ့်နေသဖြင့် မင်ယွဲ့က သူ့ကိုသာ အချစ်ဆုံးဖြစ်ကြောင်း စိတ်ချင်းဆက်သွယ်၍ ချော့မြှူလိုက်ရသည်။
မိုဟန်ကျီမှာမူ ယွမ်ပေါ့ ရုတ်တရက် အိပ်ပျော်သွားသည်ကို ကြည့်၍ အံ့ဩနေမိသည်။
"ယွမ်ပေါ့ရဲ့ လည်ပင်းမှာက ဘာလဲဟင်"
ဟု မင်ယွဲ့က အနီးကပ် ကြည့်လိုက်သည်။
ယွမ်ပေါ့၏ ထူထဲသော အမွှေးများကြားတွင် အနက်ရောင် ကျောက်မျက်ရတနာတစ်ခု တောက်ပနေသည်။
"ဒါက Heart of Obsidian (အော့ပ်စီးဒီးယန်း နှလုံးသား) လေ။ လွန်ခဲ့တဲ့ ရက်ပိုင်းက လေလံပွဲမှာ တွေ့လို့ ယွမ်ပေါ့အတွက် ဆွဲကြိုးလုပ်ပေးဖို့ ဝယ်လိုက်တာ... သူ့အမွှေးအရောင်နဲ့ သိပ်
လိုက်တာပဲ မဟုတ်လား"
မိုဟန်ကျီ၏ အလိုလိုက်မှုမှာ အတိုင်းအဆ မရှိပေ။ မင်ယွဲ့သည် ထိုမြင်ကွင်းကို ကြည့်ရင်း သူမ၏ ဘဝထဲသို့ ဝင်ရောက်လာသော ဤလူသားနှင့် အဖော်မွန်လေးတို့ကြောင့် ကြည်နူးမှုများဖြင့် ပြည့်နှက်နေတော့သည်။
အပိုင်း (၂၆၀) အပြန်အလှန် အကျိုးပြုခြင်း
မိုဟန်ကျီ၏ ရက်ရောမှုမှာ မင်ယွဲ့ အတွက် အံ့အားသင့်စရာ ဖြစ်ခဲ့သော်လည်း၊ ယွမ်ပေါ့ ကဲ့သို့ ထူးခြားသော သတ္တဝါလေးအတွက်မူ ဤသို့သော တန်ဖိုးကြီးရတနာများမှာ ဘေးကင်းစွာ ရှိနေမည်ကို သူမ ယုံကြည်သည်။
ထို့ကြောင့်ပင် သူမသည် သိပ်အရေးတယူ မလုပ်တော့ဘဲ "ယွမ်ပေါ့ကိုယ်စား ကျေးဇူးတင်ပါတယ်" ဟုသာ ရယ်ရယ်မောမော ဆိုလိုက်
တော့သည်။
ဗီဒီယိုကော ချလိုက်သည်နှင့် ဒါရိုက်တာ ဝူလျန်မှာ မင်ယွဲ့ထံသို့ လျှောက်လာခဲ့သည်။
"မစ္စမင်... ရွာသူကြီးနဲ့ အားလုံး ညှိနှိုင်းပြီးပါပြီမနက်ဖြန်ကျရင် အစီအစဉ်မှာ ပါဝင်မယ့် ဧည့်သည်တော်တွေ ရောက်လာပါလိမ့်မယ်"
မင်ယွဲ့သည် ဤအစီအစဉ်အပေါ် အလွန်အမင်း အာရုံစိုက်နေခြင်း မရှိပေ။
သူမသည် သူမရရှိထားသော ပြန်အမ်းငွေကတ်များကို အသုံးချ၍ ရင်းနှီးမြှုပ်နှံထားခြင်းသာ ဖြစ်သည်။ ရင်းနှီးမြှုပ်နှံမှု အရင်းအနှီးများမှာ ထိုကတ်များကြောင့် ပြန်လည်ရရှိပြီးဖြစ်ရာ ယခုအခါ အပိုင်းတိုင်းမှ ရရှိသော အကျိုးအမြတ်များမှာ သူမအတွက် အသားတင် ဝင်ငွေများ ဖြစ်နေတော့သည်။
"Far Away" အစီအစဉ်၏ ရိုက်ကူးရေးအဖွဲ့သည် တစ်နေကုန် အလုပ်ရှုပ်လျက် ရှိသည်။ ရွာသားများ၏ အကူအညီဖြင့် ရိုက်ကွင်းနေရာများကို အလျင်အမြန် ပြင်ဆင်ကြသည်။ မင်ယွဲ့သည်လည်း သူမ၏ ပရဟိတ ဖောင်ဒေးရှင်းမှတစ်ဆင့် ရေသန့်စက်ရုံ တည်ထောင်ရေးအတွက် လုပ်ငန်းစဉ်များကို အရှိန်အဟုန်ဖြင့် ဆောင်ရွက်နေသည်။
မင်ယွဲ့သည် ဤဖောင်ဒေးရှင်းကို စံပြပုံစံတစ်ခုအဖြစ် အများပြည်သူ ယုံကြည်လာစေရန် ရည်မှန်းထားသည်။ စံပြပုဂ္ဂိုလ် သို့မဟုတ် စံပြလုပ်ငန်းတစ်ခု၏ စွမ်းအားမှာ ကြီးမားလှပေသည်။
စေတနာရှင်များ၏ စုပေါင်းအားဖြင့် လူအများ၏ အသက်ပေါင်းများစွာကို ကယ်တင်နိုင်မည်ဟု သူမ အခိုင်အမာ ယုံကြည်ထားသည်။
ရန်အန်းရွာရှိ စမ်းရေသန့်စက်ရုံမှာ ဒေသခံများအတွက် အလုပ်အကိုင်သာမက၊ ရေရှည် ဝင်ငွေလမ်းကြောင်းကိုလည်း ဖန်တီးပေးနိုင်မည် ဖြစ်သည်။
ဤအချက်မှာ ပိုးသတ်ဆေးစက်ရုံကဲ့သို့ ပတ်ဝန်းကျင်ကို ညစ်ညမ်းစေပြီး ကျန်းမာရေး ထိခိုက်စေသည့် လုပ်ငန်းမျိုးထက် များစွာ သာလွန်ကောင်းမွန်လှသည်။
မြေညှိစက်များနှင့် စက်ယန္တရားကြီးများ၏ အသံမှာ ရွာသားများအတွက် အနာဂတ်သစ်၏ တေးသံများကဲ့သို့ပင်။
နောက်တစ်နေ့တွင် ဧည့်သည်တော် ၆ ဦး ရောက်ရှိလာပြီး အစီအစဉ်ကို တိုက်ရိုက်ထုတ်
လွှင့် ပြသတော့သည်။ ပရိသတ်များမှာလည်း "Far Away" အစီအစဉ်၏ အငွေ့အသက်သစ်ကို စိတ်လှုပ်ရှားစွာ စောင့်ကြည့်နေကြသည်။
သို့သော် ရိုက်ကူးရေး အစပိုင်းမှာပင် ပြဿနာတစ်ခု ပေါ်ပေါက်လာခဲ့သည်။
ဧည့်သည်တော်များထဲမှ လီယွမ်ဆိုသော မင်းသမီးမှာ ရွာသားများနှင့်အတူ ပေါင်းပင်နှုတ်ရခြင်း၊ လယ်လုပ်ရခြင်းတို့အပေါ် မကျေမနပ် ဖြစ်ကာ ရိုက်ကွင်းမှ ထွက်ပြေးလာခဲ့သည်။
"ကျွန်မက နာမည်ကြီးဖို့ လာတာလေ... ပေါင်းပင်နှုတ်ဖို့ လာတာ မဟုတ်ဘူး”
ဟု သူမက ဒေါသတကြီး အော်ဟစ်တော့သည်။
ဒါရိုက်တာ ဝူလျန်၏ မျက်နှာမှာ ချက်ချင်းပင် တင်းမာသွားသည်။
“ဒါဆိုရင်လည်း ဆက်မရိုက်နဲ့တော့လေ"
ဟု သူက ပြတ်သားစွာ ဆိုလိုက်သည်။
မင်ယွဲ့၏ ပံ့ပိုးမှုကြောင့် သူသည် မည်သည့် အနုပညာရှင်ကိုမျှ မျက်နှာချိုသွေးနေရန် မလိုတော့ပေ။
လီယွမ်သည် ဤအစီအစဉ်မှာ တိုက်ရိုက်ထုတ်လွှင့်နေခြင်း ဖြစ်ကြောင်း သတိပြုမိသွားသောအခါမှ အလျှော့ပေးကာ အလုပ်ပြန်လုပ်ရန် သဘောတူလိုက်ရသည်။ ပရိသတ်များကမူ သူမ၏ မောက်မာမှုနှင့် အပျော်တမ်းဆန်မှုကို ဝိုင်းဝန်းဝေဖန်နေကြတော့သည်။
နေရောင်ခြည်အောက်တွင် မင်ယွဲ့သည် ကျေးလက်လမ်းမထက်၌ အေးချမ်းစွာ လမ်းလျှောက်နေမိသည်။ သူမ၏ ဦးထုပ်ကို ငိုက်စိုက်ဆောင်းထားသဖြင့် မည်သူမျှ သူမကို သတိမပြုမိကြပေ။ သူမသည် ဖုန်းကိုထုတ်၍ ဖောင်ဒေးရှင်း၏ ဝဘ်ဆိုဒ်သို့ ဝင်ကြည့်လိုက်ရာ၊ အစီအစဉ်ကို ကြည့်ရှုနေသူများ၏ စုပေါင်းလှူဒါန်းမှုကြောင့် ရန်အန်းရွာအတွက် ရန်ပုံငွေမှာ ခဏချင်းအတွင်း တစ်သန်းကျော်သွားသည်ကို တွေ့လိုက်ရသည်။
"သူတစ်ပါးကို နှင်းဆီပန်း ပေးကမ်းခြင်းက မိမိရဲ့ လက်မှာလည်း ရနံ့တွေ ကျန်ရစ်စေတယ်"
ဟူသောဆိုရိုးအတိုင်းပင်၊ ရွာသားများ၏ ပျော်ရွှင်နေသော မျက်နှာများကို ကြည့်ရင်း မင်ယွဲ့၏ ရင်ထဲတွင် ကြည်နူးမှုများ လှိုင်းထနေသည်။
လူတို့၏ စုပေါင်းစေတနာမှာ ဆင်းရဲတွင်းမှ ကယ်တင်နိုင်သည့် အစွမ်းရှိသည်ကို သူမ လက်တွေ့ပြသနိုင်ခဲ့ပြီ ဖြစ်သည်။
သူမသည် ဂုဏ်ဒြပ်နှင့် အောင်မြင်မှုများကို သူမ၏ အိတ်ကပ်ထဲသို့ ပြန်လည်ထည့်သွင်းကာ တိတ်ဆိတ်စွာပင် လူအုပ်ကြားမှ ထွက်ခွာလာခဲ့တော့သည်။
ဤသည်မှာပင် အပြန်အလှန် အကျိုးပြုခြင်း၏ အနှစ်သာရ ဖြစ်ပေတော့သည်။