အခန်း (၂၆၆-၂၇၀)
Vol. 27 Ch. 266-270
အခန်း (၂၆၆) သင်ယူခြင်းအတတ်ပညာ
လီယွမ်၏ စူးစူးဝါးဝါး အော်ဟစ်သံများမှာ လေထဲတွင် ပဲ့တင်ထပ်ကျန်ရစ်ခဲ့သော်လည်း မန်နေဂျာဖြစ်သူမှာမူ ခြေလှမ်းတစ်ချက်ပင် တုံ့ဆိုင်းမသွားဘဲ ထွက်ခွာသွားခဲ့သည်။
လူနာဆောင်အပြင်ဘက်သို့ ရောက်သောအခါ ဝေးကွာသွားသော အော်သံများကို ကြားရသည်မှာ သူ့အတွက်မူ စိတ်ကျေနပ်စရာ တေးဂီတတစ်ခုသဖွယ် ဖြစ်နေတော့သည်။ သူသည် နောက်လှည့်မကြည့်ဘဲ လူနာဆောင်တံခါးကို ဂရုတစိုက် ပိတ်လိုက်လေသည်။
လီယွမ်သည် မိမိ၏ အော်ဟစ်မှုကို လျစ်လျူရှုကာ တံခါးကို ဝုန်းခနဲ ပိတ်သွားသော မန်နေဂျာ၏ လုပ်ရပ်ကြောင့် ဒေါသအဟုန်က ငယ်ထိပ်သို့ တက်သွားရသည်။ အဆင်ပြေစေရန် စီစဉ်ထားသော ဤသီးသန့်လူနာဆောင်မှာ ယခုအခါတွင်မူ အထီးကျန်ဆိတ်သုဉ်းကာ အကူအညီမဲ့နေသော နေရာတစ်ခုသဖွယ် ခံစားနေရသည်။
ဆရာဝန်ကို ခေါ်ရန် လူနာခေါ်ဘဲလ်ကို တီးနိုင်သော်လည်း သူမကဲ့သို့သော နာမည်ကျော် ကြယ်ပွင့်တစ်ဦးအဖို့ ပြုစုစောင့်ရှောက်မည့်သူ တစ်ယောက်မှမရှိဘဲ ဆေးရုံ၌ သောင်တင်နေရခြင်းမှာ အလွန်ပင် သိက္ခာကျစရာ ကောင်းလှသည်။
သူမသည် စိတ်တိုတိုနှင့် ခုတင်ဘေးရှိ ရေဖန်ခွက်ကို လွှင့်ပစ်လိုက်ပြီးမှ စိတ်ကို အတန်ငယ် ပြန်ထိန်းကာ ဖုန်းကို ကောက်ကိုင်လိုက်သည်။
သူမသည် မန်နေဂျာထံသို့ ချက်ချင်း ဖုန်းခေါ်
လိုက်သည်။
"ပြောစရာရှိရင် မြန်မြန်ပြော၊ မဟုတ်ရင် ဖုန်းချလိုက်တော့မယ်"
တစ်ဖက်မှ အေးစက်စက် အသံထွက်လာသည်။
"နင်က အတောင်အစုံပေါက်နေပြီပေါ့လေ၊ နင်က ငါ့ရဲ့ မန်နေဂျာဆိုတာ မမေ့နဲ့ဦး"
လီယွမ်က ဟိန်းဟောက်လိုက်သည်။
"ငါက မင်းရဲ့ မန်နေဂျာပဲ၊ မင်းရဲ့ ကျွန်မဟုတ်
ဘူး"
မန်နေဂျာက သူမ၏ အောက်ခြေလွတ်နေသော မောက်မာမှုကို လှောင်ရယ်လိုက်သည်။
"အခုချက်ချင်း ပြန်လာခဲ့၊ မဟုတ်ရင် နင့်ကို အလုပ်က ထုတ်ပစ်မယ်"
လီယွမ်သည် အခြေအနေ၏ ပြင်းထန်မှုကို ယခုအထိ ရိပ်မိခြင်းမရှိသေးပေ။
သူမ၏ မန်နေဂျာသည် အမြဲတမ်း သူမအလိုကို လိုက်ခဲ့သဖြင့် ယခုကဲ့သို့ မာထန်သော အမူအရာကို သူမ အံ့ဩနေမိသည်။
"စိတ်မရှိပါနဲ့၊ ငါ အခု ကုမ္ပဏီကို သွားနေတာ၊ မင်းကို အလုပ်ထုတ်ဖို့ ကိစ္စကို ငါကိုယ်တိုင် သွားစီစဉ်တော့မှာ"
သူသည် ဤရူးကြောင်ကြောင် မိန်းမနှင့် အဝေးဆုံးသို့ ပြေးချင်နေပြီ ဖြစ်သည်။ သူမသည် သူဆွဲပေးထားသော လမ်းကြောင်းအတိုင်း မလျှောက်ဘဲ အွန်လိုင်းပေါ်တွင် နာမည်ဆိုးဖြင့် ကျော်ကြားအောင် ကိုယ်တိုင် ဖန်တီးခဲ့သူ ဖြစ်သည်။
"အခုချက်ချင်း ပြန်လာလို့ ပြောနေတယ်လေ—"
"ငါ့ကို ပြန်လာခိုင်းဖို့ ဒီလောက်တောင် လောနေရအောင် မင်းရဲ့ ဘိုးဘွားသင်္ချိုင်းကို သွားတူးပေးရမလို့လား၊ ငါက ယဉ်ကျေးတတ်တဲ့လူမို့ မလာတော့ဘူးလို့ပဲ ပြောပါရစေ"
မည်သို့ပင်ဖြစ်စေ လမ်းခွဲကြတော့မည်ဖြစ်ရာ မန်နေဂျာသည်လည်း အလိုက်အထိုက် ဆက်ဆံနေရသည်ကို ငြီးငွေ့နေပြီ ဖြစ်သည်။ သူရှာသမျှ ငွေများသည် ဤမိန်းမကြောင့် ခံစားရသော စိတ်ဒဏ်ရာများကို ကုစားရန်ပင် မလောက်ငတော့ပေ။
"အား—"
လီယွမ်၏ လက်ထဲမှ ဖုန်းသည် ကြမ်းပြင်ပေါ်သို့ လျှောကျသွားသည်။ ဖုန်းမှာ အမျိုးအစားကောင်းသဖြင့် ပိတ်မသွားသော်လည်း မျက်နှာပြင်မှာမူ ပင့်ကူအိမ်ကဲ့သို့ အက်ကြောင်းများ ထင်ကျန်ရစ်လေပြီ။
" မမမင်ယွဲ့ "
လျိုယဲ့ ရောက်ရှိလာခြင်းက တိုက်ရိုက်ထုတ်လွှင့်မှုတွင် ဆွေးနွေးမှုများကို ပိုမိုမြင့်တက်စေခဲ့သည်။ သူမ၏ ခေါ်သံကြောင့် ကြည့်ရှုသူများမှာ မင်ယွဲ့၏ မည်သူမည်ဝါဖြစ်ကြောင်းကို အတည်ပြုလိုက်နိုင်ကြသည်။
"ငါ ထင်သားပဲ၊ မမမင်ယွဲ့ ဖြစ်နေတာကိုး"
"ငါတို့ မှန်တယ်ဟေ့"
ပရိသတ်များမှာ မင်ယွဲ့ကို ကင်မရာရှေ့တွင် မြင်ချင်နေကြသော်လည်း ကင်မရာသမားကမူ တမင်တကာပင် သူတို့နှစ်ဦးကို အဝေးမှသာ ရိုက်ကူးနေသည်။
"မမမင်... မမက ဒီအစီအစဉ်မှာ ပါဝင်ဖို့ လာတာလား"
လျိုယဲ့က စိတ်လှုပ်ရှားစွာ မေးသည်။
"မဟုတ်ပါဘူး၊ ငါ ဒီမှာ လုပ်စရာလေးတွေ ရှိလို့ပါ"
ညအမှောင်အောက်ဝယ် ကျေးလက်လမ်းလေးအတိုင်း လမ်းလျှောက်နေကြသော သူတို့နှစ်ဦးထံတွင် သဘာဝတရား၏ အေးချမ်းမှုနှင့် စိတ်ဝိညာဉ်ကို ဆေးကြောပေးသော ခံစားမှုတို့ ကိန်းအောင်းနေသည်။ မကြာမီမှာပင် သူတို့နှစ်ဦး လမ်းခွဲလိုက်ကြပြီး မင်ယွဲ့သည်လည်း အိပ်စက်
ရန် ပြန်လာခဲ့သည်။
ရိုက်ကူးရေး ဒုတိယမြောက်နေ့တွင် ရိုက်ကူးရေးအဖွဲ့က တာဝန်အသစ်တစ်ခု ပေးအပ်လိုက်သည်။
"လာမယ့်ရက်တွေမှာ မင်းတို့ တစ်ယောက်ချင်းစီက အတတ်ပညာ တစ်ခုစီကို သင်ယူရပါမယ်၊ ဘယ်လိုသင်မလဲ၊ ဘယ်သူ့ဆီမှာ သင်မလဲဆိုတာကတော့ မင်းတို့ရဲ့ ဆုံးဖြတ်ချက်ပါပဲ"
ဒါရိုက်တာဝူက ခက်ခဲသော ပုစ္ဆာတစ်ပုဒ်ကို ပစ်ပေးလိုက်ရာ ဧည့်သည်ခြောက်ဦးမှာ အကြံအိုက်သွားကြသည်။
လျိုယဲ့က မျက်လုံးလေး ကစားကာ စဉ်းစားနေမိသည်။ ဤမြစ်ကမ်းနားရွာလေးတွင် သင်ယူစရာဆိုလျှင် ဒေသခံရွာသားများထံတွင်သာ ရှိပေလိမ့်မည်။ သို့သော် ရွာသားများက သူတို့ကို ကူညီပါ့မလားဟူသည်မှာ စဉ်းစားစရာ ဖြစ်သည်။
ဒါရိုက်တာဝူကမူ ရွာသားအများစုမှာ ဤအစီအစဉ်တွင် ဇာတ်ပို့ များကဲ့သို့သာ ဖြစ်ပြီး အကူအညီပေးနိုင်မည် မဟုတ်ကြောင်းကို သူတို့အား ကြိုမပြောထားပေ။ အဖွဲ့နှင့် ကြိုတင်ညှိနှိုင်းထားသော အထူးရွာသားအချို့သာ ရှိပြီး သူတို့ကို ရှာဖွေတွေ့ရှိရန်မှာ ဧည့်သည်များ၏ တာဝန်သာ ဖြစ်သည်။
တာဝန်ပေးပြီးသည်နှင့် ရိုက်ကူးရေးအဖွဲ့ ထွက်သွားကြရာ ဧည့်သည်များမှာ ဗိုက်ဆာဆာဖြင့် ကျန်ရစ်ခဲ့သည်။ လျိုယဲ့သည် သူမ၏ အိတ်ကပ်ထဲတွင် မနေ့က ပါလာသော ပြင်သစ်ပေါင်မုန့်အသေးလေး ပါလာသည်ကို ဝမ်းသာအားရ သတိရသွားသည်။
ပထမအပိုင်းတုန်းက စားစရာအတွက် အလုပ်ကြမ်းလုပ်ခဲ့ရသည်ကို သူမ မေ့နေခဲ့သဖြင့် အပိုအများကြီး မယူလာမိခဲ့ခြင်း ဖြစ်သည်။ သူမသည် ဒါရိုက်တာ မမြင်ခင်မှာပင် ပေါင်မုန့်လေးကို အမြန်ဖောက်ကာ ပါးစပ်ထဲ အငမ်းမရ ထည့်
လိုက်သည်။
ဒါရိုက်တာဝူကမူ ကင်မရာထဲမှနေ၍ သူမ၏ ပုံစံကို ကြည့်ကာ ပြုံးနေမိသည်။ သူမ စားပြီးသွားပြီ ဖြစ်သဖြင့် မမြင်ချင်ယောင်ဆောင် ပေးလိုက်လေသည်။
"ဟားဟား... လျိုယဲ့လေးက အရမ်းချစ်ဖို့ကောင်းတာပဲ"
"စားစရာကို စောင့်ကြည့်နေတဲ့ ရှဉ့်ကလေးတစ်ကောင်လိုပဲ"
ကြည့်ရှုသူများကလည်း သူမ၏ ပုံစံကို ကြည့်ကာ သဘောတကျ မှတ်ချက်ပေးနေကြသည်။
လုဖုန်းသည် လျိုယဲ့၏ အနေအထိုင်ကို ကြည့်ပြီး လီယွမ်နှင့် လုံးဝမတူကြောင်း သတိပြုမိလိုက်သည်။ သူမသည် ကင်မရာရှေ့တွင် ပုံရိပ်ကို ဂရုမစိုက်ဘဲ သဘာဝအတိုင်း နေထိုင်တတ်သူ ဖြစ်သည်။
"မနက်စာအတွက် ဘာလုပ်ကြမလဲ"
လျိုယဲ့က မေးလိုက်သည်။
"ရိုက်ကူးရေးအဖွဲ့ကတော့ ဘာမှ ပေးမှာမဟုတ်တော့ဘူး၊ မနေ့က လုပ်အားခနဲ့ ရထားတဲ့ ကုန်ကြမ်းတွေတော့ ရှိသေးတယ်"
ဟု အမျိုးသမီး ဧည့်သည်တစ်ဦးက ဆိုသည်။
သူတို့သည် ရွာသားတစ်ဦးထံမှ ငှားရမ်းထားသော အိမ်၏ မီးဖိုချောင်ထဲသို့ ဝင်လာကြသည်။
"ဆန်ရှိတော့ ဆန်ပြုတ်ပြုတ်မယ်၊ ဂျုံမှုန့်လည်း ရှိသေးတော့ မုန့်ပြားလေးတွေ လုပ်ကြတာပေါ့"
လူခြောက်ယောက်အတွက် ဆန်ပြုတ်တစ်မျိုးတည်းနှင့် မလောက်နိုင်ပေ။
"ဘယ်သူ ချက်တတ်လဲ"
ဟု မေးလိုက်ရာ အားလုံးက တစ်ဦးကိုတစ်ဦး ကြည့်နေကြစဉ် လျိုယဲ့က လက်ညှိုးလေး ထောင်လိုက်သည်။
"အားလုံး စိတ်မရှိဘူးဆိုရင် ကျွန်မ စမ်းကြည့်ပါ့မယ်"
သူမသည် အငယ်ဆုံးနှင့် အတွေ့အကြုံ အနည်းဆုံး ဖြစ်သော်လည်း အားတက်သရော ရှိလှသည်။ အားလုံးက တာဝန်ခွဲဝေယူကြပြီး မီးဖိုချောင်ထဲတွင် အိုးခွက်ပန်းကန်သံများဖြင့် ဆူညံသွားတော့သည်။
မကြာမီမှာပင် ဆန်ပြုတ်နှင့်အတူ လျိုယဲ့ ပြင်ဆင်လိုက်သော ငရုတ်သီးစိမ်း ကြက်ဥကြော်နှင့် ဂေါ်ဖီထုပ်ကြော်တို့က အနံ့မွှေးပျံ့စွာ ထွက်ပေါ်လာသည်။
ဗိုက်ဖြည့်ပြီးနောက် သူတို့သည် တာဝန်ကို မည်သို့ထမ်းဆောင်ရမည်ကို စဉ်းစားကြသည်။ လီယွမ်မရှိတော့သဖြင့် ဤအပိုင်း၏ ပတ်ဝန်းကျင်မှာ အလွန်ပင် သာယာနေတော့သည်။
"ကျွန်တော်တို့ ဘာကို သင်ယူသင့်သလဲ"
"ရွာသားတွေမှာ ဘယ်လို ထူးခြားတဲ့ အတတ်ပညာတွေ ရှိမလဲဆိုတာ စဉ်းစားရမယ်"
"ဝါးခြင်းတောင်း ရက်တာရော အကျုံးဝင်မလား၊ ရှို့မမရဲ့ အမျိုးသား ရက်ထားတဲ့ ခြင်းတောင်းလေးတွေက တကယ်ကို သေသပ်လှပတာ"
ဟု လုဖုန်းက အကြံပြုလိုက်သည်။
အားလုံးက ထိုအကြံကို သဘောတူကြသည်။
"ဒါက တကယ်ကို ယဉ်ကျေးမှု အမွေအနှစ်ထဲမှာ ပါနိုင်တဲ့ ပညာပဲ၊ ဒါပေမဲ့ မင်းတို့ တကယ် သင်နိုင်ပါ့မလား"
"ကြိုးစားရင်တော့ ရမှာပါ၊ ကဲ... လုဖုန်းက ခြင်းတောင်းရက်တာ သင်၊ ကျန်တဲ့လူတွေ ထပ်
စဉ်းစားကြမယ်"
သူတို့သည် အဖြေရှာရန်အတွက် ရွာထဲသို့ လမ်းထွက်လျှောက်ကြသည်။
ယနေ့သည် အလုပ်ကြမ်းလုပ်စရာ မလိုသဖြင့် စိတ်အေးလက်အေး ရှိနေကြသည်။
"ဟိုတံခါးမှာ ကပ်ထားတဲ့ စက္ကူဖြတ်ညှပ်လက်ရာတွေက အရမ်းလှတာပဲ၊ ရွာသားတွေ ကိုယ်တိုင် လုပ်ထားတာလား"
ကျေးလက်ဒေသရှိ ရွာသားများသည် အလှဆင်ပစ္စည်းများကို ငွေကုန်ကြေးကျခံ ဝယ်ယူလေ့မရှိသဖြင့် ကိုယ်တိုင် ပြုလုပ်ထားခြင်းသာ ဖြစ်ပေလိမ့်မည်။
"အဲဒါတွေက တံခါးစောင့်နတ်ရုပ်တွေပဲ၊ စက္ကူဖြတ်တဲ့ ပညာက တကယ့်ကို အံ့မခန်းပဲ"
ဤကဲ့သို့ ဝေးလံခေါင်းပါးသော နေရာတွင် ထိုမျှအဆင့်မြင့်သည့် ယဉ်ကျေးမှု လက်ရာများကို မြင်တွေ့ရလိမ့်မည်ဟု သူတို့ ထင်မထားခဲ့ကြပေ။
လူကြားထဲတွင် ပညာရှင်များ ပုန်းကွယ်နေတတ်သည်မှာ အမှန်ပင် ဖြစ်သည်။
"သွားမေးကြည့်ရအောင်"
စကားပြောရင်းနှင့် သူတို့အုပ်စုသည် ဟောင်းနွမ်းနေသော တံခါးဝသို့ တိုးကပ်သွားပြီး တံခါးကို ခေါက်လိုက်ကြလေတော့သည်။
အခန်း (၂၆၇) စက္ကူဖြတ်ညှပ်အတတ်ပညာ
"အဘွား... မင်္ဂလာပါခင်ဗျာ"
ဆံပင်ဖြူဖွေးဖွေးနှင့် အဘွားအိုတစ်ဦးသည် တံခါးကို လာဖွင့်ပေးသည်။
သူမသည် သစ်ပင်ရိပ်အောက်ဝယ် ထိုင်နေရင်း စက္ကူလေးများကို ပုံဖော်ဖြတ်တောက်နေခြင်း ဖြစ်သည်။ လေပြေညင်းက သစ်ရွက်များကြားမှ တိုးဝှေ့တိုက်ခတ်ရင်း အဘွားအို၏ ဆံနွယ်များကို ဆော့ကစားနေသော်လည်း ထိုမျှအသက်အရွယ်အထိ ကျန်းမာလန်းဆန်းနေသော အဘွား၏ အသွင်အပြင်က လူငယ်များကိုပင် အားကျစေသည်။
"မင်းတို့က ရိုက်ကူးရေးလုပ်နေတဲ့ ကလေးတွေမလား၊ လာကြ... အထဲဝင်ပြီး ရေသောက်ကြဦး"
အဘွားအိုသည် တုံ့နှေးသော်လည်း တည်ငြိမ်သော ခြေလှမ်းများဖြင့် ထရပ်ကာ အိမ်ထဲမှ ရေနွေးအိုးကို သွားယူသည်။ ထို့နောက် ခြံဝင်းအတွင်းရှိ ကျောက်စားပွဲတွင် ထိုင်ကာ သူတို့အတွက် ရေနွေးငှဲ့ပေးရှာသည်။
"အဘွား... ဒါက ဘာလက်ဖက်ရည်လဲဟင်၊ အရမ်းသောက်လို့ ကောင်းတာပဲ"
လျိုယဲ့သည် အမြဲတမ်း ပျော်ရွှင်တက်ကြွနေသူ ဖြစ်ရာ အဘွားအိုမှာလည်း ကလေးများ ပျော်ပျော်ရွှင်ရွှင် စားသောက်နေသည်ကို ကြည့်ပြီး ပီတိဖြစ်နေသည်။
ခြံဝင်းထဲသို့ လူသူအရောက်အပေါက် နည်းပါးလှသဖြင့် ယခုကဲ့သို့ စည်ကားနေသော မြင်ကွင်းကြောင့် သူမ၏ မျက်နှာတွင် အပြုံးများ ဝေစည်နေတော့သည်။
"ဒါက တောင်ပေါ်က ခူးလာတဲ့ တောဂန္ဓာမာပန်းလေးတွေပါ"
အဘွားအိုက ပြုံးလျက် လျိုယဲ့၏ ခွက်ထဲသို့ ရေနွေး ထပ်ဖြည့်ပေးသည်။
ရေနွေးသောက်သည့် ပန်းကန်လုံးလေးမှာ အဖြူရောင်နောက်ခံတွင် အပြာရောင် ပန်းနွယ်ပုံစံများဖြင့် ရှေးဟောင်းပစ္စည်းတစ်ခုကဲ့သို့ အသွင်ဆောင်နေသည်။ အဝါရောင် ဂန္ဓာမာပန်းပွင့်လေးများက ရေနွေးထဲတွင် ပေါလောပေါ်နေပြီး တစ်ငုံသောက်လိုက်တိုင်း ပန်းရနံ့နှင့် သဘာဝဆေးဖက်ဝင် အပင်ရနံ့တို့က လည်ချောင်းထဲတွင် ချိုမြိန်စွာ ကျန်ရစ်ခဲ့သည်။
"ဒါက အပြာရောင်ကြွေထည်လားဟင်"
ဧည့်သည်တစ်ဦးက ထိုပန်းကန်လုံးလေးကို ကြည့်ပြီး မေးလိုက်သည်။
လုဖုန်းကမူ ခဏတာ တွေးတောပြီးမှ စကားကို ပြန်ထိန်းလိုက်သည်။ ယန်အန်းရွာကဲ့သို့ နေရာမျိုးတွင် အဖိုးတန် ရှေးဟောင်းကြွေထည်များ ရှိနိုင်ပါ့မလား၊ အတုသာ ဖြစ်ပေလိမ့်မည်။
သို့သော် ကျေးလက်ဒေသများတွင် ယခင်က ထိုကဲ့သို့သော ပုံစံများ အလွန်ခေတ်စားခဲ့ဖူးသဖြင့် ရှေးဟောင်းပစ္စည်း မဟုတ်သော်လည်း နှစ်ပေါင်းများစွာ ကြာမြင့်နေပြီဖြစ်သော ပစ္စည်းဟောင်းတစ်ခု ဖြစ်နေသည်မှာ အမှန်ပင်။
"ဒါက ငါ့ချွေးမ အိမ်ထောင်ကျတဲ့နှစ်က ဝယ်ထားတာလေ၊ ဆယ်စုနှစ်တွေတောင် ကြာခဲ့ပြီ"
ဟု ပြောရင်း အဘွားအို၏ မျက်ဝန်းတွင် မျက်ရည်စများ ဝဲတက်လာသည်။
လျိုယဲ့နှင့် အဖွဲ့သားများသည် အဘွားအိုနှင့် ရင်းရင်းနှီးနှီး စကားပြောဆိုကြပြီးမှ အဓိက ကိစ္စသို့ လှည့်လိုက်ကြသည်။
"အဘွား... ခုနက စက္ကူတွေ ဖြတ်နေတာလားဟင်"
"အေးကွယ်... အဘွားက စက္ကူပန်းလေးတွေ ဖြတ်နေတာ၊ မြေးလေးတို့ ကြိုက်ရင် အဘွား လက်ဆောင်ပေးပါ့မယ်"
"အဘွား... ကျွန်မကို ဒီစက္ကူဖြတ်တဲ့ ပညာ
သင်ပေးလို့ ရမလားဟင်"
လျိုယဲ့က သူမ၏ တာဝန်ကို မမေ့ဘဲ မေးလိုက်
သည်။
ထိုစကားကြောင့် အဘွားအို၏ မျက်ဝန်းများမှာ ပိုမိုတောက်ပသွားသည်။
“မြေးလေးက ဒါကို သင်ချင်တာလား၊ သင်ပေးတာပေါ့ကွယ်"
အသက်အရွယ်ကြီးရင့်ပြီး မြေကြီးထဲ ဝင်ခါနီးအချိန်တွင် မိမိ၏ အတတ်ပညာကို တန်ဖိုးထား မြတ်နိုးသူရှိသည်ကို သိရသဖြင့် အဘွားမှာ အလွန်ပင် ဝမ်းသာသွားရှာသည်။
အဘွား၏ အဆိုအရ သူမ၏ အဘွားဖြစ်သူမှာ သူဌေးသမီးတစ်ဦး ဖြစ်ခဲ့ပြီး စက္ကူဖြတ်ခြင်းကို အလွန်ဝါသနာပါသဖြင့် ဆရာခေါ်၍ သင်ယူခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။
ထိုခေတ်က အမျိုးသမီးများသည် ပန်းထိုးခြင်းနှင့် ဖိနပ်ချုပ်ခြင်းကိုသာ သင်ယူလေ့ရှိသော်လည်း သူမ၏ အဘွားကမူ ထိုလမ်းစဉ်ကို မလိုက်ဘဲ စက္ကူဖြတ်ခြင်းကိုသာ ရွေးချယ်ခဲ့သည်။
ထိုပညာသည် အဘွားထံမှ သူမ၏ မိခင်၊ ထို့နောက် သူမထံသို့ လက်ဆင့်ကမ်း ရောက်ရှိလာခဲ့ခြင်း ဖြစ်သည်။
ယခုအခါ မိသားစုမှာ ယခင်ကကဲ့သို့ ချမ်းသာကြွယ်ဝမှု မရှိတော့သော်လည်း အားလပ်သည့် အချိန်တိုင်းတွင် ကတ်ကြေးလေးကို ကိုင်ကာ စက္ကူဖြတ်နေမိသည်။
သစ်ပင်ရိပ်အောက်တွင် တိတ်ဆိတ်စွာ စက္ကူဖြတ်နေရခြင်းမှာ သူမ၏ အဘွားနှင့် မိခင်တို့နှင့်အတူ ရှိနေခဲ့စဉ်က အချိန်များကို ပြန်လည်အမှတ်ရစေသည်။ သူမ၏ တစ်ဦးတည်းသော သားမှာလည်း ဆုံးပါးသွားပြီဖြစ်ရာ ရွာသားများက ဂရုစိုက်ကြသော်လည်း သူမ၏ ရင်ထဲတွင်မူ အထီးကျန်မှုများက အမြဲစိုးမိုးနေခဲ့သည်။
"ဒါဆိုရင် အဘွားကို အားနာပေမဲ့ သင်ပေးပါဦးနော်"
အမျိုးသမီး ဧည့်သည်တစ်ဦးကို ထိုနေရာတွင် သင်ယူရန် ထားရစ်ခဲ့ကြသည်။
အမျိုးသား ဧည့်သည်များအတွက်မူ ဤကဲ့သို့ နုနယ်သိမ်မွေ့သော အလုပ်မှာ ခက်ခဲလိမ့်မည်ဟု ယူဆသောကြောင့် ဖြစ်သည်။ လုဖုန်းသည် ရှို့၏ ခင်ပွန်းထံ သွားရောက်၍ ဝါးခြင်းတောင်းရက်သည့် ပညာကို သင်ယူရန် ခွင့်တောင်းသော်လည်း ယခင်က လီယွမ်ကြောင့် ရရှိခဲ့သော အထင်အမြင်လွဲမှားမှုများကြောင့် အိမ်ရှင်
အမျိုးသားမှာ အစပိုင်းတွင် လက်မခံလိုပေ။
သို့သော် ရိုက်ကူးရေးအဖွဲ့နှင့် မင်ယွဲ့အပေါ် ထားရှိသော ကျေးဇူးတရားများကြောင့် နောက်ဆုံးတွင် သဘောတူလိုက်လေသည်။
ယခုအခါ သင်ယူရမည့် အတတ်ပညာ မတွေ့သေးသူ လေးဦး ကျန်ရှိနေသေးသည်။ လျိုယဲ့သည် ရွာထဲတွင် လျှောက်သွားရင်း ရိုက်ကူးရေးအဖွဲ့က မဖြစ်နိုင်သော တာဝန်ကို ပေးလိမ့်မည်မဟုတ်ဟု ယုံကြည်နေသည်။ ဤရွာထဲတွင် သင်ယူစရာ အတတ်ပညာတစ်ခုခု ကျန်ရှိနေရဦးမည် ဖြစ်သည်။
သူမ၏ ကြိုးစားမှုက အချည်းနှီး မဖြစ်ခဲ့ပေ။ လယ်ကွင်းတစ်ခု၏ ဘေးတွင် ကလေးငယ်တစ်ဦးသည် တစ်စုံတစ်ခုကို ကျွမ်းကျင်စွာ ခေါက်နေသည်ကို လျိုယဲ့ တွေ့လိုက်ရသည်။ သူမသည် စူးစမ်းလိုစိတ်ဖြင့် ကလေးအနားသို့ တိုးသွားလိုက်သည်။
"မောင်လေး... ဘာလုပ်နေတာလဲ"
ကလေးငယ်မှာ ဆယ်ကျော်သက်အရွယ်သာ ရှိသေးသော်လည်း လက်ချောင်းလေးများ၏ လှုပ်ရှားမှုမှာ အလွန်ပင် မြန်ဆန်သွက်လက်လှသည်။ ဤသည်မှာ သူ ပထမဆုံးအကြိမ် လုပ်နေခြင်း မဟုတ်ကြောင်း သိသာလှသည်။
"နှံကောင်လေးတွေ ခေါက်နေတာလေ၊ မမ လိုချင်လို့လား"
အခန်း (၂၆၈) လိုချင်တယ်
ကလေးငယ်သည် အလွန်ပင် တည်ငြိမ်လှပြီး သူစိမ်းဖြစ်သူ လျိုယဲ့ကိုလည်း ကြောက်ရွံ့ခြင်းမရှိပေ။ သူတို့သည် ရွာထဲသို့ အစီအစဉ်ရိုက်ကူးရန် လာသူများဖြစ်ကြောင်း ကလေးငယ်က ရိပ်မိပုံရသည်။
"လိုချင်တယ်"
လျိုယဲ့သည် သူမ၏ ဝမ်းဗိုက်အတွင်းမှ အားမာန်တို့ကို စုစည်းကာ အသံကို ကျယ်လောင်စွာ ထုတ်ဖော်လိုက်ပြီး ကလေးငယ်ထံသို့ လက်ကလေး လှမ်းပေးလိုက်သည်။ ထိုပုံစံကို ကြည့်ပြီး တိုက်ရိုက်ထုတ်လွှင့်မှုကို ကြည့်ရှုနေသူများမှာ ရယ်မောကုန်ကြတော့သည်။
— "ရထားပေါ်မှာ စားစရာလှမ်းတောင်းနေတဲ့ တက္ကသိုလ်ကျောင်းသားလေးအတိုင်းပဲ"
— "လျိုယဲ့က တကယ့်ကို ရိုးသားဖြူစင်တဲ့ ကျောင်းသားလေးတစ်ယောက်လိုပဲ၊ လောကအကြောင်း ဘာမှမသိသေးတဲ့ အသွင်မျိုးပေါ့"
— "ကလေးတစ်ယောက်ကို အရုပ်ညှပ်စက် ကစားပေးဖို့ တောင်းဆိုနေတဲ့ ကောင်မလေးနဲ့တောင် တူနေသေးတယ်"
အွန်လိုင်းပေါ်မှ ဆွေးနွေးမှုများကို လျိုယဲ့ မသိရှိပေ။ သူမသည် ကောင်လေး၏ဘေးတွင် ဆောင့်ကြောင့်ထိုင်ကာ ကလေးငယ်၏ လက်ရာကို စိတ်ရှည်လက်ရှည် စောင့်မျှော်နေသည်။
ကလေးငယ်သည် မူလက ပေါ့ပေါ့ပါးပါးသာ ခေါက်ရန် ရည်ရွယ်ထားသော်လည်း လူကြီးတစ်ယောက်က အလေးအနက်ထား စောင့်ကြည့်နေသဖြင့် သူ၏ အတတ်ပညာကို စွမ်းစွမ်းတမံ ထုတ်ပြလိုစိတ် ဖြစ်ပေါ်လာကာ ပို၍ပင် သေသပ်စွာ ပုံဖော်တော့သည်။
"ရပြီ... မမ၊ ရော့"
"ကျေးဇူးပါပဲ၊ မောင်လေးက တကယ့်ကို တော်တာပဲ"
လျိုယဲ့သည် သူမ၏ လက်ဖမိုးပေါ်ရှိ နုနယ်သော နှံကောင်လေးကို ကြည့်ကာ အလွန်ပင် ဝမ်းသာသွားပြီး ကလေးကို လက်မထောင်ပြလိုက်သည်။
မင်ယွဲ့သည် ဒါရိုက်တာ ဝူလျန်၏ နောက်တွင် ရပ်နေရင်း တိုက်ရိုက်ထုတ်လွှင့်မှုမှ မှတ်ချက်များကို အလေးအနက် စဉ်းစားနေမိသည်။
အလှူငွေပေးကမ်းခြင်းသည် ပြဿနာ၏ မြစ်ဖျားခံရာကို မဖြေရှင်းနိုင်သဖြင့် အလွန်အမင်း ဆင်းရဲနွမ်းပါးသည့် အခြေအနေမှလွဲ၍ အလှူအတန်းကိုသာ အားမကိုးသင့်ဟု သူမ ယူဆသည်။
"ရွှီခယ်... ရွာသားတွေကို လက်မှုထည်တွေ ရောင်းဖို့အတွက် တိုက်ရိုက်ထုတ်လွှင့်မှုတစ်ခု စီစဉ်ပေးရင် ဘယ်လိုနေမလဲ"
ဟု မင်ယွဲ့က မေးလိုက်သည်။
"အွန်လိုင်းမှာရှိတဲ့ စက္ကူဖြတ်ညှပ်လက်ရာ အများစုက စက်နဲ့ ထုတ်ထားတာတွေပဲ၊ အဘွားရဲ့ လက်ရာကတော့ တကယ့် လက်မှုအတတ်ပညာစစ်စစ်ပါ၊ ဒါပေမဲ့ ဒါကို တန်ဖိုးထားဝယ်မယ့်သူက နည်းနိုင်တယ်"
ဟု ရွှီခယ်က အရှိအတိုင်း ထောက်ပြသည်။
"နင်ပြောတာ ဟုတ်တယ်၊ ဒါပေမဲ့ ငါတို့ တတ်နိုင်သလောက်တော့ ကူညီသင့်တယ်၊ သီးသန့် Live လွှင့်ဖို့ကတော့ အကျိုးအမြတ် မကိုက်နိုင်ဘူး၊ ဘာလို့လဲဆိုတော့ ရွာသားတွေရဲ့ ထုတ်လုပ်နိုင်စွမ်းက နည်းနေလို့ပဲ၊ ငါတို့ရဲ့ ရေသန့်စက်ရုံကနေ Live လွှင့်တဲ့အခါ သူတို့ရဲ့ လက်မှုထည်တွေနဲ့ လယ်ယာထွက်ကုန်တွေကို ကြားညှပ်ပြီး ကူရောင်းပေးရင်ရော မဖြစ်နိုင်ဘူးလား"
"အထက်လူကြီးက သေချာစဉ်းစားပြီးပြီဆိုတော့ ဖြစ်တာပေါ့ဗျာ"
ရွှီခယ်က ပြန်ဖြေသည်။
မင်ယွဲ့သည် အမြတ်အစွန်းကို အဓိကမထားဘဲ မြစ်ကမ်းနားရွာသားများကို ကူညီလိုသည့် စိတ်ရင်းရှိကြောင်း သူ ကောင်းကောင်းသိသည်။
လျိုယဲ့သည် လယ်ကွင်းဘေးတွင် ဆောင့်ကြောင့်ထိုင်ကာ သင်ယူနေသည်မှာ အတော်ပင် ကြာမြင့်နေပြီ ဖြစ်သည်။
ကလေးငယ်မှာလည်း အလွန်ပင် စိတ်ရှည်လှသည်။ မင်ယွဲ့က ထိုကလေးသည် ဒါရိုက်တာ စီစဉ်ထားသော အဓိက ဇာတ်ကောင်တစ်ဦး ဖြစ်
နိုင်သည်ဟု တွေးမိသည်။
"တခြား တိရစ္ဆာန်လေးတွေရော ခေါက်တတ်လားဟင်"
လျိုယဲ့က သူမကိုယ်တိုင် ခေါက်ထားသော နှံကောင်မပီကလာ နှံကောင်လေးကို ကြည့်ကာ မေးလိုက်သည်။
"ယုန်ကလေး ခေါက်တာ သင်ပေးမယ်"
ကလေးငယ်၏ လက်ချောင်းလေးများမှာ လျိုယဲ့၏ မျက်စိရှေ့တွင် လျင်မြန်စွာ လှုပ်ရှားသွားပြန်သည်။
“ကျွန်တော် ဒီနှစ်မျိုးပဲ တတ်တာ"
ဟု ကလေးက ရှက်ကိုးရှက်ကန်း ပြောရှာသည်။
"ရပါတယ်၊ ဒါတောင် မောင်လေးက တော်လှပါပြီ၊ နောင်တစ်ချိန်မှာ ပညာရှင်ကြီး ဖြစ်လာမှာ သေချာပါတယ်"
လျိုယဲ့က အားပေးစကား ဆိုလိုက်သည်။
ကလေးငယ် ထွက်သွားပြီးနောက် လျိုယဲ့သည် တစ်ယောက်တည်း ကျန်ရစ်ကာ အလေးအနက် လေ့ကျင့်တော့သည်။
သို့သော် လျိုယဲ့၏ ပရိသတ်များမှာမူ သူမ သင်ယူနိုင်ပါ့မလားဟု သံသယဖြစ်နေကြသည်။ သူမ၏ လက်ချောင်းလေးများမှာ တဖြည်းဖြည်းနှင့် လမ်းကြောင်းပျောက်လာကာ စိတ်ပျက်
အားငယ်မှုများ စတင်ဝင်ရောက်လာသည်။
"ဟော... နောက်တစ်ဆင့်က ဘာလဲ၊ ဘာလို့ ငါလုပ်တာက ဟိုကလေးလုပ်တာနဲ့ မတူတော့တာလဲ"
လျိုယဲ့ တစ်ယောက်တည်း စိတ်ညစ်ညူးစွာ ရေရွတ်နေမိသည်။
ထိုစဉ် ဝင်းပဖြူစင်သော လက်တစ်ဖက်သည် မြင်ကွင်းထဲသို့ ရုတ်တရက် ဝင်ရောက်လာပြီး လျိုယဲ့၏ လက်ထဲမှ မျက်စိပျက်နေသော နှံကောင်လေးကို လှမ်းယူလိုက်သည်။
— "ဟို လက်ကလေးကို မြင်လိုက်လား၊ ဘုရားရေ... တကယ့်ကို အနုပညာ လက်ရာတစ်ခုလိုပဲ"
— "လက်ကို ကြိုက်တဲ့သူတွေအတွက်တော့ ဒီနေ့ Live က နတ်ဘုံနတ်နန်းပဲ"
လျိုယဲ့ လှည့်ကြည့်လိုက်သောအခါ မင်ယွဲ့ ဖြစ်နေသဖြင့် အံ့အားသင့်သွားသည်။
ကင်မရာသမားသည် မင်ယွဲ့၏ မျက်နှာကို မရိုက်မိစေရန် ဂရုစိုက်ရင်း လက်ချောင်းလေးများ၏ လှုပ်ရှားမှုကိုသာ အနီးကပ် ရိုက်ကူးနေသည်။
မင်ယွဲ့သည် ထူးကဲသော မှတ်ဉာဏ်နှင့် နားလည်နိုင်စွမ်းရှိသူ ဖြစ်ရာ ကလေးငယ် ခေါက်နေသည်ကို တစ်ကြိမ်ကြည့်ရုံနှင့်ပင် အပြည့်အဝ တတ်မြောက်သွားခြင်း ဖြစ်သည်။
"ရပြီ" အေးချမ်းသာယာသော အသံလေးသည် တိုက်ရိုက်ထုတ်လွှင့်မှုအတွင်းရှိ ကြည့်ရှုသူအားလုံး၏ နားစည်ကို ဖမ်းစားလိုက်သည်။
" မမမင်ယွဲ့... မမက တကယ်ကို တော်တာပဲ"
လျိုယဲ့က မင်ယွဲ့ကို ကြည့်ရင်း အားကျမဆုံး ဖြစ်နေတော့သည်။ သူမအတွက်မူ မင်ယွဲ့သည် ဘက်စုံတော်သော အမျိုးသမီးတစ်ဦး ဖြစ်
နေသည်။
မင်ယွဲ့သည် ပြုံးလျက် လျိုယဲ့ကို တစ်ဆင့်ချင်းစီ စိတ်ရှည်လက်ရှည် ထပ်မံသင်ကြားပေးလိုက်
သည်။ ဤတစ်ကြိမ်တွင်မူ လျိုယဲ့သည် အောင်မြင်စွာ ခေါက်နိုင်သွားခဲ့သည်။
"စမ်းကြည့်ပါဦး၊ နောက်တစ်ခါ ထပ်မမေ့နဲ့တော့နော်"
မင်ယွဲ့က ပြောကာ အဝတ်အစားပေါ်မှ မြက်ပင်စများကို ခါထုတ်လိုက်ပြီး ထွက်ခွာရန် ပြင်လိုက်
သည်။
လျိုယဲ့သည် တာဝန်ပြီးမြောက်သွားသဖြင့် ပျော်ရွှင်နေသော်လည်း အခြားဧည့်သည်များမှာမူ အခက်တွေ့နေကြဆဲ ဖြစ်သည်။
လုဖုန်းသည် ဝါးခြမ်းစိတ်ရန် ကြိုးစားနေသော်လည်း သူ၏ လက်ကို ထိခိုက်မိမည်ကိုသာ စိုးရိမ်နေရသည်။
ရှို့၏ ခင်ပွန်းက စိတ်ရှည်စွာ သင်ကြားပေးသော်လည်း လုဖုန်း၏ လက်ရာမှာမူ အဖုအထစ်များဖြင့် ကြည့်မကောင်းလှပေ။
"နောက်ဆုံး ရလာတဲ့ ပစ္စည်းက ကိုယ်တိုင်
လုပ်တာ ဖြစ်ရမယ်၊ တခြားသူ ကူညီလို့ မရဘူးနော်"
ရိုက်ကူးရေးအဖွဲ့၏ သတိပေးသံကြောင့် လုဖုန်းမှာ သက်ပြင်းကိုသာ ရှည်လျားစွာ ချလိုက်မိတော့သည်။
တစ်ဖက်တွင်လည်း စက္ကူဖြတ်ညှပ်ပညာကို သင်ယူနေသော ဧည့်သည်မှာ ရိုးရှင်းသော ပုံစံများကို တတ်မြောက်သွားပြီဖြစ်သော်လည်း ပိုမိုခက်ခဲသော ထွင်းထုခြင်းအတတ်ကို သင်ယူရန် ရုန်းကန်နေရဆဲ ဖြစ်တော့သတည်း။
အခန်း (၂၆၉) ကျွန်မ တတ်နိုင်ပါတယ်
ဧည့်သည်များထဲမှ တစ်ဦးတည်းသော အမျိုးသားဧည့်သည်မှာမူ တာဝန်ပြီးမြောက်ရန် အပူတပြင်း ရှာဖွေနေရဆဲ ဖြစ်သည်။ သူသည် ကျေးရွာအတွင်း ခေါက်တုံ့ခေါက်ပြန် အကြိမ်ကြိမ် ပတ်ကြည့်သော်လည်း အတတ်ပညာ သင်ကြားပေးမည့်သူတစ်ဦးတစ်လေမျှ မတွေ့ရှိရသဖြင့် စိတ်အိုက်နေရသည်။
သူ၏ စိတ်လှုပ်ရှားမှုမှာ သိသိသာသာ မြင့်တက်လာပြီး ခြေလှမ်းများမှာလည်း ပိုမိုမြန်ဆန်လာသည်။
ဒါရိုက်တာ ဝူလျန်သည် ဧည့်သည်များ တာဝန်မအောင်မြင်ဘဲ ဖြစ်သွားမည့်အရေးကို လုံးဝခွင့်ပြုမည်မဟုတ်ပေ။
ဤအစီအစဉ်၏ ရည်ရွယ်ချက်မှာ မြို့ပြနှင့် ကျေးလက်ဒေသကြား ထိတွေ့ဆက်ဆံမှုကို မြှင့်တင်ရန်နှင့် ယဉ်ကျေးမှု ဖလှယ်ရန်ဖြစ်ရာ တာဝန်များကို ခက်ခဲလွန်းအောင် ပြုလုပ်ထားခြင်း မရှိပေ။
"သူတို့ကို ရေကာတာဘက်ကို လမ်းညွှန်လိုက်ပါ"
ဝူလျန်က ကင်မရာသမားကို ညွှန်ကြားလိုက်ရာ ဝန်ထမ်းများက လမ်းဆုံတွင် ဧည့်သည်များကို အချက်ပြလိုက်ကြသည်။
ဧည့်သည်များမှာလည်း မိုက်မဲသူများ မဟုတ်ကြရာ ဝန်ထမ်းများ၏ လျှို့ဝှက်အချက်ပြမှုကို ချက်ချင်း နားလည်သွားပြီး ထိုလမ်းအတိုင်း လျှောက်သွားကြတော့သည်။
အရာအားလုံး မျှော်လင့်ထားသလို ဖြစ်လာသဖြင့် ဒါရိုက်တာ ဝူလျန်မှာ အတန်ငယ် စိတ်သက်သာရာ ရသွားသည်။
"ဒါရိုက်တာဝူ... ဟိုအဘိုးအိုက ရုတ်တရက် လက်ဒဏ်ရာ ရသွားလို့တဲ့ဗျ"
ဝန်ထမ်းတစ်ဦးက သတင်းလာပို့သည်။ ဒါရိုက်တာ ဝူလျန်၏ မျက်နှာမှာ ချက်ချင်းဆိုသလို မည်းမှောင်သွားပြီး ဝန်ထမ်း၏ အသံမှာလည်း တဖြည်းဖြည်း တိုးဝင်သွားသည်။
"အစားထိုးမယ့်သူရော မရှိဘူးလား"
ဤအစီအစဉ်အတွက် ကြိုတင်ပြင်ဆင်ထားခဲ့သည်မှာ အသေအချာပင် ဖြစ်သည်။
လျိုယဲ့ကို နှံကောင်ခေါက်နည်း သင်ပေးခဲ့သော ကလေးငယ်နှင့် အဆိုပါ အဘိုးအိုမှာ မနေ့ကတည်းက ကြိုတင်ညှိနှိုင်းထားသော သူများ ဖြစ်ကြသည်။ ဧည့်သည်များ လာရောက်ပါက ကူညီပေးရန် တောင်းဆိုထားခဲ့ခြင်း ဖြစ်သည်။
ယခုအခါ ကလေးငယ်မှာ အောင်မြင်စွာ ကူညီပေးနိုင်ခဲ့သော်လည်း အဘိုးအိုမှာမူ မမျှော်လင့်ဘဲ အခက်ကြုံနေရပြီ ဖြစ်သည်။ အစားထိုးမည့်သူမှာလည်း မရှိပေ။ ဝန်ထမ်းဖြစ်သူမှာ အပြစ်ရှိသလို ခံစားနေရသဖြင့် ခေါင်းငုံ့ကာ ကြောက်ရွံ့စွာ ရပ်နေမိသည်။
ဝူလျန်သည် မျက်မှောင်ကြုတ်လျက် စဉ်းစားနေသည်။ တိုက်ရိုက်ထုတ်လွှင့်မှု ဖြစ်သဖြင့် ဇာတ်ညွှန်းအတိအကျ မရှိသော်လည်း လုပ်ငန်းစဉ်များ ကြာရှည်လွန်းသွားပါက အစီအစဉ်၏ အရှိန်အဟုန်ကို ထိခိုက်စေနိုင်သည်။
"အမြန်ဆုံး သွားရှာလိုက်စမ်းပါ"
ဧည့်သည်များအပေါ်မှာပဲ ပုံချထားပြီး အချိန်တွေ ကြာနေမည်ဆိုပါက ကြည့်ရှုသူများမှာ ငြီးငွေ့ပြီး ထွက်ခွာသွားကြပေလိမ့်မည်။
"ဘာများ ဖြစ်လို့လဲဟင်"
မင်ယွဲ့သည် ဒေသထွက်ပစ္စည်းများ ရောင်းချရန် Live လွှင့်မည့်ကိစ္စကို ဆွေးနွေးရန် ရောက်လာစဉ် သူတို့နှစ်ဦး၏ စကားသံကို ကြားလိုက်ခြင်း ဖြစ်သည်။
"လက်မှုပညာရှင် အဘိုးအိုက လက်ဒဏ်ရာ ရသွားလို့လေ၊ အစီအစဉ် ပျက်မသွားအောင် အစားထိုးမယ့်သူကို အမြန်ရှာခိုင်းနေတာ"
မင်ယွဲ့သည်လည်း တိုက်ရိုက်ထုတ်လွှင့်မှုများတွင် အပြည့်အဝ လက်တွေ့ကျရန် မလွယ်ကူကြောင်းနှင့် ရိုက်ကူးရေးအဖွဲ့၏ နောက်ကွယ်မှ ပံ့ပိုးမှုများသည် အစီအစဉ် ကောင်းမွန်စေရန်
အတွက်သာ ဖြစ်ကြောင်း နားလည်ပါသည်။
ဧည့်သည်များ ပြိုင်ဆိုင်သည့် အစီအစဉ်မဟုတ်သဖြင့် ပရိသတ်များလည်း နားလည်ပေးနိုင်မည်ဟု သူမ ယူဆသည်။
"အဲဒီအဘိုးအိုက ဘာလုပ်တာလဲဟင်"
"အရင်ကတော့ သူက ပန်းချီဆွဲပြီး ကယ်လီဂရပ်ဖီ (လက်ရေးလှ) ရေးတာပေါ့၊ ဒီဘေးပတ်ဝန်းကျင် ရွာတွေက နံရံတွေပေါ်မှာရှိတဲ့ ပန်းချီတွေနဲ့ စာသားတွေအားလုံးက သူရေးဆွဲထားတာတွေချည်းပဲ"
"ကလေးနည်းနည်းပဲယူ၊ ကောင်းကောင်းမွေးမြူ၊ ပျော်ရွှင်တဲ့ ဘဝကို တည်ဆောက် ဆိုတဲ့ စာသားမျိုးတွေလား"
နံရံကပ်စာသားများအကြောင်း ပြောလိုက်သည်နှင့် မင်ယွဲ့၏ စိတ်ထဲတွင် ထိုကဲ့သို့သော ဆောင်ပုဒ်များက ချက်ချင်း ပေါ်လာသည်။
"ဟုတ်တယ်၊ ပြီးတော့ တောမီးကာကွယ်ရေး... တောင်ကို မီးရှို့တဲ့သူ ထောင်ကျလိမ့်မယ် ဆိုတာမျိုးတွေပေါ့"
ဟု ဒါရိုက်တာက ဆိုသည်။
မင်ယွဲ့သည် ထိုစာလုံးပုံစံမျိုးကို ချက်ချင်း မြင်ယောင်သွားသည်။ ၎င်းမှာ စာစီစာရိုက်ထားသကဲ့သို့ တိကျသေသပ်ပြီး ထောင့်ချိုးများ ထင်ရှားနေသည့် ပုံစံမျိုး ဖြစ်သည်။
"ဖြစ်နိုင်မယ်ဆိုရင်... ကျွန်မ အဲဒါကို ကူညီပေးနိုင်မယ် ထင်တယ်"
သူမ၏ ပန်းချီအနုပညာမှာ အဆင့်မြင့်အဆင့်သို့ ရောက်ရှိနေပြီဖြစ်ရာ နံရံကပ် ပန်းချီများကို အလွယ်တကူ ဆွဲနိုင်သကဲ့သို့ ပန်းချီသင်ယူစဉ်ကလည်း လက်ရေးလှပညာကိုပါ လေ့ကျင့်ခဲ့ဖူးသည်။
"တကယ်လား... အဲဒါဆိုရင်တော့ တကယ့်ကို အံ့သြစရာပဲ"
ဝူလျန်က မင်ယွဲ့၏ အရည်အချင်းကို မေးမြန်းခြင်းပင် မပြုတော့ဘဲ ဝမ်းသာအားရ လက်ခံလိုက်သည်။
"ကျွန်မ စိတ်ချရရဲ့လားလို့ မမေးတော့ဘူးလား"
မင်ယွဲ့က ပြုံးလျက် မေးလိုက်သည်။
"မစ္စမင်ရဲ့ စရိုက်ကို ကျွန်တော် အပြည့်အဝ ယုံကြည်ပါတယ်၊ မင်းမှာ ယုံကြည်မှုမရှိရင် ဒီလို ပြောမှာမဟုတ်ဘူးဆိုတာ ကျွန်တော် သိတယ်"
"ဒါဆို ကျွန်မက ရွာလူကြီးအိမ်မှာ စောင့်နေရမှာလား၊ ဒါမှမဟုတ် လမ်းမှာပဲ တိုက်ဆိုင်သလို တွေ့ပေးရမလား"
မင်ယွဲ့အတွက်မူ ဤကဲ့သို့သော အခန်းကဏ္ဍတွင် ပါဝင်ရခြင်းမှာ အလွန်ပင် ဆန်းသစ်သော အတွေ့အကြုံသစ် ဖြစ်နေသည်။
"မစ္စမင် အဆင်ပြေသလိုသာ လုပ်ပါ၊ ကျွန်တော်ကတော့ ဧည့်သည်တွေကို မင်းဆီ ရောက်အောင် လွှတ်ပေးလိုက်ပါ့မယ်"
မင်ယွဲ့က လက်မထောင်ပြလိုက်ပြီး ထွက်ခွာသွားသည်။
"မစ္စမင်က ကျွန်တော်တို့ရဲ့ ပြဿနာတစ်ခုကို ထပ်ပြီး ဖြေရှင်းပေးလိုက်ပြန်ပြီ"
ဝန်ထမ်းများမှာ သက်ပြင်းချရင်း ဝမ်းသာနေကြ
သည်။
"ဒီသင်ခန်းစာကို မှတ်ထားကြ၊ ငါတို့က Live လွှင့်နေတာဆိုတော့ အရာရာကို အပြည့်အဝ ယုံကြည်မှုရှိနေရမယ်၊ အကယ်၍ မစ္စမင်သာ မရှိရင် ကင်မရာက ဧည့်သည်တွေ ရှာနေတာကိုပဲ တစ်ချိန်လုံး ရိုက်နေရတော့မှာလား"
ဒါရိုက်တာ၏ ဆူပူမှုကို ဝန်ထမ်းများမှာ တစ်ခွန်းမျှ ပြန်မပြောဝံ့ဘဲ ခေါင်းငုံ့၍သာ နားထောင်နေကြတော့သတည်း။
အခန်း (၂၇၀) ပြိုင်ဘက်ကင်းသော လက်ရာ
နောက်ဆုံးကျန်ရစ်သည့် ဧည့်သည်ဖြစ်သူ ယန်ခိုင်သည် အချိန်အတော်ကြာအောင် လမ်းလျှောက်ရှာဖွေခဲ့သော်လည်း သင်ယူရန် သင့်တော်သည့် အတတ်ပညာကို မတွေ့ရှိသေးပေ။
သူသည် စိတ်ပျက်လက်ပျက်ဖြင့် ရေကျွဲတစ်ကောင်နှင့် လယ်ထွန်နည်းကိုပင် သင်ယူရန် တွေးတောမိသော်လည်း ဒါရိုက်တာဖြစ်သူက ထိုအချက်ကို အသိအမှတ်ပြုမည်မဟုတ်ကြောင်း သူရိပ်မိသည်။
မင်ယွဲ့သည် ရွာလူကြီးအိမ်သို့ ဦးတည်လျှောက်လှမ်းလာစဉ် သူတို့နှစ်ဦးမှာ မမျှော်လင့်ဘဲ ဆုံဆည်းမိကြသည်။
"ဟယ်လို"
ယန်ခိုင်သည် တစ်စုံတစ်ခုက ဖမ်းစားထားသကဲ့သို့ မင်ယွဲ့ကို လှမ်း၍ နှုတ်ဆက်လိုက်
မိသည်။
မည်သည့်အကြောင်းကြောင့် နှုတ်ဆက်မိသည်ကို သူကိုယ်တိုင်ပင် သေချာမသိသော်လည်း မင်ယွဲ့၏ မျက်နှာကို တစ်နေရာရာတွင် မြင်ဖူးသကဲ့သို့ ခံစားလိုက်ရခြင်း ဖြစ်သည်။ မင်ယွဲ့သည် ခြေလှမ်းများကို ရပ်တန့်ကာ လှည့်ကြည့်လိုက်ရာ သူမ၏ ချောမောလှပမှုက ဝန်းကျင်တစ်ခုလုံးကို လင်းလက်သွားစေသည်။
"မစ္စမင် မဟုတ်လားခင်ဗျာ"
ယန်ခိုင်သည် သူ၏ မှတ်ဉာဏ်ထဲ၌ မင်ယွဲ့နှင့် ကိုက်ညီမည့် အမည်နာမကို အသည်းအသန် ရှာဖွေပြီးမှ မေးလိုက်သည်။
မင်ယွဲ့သည် ယဉ်ကျေးမှုအရ သူမ၏ ဦးထုပ်ကို ချွတ်လိုက်ရာ သူမ၏ ပိုးသားကဲ့သို့ နူးညံ့လှပသော ဆံနွယ်များမှာ လေထဲတွင် ခါယမ်းသွားသည်။
"မင်္ဂလာပါ... မင်ယွဲ့ပါ"
သူမသည် ဖော်ရွေစွာ လက်ကမ်းနှုတ်ဆက်ရင်း မိမိကိုယ်ကို မိတ်ဆက်လိုက်သည်။ ထိုအခိုက်အတန့်ကို တိုက်ရိုက်ထုတ်လွှင့်မှုမှ စောင့်ကြည့်နေကြသော မင်ယွဲ့၏ ပရိသတ်များမှာ ရင်ခုန်သံများ မြန်ဆန်သွားကြတော့သည်။
— "အိုး... မမ ထွက်လာပြီဟေ့"
— "ငါ့ရဲ့ သည်းခံနိုင်စွမ်းကတော့ အရာထင်ပြီ၊ မင်ယွဲ့မမကို နောက်ဆုံးတော့ မြင်လိုက်ရပြီ"
— "ကျွန်မက မိန်းကလေးဖြစ်နေတာတောင် မမရဲ့ မျက်နှာကို ကြည့်ပြီး ငေးနေမိတယ်၊ ဒါဟာ တကယ့်ကို ဖန်ဆင်းရှင်ရဲ့ လက်ရာမွန်ပဲ"
ယန်ခိုင်သည် အခြေအနေကို ရိပ်မိသွားပြီး မိမိနောက်သို့ လိုက်ပါလာသော ကင်မရာကို ကြည့်ကာ မင်ယွဲ့ထံမှ အကူအညီတောင်းရန် ဆုံးဖြတ်လိုက်သည်။
"ကျွန်တော် ဒီရွာမှာ အတတ်ပညာတစ်ခု သင်ချင်လို့ပါ၊ မစ္စမင် ကျွန်တော့်ကို ကူညီပေးနိုင်မလားခင်ဗျာ"
"ရတာပေါ့"
မင်ယွဲ့၏ အဖြေကြောင့် သူ၏ စိုးရိမ်ပူပန်မှုများမှာ နှင်းများ အရည်ပျော်သွားသကဲ့သို့ ပျောက်
ကွယ်သွားရသည်။
“ကျွန်မ ရှင့်ကို နံရံကပ်စာသားတွေနဲ့ နံရံကပ်
ပန်းချီ ဆွဲနည်းကို သင်ပေးပါ့မယ်"
အစီအစဉ်အတွက် အချိန်မှာ အလွန်နည်းပါးလှသဖြင့် အခြေခံနှင့် ရိုးရှင်းသည့်အရာများကိုသာ အလျင်အမြန် သင်ယူရန် လိုအပ်သည်။
မင်ယွဲ့သည် ယန်ခိုင်ကို ရွာလူကြီးအိမ်သို့ ခေါ်ဆောင်သွားပြီး နံရံကပ်ပန်းချီဆွဲရန် သင့်တော်သည့် နေရာကို မေးမြန်းလိုက်သည်။
"ရွာထဲက အပြင်ဘက်ကို မျက်နှာမူထားတဲ့ နံရံတွေကို ကြိုက်သလို အသုံးပြုလို့ ရပါတယ်၊ ငါ့အိမ်ရှေ့က သတင်းစာကပ်တဲ့ ဘုတ်ပြားကိုလည်း သုံးလို့ရတယ်"
ဟု ရွာလူကြီးက ဝမ်းသာအားရ ခွင့်ပြုလိုက်
သည်။
မင်ယွဲ့သည် ရွာအစွန်ရှိ အိမ်ခြေနှစ်ဆယ်ခန့်ကို ကြည့်လိုက်ပြီး စိတ်ကူးပုံဖော်နေမိသည်။ သူမသည် ယန်ခိုင်ကို ရွာလူကြီးအိမ်ရှိ ကျောက်သင်ပုန်းဟောင်းပေါ်တွင် အရင်လေ့ကျင့်စေသည်။ ထို့နောက် သူမသည် နက်ရှိုင်းသော ပညာရပ်များကို သင်ကြားပေးရန် ပြင်ဆင်တော့သည်။
ဒါရိုက်တာ ဝူလျန်သည် ကင်မရာနောက်ကွယ်မှနေ၍ သူတို့၏ လှုပ်ရှားမှုများကို စူးစိုက်ကြည့်နေသည်။ မင်ယွဲ့၏ ပါဝင်မှုကြောင့် ယန်ခိုင်၏ သီးသန့်ထုတ်လွှင့်မှုတွင် ကြည့်ရှုသူဦးရေမှာ အဆမတန် တိုးပွားလာခဲ့သည်။
မင်ယွဲ့သည် ဝန်ထမ်းများထံမှ ဆေးများနှင့် စုတ်တံများကို ယူလိုက်ပြီး ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ယဉ်ကျေးမှု ပြုပြင်ပြောင်းလဲရေး ဆိုင်ရာ နံရံကပ်ပန်းချီများကို စတင်ဆွဲတော့သည်။
တိုက်ရိုက်ထုတ်လွှင့်မှုအတွင်းရှိ ပရိသတ်များမှာ အမျိုးမျိုးသော မှတ်ချက်များ ပေးနေကြသည်။
အချို့က အားပေးကြသော်လည်း အချို့ကမူ မင်ယွဲ့၏ အရည်အချင်းကို သံသယရှိနေကြသည်။ သို့သော် မင်ယွဲ့သည် ထိုအရာများကို ဂရုမစိုက်ဘဲ သူမ၏ အနုပညာ စွမ်းအားကို စတင်ပြသလိုက်သည်။
ရွာလူကြီး ယူဆောင်လာပေးသော လှေကားပေါ်သို့ တက်ကာ မင်ယွဲ့သည် စုတ်တံကို ကျွမ်းကျင်စွာ ကိုင်တွယ်လိုက်သည်။
သူမ၏ လက်ချောင်းများ လှုပ်ရှားလိုက်တိုင်း နံရံပေါ်တွင် သက်ဝင်လှုပ်ရှားသော ပုံရိပ်များ ပေါ်ထွက်လာသည်။ ပထမဆုံး ပုံရိပ်မှာ လူငယ်တစ်ဦးက သက်ကြီးရွယ်အိုတစ်ဦး၏ ကျောကို နှိပ်နယ်ပေးနေသည့် 'မိဘလုပ်ကျွေးခြင်း' ပုံရိပ် ဖြစ်သည်။
"အသက်ရှင်စဉ် ကောင်းမွန်စွာ ပြုစုပါ၊ ကွယ်လွန်သောအခါ ရိုးရှင်းစွာ သင်္ဂြိုဟ်ပါ"
မင်ယွဲ့သည် လက်ရေးလှပညာဖြင့် စာသားကြီး လေးလုံးကို နံရံပေါ်တွင် ရေးထွင်းလိုက်သည်။
ယန်ခိုင်မှာမူ မင်ယွဲ့၏ ကျွမ်းကျင်လှသော စုတ်ချက်များကို ကြည့်ရင်း အံ့အားသင့်ကာ မြေပြင်ပေါ်တွင် သစ်ကိုင်းတစ်ချောင်းဖြင့် လိုက်လံ လေ့ကျင့်နေမိသည်။
မင်ယွဲ့သည် လက်မနားဘဲ နောက်ထပ် အိမ်
တစ်လုံးသို့ ကူးပြောင်းကာ
“ကြိုးစားအားထုတ်မှုက ကြွယ်ဝခြင်းကို ဆောင်၏" ဟူသော စာသားနှင့်အတူ လယ်ယာလုပ်ငန်းခွင်၌ တက်ကြွစွာ အလုပ်လုပ်နေသော ရွာသားများ၏ ပုံရိပ်ကို ဆွဲလိုက်ပြန်သည်။
သူမ၏ လက်ရာများမှာ တကယ့်ကို အံ့မခန်းလှပေသည်။ ရွာသားများ၏ ဘဝနှင့် နီးစပ်သည့် ရိုးသားဖြောင့်မတ်မှု၊ ယဉ်ကျေးစွာ ကိုးကွယ်မှု စသည့် အကြောင်းအရာများကို တစ်ပုံချင်းစီ ပုံဖော်သွားသည်။
ရွာလူကြီးမှာမူ မင်ယွဲ့၏ လက်ရာကို ကြည့်ရင်း မြို့ကြီးပြကြီးမှ လာသူများ၏ အရည်အချင်းမှာ တကယ်ပင် ကွာခြားလှသည်ဟု တအံ့တသြ ရေရွတ်နေမိသည်။
ထို့ပြင် မင်ယွဲ့သည် ရွာ၏ သဘာဝအလှတရားများကို အခြေခံ၍ နွေ၊ မိုး၊ ဆောင်း ရာသီလေးပါး၏ အလှကိုပါ ထည့်သွင်းဆွဲလိုက်သေးသည်။
ဆီးနှံများ ဖုံးလွှမ်းနေသော ရွာကလေး၊ ခွေးခြေရာလေးများ ထင်ကျန်နေသည့် မြေပြင်နှင့် အိမ်ခေါင်မိုးမှ ထွက်ပေါ်နေသော မီးခိုးငွေ့လေးများမှာ မြင်သူတိုင်းကို ရင်သပ်ရှုမောစေတော့သည်။
ထိုပုံရိပ်များကို ကြည့်လိုက်လျှင် မင်ယွဲ့သည် ဤရွာကလေးကို အလွန်ပင် ချစ်မြတ်နိုးကာ စေ့စေ့စပ်စပ် လေ့လာထားသူ တစ်ဦးကဲ့သို့ ထင်မှတ်ရတော့သတည်း။