အခန်း (၂၄၁-၂၄၅)
Vol. 25 Ch. 241-245
အခန်း (၂၄၁) ဝါသနာများ
မင်ယွဲ့သည် မကြာမီ ယန်ကျင်းသို့ ပြန်တော့မည် ဖြစ်ရာ မိသားစုဝင်များမှာ သူမကို မခွဲချင်သော်လည်း ယခင်ကဲ့ သို့ အလွန်အမင်း စိတ်မကောင်း ဖြစ်မနေကြတော့ပါ။
အကြောင်းမှာ ယခုအခါတွင် မင်ယွဲ့သည် ယခင်ကထက် အိမ်သို့ ပြန်လာနိုင်သည့် အခွင့်အရေးများ ပိုမိုများပြားလာပြီး သူမ အလိုရှိသည့် အချိန်တိုင်းတွင်လည်း ပြန်လာနိုင်
သောကြောင့်ပင် ဖြစ်သည်။
"သမီးတို့ ယန်ကျင်းမှာ အဆင်ပြေပြေ နေကြနော်"
မင်ယွဲ့၏ လက်ကလေးကို ဆုပ်ကိုင်ရင်း သူမ၏ မိခင်က မှာကြားနေသည်။
"နားလည်တယ်မလား၊ တစ်ခုခုဆို အိမ်ကို ဖုန်းဆက်ဦး"
မိခင်တစ်ဦး၏ မေတ္တာသည် စီးဆင်းနေသော ရေအိုင်ကဲ့သို့ နူးညံ့သိမ်မွေ့ပြီး ဖခင်တစ်ဦး၏ မေတ္တာမှာမူ တည်ငြိမ်လေးနက်သည့် တောင်ကြီးတစ်လုံးကဲ့သို့ ရှိလှသည်။
မင်ယွဲ့၏ ဖခင်ကလည်း တည်ကြည်
လေးနက်သော လေသံဖြင့် ဆိုသည်။
"အပြင်လောကမှာ သမီး အောင်မြင်နေပြီ ဆိုပေမဲ့လည်း ဒီအိမ်ဟာ သမီးအတွက် အမြဲတမ်း အားကိုးရာ ဖြစ်နေမှာပါ သမီး ပြန်ချင်တဲ့ အချိန်တိုင်း ပြန်လာလို့ ရတယ်"
"ဟုတ်ကဲ့ပါ၊ သမီးတို့ သွားတော့မယ်နော်"
မင်ယွဲ့သည် ခါးလေးကို ကိုင်းညွတ်ကာ သူမ၏ မိခင်ကို ဖက်လိုက်သည်။
"အဘွားနဲ့ အဒေါ်တို့လည်း သွားပြီနော်"
မင်ယွဲ့သည် အားလုံးကို လက်ပြနှုတ်ဆက်ကာ ကားရှေ့ခန်း ခရီးသည်ထိုင်ခုံတွင် ဝင်ထိုင်
လိုက်သည်။ မိုဟန်ကျီသည်လည်း အားလုံးကို နှုတ်ဆက်သည့်အနေဖြင့် ခေါင်းညိတ်ပြပြီးနောက် ကားထဲသို့ ဝင်လာခဲ့သည်။
အိမ်သို့ ပြန်လာရသည့် ခံစားချက်နှင့် အိမ်မှ ပြန်ထွက်သွားရသည့် ခံစားချက်မှာ အမြဲတမ်း ကွာခြားလှသည်။ အိမ်သို့ ပြန်လာသည့် အချိန်တွင် နှလုံးသားမှာ မျှော်လင့်ချက်နှင့် ပျော်ရွှင်မှုများဖြင့် ပြည့်နှက်နေတတ်သော်လည်း အိမ်မှ ခွာရသည့် အချိန်တွင်မူ ဝမ်းနည်းမှုနှင့် လွမ်းဆွတ်မှု အနည်းငယ် ကပ်ပါလာတတ်သည်။
စည်ကားလှသည့် မြင်ကွင်းများမှ ရုတ်တရက် ခွဲခွာလာရသည့် ဟာလာဟင်းလင်း ဖြစ်မှုက သူမကို နေရခက်စေသည်။ မိုဟန်ကျီက စကားမဆိုဘဲ တိတ်ဆိတ်စွာ ကားမောင်းနေသဖြင့် ကားအတွင်းခန်းမှာလည်း အေးဆေးငြိမ်သက်နေသည်။
ကားနောက်ဖုံးထဲတွင်မူ ယန်ကျင်းရောက်လျှင် စားရန်ဆိုကာ မင်မိသားစုက အတင်းထည့်ပေးလိုက်သော ပစ္စည်းများဖြင့် ပြည့်နှက်
နေသည်။
မိသားစုဝင်များ၏ နွေးထွေးလှသော ဂရုစိုက်မှုများကို သယ်ဆောင်ရင်း သူတို့နှစ်ဦးသည် အိမ်နှင့် ဝေးရာသို့ ခရီးစတင်ခဲ့ကြသည်။
သို့သော်လည်း မင်ယွဲ့သည် ဤကဲ့သို့ ခွဲခွာခြင်းမျိုးကို အသားကျနေပြီ ဖြစ်သည်။ သူမသည် အလယ်တန်းကျောင်းသား ဘဝကတည်းက ကျောင်းအဆောင်တွင် နေထိုင်ခဲ့ရသူ ဖြစ်သည်။
ထိုစဉ်က အလယ်တန်းကျောင်းမှာ မြို့ပေါ်တွင် ရှိပြီး နေ့စဉ် အသွားအပြန် လုပ်ရန်မှာ မဖြစ်
နိုင်သောကြောင့်ပင်။
သူမသည် မွေးရာပါ တစ်ကိုယ်တော် ရပ်တည်နိုင်သူ မဟုတ်သော်လည်း လက်တွေ့ဘဝက သူမကို ထိုသို့ ဖြစ်စေခဲ့သည်။
အိမ်နှင့် ဝေးရာတွင် ကြာရှည်စွာ နေထိုင်ခဲ့ရခြင်းကြောင့် သူမအတွက် မိသားစုအပေါ် မှီခိုလိုစိတ်ကို လျှော့ချနိုင်ခဲ့ပြီး လူမှုပတ်ဝန်းကျင်တွင် ကိုယ့်ခြေထောက်ပေါ်ကိုယ် ရပ်တည်နိုင်သည့် စိတ်ဓာတ်ကို ပျိုးထောင်ပေးခဲ့သည်။
ထို့ကြောင့် မင်ယွဲ့၏ ခွဲခွာရမှုအပေါ် ဝမ်းနည်းစိတ်မှာ တိမ်ဖျော့လှသည်။ မိသားစုကြီးနှင့် ရုတ်တရက် ခွဲခွာလိုက်ရသည့် နေရခက်မှုမျှသာ ဖြစ်သည်။ ၎င်းမှာ သူမအနေဖြင့် ရန်ကျင်းတွင် တစ်ယောက်တည်း မနေနိုင်ဟု မဆိုလိုပါ။ သူမတွင် အခြေအနေသစ်နှင့် လိုက်လျောညီထွေ ဖြစ်အောင် ပြောင်းလဲနိုင်စွမ်းနှင့် စိတ်ဓာတ်ကို ပြန်လည် ထိန်းကျောင်းနိုင်စွမ်း အလွန် မြင့်မားသည်။
ရုတ်တရက် ဖုန်းမြည်သံ ထွက်ပေါ်လာခြင်းက ကားအတွင်းရှိ တိတ်ဆိတ်မှုကို ဖြိုခွင်းလိုက်
သည်။
"ကျွန်တော့်အတွက် ဒီဖုန်းလေးကို ကိုင်ပေးလို့ ရမလား"
ကားမောင်းနေစဉ် ဖုန်းမကိုင်ခြင်းက အကောင်းဆုံး ဖြစ်သည့်အပြင် ဘေးတွင်လည်း ကူညီပေးမည့် ချစ်သူ ရှိနေသည် မဟုတ်ပါလား။
"ရတာပေါ့"
မိုဟန်ကျီက အားမနာလျှင် သူမကလည်း ငြင်းစရာ အကြောင်းမရှိပါ။ မင်ယွဲ့သည် ဖုန်းကို ကိုင်လိုက်ပြီး Speaker ဖွင့်ပေးလိုက်သည်။
"ကျိကျိ.. မင်းနဲ့ ယွဲ့ယွဲ့တို့ ဘယ်တော့ ပြန်
ရောက်မှာလဲ"
မိုဟန်ကျီ မိခင်၏ အသံမှာ ဖုန်းထဲမှတစ်ဆင့် ကားအတွင်း ဟိန်းထွက်သွားသည်။ ထို့နောက် တစ်ဖက်မှ ခပ်တိုးတိုး ရယ်သံနှင့်အတူ
တစ်စုံတစ်ခုကို သတိထားမိသွားပုံ ရသည်။
"ယွဲ့ယွဲ့.. သမီး ဖုန်းကိုင်လိုက်တာလား"
"အန်တီ.. သမီးပါ"
မင်ယွဲ့သည် မိုဟန်ကျီကို ကြည့်ကာ ပြုံးလိုက်
သည်။
ဤကဲ့သို့ တည်ကြည်ခန့်ညားပြီး အေးစက်လှသော လူတစ်ယောက်တွင် 'ကျိကျိ' ဟူသည့် ချစ်စဖွယ် အမည်ပြောင် ရှိနေလိမ့်မည်ဟု သူမ လုံးဝ မထင်ထားခဲ့မိပါ။
မိုဟန်ကျီမှာမူ အနည်းငယ် အနေရခက်သွားသည်။ သူ အသိတရား ရကတည်းက ထိုအမည်ကို လက်မခံခဲ့ပါ။ အကြောင်းမှာ ၎င်းသည် မိန်းကလေး အမည်နှင့် အလွန် ဆင်တူနေသောကြောင့်ပင် ဖြစ်သည်။
သို့သော် သူ၏ ကန့်ကွက်မှုများမှာ အရာမထင်ခဲ့ဘဲ သူ၏ မိခင်မှာမူ သူ ငယ်စဉ်က ထိုအမည် ရှိခဲ့သည်ကို မိသားစုဝင်များ မေ့သွားမည် စိုးသည့်
အလား အခါအားလျော်စွာ ခေါ်ဝေါ်လေ့ရှိသည်။
"ယွဲ့ယွဲ့ကိုး.. သမီးတို့ အခု ဘယ်နား ရောက်နေပြီလဲ"
မိုဟန်ကျီ မိခင်၏ အသံမှာ သိသိသာသာ မြင့်
တက်လာသည်။
"သမီးတို့ ထွက်လာတာ မကြာသေးဘူး အန်တီ"
ဟု မင်ယွဲ့က ဆိုသည်။
"ဒါဆိုရင် ဒီညစာကို ဒီမှာပဲ လာစားကြလေ"
မိုဟန်ကျီ၏ မိခင်က ဖိတ်ကြားလိုက်သည်။
မင်ယွဲ့၏ အိမ်မှာ ယန်ကျင်းနှင့် တော်တော်လေး ဝေးသောကြောင့် နေ့လယ်စာ အမှီ ပြန်လာနိုင်ရန် မလွယ်ကူဘဲ ညစာ အချိန်လောက်မှသာ ရောက်ရှိနိုင်မည် ဖြစ်သည်။
မင်ယွဲ့သည် မိုဟန်ကျီကို လှမ်းကြည့်လိုက်ရာ သူက ပြုံးပြလိုက်ပြီး သူမ၏ ဆန္ဒအတိုင်းသာ ဖြစ်စေရန် အချက်ပြလိုက်သည်။
"ဟုတ်ကဲ့ပါ အန်တီ.. ဖိတ်တဲ့အတွက်
ကျေးဇူးတင်ပါတယ်"
လူကြီးများရှေ့တွင် မင်ယွဲ့သည် လိမ်မာယဉ်ကျေးသော မြေးတစ်ဦးအသွင်ကို ဆောင်ထားသည်။
မင်ယွဲ့က သဘောတူလိုက်သည်ကို ကြားသောအခါ မိုဟန်ကျီကလည်း သူမကို လှမ်းကြည့်ကာ ခပ်ပါးပါး ပြုံးလိုက်သည်။
"လမ်းမှာ ဂရုစိုက်လာကြဦးနော်၊ အန်တီ ဖုန်းချလိုက်တော့မယ် ဟန်ကျီ.. ယွဲ့ယွဲ့ကို သေချာ ဂရုစိုက်နော်"
ဖုန်းချသွားပြီးနောက် မင်ယွဲ့သည် အလေးအနက်ထား ကားမောင်းနေသော မိုဟန်ကျီကို စိုက်ကြည့်လိုက်သည်။
သူသည် ကြည့်ကောင်းရုံသာမက ကားမောင်းသည့် ပုံစံမှာလည်း စတိုင်ကျလှသည်။ စတီယာရင်ပေါ်တွင် တင်ထားသော သူ၏ သွယ်လျသည့် လက်ချောင်းများက ကားကို ပို၍ တန်ဖိုးရှိသွားစေသကဲ့သို့ ခံစားရစေသည်။
"ကျိကျိ.. တစ်ခုခု ပြောစရာ ရှိသေးလား"
ဟု မင်ယွဲ့က နောက်ပြောင်လိုက်သည်။
"ယွဲ့ယွဲ့.. ကိုယ် ဘာမှ ပြောစရာ မရှိတော့ပါဘူး"
မမျှော်လင့်ဘဲ ဖုန်းတစ်ချက်ဝင်လာခြင်းက မိုဟန်ကျီကို သူ လက်မခံချင်သော အမည်
ပြောင်ကို ယွဲ့ယွဲ့ မှတ်မိသွားစေခဲ့သည်။
"ဟားဟား.. မင်းမှာ ဒီလို ချစ်စရာကောင်းတဲ့ နာမည်ရှိနေမယ်လို့ မထင်ထားမိဘူး"
မင်ယွဲ့က အားရပါးရ ရယ်မောလိုက်သောအခါ မိုဟန်ကျီ၏ မျက်ခုံးများမှာလည်း အပြုံးရိပ်ဖြင့် တောက်ပလာသည်။
ယွဲ့ယွဲ့ကို ပြုံးအောင် လုပ်ပေးနိုင်ခြင်းမှာ သူ၏အတွက် ကောင်းသောအချက်ဟု သူ ခံစားရသည်။ သူသည် ချစ်စရာကောင်းသည်ဟု ယွဲ့ယွဲ့က ပထမဦးဆုံး ပြောဖူးသော လူကြီးဖြစ်ရာ သူ့တွင် ခံစားချက်ပေါင်းစုံ ဖြစ်ပေါ်နေသည်။
နှစ်ဦးသား စကားစမြည် ပြောဆိုနေခြင်းကြောင့် ကားအတွင်းရှိ လေထုမှာ ပေါ့ပါးပျော်ရွှင်စရာ ဖြစ်နေသည်။
လိုဏ်ဂူတစ်ခုအတွင်း ဖြတ်သန်းသွားစဉ် ရုတ်တရက် မှောင်အတိ ကျသွားပြီး ပြန်လည် လင်းထိန်လာသည့် အခါတွင်မူ လမ်းတစ်လျှောက် ကြားနေရသော ရယ်သံများမှာ တိတ်ဆိတ်သွားသည်။
မိုဟန်ကျီ လှမ်းကြည့်လိုက်ရာ မင်ယွဲ့မှာ ခရီးသည် ထိုင်ခုံတွင် မှီရင်း အိပ်ပျော်သွားသည်ကို တွေ့လိုက်ရသည်။
သူသည် စောင်တစ်ထည်ကို ယူကာ မင်ယွဲ့ကို ညင်သာစွာ ခြုံပေးလိုက်သည်။ မင်ယွဲ့၏ မျက်တောင်လေးများမှာ အနည်းငယ် တုန်ခါသွားပြီးနောက် ပြန်လည် ငြိမ်သက်သွားသည်။ ဘေးနားမှ နူးညံ့လှသော အသက်ရှူသံလေးနှင့်အတူ မိုဟန်ကျီသည် ခရီးဆက်ခဲ့သည်။
အာကာသဟင်းလင်းပြင်ထဲတွင်မူ ယွမ်ပေါ့သည် ကာတွန်းကားများ ကြည့်နေသည်။ ၎င်းသည် ကွန်ဖူးပန်ဒါကားကို ကြည့်ပြီးသွား၍ ယခုအခါ တောဘုရင်ကို ဆက်လက် ကြည့်ရှုနေခြင်း ဖြစ်သည်။
မင်ယွဲ့ ပြန်နိုးလာသည့် အခါတွင် တစ်နာရီခန့် ကြာသွားပြီ ဖြစ်သည်။
"နောက်လာမယ့် ကားနားစခန်းမှာ ခဏရပ်ပေးနော်၊ ကျွန်မ ပြောင်းမောင်းပေးမယ်"
ခေတ္တ အိပ်စက်လိုက်ရသဖြင့် သူမ၏ စိတ်မှာ ကြည်လင်နေသည်ဟု မင်ယွဲ့က ဆိုသည်။ သူမ နိုးလာသည်နှင့် မိုဟန်ကျီ၏ တည်ကြည်သော မျက်နှာမှာ အလိုလို နူးညံ့သွားပြီး ပြုံးယောင်
သန်းလာသည်။
"မလိုပါဘူး"
မိုဟန်ကျီက သူသည် ခရီးဝေး ကားမောင်းရသည့် အခွင့်အရေး ရှားပါးသော်လည်း ညနက်သန်းခေါင်အထိ အလုပ်လုပ်လေ့ရှိသဖြင့် အချိန်ကြာမြင့်စွာ ကားမောင်းခြင်းမှာ သူ့အတွက် ပြဿနာ မဟုတ်ကြောင်း ပြောလိုက်သည်။
"မငြင်းနဲ့တော့၊ ကျွန်မလည်း မောင်းတတ်တာပဲဟာ ရှင်တစ်ယောက်တည်း အကုန်လုံး မောင်းရမှာကို ကျွန်မ ဘယ်ကြည့်နေနိုင်မလဲ"
မင်ယွဲ့၏ ခိုင်မာသော သဘောထားကြောင့် မိုဟန်ကျီ ထပ်မငြင်းတော့ပါ။
သူသည် ရှေ့ရှိ နားနေစခန်းတွင် ကားရပ်ကာ မင်ယွဲ့အတွက် စားစရာနှင့် သောက်စရာအချို့ ဝယ်ပေးလိုက်သည်။ သူတို့နှစ်ဦးသည် ကားမှန်ပြတင်းပေါက်ကို ဖွင့်ကာ ကားထဲတွင် ထိုင်နေကြသည်။ သြဂုတ်၊ စက်တင်ဘာလများ၏ လေပြေမှာ နွေးထွေးနေဆဲ ဖြစ်သည်။
သူတို့နှစ်ဦး နေရာချင်း ပြောင်းထိုင်လိုက်ကြသည်။ ခရီးသည် ထိုင်ခုံတွင် ထိုင်နေသော မိုဟန်ကျီသည်လည်း စားစရာအချို့ စားနေသည်။ မင်ယွဲ့မှာမူ ဟမ်ဘာဂါ တစ်လုံးကို စားရင်း ကိုကာကိုလာ သောက်နေသည်။
"ရှင် ဒါတွေကို စားတတ်လို့လား"
နိုင်ငံခြားတွင် ကျောင်းတက်ခဲ့သူတစ်ဦးဖြစ်သဖြင့် ယခုကဲ့သို့ အနောက်တိုင်း အသင့်စားစရာများကို ကြိုက်နှစ်သက်လိမ့်မည် မဟုတ်ဟု ထင်ထားသဖြင့် မင်ယွဲ့က အံ့သြစွာ မေးလိုက်သည်။
"မကြိုက်ပါဘူး ဒါပေမဲ့ နားနေစခန်းက ထမင်းဘူးတွေက မကောင်းလောက်ဘူးလို့ ထင်လို့၊ ပြီးတော့ မင်းက ဒါမျိုးတွေကို ကြိုက်
မယ် ထင်လို့ပါ"
မိုဟန်ကျီ၏ ခန့်မှန်းချက်မှာ တိကျလှကြောင်း မင်ယွဲ့ ဝန်ခံရပါမည်။
သူမသည် နားနေစခန်းမှ ထမင်းဘူးများထက် ဟမ်ဘာဂါနှင့် အာလူးချောင်းကြော်ကို ပို၍ နှစ်သက်သည်။ သူတို့သည် ခေတ္တမျှ ဗိုက်ဖြည့်ပြီးနောက် လျင်မြန်စွာပင် ခရီးပြန်စခဲ့ကြသည်။
မင်ယွဲ့ ကားမောင်းနေသော်လည်း မိုဟန်ကျီမှာ ပတ်ဝန်းကျင်ကို မည်သို့ မြိုင်မြိုင်ဆိုင်ဆိုင် ဖြစ်အောင် လုပ်ရမည်ကို မသိဖြစ်နေသည်။
ခရီးဝေးသွားလျှင် ဘေးတွင် တစ်စုံတစ်ယောက် ရှိနေသင့်သည်ဟု အားလုံးက အကြံပြုကြခြင်းမှာ အကြောင်းမဲ့ မဟုတ်ကြောင်း သူ အခုမှ နားလည်သွားသည်။ သို့မဟုတ်လျှင် အလွန် ပျင်းစရာ ကောင်းလှသည်။
"ယွဲ့ယွဲ့.. မင်းမှာ ဘယ်လို ဝါသနာတွေ ရှိလဲ"
နောက်ဆုံးတွင် မိုဟန်ကျီသည် ပြောစရာ စကားတစ်ခွန်းကို ရှာတွေ့သွားသည်။ မင်ယွဲ့မှာမူ ထရယ်တော့သည်။
"ရှင့်ရဲ့ အလေးအနက်ထားပြီး မေးတဲ့မေးခွန်းက ဘယ်လို အသံထွက်နေလဲ သိလား"
မိုဟန်ကျီက မင်ယွဲ့၏ ဘေးတိုက်မျက်နှာလေးကို နားမလည်နိုင်သော အမူအရာဖြင့် ကြည့်လိုက်
သည်။
"ကျွန်မရဲ့ အလယ်တန်း အင်္ဂလိပ်စာ ဆရာမလိုပဲ၊ ကျွန်မတောင် အလိုလိုနေရင်း 'My favorite hobbies are...' ဆိုပြီး ပြန်ဖြေမိတော့မလို့"
အခန်း (၂၄၂) သေးငယ်သော ပျော်ရွှင်မှုများ
မင်ယွဲ့၏ ပလုံစီနေသော အင်္ဂလိပ်စာ အသံထွက်ကို ကြားလိုက်ရချိန်တွင် မိုဟန်ကျီမှာ သူမ၏ လေယူလေသိမ်း စံနှုန်းမီ မမီကို အကဲခတ်ရန် အချိန်မရလိုက်ပါ။ ထိုအစား သူ စကားစပ်လိုက်ပုံ မှားသွားလေသလားဟုသာ နောင်တရနေမိသည်။
သူ လေ့လာရန် လိုအပ်နေသေးသည်။ သူ၏ လက်ထောက် လင်ကျင်း အကြံပေးထားသော
"ဇနီးလောင်း လိုက်လံပိုးပန်းနည်း နိယာမများ"
နှင့် "အချစ်နယ်ပယ်ရှိ အမျိုးသားများအတွက် မြင့်မားသော နှလုံးရည်ဖြင့် စကားပြောဆိုနည်း" စသည့် စာအုပ်များကို ပြန်ဖတ်ရလျှင် ကောင်းမလားဟုပင် စဉ်းစားနေမိသည်။
မင်ယွဲ့သည် ရယ်မောပြီးနောက် မိုဟန်ကျီ၏ မေးခွန်းကို ပစ်ပယ်မထားခဲ့ပါ။ အကြောင်းအရာမှာ အလွန်အမင်း စိတ်လှုပ်ရှားဖွယ် မကောင်းသော်လည်း မင်ယွဲ့ကမူ သူ့ကို အလေးအနက် ပြန်လည် ဖြေကြားခဲ့သည်။
"ကျွန်မမှာ ဝါသနာတွေ အများကြီး ရှိတယ်၊ ဥပမာ ပန်းချီဆွဲတာ၊ တေးသီချင်း စပ်တာနဲ့ ပန်းထိုးတာမျိုးပေါ့"
သူမသည် အခြားသော စွမ်းရည်များကို ထုတ်မပြောဘဲ လက်ရှိ ပြင်ပလောကသို့ ချပြထားသည့် အရာများကိုသာ ပြောပြလိုက်ခြင်း ဖြစ်သည်။
"အားလုံးက အရမ်းကောင်းတာပဲ"
မိုဟန်ကျီသည် အတော်ကြာအောင် စဉ်းစားပြီးနောက်တွင်မှ အဓိပ္ပာယ် သိပ်မရှိလှသော ချီးမွမ်းစကားတစ်ခွန်းကိုသာ ခက်ခက်ခဲခဲ ပြောနိုင်
ရှာသည်။
'ဒါပဲလား' ဟု မင်ယွဲ့ စိတ်ထဲက ကျိတ်၍ ရယ်မိသည်။ သူ၏ တည်ကြည်လွန်းသော အမူအရာက သူမ၏ စိတ်ကူးယဉ်မှုများကို ရိုက်ချိုးလိုက်သည့် မြင်ကွင်းကို သူမ သဘောကျလှသည်။
"မင်းရဲ့ ဝါသနာတွေက ဘာပဲဖြစ်ဖြစ်၊ ဒါဟာ မင်း ဘဝကို မြတ်နိုးတယ်ဆိုတာကို ပြနေတာပဲစိတ်သွားတိုင်း ကိုယ်ပါသာ လုပ်ဆောင်ပါ၊ ကိုယ်ကတော့ မင်းနဲ့အတူ လမ်းတစ်လျှောက်က ရှုခင်းတွေကို ကြည့်ရှုပြီး မင်းနဲ့အတူ ပျော်ရွှင်မှုကို ခံစားသွားမှာပါ"
ဤစကားကို ကြားလိုက်ရသောအခါ မင်ယွဲ့ အံ့အားသင့်သွားရသည်။ သူမသာ ကားမောင်းနေခြင်း မဟုတ်ပါက သူ့ကို သေချာ စိုက်ကြည့်မိမည်မှာ အသေအချာပင်။
သူသည် တကယ်ကို ထူးဆန်းသော လူတစ်ယောက် ဖြစ်သည်။ တစ်ခါတစ်ရံတွင် နုပျိုသော အချစ်စိတ်များ ထကြွနေသည့် အထက်တန်းကျောင်းသားတစ်ဦးကဲ့သို့ ရိုးအင်နေတတ်ပြီး၊ ယခုကဲ့သို့ အချိန်မျိုးတွင်မူ အချစ်ရေး အတွေ့အကြုံ ရင့်ကျက်လှသော ဝါရင့်ပုဂ္ဂိုလ်တစ်ဦးကဲ့သို့ ရိုမန့်တစ်ဆန်လှသော စကားချိုများကို ဆိုတတ်ပြန်သည်။
အကယ်၍ လမင်းသာ မြင်နိုင်စွမ်း ရှိမည်ဆိုပါက မိုဟန်ကျီ၏ မျက်ဝန်းအစုံတွင် စစ်မှန်သော ရိုးသားမှုများ ပြည့်နှက်နေသည်ကို တွေ့ရပေလိမ့်မည်။
"ရှင့်ရဲ့ ဝါသနာနဲ့ စိတ်ဝင်စားမှုတွေကရော ဘာတွေလဲ"
ဟု မင်ယွဲ့က ပြုံးလျက် မေးလိုက်သည်။
မိုဟန်ကျီက မေးခွန်းကို မဖြေဘဲ ခေါင်းမော့ကာ ကြည့်လိုက်သော်လည်း မင်ယွဲ့ကမူ သူ့ကို လှည့်မကြည့်ဘဲ သူ ဘာတွေးနေသည်ကို သိနေသည့်
အလား ဆက်ပြောသည်။
“ဘာလဲ.. ရှင်ကတော့ ကျွန်မအကြောင်း သိခွင့်ရှိပြီး ကျွန်မကျတော့ ရှင့်အကြောင်း သိခွင့်မရှိဘူးလား"
မိုဟန်ကျီ၏ မူလရည်ရွယ်ချက်မှာ ကားမောင်းနေစဉ် ပျင်းရိမနေစေရန် လေထုကို မြိုင်ဆိုင်အောင် လုပ်ဆောင်ခြင်း ဖြစ်သော်လည်း သူမ၏ ဝါသနာများကို မေးမြန်းခြင်းမှာ သူမကို ပို၍ နက်နက်ရှိုင်းရှိုင်း နားလည်လိုသော ဆန္ဒ ရှိနေခြင်းကြောင့် ဖြစ်ကြောင်း ထင်ရှားလှသည်။
"ကောင်းပါပြီ"
မိုဟန်ကျီသည် ပွင့်လင်းလွတ်လပ်စွာ ရယ်မောလိုက်သည်။ အသံထွက်၍ ရယ်ခြင်းမဟုတ်သော်လည်း သူ၏ နှုတ်ခမ်းအစုံမှာ သိသိသာသာ ပြုံးယောင်သန်းနေသည်။
"ကိုယ်ကတော့ ငယ်ငယ်ကတည်းက ပီယာနိုတီးတာ၊ မြင်းစီးတာတွေကို သင်ခဲ့ရတယ်၊ ပြီးတော့ ရွက်လှေနဲ့ ရဟတ်ယာဉ်တွေကိုလည်း မောင်းတတ်တယ်.."
မင်ယွဲ့သည် နားထောင်ရင်း ပို၍ အံ့သြသွားရသည်။ သူသည် ထင်ရှားကျော်ကြားသော မိသားစုကြီးမှ ဆင်းသက်လာသူပီပီ ငယ်စဉ်ကတည်းက အသိပညာ ဗဟုသုတများစွာကို မည်မျှအထိ ဆည်းပူးခဲ့ရသနည်းဟုသာ အံ့သြဘနန်း ဖြစ်မိတော့သည်။
ရုပ်သံဇာတ်လမ်းတွဲများထဲမှ မိသားစုများ စီးပွားပျက်ကာ လမ်းဘေးရောက်သွားကြသည့် ဇာတ်ကွက်များကို သူမ လုံးဝ မယုံကြည်တော့ပါ။
မိသားစု၏ ကာကွယ်မှုအောက်တွင် အရင်းအမြစ်များကို အသုံးပြု၍ အဆင့်နှစ်ဆင့်ခန့်အထိသာ ကြိုးစားသင်ယူခဲ့လျှင်ပင် ထိုကဲ့သို့ ဆိုးရွားသော အခြေအနေမျိုးသို့ ရောက်ရှိသွားစရာ အကြောင်းမရှိပေ။
"ကုလားအုတ်ဟာ ပိန်သွားရင်တောင် မြင်းထက်တော့ ကြီးနေသေးတယ်"
ဟူသော ရှေးစကားပုံမှာ မှန်ကန်လှပေသည်။
မိသားစု အခြေအနေ ကျဆင်းသွားနိုင်သော်လည်း မြင့်မြတ်သော လူမှုပတ်ဝန်းကျင်သို့ တက်လှမ်းစဉ် ရရှိခဲ့သော အမြင်များနှင့် ဗဟုသုတများမှာ ကျန်ရှိနေမည်သာ ဖြစ်သည်။
စီးပွားပျက်၍ ငွေကြေးမရှိတော့လျှင်ပင် သင်ယူထားသော အရည်အချင်းများမှာ ပျောက်ကွယ်မသွားပါ။ အကယ်၍ မိတ်ဆွေအပေါင်းအသင်းများနှင့် ဆက်ဆံရေး ကောင်းမွန်ပါက အနည်းဆုံးတော့ အဆက်အသွယ်နှင့် အရင်းအမြစ်အချို့ ကျန်ရှိနေဦးမည် ဖြစ်သည်။
ထို့ကြောင့် ဇာတ်လမ်းတွဲများထဲမှ စီးပွားပျက်၍ လမ်းဘေးရောက်ရခြင်းမှာ ထိုသူ၏ မစွမ်းဆောင်နိုင်မှုကြောင့်သာ ဖြစ်ပေလိမ့်မည်။
"ရှင် မြေတူးစက်ရော မောင်းတတ်လား"
ဟု မင်ယွဲ့က ရုတ်တရက် မေးခွန်းထုတ်လိုက်
သည်။
"အဲဒါတော့.. မမောင်းတတ်ဘူး၊ ဒါပေမဲ့ မင်းက မြေတူးစက်မောင်းတတ်တဲ့ ရည်းစားမျိုး လိုချင်တယ်ဆိုရင်တော့ ကိုယ် အခုချက်ချင်း သွားသင်လိုက်ပါ့မယ်"
မိုဟန်ကျီသည် မင်ယွဲ့၏ ခုန်ပျံနေသော စကားပြောပုံများကို တဖြည်းဖြည်း အသားကျလာပြီး စကားနောက် ဟာသပင် လိုက်ပြောတတ်လာသည်။
"ဟားဟား.. ဒါဆိုရင် အခုကစပြီး ရှင့်ကို မြေတူးစက်မောင်းတဲ့ ကျွန်မရဲ့ ရည်းစားလို့ ခေါ်ရမလား၊ ဒါမှမဟုတ် အာဏာရှင် စီအီးအို ရည်းစားကြီးလို့ ခေါ်ရမလား"
မင်ယွဲ့က စနောက်လိုက်သည်။
"မင်းက 'ကိုယ့်ရဲ့ အချစ်ဆုံး ရည်းစားလေး' လို့ ခေါ်တာကိုပဲ ပိုသဘောကျမိမှာပါ"
မိုဟန်ကျီသည် ထိုသို့ပြောပြီးနောက် စီးပွားရေး ဆွေးနွေးပွဲတစ်ခုတွင် အောင်နိုင်လိုက်သည်
ထက်ပင် ပို၍ ပျော်ရွှင်နေမိသည်။
လက်ထောက် လင်ကျင်းကတော့ တော်တော်လေး အသုံးဝင်သားပဲဟု သူ တွေးလိုက်မိသည်။
သူသည် လင်ကျင်းနှင့် ဤအခြေအနေများကို တိုင်ပင်ဖူးသည်။ အကယ်၍ မင်း၏ ချစ်သူက အမည်ပြောင်များ ရွေးခိုင်းလျှင် ဤအမည်ကိုသာ ရွေးပါ၊ သူမက မင်းကို သစ္စာရှိပြီး ဟာသဉာဏ်ရှိသူဟု ထင်မြင်သွားလိမ့်မည်ဟု လင်ကျင်းက အကြံပေးခဲ့ခြင်း ဖြစ်သည်။
သူသည် စစ်မှန်သော သစ္စာရှိသူ ဖြစ်သော်လည်း ဟာသဉာဏ်မှာမူ အတုအယောင်မျှသာ ရှိသေးသည်။ သို့သော် တစ်ခါ သင်ယူပြီးသွားလျှင်မူ ၎င်းမှာ သူ၏ အရည်အချင်း ဖြစ်သွားပြီ မဟုတ်ပါလား။
"ဟားဟား.. ရှင့်ရဲ့ မျက်နှာက ဘာလို့ တစ်နေ့တစ်နေ့ ပိုပြီး မျက်နှာပြောင်လာရတာလဲ"
ဟု မင်ယွဲ့က ရယ်မောလျက် ဆိုသည်။
"မျက်နှာပြောင်တဲ့သူမှ ချစ်သူ ရနိုင်တာလေ"
ဒါကလည်း လက်ထောက် လင်ကျင်း ပြောပြထားသည့် စကား ဖြစ်သည်။
“သံမဏိလို မာကျောတဲ့ အမျိုးသမီး ဖြစ်ပါစေ၊ ဇွဲနပဲနဲ့ လိုက်ရင် ရနိုင်ပါတယ်"
ဟူ၍ ဖြစ်သည်။
တစ်ဖက်လူက မိမိကို မမုန်းတီးဘဲ လူပျို၊ အပျို ဖြစ်နေသရွေ့ သူမကို မထိခိုက်စေဘဲ မည်သည့်နည်းလမ်းဖြင့်မဆို ဝန်းရံသိမ်းပိုက်နိုင်သည်ဟု ဆိုလိုခြင်း ဖြစ်သည်။
"ဒါဆိုရင် ကျွန်မလို မိန်းကလေးကို ချစ်သူအဖြစ် ရဖို့ ရှင့်မျက်နှာ ဘယ်လောက်အထိ ထူသလဲဆိုတာ စောင့်ကြည့်ရမှာပေါ့"
နှစ်ဦးသားမှာ ပေါ့ပါးစွာ စကားပြောဆိုရင်း ကားမောင်းရသည်မှာ မပင်ပန်းတော့ဘဲ အချိန်များမှာလည်း လျင်မြန်စွာ ကုန်ဆုံးသွားသည်။
လမ်းတစ်လျှောက်လုံး ယွမ်ပေါ့ တိတ်ဆိတ်နေခြင်းကို မင်ယွဲ့ ထူးဆန်းနေမိသည်။ ၎င်းမှာ အလွန်ပင် ယုတ္တိမရှိလှပါ။
“ယွမ်ပေါ့”
မင်ယွဲ့ လှမ်းခေါ်လိုက်သော်လည်း မည်သည့် တုံ့ပြန်မှုမျှ မရှိပါ။
ညက ယွမ်ပေါ့မှာ အလွန် ဆူညံလွန်းသဖြင့် သူမက ပိတ်ထားခဲ့မိသည်ကို သတိရသွားသည်။ ထို့ကြောင့် သူမဘက်မှ ယွမ်ပေါ့နှင့် အဆက်အသွယ် ဖြတ်ထားခဲ့ခြင်း ဖြစ်သည်။
ယွမ်ပေါ့က သူမ၏ အသံကို ကြားနိုင်သော်လည်း သူမကမူ ယွမ်ပေါ့၏ အသံကို မကြားနိုင်ပါ။
မင်ယွဲ့သည် ယွမ်ပေါ့ကို ချက်ချင်း ပြန်လည် ဖွင့်ပေးလိုက်သည်။
“ယွမ်ပေါ့”
မင်ယွဲ့ ထပ်မံ ခေါ်လိုက်သော်လည်း တုံ့ပြန်မှု မရှိသေးပါ။ သူမသည် နောက်ဆုံးတစ်ကြိမ် ထပ်ခေါ်ရန် ဆုံးဖြတ်လိုက်ပြီး တုံ့ပြန်မှု မရှိပါက လက်လျှော့တော့မည် ဖြစ်သည်။
“ယွမ်ပေါ့”
တတိယအကြိမ် ခေါ်ဆိုသံ အဆုံးတွင်မူ ယွမ်ပေါ့၏ မကျေနပ်ချက်များမှာ သူမ၏ စိတ်ထဲသို့ အလုံးအရင်းနှင့် ဝင်ရောက်လာတော့သည်။
“ညစ်ပတ်တဲ့ ယွဲ့ယွဲ့၊ ဆိုးလိုက်တဲ့ ယွဲ့ယွဲ့၊ နင် ငါ့ကို တကယ်ကြီး ပိတ်ထားရက်တယ်၊ အကြာကြီးပဲ”
မင်ယွဲ့မှာ အားနာသွားရသည်။
အဓိကမှာ မနေ့ညက အလွန် နောက်ကျနေပြီဖြစ်၍ သူမ အိပ်ပျော်တော့မည့် အချိန်တွင် ယွမ်ပေါ့က ကုတင်ဘေးတွင် ထိုင်ကာ ကာတွန်းကားကြည့်ရင်း ဇာတ်လမ်းအကြောင်းများကို သူမနှင့် ဆွေးနွေးချင်နေသောကြောင့် ဖြစ်သည်။
သူမ အလွန်ပင်ပန်းနေသဖြင့် သူ့ကို အာကာသသိုလှောင်ခန်း ထဲသို့ ထည့်ပိတ်ထားလိုက်ခြင်း ဖြစ်သည်။
“မနေ့ညက ငါ့ကို ဘယ်သူ နှောင့်ယှက်တာလဲ”
ဟု မင်ယွဲ့က ပြန်ပြောလိုက်သည်။
“အို.. ငါ့ရဲ့ အရှင်သခင်က ငါ့ကို ဂရုမစိုက်တော့ဘူးပေါ့ သနားစရာကောင်းတဲ့ ယွမ်ပေါ့လေး၊ လယ်ကွင်းထဲက ဂေါ်ဖီထုပ်လေး ဝါသွားသလိုပဲ၊ သူက နှစ်နှစ်၊ သုံးနှစ်သားကတည်းက အမေ မရှိတော့တာ…..”
မင်ယွဲ့မှာ မရယ်ဘဲ မနေနိုင်တော့ပါ။
“ကဲပါ.. ကဲပါ.. ငါ တောင်းပန်ပါတယ်”
သူမတွင် စည်းကမ်း မရှိခြင်း မဟုတ်ဘဲ ယွမ်ပေါ့လေးက အလွန် ချစ်စရာကောင်းနေသောကြောင့်ပင် ဖြစ်သည်။
“ငါ ကာတွန်းကားတွေအကြောင်း ပြောပြရင် နင် သေသေချာချာ နားထောင်မှာလား”
ယွမ်ပေါ့က မျှော်လင့်ချက်အပြည့်ဖြင့် မေးလိုက်သော်လည်း မင်ယွဲ့ကမူ အခက်တွေ့သွားသည်။
သူမက ယွမ်ပေါ့ကို စကားမပြောခိုင်းခြင်း မဟုတ်ဘဲ၊ ယွမ်ပေါ့သည် ဇာတ်လမ်းကို ဆွေးနွေးရုံသာမက ဇာတ်လမ်းကို ကြိုပြောတတ်
သောကြောင့် ဖြစ်သည်။
၄င်းသည် ကာတွန်းကားတစ်ကားကို အထပ်ထပ်အခါခါ ကြည့်ပြီးနောက်တွင် ဇာတ်ကောင်တိုင်း၏ စကားလုံးများကိုပင် အာဂုံဆောင်နိုင်သည်အထိ ဖြစ်နေသည်။
မင်ယွဲ့မှာ တကယ်ပင် လက်လျှော့ရတော့မည်။
“ဟွန်း.. ၁၀ မိနစ်လောက် လမ်းခွဲကြရအောင်၊ နင့်ကို စကားမပြောတော့ဘူး”
ယွမ်ပေါ့က စိတ်ကောက်ကာ အဆက်အသွယ် ဖြတ်လိုက်သော်လည်း ၎င်းမှာ ဟန်ပြမျှသာ ဖြစ်ပြီး အမှန်တကယ်တွင်မူ အချည်းနှီး ဖြစ်သည်။
မင်ယွဲ့နှင့် ချိတ်ဆက်မှုကို ယွမ်ပေါ့က မည်မျှပင် မတရားဟု ညည်းညူပါစေ၊ ၎င်းမှာ စနစ်၏ လုပ်ဆောင်ပုံ ဖြစ်သည်။ သို့သော် မင်ယွဲ့ကမူ ၎င်း၏ ဆန္ဒကို လေးစားသောအားဖြင့် ထိုအချိန်တွင် အတင်းအကျပ် ဆက်သွယ်ခြင်း မပြုခဲ့ပါ။
မင်ယွဲ့ စကားမပြောဘဲ ငြိမ်နေသည်ကို မြင်သောအခါ မိုဟန်ကျီက သူ ခုနက ပြောလိုက်သော စကားများကြောင့် သူမ စိတ်ဆိုးသွားသည်ဟု ထင်မှတ်နေသည်။
"ခုနက ကိုယ်ပြောတဲ့ စကားတွေကို မင်း မကြိုက်လို့လား"
"ဘာကိုလဲ"
မင်ယွဲ့က နားမလည်နိုင်ဘဲ ပြန်မေးသည်။
မိုဟန်ကျီမှာ သူ မှားသွားကြောင်း သိလိုက်ရသည်။
"ဘာမှမဟုတ်ပါဘူး"
"ရှင်က 'ကျွန်မရဲ့ အချစ်ဆုံး ရည်းစားလေး' လို့ ပြောတာကိုလား၊ ဒါမှမဟုတ် 'မျက်နှာပြောင်မှ ချစ်သူရမယ်' ဆိုတာကိုလား"
ဟု မင်ယွဲ့က ပြုံးလျက် မေးလိုက်သည်။
"ကျွန်မရဲ့ အချစ်ဆုံး ရည်းစားလေးက ဘာလို့ ကျွန်မ စိတ်ဆိုးမယ်လို့ ထင်နေရတာလဲ ဒါတွေက ကျွန်မတို့ကြားက စနောက်နေတာတွေပဲ မဟုတ်ဘူးလား"
မင်ယွဲ့၏ စကားကြောင့် မိုဟန်ကျီ၏ နားရွက်များမှာ နီရဲသွားပြီး ထိုအနီရောင်မှာ တစ်ကိုယ်လုံးသို့ ပျံ့နှံ့သွားပုံရသည်။
သူ၏ တည်ကြည်သော မျက်နှာမှာ "အချစ်ဆုံး ရည်းစားလေး" ဟူသော စကားတစ်ခွန်းကြောင့် ရှက်သွေးဖြာသွားရသည်။
မိုဟန်ကျီထံမှ အသံ တစ်ခဏမျှ တိတ်ဆိတ်သွားသဖြင့် မင်ယွဲ့ လှမ်းကြည့်လိုက်ရာ သူ၏ နီရဲနေသော နားရွက်များကို မြင်ပြီး ရယ်မောလိုက်
တော့သည်။
"ကျွန်တော့်ရဲ့ အချစ်ဆုံး ချစ်သူလေး.. ဒီည ညစာကို အိမ်ဟောင်းမှာပဲ သွားစားကြရင် ဘယ်လိုလဲ"
သူ၏ မိခင်က ဖိတ်ကြားထားပြီး ဖြစ်သော်လည်း မိုဟန်ကျီသည် တရားဝင် ထပ်မံ ဖိတ်ကြားလိုက်ခြင်း ဖြစ်သည်။
သူ ဤမျှ မြန်မြန်ဆန်ဆန် ပြန်လည် တည်ငြိမ်သွားပြီး စကားပြန်လှည့်နိုင်လိမ့်မည်ဟု မင်ယွဲ့ မထင်ထားခဲ့ပါ။ ခုနက သူ၏ ရှက်ကိုးရှက်ကန်း ဖြစ်နေသော ပုံစံလေးကို သူမ တကယ်ပင် သဘောကျမိပါသည်။
အခန်း (၂၄၃) မနက်ဖြန်မှ တွေ့ကြတာပေါ့
"ကောင်းပါပြီရှင်"
မိုဟန်ကျီ၏ မိခင်ကို ကတိပေးထားပြီး ဖြစ်
သဖြင့် မင်ယွဲ့သည် ငြင်းဆန်ခြင်း မပြုတော့ပါ။
"ရှင် ခဏလောက် မှေးလိုက်ဦးလေ၊ ကျွန်မဘာသာ မောင်းနိုင်ပါတယ်"
ကားထဲတွင် အချိန်ကြာမြင့်စွာ ထိုင်နေရခြင်းမှာ ပင်ပန်းနွမ်းနယ်မှုကို ဖြစ်စေသဖြင့် ခေတ္တမျှ အနားယူရန် မင်ယွဲ့က တိုက်တွန်းလိုက်သည်။
သို့သော်လည်း မိုဟန်ကျီမှာမူ ခရီးတစ်လျှောက်လုံး မျက်လုံးမမှိတ်ခဲ့ပါ။ သူသည် မင်ယွဲ့ကို ကြည့်လိုက်၊ စကားစမြည် ပြောလိုက်ဖြင့်သာ အချိန်ကုန်လွန်စေခဲ့သည်။ သူတို့နှစ်ဦးအတွက်မူ ခရီးလမ်းမှာ ယခင်ကထက် ပို၍ လျင်မြန်စွာ ကုန်ဆုံးသွားသကဲ့သို့ ခံစားရသည်။
ကားကလေးသည် မိုမိသားစု နေအိမ်ဝင်းအတွင်းသို့ ဆိုက်ရောက်လာသောအခါ လုံခြုံရေးဝန်ထမ်းက တံခါးကို ချက်ချင်း ဖွင့်ပေးလိုက်သည်။ မိုဟန်ကျီ၏ မိခင်နှင့် အဘွားဖြစ်သူတို့မှာ အိမ်ရှေ့အထိ ထွက်၍ ကြိုဆိုနေကြသည်။
"ယွဲ့ယွဲ့ ရောက်လာပြီပဲ၊ မြန်မြန် ဝင်ခဲ့ကြ"
ကားရပ်လိုက်သည်နှင့် မိုမိသားစု၏ မိခင်ဖြစ်သူသည် ကားရှေ့ခန်း ခရီးသည်ထိုင်ခုံရှိရာသို့ အလျင်အမြန် သွားရောက်ခဲ့သော်လည်း ထွက်လာသူမှာ မင်ယွဲ့ မဟုတ်ဘဲ သူမ၏ သားကြီး ဖြစ်နေသဖြင့် အံ့အားသင့်သွားရသည်။
"ဟယ်.. မင်းပါလား၊ ဘာလို့ ယွဲ့ယွဲ့ကို ကားမောင်းခိုင်းရတာလဲ"
သားဖြစ်သူ၏ လုပ်ရပ်မှာ လူကြီးလူကောင်း မဆန်ဟု ယူဆကာ မိုအန်တီက မကျေမချမ်း ဆိုသည်။ အဘွားဖြစ်သူကလည်း အနားသို့ တိုးလာသည်။ မင်ယွဲ့ ကားမောင်းသူနေရာမှ ဆင်းလာချိန်တွင် သူမကို စိုက်ကြည့်နေသော လူသုံးယောက်ကို တွေ့လိုက်ရသည်။
"အန်တီမို.. အဘွား”
ဟု မင်ယွဲ့က ပြုံးလျက် နှုတ်ဆက်လိုက်သည်။
မင်ယွဲ့ကို မြင်လိုက်ရသည်နှင့် မိုအန်တီနှင့် အဘွားတို့၏ မျက်နှာမှာ ချက်ချင်းပင် ဝင်းပသွားပြီး အပြုံးများကို မဖုံးဖိနိုင်တော့ပါ။ ထိုစဉ် မိုဟန်ကျီမှာမူ လူအုပ်ထဲမှ ထွက်ကာ ကားနောက်ဖုံးရှိ အထုတ်အပိုးများကို သယ်ရန် ပြင်ဆင်
နေသည်။
"ဟန်ကျီ.. ကားထဲက ပစ္စည်းတွေ အကုန်ထုတ်ခဲ့ဦးနော်"
မိုအန်တီနှင့် အဘွားတို့၏ နွေးထွေးသော ဆက်ဆံမှုကို ခံယူနေရင်း မင်ယွဲ့က တိတ်တဆိတ် ပစ္စည်းသယ်နေသော မိုဟန်ကျီကို လှမ်း၍ ပြောလိုက်သည်။
မင်မိသားစုက ဒေသထွက် လက်ဆောင်ပစ္စည်း အများအပြား ထည့်ပေးလိုက်ခြင်းမှာ မင်ယွဲ့အတွက်သာမက မိုမိသားစုအတွက်ပါ ရည်ရွယ်
ခြင်း ဖြစ်သည်။
ဤတစ်ခေါက်တွင် မင်ယွဲ့၏ မိဘများက စေတနာအပြည့်ဖြင့် ဒေသထွက် စားသောက်ဖွယ်ရာများကို ကိုယ်တိုင် ပြုလုပ်ပေးလိုက်ရုံမျှမက အဖိုးတန် လက်ဆောင်ပစ္စည်းများကိုလည်း ရက်ရက်ရောရော ထည့်ပေးလိုက်ကြသည်။
မိုဟန်ကျီသည် တစ်ယောက်တည်း အလုပ်ရှုပ်နေကာ ကားနောက်ဖုံးမှ ပစ္စည်းများကို အိမ်ထဲသို့ အခေါက်ခေါက်အခါခါ သယ်ယူနေရသည်။ မင်ယွဲ့က ကူညီရန် ပြင်သော်လည်း မိုအန်တီက သူမ၏ လက်ကို ဆွဲထားလိုက်သည်။
"သူ့ဘာသူ သယ်ပါစေ၊ ရပါတယ် တို့တွေ အိမ်ထဲဝင်ရအောင်"
အိမ်ထိန်းကလည်း မင်ယွဲ့တို့ ပြန်ရောက်သည်နှင့် သစ်သီးများကို လှီးဖြတ်ကာ ဧည့်ခံသည်။
မိုဟန်ကျီသည် ပစ္စည်းများ သယ်ယူပြီးနောက် မင်ယွဲ့၏ ဘေးတွင် လာရောက် ထိုင်လိုက်သည်။
မိုအန်တီသည် မင်ယွဲ့နှင့် မိုဟန်ကျီတို့ကို အကဲခတ်ကြည့်ရာ နှစ်ဦးသား ဆင်တူဝတ်စုံ ဝတ်ထားသည်ကို သတိထားမိသွားသည်။
အနက်ရောင် တီရှပ်ဝတ်ထားသော သူမ၏ သားမှာ ယနေ့တွင် အလွန် နုပျိုခန့်ညားနေသည်။ အဖြူရောင် တီရှပ်ဝတ်ထားသော မင်ယွဲ့နှင့် ကြည့်လိုက်လျှင် ကျောင်းဝင်းထဲမှ ချစ်သူမောင်နှံကဲ့သို့ ထင်မှတ်ရသည်။
မင်ယွဲ့သည် သစ်သီးပန်းကန်ထဲမှ ပန်းသီးတစ်စိတ်ကို ယူကာ မိုဟန်ကျီကို ကမ်းပေးလိုက်သည်။ မိုဟန်ကျီက တစ်ချက် ကိုက်လိုက်ရာ ချိုမြိန်သော အရသာက လျှာပေါ်တွင် ပျံ့နှံ့သွားသည်။ သူတို့နှစ်ဦး၏ သဟဇာတ ဖြစ်မှုကို ကြည့်ကာ မိုအန်တီမှာ ကျေနပ်စွာ ပြုံးနေမိသည်။
စကားပြောနေစဉ်အတွင်း မိုဟန်ကျီသည် မင်ယွဲ့အတွက် သလဲသီးစေ့များကို သေသေချာချာ နွှာပေးနေသည်။ မင်ယွဲ့သည် သလဲသီး ကြိုက်သော်လည်း နွှာရသည်ကို ပျင်းသူ ဖြစ်သည်။
"ကျေးဇူးပဲနော်"
ဟု မင်ယွဲ့က တိုးတိုးလေး ဆိုသည်။
"ရပါတယ်"
ဟု မိုဟန်ကျီက မျက်လွှာချကာ ပြန်ဖြေပြီးနောက် သလဲသီးများကို ဆက်လက် နွှာပေးနေပြန်သည်။
မိုအန်တီနှင့် အဘွားတို့ကတော့ ထိုမြင်ကွင်းကို ကြည့်ကာ မျက်ခုံးပင့်လျက် သဘောကျနေကြသည်။
"ယွဲ့ယွဲ့ ရောက်နေပြီလား"
အိမ်ထဲသို့ မဝင်မီကပင် မိုအန်ကယ်သည် အိမ်ထဲမှ ရယ်မောသံများကို ကြားနေရသည်။
"နေကောင်းလား အန်ကယ်"
မင်ယွဲ့က ယဉ်ကျေးစွာ ထုတ်နှုတ် နှုတ်ဆက်သည်။ ညစာ စားချိန်ရောက်သဖြင့် အားလုံး စားပွဲတွင် နေရာယူကြသည်။ မိုဟန်ကျီသည် မင်ယွဲ့အတွက် ပုစွန်များကို အခွံနွှာပေးနေသည်။ မင်ယွဲ့သည် ဤကဲ့သို့ နွေးထွေးသော မိသားစု လေထုထဲတွင် ပျော်ရွှင်စွာ ညစာ သုံးဆောင်ခဲ့သည်။
ညစာ စားပြီးနောက် မိုအန်တီက သူမကို အိမ်တွင် တည်းရန် ခေါ်သော်လည်း မင်ယွဲ့က ယဉ်ကျေးစွာ ငြင်းဆန်ကာ ပြန်ခဲ့သည်။ မိုဟန်ကျီက သူမကို တိုက်ခန်းအောက်အထိ လိုက်ပို့ပေးသည်။
"ကျွန်မ အပေါ်တက်တော့မယ်နော်"
ဟု မင်ယွဲ့က ဆိုသည်။
မိုဟန်ကျီက မခွဲချင်သော်လည်း ခေါင်းညိတ်ပြလိုက်သည်။
"မနက်ဖြန်မှ တွေ့ကြတာပေါ့"
မင်ယွဲ့၏ စကားကြောင့် မိုဟန်ကျီ၏ မျက်ဝန်းများမှာ နွေရာသီ ကြယ်ပွင့်များကဲ့သို့ တောက်ပသွားသည်။
"မင်ယွဲ့က ညစာ ကျွေးချင်လို့တဲ့၊ ရှင့်မှာ အချိန်ရမလား"
"ချစ်သူလေးက ဖိတ်ရင်တော့ ကိုယ် အမြဲတမ်း အားတာပေါ့"
သူတို့နှစ်ဦး ပြုံးလျက် နှုတ်ဆက်လိုက်ကြသည်။
မင်ယွဲ့ အိမ်ထဲသို့ ဝင်သွားသည်အထိ မိုဟန်ကျီက ရပ်ကြည့်နေခဲ့သည်။
အိမ်ပြန်ရောက်သောအခါ မိုဟန်ကျီသည် မိသားစုဝင် သုံးဦး၏ စစ်ဆေးမေးမြန်းမှုကို ခံရပြန်သည်။
"ယွဲ့ယွဲ့ မိသားစုက ကိုယ့်အပေါ် အရမ်းကောင်းကြပါတယ်၊ ဒါပေမဲ့ ဦးလေးမင်ကတော့ ကျွန်တော့်ကို သိပ်သဘောမကျသလိုပဲ"
ဟု မိုဟန်ကျီက ဝန်ခံသည်။
မိုအန်ကယ်က သူ၏ အတွေ့အကြုံကို အခြေခံ၍ ရယ်မောကာ ပြောသည်။
“ဒါပေါ့.. ယောက္ခမဆိုတာ သမီးကို ခိုးယူသွားတဲ့ လူကို ဘယ်ကြည်ပါ့မလဲ မင်းက သူ ဂရုတစိုက် ပျိုးထောင်ထားတဲ့ ပန်းကလေးကို အိုးလိုက် ခက်လိုက် မယူသွားတာကို..."
ထိုအခါ မိုအန်တီက
“ရှင်ကရော ကျွန်မ အဖေဆီက ပန်းကို အိုးလိုက်
ခက်လိုက် ယူခဲ့တာ မဟုတ်ဘူးလား"
ဟု ပြန်ချေပသဖြင့် မိုအန်ကယ်မှာ မိန်းမဖြစ်သူကို ပြန်လည် ချော့မော့ရတော့သည်။
မိုဟန်ကျီသည်လည်း သူ၏ အဖေကို အရှက်မရစေရန် တိတ်တဆိတ် အပေါ်ထပ်သို့ တက်သွားခဲ့သည်။
ယန်ကျင်းသို့ ပြန်ရောက်လာခြင်းနှင့်အတူ မင်ယွဲ့သည် သူမ၏ ပညာရေးနှင့် လုပ်ငန်းခွင်သို့ ပြန်လည် အာရုံစိုက်ရတော့မည် ဖြစ်သည်။ ယခုအခါ သူမသည် ဘဏ္ဍာရေးနှင့် နိုင်ငံခြားဘာသာစကား နှစ်ဘာသာစလုံးတွင် မဟာတန်း ဒုတိယနှစ် ကျောင်းသူတစ်ဦး ဖြစ်နေပြီ ဖြစ်သည်။
မင်ယွဲ့သည် အဖြူရောင် ရှပ်လက်တိုနှင့် အနက်ရောင် ကာဂိုဘောင်းဘီကို ဝတ်ဆင်ကာ ကျောင်းဝင်းအတွင်း လမ်းလျှောက်လာရာ သူမ၏ ရှည်လျားသော ခြေတံများနှင့် ထူးခြားသော အလှတရားကြောင့် လူတိုင်း၏ အာရုံစိုက်ခြင်းကို ခံနေရသည်။
"အဲဒါ မဟာတန်း ဒုတိယနှစ်က စီနီယာ မင်ယွဲ့လေ၊ သူက ဘာသာစကား အများကြီး တတ်တာတင် မကဘူး၊ ပရောဂျက်တွေမှာလည်း ထူးချွန်တဲ့သူ"
ဟု ကျောင်းသားတစ်ဦးက ဂုဏ်ယူစွာ ရှင်းပြနေသည်။
ထိုစဉ် ကျောင်းသားအသစ်တစ်ဦးဖြစ်သော ရှောင်ထျန် ဆိုသူ မိန်းကလေးက မနာလိုစိတ်ဖြင့် မင်ယွဲ့ကို ဝေဖန်လိုက်သည်။ သို့သော် သူမ၏ သူငယ်ချင်းနှင့် စီနီယာများက မင်ယွဲ့၏ ထူးချွန်မှုနှင့် ကိုယ်ကျင့်တရားကို ကာကွယ် ပြောဆိုကြသဖြင့် ရှောင်ထျန်မှာ အရှက်ရသွားရသည်။
ယန်ကျင်းတက္ကသိုလ်သည် ပါရမီရှင်များ စုဝေးရာ ဖြစ်သဖြင့် မိမိကိုယ်ကို အထင်ကြီးနေခြင်းထက် ကြိုးစားအားထုတ်ရန် လိုအပ်ကြောင်း သူမ သင်ခန်းစာ ရသွားပေလိမ့်မည်။
မင်ယွဲ့မှာမူ ထိုကိစ္စများကို သတိမထားမိဘဲ သူမ၏ ရည်မှန်းချက်များဆီသို့ ယုံကြည်မှုအပြည့်ဖြင့် လှမ်းချီနေဆဲ ဖြစ်သည်။
ညနေစောင်းတွင် သူမ၏ အခန်းဖော်က သူမ၏ အထုတ်အပိုးများကို ကူညီသယ်ယူပေးရန် ရောက်ရှိလာခဲ့သည်။
အခန်း (၂၄၄) ပိုကြည့်လေ ပိုဒေါသထွက်လေ
အခန်းဖော် သုံးယောက် ရောက်ရှိလာခြင်းနှင့်အတူ ရှောင်ထျန်သည် လုံးဝ လွတ်လပ်သွားခဲ့သည်။
ထိုမိန်းကလေး သုံးဦးမှာ ရောက်နှင့်ပြီးသား ဖြစ်သဖြင့် လက်ဗလာဖြင့် မပြန်လိုသောကြောင့် သူမ၏ အထုတ်အပိုးများကို ကူညီသယ်ယူပေးခဲ့ကြသည်။ အကျိုးဆက်အနေဖြင့် ရှောင်ထျန်မှာမူ ဘာတစ်ခုမျှ မသယ်ဘဲ သက်သောင့်သက်သာ လိုက်ပါလာခဲ့သည်။
ထိုမိန်းကလေး သုံးဦးမှာ အပြင်ပန်းတွင် ပြုံးပြနေကြသော်လည်း အတွင်းစိတ်တွင်မူ တင်းနေကြပြီ ဖြစ်သည်။ တက္ကသိုလ်တက်သည့် ပထမဆုံးနေ့မှာတင် အရှက်မရှိသည့် အခန်းဖော်မျိုးနှင့် ဆုံရသည်မှာ တကယ်ပင် စကားပြောစရာ မရှိအောင် ဖြစ်ရသည်။
သူတို့သည် အခန်းဖော်ချင်း ဖြစ်သဖြင့် အမြဲတစေ ဆုံတွေ့နေရမည်ကို တွေးကာ အစပိုင်းတွင် စေတနာအပြည့်ဖြင့် ကူညီခဲ့ကြခြင်း ဖြစ်သည်။
သို့သော်လည်း ဤမိန်းကလေးမှာ အားနာရကောင်းမှန်းမသိဘဲ သူတို့ကို အစေခံများသဖွယ် သဘောထားကာ ခိုင်းစေနေတော့သည်။
သူတို့ သုံးဦးမှာ ချွေးတပြိုက်ပြိုက်နှင့် အထုတ်အပိုးများကို အဆောင်ပေါ်သို့ အပင်ပန်းခံ သယ်ပေးခဲ့ကြသော်လည်း အခန်းထဲ ရောက်သည်နှင့် ရှောင်ထျန်မှာ သူမ၏ ကျောပိုးအိတ်ထဲမှ နွားနို့တစ်ဘူးကို ထုတ်ကာ အေးအေးလူလူ သောက်နေတော့သည်။
ကျေးဇူးတင်စကား တစ်ခွန်းပင် မဆိုသည့်အပြင် လှေကားထပ်များစွာကို အမောတကော သယ်လာပေးရသည့် သူတို့ကို ကြည့်ကာ နွားနို့သောက်နေသည့် မြင်ကွင်းက သူတို့၏ ယဉ်ကျေးမှုကို အဆုံးစွန်အထိ စမ်းသပ်နေသကဲ့သို့ ရှိသည်။
နွားနို့သောက်ပြီးနောက်တွင် ရှောင်ထျန်က ပျင်းရိပျင်းတွဲ လေသံဖြင့် ဆိုသည်။
"ဒီ မင်ယွဲ့ ဆိုတာ ဘယ်သူလဲတောင် ငါမသိပါဘူးငါက တို့တွေလည်း မဟာတန်း တက်နိုင်တာပဲလို့ ပြောမိတာကို ဟို စေတနာ့ဝန်ထမ်းနဲ့ ငါ့အထက်တန်းကျောင်းက သူငယ်ချင်းက မန္တန်အစူးခံထားရသလိုမျိုး ဖြစ်နေကြတာ"
သူမသည် အဖြစ်မှန်ကို လိမ်ညာလှည့်ဖျားရာတွင် ကျွမ်းကျင်လှသည်။
သူမ ပြောခဲ့သော ရိုင်းစိုင်းသည့် စကားလုံးများကို ချန်လှပ်ထားခဲ့ပြီး သူမ၏ မဟာတန်း တက်လိုသည့် ပြင်းပြသော ရည်မှန်းချက်ကြောင့်ပင် ကဲ့ရဲ့ရှုံ့ချခံရသယောင် ပုံဖော်နေတော့သည်။
"မင်း မဟာတန်း တက်ဖို့ စာမေးပွဲဖြေတာနဲ့ စီနီယာ မင်ယွဲ့နဲ့ ဘာဆိုင်လို့လဲ"
ကံဆိုးသည်မှာ အခန်းဖော် သုံးဦးထဲတွင် တစ်ဦးမှာ ယခုနှစ် နိုင်ငံခြားဘာသာစကားဌာနမှ ကျောင်းသူသစ် ဖြစ်နေပြီး မင်ယွဲ့အကြောင်းကို ကြိုတင် ကြားဖူးနားဝ ရှိနေခြင်းပင်။
သူမမှာ ယန်ကျင်း ဒေသခံဖြစ်သဖြင့် မင်ယွဲ့၏ ယခင်က နိုင်ငံတကာ လဲလှယ်ရေး ကျောင်းသားများကို ဧည့်ခံခဲ့ပုံနှင့် ညီလာခံများတွင် တောက်ပခဲ့သည့် သတင်းများကို သိရှိထားသည်။
ထို့ကြောင့် သူမသည် မင်ယွဲ့ကို အလွန် လေးစားအားကျနေပြီး ယန်ကျင်းတက္ကသိုလ်ကဲ့သို့ ပါရမီရှင်များ စုဝေးရာတွင် ထူးချွန်ထင်ရှားသည့် အမျိုးသမီးတစ်ဦး ရှိနေခြင်းမှာ သူတို့အတွက် ဂုဏ်ယူစရာဟု မှတ်ယူထားသည်။
ကျန်သည့် နှစ်ဦးမှာလည်း အကြံအဖန် စကားများကို ခွဲခြားမသိနိုင်လောက်အောင် မအကြပါ။ ရှောင်ထျန်အပေါ် သူတို့၏ အထင်အမြင်မှာ အစကတည်းက သိပ်မကောင်းလှသဖြင့် သူမ၏ စကားများကို ယုံကြည်ခြင်း မရှိကြချေ။
"မဟုတ်မှလွဲရော.. သူက မဟာတန်း ကျောင်းသူတစ်ယောက်ပဲလေ ယောကျ်ားလေးတွေက သူ့ကို အထင်ကြီးတာ ထားပါတော့၊ နင်တို့ကပါ ဘာဖြစ်နေကြတာလဲ"
ရှောင်ထျန်က အံ့သြဟန်ဆောင်ကာ ပါးစပ်အဟောင်းသားနှင့် မင်ယွဲ့မှာ ထိုသို့ ချီးမွမ်းခံရရန် မထိုက်တန်သည့်အလား ပြောဆိုလိုက်သည်။
"ဘာတွေ လျှောက်ပြောနေတာလဲ စီနီယာ မင်ယွဲ့က မထိုက်တန်ဘူးဆိုရင် နင်က ထိုက်တန်လို့လား စီနီယာက ဘာသာစကားမျိုးစုံ တတ်တယ်၊ နင်ရော တတ်လား နင်က ဘယ်သူမို့လို့ သူ့ကို အပုပ်ချရဲတာလဲ"
အခန်းဖော် မိန်းကလေးမှာ ဒေါသကို မထိန်းနိုင်တော့ဘဲ ပေါက်ကွဲထွက်သွားသည်။
ထိုကဲ့သို့သော လူမျိုး၏ ပစ္စည်းများကို အပင်ပန်းခံ သယ်ပေးခဲ့ရသည်မှာ အချိန်ကုန် လူပန်းရကျိုး မနပ်ဟု တွေးကာ ပစ္စည်းများကို ပြတင်းပေါက်မှ ပစ်ချလိုက်ချင်စိတ်ပင် ပေါက်သွားတော့သည်။
ကျန်သည့် နှစ်ဦးမှာလည်း အေးအေးဆေးဆေး နေတတ်သည့် သူတို့၏ အခန်းဖော်က ဤမျှအထိ ပြင်းပြင်းထန်ထန် အော်ဟစ်လိုက်လိမ့်မည်ဟု မထင်ထားသဖြင့် ကြောင်ကြည့်နေမိကြသည်။
"ယွန်းယွန်း.. လာပါ၊ တို့တွေ သောက်ရေ သွားဝယ်ရအောင်၊ နည်းနည်းတော့ ရေဆာလာပြီ"
ဟု အခန်းဖော်တစ်ဦးက ဒေါသထွက်နေသော မိန်းကလေးကို ဆွဲထုတ်သွားသည်။
ကျန်သည့် သုံးဦးမှာ တစ်ဖက်တည်း ဖြစ်သွားသည်ကို မြင်သောအခါ ရှောင်ထျန်သည် သူမ တစ်ယောက်တည်း အထီးကျန်သွားသည်ကို သတိထားမိလိုက်သည်။
"ငါ ဝယ်တိုက်ပါ့မယ်၊ ခဏစောင့်ဦးလေ"
သူမသည် အခန်းဖော်များနှင့် အဆင်မပြေဖြစ်ပါက အဆောင်တွင် နေရခက်မည်ကို စိုးရိမ်သဖြင့် လေသံကို ပြန်လျှော့လိုက်သည်။
"မလိုပါဘူး၊ တို့မှာ အဲဒီလောက် ပိုက်ဆံ မရှိတာ မဟုတ်ဘူး"
ယွန်းယွန်းက နှာခေါင်းရှုံ့ကာ ကျန်သည့် နှစ်ဦးနှင့်အတူ ထွက်သွားတော့သည်။ မိန်းကလေးများ၏ ဆက်ဆံရေးမှာ ထူးဆန်းလှသည်။
သူတို့ သုံးဦးမှာ ယခုမှ စတင်တွေ့ဆုံကြခြင်း ဖြစ်သော်လည်း ဤအဖြစ်အပျက်ကြောင့် ခိုင်မာသော သူငယ်ချင်းများ ဖြစ်သွားကြပြီး ရှောင်ထျန်မှာမူ ထိုအသိုင်းအဝိုင်းထဲသို့ ဝင်ဆံ့နိုင်ခြင်း မရှိတော့ပေ။
သူတို့ သုံးဦးမှာ ရေဝယ်သောက်ရင်း ရေခဲမုန့် စားလိုက်ကြမှ စိတ်အနည်းငယ် ကြည်လင်သွားသည်။ ယွန်းယွန်း၏ ရှင်းပြချက်ကြောင့် ကျန်သည့် နှစ်ဦးမှာ မင်ယွဲ့အကြောင်းကို ပိုမို သိရှိသွားကြပြီး ရှောင်ထျန်အပေါ် မနှစ်မြို့စိတ်မှာ ပို၍ပင် ကြီးထွားလာသည်။ ကျောင်းရောက်စမှာတင် ထူးချွန်သည့် စီနီယာကို အကြောင်းမဲ့ တိုက်ခိုက်နေခြင်းမှာ တကယ်ပင် နားမလည်နိုင်
စရာ ဖြစ်သည်။
သူတို့ သုံးဦး အခန်းသို့ ပြန်ရောက်သောအခါ ရှောင်ထျန်မှာ ခုတင်ပြင်ပြီးနေပြီ ဖြစ်သည်။ သူမသည် တစ်စုံတစ်ယောက်ထံ ဖုန်းဆက်ကာ ငိုယိုတိုင်တောနေသည်။
"မေမေ.. သမီး ဒီမှာ တစ်စက်မှ မပျော်ဘူး၊ အိမ်ပဲ ပြန်ချင်တယ်"
ဤစကားများက အခန်းထဲသို့ လှမ်းဝင်လိုက်သော မိန်းကလေး သုံးဦးကို အသက်ရှူကျပ်သွားစေသည်။
ဒါက သူတို့ကို တိုက်ရိုက် တိုက်ခိုက်နေခြင်း မဟုတ်ပါလား။
"ခုတင်လိုက်ကာလည်း ဘယ်လိုချိတ်ရမှန်း မသိဘူး ဘယ်သူမှလည်း ကူမပေးကြဘူး၊ အားလုံးက အရမ်း ရက်စက်ကြတယ်.."
သူမသည် နားကြပ်တပ်ထားသဖြင့် အခန်းဖော်များ ဝင်လာသည်ကို တကယ် မသိသည်လား၊ သို့မဟုတ် တမင်တကာ ကြားအောင် ပြောနေခြင်းလား ဆိုသည်မှာ မသေချာပါ။
သို့သော် ထိုအပြုအမူက ကျန်သည့်သူများ၏ စိတ်ကို ထိခိုက်စေသည်မှာ အမှန်ပင်။ အပြစ်ကင်းသယောင်နှင့် သနားစရာကောင်းအောင် ပုံဖော်နေသည့် သူမ၏ ပုံစံမှာ တကယ်ပင် ရင်လေးစရာ ကောင်းလှသည်။
ဖုန်းထဲမှ တစ်ဖက်လူက ဘာပြောသည်ကို မသိရသော်လည်း သူမကမူ ပို၍ပင် အားတက်သရော တိုင်တောနေတော့သည်။ ခေတ္တအကြာတွင် သူမသည် ဖုန်းချကာ ဘာမှမဖြစ်သယောင် အပြင်သို့ ထွက်သွားသည်။
"သူ ဘာသွားလုပ်တာလဲ"
"မသိဘူးလေ"
ဟု ယွန်းယွန်းက ပခုံးတွန့်ပြသည်။
သူတို့ သုံးဦး ကျောင်းအကြောင်း စကားစမြည် ပြောဆိုနေစဉ်မှာပင် ရှောင်ထျန်သည် လူစိမ်းတစ်ယောက်ကို ခေါ်ဆောင်လာခဲ့သည်။
"ရှောင်ကျိုး.. ကူညီပေးလို့ ကျေးဇူးအများကြီး တင်ပါတယ်နော် နင်က တကယ် စိတ်နှလုံး ကောင်းတဲ့သူပဲ"
ရှောင်ထျန်က ချိုသာသော လေသံဖြင့် ဆိုလိုက်သည်။ မင်ယွဲ့ကို အပုပ်ချစဉ်က ရုပ်ဆိုးလှသော မျက်နှာပေးမျိုး သူမတွင် အစအနပင် မရှိတော့ပေ။
"ရပါတယ်၊ အတန်းဖော်ချင်းပဲ ကူညီရမှာပေါ့"
ထိုကျောင်းသားသစ်မလေးမှာ ဖိနပ်ချွတ်ကာ ခုတင်ပေါ်တက်ပြီး ရှောင်ထျန်အတွက် လိုက်ကာများကို ချိတ်ပေးလိုက်သည်။
အခန်းထဲရှိ ကျန်သည့် သုံးဦးမှာ တစ်ဦးကိုတစ်ဦး ကြည့်ကာ ဆွံ့အသွားကြသည်။ ရှောင်ထျန်ကမူ အောက်တွင် ရပ်ကာ သူတို့ကို အထင်သေးသလို တစ်ချက် ကြည့်လိုက်သည်။ လိုက်ကာချိတ်ပေးမည့်သူ တစ်ယောက် ရှာတွေ့ရုံမျှနှင့် သူမသည် အလွန် ဂုဏ်ယူနေသည့်ပုံပင်။
လိုက်ကာများ ချိတ်ပြီးနောက် ရှောင်ကျိုး ထွက်သွားသည်နှင့် ရှောင်ထျန်၏ မျက်နှာမှာ ချက်ချင်း ပြန်ပျက်သွားသည်။ ဤသည်မှာ တရုတ်ပြဇာတ်ထဲမှ မျက်နှာဖုံး ပြောင်းလဲသကဲ့သို့ မြန်ဆန်လှသည်။
အဆောင်ခန်းအတွင်းရှိ လေထုမှာ တင်းမာနေဆဲ ဖြစ်သဖြင့် ကျန်သည့် သုံးဦးမှာ သူမ၏ စိတ်အခြေအနေကို ဂရုမစိုက်ဘဲ ကိုယ့်ဘာသာ စကားပြောဆိုနေကြသည်။
ရှောင်ထျန်မှာမူ ကျောင်းဝင်းကွန်ရက်ထဲတွင် မင်ယွဲ့၏ အားနည်းချက်များကို လိုက်လံ ရှာဖွေနေတော့သည်။
သို့သော်လည်း စိတ်ပျက်စရာကောင်းသည်မှာ မင်ယွဲ့တွင် မည်သည့် အားနည်းချက်မျှ မရှိခြင်းပင်။ သူမသည် အလွန်ပင် ထူးချွန်လွန်းသည်။ ဘွဲ့ကြိုတန်းကာလတွင် သိပ်မထင်ရှားခဲ့သည်မှအပ သူမ၏ ရုပ်ရည်နှင့် ပညာရေးထူးချွန်မှုကို မည်သူမျှ ငြင်းပယ်၍ မရပါ။ မဟာတန်းတက်နေသည့် ကာလတွင်မူ သူမသည် ယန်ကျင်းတက္ကသိုလ်၏ အတောက်ပဆုံး ကြယ်တစ်ပွင့် ဖြစ်ခဲ့သည်။
လူတစ်ယောက်သည် ထူးချွန်တောက်ပလာသောအခါ အတိတ်မှ သေးငယ်သည့် ဟာကွက်လေးများသည် ထိုတောက်ပမှုအောက်တွင် ပျောက်ကွယ်သွားတတ်သည်။
ရှောင်ထျန်သည် ကွန်ရက်ပေါ်တွင် အချိန်အတော်ကြာ ရှာဖွေခဲ့သော်လည်း မင်ယွဲ့ကို ချီးမွမ်းထားသည့် စာသားများကိုသာ တွေ့နေရသဖြင့် သူမ၏ ဒေါသမှာ ပို၍ပင် ကြီးထွားလာတော့သည်။
သူမသည် ဖုန်းထဲမှ စာသားများကို ဖတ်ရင်း ပို၍ စိတ်တိုလာကာ မျက်နှာမှာလည်း နီမြန်းလာတော့သည်။
အခန်း (၂၄၅) အလွန်လိုက်ဖက်လွန်းသော စုံတွဲ
ကျောင်းဝင်းအတွင်း သူမ ဖြတ်လျှောက်သွားရုံမျှဖြင့် တစ်စုံတစ်ဦး၏ နှလုံးသားထဲတွင် မနာလိုမှု အစေ့အဆန်များ ပျိုးကြဲမိသွားပြီး ပဋိပက္ခများ စတင်နေသည်ကို မင်ယွဲ့ သိရှိခြင်း မရှိပါ။
မင်ယွဲ့သည် ဦးစွာပထမ ပရော်ဖက်ဆာယန်၏ ရုံးခန်းသို့သွား၍ သတင်းပို့ခဲ့သည်။
"မင်ယွဲ့ ရောက်လာပြီပဲ၊ ကျောင်းပိတ်ရက်မှာ အဆင်ပြေရဲ့လား"
ရုံးခန်းအတွင်းရှိ ဆရာ၊ ဆရာမများမှာ မင်ယွဲ့ကို ရင်းနှီးပြီးသား ဖြစ်ကြသဖြင့် ပြုံးရွှင်စွာ နှုတ်ဆက်ကြသည်။
"အဆင်ပြေပါတယ် ဆရာတို့၊ မင်္ဂလာပါရှင်"
မင်ယွဲ့သည် ယဉ်ကျေးစွာပင် ဂါရဝပြုလိုက်
သည်။ ပရော်ဖက်ဆာယန်နှင့် ရုံးခန်းတစ်ခုတည်း အတူထိုင်သော ဆရာအများစုမှာ သူမကို တစ်နည်းမဟုတ် တစ်နည်း သင်ကြားပြသပေးခဲ့ဖူးသူများ ဖြစ်ကြသည်။
"မင်ယွဲ့ ရောက်ပြီလား"
ပရော်ဖက်ဆာယန်သည် စာရွက်စာတမ်းအိတ်ကို ကိုင်ဆောင်ကာ အပြင်မှ ဝင်လာခဲ့သည်။
"ဆရာ"
မင်ယွဲ့သည် ဆရာ့စားပွဲရှေ့တွင် ရိုသေစွာ ရပ်
လိုက်သည်။
"ကိုယ်ပြောစရာ ရှိတာကို အကျဉ်းချုပ်ပဲ ပြောမယ်၊ ကျောင်းက ကျောင်းဖွင့်ပွဲ အခမ်းအနား ကျင်းပတော့မယ် အဲဒီမှာ ကျောင်းအုပ်ကြီးနဲ့ ကျောင်းအဆင့်ဆင့်က ခေါင်းဆောင်တွေ မိန့်ခွန်းပြောကြလိမ့်မယ် ဘွဲ့ကြိုတန်းနဲ့ မဟာတန်းတွေကနေ ထူးချွန်ကျောင်းသား ကိုယ်စားလှယ်တစ်ယောက်စီ ရွေးပြီး မိန့်ခွန်းပြောခိုင်းဖို့ ရှိတယ် ပညာရေးရော နာမည်ဂုဏ်သတင်းမှာပါ မင်းက အသင့်တော်ဆုံးပဲ"
ပရော်ဖက်ဆာယန်က သူ၏ ရည်ရွယ်ချက်ကို တိုက်ရိုက်ပင် ပြောဆိုလိုက်သည်။
"ကျွန်မဘက်က ဘာပဲဖြစ်ဖြစ် အဆင်ပြေပါတယ် ဆရာ၊ ဆရာ့ရဲ့ ညွှန်ကြားချက်အတိုင်း ဆောင်ရွက်ပါ့မယ်"
မင်ယွဲ့သည် ကျေးဇူးမသိတတ်သူဟု အထင်မခံလိုသဖြင့် ငြင်းဆန်ခြင်း မပြုခဲ့ပါ။ သူမ၏ တုံ့ပြန်မှုကို ပရော်ဖက်ဆာယန်ကလည်း သဘောကျလှသည်။
"ကောင်းပြီ၊ ဒါဆိုရင် မိန့်ခွန်းကို ကြိုတင် ပြင်ဆင်ထားလိုက်ဦး"
ဟု ပရော်ဖက်ဆာယန်က သတိပေးလိုက်သည်။
"ဆရာ.. သမီး အိမ်ကနေ ဒေသထွက် လက်ဆောင်လေးတွေ သယ်လာပါတယ်၊ ဆရာ့ကတော်အတွက် ယူသွားပေးပါဦးရှင်"
မင်ယွဲ့သည် လက်ထဲတွင် ကိုင်လာသော လက်ဆောင်ဗူးကို စားပွဲပေါ်သို့ တင်လိုက်သည်။
"မင်းက မင်းရဲ့ ဆရာကတော်ကိုပဲ ပေးတာလား၊ မင်းရဲ့ ဆရာဖြစ်တဲ့ ငါကတော့ စားခွင့်မရှိဘူးပေါ့လေ"
ဟု ပရော်ဖက်ဆာယန်က ရယ်မောလျက် စနောက်လိုက်သည်။
"ဒါပေါ့.. ဆရာက နောက်နေပြန်ပြီ"
မိနစ်အနည်းငယ်မျှ စကားစမြည် ပြောဆိုပြီးနောက် မင်ယွဲ့သည် အတန်းတက်ရန် ထွက်ခွာခဲ့သည်။
"ဟောင်းယန်ကတော့ ဒီလို လိမ္မာတဲ့ တပည့်မျိုး ရထားတာ ကံကောင်းလိုက်တာ"
ရုံးခန်းအတွင်းရှိ ဆရာများက မင်ယွဲ့ကို ချီးကျူးစကား ဆိုကြသည်။
"ဒါပေါ့.. မဟုတ်ရင် သူက ဘယ်လိုလုပ် နောက်ဆုံးတပည့် ဖြစ်လာပါ့မလဲ"
ပရော်ဖက်ဆာယန်၏ ဝင်းပနေသော အပြုံးများက မင်ယွဲ့အပေါ် သူ၏ ကျေနပ်မှုကို ဖော်ပြနေသည်။
မင်ယွဲ့ အတန်းထဲသို့ ဝင်လာသောအခါ အတန်းဖော်များက သူမကို နွေးထွေးစွာ ကြိုဆိုကြသည်။
သူမသည် ဓာတ်ခွဲခန်းထဲသို့ စောစီးစွာ ဝင်ရောက်ခဲ့သူဖြစ်ပြီး ကျောင်းအပြင်တွင် နေထိုင်သူဖြစ်သဖြင့် အနည်းငယ် သီးခြားဆန်သည်ဟု ထင်ရသော်လည်း သူမ၏ ကောင်းမွန်သော ပင်ကိုယ်စရိုက်ကြောင့် အတန်းဖော်များနှင့် အဆင်ပြေစွာ ဆက်ဆံနိုင်ခဲ့သည်။
"မင်ယွဲ့.. နင် ရောက်လာပြီပဲ"
ကျောင်းသားများသည် သူတို့၏ နွေရာသီ ခရီးသွားအတွေ့အကြုံများကို စုပေါင်း ပြောဆိုနေကြသည်။ အပြင်လောကတွင် တည်ကြည်ရင့်ကျက်ဟန် ဆောင်နေကြသော်လည်း သူတို့သည်လည်း ဘွဲ့ရကာစ တက္ကသိုလ်ကျောင်းသားများကဲ့သို့ပင် ပျော်ပျော်ပါးပါး နေတတ်ကြသူများ ဖြစ်သည်။
" အားလုံးပဲ မင်္ဂလာပါ "
ဟု မင်ယွဲ့က ပြုံးလျက် နှုတ်ဆက်သည်။
အတန်းခေါင်းဆောင်က သူ၏ အိမ်မှ သယ်လာသော ဒေသထွက် မုန့်များကို အတန်းဖော်များအား ဝေငှသည်။
စင်စစ်တွင် မင်ယွဲ့သည် အတန်းခေါင်းဆောင်နှင့် အတန်းကော်မတီဝင်များကို အလွန် စိတ်ကောင်းရှိသူများဟု ယူဆထားသည်။ သူတို့သည် ကျောင်းပိတ်ရက်မှ ပြန်လာတိုင်း အတန်းဖော်များအတွက် စားစရာအချို့ အမြဲ သယ်လာလေ့ရှိရာ ၎င်းမှာ တန်ဖိုးကြီးသည်ထက် သူတို့၏ စေတနာကို ဖော်ပြနေခြင်း ဖြစ်သည်။
"မင်ယွဲ့.. မုန့်စားပါဦး"
ဟု အတန်းခေါင်းဆောင်က သူမထံသို့ လာ၍ ကမ်းပေးသည်။
"ကျေးဇူးပဲနော်"
မင်ယွဲ့သည် ပြုံးလျက် လက်ခံလိုက်သည်။
မင်ယွဲ့၏ အပြုံးသည် မြင်ရသူအပေါင်းကို မှင်တက်သွားစေလောက်အောင် လှပလွန်းလှသည်။ အတန်းခေါင်းဆောင်မှာ မင်ယွဲ့၏ အပြုံးကြောင့် အနည်းငယ် အနေရခက်သွားကာ နောက်ကျောင်းသားတစ်ယောက်အား မုန့်ဝေရန် အလျင်အမြန်ပင် ထွက်သွားတော့သည်။
"ဟားဟား.. မင်ယွဲ့ရဲ့ အပြုံးက အရမ်းလှတော့ အတန်းခေါင်းဆောင်တောင် မခံနိုင်တော့ဘူး ထင်တယ်"
အတန်းအတွင်း၌ ရယ်မောသံများနှင့် ပျော်ရွှင်မှုများ လွှမ်းမိုးသွားသည်။
ယခုအခါ သူတို့သည် မဟာတန်း ဒုတိယနှစ်သို့ ရောက်ရှိလာပြီဖြစ်ရာ မကြာမီ မဟာတန်း ပထမနှစ် ကျောင်းသားသစ်များ ရောက်လာတော့မည် ဖြစ်သည်။
ကျောင်းသားများ တစ်ဦးပြီးတစ်ဦး ရောက်ရှိလာကြရာ အတန်းထဲတွင် လူသိပ်မများလှပါ။ ဆရာ မဝင်လာမီမှာပင် အတန်းခေါင်းဆောင်နှင့် စာသင်ရေးရာ ကိုယ်စားလှယ်တို့က လိုအပ်
သည်များကို ပြင်ဆင်ပြီးစီးသွားသည်။
စာသင်ချိန် စတင်သည်နှင့် သူတို့သည် တည်ငြိမ်သွားကြပြီး ပညာသင်ကြားရေးတွင် အပြည့်အဝ အာရုံစိုက်ကြသည်။ သူတို့သည် စောစီးစွာ ရောက်နှင့်နေကြသဖြင့် စာအုပ်များကိုလည်း ထုတ်ယူပြီး ဖြစ်သည်။ မင်ယွဲ့ ရောက်သည်နှင့် အတန်းခေါင်းဆောင်က သူမအတွက် စာအုပ်တစ်စုံကို ပေးအပ်သည်။
မင်ယွဲ့အတွက်မူ သင်ရိုးညွှန်းတမ်း စာအုပ်များမှာ သိပ်အရေးမကြီးလှပါ။ သူမသည် မဟာတန်းအတွက် သင်ရိုးအားလုံးကို လေ့လာပြီးသား ဖြစ်သည့်အပြင် ထူးကဲသော မှတ်ဉာဏ်နှင့် နားလည်နိုင်စွမ်းရှိသဖြင့် အားလုံးကို အလွတ်ရနေပြီဟု ပြောလျှင်ပင် မမှားနိုင်ပါ။
ထို့ကြောင့် ဤစာအုပ်များမှာ သူမအတွက် အလှဆင်ပစ္စည်းမျှသာ ဖြစ်သည်။
တစ်ခါတစ်ရံ စာသင်ခန်းအတွင်း၌ပင် သူမ၏ စိတ်သည် ယွမ်ပေါ့က သူမရှေ့တွင် ပြသပေးထားသော ပွင့်လင်းမြင်သာသည့် ဖန်သားပြင်ထက်မှ ပညာရပ်များဆီသို့ အလုံးစုံ ရောက်ရှိနေတတ်သည်။ သူမ၏ သင်ယူမှု တိုးတက်မှုမှာ အတန်းဖော်များထက် များစွာ သာလွန်နေပြီ ဖြစ်သည်။
"မနက်ဖြန်မှ တွေ့မယ်နော် မင်ယွဲ့"
နောက်ဆုံး အတန်းချိန် ပြီးဆုံးသောအခါ ကျောင်းသားများက သူမကို နှုတ်ဆက်ကြသည်။
ဤသည်မှာ အခြားသော အဓိကဘာသာရပ်များမှ ကျောင်းသားများနှင့်အတူ တက်ရောက်ရသည့် အချိန်ကြာမြင့်သော ဟောပြောပွဲတစ်ခု ဖြစ်သည်။
ရင်းနှီးနေသော 'မင်ယွဲ့' ဟူသည့် အမည်ကို ကြားသည်နှင့် လူတိုင်းက လှည့်ကြည့်မိကြသည်။
မင်ယွဲ့၏ အလှတရားမှာ မည်မျှပင် မြင်ဖူးပါစေ၊ အမြဲတစေ ရင်သပ်ရှုမောဖွယ် ကောင်းလှသည်။
"အဲဒါ မင်ယွဲ့ပဲ ဖြစ်ရမယ်၊ အရမ်းလှတာပဲ"
"တကယ်ပဲ မိန်းကလေးတွေက လှတဲ့မိန်းကလေးတွေကို ပိုကြည့်ချင်ကြတာပဲ ငါဘာလို့ မင်ယွဲ့ရဲ့ အတန်းဖော် မဖြစ်ခဲ့တာလဲ၊ အဲဒီလို အလှလေးနဲ့ တကယ် နီးနီးကပ်ကပ် နေချင်လိုက်တာ"
ဘေးနားရှိ အမျိုးသား ကျောင်းသားမှာ ဆွံ့အသွားရသည်။ အေးအေးဆေးဆေး နေတတ်သော သူ၏ အတန်းဖော် မိန်းကလေးက လှပသော အမျိုးသမီးတစ်ဦးကို မြင်သောအခါ ဤမျှအထိ စိတ်လှုပ်ရှားသွားလိမ့်မည်ဟု သူ မထင်ထားခဲ့ပါ။
မိန်းကလေးများမှာ ရုပ်ရည်ကို မမက်မောခြင်း မဟုတ်ဘဲ တစ်ဖက်လူက လုံလောက်အောင် မလှပခြင်းကြောင့်သာ ဖြစ်ပေလိမ့်မည်။
မင်ယွဲ့၏ အလှတရားမှာ မိန်းကလေးများအပေါ် သက်ရောက်မှု မရှိဘဲ ယောကျ်ားလေးများ၏ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုကိုသာ ထိခိုက်စေပြီး ရုပ်ရည်အပေါ် စိုးရိမ်ပူပန်မှုများ ဖြစ်ပေါ်စေလိမ့်မည်ဟု သူမ မထင်ထားခဲ့ပါ။
မိန်းကလေးများအတွက်မူ မင်ယွဲ့၏ အလှမှာ သာမန်လူသားထက် သာလွန်ပြီး နတ်သမီးတစ်ပါး မြေသို့ ဆင်းသက်လာသကဲ့သို့ ဖြစ်
နေသည်။
သူတို့သည် ဤမျှအထိ ကွာခြားလွန်းလှသဖြင့် မိမိကိုယ်ကို နှိမ့်ချ နှိုင်းယှဉ်လိုစိတ် မရှိကြဘဲ ရိုးရှင်းစွာပင် အလှတရားကို ငေးမောကြည့်ရှုကြသည်။
"ကျောင်းတက်ရတာ ဘယ်လိုလဲ မင်ယွဲ့၊ ဂျူနီယာလေး"
မိုဟန်ကျီသည် ရှင်းယောင်လုပ်ငန်းစု၏ ထိပ်ဆုံးထပ်ရှိ သူ၏ ရုံးခန်းမှ မြေပြင်မြင်ကွင်းကို ကြည့်ရင်း မင်ယွဲ့ထံသို့ ဖုန်းဆက်လိုက်သည်။
တံခါးဖွင့်သံ ကြားသည်နှင့် မိုဟန်ကျီ လှမ်းကြည့်လိုက်ရာ လက်ထောက်လင်ကျင်း ဖြစ်
နေသည်။
သူသည် ဖုန်းပြောနေကြောင်း အချက်ပြလိုက်ရာ လက်ထောက်လင်ကျင်းကလည်း နားလည်မှုဖြင့် အသံကို လျှော့ကာ ဖိုင်တွဲကို စားပွဲပေါ်တင်ပြီး တိတ်တဆိတ် ပြန်ထွက်သွားသည်။
"အရမ်းကောင်းပါတယ်၊ မစ္စတာမိုက ဒီလောက် အလုပ်ရှုပ်နေတာတောင် ကျွန်မဆီ ဖုန်းဆက်ဖို့ အချိန်ရသေးတယ်ပေါ့"
မင်ယွဲ့ကလည်း နောက်ပြောင်သည့် လေသံဖြင့် ပြန်လည် ဆိုသည်။
"ဘယ်လောက်ပဲ အလုပ်ရှုပ်ရှုပ် မင်းဆီ ဖုန်းဆက်ဖို့ အချိန်ကတော့ အမြဲရှိပါတယ်"
ဟု မိုဟန်ကျီက ပြုံးလျက် ပြောသည်။
"ဒီည ညစာ အတူစားကြရင် ဘယ်လိုလဲ"
ဟု သူက ဖိတ်ခေါ်လိုက်သည်။
"ကောင်းပါပြီရှင်"
မဟာတန်း ကျောင်းသူတစ်ဦးအနေဖြင့် ဓာတ်ခွဲခန်းတွင် အလုပ်များတတ်သော်လည်း ယခုရက်ပိုင်းတွင်မူ သူမအတွက် အချိန်ရနေသေးသည်။
မင်ယွဲ့နှင့် မိုဟန်ကျီတို့သည် အားလပ်သည့် အချိန်တိုင်းတွင် တွေ့ဆုံကြရာ သူတို့၏ ဆက်ဆံရေးမှာ တစ်နေ့ထက်တစ်နေ့ ပိုမို ခိုင်မြဲလာပြီး နားလည်မှုများလည်း ပိုရှိလာကြသည်။
မင်ယွဲ့သည် ကျောင်းမှ ထွက်သည်နှင့် ရှင်းယောင်လုပ်ငန်းစုသို့ တိုက်ရိုက် မောင်းနှင်ခဲ့သည်။
"မစ္စမင်.. မင်္ဂလာပါရှင်"
ကုမ္ပဏီဧည့်ခန်းမှ ဝန်ထမ်းများက မင်ယွဲ့ကို နွေးထွေးစွာ နှုတ်ဆက်ကြသည်။ မင်ယွဲ့မှာ သူတို့အထက်လူကြီး၏ ချစ်သူဖြစ်ကြောင်း အားလုံး သိထားကြသည်။
"အားလုံးပဲ မင်္ဂလာပါ"
ဟု မင်ယွဲ့က ပြုံးပြကာ သီးသန့်ဓာတ်လှေကားဖြင့် အပေါ်သို့ တက်သွားခဲ့သည်။
သူမ ထွက်သွားသည်နှင့် ဧည့်ခန်းအတွင်း၌ အုတ်အော်သောင်းနင်း ဖြစ်သွားတော့သည်။
"အာ.. မစ္စမင်က တကယ် လှတာပဲ"
"ဟုတ်တယ်၊ ခုနက သူ ကျွန်မကို ပြုံးပြသွားတာ ရင်တွေတောင် ခုန်သွားတာပဲ"
"နည်းနည်းတော့ ထိန်းကြပါဦး၊ မဟုတ်ရင် မစ္စတာမိုက တို့ကို အလုပ်တွေ ပိုခိုင်းနေဦးမယ်"
"မစ္စမင်နဲ့ မစ္စတာမိုတို့ တစ်သက်လုံး ပျော်ရွှင်ပါစေလို့ ဆုတောင်းပေးပါတယ် ကျွန်မ နေ့တိုင်း အလုပ်လာရတဲ့ အားအင်က သူတို့နှစ်ယောက်ရဲ့ အချစ်ကို စောင့်ကြည့်ဖို့ပဲ"
"ဝူး.. ဝူး.. ဝူး"
လက်ထောက်လင်ကျင်းက ဧည့်ကြိုကောင်တာဘက်ကို ကြည့်ကာ ချောင်းဟန့်လိုက်သဖြင့် အားလုံး ချက်ချင်း ငြိမ်ကျသွားကြသည်။
မင်ယွဲ့နှင့် မိုဟန်ကျီတို့သည် ဓာတ်လှေကားထဲမှ ထွက်လာကြသည်။
"လက်ထောက်လင်.. စာရွက်စာတမ်းတွေ အကုန် လက်မှတ်ထိုးပြီးပြီ၊ စားပွဲပေါ်မှာ ရှိတယ် မင်းတို့လည်း စောစော ပြန်ကြတော့"
ဟု မိုဟန်ကျီက ဆိုကာ မင်ယွဲ့နှင့်အတူ ဘေးချင်းယှဉ်လျက် ထွက်ခွာသွားသည်။
"မစ္စတာမိုကတော့ တကယ် ကံကောင်းတာပဲ၊ ချစ်သူကတောင် လာကြိုပေးတယ်"
ဟု ဧည့်ကြိုဝန်ထမ်းက ရင်ထဲမှ လှိုက်လှိုက်လှဲလှဲ ပြောလိုက်မိသည်။
"ငါလည်း အလုပ်ဆင်းပြီ၊ ငါ့ချစ်သူကလည်း အပြင်မှာ စောင့်နေတယ်"
ဟု လက်ထောက်လင်ကျင်းက ပြုံးလျက် ဆိုကာ ဧည့်ကြိုဝန်ထမ်း ဘာမှမပြောနိုင်မီမှာပင် ပျောက်ကွယ်သွားတော့သည်။
"ငါ နားကြားမှားတာ မဟုတ်ဘူးမလား လက်ထောက်လင်ကျင်းကပါ ငါ့ကို ကြွားသွားတာလား"
ဧည့်ကြိုဝန်ထမ်းမှာ သူမကိုယ်သူမ ပြန်လည် မေးခွန်းထုတ်နေမိသည်။
ကုမ္ပဏီတစ်ခုလုံးတွင် သူမ တစ်ဦးတည်းသာ အထီးကျန် လူပျိုကြီး ဘဝဖြင့် အလုပ်ကိုသာ အဖော်ပြုနေရတော့မည်လား။