← Chapters

အခန်း (၂၄၆-၂၅၀)

Vol. 25 Ch. 246-250

အခန်း (၂၄၆-၂၅၀)

Vol. 25 Ch. 246-250

အခန်း (၂၄၆) ကျောင်းဖွင့်ပွဲ အခမ်းအနား

မင်ယွဲ့နှင့် မိုဟန်ကျီတို့သည် ကုမ္ပဏီဝန်ထမ်းများ၏ အားကျဖွယ် ငေးမောကြည့်ရှုမှုများအောက်တွင် ကားပေါ်သို့ တက်ကာ ထွက်ခွာသွားကြသည်။

သူတို့နှစ်ဦးသည် လူစည်ကားလှသော လမ်းမထက်၌ လက်တွဲလျက် လမ်းလျှောက်ခဲ့ကြသည်။ ရာသီဥတုမှာ အနည်းငယ် အိုက်စပ်စပ် ရှိနေသေးသော်လည်း ညနေခင်း လေပြေအေးလေးများက နေ့ခင်းဘက်မှ အပူဒဏ်ကို ဖြိုခွင်းပေးနေသည်။

မိုဟန်ကျီသည် တစ်နေ့လုံး လေအေးပေးစက်ခန်းထဲ၌သာ အချိန်ကုန်လွန်ခဲ့သူ ဖြစ်သဖြင့် ယခုကဲ့သို့ အပြင်ထွက်ကာ သဘာဝလေကို ခံစားရသည်မှာ သူ့အတွက် အလွန်ပင် နှစ်လိုဖွယ် ဖြစ်နေသည်။

သူတို့နှစ်ဦးသည် အလွန်ပင် လိုက်ဖက်လှသော စုံတွဲတစ်တွဲ ဖြစ်နေရုံမျှမက မိုဟန်ကျီသည် ယနေ့တွင် မင်ယွဲ့၏ ဝတ်စုံနှင့် အသွင်တူသော ဒီဇိုင်းများကို ရွေးချယ် ဝတ်ဆင်ထားသည်။

မကြာသေးမီကပင် ရှင်းယောင်လုပ်ငန်းစု၏ ဝန်ထမ်းများမှာ မိုဟန်ကျီ၏ ဝတ်စားဆင်ယင်မှု အပြောင်းအလဲကို ကြည့်ကာ အချစ်သည် လူတစ်ယောက်ကို အမှန်တကယ် ပြောင်းလဲစေနိုင်သည်ဟု ပြောဆိုနေကြသည်။

တည်ကြည်လှသော အာဏာရှင် စီအီးအိုကြီးမှာ ယခုအခါ နူးညံ့ချိုသာသော အချစ်ရှင်တစ်ဦးအဖြစ် ပြောင်းလဲသွားခြင်းက ထူးခြားသော ဆွဲဆောင်မှုတစ်ရပ် ဖြစ်နေသည်။

"ဒီညအတွက် ဘာအစီအစဉ် ရှိလဲ၊ ရုပ်ရှင်သွားကြည့်ကြမလား"

မိုဟန်ကျီက ရုပ်ရှင်ရုံသို့ သွားရန် အကြံပြုလိုက်သည်။ ညဘက်မှာ စုံတွဲများ ချိန်းတွေ့လေ့ရှိသော အချိန်ဖြစ်သဖြင့် ရုပ်ရှင်ရုံတွင် လူများဖြင့် စည်ကားနေသည်။ သူတို့နှစ်ဦးသည် အချစ်ကားတစ်ကားကို ရွေးချယ်ကြည့်ရှုခဲ့ကြသည်။

မင်ယွဲ့နှင့် မိုဟန်ကျီတို့မှာ ပုံမှန်အားဖြင့် ဤကဲ့သို့သော ဇာတ်ကားမျိုးကို ကြည့်လေ့မရှိသော်လည်း ချစ်သူဘဝသို့ ရောက်ရှိနေချိန်ဖြစ်ရာ အပြောင်းအလဲအနေဖြင့် ရွေးချယ်လိုက်ခြင်း ဖြစ်သည်။

သို့သော် ရလဒ်မှာမူ သူတို့နှစ်ဦးစလုံးအတွက် ပျင်းစရာ ကောင်းနေခဲ့သည်။ အကယ်၍ မင်ယွဲ့သည် အချစ်စိတ်တစ်ခုတည်းဖြင့် ယိမ်းယိုင်တတ်သူ ဖြစ်ပါက ယခုအချိန်အထိ လူပျို၊ အပျိုကြီးများ ဖြစ်နေကြမည် မဟုတ်ပေ။

သူတို့သည် ရုပ်ရှင်ကြည့်နေရင်း လူကြီးများအတွက် စိတ်ကူးယဉ် အိပ်မက်တစ်ခုကို ကြည့်နေရသကဲ့သို့ ခံစားနေရသည်။ ရုပ်ရှင်ကောင်းတစ်ကားကို မရွေးချယ်မိ၍ ဖြစ်နိုင်သော်လည်း ဇာတ်လမ်းတစ်လျှောက် စိတ်ဝင်စားစရာ တစ်

ကွက်မျှ မတွေ့ခဲ့ရပါ။

အလှည့်အပြောင်းများလှသော အချစ်ဇာတ်လမ်း၊ ဝမ်းနည်းမှုနှင့် ပျော်ရွှင်မှုတို့ကြား အမြဲတစေ ဒယိမ်းဒယိုင် ဖြစ်နေသည့် ဘဝနေဟန်များက မင်ယွဲ့အတွက်မူ ဖန်ကွဲစများကြားတွင် သကြားလုံး ရှာနေရသကဲ့သို့ ခံစားချက်မျိုး

ပေးစွမ်းနေသည်။

ဇာတ်ညွှန်းရေးဆရာက ဇာတ်ရှိန်တက်စေရန် ပဋိပက္ခများစွာ ထည့်သွင်းထားသော်လည်း ကြည့်ရှုသူ မင်ယွဲ့အတွက်မူ ဤအချစ်မှာ အလွန်ပင် ပင်ပန်းဆင်းရဲလှသည်ဟု ထင်မြင်

မိသည်။

ဇာတ်သိမ်းပိုင်းတွင် မင်းသားနှင့် မင်းသမီးတို့ မင်္ဂလာဆောင်၌ ဖက်လဲတကင်း ရှိနေသည့် မြင်ကွင်းက ကြည်နူးစရာ ဖြစ်နေသော်လည်း မင်ယွဲ့မှာမူ အိမ်ထောင်ရေးဘဝသည် ထင်သလောက် လှပလိမ့်မည် မဟုတ်ဟု ကြိုတင် ခန့်မှန်းနေမိသည်။

မိုဟန်ကျီက နွားနို့လက်ဖက်ရည် တစ်ခွက်ကို ဝယ်ယူကာ မင်ယွဲ့အား ကမ်းပေးလိုက်သည်။

"ဘာဖြစ်လို့လဲ"

ဟု မင်ယွဲ့၏ တိတ်ဆိတ်မှုကို မြင်ကာ သူက မေးလိုက်သည်။

“အချစ်ကားတွေကို မကြိုက်လို့လား၊ နောက်တစ်ခါကျရင် တခြားကား ပြောင်းကြည့်ကြတာပေါ့"

"ရှင်ကော အချစ်ဆိုတာကို ဘဝရဲ့ အရေးအကြီးဆုံး အရာလို့ သတ်မှတ်သလား"

မင်ယွဲ့သည် မိုဟန်ကျီဘက်သို့ လှည့်ကာ သူ့ကို တည့်တည့်စိုက်ကြည့်ရင်း မေးခွန်းကို မေးခွန်းဖြင့်ပင် ပြန်လည် ဖြေကြားလိုက်သည်။

မိုဟန်ကျီသည် ခေတ္တမျှ မှင်တက်သွားပြီးနောက် ဖြေဆိုသည်။

"မဟုတ်ပါဘူး၊ ကိုယ့်ဘဝကိုတောင် ကိုယ်တိုင် အဆင်ပြေအောင် မနေနိုင်တဲ့သူဟာ အချစ်ကို ပိုင်ဆိုင်ဖို့ မထိုက်တန်ပါဘူး ဒါကြောင့် အချစ်ဆိုတာဟာ တို့ဘဝအတွက် ပိုမိုလှပစေတဲ့ ပန်းကလေးတစ်ပွင့်သာ ဖြစ်ရမယ်၊ ဘယ်တော့မှ အသက်ကယ်ကြိုးမဖြစ်စေရဘူး"

မင်ယွဲ့သည် မိုဟန်ကျီကို ကြည့်ကာ သူတို့နှစ်ဦးမှာ စိတ်ချင်း ထပ်တူကျနေသည်ကို တစ်ဖန် ပြန်လည် ခံစားလိုက်ရသည်။

ယနေ့ကြည့်ခဲ့သော ရုပ်ရှင်ထဲတွင် မင်းသမီးသည် မင်းသားနှင့် အတူရှိရန်အတွက် မိဘများနှင့် အဆက်အသွယ်ဖြတ်၊ ကောင်းမွန်သော အလုပ်အကိုင်ကို စွန့်လွှတ်ကာ မင်းသားရှိရာ မြို့သို့ ပြောင်းရွှေ့ခဲ့သည်။ မင်ယွဲ့မှာမူ မိမိကိုယ်ကိုမှလွဲ၍ မည်သူ့ကိုမျှ လုံးလုံးလျားလျား အပ်နှံယုံကြည်သူ မဟုတ်ပါ။

ယခုအခါ သူမတွင် ငွေကြေးနှင့် အရည်အချင်း ပြည့်စုံနေပြီဖြစ်ရာ အချစ်သည် သူမအတွက် ဘဝကို ပိုမို ပြည့်စုံစေသည့် အရာမျှသာ ဖြစ်သည်။

သူမတွင် ခိုင်မာသော ခံနိုင်ရည်ရှိသဖြင့် မည်သည့် ဘေးထွက်ဆိုးကျိုးကိုမဆို ရင်ဆိုင်နိုင်စွမ်း ရှိသည်။ လူမှားတွေ့ခဲ့လျှင်ပင် ပြတ်ပြတ်သားသား စွန့်ပစ်နိုင်စွမ်း ရှိသည်။

သို့သော် ယွမ်ပေါ့နှင့် မတွေ့ဆုံမီကမူ သူမသည် အချစ်ရေးကို ရွေးချယ်ခဲ့မည် မဟုတ်ပါ။ ရုပ်ရှင်ထဲက မင်းသမီးကဲ့သို့ မိဘနှင့် ခွဲခွာ၊ အလုပ်ကို စွန့်လွှတ်ကာ မင်းသား၏ အချစ်အပေါ်တွင်သာ အရာရာ ပုံအော လောင်းကစားခြင်းမျိုးကို သူမ မလုပ်နိုင်ပါ။

လူ့သဘာဝသည် ခန့်မှန်းရ ခက်လှသလို လူ့နှလုံးသားသည်လည်း ပြောင်းလဲတတ်သည်။ မင်းသား၏ စိတ် ပြောင်းလဲသွားသည်နှင့် မင်းသမီးမှာ အဖိုးတန်သူဘဝမှ အပိုပစ္စည်းဘဝသို့ ရောက်ရှိသွားပေလိမ့်မည်။

ထိုအခါ အမျိုးသားများမှာ သူမ၏ စွန့်လွှတ်မှုများကို သတိရနေမည် မဟုတ်ဘဲ သူမတွင် အားကိုးရာ မိဘမရှိခြင်းနှင့် အလုပ်မရှိခြင်းတို့အပေါ် အခြေခံကာ နှိမ်ချ ဆက်ဆံလာကြပေလိမ့်မည်။

မင်ယွဲ့သည် မိုဟန်ကျီနှင့် အချိန်ကိုက် တွေ့ဆုံခဲ့ရသည်မှာ သူမအတွက် အလွန် ကံကောင်းလှသည်။

"ကိုယ် မင်းကို ကိုယ့်အတွက်နဲ့ နောက်ဆုတ်သွားအောင် ဘယ်တော့မှ လုပ်မှာ မဟုတ်ပါဘူး"

ဟု မိုဟန်ကျီက သူမ၏ စိုးရိမ်ပူပန်မှုကို သိနေသည့်အလား ဆိုသည်။

“ကိုယ့်ရှေ့မှာ မင်းဟာ မင်းအမြဲတမ်း ဖြစ်နေနိုင်ပါတယ်၊ ကိုယ်ဟာ မင်းအတွက် အမြဲတမ်း အခိုင်မာဆုံး အားကိုးရာ ဖြစ်နေမှာပါ"

မိုဟန်ကျီသည် လေးနက်တည်ကြည်စွာ ပြောဆိုလိုက်သည်။

မင်ယွဲ့သည် ဘာစကားမျှ ထပ်မဆိုတော့ဘဲ မိုဟန်ကျီ၏ လက်ကို တင်းတင်းဆုပ်ကိုင်ကာ ရုပ်ရှင်ရုံထဲမှ ထွက်လာခဲ့သည်။

သူမသည် မိမိကိုယ်တိုင် စွမ်းဆောင်နိုင်သူဖြစ်၍ အခြားသူ၏ အာမခံချက်အပေါ် မှီခိုရန် မလိုသော်လည်း မိုဟန်ကျီ၏ ရိုးသားလှသော ကတိစကားကိုမူ အသိအမှတ်ပြုမိသည်။

“ယွဲ့ယွဲ့.. မိုဟန်ကျီသာ နင့်အပေါ် မကောင်းရင် ငါ သူ့ကို နှိမ်နင်းပေးမယ်”

ဟု ယွမ်ပေါ့က ရုတ်တရက် ဝင်ပြောသည်။

“နင် တို့စကားတွေကို ခိုးနားထောင်နေပြန်ပြီ”

“ဒါကို ခိုးနားထောင်တယ်လို့ မခေါ်ပါဘူး၊ နင့်ကို စိုးရိမ်လို့ ကြည့်ပေးနေတာပါ”

ဟု ယွမ်ပေါ့က ထောင်ထောင်မောင်းမောင်း ဆိုသည်။

“ဒါနဲ့.. နင် သူ့ကို ဘယ်လို နှိမ်နင်းမှာလဲ”

မင်ယွဲ့ အနည်းငယ် သိချင်စိတ် ဖြစ်သွားသည်။

အကယ်၍ တစ်နေ့တွင် သူမနှင့် မိုဟန်ကျီတို့ အတူမနေနိုင်တော့ပါကလည်း သူမ အလွန်အမင်း စိတ်မကောင်း ဖြစ်နေမည် မဟုတ်ပါ။ သူမသည် မထိုက်တန်သူနှင့် မိမိကို မချစ်သောသူအတွက် ဝမ်းနည်းနေမည့်သူ မဟုတ်ပေ။

“လူသားမျိုးနွယ်ထဲက ဖယ်ရှားပစ်မှာလား”

ဟု မင်ယွဲ့က ဇဝေဇဝါဖြင့် မေးလိုက်သည်။

“ကာဗွန်အခြေပြု သက်ရှိတွေ ဘာတွေ တွေးနေတာလဲ အသက်ရှင်နေတဲ့ လူတစ်ယောက်၊ အထူးသဖြင့် နာမည်ကြီး တစ်ယောက်က ရုတ်တရက် ပျောက်သွားရင် လူ့အဖွဲ့အစည်းမှာ ပွက်လောရိုက်ကုန်မှာပေါ့”

ဟု ယွမ်ပေါ့က စိတ်မရှည်သလို ဆိုသည်။

“ဒါဆို နင် ဘာလုပ်နိုင်လဲ ပြောဦးလေ”

“ငါ သူ့ကို အစွမ်းကုန် အသုံးမကျတဲ့သူ ဖြစ်

အောင် လုပ်ပစ်နိုင်တယ်”

ယွမ်ပေါ့သည် ခါးထောက်ကာ ကြုံးဝါးလိုက်သည်။ မင်ယွဲ့ကလည်း ယွမ်ပေါ့မှာ တကယ်ပင် စွမ်းဆောင်နိုင်စွမ်း ရှိသည်ဟု အပေါ်ယံမျှ ချီးကျူးလိုက်သည်။

မကြာမီမှာပင် ကျောင်းဖွင့်ပွဲ အခမ်းအနား နေ့ရက်သို့ ရောက်ရှိလာခဲ့သည်။ မင်ယွဲ့ ကျောင်းထဲသို့ ဝင်လာသောအခါ နုပျိုတက်ကြွသော မျက်နှာသစ် အများအပြားကို တွေ့ရသည်။

ကျောင်းကို စူးစမ်းလိုစိတ် အပြည့်နှင့် စိတ်လှုပ်ရှားနေသော သူတို့၏ ပုံစံကို ကြည့်ရုံနှင့် ကျောင်းသားသစ်များ ဖြစ်ကြောင်း သိသာလှသည်။ သူတို့ကို မြင်ရသည်မှာ မင်ယွဲ့ ကျောင်းစတက်စဉ်က အရာရာကို မျှော်လင့်ချက် အပြည့်ဖြင့် စပ်စုချင်နေခဲ့သော သူမ၏ ပုံရိပ်ကို ပြန်လည် မြင်ယောင်စေသည်။

"စီနီယာ မင်ယွဲ့”

ယခင်က ရှောင်ထျန်နှင့် အခြေအတင် ဖြစ်ခဲ့စဉ်က မင်ယွဲ့ဘက်မှ ကာကွယ် ပြောဆိုပေးခဲ့သော နိုင်ငံခြားဘာသာစကားဌာနမှ ကျောင်းသူသစ်လေးသည် သူမ၏ အခန်းဖော်ကို ဆွဲကာ မင်ယွဲ့ထံသို့ အပြေးအလွှား ရောက်လာသည်။

မင်ယွဲ့သည် သူတို့ အနားရောက်သည်အထိ ရပ်စောင့်ပေးကာ ပြုံးလျက် နှုတ်ဆက်လိုက်

သည်။

"မင်္ဂလာပါ"

သူမသည် ထိုကလေးမလေးကို မမှတ်မိသော်လည်း သူမ ဝတ်ဆင်ထားသော ကျောင်းသားသစ် ကြိုဆိုရေး ယူနီဖောင်းကို ကြည့်ကာ ကျောင်းသူသစ် ဖြစ်ကြောင်း သိလိုက်သည်။

"စီနီယာ.. ကျွန်မအတွက် လက်မှတ်လေး တစ်

ချက် ထိုးပေးလို့ ရမလားဟင်"

"ရတာပေါ့"

မင်ယွဲ့သည် သူမ၏ ကျောပိုးအိတ်ထဲမှ လီအာခြံဝင်း၏ ရှုခင်းဓာတ်ပုံတစ်ပုံကို ထုတ်ယူကာ ကညစ်တံဖြင့် သူမ၏ အမည်ကို သေသေချာချာ ရေးထိုးပေးလိုက်သည်။

"ကျေးဇူးအများကြီး တင်ပါတယ် စီနီယာ”

ယွန်းယွန်းမှာ အလွန်အမင်း ဝမ်းသာသွားရသည်။

သူမသည် ၎င်းမှာ ပို့စကတ် မဟုတ်ဘဲ အစစ်အမှန် ဓာတ်ပုံတစ်ပုံ ဖြစ်နေသည်ကို မြင်သောအခါ ပို၍ပင် အံ့သြသွားသည်။

"ဒါက ကျွန်မ ခရီးသွားတုန်းက ရိုက်ထားတဲ့ ဓာတ်ပုံတွေပါ၊ ကြိုက်ရင် ယူထားလိုက်ပါ"

မင်ယွဲ့၏ ဖော်ရွေမှုက ကျောင်းသူသစ်လေးကို မှင်တက်သွားစေသည်။ မင်ယွဲ့သည် ပန်းချီဆွဲသူ ဖြစ်သည့်အားလျော်စွာ သူမ၏ လက်ရေးမှာလည်း အလွန်ပင် သပ်ရပ်လှပလှသည်။

"စီနီယာ.. ဒီနေ့ ကျောင်းဖွင့်ပွဲမှာ စီနီယာ တစ်ခုခု လုပ်ဖို့ ရှိလားဟင်"

ယွန်းယွန်းသည် စကားမပြောလျှင် အလွန် ငြိမ်သက်သော်လည်း ယခုမူ စာကလေးတစ်ကောင်ကဲ့သို့ တတွတ်တွတ် မေးမြန်းနေတော့သည်။

မင်ယွဲ့သည် ထိုကဲ့သို့ လောကဒဏ်ကို မတွေ့ကြုံရသေးသော နုပျိုတက်ကြွသည့် အသွင်အပြင်ကို အလွန်ပင် သဘောကျမိပါသည်။

အခန်း (၂၄၇) အားလုံးကို ကျေးဇူးတင်ပါတယ်

"မကြာခင်မှာပဲ သိရတော့မှာပါ"

မင်ယွဲ့သည် သူမ၏ လျှို့ဝှက်ချက်ကို ခေတ္တမျှ ထိန်းသိမ်းထားပြီး စနောက်သည့် လေသံဖြင့် ဆိုလိုက်သည်။

ကျောင်းသူသစ်လေး နှစ်ဦးမှာ စိတ်ပျက်မသွားသည့်အပြင် အံ့သြဝမ်းသာပင် ဖြစ်သွားကြသည်။

စီနီယာ မင်ယွဲ့၏ ဆိုလိုရင်းမှာ ရှင်းလင်းလှပါသည်၊ နောက်ထပ် ဆုံတွေ့ခွင့်ရဦးမည်ဟူသော ဂတိစကားပင် ဖြစ်သည်။

ယန်ကျင်းတက္ကသိုလ်သည် ကောလိပ်ပေါင်းများစွာနှင့် အဓိကဘာသာရပ်များစွာ တည်ရှိရာ နေရာဖြစ်ပြီး တရုတ်နိုင်ငံ၏ ထိပ်တန်းတက္ကသိုလ်တစ်ခု ဖြစ်သည့်အားလျော်စွာ နှစ်စဉ် ကျောင်းသားသစ် အမြောက်အမြားကို လက်ခံရရှိသည်။

ထို့ကြောင့်ပင် ရန်ကျင်းတက္ကသိုလ်၌ ကြီးမားသော ခန်းမဆောင်ကြီး တစ်ခုရှိသော်လည်း ကျောင်းဖွင့်ပွဲ အခမ်းအနား ကျင်းပရန်အတွက်မူ ကျဉ်းမြောင်းလွန်းနေသည်။

သာယာလှပသော ရာသီဥတု၏ ကောင်းချီးကြောင့်ပင် ကွင်းပြင်၌ အခမ်းအနား ကျင်းပရန် ဆုံးဖြတ်လိုက်ခြင်းမှာ အကောင်းဆုံး ရွေးချယ်မှု ဖြစ်ပေသည်။

မင်ယွဲ့ ရောက်ရှိလာချိန်တွင် ကျောင်းသား အမြောက်အမြားမှာ ကွင်းအတွင်း စုဝေးရောက်ရှိနေကြပြီး အတန်းအလိုက် စီတန်းရပ်စောင့်နေကြသည်။

ဤမြင်ကွင်းကို ကြည့်ရင်း မင်ယွဲ့သည် မကြာမီ ရောက်ရှိလာတော့မည့် သူတို့၏ စစ်ပညာသင်တန်း နေ့ရက်များကို ကြိုတင် မြင်ယောင်နေမိသည်။

ပုံမှန်အားဖြင့် ကျောင်းသားသစ်များမှာ ကျောင်းဝင်းနှင့် ရင်းနှီးစေရန် ဦးတည်သော လေ့ကျင့်မှုများ ပြုလုပ်ပြီးနောက်တွင် အဆိုပါ သင်တန်းကို တက်ရောက်ကြရသည်။

မင်ယွဲ့သည် စင်မြင့်အောက်တွင် ရပ်စောင့်နေစဉ် စောစီးစွာ ရောက်ရှိလာသော ကျောင်းအုပ်ချုပ်ရေးအဖွဲ့မှ ခေါင်းဆောင်အချို့နှင့် ဆုံတွေ့ခဲ့သည်။

"မင်ယွဲ့ ရောက်လာပြီလား"

"မင်္ဂလာပါ ဆရာ"

ဆရာတစ်ဦးက သူမကို လှမ်း၍ နှုတ်ဆက်သည်။

မင်ယွဲ့သည် အများသိ ထင်ရှားသူတစ်ဦး မဟုတ်သော်လည်း ထိုဆရာက သူမကို မည်သို့ မှတ်မိနေသနည်းဟု သူမ တွေးမိသည်။

သူမကမူ ထိုဆရာကို မမှတ်မိသော်လည်း ယဉ်ကျေးပျူငှာစွာပင် "ဆရာ" ဟု ခေါ်ဆိုလိုက်သည်။

"ဟောင်းယန်က မင်းအကြောင်းကို နေ့တိုင်း ချီးမွမ်းနေတာ၊ လိမ္မာတဲ့ ကလေးမလေး ဆိုပြီးတော့လေ"

ထိုဆရာသည် မင်ယွဲ့ကို နွေးထွေးစွာ ပြုံးပြသည်။

မင်ယွဲ့က ပတ်ဝန်းကျင်ကို ဝေ့ဝဲကြည့်သော်လည်း သူမ၏ ဆရာကို မတွေ့ရပါ။

"မင်းရဲ့ ဆရာ ပရော်ဖက်ဆာယန်ကတော့ ဒီနေ့ မလာဘူး"

ဟု ထိုဆရာက ဆိုကာ စင်ပေါ်သို့ တက်၍ နေရာယူလိုက်သည်။

စင်မြင့်ပေါ်တွင် ခေါင်းဆောင်များဖြင့် ပြည့်နှက်နေသဖြင့် မင်ယွဲ့သည် ပွဲကြည့်စင် နားနေဆောင်တွင် သွားရောက် စောင့်ဆိုင်းနေခဲ့သည်။

မကြာမီ ကျောင်းအုပ်ကြီး ရောက်ရှိလာပြီး အဖွင့်မိန့်ခွန်း ပြောကြားသည်။ ကျောင်းသားသစ်များအတွက်မူ ကျောင်းအုပ်ကြီးသည် သူတို့ မမီနိုင်သော တောင်ထိပ်တစ်ခု၊ အားကျအတုယူရမည့် နတ်ဘုရားတစ်ပါးကဲ့သို့ပင်။

ကျောင်းအုပ်ကြီးနှင့် ကျောင်းခေါင်းဆောင်များ၏ မိန့်ခွန်းများမှာ အတော်အတန် ကြာမြင့်လှသဖြင့် နောက်ဆုံးတွင် ကျောင်းသားများမှာ အနည်းငယ် ပင်ပန်းနွမ်းနယ်ကာ ထုံထိုင်းလာကြသည်။

"ယခုအခါမှာတော့ ဘဏ္ဍာရေး မဟာတန်းဌာနမှ ကျောင်းသားကိုယ်စားလှယ် မင်ယွဲ့ကို မိန့်ခွန်းပြောကြားပေးဖို့ ဖိတ်ခေါ်ပါတယ်"

အမည်ကို ကြားသည်နှင့် ကျောင်းသားများမှာ စက်ရုပ်များကဲ့သို့ လက်ခုပ်တီးလိုက်ကြသော်လည်း စင်ပေါ်သို့ မင်ယွဲ့ တက်လာချိန်တွင်မူ အားလုံး၏ မျက်လုံးများမှာ ဝင်းပသွားကြသည်။

"အားလုံးပဲ မင်္ဂလာပါရှင်”

စင်ပေါ်သို့ ရောက်သည်နှင့် မင်ယွဲ့သည် ဖော်ရွေလှသော အပြုံးဖြင့် နှုတ်ခွန်းဆက်သည်။ သူမ၏ ရုပ်ရည်မှာ လူတိုင်း၏ အမြင်အာရုံကို လန်းဆန်းသွားစေသည်။

"မင်္ဂလာပါ စီနီယာ”

ဟု တစ်စုံတစ်ဦးက အော်ဟစ်လိုက်ရာ ကျန်ကျောင်းသားများကလည်း စနောက်လျက် ပြန်လည် ထူးကြသည်။

"ဒီနေ့မှာ စီနီယာကျောင်းသူတစ်ယောက်အနေနဲ့ ဒီစင်မြင့်ပေါ်ကနေ စကားပြောခွင့်ရတာ ဂုဏ်ယူမိပါတယ် အရင်ဆုံးတော့ ၁၀ နှစ်တာ ကြိုးစားအားထုတ်မှုတွေအပြီးမှာ ကျွန်မတို့ရဲ့ ရန်ကျင်းတက္ကသိုလ် မိသားစုကြီးထဲကို ရောက်ရှိလာတဲ့ မောင်လေး၊ ညီမလေးတွေကို လှိုက်လှိုက်လှဲလှဲ ကြိုဆိုပါတယ်"

မင်ယွဲ့သည် စင်မြင့်ပေါ်တွင် စိုးရိမ်တုန်လှုပ်ခြင်း မရှိဘဲ ယုံကြည်မှုအပြည့်ဖြင့် ရပ်တည်နေသည်။ သူမ၏ အသံမှာ ကြည်လင်ပြတ်သားပြီး နားထောင်သူ၏ နှလုံးသားကို ဖမ်းစားနိုင်စွမ်း ရှိသည်။ ကျောင်းအုပ်ကြီးသည်လည်း မင်ယွဲ့ကို ကြည့်ကာ ချီးကျူးမဆုံး ဖြစ်နေသည်။

"လွန်ခဲ့တဲ့ နှစ်အနည်းငယ်က ကျွန်မလည်း မောင်လေး၊ ညီမလေးတို့လိုပဲ အိပ်မက်တွေအပြည့်နဲ့ ဒီကျောင်းကို ရောက်လာခဲ့တာပါ။ ကျွန်မကိုယ်ကျွန်မ နောက်ထပ် ဝါရင်ဘတ်ဖတ် ဖြစ်လာမလား၊ ဒါမှမဟုတ် ဘဏ္ဍာရေးလောကရဲ့ သူဌေးကြီးတစ်ဦး ဖြစ်လာမလားလို့ တွေးခဲ့ဖူးပါတယ် ကျွန်မရဲ့ အခန်းဖော်တွေနဲ့အတူ ကိုယ်စီ နယ်ပယ်တွေမှာ အောင်မြင်မှုတွေ ရယူပြီး နောင်တစ်ချိန် ပြန်ဆုံကြရင် တစ်ကမ္ဘာလုံးက အံ့သြသွားမယ့် သတင်းမျိုး ဖြစ်စေရမယ်လို့ စိတ်ကူးခဲ့ဖူးတယ်..."

မင်ယွဲ့၏ ဟာသနှောသော ကိုယ်တွေ့ အတွေ့အကြုံများက ကျောင်းသားသစ်များ၏ ရင်ထဲသို့ တိုက်ရိုက် ရောက်ရှိသွားသည်။

သူမသည် စာရွက်ကြည့်ခြင်း မရှိဘဲ မိန့်ခွန်းတစ်ခုလုံးကို နှလုံးသားထဲမှ ဆိုခဲ့ခြင်း ဖြစ်သည်။

"တို့တွေ ဒီမှာ ဆုံတွေ့ကြရတာ ရှားပါးတဲ့ အခွင့်အရေးတစ်ခုပါ မောင်လေး၊ ညီမလေးတို့ အားလုံး ကိုယ့်ရဲ့ အိပ်မက်တွေကို လက်ကိုင်ထားပြီး ကိုယ်စီ နယ်ပယ်တွေမှာ တောက်ပနိုင်ကြပါစေလို့ ဆုတောင်းပါတယ် မိမိရဲ့ မူလရည်မှန်းချက်ကို စွဲမြဲစွာ ဆုပ်ကိုင်ထားမယ်ဆိုရင် ပန်းတိုင်ကို မလွဲမသွေ ရောက်ရှိမှာပါ အားလုံးကို ကျေးဇူးတင်ပါတယ်"

ဟောပြောပွဲအပြီးတွင် သောင်းသောင်းဖျဖျ လက်ခုပ်သံများနှင့်အတူ မင်ယွဲ့ စင်ပေါ်မှ ဆင်းလာခဲ့သည်။ သူမသည် လက်မှတ်ထိုးပေးခဲ့သော ကျောင်းသူလေးများရှိရာသို့ ချိုသာစွာ ပြုံးပြနှုတ်ဆက်ပြီးနောက် ထွက်ခွာခဲ့သည်။

မင်ယွဲ့ ဓာတ်ခွဲခန်းသို့ ရောက်ရှိချိန်တွင် ပရော်ဖက်ဆာယန်မှာ ကျောင်းသားများကို လက်တွေ့စမ်းသပ်မှုတစ်ခု ပြုလုပ်ပေးနေသည်။ သို့သော် အချက်အလက်များ မှားယွင်းနေသဖြင့် ဆရာမှာ အလွန် စိတ်ပျက်နေပုံရသည်။

"ဒီအချက်အလက်တွေက သိသိသာသာကို မှားနေတာပဲ ဘယ်လိုလုပ်ပြီး ဒီအဖြေ ထွက်လာရတာလဲ"

ဟု ပရော်ဖက်ဆာယန်က ဒေါသတကြီး ကြိမ်းမောင်းနေသည်။

ပုံမှန်အားဖြင့် မဟာတန်း ပထမနှစ် ကျောင်းသားများမှာ ဓာတ်ခွဲခန်းသို့ ဝင်ခွင့်မရသေးသော်လည်း မင်ယွဲ့မှာမူ ထူးခြားချက် ဖြစ်နေသည်။ အဆူခံနေရသူများမှာ မဟာတန်း ဒုတိယနှစ် ကျောင်းသားများနှင့် မင်ယွဲ့ပင် ဖြစ်သည်။

သို့သော် မင်ယွဲ့၏ သင်ယူမှု တိုးတက်မှုမှာ သူတို့ထက် များစွာ သာလွန်နေသဖြင့် ဆရာက သူမကိုမူ အပြစ်မဆိုပါ။

"ဆရာ"

မင်ယွဲ့ ဝင်လာသည်နှင့် ပရော်ဖက်ဆာယန်၏ မျက်နှာမှာ အနည်းငယ် ပြေလျော့သွားသည်။

"မင်ယွဲ့.. မင်း ဒီကျောင်းသား သုံးယောက်ကို စက်ပစ္စည်းတွေနဲ့ ရင်းနှီးအောင် လိုက်ပြပေးလိုက်ဦး"

ဟု ဆရာက သက်ပြင်းချကာ ဆိုပြီး ထွက်သွားတော့သည်။

ဆရာ ထွက်သွားသည်နှင့် ကျန်ကျောင်းသားများမှာ သက်ပြင်းချနိုင်တော့သည်။

"မင်ယွဲ့.. ဆရာက အမြဲတမ်း ဒီလောက် ဒေါသကြီးတာလား"

ဟု ကျောင်းသားတစ်ဦးက တိုးတိုးလေး မေးသည်။

"ရပါတယ်၊ ပရော်ဖက်ဆာယန်က စမ်းသပ်မှုတွေနဲ့ ပတ်သက်ရင် အရမ်း တင်းကျပ်တာ၊ နင်တို့လည်း အသားကျသွားမှာပါ စိတ်မပူပါနဲ့၊ နင်တို့က ခုမှ ရောက်တာဆိုတော့ စက်တွေအကြောင်း သိပ်မသိသေးတာ သဘာဝပါပဲ ငါ အသေးစိတ် ရှင်းပြပေးပါ့မယ်"

ဟု မင်ယွဲ့က အားပေးစကား ဆိုလိုက်သည်။

"ကျေးဇူးပါပဲ မမမင်ယွဲ့ရာ"

သူတို့သည် မင်ယွဲ့၏ လမ်းညွှန်မှုအောက်တွင် စက်ပစ္စည်းများကို စိတ်ဝင်တစား လေ့လာကြတော့သည်။

အခန်း (၂၄၈) ရင်ကွဲနာကျခြင်း

သူတို့သည် မင်ယွဲ့အပေါ် မနာလိုဝန်တိုစိတ် မရှိကြပါ။ ယန်ကျင်းတက္ကသိုလ်ကဲ့သို့ ပါရမီရှင်များ စုဝေးရာအရပ်၌ပင် မင်ယွဲ့ကဲ့သို့ ထူးချွန်သူမျိုးမှာ ရှားပါးလှသဖြင့် သူမနှင့် မယှဉ်နိုင်ခြင်းမှာ သဘာဝကျသည်ဟုသာ မှတ်ယူထားကြသည်။

"ဒါက တို့တွေ အခုလက်ရှိ သုံးနေတဲ့ နောက်ဆုံးပေါ် စနစ်ပဲ"

မင်ယွဲ့သည် အနီးရှိ ကွန်ပျူတာတစ်လုံးကို ဖွင့်ကာ စနစ်အတွင်းသို့ ဝင်ရောက်ပြီး ၎င်းကို မည်သို့ ကိုင်တွယ်ရမည်ကို တစ်ဆင့်ချင်း စိတ်ရှည်လက်ရှည် သင်ကြားပေးသည်။

သူမ၏ တည်ငြိမ်အေးဆေးသော ရှင်းပြမှုများကြောင့် ကျောင်းသားသစ်များ၏ တင်းမာနေသော စိတ်အခြေအနေမှာ တဖြည်းဖြည်း ပြေလျော့လာခဲ့သည်။

"သိပ်ပြီး စိုးရိမ်မနေကြနဲ့ဦး၊ တို့တွေအားလုံး ဆရာ့ရဲ့ လမ်းညွှန်မှုအောက်မှာ ပညာရပ်တွေကို တိုးတက်အောင် သင်ယူသွားကြရမှာပဲလေ"

ဟု မင်ယွဲ့က အားပေးစကား ဆိုလိုက်သည်။

သူတို့သည် ယခင်က ဓာတ်ခွဲခန်းများနှင့် မစိမ်းကြသော်လည်း ယခုကဲ့သို့ သီးသန့်စီမံကိန်းများရှိသော အဆင့်မြင့် ဓာတ်ခွဲခန်းမျိုးသို့ ရောက်ဖူးခြင်း မရှိကြပါ။

ပရော်ဖက်ဆာယန်၏ အမာခံသုတေသနလုပ်ငန်းများတွင် ပါဝင်ခွင့်ရခြင်းမှာ သူတို့အတွက် အလွန်ပင် ဝမ်းမြောက်စရာ ဖြစ်သည်။

"အားလုံး နားလည်ကြပြီလား စာသင်နှစ်သစ်၊ အစပြုခြင်း အသစ်ဆိုတော့ ဒီနေ့ ဆရာက နင်တို့ကို ညစာ ကျွေးချင်လို့တဲ့"

ပရော်ဖက်ဆာယန်သည် ဓာတ်ခွဲခန်းအတွင်းရှိ လူအားလုံးကို ခေါ်ဆောင်ကာ အပြင်သို့ ထွက်လာခဲ့သည်။ စီနီယာ လျိုဝေနှင့် စီနီယာကျောက်တို့ကလည်း သူတို့၏ အလုပ်များကို ရပ်နားလိုက်ကြ

သည်။

"စီနီယာတို့ မင်္ဂလာပါ"

ဟု ကျောင်းသားသစ် သုံးဦးက ရိုသေစွာ နှုတ်ဆက်သည်။

"တို့တွေ အတူတူ သွားစားကြမယ်လေ"

ဟု မင်ယွဲ့က ဆိုသည်။

ကျောင်းသားသစ် သုံးဦးမှာ လူစိမ်းများကြားတွင် နေရခက်နေသော်လည်း ရင်းနှီးပြီးသားဖြစ်သော မင်ယွဲ့၏ အနားတွင်ရှိနေမှသာ စိတ်သက်သာရာ ရကြတော့သည်။

"စီနီယာ လျိုဝေက အပြင်ပန်းမှာ အေးတိအေးစက်နိုင်ပေမဲ့ တကယ်တော့ ပေါင်းသင်းရ အရမ်းလွယ်ပါတယ် စီနီယာကျောက်နဲ့ စီနီယာ လျိုဝေက ချစ်သူတွေလေ"

ဟု မင်ယွဲ့က သူတို့နားသို့ တိုးကာ တိုးတိုးလေး ပြောပြလိုက်သည်။

မင်ယွဲ့သည် ကျောင်းသားသစ် သုံးဦးအား ပရော်ဖက်ဆာယန်၏ ကားပေါ်သို့ တက်စေခဲ့ပြီး သူမမှာမူ စီနီယာနှစ်ဦးနှင့်အတူ သူမ၏ ကားဖြင့်သာ လိုက်ပါခဲ့သည်။

ပရော်ဖက်ဆာယန်သည် လမ်းတစ်လျှောက် ကျောင်းသားသစ်များကို စိတ်အေးလက်အေး ရှိစေရန် စကားစမြည် ပြောသော်လည်း သူတို့မှာမူ မူလတန်းကျောင်းသားလေးများကဲ့သို့ တောင့်တောင့်ကြီး ထိုင်ကာ ရိုသေစွာ ပြန်လည် ဖြေကြားနေကြသဖြင့် ဆရာမှာ ရယ်ချင်စိတ်ကို အောင့်ထားရသည်။

အခြားတစ်ဖက်ရှိ မင်ယွဲ့၏ ကားထဲတွင်မူ စီနီယာကျောက်၏ စကားသံများဖြင့် ဆူညံနေတော့သည်။

"ညီမလေး မင်ယွဲ့.. တို့ဆရာက တကယ် သဘောကောင်းတာပဲ၊ တို့ကို ငါးကြယ်ပွင့်

ဟိုတယ်မှာ ညစာ ကျွေးမယ်တဲ့"

"ဆရာ့ရဲ့ အဓိက အလုပ်က ဘာလဲဆိုတာ နင်တို့ သိကြလား"

ဟု မင်ယွဲ့က ပြုံးလျက် မေးလိုက်သည်။

"ယန်ကျင်းတက္ကသိုလ်က ပရော်ဖက်ဆာပေါ့”

ဟု စီနီယာကျောက်က ဖြေရာ စီနီယာ လျိုဝေက သူ့ကို အေးစက်စက် ကြည့်လိုက်သည်။

"ဒီကျောင်းမှာ ဂုဏ်ထူးဆောင် ပရော်ဖက်ဆာ မဖြစ်ခင်က ဆရာက ဘဏ္ဍာရေးလောကရဲ့ ထိပ်တန်းပုဂ္ဂိုလ်တစ်ယောက်ပဲ။ YG Ventures ကို နင်တို့ သိကြတယ်မလား၊ အဲဒါ ဆရာ့ရဲ့ လုပ်ငန်းပဲလေ"

ဟု မင်ယွဲ့က ရှင်းပြလိုက်သည်။

စီနီယာကျောက်မှာ အံ့သြတုန်လှုပ်သွားရသည်။

"ဟာ.. တကယ်လား! ဝေဝေ.. တို့တွေ ဘာလို့ ဒါကို မသိခဲ့တာလဲ မင်ယွဲ့ကတော့ ဆရာ့ရဲ့ နောက်ဆုံးတပည့်ဆိုတော့ ထူးခြားတာပေါ့လေ"

"နင် တစ်ယောက်တည်း မသိတာပါ၊ ငါကတော့ သိပြီးသား"

ဟု လျိုဝေက ခပ်ပြတ်ပြတ် ဆိုလိုက်သည်။

ထိုစကားကြောင့် စီနီယာကျောက်မှာ ရင်ကွဲနာကျသွားရသည်။ သူသည် ဆရာ့နောက်သို့ နှစ်နှစ်တိုင် လိုက်ခဲ့သော်လည်း ဆရာသည် ကုမ္ပဏီကြီးတစ်ခု၏ အရှင်သခင် ဖြစ်နေသည်ကို မသိခဲ့ဘဲ ပရော်ဖက်ဆာသက်သက်ဟုသာ ထင်မှတ်ခဲ့မိသည်။

ဟိုတယ်သို့ ရောက်သောအခါ ပရော်ဖက်ဆာယန်က သူတို့ကို သီးသန့်ခန်းသို့ ခေါ်ဆောင်သွားသည်။ မင်ယွဲ့သည် ဆရာ့ကိုယ်စား ဟင်းပွဲများကို ကျွမ်းကျင်စွာ မှာယူပေးလိုက်သည်။ ညစာစားပွဲတွင် ဆရာက ကျောင်းသားများကို အားပေးစကား ဆိုသည်။

"မင်းတို့က ငါ့တပည့်တွေပဲ စာသင်တဲ့နေရာမှာ ငါ တင်းကျပ်တာကို စိတ်ထဲမထားပါနဲ့ ငါက လူကို ကြည့်တာမဟုတ်ဘဲ အလုပ်ကိုပဲ ကြည့်တာပါ မင်းတို့က သင်ယူနေတဲ့ အဆင့်ဆိုတော့ အမှားလုပ်မိတာ သဘာဝပဲလေ"

ဆရာ၏ ရိုးသားလှသော စကားများကြောင့် ကျောင်းသားသစ်များ၏ ကြောက်ရွံ့စိတ်မှာ လေးစားကြည်ညိုစိတ်အဖြစ်သို့ ပြောင်းလဲသွားသည်။

ညစာ စားပြီးနောက် ဆရာက ကျောင်းသားသစ် သုံးဦးကို ကျောင်းအဆောင်အထိ လိုက်ပို့ပေးခဲ့သည်။ မင်ယွဲ့မှာမူ စီနီယာ နှစ်ဦးကို သူတို့ ငှားနေသည့် အိမ်အထိ လိုက်ပို့ပေးခဲ့သည်။

မင်ယွဲ့ အိမ်ပြန်ရောက်သောအခါ ယွမ်ပေါ့သည် ဆိုဖာပေါ်တွင် ထိုင်ကာ ဗိုက်ဆာကြောင်း အော်ဟစ်နေတော့သည်။ မင်ယွဲ့သည် ညစာစားပွဲတွင် ကောင်းကောင်း စားခဲ့ရသော်လည်း အာကာသထဲတွင် အိပ်ပျော်နေခဲ့သော ယွမ်ပေါ့မှာမူ အနံ့ကိုသာ ခံစားခဲ့ရသဖြင့် အလွန်ပင် စိတ်ဆိုးနေသည်။

မင်ယွဲ့သည် ယွမ်ပေါ့အတွက် အစားအစာ အမြောက်အမြားကို မှာယူပေးလိုက်သည်။ စားပွဲပေါ်တွင် ပြည့်နှက်နေသော အစားအစာများကို ကြည့်ကာ ယွမ်ပေါ့မှာ ကျေနပ်သွားပြီး တမြုံ့မြုံ့ စားနေတော့သည်။

"ငါ စာသွားဖတ်တော့မယ်၊ နင်ပဲ အေးအေးဆေးဆေး စားတော့နော်"

မင်ယွဲ့သည် အတုမဲ့ သင်ယူရေးခန်းမ အတွင်းသို့ ဝင်ရောက်ခဲ့သည်။ ယနေ့တွင် သူမသည် ရှေးခေတ် လူကြီးလူကောင်းတို့ တတ်အပ်သော အတတ်ပညာ ခြောက်ပါးအနက် 'ယွီ' (မောင်းနှင်ခြင်း အတတ်) ကို ခေတ်နှင့်အညီ သင်ယူရန် ဆုံးဖြတ်လိုက်သည်။

သူမသည် ပြိုင်ကားမောင်းနှင်ခြင်း အတတ်ပညာကို စတင် လေ့ကျင့်သည်။ အစပြုသူအဆင့်မှသည် အလယ်အလတ်အဆင့်အထိ လျင်မြန်စွာ တိုးတက်လာခဲ့သည်။

ကား၏ အရှိန်အဟုန်နှင့် စိတ်လှုပ်ရှားမှုမှာ မြင်းစီးခြင်းနှင့် မတူသော ခံစားချက်တစ်မျိုးကို ပေးစွမ်းနေသည်။ သူမသည် မည်သည့် အခြေအနေမျိုးတွင်မဆို ကျွမ်းကျင်စွာ မောင်းနှင်နိုင်သည်အထိ အခါခါ လေ့ကျင့်နေမိသည်။

သူမ၏ မျက်ဝန်းများတွင် ပိုမိုမြင့်မားသော ပန်းတိုင်များသို့ ရောက်ရှိလိုသည့် ပြင်းပြသော ရည်မှန်းချက်များက အရောင်တောက်နေတော့သည်။

အခန်း (၂၄၉) ဘာလို့ ကြိုမပြောတာလဲ

မင်ယွဲ့ သင်ယူလေ့ကျင့်မှုများ ပြီးဆုံး၍ ထွက်လာချိန်တွင် ယွမ်ပေါ့မှာ စားသောက်ပြီးစီး၍ ဗိုက်ကားနေပြီ ဖြစ်သည်။ ၎င်းသည် စားကြွင်းစားကျန်များကို စနစ်တကျ သိမ်းဆည်းပြီးနောက် မင်ယွဲ့ အထူးပြင်ဆင်ပေးထားသော ကုတင်ကလေးပေါ်တွင် အိပ်မောကျနေလေပြီ။

မင်ယွဲ့သည် အနားသို့ တိုးသွားကာ အသက်ရှူသံ ခပ်မှန်မှန်နှင့်အတူ လှုပ်ရှားနေသော ယွမ်ပေါ့၏ ကိုယ်လုံးလေးကို ကြည့်ရင်း စောင်ကလေး ခြုံပေးလိုက်သည်။

ယွမ်ပေါ့မှာ စနစ်တစ်ခုမျှသာ ဖြစ်၍ ဖျားနာခြင်း မရှိနိုင်မှန်း သိသော်လည်း အတူနေလာသည့် ကာလတစ်လျှောက်တွင် ၎င်း၏ လူသားဆန်မှုများကြောင့် မင်ယွဲ့မှာ စက်ပစ္စည်းတစ်ခု သို့မဟုတ် ကိန်းဂဏန်း အချက်အလက်များအဖြစ် မမြင်နိုင်တော့ဘဲ သွေးသားရှိသည့် သတ္တဝါလေးတစ်ကောင်ကဲ့သို့ အသည်းယားအောင် ချစ်မိနေတော့သည်။

သူမသည် ယွမ်ပေါ့၏ ထိပ်ပြောင်ပြောင် ဦးခေါင်းလေးကို အသာအယာ ပွတ်သပ်ကာ နဖူးကို နမ်းလိုက်ရာ ယွမ်ပေါ့မှာ အနှောင့်အယှက် ဖြစ်သွားသည့်အလား လက်ဖဝါးလေးဖြင့် ခေါင်းကို ကုတ်နေသေးသည်။ ရင်းနှီးနေသော မင်ယွဲ့၏ ရနံ့ကြောင့်သာ ကိုယ်ကို တစ်ချက် လူးလွန့်ကာ ဆက်လက် အိပ်မောကျသွားခြင်း ဖြစ်သည်။

နောက်တစ်နေ့ နံနက်တွင် နေမင်းမှာ ထုံးစံအတိုင်း ထွက်ပေါ်လာပြီး မင်ယွဲ့သည် ကျောင်းသွားရန် ပြင်ဆင်သည်။ ယွမ်ပေါ့မှာလည်း သူမနှင့်အတူ ဘေစင်ပေါ်တွင် ရပ်ကာ သွားတိုက်နေသည်မှာ သခင်နှင့် အိမ်မွေးတိရစ္ဆာန်ထက် ပို၍ပင် တူညီနေသေးသည်။

မှန်ထဲမှ သူတို့၏ ဟန်ချက်ညီလှသော လှုပ်ရှားမှုများကို ကြည့်ကာ မင်ယွဲ့မှာ ရယ်မောမိသည်။ သူမ မျက်နှာသစ်ပြီးနောက် ယွမ်ပေါ့မှာလည်း မျက်နှာသုတ်ပုဝါကို ရေစိုအောင်လုပ်ကာ မျက်နှာကို အားရပါးရ ပွတ်တိုက်နေသဖြင့် မင်ယွဲ့မှာ ဖုန်းထုတ်ကာ ဓာတ်ပုံရိုက်ယူလိုက်သည်။

"နင်ရော အသားအရေ ထိန်းသိမ်းချင်လို့လား"

ဟု မင်ယွဲ့က စနောက်လိုက်ရာ

ယွမ်ပေါ့မှာ မျက်နှာပေါ်က အမွေးအမှင်များကို မည်သို့ ဂရုစိုက်ရမည်နည်းဟု တွေးကာ ရှက်ကိုးရှက်ကန်းနှင့် ခုန်ထွက်ပြေးသွားတော့သည်။

မင်ယွဲ့သည် ယွမ်ပေါ့ကို စနစ်ဟင်းလင်းပြင်အတွင်းသို့ ဝင်စေပြီးနောက် ကျောင်းသို့ တစ်ဦးတည်း ထွက်ခွာလာခဲ့သည်။

"ပရောဂျက်အတွက် ရန်ပုံငွေ ရပြီ အားလုံး ကြိုးစားကြပါ ဒီတစ်ခေါက် ပရောဂျက်ကို စီနီယာကျောက်က ဦးဆောင်လိမ့်မယ်"

ဟု ပရော်ဖက်ဆာယန်က ပြောကြားပြီးနောက် မင်ယွဲ့ကို သီးသန့် ခေါ်ထုတ်ခဲ့သည်။

"ဆရာ"

"အင်း.. ဒီတစ်ခေါက် စီနီယာကျောက်နဲ့ စီနီယာလျိုဝေကို ပရောဂျက် ဦးဆောင်ခိုင်းတာနဲ့ ပတ်သက်ပြီး မင်းမှာ တစ်ခုခု ပြောစရာ ရှိလား"

ဟု ဆရာက မေးသည်။ မင်ယွဲ့သာ စိတ်ကူးတစ်မျိုးရှိနေပါက သူက ပြန်လည် ညှိနှိုင်းပေးလိုသည့် သဘောရှိသည်။

"ကျွန်မဘက်က ဘာကန့်ကွက်စရာမှ မရှိပါဘူး ဆရာ"

"ငါ ဒါကို သေချာ စဉ်းစားပြီး ဆုံးဖြတ်ခဲ့တာပါ သူတို့က မင်းထက် စီနီယာကျသူတွေ ဖြစ်သလို အခုအချိန်မှာ ဒီပရောဂျက်ရဲ့ ရလဒ်တွေက သူတို့အတွက် ပိုပြီး လိုအပ်နေတယ် မင်းကတော့ ငယ်သေးသလို အခွင့်အရေးတွေ အများကြီး ရှိပါသေးတယ် မင်းက အဖွဲ့ကို ဦးဆောင်နိုင်စွမ်း ရှိတယ်ဆိုတာ ငါ သိပေမဲ့ မင်းသာ မကျေနပ်ရင် အစီအစဉ် ပြောင်းပေးလို့ ရပါတယ်"

ဆရာ၏ စေတနာကို မင်ယွဲ့ နားလည်သည်။

သူမသည် သူမ၏ စီနီယာများ အောင်မြင်မှုကို မြင်တွေ့လိုသူဖြစ်ရာ ဝမ်းမြောက်စွာပင် လက်ခံခဲ့သည်။ ပရော်ဖက်ဆာယန်သည် မင်ယွဲ့ကို အတင်းအကျပ် မလုပ်လိုသော်လည်း မင်ယွဲ့မှာ ဓာတ်ခွဲခန်း၏ ဦးနှောက်သဖွယ် ဖြစ်နေသဖြင့် သူမ၏ ပါဝင်ကူညီမှုမှာ အလွန် အရေးကြီးလှသည်။

ဓာတ်ခွဲခန်းသို့ ပြန်ဝင်လာသောအခါ စီနီယာကျောက်က စိုးရိမ်တကြီး မေးမြန်းသည်။ စီနီယာလျိုဝေမှာမူ အဖြစ်အပျက်ကို ရိပ်မိပုံရသဖြင့် စီနီယာကျောက်ကို တိတ်တိတ်နေရန် သတိပေးလိုက်သည်။

မင်ယွဲ့ကမူ စီနီယာကျောက်ကို ကြည့်ကာ လူအူကြောင်လေးတွေမှာ ကံကောင်းတတ်ကြသည်ဟု တွေးမိသည်။ သူသည် အေးဆေးလှသော စီနီယာလျိုဝေကဲ့သို့ ချစ်သူနှင့် ပရော်ဖက်ဆာယန်ကဲ့သို့ ဆရာကောင်းကို ပိုင်ဆိုင်ထားသည် မဟုတ်ပါလား။

ကျောင်းသားသစ် သုံးဦးမှာလည်း မင်ယွဲ့ထံမှ သင်ယူရန် အသင့်ရှိနေကြသည်။

"မင်ယွဲ့.. တို့တွေ ဘာလုပ်ပေးရမလဲ"

ယခင်က အတန်းဖော်များ ဖြစ်ကြသော်လည်း မင်ယွဲ့၏ သီးခြားနေတတ်မှုကြောင့် မရင်းနှီးခဲ့ကြသော်လည်း ယခုမူ မင်ယွဲ့၏ လမ်းညွှန်မှုအောက်တွင် သူတို့သည် ခိုင်မာသော အဖွဲ့ဝင်များ ဖြစ်လာကြသည်။

စီနီယာကျောက်မှာလည်း အလုပ်လုပ်ချိန်တွင်မူ အပျော်သဘော မရှိဘဲ လေးနက်တည်ကြည်သော ပညာရှင်တစ်ဦးအဖြစ် ပြောင်းလဲသွားသည်။

"ယွဲ့ယွဲ့.. ဘယ်အဆင့်မှာ မှားသွားတာလဲ မသိဘူး၊ ငါ ထင်တာကတော့..."

ဟု စီနီယာလျိုဝေက မှတ်စုစာအုပ်နှင့် ရောက်လာသည်။

မင်ယွဲ့သည် အချက်အလက်များကို တစ်ချက်ကြည့်ကာ ဆွေးနွေးမှုတွင် ပါဝင်လိုက်ရာ ကျောင်းသားသစ်များမှာ မှင်တက်သွားကြသည်။

မင်ယွဲ့သည် စီနီယာများကြားတွင်ပင် ဤမျှအထိ သြဇာညောင်းသူ ဖြစ်နေလိမ့်မည်ဟု သူတို့ မထင်ထားခဲ့ကြချေ။ မင်ယွဲ့ကို အတန်းဖော်အဆင့်ထက် ပို၍ လေးစားစရာ စီနီယာတစ်ဦးအဖြစ် စတင် သတ်မှတ်လာကြသည်။

ဓာတ်ခွဲခန်းအတွင်း ပရောဂျက်မှာ အောင်မြင်စွာ ရှေ့ဆက်နေပြီး မင်ယွဲ့မှာလည်း သူမ သိသမျှကို နှမြောတွန့်တိုခြင်း မရှိဘဲ အားလုံးကို ဝေမျှပေးခဲ့သည်။ တစ်နေ့တာ အလုပ်များ ပြီးဆုံး၍ ကျောင်းပြင်သို့ ထွက်လာချိန်တွင် ကားဘေး၌ ရပ်နေသော မိုဟန်ကျီကို တွေ့လိုက်ရသည်။

ဖြူစင်သော ရှပ်အင်္ကျီနှင့် စမတ်ကျလှသော ဘောင်းဘီရှည်က သူ၏ ခန့်ညားထည်ဝါသော ကိုယ်ဟန်ကို ပေါ်လွင်စေသည်။

မင်ယွဲ့သည် မျက်နှာထားကို မပြောင်းလဲသော်လည်း ခြေလှမ်းများကို တိုးမြှင့်လိုက်ကာ သူ့ထံသို့ လျင်မြန်စွာ လျှောက်သွားသည်။ မိုဟန်ကျီကလည်း သူမကို မျက်ဝန်းထဲမှ အပြုံးများဖြင့် ကြိုဆိုနေသည်။

သူက လက်ကို ဦးစွာ ကမ်းပေးလိုက်ရာ မင်ယွဲ့သည် သူမ၏ လက်ကလေးကို သူ၏ လက်ဖဝါးပေါ်သို့ အသာအယာ တင်လိုက်သည်။

"ရှင် လာမှာကို ဘာလို့ ကြိုမပြောတာလဲ"

ဟု မင်ယွဲ့က ချိုသာသော အပြုံးလေးဖြင့် မေးလိုက်သည်။

အခန်း (၂၅၀) အံ့အားသင့်ဖွယ်ရာ

"အလုပ်ဆင်းတာနဲ့ မင်းကို တန်းလာကြိုပြီး အံ့အားသင့်စရာလေး တစ်ခု ပေးမလို့လေ"

ဟု မိုဟန်ကျီက ဆိုသည်။

"ရှင်က အရင်တုန်းကကျတော့ လမ်းကြုံလို့ပါဆိုပြီး အကြောင်းပြတတ်တာ မဟုတ်လား"

မင်ယွဲ့က ရယ်မောလျက် စနောက်လိုက်သည်။

သူတို့နှစ်ဦး ချစ်သူတွေ မဖြစ်ခင်က မိုဟန်ကျီသည် သူမကို လာကြိုတိုင်း 'လမ်းကြုံလို့' ဟူသော အကြောင်းပြချက်ကို အမြဲသုံးခဲ့သော်လည်း ထိုလမ်းမှာ မည်သို့သော လမ်းမျိုးဖြစ်ကြောင်းကိုမူ သူမ မသိခဲ့ပါ။

"အခုတော့ မင်းက ကိုယ့်ရဲ့ တရားဝင်ချစ်သူ ဖြစ်နေပြီပဲ၊ လာကြိုတာက သဘာဝကျသလို အရာရာကလည်း တရားဝင် ဖြစ်သွားပြီပေါ့"

မိုဟန်ကျီသည် ကားတံခါးကို ဖွင့်ပေးကာ သူမ၏ ခေါင်းကို ကားအမိုးနှင့် မတိုက်မိစေရန် လက်ဖြင့် အသာအယာ အကာအကွယ်ပေးပြီးမှ သူကိုယ်တိုင် ကားမောင်းသူနေရာသို့ ဝင်ထိုင်

လိုက်သည်။

ဓာတ်ခွဲခန်းမှ ထွက်လာသော ကျောင်းသားသစ် သုံးဦးမှာ မင်ယွဲ့သည် အရပ်ရှည်၍ ခန့်ညားလှသော အမျိုးသားတစ်ဦးနှင့် လက်တွဲသွားသည်ကို မြင်လိုက်ရသည်။ သူတို့သည် အပြင်ပန်းတွင် တည်ငြိမ်ဟန်ဆောင်နေသော်လည်း အတွင်းစိတ်တွင်မူ အံ့သြတကြီး အော်ဟစ်နေကြတော့သည်။

"အဲဒါ မင်ယွဲ့ရဲ့ ချစ်သူလား၊ အရမ်း ခန့်တာပဲ”

"တကယ့်ကို နတ်ဖက်တဲ့ စုံတွဲပဲ၊ ကောင်းကင်က ဖန်တီးပေးလိုက်သလား အောက်မေ့ရတယ်"

"နင်တို့ကလည်း ကျောပြင်ကို ကြည့်ရုံနဲ့ ချောမှန်း သိနေတာလား၊ အလိမ်အညာတွေ တော်တော် တတ်နေပါလား"

ဟု ကျောင်းသားတစ်ဦးက ပြန်ပြောသော်လည်း မိန်းကလေးကမူ ခိုင်မာစွာ တုံ့ပြန်သည်။

"၁၀၀ ရာခိုင်နှုန်းကို ချောမှာပါ မင်ယွဲ့လို နတ်မိမယ်လေးက ဘယ်တော့မှ ရုပ်ဆိုးတဲ့သူနဲ့ တွဲမှာ မဟုတ်ဘူး ပြီးတော့ အဲဒီလူရဲ့ ကိုယ်ဟန်က အရမ်းကြည့်ကောင်းတာ၊ ကျောပြင်ကြည့်ရုံနဲ့တင် သိသာနေတာပဲ"

သူတို့သည် မင်ယွဲ့၏ အချစ်ရေးအကြောင်းကို စိတ်ဝင်တစားဖြင့် အချင်းချင်း အတင်းပြောနေကြတော့သည်။

ကားအတွင်း၌မူ မင်ယွဲ့သည် မိုဟန်ကျီကို စိုက်

ကြည့်လျက်

“ဒါဆို အရင်က လမ်းကြုံလို့ လာကြိုတယ်ဆိုတာက အကြောင်းပြချက်သက်သက်ပဲပေါ့လေ"

ဟု ထပ်မံ မေးလိုက်သည်။

"ကိုယ် မင်းအပေါ် ထားတဲ့ ခံစားချက်နဲ့ ဂရုစိုက်မှုတွေကို တစ်ခါမှ မဖုံးကွယ်ခဲ့ပါဘူး၊ ဒါပေမဲ့ မင်းကတော့ တစ်ခါမှ ပြန်ပြီး တုံ့ပြန်မှု မပေးခဲ့ဘူးလေ"

ဟု မိုဟန်ကျီက ပွင့်လင်းစွာ ဝန်ခံသည်။

"ဟားဟား.. အဲဒီတုန်းက ရှင် ကျွန်မကို သဘောကျနေလိမ့်မယ်လို့ တစ်ခါမှ မတွေးမိခဲ့တာပါ"

စင်စစ်တွင် မိုဟန်ကျီသည် သူမအပေါ် ဆက်ဆံပုံမှာ အခြားသူများနှင့် ကွာခြားသည်ကို မင်ယွဲ့ သတိပြုမိခဲ့သော်လည်း သူမကိုယ်တိုင်က အချစ်ကို မယုံကြည်သူ ဖြစ်သည့်အားလျော်စွာ ထိုအချက်ကို လျစ်လျူရှုခဲ့ခြင်း ဖြစ်သည်။

ကျောင်းတက်စဉ်ကာလက အမျိုးသားများစွာ သူမကို ရည်းစားစကား လာပြောခဲ့သော်လည်း ထိုသို့ ပြောလာသည်နှင့် မင်ယွဲ့သည် သူတို့နှင့် ချက်ချင်း အဆက်အသွယ်ဖြတ်ကာ သူစိမ်းများကဲ့သို့ နေပစ်ခဲ့သည်။

ထိုစဉ်က သူမသည် အချစ်ကို စဉ်းစားရန် မရင့်ကျက်သေးဟု ထင်မြင်ခဲ့သည် သို့မဟုတ် မိမိကိုယ်ကိုယ် ပိုမို တိုးတက်အောင် လုပ်ဆောင်လိုစိတ်က ပိုမို ပြင်းပြခဲ့သည်။

ထိုအချိန်မှစ၍ ယခုအထိ သူမသည် ပညာကိုသာ စွဲမြဲစွာ သင်ယူခဲ့သဖြင့် တောရွာလေးတစ်ရွာမှသည် မြို့ကြီးပြကြီး၏ ထိပ်တန်းကျောင်းတော်သို့ ရောက်ရှိလာနိုင်ခဲ့ခြင်း ဖြစ်သည်။

အတိတ်က သူမ၏ ကြိုးစားအားထုတ်မှုများကြောင့်သာ ယခုအခါ သူမတွင် ရွေးချယ်စရာ လမ်းစများစွာ ရှိလာခဲ့ခြင်း ဖြစ်သည်။

မိုဟန်ကျီကဲ့သို့ ချစ်သူမျိုး ရရှိရန်မှာ သူမ၏ သာမန်ဘဝ စီမံကိန်းထဲတွင် မပါဝင်ခဲ့သော်လည်း ယွမ်ပေါ့နှင့် တွေ့ဆုံခဲ့ခြင်းက သူမ၏ ဘဝကို လုံးဝ ပြောင်းလဲစေခဲ့သည်။ အချိန်အခါ၊ နေရာနှင့် လူမှုဆက်ဆံရေး အားလုံးမှာ ကွက်တိ ဖြစ်နေခဲ့သည်။

သူမသည် မိမိကိုယ်ကိုယ် အမြဲ ယုံကြည်မှု ရှိသော်လည်း အချစ်ဆိုသည်မှာ နှစ်ဦးနှစ်ဖက် တန်းတူညီမျှမှုအပေါ်တွင်သာ အခြေခံသင့်

သည်ဟု အခိုင်အမာ ယူဆထားသည်။

အကယ်၍ သူမတွင် အရည်အချင်း မရှိပါက မိုဟန်ကျီကဲ့သို့သော သူဌေးကြီးတစ်ဦးနှင့် ဆုံတွေ့ခဲ့လျှင်ပင် သူမဘက်က လက်ခံရဲမည် မဟုတ်ပါ။ မိမိကိုယ်ကိုယ် အားကိုးနိုင်စွမ်း မရှိဘဲ တစ်ပါးသူ၏ စေတနာအပေါ်တွင်သာ ပုံအောထားရသည့် ဘဝမျိုးကို သူမ မလိုလားပါ။

ထို့ကြောင့်ပင် သူမသည် ယွမ်ပေါ့ပေးအပ်သော အခွင့်အရေးတိုင်းကို အရယူကာ အတတ်ပညာမျိုးစုံကို သင်ယူခဲ့ခြင်း ဖြစ်သည်။ သူမ၏ မျက်ဝန်းများတွင် ပိုမိုကောင်းမွန်သော အနာဂတ်သို့ တက်လှမ်းလိုသည့် ရည်မှန်းချက်များက အမြဲ ကိန်းအောင်းနေသည်။

"ယွဲ့ယွဲ့.. မင်းက တကယ့်ကို အဖိုးတန်တဲ့ ရတနာလေး တစ်ပါးပဲ၊ မင်းက အရမ်းကို ထူးချွန်ပါတယ်"

ဟု မိုဟန်ကျီက လေးနက်စွာ ဆိုသည်။

"ရှင်ကတော့ မြင်သမျှ အလှအပတွေကြားမှာ မျက်စိလည်နေတာပဲ နေမှာပါ"

ဟု မင်ယွဲ့က ကျီစယ်လိုက်သော်လည်း သူမ၏ နှလုံးသားထဲတွင်မူ ကြည်နူးမှုများ ပြည့်နှက်သွားရသည်။

"ကိုယ် ဘယ်တော့မှ မုသားမဆိုပါဘူး၊ အမြဲတမ်း အမှန်အတိုင်းပဲ ပြောတာပါ"

"သိပါပြီရှင်၊ မစ္စတာမိုရဲ့ စကားက အမိန့်တော်ပဲ မဟုတ်လား"

မင်ယွဲ့သည် ပြတင်းပေါက် အပြင်ဘက်မှ သာယာလှပသော မြင်ကွင်းများကို ကြည့်ရင်း သူမ၏ ဘဝသည်လည်း ပိုမို တောက်ပသော အခြေအနေသို့ ရောက်ရှိနေပြီဖြစ်ကြောင်း ခံစားမိသည်။

"မေမေက မင်းရဲ့ မိဘတွေကို ကျေးဇူးတင်စကား ပြောခိုင်းလိုက်တယ်၊ မင်းတို့ အိမ်က ယူလာတဲ့ ဒေသထွက် လက်ဆောင်တွေက အရမ်း စားကောင်းတယ်တဲ့"

မိုဟန်ကျီ၏ မိသားစုမှာ မင်ယွဲ့၏ မိသားစုကို နှိမ်ချခြင်း မရှိဘဲ ပေးပို့လိုက်သော လက်ဆောင်များအပေါ် လေးစားတန်ဖိုးထားကြသဖြင့် မင်ယွဲ့မှာ ဝမ်းမြောက်မိသည်။

အထူးသဖြင့် မိုဟန်ကျီ၏ အဘွားဖြစ်သူက အလွန် သဘောကျနေကြောင်း သိရသည်။

"အဘွားတို့ ကြိုက်တယ်ဆိုလို့ ဝမ်းသာပါတယ်၊ ကျွန်မ မိဘတွေကိုလည်း သေချာ ပြန်ပြောပြလိုက်ပါ့မယ်"

မိုဟန်ကျီသည် မင်ယွဲ့ကို ဦးစွာ ညစာ ကျွေးခဲ့သည်။

"ဒါနဲ့.. အခုတလော ယွမ်ပေါ့ကို ဘာလို့ မခေါ်လာတာလဲ"

ဟု သူက မေးလိုက်သည်။

သူသည် ထိုချစ်စရာကောင်းသော အကောင်လေးကို မတွေ့ရသည်မှာ ကြာပြီဖြစ်၍ လွမ်းဆွတ်နေမိသည်။

"ဓာတ်ခွဲခန်းမှာ အလုပ်များနေတော့ ယွမ်ပေါ့ကို ခေါ်လာဖို့က အဆင်မပြေဘူးလေ အဲဒီက စက်ပစ္စည်းတွေကလည်း ဈေးကြီးတော့ တစ်ခုခု ဖြစ်မှာ စိုးလို့ပါ"

"ဒါဆိုရင်လည်း ယွမ်ပေါ့ကို ကိုယ့်အိမ်မှာပဲ ခဏ ထားခဲ့ပါလား အဘွားက အိမ်မှာ တစ်ယောက်တည်း ပျင်းနေတာ၊ ယွမ်ပေါ့ရှိရင် သူတို့အချင်းချင်း အဖော်ရတာပေါ့ လူလည်း အမြဲရှိနေတော့ မင်းလည်း စိတ်ချရတာပေါ့"

မင်ယွဲ့ စဉ်းစားကြည့်ကာ သဘောတူလိုက်သည်။

သူမသည် ယွမ်ပေါ့ကို အခန်းကျဉ်းလေးထဲမှာပဲ ပိတ်မထားချင်ဘဲ လွတ်လပ်ခွင့် ပေးချင်သူ ဖြစ်သည်။ သို့သော် ယွမ်ပေါ့မှာ ကလေးငယ်တစ်ယောက်ကဲ့သို့ ဖြစ်နေသဖြင့် အိမ်မှာ တစ်ဦးတည်း ထားခဲ့ရန် စိတ်မချ ဖြစ်နေခဲ့ရာ မိုဟန်

ကျီ၏ အကြံပြုချက်မှာ အကောင်းဆုံး ဖြစ်

နေသည်။

"ဒါဆို သဘောတူပြီနော် ညကျရင် ကိုယ် မင်းကို အိမ်ပြန်ပို့ရင်း ယွမ်ပေါ့ကို တစ်ခါတည်း လာကြိုသွားမယ်"

All Chapters