← Chapters

"လုံရှန်း ဉာဏ်ဖွင့် နတ်ဘုရား စွမ်းရည်" ပြီးပြည့်စုံခြင်းအဆင့်

Vol. 1 Ch. 1

"လုံရှန်း ဉာဏ်ဖွင့် နတ်ဘုရား စွမ်းရည်" ပြီးပြည့်စုံခြင်းအဆင့်

Vol. 1 Ch. 1

~ကျင်းယန်မြို့....။

အချိန်ကား နေမွန်းတည့်ချိန် ဖြစ်ပြီး မြို့အတွင်း လူစည်ကားနေလေသည်။ ဈေးသည်များ၏ အော်ဟစ်ရောင်းချသံ၊ ဈေးဆစ်သံများဖြင့် လမ်းမတစ်လျှောက် ဆူညံပွက်လောရိုက်နေ၏။

မြို့တံခါးအောက်တွင် စာပေပညာရှင် လူငယ်တစ်ဦးသည် အခြားလူငယ်တစ်ဦးအား ရိုသေလေးစားစွာဖြင့် ဦးညွှတ် အရိုအသေပေးလိုက်သည်။

"ကျွန်တော့်ကို ကျင်းယန်မြို့ကို ဘေးကင်းကင်းနဲ့ ရောက်အောင် လမ်းခရီးတစ်လျှောက် စောင့်ရှောက်ပေးခဲ့တဲ့ ရောင်းရင်း 'ဆု' ကို ကျေးဇူးအများကြီး တင်ပါတယ်ဗျာ"

သို့သော် ထိုလူငယ်ကား စာပေပညာရှင် ပြောသောစကားကို မကြားသည့်အလား ကြောင်ငေးနေလေသည်။

စာပေပညာရှင် လူငယ်မှာ ခေတ္တမျှ စဉ်းစားလိုက်ပြီးနောက် ရုတ်တရက် အသိဝင်လာကာ သူ့အင်္ကျီလက်ကြားထဲမှ ငွေစအချို့ကို ထုတ်ပေးလိုက်သည်။

"ရောင်းရင်းဆု... ဒါကတော့ အာမခံ ပို့ဆောင်ကြေး ငွေစတွေပါ၊ လက်ခံပေးပါဦး"

"ဗျာ... "

ထိုအခါမှသာ လူငယ်သည် အိပ်မက်မက်ရာမှ လန့်နိုးသွားသကဲ့သို့ ဖြစ်သွားပြီး သဘောကျစွာ ရယ်မောလိုက်တော့သည်။ သူသည် ငွေစများကို ပေါ့ပေါ့ပါးပါးပင် လှမ်းယူလိုက်ပြီး တစ်စချင်းစီ ရေတွက်ကြည့်လိုက်သည်။ ပမာဏ မှန်ကန်ကြောင်း သေချာသွားသောအခါမှ ပြုံးရွှင်စွာဖြင့် ပြောလိုက်လေသည်။

"ကောင်းပြီလေ...၊ ဒါဆို ကျွန်တော်တို့ အရောင်းအဝယ် ကိစ္စပြီးဆုံးပြီလို့ သတ်မှတ်လိုက်မယ်။ ရောင်းရင်း 'လီ' လည်း ရှေ့ဆက်မယ့် ခရီးလမ်းမှာ ပိုးလမ်းမလို ဖြောင့်ဖြူးသာယာပါစေဗျာ"

'လီ' အမည်ရှိ စာပေပညာရှင်မှာ ခါးသီးသော အပြုံး တစ်ခုကိုသာ ပြနိုင်ရှာသည်။ သူ့ရင်ထဲ၌ ပြောချင်သော စကားလုံးပေါင်း ထောင်ချီ ရှိနေသော်လည်း နောက်ဆုံးတွင် သက်ပြင်း တစ်ချက်သာ ချလိုက်နိုင်တော့သည်။

"ခင်ဗျားရဲ့ ဆုတောင်းစကားတွေ ပြည့်ပါစေဗျာ... ဒီမှာတင်ပဲ လမ်းခွဲကြတာပေါ့"

"ကောင်းပါပြီ... "

လူငယ်က လေးနက်စွာ ဦးညွှတ်နှုတ်ဆက်လိုက်သည်။ ထိုအခါမှသာ စာပေပညာရှင် လူငယ်လည်း လှည့်ထွက်သွားပြီး လူအုပ်ကြီးကြားထဲ တိုးဝင်ပျောက်ကွယ်သွားလေတော့သည်။

လူငယ်သည် ကျင်းယန်မြို့၏ လူပင်လယ်ကြားတွင် ပျောက်ကွယ်သွားသော ကျောပြင်ကို ငေးကြည့်ရင်း လက်ထဲမှ ငွေစများကို ဖြည်းညှင်းစွာ မြှောက်ကာ ဖမ်းဆော့လိုက်သည်။ ထို့နောက် တိုးတိုးလေး ညည်းတွားလိုက်မိသည်။

"လော့ရှားမြို့ကနေ ကျင်းယန်မြို့အထိ ခရီးနှင်လာရတာ ပင်ပန်းလိုက်တာ... လမ်းမှာလည်း ဒုက္ခပေါင်းစုံ ကြုံခဲ့ရတယ်။ အဲဒါကိုမှ ရတာက ငွေသား ၅ စ တည်းတဲ့လား... ဟူး... ဒီခေတ်ကြီးထဲ စီးပွားရှာရတာ တော်တော် မလွယ်ပါလားနော်။"

"ဒါပေမဲ့လည်း ထားလိုက်ပါတော့လေ... အစပိုင်းဆိုတာ ဘယ်အရာမဆို ခက်ခဲစမြဲပဲ။ ဒီအစပျိုးမှုလေး ရှိလာပြီဆိုတော့ နောက်ပိုင်းကျရင် နေရထိုင်ရတာ ပိုအဆင်ပြေလာလောက်ပါတယ်"

သူ၏ စိတ်ကူးထဲတွင် ကျင်းယန်မြို့မှ ထွက်ခွာပြီး လော့ရှားမြို့သို့ ပြန်ရန် ရည်ရွယ်ထားသော်လည်း တစ်စုံတစ်ခုကို သတိရသွားကာ ခြေလှမ်းများ တုန့်ခနဲ ရပ်သွားသည်။ ထို့နောက် ကြီးကျယ်ခမ်းနားလှသော ကျင်းယန်မြို့ထဲသို့ ဝင်ရောက်ကာ တည်းခိုခန်း အသေးစားလေး တစ်ခုတွင် အခန်း တစ်ခန်း ငှါးရမ်းပြီး အနားယူရန် ဆုံးဖြတ်လိုက်သည်။

စားပွဲထိုးလေး ပြန်ထွက်သွားသည်နှင့် သူသည် ကုတင်ပေါ်တွင် ထိုင်ချလိုက်သည်။ သူ၏ စိတ်အာရုံ လှုပ်ရှားလိုက်သည်နှင့် တစ်ပြိုင်နက် သူ့မျက်စိရှေ့တွင် မျက်နှာပြင် တစ်ခု ပေါ်လာလေသည်။

[ အာမခံ ပို့ဆောင်ရေး စနစ် ]

[ လက်ခံသူ - ဆုမို ]

[ အာမခံဌာန - ဇီယန် အာမခံဌာန ]

[ တာဝန် - လီရိရှုအား ဆွေမျိုးများနှင့် ပြန်လည်ဆုံတွေ့နိုင်ရန် ကျင်းယန်မြို့အထိ ဘေးကင်းစွာ ပို့ဆောင်ပေးခြင်း (ပြီးစီး) ]

[ ဆုလဒ် - တွက်ချက်နေဆဲ... ]

ဆုမို၏ နှုတ်ခမ်းထောင့်များ တွန့်သွားသည်။

"ငါ ကျင်းယန်မြို့ထဲ ဝင်လာကတည်းက တွက်ချက်နေလိုက်တာ... တည်းခိုခန်းရှာ၊ နေရာချနဲ့ အလုပ်ရှုပ်နေတာ နေ့တစ်ဝက်လောက်တောင် ကြာနေပြီ။ အခုထိ တွက်လို့ မပြီးသေးဘူးလား။ ဒီစနစ်က သိပ်တော့ စိတ်မချရဘူးပဲ"

တစ်ယောက်တည်း ပွစိပွစိ ရေရွတ်ပြီးနောက် ဆုမို မတ်တတ်ထရပ်လိုက်ပြီး ပြတင်းပေါက်ကို ဖွင့်လိုက်သည်။

သူ့ရည်ရွယ်ချက်က ကျင်းယန်မြို့၏ စည်ကားလှသော လမ်းမကြီးကို ကြည့်ရှုခံစားချင်၍ ဖြစ်သည်။ သို့သော် သူ ငှါးထားသော အခန်းမှာ 'မြေကမ္ဘာအဆင့်' (အနိမ့်စား) အခန်းဆိုတာကို သူ မေ့သွားပုံရသည်။

ပရိဘောဂ အနည်းငယ်သာ ပါသော တစ်ယောက်အိပ် အခန်းကျဉ်းလေးသာ ဖြစ်ပြီး ပြတင်းပေါက်မှ လမ်းမကြီးကို မြင်ချင်ပါက အနည်းဆုံး 'ကောင်းကင်အဆင့်' (အထက်တန်းစား) အခန်းကို ငှါးမှ ရမည် ဖြစ်သည်။

ပြတင်းပေါက် ဖွင့်လိုက်သည်နှင့် မြင်လိုက်ရသည်က တည်းခိုခန်းပိုင် မြင်းဇောင်း၏ နောက်ကျောဘက် ဖြစ်နေပြီး မြင်းချေးနံ့နှင့် ကောက်ရိုးနံ့များ ရောပြွမ်းနေသော အနံ့ဆိုးကြီးက နှာခေါင်းထဲသို့ အလုအယက် တိုးဝင်လာလေသည်။

ဆုမို အလျင်အမြန်ပင် ပြတင်းပေါက်ကို ပြန်ပိတ်လိုက်ရပြီး စိတ်ပျက်လက်ပျက် ခေါင်းခါလိုက်မိသည်။

လည်ချောင်းရှင်းသွားအောင် ရေနွေးကြမ်းလေး တစ်ခွက်လောက် သောက်မည် ကြံပြန်တော့လည်း ရေနွေးကရားက ဟာလာဟင်းလင်း ဖြစ်နေပြန်သည်။

ရှက်ကိုးရှက်ကန်းဖြင့် ရေနွေးကရားကို ပြန်ချလိုက်ပြီး ရေနွေးပန်းကန်လုံးလေးကိုသာ ယူ၍ ဟိုကြည့်သည်ကြည့် လုပ်နေမိသည်။ သူ့မျက်ဝန်းများက ဟာတာတာ ဖြစ်နေလေသည်။

မူလက သူသည် ခေတ်သစ်ကမ္ဘာမှ လူရည်သန့် လူငယ် တစ်ဦး ဖြစ်သည်။ မထင်မှတ်ဘဲ သိုင်းလောကသို့ ကူးပြောင်းရောက်ရှိလာခဲ့ခြင်း ဖြစ်သည်။

ထို့အပြင် အာမခံဌာန တစ်ခုကိုပါ အမွေဆက်ခံခဲ့ရသေးသည်။

ဌာနအမည်မှာ "ဇီယန် အာမခံဌာန" ဖြစ်ပြီး ဆုမိသားစု၏ ဘိုးစဉ်ဘောင်ဆက် လုပ်ငန်း တစ်ခု ဖြစ်သည်။

လွန်ခဲ့သော မျိုးဆက် သုံးဆက်ခန့်က ဆုမို၏ ဘိုးဘေးဖြစ်သူ 'ဆုချိန်ယွီ' သည် ကံကောင်းထောက်မစွာဖြင့် "ဇီယန်ဂိုဏ်း " ၏ ဂိုဏ်းသား တစ်ဦး ဖြစ်ခွင့်ရခဲ့ပြီး သိုင်းပညာအချို့ သင်ယူခွင့် ရရှိခဲ့သည်။

ပညာစုံ၍ ဂိုဏ်းမှ ဆင်းလာသောအခါ ဇီယန်ဂိုဏ်း၏ အရှိန်အဝါကို အသုံးပြု၍ ဇီယန်အာမခံဌာနကို တည်ထောင်ခဲ့ခြင်း ဖြစ်သည်။

ဇီယန်အာမခံဌာနအကြောင်း ပြောရလျှင် တစ်ချိန်က အတော်လေး ထင်ရှားခဲ့ဖူးသည်။

ဌာန၏ အထွတ်အထိပ် ကာလများတွင် အမှောင် လမ်းစဉ်သမားများရော၊ ဖြောင့်မတ်သော လမ်းစဉ်သမားများကပါ လေးစားခဲ့ကြပြီး တုန်းဟွမ် နယ်မြေအနှံ့ ခြေဆန့်နိုင်ခဲ့သည်။

တုန်းဟွမ်ဒေသ၏ နံပါတ်တစ် အာမခံဌာနဟု မကြွေးကြော်ရဲသော်လည်း အဓိက ဌာနကြီးများထဲတွင် ပါဝင်ခဲ့သည်မှာ အမှန်ပင်။

သို့သော် ထိုအရာများအားလုံးက ရှေးလူကြီးများ၏ အောင်မြင်မှု ဂုဏ်ရောင်များသာ ဖြစ်ပြီး နောက်ပိုင်းတွင် မိသားစုမှာ တဖြည်းဖြည်း ယိုယွင်းလာခဲ့သည်။

ရှင်းရှင်းပြောရလျှင် တစ်ဆက်ထက် တစ်ဆက် ညံ့ဖျင်းလာခဲ့ကြပြီး ဆုမို၏ ဖခင်လက်ထက်သို့ ရောက်သောအခါ သိုင်းလောက၏ ကံဆိုးမိုးမှောင်ကျမှုနှင့် ရင်ဆိုင်ခဲ့ရပြီး အာမခံ ပို့ဆောင်ရေး လိုက်ပါရင်း အသက် ဆုံးရှုံးခဲ့ရသည်။

ခင်ပွန်းသည် ဆုံးပါးသွားပြီး မကြာမီမှာပင် ဆုမို၏ မိခင်သည်လည်း ပူဆွေးသောကရောက်ကာ လိုက်ပါ သေဆုံးသွားခဲ့ပြန်သည်။

ထိုအချိန်က ဆုမိုသည် ငယ်ရွယ်ပြီး အပြစ်ကင်းစင်လွန်းသည်။ ကြီးမားသော မိသားစု စည်းစိမ်ကို အမွေရလိုက်သော်လည်း မိုက်မဲသော သားသမီးမြေးမြစ်တို့ ထုံးစံအတိုင်း လျင်မြန်စွာပင် ဖြုန်းတီးပစ်လိုက်သည်။

ထို့အပြင် သူ၏ သိုင်းပညာကလည်း အားနည်းလွန်းသလို ပျင်းရိခြင်း၊ လောဘကြီးခြင်းနှင့် ရှောင်တိမ်းတတ်ခြင်း စရိုက်များကြောင့် ဇီယန်အာမခံဌာန၏ အလံတော်မှာ ကြာရှည် မလွှင့်ထူနိုင်တော့ပေ။

ရလဒ်အနေဖြင့် ဂိုဏ်းသားများ လွင့်ပါးသွားကြပြီး တစ်ချိန်က ကြီးကျယ်ခမ်းနားခဲ့သော အာမခံဌာနကြီးတွင် သူနှင့် သစ္စာရှိသော အဘိုးအို အစေခံတစ်ဦးသာ ကျန်ရစ်တော့သည်။

ထိုအချိန်တွင် ကူးပြောင်းသူ ဆုမို ရောက်ရှိလာပြီး မူလခန္ဓာကိုယ်ပိုင်ရှင်၏ နေရာကို ဝင်ယူကာ ဇီယန်အာမခံဌာန၏ ခေါင်းဆောင် ဖြစ်လာခဲ့သည်။

ခေါင်းဆောင်ဟု ဆိုသော်လည်း စစ်သည်မပါသော စစ်ဗိုလ်ချုပ် ဘဝသာ ဖြစ်သည်။

ဆုမို၏ မူလအစီအစဉ်အရ မိသားစုတွင် ကျန်ရှိနေသေးသော ငွေအနည်းငယ်ဖြင့် အခြားနည်းလမ်းတစ်ခုခု ရှာကြံကာ ခေတ်သစ်လူသားတစ်ယောက်၏ ဗဟုသုတနှင့် အရည်အချင်းကို အသုံးပြု၍ ဝမ်းစာရေး ဖြေရှင်းရန် စဉ်းစားခဲ့သည်။

သို့သော် မထင်မှတ်ဘဲ စနစ် တစ်ခု ရုတ်တရက် ပေါ်ပေါက်လာခဲ့သည်။

ရက်အနည်းငယ်မျှ ဗျာများပြီးနောက် ဆုမိုသည် နောက်ဆုံးတွင် ဇီယန်အာမခံဌာန၏ ကျဆုံးလုဆဲဆဲ အလံတော်ကို ပြန်လည် ထူမတ်ရန် ဆုံးဖြတ်လိုက်သည်။

ထိုဆုံးဖြတ်ချက်ချလိုက်သောနေ့တွင် အဘိုးအို အစေခံမှာ ဝမ်းသာလွန်း၍ မျက်ရည်များပင် ကျခဲ့ရှာသည်။

သူ့သခင်လေး နောက်ဆုံးတော့ လူလားမြောက်ပြီဟု ခံစားလိုက်ရသောကြောင့် ဖြစ်သည်။

သို့သော် သိုင်းလောက ခရီးလမ်းသည် မည်မျှ ခက်ခဲကြမ်းတမ်းကြောင်း ဆုမို ကောင်းကောင်း သိသည်။

ဂုဏ်သတင်း ပျက်စီးနေသော အာမခံဌာနတစ်ခုကို ယခင် ကျော်ကြားမှုမျိုး ပြန်ရအောင် လုပ်ရန်မှာ လွယ်ကူသော ကိစ္စ မဟုတ်ပေ။

ထို့ကြောင့် နေ့စဉ်နေ့တိုင်း မိသားစုပိုင် သိုင်းပညာများကို ကြိုးစားလေ့ကျင့်ခြင်း (သို့မဟုတ်) ဘိုးဘေးများ ချန်ထားခဲ့သော မှတ်တမ်းများကို ဖတ်ရှုကာ သိုင်းလောက ဗဟုသုတများ ရှာမှီးခြင်း၊ သိုင်းလောကသုံး စကားဝှက်များကို လေ့လာခြင်းတို့ဖြင့် အခွင့်အရေးကို တိတ်တဆိတ် စောင့်ဆိုင်းနေခဲ့သည်။

အကယ်၍ တကယ်တမ်း အာမခံ ပို့ဆောင်ရေးလိုက်ရမည့် အလုပ် ပေါ်လာခဲ့လျှင် တံခါးပြင် ထွက်ထွက်ချင်း သူခိုးဂျပိုးလောက်ကို အနိုင်မကျင့်ခံရစေရန် ပြင်ဆင်ထားခြင်း ဖြစ်သည်။

ကြိုးစားအားထုတ်မှုနှင့် ရိုးသားမှုတို့သည် အမှန်တကယ် အကျိုးပေးသည်ဟု ဆိုရမည်လော မသိ။ ကျဆုံးနေသော ဇီယန်အာမခံဌာနကို အမှန်တကယ် လာရောက်ငှါးရမ်းသူ ပေါ်လာခဲ့သည်။

ဒါက ဆုမို၏ ပထမဆုံး အာမခံ ပို့ဆောင်ရေး တာဝန်ပင်။

စာပေပညာရှင် လီရိရှုအား ကျင်းယန်မြို့သို့ ရောက်အောင် ကာကွယ်ပို့ဆောင်ပေးရန် ဖြစ်သည်။

...

...

အတွေးလွန်နေခိုက် တံခါးခေါက်သံကြောင့် ဆုမို အသိပြန်ဝင်လာသည်။

ထသွားကြည့်လိုက်သောအခါ ရေနွေးလာပို့သော စားပွဲထိုးလေး ဖြစ်နေသည်။

စားပွဲထိုးလေး ပြန်ထွက်သွားပြီးနောက် ရေနွေးပူပူ တစ်အိုး ဖျော်လိုက်သည်။ ရေနွေးတစ်ငုံ သောက်မည်အပြုတွင် သူ့နားထဲ၌ အသံတစ်သံ ကြားလိုက်ရလေသည်။

[ ပထမဆုံးအကြိမ် ရှင်းတမ်းထုတ်ခြင်း ပြီးဆုံးပါပြီ..,လုံရှန်း ဉာဏ်ဖွင့် နတ်ဘုရား စွမ်းရည် ]

"အိုး...လုံရှန်း ဉာဏ်ဖွင့် နတ်ဘုရား စွမ်းရည်တဲ့လား…"

သိုင်းလောက၏ လှည့်စားမှုနှင့် အန္တရာယ်များကို ကောင်းစွာသိထားသော ဆုမို၏ နှလုံးသားမှာ ပျော်ရွှင်မှုကြောင့် ခုန်ပေါက်သွားသည်။

သိုင်းလောကထဲ ရောနှောဝင်ရောက်နိုင်ဖို့ သူ့ရဲ့ တစ်ခုတည်းသော အားကိုးရာက မပြည့်တပြည့် မိသားစုပိုင် သိုင်းပညာ မဟုတ်ပေ။ ဒီ "ရွှေလက်ချောင်း" သာလျှင် ဖြစ်သည်။

ချက်ချင်းပင် သူ လက်ထဲမှ ရေနွေးခွက်ကို ချလိုက်သည်။

ထိုစဉ် နောက်ထပ် အသံ တစ်သံ ထွက်ပေါ်လာသည်။

[ ဆုလဒ် ရရှိပါသည် - "လုံရှန်း ဉာဏ်ဖွင့် နတ်ဘုရား စွမ်းရည်" ပြီးပြည့်စုံခြင်းအဆင့်..]

"...."

ဆုမို တစ်ကိုယ်လုံး တုန်ခါသွားလေသည်။ စိတ်ကို တည်ငြိမ်အောင် မထိန်းနိုင်ခင်မှာပင် သူ၏ ဒန်တျန် အတွင်းမှ အတွင်းအားများ အရှိန်အဟုန်ပြင်းစွာဖြင့် ရုန်းကန်ထွက်ပေါ်လာပြီး ရပ်တန့်မရနိုင်တော့သည့်အလား သူ၏ သွေးကြောမများမှတစ်ဆင့် ခြေလက်အင်္ဂါများနှင့် ခန္ဓာကိုယ်အနှံ့သို့ စီးဆင်းသွားတော့သည်။

ထိုအချိန်၌ပင် စာလုံးရေမြောက်မြားစွာသည် သူ့ခေါင်းထဲသို့ ဒလဟော ဝင်ရောက်လာသည်။ ၎င်းတို့မှာ "လုံရှန်း ဉာဏ်ဖွင့် နတ်ဘုရား စွမ်းရည်" ၏ ကျင့်စဉ်များပင် ဖြစ်သည်။

သူသည် ကုတင်ပေါ်သို့ ခုန်တက်ကာ တင်ပလ္လင်ခွေ ထိုင်လိုက်ပြီး ညွှန်ကြားချက်အတိုင်း စတင်ကျင့်ကြံလိုက်တော့သည်။

ဒန်တန်ကို အခြေပြုထားသော အတွင်းအားများသည် 'ဆယ့်နှစ်ထပ် အဆောက်အအုံ' ကဲ့သို့ တက်လှမ်းကာ 'ပင်မသွေးကြောမကြီး ၁၂ ခု' အတွင်းသို့ ဝင်ရောက်သွားလေသည်။

သူ၏ ခန္ဓာကိုယ်အတွင်းမှ ပေါက်ကွဲသံများ ဟိန်းထွက်လာပြီး နားထင်ကြောများပင် ပြင်းထန်စွာ တုန်ခါလာသည်။

အတွင်းအားများသည် ပင်မသွေးကြောမကြီး ၁၂ ခုလုံးတွင် လှည့်ပတ်စီးဆင်းပြီး ခန္ဓာကိုယ်ရှိ အကြောအချင်များကို ထိုးဖောက်ဖွင့်လှစ်ပြီးနောက် ‘ထူးခြားသွေးကြောမကြီး ၈ ခု’ ထဲသို့ သဘာဝကျစွာပင် စီးဝင်သွားပြန်သည်။

ပထမဆုံး ရိုက်ခတ်ခံရသည်မှာ 'ရန်' နှင့် 'တု' သွေးကြောမကြီးများပင် ဖြစ်ပြီး တစ်ချက်တည်းနှင့် ပွင့်ထွက်သွားတော့သည်။

မည်သည့် သိုင်းပညာရှင်အတွက်မဆို အလွန်အရေးကြီးသော 'ကောင်းကင်နှင့် မြေကြီး တံတား' နှင့် 'သေမင်းတံခါးဝ' တို့သည် ထိုအခိုက်အတန့်၌... လွယ်ကူစွာပင် ပွင့်အာသွားလေတော့၏။

All Chapters