ထင်ကြေးပေးခြင်း
Vol. 1 Ch. 9
~မိမိမျိုးရိုးမှာ 'ရွှီ' ဖြစ်ကြောင်း ပြောဆိုခဲ့သော်လည်း နာမည်အရင်းကိုမူ ဆုမို မသိရှိရသော ထိုလူကြီးသည် ဟန်ချက်ညီအောင် ထိန်းသိမ်းလိုက်ပြီးနောက် ချက်ချင်းပင် လူးလဲထထိုင်လိုက်လေသည်။
ယခင်က ခန့်ညားထည်ဝါခဲ့သော သူ၏ပုံစံမှာ ယခုအချိန်တွင် လုံးဝ ပျက်စီးယိုယွင်းသွားခဲ့ပြီ ဖြစ်ချေ၏။
မြေပြင်ပေါ်သို့ ပြင်းထန်စွာ ပြုတ်ကျပြီး လိမ့်သွားခြင်းကား နူးညံ့သိမ်မွေ့သော ကိစ္စတစ်ခု မဟုတ်ပေ။ သူ၏ မျက်နှာတစ်ခုလုံး ဖူးရောင်ပေါက်ပြဲနေပြီး ပါးစပ်ထောင့်မှလည်း သွေးများ စီးကျနေလေသည်။ စကားပြောရန် ပါးစပ်ဟလိုက်သော်လည်း စကားလုံးများ ထွက်မလာဘဲ သွေးတစ်ပွက်သာ အန်ထွက်လာတော့သည်။
သူ မော့ကြည့်လိုက်သောအခါ ဆုမိုသည် သူ၏ ရှေ့တည့်တည့်သို့ ရောက်ရှိနေပြီ ဖြစ်လေသည်။
"ဒါ... မဖြစ်နိုင်ဘူး"
သူ အားယူ၍ ခက်ခက်ခဲခဲ ပြောလိုက်ရသည်။
"မင်း... မင်းရဲ့ အတွင်းအားက 'အသွင်ပြောင်းအဆင့်' ရောက်နေရင်တောင်မှ... ဒီ 'အရိုးစားရနံ့' ကို ဘယ်လိုလုပ်ပြီး ခံနိုင်ရည် ရှိနေရတာလဲ"
"အရိုးစားရနံ့... ဟုတ်လား"
ဆုမို ခေါင်းညိတ်လိုက်သည်။
"အဲဒီအနံ့အကြောင်းပဲ ဖြစ်ဖြစ်၊ ကျွန်တော့်အတွင်းအားအကြောင်းပဲ ဖြစ်ဖြစ် ခဏထားလိုက်ပါဦး... ကျွန်တော်က ဒီအနံ့ထဲက အဆိပ်မိသွားပြီလို့ ခင်ဗျား ဘာလို့ ဒီလောက်တောင် သေချာနေရတာလဲ"
"......"
မြေကြီးပေါ်တွင် ထိုင်နေသော လူကြီးသည် သူ ကြားလိုက်ရသော စကားကို မယုံနိုင်သည့်အလား မျက်လုံး အစုံ ပြူးကျယ်သွားတော့သည်။
ဆုမိုက ပြုံး၍ ဆက်ပြောလိုက်သည်။
"ဆေးပညာလောကက အဆိပ်ပညာရှင်တွေဆိုတာ ခန့်မှန်းရ ခက်တယ်လို့ ကြားဖူးတယ်... အဆိပ်မရှိတဲ့ ပစ္စည်း နှစ်ခုကို ယှဉ်တွဲထားလိုက်တာနဲ့ ကမ္ဘာပေါ်မှာ အပြင်းထန်ဆုံး အဆိပ် ဖြစ်သွားနိုင်တယ်တဲ့...ကျွန်တော်က သတိကြီးတယ်လို့ ခင်ဗျား ပြောခဲ့တယ် မဟုတ်လား... ခွက်ထဲက အရည်လောက်ကိုပဲ ကျွန်တော် သတိထားမယ်လို့ ထင်နေတာလား... ရှေးဟောင်း ဇိသာတစ်လက်ရယ်၊ အမွှေးတိုင်အိုး တစ်လုံးရယ်... ကြည့်ရတာတော့ ကျက်သရေရှိပြီး လှပနေတာပါပဲ... ဒါပေမဲ့ ခင်ဗျားရဲ့ ယုတ်မာတဲ့ စိတ်ဓာတ်အောက်မှာ ဇိသာအောက်က လျှို့ဝှက်ဓား၊ လက်မောင်းကြားက မြားတိုနဲ့ အမွှေးတိုင်ထဲက အဆိပ်တွေကို သတိထားရမှာ သဘာဝပဲလေ"
"အမှန်အတိုင်း ပြောရရင်... ကျွန်တော်..ဒီ 'လော့ဟွား' ဇရပ်ထဲ ခြေမချခင် အဲဒီ အမွှေးတိုင်အိုးကို မြင်ကတည်းက အသက်အောင့်ထားလိုက်တာ... အခုထိ ပြန်မရှူရသေးဘူး"
"အတွင်းအားပိုင်းမှာ ကျွန်တော်က သိပ်မကျွမ်းကျင်လှပေမယ့်... အသက်အောင့်ထားတဲ့ ပညာလောက်ကတော့ ခဏတဖြုတ် ထိန်းထားနိုင်ပါသေးတယ်"
လူကြီး၏ မျက်နှာသည် ချက်ချင်းပင် ဖြူဖျော့သွားတော့သည်။
ဆုမို၏ သတိကြီးပုံကို သူ တွေးထားမိသော်လည်း၊ လက်ဖက်ရည် တစ်ခွက်တည်းကိုသာ သတိထားခြင်း မဟုတ်ဘဲ၊ အရာအားလုံးကို သတိထားနေလိမ့်မည်ဟု ထင်မထားခဲ့မိပေ။
`'ကဏ္ဍတိုင်းမှာ သတိရှိလွန်းတယ်'`
သိုင်းပညာလည်း မြင့်မားသလို၊ သတိလည်း ကြီးလွန်းသည့်အတွက် ဒီနေ့ သူ ရှုံးနိမ့်ရခြင်းသည် မတရားဘူးဟု ပြော၍ မရနိုင်တော့ပေ။
သူ ခါးသီးစွာ ပြုံးလိုက်သည်။
"မင်း... မင်းက ငါ မကောင်းကြံနေမှန်း ဘယ်လို သိတာလဲ"
"ကျွန်တော် ပြောပြမလား မပြောပြဘူးလား ခန့်မှန်းကြည့်ပါလား"
ဆုမိုက ပြုံးရွှင်စွာ ဆက်ပြောလိုက်သည်။
"ကဲပါ... အပိုတွေ ပြောမနေပါနဲ့တော့... မေးစရာ တစ်ခုပဲ ရှိတယ်... ခင်ဗျားတို့အဖွဲ့အပြင် တခြား ဘယ်သူတွေများ 'လျှို့ဝှက်ယန္တရား' နဲ့ 'တာ့ရွှမ် လက်နက်တိုက်' အကြောင်း သိနေကြသေးလဲ"
လူကြီး၏ မျက်နှာထားမှာ တွေဝေငေးငိုင်သွားပြီး သူ၏ အတွေးများ ရှုပ်ထွေးနေပုံ ရသည်။
ဆုမို၏ စကားထဲတွင် ပါဝင်သော သတင်းအချက်အလက်များကို သူ သဘောမပေါက်နိုင် ဖြစ်နေပြီး စိတ်ပျက်လက်ပျက် ပြုံးလိုက်ရုံသာ တတ်နိုင်တော့သည်။
"သတ်ချင်ရင် သတ်လိုက်ပါတော့... စကားတွေ အများကြီး ပြောနေဖို့ လိုလို့လား"
"ဒါဆိုလည်း ပြီးတာပဲ"
ဆုမို၏ အသံဆုံးသည်နှင့် တပြိုင်နက် သူသည် လက်ကို ဝှေ့ယမ်းလိုက်ပြီး ထိုလူကြီး၏ ဦးခေါင်းထိပ်
တည့်တည့်ကို ရိုက်ချလိုက်တော့သည်။
"ကွပ်" ခနဲ အသံနှင့်အတူ လူကြီး၏ မျက်လုံးများ အရောင်မှိန်သွားပြီး အသက်ဝိညာဉ် ကင်းမဲ့သွားကာ မြေကြီးပေါ်သို့ လဲကျသွားလေတော့သည်။
ဤအဆင့်ရောက်မှတော့ ဆုမို သက်ညှာနေစရာ အကြောင်း မရှိတော့ချေ။
`'တဖက်မှာလည်း ရန်သူက ကိုယ့်ကို ကြည်ကြည်ဖြူဖြူ ဒူးထောက်ပြီး သေတဲ့အထိ သစ္စာရှိပါ့မယ်လို့ ပြောလာလောက်အောင် ဆွဲဆောင်မှုမျိုး ငါ့မှာ မရှိဘူးဆိုတာ ငါသိတယ်'`
`'နောက်တစ်ချက်ကလည်း စောစောက လက်ဝါးချင်း ရိုက်တုန်းက ဒီလူကြီးရဲ့ သွေးကြောတွေ အကုန် ပြတ်တောက်ကုန်ပြီ... အခု ချက်ချင်း အဆုံးမစီရင်ရင်တောင် သေလမ်းကို သွားနေရတာချင်း အတူတူပဲ'`
`'ပြီးတော့ နောက်ဆုံးနဲ့ အရေးကြီးဆုံး အချက်ကတော့...'`
`'ပြဿနာတွေ ဒီလောက်ထိ ဖြစ်နေတာတောင် အပြင်မှာ ပုန်းနေတဲ့ ကောင်တွေက ဘာလို့ ငြိမ်နေရတာလဲ'`
ဆုမိုသည် ဝတ်ရုံလက်စကို ခါလိုက်ပြီး ပြန်လှည့်ထွက်လာခဲ့လေသည်။
ခဏမျှ လှည့်ပတ်ကြည့်ရှုပြီးနောက် သူ ရပ်တန့်လိုက်သည်။
ရှေ့မှ မက်မွန်ပင်ကြီးတစ်ပင်တွင် လူတစ်ယောက် မှီလျက်သား ရှိနေပြီး ရင်ဘတ်တွင် ဓား တစ်ချောင်း စိုက်ဝင်နေသည်ကို တွေ့လိုက်ရ၏။ ဓားသွားသည် သစ်ပင်ပင်စည်ထဲထိ နစ်ဝင်နေပြီး ဖောက်ထွက်နေသဖြင့် ဓားဖျားမှ သွေးများသည် မြေကြီးပေါ်သို့ တစက်စက် ကျနေသည်။
ဒီလူကို ဆုမို သိသည်။
ဝမ်ရှန်အဆောက်အအုံမှ သူ့ကို လော့ဟွားဇရပ်ဆီ ခေါ်လာပေးသည့် လူငယ်လေးပင်။
လွန်ခဲ့သော ခဏလေးကမှ သက်ရှိထင်ရှား သွားလာလှုပ်ရှားနေသော လူတစ်ယောက်သည် ယခုအခါ အလောင်းကောင် ဖြစ်သွားခဲ့၏။
သူ တစ်ယောက်တည်း မဟုတ်ပေ။ မက်မွန်တောထဲ တစ်ပတ်လောက် လျှောက်ကြည့်လိုက်သောအခါ အလောင်းများ ပြန့်ကျဲနေသည်ဟု မဆိုနိုင်သော်လည်း လဲလျောင်းနေသူ၊ မှီနေသူ စသဖြင့် အစီအရီ ရှိနေကြပြီး၊ တူညီသော အချက်မှာ အားလုံး သေဆုံးနေကြခြင်းပင်။
"ငါက လော့ဟွားဇရပ်ထဲမှာ ဟိုလူကြီးနဲ့ ဉာဏ်ကစားနေတုန်း၊ အပြင်မှာ တခြားတစ်ယောက်က လူသတ်ပွဲ ကျင်းပနေတာကိုး"
"လက်ဖက်ရည်ဆိုင်မှာ လူတွေ သေပုံနဲ့ အတူတူပဲ"
ဆုမို ပြန်လှည့်လာပြီး လော့ဟွားဇရပ်ဆီသို့ ပြန်သွားရင်း တွေးတောနေမိသည်။
`'ဒီနေ့ တွေ့ဆုံမှုက ငါ့ကို ဖမ်းဖို့၊ ပိုးသားသေတ္တာကို ယူဖို့နဲ့ ငါ့သိုင်းပညာကို လိုချင်လို့ဆိုတာ သေချာတယ်... ဒါပေမဲ့ ငါကလည်း ဒီအခွင့်အရေးကို သုံးပြီး လျှို့ဝှက်ချက်တွေကို စုံစမ်းချင်ခဲ့တာ... ဟိုလူကြီးက စကားသိပ်မပြောပေမယ့်၊ အစပိုင်း ပြောတာတွေက လိမ်တာတွေချည်းပဲ'`
`'ဒါပေမဲ့ အခြေအနေတွေ တင်းမာလာတော့မှ အမှန်တရား တချို့ ထွက်လာတယ်'`
`'လက်ဖက်ရည်ဆိုင်မှာ သေသွားတဲ့သူက 'စားဖိုမှူးကျိုး' ဖြစ်လောက်တယ်... တခြားထူးခြားတာ မရှိရင် သူတို့အဖွဲ့ထဲမှာ မိန်းမဆိုလို့ 'ဟူပျောင်းပျောင်း' တစ်ယောက်ပဲ ရှိလောက်မယ်... ယောက်ျား တစ်ယောက်က ဒီလို မိန်းမနာမည်မျိုး ယူထားတာ မဟုတ်ရင်ပေါ့လေ'`
`'သူတို့ လိုချင်နေတာက ပိုးသားသေတ္တာထဲက 'လျှို့ဝှက်ယန္တရား' ပဲ... ဒါ့အတွက် သူတို့က ပြတ်ပြတ်သားသားနဲ့ ရက်ရက်စက်စက် လုပ်ဆောင်ကြတယ်... အမှားအယွင်းမခံဘူး'`
`'ဒါပေမဲ့ သူတို့ လုပ်ရပ်တွေကို ကြည့်ရတာ တသီးတခြားစီ လှုပ်ရှားနေကြသလိုပဲ... ကိုယ်ပိုင် ရည်ရွယ်ချက်တွေနဲ့ပေါ့'`
`'ဒါပေမဲ့ အရေးကြီးဆုံး သတင်းအချက်အလက်ကိုတော့ ငါ မသိရသေးဘူး'`
ဆုမို ထိုလူကြီးကို နောက်ဆုံးမေးခွန်း မေးလိုက်ခြင်းမှာ စားဖိုမှူးကျိုး သေဆုံးမှုကြောင့် ဖြစ်သည်။
စားဖိုမှူးကျိုး သေသွားသဖြင့် ဆုမိုသည် စားဖိုမှူးကျိုး၏ အတားအဆီးကို လွယ်လွယ်ကူကူ ကျော်ဖြတ်နိုင်ခဲ့သည်။
ယခု လော့ဟွားဇရပ်ထဲ ရောက်နေတော့လည်း အဓိက ပြဿနာကြီးကို ဖြေရှင်းပြီးချိန်မှာ အပြင်က ပြဿနာ အသေးအဖွဲလေးတွေကို တခြား တစ်ယောက်က ရှင်းပေးထားပြန်သည်။
ရှင်းနေသည်မှာ... ဒီကိစ္စထဲမှာ ဝင်ပါနေသည့် နောက်ထပ် လူတစ်ယောက် ရှိနေသေးကြောင်းပင်။
"မနေ့ညက နှစ်ယောက်များလား"
ဆုမိုသည် သွေးကြောများ ဖြတ်တောက်ခံထားရသော အလောင်းနားသို့ ပြန်သွားပြီး သေချာ ကြည့်ရှုလိုက်သည်။ မျက်ခုံးအနည်းငယ် ပင့်လိုက်မိသည်။
"မဟုတ်လောက်ဘူး... သူတို့ထဲက တစ်ယောက်က တုတ်ကို သုံးပြီး တစ်ယောက်က ဓားကို သုံးတာ... ဓားသမားရဲ့ လှုပ်ရှားမှုတိုင်းက ဓားသွားလို ထက်မြက်တယ်... ဓားပညာမှာ အထွတ်အထိပ် ရောက်နေမှန်း သိသာတယ်... အဲဒီလိုလူမျိုးက လူသတ်ဖို့အတွက် ဓားမြှောင်ကို သုံးတယ်ဆိုတာ မဖြစ်နိုင်ဘူးလို့ မဆိုလိုပေမယ့် ဖြစ်နိုင်ချေ နည်းတယ်"
"ဓားသမားတစ်ယောက်ရဲ့ ဓားအပေါ် ထားတဲ့ သံယောဇဉ်ကို လျှော့တွက်လို့ မရဘူးလေ"
"တုတ်သမားကျတော့... တကိုယ်လုံး အရက်နံ့တွေ နံနေတာ... ဒီအလောင်းတွေက အခုလေးတင် သေထားတာ... အရက်နံ့ နည်းနည်းလေးတောင် မရဘူး... သူတို့နှစ်ယောက်နဲ့ မဆိုင်လောက်ဘူး"
"စားဖိုမှူးကျိုးကို သတ်သွားတဲ့၊ အမှောင်ထဲမှာ ပုန်းနေတဲ့ လူသတ်သမားရယ်... ဒီမက်မွန်တောထဲက လူသတ်သမားရယ်က... တကယ်တော့ 'ဝမ်ရှန်းလင်' ရဲ့ လူတွေများလား"
"ဒါမှမဟုတ်... တခြား အကြောင်းပြချက် ရှိနေမလား"
"နေပါဦး... ဝမ်ရှန်းလင် ဆိုတာကရော ဘယ်သူလဲ"
အတွေးက ဒီနေရာရောက်တော့ အလောင်းကို စိုက်ကြည့်ရင်း တစ်စုံတစ်ခုကို သတိရသွားသည်။
သူ ချက်ချင်းပင် သားရေလက်အိတ်ကို စွပ်လိုက်ပြီး ဒူးထောက်ထိုင်ချကာ အလောင်းကို ရှာဖွေလိုက်သည်။ ခဏအကြာတွင် သူ့မျက်နှာ ဝင်းလက်သွားတော့သည်။
"ဒါမှ တကယ့် လာဘ်ကြီးကွ"
သူ့လက်ထဲတွင် ငွေစက္ကူ တစ်ထပ် ရောက်နေပြီ ဖြစ်သည်။ စုစုပေါင်း ငွေစ (၁၀၀) ကျော်လောက် ရှိပေမည်။
"အပြင်ထွက်ပြီး လူသတ်တာတောင် ငွေတွေ အများကြီး ယူလာတယ်ဆိုတော့... အသတ်ခံရပြီး အလုခံရအောင် ဖိတ်ခေါ်နေသလို ဖြစ်မနေဘူးလား"
ဆုမိုသည် ငွေစက္ကူများကို သေချာစစ်ဆေးပြီးနောက် လုံခြုံစေရန် အိတ်ထဲ ထည့်လိုက်သည်။
ကျန်သည့် ပစ္စည်းများကိုတော့ သူ မထိတော့ပေ။ အဆိပ်များနှင့် ဖြေဆေးများက နာမည်မရေးထားဘဲ အရောင်ဖြင့်သာ ခွဲခြားထားသဖြင့် ဘာတွေမှန်း သူ မသိနိုင်ပေ။
သုံးနည်းမသိဘဲ ရမ်းယူသွားပါက ကိုယ့်ဒုက္ခ ကိုယ်ရှာသလို ဖြစ်နေဦးမည်။