ပစ္စည်း ပို့ဆောင်ခြင်း
Vol. 1 Ch. 10
~ငွေစက္ကူများကို လက်ခံရယူပြီးနောက် ဆုမိုသည် အလောင်းကို နောက်ဆုံးအကြိမ် တစ်ချက်ကြည့်လိုက်ပြီး နောင်တရသော ခံစားချက်တစ်ခု ရင်ထဲ၌ ဖြစ်ပေါ်လာလေသည်။
လူသေသွား၍ နောင်တရခြင်း မဟုတ်ဘဲ၊ စောစောက သေဆုံးသွားသူများကို ရှာဖွေစစ်ဆေးရန် မေ့လျော့ခဲ့မိသောကြောင့် ဖြစ်ချေ၏။
`'ငါ ငွေတွေ အများကြီး နစ်နာသွားပြီ'`
သိုင်းလောကထဲ လှည့်လည် သွားလာနေသည့် သူရဲကောင်းများသည် လောကီစည်းစိမ်ကို မက်မောလေ့ မရှိကြဟု ထင်ရသော်လည်း၊ ဆုမိုမှာမူ ထိုကဲ့သို့သော လူစားမျိုး မဟုတ်ပေ။
`'ပိုက်ဆံဆိုတာ ကောင်းတဲ့အရာလေ... များလေ ကောင်းလေပေါ့... အထူးသဖြင့် ငါက အာမခံဌာန တစ်ခုလုံးကို ဦးစီးနေရတာဆိုတော့ ငွေက ပိုလို့တောင် အဖိုးတန်သေးတယ်'`
`'တောအုပ်ထဲမှာ ပေါ်လာတာ စုစုပေါင်း (၄) ယောက်... အခု (၂) ယောက် သေသွားပြီ... ကျန်တဲ့ ယောက်ျားတစ်ယောက်ရဲ့ အခြေအနေကိုတော့ မသိရသေးဘူး... မိန်းမတစ်ယောက်ကတော့ 'ဟူပျောင်းပျောင်း' လို့ ခေါ်တယ်... ဘာလို့ အရင်ခန္ဓာပိုင်ရှင်က သူတို့ နာမည်တွေကို တခါမှ မကြားဖူးရတာလဲ'`
သိုင်းလောကထဲ ဝင်ရောက်ကျင်လည်သည် ဆိုသည်မှာ ဂုဏ်ဒြပ်နှင့် စည်းစိမ်ဥစ္စာကို ရှာဖွေရန်ပင် ဖြစ်သည်။
စည်းစိမ်ဥစ္စာကမူ နေရာအနှံ့မှ လိုချင်တာထက် ပို၍ ဝင်လာနိုင်၏။
သို့သော် ဂုဏ်သတင်းကျော်ကြားမှု ဆိုသည်မှာ သိုင်းလောကသားများအတွက် ဆိုင်းဘုတ်တစ်ခုကဲ့သို့ ဖြစ်လေသည်။
ဆုမိုသည် သိုင်းလောကထဲ ရောက်ရှိခါစ လူသစ်ဖြစ်သော်လည်း၊ ကြိုတင်ပြင်ဆင်မှု မရှိဘဲ ရောက်လာခဲ့ခြင်းကား မဟုတ်ချေ။ သိုင်းလောကတွင် နာမည်ကြီးသော ပုဂ္ဂိုလ်များနှင့် ဇာတ်လမ်းများကို သူ လေ့လာထားပြီးသား ဖြစ်သည်။
ဝမ်းနည်းစရာမှာ သူ၏ ရှေ့၌ ရှိနေသော 'တောင်လှန်လက်ဝါး' ပိုင်ရှင်ပင် ဖြစ်စေ၊ ဟူပျောင်းပျောင်း ဆိုသည့် အမျိုးသမီးပင် ဖြစ်စေ၊ သူ တစ်ခါမျှ မကြားဖူးခဲ့ခြင်း ဖြစ်လေသည်။
သူ ပြန်လှည့်လိုက်ပြီး မက်မွန်တောကို ကျောခိုင်းကာ ကျိမင်စခန်းဘက်သို့ ဆက်လက်ထွက်ခွာလာခဲ့၏။
`'ဒီ တောင်လှန်လက်ဝါးသမားနဲ့ တခြားလူတွေကြားမှာ အဆက်အသွယ် မရှိဘူး... ကြည့်ရတာ သူတို့က ကိုယ့်နည်းကိုယ့်ဟန်နဲ့ လှုပ်ရှားနေကြတာ သေချာတယ်... ဒါပေမဲ့ ဒီလူတွေက ကိုယ်ပိုင်အကြံအစည်တွေ ရှိနေကြပေမယ့် တူညီတဲ့ ဦးတည်ချက်တစ်ခုကို သွားနေကြတယ်... လျှို့ဝှက်ယန္တရားက သူတို့ထဲက တစ်ယောက်ယောက် လက်ထဲ ရောက်သွားပြီး၊ ရတဲ့လူက ကျန်တဲ့လူတွေကို အသိမပေးဘဲ နေမှာကို သူတို့ မပူကြဘူးလား'`
`'သူတို့အချင်းချင်း ထိန်းချုပ်ထားတဲ့ နည်းလမ်းတစ်ခုခုတော့ ရှိမှာပဲလို့ ငါ ထင်တယ်'`
သို့သော် ဤလူများသည် တိတ်တဆိတ် ဆက်သွယ်နေကြပြီး သူတို့၏ ရည်မှန်းချက်သည်လည်း သေးငယ်မနေပေ။ သူတို့ အချင်းချင်း မည်သို့ ထိန်းကျောင်းထားသလဲ ဆိုသည်ကိုမူ ဆုမို အချိန်တိုအတွင်း စဉ်းစား၍ မရနိုင်သေးချေ။
လျှို့ဝှက်ယန္တရား၏ အကြောင်းကို သိရှိလိုက်ရပြီးသည့်နောက်၊ ဤပဋိပက္ခထဲတွင် ပါဝင်ပတ်သက်ရန် ဆုမို ပို၍ပင် ဆန္ဒမရှိတော့ပေ။
ယခု သူလုပ်ဆောင်နေသမျှ အရာအားလုံးသည် မလုပ်မဖြစ်၍သာ လုပ်ဆောင်နေရခြင်း ဖြစ်၏။ ပစ္စည်းပို့ပြီးသည်နှင့် ဤကိစ္စများထဲမှ ချောချောမွေ့မွေ့ ရုန်းထွက်သွားနိုင်ရန်သာ သူ မျှော်လင့်မိလေသည်။
...
...
အခြေအနေများ ပိုမိုဆိုးရွားလာမည်ဟု ဆုမို မူလက မျှော်လင့်ထားခဲ့၏။
`'ဘာပဲပြောပြော မူလ (၄) ယောက်မှာ ကိုယ်ပိုင် နည်းလမ်းတွေ ရှိကြတာကိုး'`
`'အခု (၂) ယောက် မရှိတော့ပေမယ့်၊ နောက်ထပ် (၂) ယောက် ကျန်နေသေးတယ်'`
(၂) ယောက်တည်း ဆိုသော်လည်း အဆုံးမရှိသော ဖြစ်နိုင်ချေများ ရှိနေနိုင်သေးသည်။
တဖက်တွင်လည်း ဤလူ (၄) ယောက်ကြားမှ ပူးပေါင်းဆောင်ရွက်မှု အခြေအနေကို ဆုမို ရှင်းရှင်းလင်းလင်း မသိရှိသေးပေ။
လော့ဟွားဇရပ်ထဲမှ မျိုးရိုး 'ရွှီ' ရှိသည့် လူကြီးသည် 'စားဖိုမှူးကျိုး' စောစောစီးစီး သေဆုံးသွားသည်ကို မသိရှိခဲ့တာ သေချာသည်။ သို့သော် ကျန်ရှိသည့် (၂) ယောက်ကရော... သူနှင့် စားဖိုမှူးကျိုး ငရဲပြည်ရောက်သွားပြီ ဆိုသည်ကို သိရှိနေကြပြီလော။
သိရှိနေကြပြီ ဆိုလျှင်မူ... လာမည့် တိုက်ခိုက်မှုများသည် ပိုမိုကြမ်းတမ်းပြီး ကာကွယ်ရခက်ခဲလာမည်မှာ သေချာသည်။
မသိရှိသေးဘူး ဆိုလျှင်မူ... အနည်းဆုံးတော့ သူတို့၌ ဆုမိုကို စောင့်ကြိုနေသည့် အခြား အစီအစဉ်များ ရှိနေဦးမည်ပင်။
အထူးသဖြင့် သေစေလောက်သည့် အချက်မှာ... အမှောင်ထဲတွင် ပုန်းအောင်းနေသည့် လျှို့ဝှက် လူသတ်သမား၏ ကိစ္စပင် ဖြစ်လေသည်။
ပစ်မှတ်က ဆုမို မဟုတ်... သို့သော် လူသတ်သမားက ဆုမိုအတွက် အတားအဆီးများကို သွယ်ဝိုက်ပြီး ရှင်းလင်းပေးနေသကဲ့သို့ ဖြစ်နေသည်။
သို့သော် သူ၏ နည်းလမ်းများက ရက်စက်လွန်းသဖြင့် ဆုမိုကို စိုးရိမ်မကင်း ဖြစ်စေ၏။
ထို့အပြင် ဟိုတစ်ညက ပေါ်လာသည့် လူကြီးနှင့် လူငယ်ကရော... ဤကိစ္စနှင့် ပတ်သက်နေသလော။
ဤအရာများအားလုံးသည် ရှုပ်ထွေးပွေလီစွာ ယှက်နွယ်နေပြီး ရှေ့ဆက်ဖြစ်မည့် အခြေအနေများကို ပိုပြီး ဖရိုဖရဲ ဖြစ်လာစေမည်မှာ သေချာလှပေသည်။
သို့သော် ဆုမို လုံးဝ ထင်မှတ်မထားသော အရာတစ်ခု ဖြစ်ပျက်လာခဲ့သည်။
သူသည် ကျိမင်စခန်းသို့ တန်းတန်းမတ်မတ်ကြီး ရောက်ရှိလာခဲ့ခြင်းပင် ဖြစ်ချေ၏။
လမ်းခရီးတစ်လျှောက်လုံး မည်သည့် ပြဿနာမျှ မကြုံတွေ့ခဲ့ရပေ။
လက်ဖက်ရည်ဆိုင်၌ ရုပ်ဖျက်ပြီး ထောင်ချောက်ဆင် စောင့်ဆိုင်းနေသူလည်း မရှိ။
သိုင်းပညာ လျှို့ဝှက်ချက်များကို ညှစ်ယူရန်၊ သို့မဟုတ် ပိုးသားသေတ္တာကို လုယူရန် ရည်ရွယ်ချက်ဖြင့် ထမင်းစား ဖိတ်ခေါ်သူလည်း မရှိချေ။
နောက်ဆုံးအချက်နှင့် ပတ်သက်၍မူ ဆုမို တော်တော်လေး စိတ်ပျက်မိလေသည်။
`'ခရီးက ဝေးလွန်းတော့ မြင်းစာဖိုး၊ လူစာဖိုး ကုန်ကျစရိတ်တွေ ရှိတယ်လေ... ရောက်လေရာမှာ ထမင်းကျွေးမယ့်သူ ရှိရင် ပိုက်ဆံ အများကြီး သက်သာမှာပေါ့... ပိုကောင်းကောင်း စားရမယ်၊ ကောင်းကောင်း အိပ်ရမယ်'`
`'ဧည့်ဝတ်ပြုပါတယ် ဆိုမှတော့ ဖွဲနုကျွေးပြီး ဟင်းရွက်ပြုတ် တိုက်တာမျိုးတော့ ဘယ်လုပ်ပါ့မလဲ'`
ကံဆိုးချင်တော့ ထိုကဲ့သို့သော ကံကောင်းခြင်းမျိုးသည် ဆုမိုအတွက် တစ်ကြိမ်သာ ဖြစ်ခွင့်ရခဲ့လေသည်။
ယခုအချိန်တွင် သူသည် 'ယူချွမ်' တည်းခိုခန်းရှေ့သို့ ရောက်ရှိနေပြီ ဖြစ်လေသည်။ ခဏမျှ တွန့်ဆုတ်နေပြီးနောက် သူ အထဲသို့ ဝင်လိုက်၏။
"မင်္ဂလာပါ ဧည့်သည်တော်... ခဏနားမလို့လား... ညအိပ်မလို့လားခင်ဗျာ"
ဝင်ဝင်ချင်းမှာပင် စားပွဲထိုးလေးက နွေးထွေးသော အပြုံးဖြင့် နှုတ်ဆက်လိုက်သည်။
"လူ လာရှာတာပါ"
ဆုမို ပြုံးလိုက်သည်။
"ဒီတည်းခိုခန်းမှာ 'ဝမ်ရှန်းလင်' ဆိုတဲ့ သခင်ကြီးများ တည်းခိုနေသလား ဆိုတာ စုံစမ်းပေးလို့ ရမလားဗျာ"
"ဗျာ"
စားပွဲထိုးလေး အံ့သြသွားသော်လည်း ခေါင်းညိတ်လိုက်သည်။
"ဟုတ်ကဲ့... သခင်ကြီးဝမ် ဆိုတဲ့လူ ရှိပါတယ်... ဧည့်သည်တော် ထိုင်ပြီး လက်ဖက်ရည် သောက်နေပါဦး... ကျွန်တော် အပေါ်တက်ပြီး မေးပေးပါ့မယ်"
"ကျေးဇူးတင်ပါတယ်... ကောင်းတာပေါ့"
ဆုမို ယဉ်ကျေးစွာ ပြောလိုက်ပြီး စားပွဲထိုး ညွှန်ပြသော နေရာတွင် ဝင်ထိုင်လိုက်သည်။ မကြာမီမှာပင် လက်ဖက်ရည်ကြည် တစ်အိုး ရောက်ရှိလာ၏။
သူ လက်ဖက်ရည်ခွက်ကို ယူကြည့်လိုက်ပြီး ခွက်ထဲသို့ လက်ဖက်ရည် အနည်းငယ် ငှဲ့ကာ ဖြည်းညှင်းစွာ လှုပ်ရှားဆေးကြောလိုက်သည်။
နောက်ဆုံးတွင် ထိုလက်ဖက်ရည်ကို သွန်ပစ်လိုက်ပြီး နောက်ထပ်တစ်ခွက် ထပ်ငှဲ့ကာ လည်ချောင်းရှင်းရုံ တစ်ငုံမျှ သောက်လိုက်လေသည်။
သူ၏ နားရွက်များ အနည်းငယ် လှုပ်ရှားသွားပြီး အနီးနားရှိ စားပွဲထိုးအချို့ တိုးတိုးတိတ်တိတ် ပြောနေသံများကို ကြားလိုက်ရလေသည်။
"နောက်ထပ်တစ်ယောက် လာပြန်ပြီဟေ့... သခင်ကြီးဝမ်ကို လာရှာတာ"
"အေးကွ... ဒီသခင်ကြီးဝမ်က ဘယ်သူလဲ ငါ သိချင်လိုက်တာ... လွန်ခဲ့တဲ့ ရက်အနည်းငယ်အတွင်း လာရှာတာ (၂) ယောက် (၃) ယောက် ရှိနေပြီ"
"စကားမစပ်... သခင်ကြီးဝမ်ကို လာရှာတဲ့ လူတွေထဲက တစ်ယောက်က ပြန်ထွက်သွားတုန်းက ကြောက်လန့်တကြား ပုံစံ ဖြစ်နေတယ်လို့ မင်း မထင်ဘူးလား"
"ဒါ ပြောစရာ လိုသေးလို့လား... ဟိုမိန်းမဆိုရင် ပြန်ထွက်လာတာတောင် မမြင်လိုက်ရဘူး... နောက်ပိုင်း ငါ အခန်းသွားရှင်းတော့လည်း အဲဒီမိန်းမရဲ့ အရိပ်အယောင်တောင် မတွေ့ရဘူး"
ဆုမို လက်ဖက်ရည် သောက်ရင်း သူတို့ ပြောသမျှကို အကုန် နားထောင်နေလိုက်သည်။ လက်ဖက်ရည်ခွက်ကို ပြန်ချလိုက်ချိန်မှာပင် အပေါ်ထပ်သို့ တက်သွားသော စားပွဲထိုးလေး ပြန်ဆင်းလာခဲ့၏။
"ဧည့်သည်တော်... သခင်ကြီးဝမ်က ခေါ်ခိုင်းလိုက်ပါတယ်"
စားပွဲထိုးလေးက ပြုံး၍ ပြောလိုက်သည်။
"ကောင်းကင်အမှတ် (၁) အခန်းပါ... လှေကားပေါ် တက်ပြီး ဘယ်ဘက်ကို ချိုးလိုက်ပါ... စင်္ကြံလမ်းရဲ့ အဆုံးမှာ ရှိပါတယ်... ကြွပါခင်ဗျာ"
"ကျေးဇူးပါပဲ"
ဆုမိုလည်း ပြန်လည် အရိုအသေပေးလိုက်ပြီး လှေကားပေါ်သို့ စတင် တက်လှမ်းလိုက်လေသည်။
မျက်တောင်တစ်ခတ်အတွင်းမှာပင် သူသည် ကောင်းကင်အမှတ် (၁) အခန်းရှေ့သို့ ရောက်ရှိနေပြီ ဖြစ်ပြီး တံခါးကို ဖြည်းညှင်းစွာ ခေါက်လိုက်၏။
"ဝင်ခဲ့"
တံခါးဖွင့်လိုက်သောအခါ စာအုပ်တစ်အုပ်ကို ကိုင်ထားပြီး စာဖတ်ရာတွင် အာရုံနစ်မြောနေသော လူလတ်ပိုင်း တစ်ယောက်ကို တွေ့လိုက်ရသည်။
ကျန်လက်တစ်ဖက်က လက်ဖက်ရည်ခွက်ကို ကိုင်ထားသော်လည်း သောက်ဖို့ မေ့လျော့နေပုံ ရ၏။
"ခင်ဗျားက ဝမ်ရှန်းလင်လား"
ဆုမို ထိုလူကို ကြည့်ပြီး မေးလိုက်သည်။
ထိုလူက မျက်မှောင်ကြုတ်ကာ ဆုမိုကို မော့ကြည့်လိုက်သည်။ အနှောင့်အယှက် ခံလိုက်ရသဖြင့် မကျေနပ်သော ပုံစံ ပေါက်နေလေ၏။
"ငါ မဟုတ်ရင် မင်း ဖြစ်မလား"
"ဟားဟား... ဘယ်ဟုတ်မလဲဗျာ"
ဆုမို ရယ်မောလိုက်သည်။
"ကျွန်တော်က ဆုမို ပါ... ဇီယန် အာမခံဌာနရဲ့ ခေါင်းဆောင်ပါ... တစ်ယောက်ယောက်က ခင်ဗျားဆီ ပစ္စည်းတစ်ခု ပို့ခိုင်းလိုက်လို့ပါ"
"ပစ္စည်းတစ်ခု... ဟုတ်လား"
ထိုစကားကြားမှ ဝမ်ရှန်းလင်က ဆုမိုကို သေချာ ကြည့်လိုက်သည်။
"ဘာပစ္စည်းလဲ"
ဆုမို တွေဝေမနေဘဲ ပိုးသားသေတ္တာကို ထုတ်ယူကာ စားပွဲပေါ် တင်လိုက်သည်။
ဝမ်ရှန်းလင်၏ အကြည့်က မူလက ဂရုမစိုက်သလို ရှိသော်လည်း ပိုးသားသေတ္တာကို မြင်လိုက်သောအခါ အနည်းငယ် ပြောင်းလဲသွား၏။
"ဟမ်"
ရုတ်တရက် သူ ဆုမိုကို မော့ကြည့်လိုက်သည်။
"ဒီပိုးသားသေတ္တာကို ဘယ်သူ ပို့ခိုင်းလိုက်တာလဲ"
"သေသွားပြီ"
"သေသွားပြီ... ဟုတ်လား"
ဝမ်ရှန်းလင် ကြောင်အသွားရချေသည်။ စာအုပ်နှင့် လက်ဖက်ရည်ခွက်ကို ချလိုက်ပြီး ပိုးသားသေတ္တာကို လှမ်းယူလိုက်လေ၏။
သို့သော် နောက်တစ်ခဏတွင် ဆုမိုသည် ပိုးသားသေတ္တာပေါ်သို့ လက်တင်လိုက်လေသည်။
"မင်း.. ဒါ ဘာသဘောလဲ"
ဝမ်ရှန်းလင် မျက်မှောင်ကြုတ်ပြီး ဆုမိုကို ကြည့်လိုက်သည်။
သို့သော် ဆုမိုက ပို၍ပင် လေးနက်သော အမူအရာဖြင့် တစ်လုံးချင်း ပြောလိုက်လေသည်။
"ပိုက်ဆံ အရင် ပေး"