ညအမှောင်အောက်၌
Vol. 1 Ch. 11
~အာမခံဌာန ဆိုသည်မှာ ပရဟိတဂေဟာ မဟုတ်ပေ။ အခမဲ့ ဝန်ဆောင်မှု ပေးရမည့် အကြောင်းရင်းလည်း မရှိချေ။
ထို့ကြောင့် ဤကိစ္စသည် မည်သည့် ပူးပေါင်းကြံစည်မှု၊ သို့မဟုတ် မည်မျှ ကြီးမားသော လေပွေလှိုင်းကြီးထဲတွင် ပါဝင်နေစေကာမူ ဇီယန်အာမခံဌာန၏ ခေါင်းဆောင်
တစ်ယောက်အနေဖြင့်၊ ငွေမရဘဲနှင့် အားစိုက်ထုတ်စရာ အကြောင်း လုံးဝ မရှိပေ။
နောက်တစ်ဖက်က ကြည့်လျှင်လည်း၊ ဆုမို ဤသို့ ပြုမူနေလေလေ၊ ပိုးသားသေတ္တာထဲတွင် ဘာပါလဲ ဆိုတာ သူ မသိကြောင်း ပိုပြီး ရှင်းလင်းလေလေ ဖြစ်သည်။
မသိ၍သာ ဖြစ်၏။
သိနေခဲ့လျှင် "တာ့ရွှမ် လက်နက်တိုက်" ၏ အဖိုးတန် ရတနာများနှင့် ဆက်နွယ်နေသော "လျှို့ဝှက်ယန္တရား" ကဲ့သို့ အရာမျိုးကို ငွေကြေးလောက်ဖြင့် လဲလှယ်မည် မဟုတ်ပေ။
ဝမ်ရှန်းလင်သည် ဆုမိုကို စိုက်ကြည့်နေရင်း မျက်လုံးများ လှုပ်ရှားသွားသည်။ ထို့နောက် မဲ့ပြုံးတစ်ချက် ပြုံးလိုက်လေ၏။
"မင်း ငါ့ကို ဘယ်သူလဲဆိုတာ သိလား"
"မသိဘူး... သိလည်း မသိချင်ဘူး"
ဝမ်ရှန်းလင်၏ နှုတ်ခမ်းထောင့်များ တွန့်သွားသည်။
"ဒါဆို ဒီပိုးသားသေတ္တာထဲမှာ ဘာပါလဲဆိုတာရော သိလား"
"ဒီပစ္စည်းကို ကျွန်တော့်လက်ထဲ ထည့်ပေးလိုက်တဲ့လူက သေလုမျောပါး ဖြစ်နေပြီ... အမှန်အတိုင်း ပြောရရင် သူသာ မသေသွားရင် ဒီအလုပ်ကို ကျွန်တော် လုံးဝ လက်ခံမှာ မဟုတ်ဘူး"
"ဒါပေမဲ့ ပစ္စည်းက လက်ထဲရောက်နေပြီ ဆိုတော့လည်း ဒီအတိုင်းကြီး ယူသွားလို့မှ မဖြစ်တာ... ဒါကြောင့်မို့ မိုင်ထောင်ချီတဲ့ ခရီးကို ခက်ခက်ခဲခဲ ဖြတ်သန်းပြီး ဒီ ကျိမင်စခန်းအထိ လာပို့ပေးရတာပေါ့"
"သေတ္တာထဲမှာ ဘာပါလဲ ဆိုတာကတော့... ဒါ့အတွက် လူတစ်ယောက် အသက်ပေးလိုက်ရပြီးပြီ... ကျွန်တော်က နောက်ထပ် အသက်ပေးရမယ့်သူ မဖြစ်ချင်ဘူး... ဒါကြောင့် ဒီထဲမှာ ဘယ်လောက်ပဲ ရှားပါးတဲ့ ရတနာတွေ ပါနေပါစေ... ကျွန်တော်နဲ့ မဆိုင်ဘူး"
"ဒါပေမဲ့ တစ်ခုတော့ ရှိတယ်... အဲဒီလူက ပြောတယ်... ဒီပစ္စည်းကို ကျိမင်စခန်းက ယူချွမ်တည်းခိုခန်းမှာ ရှိတဲ့ ဝမ်ရှန်းလင်ဆီ ပို့ပေးရင် ဆုလဒ် ကောင်းကောင်း ပေးပါမယ်တဲ့... အဲဒါကိုတော့ ကျွန်တော် မှတ်ထားတယ်"
ဆုမိုက ရှင်းရှင်းလင်းလင်းပင် ပြောလိုက်သည်။
"ကဲ... စကားတွေ ဝိုက်မနေကြပါနဲ့တော့... ငွေစက္ကူ ပေးမှာလား မပေးဘူးလား"
ဝမ်ရှန်းလင်သည် ဆုမိုကို အချိန်အတော်ကြာ စိုက်ကြည့်နေပြီးမှ ရုတ်တရက် ဟက်ဟက်ပက်ပက် ရယ်မောလိုက်လေသည်။
"ဟားဟားဟား..ကောင်းတယ်... လူငယ်လေး.. ဒီလောက် ဉာဏ်ကောင်းလိမ့်မယ်လို့ မထင်ထားဘူး... မင်းသာ ဘေးကင်းကင်းနဲ့ ရှင်သန်နိုင်မယ်ဆိုရင် သိုင်းလောကမှာ နေရာ တစ်ခု ရလာမှာ သေချာတယ်... ကောင်းပြီလေ... ငွေစက္ကူ ပေးတာပေါ့"
စကားဆုံးသည်နှင့် သူ၏ အင်္ကျီလက်ကြားထဲတွင် စမ်းသပ်ရှာဖွေလိုက်ပြီး ငွေစက္ကူ (၃) ရွက်ကို ထုတ်ကာ ဆုမိုထံသို့ ကမ်းပေးလိုက်လေ၏။
" 'တာယို' ဘဏ်က ထုတ်တဲ့ ငွေစက္ကူတွေပဲ... တုန်းဟွမ်ဒေသက လွဲရင် နေရာတိုင်းမှာ လဲလှယ်လို့ ရတယ်... ဒီ ငွေ (၃၀၀) စ ဆိုရင် ဒီခရီးစဉ်အတွက် လုံလောက်ပြီ မဟုတ်လား"
"ဒါပေါ့"
ဆုမို ပြုံးလိုက်ပြီး ငွေစက္ကူများကို လှမ်းယူလိုက်သည်။
သို့သော် ဝမ်ရှန်းလင်က ဆုမို၏ လက်ကို ဖိထားလိုက်ပြီး ဆုမို၏ လက်ထဲမှ ပိုးသားသေတ္တာကို ကြည့်လိုက်သည်။ စကားမပြောသော်လည်း ဆိုလိုရင်းက ရှင်းလင်းနေ၏။
"ဟားဟားဟား... သဘာဝကျပါတယ်"
ဆုမိုသည် ပိုးသားသေတ္တာကို တွန်းပေးလိုက်ပြီး၊ ဝမ်ရှန်းလင်က ငွေစက္ကူများကို ထုတ်ပေးလိုက်သည်။
ပစ္စည်းပေး ငွေယူ... ရိုးရိုးသားသား ပြောရလျှင် အာမခံ ပို့ဆောင်ရေးအလုပ်နှင့် မတူဘဲ တရားမဝင် ပစ္စည်း အရောင်းအဝယ် လုပ်နေသကဲ့သို့ ခံစားရလေသည်။
ငွေ (၃၀၀) တန် ငွေစက္ကူများကို ကိုင်ထားရင်း၊ ပိုးသားသေတ္တာကို ရရှိသွားသော ဝမ်ရှန်းလင်ကို ကြည့်ကာ ဆုမို ယဉ်ကျေးစွာ ပြုံးပြလိုက်သည်။
"အရောင်းအဝယ် ပြီးဆုံးပါပြီ... ကိစ္စပြီးပြီဆိုတော့ ကျွန်တော် သွားခွင့်ပြုပါဦး"
"အင်း"
ဝမ်ရှန်းလင်သည် ပိုးသားသေတ္တာကိုသာ အဖိုးတန်ရတနာသဖွယ် ကိုင်ထားပြီး ဆုမို ထွက်ခွာသွားသည်ကို လုံးဝ ဂရုမစိုက်တော့ပေ။
ဆုမို အခန်းထဲမှ ထွက်ခါနီးအချိန်ကျမှ ဝမ်ရှန်းလင်က စကားလှမ်းပြောလိုက်သည်။
"အကြံတစ်ခု ပေးလိုက်မယ်... ကိုယ့်ကိုယ်ကို ဒုက္ခမရောက်စေချင်ရင် ဒီနေ့ကိစ္စကို ဘယ်တော့မှ နှုတ်ဟမပြောမိစေနဲ့"
ဆုမို နောက်လှည့်ကြည့်လိုက်သော်လည်း ဘာမှ ပြန်မပြောပေ။ အခန်းထဲမှ ထွက်လာပြီး တံခါးကို ဖြည်းညှင်းစွာ ပြန်ပိတ်လိုက်သည်။
တံခါးပိတ်သွားသည်နှင့် တပြိုင်နက် ဆုမို ခဏတာ ရပ်တန့်လိုက်သည်။ သူ၏ စိတ်အာရုံ လှုပ်ရှားလိုက်သည်နှင့် မျက်နှာပြင် တစ်ခု သူ၏ မျက်စိရှေ့တွင် ပေါ်လာလေတော့သည်။
[ တာဝန် - ပိုးသားသေတ္တာငယ်အား ကျိမင်စခန်းရှိ ယူချွမ်တည်းခိုခန်းမှ ဝမ်ရှန်းလင်ထံ ပို့ဆောင်ရမည် (ပြီးစီး) ]
[ ဆုလဒ် - တွက်ချက်နေဆဲ... ]
ဤစာသားကို ကြည့်ပြီး ဆုမို သက်ပြင်းမချမိပေ။
မျက်ခုံးအနည်းငယ် တွန့်သွားပြီး တံခါးကို ပြန်လှည့်ကြည့်ကာ ထွက်ခွာသွားတော့သည်။
...
...
ဧည့်ခန်းအတွင်း၌...
ပိုးသားသေတ္တာကို ပတ်ထားသော အနက်ရောင် အဝတ်စကို ဖယ်ရှားလိုက်ပြီ ဖြစ်သော်လည်း၊ ပိုးသားသေတ္တာကိုမူ ဖိနပ်ဟောင်း တစ်ရံကို လွှင့်ပစ်လိုက်သကဲ့သို့ ဘေးတစ်ဖက်သို့ ပစ်ထားလိုက်တော့၏။
ဝမ်ရှန်းလင်သည် တစ်ဝက်ဖွင့်ထားသော ပြတင်းပေါက်ဘေးတွင် ထိုင်နေ၏။
ယခုအချိန်တွင် သူ၏ လက်ထဲ၌ ကိုင်ထားသည်မှာ စာအုပ်မဟုတ်သလို၊ သောက်ဖို့မေ့နေသော လက်ဖက်ရည်ခွက်လည်း မဟုတ်တော့ပေ။
ဓား တစ်လက် ဖြစ်နေလေသည်။
သူသည် ဓားသွားကို ဖြည်းညှင်းစွာ ပွတ်သပ်နေရင်း၊ မျက်လုံးထောင့်မှနေ၍ ဆုမို တည်းခိုခန်းထဲမှ ထွက်ခွာသွားသည်ကို စောင့်ကြည့်နေလေသည်။ ဆုမို၏ ပုံရိပ်သည် တည်းခိုခန်း အဝန်းအဝိုင်းကို ကျော်လွန်သွားပြီး၊ လမ်းမကြီးပေါ်မှ ပျောက်ကွယ်သွားကာ၊ ကျိမင်စခန်းမှ လုံးဝ ထွက်ခွာသွားသည်အထိ စောင့်ကြည့်နေခဲ့၏။ ထိုအခါမှသာ သူ သက်ပြင်းအနည်းငယ် ချလိုက်နိုင်တော့သည်။
ရုတ်တရက်... ကျန်နေသော ပြတင်းပေါက်တစ်ဝက်သည် လေတိုက်ခတ်မှုကြောင့် ပွင့်သွားလေသည်။
လေညှင်းနှင့်အတူ လူတစ်ယောက် အခန်းထဲသို့ ရောက်ရှိလာ၏။
ထိုလူ ဝင်လာသည်နှင့် တစ်ပြိုင်နက် စားပွဲဘေးရှိ ခုံပုလေးပေါ်တွင် ဝင်ထိုင်လိုက်လေသည်။
လက်လှမ်းလိုက်ပြီး လက်ဖက်ရည်ခွက်ကို ယူကာ သောက်တော့မည့် ဟန်ပြင်လိုက်သည်။
သို့သော် "တောက်" ခနဲ အသံတစ်သံ ကြားလိုက်ရပြီး၊ သူ၏ လက်ဖမိုးကို ဓားအိမ်ဖြင့် ရိုက်ချလိုက်ခြင်း ခံလိုက်ရလေသည်။
နောက်ဆက်တွဲ အသံတစ်သံ ထွက်ပေါ်လာသည်။
"ကိုယ့်ဘာသာ ငှဲ့သောက်"
"..."
ရွေးချယ်စရာ မရှိတော့သဖြင့် ဧည့်သည်သည် ကိုယ့်ဘာသာ လက်ဖက်ရည် ငှဲ့သောက်လိုက်ပြီး၊ ဓားတစ်လက်ကို စားပွဲအစွန်းတွင် ပေါ့ပေါ့ပါးပါး တင်လိုက်လေ၏။
ဓားသည်... အလွန် ရှည်လျားလှပေသည်။ (၇) ပေ တိတိ ရှိလေသည်။
"မင်းက ဒီအတိုင်းကြီး ထွက်သွားခိုင်းလိုက်တာလား"
"မူလကတည်းက ငါနဲ့မှ မဆိုင်တာ"
"ဒါဆို ငါလည်း သွားတော့မယ်"
"မြန်မြန်သွားရင်တော့ မင်း သူ့ကို မီလောက်ပါသေးတယ်"
"..."
ဓားသမား စိတ်တိုသွားသည်။
"ငါက တော်တော် မြန်နေပါပြီ"
"မလုံလောက်သေးဘူး ထင်တယ်"
ဝမ်ရှန်းလင် အပြင်ဘက်ကို လှမ်းကြည့်လိုက်ပြီး ပြောလိုက်သည်။
"သူတို့ ရောက်လာကြပြီ"
"လခွမ်း... မင်းက ငါ့ကို တကယ် ကြောက်တယ်လို့ ထင်နေတာလား.. လူကြီးသူမကို ရိုသေလေးစားလို့ သည်းခံနေတာကွ"
ဓားသမားသည် စိတ်လိုက်မာန်ပါဖြင့် ဓားကို ဆွဲယူကာ ပြတင်းပေါက်မှ ခုန်ထွက်သွားလိုက်လေသည်။
မြေကြီးပေါ်သို့ ခြေချမိသည်နှင့် လေထုကို ခွင်းလာသော တုတ်ဝှေ့သံကို ကြားလိုက်ရ၏။
မော့ကြည့်လိုက်သောအခါ အဝတ်အစား စုတ်ပြတ်သတ်နေပြီး လက်ထဲတွင် သစ်သားတုတ်ကို ကိုင်ထားကာ ခါးတွင် အရက်ဘူးသီးခြောက်အိုး ချိတ်ဆွဲထားသော အဘိုးအို တစ်ဦး အပေါ်မှ ဆင်းသက်လာသည်ကို တွေ့လိုက်ရလေသည်။
ဓားသမားသည် ဓားကို ဆွဲထုတ်ရန် ပြင်လိုက်သော်လည်း တစ်ခဏမျှ တွေဝေသွားပြီးနောက် ဓားမထုတ်တော့ဘဲ ခုန်ပျံ ကျော်လွှားကာ အလျင်အမြန် ထွက်ပြေးသွားတော့သည်။
ဘူးသီးခြောက်အိုးနှင့် အဘိုးအိုသည် ဝမ်ရှန်းလင်၏ အခန်းပြတင်းပေါက်ကို မရေမရာ တစ်ချက် လှမ်းကြည့်လိုက်ပြီးနောက် ဓားသမား ထွက်ပြေးသွားရာ လမ်းကြောင်းအတိုင်း ထပ်ကြပ်မကွာ လိုက်ပါသွားလေတော့၏။
ရှေ့ဆင့်နောက်ဆင့်ပင် သူတို့နှစ်ဦးစလုံး အဝေးသို့ ပျောက်ကွယ်သွားကြလေသည်။
ဟိုတစ်ညက တောအုပ်ထဲမှာ ဆုမို မတော်တဆ တွေ့ခဲ့ရသော လူနှစ်ယောက်ဟာ အခုတော့ သူတို့၏ တိုက်ပွဲကို ကျိမင်စခန်းအထိ သယ်ဆောင်လာခဲ့ကြ၏။ ကြည့်ရတာ ဒီပွဲက ပြီးမည့်ပုံ မပေါ်သေးပေ။
ဝမ်ရှန်းလင်သည် အကြည့်ကို ပြန်ရုတ်သိမ်းလိုက်ပြီး သက်ပြင်းတိုးတိုး ချလိုက်သည်။ ဘေးနားတွင် ပစ်ထားသော ပိုးသားသေတ္တာကို တစ်ချက် ကြည့်လိုက်ပြီး နှုတ်ခမ်းထောင့်များ အနည်းငယ် တွန့်သွားကာ တစ်စုံတစ်ရာကို စဉ်းစားနေပုံ ရလေ၏။
...
...
ည...။
ဒီညသည် မှောင်မိုက်နေပြီး လေပြင်းများ တိုက်ခတ်နေသည်။
ပုံရိပ်တစ်ခုသည် တည်းခိုခန်း၏ ဒုတိယထပ် ပြတင်းပေါက်မှ တိတ်ဆိတ်စွာ ခုန်ထွက်လာလေသည်။
ခြေဖျားဖြင့် မြေကြီးကို တို့ထိလိုက်ပြီး နောက်ထပ် လှုပ်ရှားမှု တစ်ခုဖြင့် ခေါင်မိုးပေါ်သို့ ရောက်ရှိသွားပြန်သည်။
ခြေလှမ်းများက လျင်မြန်သော်လည်း အသံတစ်ချက်မျှ မထွက်ပေ။
မျက်စိမှိတ်ထားပြီး မကြည့်ဘဲ နေမည်ဆိုပါက ခေါင်မိုးပေါ်တွင် လူတစ်ယောက် အသည်းအသန် ပြေးလွှားနေသည်ဟု မည်သူမျှ ထင်မှတ်မည် မဟုတ်ပေ။
ပြေးလွှားနေရုံသာ မဟုတ်ဘဲ အလွန် လျင်မြန်လှသည်။ လေကို လိုက်ဖမ်းနေသကဲ့သို့ ရှိပြီး၊ လေကိုယ်တိုင်က သူ့ကို တွန်းပို့နေသကဲ့သို့လည်း ရှိလေသည်။
အသက်ရှူချိန် အနည်းငယ်အတွင်းမှာပင် သူသည် ကျိမင်စခန်းကို ကျောခိုင်းခဲ့ပြီ ဖြစ်သည်။
ခဏအကြာတွင် မိုင်ပေါင်းများစွာ ခရီးကို ဖြတ်သန်းခဲ့ပြီး ဖြစ်သည်။
ရုတ်တရက်... ရေကန် တစ်ခုဘေးတွင် သူ ရပ်တန့်လိုက်ပြီး သက်ပြင်းမော တစ်ချက် မှုတ်ထုတ်လိုက်၏။
လက်ကို ဝှေ့ယမ်းလိုက်ပြီး ရင်ဘတ်ထဲမှ ပိုးသားသေတ္တာကို ထုတ်ယူလိုက်သည်။
တစ်ချက်သာ ကြည့်လိုက်ပြီး ပိုးသားသေတ္တာကို ဘေးချလိုက်သည်။ ထို့နောက် ပါးပြင်ကို လက်ဖြင့် ဖြည်းညှင်းစွာ ပွတ်သပ်လိုက်ပြီး လူရေခွံမျက်နှာဖုံး တစ်ခုကို ခွာချလိုက်လေသည်။
နူးညံ့သိမ်မွေ့ပြီး သေမျိုးကမ္ဘာနှင့် ကင်းကွာနေသကဲ့သို့ လှပသော မျက်နှာလေး တစ်ခု ပေါ်ထွက်လာတော့သည်။
ဆံထိုးကို ဖြုတ်ချလိုက်ရာ ဆံနွယ်များသည် ပိုးသားကဲ့သို့၊ ရေတံခွန်ကဲ့သို့ တမဟုတ်ချင်း ဖြန့်ကျလာလေသည်။
သို့သော် ထိုအချိန်၌ပင် သူမ၏ မျက်နှာရောင် ရုတ်တရက် ပြောင်းလဲသွားလေ၏။
"ထွက်ခဲ့စမ်း"
ညသည် တိတ်ဆိတ်နေပြီး လေတိုက်သံသာ ကြားနေရသည်။ ခဏအကြာတွင် လက်ဆစ်ချိုးသံများနှင့်အတူ လူငယ်တစ်ယောက် အမှောင်ထဲမှ ထွက်ပေါ်လာလေသည်။
"ညက အခုမှ စတာလေ... ကျွန်တော်တောင် လန့်သွားတယ်... ဝမ်ရှန်းလင်က ဘယ်လိုလုပ်ပြီး ရုတ်တရက်ကြီး မိန်းမ တစ်ယောက် ဖြစ်သွားရတာလဲ"
"ရှင် မသွားသေးဘူးလား"
မိန်းမပျိုသည် သူမရှေ့တွင် ပေါ်လာသော ဆုမိုကို ကြည့်ပြီး မျက်လုံးများထဲတွင် အံ့သြမှင်သက်မှုများ ပြည့်နှက်နေတော့သည်။