← Chapters

မိုးရွာထဲက ဇာတ်လမ်း

Vol. 1 Ch. 13

မိုးရွာထဲက ဇာတ်လမ်း

Vol. 1 Ch. 13

~"မင်းက ယွီလင်းရှင်းလား"

အနက်ရောင်ဝတ် လူသည် မိန်းမပျိုကို ကြည့်ပြီး ခေါင်းကို ဖြည်းညှင်းစွာ ခါလိုက်လေ၏။

"လွန်ခဲ့တဲ့ နှစ်တွေတုန်းက မင်းရဲ့ ယွီမိသားစု မျိုးဆက်တစ်ခုလုံး အသတ်ခံလိုက်ရတုန်းက... မင်းတစ်ယောက်တည်းပဲ လွတ်မြောက်သွားခဲ့တာ မဟုတ်လား... အခု ပိုးသားသေတ္တာရဲ့ ကံကြမ္မာက လှည့်ပတ်ပြီး မင်းလက်ထဲကိုပဲ ပြန်ရောက်လာခဲ့ပြီ... စောစောက လူက သူ့သေလမ်းသူ ရှာသွားတာ မှန်ပေမယ့်၊ မင်းရဲ့ သတင်းအချက်အလက်ကို ငါတို့ဆီ ပို့ပေးနိုင်ခဲ့လို့ သူ့မှာ စွမ်းဆောင်ရည် နည်းနည်းတော့ ရှိပါသေးတယ်"

"ကံဆိုးတာက သူ့စွမ်းဆောင်ရည်က သူ့အပြစ်ကို မကျော်နိုင်ခဲ့ဘူးလေ"

"ဒီည... မင်း ငါတို့နဲ့ ကောင်းကောင်းမွန်မွန် လိုက်ခဲ့မလား"

"ဒါမှမဟုတ် အသက်ကုန်တဲ့အထိ ခုခံပြီးတော့မှ ခြေတွေလက်တွေ အဖြတ်ခံပြီး ဝိညာဉ်ပါ ခေါ်သွားခံမလား"

သူ၏ လေသံသည် ဂရုမစိုက်သကဲ့သို့ ဖြစ်နေပြီး၊ သူ၏ ရှေ့တွင် ရှိနေသူမှာ သက်ရှိလူသား တစ်ယောက် မဟုတ်သကဲ့သို့၊ သိုင်းပညာရှင် တစ်ယောက် မဟုတ်သကဲ့သို့ ဆက်ဆံနေလေ၏။

သားသတ်စင်ပေါ်က သိုးတစ်ကောင်ကို ဂရုစိုက်စရာ မလိုသကဲ့သို့ပင်။

သို့သော် ယွီလင်းရှင်း ဆိုသော မိန်းမပျိုသည် ဘာမှ ပြန်မပြောဘဲ ပိုးသားသေတ္တာကို သူမ၏ ရင်ခွင်ထဲသို့ ပြန်လည် သိမ်းဆည်းလိုက်လေသည်။

သူမသည် တစ်ဖက်လူကို မမှိတ်မသုန် စိုက်ကြည့်နေပြီး၊ မျက်နှာဖုံးအောက်က သရုပ်မှန်ကို ထိုးဖောက်မြင်နိုင်ရန် ကြိုးစားနေသကဲ့သို့ ရှိလေ၏။

နောက်ဆုံးတွင် သူမ သက်ပြင်းချလိုက်လေသည်။

"အဲဒီနှစ်တုန်းက ကျွန်မ ငယ်ပါသေးတယ်... ဒီညလိုပဲ... ရှင်တို့က သန်းခေါင်ယံကြီး အနက်ရောင် ဝတ်စုံတွေနဲ့ ရောက်လာကြတယ်... တွေ့တဲ့လူတိုင်းကို သတ်တယ်... အစေခံတွေ၊ တပည့်တွေ၊ ကျွန်မရဲ့ မောင်နှမတွေ၊ ဆရာတွေ၊ မိဘတွေ... ယွီမိသားစုဝင် စုစုပေါင်း (၃၇၁) ယောက်... တစ်ညတည်းနဲ့ ရှင်တို့လက်ထဲမှာ အသက်ပျောက်ခဲ့ရတယ်"

"ရယ်စရာ ကောင်းတာက... ဒီနှစ်တွေ အများကြီး ကြာသွားတာတောင် ရှင်တို့ ဘယ်သူလဲဆိုတာ ကျွန်မ တကယ် မသိရသေးဘူး"

"ကျွန်မရဲ့ ရွေးချယ်မှုက ဘာလဲလို့ မေးလိုက်တာလား"

"အဖြေက ရိုးရိုးလေးပါ... ဒီည ရှင်တို့အားလုံးကို အမြစ်ပြတ် သုတ်သင်ပစ်မယ်"

သူမ၏ စကားဆုံးသည်နှင့် တပြိုင်နက် သူမ၏ ဓားသည် ညကောင်းကင်ယံကို ခွဲခြမ်းလိုက်လေသည်။ "ဝုန်း" ခနဲ မိုးကြိုးပစ်သံနှင့်အတူ မိုးစက်မိုးပေါက်များ သည်းထန်စွာ ရွာသွန်းလာတော့သည်။

သို့သော် မိုးစက်များထက် သွေးစက်များက ပိုမို မြန်ဆန်လေသည်။

ယွီလင်းရှင်း၏ လှုပ်ရှားမှုနှင့် သိုင်းကွက်များသည် နက်ရှိုင်းပြီး ခန့်မှန်းရ ခက်ခဲလှသည်။ သို့သော် လူအများကို တကယ် တုန်လှုပ်သွားစေသည်မှာ သူမ၏ လက်ထဲမှ ဓားပင် ဖြစ်လေ၏။

ဓားသည် လေတိုးသံမရှိ၊ အရိပ်မထင်ဘဲ လှုပ်ရှားနေပြီး၊ "သတ်" ဆိုသော စကားလုံးကို အပြည့်အဝ ပုံဖော်နေလေသည်။

သူမနှင့် မျက်နှာချင်းဆိုင်ရှိ အနက်ရောင်ဝတ် လူတစ်ယောက်သည် ပြန်လည်တုံ့ပြန်ချိန်ပင် မရလိုက်ဘဲ နှလုံးသားကို ဓားဖြင့် ထိုးဖောက်ခြင်း ခံလိုက်ရလေသည်။

လှည့်ပတ်စီးဆင်းနေသော အတွင်းအား သည် အသက်ရှင်သန်မှု လက္ခဏာအားလုံးကို ချက်ချင်းပင် ချေမှုန်းပစ်လိုက်လေ၏။

"တကယ်ပဲ 'ယွီ' ဝိညာဉ် သတ်ဖြတ်ခြင်း သိုင်းကွက် ကိုး"

ကျန်ရစ်သော အနက်ရောင်ဝတ် (၈) ယောက်သည် ချက်ချင်းပင် အရပ်မျက်နှာအသီးသီးသို့ လူခွဲလိုက်ကြပြီး လဲကျသွားသော သူတို့ရဲဘော်ကို တစ်ချက်ကလေးမျှပင် လှည့်မကြည့်ကြတော့ပေ။

စောစောက စကားပြောခဲ့သော ခေါင်းဆောင်သည် ဆုမို၏ ဘေးနားရှိ သစ်ပင်အခက်ပေါ်တွင် ရပ်နေပြီး လေနှင့်အတူ ယိမ်းနွဲ့နေလေသည်။

မိုးသည်းထန်စွာ ရွာသွန်းနေသော်လည်း သူ၏ အသံသည် ကြည်လင်ပြတ်သားစွာ ထွက်ပေါ်နေပြီး အားလုံး၏ နားထဲသို့ စိမ့်ဝင်သွားလေ၏။

"ယွီ ဝိညာဉ် သတ်ဖြတ်ခြင်း သိုင်းကွက်လောက်နဲ့များ မာနကြီးချင်နေသေးတယ်... အရင်တုန်းက ယွီမိသားစုကို ငါတို့ သတ်နိုင်ခဲ့သလို... ဒီနေ့လည်း မင်းကို သတ်နိုင်တာ သဘာဝပဲ"

သူ့လက်ကောက်ဝတ်ကို လှုပ်ရှားလိုက်သည်နှင့် ကျန်ရှိသော အနက်ရောင်ဝတ် (၇) ယောက်သည် ရုတ်တရက် ပြိုင်တူ တိုက်ခိုက်လိုက်ကြလေသည်။

မျက်တောင်တစ်ခတ်အတွင်း ကောင်းကင်ယံ၌ အေးစက်သော ကြယ်ပွင့်ပေါင်းများစွာ ထွက်ပေါ်လာပြီး သည်းထန်သော မိုးရေထဲတွင် ခွဲခြားရန်ပင် ခက်ခဲလှပေသည်။

သို့သော် ဓားရောင်တစ်ချက် ကောင်းကင်သို့ ထိုးတက်သွားပြီး မိုးတံတိုင်းကို ဖောက်ထွက်ကာ ထိုတောက်ပနေသော အလင်းရောင်များကို သူမ၏ ရှေ့တစ်ပေအကွာတွင် လုံးဝ တားဆီးပစ်လိုက်လေ၏။

မိုးရွာနေသော ညအမှောင်အောက်တွင် ရက်စက်ကြမ်းကြုတ်သော တိုက်ပွဲ တစ်ခု ရုတ်တရက် စတင်လာတော့သည်။

ဆုမိုသည် သူသည် ပြင်ပလူ တစ်ယောက်သာ ဖြစ်ကြောင်း သဘောပေါက်လိုက်လေ၏။

တောအုပ်ထဲတွင် သေလုမျောပါး ဖြစ်နေသော လူကြီးက စိတ်ကူးပေါက်ပြီး ပိုးသားသေတ္တာကို သူ၏ လက်ထဲ ထည့်မပေးလိုက်ဘူး ဆိုလျှင်၊ ဒီည သူ ဤနေရာကို ရောက်လာစရာ အကြောင်း မရှိပေ။

ကံဆိုးသည်မှာ... ယခု ထွက်သွားချင်လျှင်လည်း ခက်ခဲနေပြီ ဖြစ်သည်။

အနက်ရောင်ဝတ် လူအများစုသည် ယွီလင်းရှင်းနှင့် ပြင်းထန်စွာ တိုက်ခိုက်နေကြသော်လည်း၊ သစ်ပင်ထိပ်ပေါ်တွင် ရပ်နေသော လူကမူ သတိပြုမိရန် ခက်ခဲသော အရှိန်အဝါ တစ်ခုဖြင့် ဆုမိုကို လွှမ်းခြုံထားလေသည်။

အနည်းငယ် လှုပ်ရှားလိုက်သည်နှင့် မိုးကြိုးပစ်သကဲ့သို့ ဒေါသတကြီး တုံ့ပြန်လာမည်မှာ သေချာလှပေသည်။

ဆုမို၏ နှုတ်ခမ်းထောင့်များ တွန့်သွားပြီး သက်ပြင်းချလိုက်မိသည်။

`'ဒါတွေက ဘာတွေလဲကွာ'`

လောလောဆယ် ထွက်သွားလို့ မရတော့သည့်အဆုံး၊ ဆုမိုသည် ထွက်သွားချင်စိတ်ကို ဖျောက်ဖျက်လိုက်ပြီး မိုးရေထဲတွင် တိုက်ခိုက်နေကြသော ပုံရိပ်များကို သုန်မှုန်လျက် ကြည့်ရှုနေလိုက်လေသည်။

ယွီလင်းရှင်း၏ သိုင်းပညာသည် အမှန်တကယ်ပင် မြင့်မားလှပေ၏။

သူမ၏ တိုက်ကွက်များကို ကြည့်ခြင်းအားဖြင့်၊ သစ်ပင်ပေါ်က လူကလွဲရင် ကျန်တဲ့ အနက်ရောင်ဝတ် လူတွေက တစ်ယောက်ချင်း တိုက်မယ်ဆိုရင် သူမကို ဘယ်လိုမှ ယှဉ်နိုင်မည် မဟုတ်ပေ။

သို့သော် လူအများကို ရင်ဆိုင်ရသောအခါ သူမသည် နောက်ဆုံးတွင် အားနည်းသော အခြေအနေသို့ ရောက်ရှိသွားရလေသည်။

သူမ၏ သိုင်းပညာနှင့် ဓားသိုင်းသည် ပြတ်သားပြီး သေစေနိုင်သော စွမ်းအားရှိကာ၊ ချက်ချင်း အသေကောင် ဖြစ်သွားစေရန် ရည်ရွယ်သော်လည်း၊ ဓားဆွဲထုတ်လိုက်တိုင်း အသက်တစ်ချောင်း ပါသွားသည်မှာ မှန်သော်လည်း...

တိုက်ပွဲ ကြာလာသည်နှင့်အမျှ သူမတွင် ဒဏ်ရာများ ရရှိလာရသည်။

ဒဏ်ရာများက သူမ၏ လှုပ်ရှားမှုကို ထိခိုက်စေပြီး သိုင်းပညာကို အားနည်းစေသည်။ အချိန်ကြာလာသည်နှင့်အမျှ သူမသည် တဖြည်းဖြည်း လွှမ်းမိုးခံလာရလေသည်။

ယခုအချိန်တွင် သူမ၏ ဓားပေါ်၌ သွေးစွန်းမနေသလို၊ သူမ၏ ကိုယ်ပေါ်တွင်လည်း သွေးနီရောင် အစွန်းအထင်းများ မတွေ့ရပေ။

သည်းထန်စွာ ရွာသွန်းနေသော မိုးရေများက အားလုံးကို ဆေးကြောသွားခဲ့ပြီ ဖြစ်သည်။

သို့သော် သူမ၏ ခြေလှမ်းများကို ကြည့်လိုက်လျှင် ခြေလှမ်းတိုင်းတွင် သွေးရာများ ကျန်ရစ်နေသည်ကို တွေ့ရသဖြင့် သူမသည် အပြင်ပန်းတွင် ထင်ရသလောက် သက်သာနေခြင်း မရှိကြောင်း သိသာလှပေသည်။

"မင်းက လျှို့ဝှက်ယန္တရားကို သုံးပြီး ဟိုလူမိုက် (၄) ယောက်ကို မဆင်မခြင် လုယက်အောင် မျှားခေါ်ခဲ့တယ်... ပြီးတော့ ငါတို့ကို ဆွဲခေါ်ဖို့ ကြိုးစားခဲ့တယ်... နှမြောစရာပဲ... မင်းရဲ့ သိုင်းပညာက မဆိုးပေမယ့်... နောက်ဆုံးကျတော့ လက်သီးနှစ်ဆုပ်က လက်လေးဖက်ကို မနိုင်ပါဘူး"

"ဒါဆို... အခုထိ မင်း ဝှက်ထားတဲ့ ဖဲချပ်က ဘယ်မှာလဲ"

"ဒီ အာမခံ ပို့ဆောင်ရေး ကောင်လေးလား"

သစ်ပင်ထိပ်ပေါ်မှ အနက်ရောင်ဝတ် လူက စကားလှမ်းပြောလိုက်သည်။ ဒီတစ်ခါတော့ သူက ဆုမိုကို တိုက်ရိုက် စွပ်စွဲလိုက်ခြင်း ဖြစ်လေသည်။

ဆုမို အံ့အားသင့်သွားပြီး ခေါင်းကို အမြန် ခါလိုက်သည်။

"မဟုတ်က ဟုတ်ကတွေ လျှောက်မပြောပါနဲ့ဗျာ... ကျွန်တော် ဒီမိန်းကလေးကို မသိပါဘူး"

"..."

အနက်ရောင်ဝတ် လူ ကြောင်အသွားရသည်။ ဆုမိုဆီကနေ ဒီလို တုံ့ပြန်မှုမျိုး ထွက်လာမယ်လို့ မျှော်လင့်မထားခဲ့ပုံ ရ၏။

ယွီလင်းရှင်းကို ပြန်ကြည့်လိုက်တော့ သူမလည်း အနည်းငယ် ဇဝေဇဝါ ဖြစ်နေပုံ ရသည်။

ဒီည ဖြစ်ပျက်သမျှ အရာရာတိုင်းက အဓိပ္ပာယ် ရှိနေသော်လည်း၊ ဆုမို ဆိုသော ကောင်လေးကတော့... ဘာလို့ ဒီကိစ္စတွေနှင့် အံမဝင် ဂွင်မကျ ဖြစ်နေရတာလဲ။

"သူလား"

ယွီလင်းရှင်း၏ မျက်လုံးများထဲတွင် ရက်စက်သော အလင်းရောင်များ လက်သွားလေသည်။ သူမ၏ ပါးစပ်ထောင့်မှ မိုးရေနှင့် ရောနေသော သွေးများကို ဖြည်းညှင်းစွာ သုတ်လိုက်ပြီး ဖျော့တော့သော အပြုံးတစ်ခု ပြုံးလိုက်လေသည်။

"သူက ကြားညပ်သွားတဲ့ အာမခံ ပို့ဆောင်သူလေး တစ်ယောက်ပါ... ကျွန်မ ဘာကို အားကိုးနေလဲ ဆိုတာကတော့..."

သူမသည် ရင်ဘတ်ထဲမှ ပိုးသားသေတ္တာကို ဆွဲထုတ်လိုက်လေ၏။

"လျှို့ဝှက်ယန္တရားက ဒီမှာလေ... အစစ်လား အတုလား ဆိုတာ ရှင်တို့ လောင်းကြေးထပ်ကြည့်ချင်လား"

စကားဆုံးသည်နှင့် တပြိုင်နက် သူမသည် ပိုးသားသေတ္တာကို လေထဲသို့ ပစ်တင်လိုက်လေသည်။

ထို့နောက် ချက်ချင်းပင် မိုးတံတိုင်းကို ထိုးခွင်းသွားသော ဓားမြှောင်ချီ တစ်ခု ထွက်ပေါ်လာလေ၏။

ဓားမြှောင်ချီသည် ပိုးသားသေတ္တာနောက်သို့ ထပ်ကြပ်မကွာ လိုက်ပါသွားပြီး မျက်တောင်တစ်ခတ်အတွင်း ရိုက်ခွဲပစ်တော့မည့် ဟန် ရှိနေလေသည်။

ထိုအခိုက်အတန့်တွင် အနက်ရောင်ဝတ် လူများသည် လေထဲသို့ ခုန်တက်လိုက်ကြပြီး ပိုးသားသေတ္တာဆီသို့ အလုအယက် ပြေးဝင်သွားကြသည်။ လက်ကို ဝှေ့ယမ်းကာ ဓားမြှောင်ချီကို ရိုက်ထုတ်လိုက်ပြီး သေတ္တာကို လှမ်းဖမ်းလိုက်ကြလေသည်။

"ငါ မိပြီ"

သူ တိုးတိုးလေး အော်လိုက်သည်။

သို့သော် ယွီလင်းရှင်း၏ မျက်လုံးများထဲတွင် အေးစက်သော အရိပ်အယောင် တစ်ခု ဖြတ်ပြေးသွားပြီးနောက် သက်ပြင်းတစ်ချက် ချလိုက်သည်။ ထိုသက်ပြင်းထဲတွင် ဖော်ပြ၍ မရနိုင်သော စိတ်ပျက်မှုများ ပါဝင်နေလေသည်။

ထိုအချိန်၌ပင် ပိုးသားသေတ္တာထဲမှ တောက်ပသော အလင်းရောင် ထောင်ပေါင်းများစွာ ရုတ်တရက် ပေါက်ကွဲထွက်ပေါ်လာတော့သည်။ သေတ္တာကို ကိုင်ထားသော လူသည် မြေကြီးပေါ်သို့ ပြန်မကျမီမှာပင် သွေးများဖြင့် ရွှဲနစ်သွားတော့၏။

သူ မြေကြီးပေါ် မရောက်ခင်ကတည်းက အသက်မရှိတော့ပေ။

ပိုးသားသေတ္တာထဲမှာ လျှို့ဝှက်ယန္တရား ဆိုတာ တကယ်ရော ရှိရဲ့လား။

လျှို့ဝှက်လက်နက် တစ်ခု ဖြစ်တာတော့ သေချာသည်။

သို့သော်၊ တခြားလူက ကိုင်လိုက်သည့် အချိန်ကျမှ ဘယ်လို ပွင့်သွားပြီး အလုပ်လုပ်သွားသလဲ ဆိုတာတော့ မသိရပေ။

ကောင်းကောင်း အသုံးချတတ်လျှင် ဒီလက်နက်က အလွန်အမင်း အန္တရာယ် များလှသည်။

သစ်ပင်ပေါ်မှ လူ၏ မျက်လုံးအိမ်များ ကျဉ်းမြောင်းသွားလေသည်။

" အနိစ္စ မိုးစက်အပ်.. မိန်းမယုတ်... အကြံပက်စက်လှချည်လား... ဝမ်းနည်းစရာက မင်း ငါတို့ရဲ့ စိတ်ဓာတ်ကို လျှော့တွက်လိုက်မိတာပဲ... အခု မင်း ဘာကို အားကိုးဦးမှာလဲ"

သို့သော် အနက်ရောင်ဝတ် လူ စကားမဆုံးမီမှာပင် ယွီလင်းရှင်းသည် သူမ၏ ကိုယ်ပေါ်ရှိ သွေးကြောကွက် (၃) နေရာကို ရုတ်တရက် ထိုးနှက်လိုက်လေသည်။

" 'ကျောက်စိမ်းနဲ့ ကျောက်တုံး အတူတူ လောင်ကျွမ်းခြင်း' ဟုတ်လား... ရပ်လိုက်စမ်း"

သစ်ပင်ပေါ်မှ လူ၏ မျက်လုံးများ ရုတ်တရက် ကျဉ်းမြောင်းသွားပြီး ချက်ချင်းပင် လေထဲသို့ ခုန်ပျံလိုက်လေသည်။

သူ၏ ဓားရောင်သည် ကောင်းကင်ကို ဖြတ်သန်းသွားပြီး ဆုမိုဆီသို့ တည့်တည့်မတ်မတ် ဦးတည်လာလေတော့သည်။

"မင်း မရပ်ရင်... ဒီကောင် မင်းကြောင့် သေရလိမ့်မယ်"

All Chapters