← Chapters

ဒဏ်ရာခုနစ်ချက် လက်သီး

Vol. 1 Ch. 14

ဒဏ်ရာခုနစ်ချက် လက်သီး

Vol. 1 Ch. 14

~"ယွီ" ဝိညာဉ် သတ်ဖြတ်ခြင်း သိုင်းကွက်။

ဤသိုင်းပညာသည် ယွီမိသားစု တစ်ခုတည်းသာ ပိုင်ဆိုင်သော အထွတ်အထိပ် သိုင်းကွက် တစ်ခု ဖြစ်လေသည်။

သို့သော် မူလအစတွင် ၎င်း၏ အမည်မှာ "ယွီ" ဝိညာဉ် သတ်ဖြတ်ခြင်း မဟုတ်ဘဲ၊ "ကျောက်စိမ်းကြွေမွ သတ်ဖြတ်ခြင်း" ဟု ခေါ်ဆိုခဲ့ကြ၏။ ( ယွီ~ 玉 - Yù က တရုတ်လို ကျောက်စိမ်းပါ။ )

"အုတ်ခဲအဖြစ် အကောင်းအတိုင်း နေရတာထက်၊ ကျောက်စိမ်းအဖြစ် ကြွေမွသွားတာက ပိုမြတ်တယ်" ဆိုသော သဘောတရားကို ယူထားခြင်း ဖြစ်သည်။

နောက်ပိုင်းတွင်မှ "ကြွေမွ" ဆိုသော စကားလုံးသည် နိမိတ်မကောင်းဟု ယွီမိသားစု ဘိုးဘေးများက ယူဆခဲ့ကြသဖြင့်၊ "ကြွေမွ" အစား "ဝိညာဉ်" ဟု ပြောင်းလဲခေါ်ဝေါ်ခဲ့ကြခြင်း ဖြစ်လေသည်။

မည်သို့ပင် ပြောင်းလဲခေါ်ဝေါ်စေကာမူ၊ ဤသိုင်းပညာ၏ အပြင်းထန်ဆုံး တိုက်ကွက်မှာမူ "အုတ်ခဲအဖြစ် မနေလို၊ ကျောက်စိမ်းအဖြစ် ကြွေမွမည်" ဟူသော မူလသဘောတရားအတိုင်းပင် ရှိနေသေး၏။ ထိုတိုက်ကွက်၏ အမည်မှာ "ကျောက်စိမ်းနှင့် ကျောက်တုံး အတူတူ လောင်ကျွမ်းခြင်း" ပင်တည်း။

ဤတိုက်ကွက်ကို ထုတ်သုံးလိုက်သည်နှင့် တပြိုင်နက် အတွင်းအားများကို မီးလျှံအဖြစ် ပြောင်းလဲလိုက်ပြီး၊ မိမိခန္ဓာကိုယ်ကို လောင်စာအဖြစ် အသုံးပြုကာ မူလစွမ်းအားထက် အဆပေါင်းများစွာ ပိုမိုပြင်းထန်သော စွမ်းအားကို ရုတ်တရက် ပေါက်ကွဲထွက်ပေါ်လာစေသည်။ "ယွီ" ဝိညာဉ် သတ်ဖြတ်ခြင်း သိုင်းကွက်၏ သတ်ဖြတ်လိုစိတ်အား အမြင့်ဆုံး အတိုင်းအတာအထိ မြှင့်တင်လိုက်ခြင်း ဖြစ်လေသည်။

တခဏအတွင်း ပေါက်ကွဲထွက်လာနိုင်သော ထိုစွမ်းအားကို မည်သူမျှ ထိပ်တိုက် မရင်ဆိုင်လိုကြချေ။

ရှေးယခင်က ယွီမိသားစုသည် အနက်ရောင်ဝတ် လူများ၏ ဝိုင်းဝန်းတိုက်ခိုက်မှုအောက်တွင် ပြိုလဲသွားခဲ့ရခြင်းမှာ၊ ရန်သူများက မိသားစု၏ သောက်ရေကန်ထဲသို့ တိတ်တဆိတ် အဆိပ်ခတ်ခဲ့သောကြောင့် ဖြစ်လေသည်။

ထို့ကြောင့် ယွီမိသားစုဝင်များသည် သူတို့၏ သိုင်းပညာ အစွမ်းကုန်ကို ထုတ်ဖော်ခွင့် မရခဲ့ကြသလို၊ "ကျောက်စိမ်းနှင့် ကျောက်တုံး အတူတူ လောင်ကျွမ်းခြင်း" တိုက်ကွက်ကို သုံးပြီး ရန်သူများနှင့်အတူတကွ သေပွဲဝင်ရန်လည်း အခွင့်အရေး မရခဲ့ကြချေ။

ထိုအကြောင်းပြချက်ဖြင့် မိသားစုတစ်စုလုံး အသတ်ခံလိုက်ရသော ကြေကွဲဖွယ် ဇာတ်သိမ်း ဖြစ်ပေါ်ခဲ့ရခြင်း ဖြစ်သည်။

သစ်ပင်ထိပ်ပေါ်မှ အနက်ရောင်ဝတ် လူသည် ယွီလင်းရှင်းကဲ့သို့ ငယ်ရွယ်သော မိန်းကလေး တစ်ယောက်က "ကျောက်စိမ်းနှင့် ကျောက်တုံး အတူတူ လောင်ကျွမ်းခြင်း" တိုက်ကွက်ကို အသုံးပြုနိုင်လိမ့်မည်ဟု လုံးဝ ထင်မှတ်မထားခဲ့မိပေ။

ထို့အပြင် အသက် (၂၀) ကျော် အရွယ်သာ ရှိသေးသော မိန်းကလေး တစ်ယောက်က ဤမျှ ပြတ်သားစွာဖြင့် အသက်စွန့်ရန် ဆုံးဖြတ်ရဲလိမ့်မည်ဟု ပို၍ပင် မထင်ထားခဲ့ချေ။

အကယ်၍ ယွီလင်းရှင်းသာ ထိုတိုက်ကွက်ကို တကယ် အသုံးပြုလိုက်ပါက၊ ဒီည ဖြစ်ပျက်မည့် ကိစ္စများမှာ ထိန်းချုပ်၍ ရတော့မည် မဟုတ်ပေ။

ထိုအခိုက်အတန့်တွင် သူက ယွီလင်းရှင်းကို ဝင်မတားဘဲ ဆုမိုကို ဓားစာခံအဖြစ် အသုံးပြုလိုက်ခြင်းမှာ သူ၏ ဉာဏ်ရည်ထက်မြက်မှုကို ပြသလိုက်ခြင်းပင် ဖြစ်သည်။

သိုင်းလောကတွင် ကျင်လည်ခဲ့သော ဤလူသည် သာမန်လူများထက် ပိုမို ထက်မြက်သော အမြင်အာရုံ ရှိလေသည်။

ယွီလင်းရှင်းသည် ပြတ်သားသော်လည်း၊ ဒီည သူမ၏ လှုပ်ရှားမှုများသည် ဆုမိုနှင့် အကွာအဝေး တစ်ခု ခြားထားရန် ကြိုးစားနေသည်ကို သူ သတိထားမိလိုက်သည်။

မူလက သူတို့နှစ်ဦးသည် အလွန် နီးကပ်စွာ ရှိနေခဲ့သော်လည်း၊ တိုက်ပွဲစတင်သည်နှင့် ယွီလင်းရှင်းသည် ရန်သူများနှင့် ဆုမိုကို ဝေးကွာသွားစေရန် တမင် ဆွဲထုတ်သွားခဲ့သည်။ ဆုမိုကို ဤရှုပ်ထွေးသော ကိစ္စထဲသို့ မဆွဲထည့်လိုကြောင်း သိသာထင်ရှားလှပေသည်။

ထို့ကြောင့်လည်း အစပိုင်းမှာ သစ်ပင်ပေါ်က လူက ဆုမိုကို ယွီလင်းရှင်း ၏ လျှို့ဝှက်ဖဲချပ်ဟု ထင်ခဲ့မိတာ ဖြစ်သည်။

သို့သော် ယွီလင်းရှင်းက "အနိစ္စ မိုးစက်အပ်" ပါဝင်သော ပိုးသားသေတ္တာကို လွှင့်ပစ်လိုက်ပြီး၊ သူမကိုယ်တိုင်လည်း အသက်စွန့်ရမည့် သိုင်းကွက်ကို ထုတ်သုံးလိုက်သောအခါ သူ နားလည်သွားတော့သည်။ ယွီလင်းရှင်းက အပြစ်မဲ့သူကို မပါဝင်စေချင်ရုံ သက်သက်ပင်။

ထို့ကြောင့် ဤအခြေအနေကို ဖြိုခွင်းရန် နည်းလမ်းသည် ဆုမို၏ ပခုံးပေါ်သို့ သဘာဝကျစွာပင် ကျရောက်လာခဲ့လေသည်။

`'မင်းက အပြစ်မဲ့သူကို မပါစေချင်ဘူးပေါ့... ကောင်းပြီလေ... ဒါဆို အပြစ်မဲ့သူကိုပဲ ဒုက္ခပေးလိုက်မယ်... ဒီကောင်လေး မင်းကြောင့် မသေစေချင်ရင်... ငါ့လက်ထဲ အသာတကြည် အဖမ်းခံလိုက်စမ်း'`

ထိုအတွေးဖြင့် အနက်ရောင်ဝတ် လူသည် ဆုံးဖြတ်ချက်ချလိုက်ပြီး လေထဲသို့ ခုန်တက်လိုက်သည်။ လေထဲတွင်ပင် ဆုမို၏ ရှေ့တည့်တည့်သို့ ရောက်ရှိသွားလေသည်။

သူ၏ ဓားသိုင်းသည် ပြတ်သားသော်လည်း သတ်ဖြတ်လိုစိတ် မပါဝင်ပေ။

ဆုမိုကို ဓားစာခံအဖြစ် သုံးမည်ဟု ရည်ရွယ်ထားမှတော့ သတ်ပစ်လိုက်လျှင် ဘာအဓိပ္ပာယ် ရှိတော့မည်နည်း။

ထို့ကြောင့် သူသည် ဆုမိုကို အရှင်ဖမ်းပြီး ယွီလင်းရှင်းကို တွန့်ဆုတ်သွားစေရန် ကြံရွယ်လိုက်ခြင်း ဖြစ်သည်။

ထိုအချိန်တွင် ယွီလင်းရှင်းသည် အမှန်တကယ်ပင် တွန့်ဆုတ်သွားခဲ့ပြီး၊ အနက်ရောင်ဝတ် လူကမူ သက်ပြင်းတစ်ချက် မှုတ်ထုတ်လိုက်နိုင်တော့သည်။

သို့သော် ဆုမို၏ လက်သီး မြှောက်တက်လာသည်ကိုမူ သူ သတိမထားမိလိုက်ချေ။

ငါးပါးဓာတ် အာရုံဖြင့် ယင်နှင့်ယန်ကို ပေါင်းစပ်မည်... နှလုံး အသည်းနှင့် အဆုတ်ကို တိုက်စား၍ စွမ်းအားကို မြှင့်တင်မည်... ခန္ဓာကိုယ်အင်္ဂါရပ်များ ပျက်စီးစေပြီး ဝိညာဉ်ကို ချေမှုန်းမည်... သုံးပါးသော စွမ်းအင်ကို ရိုက်ခတ်၍ အသက်ဝိညာဉ်ကို နုတ်ယူမည်။

လက်သီးသိုင်း တစ်ကွက်၏ သဘောတရားများသည် ဆုမို၏ နှလုံးသားထဲတွင် စီးဆင်းနေလေ၏။

ဆုမို၏ စနစ် သည် အလွန် နှေးကွေးစွာ တွက်ချက်နေခဲ့သည်။

"ဝမ်ရှန်းလင်" လှုပ်ရှားမည့် အချိန်ကို စောင့်ဆိုင်းနေရင်း၊ ညရောက်မှသာ တွက်ချက်မှု ပြီးဆုံးခဲ့သည်။

တွက်ချက်မှု ပြီးဆုံးသွားသောအခါ ဆုမို အမှန်တရား တစ်ခုကို သဘောပေါက်လိုက်သည်။

`'ငါ့စနစ်က တော်တော်လေး အဓိပ္ပာယ်မရှိတာပဲဟ'`

`'လီရိရှုကို လိုက်ပို့တဲ့ အလုပ်က ရိုးရှင်းတယ်... လမ်းတစ်ဝက်မှာ ဘာပူးပေါင်းကြံစည်မှုမှ မရှိဘူး... လော့ရှားမြို့နဲ့ ကျင်းယန်မြို့ကြား လမ်းမကြီးအတိုင်း သွားရင် တောပုန်းဓားပြတောင် မတွေ့ရဘူး'`

`'အခက်အခဲ အတားအဆီး မရှိတဲ့ ခရီးစဉ်ကိုကျတော့ "လုံရှန်း ဉာဏ်ဖွင့် နတ်ဘုရား စွမ်းရည်" ပြီးပြည့်စုံခြင်းအဆင့် ဆိုတဲ့ ဆုလဒ်ကြီး ပေးတယ်'`

`'အခုကျတော့ ရှုပ်ထွေးပွေလီနေတဲ့ ကိစ္စပေါင်းစုံ ကြုံရတဲ့အပြင်၊ ကမ္ဘာ့စစ်ပွဲတောင် ဖြစ်သွားနိုင်တဲ့ "လျှို့ဝှက်ယန္တရား" လို ပြဿနာကြီးနဲ့ ငြိနေတာတောင်မှ... ငါ့ကို ပေးတဲ့ ဆုလဒ်က အထွတ်အထိပ် လက်သီးသိုင်း တစ်ကွက်တည်းတဲ့လား... "ဒဏ်ရာခုနစ်ချက် လက်သီး"တဲ့'`

ထိုအချိန်တွင် ယင်နှင့် ယန်ဓာတ်ကို ပေါင်းစပ်ထားသော အတွင်းအားများ စီးဆင်းလာပြီး၊ "လုံရှန်း ဉာဏ်ဖွင့် နတ်ဘုရား စွမ်းရည်" ၏ စွမ်းအားများ ပြန့်ကားလာကာ ကြောက်မက်ဖွယ် ကောင်းသော ခွန်အားများကို ထုတ်လွှတ်လိုက်လေသည်။

အနက်ရောင်ဝတ် လူ၏ ဓား မကျရောက်မီမှာပင် တစ်စုံတစ်ခု မှားယွင်းနေကြောင်း သူ ခံစားလိုက်ရသည်။

သူ့ဘေးပတ်လည်ရှိ မိုးရေများသည် ထိုအခိုက်အတန့်တွင် ထူးဆန်းစွာ ပြောင်းလဲသွားပြီး ပုံသဏ္ဍာန်မဲ့စွာ လိမ်တွန့်နေကြလေ၏။

ဒါသည် အတွင်းအားက လေထုကို သက်ရောက်မှု ရှိစေသော လက္ခဏာပင် ဖြစ်သည်။

ဉာဏ်ဆင်နိုင်လိုက်ပြီဟု တွေးကာ စိတ်လျော့ထားသော အနက်ရောင်ဝတ် လူ၏ မျက်လုံးအိမ်များ ရုတ်တရက် ကျဉ်းမြောင်းသွားတော့သည်။

သူ မယုံကြည်နိုင်စွာဖြင့် ဆုမိုကို လှမ်းကြည့်လိုက်သော်လည်း... လက်သီးတစ်လုံးကိုသာ မြင်လိုက်ရလေသည်။

ထို့နောက် နေရာအနှံ့တွင် လက်သီးများသာ ဖြစ်သွားတော့သည်။

မိုးစက်များထက်ပင် များပြားသော လက်သီးချက်များသည် အနက်ရောင်ဝတ် လူ၏ မြင်ကွင်းတစ်ခုလုံးကို ချက်ချင်းပင် ဖုံးလွှမ်းသွားလေ၏။

အပြည့်အဝ မထုတ်ဖော်ရသေးသော ဓားကွက်ကို လွယ်ကူစွာ ရှောင်ကွင်းသွားရုံသာမက၊ မျက်တောင်တစ်ခတ်အတွင်း သူ၏ ရင်ဘတ်ကို ပြင်းထန်စွာ ရိုက်နှက်လိုက်တော့သည်။

လက်သီးလေအဟုန်ပေါင်းများစွာသည် တစ်နေရာတည်းတွင် စုစည်းသွားပြီးနောက် ကြီးမားလှသော အတွင်းအားများသည် သူ၏ ခန္ဓာကိုယ်ထဲတွင် ရုတ်တရက် ပေါက်ကွဲထွက်ပေါ်လာလေတော့သည်။

"ဒါ မဖြစ်နိုင်ဘူး..."

အနက်ရောင်ဝတ် လူသည် ဆုမိုကို ပြူးကျယ်သော မျက်လုံးများဖြင့် ကြည့်ရင်း စကားပင် ဆုံးအောင် မပြောနိုင်လိုက်ဘဲ ကြယ်ကြွေသကဲ့သို့ နောက်သို့ လွင့်စင်သွားလေ၏။

မိုးတံတိုင်း အလွှာပေါင်းများစွာကို ဖောက်ထွက်သွားပြီး မြေကြီးပေါ်သို့ မကျမီမှာပင် "ဝုန်း" ခနဲ မိုးကြိုးပစ်သံကဲ့သို့ ပေါက်ကွဲသံကြီး ထွက်ပေါ်လာကာ သူ၏ ခန္ဓာကိုယ်သည် တစစီ ပေါက်ကွဲထွက်သွားလေတော့သည်။

တစ်ခဏချင်းစီတွင် ကမ္ဘာကြီး တိတ်ဆိတ်သွားလေ၏။

ဒီမြင်ကွင်းကို မြင်လိုက်ရသူတိုင်း မိမိမျက်လုံးကို မိမိ မယုံကြည်နိုင်အောင် ဖြစ်သွားကြသည်။

သို့သော် ယွီလင်းရှင်းသည် အခွင့်အရေးကို လျင်မြန်စွာ မြင်တတ်သူ ဖြစ်ပြီး၊ ပိုမို သိနားလည်သူ ဖြစ်သဖြင့် "ကျောက်စိမ်းနှင့် ကျောက်တုံး အတူတူ လောင်ကျွမ်းခြင်း" သိုင်းကွက်ကို ချက်ချင်း ရပ်တန့်လိုက်ပြီး၊ အသက်ရှူချိန် အနည်းငယ်အတွင်းမှာပင် ကြောင်အမ်းနေသော ကျန်ရှိသည့် အနက်ရောင်ဝတ် လူများကို ဓားဖြင့် ခုတ်ပိုင်းသတ်ဖြတ်လိုက်လေသည်။

လေမငြိမ်သေးသလို၊ မိုးလည်း မစဲသေးပေ။

ဆုမိုသည် လက်ကို ဖြည်းညှင်းစွာ ခါလိုက်ပြီး ယွီလင်းရှင်းကို ကြည့်လိုက်သည်။

"ဒါနဲ့... ခင်ဗျား တမင်လုပ်တာတော့ မဟုတ်ပါဘူးနော်"

"ဘာကို တမင်လုပ်တာလဲ"

ယွီလင်းရှင်း အသက်ကို ဖြည်းညှင်းစွာ ရှူလိုက်သည်။

ဆုမို အနည်းငယ် တွန့်ဆုတ်သွားပြီးနောက် ခေါင်းခါလိုက်သည်။

"ထားလိုက်ပါတော့... ဘာမှ မဟုတ်ပါဘူး... အခု ပြီးပြီလား"

"...နီးပါးပါပဲ"

"ဘာကို နီးပါးလဲ"

"ဒီကိစ္စလေ"

နောက်ဆုံးစကားကို ပြောလိုက်သူမှာ ယွီလင်းရှင်း မဟုတ်ပေ။

အမှောင်ထဲမှ လူတစ်ယောက် ထွက်လာသည်။ လက်တစ်ဖက်ဖြင့် ဓားတစ်လက်ကို ကိုင်ထားသည်။ ဓားက အလွန် ရှည်လျားလှသည်။ (၇) ပေ တိတိ ရှိလေ၏။

ကျန်လက်တစ်ဖက်က အလောင်း တစ်လောင်းကို ဆွဲလာသည်။

ထိုအလောင်းသည် ဓားဒဏ်ရာဖြင့် သေဆုံးနေခြင်း ဖြစ်သည်။

"ခင်ဗျားလား"

ဆုမို ထိုလူကို ကြည့်လိုက်သည်။ အံ့သြသလိုလို ရှိသော်လည်း၊ သိပ်ပြီးတော့လည်း မအံ့သြပေ။

ဓားသမားသည် ယွီလင်းရှင်းကို တစ်ချက်ကြည့်ပြီး မဲ့ပြုံး ပြုံးလိုက်သည်။

"မင်းပြောတာ မှန်တယ်... သူတို့က တကယ် သတိကြီးကြတာပဲ... မင်းတို့ ဒီမှာ အလုပ်ရှုပ်နေတုန်း နောက်ထပ် မျက်လုံးတစ်စုံက ချောင်းကြည့်နေသေးတယ်... ငါ အဲဒီမျက်လုံးကို ထုတ်ပစ်လိုက်ပြီ... ဒါပေမဲ့... မင်းလုပ်ပုံက သဘောတူထားတာနဲ့ မတူပါလား"

"မတော်တဆမှုလေး နည်းနည်း ဖြစ်သွားလို့ပါ"

ယွီလင်းရှင်းက ပေါ့ပေါ့ပါးပါးပင် လက်ကာပြလိုက်သည်။

"ရှင်က ဒီမှာ စကားစမြည်ပြောဖို့ အချိန်ရနေသေးတာလား"

"ဒါပေါ့... ကောင်မစုတ်လေး... အရိုးထဲ စွဲနေတဲ့ ပိုးကောင်လိုပဲ... ဘယ်တော့မှ အေးအေးချမ်းချမ်း နေခွင့်မပေးပါလား"

စောစောက ပေါ့ပေါ့ပါးပါး ရှိနေသော ဓားသမားသည် ရုတ်တရက် သတိရှိသွားပြီး အလောင်းကို ဘေးသို့ ပစ်လိုက်ကာ ဆုမိုကို ခပ်စူးစူး တစ်ချက်ကြည့်ပြီးနောက် လှည့်ထွက်သွားတော့သည်။

သူ ထွက်ခွာသွားသည်ကို ကြည့်ရင်း ဆုမို တွေးတောနေပုံ ရသည်။ ရုတ်တရက် ယွီလင်းရှင်းကို လှမ်းမေးလိုက်သည်။

"ဟို အဘိုးကြီးက ဘယ်သူလဲ"

"အဘိုးအို 'ရှီဟန်ပါ'"

ယွီလင်းရှင်းက ဆုမိုကို ကြည့်ပြီး အနည်းငယ် ပြုံးလိုက်သည်။

"တောအုပ်ထဲမှာ ရှင် သတ်လိုက်တဲ့ ဓားသမားက သူ့တပည့်လေ"

All Chapters