သိုင်းလောက လှိုင်းပုတ်သံများ
Vol. 1 Ch. 15
~"တောအုပ်ထဲမှာ ရှင် သတ်လိုက်တဲ့ ဓားသမားက သူ့တပည့်လေ"
ယွီလင်းရှင်း၏ စကားသံသည် ကောင်းကင်နှင့် မြေကြီးကိုပင် ထိုးဖောက်သွားသကဲ့သို့ ရှိ၏။
ဆုမို နားလည်သွားတော့သည်။ ထိုအဘိုးအိုသည် အကြောင်းပြချက် မရှိဘဲ သူ့ကို ဘာ့ကြောင့် လာရှာခဲ့သလဲ ဆိုတာကို။
သူ အောင့်သက်သက် ပြုံးလိုက်မိလေသည်။
"ဒါကြောင့် လူကြီးတွေက ပြောတာ... ဇာစ်မြစ်မသိတဲ့ အရက်ကို မသောက်ရဘူးတဲ့"
"တကယ်တော့ အဲဒီအရက်က သောက်လို့ ရပါတယ်... ရှင့်ရဲ့ အတွင်းအားသာ လုံလလောက်လောက် ရှိမယ်ဆိုရင် အကျိုးတောင် ရှိနိုင်သေးတယ်"
ယွီလင်းရှင်းက ခေါင်းကို ဖြည်းညှင်းစွာ ခါလိုက်သည်။
"ကဲ...ရှင့်ရဲ့ စပ်စုချင်စိတ် ပြေသွားပြီလား"
"လောလောဆယ်တော့ ပြေသွားပါပြီ"
ဆုမို တကယ်တော့ စိတ်ပျက်မိနေသည်။
"နောက်နောင်ကျရင် ဒီလောက် မစပ်စုတော့ဘူးဗျာ"
သူက သဘာဝအရ စပ်စုတတ်တဲ့သူ မဟုတ်ပါ။ ဒီကိစ္စထဲမှာ ဝင်ပါမိနေတော့ အဆုံးသတ်ကို မသိရဘဲ ထွက်သွားလျှင် မပြီးပြတ်သလို ခံစားနေရမှာ စိုး၍သာ လိုက်စုံစမ်းခဲ့သည်သာ။
ဒီလို အခြေအနေမျိုး ကြုံလာရလိမ့်မည်ဟု မထင်ထားမိပါ။
စောစောက အနက်ရောင်ဝတ် လူတွေ တိုက်ခိုက်လာတုန်းက ယွီလင်းရှင်းကို ကြည့်ပြီး ဆုမို အတော်များများကို နားလည်သွားသည်။
အခု ယွီလင်းရှင်းနှင့် အနက်ရောင်ဝတ် လူတွေ ပြောတာကို ကြားလိုက်ရတော့ အကုန်လုံးနီးပါး သဘောပေါက်သွားရ၏။
ယွီမိသားစုဟာ တစ်ချိန်တုန်းက အကုန် သတ်ဖြတ်ခံလိုက်ရပြီး ယွီလင်းရှင်း တစ်ယောက်တည်း ကျန်ရစ်ခဲ့သည်။
(၁၀) နှစ်ကျော်ကြာအောင် သူမ သိုင်းပညာကို ကြိုးစားလေ့ကျင့်ခဲ့ပြီး၊ အောင်မြင်မှု ရလာသည့်အခါ လက်စားချေဖို့ သိုင်းလောကထဲ ခြေချခဲ့သည်။
ဒီအစီအစဉ်ကို အစပိုင်း ဘယ်လို စီစဉ်ခဲ့သလဲ ဆိုတာ ဆုမို မသိသော်လည်း ရိုးရှင်းမည်ဟု ခန့်မှန်းရသည်။
တောအုပ်ထဲက လူ (၄) ယောက်က အဖွဲ့အစည်း တစ်ခုတည်းက ဖြစ်ပြီး၊ သိုင်းလောက အမှောင်ထဲမှာ ပုန်းအောင်းကာ လျှို့ဝှက်ယန္တရား၏ တည်နေရာကို စုံစမ်းနေကြတာ ဖြစ်သည်။
ဒါကြောင့်လည်း ဆုမို သူတို့နာမည်ကို တခါမှ မကြားဖူးတာ ဖြစ်သည်။
သူတို့လို လူတွေက နာမည်မကြီးလေ ကောင်းလေပင်။
ဘယ်သူမှ မသိလေ လှုပ်ရှားရတာ ပိုလွယ်လေ ဖြစ်၏။
ယွီလင်းရှင်းက လျှို့ဝှက်ယန္တရားကို အစာပစ်ပြီး ဒီလူ (၄) ယောက်ကို မျှားခေါ်ခဲ့တာ ဖြစ်သည်။
သို့သော်၊ သူမ၏ ပစ်မှတ်က ဒီလူ (၄) ယောက် မဟုတ်ဘဲ၊ သူတို့နောက်ကွယ်က အဖွဲ့အစည်း ဖြစ်သည်။
စားဖိုမှူးကျိုးကို သတ်တာ၊ မက်မွန်တော အပြင်ဘက်မှာ လုပ်ကြံတာတွေ အားလုံးက ရည်ရွယ်ချက် ရှိရှိ လုပ်ခဲ့တာ ဖြစ်သည်။
ဒီသတင်းတွေသာ ဟူပျောင်းပျောင်းတို့ဆီ ရောက်သွားပြီး၊ သဲလွန်စတချို့ ပေးလိုက်မည် ဆိုလျှင်... သူတို့က စားဖိုမှူးကျိုးနှင့် မက်မွန်တောထဲက လူတွေဟာ လက်စားချေခံရ၍ သေသွားသည်ဟု ထင်သွားကြမှာ သေချာသည်။
မည်သူက လက်စားချေမည်နည်း။
ထိုအချိန်မှာ 'ယွီမိသားစု' နှင့် 'ဝမ်ရှန်းလင်' ဟူသော သတင်းကို ပါးပါးနပ်နပ် လွှင့်လိုက်မည် ဆိုလျှင်... နှစ်ဦးနှစ်ဖက် ကျေနပ်မည့် ကောက်ချက် တစ်ခုကို ဆွဲဖို့ မခက်ခဲတော့ပေ။
တကယ်တော့ ဆုမိုက ဒီအစီအစဉ်၏ အသေးစိတ်တွေကို မသိပါချေ။
နောက်ဆုံးရလဒ်ကတော့ အဖွဲ့အစည်းက ယွီလင်းရှင်း ရှိနေမှန်း သိသွားခဲ့သည်ပင်။
သတင်းရရချင်း သူတို့ တုံ့ပြန်ခဲ့ပြီး လုပ်ကြံသတ်ဖြတ်ဖို့ လူလွှတ်လိုက်တာကြောင့် ဒီည အခြေအနေ ဖြစ်လာခဲ့တာ ဖြစ်သည်။
ဖြစ်စဉ်တစ်လျှောက်လုံးမှာ ဆုမိုဟာ အပြစ်မဲ့သော ဘေးလူ တစ်ယောက်အနေနှင့်
ပါဝင်ပတ်သက်မိသွားခြင်းသာ ဖြစ်သည်။
ထို့ပြင်၊ လျှို့ဝှက်ယန္တရားက အတုကြီး... တကယ်တမ်းကျတော့ သေစေနိုင်သော လျှို့ဝှက်လက်နက် ဖြစ်နေသည်။
ရိုးရိုးသားသား ပြောရလျှင် ဒီအချိန်မှာ ဆုမို၏ စပ်စုချင်စိတ် သိပ်မပြင်းပြတော့ပေ။ မဟုတ်လျှင် တကယ်လို့များ သူ သေတ္တာဖွင့်ကြည့်လိုက်မိလျှင် ဒီမရောက်ခင်ကတည်းက သေနေလောက်ပြီ ဖြစ်သည်။
ဟို ဓားသမားအား အဘိုးအိုရှီဟန် နောက် လိုက်ခိုင်းလိုက်ပြီး သူမအတွက် လမ်းရှင်းခိုင်းလိုက်တာက... သူမ၏ ရည်ရွယ်ချက် အောင်မြင်ဖို့အတွက် ပိုးသားသေတ္တာ လိုအပ်နေ၍ ဖြစ်သည်။
ဒီည ယွီလင်းရှင်း၏ လုပ်ရပ်တွေကို ကြည့်ရတာ... အကြီးမားဆုံး ပြဿနာကို ရှင်းဖို့အတွက် သေတ္တာထဲက သတ်ကွင်းကို သုံးဖို့ အဆင်သင့် ဖြစ်နေပုံ ရသည်။
သို့ရာတွင်၊ မထင်မှတ်ဘဲ သူ ရောက်လာတော့ သူမ တွန့်ဆုတ်သွားပြီး နောက်ဆုံးမှာ "ကျောက်စိမ်းနှင့် ကျောက်တုံး အတူတူ လောင်ကျွမ်းခြင်း" တိုက်ကွက်ကိုတောင် သုံးဖို့ ပြင်ခဲ့သည်။
အတွေးတွေ ခေါင်းထဲ ဖြတ်ပြေးသွားပြီးနောက် ဆုမိုသည် ယွီလင်းရှင်း စကားမပြောခင်မှာပင် လက်ကာပြလိုက်လေသည်။
"ဒီမှာ ကျွန်တော့်အတွက် ဘာမှ မရှိတော့ဘူး ဆိုတော့... သွားခွင့်ပြုပါဦး"
ယွီလင်းရှင်းသည် ဆုမိုကို တိတ်ဆိတ်စွာ ကြည့်နေပြီးမှ ခေါင်းကို ဖြည်းညှင်းစွာ ညိတ်လိုက်၏။
"ဒီကိစ္စရဲ့ အဆုံးသတ်ကို ကျွန်မ ကောင်းကောင်းမွန်မွန် ရှင်းလိုက်ပါ့မယ်... ပါးစပ်ပိတ်ထားဖို့တော့ သတိရပါ... မဟုတ်ရင် ရှင့်ရဲ့ သိုင်းပညာက ဘယ်လောက်ပဲ မြင့်မားနေပါစေ... ဘေးဒုက္ခ ဆိုတာ စကားကနေ လာတတ်ပါတယ်"
"နားလည်ပါတယ်... သတိပေးတဲ့အတွက် ကျေးဇူးပါ"
"အင်း... အဘိုးအိုရှီဟန်ကို သတိထားပါ... 'ချီလင်' က သူ့ကို ကြာကြာ ထိန်းထားနိုင်မှာ မဟုတ်ဘူး"
ယွီလင်းရှင်း စကားပြောပြီးသည်နှင့် ပြန်လှည့်သွားလေသည်။
ဆုမိုကို နောက်ထပ် စကားပြောရန် ဆန္ဒမရှိတော့ကြောင်း သိသာလှပေသည်။
ဆုမို သဘောပေါက်လိုက်ပြီး ချက်ချင်းပင် လှည့်ထွက်လာခဲ့တော့သည်။
ယွီလင်းရှင်း စီစဉ်ထားသည့် ကစားပွဲက ဘာပဲဆက်ဖြစ်ဖြစ် သူနှင့် မဆိုင်တော့ပေ။
ဒီကိစ္စကို ရှင်းပြီးလျှင် သူ ပိုလွတ်လပ်သွားမည်။ အိမ်ပြန်သည့်အထိ ပြဿနာ ပါမလာလျှင် ရပါသည်။
တကယ်တော့ ကျိမင်စခန်းက ယူချွမ်တည်းခိုခန်းမှာ ကိစ္စပြီးသည်နှင့် သူ တန်းပြန်ခဲ့လျှင် ဘာမှ ဆက်ဖြစ်လာစရာ အကြောင်း မရှိပါ။
နှမြောစရာက ထိုစဥ်တုန်းက သူသိထားတာ နည်းလွန်းတော့ စိတ်မချနိုင်ဖြစ်ပြီး ပြန်လာခဲ့မိတာကြောင့် ဒီည မမျှော်လင့်သော ရှုပ်ထွေးမှုတွေ ဖြစ်ကုန်သည်ပင်။
ဆုမို တစ်ယောက် ကပျာကယာ.. ထွက်ခွာသွားပြီး မျက်တောင်တစ်ခတ်အတွင်း အစအနပင် ရှာမရတော့အောင် ပျောက်ကွယ်သွားလေသည်။
ယွီလင်းရှင်းသည် ဆုမို ထွက်ခွာသွားရာ လမ်းကြောင်းကို ပြန်လှည့်ကြည့်လိုက်ပြီး စဉ်းစားဟန် ပြုလိုက်သည်။ နောက်ဆုံးတွင် ခေါင်းခါလိုက်ပြီး ခြေလှမ်း စတင်လိုက်သည်။
သူမ ဝေးဝေးလံလံ မသွားဘဲ တောအုပ်ထဲမှ နေရာ တစ်နေရာသို့ ဦးတည်သွားလိုက်သည်။
သိပ်မဝေးလှပေ။ သစ်ပင်ကြီး တစ်ပင် ရှိပြီး၊ သူမသည် ပင်စည်၏ တစ်ဖက်သို့ လျှောက်သွားကာ သစ်ခေါက်ကို ဆွဲခွာလိုက်လေသည်။
သစ်ခေါက်သည် သူမလက်ထဲတွင် အလွယ်တကူ ကွာကျလာသည်။
သစ်ပင်ထဲတွင် အခေါင်းပေါက် တစ်ခု ရှိပြီး လူတစ်ယောက် ပုန်းခိုနေလေ၏။
အမျိုးသမီး တစ်ယောက် ဖြစ်သည်။
အကယ်၍ ဆုမိုသာ ရှိနေခဲ့လျှင် ထို (၄) ယောက်ထဲမှ တစ်ဦးတည်းသော အမျိုးသမီး 'ဟူပျောင်းပျောင်း' ဖြစ်ကြောင်း ချက်ချင်း မှတ်မိပေလိမ့်မည်။
သို့သော် ယခုအချိန်တွင် ဟူပျောင်းပျောင်း၏ မျက်လုံးများ ပိတ်ထားပြီး အသက်ရှူသံ၊ နှလုံးခုန်သံ မရှိဘဲ လူသေ တစ်ယောက်ကဲ့သို့ ဖြစ်နေလေသည်။
ယွီလင်းရှင်းသည် သူမ၏ ခန္ဓာကိုယ်ကို အနည်းငယ် ထိတွေ့လိုက်ရာ၊ သေနေသည်ဟု ထင်ရသော ဟူပျောင်းပျောင်းသည် ရုတ်တရက် အသက်ပြင်းပြင်း ရှူလိုက်ပြီး မျက်လုံးများ ပွင့်လာတော့သည်။
...
...
မိုးရွာနေသော ညဉ့်နက်အချိန်တွင် ခရီးသွားရသည်မှာ ခက်ခဲသော်လည်း ဆုမိုသည် လျင်မြန်စွာပင် ရွေ့လျားနေလေသည်။
သူ ပါဝင်ပတ်သက်မိနေသော ရှုပ်ထွေးမှုများထဲမှ အမြန်ဆုံး ထွက်ခွာချင်နေပြီ ဖြစ်သည်။
ခရီးနှင်ရင်း သူ တွေးတောနေမိသည်။
‘သိုင်းလောက ဆိုတာ အပေါ်ယံ ကြည့်ရင် တည်ငြိမ်နေသလို ရှိပေမယ့်၊ အောက်ခြေမှာတော့ ရေစီးသန်နေတဲ့ လှိုင်းတံပိုးတွေ ရှိနေပါလား’
အပြင်ကနေ ကြည့်ရင် မသိသာသော်ငြား၊ ကိုယ်တိုင် ဝင်ပါလိုက်မှသာ ဘယ်လောက် အန္တရာယ်ကြီးလဲ ဆိုတာ နားလည်လာရသည်။
ယွီလင်းရှင်း၏ အစီအစဉ်နှင့် အမည်မသိ အဖွဲ့အစည်း၏ တိုက်ပွဲဆိုတာ... ရိုးရိုးသားသား ပြောရလျှင် သိုင်းလောက မုန်တိုင်းတွေထဲက တစ်ခုလောက်ပါပင်။
သိုင်းလောက တစ်ခုလုံး၏ အစိတ်အပိုင်း သေးသေးလေး တစ်ခုသာ။
ဆုမိုက မတော်တဆ ဝင်ပါမိပြီး အစွန်းအစလေး မြင်လိုက်ရသော်လည်း၊ သိုင်းလောကမှာ မုန်တိုင်းတွေက ဘယ်လောက်မြန်မြန်နှင့် ထိန်းချုပ်မရအောင် ဖြစ်လာနိုင်လဲ ဆိုတာ ပြသနေလေသည်။
တခါတလေကျလျှင် မိမိက ရန်စတာ ဟုတ်မဟုတ် ဆိုတာ အရေးမကြီးတတ်ပါ... မုန်တိုင်းက မိမိဆီ ရောက်လာတတ်၏။
"မိုးရွာမယ့် အချိန်နဲ့ မိန်းမယူမယ့် အချိန်ကို ဘယ်သူ တားလို့ ရမှာလဲ"
"ဒါကြောင့် သိုင်းလောကမှာ ရှင်သန်ချင်ရင် ဒီမုန်တိုင်းတွေထဲ ပါသွားဖို့ အမြဲ ပြင်ဆင်ထားရမယ်"
"ဒီမုန်တိုင်းတွေကြားမှာ ခိုင်ခိုင်မာမာ ရပ်တည်နိုင်မှ သိုင်းလောကမှာ နေရာရမှာ"
ဆုမို တကိုယ်တည်း… ရေရွတ်ရင်း သက်ပြင်းမှုတ်ထုတ်လိုက်သည်။
"နောက်နောင်ကျရင် ကိုယ့်ကိစ္စ ကိုယ်လုပ်တာ အကောင်းဆုံးပဲ... မုန်တိုင်းတွေထဲ ဝင်မပါဘဲ အေးအေးဆေးဆေး အာမခံ ပို့ဆောင်ရေးအလုပ်လုပ်၊ တာဝန်ထမ်းဆောင်၊ ဆုလာဘ်ယူ၊ သိုင်းပညာတွေ စုဆောင်း... တကယ်လို့ တစ်နေ့နေ့မှာ ပြဿနာထဲ ဝင်ပါရမယ် ဆိုရင်တောင် ကိုယ့်သိုင်းပညာကို အားကိုးပြီး မုန်တိုင်းထဲ ပါမသွားအောင် တောင့်ခံနိုင်ရင် တော်ပြီ"
"ဒါပေမဲ့... ဟို 'ချီလင်' ဆိုတဲ့ ဓားသမား ကောင်လေးကရော ဘယ်လိုနေမလဲ"
အမှန်တိုင်း ပြောရလျှင် တောအုပ်ထဲမှာ ပိုးသားသေတ္တာ ပေးသွားသူက ယွီလင်းရှင်း၏ အမိန့်ကြောင့် ပေးခဲ့တာ မဟုတ်လောက်ပေ... မသေခင် စိတ်ကူးပေါက်ပြီး လုပ်သွားတာ ဖြစ်လောက်သည်။
ဒါကြောင့် ဓားသမားနှင့် သူနှင့် ဖြစ်သော ပြဿနာက သူများကြောင့် မဟုတ်ဘဲ သူ့ဆုံးဖြတ်ချက်ကြောင့် ဖြစ်လာ၏။
ယခု အဘိုးအို ရှီဟန်ကို မျှားခေါ်သွားသော 'ချီလင်' ဆိုသည့် ဓားသမားက တကယ်တမ်းကျတော့ သူ့အစား အပြစ်ခံပေးနေသလို ဖြစ်နေသည်။
"ထားလိုက်ပါတော့ကွာ... ငါက သူ့ကို အပြစ်ခံပေးပါလို့ ပြောခဲ့တာမှ မဟုတ်တာ"
ဆုမို.. ရက်ရက်စက်စက်ပင် ထိုအတွေးကို ခါထုတ်လိုက်ပြီး လော့ရှားမြို့ ရှိရာဘက်သို့ ဆက်လက် ခရီးနှင်ခဲ့တော့သည်။