တာ့ရွှမ် လက်နက်တိုက်
Vol. 1 Ch. 8
~"မင်းက အခြေအနေကို သဘောပေါက်လွယ်သားပဲ... အဓိပ္ပာယ်မရှိတဲ့ ခုခံမှုတွေက အချည်းနှီးပဲ ဆိုတာကို သိတယ်ပေါ့... စိတ်ချပါ... မင်းသာ ငါပြောတာကို နားထောင်ရင် ဒီအဘိုးကြီးက မင်းကို သတ်ချင်မှ သတ်မှာပါ"
လူကြီးက ရိုးရိုးရှင်းရှင်းပင် ပြုံးလိုက်လေသည်။
"ပိုးသားသေတ္တာထဲက ပစ္စည်းအကြောင်းကတော့... ဟွန်း... မင်းကို ပြောပြလိုက်လို့ ဘာမှ ဖြစ်သွားမှာ မဟုတ်ပါဘူး... ဒါပေမဲ့ မင်းက ဘာနဲ့ ပြန်လဲမှာလဲ"
"ဟမ်"
ဆုမို အံ့အားသင့်သွားသည်။
"ကျွန်တော့်ဘဝက ဒီအခြေအနေ ရောက်နေမှတော့ ပေးစရာ ဘာကျန်တော့မှာလဲ"
သို့သော် နောက်တစ်ခဏ၌ပင် သူ သဘောပေါက်သွားတော့သည်။
"ခင်ဗျား ကျွန်တော့်သိုင်းပညာကို လိုချင်နေတာလား"
တောအုပ်ထဲတွင် ထိုလူကြီးသည် မျက်မြင်ကိုယ်တွေ့ မြင်ခဲ့ရသည် မဟုတ်ပါလော။ ဆုမိုသည် လက်နှစ်ချောင်းတည်းဖြင့် ဓားကို ချိုးပစ်ခဲ့သည်။ ထိုဓားစကို ပစ်လွှတ်လိုက်ရာ လူတစ်ယောက်၏ လည်ပင်းကို ဖောက်ထွက်သွားပြီး သစ်ပင်ကြီး (၃) ပင်ကိုပါ ဆက်လက် ဖောက်ထွက်သွားနိုင်ခဲ့သည်။
ဒီလောက် ကြောက်စရာကောင်းသော ခွန်အားမျိုးကို သူ လိုချင်နေသည်က သဘာဝပါပင်။
ထို့ကြောင့်လည်း သူက အဆိပ်ကို သုံးပြီး ဆုမို၏ ပြန်လည်တိုက်ခိုက်နိုင်စွမ်းကို ဖျက်ဆီးခဲ့ခြင်း ဖြစ်သည်။ တန်းပြီး မသတ်ခဲ့တာက သည်အကြောင်းကြောင့်ပင်။
"လူလည်လေးနဲ့ စကားပြောရတာ တကယ် အရသာရှိသားပဲ"
လူကြီးသည် ပြန်ထိုင်လိုက်ပြီး လက်ဖက်ရည်ခွက်ကို ကောက်ယူလိုက်သည်။
"တကယ်တော့ ဒီလက်ဖက်ရည်ထဲမှာ အဆိပ်မပါပါဘူး"
စကားဆုံးသည်နှင့် သူ တစ်ငုံသောက်လိုက်ပြီး ဆက်ပြောသည်။
"ကဲ... မင်း သဘောတူလား မတူဘူးလား"
"ကျွန်တော့်မှာ ငြင်းခွင့် ရှိသေးလို့လား"
ဆုမို သက်ပြင်းချလိုက်သည်။
"ကျွန်တော့်အသက်ကို ချမ်းသာပေးဖို့ မတောင်းဆိုပါဘူး... မြန်မြန်သေရရင် ကျေနပ်ပါပြီ"
"ဟားဟားဟား... ငါတို့သာ ရပ်တည်ချက်ချင်း မတူခဲ့ရင် မင်းရဲ့ စိတ်ဓာတ်ကို ငါ သဘောကျလို့ အသက်အရွယ် ကွာခြားပေမယ့် မိတ်ဆွေဖွဲ့မိမှာ သေချာတယ်"
လူကြီးသည် ထိုသို့ ပြောပြီးနောက် ခေတ္တမျှ တိတ်ဆိတ်သွားပြန်သည်။ ပြီးမှ လေးနက်စွာ ပြောလိုက်လေသည်။
"သေတ္တာထဲက ပစ္စည်းရဲ့ နာမည်က 'လျှို့ဝှက်ယန္တရား' လို့ ခေါ်တယ်"
"..."
ဆုမို သေချာ စဉ်းစားကြည့်သော်လည်း ဘိုးဘေးမှတ်တမ်းများထဲတွင် ထိုအရာနှင့် ပတ်သက်၍ ဘာမှ မပါရှိပေ။
ခဏတာ သူ ကြောင်အသွားရသည်။ သူ့မျက်နှာပေါ်တွင် ပေါ်နေသော ဇဝေဇဝါ ဖြစ်မှုများမှာ အစစ်အမှန်ပင် ဖြစ်၏။
"မင်းက ငယ်သေးတယ်... အတွေ့အကြုံလည်း နုသေးတော့ မကြားဖူးတာ မဆန်းပါဘူး"
လူကြီးက ဂရုမစိုက်သလို ပြောလိုက်သည်။
"ဒါပေမဲ့... 'တာ့ရွှမ် လက်နက်တိုက်' အကြောင်းကိုတော့ မင်း ကြားဖူးမှာပါ"
ဆုမို မျက်ခုံး အနည်းငယ် တွန့်သွားသည်။
"အဲဒါက ဒဏ္ဍာရီပဲ မဟုတ်ဘူးလား"
လွန်ခဲ့သော နှစ်ရာပေါင်းများစွာက ခေတ်ကာလသည် ယခုနှင့် မတူပေ။ ထိုအချိန်က 'ရွှမ်' အမည်ရှိသော မင်းဆက်တစ်ဆက် ရှိခဲ့ဖူးသည်။
'တာ့ရွှမ်' မင်းဆက်သည် အလွန်အင်အားကြီးမားပြီး တန်ခိုးအာဏာဖြင့် တစ်လောကလုံးကို လွှမ်းမိုးထားနိုင်ခဲ့သည်။ ကောင်းကင်အောက်ရှိ မြေပြင်မှန်သမျှ ဘုရင့်မြေ ဖြစ်ပြီး၊ ကမ်းရိုးတန်းတစ်လျှောက် နေထိုင်သူမှန်သမျှ ဘုရင့်ကျွန် ဖြစ်ခဲ့ရသည်။
သိုင်းလောကတွင် မာနအကြီးဆုံး သိုင်းပညာရှင်များနှင့် အင်အားအကြီးဆုံး ဂိုဏ်းကြီးများပင်လျှင် ထိုဧကရာဇ်အာဏာအောက်တွင် ခေါင်းငုံ့ကာ ကျွန်ခံခဲ့ကြရသည်။
ပြောစမှတ်များအရ ရွှမ်မင်းဆက်၏ ဧကရာဇ် 'ရွှမ်တျန်ဇီ' သည် လောကကို ပေါင်းစည်းသိမ်းပိုက်စဉ်က စစ်ချီပွဲကြီး (၇) ကြိမ်တိုင်တိုင် ကိုယ်တိုင် ဦးဆောင်ခဲ့သည်ဟု ဆိုကြသည်။ မြင်းခွာသံများဖြင့် သိုင်းလောကကို နင်းခြေကာ သိုင်းပညာမှန်သမျှကို နိုင်ငံပိုင် သိမ်းဆည်းခဲ့ပြီး ဧရာမ လက်နက်တိုက်ကြီးတစ်ခု တည်ဆောက်ခဲ့လေသည်။ ထိုလက်နက်တိုက်ထဲတွင် ရေတွက်၍မရနိုင်သော သိုင်းကျမ်းများသာမက အဖိုးတန် ရတနာပေါင်းများစွာလည်း ပါဝင်သဖြင့် ကမ္ဘာ့အကြီးဆုံး ဘဏ္ဍာတိုက်ဟု တင်စားခေါ်ဝေါ်ခြင်း ခံခဲ့ရသည်။
သို့သော် ဤလောကတွင် ထာဝရ ပြိုင်ဘက်ကင်းသူ ဟူ၍ မရှိသလို၊ ထာဝရ တည်တံ့သော မင်းဆက်ဟူ၍လည်း မရှိပေ။
အင်အားကြီးမားလှသော တာ့ရွှမ်မင်းဆက်သည်လည်း ကျဆုံးရမည့်နေ့သို့ ရောက်ရှိလာခဲ့ရသည်။
တစ်ညတည်းနှင့် တော်ဝင်အာဏာများ ပြိုလဲပျက်စီးသွားခဲ့သည်။ အချို့က ဒါကို ချီယွင် (ကံတရား) သည် သိုင်းလောကသို့ ပြန်လည်ရောက်ရှိလာခြင်းဟု ဆိုကြသည်။ ထိုအချိန်မှစ၍ သိုင်းလောကတွင် ရာစုနှစ်ပေါင်းများစွာ ကြာမြင့်မည့် ပဋိပက္ခများ စတင်လာခဲ့တော့သည်။
ထိုနှစ်ရာပေါင်းများစွာ အတွင်းတွင် သူရဲကောင်းများစွာ ပေါ်ထွက်လာကြပြီး နယ်မြေများ ခွဲဝေအုပ်ချုပ်ကာ မရပ်မနား တိုက်ခိုက်ခဲ့ကြသည်။
ပေါင်းစည်းလိုက် ကွဲကွာလိုက်နှင့် ဖြစ်နေသော်လည်း တစ်လောကလုံးကို စုစည်းနိုင်သော မင်းဆက်ဟူ၍ နောက်ထပ် ပေါ်မလာတော့ပေ။
ရလဒ်အနေဖြင့် ကမ္ဘာအနှံ့တွင် သိုင်းပညာများ ထွန်းကားလာသော်လည်း စာပေပညာရှင်များမှာမူ စိတ်ပျက်အားငယ်စွာဖြင့် ကျန်ရစ်ခဲ့ကြရသည်။
ထို့ကြောင့်လည်း ဆုမိုက လီရိရှုကို "ပိုးလမ်းမလို ဖြောင့်ဖြူးသာယာပါစေ" ဟု ဆုတောင်းပေးတုန်းက လီရိရှု ခါးသီးစွာ ပြုံးပြီး သက်ပြင်းချခဲ့တာ ဖြစ်သည်။
ထိုအဖြစ်အပျက်များကြားတွင် ဒဏ္ဍာရီပေါင်းများစွာ ပျံ့နှံ့လာခဲ့သည်။
လူတွေ အမျှော်လင့်ဆုံးနှင့် လူကြိုက်အများဆုံး ဒဏ္ဍာရီမှာ "တာ့ရွှမ် လက်နက်တိုက်" အကြောင်းပင် ဖြစ်သည်။
၎င်း၏ ဇာစ်မြစ်နှင့် သမိုင်းကြောင်း ခိုင်မာရုံသာမက၊ "တာ့ရွှမ်ကို ပိုင်ဆိုင်သူသည် လောကကို အုပ်စိုးနိုင်မည်" ဆိုသော ကောလဟာလ တစ်ခုလည်း ပျံ့နှံ့နေသောကြောင့် ဖြစ်သည်။
တစ်ချိန်က ထိုသတင်းကြောင့် လူအများအပြား လှုပ်လှုပ်ရှားရှား ဖြစ်ခဲ့ကြဖူးသည်။
ဝမ်းနည်းစရာမှာ သွေးစွန်းသော တိုက်ပွဲပေါင်းများစွာ ဖြစ်ပွားခဲ့ပြီးနောက် မည်သည့်ရလဒ်မှ ထွက်မလာခဲ့ခြင်းပင်။
တာ့ရွှမ် လက်နက်တိုက်ကို မည်သူမျှ ရှာမတွေ့ခဲ့သလို၊ ထဲထဲက သိုင်းကျမ်းများနှင့် ရတနာများကိုလည်း မည်သူမျှ မပိုင်ဆိုင်နိုင်ခဲ့ကြပေ။ နောက်ဆုံးတွင် တာ့ရွှမ် လက်နက်တိုက် ဆိုသည်မှာ တကယ်ရော ရှိရဲ့လားဟု သံသယဝင်စရာ ဖြစ်လာခဲ့သည်။
အချိန်ကြာလာသည်နှင့်အမျှ လူအများက ဒါကို သိုင်းလောက ဒဏ္ဍာရီတစ်ခုအဖြစ်သာ သတ်မှတ်ထားလိုက်ကြတော့သည်။
..ဒါပေမဲ့ ဒီပိုးသားသေတ္တာလေးက အဲဒီကိစ္စနဲ့ ပတ်သက်နေမယ်လို့ ဘယ်သူ ထင်ထားမှာလဲ။
ဒါကြောင့်လည်း ဟိုတစ်နေ့က ဓားသမား လူငယ်လေးက သူ့ကို သတ်ဖို့ ဒီလောက်ထိ စိတ်အားထက်သန်နေတာကိုး။..
ဒီကိစ္စက ကမ္ဘာမြေကြီးကို တုန်လှုပ်စေနိုင်သော အရာ ဖြစ်၍၊ သတင်းနည်းနည်းလေး ပေါက်ကြားသွားလျှင်တောင် အကုန်လုံး အသတ်ခံရနိုင်သည်။ သဲလွန်စ လုံးဝ မကျန်စေရပေ။
မဟုတ်လျှင် ပြဿနာ အကြီးကြီး တက်တော့မည်။
"ဒဏ္ဍာရီ ဆိုတာ... အခြေအမြစ်မရှိတဲ့ လုပ်ကြံဖန်တီးမှု သက်သက်ပဲ မဟုတ်ဘူးလား... အကြောင်းပြချက် မရှိဘဲ ဘယ်လိုလုပ် ဖြစ်လာမှာလဲ"
မျိုးရိုး 'ရွှီ' ရှိသော လူကြီးက တဟဲဟဲ ရယ်မောလိုက်သည်။
"ကဲ... မင်း သိသင့်သလောက် သိပြီးပြီ... အခု မင်းအလှည့်ပဲ"
"တာ့ရွှမ် လက်နက်တိုက် ဆိုတဲ့ နာမည်လေး တစ်လုံး ပြောပြရုံနဲ့ ကျွန်တော့်ရဲ့ သိုင်းပညာကို လိုချင်တာလား"
ဆုမို၏ နှုတ်ခမ်းထောင့်များ တွန့်သွားသည်။
"နည်းနည်းတော့ လွယ်လွန်းမနေဘူးလား"
"ဟမ်... မင်းကို လူလည်လေးလို့ ထင်ထားတာ... ငါ မင်းကို အထင်ကြီးလွန်းမိသွားပြီ ထင်တယ်... စောစောက ငါပြောတဲ့အထဲမှာ လှည့်စားမှုတွေ ပါနေပေမယ့် တစ်ခုတော့ အမှန်တရား ရှိတယ်... ငါ့မှာ 'တောင်လှန်လက်ဝါး' လို့ ခေါ်တဲ့ သိုင်းကွက်တစ်ခု ရှိတာ အမှန်ပဲ"
"တောင်ကိုတော့ တကယ် လှန်ပစ်လို့ မရပေမယ့်... မင်းရဲ့ အရိုးတွေကို ချိုးပစ်ဖို့ကတော့ လွယ်လွယ်လေးပါ"
စကားဆုံးသည်နှင့် သူသည် ရုတ်တရက် လက်ဝါးတစ်ဖက် ရိုက်ထုတ်လိုက်လေသည်။
“ဝီ”
ပြင်းထန်သော လေအဟုန်သည် ဆုမို၏ ပခုံးဆီသို့ တိုးဝင်လာလေ၏။
ဒီအချိန်ထိ သူက သတ်ချင်စိတ် မရှိသေးပေ။ ဆုမို သေသွားလျှင် သိုင်းပညာကို ဘယ်က သွားယူရတော့မည်လဲ။
သူက ဒဏ္ဍာရီလာ တာ့ရွှမ် လက်နက်တိုက်ကို ရှာဖွေချင်တာ ဖြစ်၏။
လမ်းခရီးမှာ အခက်အခဲတွေ အများကြီး ရှိမှာ သေချာသည်။ အကယ်၍ အစွမ်းထက်သော သိုင်းပညာသာ ပါသွားလျှင် အောင်မြင်ဖို့ ပိုလွယ်ကူမည်ပေါ့။
ဆုမိုကတော့...၊
သားသတ်စင်ပေါ်က ငါးတစ်ကောင်လိုပဲလေ...။
ဘာတတ်နိုင်မည်နည်း ။
သို့သော် မထင်မှတ်ထားသော အရာတစ်ခု ဖြစ်ပျက်သွားတော့သည်။
ကျောက်စားပွဲပေါ်တွင် အားနည်းစွာ မှောက်နေသော ဆုမိုသည် ရုတ်တရက် ပြုံးလိုက်ပြီး ချက်ချင်းပင် မတ်တတ်ထရပ်လိုက်လေသည်။
သူ့ဘက်ကလည်း လက်ဝါးတစ်ဖက် ပြန်လည် ရိုက်ထုတ်လိုက်ရာ တဖက်လူ ပြန်မတုံ့ပြန်နိုင်ခင်မှာပင် လက်ဝါးချင်း ပြင်းထန်စွာ ရိုက်မိသွားကြလေတော့သည်။
"ဝုန်း" ခနဲ မိုးကြိုးပစ်ချလိုက်သကဲ့သို့ အသံကြီး ထွက်ပေါ်လာသည်။
လူကြီးမှာ အငိုက်မိသွားပြီး ကြီးမားလှသော အတွင်းအားများ သူ့သွေးကြောများထဲသို့ အတင်းအဓမ္မ တိုးဝင်လာသည်ကို ခံစားလိုက်ရသည်။ ထိုစွမ်းအားများ ဖြတ်သန်းသွားရာ လမ်းတစ်လျှောက်ရှိ သွေးကြောများသည် တစ်လက်မချင်းစီ ပြတ်တောက်ကုန်ကြသည်။
မျက်တောင်တစ်ခတ်စာ အချိန်အတွင်းမှာပင် သူ့တစ်ကိုယ်လုံးရှိ သွေးကြောများ အားလုံး ပြတ်တောက်သွားတော့သည်။
ထို့နောက် သူသည် စုတ်ပြတ်နေသော အိတ်တစ်လုံးကဲ့သို့ နောက်သို့ လွင့်ထွက်သွားလေသည်။ ပေ (၃၀) ခန့် လွင့်သွားပြီး မြေကြီးပေါ် ကျသွားသော်လည်း အရှိန်မသေသေးဘဲ ဆက်လက် လိမ့်သွားပြန်သည်။ နောက်ထပ် (၁၀) ပေခန့် လိမ့်သွားပြီး မက်မွန်ပင်ကြီးတစ်ပင်နှင့် တိုက်မိမှသာ ရပ်တန့်သွားတော့သည်။
မက်မွန်ပင်ကြီးမှာ ပြင်းထန်သော ရိုက်ခတ်မှုကြောင့် တသိမ့်သိမ့် တုန်ခါနေလေ၏။
ဆုမိုသည် သူ့လက်ဝါးကို ပြန်ကြည့်ပြီး ခေါင်းကို ဖြည်းညှင်းစွာ ခါလိုက်သည်။
"ခင်ဗျားကို အထင်ကြီးလွန်းမိသွားတာပဲ..."
တောအုပ်ထဲတုန်းက သူ လက်နှစ်ချောင်းတည်းနှင့် ဓားကို ချိုးခဲ့တာ၊ ဓားစကို ပြန်ပစ်လိုက်တာတွေ အားလုံးက သူ့အင်အားကို ထိန်းချုပ်ပြီး လုပ်ခဲ့တာ ဖြစ်သည်။
အခုလည်း ရန်သူ့သိုင်းပညာ အတိမ်အနက်ကို မသိသေးလို့ သူ့အင်အား (၃၀) ရာခိုင်နှုန်းလောက်ပဲ သုံးလိုက်မိသည်။
မထင်မှတ်ဘဲ တဖက်လူက လူမမယ်လေးလို လွင့်ထွက်သွားလိမ့်မည်ဟု ဘယ်သူ ထင်မှာလဲ။
ကဏ္ဍများစွာမှာ သူ ရန်သူကို အထင်ကြီးလွန်းမိပြီး ကိုယ့်ကိုယ်ကို အထင်သေးလွန်းမိခဲ့သည်ပဲ။
သူ့ရဲ့ (၁၃) ဆင့်မြောက် ပြီးပြည့်စုံခြင်းအဆင့် "လုံရှန်း ဉာဏ်ဖွင့် နတ်ဘုရား စွမ်းရည်" ရဲ့ အတွင်းအားနဲ့ ခွန်အားဟာ ကောင်းကင်အောက်မှာ ပြိုင်ဘက်ကင်းသည်ဟု မကြွေးကြော်သော်လည်း၊ ယှဉ်နိုင်သည့် လူ ရှားပါးလှတယ် ဆိုတာ သေချာသွားတော့၏။
ရှင်းနေတာကတော့... သူ့ရှေ့က လူကြီးက ထို "ရှားပါးသည့် လူ" စာရင်းထဲ မပါဘူး ဆိုသည့် အဖြစ်ပါပင်။
အတွင်းအား (၃၀) ရာခိုင်နှုန်းလောက် သုံးလိုက်တာနှင့်တင် သေလုမျောပါး ခွေးတစ်ကောင်လို ဖြစ်သွားသည်လေ။