← Chapters

ဖိတ်ကြားချက်

Vol. 1 Ch. 6

ဖိတ်ကြားချက်

Vol. 1 Ch. 6

~"တောင်းပန်ပါတယ် သခင်လေး... သခင်လေးရဲ့ မျိုးရိုးနာမည်က 'ဆု' များလားခင်ဗျာ"

အစေခံသည် ဆုမိုအနားသို့ တိုးကပ်လာပြီး သေချာစွာ အကဲခတ် ကြည့်ရှုပြီးမှ ရိုသေစွာ မေးမြန်းလိုက်ခြင်း ဖြစ်ချေ၏။

ဆုမိုသည် သူ့ကို စဉ်းစားဟန်ဖြင့် တစ်ချက်ကြည့်လိုက်ပြီးနောက် အပြုံးပါးလေးဖြင့် ပြန်ဖြေလိုက်လေသည်။

"ဟုတ်ပါတယ်... ကျုပ်မျိုးရိုးက 'ဆု' ပါ... ဒါပေမဲ့ ခင်ဗျားက ဘယ်လိုလုပ် သိတာလဲ"

"ဟာ... ဝမ်းသာလိုက်တာဗျာ... တကယ်ကို သခင်လေးဆု ဖြစ်နေတာပဲ"

အစေခံက ကပျာကယာပင် ဆက်ပြောလိုက်သည်။

"ဒီလိုပါ... မနေ့ညက လူကြီးတစ်ယောက် ဝမ်ရှန်မြို့က ကျွန်တော်တို့ရဲ့ ဝမ်ရှန်အဆောက်အအုံကို ရောက်လာတယ်... ဟင်းပွဲကောင်းတွေ တစ်စားပွဲစာ မှာတယ်... ပြီးတော့ အကောင်းဆုံး အခန်းကိုလည်း ကြိုငှါးထားတယ်... ပြီးတော့ သူက သေချာ မှာထားတယ်... မနက်ဖြန် မနက်စောစောနဲ့ ညနေကြားမှာ သခင်လေးဆု ဆိုတဲ့လူ ဝမ်ရှန်မြို့ကို ဖြတ်သွားလိမ့်မယ်တဲ့... ဒီစားသောက်ပွဲက သခင်လေးဆုအတွက် တကူးတက စီစဉ်ပေးထားတာပါတဲ့ဗျာ"

"ပြီးတော့ သူက ကျွန်တော်တို့ကို ဒီမှာစောင့်ပြီး လူတစ်ယောက်ကို ရှာခိုင်းထားတယ်... မျက်ခုံးက ဓားသွားလို ထက်မြက်မယ်... ရုပ်ရည်က ချောမောခန့်ညားမယ်... ဝတ်ရုံစိမ်း ဝတ်ထားပြီး လက်အနားကွပ်မှာ 'ဇီယန်' လို့ ထိုးထားမယ် ဆိုရင်... အဲဒါ သခင်လေးဆု ပါပဲတဲ့"

"ပြီးတော့ သူက ထပ်ခါတလဲလဲကို မှာထားသေးတယ်... သခင်လေးဆုကို လုံးဝ လစ်လျူရှုထားလို့ မဖြစ်ဘူးတဲ့... ဒါကြောင့် သခင်လေးဆု ဘယ်လို သဘောရပါသလဲ... ဝမ်ရှန်အဆောက်အအုံကို အခုပဲ ကြွကြမလားခင်ဗျာ... ဝမ်ရှန်မြို့ရဲ့ အလယ်တည့်တည့်မှာ ရှိပါတယ်"

ဆုမိုက ပြုံးရင်း မေးလိုက်လေသည်။

"လူငယ်လေး... မနေ့က မင်းတို့တည်းခိုခန်းမှာ ဒီလိုတွေ မှာသွားတဲ့ လူကြီးက ဘယ်လိုပုံစံ ရှိသလဲဆိုတာ သိခွင့်ရမလား... မင်း မှတ်မိသေးလား"

"အဲဒါက..."

အစေခံသည် ခေတ္တမျှ တုံ့ဆိုင်းသွားပြီး သတိထားနေပုံ ရ၏။

ဆုမိုသည် မနေနိုင်တော့ဘဲ စိတ်မရှည်သလို အပြုံးမျိုးဖြင့် ပြောလိုက်တော့သည်။

"ဘာများ တွန့်ဆုတ်စရာ ရှိလို့လဲကွာ... သူက ဒီလောက် စားသောက်ပွဲကောင်းကြီး မှာပေးခဲ့မှတော့ ကျုပ်နဲ့ ရင်းနှီးတဲ့လူ ဖြစ်မှာပေါ့... ဘယ်မိတ်ဆွေဟောင်းကများ ကျုပ်အပေါ် ဒီလောက် ရက်ရောနေလဲဆိုတာ မသိလို့ပါ... ခင်ဗျား ပြောပြမှ ကျုပ်ကလည်း ဒီကျေးဇူးကို မှတ်ထားလို့ရမှာပေါ့... လောကကြီးမှာ အပြန်အလှန် ကျေးဇူးဆပ်တယ်ဆိုတာ ရှိရတယ် မဟုတ်လား... သူက ဇိမ်ခံဝေါယာဉ် လွှတ်လိုက်မှတော့ ကျုပ်ကလည်း ပြန်ပြီး တုံ့ပြန်ရမှာပေါ့"

"သခင်လေး ပြောတာ မှန်ပါတယ်... ကျွန်တော် အတွေးလွန်သွားမိပါတယ်"

အစေခံက ကပျာကယာပင် ဆက်ပြောလိုက်လေသည်။

"အဲဒီလူကြီးက အသက် (၃၀) (၄၀) ဝန်းကျင်လောက် ရှိမယ်... အမူအရာက တော်တော်လေး ခန့်ညားထည်ဝါပြီး ဝတ်စားဆင်ယင်ပုံကလည်း သေသပ်တယ်... ကြွားပြောတာတော့ မဟုတ်ပါဘူးဗျာ... ဝမ်ရှန်မြို့က ဝမ်ရှန်အဆောက်အအုံမှာ လူကုံထံတွေ၊ သူဌေးတွေ အများကြီး တွေ့ဖူးပါတယ်... ဒါပေမဲ့ အဲဒီလူကြီးလို အရှိန်အဝါမျိုး ရှိတဲ့လူ ရှားတယ်... သူ့စကားပြောပုံက မနှေးလွန်း မမြန်လွန်းပေမယ့် သြဇာအာဏာ ပါတယ်... အထူးသဖြင့် သူ့မျက်လုံးတွေပါပဲ... တစ်ချက်ကြည့်လိုက်တာနဲ့... ဟို..."

သူသည် စကားလုံး ရှာမရသကဲ့သို့ ခဏတာ ဖြစ်သွားပြီးမှ ပြောလိုက်သည်။

"သူ့အမိန့်ကို မနာခံရဲအောင် ဖြစ်သွားစေတာမျိုးဗျာ"

"ဟုတ်လား"

ဆုမို မျက်ခုံးပင့်လိုက်လေသည်။

"တခြားရော ဘာရှိသေးလဲ"

"ဒါ့အပြင်... ဟုတ်ပြီ... သူ့နားရွက်အောက်မှာ မှဲ့တစ်လုံး ပါတယ်... ပြီးတော့ မုတ်ဆိတ်မွေး သုံးခွ ထားထားတယ်... သခင်လေးဆုရေ... ဘယ်မိတ်ဆွေဟောင်းက ဒီလောက် ရက်ရောနေလဲဆိုတာ စဉ်းစားမိပြီလား"

"ဪ... သူ ဖြစ်နေတာကိုး"

ဆုမို သဘောကျစွာ ရယ်မောလိုက်လေသည်။

"ကောင်းပြီလေ... လမ်းပြပါဦး"

အစေခံသည် ခေါင်းညိတ်လိုက်ပြီး နောက်ထပ် မမေးရဲတော့ဘဲ ရှေ့မှနေ၍ လမ်းပြလေတော့သည်။

သို့သော် ဆုမိုသည် အစေခံ ပြောပြသော ပုံပန်းသဏ္ဍာန်ကို စောစောက တောအုပ်ထဲ၌ တွေ့ခဲ့ရသော လူများနှင့် နှိုင်းယှဉ်ကြည့်လိုက်လေသည်။ ထိုလူစုထဲမှ တစ်ယောက်နှင့် ကွက်တိ တူညီနေပေသည်။

သူ၏ မျက်နှာပေါ်တွင် အပြုံးပါးလေး တစ်ခု ပေါ်လာပြီး စိတ်ထဲတွင် အကြံအစည်တစ်ခု ပေါ်ပေါက်လာတော့၏။

လမ်းဘေး လက်ဖက်ရည်ဆိုင်မှ ထူးဆန်းသော သေဆုံးမှုအပြီးတွင်၊ ယခုတစ်ခါ ဝမ်ရှန်မြို့၌ ဤသို့သော အစီအစဉ်များ ကြိုတင် လုပ်ဆောင်ထားပြန်ချေပြီ။

သူတို့၏ ရည်ရွယ်ချက်က နေမင်းကြီးကို လက်ညှိုးထိုးပြသကဲ့သို့ ထင်ရှားလွန်းလှပေသည်။

အကယ်၍ စောစောပိုင်းကသာ ဆိုလျှင် ပြဿနာများ ရှုပ်ထွေးမည်ကို စိုးရိမ်သဖြင့် ဆုမို ရှောင်ကွင်း သွားကောင်း သွားပေလိမ့်မည်။

သို့သော် လက်ဖက်ရည်ဆိုင်တွင် ကြုံတွေ့ခဲ့ရသော အဖြစ်အပျက်ပြီးနောက်တွင်မူ သူ့စိတ်အပြောင်းအလဲ ဖြစ်သွားခဲ့ပြီ ဖြစ်သည်။

အစေခံက ရှေ့မှ လမ်းပြသွားပြီး မကြာမီမှာပင် သူတို့နှစ်ဦးသည် မြို့လယ်ရှိ တည်းခိုခန်း တစ်ခုသို့ ရောက်ရှိလာကြသည်။

အပေါ်တွင် စာလုံးကြီး သုံးလုံး ချိတ်ဆွဲထားလေသည်။ "ဝမ်ရှန် အဆောက်အအုံ" ဟူ၍..။

မနေ့ညက အရာရာကို ဘယ်လို စီစဉ်ထားသလဲ၊ ဘယ်လိုနည်းလမ်းတွေ သုံးထားသလဲ ဆိုတာ မသိရသော်လည်း၊ ဆုမိုသည် အထူးဧည့်သည်တော် ဆက်ဆံမှုကို အမှန်တကယ် ရရှိလိုက်ပေသည်။

ထမင်းစားခန်းမှာ ဒုတိယထပ်ရှိ အကောင်းဆုံး သီးသန့်အခန်း ဖြစ်ပြီး၊ ချောမောလှပသော မိန်းမပျိုလေး နှစ်ဦးက သူ့ကို ပြုစုစောင့်ရှောက်ရန် စောင့်ဆိုင်းနေကြသည်။ စားပွဲပေါ်တွင် အကောင်းဆုံး စားသောက်ပွဲကို ခင်းကျင်းထားပြီး ပါဝင်ပစ္စည်းများက အဖိုးတန်ရုံသာမက ပြင်ဆင်ထားပုံမှာလည်း အလွန် လက်ရာမြောက်လှသည်။

ဆုမိုသည် မျက်နှာပေါ်တွင် အပြုံးတစ်ပွင့်ဖြင့်ပင် ထိုမိန်းမလှလေး နှစ်ဦးကို အခန်းပြင်သို့ ထွက်ခိုင်းလိုက်လေ၏။

သူက ရာဂစိတ် ကင်းစင်ပြီး ဖြူစင်မြင့်မြတ်လှသော သူတော်စင် တစ်ယောက်တော့ မဟုတ်ပေ။ သို့မဟုတ်ပါက သူမတို့ကို အပြင်ထွက်ခိုင်းမည် မဟုတ်။

`'ရာဂဆိုတာ အရိုးခြစ်တဲ့ ဓားလိုပဲ... အထူးသဖြင့် သိုင်းလောကမှာ သူရဲကောင်းတို့ရဲ့ သင်္ချိုင်းက အလှပျိုဖြူတွေရဲ့ ရင်ခွင်ကြားမှာ ဆိုတဲ့ စကားက အလကား ပြောထားတာ မဟုတ်ဘူးလေ'`

အစားအသောက်နှင့် အရက်သေစာများ ရောက်ရှိလာသောအခါ ဆုမိုသည် ဟင်းပွဲတစ်ပွဲချင်းစီကို ဂရုတစိုက် စစ်ဆေးကြည့်ရှုလေသည်။

ဤအရာနှင့် ပတ်သက်၍ သူ၌ အတွေ့အကြုံ များစွာ ရှိထားပြီး ဖြစ်၏။ အဆိပ်ခတ်ထားခြင်း ရှိမရှိ စစ်ဆေးနည်းများကို သိုင်းကျမ်း အများစုတွင် ဖော်ပြထားလေ့ရှိရာ ဆုမိုသည် ထိုပညာရပ်များကို လေးလေးနက်နက် လေ့လာထားခဲ့သဖြင့် ကျွမ်းကျင်အဆင့်ဟု ဆိုနိုင်ပေသည်။

အစားအသောက်များ ဘေးကင်းကြောင်း သေချာပြီးနောက်တွင် ဆုမိုသည် ဝမ်ရှန်မြို့၏ ထိပ်တန်း စားသောက်ဆိုင်ရှိ အကောင်းဆုံး သီးသန့်အခန်း၌ အကောင်းဆုံးသော အစားအစာများကို မြိန်ရေရှက်ရေ သုံးဆောင်လေတော့သည်။

သို့သော် နှစ် (၃၀) သက်တမ်းရှိသည့် "သမီးပျိုနီ" ဟု ခေါ်သော အရက်ကိုမူ တစ်စက်ကလေးမျှ မထိခဲ့ပေ။

ဗိုက်ဝအောင် စားပြီးနောက် ဆုမိုသည် စားသောက်ဆိုင်၏ ဇိမ်အကျဆုံး အခန်း၌ မနက်ခင်း တစ်ခုလုံး အခွင့်ကောင်းယူ၍ အနားယူလိုက်လေသည်။

နေ့လည်ခင်း ရောက်ခါနီးမှသာ သူ အိပ်ရာထလိုက်သည်။

သူ နိုးနိုးချင်းမှာပင် သူ့အခန်းတံခါးဝ၌ စောင့်ဆိုင်းနေသူ တစ်ယောက် ရှိနေလေပြီ။

တံခါးခေါက်သံ သဲ့သဲ့ ထွက်ပေါ်လာပြီးနောက် အသံတစ်သံ အခန်းထဲသို့ ဝင်ရောက်လာသည်။

"သခင်လေးဆု နေထိုင်ကောင်းပါရဲ့လား... ကျွန်တော် ကိစ္စလေးတစ်ခု ရှိလို့ လာတွေ့တာပါ"

"ဝင်ခဲ့လေ"

ဆုမို မျက်ခုံး အနည်းငယ် ပင့်လိုက်မိသည်။ တံခါးပွင့်လာပြီး လူငယ်တစ်ယောက် ဝင်လာလေ၏။

ထိုလူငယ်သည် ခါးကို အနည်းငယ် ကိုင်းထားပြီး နှိမ့်ချကာ သတိထားသော အမူအရာဖြင့် ပြောလေသည်။

"သခင်လေးဆု... ကျွန်တော့်ဆရာက သခင်လေးကို ဖိတ်ခေါ်လိုပါတယ်... သခင်လေးနဲ့ တွေ့ဆုံခွင့်ရဖို့ မျှော်လင့်နေပါတယ်"

"ဟုတ်လား... ခင်ဗျားရဲ့ ဆရာက ဘယ်သူများလဲလို့ မေးလို့ ရမလား"

ဆုမိုက သဘောကျစွာ ရယ်မောရင်း မေးလိုက်သည်။

"ဒီနေ့ သခင်လေးရဲ့ စားသောက်စရိတ်နဲ့ တည်းခိုစရိတ် အားလုံးကို ကျွန်တော့်သခင်က တာဝန်ယူပေးထားတာပါ"

"ဪ... ဒီလိုကိုး... ဒါက ကျေးဇူးပြုပြီးမှ ပြန်တောင်းဆိုတဲ့ သဘောလား"

"မဖြစ်ရပါဘူးခင်ဗျာ... ကျွန်တော် မဝံ့ရဲပါဘူး"

လူငယ်က ကပျာကယာပင် ပြန်ဖြေလိုက်သည်။

"ကျွန်တော့်ဆရာက လူငယ် သိုင်းသမားတွေကို အမြဲတမ်း တန်ဖိုးထား လေးစားပါတယ်... သခင်လေးဆုက ဒီလောက် ငယ်ငယ်ရွယ်ရွယ်နဲ့ ဇီယန် အာမခံဌာနရဲ့ ခေါင်းဆောင် ဖြစ်နေပြီဆိုတော့... ကျွန်တော့်သခင်က အရမ်းကို လေးစားအားကျနေတာပါ... အဲဒီအကြောင်းပြချက်နဲ့ ဒီနေ့ ဖိတ်ခေါ်လိုက်တာပါ... ကျေးဇူးပြုပြီး ကျွန်တော်တို့ရဲ့ ဖိတ်ကြားမှုကို လက်ခံပေးပါခင်ဗျာ"

ဆုမိုသည် ခေတ္တမျှ စဉ်းစားလိုက်ပြီး အခက်တွေ့နေပုံ ပေါက်နေသော်လည်း နောက်ဆုံးတွင် သက်ပြင်းချလိုက်တော့သည်။

"သူများကျွေးတာ စားပြီးမှတော့ စကားနားထောင်ရတော့မှာပေါ့... စားထားတဲ့ အစားကောင်းတွေကလည်း ကြေတောင် ကြေကုန်ပြီ... ပြန်အန်ထုတ်ပေးချင်ရင်တောင် မရတော့ဘူးလေ... ဧည့်ဝတ်ပြုတာကို ခံယူပြီးမှတော့ အိမ်ရှင်ကို မတွေ့ဘဲ နေလိုက်ရင် မသင့်တော်ပါဘူးလေ... ကဲ... ထားလိုက်ပါတော့... အပြင်က စောင့်နေပါ... ငါ ပြင်ဆင်ပြီးရင် လိုက်ခဲ့ပါ့မယ်... ငါကိုယ်တိုင်လည်း မင်းတို့သခင်ကို မေးစရာလေး တစ်ခုနှစ်ခု ရှိနေတာနဲ့ အတော်ပဲ"

"သဘောတူပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် သခင်လေးဆု"

စကားပြောနေရင်း လူငယ်သည် ခါးကို ညွှတ်ကာ အရိုအသေပေးလိုက်ပြီးနောက် ပြန်လှည့်ထွက်သွားလေသည်။ တံခါးကိုလည်း ဂရုတစိုက် ပြန်ပိတ်ပေးသွား၏။

တစ်ယောက်တည်း ကျန်ရစ်ခဲ့သောအခါ ဆုမို၏ မျက်နှာပေါ်တွင် အပြုံးတစ်ခု ပေါ်လာလေသည်။

`'ငါကတော့ အလကား စားရသောက်ရတာမို့လို့ နောက်ထပ် (၂) ခါ (၃) ခါလောက် ထပ်စားရဦးမယ် ထင်နေတာ... ဘာလို့ ဒီလောက် အလောကြီးနေရတာလဲ... မူလကတော့ ပိုးသားသေတ္တာထဲမှာ ဘာပါလဲဆိုတာ သိပ်စိတ်မဝင်စားပါဘူး... အခုတော့ နည်းနည်း စိတ်ဝင်စားလာပြီ'`

`'ဒါပေမဲ့ အသေးအဖွဲလေးတွေ ပေးပြီး ငါ့ကို အချိုသပ်ကာ ထောင်ချောက်ဆင်ချင်နေကြတာလား... ငါ့ကို လျှော့တွက်လွန်းရာ ကျတာပေါ့... ဒီလို ဇာတ်ကွက်မျိုးက သိုင်းဝတ္ထုတွေထဲမှာ ပေါမှပေါပဲ မဟုတ်လား'`

ခေတ္တမျှ စဉ်းစားပြီးနောက် သူသည် သူ့အထုတ်ကို ကောက်လွယ်လိုက်ပြီး အဝတ်အစားများကို သပ်ရပ်အောင် ပြင်ဆင်ကာ တံခါးဝသို့ ထွက်လာခဲ့တော့သည်။

—---

ဆုမို ထွက်လာသည်ကို မြင်သောအခါ လူငယ်သည် နောက်ဆုံးတော့ သက်ပြင်းချနိုင်သွားတော့သည်။

"သခင်လေးဆု... ကျေးဇူးပြုပြီး ကျွန်တော့်နောက်က လိုက်ခဲ့ပါ"

"ဘာလို့ အဲဒီလောက်တောင် စိတ်သက်သာရာ ရသွားတဲ့ပုံ ပေါက်နေတာလဲ... မင်းတို့က အပေါ်ယံသာ ငါ့ကို ဒီမှာ စောင့်ခိုင်းနေတာ... တကယ်တမ်းကျတော့ ငါ ထွက်ပြေးသွားမှာ စိုးလို့ ဒီနေရာတစ်ဝိုက်ကို လူတွေနဲ့ ဝိုင်းထားတာ မဟုတ်လား"

လူငယ်မှာ လန့်ဖျပ်သွားပြီး ဆုမိုကို မော့ကြည့်လိုက်မိသည်။

သို့သော် ဆုမိုက သဘောကျစွာ ရယ်မောလိုက်လေသည်။

"ဟားဟား၊ မင်းကလည်း ရယ်စရာ ကောင်းလိုက်တာ... ငါက နောက်လိုက်တာပါကွာ... ဘာလို့ အတည်ကြီး မှတ်ယူသွားရတာလဲ”

All Chapters