ချက်ချင်း ငြင်းပယ်ခြင်း
Vol. 1 Ch. 5
~သိုင်းလောကသားတို့၏ စရိုက် သဘာဝကား လွတ်လပ်မှုနှင့် ပေါ့ပါးမှုကို မြတ်နိုးကြပေသည်။ ဝတ်ရုံစိမ်းကို ဆင်မြန်းကာ၊ ဓားရှည်ကို လွယ်၍ စိတ်အလိုရှိရာ အရပ်ဆီသို့ လှည့်လည်သွားလာတတ်ကြသည်။
အရက်ကို ပန်းကန်လုံး အကြီးကြီးများဖြင့် သောက်ကြသည်။ အသားကို အတုံးလိုက် ၊ အတစ်လိုက် စားကြသည်။ သူရဲကောင်း ဆန်သော စိတ်ဓာတ်နှင့် ရဲရင့်သော အမူအရာများကို ပြသတတ်ကြ၏။
လမ်းခရီးတွင် မတော်တဆ ဆုံတွေ့ကြလျှင်ပင် စံမတင်သော အရက်အိုး တစ်လုံးကို မျှဝေရင်း၊ ဘဝတစ်ဝက်စာ အတွေ့အကြုံများကို ဖလှယ်ကာ လွတ်လပ်မှုကို ခံစားတတ်ကြသည်။
ယုတ္တိနည်းအရ ကြည့်မည် ဆိုလျှင် ဆုမို ငြင်းပယ်စရာ အကြောင်း မရှိပေ။
သို့သော်... သူ ပြတ်သားစွာပင် ငြင်းပယ်လိုက်လေသည်။
"ကျွန်တော် မသောက်ရဲဘူးဗျ"
`'မသောက်ရဲဘူးလို့ ကိုယ့်ကိုယ်ကို ဘာလို့ ပြန်မေးနေရမှာလဲ'`
`'ဒီလူက ဘယ်သူလဲ.. ဘယ်သူသိမှာလဲ'`
`'သူ .. ဒီကို ဘာလာလုပ်တာလဲ'`
`'ဒီအရက်ထဲမှာ ဘာတွေ ထည့်ထားလဲ ဘယ်သူသိမှာလဲ'`
`'အကြောင်းမရှိ အကြောင်းရှာပြီး ဘာကိစ္စ အရက်လာတိုက်နေရတာလဲ'`
အာမခံ ပို့ဆောင်ရေးလောကတွင် ပညာရှင်များ လိုက်နာရသော၊ အကြွင်းမဲ့ စည်းမျဉ်းတစ်ခု ရှိပေသည်။
ထိုအရာကား... သုံးပုံတစ်ပုံ စည်းမျဉ်းပင်။
"သုံးပုံတစ်ပုံ စည်းမျဉ်း" ဆိုသည်မှာ... အပြုံးကို သုံးပုံတစ်ပုံသာ ပြပါ၊ အကြောင်းပြချက်ကို သုံးပုံတစ်ပုံသာ ပေးပါ၊ အရက်ကို သုံးပုံတစ်ပုံသာ သောက်ပါ ဟူသတည်း။
နောက်ဆုံးအချက်နှင့် ပတ်သက်လျှင်၊ တတ်နိုင်လျှင် အရက်ကို လုံးဝ ရှောင်ကြဉ်သင့်သည်။
အရက်သည် အမှားကို ဖြစ်စေတတ်သည်။ ရာသီဥတု အလွန်အေး၍ ခန္ဓာကိုယ်နွေးထွေးစေရန် သောက်ရလျှင်ပင်၊ မိမိခံနိုင်ရည်၏ သုံးပုံတစ်ပုံသာ သောက်သင့်ပြီး၊ ခွက်ထဲတွင် ဘာပါသလဲဆိုတာကို အမြဲ သတိထားရမည်။
ယခုအချိန်သည် နွေရာသီ ဖြစ်၏။ ထို့အပြင် ဆုမိုသည် ငယ်ရွယ်သန်စွမ်းပြီး "လုံရှန်း ဉာဏ်ဖွင့် နတ်ဘုရား စွမ်းရည်" ၏ အစောင့်အရှောက်ကိုလည်း ရရှိထားသူ ဖြစ်သည်။
သူ့ကိုယ်တိုင်တောင် အရက်ဆောင်မထားဘဲနှင့် ၊ သူစိမ်း တစ်ယောက် ပေးသည့် အရက်ကို ဘာကိစ္စ သောက်ရမည်လဲ။
"ဟေ"
တစ်ဖက်လူ၏ မျက်လုံးများ ကျဉ်းမြောင်းသွားပြီး ပိုမို လေးနက်သော အမူအရာ ပေါ်လာသည်။
"ဒီအရက်ထဲမှာ အဆိပ်ပါနေမှာ.. ကြောက်လို့လား"
"ဟုတ်တယ်"
"..."
ထိုလူ ခေတ္တမျှ တိတ်ဆိတ်သွားသည်။ ဘာဆက်ပြောရမှန်း မသိတော့သည့်အလားပင်။
ဘယ်သူကများ ဒီလောက်ထိ ဗြောင်ကျကျ ပြောရဲမှာလဲ။
သူသည် ရှက်ကိုးရှက်ကန်းဖြင့် လက်ကို ပြန်ရုတ်လိုက်သည်။
"လူငယ်လေး... မင်း ရတနာကို မမှတ်မိပါလား... ငါ့ဘူးသီးခြောက်ထဲက အဖိုးတန် အရက်ကောင်းတွေ မင်းနဲ့တွေ့မှ သွန်ပစ်ရတော့မယ်"
ဆုမို အေးစက်စက် နှာခေါင်းတစ်ချက် ရှုံ့လိုက်ပြီး သူ ယူလာသော ပေါင်မုန့်ကိုသာ ဆက်လက် ကိုက်ဝါးနေလိုက်သည်။
ဇာစ်မြစ်မသိရသော ဧည့်သည်သည် ဆုမို၏ ရှေ့မှာပင် အငမ်းမရ သောက်လိုက်စားလိုက် လုပ်နေတော့သည်။ ကြက်ကင်ကို တစ်ကိုက်ပြီး တစ်ကိုက် အရသာခံကာ စားသောက်နေလေ၏။
ကြမ်းပြင်ပေါ်တွင် ကြက်ရိုးများ ပြန့်ကျဲလာသည်အထိပင်။
အရက်များ အလွန်အကျွံ သောက်ပြီးနောက် သူသည် မူးရူးပြီး ရစ်လာတော့သည်။ မတ်တတ်ထရပ်ကာ မိုးကိုဆဲလိုက်၊ မြေကိုဆဲလိုက် လုပ်နေလေ၏။
ကောင်းကင်ကြီး မတရားသဖြင့်၊ မြေကြီး မညီညာသဖြင့်၊ လောကကြီးတွင် လမ်းခွဲများ များပြားလွန်းသဖြင့် ဒေါသထွက်ကာ ဆဲဆိုနေခြင်း ဖြစ်သည်။ သူ့လျှာဖျားမှ ကြာပန်းများ ပွင့်နေသကဲ့သို့ စကားလုံးများ တရစပ် ထွက်ပေါ်နေသဖြင့် ဆုမိုမှာ မျက်လုံးပြူးကာ ပါးစပ်အဟောင်းသား ဖြစ်နေရသည်။
"ဒီအရူးက ဘယ်က ရောက်လာတာလဲ"
ဒါက ဆုမို ပြောလိုက်သော စကား မဟုတ်ပေ။
ပြောလိုက်သူမှာ ယခုအချိန်တွင် ဆုမိုနှင့် မျက်နှာချင်းဆိုင်၌ ရှိနေသော သူတစ်ယောက် ဖြစ်သည်။
ထိုသူသည် ရင်ဘတ်ပေါ်တွင် လက်ပိုက်ထားပြီး၊ လက်မောင်းကြားတွင် ဓားတစ်ချောင်းကို ညှပ်ထားလေသည်။
ဓားက ရှည်လျားလှပေသည်။
သာမန်ဓားများသည် (၃) ပေခန့်သာ ရှည်သော်လည်း၊ ဤလူ၏ ဓားမှာ (၇) ပေ တိတိ ရှည်လျားလေသည်။
ဓားက ရှည်လျားပြီး ဖြောင့်တန်းနေသည်။
လူကလည်း မတ်မတ် ရပ်နေသည်။
သူ့လက်ထဲမှ ဓားကဲ့သို့ပင်။
ဤလူ ရောက်လာသည်မှာ အလွန် မြန်ဆန်လှသည်။ မိုင်ပေါင်းများစွာ အကွာတွင် ရှိနေစဉ်ကတည်းက ဆုမို သူ့ခြေသံကို ကြားနေခဲ့ရသော်လည်း၊ ရုတ်တရက်ဆိုသလို ရှေ့တည့်တည့်သို့ ရောက်လာခဲ့ခြင်း ဖြစ်သည်။
လက်ပိုက်ထားရင်း သူ့စကားသံများက လှောင်ပြောင်သလို ထွက်ပေါ်လာသည်။
သို့သော် ဆုမို သူ့ကို မငြင်းဆန်နိုင်ပေ။
မူးရူးနေသော လူကြီးသည် တကယ့်ကို အရူးတစ်ယောက်နှင့် တူနေသည် မဟုတ်ပါလော။
တကယ် အရူးဖြစ်နေလျှင်တောင်မှ၊ သူ့မျက်နှာကို လက်ညှိုးထိုးပြီး အရူးဟု ခေါ်တာကိုတော့ ဘယ်ကြိုက်ပါ့မည်လဲ။
ထို့ကြောင့် ထိုလူကြီးသည် ရုတ်တရက် မတ်မတ် ရပ်လိုက်ပြီး ဓားကိုင်ထားသော လူကို စိုက်ကြည့်လိုက်လေသည်။
"မင်း ဘာပြောလိုက်တယ်"
"ခင်ဗျားက အရူးလို့ ပြောလိုက်တာ"
"မင်းပြောတာ မှန်တယ်"
"ခင်ဗျား ကိုယ့်ကိုယ်ကို သိတာ ကောင်းတာပေါ့"
"ဒါကို ဆုချတဲ့အနေနဲ့ သဘောထားလိုက်"
"ဘာဆုလဲ"
"အရက်တစ်ခွက် ဆုချမယ်"
စကားဆုံးသည်နှင့် တပြိုင်နက် အရက်ထည့်ထားသော ဘူးသီးခြောက်အိုးကြီးသည် လေထဲသို့ ပျံတက်သွားပြီး တဝီဝီ မြည်ဟိန်းကာ လေထုကို ခွင်းလျက် ဓားကိုင်ထားသူထံသို့ တည့်တည့်မတ်မတ် ပြေးဝင်သွားလေသည်။
"ဟေ"
ထိုလူ၏ မျက်ခုံးများ အနည်းငယ် ပင့်တက်သွားသည်။ လက်တစ်ဖက်ဖြင့် ဓားကို ပိုက်ထားဆဲ ဖြစ်သော်လည်း ကျန်လက်တစ်ဖက်ဖြင့် လေထဲသို့ ဖိချလိုက်သကဲ့သို့ လုပ်လိုက်လေသည်။
ချက်ချင်းပင် ဘူးသီးခြောက်အိုးကြီးသည် သူ့ရှေ့ (၂) ပေခန့်အကွာ လေဟာနယ်ထဲတွင် ရပ်တန့်သွားပြီး ရှေ့ဆက်မတိုးနိုင်တော့ဘဲ တစ်လိမ့်လိမ့် လည်နေတော့သည်။
ဆုမိုသည် သူ့ပေါင်မုန့်ကို တိတ်တဆိတ် ဆုပ်ကိုင်ရင်း နောက်သို့ အနည်းငယ် ဆုတ်လိုက်သည်။
သိုင်းလောကတွင် လမ်းကြုံတွေ့ပြီး ရန်ဖြစ်ကြသည်မှာ ဖြစ်ရိုးဖြစ်စဉ် ကိစ္စများပင်။
ဘေးက ကြည့်နေတာ ပြဿနာ မရှိပေမယ့်၊ ကိုယ့်ဆီ သွေးလာမစင်ဖို့တော့ လိုသည် မဟုတ်လား။
"ငါ့တစ်သက်မှာ အရက်သောက်ရတာ အမုန်းဆုံးပဲ... ရော့... ပြန်ယူသွား"
ဓားသမားသည် ရုတ်တရက် မြေကြီးကို ခြေထောက်ဖြင့် ဆောင့်နင်းလိုက်သည်။ သူ့အတွင်းအားများ စီးဆင်းသွားသည်နှင့်အမျှ လေမတိုက်ဘဲနှင့် သူ့ဝတ်ရုံလက်များ တဖျပ်ဖျပ် လွင့်ပျံလာသည်။ လေထဲတွင် လည်နေသော ဘူးသီးခြောက်အိုးကြီးသည် ရုတ်တရက် နောက်ပြန် ကန်ထွက်သွားလေသည်။
သို့သော် စောစောက အရူးလို ကခုန်နေသော လူကြီးသည် ယိမ်းထိုးရင်းဖြင့်ပင် အိုးရှေ့သို့ ရောက်လာကာ ဘူးသီးခြောက်အိုးကို လှမ်းဖမ်းလိုက်သည်။ အရှိန်ပြင်းစွာ ပြန်ကန်ထွက်လာသဖြင့် သူတစ်ကိုယ်လုံး လည်ထွက်သွားသော်လည်း အိုးကို မြဲမြံစွာ ဖမ်းထားနိုင်ခဲ့သည်။
သူက ထိတ်လန့်ခြင်း မရှိဘဲ၊ ထိုအရှိန်ကိုပင် အသုံးပြုကာ တစ်ပတ်လှည့်လိုက်ပြီး တုတ်ဖြင့် ရိုက်ချလိုက်တော့သည်။
"သောက်ဖို့ပေးတာကို မလေးစားရင် အပြစ်ပေးရမှာပေါ့"
ဤတုတ်သိုင်းကွက်သည် ထူးဆန်းလှပေသည်။ မျက်တောင်တစ်ခတ်အတွင်း ကောင်းကင်တစ်ခုလုံးတွင် တုတ်ရိပ်များဖြင့် ပြည့်နှက်သွားလေသည်။
"တုတ်သိုင်းကွက် ကောင်းတယ်ဟေ့"
ဓားသမား၏ မျက်လုံးများ အရောင်လက်သွားသည်။ မပေါ့ဆရဲတော့ဘဲ ကပျာကယာ နောက်ဆုတ်လိုက်ရသည်။
သူသည် တိတိကျကျပင် (၃) ပေခန့် နောက်ဆုတ်လိုက်သည်။
ကောင်းကင်အပြည့် လွှမ်းမိုးနေသော တုတ်ရိပ်များသည် သူ့ရှေ့တည့်တည့်တွင် အသံတိတ် ပျောက်ကွယ်သွားကြသည်။ ထိုမျဉ်းသည် ကမ္ဘာ့အဆုံးသတ်သကဲ့သို့ ဝေးကွာနေသယောင် ထင်ရသည်။
ထိုအချိန်တွင် တုတ်သိုင်းကွက်သည် ရုတ်တရက် လမ်းကြောင်းပြောင်းသွားပြီး အမှတ်တစ်နေရာတည်းသို့ စုစည်းကာ နှလုံးသားတည့်တည့်သို့ ထိုးစိုက်လာလေသည်။
"ဓားကို ဆွဲထုတ်လိုက်"
ဓားသမားက တိုးတိုးလေး ရေရွတ်လိုက်သည်။ သူ့အတွင်းအားများ ပေါက်ကွဲထွက်လာသည်နှင့်အမျှ ရင်ခွင်ထဲမှ ဓားရှည်သည် ရုတ်တရက် အိမ်မှ ကျွတ်ထွက်လာတော့သည်။
(၇) ပေရှည်သော ဓားရှည်သည် လေထဲတွင် လှည့်ပတ်သွားပြီး ဓားဖျားနှင့် တုတ်ဖျားတို့ ထိပ်တိုက် တွေ့ဆုံသွားကြသည်။
"တဝီဝီ" မြည်သံတစ်သံ ထွက်ပေါ်လာပြီး ဓားချီနှင့် အတွင်းအားများ ပြိုင်တူ ပေါက်ကွဲထွက်လာကြသည်။
"ဝုန်း" ခနဲ အသံနှင့်အတူ ဆုမို မွှေးထားသော မီးပုံသည် ပေါက်ကွဲမှုကြောင့် မီးတောက်များ ထကြွလာပြီး ပတ်ဝန်းကျင် တစ်ခုလုံး လင်းထိန်သွားတော့သည်။
မော့ကြည့်လိုက်သောအခါ ရှေ့မှ လူနှစ်ယောက်သည် သည်းကြီးမည်းကြီး တိုက်ခိုက်နေကြပြီ ဖြစ်သည်။
ဓားသမားသည် ဓားရှည်ကို ဝှေ့ယမ်းကာ ရှုပ်ထွေးပြီး ရက်စက်သော တိုက်ကွက်များကို အသုံးပြုနေသည်။
အရက်ဖိတ်စင်ထားသော လူကြီးကလည်း တုတ်ကို ရေစီးသကဲ့သို့ သွက်လက်စွာ ကစားနေသည်။ ဘယ်ပြောင်းလိုက် ညာပြောင်းလိုက်ဖြင့် သူ့ခြေကွက်များမှာ လှည့်စားတတ်ပြီး ခန့်မှန်းရခက်သော်လည်း ခုခံမှုအပိုင်းတွင်မူ စေ့စပ်သေချာလှသည်။
ဆုမိုကိုယ်တိုင်လည်း မိသားစုပိုင် ဇီယန်ဂိုဏ်း သိုင်းပညာများကို လေ့ကျင့်ထားသူ ဖြစ်သည်။
သို့သော် မူလခန္ဓာကိုယ်ပိုင်ရှင်က ပေါ့လျော့ခဲ့သူ ဖြစ်သည်။ ဆုမိုက ကြိုးစားသော်လည်း ကျင့်ကြံချိန် မလုံလောက်ခဲ့သည်ကို နောင်တရမိသည်။
ယခု တိုက်ပွဲကို ကြည့်ရင်း အချိန်တိုအတွင်း ပညာများစွာ ရလိုက်သည်ဟု သူ ခံစားလိုက်ရသည်။
သို့သော် ပညာရလိုက်ရုံဖြင့် သူ့ဆုံးဖြတ်ချက်ကို ပြောင်းလဲစေမည် မဟုတ်ပေ။ ဆုမိုသည် ချက်ချင်းပင် သူ့ပစ္စည်းများကို သိမ်းဆည်းပြီး ထွက်ခွာရန် ပြင်လိုက်သည်။
`'ဒီလူနှစ်ယောက်က ဇာစ်မြစ်မသိရဘဲ အကြောင်းမဲ့ ရန်ဖြစ်နေကြတာ... ဒီလို မသေချာမရေရာတဲ့၊ အန္တရာယ်များတဲ့ ပွဲမျိုးကို ကြာကြာ ထိုင်ကြည့်မနေတာ အကောင်းဆုံးပဲ... မတော်တဆ ဓားစာခံ ဖြစ်သွားဦးမယ်'`
သူသည် လျင်မြန်စွာပင် နောက်ဆုတ်လိုက်ပြီး မျက်တောင်တစ်ခတ်အတွင်း ပျောက်ကွယ်သွားတော့သည်။ ပြန်လှည့်ကြည့်လိုက်သောအခါ မီးရောင်နှင့် တိုက်ခိုက်သံများသည် မိုင်ပေါင်းများစွာ အနောက်တွင် ကျန်ရစ်ခဲ့ပြီ ဖြစ်သည်။
သူ ခေါင်းအနည်းငယ် ခါလိုက်မိသည်။
`'ဒီည ကောင်းကောင်း အနားယူပြီး မနက်စောစော ခရီးဆက်မယ် စိတ်ကူးထားတာ... ဒီအရူးနှစ်ယောက်က ပြဿနာ လာရှာတယ်ကွာ... ထားလိုက်ပါတော့... မအိပ်တော့ဘူး... ဒီ ပိုးသားသေတ္တာက ပူလောင်နေတဲ့ အာလူးပူပဲ... ဝမ်ရှန်းလင်ဆီ မြန်မြန် ပို့ပေးလိုက်တာ အကောင်းဆုံးပဲ'`
ဆုံးဖြတ်ပြီးသည်နှင့် သူ အချိန်ဆွဲမနေတော့ဘဲ ခရီးဆက်ခဲ့သည်။
ညသည် ကုန်ဆုံးသွားပြီး နောက်တစ်နေ့ မနက်ခင်းသို့ ဘေးကင်းစွာ ရောက်ရှိလာခဲ့သည်။
ဒါက ဆုမိုအတွက် အံ့သြစရာပင်။
မနေ့ညက လူနှစ်ယောက်ဟာ ပိုးသားသေတ္တာနှင့် ပတ်သက်နေမည်ဟု သူ သံသယ ဝင်ခဲ့သည်။
ညဘက်ကျလျှင် နောက်ထပ် တွေ့ဆုံမှုတွေ ရှိလာနိုင်မည်ဟုလည်း တွေးထားခဲ့သည်။
မထင်မှတ်ဘဲ... ဇာတ်လမ်းက ဒီမှာတင် ပြတ်သွားတာလား။
ခေါင်းမော့ကြည့်လိုက်သောအခါ မြို့တစ်မြို့ကို လှမ်းမြင်လိုက်ရသည်။ မနေ့ညက အကြောင်းကို ဆက်မတွေးတော့ဘဲ စားစရာနှင့် လိုအပ်တာလေးတွေ ဝယ်ဖို့ မြို့ထဲဝင်ရန် ဆုံးဖြတ်လိုက်သည်။
စကားပြောနေရင်သာ ကြာမည်၊ မပြောလျှင် တိုတိုလေး ဖြစ်မည်။... မကြာမီမှာပင် ဆုမို မြို့သို့ ရောက်ရှိလာခဲ့ပါသည်။
ဆိုင်းဘုတ်ပေါ်တွင် "ဝမ်ရှန် မြို့" ဟု ရေးထိုးထားသည်။
မြို့ထဲသို့ ဝင်လိုက်သည်နှင့်... မြို့အဝင်ဝတွင် အစေခံ တစ်ယောက် ဟိုကြည့်ဒီကြည့် လုပ်နေသည်ကို တွေ့လိုက်ရသည်။ ဆုမိုကို မြင်သောအခါ ထိုအစေခံက သူ့ကို သေချာ အကဲခတ်ကြည့်ပြီးနောက် ဝမ်းသာအားရ မျက်နှာထားဖြင့် လျှောက်လာလေသည်။
"တောင်းပန်ပါတယ် သခင်လေး... သခင်လေးရဲ့ မျိုးရိုးနာမည်က 'ဆု' များလားခင်ဗျာ"