← Chapters

ခေါင်းမပါတဲ့ အရောင်းအဝယ်ကို လက်ခံခြင်း

Vol. 1 Ch. 3

ခေါင်းမပါတဲ့ အရောင်းအဝယ်ကို လက်ခံခြင်း

Vol. 1 Ch. 3

~"ဟုတ်ပါရဲ့... ဟုတ်ပါရဲ့... ဒီလို ခေါင်းမပါတဲ့ အရောင်းအဝယ်မျိုးက လုပ်လိုက်ရင် ကိုယ့်ခေါင်းပါ ပြုတ်သွားနိုင်တယ်လေ... ငါသာဆိုရင်လည်း လက်ခံမှာ မဟုတ်ဘူး"

ထိုစကားသံသည် ဆုမို၏ ဘေးနားမှ ထွက်ပေါ်လာလေ၏။

ဆုမို ခေါင်းလှည့်ကြည့်လိုက်သောအခါ ခါးတွင် ဓား တစ်ချောင်း ချိတ်ဆွဲထားသော လူငယ် တစ်ဦးကို တွေ့လိုက်ရသည်။ သူ့မျက်နှာပေါ်တွင် နူးညံ့ သိမ်မွေ့သော အပြုံး တစ်ပွင့် ချိတ်ဆွဲထားလေသည်။

ဆုမို ကြည့်နေသည်ကို မြင်သောအခါ လူငယ်က ထပ်မံ ပြုံးပြလိုက်ပြန်သည်။

"မင်းက ဒီတာဝန်ကို လက်မခံဘူး ဆိုမှတော့... အဲ့ဒီ ဗူးလေးကို ငါ့ပေးလိုက်ပါလား"

"ကောင်းပြီလေ"

ဆုမို တွေဝေမနေတော့ပေ။

ပိုးသားသေတ္တာလေးကို ကောက်ယူပြီး လူငယ်ထံသို့ ပစ်ပေးလိုက်တော့သည်။

လူငယ်သည် ပိုးသားသေတ္တာလေးကို လှမ်းဖမ်းလိုက်ပြီး လက်ထဲ ရောက်သည့်အခါ သေတ္တာလေးမှာ အနည်းငယ် တုန်ခါသွားသလို ဖြစ်သွားသည်။ သူသည် သဘောကျစွာ ရယ်မောလိုက်လေ၏။

"ကောင်းတယ်... တကယ် ပြတ်သားတာပဲ... ဒီလိုဆိုရင် ငါ့ဘက်က နောက်ထပ် ရိုင်းပျတဲ့ တောင်းဆိုမှုလေး တစ်ခုလောက် လုပ်ချင်သေးတယ်"

"ဘာများလဲ"

"မင်းရဲ့ ခေါင်းကို ခဏလောက် ငှါးလို့ ရမလားလို့ပါ"

စကားဆုံးသည်နှင့် တပြိုင်နက် ဓားရောင်တစ်ချက် ဝင်းလက်သွားပြီး ဓားသွားသည် ဆုမို၏ လည်ပင်းရှေ့သို့ ရောက်ရှိနေပြီ ဖြစ်ချေသည်။

ဤလူငယ် ပေါ်လာကတည်းက ဆုမိုကို အရှင်ထားရန် ရည်ရွယ်ချက် လုံးဝ မရှိခဲ့ပေ။

သူတို့၏ လုပ်ကြံမှုနှင့် လုယက်မှုသည် အလွန်လျှို့ဝှက်နက်နဲလှသည်။ ဆုမိုသည် ပိုးသားသေတ္တာကို မြင်တွေ့ခဲ့ပြီး ကိုင်ပင် ကိုင်ခဲ့သည်ကို ထားလိုက်ပါဦး၊ အနက်ရောင်ဝတ် လူ၏ ရုပ်ရည်ကို မြင်တွေ့ခဲ့ခြင်း တစ်ခုတည်းဖြင့်ပင် သူ့ကံကြမ္မာသည် သေလမ်းသို့ ဦးတည်သွားခဲ့ပြီ ဖြစ်သည်။

သို့မဟုတ်ပါက ဆုမိုက အာမခံ ပို့ဆောင်ရေးတာဝန်ကို လက်မခံပါဘူး၊ ဒီပြဿနာထဲ မပါချင်ပါဘူးဟု ပြောပြီးပြီပင်။ ဆုမို ထွက်သွားပြီးမှ ပိုးသားသေတ္တာကို ယူလိုက်လျှင် နှစ်ဦးနှစ်ဖက် ကျေနပ်စရာ မဟုတ်ပါလော။

ထို့ကြောင့် ဤလူငယ်သည် အစကတည်းက သတ်ဖြတ်လိုသော ရည်ရွယ်ချက်ဖြင့် ရောက်လာခြင်း ဖြစ်သည်။

ဆုမိုက သေတ္တာကို ပေးသည်ဖြစ်စေ မပေးသည်ဖြစ်စေ၊ တာဝန်ကို လက်ခံသည်ဖြစ်စေ လက်မခံသည်ဖြစ်စေ၊ ရလဒ်က အတူတူပင် ဖြစ်လိမ့်မည်။

လူငယ်၏ ဓားသည် သိုင်းလောကတွင် နာမည်ရ ဓားကောင်းတစ်လက် ဖြစ်ပြီး၊ သူ့ဓားသိုင်းသည်လည်း လူသတ်ရန်နှင့် ခေါင်းဖြတ်ရန်အတွက် အထူးလေ့ကျင့်ထားသော သိုင်းကွက်များ ဖြစ်သည်။

ထို့အပြင် သူသည် အပြုံးနှင့် နူးညံ့သော လေသံကို အသုံးပြုပြီး ဆုမိုကို ပေါ့လျော့စေခဲ့သည်။

ဤဓားချက်သည် လွဲချော်စရာ အကြောင်း မရှိပေ။

သို့သော်... ဤဓားချက်သည် အမှန်တကယ် လွဲချော်သွားခဲ့လေပြီတကား။

ဓားသွားသည် ဆုမို၏ လည်ပင်းနှင့် တစ်လက်မမျှ အကွာတွင် ရပ်တန့်နေပြီး ရှေ့သို့ တစ်စက်ကလေးမျှ တိုးမလာနိုင်တော့ပေ။

အကြောင်းမူကား လက်ချောင်းနှစ်ချောင်းသည် ဓားသွားကို မြဲမြံစွာ ညှပ်ထားသောကြောင့် ဖြစ်၏။

"ငါ ဒီတာဝန်ကို လက်မခံပါဘူးလို့ ပြောပြီးပြီပဲ... မင်းကို အခွင့်အရေး ပေးခဲ့တယ်... ဘာလို့ ဒီလောက်ထိ အတင်းအကျပ် လုပ်နေရတာလဲ"

ဆုမို သက်ပြင်းချလိုက်မိသည်။

သူ၏ ခန္ဓာကိုယ်သည် "လုံရှန်း ဉာဏ်ဖွင့် နတ်ဘုရား စွမ်းရည်" ဖြင့် ကာကွယ်ထားပြီး အတွင်းအားများမှာ ယုံနိုင်စရာမရှိလောက်အောင် နက်ရှိုင်းလှသည်။ လူငယ် သူ့အနားသို့ မရောက်လာခင်ကတည်းက ခြေသံများကို သူ ကြားနေခဲ့ရပြီး ဖြစ်သည်။

`'ငါ ဒီတာဝန်ကို လက်မခံဘူးလို့ တစ်ယောက်တည်း ပြောနေတာက သူ့ကို ကြားစေချင်လို့ ပြောတာပါကွာ... ငါ ဒီပြဿနာထဲ မပါချင်ဘူးဆိုတာ ရှင်းပြချင်လို့ပါ... သူသာ နောက်ဆုတ်သွားမယ်ဆိုရင် ငါ တကယ်ပဲ သေတ္တာကိုထားခဲ့ပြီး ထွက်သွားမှာပါ... ကံဆိုးချင်တော့ သူက ငါ့စေတနာကို နားမလည်ရှာဘူး'`

သူ့အတွေးမဆုံးခင်မှာပင် "ဒိုင်း" ခနဲ အသံတစ်သံ ကြားလိုက်ရပြီး ထိုဓားကောင်းသည် ဆုမို၏ လက်ချောင်း နှစ်ချောင်းကြားတွင် နှစ်ပိုင်းကျိုးသွားလေတော့သည်။

လူငယ်၏ လက်ဝါးမှာ ဓားကျိုးသွားသော အရှိန်ကြောင့် တုန်ခါသွားပြီး လက်ကြားမှ သွေးများ ဓားရိုးတစ်လျှောက် စီးကျလာသော်လည်း သူ ဂရုမစိုက်နိုင်အားပေ။

သတ်ဖို့ လွယ်မည် ထင်ရသော အညတရ ကောင်လေး တစ်ယောက်က ဒီလောက်ထိ နက်ရှိုင်းသော စွမ်းအားရှိလိမ့်မည်ဟု ဘယ်သူက ထင်ထားမည်လဲ။

သူ လျှပ်စီးလက်သလို လျင်မြန်စွာပင် နောက်ဆုတ်ရန် ကြိုးစားလိုက်သည်။ သို့သော် သူ မည်မျှပင် မြန်ဆန်ပါစေ၊ ဆုမိုက သူ့ထက် ပိုမြန်ဆန်နေပေသည်။

နောက်ဆုတ်ရန် လမ်းမရှိတော့သည့် အဆုံး ဆုမိုသည် မည်သည့်ကရုဏာမှ ထားမနေတော့ပေ။

လက်ချောင်းများ လှုပ်ရှားလိုက်ရုံဖြင့် ကျိုးသွားသော ဓားပိုင်းစသည် မိုးကြိုးပစ်ချလိုက်သကဲ့သို့ လူငယ်၏ လည်ချောင်းဆီသို့ တည့်တည့်မတ်မတ် ပျံသန်းသွားလေ၏။

လူငယ်သည်လည်း သိုင်းပညာ မညံ့ဖျင်းလှပေ။ လက်ထဲမှ ကျန်နေသော ဓားကျိုးကို လည်ပင်းရှေ့တွင် ကာလိုက်သည်။ လာထိမည့် ဓားစကို ကာကွယ်ရုံသာမက တန်ပြန်တိုက်ခိုက်ရန်ပါ ရည်ရွယ်ထားခြင်း ဖြစ်သည်။

သို့သော် ဂရုတစိုက် စီစဉ်ထားမှုများသည် ရက်စက်သော လက်တွေ့ဘဝနှင့် ယှဉ်လိုက်သောအခါ အရာမဝင်တော့ပေ။

ပျံသန်းလာသော ဓားစသည် မျက်တောင်တစ်ခတ်အတွင်း ကာကွယ်ထားမှုကို ထိုးဖောက်ဝင်ရောက်သွားပြီး လူငယ်၏ လည်ချောင်းကို ဖြတ်တောက်သွားရုံသာမက နောက်မှ သစ်ပင်များဆီသို့ပါ ဆက်လက် ပျံသန်းသွားလေတော့သည်။

သစ်ပင်ကြီး (၃) ပင်ကို ဖောက်ထွက်ပြီးမှ စတုတ္ထမြောက် သစ်ပင်၏ ပင်စည်ထဲတွင် တစ်ဝက်ခန့် မြုပ်ဝင်ကာ ရပ်တန့်သွားလေ၏။

လူငယ်သည် ဓားကျိုးကို လည်ပင်းရှေ့တွင် ကာထားသော အနေအထားဖြင့်ပင် ကျောက်ရုပ်ကြီးပမာ ရပ်တန့်နေသည်။ သူ့မျက်လုံးများထဲတွင် ကြောက်ရွံ့မှုများ ပြည့်နှက်နေသော်လည်း အသက်ဝိညာဉ်မှာမူ လွင့်ပါးသွားခဲ့ပြီ ဖြစ်သည်။

ဆုမို မတ်တတ်ထရပ်ကာ လူငယ်အနားသို့ လျှောက်သွားပြီး သက်ပြင်းချလိုက်ပြန်သည်။

"ဘာလို့ ဒီလောက်ထိ ဒုက္ခရှာနေကြတာလဲကွာ"

သူသည် ခရီးဆောင်အိတ်ထဲသို့ အလွယ်တကူ ထည့်နိုင်လောက်သော ပိုးသားသေတ္တာလေးကို ပေါ့ပေါ့ပါးပါးပင် ပြန်ကောက်ယူလိုက်သည်။

သူ့မျက်လုံးထဲတွင် အတွေးတစ်ချက် ဖြတ်ပြေးသွားပြီး တောအုပ်ပတ်ဝန်းကျင်ကို တစ်ချက် ဝေ့ကြည့်လိုက်သည်။ ထို့နောက် နောက်ထပ် သက်ပြင်းတစ်ချက် ချလိုက်ပြန်သည်။

"ထားလိုက်ပါတော့လေ... ဒီလိုဆိုမှတော့ ကျိမင်စခန်းကို ခရီးတစ်ခေါက် ထွက်ရတော့မှာပေါ့"

သိုင်းလောက၏ ရှုပ်ထွေးမှုများက ရှောင်လွှဲ၍ မရနိုင်။ ရှောင်မရလျှင် ရှေ့ဆက်တိုးရုံသာ ရှိတော့သည်။

အိတ်ကို ပြင်ဆင်ပြီး ကျိမင်စခန်းရှိရာ အရပ်ကို မှန်းဆကာ ဆုမို ခြေလှမ်းကျဲကျဲဖြင့် ထွက်ခွာသွားတော့သည်။

ဆုမို ထွက်သွားပြီး လက်ဖက်ရည် တစ်အိုးစာ အချိန်လောက် ကြာသောအခါမှ တောအုပ်ထဲတွင် နောက်ထပ် လူအချို့ ထွက်ပေါ်လာလေသည်။

"သူ..ငါတို့ကို သတိထားမိသွားတယ်လို့ ထင်လား"

"ပြောရခက်တယ်... နောက်ဆုံး သူ ကြည့်သွားတဲ့ အကြည့်က တော်တော် စိတ်ဝင်စားစရာ ကောင်းတယ်"

"လက်နှစ်ချောင်းတည်းနဲ့ ဓားကို ချိုးပစ်တယ်... ပြီးတော့ ဓားစနဲ့ နောက်ထပ် ဓားတစ်ချောင်းရယ်၊ လူတစ်ယောက်ရဲ့ လည်ချောင်းရယ်ကို ဖောက်ထွက်ပြီး သစ်ပင်ကြီး သုံးပင်ကိုပါ ထွင်းဖောက်သွားနိုင်တယ်ဆိုတော့... ဒီလူ့ခွန်အားက မယုံနိုင်စရာပဲ"

"ဟွန်း... သူများအကြောင်း ပြောပြီး ကိုယ့်ကိုယ်ကို အထင်သေးမနေစမ်းပါနဲ့... သူက တဲအိမ်လေးထဲက အခုမှ ထွက်လာတဲ့ ပါးမဝသေးတဲ့ ကောင်လေးပါ... ငါ သူ့ကို ဘယ်လို လွယ်လွယ်လေး ဖမ်းပြမလဲဆိုတာ စောင့်ကြည့်နေလိုက်"

"ဟား... ဟုတ်ပါပြီ... မင်းရဲ့ လှည့်ကွက်ပေါင်းစုံနဲ့ ဆိုရင်တော့ သူ ဘယ်လိုမှ ခံနိုင်မှာ မဟုတ်ပါဘူး"

အခြေအနေကို ခေတ္တမျှ စစ်ဆေးပြီးနောက် ထိုလူစုသည် အချိန်ဆွဲမနေတော့ဘဲ ဆုမို ထွက်ခွာသွားရာ လမ်းကြောင်းအတိုင်း လိုက်ပါသွားကြတော့သည်။

သူတို့သည် မြေပြင်ပေါ်ရှိ လူငယ်နှင့် အနက်ရောင်ဝတ် လူ၏ အလောင်းများကို နောက်ထပ် တစ်ချက်ကလေးမျှပင် လှည့်မကြည့်ကြတော့ပေ။

—--

သူတို့ ထွက်သွားပြီး မကြာမီမှာပင် တောအုပ်ထဲမှ နောက်ထပ် လူတစ်ယောက် ထွက်လာပြန်သည်။

သူသည် ထွက်ခွာသွားသော လူအုပ်စုကို ကြည့်ရင်း ပေါင်မုန့်ခြောက်ကို ကိုက်ဝါးနေလေ၏။

`'ပုရစ်ကောင်ကို ဖမ်းမယ့် ငှက်အဝါရောင်ကို ချောင်းနေတဲ့ ကင်းလိပ်ချောလို့ ပြောရမလား... ငါ့ကိုများ ဒီလို ဉာဏ်ဆင်ချင်နေကြသေးတယ်'`

ရေကြည်တစ်ငုံ သောက်လိုက်ပြီး ဆုမို ပေါင်မုန့်ကို မျိုချလိုက်သည်။

`'တကယ်တော့ ငါက သူတို့ ဘာကြံစည်နေလဲဆိုတာ ခိုးနားထောင်ချင်လို့ ပုန်းနေခဲ့တာပါ... ဒါပေမဲ့ သူတို့က တိုင်ပင်ထားသလို စကားတစ်ခွန်းမှ မပြောကြဘူး... ဒါပေမဲ့လည်း ကောင်းပါတယ်လေ... သူတို့ ခြေရာခံပြလိုက်တော့ ငါ့အတွက် ပိုလွယ်သွားတာပေါ့... ဒီအခြေအနေအရဆိုရင် ဒီအရောင်းအဝယ်က မဖြစ်နိုင်ဘူးရယ်လို့ မရှိပါဘူး'`

စောစောက ဆုမို ထွက်ခွာသွားကတည်းက တောအုပ်ထဲတွင် လူတွေ ပုန်းနေမှန်း သူ သိပြီးသား ဖြစ်သည်။

ဒါက မျှော်လင့်ထားပြီးသား ကိစ္စပင်။

အနက်ရောင်ဝတ် လူ၏ ခန္ဓာကိုယ်ပေါ်တွင် ဓားဒဏ်ရာ၊ လှံဒဏ်ရာနှင့် လက်သီးဒဏ်ရာများ ပါရှိနေသည်။

အနည်းဆုံး လူ (၃) ယောက်လောက် ဝိုင်းလုပ်ကြံထားမှန်း ခန့်မှန်းလို့ ရသည်။

ဓားသမား တစ်ယောက်တည်း ဖြစ်နေပြီး နောက်က လိုက်လာမည့် သူ မရှိဘူးဆိုတာ ဘယ်လိုလုပ် ဖြစ်နိုင်ပါ့မလဲ။

ထို့ကြောင့် ဆုမို ထွက်ခွာသွားခြင်းသည် ဟန်ပြသက်သက်သာ ဖြစ်သည်။

တိတ်တဆိတ် ပြန်လှည့်လာပြီး ပေါ်တင်အနေအထားမှ ပုန်းလျှိုးကွယ်လျှိုး အနေအထားသို့ ပြောင်းလဲကာ ချောင်းမြောင်းနေသူများ၏ သရုပ်မှန်ကို ဖော်ထုတ်ရန် ကြံစည်ခဲ့ခြင်း ဖြစ်သည်။

စဉ်းစားနေရင်းမှာပင် ဆုမို၏ စိတ်ထဲတွင် အတွေးတစ်ချက် ပေါ်လာပြီး တာဝန်ဆိုင်ရာ အချက်အလက်များ သူ့မျက်စိရှေ့တွင် ထပ်မံ ပေါ်လာလေသည်။

[ တာဝန် - ပိုးသားသေတ္တာငယ်အား ကျိမင်စခန်းရှိ ယူချွမ်တည်းခိုခန်းမှ ဝမ်ရှန်းလင်ထံ ပို့ဆောင်ရမည် ]

[ တာဝန်ကို လက်ခံမည်လား ]

`'ဒီနေ့ ဖြစ်ပျက်သမျှက ကံတရားရဲ့ အစီအစဉ်ပဲ... ငါကြိုက်သည်ဖြစ်စေ မကြိုက်သည်ဖြစ်စေ... ဒီလေပွေလှိုင်းထဲ ငါ ပါသွားခဲ့ပြီ'`

`'အခုအချိန်မှာ ငါ သေတ္တာကို ပစ်ထားခဲ့ပြီး ထွက်သွားရင်တောင် 'ဇီယန် အာမခံဌာန' ဆိုတဲ့ နာမည်က သူတို့မျက်စိထဲ ရောက်သွားပြီ... ငါ့ကို ရှာမတွေ့ရင်တောင် သူတို့က ဌာနကို လာရှာကြမှာပဲ'`

`'ဘုန်းကြီးတော့ ပြေးလွတ်နိုင်ပေမယ့် ကျောင်းကတော့ ပြေးမလွတ်ဘူး ဆိုတဲ့ သဘောပေါ့'`

`'ဒီလို အခြေအနေရောက်မှတော့ ကစားပွဲကောင်းကောင်း တစ်ပွဲလောက် ကစားလိုက်ကြတာပေါ့'`

ဆုံးဖြတ်ချက် ခိုင်မာသွားသည်နှင့် ဆုမို လက်ချောင်းလေး လှုပ်ရှားကာ ရွေးချယ်လိုက်တော့သည်။

"လက်ခံသည်"

All Chapters