ညဘက် လမ်းကြုံ
Vol. 1 Ch. 4
~တောတောင်လျှိုမြောင်များနှင့် ပြည့်နှက်နေသော ဒေသတွင် လူငယ်တစ်ဦးသည် မြေပြန့်တွင် လမ်းလျှောက်နေသည့်အလား လွယ်ကူသက်သာစွာပင် ခုန်ပျံကျော်လွှား သွားလာနေလေသည်။
"အတွင်းအား ပြည့်ဝနေတော့ ဘာလုပ်လုပ် လွယ်ကူနေတာပဲ... အရင်တုန်းက ဇီယန်ဂိုဏ်းရဲ့ ကိုယ်ဖော့ပညာ 'ရေပေါ်ဝဲပျံ အရိပ်ခြေ' ကို ကျင့်တော့ သဘောတရားလောက်ပဲ နားလည်ခဲ့တာ... အခု အတွင်းအားနဲ့ ပေါင်းစပ်လိုက်တော့မှပဲ လူသစ်ပြန်ဖြစ်သွားသလို ခံစားနေရတယ်"
ထိုလူငယ်မှာ ဆုမို မှတစ်ပါး အခြားသူ မဟုတ်ပေ။
သူသည် ကျိမင်စခန်းသို့ အရောက်သွားရန် သဘာဝကျစွာပင် ခရီးနှင်ရတော့သည်။
စောစောက သူ ထွက်ခွာသွားဟန်ဆောင်ခဲ့ခြင်းသည် သူ့ကို စောင့်ကြည့်နေသူများကို လှည့်စားရန်သာ ဖြစ်ပြီး၊ တကယ်တမ်းတွင်မူ အမှောင်ထဲ၌ ပုန်းကွယ်နေသူများကို စုံစမ်းရန် တိတ်တဆိတ် ပြန်လှည့်လာခဲ့ခြင်း ဖြစ်သည်။
သို့သော် ထိုသို့ ပြန်လှည့်လာခြင်းက သူ့ကို ထိုလူစု၏ နောက်ကျောဘက်သို့ ရောက်ရှိသွားစေခဲ့သည်။
ရန်သူ့ထံတွင် မည်သည့် အားနည်းချက်မျှ မပြမိစေရန် ဆုမိုသည် ကိုယ်ဖော့ပညာကို အသုံးပြုကာ လမ်းကြောင်းအသစ် ဖောက်၍ ရန်သူများ သတိမထားမိခင် သူတို့ကို ကွေ့ပတ်ကျော်တက်ကာ ရှေ့သို့ ကြိုရောက်အောင် သွားခဲ့ရသည်။
ယခုအခါ ရန်သူနှင့် မိတ်ဆွေ ကွဲပြားသွားပြီ ဖြစ်သော်လည်း သတင်းအချက်အလက် ကွာဟချက် ရှိနေသေးသဖြင့် ရန်သူက မည်သို့ပင် ဉာဏ်ဆင်ပါစေ၊ ဆုမိုက လွယ်ကူစွာပင် တန်ပြန်နိုင်ပြီ ဖြစ်သည်။
သူ့တာဝန်မှာ ကျိမင်စခန်းရှိ 'ဝမ်ရှန်းလင်' ဆိုသူ၏ လက်ထဲသို့ 'ထိုပစ္စည်း' ကို ရောက်အောင် ပို့ပေးလိုက်ရုံသာ။ ထိုသူတို့၏ မျက်စိအောက်မှနေ၍ ပို့ပေးလိုက်မည်။
ထိုသို့ ပို့ပေးပြီးသည်နှင့် ဤကိစ္စသည် ဆုမိုနှင့် မည်သို့မျှ မသက်ဆိုင်တော့ပေ။
နောက်နောင် ဖြစ်လာမယ့် ပြဿနာမှန်သမျှဟာ ဝမ်ရှန်းလင်နှင့် သူ့နောက်လိုက်တွေ ရှင်းရမည့် ကိစ္စသာ ဖြစ်သည်။
သူ့အတွက်ကတော့ အာမခံ ပို့ဆောင်ရေးကြေး ရလျှင် ငွေရမည်၊ မရရင်လည်း စနစ် ရဲ့ ဆုလဒ်ကြောင့် အမြတ်ထွက်ဦးမည်ပဲလေ။ အရှုံး မရှိသော ကုန်သွယ်မှုပင်။
..ဒါမှသာ သိုင်းလောကမှာ ကိုယ့်ကိုယ်ကို ကာကွယ်နိုင်မယ့် နည်းလမ်းမှန်လေ... ဒီလူတွေကို သတ်ပစ်လိုက်ဖို့က လွယ်တယ် ဆိုပေမယ့်... တကယ် သတ်လိုက်ရင်တောင် ဘေးကင်းမယ်လို့ ပြောလို့မရဘူး..
..ပြဿနာတွေက နောက်ကနေ လိုက်လာနိုင်သေးတယ်..
..ဒီပြဿနာတွေကနေ လုံးဝ ကင်းရှင်းသွားအောင် လုပ်တာကမှ အကောင်းဆုံး ရွေးချယ်မှုပဲ..
ဆုမို ခေတ္တမျှ ရပ်တန့်ကာ ပတ်ဝန်းကျင်ကို အကဲခတ်လိုက်ပြီး တွက်ချက်ကြည့်လိုက်သည်။
"ငါ ခရီး ၄၀၊ ၅၀ လီ လောက်တော့ ရောက်လောက်ပြီ... သူတို့ထက်တော့ ငါ အများကြီး ကြိုရောက်နေလောက်ပြီ"
သူ့လမ်းကြောင်းကို ချက်ချင်းပင် ဆုံးဖြတ်လိုက်ပြီး တောတောင်များကြားရှိ ရှေးဟောင်းလမ်းမကြီး တစ်ခုပေါ်သို့ အချိန်တိုအတွင်း ရောက်ရှိသွားလေသည်။
“ဒီလမ်းအတိုင်း ပုံမှန်သွားနေမယ်ဆိုရင် နေ့ရောညပါ ခရီးနှင်ရင်တောင် ကျိမင်စခန်းရောက်ဖို့ နောက်ထပ် ၄ ရက်လောက် ကြာဦးမှာပဲ”
သက်ပြင်းအနည်းငယ် ချလိုက်ပြီးနောက် ဆုမို ဆက်လက် ခရီးနှင်ခဲ့သည်။
အချိန်များ ကုန်ဆုံးသွားပြီး နေမင်းသည် အနောက်ဖက်သို့ ဝင်ရောက်သွားလေပြီ။ သစ်ပင်ရိပ်များသည် ယိမ်းနွဲ့နေပြီး ကောင်းကင်ယံတွင် အနီရောင်၊ ခရမ်းရောင်များ စွန်းထင်းနေကာ ဆောင်းဦးပေါက်၏ အငွေ့အသက်ကို ဆောင်ကြဉ်းနေလေသည်။
ခရီးအတော်ရောက်လာပြီးနောက် တောတောင်လမ်းဘေး တစ်နေရာတွင် ရှေးဆန်သော လက်ဖက်ရည်ဆိုင်လေး တစ်ခု ရုတ်တရက် ပေါ်လာလေ၏။
ဆုမို၏ မျက်ခုံးများ အနည်းငယ် တွန့်သွားသည်။
`'ငါ ရောက်ပြီလား'`
ရှေးဟောင်း လမ်းမကြီးပေါ်က တည်းခိုခန်းဆိုတာ ဘေးကင်းသော နေရာ မဟုတ်ဘူးလေ။
စဉ်းစားကြည့်ပါ... ဘယ်သူကများ လူသူအရောက်အပေါက်နည်းသော ဒီလိုနေရာမျိုးမှာ လက်ဖက်ရည်ဆိုင် လာဖွင့်မှာလဲ။ မသမာသူတွေရဲ့ လုယက်သတ်ဖြတ်တာကို မကြောက်ကြဘူးလား။
ထို့ကြောင့် လူပြတ်သော နေရာများတွင် ရှိတတ်သည့် လက်ဖက်ရည်ဆိုင်များနှင့် တည်းခိုခန်းများသည် အန္တရာယ်များဖြင့် ပြည့်နှက်နေတတ်သည်။
သတိမထားမိဘဲ ဝင်မိလိုက်သည်နှင့် လူသတ်တည်းခိုခန်းထဲ ရောက်သွားပြီး သားသတ်ရုံ ရောက်သွားသည့် သိုးတစ်ကောင်လို ဖြစ်သွားနိုင်သည်။
သို့သော် ဆုမိုသည် ကျားဂူထဲ ဝင်ရမည်ကို သိလျက်နှင့် ရှေ့ဆက်တိုးခဲ့သည်။ သို့သော် လက်ဖက်ရည်ဆိုင်နား ရောက်သောအခါ သူ ထင်ထားသည်နှင့် လွဲနေမှန်း သိလိုက်ရသည်။
အစပိုင်းကို လွဲချော်ခဲ့ခြင်း မဟုတ်ဘဲ၊ ရလဒ်ကို လွဲချော်ခဲ့ခြင်း ဖြစ်သည်။
လက်ဖက်ရည်ဆိုင်သည် သေးငယ်ပြီး စားပွဲအနည်းငယ်သာ ခင်းကျင်းထားသည်။
အရောင်းခုံပေါ်တွင် အလောင်းတစ်ခု မှောက်လျက်သား ရှိနေပြီး လည်ပင်းတွင် ဓားတစ်ချောင်း စိုက်ဝင်နေလေ၏။
ဓားသွားသည် လည်ပင်းကိုသာမက အရောင်းခုံစားပွဲကိုပါ ဖောက်ထွက်သွားပြီး ဓားဖျားမှ သွေးများသည် ကြမ်းပြင်ပေါ်သို့ တစ်စက်စက် ကျနေသည်။
အလောင်း၏ မျက်လုံးများ ပြူးကျယ်နေပြီး သေဆုံးခါနီးအချိန်က ကြောက်ရွံ့မှုများ ကျန်ရစ်နေသေးသည်။
ဒီလူကို ဆုမို သိသည်... စောစောက သူ့ကို တိတ်တဆိတ် ချောင်းမြောင်းနေသူများထဲမှ တစ်ယောက်ပင်။
ဒါကြောင့်လည်း ဆုမိုရဲ့ အစပိုင်း တွက်ချက်မှုက မမှားခဲ့ပေ။
ဒီလူက သူ့ကို ထောင်ချောက်ဆင် ဖမ်းဖို့အတွက် ကြိုရောက်နှင့်နေပြီး ဒီဆိုင်ကို ဖွင့်ထားခဲ့တာ သေချာသည်။
သို့သော် ဆုမို ရလဒ်ကို တွက်ချက်ရာတွင် လွဲချော်သွားခဲ့သည်။
သူက ဘယ်လိုရင်ဆိုင်ဖြေရှင်းရမလဲဆိုတာ နည်းလမ်းပေါင်းစုံ စဉ်းစားထားသော်လည်း၊ ဘာမှလုပ်စရာ မလိုတော့သည့် အခြေအနေ ဖြစ်လာမည်ဟုတော့ ထင်မထားခဲ့မိပေ။
အကြောင်းမူကား... ထိုအရာတွေ မဖြစ်ပျက်ခင်မှာတင် တစ်စုံတစ်ယောက်က သူ့ကို သတ်သွားခဲ့ပြီ ဖြစ်သောကြောင့်တည်း။
ဘယ်သူကများ လက်ဦးမှု ရယူသွားတာပါလိမ့်။
ဆုမို ရပ်တန့်ကာ စဉ်းစားခန်း ဝင်နေမိသည်။
ခဏကြာပြီးနောက် သူသည် အလောင်းကို ကျော်ဖြတ်ကာ လက်ဖက်ရည်ဆိုင်၏ နောက်ဘက်သို့ ဝင်သွားလိုက်သည်။
ထိုနေရာတွင် နောက်ထပ် အလောင်း (၂) လောင်း ရှိနေသေးသည်။
သို့သော် အပြင်က အလောင်းနှင့် ယှဉ်လျှင် ဤ (၂) လောင်းမှာ ပိုပြီး သိက္ခာရှိစွာ သေဆုံးခဲ့ရသည်။
တစ်စုံတစ်ယောက်၏ သတ်ဖြတ်ခြင်းကို ခံခဲ့ရသော်လည်း သေသေသပ်သပ် ယှဉ်လျက်သား လဲလျောင်းနေကြသည်။
အလောင်းများ၏ အခြေအနေကို ကြည့်ခြင်းအားဖြင့် သူတို့သည် အပြင်ကလူထက် စောပြီး သေဆုံးခဲ့ကြပုံ ရသည်။
..လက်ချက်ချင်း မတူဘူး... ဒါဆို သူတို့က ဒီဆိုင်ရဲ့ မူလပိုင်ရှင်တွေလား..
ဆုမို စိတ်ထဲတွင် ကောက်ချက်ချလိုက်ပြီး မသေချာမှု တစ်ခုကို အဖြေရှာနိုင်ခဲ့သည်။
`'ငါက သူတို့ကို ကျော်တက်လာပြီ ထင်နေတာ... လူသတ်သမားက ငါ့ထက်တောင် စောပြီး ကျော်တက်သွားတာပဲ... တောထဲမှာ လက်ဖက်ရည်ဆိုင် ရှိနေတာ တိုက်ဆိုင်လွန်းတယ် ထင်နေတာ... လူသတ်သမားက မူရင်းပိုင်ရှင်တွေကို သတ်၊ ဆိုင်ကို သိမ်းပိုက်ပြီး ငါ.. ဝင်လာမယ့် အချိန်ကို တိတ်တဆိတ် စောင့်နေခဲ့တာကိုး'`
`'ငါက တွေးနေသေးတာ... ဘယ်လောက်ပဲ သိုင်းပညာ ကောင်းတယ်ပြောပြော လက်ဖက်ရည်ဆိုင် တစ်ဆိုင်လုံးကို မျက်လှည့်ပြသလို ဖန်တီးလိုက်နိုင်တယ်ဆိုတာ မဖြစ်နိုင်ဘူးလေ'`
`'ဒါပေမဲ့ တခြား တစ်ယောက်က
ကြားဝင် နှောင့်ယှက်လိုက်ပြီး သူ့ကို အရောင်းခုံမှာတင် အဆုံးစီရင်ပေးလိုက်တာပဲ'`
`'စိတ်ဝင်စားစရာ ကောင်းလာပြီ... ဘယ်သူ့ လက်ချက် ဖြစ်မလဲ... ကောင်းမှုလုပ်ပြီး နာမည်မခံချင်ဘူး ဆိုရင်တောင် စာလေးဘာလေးတော့ ထားခဲ့ပါဦးလားကွာ'`
သူ ခေါင်းအနည်းငယ် ခါလိုက်မိသည်။ လောလောဆယ် နားမလည်နိုင်သေးသော်လည်း ဖြစ်နိုင်ချေရှိသော ခန့်မှန်းချက်အချို့ ခေါင်းထဲ ပေါ်လာသည်။ သို့သော် ယခု ဆွေးနွေးနေလည်း အပိုပင်။
လက်ဖက်ရည်ဆိုင် အတွင်းအပြင် လျှောက်ကြည့်ပြီး မည်သည့် သဲလွန်စမှ ရှာမတွေ့သည့်အဆုံး ဆုမို လက်လျော့လိုက်ပြီး ခရီးဆက်ရန် ဆုံးဖြတ်လိုက်သည်။
သိုင်းလောကတွင် ရှင်းပြ၍ မရနိုင်သော၊ နားမလည်နိုင်သော အရာများစွာ ရှိလေသည်။
"ထူးဆန်းတာကို မအံ့သြနဲ့... အံ့သြနေရင် ထူးဆန်းတာတွေက ဒုက္ခပေးလိမ့်မယ်" ဆိုသော စကားပုံ ရှိသည် မဟုတ်ပါလော။
ဘယ်သူလုပ်လုပ်၊ ဘာကြောင့်လုပ်လုပ်၊ တကယ်လို့ သူ့အတွက် ရည်ရွယ်သည် ဆိုလျှင်တော့ နောက်ဆုံးမှာ ပေါ်လာကြမည်ပါပဲ။
ယခုကတည်းက ကြိုပြီး ပျာယာခတ်နေလျှင် လူမိုက် ဖြစ်သွားမည်လေ။
လက်ဖက်ရည်ဆိုင်မှ ထွက်ခွာပြီး ကျိမင်စခန်းဘက်သို့ ဆက်လက် ထွက်ခွာလာရာ ကောင်းကင်ကြီးလည်း တဖြည်းဖြည်း မှောင်မိုက်လာလေ၏။
ဆုမိုသည် ညဘက်တွင် ခရီးမသွားပေ။ တည်းခိုရန် ဘုန်းကြီးကျောင်းပျက်လည်း မရှိသဖြင့် သင့်တော်သော နေရာလွတ် တစ်ခု ရှာပြီး မီးဖိုလိုက်သည်။
အိတ်ထဲမှ ပေါင်မုန့်ခြောက်များကို မီးကင်ပြီး ရေဖြင့် မျှောချကာ စားလိုက်သည်။
"မနက်ဖြန်.. မြို့ထဲ ရောက်ရင်တော့ ကြက်ကင် တစ်ကောင်လောက် ဝယ်ထားမှ ဖြစ်မယ်... နေ့တိုင်း ပေါင်မုန့်ခြောက်ကြီးပဲ စားနေရတာ အရသာ မရှိလိုက်တာ"
ပြောနေရင်းဖြင့် ဆုမို ရုတ်တရက် နှာခေါင်းရှုံ့လိုက်မိသည်။
ညလေညှင်းနှင့်အတူ အသားကင်နံ့ သင်းသင်းလေး လွင့်ပျံလာသောကြောင့် ဖြစ်သည်။
ဆုမို အံ့အားသင့်သွားသည်။
`'အိပ်ချင်နေတုန်း ခေါင်းအုံးနဲ့တည့် ဆိုသလိုပဲ... ကြက်ကင်အကြောင်း ပြောလိုက်တာနဲ့ အနံ့ရတော့တာပဲလား'`
မကြာမီမှာပင် အမှောင်ရိပ်ထဲမှ လူတစ်ယောက် ယိမ်းထိုးလျက် လျှောက်လာသည်ကို မြင်လိုက်ရသည်။
မီးရောင်ကြောင့် ထိုလူသည် အသက်မငယ်တော့ကြောင်း ထင်ရှားစွာ မြင်နေရသည်။
ဆံပင်များ ဖရိုဖရဲ ဖြစ်နေပြီး အဝတ်အစားများမှာလည်း စုတ်ပြတ်သတ်နေသည်။ ခါးတွင် ဘူးသီးခြောက်အိုး အနီရောင်ကြီးတစ်လုံး ချိတ်ဆွဲထားပြီး လမ်းလျှောက်လိုက်တိုင်း ယိမ်းထိုးနေလေသည်။
ဘယ်ဘက်လက်တွင် တုတ်တစ်ချောင်း ကိုင်ထားပြီး ညာဘက်လက်တွင် ကြက်ကင်တစ်ကောင်ကို ကိုင်ကာ ကိုက်ဝါးရင်း မီးဖိုနားသို့ လျှောက်လာလေသည်။ ဆုမိုကို တစ်ချက်ကလေးမျှပင် လှည့်မကြည့်ဘဲ မီးဖိုဘေးတွင် ဝင်ထိုင်လိုက်သည်။ ကြက်ကင်ကို ဘေးချပြီး ခါးမှ ဘူးသီးခြောက်အိုးကို ဖြုတ်လိုက်ရာ အရက်နံ့များ ထွက်ပေါ်လာတော့သည်။
သူ မော့သောက်လိုက်ပြီးနောက် နှစ်ခြိုက်စွာ သက်ပြင်းချလိုက်သည်။
"ရှယ်ပဲကွာ"
ပြောပြီးနောက်မှ ထိုလူက ဆုမိုကို လှမ်းကြည့်လိုက်သည်။
"မင်း သောက်ရဲလား"