အိမ်တိုင်ရာရောက် လာရောင်းတယ်
Vol. 1 Ch. 2
~"လုံရှန်း ဉာဏ်ဖွင့် နတ်ဘုရား စွမ်းရည်" ဆိုသည်မှာ လျှို့ဝှက်ဂိုဏ်း၏ အထွတ်အထိပ် သိုင်းပညာရပ်တစ်ခု ဖြစ်ချေ၏။
ထိုသိုင်းပညာ၏ အဆင့်တစ်ဆင့် အောင်မြင်တိုင်း "နဂါးတစ်ကောင်၊ ဆင်တစ်ကောင်" အားကို ပိုင်ဆိုင်နိုင်သည်ဟု ဆိုစမှတ်ပြုကြလေသည်။ (၁၀) ဆင့်မြောက်အထိ ရောက်ရှိသွားလျှင်မူကား နဂါး (၁၀) ကောင်၊ ဆင် (၁၀) ကောင်၏ စွမ်းအားကို ပိုင်ဆိုင်နိုင်ပေလိမ့်မည်။
[လုံရှန်း ဆိုသည်မှာ တရုတ်ဘာသာစကားအရ နဂါးနှင့် ဆင်ကို ဆိုလိုပါတယ်။ လုံ (龍) က နဂါး
ရှန်း (象) က ဆင်ပါ။
သိုင်းလောကတင်စားချက်များအရ နဂါး၏ ပြင်းထန်ခြင်းနှင့် ဆင်၏ ကြီးမားသော ခွန်အား နှစ်ရပ် ပေါင်းစည်းထားသည့် အနှိုင်းမဲ့ ခွန်အားသဘောကို ဆောင်ပါတယ်။]
သို့သော် ဆုမို ရရှိလိုက်သည်က (၁၃) ဆင့်မြောက် ပြီးပြည့်စုံခြင်းအဆင့် ဖြစ်နေသည်ပါတကား။
ဤအဆင့်ကား လူသားတို့၏ လုံ့လဝီရိယသက်သက်ဖြင့် မည်သို့မျှ ရောက်ရှိနိုင်သော နယ်ပယ်တစ်ခု မဟုတ်ပေ။
အကြောင်းမူကား... "လုံရှန်း ဉာဏ်ဖွင့် နတ်ဘုရား စွမ်းရည်" ကို ကျင့်ကြံရန် မခက်ခဲလှသော်ငြားလည်း အဓိက လိုအပ်ချက်တစ်ခု ရှိနေသောကြောင့် ဖြစ်၏။ ထိုအရာကတော့... အချိန်ကာလပင်တည်း။
သာမန်လူ တစ်ယောက်အနေဖြင့် ပထမအဆင့်သို့ ရောက်ရန် (၂) နှစ် ကြာမြင့်မည် ဖြစ်ပြီး၊ ဒုတိယအဆင့်အတွက် (၄) နှစ်၊ တတိယအဆင့်အတွက် (၈) နှစ်... စသည်ဖြင့် ဆတိုး ကုန်ဆုံးရပေမည်။ ထိုသို့ဆိုလျှင် မည်သူကများ နှစ်ပေါင်းထောင်ချီ၍ အသက်ရှည်နေနိုင်မည်နည်း။ (၁၃) ဆင့်မြောက် ပြီးပြည့်စုံခြင်းအဆင့် ဆိုသည်မှာ အိပ်မက်တစ်ခုသဖွယ် ဖြစ်နေတော့သည်။
သာမန်လူထက် ကျင့်ကြံနှုန်း ပိုမိုမြန်ဆန်သော ပါရမီရှင်များပင်လျှင် တစ်သက်လုံး ကြိုးစားအားထုတ်မှသာ (၁၀) ဆင့်မြောက်လောက်ထိ ရောက်နိုင်ပေလိမ့်မည်။
သို့သော် ဆုမိုကမူ စနစ် ၏ ဆုလဒ်ကြောင့် လူသားတို့ တစ်ခါမှ မရောက်ဖူးသော အထွတ်အထိပ် နယ်ပယ်တစ်ခုသို့ တစ်ရက်တည်းဖြင့် ခုန်ပျံကျော်လွှား ရောက်ရှိသွားခဲ့လေ၏။
ထိုသို့ ရောက်ရှိသွားသော်လည်း ဆုမိုသည် တစ်ညလုံး အချိန်ကုန်ခံပြီးမှ ထိုကြီးမားလှသော အတွင်းအားများကို သူ၏ ခန္ဓာကိုယ်နှင့် တစ်သားတည်းဖြစ်အောင် ပေါင်းစပ်နိုင်ခဲ့လေသည်။
ယခုအချိန်၌မူ သူ၏ စိတ်အလိုရှိရာ စေခိုင်းနိုင်ပြီ ဖြစ်သလို၊ အလိုရှိသလို ထိန်းချုပ်နိုင်ပြီလည်း ဖြစ်တော့သည်။
ဆုမိုသည် ခန္ဓာကိုယ်အတွင်းရှိ လေပုပ်များကို မှုတ်ထုတ်လိုက်ပြီး မျက်လုံးများကို ရုတ်တရက် ဖွင့်လိုက်၏။ ထိုအခိုက်အတန့်၌ အခန်းတစ်ခုလုံး လင်းထိန်သွားသယောင် ထင်မှတ်ရလေသည်။
ကံကောင်းသည်မှာ ဤအံ့ဖွယ်ဖြစ်ရပ်သည် မျက်တောင်တစ်ခတ်မျှသာ ဖြစ်ပြီး မည်သူမှ သတိမထားမိလိုက်ခြင်းပင်။ သို့မဟုတ်ပါက နောက်တစ်နေ့ မကူးခင်မှာပင် သူ၏ အမည်သည် သိုင်းလောကတစ်ခုလုံး၌ ဟိုးလေးတကျော်ကျော် ဖြစ်သွားပေလိမ့်မည်။
`'ဒါက လုံရှန်း ဉာဏ်ဖွင့် နတ်ဘုရား စွမ်းရည်ရဲ့ စွမ်းအားပါလား'`
ဆုမို မတ်တတ်ထရပ်လိုက်သည်နှင့် သူ၏ ခန္ဓာကိုယ်ထဲတွင် စီးဆင်းနေသော အတွင်းအားများကို ခံစားမိလိုက်ရပြီး ကျေနပ်အားရသွားမိသည်။
`'ငါ့ဘေးနားမှာ ဒီလိုသိုင်းပညာ ရှိနေမှတော့ အာမခံ ပို့ဆောင်ရေးလုပ်ငန်း တိုးတက်လာဖို့က အချိန်တစ်ခုပဲ လိုတော့တာပေါ့... ဒါပေမဲ့ သိုင်းလောကဆိုတာက လှည့်စားမှုတွေ၊ အန္တရာယ်တွေနဲ့ ပြည့်နှက်နေတာ... ငါက ရန်သူနဲ့ ထိပ်တိုက်တွေ့ရင် ကြောက်စရာမလိုပေမယ့် နောက်ကွယ်ကနေ လုပ်ကြံမယ့် အောက်လမ်းနည်းတွေကိုတော့ သတိထားမှ ဖြစ်မယ်'`
လွန်ခဲ့သော ရက်များက သူသည် ဘိုးဘေးများ၏ မှတ်တမ်းများကို ဖတ်ရှုခဲ့သဖြင့် ရှုပ်ထွေးပွေလီလှသော သိုင်းလောကအကြောင်းကို ကောင်းစွာ သဘောပေါက် နားလည်ထားပြီး ဖြစ်၏။
သိုင်းလောကတွင် လူတန်းစားပေါင်းစုံ ရှိကြသည်။
အချို့က ပြိုင်ဘက်ကို ထိပ်တိုက်ရင်ဆိုင်၍ မနိုင်သောအခါ ကောက်ကျစ်စဉ်းစားသောအပြုံးမျိုးဖြင့် လှည့်ဖျားတတ်ကြပြီး ခန့်မှန်းရ ခက်လှသည်။
မှတ်တမ်းများထဲတွင် သိုင်းပညာအရာ၌ ပြိုင်ဘက်ကင်းသလောက် ဖြစ်နေသော ဆရာသခင်ကြီးများပင်လျှင် ယုတ်မာသော ရန်သူတို့၏ လှည့်စားမှုများကို ခံလိုက်ရပြီး ကြေကွဲဖွယ်ရာ ဇာတ်သိမ်းခဲ့ရကြောင်း ဖော်ပြထားလေသည်။
လူ့စိတ်ဆိုသည်မှာ မှန်းဆရ ခက်ပါဘိတကား။
ဆုမို၏ မာန်တက်မှုသည် ခဏတာမျှသာ ဖြစ်ပြီး ချက်ချင်းပင် ကိုယ့်ကိုယ်ကို သတိပြန်ပေးလိုက်သည်။ ဘယ်တော့မှ ပေါ့လျော့၍ မဖြစ်ပေ။
သူသည် ပစ္စည်းများကို အကြမ်းဖျင်း သိမ်းဆည်းလိုက်ပြီး ညကတည်းက အေးစက်နေသော လက်ကျန် ရေနွေးကြမ်းကို တစ်ငုံမျှ သောက်လိုက်၏။ ထို့နောက် အရာရာကို ခပ်ပြုံးပြုံးဖြင့် ရင်ဆိုင်ရန် ပြင်ဆင်ရင်း အောက်ထပ်သို့ ဆင်းကာ အစာစားရန် ထွက်လာခဲ့တော့သည်။
လီရိရှုကို ပို့ဆောင်ပြီးပြီ ဖြစ်သဖြင့် ကျင်းယန်မြို့၌ လုပ်စရာကိစ္စ မရှိတော့ပေ။ လော့ရှားမြို့သို့ တန်းပြန်ရုံသာ ရှိသည်။
သို့သော် စနစ်၏ ဆုလဒ်ကို တွက်ချက်နေခြင်းကြောင့်သာ တစ်ညအိပ်လိုက်ရခြင်း ဖြစ်၏။ ယခုမူ ဆုလဒ်လည်း ရပြီဖြစ်၍ မြို့သို့ ပြန်ရန် အချိန်တန်ပြီ ဖြစ်သည်။
ပုံမှန်ဆိုလျှင်တော့ မြင်းစီးပြန်သင့်သော်လည်း... `'လူဆိုတာ စားမှ အသက်ရှင်သလို မြင်းဆိုတာလည်း မြက်စားမှ ရတာလေ'` ဆိုသည့် စကားအတိုင်းပင်။ လာတုန်းကလည်း ခြေကျင်လျှောက်လာခဲ့သည် မဟုတ်ပါလော။ ပြန်မည့် ခရီးအတွက် မြင်းငှါးစီးဖို့ အစီအစဉ် မရှိပေ။
မြင်းဆိုသည်မှာ ဈေးကြီးလွန်းလှသည် မဟုတ်ပါလော။
`'အစပိုင်းမို့ အရာရာက ခက်ခဲနေသေးတာပါလေ... လောလောဆယ်တော့ ချွေတာနိုင်သလောက် ချွေတာမှ ဖြစ်မယ်'`
ဆုမို မြို့ပြင်သို့ ထွက်လာရင်း တစ်ယောက်တည်း တိုးတိုးလေး ရေရွတ်လိုက်မိ၏။ သူသည် လော့ရှားမြို့ ရှိရာဘက်သို့ ဦးတည်၍ ခြေလှမ်းကျဲကျဲဖြင့် ထွက်ခွာလာခဲ့တော့သည်။
...
...
နေ့ခင်းဘက် နေရောင်ခြည်က သိပ်မပြင်းဘဲ သာယာနေသည်။ သစ်ပင်ရိပ်လေးများ ရှိသော လမ်းဘေးတစ်နေရာတွင် ဆုမို နေရာကောင်းတစ်ခု ရှာတွေ့သဖြင့် သစ်ပင်ကြီး တစ်ပင်ကို မှီကာ ပါလာသော ရိက္ခာခြောက်ကို ထုတ်စားလိုက်လေသည်။
မနက်ခင်း တစ်ခုလုံး လမ်းလျှောက်လာခဲ့သော်လည်း "လုံရှန်း ဉာဏ်ဖွင့် နတ်ဘုရား စွမ်းရည်" ၏ အကျိုးကျေးဇူးကို ဆုမို လက်တွေ့ ခံစားလိုက်ရသည်။
ယခင်ကဆိုလျှင် အတွင်းအား နည်းပါးသဖြင့် ခရီးသွားရသည်မှာ ပင်ပန်းလှသည်။ ကံကောင်းသည်မှာ သူ..လိုက်ပို့ရသည့် လီရိရှုက ကြက်တစ်ကောင်ကိုပင် ဖမ်းရန် အားမရှိသော စာပေပညာရှင် ဖြစ်နေ၍သာ ဆုမို၏ အားနည်းချက် သိပ်မသိသာခဲ့ခြင်း ဖြစ်၏။
ယခုမူကား ထူးခြားနေပြီ ဖြစ်သည်။ မနက်ပိုင်း ခရီးတစ်လျှောက်လုံး ပြေးလွှားလာခဲ့သော်လည်း သူ၏ ခန္ဓာကိုယ်မှာ အားအင်များ ပြည့်ဖြိုးနေဆဲ ဖြစ်ပြီး မောပန်းနွမ်းနယ်ခြင်း အလျဉ်းမရှိပေ။
ဗိုက်သာ မဆာလျှင် လော့ရှားမြို့ရောက်သည်အထိ တရစပ် ပြေးနိုင်မည်ဟု သူ ခံစားနေရသည်။
လက်ထဲမှ ပေါင်မုန့်ခြောက်ကို ကိုက်ဝါးပြီး ရေဖြင့် မျှောချလိုက်သည်။ အရသာ မရှိသော်လည်း ဝမ်းဗိုက်ကို ဖြည့်တင်းရန် လုံလောက်ပေသည်။
သူ အာရုံမစိုက်မိလိုက်ခင်မှာပင် နားရွက်များ လှုပ်ရှားသွားပြီး တောအုပ်ထဲမှ အသံဗလံအချို့ကို ကြားလိုက်ရလေသည်။ သူ နောက်သို့ ချာခနဲ လှည့်ကြည့်လိုက်သည်။
သို့သော် အချိန်အတော်ကြာ စောင့်ဆိုင်းပြီးနောက်၊ သူ၏ ပေါင်မုန့် တစ်ဝက်ကျိုးလောက် ကုန်သွားသည့်အချိန်မှ လူတစ်ယောက် ထွက်ပေါ်လာလေသည်။ ထိုလူသည် အနက်ရောင် ဝတ်စုံကို ဝတ်ဆင်ထား၏။
ထိုသူ၏ မျက်နှာမှာ ပိန်ချုံးနေပြီး အဝတ်အစားများမှာလည်း စုတ်ပြတ်သတ်နေသည်။ သို့သော် မျက်လုံးများကမူ အေးစက်စူးရှနေပြီး ရက်စက်ကြမ်းကြုတ်မည့်ဟန် ရှိသည်။
ထိုလူနှင့် အကြည့်ချင်း ဆုံလိုက်သည့်အခါ ဆုမို၏ မျက်ခုံးများ အနည်းငယ် တွန့်သွားသည်။ ဤနေရာတွင် နောက်ထပ် လူတစ်ယောက်ကို တွေ့ရလိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။
ခဏအကြာတွင် ထိုလူက စိတ်လျော့လိုက်ပုံရပြီး ဆုမိုရှိရာသို့ တန်းတန်းမတ်မတ် လျှောက်လာလေသည်။
ထိုလူ နီးကပ်လာသည်နှင့်အမျှ သွေးညှီနံ့ကိုပါ ရလိုက်သဖြင့် ဆုမို၏ မျက်နှာ ကွက်ခနဲ ပျက်သွား၏။
ဒီလိုလူမျိုးတွေက များသောအားဖြင့် ပြဿနာကို သယ်ဆောင်လာတတ်သည်။
သိုင်းလောကတွင် ပြဿနာများနှင့် ဝေးဝေးနေခြင်းက အကောင်းဆုံး ဖြစ်သည်။
သို့သော် မထင်မှတ်ထားသော အခြေအနေတစ်ခု ဖြစ်ပျက်သွားတော့သည်။ ဆုမို ထထွက်ရန် မပြင်ဆင်ရသေးမီမှာပင် ထိုလူက မြေပြင်ပေါ်သို့ ဝုန်းခနဲ ဒူးထောက်ကျသွားလေ၏။
ဆုမို အံ့အားသင့်သွားပြီး မေးလိုက်သည်။
"ဘာလို့ ဒီလောက် ယဉ်ကျေးနေရတာလဲ"
အနက်ရောင်ဝတ် လူ၏ နှုတ်ခမ်းထောင့်များ လှုပ်ရွသွားသည်။ စကားမပြောနိုင်ခင်မှာပင် သူ့ပါးစပ်မှ သွေးများ ဝေါ့ခနဲ အန်ချလိုက်ပြီး လေသံတိုးတိုးဖြင့် မေးလိုက်သည်။
"မင်းက... ဇီယန် အာမခံဌာနကလား"
ဆုမိုက ထိုလူ၏ လက်မောင်းအင်္ကျီစတွင် ထိုးထားသော 'ဇီယန်' ဟူသည့် စာလုံးကို ကြည့်လိုက်ပြီး သဘောပေါက်သွားတော့သည်။
ဆုမို ပြန်မဖြေနိုင်ခင်မှာပင် ထိုလူက သူ့ရင်ဘတ်ထဲမှ ပိုးသားသေတ္တာငယ်လေး တစ်ခုကို ထုတ်ယူကာ ဆုမိုထံသို့ ပစ်ပေးလိုက်လေသည်။
"ဒီပစ္စည်းလေးကို ကျိမင်စခန်းက 'ယူချွမ်' တည်းခိုခန်းမှာ ရှိတဲ့ 'ဝမ်ရှန်းလင်' ဆိုတဲ့လူဆီ ပို့ပေးပါ... ကိစ္စပြီးရင် ဆုလဒ် ကောင်းကောင်း ပေးပါလိမ့်မယ်"
[ တာဝန် - ပိုးသားသေတ္တာငယ်အား ကျိမင်စခန်းရှိ ယူချွမ်တည်းခိုခန်းမှ ဝမ်ရှန်းလင်ထံ ပို့ဆောင်ရမည် ]
[ တာဝန်ကို လက်ခံမည်လား ]
`'ဒုတိယမြောက် တာဝန်က ဒီလောက် မြန်မြန်ဆန်ဆန် ရောက်လာတာလား'`
ဆုမို စိတ်ထဲတွင် ဗျာများသွားရသည်။
ကျိမင်စခန်း ဆိုသည်မှာ သိပ်မဝေးလှပေ။ လမ်းကြောင်း အနည်းငယ် လွဲသွားမည် ဖြစ်သော်လည်း ရက်အနည်းငယ်လောက်သာ ပိုကြာပေလိမ့်မည်။
ဆုမိုကို တုံ့ဆိုင်းသွားစေသည့် အချက်မှာ ဤတာဝန်သည် အန္တရာယ်များလွန်းသည်ဟု ခံစားနေရခြင်းကြောင့် ဖြစ်သည်။
ဆုလဒ်များပြားမည်ဟု ကတိပေးထားသော်လည်း ဘာမှန်းမသိရသော ပဋိပက္ခတစ်ခုထဲသို့ ဝင်ပါရခြင်းသည် ကိုယ့်သေတွင်း ကိုယ်တူးသလို ဖြစ်မနေပေဘူးလား။
သိုင်းလောကသို့ ရောက်ခါစ ဖြစ်သော်လည်း "သတိထားမှ ဘေးကင်းမည်" ဆိုသည့် စကားကို ဆုမို ကောင်းကောင်း နားလည်ထား၏။ ထို့ကြောင့် သူ တွေဝေနေမိသည်။
သို့သော် သူ မဆုံးဖြတ်ရသေးမီမှာပင် ထိုအနက်ရောင်ဝတ် လူသည် ရုတ်တရက် ခန္ဓာကိုယ် ပျော့ခွေသွားပြီး နေရာတွင်ပင် အသက်ပါသွားလေတော့သည်။
"ဟာ... ဘယ်လိုဖြစ်တာလဲ"
ဆုမို ကြောင်အသွားရ၏။ လူတစ်ယောက်က ဒီလောက်မြန်မြန် သေသွားနိုင်သလား။
ခဏမျှ စဉ်းစားပြီးနောက် သူ မတ်တတ်ထရပ်လိုက်ပြီး စားလက်စ ပေါင်မုန့်ကို အိတ်ထဲ ထည့်လိုက်သည်။ ထို့နောက် အလောင်းနားသို့ လျှောက်သွားလိုက်သည်။ အလောင်းပေါ်တွင် အဆိပ်များ ရှိနေနိုင်သဖြင့် ကြိုတင်ကာကွယ်သည့်အနေဖြင့် သားရေလက်အိတ်ကို စွပ်လိုက်ပြီး အလောင်းကို လှန်ကြည့်လိုက်၏။
သေဆုံးရသည့် ဒဏ်ရာများကို ကြည့်ပြီး ဆုမို ခေါင်းညိတ်လိုက်မိသည်။ မသေဘဲ နေမှသာ ထူးဆန်းပေလိမ့်မည်။
ထိုလူ၏ ခန္ဓာကိုယ်တစ်ခုလုံးတွင် ဓားဒဏ်ရာများ၊ ထိုးသွင်းဒဏ်ရာများဖြင့် ပြည့်နှက်နေပြီး ရင်ဘတ်တွင် သေစေလောက်သည့် ဒဏ်ရာကြီးတစ်ခု ရှိနေသည်။
ဒီလောက် ဒဏ်ရာတွေနှင့် သူ့ဆီ ရောက်အောင် လာနိုင်ခဲ့တာကိုက အံ့ဖွယ်ရာပင် ဖြစ်သည်။
`'ဓားချက်တွေ၊ သိုင်းကွက်တွေ၊ ပြီးတော့ အတွင်းအားနဲ့ ရိုက်ချက်တွေ... ဒီလူ့မှာ ရန်သူတွေ တော်တော်များများ ရှိခဲ့ပုံပဲ... ဒီတာဝန်က တကယ့်ကို ပြဿနာပဲ... စရန်ငွေတောင် မရလိုက်ဘူး... လက်မခံတာက ပိုကောင်းမယ် ထင်တယ်'`
ဆုမို တစ်ယောက်တည်း စကားပြောနေမိစဉ်မှာပင် အနီးနားမှ ခြေသံများ ကြားလိုက်ရတော့သည်။
ထို့နောက် တောအုပ်ထဲမှ နောက်ပြောင်သလို လေသံတစ်မျိုး ထွက်ပေါ်လာလေ၏။
"ဟုတ်ပါရဲ့... ဟုတ်ပါရဲ့... ဒီလို ခေါင်းမပါတဲ့ အရောင်းအဝယ်မျိုးက လုပ်လိုက်ရင် ကိုယ့်ခေါင်းပါ ပြုတ်သွားနိုင်တယ်လေ... ငါသာဆိုရင်လည်း လက်ခံမှာ မဟုတ်ဘူး"