အခန်း (၂၈၆-၂၉၀)
Vol. 29 Ch. 286-290
အခန်း (၂၈၆) လိမ္မာလိုက်တာ
အားလုံး၏ အကြည့်များမှာ မင်ယွဲ့ထံသို့ စုပြုံကျရောက်သွားကြသည်။ သူမသည် ခဏမျှ ကြောင်အသွားသော်လည်း ချက်ချင်းပင် တည်ငြိမ်မှုကို ပြန်လည်ထိန်းသိမ်းကာ သာမန်ကာလျှံကာ လေသံဖြင့် ဆိုလိုက်သည်။
"ကျွန်မ အားလုံးကို ကိုင်တွယ်နိုင်ပါတယ်၊ တကယ်လို့ သင့်တော်တဲ့သူ မရှိဘူးဆိုရင် ကျွန်မ ဝင်ဖြည့်ပေးလို့ ရပါတယ်"
အားလုံးပင် မှင်သက်သွားကြရသည်။
ဤမျှများပြားသော ကဏ္ဍစုံကို တစ်ယောက်တည်း တတ်မြောက်သည်ဟု ဆိုခြင်းမှာ မယုံနိုင်စရာပင်။ သို့သော် ဤနေရာရှိသူများမှာ နယ်ပယ်အသီးသီးမှ ထိပ်တန်းပညာရှင်များ ဖြစ်ကြသဖြင့် မင်ယွဲ့သည် အကြောင်းမဲ့ မဟုတ်မမှန် ပြောဆိုမည့်သူ မဟုတ်ကြောင်း သူတို့ ကောင်းစွာ ခံစားမိကြသည်။
မင်ယွဲ့ကလည်း ခေါင်းညိတ်ပြလိုက်ရင်း ယနေ့ သူမ၏ ထုတ်ဖော်မှုမှာ လူတိုင်းကို အတော်လေး တုန်လှုပ်သွားစေမှန်း ရိပ်မိလိုက်သည်။
"ကောင်းပြီလေ"
ဟု တာဝန်ရှိသူများက မင်ယွဲ့၏ ကဏ္ဍစုံကျွမ်းကျင်မှုကို မယုံနိုင်တုံ ယုံနိုင်တုံဖြင့် လက်ခံလိုက်ကြရသည်။
“ဒါဆိုရင် မင်း အကျွမ်းကျင်ဆုံး အရာက ဘာလဲ"
ယခု တရုတ်အဖွဲ့တွင် နိုင်ငံခြားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူ နှစ်ဦး၊ အဖွဲ့ခေါင်းဆောင် တစ်ဦးနှင့် အဖွဲ့ဝင် ၁၁ ဦး ပါဝင်သည်။
စီမံကိန်း ၆ ခု ရှိရာ တစ်ခုလျှင် နှစ်ဦးနှုန်း ပါဝင်ယှဉ်ပြိုင်ရမည် ဖြစ်သည်။
မင်ယွဲ့သည် ထူးချွန်ထက်မြက်သူ ဖြစ်သဖြင့် ပြိုင်ပွဲအားလုံးတွင် ပါဝင်နိုင်သော်လည်း တရုတ်နိုင်ငံကဲ့သို့ နိုင်ငံကြီးတစ်နိုင်ငံအနေဖြင့် လူစွမ်းကောင်း တစ်ယောက်တည်းကိုသာ အားကိုးနေရသည်ဟူသော အထင်အမြင်မျိုး ကိုရီးယားတို့ကို မပေးလိုပေ။
ထို့ကြောင့် မင်ယွဲ့အား အများဆုံး ၃ ပွဲသာ ယှဉ်ပြိုင်ရန် ဆုံးဖြတ်လိုက်ကြသည်။
မင်ယွဲ့သည် စောစောက လက်မြှောက်ခဲ့ကြသူများကို ပြန်လည်စဉ်းစားကြည့်ပြီးနောက် လူဦးရေ အနည်းဆုံးရှိသည့် ပြိုင်ပွဲသုံးခုကို ရွေးချယ်လိုက်သည်။
"လက်ဖက်ရည် အနုပညာ၊ အချက်အပြုတ်နဲ့ စီးပွားရေးဆိုင်ရာ ပြိုင်ပွဲတွေမှာ ကျွန်မ ပါဝင်ပါ့မယ်"
တရုတ်နိုင်ငံသည် ကျယ်ပြောလှပြီး သယံဇာတ ပေါကြွယ်ဝသလို ဟင်းလျာမျိုးစုံလည်း ရှိသည်။
ချက်ပြုတ်တတ်သူ များပြားသော်လည်း နိုင်ငံတကာအဆင့်တွင် မိမိ၏ လက်ရာကို ယုံကြည်မှုအပြည့်ဖြင့် ပြသနိုင်သူမှာမူ ရှားပါးလှသည်။
စောစောက မိန်းကလေးတစ်ဦး လက်မြှောက်ခဲ့သော်လည်း ဘေးလူများကို ကြည့်၍ တုံ့ဆိုင်းစွာ မြှောက်ခဲ့ခြင်းဖြစ်ရာ သူမကိုယ်သူမ ယုံကြည်မှု အားနည်းနေသည်မှာ သိသာလှသည်။
စီးပွားရေးဆိုင်ရာ ပြိုင်ပွဲမှာမူ ပို၍ပင် ခက်ခဲနက်နဲလှသည်။ ၎င်းမှာ ချမ်းသာကြွယ်ဝသော မိသားစုများမှ ကလေးငယ်များ ငယ်စဉ်ကတည်းက လေ့လာရသော ဘာသာရပ်မျိုး ဖြစ်သည်။
တက္ကသိုလ်တွင် သင်ကြားနိုင်သော်လည်း သာမန်မိသားစုမှ ကလေးတစ်ဦး ဆယ်နှစ်သားအရွယ်တွင် အခြေခံသင်္ချာ လေ့လာနေချိန်၌ မျိုးရိုးမြင့် မိသားစုမှ ကလေးငယ်မှာ ကုမ္ပဏီ အစည်းအဝေးများတွင် ထိုင်နေနိုင်ပြီ ဖြစ်သည်။
ဤသည်မှာ ပညာရေးထက် မိသားစု နောက်ခံနှင့် အထက်တန်းလွှာ လေ့ကျင့်မှုတို့၏ ကွာဟချက်
ပင်။
လက်ဖက်ရည် အနုပညာကဲ့သို့သော ရိုးရာယဉ်ကျေးမှုများမှာလည်း ထိုနည်းတူပင် ဖြစ်သည်။ သာမန်မိသားစုများမှာ နေ့စဉ် စားဝတ်နေရေးအတွက် ရုန်းကန်နေရသဖြင့် ယဉ်ကျေးမှု အမွေအနှစ်ကို ထိန်းသိမ်းရန် အချိန်မပေးနိုင်ကြပေ။ ရုပ်ဝတ္ထုပိုင်းဆိုင်ရာ ပြည့်စုံလာမှသာ စိတ်ပိုင်းဆိုင်ရာ အနုပညာများကို လိုက်စားနိုင်ကြခြင်း ဖြစ်သည်။
【ကျေးဇူးပဲ】
မိုဟန်ကျီ၏ စားပွဲပေါ်တွင် လှဲလျောင်းနေသော ယွမ်ပေါ့သည် အဝေးတစ်နေရာမှ ပေးပို့လိုက်သော ကျေးဇူးတင်လွှာကို ရရှိလိုက်သည်။
【ဘာဖြစ်လို့လဲ ယွဲ့ယွဲ့က ဘာလို့ ရုတ်တရက်ကြီး စိတ်ပြောင်းသွားတာလဲ ယွမ်ပေါ့က သူမအတွက် ကမ္ဘာပေါ်မှာ အကောင်းဆုံးဆိုတာကို အခုမှ သိသွားတာလား】
ယွမ်ပေါ့သည် ရုတ်တရက် ရောက်လာသော ကျေးဇူးတင်စကားကြောင့် အံ့သြသွားသော်လည်း နောက်ပိုင်းတွင် အလွန်ဝမ်းသာသွားသည်။ သို့သော်လည်း စိတ်ထဲသို့ နောက်ထပ် အသံတစ်သံမျှ ထပ်မံရောက်ရှိမလာတော့ပေ။
"ဟွန့်”
ယွမ်ပေါ့သည် နှာခေါင်းမှ လေမှုတ်လိုက်ရာ ရှူးရှူးရှဲရှဲ အသံလေး ထွက်ပေါ်လာသည်။ မိုဟန်ကျီသည် လက်မှတ်ထိုးနေသော ကလောင်ကို ချလိုက်ပြီး ယွမ်ပေါ့ကို ပွေ့ချီကာ ခေါင်းလေးကို အသာအယာ ပွတ်သပ်ပေးလိုက်သည်။
"ဗိုက်ဆာနေပြီလား"
စားစရာအကြောင်း ကြားလိုက်ရသည်နှင့် ယွမ်ပေါ့သည် စောစောက ဖြစ်ပျက်သမျှကို ချက်ချင်းပင် မေ့ပျောက်သွားပြီး မိုဟန်ကျီကို မျှော်လင့်ချက်အပြည့်ဖြင့် ကြည့်လိုက်သည်။
မိုဟန်ကျီသည် ယွမ်ပေါ့၏ လူသားတစ်ဦးကဲ့သို့ ပြုမူတတ်သော အမူအရာလေးများကို ကလေးငယ်တစ်ဦးကဲ့သို့ ချစ်စဖွယ်ကောင်းသည်ဟု ယူဆကာ နားရွက်လေးများကို ပွတ်သပ်
ပေးလိုက်သည်။
သူသည် လက်ထောက် လင်ကို ခေါ်လိုက်သည်။
"အထွေထွေမန်နေဂျာ မို..."
လက်ထောက်လင်သည် စားပွဲရှေ့တွင် အရိုအသေပေးလျက် ရပ်လိုက်သည်။
"ယွမ်ပေါ့ စားဖို့ တစ်ခုခု သွားဝယ်ပေးလိုက်ပါ"
လက်ထောက်လင်အနေဖြင့် ယွမ်ပေါ့အတွက် စားစရာ ဝယ်ပေးရသည်မှာ ပထမဆုံးအကြိမ် မဟုတ်တော့ပေ။
သူသည် အလုပ်ချိန်အတွင်း ဤကဲ့သို့သော ကိစ္စများကို လုပ်ဆောင်ရသည်ကို နှစ်သက်သည်။ ဦးနှောက်သုံးရန် မလိုသလို ယွမ်ပေါ့ကိုလည်း အလကား ကြည့်ရှုခွင့်ရသောကြောင့် ဖြစ်သည်။
"နေဦး... ဝယ်ရင် တစ်ခါတည်း အများကြီးဝယ်ခဲ့၊
ယွမ်ပေါ့ နောက်မှ ထပ်စားလို့ရအောင်"
"ဟုတ်ကဲ့ပါ"
လက်ထောက်လင်သည် ကုမ္ပဏီအနီးအနားရှိ စားသောက်ဆိုင်များသို့ ယွမ်ပေါ့အတွက် စားစရာသွားဝယ်ရန် ချက်ချင်း ထွက်ခွာသွားတော့သည်။
ယွမ်ပေါ့မှာမူ ထိုစကားကို ကြားသောအခါ အလွန်ဝမ်းသာသွားပြီး စားစရာများကို စိတ်ရှည်လက်ရှည် စောင့်ဆိုင်းနေလေသည်။
"ဒီအငမ်းလေး... လိမ္မာလိုက်တာ"
မိုဟန်ကျီသည် ယွမ်ပေါ့ကို စားပွဲပေါ်သို့ ပြန်တင်လိုက်ရင်း ချစ်ခင်ကြင်နာစွာ ဆိုလိုက်ကာ အောက်တွင်လည်း နူးညံ့သော ဖိနပ်အခုအခံလေးတစ်ခု ထည့်ပေးလိုက်သည်။ ယွမ်ပေါ့ ရောက်လာကတည်းက မိုဟန်ကျီ၏ ကျယ်ဝန်းသော ရုံးခန်းစားပွဲ တစ်ဝက်ခန့်မှာ ၎င်း၏ နေရာဖြစ်သွားခဲ့လေပြီ။
အခန်း (၂၈၇) ခြေလှမ်းတိုင်းမှာ ကြာပန်းပွင့်ဝေခြင်း
လာမည့်ပြိုင်ပွဲများတွင် ပါဝင်ယှဉ်ပြိုင်မည့်
သူများကို မင်ယွဲ့ အတည်ပြုပြီးခဲ့ပြီဖြစ်သည်။
"အားလုံးပဲ လက်တွဲပြီး အကောင်းဆုံး ကြိုးစားကြရအောင်၊ ကိုယ့်ကိုယ်ကိုယ် အရမ်းကြီး ဖိအားတွေ မပေးကြပါနဲ့"
အဖွဲ့ခေါင်းဆောင်က လူငယ်များ စိတ်လက်ပေါ့ပါးစွာ ယှဉ်ပြိုင်နိုင်ရန် တိုက်တွန်းစကား ဆိုလိုက်သည်။
"ဟုတ်ကဲ့ပါ"
မင်ယွဲ့သည် တည်ငြိမ်အေးဆေးစွာပင် ရှိနေသည်။ သူမသည် သင်ကြားရေးအခန်းရှိ ဆရာကြီးများ၏ တင်းကြပ်သော လေ့ကျင့်မှုများအောက်တွင် အသားကျနေပြီဖြစ်ရာ လက်တွေ့ကမ္ဘာမှ စိန်ခေါ်မှုများမှာ သူမအတွက် မတုန်လှုပ်
နိုင်သော အရာများသာ ဖြစ်တော့သည်။
သူမ၏ အေးချမ်းသော အမူအရာကို မြင်တွေ့ရသောအခါ စိုးရိမ်နေကြသော အခြားသူများလည်း တဖြည်းဖြည်း စိတ်အေးသွားကြရသည်။
မင်ယွဲ့သည် အဖွဲ့ထဲတွင် အသက်အကြီးဆုံး မဟုတ်သော်လည်း တဖြည်းဖြည်းနှင့် မိန်းကလေးများ၏ အားကိုးရာဖြစ်လာသည်။
သူမ၏ ကျယ်ပြန့်လှသော ဗဟုသုတနှင့် မည်သည့်အကြောင်းအရာကိုမဆို ဝင်ရောက်ဆွေးနွေးနိုင်သည့် စွမ်းရည်ကြောင့် အားလုံးက သူမကို ပိုမိုနှစ်သက်လာကြပြီး ငယ်ရွယ်သော မိန်းကလေးတစ်ဦးမှာမူ မင်ယွဲ့၏ အမာခံပရိသတ်ပင် ဖြစ်သွားတော့သည်။
အစည်းအဝေးပြီးဆုံး၍ အိမ်ပြန်ရောက်သောအခါမှသာ သူမသည် မိုဟန်ကျီနှင့် ယွမ်ပေါ့ ထံသို့ ဆက်သွယ်ရန် အချိန်ရတော့သည်။
"ပြန်ရောက်ပြီလား"
မိုဟန်ကျီသည် ဖုန်းကိုကိုင်ကာ လျှော့တိလျှော့ရဲ အမူအရာဖြင့် အပေါ်ထပ်သို့ တက်လှမ်းသွားသည်။
"ကြည့်စမ်း... သူ့ရဲ့ ယွဲ့ယွဲ့နဲ့ ဖုန်းပြောရမယ်ဆိုရင် ဘယ်သူ့ကိုမှတောင် လှည့်မကြည့်တော့ဘူး"
အဘွားမိုက ပြုံးလျက် ယွမ်ပေါ့၏ ကျောပြင်လေးကို ပွတ်သပ်ပေးနေသည်။
သူမသည် ဤအမွှေးပွပွ သတ္တဝါလေးကို အလွန်ပင် ချစ်ခင်နေမိသည်။ ယွမ်ပေါ့သည် မျက်လုံးကို အသာအယာဖွင့်၍ မိုဟန်ကျီ၏ ကျောပြင်ကို တစ်ချက်ကြည့်ပြီးနောက် သက်သောင့်သက်သာပင် ပြန်လည်မှေးစက်သွားကာ လည်ချောင်းထဲမှ တဂူးဂူး အသံလေး ပြုလုပ်နေလေသည်။
"ယွမ်ပေါ့လေးရယ်... ညည်းက ခွေးလား ကြောင်လားမသိဘူး၊ ကြောင်လေးလိုပဲ အသံလုပ်တာ ချစ်ဖို့ကောင်းလိုက်တာ"
အဘွားမိုမှာ သူမချစ်သောမြေး၏ အချစ်တော်မို့ ပို၍ပင် အချစ်ပိုနေသလော မသိရဘဲ ယွမ်ပေါ့ကို ကြည့်လေလေ ပို၍ မြတ်နိုးလေလေ ဖြစ်ကာ နမ်းရှုပ်ချင်စိတ်ပင် ပေါက်နေတော့သည်။
မိုဟန်ကျီသည် အခန်းတံခါးကို ဖွင့်လိုက်ပြီး ကင်မရာကို အောက်ထပ်သို့ ချိန်ပြကာ -
"ယွမ်ပေါ့က ဟောဟိုအောက်မှာ အဘွားနဲ့ ကစားနေတယ်"
ဖုန်းမျက်နှာပြင်မှတစ်ဆင့် အဘွားမို၏ ရင်ခွင်ထဲတွင် အလိုလိုက်ခံနေရသော ယွမ်ပေါ့ကို မြင်သောအခါ မင်ယွဲ့ မတတ်သာသလို ခေါင်းခါမိသည်။
လူသားများနှင့် အချိန်ကြာမြင့်စွာ နေထိုင်လာပြီးနောက် ယွမ်ပေါ့သည် မိမိကိုယ်ကိုယ် အိမ်မွေးတိရစ္ဆာန်လေးတစ်ခုအဖြစ် အမှန်တကယ်ပင် သတ်မှတ်နေပြီ ဖြစ်သည်။
သို့သော် ဤကဲ့သို့ လူသားဆန်လာမှုကို မင်ယွဲ့ သဘောကျသည်။ သူမသည် စနစ်တစ်ခုကို ခံစားချက်မရှိသော စက်ပစ္စည်းအဖြစ် မမြင်လိုဘဲ မိသားစုဝင်တစ်ဦး၊ အလိုလိုက်ခံရသော ကလေးငယ်တစ်ဦးအဖြစ်သာ သတ်မှတ်ထားသည်။
"သိပြီ... သူ အိပ်ပျော်နေတာဆိုတော့ မနှောင့်ယှက်တော့ဘူး"
မင်ယွဲ့က ဆိုလိုက်သည်။ စနစ်တွင် လိင်ကွဲပြားမှု မရှိသော်လည်း သူမသည် ယွမ်ပေါ့ကို လူတိုင်း၏ အချစ်တော် မင်းသမီးလေးတစ်ပါးကဲ့သို့ပင် ဂရုစိုက်စောင့်ရှောက်လိုသည်။
"အင်း"
မိုဟန်ကျီသည် တံခါးပိတ်လိုက်ပြီး မင်ယွဲ့နှင့် ဗီဒီယိုကောလ်ကို ဆက်လက်ပြောဆိုနေလေသည်။ ယွမ်ပေါ့၏ နားရွက်လေးများမှာ လှုပ်ခတ်သွားသော်လည်း အဘွားမို၏ အထိအတွေ့ကို ဆက်လက်ခံယူရင်း ငြိမ်သက်နေတော့သည်။
ဗီဒီယိုကောလ် ပြောပြီးနောက် မင်ယွဲ့သည် ရေမိုးချိုး သန့်စင်ကာ သင်ကြားရေးခန်းအတွင်းသို့ ဝင်ရောက်လိုက်သည်။ သူမသည် အထက်တန်းလွှာ လူ့အဖွဲ့အစည်းနှင့် လိုက်လျောညီထွေရှိစေရန် လက်ဖက်ရည် အနုပညာကို ကြိုးစားလေ့လာခဲ့ဖူးသည်။
မနက်ဖြန်တွင် ပြိုင်ပွဲရှိသဖြင့် သူမသည် စိတ်ချလက်ချ ရှိစေရန် နောက်တစ်ကြိမ် ပြန်လည်
သုံးသပ်နေခြင်း ဖြစ်သည်။
လက်ဖက်ရည် အနုပညာကို သင်ယူကတည်းက သူမတွင် အဖိုးတန် လက်ဖက်ရည် အသုံးအဆောင်များစွာ ရှိလာခဲ့သည်။
သန်းနှင့်ချီ တန်ဖိုးရှိသော ရှေးဟောင်းပစ္စည်းများကို မယူသွားဘဲ သူမ အမြဲလေ့ကျင့်လေ့ရှိသည့် လက်ကျွမ်းနေသော အစုံကိုသာ ယူဆောင်ရန် ဆုံးဖြတ်လိုက်သည်။
ထို့နောက် မနက်ဖြန်အတွက် ဝတ်စုံကို ရွေးချယ်သည်။ တရုတ်နိုင်ငံကို ကိုယ်စားပြု၍ လက်ဖက်ရည် အနုပညာ ပြသရမည်ဖြစ်ရာ တရုတ်ရိုးရာ အဝတ်အထည်ကို မြှင့်တင်သည့်
အနေဖြင့် ချောင်းဆန်းဝတ်စုံကို ဝတ်ဆင်ရန် စဉ်းစားလိုက်သည်။
သူမ ကိုယ်တိုင် ချုပ်လုပ်ထားသော၊ ရိုးရှင်းသော်လည်း ကျက်သရေရှိလှသည့် အဝတ်အထည်များထဲမှ လက်ဖက်ရည်အရောင်
နှင့် လိုက်ဖက်မည့် လင်းလက်သော ပိုးထည်
ဝတ်စုံကို ရွေးချယ်လိုက်သည်။
နောက်တစ်နေ့ နံနက်တွင် မင်ယွဲ့သည် စောစီးစွာ ထလိုက်ပြီး ထူးထူးခြားခြား မိတ်ကပ် အနည်းငယ် ပြင်ဆင်လိုက်သည်။
ရိုးရှင်းသော်လည်း တင့်တယ်သော မိတ်ကပ်ပြင်ဆင်မှု၊ အေးမြသော အရောင်အသွေးရှိသည့် ချောင်စံဝတ်စုံနှင့် ဆံနွယ်ထက်မှ စိမ်းမြသော ကျောက်စိမ်းဆံထိုးလေးမှာ မြင်သူတိုင်းကို အေးချမ်းစေသည်။
နှုတ်ခမ်းနီ အနည်းငယ် ဆိုးလိုက်သောအခါ သူမ၏ နှုတ်ခမ်းအစုံမှာ ပန်းသွေးရောင် သန်းသွားပြီး ဖြူစင်သော သွားလေးများမှာ ပုလဲသွယ်အလား ပေါ်လွင်နေသည်။ မှန်ထဲ၌ ပေါ်လွင်နေသော မိမိ၏ ပုံရိပ်ကို ကြည့်ရင်း သူမ ကျေနပ်စွာ ပြုံးမိသည်။
သတ်မှတ်ထားသော နေရာသို့ ရောက်ရှိလာသောအခါ မင်ယွဲ့၏ လှပကျော့ရှင်းသော ခြေလှမ်းတိုင်းမှာ ကြာပန်းပွင့်ဝေနေသကဲ့သို့ နူးညံ့လှပလွန်းလှသည်။ ပန်းချီကားတစ်ချပ်ထဲမှ သက်ဝင်လှုပ်ရှားလာသော နတ်သမီးတစ်ပါးနှယ် ထင်မှတ်ရသည်။
"တကယ်ကို လှလွန်းတယ်”
မင်ယွဲ့၏ အမာခံပရိသတ်မလေးက ပထမဆုံးပင် အံ့သြတသ ရေရွတ်လိုက်ရင်း သူမကို ကြိုဆိုရန် အမြန်ပြေးလာသည်။
"ချီးကျူးတဲ့အတွက် ကျေးဇူးပါ"
ဟု မင်ယွဲ့က ပြုံးပြလိုက်သည်။
"ငါ ကူသယ်ပေးရမလား"
မိန်းကလေးသည် မင်ယွဲ့ သယ်လာသော သစ်သားသေတ္တာကို မြင်သောအခါ လှပသော အမျိုးသမီးတစ်ဦးအား အလေးအပင် မသယ်စေလိုသော စိတ်ဖြင့် ကမ်းလှမ်းလိုက်ခြင်း ဖြစ်သည်။
မင်ယွဲ့က အသာအယာ ငြင်းပယ်လိုက်ရင်း -
"မလိုပါဘူး၊ မလေးပါဘူး"
အတွင်း၌ လက်ဖက်ရည်အိုးနှင့် ခွက်များ ပါဝင်သဖြင့် ပေါ့ပါးသော်လည်း ကွဲရှလွယ်သောကြောင့် သူမကိုယ်တိုင် သယ်ဆောင်ခြင်းက ပို၍ စိတ်ချရသည်။
ကိုရီးယားကိုယ်စားလှယ်များမှာလည်း မင်ယွဲ့ကို မြင်သောအခါ မှင်သက်သွားကြရသည်။
လက်ဖက်ရည် အနုပညာပြိုင်ပွဲလေး တစ်ခုအတွက် မင်ယွဲ့က ဤမျှအထိ ပြည့်စုံအောင် ပြင်ဆင်လာလိမ့်မည်ဟု သူတို့ မထင်ထားခဲ့ပေ။
မင်ယွဲ့ကမူ ဤအခွင့်အရေးကို အသုံးပြု၍ လက်ဖက်ရည် ယဉ်ကျေးမှုသည် တရုတ်နိုင်ငံမှ အစပြုခဲ့ခြင်းဖြစ်ပြီး မည်သည့်နိုင်ငံကမျှ လုယူ၍မရကြောင်း ကမ္ဘာကို သက်သေပြရန် အခိုင်အမာ ဆုံးဖြတ်ထားလေတော့သည်။
အခန်း (၂၈၈) ကြီးမြတ်လှသော ဂုဏ်ယူမှု
"ပြိုင်ပွဲလေးတစ်ခုကို ဘာလို့ ဒီလောက်တောင် အလေးအနက်ထားနေရတာလဲ ကြည့်ရတာတော့ ထုံးစံအတိုင်းပဲ..."
ကိုရီးယားတို့သည် မင်ယွဲ့ ဝတ်ဆင်ထားသော ချောင်ဆန်းဝတ်စုံမှာ အလွန်လှပသည်ကို သိမြင်ကြသော်လည်း သူတို့၏ စိတ်ထဲရှိ မနာလိုမှုကိုမူ အလျှော့မပေးဘဲ နှုတ်မှတစ်ဆင့် ပုတ်ခတ်ပြောဆိုကာ ဖုံးကွယ်ရန် ကြိုးစားနေကြသည်။
"ဘာကို ဆိုလိုတာလဲဆိုတာ ကျွန်မ သိပါရစေနားထောင်ဖို့ အဆင်သင့်ပဲ"
သူတို့အနားမှ ဖြတ်လျှောက်သွားသော မင်ယွဲ့သည် ဒေါသတကြီး တုံ့ပြန်ခြင်းမရှိဘဲ အေးချမ်းစွာ ပြုံးလျက် မေးခွန်းထုတ်လိုက်သည်။
ကိုရီးယားတို့မှာမူ သူတို့၏ ကွယ်ရာအတင်းစကားကို မင်ယွဲ့ ကြားသွားရုံမျှမက လူရှေ့သူရှေ့၌ ပြန်လည်ရင်ဆိုင်လာလိမ့်မည်ဟု မထင်မှတ်ထားခဲ့ပေ။
သာမန်လူမှုရေးအရ ကြောက်ရွံ့တတ်သူ သို့မဟုတ် အနိုင်ကျင့်ခံရတတ်သူဆိုလျှင် ယခုကဲ့သို့ လူမြင်ကွင်း၌ သရော်စော်ကားခံရမှုကို အသာတကြည် သည်းခံသွားပေလိမ့်မည်။
သို့သော် မင်ယွဲ့မှာမူ အကြောင်းမဲ့ နောက်ဆုတ်ပေးမည့်သူ မဟုတ်ပေ။ ကိုရီးယားတို့မှာ သင်ခန်းစာ မရသေးသည်ကို မြင်ရသည်မှာ အံ့သြစရာပင်။ သူတစ်ပါးယဉ်ကျေးမှုကို ခိုးယူတတ်သော်လည်း ကိုယ်ပိုင်ယဉ်ကျေးမှု နောက်ခံမရှိသော လူမျိုးတို့၏ ရိုင်းစိုင်းမှုမှာ အတိုင်းထက်အလွန်ပင်။
"မင်းက တကယ်ကို အဆင့်အတန်းမရှိတာပဲ။ အမှန်တရားကို ပြောတာလေ၊ လက်ဖက်ရည် အနုပညာ ပြသဖို့အတွက် ဒီလောက်အထိ အဝတ်အစားတွေ အပိုတွေ ပြင်ဆင်နေဖို့ မလိုပါဘူး"
ယနေ့ပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်မည့် ကိုရီးယားအမျိုးသမီးက မင်ယွဲ့ကို အသာစီးရလိုသော စိတ်ဖြင့် မောက်မာစွာ ဆိုလိုက်သည်။
မင်ယွဲ့သည် ဒေါသထွက်မည့်အစား သိမ်မွေ့စွာ ရယ်မောလိုက်သည်။ သူမ၏ ကြည်လင်သော ရယ်မောသံမှာ ခန်းမအတွင်း ပျံ့လွင့်သွားပြီး တစ်ဖက်လူကို ပို၍ ဒေါသထွက်စေတော့သည်။
"ကျွန်မရဲ့ မိတ်ကပ်က ရှင်တို့ထက်တောင် ပါးပါသေးတယ်၊ ပြီးတော့ ဒါက တရုတ်ရိုးရာ ချောင်စံဝတ်စုံပဲလေ ရှင်က ဘယ်အရာကို အပိုတွေလို့ မြင်နေတာလဲတော့ မသိဘူး၊ ဒါပေမဲ့ တရုတ်ပြည်မှာတော့ အရေးကြီးတဲ့ ဧည့်သည်တွေကို ကြိုဆိုတဲ့အခါ ဆီလျော်အောင် ဝတ်စားဆင်ယင်တာဟာ လေးစားမှုပြသခြင်း တစ်မျိုးပဲ"
ကိုရီးယားအမျိုးသမီးမှာ မျက်နှာတစ်ခုလုံး နီမြန်းသွားတော့သည်။ သူမအနေဖြင့် လေးစားမှု မလိုအပ်ပါဟု ပြောရန်မှာလည်း ခက်ခဲလှပေသည်။
တစ်ဖက်တွင်လည်း မင်ယွဲ့၏ တုနှိုင်းမဲ့ အလှတရားအပေါ် မနာလိုစိတ်များမှာ တဖွားဖွား ပေါ်ပေါက်နေတော့သည်။
မကြာမီ ပြိုင်ပွဲ စတင်လေသည်။ တရုတ်ဘက်မှ အမျိုးသမီးနှစ်ဦးနှင့် ကိုရီးယားဘက်မှ အမျိုးသားတစ်ဦး၊ အမျိုးသမီးတစ်ဦးတို့ နေရာယူလိုက်ကြသည်။ မင်ယွဲ့သည် သူမ၏ သစ်သားသေတ္တာကို ဖွင့်ကာ အသုံးအဆောင်များကို ထုတ်လိုက်သည်။
"ကျွန်မ ကိုယ်ပိုင် လက်ဖက်ရည်အိုးနဲ့ ခွက်တွေကိုပဲ အသုံးပြုပါ့မယ်"
ကိုရီးယားအဖွဲ့ကလည်း သူတို့၏ အသုံးအဆောင်များကို ကြိုတင်ယူဆောင်လာကြသဖြင့် မင်ယွဲ့၏ လုပ်ရပ်မှာ ထူးဆန်းနေခြင်း မရှိပေ။
တရုတ်နှင့် ကိုရီးယား နှစ်နိုင်ငံလုံး၏ လက်ဖက်ရည် ယဉ်ကျေးမှုမှာ လူယွီ ၏ "လက်ဖက်ရည်ကျမ်း" မှ အခြေတည်ခဲ့ခြင်း ဖြစ်သည်။ အရင်းအမြစ် တူညီသော်လည်း ခေတ်အဆက်ဆက် ဖွံ့ဖြိုးတိုးတက်လာပုံမှာမူ ကွဲပြားကြသည်။ တရုတ်နိုင်ငံမှာ သဘာဝတရားနှင့် တစ်သားတည်းကျမှုကို ပို၍ အလေးထားသည်။
မင်ယွဲ့သည် လက်ဖက်ရည် အသုံးအဆောင်များကို ခင်းကျင်းလိုက်သည်။ သူမ၏ ကျော့ရှင်းသော အမူအရာမှာ ခန်းမတစ်ခုလုံးကို လွှမ်းမိုးသွားတော့သည်။ စားပွဲတစ်လုံး၊ လှပသော အမျိုးသမီးတစ်ဦး၊ လက်ဖက်ရည်ခွက်ငယ်နှင့် လွင့်ပျံ့နေသော အငွေ့အသက်များမှာ ပန်းချီကားတစ်ချပ်နှယ်ပင်။
လက်ဖက်ခြောက် အနည်းငယ်ကို ခွက်အတွင်းသို့ ထည့်လိုက်သောအခါ ရေနွေးပူပူတွင် လက်ဖက်ရွက်ကလေးများမှာ သဘာဝအတိုင်း ကခုန်လျက် ပွင့်အာလာကြပြီး မွှေးကြိုင်သော ရနံ့မှာ တစ်ခန်းလုံးသို့ ပျံ့နှံ့သွားသည်။
မင်ယွဲ့၏ နူးညံ့ချောမွေ့သော လှုပ်ရှားမှုများကို ကြည့်ရင်း ကိုရီးယားပြိုင်ဘက်များပင် မှင်
သက်မိသွားကြရသည်။
လက်ဖက်ရည်ခွက်ကလေးများ ထိခိုက်သံမှာ ဂီတသံစဉ်တစ်ခုကဲ့သို့ သာယာလှသည်။ အမျိုးသမီးမှာ အေးချမ်းတည်ငြိမ်နေသလို လက်ဖက်ရည်ရနံ့မှာလည်း လန်းဆန်းလှပေသည်။
"မြည်းစမ်းကြည့်ပေးပါဦး"
မင်ယွဲ့သည် ဒိုင်လူကြီးများအတွက် လက်ဖက်ရည် ငှဲ့ပေးရင်း အကြည့်ချင်းဆုံကာ ဆိုလိုက်သည်။ ဒိုင်လူကြီးများသည် သူမ၏ လှုပ်ရှားမှုများကို မြင်ကတည်းကပင် ဤကလေးမမှာ သာမန်မဟုတ်မှန်း ရိပ်မိကြပြီးသား ဖြစ်သည်။
လက်ဖက်ရည်ရနံ့မှာ နှာခေါင်းဝတွင် မွှေးကြိုင်နေပြီး အရည်အသွေးမှာလည်း ကြည်လင်တောက်ပလှသည်။ တစ်ငုံသောက်လိုက်သည်နှင့် ရင်ထဲတွင် အေးမြလန်းဆန်းသွားကာ စိတ်နှလုံးကို ကြည်လင်စေသည်။
ဒိုင်လူကြီးများ၏ မျက်လုံးများ ပြူးကျယ်သွားကာ အံ့သြဝမ်းသာမှုများ ထင်ဟပ်လာသည်။
"ကောင်းတယ်... တကယ်ကောင်းတယ် ဒီဘက်ခေတ် လူငယ်တွေထဲမှာ ဒီလောက်အထိ လက်ဖက်ရည်ကို ကောင်းကောင်း ဖျော်စပ်နိုင်တဲ့သူ တွေ့ရခဲတယ်"
ဆရာကြီး၏ အကြည့်မှာ မိမိတို့၏ ရိုးရာအမွေအနှစ်ကို လက်ဆင့်ကမ်းနိုင်မည့်သူကို တွေ့ရှိသွားသည့်အလား စိတ်အေးသွားသည့် အရိပ်အယောင်များ ပါဝင်နေသည်။
အခြားသူများမှာမူ အခြေအနေမဟန်တော့သည်ကို ရိပ်မိကာ အပြိုင်အဆိုင် ကြိုးစားကြတော့သည်။
ဒိုင်လူကြီးများသည် တရားမျှတမှုရှိစေရန်အတွက် အခြားသူများ၏ လက်ဖက်ရည်ကို မမြည်းစမ်းမီ ရေဖြင့် ပလုပ်ကျင်းကာ အာရုံများကို ပြန်လည်သန့်စင်ကြသည်။ သို့သော် အခြားသူများ၏ လက်ဖက်ရည်ကို သောက်ကြည့်သောအခါတွင်မူ ဆရာကြီး၏ မျက်နှာထက်မှ ဝမ်းသာမှုများ ပျောက်ကွယ်သွားပြီး တည်ငြိမ်သော အမူအရာသာ ကျန်ရှိတော့သည်။
မျက်စိရှိသူ မည်သူမဆို ဒိုင်လူကြီးများ မည်သူ့ကို သဘောကျသည်ကို သိနိုင်ပေသည်။ ရလဒ်များ ကြေညာသောအခါ မင်ယွဲ့သည် အမှတ်အပြည့်
ဖြင့် အပြတ်အသတ် အနိုင်ရရှိသွားခဲ့သည်။
ကိုရီးယားတို့မှာ စိတ်ပျက်သွားကြသော်လည်း မည်သို့မျှ ငြင်းဆို၍ မရနိုင်တော့ပေ။ ဒုတိယဆုမှာ ကိုရီးယားအဖွဲ့မှ ဖြစ်သော်လည်း ဤကဲ့သို့သော ပြိုင်ပွဲမျိုးတွင် ပထမဆုမှလွဲ၍ ကျန်ရှိသည်မှာ အရေးမပါလှပေ။
"ယွဲ့ယွဲ့ရေ... ငါတို့ကိုလည်း တိုက်ပါဦး"
အဖွဲ့သားများက မင်ယွဲ့ကို ဝိုင်းအုံကာ စိတ်ဝင်တစား တောင်းဆိုကြသည်။
နံပါတ်တစ် လက်ဖက်ရည်၏ အရသာကို သူတို့လည်း မြည်းစမ်းလိုကြခြင်း ဖြစ်သည်။ မင်ယွဲ့က မငြင်းဘဲ အဖော်တစ်ဦးချင်းစီအတွက် လက်ဖက်ရည် ငှဲ့ပေးလိုက်သည်။
"ငါတို့လည်း မြည်းစမ်းခွင့်ရမယ့် ဂုဏ်ထူးဆောင်ပုဂ္ဂိုလ်တွေ ဖြစ်နိုင်မလား"
တရုတ်အဖွဲ့ခေါင်းဆောင်သည် မင်ယွဲ့ထံသို့ ချဉ်းကပ်လာပြီး နွေးထွေးစွာ ဆိုလိုက်သည်။ ယန်ကျင်းတက္ကသိုလ် အဓိပတိသည် ဤကဲ့သို့သော အဖိုးတန် ပါရမီရှင်ကို အကြံပြုပေးခဲ့သည့်အတွက် သူ အလွန်ပင် ကျေးဇူးတင်မိတော့သည်။
"ဒါဟာ ကျွန်မအတွက် ကြီးမြတ်လှတဲ့ ဂုဏ်ယူမှုပါရှင်"
မင်ယွဲ့သည် ခေါင်းညိတ်ပြုံးရယ်ရင်း ရိုသေစွာဖြင့် ပြန်လည်ဖြေကြားလိုက်လေသည်။
အခန်း (၂၈၉) ထိုက်တန်သော အောင်ပွဲ
လက်ဖက်ရည်၏ အရသာမှာ နူးညံ့ပျော့ပျောင်းပြီး မွှေးကြိုင်လှသည်။ ခေါင်းဆောင်ဖြစ်သူသည် တစ်စုံတစ်ရာ ထုတ်ဖော်မပြောသော်လည်း သူ၏ လက်ထဲမှ လက်ဖက်ရည်ခွက်ကို ကျေနပ်စွာ ငုံ့ကြည့်နေပုံမှာ အလွန်ပင် သဘောကျနေကြောင်း သက်သေပြနေသည်။
မင်ယွဲ့သည် တည်ငြိမ်စွာ မတ်တပ်ရပ်လိုက်သောအခါ တစ်ခန်းလုံး၌ လက်ခုပ်သံများ သောင်းသောင်းဖျဖျ ထွက်ပေါ်လာတော့သည်။
သူမသည် စနစ်တကျ ပြန်လည်အလေးပြုလိုက်ပြီး နိုင်ငံကြီးသား ပီသသော အမူအရာကို အပြည့်အဝ ဖော်ဆောင်ပြခဲ့သည်။
"နောက်တစ်မျိုးကို ဆက်သွားကြစို့"
ကိုရီးယားအဖွဲ့ခေါင်းဆောင်မှာမူ အရှက်ရလွန်းသဖြင့် မျက်နှာထားမတတ်အောင် ဖြစ်နေသည်။
သူသည် မိမိတို့၏ သာလွန်မှုကို ပြသရန် ရည်ရွယ်ချက်ဖြင့် လာရောက်ခဲ့သော်လည်း တရုတ်အဖွဲ့၏ စွမ်းဆောင်ရည်အောက်တွင် လုံးဝ အရေးနိမ့်နေခဲ့သည်။ ထို့ကြောင့် ဤနေရာမှ အမြန်ဆုံး ထွက်ခွာသွားချင်စိတ်သာ ရှိတော့သည်။
"ကောင်းပါပြီ၊ နောက်တစ်ပွဲကို ကူးပြောင်းကြတာပေါ့"
အခြားသော ပြိုင်ပွဲကွင်းသို့ ရောက်ရှိလာသောအခါ ဒိုင်လူကြီးများမှာ အသင့်နေရာယူထားကြပြီ ဖြစ်သည်။
ကိုရီးယားနှင့် တရုတ်ပြိုင်ပွဲဝင်များ ရှေ့သို့ အသီးသီး ထွက်လာကြသည်။ ကိုရီးယားတို့သည် တရုတ်ပြိုင်ပွဲဝင်များကြားတွင် မင်ယွဲ့ကို မတွေ့ရသောအခါမှသာ သက်ပြင်းချနိုင်တော့ပြီး ပျောက်ဆုံးနေသော ယုံကြည်မှုများ ပြန်လည်နိုးထလာကြသည်။
ပထမဆုံး ကိုရီးယားပြိုင်ပွဲဝင်သည် လမ်းပေါ်ကပြခြင်း အနုပညာကို တင်ဆက်သည်။ စင်မြင့်ထက်သို့ သူခြေချလိုက်ပြီး တက်ကြွသော တေးဂီတသံစဉ်များ စတင်လိုက်သည်နှင့် သူ၏ အမူအရာမှာ ချက်ချင်းပင် ပြောင်းလဲသွားတော့သည်။
သူ၏ လှုပ်ရှားမှုများမှာ လျင်မြန်ဖြတ်လတ်ပြီး စီးချက်ညီလှသဖြင့် ခန်းမအတွင်းရှိ လူအများမှာ တေးသံနှင့်အတူ လိုက်ပါလှုပ်ရှားလာကြသည်။
တေးဂီတ ရုတ်တရက် ရပ်တန့်သွားပြီး နောက်ဆုံး အကကွက်၌ သူသည် အေးခဲသွားသကဲ့သို့ ရပ်တန့်လိုက်သည်။ ဒိုင်လူကြီးများပင် မတ်တပ်ရပ်၍ လက်ခုပ်တီး ချီးကျူးကြရသဖြင့် ထိုကိုရီးယားလူငယ်မှာ အလွန်ပင် စွမ်းဆောင်ရည် မြင့်မားကြောင်း ထင်ရှားလှသည်။
ဤသည်က တရုတ်ပြိုင်ပွဲဝင် နှစ်ဦးအပေါ် ကြီးမားသော ဖိအားများကို သက်ရောက်စေခဲ့သည်။
"ဖိအားတွေ သိပ်မထားပါနဲ့၊ ကိုယ်စွမ်းနိုင်
သလောက် အကောင်းဆုံး လုပ်ပြခဲ့ရင် ရပါပြီ"
နိုင်ငံခြားရေးဝန်ကြီးဌာန ကိုယ်စားလှယ်က အားပေးစကား ဆိုလိုက်သည်။
အောင်နိုင်ခြင်းက အရေးကြီးသော်လည်း လူငယ်များအနေဖြင့် ဤကဲ့သို့သော အတွေ့အကြုံများမှတစ်ဆင့် ဆက်လက်ကြီးထွားလာရန်မှာ ပို၍ အရေးကြီးသည်ဟု သူယူဆသည်။
တရုတ်နိုင်ငံ၏ ဂုဏ်သိက္ခာမှာ ဤချစ်ကြည်ရေးပွဲလေး တစ်ခုတည်းအပေါ်တွင်သာ မူတည်နေသည် မဟုတ်ပေ။ သိပ္ပံနှင့် နည်းပညာ အင်အား၊ စီးပွားရေး အင်အားနှင့် စစ်ရေးအင်အားတို့မှာသာ တရုတ်နိုင်ငံ မတ်မတ်ရပ်တည်နိုင်စေရန် ထောက်ကန်ပေးထားသော အခြေခံအုတ်မြစ်များ ဖြစ်သည်။
"ကျွန်တော်တို့ အစွမ်းကုန် ကြိုးစားပါ့မယ်"
သူတို့သည် နှစ်သိမ့်မှုကို ရရှိသော်လည်း စိတ်ထဲတွင်မူ အမှန်တကယ် အနိုင်ရလိုစိတ် ပြင်းထန်နေကြသည်။
ဒုတိယမြောက် ကိုရီးယားပြိုင်ပွဲဝင်မှာ စက်ရုပ်
အကကို ကပြခဲ့သော်လည်း သာမန်မျှသာ ရှိသည်။ သူ၏ နည်းစနစ်နှင့် အင်အားမှာ ကောင်းမွန်သော်လည်း အမှတ်ရလောက်အောင် ဆွဲဆောင်နိုင်မှု မရှိပေ။
တရုတ်ဘက်မှ အမျိုးသားနှင့် အမျိုးသမီး ပြိုင်ပွဲဝင် နှစ်ဦးသည် ပရော်ဖက်ရှင်နယ် ကကွက်ဝတ်စုံများကို လဲလှယ်ဝတ်ဆင်ပြီးနောက် စင်ပေါ်သို့ တက်လာကြသည်။
ဦးစွာ အမျိုးသမီးဖြစ်သူက ဘဲလေးအကကို တစ်ဦးတည်း ကပြတင်ဆက်သည်။ သူမသည် ခြေဖျားလေးများဖြင့် ထောက်ကာ လှပစွာ လည်ပတ်နေပုံမှာ စင်မြင့်အလယ်ရှိ ကျော့ရှင်းသော ငန်းဖြူလေးတစ်ကောင်အလား တောက်ပနေပြီး ကောင်းမွန်သော အမှတ်များကို ရရှိခဲ့သည်။
သို့သော်လည်း သူမသည် ပထမဆုံး ကိုရီးယားပြိုင်ပွဲဝင်ထက် အနည်းငယ် အမှတ်လျော့နည်းနေသဖြင့် ကျန်ရှိနေသော အမျိုးသားပြိုင်ပွဲဝင်အပေါ်တွင်သာ မျှော်လင့်ချက် အားလုံး ပုံအောထားရတော့သည်။
"ကြိုးစားပါ သူငယ်ချင်း"
သူတို့နှစ်ဦး အပြန်အလှန် အားပေးပြီးနောက် အမျိုးသားပြိုင်ပွဲဝင် စင်ပေါ်သို့ တက်လှမ်းသွားသည်။
သူ၏ ဝတ်စုံကို ကြည့်ခြင်းဖြင့် မင်ယွဲ့သည် သူကပြမည့်အရာမှာ တရုတ်ရိုးရာ အကဖြစ်ကြောင်း သိလိုက်သည်။
သူ၏ ခြေလှမ်းတိုင်းမှာ အခြားသူများနှင့် ကွဲပြားနေသည်။ ပေါ့ပါးသွက်လက်သော ခြေလှမ်းများဖြင့် စင်လယ်သို့ ရောက်ရှိလာပြီး ဂီတသံစဉ်နှင့်အတူ သူ၏ ကိုယ်လက်အင်္ဂါများကို ဆန့်ထုတ်လိုက်ပုံမှာ အလွန်ပင် သဘာဝကျပြီး လှပလွန်းလှသည်။
"သူ ပျံနေတာပဲ"
"တရုတ်ကိုယ်ခံပညာလား"
တရုတ်အဖွဲ့သားများသာမက ကိုရီးယားကိုယ်စားလှယ်များပင် သူ၏ ခက်ခဲလှသော ကကွက်များကို ကြည့်ရင်း တရုတ်ကိုယ်ခံပညာများ ပါဝင်နေသလောဟု အံ့သြစွာ မေးခွန်းထုတ်မိကြသည်။
မင်ယွဲ့ပင်လျှင် ထိုလူငယ်၏ စွမ်းဆောင်ရည်ကို ချီးကျူးမိသည်။ ခန္ဓာကိုယ် ကြွက်သားများကို ထိန်းချုပ်ကာ ခက်ခဲသော အကွက်များကို လေထဲတွင် ရပ်တန့်နေသကဲ့သို့ ကပြနိုင်ရန်မှာ ထိပ်တန်း ကပညာရှင်များသာ လုပ်ဆောင်နိုင်သည့် အရာဖြစ်သည်။
စနစ်၏ အကူအညီမပါဘဲ မိမိ၏ ကြိုးစားအားထုတ်မှု သက်သက်ဖြင့် တစ်စုံတစ်ရာသော နယ်ပယ်တွင် တောက်ပနေသူများကို မင်ယွဲ့ အမြဲတစေ လေးစားအားကျမိသည်။
သံသယဖြစ်ဖွယ်မရှိဘဲ ထိုတရုတ်လူငယ်သည် အကကဏ္ဍတွင် ပထမဆုကို ဆွတ်ခူးသွားခဲ့သည်။ ဤသည်မှာ သူနှင့် ထိုက်တန်သော အောင်ပွဲပင် ဖြစ်သည်။
ကိုရီးယားအရာရှိမှာမူ မျက်နှာပျက်ပျက်ဖြင့်ပင် ယဉ်ကျေးမှုအရ ဂုဏ်ပြုစကား ဆိုလိုက်ရသည်။
တရုတ်ဘက်မှ ဝမ်းသာအားရ အောင်ပွဲခံနေကြသော်လည်း ကိုရီးယားအဖွဲ့မှာမူ အားကိုးရာမဲ့စွာဖြင့် အထီးကျန် ဆိတ်သုဉ်းနေတော့သည်။
ကံကောင်းထောက်မစွာဖြင့် ယနေ့အတွက် ပြိုင်ပွဲမှာ နှစ်ခုသာရှိသဖြင့် မွန်းလွဲပိုင်းတွင် ထပ်မံ အရှက်ရစရာ မရှိတော့ပေ။
မွန်းလွဲပိုင်းတွင်မူ ထုံးစံအတိုင်း သူတို့ကို လည်ပတ်စရာ နေရာများသို့ ခေါ်ဆောင်သွားပြီး တရုတ်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုများကို လမ်းတစ်လျှောက် မိတ်ဆက်ပေးခဲ့လေသည်။
အခန်း (၂၉၀) မတုန်မလှုပ် ရဲရင့်ခြင်း
ပြိုင်ပွဲ (၆) ခုအနက် ပထမဆုံးပွဲစဉ် (၂) ခုစလုံးတွင် တရုတ်နိုင်ငံက အပြတ်အသတ် ဦးဆောင်နိုင်ခဲ့ခြင်းကြောင့် ကိုရီးယားတို့၏ ကနဦးကရှိခဲ့သော ယုံကြည်မှုနှင့် မောက်မာမှုတို့မှာ လွင့်စဉ်ပျောက်ကွယ်သွားခဲ့ရလေပြီ။
သို့သော်လည်း မွန်းလွဲပိုင်း အပန်းဖြေခရီးစဉ်များက သူတို့အား ရှုံးနိမ့်မှုဝေဒနာကို ခေတ္တမေ့လျော့စေခဲ့သည်။
နိုင်ငံတကာမှ ရောက်ရှိလာသော ဧည့်သည်တော်များကို ဧည့်ဝတ်ပြုသည့်အနေဖြင့် တရုတ်ဘက်က သူတို့အား အမျိုးသားပြတိုက်ကြီးသို့ တိုက်ရိုက်ခေါ်ဆောင်သွားခဲ့သည်။
နိုင်ငံခြားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများမှာ မိမိတို့နိုင်ငံ၏ ယဉ်ကျေးမှုအမွေအနှစ်များကို အလွန်နှံ့စပ်ကျွမ်းကျင်ကြသူများဖြစ်ရာ ဤပြတိုက်သို့ လာရောက်ရခြင်းမှာ သူတို့အတွက် အိမ်ဦးနှင့် ကြမ်းပြင်သဖွယ် ရင်းနှီးလှပေသည်။
ရှေ့ဆုံးမှ ရှင်းလင်းပြောကြားသူက ပြတိုက်အတွင်းရှိ အဖိုးတန်ရတနာများကို စိတ်အားထက်သန်စွာ မိတ်ဆက်ပေးနေသည်။
"ဒါကတော့ ကျောက်စိမ်းဖြင့် ပြုလုပ်ထားတဲ့ အသုဘဝတ်စုံ၊ ဒါကတော့ နွားလေးကောင်ပုံစံ ကြေးအိုးနဲ့ မိခင်ကျောက်ပြားပုံစံ ကြေးအိုးကြီးတွေပဲ ဖြစ်ပါတယ်"
လမ်းတစ်လျှောက် ပြသထားသော ရှေးဟောင်းပစ္စည်းများမှာ အမျိုးအမည်စုံလင်လှသဖြင့် ကြည့်မဝနိုင်အောင် တောက်ပဝေဖြာနေတော့သည်။ ထိုစဉ် ကိုရီးယားအမျိုးသားတစ်ဦးက မဆီမဆိုင်သော စကားတစ်ခွန်းကို ကြားဖြတ်ပြောဆိုလိုက်သည်။
"ဒါမျိုးကို ကျွန်တော် အင်္ဂလန် မှာ မြင်ဖူးသလိုပဲ"
ထိုစကားကြောင့် ရှေ့ဆုံးမှ ရှင်းလင်းနေသူ၏ မျက်နှာမှာ ချက်ချင်းပင် တည်တံ့သွားသည်။
"နဂါးကိုးကောင်နဲ့ ဖီးနစ်ကိုးကောင် သရဖူ"
ဆိုသည်မှာ တစ်ကမ္ဘာလုံးတွင် တရုတ်နိုင်ငံ၌သာ ရှိသောအရာဖြစ်သည်။
အင်္ဂလန်တွင် ရှိနေခဲ့သည်ဆိုလျှင်ပင် ၎င်းမှာ တရုတ်ပြည်မှ မတရားလုယက်ယူဆောင်သွားခြင်းခံခဲ့ရသော ပစ္စည်းများသာ ဖြစ်ပေလိမ့်မည်။
ပြည်ပသို့ ရောက်ရှိနေသော ရှေးဟောင်းပစ္စည်းများအကြောင်း ပြောဆိုမိတိုင်း တရုတ်လူမျိုးတို့၏ စိတ်ထဲတွင် တစ်ချိန်က မိမိတို့နိုင်ငံ ကျူးကျော်ဖျက်ဆီးခံခဲ့ရကာ အဖိုးတန်ရတနာပေါင်းများစွာ အတင်းအဓမ္မ လုယူခံခဲ့ရသည့် သွေးစွန်းသော သမိုင်းပုံရိပ်များကို ပြန်လည်
မြင်ယောင်လာကြရမြဲ ဖြစ်သည်။
"ဒါက မင်းတို့ တရုတ်ပြည်ကလို့ ဘယ်လိုသက်သေပြမလဲ ကျွန်တော် ဗြိတိသျှပြတိုက်မှာ အထင်အရှား မြင်ခဲ့တာပဲလေ"
ဟု ထိုအမျိုးသားက ဇွတ်မှိတ်၍ ဆက်လက်
ပြောဆိုနေသည်။
"ဒါကတော့ ကိုယ်ထင်တာကိုယ် ပြောတာပဲလေ ကိုရီးယားလူမျိုးတွေက နဂါးလှေပွဲတော်ကို သူတို့ပိုင်တယ်လို့ ထင်နေသလိုမျိုးပေါ့၊ အိပ်ချင်ဟန်ဆောင်နေတဲ့သူကို နှိုးလို့မရဘူးဆိုတာ ဒါကို ပြောတာပဲ"
နိုင်ငံခြားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများက ရာထူးဂုဏ်သိက္ခာအရ ပြင်းထန်သောစကားများကို ရှောင်ကြဉ်ရသော်လည်း မင်ယွဲ့ ကဲ့သို့သော လူငယ်များမှာမူ ကျောင်းသားဘဝ၏ အကာအကွယ်ဖြင့် ပွင့်လင်းစွာ ပြောဆိုခွင့်ရှိပေသည်။
မင်ယွဲ့၏ ဘေးမှ မျက်နှာဝိုင်းဝိုင်းနှင့် မိန်းကလေးကလည်း မခံမရပ်နိုင်ဖြစ်စွာဖြင့် မင်ယွဲ့ဘက်မှ ကူညီပြောဆိုလိုက်သည်။
"မင်းမှာ အထောက်အထားမရှိဘဲ စကားမပြောသင့်ဘူး"
ဟု ထိုကိုရီးယားအမျိုးသားက မိန်းကလေးကို အထင်သေးသော အပြုံးဖြင့် တုံ့ပြန်သည်။
"ဘယ်လိုအထောက်အထားမျိုး လိုချင်တာလဲနဂါးကိုးကောင်နဲ့ ဖီးနစ်ကိုးကောင် သရဖူဆိုတာ မင်မင်းဆက် က ဧကရီ 'ရှောင်တွမ်း' ရဲ့ သရဖူပဲ၊ ဧကရာဇ် 'ဝမ်လီ' ရဲ့ ဂူဗိမာန်ကနေ တူးဖော်တွေ့ရှိခဲ့တာ ဒီက ပစ္စည်းတိုင်းဟာ ငါတို့နိုင်ငံရဲ့ သမိုင်းသက်သေတွေပဲ၊ ရှင်တို့မှာကော ဘာရှိလို့လဲ"
မင်ယွဲ့၏ စကားလုံးများမှာ ထိုသူ၏ သိက္ခာကို အပိုင်းပိုင်းဖြတ်တောက်လိုက်သကဲ့သို့ ပြင်းထန်လှသည်။
"တရုတ်ပြည်က ပိုင်ဆိုင်တဲ့အရာမှန်သမျှဟာ နောက်ဆုံးမှာ မိခင်နိုင်ငံရဲ့ ရင်ခွင်ထဲကို ပြန်
ရောက်လာမှာပဲ ငါတို့က အောက်တန်းကျတဲ့ ခိုးသူတွေနဲ့ အခြေအတင် စကားမပြောချင်ဘူးဒါပေမဲ့ မင်းက မျက်စိရော စိတ်နှလုံးပါ ကန်းနေမယ်ဆိုရင်တော့ ငါတို့ဆီက နွေးထွေးတဲ့ ဆက်ဆံမှုကို ခံယူဖို့ မထိုက်တန်ဘူးလို့ပဲ ထင်တယ်"
အခြေအနေများ တင်းမာလာသည်ကို မြင်သောအခါ ကိုရီးယားအရာရှိက ချက်ချင်းပင် ကြားဝင်စေ့စပ်လိုက်သည်။
"ဒီကလေးမလေးက တော်တော်လေး စိတ်ကြီးတာပဲ သူက အင်္ဂလန်မှာ မြင်ဖူးတယ်လို့ ပြောရုံလေးကို ဒီလောက်အထိ စိတ်ဆိုးသွားရသလား ငါတို့ မှတ်သားထားပါ့မယ်၊ ဒါဟာ မင်းတို့ တရုတ်
ပြည်ကဆိုတာ ငါတို့ အခု သိသွားပါပြီ"
သူတို့အနေဖြင့် တရုတ်နိုင်ငံနှင့် ဗြောင်ကျကျ ဆက်ဆံရေးအပျက်မခံဝံ့ပေ။
သို့မဟုတ်ပါက အဖွဲ့ခေါင်းဆောင်တစ်ဦးအနေဖြင့် မိမိနိုင်ငံသို့ ပြန်ရောက်သောအခါ ရှင်းပြနိုင်မည်မဟုတ်ပေ။ လူတိုင်းက မင်ယွဲ့ လျှော့ပေးလိုက်လိမ့်မည်ဟု ထင်မှတ်ထားချိန်
တွင် သူမက ရပ်တန့်မသွားဘဲ ဆက်လက်
တိုက်စစ်ဆင်လိုက်သည်။
"ရှင်တို့ တရုတ်ပြည်ကို လာတာဟာ ငါတို့ကို သူငယ်ချင်းလို့ တကယ်သတ်မှတ်လို့လို့ ကျွန်မ ယုံကြည်ပါတယ် ရှင်တို့က ဒီလောက်တောင် သိချင်စိတ်ပြင်းပြနေမှတော့ သူငယ်ချင်းတစ်ယောက်အနေနဲ့ ကျွန်မ အပိုဆောင်းပြီး ပြောပြရဦးမှာပေါ့ နဂါးလှေပွဲတော်က ငါတို့ဟာပဲ၊ ကွန်ဖူးရှပ်ကလည်း ငါတို့ဟာပဲ၊ ရွှေ့လျားပုံနှိပ်စနစ်ဆိုတာလည်း ငါတို့ရဲ့ ကြီးမြတ်တဲ့ တီထွင်မှု ၄ ခုထဲက တစ်ခုပဲ၊ ပြီးတော့ ငါတို့ဆီမှာ ကင်မ်ချီ လုပ်တဲ့ သမိုင်းကြောင်းကလည်း အရှည်ကြီး ရှိပြီးသား..."
မင်ယွဲ့က တစ်ခုပြီးတစ်ခု ထောက်ပြနေသည်နှင့်အမျှ ကိုရီးယားအဖွဲ့သားများ၏ မျက်နှာမှာ မည်းမှောင်လာတော့သည်။
အစက သတိပေးချက်မျှသာဟု ထင်ရသော်လည်း ယခုမူ မင်ယွဲ့သည် သူတို့၏ မျက်နှာကို တည့်တည့်ချိန်ကာ အမြောက်ဖြင့် ပစ်ခတ်
လိုက်သကဲ့သို့ပင်။
ကိုရီးယားတို့မှာ အရှက်ရခြင်းနှင့် ဒေါသထွက်ခြင်းတို့ ရောပြွမ်းနေကြပြီး အချို့ကမူ သူတို့ကို အရှက်ခွဲခဲ့သော မင်ယွဲ့အပေါ် ရန်ငြိုးများပင် ထားရှိလာကြသည်။
သို့သော်လည်း မင်ယွဲ့ကမူ သူမပြောခဲ့သော စကားများအတွက် မည်သည့်အခါမျှ တုန်လှုပ်ခြင်းမရှိဘဲ ရဲရင့်စွာပင် ရပ်တည်နေလေတော့သည်။