အခန်း (၂၉၁-၂၉၅)
Vol. 30 Ch. 291-295
အခန်း (၂၉၁) မစ္စတာမို... အချိန်ရရဲ့လား
အမျိုးသားပြတိုက်သို့ ဆက်လက်လည်ပတ်သည့်တစ်လျှောက် တရုတ်အဖွဲ့သားများမှာ မိမိတို့ယဉ်ကျေးမှု၏ ခံ့ညားထည်ဝါမှုကို ကြည့်ရှုရင်း အံ့အားသင့်တသ ဖြစ်နေကြသော်လည်း ကိုရီးယားအဖွဲ့မှာမူ စိတ်မသက်မသာ ဖြစ်နေကြရသည်။
ပြသထားသော ရှေးဟောင်းပစ္စည်းတိုင်းသည် တရုတ်ပြည်၏ နက်ရှိုင်းလှသော သမိုင်းအစဉ်အလာကို သက်သေထူနေသဖြင့် သူတို့ကြည့်လေလေ မိမိတို့၏ အနှစ်မဲ့မှုကို ပို၍ခံစားရလေလေ ဖြစ်တော့သည်။
မင်ယွဲ့တို့အဖွဲ့က သူတို့၏ စိတ်အခြေအနေကို ရိပ်မိသော်လည်း မည်သူကမျှ ဂရုမစိုက်ကြပေ။ အပေါ်ယံ ယဉ်ကျေးမှုကိုသာ ထိန်းသိမ်းထားကြပြီး ရင်းနှီးသော သူငယ်ချင်းများမှ မဟုတ်ဘဲ စိတ်ရင်းဖွင့်ပြနေရန် မလိုဟု မှတ်ယူထားကြသည်။
အချို့က ဝမ်းမြောက်နေကြပြီး အချို့က ဝမ်းနည်းနေကြသော်လည်း အားလုံးက အမျိုးသားပြတိုက် လည်ပတ်ခြင်းကို အောင်မြင်စွာ အဆုံးသတ်နိုင်ခဲ့ကြသည်။
ရှေးဟောင်းပစ္စည်းများကို ကြည့်ရှုခြင်းမှာ ခေတ်ကာလများ၏ အပြောင်းအလဲကို မြင်တွေ့ရခြင်းပင် ဖြစ်သည်။ မင်းဆက်များ၏ ထွန်းကားခြင်းနှင့် ပျက်သုဉ်းခြင်း ပုံရိပ်လွှာတို့မှာ မင်ယွဲ့၏ စိတ်အာရုံထဲတွင် ရုပ်ရှင်တစ်ကားကဲ့သို့ ဖြတ်သန်းသွားကြသည်။
သူမ၏ ရှေးဟောင်းယဉ်ကျေးမှုဆိုင်ရာ သိမြင်မှုများက ဤပစ္စည်းများ၏ သမိုင်းအလေးချိန်နှင့် ပေါင်းစပ်သွားသောအခါ အတိတ်ကာလနှင့် မျက်မှောက်ခေတ်ကို တိုက်ရိုက်ဆက်သွယ် စကားပြောနေရသကဲ့သို့ ခံစားလိုက်ရသည်။
ပြတိုက်အတွင်းမှ ထွက်လာသည့်တိုင်အောင် ထိုသမိုင်းဝင် လှုပ်ရှားမှုများက သူမ၏ စိတ်အာရုံထဲတွင် စွဲထင်နေဆဲ ဖြစ်သည်။
"ဒါဆို ကျွန်မ သွားတော့မယ်နော်"
မွန်းလွဲပိုင်း ခရီးစဉ်များ ပြီးဆုံးသွားပြီဖြစ်ရာ ကိုရီးယားအဖွဲ့မှာလည်း ဟိုတယ်သို့ ပြန်ရန်သာ ကျန်ရှိတော့သဖြင့် သူမတို့တစ်နေကုန် လိုက်ပါနေရန် မလိုတော့ပေ။
အရေးကြီးသော တာဝန်ရှိသူအချို့မှလွဲ၍ ကျန်သူများကို လူစုခွဲခွင့်ပြုလိုက်သဖြင့် မင်ယွဲ့လည်း အဖွဲ့မှ ခွဲထွက်လိုက်သည်။
"ဘယ်ကိုသွားမှာလဲ၊ ကျွန်မ လိုက်ပို့ပေးမယ်လေ"
ဟု မင်ယွဲ့က သူမဘေးရှိ မိန်းကလေးကိုကမ်းလှမ်းလိုက်သည်။
"ကျောင်းကိုပါ"
"တက်လေ"
မင်ယွဲ့၏ စကားအဆုံးတွင် မိန်းကလေးသည် ဝမ်းသာအားရ လိုက်ပါလာခဲ့သည်။
သူမ၏ အပြုံးလေးကြောင့် ပါးချိုင့်နှစ်ဖက်မှာ သိသိသာသာ ထင်ဟပ်လာသည်။ မင်ယွဲ့သည် ဘေးခုံတွင် ထိုင်နေသော မိန်းကလေးကို ကြည့်ရင်း သူမ၏ ချစ်စဖွယ်ကောင်းသော ပင်ကိုယ်စရိုက်ကို သဘောကျမိသဖြင့် ပိုမိုရင်းနှီးအောင် ကြိုးစားလိုစိတ် ဖြစ်ပေါ်လာသည်။
"ယွဲ့ယွဲ့... ဒီကားက နင်ကိုယ်တိုင် ဝယ်ထားတာလား၊ တကယ်တော်တာပဲ"
ဟု သူမက အားကျတသ ရေရွတ်သည်။
"အင်း၊ ကိုယ်တိုင်ဝယ်တာပေါ့၊ နင်လည်း တစ်နေ့ ဝယ်နိုင်မှာပါ"
၎င်းမှာ အားပေးစကားသက်သက် မဟုတ်ပေ။
နိုင်ငံတကာ ဧည့်သည်တော်များကို လက်ခံတွေ့ဆုံရာတွင် ပါဝင်ခွင့်ရသူတစ်ဦးမှာ အရည်အချင်း မနိမ့်ပါးနိုင်ပေ။
ယခု ကျောင်းသားဘဝတွင် မသိသာသေးသော်လည်း အလုပ်ခွင်ဝင်ရောက်ချိန်တွင် ဤအရည်အချင်းများမှာ ငွေကြေးဓနအဖြစ် ပြောင်းလဲလာမည်ဖြစ်ရာ ကားတစ်စီးမှာ သူမအတွက် မခဲယဉ်းသော အရာပင်။
ယွမ်ပေါ့နှင့် မဆုံတွေ့မီကပင် မင်ယွဲ့သည် မိမိကိုယ်ကိုယ် ထူးချွန်သူတစ်ဦးဟု သတ်မှတ်ခဲ့ဖူးသည်။
ဝေးလံသော တောင်ပေါ်ရွာလေးမှ ထိပ်တန်းတက္ကသိုလ်သို့ တက်ရောက်နိုင်ခဲ့ခြင်းမှာ သက်သေပင်။ သို့သော် အလုပ်ခွင်သို့ ရောက်ရှိချိန်တွင် သစ္စာဖောက်ခံရမှုနှင့် ပြင်းထန်သော ရိုက်ခတ်မှုများက သူမအား တန်ဖိုးရှိသော သင်ခန်းစာတစ်ခု ပေးခဲ့သည်။
"ကိုယ့်ရဲ့ အရည်အချင်းက မိသားစုနောက်ခံလောက် အရေးမပါဘူး"
ဟူသော သင်ခန်းစာပင်။
သို့သော်လည်း ယွမ်ပေါ့ ပေါ်လာပြီးနောက် သူမအား မိမိကိုယ်ကိုယ် ပိုမိုပြည့်စုံအောင် လေ့လာသင်ယူနိုင်မည့် အချိန်နှင့် နေရာများကို ပံ့ပိုးပေးခဲ့သည်။
သူမသည် အရင်ကလည်း မညံ့ခဲ့သော်လည်း ယခုကဲ့သို့ လူတကာ ငေးမောရလောက်အောင် ထူးချွန်နေခြင်းမျိုး မဟုတ်ခဲ့ပေ။
ထို့ကြောင့် လူတစ်ယောက်သည် ကြယ်တစ်ပွင့်ကဲ့သို့ လင်းလက်တောက်ပလာချိန်မှသာ လူမှုရေးစည်းမျဉ်းများက သူတို့အတွက် လမ်းဖယ်ပေးတတ်ကြသည်ကို သူမ သိရှိသွားခဲ့သည်။
"နင်က ငါ့အတွက် စံပြပုဂ္ဂိုလ်ပဲ ယွဲ့ယွဲ့"
ဟု မိန်းကလေး ဆူခဲက ရွှင်လန်းစွာ ဆိုသည်။
သူတို့နှစ်ဦး စကားစမြည်ပြောဆိုနေရင်း အချိန်များမှာ လျင်မြန်စွာ ကုန်ဆုံးသွားသည်။
"ဆူခဲ... ရောက်ပြီနော်"
မင်ယွဲ့သည် ကားကို ပီကင်းတက္ကသိုလ်ရှေ့တွင် ရပ်လိုက်သည်။ ယန်ကျင်းနှင့် ပီကင်းမှာ ဂုဏ်သတင်းကျော်ကြားမှု တူညီကြသလို ကျောင်းချင်းလည်း မဝေးလှပေ။
"ကျေးဇူးပဲနော်၊ အခု အားလား၊ ငါ ညစာကျွေးပါရစေ"
ဟု ဆူခဲက ဖိတ်ခေါ်သည်။
"မအားဘူး၊ ကျွန်မရဲ့ ချစ်သူဆီ သွားရဦးမယ်"
ဟု မင်ယွဲ့က ပြုံးလျက် ငြင်းဆိုလိုက်သည်။
ဆူခဲသည် မင်ယွဲ့၏ ထိုကဲ့သို့သော အပြုံးမျိုးကို ပထမဆုံးအကြိမ် မြင်ဖူးခြင်း ဖြစ်သည်။ သူမ၏ ချစ်သူနှင့် ပတ်သက်လျှင် အလွန်ကြည်နူးနေပုံရသည်မှာ သိသာလှသည်။
"ယွဲ့ယွဲ့... နင်က အရမ်းလှတာဆိုတော့ အချစ်ကြောင့် မျက်စိမကန်းစေနဲ့ဦးနော်၊ သေချာစဉ်းစားဆုံးဖြတ်ဦး"
ဟု ဆူခဲက စိုးရိမ်တကြီး သတိပေးလိုက်သည်။
မင်ယွဲ့၏ ချစ်သူက သူမကို ဖုန်းမဆက်သည်မှာ ရက်အတော်ကြာပြီဖြစ်သဖြင့် လှပညို့ယူဖွယ်ကောင်းသော မင်ယွဲ့လေး လူလိမ်နှင့် တွေ့နေမည်ကို သူမ စိုးရိမ်နေခြင်း ဖြစ်သည်။
"သိပါပြီ၊ ငါ့ရဲ့ အထိန်းတော်မလေးရယ်"
မင်ယွဲ့သည် ခန္ဓာကိုယ်ကို ကိုင်းညွတ်ကာ ဆူခဲ၏ ပါးပြင်လေးကို အသာအယာ ဆွဲလိုက်သည်။
နူးညံ့လှသော အထိအတွေ့မှာ အလွန်ပင် ကောင်းမွန်လှသည်။ လှပသော မျက်နှာလေး ရုတ်တရက် နီးကပ်လာသဖြင့် ဆူခဲ၏ ရင်ခုန်သံမှာ မြန်ဆန်သွားပြီး မျက်နှာတစ်ခုလုံး နီမြန်းသွားတော့သည်။
"ဟားဟား... အပြစ်ကင်းတဲ့ မိန်းကလေးလေး၊ ဘာလို့ မျက်နှာနီသွားတာလဲ"
မင်ယွဲ့က သူမ၏ နားရွက်လေးကို ထိကာ စနောက်လိုက်သည်။ သူမ၏ တုံ့ပြန်မှုက မင်ယွဲ့ကို အလွန်ပင် ရယ်မောစေသည်။
"ဘယ်သူပြောလဲ၊ ငါ့မှာလည်း ချစ်သူတွေ အများကြီးရှိတယ်"
ဟု ဆူခဲက ရှက်ကိုးရှက်ကန်းဖြင့် ပြန်ပြောလိုက်သည်။
"ဝါး... ငါ့ရဲ့ ရှောင်ခဲက တကယ်တော်တာပဲ၊ ဒါပေမဲ့ ပြဿနာမတက်အောင်တော့ သတိထားဦးနော်"
မင်ယွဲ့သည် ဆူခဲ၏ စကားမှာ ကလေးကလားသာဖြစ်မှန်း သိသော်လည်း သူမ၏ ချစ်စဖွယ် အပြုအမူကြောင့် ဆက်လက်စနောက်နေခြင်း ဖြစ်သည်။
"မပြောနဲ့တော့... မပြောနဲ့တော့"
ဟု ဆူခဲက ရှက်ဒေါသဖြင့် မင်ယွဲ့၏ နှုတ်ခမ်းကို လှမ်းပိတ်လိုက်သည်။
"ကဲ... ကဲ... နောက်တာပါ၊ သွားပြီနော်"
မင်ယွဲ့သည် အရှုံးပေးသည့်အလား လက်နှစ်ဖက်ကို ဖြန့်ပြကာ ကားကို စတင်မောင်းထွက်ခဲ့ပြီး ရှင်းယောင်အုပ်စုဆီသို့ ဦးတည်လိုက်သည်။
"မစ္စတာမို... ယွဲ့ဟွာနည်းပညာနဲ့ ပူးပေါင်းဆောင်ရွက်မှုကို ဆက်လုပ်သင့်သလား၊ ပြီးခဲ့တဲ့အကြိမ်က တုံ့ပြန်ချက်တွေက တော်တော်ကောင်းပါတယ်"
လက်ထောက်လင်သည် ဥက္ကဋ္ဌရုံးခန်းအတွင်း အစီရင်ခံနေခြင်း ဖြစ်သည်။
"တုံ့ပြန်ချက် ကောင်းနေမှတော့ ဆက်လုပ်ရမှာပေါ့"
မိုဟန်ကျီ၏ အဖြေကို လက်ထောက်လင် မအံ့သြပေ။ အနာဂတ် သူဌေးမလေး၏ ကုမ္ပဏီနှင့် မပူးပေါင်းဘဲ နေပါမည်လော။
"ဟုတ်ကဲ့ပါ၊ ဒါဆို ဗုဒ္ဓဟူးနေ့မှာ အရှေ့အိုင် ဂေဟစနစ်ပန်းခြံကို သွားကြည့်ဖို့ အချိန်ရမလား"
မိုဟန်ကျီသည် ခဏမျှ စဉ်းစားပြီးနောက် အတည်ပြုလိုက်သည်။ ထိုစဉ် တံခါးခေါက်သံက သူတို့၏ စကားဝိုင်းကို ဖြတ်တောက်လိုက်သည်။
"ဝင်ခဲ့"
မိုဟန်ကျီက ခေါင်းမဖော်ဘဲ ပြောလိုက်သည်။ လက်ထောက်လင်က ဝင်လာသူကို မြင်သောအခါ နှုတ်ဆက်ရန် ပြင်လိုက်သော်လည်း မင်ယွဲ့က လက်ကာပြသဖြင့် တိတ်ဆိတ်စွာပင် ဘေးသို့ ဖယ်ပေးလိုက်သည်။
"မစ္စတာမို... ဘယ်တော့ အချိန်ရမလဲ"
ရင်းနှီးသော အသံလေးကြောင့် မိုဟန်ကျီ အံ့အားသင့်စွာ မော့ကြည့်လိုက်သည်။
"ယွဲ့ယွဲ့... ဘယ်လိုဖြစ်လို့ ဒီကို ရောက်လာတာလဲ"
သူသည် ချက်ချင်းပင် မတ်တပ်ရပ်ကာ မင်ယွဲ့၏ လက်ကို ဆွဲကိုင်၍ သူထိုင်နေကျ ခုံပေါ်တွင် ထိုင်စေပြီး သူကမူ သူမ၏ နောက်ကွယ်တွင် ရပ်လိုက်သည်။
"ကိစ္စတွေ ပြီးတာနဲ့ ချက်ချင်းလာခဲ့တာပေါ့၊ မစ္စတာမိုက ကျွန်မကို အချိန်ရ၊ မရ မဖြေရသေးဘူးနော်"
မင်ယွဲ့သည် ရုံးခန်းထိုင်ခုံကို လှည့်လိုက်ပြီး မိုဟန်ကျီနှင့် မျက်နှာချင်းဆိုင်လိုက်သည်။
လက်ထောက်လင်မှာမူ အလိုက်သိစွာဖြင့် အပြင်သို့ ထွက်သွားကာ တံခါးကို အသာအယာ
ပိတ်ပေးလိုက်တော့သည်။
ရုံးခန်းအပြင်ဘက်တွင်မူ ဝန်ထမ်းများက လက်ထောက်လင်၏ အပြုံးကိုကြည့်ကာ အမျိုးမျိုး ထင်ကြေးပေးနေကြသည်။
"မစ္စတာမိုရဲ့ ချစ်သူ ရောက်နေတာပဲ"
ရုံးခန်းအတွင်း၌မူ မိုဟန်ကျီသည် ထိုင်ခုံ၏ ဘေးတစ်ဖက်တစ်ချက်စီတွင် လက်ကို ထောက်လိုက်ပြီး မင်ယွဲ့ဘက်သို့ ခန္ဓာကိုယ်ကို ကိုင်းညွတ်လိုက်ကာ -
"အချိန်ရတာပေါ့၊ မင်းအတွက်ဆိုရင် အမြဲတမ်း အချိန်ရှိပါတယ်"
ဟု ဆိုလိုက်သည်။
နက်ရှိုင်းသော အသံနှင့် အလွန်နီးကပ်လှသော အကွာအဝေးကြောင့် မင်ယွဲ့၏ ရင်ခုန်သံမှာ ဗုံတီးသကဲ့သို့ ပြင်းထန်လာလေတော့သည်။
အခန်း (၂၉၂) ထမင်းဖိုးတော့ ကျွန်တော် မရှားပါဘူး
"ရှင် အချိန်ရတယ်ဆိုရင် ကျွန်မပဲ ညစာကျွေးပါရစေ"
မင်ယွဲ့သည် ရုတ်တရက် မတ်တပ်ရပ်လိုက်ပြီး မိုဟန်ကျီ၏ အကြည့်များမှ ရှောင်ဖယ်ကာ ရုံးခန်းတံခါးကို အမြန်ဖွင့်၍ ထွက်ခွာသွားတော့သည်။
မိုဟန်ကျီကမူ နှုတ်ခမ်းအစုံကို အသာအယာ ကွေးညွတ်ပြုံးရယ်ရင်း သူမနောက်မှ လိုက်ပါသွားလေသည်။
"မင်္ဂလာပါ မစ္စမင်၊ မင်္ဂလာပါ ဥက္ကဋ္ဌမို"
အပြင်ဘက်ရှိ ဝန်ထမ်းများက သူတို့ကို ရိုသေစွာ နှုတ်ဆက်ကြသည်။
"ငါ ကိစ္စရှိလို့ အရင်သွားတော့မယ်၊ အလုပ်ဆင်းချိန်ကျရင် မင်းတို့လည်း အိမ်ပြန်ကြတော့"
မိုဟန်ကျီက ဝန်ထမ်းများကို လျင်မြန်စွာ မှာကြားပြီးနောက် မင်ယွဲ့ ထွက်ခွာသွားရာ လမ်းကြောင်းအတိုင်း လှမ်းလာခဲ့သည်။
မင်ယွဲ့သည် သီးသန့်ဓာတ်လှေကားတံခါးဝတွင် မဆင်းသေးဘဲ ရပ်စောင့်နေသည်မှာ သူ့ကို စောင့်နေခြင်းဖြစ်ကြောင်း သိသာလှသည်။
"သွားကြစို့"
မိုဟန်ကျီသည် သူမအနားသို့ တိုးကပ်သွားပြီး လက်ကို ခိုင်မြဲစွာ ဆုပ်ကိုင်လိုက်ကာ ဓာတ်
လှေကားခလုတ်ကို နှိပ်၍ အတွင်းသို့ ဝင်
ရောက်လိုက်ကြသည်။
"အိုး... တကယ်ကို ကြည်နူးစရာပဲ"
"ရင်တောင် မသက်မသာ ဖြစ်သွားတယ်၊ သူတို့နှစ်ယောက်က တကယ့်ကို လိုက်ဖက်လွန်းတယ်"
"အိုင်ဒေါဒရမ်မာတွေထက်တောင် ပိုလှသေးတယ်၊ ဥက္ကဋ္ဌက သူမလက်ကို ဆွဲသွားတဲ့ပုံစံက တကယ့်ကို အနုပညာဆန်လွန်းတယ်"
ဓာတ်လှေကားတံခါး ပိတ်သွားသည်နှင့် ဝန်ထမ်းများကြားတွင် ဟိုးဟိုးကျော်ကျော် ဖြစ်သွားတော့သည်။
"ရှင် ကားမမောင်းနဲ့တော့၊ ကျွန်မ ကျွေးမယ်လို့ ပြောထားတာပဲ၊ ကျွန်မပဲ မောင်းပို့မယ်"
မင်ယွဲ့သည် ကားမောင်းသူနေရာတွင် တည့်တည့်မတ်မတ် ထိုင်လိုက်သဖြင့် မိုဟန်ကျီမှာမူ ဘေးခုံတွင်သာ ထိုင်လိုက်ရတော့သည်။
"ကျေးဇူးပါပဲ ယွဲ့ယွဲ့ရယ်"
"ကျွန်မကို အထင်သေးနေတာလား၊ ထမင်းတစ်
နပ် ကျွေးတာကို ဘာကျေးဇူးတင်နေဖို့ လိုလို့လဲ"
မိုဟန်ကျီသည် မင်ယွဲ့၏ ဘေးတိုက်ပုံရိပ်လေးကို ကြည့်ရင်း သူ၏ မျက်ခုံးအစုံမှာ နွေးထွေးသော အရိပ်အယောင်များဖြင့် ပြည့်နှက်လာသည်။
"ဒီနေ့ ယွမ်ပေါ့ ကို ခေါ်မလာဘူးလား"
ဟု မင်ယွဲ့က မေးလိုက်သည်။
"မနက်ကတော့ ခေါ်လာမလို့ပဲ၊ ဒါပေမဲ့ အိမ်မှာ အဘွားရှိနေတော့ အဖော်ရအောင် ထားခဲ့လိုက်တာပါ"
ဟု သူက ရှင်းပြသည်။
"ဘာလို့ ဒီလောက်တောင် ပျာပျာသလဲ ရှင်းပြနေတာလဲ၊ ကျွန်မက မေးရုံတင် မေးတာပါ"
မင်ယွဲ့က သာယာစွာ ရယ်မောလိုက်သည်။
"ယွမ်ပေါ့က မင်းရဲ့ အချစ်တော်လေးဆိုတော့ ငါကလည်း အကောင်းဆုံး ဂရုစိုက်ပေးရမှာပေါ့"
ဟု မိုဟန်ကျီက ပွင့်လင်းစွာ ဝန်ခံသည်။
"မှားတယ်"
ကားလေးသည် စားသောက်ဆိုင်တစ်ခု၏ ရှေ့တွင် ရပ်တန့်သွားသည်။
"ဘာမှားလို့လဲ"
မိုဟန်ကျီ ခဏမျှ နားမလည်နိုင် ဖြစ်သွားရသည်။
"ယွမ်ပေါ့က ကျွန်မရဲ့ အိမ်မွေးတိရစ္ဆာန် မဟုတ်ဘူး၊ ကျွန်မရဲ့ မိသားစုဝင် တစ်ယောက်ပဲ"
သူမ၏ ဝိညာဉ်သည် ယွမ်ပေါ့နှင့် တသားတည်း ချိတ်ဆက်ထားသည်မှာ ကြာပြီဖြစ်ရာ သူတို့နှစ်ဦးမှာ ခွဲခြား၍မရသော အစိတ်အပိုင်းများ ဖြစ်နေကြပြီဖြစ်သည်။
"ဒါဆို ယွမ်ပေါ့က ငါ့ရဲ့ မိသားစုဝင်လည်း ဖြစ်တာပေါ့" ဟု ဥက္ကဋ္ဌမိုက စဉ်းစားမနေဘဲ ချက်ချင်း တုံ့ပြန်လိုက်သည်။
"အင်း"
မင်ယွဲ့သည် သူ၏လက်ကို ဆွဲကာ စားသောက်ဆိုင်အတွင်းသို့ ဝင်လှမ်းခဲ့ကြသည်။
စားပွဲတွင် နေရာယူပြီးနောက် သူတို့နှစ်ဦး အစာအမှာစာ ပေးလိုက်ကြသည်။
"အဲဒီမှာ နေဖို့ ဘယ်နှစ်ရက် လိုသေးလဲ"
ဟု မိုဟန်ကျီက မေးသည်။
"လေးရက်ပဲ၊ အားလုံးပြီးရင် ယွမ်ပေါ့ကို လာခေါ်မယ်"
"ငါက အဲဒီလို ဆိုလိုတာ မဟုတ်ပါဘူး၊ ယွမ်ပေါ့က ငါ့ဆီမှာ အမြဲတမ်း နေလို့ရပါတယ်"
သူ့စကားကြောင့် မင်ယွဲ့ အထင်လွဲမည်ကို မိုဟန်ကျီ စိုးရိမ်နေသည်။
"သိပါတယ်၊ ကျွန်မက ယွမ်ပေါ့ကို လွမ်းလို့ ပြောတာပါ"
"ဒါဆို မနက်ဖြန် ယွမ်ပေါ့ကို ခေါ်ပြီး မင်းဆီ လာခဲ့မယ်လေ"
"မလာနဲ့၊ မပင်ပန်းပါနဲ့တော့"
ကုမ္ပဏီကြီးတစ်ခုကို စီမံခန့်ခွဲရသည်မှာ ပင်ပန်းလှသည်ဖြစ်ရာ အသေးအဖွဲကိစ္စလေးများဖြင့် သူ့ကို မပင်ပန်းစေလိုပေ။
သို့သော် မိုဟန်ကျီကမူ ချစ်ရသူနှင့် ရှိနေရလျှင် မည်သည့်အရာမှ မပင်ပန်းဟု စိတ်ထဲမှ ရေရွတ်နေမိသည်။
"ကျွန်မ စကားကို နားထောင်၊ နောက်ရက်ကျမှ ကျွန်မပဲ လာတွေ့မယ်"
မင်ယွဲ့က အမိန့်ပေးသလို လွှတ်ခနဲ ပြောလိုက်
မိသည်။ ပြောပြီးမှသာ တစ်ဖက်လူမှာ သူမ၏ မောင်လေးမဟုတ်ဘဲ ကုမ္ပဏီဥက္ကဋ္ဌကြီး ဖြစ်
နေသည်ကို သတိရလိုက်သည်။
သို့သော် မိုဟန်ကျီကမူ ထိုစကားကို ငြိမ်သက်စွာပင် နာခံလိုက်သည်။ တစ်စုံတစ်ဦး၏ စီမံခန့်ခွဲမှုကို ခံရခြင်းမှာ သူ့အတွက် ပထမဆုံးဖြစ်
သော်လည်း ချစ်ရသူ၏ ဂရုစိုက်မှုကို သူ အလွန်
ပင် ကျေနပ်နေမိသည်။
"ကောင်းကောင်းစားနော်”
မင်ယွဲ့သည် သူအကြိုက်ဆုံး ဟင်းလျာများကို ခွက်ထဲသို့ ထည့်ပေးရင်း တိုးတိုးလေး ဆိုလိုက်
သည်။
"မစ္စတာမို”
သူတို့နှစ်ဦး စားသောက်နေစဉ် အလိုက်မသိသော လူတစ်ဦးက ကြားဖြတ်နှောက်ယှက်လာသည်။
မင်ယွဲ့က ကလောင်ကိုချ၍ ကြည့်လိုက်ရာ မိုဟန်ကျီ၏ မျက်မှောင်ကြုတ်သွားသည်ကို တွေ့လိုက်ရသည်။
"တကယ်ကြီး ခင်ဗျားပဲကိုး၊ ကျွန်တော်က လူမှားသလားလို့"
ဗိုက်ပူပူနှင့် အမျိုးသားတစ်ဦးသည် လှပသော အမျိုးသမီးငယ်တစ်ဦးကို ချီပိုးလျက် လျှောက်လာသည်။ ထိုသူသည် မိုဟန်ကျီထက် အသက်အများကြီး ကြီးသော်လည်း ရိုသေလွန်းသော အမူအရာဖြင့် နှုတ်ဆက်နေခြင်း ဖြစ်သည်။
"ကိစ္စရှိလို့လား ဒါက ကျွန်တော့်ရဲ့ သီးသန့်
အချိန်ပါ၊ အလုပ်အကြောင်း မပြောချင်ဘူး"
မိုဟန်ကျီ၏ စကားမှာ မောင်းထုတ်လိုက်ခြင်းပင် ဖြစ်သည်။
သူသည် လက်ကို သန့်ရှင်းသော တဘက်ဖြင့် သုတ်လိုက်ပြီး မင်ယွဲ့အတွက် ဂဏန်းသားများကို အခွံနွှာကာ သူမ၏ ခွက်ထဲသို့ ဂရုတစိုက် ထည့်ပေးနေသည်။ မင်ယွဲ့ကလည်း စိမ်းသက်ခြင်းမရှိဘဲ တည်ငြိမ်စွာပင် စားသောက်နေလေသည်။
"ရပြီ၊ ရှင်လည်း ကိုယ့်ဘာသာကိုယ် စားပါဦး"
မင်ယွဲ့က တားမြစ်လိုက်သောအခါမှသာ သူလည်း အေးအေးဆေးဆေး စားတော့သည်။
သို့သော် ထိုသူမှာ ရှေ့မှ ဖယ်မသွားသေးပေ။
"မစ္စတာမို... အခုလို ဆုံရတာ ကံကြမ္မာပဲလေ ဒီထမင်းဖိုးကို ကျွန်တော်ပဲ ရှင်းပါရစေ အဲဒီ အရှေ့အိုင် စီမံကိန်းမှာ ကျွန်တော်တို့ကိုလည်း အခွင့်အရေးလေး တစ်ခုလောက် ပေးပါဦးလား"
ထိုသူသည် သိက္ခာထက် အကျိုးအမြတ်ကို ပိုမိုမက်မောနေပုံရသည်။ မိုဟန်ကျီက မော့ကြည့်
လိုက်ပြီး -
"ခင်ဗျားက ဘယ်သူလဲ"
ထိုစကားလုံး သုံးလုံးက အမျိုးသား၏ မျက်နှာကို ဖြတ်ရိုက်လိုက်သကဲ့သို့ ဖြစ်သွားကာ သူ၏ မျက်နှာမှာ ချက်ချင်း နီမြန်းသွားတော့သည်။
"မစ္စတာမို... ပြီးခဲ့တဲ့ အရှေ့အိုင်စီမံကိန်း တင်ဒါခေါ်တုန်းက ကျွန်တော်တို့ ဆုံခဲ့ကြသေးတယ်
လေ"
"အဲဒီတုန်းက လူတွေ အများကြီးပဲဆိုတော့ ကျွန်တော် မမှတ်မိတော့ဘူး၊ တောင်းပန်ပါတယ်"
ထိုသူ၏ မျက်နှာမှာ မည်းမှောင်သွားတော့သည်။
လူအများကြီးဟု ဆိုခြင်းမှာ သူ့ကို အရေးမပါသူဟု သွယ်ဝိုက်ပြောဆိုလိုက်ခြင်းပင်။
"မစ္စတာမို... ကျွန်တော်တို့က စီးပွားဖက်တွေပဲလေ၊ ဒီလောက် မျက်နှာသာလေးတော့ ပေးသင့်ပါတယ်"
ထိုသူသည် စိတ်တိုလာဟန်ဖြင့် အင်္ကျီကြယ်သီးကို ဖြုတ်လိုက်ရာ ကြွက်သားများအစား တက်တူးကြီးတစ်ခုကို မြင်လိုက်ရသည်။ သူသည် တစ်ယောက်တည်း စကားများနေသော်လည်း မိုဟန်ကျီနှင့် မင်ယွဲ့ကမူ သူ့ကို လုံးဝ လျစ်လျူရှုထားကြသည်။
"ခင်ဗျား ကျွန်တော်တို့ ထမင်းစားနေတာကို နှောင့်ယှက်နေပြီ"
မိုဟန်ကျီသည် သူ၏ အစားအသောက်ပျက်စေသော ထိုသူကို ကြည့်ကာ အေးစက်စွာ ဆိုလိုက်သည်။
"ထမင်းဖိုးအတွက် ကျွန်တော် ပိုက်ဆံမရှားပါဘူး၊ အခု ထွက်သွားလို့ ရပါပြီ"
မိုဟန်ကျီသည် ယဉ်ကျေးသူတစ်ဦး ဖြစ်သဖြင့် လူကြားထဲတွင် ရိုင်းစိုင်းစွာ မပြောဆိုလိုသော်လည်း အတော်ပင် ထိန်းချုပ်ထားရပုံပေါ်သည်။
"ညီမလေး... မစ္စတာကျန်းက မစ္စတာမိုနဲ့ မိတ်ဆွေဖွဲ့ချင်ရုံတင်ပါ၊ ညီမလေးကကော ဘယ်လိုထင်လဲ..."
ဘေးမှ အမျိုးသမီးက မင်ယွဲ့အား စကားနူးညံ့သူအထင်ဖြင့် ကြားဝင်ဖြန်ဖြေရန် ကြိုးစားသည်။
"မစ္စတာမိုရဲ့ ကိစ္စတွေကို ကျွန်မ မဆုံးဖြတ်နိုင်
ဘူး"
ဟု မင်ယွဲ့က ပေါ့ပေါ့ပါးပါးပင် တုံ့ပြန်လိုက်
သည်။
"ငါ့ကို ဥက္ကဋ္ဌမိုလို့ မခေါ်ပါနဲ့လို့ ပြောထားတယ်လေ၊ မဟုတ်ရင် အဘွားက ငါ့ကို ဆူလိမ့်
မယ်"
မိုဟန်ကျီသည် ရေတစ်ခွက်ကို ငှဲ့၍ မင်ယွဲ့ရှေ့သို့ အသာအယာ ချပေးလိုက်ရင်း ရင်းနှီးကျွမ်းဝင်မှုကို ပြသလိုက်သည်။ မင်ယွဲ့က သူ့ကို စိုက်ကြည့်လိုက်သည်။ သူ တမင်တကာ လုပ်နေခြင်းမှန်း သူမ သိသည်။
"ဗိုက်ဝပြီလား၊ သွားကြစို့"
မိုဟန်ကျီသည် အရင်ထရပ်လိုက်ပြီး မင်ယွဲ့၏ လက်ကို ဆွဲကာ ငွေရှင်းပြီး ထွက်ခွာသွားတော့သည်။ လမ်းတစ်လျှောက် ထိုလူနှစ်ဦးကို တစ်ချက်ကလေးမျှ လှည့်မကြည့်ခဲ့ပေ။ ဗိုက်ပူပူနှင့် အမျိုးသားမှာမူ ဒေါသထွက်လွန်း၍ တစ်
ကိုယ်လုံး တုန်ရင်နေတော့သည်။
"မစ္စတာကျန်း... စိတ်မဆိုးပါနဲ့ဦး..."
အမျိုးသမီးက သူ့ရင်ဘတ်ကို ပွတ်သပ်ပေးကာ ချော့မြှူသော်လည်း အရှက်ရနေသော အမျိုးသားက သူမကို ငေါက်ငန်းကာ ဒေါသတကြီး ထွက်ခွာသွားလေတော့သည်။
အခန်း (၂၉၃) လုံးဝဥဿုံ အရှုံးပေးခြင်း
တိတ်ဆိတ်သွားသော စားသောက်ဆိုင်အတွင်း၌ ကိုရီးယားအမျိုးသမီးလေးမှာ ရှက်စိတ်နှင့် ဒေါသတို့ ရောပြွမ်းလျက် ကျန်ရစ်ခဲ့တော့သည်။
"ဒီလို ထူးဆန်းတဲ့လူတွေနဲ့ ခဏခဏ တွေ့တတ်သလား"
မင်ယွဲ့သည် ကားကို စတင်မောင်းနှင်ရင်း မေးလိုက်သည်။
"တစ်ခါတလေပါပဲ"
မိုဟန်ကျီသည် ထိုင်ခုံခါးပတ်ကို ပတ်လိုက်ရင်း အေးအေးလူလူ ပြန်ဖြေသည်။
"ဒီည အချိန်ပို အလုပ်လုပ်ဖို့ လိုသေးလား"
သူ အလုပ်များနေတတ်မှန်း သိသဖြင့် မင်ယွဲ့က ကြိုတင်မေးမြန်းခြင်း ဖြစ်သည်။
"အချိန်ပို မလုပ်တော့ဘူး၊ ငါတို့ လျှောက်
လည်ကြတာပေါ့"
သူ့ချစ်သူလေးက ခဲခဲယဉ်ယဉ် လာတွေ့ခြင်းဖြစ်ရာ ထမင်းတစ်နပ်နှင့်တင် လမ်းခွဲရန် သူ မရည်ရွယ်ပေ။ ထို့ကြောင့် နှစ်ဦးသား ညဉ့်နက်သည်အထိ ပျော်ရွှင်စွာ လည်ပတ်ခဲ့ကြပြီးမှ အိမ်သို့ ပြန်လာခဲ့ကြသည်။
"ပြန်လာပြီလား"
မိုအမျိုးသမီးကြီးသည် ဧည့်ခန်း၌ သားဖြစ်သူအပြန်ကို စောင့်ကြိုနေသည်။
"မေမေ... ဘာလို့ အခုထိ မအိပ်သေးတာလဲ"
ဟု မိုဟန်ကျီက မတတ်သာသလို ဆိုသည်။
"နင့်ကို စောင့်နေတာပေါ့ ဒီကလေးရဲ့”
မစ္စတာမိုသည်လည်း မီးဖိုချောင်မှ ရေခွက်ကိုင်လျက် ထွက်လာပြီး သားဖြစ်သူကို မကျေမနပ် ကြည့်သည်။ မိမိတို့က အသိပေးထားပြီးဖြစ်သော်လည်း မိဘများက စိတ်မချနိုင်ကြသေးပေ။
"ယွဲ့ယွဲ့နဲ့ ချိန်းတွေ့ခဲ့တာလား"
ဟု မေမေမိုက သိချင်စိတ်ပြင်းပြစွာ မေးသည်။
မိုဟန်ကျီကမူ အဖြေမပေးဘဲ ပြုံးလျက် အပေါ်ထပ်သို့သာ တက်သွားတော့သည်။
အိမ်ပြန်ရောက်သောအခါ မင်ယွဲ့သည် အနားမယူသေးဘဲ သင်ကြားရေးခန်းအတွင်းသို့ ဝင်ရောက်ကာ ကိုရီးယားအချက်အပြုတ်ပညာကို လေ့လာသည်။
လေ့လာလေလေ သူမအတွက် ရိုးရှင်းလွန်းလှသည်ဟု ခံစားရလေလေ ဖြစ်သည်။ ကိုရီးယားအစားအစာများမှာ ကြက်ကြော်နှင့် ကင်မ်ချီမှလွဲ၍ ထူးထူးခြားခြား မရှိလှပေ။
အွန်လိုင်းပေါ်မှ ဟာသတစ်ခုကဲ့သို့ပင် နိုင်ငံတစ်နိုင်ငံ၏ အကျယ်အဝန်းကို သိလိုလျှင် ၎င်း၏ ဟင်းလျာစာရင်းကို ကြည့်ရုံမျှနှင့် သိနိုင်သည်။
ကိုရီးယား၏ နယ်မြေသယံဇာတမှာ တရုတ်ပြည်၏ ပြည်နယ်တစ်ခုစာပင် မရှိရာ ဟင်းလျာအမျိုးအစား ရှားပါးခြင်းမှာ အဆန်းမဟုတ်ပေ။
မင်ယွဲ့သည် စနစ်၏ ပုံတူစမ်းသပ်ခန်းအတွင်း၌ ကိုရီးယားဟင်းလျာများကို အကြိမ်ကြိမ် လေ့လာကျင့်မှူးသည်။ သူမသည် အဆင့်မြင့် ထမင်းချက်ဆရာတစ်ဦး ဖြစ်ပြီးသားမို့ မည်သည့်ဟင်းလျာကိုမဆို အချိန်တိုအတွင်း တတ်မြောက်နိုင်စွမ်း ရှိသည်။
နောက်တစ်နေ့ ပြိုင်ပွဲကွင်းသို့ ရောက်ရှိလာသောအခါ ကိုရီးယားတို့သည် စနစ်တကျ ဝတ်ဆင်ထားသော စားဖိုမှူးဝတ်စုံများဖြင့် အသင့်ရှိနေကြသည်။
"ယွဲ့ယွဲ့”
ဆူခဲက သူမကို မြင်သည်နှင့် လှမ်းအော်ကာ နှုတ်ဆက်သည်။
“နင်ကတော့ အကောင်းဆုံး ဖြစ်မှာပဲလို့ ငါယုံကြည်တယ်"
ဟု သူမက ဆိုသည်။
မင်ယွဲ့သည် သူမ၏ မျက်ခုံးအစုံကို ပင့်လျက်
"ကျေးဇူးပါ၊ နင့်ကို စိတ်မပျက်စေရဘူး"
ဟု ပြုံးလျက် တုံ့ပြန်လိုက်သည်။
ကိုရီးယားကိုယ်စားလှယ်များမှာ မင်ယွဲ့ကို တစ်လှည့်စီ ကြည့်နေကြသည်။ သူမ ပြန်လည်ယှဉ်ပြိုင်မည်ကို မြင်သောအခါ သူတို့၏ စိတ်ထဲတွင် ဝေခွဲမရ ဖြစ်နေကြသည်။
ဤမျှ ငယ်ရွယ်သူတစ်ဦးက ပညာစုံ တတ်မြောက်နေသည်မှာ မဖြစ်နိုင်ဟု ထင်ကြသော်လည်း ပါရမီရှင်များ ရှိတတ်သည်ဟူသော အသိက သူတို့ကို စိုးရိမ်စေသည်။
ဒိုင်လူကြီးများ နေရာယူပြီးနောက် မဲနှိုက်ကြသည်။ ဟင်းလျာလေးမျိုးမှာ -
၁။ ဂျင်ဆင်း ကြက်စွပ်ပြုတ်
၂။ ကိုရီးယား ခေါက်ဆွဲအေး
၃။ ဒုံဖို ဝက်သားဟင်း
၄။ ယန်ကျိုး ထမင်းကြော် တို့ ဖြစ်ကြသည်။
မင်ယွဲ့သည် စတင်ယှဉ်ပြိုင်လိုက်သည်နှင့် သူမ၏ လှုပ်ရှားမှုများမှာ သေသပ်ကျနလွန်းလှသဖြင့် အကပညာရှင်တစ်ဦး ကပြနေသည့်အလား ချောမွေ့နေသည်။
ပထမဆုံး ဟင်းလျာဖြစ်သော ဂျင်ဆင်း ကြက်
စွပ်ပြုတ်ကို စတင်ချက်ပြုတ်သည်။
ဤဟင်းလျာသည် ကိုရီးယားပိုင်ဟု လူသိများသော်လည်း အမှန်စင်စစ် တရုတ်ပြည် ကွမ်တုန်း အစားအစာမှ ဆင်းသက်လာခြင်း ဖြစ်သည်။ အပူချိန်နှင့် အချိန်ကို တိကျစွာ ထိန်းချုပ်နိုင်မှသာ ကြက်သားနှင့် ဂျင်ဆင်း၏ မူလအရသာကို ဖော်ထုတ်နိုင်သည်။
အချိန်ပြည့်သွားသောအခါ မွှေးကြိုင်လှသော ရနံ့များက ခန်းမအတွင်း ပျံ့လွင့်သွားသည်။ ဒိုင်လူကြီးများသည် မင်ယွဲ့၏ ဟင်းလျာကို မြည်းစမ်းကြည့်ပြီးနောက် သိသိသာသာပင် ကျေနပ်သွားကြသည်။
"မင်းရဲ့ ဟင်းလျာက တော်တော်လေး ကောင်းမွန်ပါတယ် ဒါပေမဲ့ ပြီးပြည့်စုံတယ်လို့ ထင်သွားမှာစိုးလို့ အမှတ် ၉ ပဲ ပေးလိုက်မယ်"
ဟု ဒိုင်လူကြီးတစ်ဦးက မှတ်ချက်ပေးသည်။
သို့သော် ကိုရီးယားပြိုင်ပွဲဝင်တစ်ဦးက မကျေနပ်စွာဖြင့်
“ကျွန်တော် ကန့်ကွက်တယ် ခင်ဗျားက တရုတ်
လူမျိုးမို့ မျက်နှာလိုက်တာ"
ဟု အော်ဟစ်လိုက်သည်။
ဘေးနားရှိ ဆံပင်ရွှေရောင်၊ မျက်လုံးပြာနှင့် နိုင်ငံတကာဒိုင်တစ်ဦးက
“ကျွန်တော် တရုတ်မဟုတ်ဘူး၊ ဒါပေမဲ့ မစ္စမင်ယွဲ့ရဲ့ စွပ်ပြုတ်က ပိုကောင်းတာ အမှန်ပဲ"
ဟု ဒေါသတကြီး ပြန်ပြောသည်။
အငြင်းပွားမှုများ ဖြစ်လာသောအခါ ဒိုင်လူကြီးများက လာရောက်ကြည့်ရှုသူများကို မြည်းစမ်းခွင့် ပေးလိုက်သည်။
သံသယရှိသူ ကိုရီးယားအမျိုးသားသည် မင်ယွဲ့၏ စွပ်ပြုတ်ကို မြည်းကြည့်ပြီးနောက် မျက်နှာပျက်သွားတော့သည်။
"ဒါ... ဒါက ကိုရီးယားဟင်းလေ၊ မင်းက ဘယ်လိုလုပ် ဒီလောက်ကောင်းအောင် ချက်နိုင်တာလဲ"
မင်ယွဲ့သည် ခပ်အေးအေးပင် ပြန်လည်တုံ့ပြန်
လိုက်သည်။
“တစ်ပါးသူရဲ့ ယဉ်ကျေးမှုကို 'ခိုးယူ' တယ်ဆိုတဲ့ စကားလုံးကို သုံးဖို့ ကိုရီးယားထက် ပိုပြီး အရည်အချင်းပြည့်မီတဲ့သူ မရှိပါဘူး ဂျင်ဆင်း ကြက်စွပ်ပြုတ်ဟာ တရုတ်ပြည် ကွမ်တုန်းဟင်းလျာ ဖြစ်ပါတယ် နောက်တစ်ခါ ခိုးယူချင်ရင် သေသေချာချာ ခိုးဖို့ သင်ထားဦး၊ ဟိုမရောက် ဒီမရောက် ပညာနဲ့ကတော့ ရှက်စရာကောင်းပါတယ်"
သူမ၏ ပြတ်သားသော စကားကြောင့် ကိုရီးယားတို့ ဆွံ့အသွားကြရသည်။
ဒိုင်လူကြီးများကလည်း အခြေအနေကို ထိန်းသိမ်းရန်အတွက် -
"နောက်လာမယ့် ဟင်းလျာတွေကိုတော့ ဘယ်သူချက်မှန်း မသိရအောင် အမည်မဖော်ဘဲ မြည်းစမ်းပြီး အမှတ်ပေးသွားမယ်"
ဟု ကြေညာလိုက်သည်။
ဤသည်မှာ သူတို့၏ စွမ်းဆောင်ရည်ကို သံသယရှိသူများအား လုံးဝဥဿုံ အရှုံးပေးသွားစေရန် စနစ်ပြောင်းလိုက်ခြင်းပင် ဖြစ်လေတော့သည်။
အခန်း (၂၉၄) ကျွန်မပဲ ဖြစ်နေပြန်ပြီ
ဒုတိယမြောက် ယှဉ်ပြိုင်ရမည့် ဟင်းလျာမှာ ကိုရီးယား အအေးခေါက်ဆွဲ ဖြစ်သည်။ ဤနေရာတွင် မင်ယွဲ့၏ ဓားရေးပညာမှာ ကြည့်ရှုသူအပေါင်းကို မှင်သက်သွားစေခဲ့သည်။ သူမ လှီးဖြတ်လိုက်သော အမဲသားပြားများမှာ ပုရစ်တောင်ပံကဲ့သို့ ပါးလွှာလွန်းလှပြီး သခွားသီးစိတ်လေးများမှာလည်း ပိုးသားမျှင်လေးများ
အလား သေသပ်လှပလှသည်။
ပြင်ဆင်မှုများအပြီးတွင် မင်ယွဲ့၏ ပါဝင်ပစ္စည်းများမှာ စနစ်တကျ အသင့်ဖြစ်နေပြီ ဖြစ်သည်။
သူမ၏ ဘေးရှိ ကိုရီးယားအမျိုးသားမှာမူ မင်ယွဲ့၏ ကျွမ်းကျင်လှသော လှုပ်ရှားမှုများကို ကြည့်ရင်း စိတ်တည်ငြိမ်မှုများ ပြိုကွဲကာ တစ်ကိုယ်လုံး တုန်ရင်လာတော့သည်။ ဤဟင်းလျာသည် မင်ယွဲ့အတွက် မခဲယဉ်းလှသော်လည်း တစ်ဖက်လူအတွက်မူ ကြီးမားသော ဖိအားတစ်ခု ဖြစ်နေသည်။
ဟင်းလျာများကို အမည်မဖော်ဘဲ တင်ဆက်လိုက်သောအခါ ဒိုင်လူကြီးများက တစ်ခုချင်းစီကို စေ့စပ်စွာ မြည်းစမ်းကြသည်။
"ဒါကတော့ အကောင်းဆုံးပဲ၊ စွပ်ပြုတ်က အရသာ ပြည့်စုံသလို ခေါက်ဆွဲသားကလည်း အိစက်ညက်ညောနေတာပဲ"
ရလဒ်ထွက်ပေါ်လာသောအခါ ကိုရီးယားတို့ လုံးဝ မျက်နှာပျက်သွားကြရသည်။
"ကျွန်တော်က ကိုရီးယားလူမျိုးပဲ၊ အအေးခေါက်ဆွဲက ငါတို့နိုင်ငံရဲ့ အစစ်အမှန် အရသာခင်ဗျားတို့ရဲ့ အရသာခံစားမှုက မှားနေပြီ၊ ဒီရလဒ်ကို ကျွန်တော် လက်မခံနိုင်ဘူး"
ဟု ကိုရီးယားပြိုင်ပွဲဝင်က အရှက်ပြေ အော်ဟစ်သည်။
"ကိုရီးယား အအေးခေါက်ဆွဲက ကိုရီးယားဟာ ဖြစ်နိုင်ပေမဲ့ ကောင်းမွန်တဲ့ အစားအသောက်ဆိုတာကတော့ တစ်ကမ္ဘာလုံးနဲ့ ဆိုင်ပါတယ် ဒါက အချက်အပြုတ် စွမ်းရည်ပြိုင်ပွဲ ဖြစ်တဲ့အတွက် ဘယ်သူက အကောင်းဆုံး အရသာကို ဖော်
ဆောင်နိုင်သလဲဆိုတာကပဲ အဓိကပါ"
ဟု ဒိုင်လူကြီးများက တည်ငြိမ်စွာ တုံ့ပြန်သည်။
ကိုရီးယားလူငယ်က ဆက်လက်ငြင်းခုံရန် ပြင်သော်လည်း ဒိုင်လူကြီးတစ်ဦးက ပြတ်သားစွာပင် -
"ရှုံးနိမ့်မှုကို အသိအမှတ်မပြုဘဲ ငြင်းခုံနေတာဟာ အနိုင်မခံ အရှုံးမပေးတတ်တဲ့ ကလေးတစ်ယောက်ရဲ့ အပြုအမူမျိုးပဲ ဒါဟာ တကယ့်ကို ရှက်စရာကောင်းပါတယ်"
ဟု အဆုံးသတ်လိုက်သည်။
ထို့နောက် မင်ယွဲ့ကို အမှတ်ပြည့် ၁၀ မှတ် ပေးလိုက်ရာ ကိုရီးယားတို့မှာ ခေါင်းမူးနောက်သွားကြရသည်။
မိမိတို့၏ ကိုယ်ပိုင်ဟင်းလျာနှစ်မျိုးစလုံးတွင် ရှုံးနိမ့်ခဲ့ရသဖြင့် ကျန်ရှိသည့် တရုတ်ဟင်းလျာများတွင် အနိုင်ရရန်မှာ ပို၍ပင် မဖြစ်နိုင်တော့ပေ။
မျှော်လင့်ထားသည့်အတိုင်းပင် ဒုံဖိုဝက်သားဟင်းနှင့် ယန်ကျိုးထမင်းကြော် ပြိုင်ပွဲများမှာ မင်ယွဲ့အတွက် သူမ၏ စွမ်းဆောင်ရည်ကို ထုတ်ဖော်
ပြသရသည့် စင်မြင့်တစ်ခုကဲ့သို့ ဖြစ်နေသည်။
ဒယ်အိုးကို မြှောက်၍ လှန်လိုက်တိုင်း ပါဝင်ပစ္စည်းများမှာ လေထဲတွင် ဝဲပျံနေကြပြီး သူမ၏ သွက်လက်သော လှုပ်ရှားမှုများမှာ ရုပ်ရှင်တစ်ကားကို ကြည့်နေရသကဲ့သို့ ခမ်းနားလှသည်။
အချက်အပြုတ်ကဏ္ဍတွင် မင်ယွဲ့သည် နံပါတ်တစ်ဆုကို ထိုက်ထိုက်တန်တန် ဆွတ်ခူးသွားခဲ့သည်။
သူမသည် အောင်နိုင်သူဖြစ်သော်လည်း မောက်မာခြင်းမရှိဘဲ အေးချမ်းစွာပင် ရှိနေသည်။ နိုင်ငံခြားရေးဝန်ကြီးဌာနမှ လူကြီးများကမူ မင်ယွဲ့ကဲ့သို့သော ပါရမီရှင်တစ်ဦးကို မိမိတို့ဝန်ကြီးဌာနသို့ မဝင်ရောက်လိုခြင်းအတွက် အလွန်ပင် နှမြောတသ ဖြစ်နေကြရသည်။
မွန်းလွဲပိုင်းတွင် ပြိုင်ပွဲမရှိသဖြင့် ကိုရီးယားအဖွဲ့သားများမှာ ဟိုတယ်၌သာ အနားယူကြသည်။
"ပြိုင်ပွဲ ၆ ခုမှာ ၃ ခု ရှုံးသွားပြီ၊ ကျန်တဲ့ ၃ ခုကိုတော့ အနိုင်ရမှ ဖြစ်မယ်"
ဟု ကိုရီးယားအဖွဲ့ခေါင်းဆောင်က မည်းမှောင်သော မျက်နှာဖြင့် ဆိုလိုက်သည်။
သူတို့သည် တရုတ်ပြည်သို့ အရှက်ရရန် လာခဲ့ကြခြင်း မဟုတ်ပေ။
နောက်တစ်နေ့တွင် မင်ယွဲ့သည် ကိုရီးယားတို့နှင့် ပြန်လည်ဆုံတွေ့သောအခါ သူတို့သည် မနေ့က စိတ်ဓာတ်ကျနေသည့် ပုံစံမျိုး မဟုတ်တော့ဘဲ အားသစ်လောင်းထားသည့်ပုံစံဖြင့် နိုးကြားနေကြသည်။
"ဒီနေ့တော့ ငါတို့ ဧကန်အမှန် အနိုင်ရလိမ့်မယ်"
ဟု ကိုရီးယားအမျိုးသားတစ်ဦးက မင်ယွဲ့ကို စိန်ခေါ်လိုက်သည်။
မင်ယွဲ့က အေးအေးဆေးဆေးပင် ပြုံးလိုက်ရင်း -
"ဒီနေ့လည်း ကျွန်မပဲ ဖြစ်နေပြန်ပြီ၊ ရှင်တို့ရဲ့ အောင်ပွဲကို မျှော်လင့်နေပါ့မယ်"
ဟု သူမက ဆိုလိုက်သည်။
ထိုစကားမှာ နတ်ဆိုးတစ်ပါး၏ တိုးတိုးလေး ကပ်ပြောလိုက်သော စကားသံကဲ့သို့ပင် ကိုရီးယားလူငယ်၏ ခြေထောက်များကို တုန်ရင်သွားစေသည်။
ယနေ့ပြိုင်ပွဲမှာ စီးပွားရေးဆိုင်ရာ စွမ်းဆောင်ရည် ပြိုင်ပွဲဖြစ်သည်။ ၎င်းကို အထူးပြုလုပ်ထားသော စနစ် system နေရာအတွင်း၌ ယှဉ်ပြိုင်ရမည် ဖြစ်သည်။
တရုတ်ဘက်မှ ချမ်းသာသော မိသားစုမှ လူငယ်တစ်ဦးက မင်ယွဲ့နှင့်အတူ ပါဝင်
ယှဉ်ပြိုင်သည်။
"ယွဲ့ယွဲ့... စိတ်မပူနဲ့ ငါက မိသားစုလုပ်ငန်းကို အမွေမဆက်ခံရသေးပေမဲ့ ငယ်ငယ်ကတည်းက ဒါမျိုးတွေကို မြင်ဖူးသင်ဖူးပါတယ်"
ဟု ထိုလူငယ်က ရင်ဘတ်ကို ပုတ်ကာ အားပေးသည်။
စနစ်အတွင်းသို့ ဝင်ရောက်လိုက်သောအခါ တစ်ဦးလျှင် အရင်းအနှီး ယွမ်တစ်သန်းစီဖြင့် စတင်ရသည်။ ၎င်းမှာ ပြင်ပကမ္ဘာနှင့် မခြားနား
ဘဲ အရောင်းအဝယ်များမှာ ပိုမိုမြန်ဆန်လှသည်။
မင်ယွဲ့သည် စနစ်အတွင်းသို့ ဝင်ရောက်လိုက်သည်နှင့် အချိန်ဆိုင်းခြင်းမရှိဘဲ အလျင်အမြန်ပင် ဝယ်ယူခြင်း၊ ရောင်းချခြင်းနှင့် ပြန်လည်ဝယ်ယူခြင်းများကို ပြုလုပ်တော့သည်။ သူမ၏ လှုပ်ရှားမှုများမှာ လျင်မြန်လွန်းသဖြင့် ဘေးမှကြည့်နေသူများမှာ ရလဒ်ကိုသာ စောင့်ကြည့်နေကြရသည်။
"ဒီတစ်ခါတော့ ငါတို့ နိုင်ပြီဟေ့ ဂျင်မှာ အခု ယွမ်သုံးသန်း ရှိနေပြီ၊ တရုတ်ဘက်ကတော့ အများဆုံးရှိမှ နှစ်သန်းပဲ"
ဟု ကိုရီးယားတို့က ဝမ်းသာအားရ ဆိုကြသည်။
"မင်ယွဲ့တော့ နောက်ဆုံးမှာ အရေးနိမ့်သွားပြီ။ သူဌေးလေး ဂျင်က ငါတို့အတွက် ကလဲ့စားချေပေးလိုက်ပြီ"
"သူ့ကို တော်လှပြီ ထင်နေတာ၊ အခုတော့ လက်ကျန်ငွေ တစ်သိန်းပဲ ရှိတော့တယ် မကြာခင် ဒေဝါလီခံရတော့မှာပဲ"
သို့သော်လည်း မင်ယွဲ့သည် သူမ၏ လက်ကျန်ငွေ တစ်သိန်းကို ကြည့်ရင်း မည်သည့်စိုးရိမ်မှုမျှ မရှိဘဲ တည်ငြိမ်စွာပင် သူမ၏ နောက်ဆုံး တိုက်
ကွက်ကို ပြင်ဆင်နေလေတော့သည်။
အခန်း (၂၉၅) ရှုံးနိမ့်မှုကို အောင်ပွဲအဖြစ် ပြောင်းလဲခြင်း
စနစ်အတွင်း၌ ကိုရီးယားအဖွဲ့၏ ရပိုင်ခွင့်ပိုင်ဆိုင်မှုများမှာ လျင်မြန်စွာ တိုးပွားလာနေပြီး သူတို့၏ မျက်နှာထက်မှ အပြုံးများမှာလည်း ပိုမိုကျယ်ပြန့်လာသည်။ တစ်ဖက်တွင်မူ တရုတ်
အဖွဲ့၏ လေထုမှာ တင်းမာမှု အရှိန်အဟုန် မြင့်
တက်လာတော့သည်။
"ဒီတစ်ခါတော့ တကယ်ပဲ ရှုံးတော့မှာလား"
"ခဏလောက် စောင့်ကြည့်ပါဦး မင်ယွဲ့ရဲ့ ပုံစံက ရှုံးမယ့်သူနဲ့ မတူဘူး တစ်ခုခု ကြိုတင်
ပြင်ဆင်ထားတာ ရှိမှာပါ"
"ကျန့်ယွန်းလည်း အစွမ်းပြနေတာပဲ ရန်ပုံငွေတွေ တက်လာနေပြီ အဆုံးထိ စောင့်ကြည့်ကြတာပေါ့"
တရုတ်အဖွဲ့သားများမှာ စိတ်ဓာတ်မကျဘဲ မျှော်လင့်ချက်အလင်းတန်းလေးကို ဆုပ်ကိုင်ထားကြဆဲ ဖြစ်သည်။
ကိုရီးယားလူငယ်ကမူ မင်ယွဲ့၏ လက်ကျန်ငွေများ တဖြည်းဖြည်း လျော့နည်းလာသည်ကို ကြည့်ရင်း အလွန်ပင် ကျေနပ်အားရနေသည်။
လွန်ခဲ့သော ရက်အနည်းငယ်အတွင်း မင်ယွဲ့မှာ သူတို့ရှေ့တွင် ကျော်ဖြတ်၍မရသော တောင်ကြီးတစ်လုံးကဲ့သို့ ရှိနေခဲ့ပြီး သူတို့၏ အသက်ရှူနှုန်းကိုပင် ထိန်းချုပ်ထားနိုင်ခဲ့သည်။
မင်ယွဲ့ ရှိနေသရွေ့ သူတို့အတွက် အောင်နိုင်ခြေ မရှိဟု ခံစားခဲ့ရသော စိတ်ပိုင်းဆိုင်ရာ အတားအဆီးကို ယနေ့တွင် ကျော်ဖြတ်နိုင်တော့မည်ဟု သူတို့ ယုံကြည်နေကြသည်။
သို့သော်လည်း သူတို့၏ ပျော်ရွှင်မှုမှာ ခဏတာမျှသာ ဖြစ်ခဲ့သည်။
"ကြည့်လိုက်ဦး မင်ယွဲ့ရဲ့ ရန်ပုံငွေတွေ အရှိန်အဟုန်နဲ့ တက်လာပြီ”
ဆူခဲက စိတ်လှုပ်ရှားစွာဖြင့် ခုန်ပေါက်
အော်ဟစ်လိုက်သည်။
ခန်းမအတွင်းရှိ ပန်နယ်လ်မျက်နှာပြင်ပေါ်တွင် လူတိုင်း၏ ကွန်ပျူတာ လုပ်ဆောင်ချက်များကို ပြသနေသည်။
"မင်ယွဲ့က ကုမ္ပဏီတစ်ခုကို မှတ်ပုံတင်လိုက်တာပဲ"
သူမသည် လူတိုင်း မထင်မှတ်ထားသော နေရာမှ ခြေလှမ်းသစ်များကို စတင်လေ့ရှိသည်။
"အခုမှ ကုမ္ပဏီထောင်တာ ဘာထူးမှာလဲ"
ဟု ကိုရီးယားတို့က အယုံအကြည်မရှိစွာ ဆိုကြသည်။
သို့သော်လည်း မင်ယွဲ့သည် သူတို့အားလုံးကို အံ့အားသင့်စေခဲ့သည်။ နောက်ဆုံးမိနစ်ပိုင်းသို့ ရောက်သောအခါ သူမ၏ ရန်ပုံငွေများမှာ ဒုံးပျံကဲ့သို့ မြင့်တက်သွားတော့သည်။
တစ်သန်း... လေးသန်း... ရှစ်သန်း... မှသည် နောက်ဆုံးတွင် သန်းနှစ်ရာအထိ ရောက်ရှိသွားသည်။
"သန်းနှစ်ရာ ငါ ဘာကို မြင်နေရတာလဲ သန်းနှစ်ရာတဲ့လား”
ပြိုင်ပွဲဝင်နေသူများပင် အံ့သြလွန်းသဖြင့် လက်ရှိအလုပ်များကို ရပ်တန့်ကာ စခရင်ကြီးကို မော့ကြည့်မိကြသည်။
မင်ယွဲ့ကမူ အလုပ်အားလုံးကို ရပ်တန့်လိုက်ပြီး ထိုင်ခုံတွင် အေးအေးလူလူ မှီထိုင်လျက် ကျန်ရှိသော ၂ မိနစ်ကို စောင့်ကြည့်နေသည်။ အခြားသူများမှာ စတော့ရှယ်ယာများနှင့် ရင်းနှီးမြှုပ်နှံမှုများကြားတွင် လုံးပန်းနေရဆဲဖြစ်သော်လည်း သူမကမူ ဂိမ်းအတွင်းမှ ကြိုတင်နုတ်ထွက်ကာ အကဲခတ်သူအဖြစ်သို့ ရောက်ရှိနေပြီ ဖြစ်သည်။
"ပြိုင်ပွဲ ပြီးဆုံးပါပြီ အမြင့်ဆုံးရမှတ်ကို တရုတ်အဖွဲ့မှ မင်ယွဲ့က virtual coin သန်း ၂၀၀ ဖြင့် ရရှိသွားပါတယ်"
ကိုရီးယားအဖွဲ့မှာ ဒေါသထွက်လွန်းသဖြင့် ကီးဘုတ်များကိုပင် လွှတ်ပစ်လိုက်ကြသည်။
သူတို့၏ အမြင့်ဆုံးရမှတ်မှာ သန်း ၅၀ သာရှိရာ ကွာဟချက်မှာ ကြီးမားလွန်းလှသည်။ မင်ယွဲ့သည် မတ်တပ်ရပ်လိုက်ပြီး တည်ငြိမ်သောအမူအရာဖြင့် သူငယ်ချင်းပီသစွာ လက်ဝှေ့ယမ်းပြလိုက်သည်။ သို့သော် ထိုအပြုအမူမှာ ကိုရီးယားတို့အတွက်မူ ဗြောင်ကျကျ စော်ကားလိုက်
ခြင်းပင်။
"ယွဲ့ယွဲ့... နင်ကတော့ တကယ့်ကို အံ့မခန်းပဲ”
မင်ယွဲ့သည် အေးချမ်းစွာ ပြုံးလိုက်သည်။
သူမသည် သင်ကြားရေးခန်းမအတွင်း၌ စီးပွားရေးစစ်ပွဲပေါင်းများစွာကို ကျော်ဖြတ်ခဲ့သူဖြစ်ရာ ယခုကဲ့သို့ အသေးစား ယှဉ်ပြိုင်မှုမျိုးမှာ သူမအတွက် ကလေးကစားစရာမျှသာ ဖြစ်သည်။
"နှစ်ယောက်လုံး တော်ကြပါတယ်"
ဟု အဖွဲ့ခေါင်းဆောင်က မင်ယွဲ့နှင့် ကျန့်ယွန်းတို့၏ ပခုံးကို ပုတ်ကာ အားပေးသည်။
ကျန့်ယွန်းသည်လည်း သန်း ၄၈ သန်းအထိ ရရှိခဲ့သဖြင့် မညံ့လှပေ။
ကိုရီးယားတို့မှာမူ အရှက်တကွဲ ဖြစ်ခဲ့ရသဖြင့် အမျက်ချောင်းချောင်း ထွက်နေကြသည်။
"နောက်လာမယ့် ပြိုင်ပွဲတွေမှာ မင်ယွဲ့ မပါတော့ဘူးဆိုတာ သေချာလား"
ဟု ကိုရီးယားအဖွဲ့ခေါင်းဆောင်က မေးသည်။
"သေချာပါတယ်၊ သူက လက်ဖက်ရည်၊ အချက်အပြုတ်နဲ့ စီးပွားရေး... ဒီသုံးခုမှာပဲ ပါဝင်တာပါ"
ဟု အဖွဲ့ဝင်တစ်ဦးက အတည်ပြုသည်။
"ငါတို့ ၆ ပွဲမှာ ၄ ပွဲ ရှုံးခဲ့ပြီ ကျန်တဲ့ ၂ ပွဲကိုတော့ ဘယ်လိုနည်းနဲ့ဖြစ်ဖြစ် အနိုင်ရမှ ဖြစ်မယ် ဒါဟာ နိုင်ငံရဲ့ သိက္ခာပဲ နားလည်လား"
ကိုရီးယားတို့ဘက်တွင် တင်းမာစွာဖြင့် မဟာဗျူဟာများ ချမှတ်နေချိန်တွင် တရုတ်အဖွဲ့သားများမှာမူ ဟော့ပေါ့ဆိုင်တစ်ခု၌ အောင်ပွဲခံနေကြပြီ ဖြစ်သည်။
"ပြိုင်ပွဲ ၆ ခုမှာ ၄ ခု အနိုင်ရခဲ့တာဟာ အားလုံးရဲ့ ကြိုးစားမှုကြောင့်ပါ အထူးသဖြင့် မင်ယွဲ့ရဲ့ စွမ်းဆောင်ရည်က အံ့မခန်းပါပဲ အားလုံးအတွက် ဂုဏ်ပြုပါတယ်"
တာဝန်ရှိသူက ခွက်ကို မြှောက်ကာ ဂုဏ်ပြုစကား ဆိုလိုက်သည်။
မင်ယွဲ့ကလည်း သူမ၏ ဖျော်ရည်ခွက်ကို မြှောက်လိုက်ရင်း -
"ဒါဟာ ကျွန်မ လုပ်သင့်လုပ်ထိုက်တဲ့ အရာပါ၊ အားလုံးကို လေးစားပါတယ်"
ဟု ပြုံးလျက် ပြန်လည်တုံ့ပြန်လိုက်လေသည်။