အခန်း (၃၂၁-၃၂၅)
Vol. 33 Ch. 321-325
အခန်း (၃၂၁) ငါ့အလှည့်ပဲ
မိုဟန်ကျီသည် မိမိကိုယ်မိမိ ကောင်းစွာသိရှိနားလည်ထားသူဖြစ်သည်။ အကယ်၍ သူသာ ကိုယ်တိုင်ဝင်ပြိုင်လျှင် သူတို့ဘက်က အရှုံးနှင့်သာ ရင်ဆိုင်ရမည်မှာ အမှန်ပင်။
"ငါက မင်းကို အနိုင်ကျင့်တယ်လို့ မပြောပါနဲ့၊ မင်းကိုယ်စား ဝင်ပြိုင်ပေးမယ့်သူ တစ်ယောက်ယောက်ကို ရှာလို့ရပါတယ်"
ကျန်ယီသည် မျက်လုံးများကို ဖွင့်လိုက်ပြီး မာန်ဝံ့သော အမူအရာဖြင့် စိုက်ကြည့်နေသည်။
ပြိုင်ကားအကြောင်း ပြောသည့်အခါတိုင်း သူ၏ ပုံစံမှာ တောက်ပထက်မြက်သွားလေ့ရှိသည်။ မိုဟန်ကျီ၏ မျက်နှာထားမှာ အနည်းငယ် ပြေလျော့သွား၏။ အစားထိုး ပြိုင်ပေးမည့်သူ ရှာတွေ့နိုင်ခြင်းမှာ စိတ်သက်သာရာရစရာပင်။
"ဒါဆိုရင် ရက်ချိန်းတစ်ခု..."
"ကျွန်မ ပြိုင်မယ်”
ကျန်ယီ၏ စကားမှာ ကြားဖြတ်ခြင်း ခံလိုက်ရသဖြင့် သူသည် အံ့အားသင့်စွာဖြင့် လှမ်းကြည့် လိုက်သည်။
မိုဟန်ကျီသည်လည်း မေးခွန်းများ ပြည့်နှက်နေသည့် မျက်ဝန်းများဖြင့် မင်ယွဲ့ကို လှည့်ကြည့်မိသည်။ ဘေးပတ်ဝန်းကျင်ရှိ လူများသည်လည်း မင်ယွဲ့ကို အကဲခတ်နေကြသည်။
အချို့က သံသယဖြင့်၊ အချို့က မခန့်လေးစားဖြင့်၊ အချို့ကလည်း အထင်အမြင်သေးစွာဖြင့်...။
မင်ယွဲ့မှာမူ ထိုအကြည့်ပေါင်းစုံကြားတွင် စကားတစ်လုံးမှ မပြောခဲ့သည့်အလား တည်ငြိမ်
အေးဆေးနေဆဲပင်။
"မင်းလား”
ကျန်ယီက အမျိုးသမီးများကို အထင်သေးတတ်သူမဟုတ်သော်လည်း မင်ယွဲ့ကို ကြည့်ရသည်မှာ ပြိုင်ကားစီးသည့် အတွေ့အကြုံရှိပုံ မပေါ်သည့်အပြင် အပြင်ထွက်သည့်အခါမှာပင် ပန်ဒါအရုပ်လေးကို ပွေ့ချီထားသူဖြစ်နေသည်။
သူသည် ထိုပန်ဒါရုပ်လေးကို ထပ်မံကြည့်မိပြန်သည်၊ ကြည့်ရသည်မှာ အတော်ပင် လက်ရာမြောက်လှပေသည်။
မိုဟန်ကျီမှာမူ မင်ယွဲ့သည် အခြေအမြစ်မရှိဘဲ ပြောမည့်သူမဟုတ်ကြောင်း သိထားသဖြင့် သူမ ပြိုင်ကားမောင်းတတ်သည်ကို သိလိုက်ရ၍ ဝမ်းသာအားရ ဖြစ်သွားရုံသာရှိပြီး အပိုပြောနေသည်ဟု လုံးဝ မသံသယဖြစ်မိပေ။ မနေ့က မင်ယွဲ့သည် ပြိုင်ကားကြည့်ရန် အဘယ်ကြောင့် ဤမျှ စိတ်ဝင်တစားရှိခဲ့သည်ကို ယခုမှ နားလည်သွားတော့သည်။
"ကျွန်မ မပြိုင်ရဘူးလား”
မင်ယွဲ့က သူမ၏ မျက်ခုံးတန်းလေးများကို အနည်းငယ် ပင့်လိုက်ရာ သူမ၏ တားဆီး၍မရသော ရဲရင့်ပြတ်သားသည့် သဘာဝမှာ ပေါ်လွင်လာသည်။
"အော်... ဟုတ်ပါပြီ၊ ရတာပေါ့”
သူမ၏ ယုံကြည်ချက်အပြည့်နှင့် တက်ကြွလှုပ်ရှားနေသော အသွင်အပြင်မှာ ကျန်ယီကို နာမည်ကြီး ပြိုင်ကားသမားအချို့နှင့်ပင် မှားယွင်းသွားစေသည်။
"ဒီကိုလည်း ရောက်နေပြီဆိုတော့၊ ဒီနေ့ပဲ ပြိုင်ကြမလား”
"ရတယ်လေ"
ရောက်ရှိနေသူများသည် ဖြစ်ပျက်နေသည်များကို တစ်ဦးမျက်နှာ တစ်ဦးကြည့်ကာ အံ့သြနေကြသည်။
"မင်း တကယ်ပဲ ပြိုင်မှာလား”
မိုဟန်ကျီက တိုးညှင်းသော အသံဖြင့် မေးလိုက်သည်။
ပြိုင်ကားမောင်းခြင်းသည် အန္တရာယ်ရှိသော အားကစားတစ်ခုဖြစ်ရာ သူသည် မင်ယွဲ့၏ ဘေးကင်းရေးကိုသာ ပထမဦးစားပေးသည်။ လိုအပ်ပါက အခြား ကျွမ်းကျင်ပြိုင်ကားသမားများကို ငွေပေး၍ ငှားရမ်းပေးနိုင်သည်။
"ကျွန်မကို ယုံပါ"
မင်ယွဲ့က သူ၏လက်ကို ခပ်ဖွဖွ ညှစ်လိုက်သည်။
“ကဲ... သွားကြစို့”
သူတို့နှစ်ဦး၏ နီးကပ်မှုကို မြင်တွေ့ရသော ကျန်ယီသည် ဆက်၍ မကြည့်ချင်တော့သဖြင့် တည်ကြည်စွာ ထရပ်ကာ လှည့်ထွက်သွားတော့သည်။
မိုဟန်ကျီနှင့် မင်ယွဲ့တို့ကလည်း နောက်မှ လိုက်ပါသွားကြသည်။ အခြားသူများမှာမူ ဤထူးခြားသော ပြိုင်ပွဲကို ကြည့်ရှုရန် စိတ်အားထက်သန်စွာဖြင့် နောက်မှ ပါလာကြ၏။
ထိုအချိန်တွင် ယွမ်ပေါ့သည် နိုးလာပြီး မျက်လုံးလေးများကို ဖွင့်လိုက်သည်။
"ပန်ဒါ အစစ်ကြီးပါလား”
ကျန်ယီ လှည့်ကြည့်လိုက်ရာ ချစ်စရာကောင်းသော မျက်ဝန်းလေးများနှင့် ဆုံလိုက် သဖြင့် အံ့သြသွားရသည်။
သူသည် အလွန်အမင်း စိတ်လှုပ်ရှားသွားပြီး ခုန်မတတ် ဖြစ်သွားရ၏။ သူ၏လက်များသည် ထိုအကောင်လေးကို ထိတွေ့ကိုင်တွယ်ချင်စိတ်ဖြင့် ယားကျိကျိ ဖြစ်လာသည်။
အခြားသူများသည်လည်း ရပ်တန့်သွားကြပြီး မိုဟန်ကျီ၏ ခန့်ညားအေးစက်သော အသွင်အပြင်ကြောင့် အနည်းငယ် ကြောက်ရွံ့နေမိသည်။
သူတို့သည် မင်ယွဲ့နှင့် ယွမ်ပေါ့ကို မချဉ်းကပ်ရဲဘဲ အဝေးကသာ ငေးမောကြည့်ရှုနေကြသည်။ အရုပ်အစစ်ဟု ထင်မှတ်ထားခဲ့သော်လည်း အမှန်တကယ် သက်ရှိဖြစ် နေသည်မှာ မယုံနိုင်စရာပင်။
သူတို့၏ ကြမ်းတမ်းသော ပုံစံများကို ကြည့်၍ မဆုံးဖြတ်ပါနှင့်၊ သူတို့သည်လည်း ချစ်စရာကောင်းသော ပန်ဒါလေးများကို မြင်လျှင် စိတ်ဓာတ်ပျော့ညောင်းသွားတတ်ကြသူများသာ ဖြစ်သည်။
"ဒါက ခွေးလေးပါ"
မင်ယွဲ့သည် စိတ်ဝင်တစား ကြည့်နေကြသူများကို အားနာနာဖြင့် ရှင်းပြလိုက်သည်။
"ပွေ့ကြည့်လို့ ရမလား”
ပန်ဒါပဲဖြစ်ဖြစ်၊ ခွေးပဲဖြစ်ဖြစ် အရင်ဆုံး ပွေ့ချီကြည့်ချင်စိတ်က ကျန်ယီကို စိုးမိုးနေသည်။
သူသည် စောစောက မာန်ဝံ့နေသော လူငယ်လေးနှင့် လုံးဝ မတူတော့ဘဲ မိမိနှစ်သက်သည့်အရာကို ရလိုသော ခွေးပေါက်လေးတစ်ကောင်ကဲ့သို့ ဖြစ်နေသည်
မင်ယွဲ့က ကြောင်တောင်တောင် ဖြစ်နေသော ယွမ်ပေါ့ကို ငုံ့ကြည့်လိုက်သည်။
"ရတာပေါ့"
ယွမ်ပေါ့ ငြင်းဆန်ချိန်ပင် မရလိုက်ဘဲ အခြားသူတစ်ဦး၏ လက်ထဲသို့ ရောက်ရှိသွားတော့သည်။
ကျန်ယီသည် ယွမ်ပေါ့ကို ပွေ့ချီထားရင်း အနည်းငယ် အနေရခက်သလို ဖြစ်နေသော်လည်း ခဏအကြာတွင် သက်တောင့်သက်သာရှိသော အနေအထားကို ရှာဖွေတွေ့ရှိသွားသည်။ သူသည် အလွန်ပျော်ရွှင်စွာဖြင့် ယွမ်ပေါ့၏ အမွေးလေးများကို ပွတ်သပ်နေမိသည်။
ယွမ်ပေါ့သည် ရုန်းကန်ရန် ပြင်ဆင်နေစဉ်တွင်ပင် စနစ်အတွင်း၌ မုန့်ထုပ်ကြီးများ ကျလာသော အသံကို ကြားလိုက်ရသဖြင့် ငြိမ်ကျသွားသည်။
【အား... ယွဲ့ယွဲ့က အကောင်းဆုံးပဲ】
ယွမ်ပေါ့သည် အလွန်ပျော်သွားသဖြင့် မျက်လုံးလေးများမှာ ပို၍ ဝိုင်းစက်သွားသည်။ ကျန်ယီကမူ ယွမ်ပေါ့သည် သူ၏ အကိုင်အတွယ်ကို သဘောကျသည်ဟု ထင်ကာ ပို၍ ဝမ်းသာသွားတော့သည်။
"အစ်ကိုကျန်၊ လမ်းကြောင်း ရှင်းပြီးပါပြီ"
မိမိ၏ အရှင်သခင်မှာ ပုံမှန်နှင့် မတူဘဲ ပြောင်းလဲနေသည်ကို မြင်ရသော တပည့်ဖြစ်သူက သတိပေးရန် ရှေ့သို့ တိုးလာသည်။
"ဟမ်း... ဟမ်း..."
ကျန်ယီက ချောင်းနှစ်ချက် ခပ်ဖွဖွ ဟန့်လိုက်ပြီး မျက်နှာကို ချက်ချင်း ပြန်လည် တည်ကြည် အောင် လုပ်လိုက်သော်လည်း ယွမ်ပေါ့ကို ပွတ်
သပ်နေခြင်းကိုမူ မရပ်တန့်ခဲ့ပေ။
"သွားကြစို့၊ ဟိုဘက်မှာ အားလုံး အဆင်သင့် ဖြစ်နေပြီ"
မင်ယွဲ့သည် ပြိုင်ကွင်းကို မြင်လိုက်ရသည်။
၎င်းမှာ အဆင့်မြင့်လွန်းသော ကွင်းမျိုး မဟုတ်သော်လည်း တောတောင်များကြားတွင် လွတ်လပ်ပေါ့ပါးသော ခံစားမှုကို ပေးစွမ်းနေသည်။ လူငယ်များ၏ စိတ်အားထက်သန်မှုမှာ ဤနေရာကို သက်ဝင်လှုပ်ရှားစေပြီး တောင်တန်းများကြားတွင် ဆူညံသံများ ပျံ့လွင့်နေ၏။
"သူတို့က ကျွမ်းကျင်ပြိုင်ကားအဖွဲ့တွေပါ၊ ကျွန်တော် သူတို့ကို အပျော်တမ်း ပြိုင်ဖို့ ဖိတ်ထားတာ"
ယွမ်ပေါ့ကြောင့် ကျန်ယီ၏ မင်ယွဲ့အပေါ် ထားရှိသော သဘောထားမှာ အတော်ပင် တိုးတက်လာသည်။
သူသည် စိတ်ထဲမှ ဆုံးဖြတ်ထားသည်မှာ မင်ယွဲ့သာ ရှုံးနိမ့်သွားခဲ့လျှင်ပင် သူမ၏ မျက်နှာကို ထောက်ထားသောအားဖြင့် ပြိုင်ကွင်းကို အသုံးပြုခွင့်ပေးမည်ဟူ၍ ဖြစ်သည်။
ဤသို့တွေးရင်း သူသည် မိုဟန်ကျီကို လှမ်းကြည့်မိပြန်သည်။ ဤမျှ ကြီးကျယ်သော ကုမ္ပဏီဥက္ကဋ္ဌတစ်ဦးက အမျိုးသမီးတစ်ဦး၏ အရိပ်အောက်တွင် ခိုလှုံနေသည်မှာ စဉ်းစားရ ခက်လှသည်။
ကားရွေးချယ်သည့် နေရာသို့ ရောက်ရှိလာကြသည်။
"အရင်ဆုံး ရွေးချယ်နိုင်ပါတယ်"
ကျန်ယီသည် ယွမ်ပေါ့ကို ပွေ့ချီထားရင်း မင်ယွဲ့ကို ဦးစားပေးလိုက်သည်။ မင်ယွဲ့က မဆိုင်းမတွပင် အနီးဆုံးရှိ ကားတစ်စီးထဲသို့ ဝင်ထိုင်လိုက်သည်။
စက်နှိုးခြင်း၊ ဘရိတ်၊ အရှိန်မြှင့်စက်... အားလုံးကို သူမ အမြန်စစ်ဆေးလိုက်သည်။
"ဒီတစ်စီးပဲ"
သူမသည် စနစ်အတွင်းရှိ အတုအယောင် ပတ်ဝန်းကျင်တွင် ကားအမျိုးမျိုးကို မောင်းနှင်ခဲ့ဖူးသဖြင့် မည်သည့်ကားကိုမဆို အမြန် ကျွမ်းကျင်သွားနိုင်သည်။
"တကယ်ပဲ အစမ်းတစ်ပတ် မမောင်းကြည့်တော့ဘူးလား”
သူမ၏ ပေါ့ပေါ့ပါးပါး အမူအရာကို ကြည့်ပြီး ကျန်ယီမှာ မယုံနိုင်သလို ဖြစ်နေရသည်။
"မလိုပါဘူး"
မင်ယွဲ့က ငြင်းပယ်လိုက်သဖြင့် ကျန်ယီလည်း ထပ်မပြောတော့ပေ။
"ဒါနဲ့ မေးဖို့ မေ့နေတာ၊ နာမည်က ဘယ်လိုခေါ်လဲ”
သူသည် ဆေးလိပ်ဗူးကို လက်ကောက်ဝတ်ဖြင့် ခေါက်ကာ ဆေးလိပ်တစ်လိပ် ထုတ်လိုက်သည်။ မီးခြစ်မှ မီးတောက်လေးက ဆေးလိပ်ထိပ်ဖျားကို ချက်ချင်း တောက်လောင်စေသည်။
သူသည် ဆေးလိပ်ကို လက်တစ်ဖက်က ကိုင်ကာ ကားရှေ့ဖုံးပေါ်တွင် မှီရပ်နေရင်း မီးခိုးငွေ့များကြားမှ လှမ်းကြည့်လိုက်သည်။
မိုဟန်ကျီသည် မင်ယွဲ့၏ အကြည့်များ ကျန်ယီထံတွင် ကြာမြင့်နေသည်ကို မြင်သောအခါ သူမ၏ လက်ကို ချက်ချင်း ဆုပ်ကိုင်လိုက်သည်။
"မင်ယွဲ့"
"ကျန်ယီ"
သူတို့နှစ်ဦး အပြန်အလှန် မိတ်ဆက်လိုက်ကြသည်။
မင်ယွဲ့သည် သူမ၏ ဦးထုပ်ကို သေချာပြင်ဆင်ပြီးနောက် ရွေးချယ်ထားသော ကားထဲသို့ ဝင်ထိုင်လိုက်သည်။ မိုဟန်ကျီသည်လည်း ဘေးခုံတွင် ဝင်ထိုင်၏။
"အစ်ကိုကျန်၊ ကျွန်တော်လည်း ပါမယ်ဗျာ"
ယခင်က မိုဟန်ကျီတို့ကို လမ်းပြပေးခဲ့သော လူငယ်ကလည်း ဝင်ပြိုင်ရန် ကားကို မောင်းနှင်လာသည်။
"ရတာပေါ့၊ တခြား ဘယ်သူတွေ ပါဦးမလဲ လူများလေ ပိုပျော်ဖို့ကောင်းလေပဲ"
ကျန်ယီက လက်ဝှေ့ယမ်းပြလိုက်ရာ သူ၏ ဆံပင်များမှာ လေတိုက်သဖြင့် ရှုပ်ပွနေသော်လည်း ကြည့်ကောင်းနေဆဲပင်။
မင်ယွဲ့မှာမူ ပြိုင်ပွဲအတွက် စိတ်လှုပ်ရှားခြင်းမရှိဘဲ သူမ၏ နှုတ်ခမ်းဖျားတွင် လှောင်ပြုံးကလေးတစ်ခု ဝဲပျံနေသည်။
ပြိုင်ပွဲစတင်ရန် ပြင်ဆင်နေကြစဉ်၊ ပြိုင်ကွင်းလယ်တွင် ဆံပင်ကို မြင့်မြင့်စည်းထားသော မိန်းကလေးတစ်ဦးက အလံကို ကိုင်၍ ရောက်လာသည်။ ပွဲကြည့်စင်ပေါ်တွင် လူအများအပြား စုရုံးနေကြပြီး၊ ယနေ့တွင် နာမည်ကြီး ပြိုင်ကားသမား 'ကွမ်ဟွိုင်' ၏ ပရိသတ်များပင် ပါဝင်နေကြသဖြင့် အလွန်စည်ကားနေ၏။
ကျန်ယီနှင့် မင်ယွဲ့တို့၏ ကားများသည် တန်းတူ ရှိနေကြသည်။
" အဲ့ဒါ အမျိုးသမီး ပြိုင်ကားသမားပဲ”
လေပြင်းတစ်ချက် တိုက်ခတ်သွားချိန်တွင် ဦးထုပ်အောက်မှ ရှည်လျားသော ဆံနွယ်များ လွင့်ပျံသွားသည်ကို မြင်လိုက်ရသဖြင့် ပရိသတ်များကြားမှ အော်ဟစ်သံများ ထွက်ပေါ်လာသည်။
"ရယ်စရာပဲ! မိန်းမတစ်ယောက်က ပြိုင်ကားမောင်းမလို့လား နောက်နေတာလား”
ထိုလူ၏ ပြောစကားကို ဘေးနားရှိ မိန်းကလေးတစ်ဦးက မခံမရပ်နိုင် ဖြစ်သွားသည်။
"ဒါ ဘယ်ခေတ်ရောက်နေပြီလဲ အမျိုးသမီးတွေကလည်း လောကကြီးရဲ့ တစ်ဝက်ကို မိုးထားနိုင်တယ်ဆိုတာ ခေါင်းဆောင်တွေတောင် ပြောထားတာပဲ မင်းက တိုင်းပြည်ရဲ့ လမ်းစဉ်ကို ဆန့်ကျင်နေတာလား”
ပရိသတ်များကြားတွင် အခြေအတင် ဖြစ်နေကြစဉ် နာမည်ကြီး ပြိုင်ကားသမား 'ကွမ်ဟွိုင်' ကိုယ်တိုင် ပေါ်လာပြီး ထိုလူကို သတိပေးလိုက် သည်။
“ကျွန်တော့်ရဲ့ ပရိသတ်တွေအနေနဲ့ ပြိုင်ကားသမားတိုင်းကို လေးစားသင့်တယ်လို့ ထင်ပါတယ်"
ဟု သူက တည်ငြိမ်စွာ ပြောလိုက်သည်။
ပြိုင်ပွဲ စတင်လိုက်ပြီဖြစ်ရာ ကားအသီးသီးသည် ကြောက်မက်ဖွယ်ကောင်းသော ဟိန်းဟောက်သံများနှင့်အတူ ရှေ့သို့ ပြေးထွက်သွားကြသည်။
လူအများ၏ အော်ဟစ်အားပေးသံများက တောင်တန်းကြီးတစ်ခုလုံးကို တုန်ခါသွားစေတော့သည်။
အရှိန်အဟုန်ပြင်းစွာဖြင့် ပြေးထွက်သွားကြရာတွင် ကျန်ယီက ပထမနေရာမှ ဦးဆောင်နေပြီး မင်ယွဲ့မှာမူ တတိယနေရာတွင် ရှိနေသည်။ သို့သော် ဤသည်မှာ အစသာ ရှိပါသေးသည်။
မင်ယွဲ့၏ မျက်ဝန်းများထဲတွင်မူ အနိုင်ရလိုစိတ်ထက် ပိုမိုပြင်းပြသော၊ မိမိ၏ စွမ်းဆောင်ရည်ကို သက်သေပြလိုသော ရည်မှန်းချက်များဖြင့် တောက်ပနေတော့သည်။
အခန်း (၃၂၂) စိတ်ဝင်စားပါသလား
ကျန်ယီသည် ကားနောက်ကြည့်မှန်မှတစ်ဆင့် မျက်စိပသာဒဖြစ်ဖွယ် အနီရောင်ပြိုင်ကားလေး တတိယနေရာတွင် ကပ်လိုက်လာသည်ကို မြင်သောအခါ အံ့အားသင့်သွားရသည်။
မင်ယွဲ့သည် ကားမောင်းရသည်မှာ တစ်စထက်တစ်စ ပို၍ လက်ယဉ်လာပြီး အရှိန်ကို အစွမ်းကုန် မြှင့်တင်လိုက်တော့သည် -
"ဘုရားရေ... ကျွန်တော် ဘာကို မြင်နေရတာလဲအနီရောင်ကားက ကွေ့ပတ်လမ်းအကြီးစားမှာ အရှိန်လျှော့ရမယ့်အစား ပိုပြီး မြန်မြန်မောင်းနေတယ် သူ ဒီကွေ့မှာပဲ တခြားကားတွေကို ကျော် တက်သွားနိုင်မလားဆိုတာ စောင့်ကြည့်ရမှာပါပဲ"
ပွဲဝေဖန်သူများက စိတ်လှုပ်ရှားစွာဖြင့် နောက်ခံစကားပြောနေကြသည်။
တာယာများနှင့် မြေပြင်ပွတ်တိုက်သံမှာ ကျယ်လောင်စွာ ထွက်ပေါ်နေပြီး ကျောက်ခဲကလေးများနှင့် မြေဖုန်မှုန့်များမှာ လေထဲတွင် ဝဲပျံနေ၏။
မိုဟန်ကျီသည် ဘေးနားမှ မင်ယွဲ့ကို လှမ်းကြည့်လိုက်သည်။ သူမသည် ပြတင်းပေါက်ပြင်ပမှ အရှိန်အဟုန်ဖြင့် နောက်ကျန်ရစ်ခဲ့သော ရှုခင်းများကို ဂရုမထားဘဲ တည်ငြိမ်စွာ မောင်းနှင်နေသည်မှာ ဤပြိုင်ပွဲသည် သူမအတွက် အပျော်တမ်းကစားပွဲတစ်ခုကဲ့သို့ပင်။
သူမ၏ လက်ချောင်းများက စတီယာရင်ပေါ်တွင် ကျွမ်းကျင်စွာ ကစားနေပုံမှာ အောင်ပွဲသည် လက်တစ်ကမ်းတွင် ရှိနေကြောင်း သေချာနေသည့်အလားပင်။
မိုဟန်ကျီ ထင်သည့်အတိုင်းပင်။ မင်ယွဲ့သည် ယခင်က မိမိ၏ အရည်အချင်းကို သူတို့နှင့် မနှိုင်းယှဉ်ဖူးသော်လည်း ယခုအခါ အခြေအနေကို ကောင်းစွာ ထိန်းချုပ်နိုင်သွားပြီ ဖြစ်ရာ ဤပြိုင်ပွဲတွင် အနိုင်ရရန်မှာ သူမအတွက် အပန်းမကြီးတော့ပေ။
"သူ လုပ်နိုင်သွားပြီ! သူ ကျော်တက်သွားပြီဗျို့”
ဤသည်မှာ တရားဝင်ပြိုင်ပွဲတစ်ခု မဟုတ်ဘဲ အပျော်တမ်းပြိုင်ပွဲသာ ဖြစ်သဖြင့် ဝေဖန်သူများမှာလည်း ရင်းနှီးသူများသာ ဖြစ်ကြသည်။ ကျန်ယီတစ်ယောက် ဒီနေ့တော့ အရှုံးနှင့် ရင်ဆိုင်ရတော့မည်ဟု တွေးကာ သူတို့က သဘောကျစွာ ရယ်မောနေကြသည်။
ကွမ်ဟွိုင်သည် ရှေ့သို့ တိုးလာပြီး အဝတ်အစားလဲပြီးသော သူ၏ အသင်းဖော်များကလည်း ဘေးနားသို့ ရောက်လာကြသည်။
"ဘာလဲ... မင်း စိတ်ဝင်စားနေတာလား”
ကွမ်ဟွိုင်တစ်ယောက် ပြိုင်ပွဲကို အာရုံစိုက်နေသည်ကို မြင်သောအခါ ပထမနေရာကို သူ မျက်စိကျနေသည်ဟု အသင်းဖော်များက ထင်မှတ်နေကြသည်။ သူတို့သည် လူငယ်လေး ကျန်ယီ၏ အရည်အချင်းကိုလည်း ကောင်းစွာ သိထားကြသူများ ဖြစ်သည်။
"လှလိုက်တဲ့ လှည့်ကွက်ပဲ ကွေ့လမ်းမှာ ကျော်တက်ပြီးတာနဲ့ နဂါးအမြီးခါသလိုမျိုး လှပတဲ့ ဝှေ့ယမ်းမှုနဲ့အတူ မောင်းထွက်သွားတာပဲ..."
လမ်းပြသူက ဆက်လက်ရှင်းပြနေဆဲပင်။
"ဟို အနီရောင်ကားကို ကြည့်စမ်း"
ကွမ်ဟွိုင်က မေးထိုးပြလိုက်ရာ အသင်းဖော်များကလည်း လှမ်းကြည့်လိုက်ကြသည်။
"မင်းက အမြဲတမ်း နံပါတ်တစ်ကိုပဲ ကြည့်တတ်တာလေ၊ ဒီနေ့မှ ဘာလို့ ဒုတိယနေရာကလူကို အာရုံစိုက်နေတာလဲ”
အသင်းခေါင်းဆောင်နှင့် ရင်းနှီးသော အသင်းဖော်များက နောက်ပြောင်လိုက်ကြသည်။
"ငါတို့က နံပါတ်တစ် ဖြစ်ဖို့ ကြိုးစားကြတာမှန်ပေမယ့်၊ နံပါတ်တစ်က အမြဲတမ်း ငါတို့ပဲ ဖြစ်နေရမယ်လို့ မဆိုလိုဘူးလေ"
သူသည်လည်း အောက်ခြေမှ တက်လှမ်းလာသူဖြစ်ရာ ဤလောကတွင် ကြိုးစားမှုအပြင် ပါရမီသည်လည်း အရေးကြီးကြောင်း ကောင်းစွာ နားလည်ထားသည်။
ကြိုးစားရုံသက်သက်ဖြင့် အာရှချန်ပီယံ ဖြစ်လာနိုင်သည်မဟုတ်ပေ။
"ဒါ တကယ် စိတ်ဝင်စားဖို့ ကောင်းတာပဲ"
ကျန်ယီသည် မိမိနောက်မှ ထပ်ကြပ်မကွာ
လိုက်လာသော အနီရောင်ကားကို ကြည့်ကာ မျက်ဝန်းများမှာ မီးတောက်ကဲ့သို့ တောက်ပလာသည်။ သူ၏ လက်များက စတီယာရင်ကို တင်းတင်းဆုပ်ကိုင်ထားပြီး တစ်ကိုယ်လုံး စိတ် လှုပ်ရှားမှုများ လွှမ်းမိုးနေ၏။
သူသည် အရှိန်မြှင့်စက်ကို အစွမ်းကုန် နင်းလိုက်သော်လည်း အနီရောင်ကားက နောက်မှ ကပ်လျက် ပါလာမြဲပင်။
"တောက် ဒီလောက် သန်မာတဲ့ စွမ်းအားမျိုး”
တတိယနေရာမှ ကစားသမားမှာ အဝေးတွင် ကျန်ရစ်ခဲ့သဖြင့် စတီယာရင်ကို ဒေါသတကြီး ထုရိုက်နေတော့သည်။
"သူက အမျိုးသမီး ပြိုင်ကားသမားပဲ"
ကွမ်ဟွိုင်၏ မျက်လုံးများက အနီရောင်ကားထံမှ ခွာမရ ဖြစ်နေသည်။
"တကယ်လား”
အသင်းဖော်များမှာလည်း မယုံနိုင်သလို မတ်မတ်ထိုင်လိုက်ကြသည်။
သူတို့လောကတွင် အမျိုးသမီး ပြိုင်ကားသမားများ ရှိသော်လည်း အမျိုးသားများနှင့် ယှဉ်လျှင် အလွန် နည်းပါးလှပေသည်။
မင်ယွဲ့သည် ကျန်ယီကို ကျော်တက်သွားသည့် ခဏတွင် ပရိသတ်များမှာ မှင်တက်သွားကြရသည်။
"သူက ဘယ်သူလဲ အရင်က တစ်ခါမှ မကြားဖူးပါဘူး”
ကွမ်ဟွိုင်၏ အသင်းဖော်များမှာ ဆွံ့အသွားကြသည်။ ကျွမ်းကျင်ပြိုင်ကားသမားများ ဖြစ်သည့်အတွက် သူတို့သည် အခြားသူများကို အထင်မသေးတတ်သော်လည်း ဤမျှ အရည်အချင်းရှိသော မိန်းကလေးတစ်ဦး အဘယ်ကြောင့် အမည်မသိ ဖြစ်နေရသနည်းဟု တွေးတောနေမိကြသည်။
မင်ယွဲ့သည် လူအများ၏ အံ့သြချီးကျူးမှုများကြားတွင် ပန်းဝင်စည်းသို့ ဦးစွာ ရောက်ရှိသွားသည်။
အမှန်စင်စစ် ဤပြိုင်ကွင်းမှာ သူမအတွက် အစပြုသူအဆင့်မျှသာ ရှိပြီး သူမ လေ့ကျင့်ခဲ့သော အတုအယောင် ကမ္ဘာမှ လမ်းကြောင်းများလောက် ခက်ခဲမှု မရှိပေ။ သို့သော် ယနေ့ လှုပ်ရှားမှုမှာ သူမအတွက် အတော်ပင် စိတ်ကျေနပ်စရာ ကောင်းလှသည်။
ကျန်ယီသည် မိမိကို ကျော်တက်သွားသော အနီရောင်ကားကို ကြည့်ကာ ကားထဲတွင် ခဏမျှ ငြိမ်သက်နေမိသည်။
"သူ တကယ်ပဲ နိုင်သွားတာပဲ၊ ငါတို့ သူ့ကို အထင်သေးခဲ့မိတာ"
သို့သော် ကျန်ယီသည် ရှုံးလျှင် အနိုင်မခံချင်သူမျိုး မဟုတ်သဖြင့် ကားတံခါးကို ဖွင့်ကာ ထွက်လာခဲ့သည်။
"စာချုပ်ကို ယူခဲ့ပါ၊ ဒီပြိုင်ကွင်းကို မင်းတို့ဆီ တိုက်ရိုက် လွှဲပေးလိုက်မယ်"
မင်ယွဲ့နှင့် မိုဟန်ကျီတို့ ကားပေါ်မှ ဆင်းလာချိန်တွင် ရောက်ရှိနေသူအားလုံးမှာ အံ့သြတုန်လှုပ်နေကြဆဲပင်။
ကျန်ယီ၏ သူငယ်ချင်းက စာချုပ်ကို အဆင်သင့် ထုတ်ပေးလိုက်သည်။ ကြည့်ရသည်မှာ သူတို့သည် မိုဟန်ကျီကို ဒုက္ခပေးရန် အစကတည်းက ရည်ရွယ်ထားပုံ မရပေ။
"ကျေးဇူးပဲ”
မင်ယွဲ့က ပြောလိုက်သည်။
"မလိုပါဘူး၊ ဒါနဲ့ မင်ယွဲ့... ငါ မင်းရဲ့ WeChat ကို ထည့်ထားလို့ ရမလား မင်းက ကားမောင်းတာ တကယ် တော်တာပဲ၊ နောက်မှ အတူတူ ပြိုင်ကြတာပေါ့"
စောစောက ကြမ်းတမ်းလှသော ဝံပုလွေတစ်ကောင်ကဲ့သို့ ဖြစ်နေသည့် ကျန်ယီမှာ ယခုအခါ လိမ္မာသော ခွေးပေါက်လေးတစ်ကောင် ကဲ့သို့ ပြောင်းလဲသွားသည်။
မင်ယွဲ့သည် ရယ်ချင်စိတ်ကို အောင့်ထားရင်း သူ၏ခေါင်းကို ပွတ်သပ်ပေးချင်စိတ်ပင် ပေါ်လာမိသည်။
"ငါ မင်းကို ပြိုင်ကွင်းတစ်ခု ပြန်ပေးပါ့မယ်"
မိုဟန်ကျီက စာချုပ်တွင် လက်မှတ်ထိုးရင်း သူတို့၏ စကားဝိုင်းကို ကြားဖြတ် ပြောဆိုလိုက် သည်။
"ကောင်းပြီလေ၊ WeChat အပ်ထားလိုက်မယ်”
မင်ယွဲ့က သူမ၏ ဖုန်းကို ထုတ်လိုက်သည်။ ဤကဲ့သို့သော လူငယ်လေးကို မောင်လေးတစ်ယောက်အဖြစ် သိကျွမ်းထားရခြင်းမှာလည်း မဆိုးလှပေ။
【ဘိခ်---】
သူတို့နှစ်ဦး အချင်းချင်း WeChat အပ်လိုက်ကြသည်။
"မစ္စမင်... ကျွန်တော်တို့ အသင်းထဲကို ဝင်ဖို့ စိတ်ဝင်စားပါသလား”
ကွမ်ဟွိုင်သည် သူ၏ အသင်းဖော်များနှင့်အတူ သူတို့ရှေ့သို့ ရောက်လာသည်။
မင်ယွဲ့၏ အောင်ပွဲကြောင့် ပရိသတ်များမှာ အားရပါးရ ဟစ်ကြွေးနေကြဆဲပင်။ ကွမ်ဟွိုင်သည် မင်ယွဲ့၏ အရည်အချင်းကို ချက်ချင်း သိမြင်လိုက်သည်။ ဤရိုးရှင်းသော ပြိုင်ကွင်းမှာ မင်ယွဲ့၏ စွမ်းဆောင်ရည်ကို ကန့်သတ်ထားသကဲ့သို့ ဖြစ်နေသည်။ သူမသည် အစွမ်းကုန် မထုတ်သေးဘဲနှင့်ပင် အနိုင်ရရှိသွားခဲ့ခြင်း ဖြစ်သည်။
မိုဟန်ကျီသည်လည်း သူတို့၏ စကားဝိုင်းကို တားဆီးခြင်း မပြုပေ။ သူသည် မိမိချစ်သူ၏ မည်သည့်ဆုံးဖြတ်ချက်ကိုမဆို ပံ့ပိုးပေးမည့်သူ ဖြစ်သည်။
"အခွင့်အရေးရရင် သွားရောက် လည်ပတ်ချင်ပါတယ်၊ ဒါပေမဲ့ အသင်းထဲဝင်ဖို့ကတော့ မဖြစ်နိုင်သေးပါဘူး၊ ကျွန်မ ကျောင်းတက်နေတုန်းမို့လို့ပါ"
မင်ယွဲ့သည် ကျောင်းသူဘဝ၏ အားသာချက်ကို ကောင်းစွာ အသုံးချလိုက်သည်။ ကွမ်ဟွိုင်ကလည်း သူမ၏ ဆိုလိုရင်းကို နားလည်သွားသည်။
အကယ်၍ စိတ်ဝင်စားပါက ကျောင်းပြီးမှ စဉ်းစားမည်ဟု ပြောနိုင်သော်လည်း ယခုကဲ့သို့ ငြင်းပယ်ခြင်းမှာ ၎င်းကို ဝါသနာအဖြစ်သာ သဘောထားကြောင်း ပြသလိုက်ခြင်းပင်။
"ကောင်းပါပြီ၊ ဒါဆိုရင်လည်း မစ္စမင် လာရောက်လည်ပတ်မှာကို စောင့်နေပါ့မယ်"
ကွမ်ဟွိုင်က သူ၏ လိပ်စာကတ်ကို ပေးအပ်
လိုက်သည်။
ကျန်ယီသည် ထွက်ခွာသွားသော မင်ယွဲ့တို့နှစ်ဦးကို ကြည့်ရင်း ယွမ်ပေါ့ကိုပင် နှုတ်ဆက်
လိုက်သေးသည်။
စောစောက မောက်မာနေသော ပုံစံမှာ ပျောက်ကွယ်သွားပြီး ရင်းနှီးဖော်ရွေသော လူငယ်လေးတစ်ဦးအဖြစ် ကျန်ရစ်ခဲ့တော့သည်။
အခန်း (၃၂၃) ဖြေရှင်းခြင်း
"အစ်ကိုကျန်... အစ်ကို သူ့ကို မျက်စိကျသွားတာလား"
အခြေအနေအရပ်ရပ်ကို နားမလည်သော တပည့်ဖြစ်သူက ပေါ့ပျက်ပျက်ဖြင့် မေးလိုက် ရာ...။
"တောက်! မင်း သေချင်နေတာလား"
ကျန်ယီက ထိုသူ၏ ခေါင်းနောက်စေ့ကို လက်ဝါးဖြင့် ခပ်စပ်စပ် ရိုက်လိုက်သည်။
"မိုဟန်ကျီက သေနေတဲ့လူလို့ မင်းထင်နေလား အဲဒီလူက ကိုင်တွယ်ရ တကယ်ခက်တာ"
"ဒါပေမဲ့ အစ်ကိုက သူ့ကို သဘောကျနေတာပဲ မဟုတ်လား"
မိမိတွင် ဤမျှ တုံးအသော လက်ပါးစေရှိနေသည်ကို ကျန်ယီ စဉ်းစားမရနိုင်အောင် ဖြစ်ရသည်။
"ငါက သူ့ရဲ့အရည်အချင်းကို အသိအမှတ်ပြုတာပဲရှိတာ၊ မင်းကတော့ မိန်းမမြင်ရင် မျက်စိမှိတ်နေတာပဲ"
ကျန်ယီသည် ကားထဲသို့ ချက်ချင်းဝင်လိုက်ပြီး စိတ်ထဲရှိ မကျေနပ်ချက်များကို ဖြေဖျောက်ရန် ပြိုင်ကွင်းထဲတွင် အကြိမ်အနည်းငယ် ပတ်မောင်းရန် ပြင်ဆင်လိုက်သည်။
ကွမ်ဟွိုင်တို့နှင့် မယှဉ်နိုင်သော်လည်း သူသည် အပျော်တမ်းသမားများကို တစ်ခါမျှ မရှုံးဖူးပေ။ ယခုမူ သူ ပို၍ ကြိုးစားရတော့မည်ဟု ခံစားနေရသည်။
"အခု ကုမ္ပဏီကို သွားမှာလား"
မင်ယွဲ့သည် ထိုင်ခုံခါးပတ်ကို ပတ်ရင်း ယွမ်ပေါ့ကို ပွေ့ချီလိုက်သည်။
"မသွားပါဘူး၊ ဒီနေ့ တစ်နေ့လုံး မင်းအနားမှာပဲ နေမှာ"
မိုဟန်ကျီက တည်ကြည်စွာဖြင့် ဆိုသည်။
"ဥက္ကဋ္ဌ... တကယ်ပဲ မသွားဘူးလား"
"ငါမရှိလို့ အလုပ်မဖြစ်တဲ့ ကုမ္ပဏီမျိုးဆိုရင်တော့ အနှေးနဲ့အမြန် ပျက်စီးသွားမှာပဲ"
မိုဟန်ကျီက ကားကို စက်နှိုးလိုက်သည်။
သူတို့နှစ်ဦးသည် စားသောက်ဆိုင်တစ်ခုတွင် နေ့လယ်စာ သုံးဆောင်ကြပြီးနောက် မကြာသေးမီကမှ ရုံတင်ထားသော ရုပ်ရှင်တစ်ကားကို သွားရောက်ကြည့်ရှုကြသည်။
အမှန်စင်စစ် မိုဟန်ကျီ၏ ဘဝသည် ယခင်က အလွန်ပျင်းရိငြီးငွေ့ဖွယ်ကောင်းလှသည်။ သူသည် ထူးခြားသော ဝါသနာဟူ၍ မရှိဘဲ ပညာရပ်များစွာကို တတ်မြောက်ထားသော်လည်း မည်သည့်အရာကိုမျှ အထူးတလည် နှစ်သက်ခြင်းမရှိခဲ့ပေ။ ရင်းနှီးသော သူငယ်ချင်းအချို့နှင့် တွေ့ဆုံခြင်းမှလွဲ၍ အခြားသူများနှင့်လည်း ထိတွေ့ဆက်ဆံလေ့မရှိ။
သို့သော် မင်ယွဲ့နှင့် ရှိနေချိန်တွင်မူ ဤအရာအားလုံးက စိတ်ဝင်စားစရာ ဖြစ်လာသည်။ ပန်းခြံထဲတွင် နေပူစာလှုံနေရသည်ဖြစ်စေ၊ ရုံးခန်းထဲတွင် စာရွက်စာတမ်းများ စစ်ဆေးနေရသည်ဖြစ်စေ မင်ယွဲ့သာ ဘေးနားတွင် ရှိနေလျှင် သူ၏စိတ်မှာ အစဉ်အမြဲ ကြည်လင်နေတတ်သည်။
"မစ္စက်မို... တိုက်ဆိုင်လိုက်တာရှင်"
မိုဟန်ကျီ၏ မိခင်သည် အလှပြင်ဆိုင်တွင် အလှပြင်ပြီး၍ အခန်းထဲမှ ထွက်လာစဉ် ဧည့်ခန်းမ၌ ရင်းနှီးသူတစ်ဦးကို မထင်မှတ်ဘဲ တွေ့လိုက်ရသည်။
"မစ္စက်လျူ... မတွေ့တာ ကြာပြီနော်"
ရင်းနှီးသော သူငယ်ချင်းများ မဟုတ်ကြသော်လည်း တစ်ဖက်လူက လှမ်းနှုတ်ဆက်လာသဖြင့် သူမအနေဖြင့် ယဉ်ကျေးစွာပင် တုံ့ပြန် လိုက်ရသည်။
"မစ္စမို... ဒါက ကျွန်မသမီး လျူဖေလေ ဖေဖေ... အန်တီ့ကို နှုတ်ဆက်လိုက်ဦးလေ"
မိန်းကလေးက ချိုသာစွာ ပြုံးပြလိုက်သော်လည်း မိုဟန်ကျီ၏ မိခင်မှာမူ မရိုးသားသော ရည်ရွယ်ချက်ရှိသူများနှင့် နီးကပ်စွာ မနေလိုပေ။
မိုမိသားစု၏ ကတော်တစ်ဦးအနေဖြင့် သူမသည် လူမှုရေးလောက၏ ဟန်ဆောင်မှုများကို ကောင်းစွာ သိမြင်နားလည်ထားသူ ဖြစ်သည်။
"ကျွန်မ အလုပ်လေးတစ်ခု ရှိသေးလို့ သွားလိုက်ပါဦးမယ်"
"မစ္စမို... ရှင်က တရုတ်ရိုးရာ ပန်းချီကားတွေကို နှစ်သက်တယ်လို့ ကြားဖူးပါတယ် ကျွန်မသမီးကလည်း နိုင်ငံခြားမှာ ပန်းချီပညာသင်ပြီး အခုမှ ပြန်ရောက်တာပါ ရှင့်ကို လေးစားနေတာ ကြာပါပြီ၊ သမီးလေးကို အကြံဉာဏ်လေးတွေ ပေးဖို့ အချိန်လေး နည်းနည်းလောက် ပေးလို့ရမလားရှင်"
မြှောက်ပင့်လိုသော ရည်ရွယ်ချက်မှာ အလွန်ပင် ထင်ရှားလှသည်။
မရိုးသားသော မေတ္တာသည် အမြဲတမ်း တစ်ခုခုကို တုံ့ပြန်လိုခြင်း သို့မဟုတ် အတွင်းသဘောတစ်ခုခု ရှိနေတတ်စမြဲပင်။
"အကြံပေးတယ်လို့ မဆိုလိုပါဘူး၊ ရှင့်သမီးက ပညာရှင်ပဲလေ၊ ကျွန်မကတော့ ဝါသနာအဆင့်ပဲ ရှိတာပါ"
မိုဟန်ကျီ၏ မိခင်က မဆိုင်းမတွပင် ငြင်းပယ်လိုက်သည်။ ယနေ့ညနေတွင် မင်ယွဲ့က အိမ်သို့ လာရောက် ထမင်းစားမည်ဟု သားဖြစ်သူက ပြောထားသဖြင့် သူမ အိမ်သို့ အမြန်ပြန်လိုလှပြီ ဖြစ်သည်။
"ဟင့်အင်း... ဒီနေ့ သားဖြစ်သူက သူ့ရည်းစားကို အိမ်ခေါ်လာမှာမို့လို့ ကျွန်မ အခုပဲ ပြန်ရတော့မယ်"
မိုဟန်ကျီ၏ မိခင်သည် သူတို့ကို စကားပြောခွင့်ပင် မပေးတော့ဘဲ အလှပြင်ဆိုင်ထဲမှ ထွက်လာခဲ့တော့သည်။ ထိုသားအမိမှာ သူမ၏ မိသားစုစီးပွားရေးကိုဖြစ်စေ၊ သို့မဟုတ် သူမ၏ သားဖြစ်သူကိုဖြစ်စေ တစ်ခုခုကို ရည်မှန်းနေကြခြင်းမှာ အသေအချာပင်။
"မေမေ... မိုဟန်ကျီရဲ့ မိသားစုက အဲဒီမိန်းကလေးကို လုံးဝ လက်ခံမှာ မဟုတ်ဘူးလို့ မေမေ ပြောခဲ့တယ်မဟုတ်လား"
စောစောက ရှက်ရွံ့ဟန်ဆောင်နေသော လျူဖေသည် မျက်နှာပျက်ကာ ဒေါသတကြီး မေးလိုက်သည်။
"မင်း စောင့်ကြည့်နေလိုက်၊ မိုဟန်ကျီက အဲဒီမိန်းကလေးကို အနှေးနဲ့အမြန် ငြီးငွေ့သွားမှာပါ ဘယ်ကမှန်းမသိတဲ့ မိန်းမတစ်ယောက်က ဒေါင်းလိုဟန်ဆောင်နေတာ၊ နောက်ဆုံးတော့ မြေပေါ်ကျမှာပဲ"
မစ္စလျူက မင်ယွဲ့ကို တစ်ခါမျှ မတွေ့ဖူးဘဲ ရုန့်ရင်းစွာ ဆဲရေးနေတော့သည်။ အမှန်စင်စစ် မိုဟန်ကျီ၏ ရည်းစားသည် မည်သူပင်ဖြစ်ပါစေ သူတို့အတွက် ရန်သူသာ ဖြစ်သည်။
မိုဟန်ကျီသည် လူငယ်ဘဝနှင့် ချမ်းသာကြွယ်ဝသူစာရင်းတွင် ပါဝင်နေသူ ဖြစ်ရုံမျှမက အနာဂတ်အတွက် အားကိုးထိုက်သော အရင်းအမြစ်တစ်ခုလည်း ဖြစ်နေသောကြောင့် ပင်။
"တကယ်လား... မေမေက သမီးကို အခုချက်ချင်း ပြန်လာဖို့ ပြောခဲ့တာလေ"
လျူဖေက ညည်းတွားလိုက်သည်။
သူမသည် နိုင်ငံခြားတွင် ချစ်သူနှင့် လမ်းခွဲကာ မိဘများ၏ စကားကြောင့် ပြန်လာခဲ့ခြင်း ဖြစ်သည်။ မိုဟန်ကျီ၏ ဓာတ်ပုံကို မြင်ဖူးထားသဖြင့် သူမ၏ စိတ်ကူးထဲမှ အမျိုးသားပုံစံနှင့် လည်း ကိုက်ညီနေသည်။
"မိုမိသားစုနဲ့ ငါတို့လျူမိသားစုကမှ ဂုဏ်ချင်း တူတာပါ အဲဒီမိန်းမက တောသူတောင်သားတစ်ယောက်ပဲ၊ ခဏနေရင် အပယ်ခံရမှာပါ"
မစ္စက်လျူက ပြတ်သားစွာ ပြောလိုက်သည်။
၎င်းတို့သည် မိမိကိုယ်မိမိ အထင်ကြီးလွန်းနေကြခြင်းပင်။ မင်ယွဲ့၏ နောက်ခံမှာ မည်သို့ရှိသည်ကို သူတို့ မသိသော်လည်း၊ လျူမိသားစုသည် မိုမိသားစုနှင့် ယှဉ်လျှင် အခွင့်အရေးကို ဆုပ်ကိုင်ကာ ရုတ်တရက် ချမ်းသာလာသူ (Nouveau Riche) များသာ ဖြစ်သည်။
မိုဟန်ကျီ၏ မိခင် ကားပေါ်သို့ ရောက်သောအခါ အလှပြင်ဆိုင်မှ ဖုန်းဝင်လာသည်။
"မစ္စမို... ရှင့်နောက်ကနေ မစ္စက်လျူတို့ သားအမိ ပြောခဲ့တဲ့ စကားတွေကို စောင့်ကြည့်ရေး ကင်မရာကနေတစ်ဆင့် ပို့ပေးလိုက်ပါတယ်"
ထိုအလှပြင်ဆိုင် ပိုင်ရှင်မှာ သူမ၏ သူငယ်ချင်းအရင်းဖြစ်ရာ မိုဟန်ကျီ၏ မိခင်သည် ထိုဗီဒီယိုဖိုင်ကို ကြည့်ရင်း ဒေါသများ ထွက်လာတော့သည်။ ထိုသားအမိမှာ မရိုးသားသည့်အပြင် သူမ၏ မိသားစုကို အသုံးချရန် ကြံစည်နေကြခြင်းမှာ လက်မခံနိုင်စရာပင်။
"ကျေးဇူးတင်ပါတယ်၊ ဒီကိစ္စအတွက် ကူညီပေးပါဦး"
မိုဟန်ကျီ၏ မိခင်သည် သူမ၏ ရက်ရောမှုကို ပြသသောအားဖြင့် ထိုသတင်းပေးသူကို ငွေကျပ် တစ်သိန်း ချက်ချင်း ချီးမြှင့်လိုက်သည်။
သူမသည် အိမ်သို့ အမြန်ပြန်ကာ ချစ်စရာကောင်းသော မင်ယွဲ့ကို တွေ့ဆုံရန်သာ စိတ်အားထက်သန်နေတော့သည်။
အခန်း (၃၂၄) ဂရုစိုက်သွားပါ၊ လိုက်မပို့တော့ဘူး
"မစ္စစ်လျူနဲ့ မစ္စလျူရှင့်... ကျွန်မတို့ အလှပြင်ဆိုင်ကနေ ရှင့်တို့ရဲ့ အဖွဲ့ဝင် အဆင့်အတန်းကို ပယ်ဖျက်လိုက်ပါပြီ ဒါကတော့ ရှင့်တို့ရဲ့ အဖွဲ့ဝင်ကတ်ထဲမှာ ကျန်ရှိနေတဲ့ ငွေအကြွင်းအကျန်တွေပါ"
ဝန်ထမ်းအမျိုးသမီးသည် ငွေထုပ်ကို ထိုသားအမိနှစ်ဦး၏ ရှေ့မှောက်သို့ တိုက်ရိုက်ချပြလိုက် သည်။
"ဒါက ဘာသဘောလဲ ဘာဖြစ်လို့ ပယ်ဖျက်ရမှာလဲ ပိုက်ဆံထပ်ပေးမယ်၊ အခုချက်ချင်း အဖွဲ့ဝင်အဆင့်ကို ပြန်ထားပေးစမ်း"
ဤအလှပြင်ဆိုင်သည် မိုဟန်ကျီ၏မိခင်နှင့် သူမ၏ မိတ်ဆွေသူငယ်ချင်းများ အမြဲလာရောက်လေ့ရှိသော နေရာဖြစ်ရာ ယန်ကျင်းမြို့ရှိ ကြွယ်ဝချမ်းသာသော အမျိုးသမီးထုကြီး၏ လူမှုဆက်ဆံရေးဗဟိုချက် ဖြစ်နေသည်။
မစ္စစ်လျူသည်လည်း ထိုအသိုင်းအဝိုင်းထဲသို့ ဝင်ဆံ့နိုင်ရန် ဤဆိုင်၏ အဖွဲ့ဝင်ကတ်ကို အသည်းအသန် ရယူထားခဲ့ခြင်း ဖြစ်သည်။
"မစ္စစ်လျူရှင့်... ရှင်ဟာ အခုဆိုရင် ကျွန်မတို့ဆိုင်က လက်မခံတော့တဲ့ ဖောက်သည်စာရင်းထဲ ပါသွားပါပြီ ကျေးဇူးပြုပြီး ထွက်ခွာပေးပါတော့ရှင်"
မိုကတော်နှင့် ဆိုင်ရှင်တို့၏ကျောထောက်နောက်ခံ ရှိနေသဖြင့် ဝန်ထမ်းမလေးသည် ရှေ့မှောက်မှ ဒေါသတကြီး ကြည့်နေသော အမျိုးသမီးကို အနည်းငယ်မျှပင် ကြောက်ရွံ့ခြင်း မရှိပေ။
"နင့်လို အလုပ်သမားအဆင့်အတန်းက ငါတို့ကို အထင်သေးရဲတယ်ပေါ့လေ"
လျူဖေသည် သူမ၏ မာနကို ထိခိုက်သွားသည်ဟု ခံစားရသဖြင့် ထိုငွေထုပ်ကို ယူကာ ဝန်ထမ်းမလေး၏ မျက်နှာတည့်တည့်သို့ ပစ်ပေါက်လိုက်ရာ ငွေစက္ကူများမှာ ဧည့်ခန်းမတစ်ခုလုံး ပျံဝဲသွားတော့သည်။
ထိုမြင်ကွင်းမှာ အတော်ပင် တုန်လှုပ်ဖွယ် ကောင်းသော်လည်း ဝန်ထမ်းမလေးမှာမူ သူမ၏ လုပ်အားဖြင့် ရိုးသားစွာ ရှာဖွေနေသူဖြစ်ရာ ဤကဲ့သို့ နှိမ့်ချခံရခြင်းအပေါ် စိတ်နာသွားမိသည်။
"ဂရုစိုက်သွားပါ၊ လိုက်မပို့တော့ဘူး”
သူမသည် ပြန့်ကျဲနေသော ငွေစက္ကူများကြားတွင် မတ်မတ်ရပ်ကာ ဧည့်သည်ကို ပြတ်သားစွာ နှင်ထုတ်လိုက်တော့သည်။
"သမီးရယ်... ဒါတွေအားလုံးက ပိုက်ဆံတွေလေ ဒီလို ကောင်မလေးတွေကို ပေးလိုက်ရတာ တကယ် နှမြောစရာပဲ"
မစ္စစ်လျူသည် အခြေခံဘဝမှ တက်လာသူဖြစ်ရာ ပိုက်ဆံအပေါ် တွန့်တိုသောစိတ်က မကုန်သေးဘဲ ပြန့်ကျဲနေသော ငွေများကို ကြည့်ကာ နှမြောတသဖြစ်နေရှာသည်။
မိုကတော် အိမ်သို့ ပြန်ရောက်သောအခါ အဘွားမိုသည် ယွမ်ပေါ့ကို ပွေ့ချီထားပြီး ဖြစ်သည်။
"ယွဲ့ယွဲ့လေး ရောက်နေပြီလား အန်တီက သမီးကို သိပ်လွမ်းနေတာ"
မိုကတော်သည် ဘေးနားမှ သားဖြစ်သူကိုပင် ဂရုမစိုက်ဘဲ မင်ယွဲ့ကို နွေးထွေးစွာ ပွေ့ဖက်လိုက် သည်။
"ပြောရဦးမယ် သမီးရယ်... စောစောက အန်တီ စိတ်တိုလိုက်ရတာ ဟန်ကျီကို မျက်စိကျနေတဲ့ သားအမိတစ်သိုက်နဲ့ တွေ့ခဲ့တာလေ ငါ့သားမှာ လက်တွဲဖော်ရှိနေပြီဆိုတာ တစ်လောကလုံး သိနေတာကို"
မိုဟန်ကျီမှာမူ ထိုကိစ္စတွင် မိမိနာမည် ပါလာသဖြင့် အံ့အားသင့်သွားပြီး
“ကျွန်တော် အဲဒီ လျူဖေဆိုတာကို လုံးဝ မသိပါဘူး"
ဟု အပြစ်ကင်းစင်ကြောင်း ချက်ချင်း ဖြေရှင်းတော့သည်။
"အော်... ယွဲ့ယွဲ့နဲ့ အန်တီက သိတာပေါ့ ဟန်ကျီက သူ့ရဲ့ ပိုင်ဆိုင်မှု အားလုံးကိုတောင် သမီးကို ပေးဖို့ ပြင်နေတာလေ၊ သူ သမီးကို ဘယ်လောက်ချစ် သလဲဆိုတာ အန်တီတို့ သိပါတယ်"
မိုကတော်က ပြုံးရွှင်စွာ ပြောလိုက်သည်။
သူမသည် အလှပြင်ဆိုင်မှ သတင်းများ မင်ယွဲ့နားသို့ မဟုတ်ကဟုတ်က ရောက်သွားမည်ကို စိုးရိမ်သဖြင့် ကြိုတင်၍ ရှင်းလင်းထားခြင်း ဖြစ်သည်။
ထိုစဉ် မစ္စတာမို အိမ်ထဲသို့ ဝင်လာကာ
“အရှေ့အိုင် ဂေဟစနစ် စီမံကိန်းမှာ အခက်အခဲလေးတွေ ရှိနေတယ်လို့ ကြားမိတယ်"
ဟု သားဖြစ်သူကို စနောက်သလို မေးလိုက်သည်။
မိုဟန်ကျီသည် ဘာမျှမပြောဘဲ ကျန်ယီနှင့် ချုပ်ဆိုထားသော စာချုပ်ကို ဖခင်ဖြစ်သူ၏ ရှေ့သို့ ချပြလိုက်သည်။ မစ္စတာမိုသည် အံ့သြသွားကာ
“ဒီလောက် မြန်မြန်ဆန်ဆန် ဘယ်လိုလုပ်
လိုက်တာလဲ"
ဟု မေးမိတော့သည်။
"ယွဲ့ယွဲ့ကို ကျေးဇူးတင်ရမှာပါ"
မိုဟန်ကျီက မင်ယွဲ့ကို ကြည့်ကာ ပြုံးလိုက်သည်။
မင်ယွဲ့က ကျန်ယီကို ပြိုင်ကားမောင်း၍ အနိုင်ယူခဲ့ခြင်းဖြစ်ကြောင်း သိလိုက်ရသောအခါ မိုမိသားစုတစ်ခုလုံးမှာ အံ့အားသင့်သွားကြသည်။
"ပြိုင်ကားမောင်းတာလား ယွဲ့ယွဲ့လေးရယ်... သိပ်မိုက်တာပဲ"
မိုကတော်၏ မျက်ဝန်းများမှာ ချက်ချင်း တောက်ပသွားသည်။
သူမသည်လည်း ငယ်စဉ်က ပြိုင်ကားသမားများကို အားကျခဲ့သူ ဖြစ်သည်။ မစ္စတာမိုမှာမူ မင်ယွဲ့၏ အရည်အချင်းအပေါ် အံ့သြချီးကျူးမိပြီး စီမံကိန်းမှ ရရှိမည့် အကျိုးအမြတ်အချို့ကို မင်ယွဲ့အား ခွဲဝေပေးရန် ဆုံးဖြတ်လိုက်သည်။
သို့သော် မင်ယွဲ့က
“ဦးလေး... မလိုပါဘူးရှင်ကျွန်မက ယွဲ့ဟွာ နည်းပညာရဲ့ ပိုင်ရှင်ဖြစ်တဲ့အတွက် ရှင်းယောင် လုပ်ငန်းစုနဲ့ လက်တွဲထားပြီးသားပါ သီးသန့် အကျိုးအမြတ် မယူပါရစေနဲ့"
ဟု ငြင်းပယ်လိုက်သည်။
မိုဟန်ကျီက ယွဲ့ဟွာ နည်းပညာ သည် မင်ယွဲ့၏ ကုမ္ပဏီဖြစ်ကြောင်း ထပ်မံ ပြောကြားလိုက်သောအခါ မစ္စတာမိုမှာ ပို၍ပင် မှင်တက်သွားရသည်။
မိမိတို့ လက်တွဲရန် ရွေးချယ်ထားသော ထိပ်တန်းကုမ္ပဏီမှာ ချွေးမလောင်းလေး၏ ကုမ္ပဏီဖြစ်
နေသည်မှာ ဂုဏ်ယူစရာပင်။
ညတွင် မင်ယွဲ့ အိမ်သို့ ပြန်ရောက်သောအခါ ဖခင်ဖြစ်သူထံမှ ဖုန်းလာသည်။
လီအောက်ကျေးရွာရှိ ဘိုးဘွားရိပ်သာအသစ် တည်ဆောက်ပြီးစီးသွားပြီဖြစ်ရာ အလှူရှင်ဖြစ်သော မင်ယွဲ့ကို ရွာသူရွာသားများက စောင့်ဆိုင်းနေကြခြင်း ဖြစ်သည်။
မင်ယွဲ့သည် သူမ၏ ဇာတိမြေကို လွမ်းဆွတ်တမ်းတမိသည်။ ကြယ်များစုံလင်သော ကောင်းကင်ယံ၊ ပိုးစုန်းကြူးများ ဝဲပျံနေသည့် နွေညများနှင့် သစ်သီးရနံ့များ သင်းပျံ့နေသည့် ဆောင်းဦးရာသီ...။ သူမသည် လာမည့် စနေနေ့တွင် ရွာသို့ ပြန်ရန် ဆုံးဖြတ်လိုက်ပြီး ချိုမြိန်သော အတွေးအိပ်မက်များဖြင့် အိပ်စက်အနားယူလိုက် တော့သည်။
နောက်တစ်နေ့တွင် မင်ယွဲ့သည် ကျောင်းတက်ပြီးနောက် ယွဲ့ဟွာ နည်းပညာ ရုံးချုပ်သို့ တိုက်ရိုက်သွားရောက်ကာ လုပ်ငန်းများကို ဆက်လက်စီမံခန့်ခွဲလေတော့သည်။
အခန်း (၃၂၅) လုပ်ငန်းပြီးမြောက်ခြင်း
ဝန်ထမ်းအင်အားမှာလည်း အရှိန်အဟုန်ဖြင့် တိုးပွားလာရာ ကုမ္ပဏီသည် အလယ်အလတ်အဆင့်ကို ကျော်ဖြတ်ကာ အသေးစားလုပ်ငန်းမှ လုပ်ငန်းကြီးတစ်ခုအဖြစ်သို့ လျင်မြန်စွာ ကူးပြောင်းနိုင်ခဲ့သည်။
မင်ယွဲ့သည် ရုံးချုပ်အတွင်းသို့ ဝင်ရောက်လာပြီး ဓာတ်လှေကားဖြင့် အပေါ်ထပ်သို့ တက်လာခဲ့သည်။ အလုပ်ခွင်ဧရိယာအတွင်းသို့ ခြေချလိုက်သည့်အခါ နေရာမှားရောက်လာသည်ဟုပင် သူမ ထင်မှတ်မိတော့သည်။
"မင်္ဂလာပါ မစ္စတာမင်"
"အထွေထွေမန်နေဂျာ မင်"
......
ယခင်က သူမနှင့် နောက်ပြောင်နေကျ ဝန်ထမ်းများသည်ပင် ယနေ့တွင်မူ နှုတ်ဆက်ရုံသာ နှုတ်ဆက်ပြီး အလုပ်ထဲသို့ အာရုံပြန်သွင်းနေကြသည်။
"မစ္စတာမင်... ရောက်လာပြီလား"
ဝမ်ကျန်းသည် ရုံးခန်းထဲမှ ထွက်လာစဉ် မင်ယွဲ့ကို မြင်လိုက်ရသည်။ အခြားဝန်ထမ်းများ၏ ရှေ့တွင်မူ သူမသည် မင်ယွဲ့ကို 'ဥက္ကဋ္ဌမင်' ဟုသာ ခေါ်ဆိုရပေမည်။ ယွဲ့ယွဲ့ဟု ခေါ်ဆိုခြင်းမှာ ကုမ္ပဏီ၏ လုပ်ငန်းခွင်စည်းကမ်းနှင့် ပုဂ္ဂိုလ်ရေးဆိုင်ရာကိစ္စများကို ရောထွေးစေနိုင် သောကြောင့်ပင်။
"လာကြည့်ပါဦး"
မင်ယွဲ့ ရုံးခန်းထဲသို့ ဝင်သွားရာ ဝမ်ကျန်းကလည်း နောက်မှ လိုက်ပါသွားသည်။
"ငါ မင်းကို စာရွက်စာတမ်းတွေကို စီးပွားရေးဌာန အုပ်စု (၁) ဆီ ပေးခိုင်းထားတယ်မဟုတ်လား ဘာလို့ ဒီကို ပြန်ရောက်နေတာလဲ"
ကျန်ဟင်သည် မော့ပင်မကြည့်ဘဲ ကီးဘုတ်ပေါ်တွင် လက်ချောင်းများက အလုပ်ရှုပ်နေဆဲပင်။
"အလုပ်ရှုပ်နေတာလား"
မင်ယွဲ့က ဆိုဖာပေါ်တွင် ပေါ့ပေါ့ပါးပါး ထိုင်လိုက်သည်။ ကျန်ဟင်က သူမကို မော့ကြည့်လာသည်။
"မင်းလို အေးဆေးနေနိုင်တဲ့ မန်နေဂျာမျိုး ဘယ်သူမှ မရှိဘူး အခုတလော ကုမ္ပဏီမှာ စီမံကိန်းတွေ အများကြီးရှိနေတော့ ဝန်ထမ်းတွေအားလုံး အချိန်ပို ဆင်းနေကြရတယ်"
မင်ယွဲ့ တစ်ခုခုကို နားလည်သွားသည်။
ထို့ကြောင့်ပင် ဝန်ထမ်းများမှာ စစ်မြေပြင်သို့ ထွက်ခွာတော့မည့်အလား တည်ကြည် လေးနက်နေကြခြင်း ဖြစ်သည်။
"ဒီအလုပ်များတဲ့ အချိန်ကာလ ပြီးသွားရင်တော့ သူတို့ကို အနားပေးပြီး တစ်ယောက်ကို ဆုကြေးငွေ နှစ်ထောင်စီ ပေးလိုက်မယ်"
သူတို့ကုမ္ပဏီသည် အခကြေးငွေ ကောင်းမွန်စွာ ပေးဆောင်သည့်နေရာတွင် နာမည်ကျော်သည်ဖြစ်ရာ ကုမ္ပဏီကြီးထွားလာသည်နှင့်အမျှ ဝန်ထမ်းများကို ဝန်မပိစေချင်ပေ။
"ဒါဆိုရင်တော့ သူတို့ကိုယ်စား ကျွန်တော်ပဲ ကျေးဇူးတင်လိုက်ပါရစေ"
ကျန်ဟင်က ထရပ်ကာ သူမအတွက် လက်ဖက်ရည်တစ်ခွက် ငှဲ့ပေးလိုက်သည်။
လုပ်ငန်းကိစ္စများ ဆွေးနွေးပြီးနောက် မင်ယွဲ့သည် ကုမ္ပဏီခွဲ တည်ထောင်ရန် အစီအစဉ်ကိုပါ ချပြလိုက်သည်။ သူမသည် ရည်မှန်းချက်ကြီးမားသူဖြစ်သကဲ့သို့ ကျန်ဟင်မှာလည်း ရည်မှန်းချက်ရှိသော်လည်း ရန်ပုံငွေလိုအပ်နေသူဖြစ်ရာ သူတို့နှစ်ဦးမှာ အလွန်လိုက်ဖက်လှသည်။
"ယွဲ့ဟွာ နည်းပညာက တဟုန်ထိုး တိုးတက်နေတာပါ အကျိုးအမြတ်တွေ အများကြီး ရနေပေမဲ့ အဲဒါတွေကို လုပ်ငန်းချဲ့ထွင်ဖို့အတွက် ပြန်လည်ရင်းနှီးမြှုပ်နှံရဦးမယ် ကုမ္ပဏီခွဲဖွင့်ဖို့ကတော့ အချိန်စောနေသေးတယ်လို့ ထင်တယ်"
ကျန်ဟင်၏ စကားမှာ ကျိုးကြောင်းဆီလျော်သော်လည်း မင်ယွဲ့တွင် ငွေအင်အား အပြည့်အဝ ရှိနေသဖြင့် သူမက ပြတ်သားစွာပင် ဆုံးဖြတ်လိုက်သည်။
"အရှေ့အိုင် စီမံကိန်းတွေ စတင်တာနဲ့ ကုမ္ပဏီခွဲဖွင့်ဖို့ ဖြစ်နိုင်ခြေ အစီရင်ခံစာကို ပြင်ဆင်ထားလိုက်ပါ ပိုက်ဆံအတွက်တော့ ဘာမှ ပူစရာမလိုဘူး"
မင်ယွဲ့သည် လုပ်ငန်းပြီးစီးသည်နှင့် လေယာဉ်ကွင်းသို့ ထွက်ခွာလာခဲ့သည်။ မိုဟန်ကျီက လိုက်ပါပို့ဆောင်ပေး၏။
"ကျွန်မနဲ့အတူ လိုက်ခဲ့မလို့လား"
"မင်းနဲ့အတူ လိုက်ခဲ့ချင်တာပေါ့"
မိုဟန်ကျီက မင်ယွဲ့ကို လေယာဉ်ကွင်းအထိ လိုက်ပို့ပေးသည်။
"ကျွန်မအတွက် ပိုက်ဆံတွေ အများကြီး ရှာပေးဖို့ပဲ အာရုံစိုက်ပါ ကျန်တဲ့ကိစ္စတွေကတော့ ကျွန်မဘာသာ စီစဉ်နိုင်ပါတယ်"
"ကောင်းပါပြီဗျာ၊ ဂရုစိုက်သွားပါဦး"
မိုဟန်ကျီသည် မင်ယွဲ့၏ ပုံရိပ်လေး ပျောက် ကွယ်သွားသည်အထိ စောင့်ကြည့်နေမိသည်။
မင်ယွဲ့သည်လည်း တစ်ခုခုကို ခံစားမိသည့်အလား နောက်သို့ လှည့်ကြည့်လိုက်သော်လည်း ရင်းနှီးသော ပုံရိပ်ကို မမြင်ရတော့ပေ။
လီအောက်ကျေးရွာသို့ ရောက်ရှိသောအခါ ရွာသူရွာသားများ၏ နွေးထွေးသော ကြိုဆိုမှုကို ရရှိသည်။
မင်ယွဲ့သည် လမ်းဖောက်လုပ်ခြင်းနှင့် ဘိုးဘွားရိပ်သာ ဆောက်လုပ်ခြင်းတို့ကြောင့် ရွာတွင် နာမည်ကြီးနေသူ ဖြစ်သည်။
သူမ၏ အောင်မြင်မှုက ရွာရှိ အမျိုးသမီးများအပေါ် ထားရှိသော ခေတ်နောက်ကျသည့် အမြင်များကို ပြောင်းလဲစေခဲ့သည်။
"သမီးတို့လည်း မင်ယွဲ့မမလိုမျိုး ပညာတွေတတ်ပြီး အောင်မြင်တဲ့သူတွေ ဖြစ်ရမယ်"
ဟု ရွာရှိ မိန်းကလေးငယ်များက စိတ်အားထက်သန်စွာ ပြောဆိုနေကြသည်။
နောက်တစ်နေ့ နံနက်တွင် လီအောက်ကျေးရွာသည် ပွဲတော်တစ်ခုကဲ့သို့ ဆူညံလှုပ်ရှားနေသည်။
လူတိုင်းသည် မိမိတို့၏ ဘိုးဘွားများကို ကန်တော့ရန်အတွက် ပူဇော်စရာ ပစ္စည်းများကိုယ်စီဖြင့် ဘိုးဘွားရိပ်သာသို့ စုရုံးလာကြသည်။
ယနေ့တွင် မင်ယွဲ့၏ ဖခင်ဖြစ်သူသည် သူမ ကိုယ်တိုင်ချုပ်လုပ်ပေးထားသော ဝတ်စုံဖြင့် အလွန် ခန့်ညားနေသည်။ ရွာဦးကျောင်း၌ အခမ်းအနားမှူးက အဖွင့်အမှာစကား ပြောကြားနေချိန်တွင် မင်ယွဲ့သည် ပရိသတ်ကြားမှ ကြည့်ရှုနေမိသည်။
"တကယ့် ပညာရှင်တွေက လူသာမန်တွေကြားမှာ ရှိနေတတ်တာပဲ"
ဟု မင်ယွဲ့က တွေးတောနေမိသည်။
အခမ်းအနားမှူး၏ စကားပြောဟန်မှာ ကာရန်နဘေများဖြင့် စည်းချက်ညီလှပြီး နားထောင်သူအပေါင်းကို စိတ်လှုပ်ရှားစေသည်။
အခမ်းအနား အထွက်အထိပ်သို့ ရောက်သောအခါ လူငယ်နှစ်ဦးက ဆိုင်းဘုတ်ကို ထမ်းပိုး၍ ထွက်လာကြသည်။ ဒေသခံ တူရိယာဝိုင်း၏ တီးခတ်သံများက ကျေးလက်ရနံ့ကို ပိုမိုပေါ်လွင်စေသည်။
မင်ယွဲ့၏ ဖခင်သည် ဆိုင်းဘုတ်ပေါ်ရှိ အနီရောင်ပိတ်စကို ဆွဲဖွင့်လိုက်သည့် ခဏတွင် တစ်ရွာလုံး၏ သောင်းသောင်းဖျဖျ အားပေးသံများမှာ ကောင်းကင်ယံအထိ ပျံ့လွင့်သွားတော့သည်။
မင်ယွဲ့သည် ဤမြင်ကွင်းကို ကြည့်ရင်း သူမ၏ ဇာတိမြေအတွက် တစ်ခုခု လုပ်ဆောင်ပေးနိုင်ခဲ့ခြင်းအပေါ် ကြည်နူးပီတိ ဖြစ်နေမိတော့သည်။