← Chapters

အခန်း (၃၄၆-၃၅၀)

Vol. 35 Ch. 346-350

အခန်း (၃၄၆-၃၅၀)

Vol. 35 Ch. 346-350

အခန်း (၃၄၆) မင်း တကယ်ကြီး အတည်ပြောနေတာလား

မိုဟန်ကျီသည် မင်ယွဲ့ကို လက်တစ်ဖက်ဖြင့် ဆွဲကာ ထိုအမျိုးသမီးနှင့် ဝေးရာသို့ နောက်တစ်လှမ်းဆုတ်၍ ပို့ဆောင်လိုက်သည်။ သူ၏ အကာအကွယ်ပေးလိုသော အမူအရာမှာ ထင်ရှားလှသည်။

"မစ္စတာမို... ကျွန်မ မှားသွားပါတယ်၊ ကျွန်မ တကယ်ပဲ မှားမှန်းသိပါပြီ ရှင်ရဲ့ ချစ်သူကို ကျွန်မ မစော်ကားသင့်ခဲ့ပါဘူး..."

"ပါးစပ်ပိတ်ထားစမ်း”

မိုဟန်ကျီ၏ မျက်မှောင်ကြုတ်သွားမှုမှာ အေးစက်လှသည်။

ထိုအမျိုးသမီးသည် မင်ယွဲ့ကို ဆဲရေးတိုင်းထွာခဲ့သည်ဟူသော အချက်ကို သူ လုံးဝ လက်မခံနိုင်ပေ။ သူ အမြတ်တနိုး တန်ဖိုးထားရသော သူကို တစ်ပါးသူက နှိမ့်ချစော်ကားသည်ကို သူ မည်သို့ သည်းခံနိုင်မည်နည်း။

ကျန်ယီကမူ ထိုအမျိုးသမီးသည် သေမင်းကို ခေါ်ယူနေသည်ဟုပင် ထင်မှတ်မိသည်။ မူလက အစ်မမင်ယွဲ့ ရှိနေသဖြင့် သူမ၏ စိတ်အာရုံ မနောက်စေရန် မနေ့က အဖြစ်အပျက်များကို သူ ပြန်မပြောဘဲ ထိန်ချန်ထားခဲ့ခြင်း ဖြစ်သည်။

သို့သော် ထိုအမျိုးသမီးမှာ သူမကိုယ်သူမ သေတွင်းတူးရန် အလွန်ပင် ဝါသနာပါပုံရသည်။ ကျန်ယီအား ရန်စမိခြင်းနှင့် မိုဟန်ကျီအား ရန်စမိခြင်း၏ အကျိုးဆက်မှာ ကောင်းကင်နှင့် မြေကြီးကဲ့သို့ ကွာခြားလှသည်။

မိုဟန်ကျီသည် သူမ၏ ဆင်ခြေများကို ဆက်လက် နားထောင်ရန် စိတ်မပါတော့သော်လည်း ဤကိစ္စကို ဤမျှနှင့် ရပ်တန့်မည်ဟုတော့ မဆိုလိုပေ။

"သွားစားကြစို့"

ပြိုင်ကားကွင်းတွင် အချိန်အတော်ကြာ ကုန်ဆုံးခဲ့သဖြင့် မင်ယွဲ့ ဗိုက်ဆာနေမည်ကို သူ စိုးရိမ်နေမိသည်။ ထို့ကြောင့် အချိန်မဖြုန်းလိုတော့ဘဲ သူမကို ဆွဲခေါ်ကာ အတွင်းသို့ ဝင်လာခဲ့တော့သည်။

သူ၏ အဆင့်အတန်းကြောင့် လူပုံအလယ်တွင် ငြင်းခုံနေခြင်းမှာ သတင်းမှားများ ပျံ့နှံ့နိုင်သဖြင့် သူက လျစ်လျူရှုလိုက်ခြင်း ဖြစ်သည်။

ထိုအမျိုးသမီး၏ သူငယ်ချင်းမှာ သူမကို ကူညီထူမရင်း ထိတ်လန့်တကြား မေးလိုက်သည်။

"နင် သူတို့ကို ဘယ်လိုများ ရန်စမိလိုက်တာလဲ အဲဒါ မိုမိသားစုနဲ့ ကျန်မိသားစုလေ”

"ဖိန်ဖိန်... နင် ငါ့ကို ကူညီမှ ဖြစ်မယ် နင့်အဖေက မြူနီစီပယ် ပါတီအတွင်းရေးမှူးပဲ၊ သူဆိုရင် ဒါကို ဖြေရှင်းပေးနိုင်မှာပါ"

သူမသည် ကြောက်လန့်တကြား တောင်းဆိုနေသော်လည်း ဖိန်ဖိန်ကမူ အခြေအနေကို ကောင်းစွာ သဘောပေါက်ထားသည်။

မိုမိသားစုနှင့် ကျန်မိသားစုကို ဆန့်ကျင်ရန် သူမ၏ မိသားစုကို အန္တရာယ်ထဲသို့ ဆွဲမသွင်းနိုင်ပေ။ ထို့ကြောင့် သူမသည်လည်း သူမ၏ သူငယ်ချင်းကို ထားရစ်ခဲ့ကာ အလျင်အမြန် ထွက်ခွာသွားတော့သည်။

စားသောက်ဆိုင်အတွင်း၌ ကျန်ယီသည် အားနာခြင်းမရှိဘဲ ဟင်းလျာများကို မှာယူနေသည်။ မိုဟန်ကျီကလည်း မင်ယွဲ့ အကြိုက်ဆုံး ဟင်းလျာများကိုသာ ရွေးချယ်၍ မှာပေးလိုက်သည်။

ဟယ်ဝမ်ကမူ မိုဟန်ကျီနှင့် အတူ ထမင်းစားရသည်မှာ လူကြီးတစ်ဦးနှင့် စားရသကဲ့သို့ ခံစားရသဖြင့် အနည်းငယ် အနေခက်နေရှာသည်။

ညစာ စားပြီးနောက် မိုဟန်ကျီသည် မင်ယွဲ့ကို အိမ်သို့ ပြန်လည် ပို့ဆောင်ပေးခဲ့သည်။

"ယွဲ့ယွဲ့... မနက်ဖြန် အားလား အဘွားက မင်းကို သူ့မွေးနေ့ပွဲအတွက် ဖိတ်ခိုင်းလိုက်လို့"

မင်ယွဲ့သည် ကျိုးယင်း ပေးပို့သော စာကို မြင်မှသာ အဘွားလီ၏ မွေးနေ့ဖြစ်ကြောင်း သိလိုက်ရသည်။

"အိုကေလေ"

သူမ ချက်ချင်းပင် သဘောတူလိုက်သည်။

သူမ လုပ်ငန်းခွင်သို့ စတင်ဝင်ရောက်စဉ်က အဘွားလီ၏ ကူညီစောင့်ရှောက်မှုများကို အမြဲ သတိရနေသူ ဖြစ်သည်။

"ရှင် မနက်ဖြန် အလုပ်များလား"

မင်ယွဲ့က မိုဟန်ကျီကို ဖုန်းဆက်မေးလိုက်သည်။

ထိုအချိန်တွင် မိုဟန်ကျီသည် အားကစားခန်းမ၌ လေ့ကျင့်ခန်း လုပ်နေခြင်း ဖြစ်သည်။ သူ၏ ဆံနွယ်များမှာ ဖရိုဖရဲ ဖြစ်နေပြီး နဖူးမှ ချွေးစက်များမှာ ဆွဲဆောင်မှု ရှိလှသည်။

မင်ယွဲ့၏ ဖုန်းသံကို ကြားသည်နှင့် သူသည် ချက်ချင်းပင် လေ့ကျင့်ခန်းကို ရပ်တန့်ကာ အဝတ်အစားများကို ပြုပြင်ပြီး ဖုန်းကို ကိုင် လိုက်သည်။

"မများပါဘူး၊ မင်း ခေါ်တဲ့နေရာကို ကိုယ် လိုက်ခဲ့ပါ့မယ်”

မင်ယွဲ့က တိုးတိုးလေး ရယ်မောလိုက်သည်။

သူမ ဖိတ်ကြားခြင်း မပြုရသေးခင်မှာပင် သူက သဘောတူလိုက်ချေပြီ။

"ဒါဆို မနက်ဖြန် အဘွားလီဆီကို ကျွန်မနဲ့အတူ လိုက်ခဲ့မလား"

မိုဟန်ကျီက ထိုအဘွားအကြောင်းကို မင်ယွဲ့ ပြောပြချက်အရ သိထားပြီး ဖြစ်သည်။

"ကောင်းပြီလေ"

ဖုန်းချပြီးနောက် မိုဟန်ကျီသည် လေ့ကျင့်ခန်း ဆက်လုပ်ရန် စိတ်မပါတော့ပေ။

သူသည် အိမ်ထိန်းကို ခေါ်ကာ လူကြီးသူမများနှင့် သင့်တော်သော လက်ဆောင်ပစ္စည်းများ ပြင်ဆင်ရန် ညွှန်ကြားလိုက်သည်။ မင်ယွဲ့က မပြောသော်လည်း သူ၏ အနေဖြင့် လူကြီးများထံ သွားရာတွင် လိုက်နာရမည့် ဝတ်ကျေတမ်းကျေ ပြုမူမှုများကို ဂရုစိုက်ရပေမည်။

မနက်ဖြန်တွင် မိုဟန်ကျီက မင်ယွဲ့ကို လာကြိုသဖြင့် သူမကိုယ်တိုင် ကားမောင်းရန် မလိုတော့ပေ။ အဘွားလီတို့ နေထိုင်ရာ ဝင်းအတွင်းသို့ ဝင်လာသောအခါ အဖော်အပေါင်းများနှင့် စကားပြောနေကြသော လူကြီးများက သူတို့နှစ်ဦးကို လှမ်းကြည့်ကြသည်။

"ဒီလောက် ခန့်ညားတဲ့ လူငယ်လေးနဲ့ လှပတဲ့ မိန်းကလေးက တို့ရပ်ကွက်ထဲ ဘယ်တုန်းက ပြောင်းလာတာလဲ"

"အို... နင်ကတော့ အသက်ကြီးလို့ မျက်စိမှုန်နေပြီ ထင်တယ် အဲဒါ အဘွားလီအိမ်မှာ နေခဲ့တဲ့ ယွဲ့ယားလေးလေ"

ထိုဝင်းအတွင်းရှိ လူများမှာ တစ်ဦးနှင့်တစ်ဦး ရင်းနှီးကြသူများ ဖြစ်သည်။ မင်ယွဲ့သည် လူကြီးများကို ယဉ်ကျေးစွာ နှုတ်ဆက်ကာ အဘွားလီ၏ အိမ်သို့ လျှောက်လှမ်းခဲ့သည်။

"ယွဲ့ယွဲ့လေး ရောက်လာပြီလား မြန်မြန် ဝင်လာခဲ့ပါကွယ်”

အဘွားလီသည် ဝမ်းသာအားရ ကြိုဆိုလိုက် သည်။

"အဘွားလီ... ဒါက ကျွန်မရဲ့ ချစ်သူ မိုဟန်ကျီ ပါ"

မိုဟန်ကျီ၏ ခန့်ညားသော အသွင်အပြင်ကြောင့် အဘွားလီမှာ ချက်ချင်းပင် သတိပြုမိသွားသည်။

သူမ၏ မြေးဖြစ်သူနှင့် မင်ယွဲ့ကို တွဲပေးချင်ခဲ့သော်လည်း ယခုတော့ သူမ၏ မြေးမှာ လူပျိုကြီးဘဝဖြင့်သာ ဆက်လက် နေထိုင်ရတော့မည်ဟု တွေးကာ ပြုံးလိုက်မိသည်။

"အဘွားလီ... နေကောင်းပါရဲ့လားခင်ဗျာ"

မိုဟန်ကျီက လက်ဆောင်ပစ္စည်းများကို ဘေးတွင် ချထားရင်း ယဉ်ကျေးစွာ နှုတ်ဆက်လိုက် သည်။

"ယွဲ့ယွဲ့..."

အဘွားလီ၏ နောက်ကွယ်မှ ကျိုးယင်း ထွက်လာသည်။ ကျိုးယင်း၏ မိဘများမှာ မီးဖိုချောင်တွင် အလုပ်ရှုပ်နေကြသည်။

ကျိုးယင်း၏ မိခင်သည် မင်ယွဲ့ကို မြင်သောအခါ သူမ၏ လှပမှုကြောင့် အံ့အားသင့်သွားရသလို တစ်ဖက်မှလည်း မိမိ၏ သားအတွက် နှမြောတသ ဖြစ်သွားရသည်။

"ဒါ ယွဲ့ယွဲ့လေးလား၊ တကယ်ကို လှတာပဲ အဘွားလီက အမြဲတမ်း ပြောပြနေလို့ တွေ့ချင်နေတာ ကြာပြီ"

ကျိုးယင်း၏ မိခင်သည် မင်ယွဲ့နှင့် မိုဟန်ကျီကို ကြည့်ကာ လိုက်ဖက်ညီလှသည်ဟု တွေးမိသော်လည်း မိမိ၏သားက အခွင့်အရေးကို လက်လွတ်ခဲ့သည်ကို သိရှိကာ စိတ်မကောင်း ဖြစ်သွားရသည်။

"မင်း တကယ်ကြီး အတည်ပြောနေတာလား"

ကျိုးယင်းသည် မင်ယွဲ့နှင့် အဘွားလီတို့ စကားပြောနေစဉ် မိုဟန်ကျီအနားသို့ တိုးကပ်ကာ တိုးတိုးလေး မေးလိုက်သည်။

"ငါက နောက်နေတယ်လို့ မင်း ထင်လို့လား"

မိုဟန်ကျီ၏ အဖြေမှာ တိုတောင်းသော်လည်း တည်ကြည်လှသည်။

သူတို့နှစ်ဦးမှာ အတိအကျ ထုတ်မပြောသော်လည်း တစ်ဦး၏ ရည်ရွယ်ချက်ကို တစ်ဦးက ကောင်းစွာ နားလည်နေကြသည်။ ဤအမျိုးသမီးသည် မိုဟန်ကျီ အလေးအနက်ထားသော တစ်ဦးတည်းသောသူ ဖြစ်ကြောင်း ထင်ရှားနေတော့သည်။

အခန်း (၃၄၇) အဲဒါ တော်တော်ကောင်းတာပဲ

"ငါက မင်းကို သတိပေးချင်ရုံတင်ပါ၊ မင်ယွဲ့က မင်းနဲ့မတူဘဲ အရမ်းကို လိမ်မာအေးဆေးတဲ့ မိန်းကလေးတစ်ယောက်"

မင်ယွဲ့သည် ထူးချွန်ထက်မြက်သူ ဖြစ်သည်နှင့်အညီ ဤကဲ့သို့သော မိန်းကလေးတစ်ဦး၏ ဘဝမှာ အချစ်ကြောင့် ပျက်စီးသွားမည်ကို ကျိုးယင်း မလိုလားပေ။

မိုဟန်ကျီကဲ့သို့ ချမ်းသာကြွယ်ဝသော သခင်လေးတစ်ဦးအဖို့ အချစ်ဆိုသည်မှာ ဘဝ၏ အရသာတစ်ခုမျှသာ ဖြစ်နိုင်သော်လည်း မင်ယွဲ့ကသာ အလေးအနက် ထားမိပါက နောက်ဆုံးတွင် နာကျင်ရမည်မှာ သူမသာ ဖြစ်ပေလိမ့်မည်။

"ငါက ဘာဖြစ်နေလို့လဲ မင်းနဲ့ ငါနဲ့က ဘာများ ကွာခြားလို့လဲ"

မိုဟန်ကျီသည် လူကြီးမိဘများအပေါ်တွင် ယဉ်ကျေးပျူငှာစွာ ဆက်ဆံနိုင်သော်လည်း ကျိုးယင်းအပေါ်တွင်မူ ထိုမျှ ကြင်နာပြရန် ဆန္ဒမရှိပေ။

သူ၏ ခနဲ့တဲ့တဲ့ အမေးကြောင့် ကျိုးယင်းမှာ ဆွံ့အသွားရသည်။ ကျိုးမိသားစုမှာ ယန်ကျင်းမြို့တွင် အခြေခိုင်သော မိသားစုဖြစ်သော်လည်း မိုမိသားစုနှင့် ယှဉ်လျှင်မူ များစွာ ကွာခြားလှသည် မဟုတ်ပါလား။

"ဘာပဲဖြစ်ဖြစ်... သူမကို ကောင်းကောင်း ဆက်ဆံပေးပါ"

အစပိုင်းတွင် အဘွားဖြစ်သူက မင်ယွဲ့ကို သဘောကျခဲ့ခြင်းဖြစ်သော်လည်း နောက်ပိုင်းတွင် သူမ၏ ထူးချွန်မှုများကြောင့် ကျိုးယင်းကိုယ်တိုင်လည်း ဤညီမလေးအပေါ် သံယောဇဉ်တွယ်ကာ အလိုလို ကာကွယ်ပေးချင်စိတ်များ ပေါ်ပေါက်လာခြင်း ဖြစ်သည်။

"မင်းက ဘယ်လို အဆင့်အတန်းမျိုးနဲ့ ဒါကို ပြောနေတာလဲ"

မိုဟန်ကျီသည် မင်ယွဲ့ထံမှ ချစ်သူတစ်ဦး ပေးသင့်သော လုံခြုံမှုကို ရရှိထားသော်လည်း ကျိုးယင်း၏ ကာကွယ်လိုသော အမူအရာကို မြင်သည့်အခါ သူတို့သည် မိမိထက်စော၍ မင်ယွဲ့ကို သိကျွမ်းခဲ့ကြသည်ဟူသော အချက်က သူ့ကို အနည်းငယ် မကျေမနပ် ဖြစ်စေသည်။

သူ နောင်တရမိသည်မှာ မင်ယွဲ့၏ အတိတ်ဘဝထဲသို့ မိမိကိုယ်တိုင် စောစောစီးစီး ရောက်ရှိမသွားခဲ့ခြင်းပင် ဖြစ်သည်။

ထိုစဉ် မင်ယွဲ့က တစ်ခုခုကို အာရုံရသကဲ့သို့ လှည့်ကြည့်လာသည်။ သူ့ကိုကြည့်ကာ တောက်ပစွာ ပြုံးပြနေသော မိန်းကလေးကို မြင်လိုက်ရချိန်တွင်မူ မိုဟန်ကျီ၏ ရင်ထဲ၌ နောင်တဟူသည် အရိပ်အယောင်မျှပင် မကျန်တော့ပေ။

အချစ်တွင် အရင်ရောက်သူ နောက်ရောက်သူဟူ၍ မရှိပါ၊ သူမ၏ အနာဂတ်တွင် သူ ရှိနေဖို့သာ အရေးကြီးသည်။

"အစ်ကိုတစ်ယောက် အနေနဲ့ပါ"

ကျိုးယင်းက ခိုင်မာစွာ ဖြေကြားလိုက်သည်။

မင်ယွဲ့၏ တောက်ပနေသော မျက်ဝန်းများကို ကြည့်ကာ မိုဟန်ကျီသည်လည်း သူ၏ မေးခွန်းထုတ်မှုများမှာ မလိုအပ်ကြောင်း သဘောပေါက်သွားတော့သည်။

"ထမင်းစားလို့ ရပါပြီ"

ဟင်းလျာများ စုံလင်စွာ ခင်းကျင်းပြီးနောက် အားလုံး ဝိုင်းဖွဲ့ ထိုင်လိုက်ကြသည်။

"မောင်မိုရဲ့ မိသားစုက ဘာတွေလုပ်သလဲကွယ်"

အဘွားလီသည် မင်ယွဲ့ကို စိုးရိမ်စိတ်ဖြင့် မေးမြန်းလိုက်ခြင်း ဖြစ်သည်။

မင်ယွဲ့သည် နှစ်ပေါင်းများစွာ ခက်ခဲစွာ ရုန်းကန်ခဲ့ရသူ ဖြစ်သဖြင့် လူကြီးတစ်ဦးအနေဖြင့် သူမ၏ ချစ်သူနောက်ခံကို သိထားရန် လိုအပ်သည်ဟု ယူဆသည်။

"စီးပွားရေး အနည်းငယ် လုပ်ပါတယ်"

မိုဟန်ကျီ၏ စကားကြောင့် ကျိုးယင်းမှာ ပြောမည့်စကားများကို ပြန်မျိုချလိုက်ရသည်။

"စီးပွားရေးလုပ်တာ ကောင်းတာပေါ့ မိဘတွေရဲ့ ပံ့ပိုးမှု ရှိရင်တော့ ယန်ကျင်းမှာ နေရတာ သိပ်ပြီး မပင်ပန်းတော့ဘူးပေါ့ကွယ်"

အဘွားလီက ကြင်နာစွာ ဆိုသည်။

မိုဟန်ကျီနှင့် မင်ယွဲ့တို့သည် ယနေ့တွင် လိုက်ဖက်ညီသော ဝတ်စုံများကို ဝတ်ဆင်ထားကြသဖြင့် မိုဟန်ကျီ၏ တင်းမာသော အသွင်အပြင်မှာ ပျော့ပျောင်းနေသည်။

"ကျွန်တော် မိဘတွေရဲ့ လုပ်ငန်းအသေးလေးကိုပဲ လွှဲပြောင်းယူထားတာပါ"

မိုဟန်ကျီသည် မျက်တောင်တစ်ချက် မခတ်ဘဲ လိမ်ညာလိုက်သည်။

တရုတ်နိုင်ငံ၏ ထိပ်တန်း လုပ်ငန်းကြီး ဖြစ်သော ရှင်းယောင်းအုပ်စုကို လုပ်ငန်းအသေးလေးဟု ဆိုပါက အခြားလုပ်ငန်းများမှာ အဘယ်မှာ ရှိပါမည်နည်း။

မင်ယွဲ့ကို ကြည့်လိုက်သောအခါတွင်လည်း သူမသည် မိုဟန်ကျီ၏ စကားကို သဘောတူသကဲ့သို့ တည်ငြိမ်နေဆဲပင်။ တကယ့်ကို လိုက်ဖက်ညီသော စုံတွဲပါပေ။

"ဒါလည်း ကောင်းတာပါပဲ ယွဲ့ယွဲ့လေးက အရမ်းလိမ္မာတဲ့ ကလေးမလေးမို့ သူ့ကို ကောင်းကောင်း စောင့်ရှောက်ပါဦး သူက ဒီမြို့မှာ အမျိုးမရှိဘူးဆိုပြီးတော့လည်း မနှိပ်စက်နဲ့ဦးနော် တို့ ကျိုးမိသားစုက သူ့ရဲ့ မိသားစုပဲ"

အဘွားလီက မင်ယွဲ့ကို အားပေးကူညီသည့် အနေဖြင့် အလေးအနက် ပြောကြားလိုက်သည်။

"ကျေးဇူးတင်ပါတယ် အဘွားလီရယ်"

မင်ယွဲ့သည် အဘွားလီ၏ လက်မောင်းကို ဖက်ကာ ရင်ထဲ၌ နွေးထွေးသွားရသည်။

သွေးသားမတော်စပ်သော်လည်း ယခုကဲ့သို့ မိမိအပေါ် ဂရုစိုက်သော လူကြီးမိဘများ ရှိနေခြင်းက မိမိ၏ ရပ်တည်မှုကို ပို၍ ခိုင်မာစေသည်။

ညစာ စားပြီးနောက် စကားလက်ဆုံ ကျကြစဉ် မင်ယွဲ့သည် ကျိုးယင်း၏ မိခင်မှာ လက်ရေးလှအသင်း၏ ဒုတိယဥက္ကဋ္ဌ ဖြစ်ပြီး ဖခင်မှာ လမ်းပန်းဆက်သွယ်ရေး အရာရှိတစ်ဦး ဖြစ်ကြောင်း သိလိုက်ရသည်။

ဟုန်ဝေရပ်ကွက်မှာ အစိုးရဝန်ထမ်း မိသားစုများ နေထိုင်ရာ ဝင်းဖြစ်သဖြင့် အဘွားလီ၏ မိသားစုမှာ အခြေအနေ ကောင်းမွန်မည်ကို သူမ ကြိုတင် သိထားပြီးဖြစ်သည်။

ကျိုးယင်း၏ မိခင်သည် မင်ယွဲ့ကို နောက်တစ်ခေါက် အိမ်သို့ လာလည်ရန် ဖိတ်ခေါ်ပြီး သူမကိုယ်တိုင် ရေးဆွဲထားသော လက်ရေးလှ တစ်ခုကို လက်ဆောင်ပေးချင်ကြောင်း ဆိုသည်။

မင်ယွဲ့သည်လည်း ထိုအနုပညာရပ်များကို စိတ်ဝင်စားသူ ဖြစ်သဖြင့် ဝမ်းမြောက်စွာ လက်ခံလိုက်သည်။

"အမေ... တို့နဲ့အတူ လာနေပါတော့လား အရင်က ယွဲ့ယွဲ့လေး ရှိနေလို့ စိတ်ချရပေမယ့် အခုတော့ အမေ တစ်ယောက်တည်းဆိုတော့ တို့ ဘယ်လို စိတ်အေးရမလဲ"

ကျိုးမိခင်က တစ်ကျော့ပြန် ခေါ်ယူပြန်သည်။ အဘွားလီကမူ သူမ၏ ဘဝတစ်ခုလုံးကို သားသမီးအတွက် ပေးဆပ်ခဲ့ပြီးပြီ ဖြစ်သဖြင့် အိုမင်းလာချိန်တွင် သူတို့ကို အနှောင့်အယှက် မပေးလိုတော့ပေ။

"ငါကတော့ မလာတော့ဘူး ဒီမှာပဲ နေသားကျနေပြီလေ"

အဘွားလီသည် နံရံပေါ်တွင် ချိတ်ဆွဲထားသော မိသားစု ဓာတ်ပုံကို ကြည့်ကာ ပြုံးလိုက်သည်။

ထိုပုံထဲတွင် ကျိုးယင်းမှာ ရင်ခွင်ပိုက် အရွယ်သာ ရှိသေးပြီး အဘိုးဖြစ်သူက ပွေ့ချီထားသည်။ ဤအိမ်လေးသည် သူမနှင့် သူမ၏ ခင်ပွန်းတို့၏ အမှတ်တရများ စုဝေးရာ နေရာဖြစ်သဖြင့် သူမ မခွာချင်တော့ပေ။

နောက်ဆုံးတွင် ကျိုးယင်းက အလျှော့ပေးကာ အိမ်ဖော်တစ်ဦး ငှားရမ်းပေးရန် အတင်းအကျပ် တောင်းဆိုလိုက်သည်။

အဘွားလီ တစ်ယောက်တည်း နေထိုင်ခြင်းမှာ အန္တရာယ်များလွန်းသဖြင့် အနီးကပ် ပြုစုစောင့်ရှောက်မည့်သူ လိုအပ်သည် မဟုတ်ပါလား။ အဘွားလီသည်လည်း သူမ၏ မြေးဖြစ်သူ၏ အလိုကို မလွန်ဆန်နိုင်ဘဲ သဘောတူလိုက်ရတော့သည်။

မင်ယွဲ့နှင့် မိုဟန်ကျီတို့ ပြန်သွားကြပြီးနောက် ကျိုးမိခင်သည် လက်ဆောင်ပစ္စည်းများကို ကြည့်ကာ အံ့သြသွားရသည်။

"ဒီကလေးတွေ တော်တော်လေး အကုန်အကျ ခံထားတာပဲ လက်ထပ်တောင် မရသေးဘူး၊ အိမ်ထောင်မှုကို မစီမံရသေးတော့ ပိုက်ဆံ တန်ဖိုးကို မသိကြသေးဘူး ထင်တယ်"

အဘွားလီက ညည်းညူလိုက်သော်လည်း သူမ၏ မျက်နှာတွင်မူ အပြုံးများဖြင့် ပြည့်နှက်နေသည်။

စစ်မှန်သော မေတ္တာသည် စစ်မှန်သော ပျော်ရွှင်မှုကိုသာ ဆောင်ကြဉ်းပေးတတ်သည် မဟုတ်ပါလား။

"အဘွား မစိုးရိမ်ပါနဲ့၊ အဲဒီ မိုဟန်ကျီဆိုတဲ့ လူက ကုမ္ပဏီကြီးတစ်ခုရဲ့ သူဌေးဗျ အဘွားရဲ့ မြေးထက်တောင် ပိုပြီး ချမ်းသာသေးတယ်"

ကျိုးယင်းက ရယ်မောလျက် ဆိုသည်။

"တကယ်ကြီးလား... အဲဒီလောက်တောင် ချမ်းသာတာလား"

အဘွားလီမှာ မှင်တက်သွားရသည်။

ကျိုးယင်း၏ ဝင်ငွေမှာပင် မနည်းလှပေ။ ထိုမောင်မိုက သူမ၏ မြေးထက် ပို၍ ထူးချွန်သည်ဆိုပါက မင်ယွဲ့၏ ဘဝမှာ စိတ်ချရပြီ ဖြစ်သည်။

"ဟုတ်တယ် အဘွား ယွဲ့ယွဲ့ကိုယ်တိုင်လည်း ကုမ္ပဏီတစ်ခု ထောင်ထားတာပဲ သူက ဘယ်သူ့ကိုမှ အားကိုးစရာမလိုဘဲ တင့်တင့်တယ်တယ် နေနိုင်တဲ့သူပါ"

ကျိုးယင်း၏ စကားကြောင့် အဘွားလီမှာ ပို၍ပင် ဝမ်းသာသွားရသည်။

"အဲဒါ တော်တော်ကောင်းတာပဲ၊ ငါ့မြေးလေး ယွဲ့ယွဲ့က အခုတော့ သူဌေးမလေး ဖြစ်နေပြီပေါ့"

သူမသည် မင်ယွဲ့အတွက် စစ်မှန်သော ဝမ်းမြောက်မှုတို့ဖြင့် ကြည်နူးနေတော့သည်။

အခန်း (၃၄၈) ကျွန်တော့်ကို အဆင့်မြှင့်ပေးပါဦး

"ဒီအဝတ်အစားတွေက အမေ့အတွက်တဲ့၊ တကယ့်ကို ကြည့်ကောင်းလိုက်တာ"

ကျိုးမိခင်သည် တင့်တယ်လှပသော သေတ္တာတစ်လုံးကို ထုတ်ယူကာ ဖွင့်ပြလိုက်ရာ အတွင်း၌ အနုစိတ်ချုပ်လုပ်ထားသော အဝတ်အစားတစ်စုံကို တွေ့လိုက်ရသည်။ လက်ဖြင့် ထိတွေ့ကြည့်လိုက်ရုံမျှဖြင့် ပိုးသား၏ နူးညံ့ချောမွေ့မှုနှင့် အဆင့်အတန်းမြင့်မားမှုကို ခံစားသိရှိနိုင်သည်။

"ဒါ ယွဲ့ယွဲ့လေး ကိုယ်တိုင်ချုပ်ပေးတာ ဖြစ်ရမယ် အမေ့ကို မြန်မြန်ပြပါဦး"

အဘွားလီ၏ ရင်ထဲ၌ နွေးထွေးမှုတို့ လွှမ်းခြုံသွားရသည်။

အားလပ်ချိန်ရလျှင် အဘွားအတွက် အဝတ်အစားတစ်စုံ ကိုယ်တိုင်ချုပ်ပေးမည်ဟု ယွဲ့ယွဲ့ ပြောခဲ့ဖူးသော်လည်း ယခုခေတ် လူငယ်များမှာ အလုပ်ကိုယ်စီဖြင့် အလွန်အမင်း အလုပ်ရှုပ်နေကြသူများ ဖြစ်ရာ တကယ်တမ်း လက်တွေ့လုပ်ပေးလိမ့်မည်ဟု သူမ မမျှော်လင့်ထားခဲ့ပေ။

"သူ့ဘာသာသူ ချုပ်တာတဲ့လား၊ တကယ့်ကို အံ့သြဖို့ကောင်းတဲ့ ကောင်မလေးပဲ"

ယနေ့ခေတ် လူငယ်များမှာ အပ်နှင့်ချည်ကိုပင် ကိုင်လေ့မရှိကြတော့ဘဲ ယခုကဲ့သို့ ကျွမ်းကျင်စွာ ချုပ်လုပ်နိုင်ခြင်းမှာ ချီးကျူးစရာပင် ဖြစ်သည်။

ကျိုးယင်းသည်လည်း အနည်းငယ် အံ့အားသင့်သွားသော်လည်း မင်ယွဲ့၏ ထူးခြားသော အရည်အချင်းများကို သိထားသူဖြစ်၍ သဘာဝကျသည်ဟုသာ မှတ်ချက်ပြုလိုက်သည်။

"အမေ... ဒါက အမေနဲ့ တကယ့်ကို လိုက်ဖက် လွန်းပါတယ်"

ကျိုးမိခင်က အဝတ်အစားများကို အဘွားလီ၏ ရှေ့တွင် ကပ်ကြည့်ပေးရင်း စိတ်ရင်းဖြင့် ချီးကျူးနေတော့သည်။

လူကြီးမိဘများအတွက် လက်ဆောင်ဆိုသည်မှာ တန်ဖိုးကြီးခြင်း၊ မကြီးခြင်းထက် သားသမီးများ၏ ဂရုစိုက်မှုနှင့် စေတနာကိုသာ အဓိကထား၍ ဝမ်းမြောက်ကြခြင်း ဖြစ်သည်။

မင်ယွဲ့နှင့် မိုဟန်ကျီတို့ အိမ်သို့ ပြန်ရောက်လာကြသည်။ မိုဟန်ကျီသည် မင်ယွဲ့၏ အိမ်သို့ မရောက်သည်မှာ ကြာပြီဖြစ်သော်လည်း အိမ်၏ အပြင်အဆင်နှင့် ဖွဲ့စည်းပုံကိုမူ ကောင်းစွာ မှတ်မိနေဆဲ ဖြစ်သည်။ သူသည် ရေတစ်ဖက် သောက်ရင်း မင်ယွဲ့အတွက်လည်း ရေတစ်ခွက် ငှားပေးလိုက်သည်။

ယွမ်ပေါ့သည် အိပ်ခန်းထဲမှ ထွက်လာသည်။ အမှန်တကယ်တော့ ၎င်းသည် စနစ်တကျ လေ့ကျင့်ရေး နယ်မြေ ထဲတွင် တစ်ချိန်လုံး ရှိနေခဲ့ခြင်း ဖြစ်သော်လည်း အထဲတွင် အချိန်အကြာကြီး နေရသည်မှာ ပျင်းရိဖွယ် ကောင်းလှသဖြင့် အပြင်သို့ ထွက်လာခြင်း ဖြစ်၏။

"ရွှေတုံးလေး..."

မိုဟန်ကျီက ယွမ်ပေါ့ကို ပွေ့ချီလိုက်သည်။

ယွမ်ပေါ့မှာမူ အူယောင်ဖိတ်ယောင်ဖြင့် ငြိမ်နေရုံမှတစ်ပါး အခြားမရှိပေ။ အပြင်ထွက်လာလျှင် လမ်းလျှောက်ရမည်ဟု ထင်ထားသော်လည်း ယခုတော့ မိုဟန်ကျီ၏ ရင်ခွင်ထဲတွင်ပင် အေးဆေးစွာ လိုက်ပါနေရတော့သည်။

သူတို့နှစ်ဦးမှာ အပြင်သို့ ပြန်မထွက်ကြတော့ဘဲ လိုက်ကာများကို ချကာ အိမ်၌သာ ရုပ်ရှင်ကြည့်ရန် ဆုံးဖြတ်လိုက်ကြသည်။ သူတို့ ကြည့်နေသော သည်းထိတ်ရင်ဖို ထိတ်လန့်စရာ ရုပ်ရှင်မှာ မင်ယွဲ့နှင့် မိုဟန်ကျီအတွက် ဘာမှမဟုတ်သော်လည်း ဂြိုဟ်သားစနစ်ဖြစ်သည့် ယွမ်ပေါ့အတွက်မူ တုန်လှုပ်စရာ ဖြစ်နေသည်။

【စနစ်နတ်မင်းကြီး ကယ်တော်မူပါ၊ မကောင်းဆိုးဝါးတွေ အဝေးကို ပြေးကြစမ်း】

မင်ယွဲ့သည် သူမ၏ စိတ်ထဲမှ တိုးတိုးလေး ရေရွတ်နေသော ယွမ်ပေါ့၏ အသံကို ကြားကာ ရယ်ချင်စိတ်ကို ထိန်းထားရသည်။

【နင်က နည်းပညာရဲ့ ထုတ်ကုန်ဖြစ်တဲ့ စနစ်တစ်ခုပဲလေ၊ နတ်ဘုရားတွေ ရှိတယ်လို့ တကယ်ကြီး ယုံနေတာလား】

【"မယုံတာထက် ယုံတာက ပိုပြီး ဘေးကင်းတယ်" ဆိုတဲ့ တရုတ်စကားပုံ ရှိတယ်လေ အစ်မရဲ့】

ယွမ်ပေါ့ကလည်း လျှာရိုးမရှိဘဲ ပြန်လည် ချေပနေတော့သည်။

"ရှင် ကြောက်နေတာလား"

မင်ယွဲ့က မိုဟန်ကျီကို လှမ်းမေးလိုက်ရာ သူက တည်ငြိမ်စွာပင်...

"စိတ်မပူပါနဲ့၊ အဲဒီ သွေးအရောင်က သာမန်လူတွေရဲ့ သွေးအရောင်နဲ့ လုံးဝ မတူဘူး ပြီးတော့ လူတစ်ယောက် သေသွားပြီးရင် သွေးတွေက အဲဒီလို အရောင်မျိုးနဲ့ ခဲမသွားဘူး၊ ဒါက အတုကြီးပါ..."

မိုဟန်ကျီ၏ ဝေဖန်ချက်များကို နားထောင်ပြီးမှသာ မင်ယွဲ့သည် သူ ဘာကြောင့် မကြောက်သလဲဆိုသည်ကို နားလည်သွားတော့သည်။

ဤရုပ်ရှင်မှာ အမှားအယွင်းများလွန်းသဖြင့် ရုပ်ရှင်ထဲသို့ စိတ်နှစ်ဝင်စားရန်ပင် ခက်ခဲလှသည်။

"ဟုတ်တယ်... ဟိုမှာကြည့်၊ မျက်လုံးထဲက ကွန်တက်မှန်တွေတောင် ရွေ့နေပြီ"

သူတို့နှစ်ဦးမှာ တကယ့်ကို လိုက်ဖက်ညီလှသည့် စုံတွဲဖြစ်ကြောင်း သက်သေပြနေကြသည်။ ထိတ်လန့်စရာ ရုပ်ရှင်ကို အမှားရှာတမ်း ကစားနည်းအဖြစ် ပြောင်းလဲပစ်လိုက်ကြသည်။ သူတို့၏ စကားကို ကြားပြီးနောက် ယွမ်ပေါ့၏ ကြောက်စိတ်မှာလည်း ထက်ဝက်ခန့် လျော့နည်းသွားတော့သည်။

【ဟိုမှာ အရိပ်တစ်ခုကို တွေ့တယ်၊ ဒါပေမဲ့ သရဲတွေမှာ အရိပ်မရှိဘူးလေ】

ယွမ်ပေါ့ကလည်း အားကျမခံ အမှားရှာတွေ့သွားသဖြင့် စိတ်လှုပ်ရှားစွာဖြင့် မင်ယွဲ့ကို လှမ်းပြောလိုက်ရာ ကျန်ရှိနေသော ကြောက်စိတ်များမှာ အငွေ့ပျံ ပျောက်ကွယ်သွားတော့သည်။

သူတို့ သုံးဦးမှာ ရုပ်ရှင်ထဲမှ အမှားများကို ဝိုင်းဝန်း ရှာဖွေရင်း သည်းထိတ်ရင်ဖို ရုပ်ရှင်တစ်ခုမှ ထူးခြားသော ပျော်ရွှင်မှု တစ်မျိုးကို ရှာဖွေတွေ့ရှိသွားကြသည်။

ထိုနေ့တွင် မိုဟန်ကျီ ပြန်မသွားတော့ဘဲ မင်ယွဲ့၏ အိမ်၌ပင် တစ်ညအိပ် တည်းခိုခဲ့သည်။ သူတို့ ချစ်သူဖြစ်ခဲ့သည်မှာ ကြာပြီဖြစ်၍ ဤသည်မှာ ထူးဆန်းသော ကိစ္စမဟုတ်ပေ။

မနက်ခင်းတွင် မင်ယွဲ့ နိုးလာသောအခါ အပြင်ဘက်မှ အသံအချို့ကို ကြားလိုက်ရသည်။ တံခါးကို တွန်းဖွင့်လိုက်သောအခါ မိုဟန်ကျီက မီးဖိုချောင်ထဲတွင် အလုပ်ရှုပ်နေသည်ကို တွေ့ရသည်။

"အရင်ဆုံး သွားသန့်စင်လိုက်ဦး၊ ကိုယ် မနက်စာ ပြင်ထားတယ်"

မင်ယွဲ့ ထွက်လာသံကို ကြားသည်နှင့် မိုဟန်ကျီက ချက်ချင်း လှည့်ပြောလိုက်သည်။

"အင်း"

မင်ယွဲ့သည် မျက်နှာသစ် သန့်စင်ပြီးနောက် ထမင်းစားပွဲသို့ ရောက်လာသောအခါ ပူပူနွေးနွေး ဆန်ပြုတ်၊ ပေါက်စီနှင့် လက်ဖက်ရည်ဥများ ခင်းကျင်းထားသည်ကို တွေ့ရသည်။

"ဟန်ကျီက တကယ့်ကို ဧည့်ခန်းမှာလည်း တင့်တယ်၊ မီးဖိုချောင်မှာလည်း ကျွမ်းကျင်တဲ့ လင်ယောက်ျားကောင်း တစ်ယောက်ပဲ”

မင်ယွဲ့က ထိုင်လိုက်ရင်း စိတ်ရင်းဖြင့် ချီးကျူးလိုက်သည်။ အစားအသောက်နံ့ကို ရသည်နှင့် ယွမ်ပေါ့သည်လည်း အိပ်ခန်းထဲမှ ထွက်လာကာ လူတစ်ယောက်ကဲ့သို့ စနစ်တကျ ထိုင်နေတော့သည်။

မိုဟန်ကျီသည် ယွမ်ပေါ့၏ ထူးဆန်းသော အပြုအမူများကို ယဉ်ပါးနေပြီဖြစ်၍ ဘာမှမထူးခြားသကဲ့သို့ပင် လက်ဖက်ရည်ဥ တစ်လုံးကို အခွံနွှာကာ ယွမ်ပေါ့၏ ပန်းကန်ထဲသို့ ထည့် ပေးလိုက်သည်။

"ဒါဆို ကိုယ့်ကို ဘယ်တော့ အဆင့်မြှင့်ပေးမှာလဲ"

မိုဟန်ကျီက မင်ယွဲ့ကို စူးစိုက်ကြည့်ကာ ပြုံးလျက် မေးလိုက်သည်။

"ရှင် ဘာကို ဆိုလိုတာလဲ"

မင်ယွဲ့သည် ခဏမျှ ကြောင်သွားသော်လည်း သူ ဘာကို ဆိုလိုသည်ကို ချက်ချင်း နားလည်သွားသည်။

"ဒါပေမဲ့ အခု ရှင်က ကျွန်မရဲ့ ချစ်သူ ဖြစ်နေတာတောင် ဒီလို ပြုစုယုယမှုမျိုးကို ရနေတာပဲလေ”

မင်ယွဲ့က မိုဟန်ကျီကို ကြည့်ကာ မျက်ခုံးလေးများ တွန့်ချိုးလျက် နောက်ပြောင်လိုက်သည်။

"တကယ်လို့ ကိုယ်သာ မင်းရဲ့ လင်ယောက်ျား ဖြစ်လာရင် ဒီထက်မက ကောင်းမွန်တဲ့ ဆက်ဆံမှုကို ရစေရမယ်”

မိုဟန်ကျီ၏ နက်ရှိုင်းသော အသံမှာ ဆွဲဆောင်မှု တစ်မျိုး ရှိနေသည်။

"အိုး... ဒါဆို အခု ချစ်သူဘဝမှာတော့ ရှင်က အလုပ်ကို ခိုးလုပ်နေတာပေါ့ ဟုတ်လား"

မင်ယွဲ့သည် အဖြေကို သိသော်လည်း တမင် သက်သက် မေးခွန်းထုတ်လိုက်သည်။

"ဒီမှာ လက်ဖက်ရည်နဲ့မုန့် စားလိုက်ဦး"

မိုဟန်ကျီသည် ဤမေးခွန်းကို ဖြေရန် ခက်ခဲသဖြင့် စကားလမ်းကြောင်း လွှဲလိုက်တော့သည်။

"ကိုယ် ရွှေတုံးလေးကို တစ်ပါတည်း ခေါ်သွားမယ်နော်"

မိုဟန်ကျီက မထွက်ခွာမီ ပြောလိုက်သည်။

မင်ယွဲ့သည် ယွမ်ပေါ့ဘက်မှ ကန့်ကွက်ခြင်း မရှိသည်ကို မြင်သဖြင့် သဘောတူလိုက်သည်။

"ကြိုးစားပြီး အလုပ်လုပ်ပါဦး ချစ်သူကြီးရယ်”

သူတို့နှစ်ဦး ဖက်ထားစဉ် မင်ယွဲ့က တိုးတိုးလေး ကပ်ပြောလိုက်သည်။

"စာကိုလည်း ကြိုးစားပြီး လေ့လာပါဦး ချစ်သူလေးရယ်”

မိုဟန်ကျီသည်လည်း အားကျမခံ ပြန်လည် နောက်ပြောင်လိုက်သည်။

"မစ္စတာမို... ရှင် ဒီလိုပြောရတာ အရှိန်အဝါနဲ့ မကိုက်ညီဘူးလို့ မခံစားရဘူးလား"

သူမသည် အသက် ၂၀ ကျော်နေပြီဖြစ်သော မဟာတန်းကျောင်းသူ တစ်ဦး ဖြစ်သော်လည်း သူကမူ သူမကို ကလေးငယ်တစ်ဦးကဲ့သို့ ပြောဆိုနေခြင်း ဖြစ်သည်။

"ကိုယ်ကတော့ ဘာမှ မခံစားရပါဘူး ဒါပေမဲ့ မင်းကသာ ဒီလိုမျိုး အခေါ်အဝေါ်ကို သဘောကျတယ်ဆိုရင်တော့ ကိုယ် မင်းနဲ့အတူ ဇာတ်လမ်းဆင်ပြီး သရုပ်ဆောင်ပေးနိုင်ပါတယ်"

မိုဟန်ကျီ၏ မျက်နှာမှာ တည်ကြည်နေသော်လည်း မျက်ဝန်းများတွင်မူ ရယ်မောခြင်းများ ပြည့်နှက်နေသည်။

"ကျွန်မတို့ရဲ့ ဥက္ကဋ္ဌမိုကပဲ လမ်းမှားရောက်ကုန်တာလား၊ ဒါမှမဟုတ် လက်ထောက်လင်းကပဲ ရှင့်ကို တစ်ခုခု သင်ပေးလိုက်တာလား"

ယဉ်ကျေးသိမ်မွေ့လှသော လက်ထောက်လင်းသည် ကွယ်ရာတွင် အလွန်ပင် စကားများပြီး အတင်းပြောရသည်ကို ဝါသနာပါသူ ဖြစ်ကြောင်း မင်ယွဲ့ မသိနိုင်ပေ။

"ကဲ... ဒီနေ့အတွက်တော့ ဒါပဲနော်၊ ဂရုစိုက်ပါဦး”

မင်ယွဲ့က ပြောပြီးနောက် ကားပေါ်သို့ တက် လိုက်သည်။

ကားနှစ်စီးမှာ ဝင်းအတွင်းမှ တစ်စီးပြီးတစ်စီး ထွက်ခွာသွားကြပြီး မတူညီသော လမ်းကြောင်းများသို့ ဦးတည်သွားကြတော့သည်။

မိုဟန်ကျီသည် ရုံးခန်းအတွင်းသို့ နွမ်းနယ်စွာ ဝင်လာသော ကျန်ယီကို လှမ်းကြည့်လိုက်သည်။

"သခင်လေးကျန်ရဲ့ ဒီလို ဖရိုဖရဲ ပုံစံကို မြင်ရင် ယန်ကျင်းက မိန်းကလေးတွေ ရင်ကွဲကုန်ကြမှာပေါ့"

ကျန်ယီကို ဤမျှ ပေါ့ပေါ့ပါးပါး ဝတ်ဆင်ထားပြီး ဆံပင်များ ဖရိုဖရဲ ဖြစ်နေသည်ကို မိုဟန်ကျီ မြင်ဖူးခြင်း မရှိပေ။

ယခင်က မောက်မာဝင့်ကြွားလှသော သခင်လေးမှာ ယခုတော့ နွမ်းနယ်နေသော ရုပ်ရည်လေးသာ ကျန်ရှိတော့သည်။

"ဒါဆို ရှင်ကရော ယန်ကျင်းက မိန်းကလေးတွေကို ဖမ်းစားဖို့ နေ့တိုင်း ဒီလို ဝတ်စုံပြည့် ဝတ်နေတာလား"

ကျန်ယီက အားကျမခံ ပြန်ပြောရင်း ဖုန်းမှ အသံဖမ်းခလုတ်ကို တိတ်တဆိတ် နှိပ်လိုက်သည်။

"သပ်ရပ်တဲ့ ပုံစံဆိုတာ အလုပ်နဲ့ ဖောက်သည်တွေအပေါ် လေးစားမှု ထားရှိတာပဲ"

မိုဟန်ကျီသည် ကျန်ယီ၏ ထောင်ချောက်ထဲသို့ မကျရောက်ပေ။

ကျန်ယီသည် အနည်းငယ် စိတ်ပျက်သွားကာ ဖုန်းကို အိတ်ကပ်ထဲသို့ ပြန်ထည့်လိုက်သည်။ ရုံးခန်းထဲတွင် သူတို့နှစ်ဦးသာ ရှိသဖြင့် သူသည် ဟန်ဆောင်မနေတော့ဘဲ ဆိုဖာပေါ်တွင် ပစ်လှဲလိုက်သည်။

"ကျွန်တော်က ဘယ်သူ့အတွက် ဝတ်ဆင်နေရမှာလဲ အခု ကျွန်တော် အရမ်း အိပ်ချင်နေပြီ"

ကျန်ယီ၏ မျက်လုံးများမှာ မှိတ်လုနီးပါး ဖြစ် နေသည်။

အလုပ်အတွက် စောစောအိပ်၊ စောစောထရသည့် သံသရာမှာ မည်သည့်အခါမှ ကုန်ဆုံးမည်နည်း။ အိပ်ရေးမဝခြင်းကြောင့် မဟုတ်ဘဲ အလုပ်သွားရမည်ဟု တွေးမိသည်နှင့် သူ့မှာ ခေါင်းကိုက်လာရခြင်း ဖြစ်သည်။

"မင်း ငါ့ကုမ္ပဏီမှာ ရှိနေတာကိုပဲ ကံကောင်းတယ်လို့ မှတ်ပါ တခြားကုမ္ပဏီမှာဆိုရင် မင်း အချိန်ပိုတွေ အများကြီး ဆင်းနေရမှာ"

ကျန်ယီသည် ငွေအတွက် အလုပ်လုပ်နေခြင်း မဟုတ်သဖြင့် အချိန်ပို လုံးဝ ဆင်းလေ့မရှိပေ။ ရှင်းယောင်အုပ်စုသည်လည်း ဝန်ထမ်းများကို အချိန်ပို ဆင်းရန် ဘယ်သောအခါမှ အတင်းအကျပ် မတိုက်တွန်းပေ။

"ဟုတ်ကဲ့ပါ... ဟုတ်ကဲ့ပါ၊ ကျွန်တော့်ကို ငဲ့ညှာပေးလို့ ကျေးဇူးတင်ပါတယ် ဥက္ကဋ္ဌမို ခင်ဗျာ"

ကျန်ယီက ပျင်းရိစွာဖြင့် လက်အုပ်ချီပြလိုက် သည်။

"စိတ်ဓာတ် ပြန်မွေးစမ်း ဒီနေ့ ငါတို့ ဒုံးဟူကို သွားကြမယ်၊ မင်းလည်း ငါနဲ့အတူ လိုက်ခဲ့ရမယ်"

မိုဟန်ကျီက စာရွက်စာတမ်းများကို သိမ်းဆည်းရင်း ပြောလိုက်သည်။ ကျန်ယီသည် သူငယ်ချင်းများ ရှေ့တွင် ဤကဲ့သို့ နွမ်းနယ်သော ပုံစံကို မပြလိုသဖြင့် အလျင်အမြန်ပင် ပြုပြင်ပြောင်းလဲရန် ပြင်လိုက်သည်။

"နောက် မိနစ် ၂၀ နေရင် ထွက်မယ် မင်းကိုယ်မင်း အမြန် ပြင်ဆင်လိုက်တော့"

မိုဟန်ကျီက အေးစက်သော အကြည့်ဖြင့် ကြည့်ကာ ပြောလိုက်သည်။

ကျန်ယီသည် လက်ထောက်လင်းကို အမြန်ရှာကာ နားနေခန်းသို့ သွားလိုက်သည်။ မှန်ရှေ့တွင် သူ၏ ဆံပင်များကို ပြန်လည် ပြုပြင်လိုက်သည်။ သူသည် ပေါ့ပေါ့ပါးပါး ဝတ်ဆင်ထားသော်လည်း သူ၏ အဝတ်အစားများမှာ တန်ဖိုးကြီး တံဆိပ်များသာ ဖြစ်သည်။

ဆံပင်ကို သပ်ရပ်အောင် လုပ်လိုက်ပြီးနောက် သူ၏ ခန့်ညားသော မျက်နှာမှာ ပြန်လည် တောက်ပလာကာ တက်ကြွလန်းဆန်းသော ပုံစံသို့ ပြောင်းလဲသွားတော့သည်။

ကုမ္ပဏီထဲသို့ စတင်ဝင်ရောက်လာစဉ်က နွမ်းလျနေသော ပုံစံမှာ လုံးဝ ပျောက်ကွယ်သွားချေပြီ။

အခန်း (၃၄၉) ကိုယ်ပိုင်အလုပ်တစ်ခုလို့ပဲ ငါယူဆတယ်

"သွားကြစို့"

မိုဟန်ကျီသည် ခန့်ညားထည်ဝါစွာ ပြင်ဆင်ပြီးစီးသွားသော ကျန်ယီကို မြင်သည့်အခါ စကားအများကြီး မဆိုတော့ဘဲ သူ့ကိုပါ ခေါ်ဆောင်၍ လက်ထောက်လင်းနှင့်အတူ ကုမ္ပဏီမှ ထွက်ခွာလာခဲ့သည်။

သူ့အတွက်တော့ အလုပ်ကိစ္စ ဆောင်ရွက်ရာတွင် အတွင်းရေးမှူး သို့မဟုတ် လက်ထောက်တစ်ဦးသည် မိမိ၏ ဂုဏ်သိက္ခာကို မြှင့်တင်ပေးရန်အတွက် ဝတ်ကောင်းစားလှများ ဝတ်ဆင်ပြနေရန် မလိုအပ်ပေ။

ဒုံးဟူသို့ ရောက်ရှိသည့်အခါမှသာ ကျန်ယီသည် ယနေ့တွင် သူတို့ကုမ္ပဏီတစ်ခုတည်း မဟုတ်ဘဲ အခြားသော လုပ်ငန်းရှင်ကြီးများလည်း ရောက်ရှိနေကြကြောင်း သတိပြုမိတော့သည်။

သူကိုယ်တိုင်ပင် မရိပ်မိလိုက်ဘဲ သူ၏ စိတ်ထဲ၌ ရှင်းယောင်းအုပ်စုအပေါ် သံယောဇဉ်နှင့် ပိုင်ဆိုင်လိုစိတ် အချို့ ကိန်းအောင်းနေပြီ ဖြစ်သည်။

"အထွေထွေမန်နေဂျာမို"

ကျန်းဟန်သည် မိုဟန်ကျီတို့ အုပ်စုကို မြင်သည် နှင့် ပထမဆုံး လှမ်း၍ နှုတ်ဆက်လိုက်သည်။

"အထွေထွေမန်နေဂျာကျန်း"

မိုဟန်ကျီက လက်ကမ်းလိုက်ရာ ကျန်းဟန်ကလည်း အလျင်အမြန်ပင် ပြန်လည် ဆုပ်ကိုင် လိုက်သည်။ မိုဟန်ကျီက သူ့အပေါ် ဤမျှ ရင်းနှီးဖော်ရွေလိမ့်မည်ဟု ကျန်းဟန် မထင်ထားခဲ့ပေ။

ဤသည်မှာ မင်ယွဲ့ကြောင့်သာ ဖြစ်ရမည်ဟု သူ တွေးမိသည်။ မိုဟန်ကျီ၏ ထိုအပြုအမူကြောင့် အခြားသော လုပ်ငန်းရှင်ကြီးများမှာလည်း ကျန်းဟန်၏ အဆင့်အတန်းကို စိတ်ထဲမှနေ၍ အလိုလို မြှင့်တင် သတ်မှတ်လိုက်ကြတော့သည်။

ယွဲ့ဟွာ နည်းပညာ ကုမ္ပဏီသည် တက်သစ်စ လုပ်ငန်းတစ်ခု ဖြစ်သော်လည်း ဤ ဒုံးဟူဂေဟစနစ် စီမံကိန်းတွင် ပါဝင်သော ကုမ္ပဏီအများစုမှာ အခြေခိုင်ပြီးသား လုပ်ငန်းကြီးများ ဖြစ်ကြသည်။

မိုဟန်ကျီ မရောက်လာမီက ထိုလူကြီးများသည် ကျန်းဟန်ကို လျစ်လျူရှုထားခဲ့ကြပြီး အထင်သေးသော အကြည့်များဖြင့်သာ ကြည့်ခဲ့ကြသော်လည်း ယခုမူ အခြေအနေမှာ ပြောင်းလဲသွားချေပြီ။

"အထွေထွေမန်နေဂျာမို... မင်္ဂလာပါ"

အားလုံးက မိုဟန်ကျီကို ဝိုင်းဝန်း နှုတ်ဆက်ကြသည်။ ကျန်းဟန်အပေါ် မောက်မာခဲ့ကြသူများပင် မိုဟန်ကျီ ရှေ့တွင်မူ ဦးညွှတ်ရတော့သည်။

မိုဟန်ကျီသည် အသက်အရွယ်နှင့် မမျှဘဲ ဤလုပ်ငန်းလောက၏ အရှင်သခင်ကဲ့သို့ ဖြစ်နေချေပြီ။

"အားလုံး စုံပြီဆိုရင်တော့ အတူတူ သွားကြည့်ကြတာပေါ့"

ကျန်ယီသည် ဘာမှမသိဘဲ မိုဟန်ကျီနောက်မှ ငြိမ်သက်စွာ လိုက်ပါလာခဲ့သည်။ သူသည် အားလပ်ရက် နှစ်ရက်သာ ခံစားခဲ့ရပြီး ဤခရီးစဉ်အကြောင်းကို ဘာမှ ကြိုတင် မကြားသိခဲ့ပေ။ လက်ထောက်လင်းကမူ သူ၏ အလုပ်သဘောအရ အရာအားလုံးကို နှံ့စပ်နေသူ ဖြစ်သည်။

"ဒီနေ့ ဘာလို့ ဒီကို လာကြတာလဲ"

ကျန်ယီက လက်ထောက်လင်းကို တိုးတိုးလေး မေးမြန်းလိုက်သည်။

"စီမံကိန်း အကောင်အထည် မဖော်ခင် လာကြည့်တာပါ"

ဟု လက်ထောက်လင်းက ဆိုပြီး ခဏအကြာတွင်

"ပြီးတော့ အရင်က ပြိုင်ကားကွင်းကိုလည်း မြေညှိပစ်ရဦးမယ်လေ"

ဟု ဆက်ပြောလိုက်သည်။

လက်ထောက်လင်းသည် ကျန်ယီ၏ မျက်နှာရိပ်မျက်ကဲကို အကဲခတ်နေမိသည်။ ဤကွင်းမှာ မူလက ကျန်ယီ ပိုင်ဆိုင်ခဲ့ခြင်း ဖြစ်သဖြင့် သခင်လေးကျန် စိတ်ဆိုးသွားမည်ကို သူ စိုးရိမ်နေမိသည်။

"မင်း ငါ့ကို ဘယ်လိုကြည့်နေတာလဲ မင်းရဲ့ အထက်လူကြီးက ငါ့ရဲ့ ပြိုင်ကားကွင်းကို မြေထိုးစက်နဲ့ ထိုးဖျက်တာကို ကိုယ်တိုင်လာကြည့်ခိုင်းတဲ့ လူမိုက်ဖြစ်နေပေမယ့် ငါကတော့ ယဉ်ကျေးပျူငှာမှု အပြည့်ရှိတဲ့သူပါ"

ကျန်ယီက မေးစေ့ကို ပင့်ကာ ပြောလိုက်သည်။

သူ့တွင် ဤကွင်းထက် များစွာ သာလွန်ာကောင်းမွန်သော ကွင်းအသစ် ရှိနေပြီ ဖြစ်ရာ နှမြောတသ ဖြစ်မနေတော့ပေ။

လူအုပ်ကြီးသည် ဒုံးဟူ၏ ပတ်ဝန်းကျင်ကို လှည့်လည် ကြည့်ရှုရင်း နောက်ဆုံး အစီအစဉ်များကို အတည်ပြုကြသည်။

ဤစီမံကိန်းတစ်ခုလုံး၏ အဓိက ဒီဇိုင်းမှာ ရှင်းယောင်အုပ်စုမှ ဆွဲသားထားခြင်း ဖြစ်ရာ အခြားသူများမှာ ကန့်ကွက်ပိုင်ခွင့် မရှိကြပေ။

နေပူရှိန်အောက်တွင် ခရီးအတော်ဝေးဝေး လမ်းလျှောက်ခဲ့ရသဖြင့် အချို့သော လူကြီးပိုင်းများမှာ အမောဖောက်လာကြသည်။

"ဒီမှာ ခဏလောက် နားကြရအောင်"

မိုဟန်ကျီက ဆိုလိုက်သည်။

လက်ထောက်လင်းသည် အသင့်ပါလာသော ရေသန့်ဘူးများကို ထုတ်ပေးပြီး ခေါက် ကုလားထိုင်ကိုလည်း ဖြန့်ပေးလိုက်သည်။

စီးပွားရေး လုပ်ငန်းရှင်ကြီးများမှာ ဤကဲ့သို့ တောင်ပေါ်တွင် ရေဝိုင်းသောက်ရသည့် အတွေ့အကြုံမျိုးကို တစ်ခါမှ မကြုံဖူးသဖြင့် တစ်ယောက်ကိုတစ်ယောက် ကြည့်ကာ အံ့သြနေကြသည်။ ရှေ့တွင်မူ မြေတူးစက်များက တဒုန်းဒုန်းနှင့် အလုပ်လုပ်နေကြ၏။

ကျန်ယီသည် သူ၏ အမှတ်တရများ ရှိခဲ့ဖူးသော ပြိုင်ကားကွင်းကြီး လုံးဝ ပျောက်ကွယ်သွားသည်ကို ငေးကြည့်နေမိသည်။

"ဒီနေရာမှာ ဘာဆောက်မှာလဲ"

သူက ဘေးတွင် ရပ်နေသော လက်ထောက်လင်းကို မေးလိုက်သည်။

"ပန်းပင်တွေ၊ သစ်ပင်တွေ စိုက်ပျိုးပြီး ရုက္ခဗေဒ ဥယျာဉ်တစ်ခု အဖြစ် ပြောင်းလဲပစ်မှာပါ"

ဖုန်တထောင်းထောင်း ထနေသော မြင်ကွင်းကို ကြည့်ရင်း ကျန်ယီက တိုးတိုးလေး ရေရွတ် လိုက်သည်။

"ဒါလည်း ကောင်းတာပဲလေ မင်းရဲ့ စိတ်ကူးယဉ် အိပ်မက်တွေ နောက်ဆုံးတော့ ပန်းပွင့်လာပြီပေါ့"

သူသည် မိမိကိုယ်ကိုယ် နောက်ပြောင်နေခြင်း ဖြစ်ပြီး ရယ်ချင်စိတ်ကို မထိန်းနိုင်ဘဲ ဖြစ် နေသည်။

လက်ထောက်လင်းကမူ ကျန်ယီ စိတ်ဆိုးပြီး ပေါက်ကွဲလာမည်ကို စိုးရိမ်သဖြင့် အနည်းငယ် ဝေးရာသို့ ဆုတ်ခွာသွားတော့သည်။

ကံကောင်းထောက်မစွာဖြင့် ကျန်ယီသည် ထူးဆန်းစွာ ရယ်မောနေသည်မှအပ အခြား မူမမှန်မှု မရှိပေ။

"မင်း မပင်ပန်းဘူးလား သံမဏိလူသားကြီးရဲ့”

ကျန်ယီက တည်ငြိမ်နေဆဲ ဖြစ်သော မိုဟန်ကျီနှင့် လက်ထောက်လင်းတို့ကို ကြည့်ကာ မေးလိုက် သည်။

"ပင်ပန်းတာပေါ့ဗျာ"

လက်ထောက်လင်းက ပြန်ဖြေသည်။

"ပင်ပန်းတယ်ဆိုလည်း မျက်နှာက ဘာလို့ ကျောက်ရုပ်လို ဖြစ်နေရတာလဲ"

"အပြင်ထွက်လာရင် ကိုယ်ပိုင်ပုံရိပ် တစ်ခုကို တည်ဆောက်ထားရတယ်လေ ကျွန်တော်က အခု အစစအရာရာ ပြီးပြည့်စုံတဲ့ လက်ထောက်တစ်ယောက် ဖြစ်နေတော့ အားနည်းချက် ပြလို့မရဘူး"

လက်ထောက်လင်းက မျက်နှာသေဖြင့်ပင် တိုးတိုးလေး ပြန်ပြောသည်။

အဝေးမှ ကြည့်လျှင် သူသည် ကျန်ယီနှင့် စကားပြောနေသည်ဟု မည်သူမျှ ထင်မည် မဟုတ်ပေ။

"ဒါဆို လျှို့ဝှက်ချက်အနေနဲ့ ပြောပြပါဦး မိုဟန်ကျီရဲ့ အပြင်က ပုံရိပ်က ဘာလဲ"

ကျန်ယီ စိတ်ဝင်စားသွားသည်။

"ဥက္ကဋ္ဌမိုကတော့ တကယ့်ကို ခန့်ညားထည်ဝါပြီး အရှိန်အဝါ အပြည့်ရှိတဲ့သူလေ၊ သူက ပုံရိပ်တွေ ဖန်တီးနေဖို့ မလိုဘူး"

လက်ထောက်လင်းက ချက်ချင်းပင် လေသံပြောင်းကာ အထက်လူကြီးကို ဖားလိုက်သည်။

"ငါက ပါးစပ်လုံပါတယ်ကွာ မင်း လျှို့ဝှက်ပြောရင် ငါ့အစ်ကို ကို ပြန်မပြောပါဘူး တို့တွေက အခု သွေးသောက်ရဲဘော်တွေပဲလေ"

လက်ထောက်လင်းက စိတ်ထဲမှ တွေးလိုက် သည်မှာ

"ဘယ်သူက မင်းနဲ့ ရဲဘော်ဖြစ်လို့လဲ၊ မင်းက ကျန်မိသားစုက သခင်လေးပဲ ပါးစပ်လုံပါတယ်ဆိုတဲ့သူတွေကပဲ ပြဿနာ အရှာဆုံးပဲ"

ဟူ၍ ဖြစ်သည်။

သူသည် ကျန်ယီကို ထပ်မံ အဖတ်မလုပ်တော့ဘဲ ရှေ့သို့သာ စိုက်ကြည့်နေတော့သည်။

"မစ္စတာမို... ဒါဆို နောက်အခွင့်ကြုံရင် ပြန်တွေ့ကြတာပေါ့"

မိုဟန်ကျီသည် လုပ်ငန်းရှင် တစ်ဦးချင်းစီကို နှုတ်ဆက်လိုက်သည်။ ကျန်းဟန်သည်လည်း မိုဟန်ကျီကြောင့် လူကုံထံ အများအပြားနှင့် သိကျွမ်းခွင့် ရရှိခဲ့သည်။

"ကျေးဇူးတင်ပါတယ် ဥက္ကဋ္ဌမို"

ကျန်းဟန်က နောက်ဆုံးမှ နှုတ်ဆက်လိုက်ရာ မိုဟန်ကျီက ခေါင်းညိတ်ပြပြီး "တစ်ခုခု လိုအပ်ရင် ငါ့လက်ထောက်ကို ဆက်သွယ်လိုက်ပါ" ဟု ဆိုသည်။

လက်ထောက်လင်းကလည်း အလိုက်တသိဖြင့် သူ၏ လိပ်စာကတ်ကို ပေးလိုက်သည်။

ကျန်းဟန်သည် အခြားသူ၏ အရှိန်အဝါကို အားကိုးရသည်ကို ရှက်ရွံ့ခြင်း မရှိပေ။ ကျောထောက်နောက်ခံ ကောင်းမှသာ ပိုမိုမြင့်မားသော နေရာသို့ တက်လှမ်းနိုင်မည် မဟုတ်ပါလား။

သူသာ ကိုယ်တိုင် ရုန်းကန်နေရပါက တစ်သက်လုံး ကားဖိုး၊ အိမ်ဖိုးနှင့်တင် လုံးချာလည် လိုက်နေပေလိမ့်မည်။ သူသည် လက်ထောက်လင်း၏ လိပ်စာကတ်ကို အိတ်ကပ်ထဲ ထည့်ကာ ထွက်ခွာသွားတော့သည်။

"ကျွန်တော်က အရည်အချင်း ရှိပြီးသားမို့ ရှင့် အကူအညီ မလိုပါဘူး"

ကျန်ယီက မိုဟန်ကျီ၏ အပြုအမူကို နှာခေါင်းရှုံ့ကာ ဆိုသည်။ ယွဲ့ဟွာနည်းပညာမှာ မင်ယွဲ့၏ အမည်ပေါက် ကုမ္ပဏီဖြစ်ကြောင်း သူ သိထားသည်။

"မင်း မလိုအပ်ရင်တောင် ငါက ပေးချင်တာလေ"

မိုဟန်ကျီက အေးအေးလူလူပင် ပြန်ပြောလိုက်သည်။ သူတို့ သုံးဦးသား အပြန်လမ်းတွင် ကျန်ယီသည် တစ်စုံတစ်ယောက်ကို မြင်လိုက်ရသဖြင့် ကားရပ်ရန် အော်လိုက်သည်။

"ကားရပ်”

လက်ထောက်လင်းက ကားကို ချက်ချင်း အရှိန်သတ်လိုက်သည်။

မိုဟန်ကျီကမူ အလုပ်ကိစ္စများကိုသာ အာရုံစိုက်နေပြီး ခေါင်းပင် မဖော်ပေ။ ကျန်ယီသည် ကားပေါ်မှ ဆင်းကာ တစ်စုံတစ်ဦးရှိရာသို့ လျှောက်သွားတော့သည်။

အခန်း (၃၅၀) ဒါကို ခင်ဗျား ဘယ်လိုများသည်းခံနိုင်ရတာလဲ

"ကျွန်တော် ခွင့်ယူချင်တယ်"

ကျန်ယီသည် သူ၏အစ်ကိုဖြစ်သူ ကျန်ချန်ကို စားသောက်ဆိုင်တစ်ခုအတွင်းသို့ ကွယ်ပျောက်သွားသည်ကို မြင်လိုက်ရသဖြင့် စပ်စုချင်စိတ် ပြင်းပြလာကာ မိုဟန်ကျီကို ခွင့်တောင်းလိုက်ခြင်း ဖြစ်သည်။

"ရတယ်"

မိုဟန်ကျီသည် တကယ်တမ်းတွင် ရက်စက်တတ်သော အလုပ်ရှင်တစ်ဦး မဟုတ်ပေ။ ကျန်ယီသည် မကြာသေးမီက အလုပ်ကို ကောင်းမွန်စွာ လုပ်ကိုင်နေသဖြင့် သူက လွယ်လွယ်ကူကူပင် သဘောတူလိုက်သည်။

"ကျေးဇူးတင်ပါတယ် အစ်ကိုမို"

ကျန်ယီသည် အံ့အားသင့်သွားရသည်။ မိုဟန်ကျီက အကြောင်းပြချက်ပင် မမေးဘဲ ခွင့်ပြုလိုက်

လိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။

"ငါက အလုပ်သမားတွေကို ညှဉ်းပန်းနှိပ်စက်တဲ့သူ မဟုတ်ဘူး၊ မင်း အဲဒီလို ကြည့်နေဖို့ မလိုပါဘူး"

မိုဟန်ကျီသည် ကျန်ယီ၏ အတွေးကို ရိပ်မိနေသော်လည်း ဂရုမစိုက်ဟန်ဖြင့်သာ ဆိုလိုက်သည်။ လက်ထောက်လင်းက ကားကို လမ်းဘေးတွင် ရပ်ပေးလိုက်ရာ ကျန်ယီသည် အလျင်အမြန် ဆင်း၍ သူ၏အစ်ကို သွားရာလမ်းသို့ လျှောက် လှမ်းသွားတော့သည်။

ကျန်ချန်သည် စစ်သားတစ်ဦးဖြစ်သည့်အလျား အလွန်ပင် နိုးကြားဖျတ်လတ်သူ ဖြစ်သည်။ သူသည် တစ်စုံတစ်ယောက် နောက်ကလိုက်လာသည်ဟု ခံစားရသဖြင့် လှည့်ကြည့်လိုက်သော်လည်း ကျန်ယီက သပ်ရပ်စွာ ပုန်းကွယ်လိုက်နိုင်သဖြင့် မရိပ်မိသွားပေ။

ကျန်ယီသည် ရင်ဘတ်ကို ဖိကာ အသက်ကို ပြင်းပြင်းရှူလိုက်ရသည်။ သူသည် သူ၏အစ်ကိုအတွက် စိုးရိမ်နေခြင်း မဟုတ်ပေ၊ သူ၏အစ်ကိုမှာ နွားတစ်ကောင်ကိုပင် လက်သီးတစ်ချက်ဖြင့် သတ်နိုင်သူ ဖြစ်သည်။

သူ သိချင်သည်မှာ အမြဲတမ်း အလုပ်နှင့် စစ်တန်းလျားမှာပဲ အချိန်ကုန်ဆုံးတတ်သော အစ်ကိုဖြစ်သူသည် ယခုကဲ့သို့ ရိုမန့်တစ်ဆန်သော စားသောက်ဆိုင်သို့ ဘာကြောင့် ရောက်နေသနည်း ဟူသောအချက်ပင် ဖြစ်သည်။

ကျန်ယီသည် စားသောက်ဆိုင်ထဲသို့ ဝင်လာပြီး အစ်ကိုဖြစ်သူ၏ နောက်ဘက်ရှိ ဆိုဖာခုံတစ်ခုတွင် နေရာယူလိုက်သည်။ ဤဆိုင်ရှိ ဆိုဖာများမှာ နောက်မှီမြင့်မားသဖြင့် ကျန်ချန် သူ့ကို သတိပြုမိမည် မဟုတ်ပေ။

ကျန်ချန်သည် တစ်စုံတစ်ယောက်ကို စောင့်ဆိုင်းနေပုံရသည်။ မိနစ်သုံးဆယ်ခန့် ကြာပြီးနောက် နေကာမျက်မှန် တပ်ထားသော အမျိုးသမီးတစ်ဦး ဝင်လာသည်။

သူမသည် မောက်မာသောအသွင်ဖြင့် နေကာမျက်မှန်ကို ချွတ်ကာ စားပွဲနံပါတ် (၈) သို့ ဦးတည်သွားသည်။ ကျန်ယီ၏ စားပွဲမှာ နံပါတ် (၇) ဖြစ်ရာ သူတို့သည် ကျောချင်းကပ် အနေအထားတွင် ရှိနေကြသည်။

ကျန်ချန်သည် အချိန်တိကျသူ ဖြစ်သော်လည်း တစ်ဖက်လူမှာ အမျိုးသမီးတစ်ဦး ဖြစ်နေသဖြင့် စိတ်တိုခြင်းမရှိဘဲ တည်ငြိမ်စွာ စောင့်ဆိုင်းနေခဲ့သည်။

"ဘာလို့ အော်ဒါ မမှာရသေးတာလဲ ရှင့်မှာ စနစ်တကျ လုပ်တတ်တဲ့ အသိဉာဏ် မရှိဘူးလား"

ထိုအမျိုးသမီးမှာ ထိုင်ပင်မထိုင်ရသေးဘဲ အပြစ်တင် စကားများ စတင်ပြောဆိုတော့သည်။

ကျန်ယီသည် ထိုအမျိုးသမီးအတွက် စိုးရိမ်မိသွားသည်။ သူ၏အစ်ကိုမှာ ဒေါသကြီးသူ ဖြစ်သည် မဟုတ်ပါလား။ သို့သော် အံ့သြစရာကောင်းသည်မှာ ကျန်ချန်သည် ထိုစကားများကို သည်းခံနေခြင်းပင်။

ကျန်ယီသည် သူ၏ဖုန်းကို ထုတ်ကာ အသံဖမ်းစနစ်ကို ဖွင့်လိုက်သည်။ အစ်ကိုဖြစ်သူ လျှို့ဝှက်ရည်းစား ထားနေသည်လားဟု သူ သံသယဝင်နေမိသည်။ ထိုအမျိုးသမီးသည် ဟင်းလျာစာရင်းကို ယူကာ အဈေးအကြီးဆုံး အစားအစာများကိုသာ ရွေးချယ်မှာယူနေတော့သည်။

"ကျွန်မက တစ်ဦးတည်းသော သမီးမို့ နည်းနည်းတော့ အလိုလိုက်ခံထားရတာ ရှင်က စစ်တပ်ထဲမှာဆိုတော့ တစ်လကို လစာ ဘယ်လောက်ရလဲ"

အမျိုးသမီး၏ လေသံမှာ အထင်အမြင်သေးမှုများဖြင့် ပြည့်နှက်နေသည်။

"တောက်... ဒါကို ခင်ဗျား ဘယ်လိုများ သည်းခံနိုင်ရတာလဲ"

ကျန်ယီသည် ဒေါသထွက်လွန်းသဖြင့် ထွက်၍ ရန်တွေ့ချင်စိတ်များ ပေါက်နေသော်လည်း ကျန်ချန်မှာမူ ရေတစ်ငုံကို အေးအေးဆေးဆေး သောက်နေဆဲပင်။

"မင်း နာမည် ဘယ်သူလဲ"

ကျန်ချန်က မေးလိုက်သည်။

"ချန်ကျောက်”

"ဒါဆို မင်း လူမှားနေပြီ ငါစောင့်နေတဲ့သူက မင်းမဟုတ်ဘူး"

ကျန်ချန်၏ အသံမှာ တည်ငြိမ်လွန်းသဖြင့် လိမ်ညာနေသည်ဟု မထင်ရပေ။

"ရှင် နောက်နေတာလား ဒါ စားပွဲနံပါတ် ရှစ်လေ"

အမျိုးသမီးက စူးစူးဝါးဝါး အော်လိုက်သည်။

"မင်းနဲ့ ချိန်းထားတဲ့ အချိန်က ဘယ်နှနာရီလဲ"

"ဒီနေ့ နေ့လည် သုံးနာရီလေ၊ ဘာဖြစ်လို့လဲ"

"အခု သုံးနာရီ မိနစ်ငါးဆယ် ရှိနေပြီ မင်း ဘာပြောချင်သေးလဲ"

ကျန်ချန်သည် သူမကို တမင်သက်သက် ပညာပေးနေခြင်း ဖြစ်ကြောင်း ထိုအမျိုးသမီး ရိပ်မိသွားသည်။ သူမသည် ရှက်ရွံ့သွားသဖြင့် ပိုမို၍ ရိုင်းစိုင်းသော စကားများကို ရေပက်မဝင်အောင် ပြောဆိုတော့သည်။

"ရှင် တမင်လုပ်တာပဲ ချစ်သူရှာတဲ့ ပွဲကို မလာချင်ရင် ဘာလို့ လာရတာလဲ ယောက်ျားတစ်ယောက်က မိန်းကလေးကို စောင့်ရတာ ဘာဖြစ်လို့လဲ ကျွန်မ မိတ်ကပ်လိမ်းရတာ အချိန်မကုန်ဘူးလား ဒီလောက် ကပ်စေးနှဲနေလို့လည်း ရှင်က လူပျိုကြီး ဖြစ်နေတာပေါ့ လစာကိုတောင် မပြောရဲဘူးဆိုတော့ ဆင်းရဲတဲ့ စစ်သားတစ် ယောက် ဖြစ်မှာပါ ဝမ်အဒေါ်ကလည်း ဘာဖြစ်လို့ ဒီလိုလူနဲ့ လာမိတ်ဆက်ပေးတာလဲ မသိဘူး"

ကျန်မိသားစုသည် ကျန်ချန်၏ အဆင့်အတန်းနှင့် နောက်ခံကို အများသိအောင် ထုတ်မပြောဘဲ ရိုးရိုးရှင်းရှင်းပင် ချိန်းဆိုပေးခဲ့ခြင်း ဖြစ်သည်။ ထို့ကြောင့် ထိုအမျိုးသမီးမှာ သူမ၏ရှေ့တွင် ရှိနေသူမှာ မည်သူမှန်း မသိဘဲ ရိုင်းစိုင်းနေခြင်း ဖြစ်သည်။

"ဟေ့... ခင်ဗျား ပြောလို့ ဝပြီလား"

ကျန်ယီသည် သည်းမခံနိုင်တော့ဘဲ ဝုန်းခနဲ ထရပ်လိုက်သည်။

ကျန်ယီကို မြင်လိုက်ရသောအခါ အမျိုးသမီး၏ မျက်ဝန်းများမှာ တောက်ပသွားသည်။ ကျန်ချန်ကဲ့သို့ အေးစက်မာကြောသော လူထက် ကျန်ယီကဲ့သို့ နုပျိုခန့်ညားသော အမျိုးသားကို သူမက ပို၍ သဘောကျပုံရသည်။

"မင်း ဒီမှာ ဘာလုပ်နေတာလဲ"

ကျန်ချန်က မျက်မှောင်ကြုတ်ကာ မေးလိုက် သည်။

သူ၏ ညီဖြစ်သူရှေ့တွင် သူ၏ သိက္ခာများ ကျဆင်းသွားရသဖြင့် စိတ်အနှောင့်အယှက် ဖြစ်သွားရသည်။ သူသည် အမျိုးသမီးအပေါ် ထားရှိသော သည်းခံမှုကို လုံးဝ ရုပ်သိမ်းလိုက်တော့သည်။

"မင်း အခု ထွက်သွားလို့ရပြီ မင်းက ငါစောင့်နေတဲ့သူ ဟုတ်သည်ဖြစ်စေ၊ မဟုတ်သည်ဖြစ်စေ ငါတို့ကြားမှာ ဘာမှဖြစ်လာမှာ မဟုတ်ဘူး"

"ဟွန့်... နံစော်နေတဲ့ စစ်သားတစ်ယောက်ရဲ့ အချိုးကိုက မပြောချင်ဘူး ဒီကောင်လေးလောက်တောင် မချောဘူး"

ချန်ကျောက်က ကျန်ယီကို ကြည့်ကာ ပြောလိုက်သည်။

"တောက် .. အစ်ကို၊ ဒါကို သည်းခံနေဦးမှာလား"

ကျန်ယီသည် အလွန်အမင်း ဒေါသထွက်သွားသည်။ စစ်သားများကို စော်ကားခြင်းမှာ သူ၏ မိသားစုကို စော်ကားခြင်းနှင့် အတူတူပင်။

ကျန်ချန်သည်လည်း ဆက်၍ ငြိမ်မနေတော့ပေ။ သူ့ကို စော်ကားသည်ကို သည်းခံနိုင်သော်လည်း စစ်သားများကို စော်ကားသည်ကိုမူ သူ လုံးဝ ခွင့်မလွှတ်နိုင်ပေ။

"ချန် ဘာလဲ... မင်း စာရော ဖတ်ဖူးရဲ့လား သမိုင်းကိုရော လေ့လာဖူးရဲ့လား တိုင်းပြည်ကို ကာကွယ်နေတဲ့ စစ်သားတွေက မင်းပါးစပ်ထဲမှာ နံစော်နေတဲ့ စစ်သားတွေ ဖြစ်ကုန်ပြီလား မင်းမှာ ယဉ်ကျေးမှု မရှိဘူးလား တိုင်းပြည်သာ မရှိရင် မင်း ဘယ်မှာ သွားနေမလဲ"

ကျန်ချန်၏ စကားလုံးများမှာ ပြတ်သားပြီး အရှိန်အဝါ ပါလှသည်။

ကျန်ယီသည် အမြဲတမ်း စစ်တပ်နှင့် ပတ်သက်လျှင် ရှောင်ဖယ်နေတတ်သော်လည်း ယခုကဲ့သို့ မိမိအတွက် ကာကွယ်ပြောဆိုပေးသည်ကို မြင်ရသဖြင့် ကျန်ချန်၏ ရင်ထဲ၌ ထူးခြားသော ခံစားချက်တစ်ခု ပေါ်ပေါက်လာရသည်။

ထိုအမျိုးသမီးမှာ ဆွံ့အသွားသော်လည်း အားမနာတမ်း ပြန်လည် ချေပနေဆဲပင်။ ကျန်ယီကမူ ငြိမ်သက်နေသော ကျန်ချန်ကို ကြည့်ကာ ပို၍ ဒေါသထွက်လာသည်။

"အစ်ကိုကတော့ တကယ့်ကို အသုံးမကျဘူးကျန်မိသားစုရဲ့ သိက္ခာကို ချနေတာပဲ၊ ရူးနေတဲ့ မိန်းမတစ်ယောက်ကိုတောင် မကိုင်တွယ်နိုင်ဘူးလား"

All Chapters