← Chapters

အခန်း (၃၅၁-၃၅၅)

Vol. 36 Ch. 351-355

အခန်း (၃၅၁-၃၅၅)

Vol. 36 Ch. 351-355

အခန်း (၃၅၁) တစ်မိသားစုလုံးအတွက် ဂုဏ်ယူစရာ

ကျန်းချန်းသည် ယခုတစ်ကြိမ်တွင်မူ ကျန်းယိ၏ ဆဲဆိုမှုကို ခံလိုက်ရသော်လည်း ဒေါသထွက်မသွားခဲ့ပါ။

"နေမကောင်းဘူးလား မသိဘူး"

ကျန်းယိသည် သူ့အစ်ကို၏ မျက်ဝန်းများထဲတွင် ယခင်ကတစ်ခါဖူးမျှ မမြင်ဖူးသော အလိုလိုက်မှုနှင့် ကြင်နာဂရုဏာရိပ်များကို အံ့ဩဖွယ်ရာ မြင်တွေ့လိုက်ရသည်။

'ငါ မျက်စိမှားတာပဲ ဖြစ်ရမယ်၊ ဒီလူမိုက်က ငါ့ကို နှိပ်စက်မနေရင်ပဲ ကံကောင်းလှပြီ' ဟု သူတွေးနေမိသည်။

"ဟေ့ မိန်းမ... ငါ့အစ်ကိုက တစ်လကို နှစ်သောင်းရတယ် သိလား"

ထိုအမျိုးသမီး၏ မျက်ဝန်းများမှာ အရောင်တောက်သွားခဲ့သည်။ ဤမျှ ခန့်ညားသော အမျိုးသားတစ်ဦးတွင် ဤကဲ့သို့ ကောင်းမွန်သော လစာငွေရှိလိမ့်မည်ဟု သူမ မထင်မှတ်ထားခဲ့ပေ။

ကျန်းချန်းသည် စစ်တပ်အတွင်း၌ ရာထူးကြီးကြီးမားမား ရရှိထားသူဖြစ်ရာ သူ၏ လစာနှင့် ခံစားခွင့်မှာ သာမန်ထက် များပြားနေသည်မှာ သဘာဝပင် ဖြစ်သည်။

"ပြီးတော့ ငါ့မိသားစုက ငါ့အစ်ကို့ကို ကောင်းကောင်းထောက်ပံ့ထားနိုင်တယ် ငါ့အစ်ကိုက စစ်ထဲဝင်ချင်လို့ ဝင်နေတာ၊ မင်းထင်သလို ဆင်းရဲလို့ မဟုတ်ဘူး 'တစ်ယောက် စစ်ထဲဝင်ရင် တစ်မိသားစုလုံး ဂုဏ်တက်တယ်' တဲ့ ငါ့မိသားစုတစ်ခုလုံးက စစ်ဗိုလ်စစ်သားတွေချည်းပဲ၊ ငါက အားလုံးထက် ဂုဏ်အရှိဆုံးပဲ မင်းသာ အဓိပ္ပာယ်မရှိတာတွေ ဆက်ပြောနေရင် မင်းပါးစပ်ကို ငါဖြဲပစ်မယ်"

ကျန်းချန်းသည် သူ့ထက်ပင် အရပ်အမောင်း မတိမ်းမယိမ်း ဖြစ်လာကာ သူ့ရှေ့တွင် မားမားမတ်မတ် ရပ်လျက် ရန်တွေ့ပေးနေသော ညီငယ်ကို ကြည့်ပြီး မျက်ဝန်းအစုံတွင် အပြုံးရိပ်များ ထင်ဟပ်လာခဲ့သည်။

ရန်တွေ့ပြီးပြီးချင်းတွင် ကျန်းယိသည် ကျန်းချန်းကို ခိုးကြည့်လိုက်ရာ သူ့ကို ကြည့်ပြီး ပြုံးနေသော အစ်ကိုဖြစ်သူကို တွေ့လိုက်ရသည်။

'ဒီနေ့ ငါ့အစ်ကို တကယ်ပဲ တစ်ခုခုဖြစ်နေပြီ၊ ငါဆဲတာတောင် သူဘာမှမပြောဘူး'

အားကိုးအားထား ရသွားသကဲ့သို့ ခံစားလိုက်ရသည့်အတွက် ကျန်းယိသည် စက်သေနတ်ပစ်သကဲ့သို့ တရစပ် ပြန်လည်ပြောဆိုလိုက်ရာ ထိုအမျိုးသမီးမှာ ထိတ်လန့်တကြား ထွက်ပြေးသွားရတော့သည်။

အပြင်ရောက်သည်နှင့် ထိုအမျိုးသမီးသည် အောင်သွယ်ပေးသူထံ ဖုန်းဆက်ကာ ဒေါသတကြီးဖြင့် စတင်ဆဲဆိုတော့သည်။

"အန်တီဝမ်၊ ဘယ်လိုလူမျိုးနဲ့ မိတ်ဆက်ပေးတာလဲ? ယဉ်ကျေးမှုလည်း မရှိဘူး၊ လေလုံးတွေကလည်း ထွားလိုက်တာ၊ ပြီးတော့ သူ့ညီကိုပါ ခေါ်လာပြီး ကျွန်မကို စော်ကားခိုင်းသေးတယ်..."

လူချင်းခွဲပြီးနောက် ကျန်းယိသည် မိမိကိုယ်မိမိ ကြမ်းတမ်းသော စကားလုံးများ သုံးနှုန်းမိသွားသည်ကို နောက်ကျမှ သတိထားမိလိုက်သည်။

"အိမ်ပြန်ကြစို့"

ကျန်းချန်းက သူ့ကို မဆူသည့်အပြင် နူးနူးညံ့ညံ့ ဆက်ဆံနေသဖြင့် ကျန်းယိ အံ့ဩနေမိသည်။

"ဟို... အစ်ကို ကျွန်တော့်ကို မဆူဘူးလား”

“ငါက ဘာလို့ မင်းကို ဆူရမှာလဲ”

ကျန်းချန်းက နှုတ်ခမ်းဖျားတွင် အပြုံးတစ်ခုကို ဆင်မြန်းလျက် ရှေ့ကနေ လျှောက်သွားသည်။

"အစ်ကိုပဲ ကျွန်တော့်ကို ဆဲဆိုတာတွေ မလုပ်ရဘူးလို့ တားထားတာ မဟုတ်လား”

ကျန်းယိသည် ခေါင်းငိုက်စိုက်ချကာ အနောက်ကနေ လိုက်ပါလာသည်။

"မင်း ပြောတာ တကယ်ကောင်းတယ်”

"တကယ်လား”

ကျန်းချန်း၏ ချီးကျူးမှုကို ကြားလိုက်ရသည်နှင့် ကျန်းယိ၏ မျက်ဝန်းများ ဝင်းလက်သွားကာ အစ်ကိုဖြစ်သူနှင့် ဘေးချင်းယှဉ်လျှောက်နိုင်ရန် အပြေးလိုက်လာသည်။

"အစ်ကို... ကျွန်တော် ပြောမယ်၊ အဲ့လိုလူမျိုးတွေကို အားနာမနေနဲ့၊ ကျွန်တော့်ဆီကနေ နည်းနည်းလောက် သင်ယူဦး..."

တတွတ်တွတ် ပြောဆိုနေသော ကျန်းယိကို ကြည့်ရင်း ကျန်းချန်းသည် ငယ်စဉ်က သူ့နောက်သို့ တကောက်ကောက် လိုက်ခဲ့သော ကလေးငယ်လေးကို ပြန်လည် မြင်ယောင်လာမိသည်။

သူသည် စည်းကမ်း အလွန်တင်းကျပ်သူ ဖြစ်ခဲ့သည့်အတွက် ညီအစ်ကိုနှစ်ဦးမှာ နီးနီးကပ်ကပ် မရှိခဲ့သည်မှာ ကြာခဲ့ပြီဖြစ်သည်။

ကျန်းယိသည် သူ့ကို မြင်တိုင်း ဘေးဆိုးကြီးတစ်ခုကို မြင်လိုက်ရသကဲ့သို့ ရှောင်ဖယ်နေတတ်သူ မဟုတ်ပါလား။

သို့သော် ယခုအခါတွင်မူ သူတို့အားလုံး မှားနေခဲ့သည်ဟု ကျန်းချန်း ခံစားလိုက်ရသည်။ သူ့ညီသည် အလိုလိုက်ခံထားရ၍ ပျက်စီးနေသူ မဟုတ်ဘဲ မာနခဲလေး ဖြစ်နေရုံသာ ဖြစ်သည်။ လူငယ်တစ်ယောက်အနေဖြင့် ယုံကြည်ချက်ရှိရှိနှင့် စိတ်အားထက်သန်နေခြင်းမှာ ကောင်းမွန်

သည့် အချက်ပင် ဖြစ်သည်။

လေထဲတွင် လွင့်နေသော ကျန်းယိ၏ အပြာရောင် ဆံပင်စုတ်ဖွားလေးမှာပင် ယခုအချိန်တွင် ကြည့်ကောင်းနေသယောင် ရှိနေသည်။

အလိုလိုက်ခံထားရသော ကလေးတစ်ယောက်သည် "တစ်ယောက် စစ်ထဲဝင်ရင် တစ်မိသားစုလုံး ဂုဏ်တက်တယ်" ဟူသော စကားမျိုးကို ဘယ်သောအခါမှ ပြောလိမ့်မည်မဟုတ်ပေ။ သို့ဆိုလျှင် သူ့ညီသည်လည်း သူ့အတွက် ဂုဏ်ယူနေခဲ့သည် မဟုတ်ပါလား။

ကျန်းချန်းသည် ခြေလှမ်းများကို ရပ်လိုက်ကာ ကျန်းယိ၏ ခေါင်းကို အသာအယာ ပွတ်သပ်ပေးလိုက်မိသည်။ ကျန်းယိသည် အံ့အားသင့်ကာ တောင့်ခဲသွားပြီးနောက် သူ့အစ်ကိုကို မော့ကြည့်လိုက်သည်။

"အစ်ကို..."

အစ်ကိုဖြစ်သူ၏ ရုတ်တရက် ရင်းနှီးမှုကို သူ မကျွမ်းကျင်သော်လည်း ငြင်းပယ်ခြင်း မရှိခဲ့ပါ။

"အင်း..."

ယနေ့ တစ်ရက်တည်းမှာပင် သူ့ညီက သူ့ကို "အစ်ကို" ဟု ခေါ်သည်မှာ တစ်နှစ်လုံးပေါင်း ခေါ်သည်ထက်ပင် များနေပြီ ဖြစ်သည်။

ညီငယ်ဖြစ်သူ ရှက်ကိုးရှက်ကန်း ဖြစ်နေသည်ကို သတိပြုမိလိုက်သဖြင့် ကျန်းချန်းသည် လက်ကို ပြန်ရုပ်သိမ်းလိုက်ကာ ပုံမှန်အတိုင်း ပြန်နေလိုက်သည်။

"မင်း ဘာလို့ အလုပ်မသွားတာလဲ"

ခဲခဲယဉ်ယဉ် အတူတူရှိနေရသော ညီအစ်ကိုနှစ်ဦးကြားရှိ သံယောဇဉ်မှာ ပိုမို ခိုင်မြဲလာခဲ့သည်။ သူတို့နှစ်ဦးသည် ခံစားချက်များကို ဘေးဖယ်ထားကာ ပထမဆုံးအကြိမ်အဖြစ် ကောင်းမွန်စွာ စကားပြောဆိုနိုင်ခဲ့ကြသည်။

"ကျွန်တော် မိုဟန်ကျီ နဲ့ အလုပ်ကိစ္စ လိုက်သွားရင်း ပြန်လာတာ၊ နေ့လယ်ပိုင်း ခွင့်ယူထားတယ်"

"စားပြီးပြီလား ငါ ကျွေးရမလား"

ကျန်းယိ ထိုစားသောက်ဆိုင်သို့ ဘယ်အချိန်က ရောက်နေသည်ကို ကျန်းချန်း မသိသလို၊ အဘယ်ကြောင့် ထိုနေရာသို့ ရောက်နေသလဲဆိုသည်ကိုလည်း မမေးမြန်းခဲ့ပေ။

"စားပြီးပြီ"

ကျန်းယိသည် ဖုန်းကို ခိုးထုတ်ကာ သူ အမှတ်တမဲ့ အသံဖမ်းထားခဲ့မိသည်များကို ဖျက်ပစ်လိုက်သည်။

"မိုဟန်ကျီ က လူကောင်းတစ်ယောက်ပါ၊ သူ့ဆီကနေ သင်ယူပါဦး"

"ဟုတ်ကဲ့"

ကျန်းယိ ခေါင်းငုံ့ကာ ပြန်ထူးလိုက်သည်။

သူ့ညီသည် ဆက်ဆံရခက်သူ မဟုတ်ဘဲ အလွန် လိမ္မာရေးခြားရှိသူ ဖြစ်ကြောင်း ကျန်းချန်း သဘောပေါက်သွားခဲ့သည်။

ကျန်းချန်းသည် ကျန်းယိကို အိမ်သို့ လိုက်ပို့ပေးခဲ့သည်။

"မင်းတို့ ညီအစ်ကိုနှစ်ယောက် ဘယ်လိုဖြစ်လို့ အတူတူ ပြန်လာကြတာလဲ ဟို မြို့ငယ်လေးက အောင်သွယ်မှုကကော ဘယ်လိုလဲ”

ရှားရှားပါးပါး ချစ်ချစ်ခင်ခင်နှင့် အတူဝင်လာသည်ကို မြင်ရသဖြင့် အဘိုးကျန်းက ပြုံးလျက် မေးလိုက်သည်။

"အဘိုး... ကျွန်တော် အပေါ်တက်တော့မယ်"

ကျန်းယိသည် ထိုကိစ္စထဲသို့ မပါဝင်ချင်သဖြင့် အမြန်ရှောင်ထွက်သွားသည်။ အဘိုးထံမှ ဆူပူမှုကို မခံချင်သဖြင့် အပေါ်သို့ ပြေးတက်သွားစဉ် သူ၏ ဖုန်းဘဏ်အကောင့်ထဲသို့ ငွေတစ်သန်း ရုတ်တရက် ရောက်ရှိလာခဲ့သည်။

"ဟာ... ဟာ... ဘယ်က နတ်ကတော်ကြီးက ငါ့ကို မပေးလိုက်တာလဲ"

ကျန်းယိသည် ငွေလွှဲသူကို အမြန်စစ်ဆေးကြည့်လိုက်သည်။

ထိုသူမှာ သူ့အစ်ကိုပင် ဖြစ်သည်။ နှစ်ပေါင်းများစွာ ကြာပြီးမှ သူ့အစ်ကိုဆီက ညီအစ်ကို သံယောဇဉ် အစစ်အမှန်ကို သူ ခံစားလိုက်ရသည်။

“ငါ့အစ်ကိုသာ နောက်ထပ် အောင်သွယ်မှုတွေ ထပ်လုပ်ရင်၊ ငါက ကြားက ဝင်ကူညီပြီး ပိုက်ဆံတောင်းလို့ ရနိုင်မလား”

ကျန်းယိ၏ အတွေးများ လွင့်ပျံ့နေမိသည်။

“ထားပါတော့လေ၊ သူက အိမ်မှာပဲ ကျားသေလိုနေတာ၊ မိန်းမတစ်ယောက်ကိုတောင် မကိုင်တွယ်နိုင်ဘူး”

ယခင်ကဆိုလျှင် သူသည် ငွေတစ်သန်းကို အရေးမလုပ်သော်လည်း၊ ယခု အခက်အခဲဖြစ်နေချိန်တွင် ရရှိလိုက်သည့် တစ်သန်းအတွက် အမှန်

တကယ် ပျော်ရွှင်သွားခဲ့သည်။

"ကျေးဇူးပဲ အစ်ကို"

ကျန်းယိသည် ဝမ်းသာအားရ ကျေးဇူးတင်ကြောင်းပြသည့် Sticker လေးကို ကျန်းချန်းထံ ချက်ချင်း ပို့လိုက်သည်။

ကျန်းချန်း၏ ဖုန်းမြည်လာသဖြင့် ကြည့်လိုက်ရာ ကျန်းယိ ပို့ထားသော အရုပ်လေးကို မြင်လိုက်ရပြီး အလိုလို ပြုံးမိသွားသည်။ သူ့ညီက တကယ်တော့ ချစ်စရာလေးပါလား။

“ပိုက်ဆံလိုရင် အစ်ကို့ကို ပြော”

ဟု စာရိုက်လိုက်သော်လည်း နောက်ဆုံးတွင် ထိုစာကို တစ်လုံးချင်းစီ ပြန်ဖျက်လိုက်သည်။

"ရပါတယ်"

သူ့ညီသည် အခွင့်အရေးရလျှင် မည်မျှအထိ ယူတတ်သည်ကို သူ ကောင်းကောင်းသိသည်။ အရင်က ရင်းနှီးမှု မရှိခဲ့စဉ်ကပင် ပိုက်ဆံတောင်းတတ်သည့် သူ့ညီအား ယခုလို လမ်းစဖွင့်ပေးလိုက်ပါက အဆမတန် တောင်းဆိုလာမည်မှာ သေချာလှသည်။

သူ့အတွေးသည် မမှားပေ။ ကျန်းယိသည် သူ့အစ်ကိုထံမှ စူပါကားတစ်စီး ဝယ်ခိုင်းရန် စဉ်းစားနေပြီး ဖြစ်သည်။

လတ်တလောတွင် သူ မျက်စိကျနေသော ကားလေးတစ်စီး ရှိသော်လည်း ပိုက်ဆံက မရှိဖြစ် နေသည်။

တစ်လလျှင် သုံးထောင်သာ ရသော သူသည် ပြာပုံထဲက ငွေပြားရှာနေရသူ မဟုတ်ပါလား။

နောက်ဆုံးတွင် ကျန်းယိ ထိုအတွေးကို လက်လျှော့လိုက်သည်။ တစ်သန်းဆိုသည်မှာ မဆိုးပေ၊ ယခုတော့ သူငယ်ချင်းတွေနှင့် စားသောက်သည့်အခါ အိတ်ကပ်ထဲ လက်နှိုက်စရာ ရှိသွားပြီဖြစ်သည်။

နောက်တစ်နေ့ နံနက်စာ စားချိန်တွင် ကျန်းယိသည် အလွန် စိတ်ရွှင်လန်းနေသည်။

"အစ်ကို... အဘိုး..."

သူသည် စားစရာများကို ယူကာ အမြန်ထွက်သွားသည်။

"ဒီကောင်လေး ဘာဖြစ်နေတာလဲ စိတ်ကြည်နေလိုက်တာ၊ ရည်းစားများ ရနေပြီလား”

အဘိုးကျန်းကပင် သတိထားမိသည်။

အရင်ကဆိုလျှင် အလုပ်သွားရသည်မှာ သင်္ချိုင်းကုန်းသို့ သွားရသကဲ့သို့ ညှိုးငယ်နေတတ်သူ မဟုတ်ပါလား။

"အဘိုးကလည်း... ရှောင်ယိက ငယ်ပါသေးတယ်၊ အချစ်အကြောင်း ပြောဖို့ စောပါသေးတယ်"

ကျန်းချန်းကတော့ သူ့ညီ အဘယ်ကြောင့် ပျော်နေသည်ကို သိသည်။ အတော်ကြာအောင် ဆင်းရဲနေရသူတစ်ဦးအဖို့ မမျှော်လင့်ဘဲ ငွေထုပ်ကြီး ရလိုက်သည့်အခါ မည်သို့ စိတ်မချမ်းသာဘဲ ရှိပါမည်နည်း။

မာနခဲလေး ဖြစ်နေသော သူ့ညီ၏ အမူအရာများမှာ ယခုမှပင် ချစ်စရာကောင်းနေသည်ဟု သူ ခံစားမိလာသည်။ နောင်တွင် သူ့ညီကို မကြာခဏ ထောက်ပံ့ပေးရမည်ဟု ကျန်းချန်း တွေးတောနေမိသည်။

"မင်းကော ဘယ်လိုလဲ မင်းက မငယ်တော့ဘူး၊ အိမ်ထောင်မပြုသေးဘူး ငါကတော့ မြေကြီးထဲ ခြေတစ်ဖက် နစ်နေပြီ"

ကျန်းချန်း စားနေရင်း ခဏ ရပ်သွားသည်။ မြှားဦးက သူ့ဘက် လှည့်လာလိမ့်မည်ဟု မထင်ထားခဲ့ပေ။

"အဘိုးကလည်း... ကျန်းမာရေးက ကောင်းနေတုန်းပဲကို၊ အဲ့လိုတွေ မပြောပါနဲ့"

ကံကြမ္မာဆိုသည်မှာ မည်သူ ပြောနိုင်ပါမည်နည်း။ သူသည်လည်း အဆင်ပြေရုံနှင့်တော့ လက်ထပ်ဖို့ ဆန္ဒမရှိပေ။

"ကဲ... ငါလည်း အများကြီး မပြောတော့ဘူး၊ မင်းက အမြဲတမ်း ပြတ်သားတဲ့သူပဲ၊ ဒါပေမဲ့ မင်းရဲ့ အိမ်ထောင်ရေးကတော့ ငါတို့ကို စိုးရိမ်စေတယ် ငါတော့ သူငယ်ချင်းဟောင်းနဲ့ ငါးသွားမျှားဦးမယ်"

ကျန်းချန်း အိမ်တွင် တစ်ယောက်တည်း ကျန်ခဲ့သဖြင့် ပျင်းလာကာ ကျန်းယိ၏ ကားပြိုင်ကွင်းသို့ သွားကြည့်ရန် ဆုံးဖြတ်လိုက်သည်။

ကျန်းယိ၏ အဖေနှင့် အခြားသူများမှာ ကျန်းယိတွင် ကားပြိုင်ကွင်းရှိသည်ကို မသိကြသော်လည်း၊ နောက်ပိုင်းတွင် ယွဲ့ဟွာ နည်းပညာ၏ ဒုံးဟူ စီမံကိန်း စတင်သည့်အခါ မိုဟန်ကျီက ကျန်းယိအတွက် ကွင်းအသစ်တစ်ခု စီစဉ်ပေးခဲ့သည်။

ကျန်းယိ လျှို့ဝှက်ထားသော်လည်း ကျန်းချန်းကတော့ သိရှိနေခဲ့သည်။

ကျန်းချန်းသည် စစ်တပ်တွင်သာ အချိန်ကုန်လေ့ရှိသော်လည်း အပြင်လောကတွင် သူ့အား သတင်းပေးနိုင်သည့် မိတ်ဆွေများစွာ ရှိနေသည်။

သူသည် ပြိုင်ကွင်းအတွင်းသို့ ကားမောင်းဝင်သွားရင်း မျက်မှောင်ကြုတ်လိုက်မိသည်။

ယနေ့ ပြိုင်ကွင်းထဲတွင် လူအလွန်စည်ကားနေပြီး အသက်ဝင် လှုပ်ရှားနေသည် မဟုတ်ပါလား။

အော်ဟစ်သံများ၊ ဖက်လှဲတကင်း ရှိနေသူများ၊ အောင်ပွဲခံ အားပေးသံများနှင့် စက်အင်ဂျင်သံများ...

ထိုအသံစုံများသည် လူ၏ အာရုံငါးပါးကို နိုးကြားတက်ကြွစေသည်။ စည်းကမ်းတကျရှိလှသော စစ်တပ်လောကနှင့် လုံးဝကို ဆန့်ကျင်ဘက် ဖြစ်နေသည့် ပတ်ဝန်းကျင်တစ်ခုပင်။

အခန်း (၃၅၂) တကယ်လား

ကျန်းချန်း၏ ဘဝသည် စိမ်းစိုသော စစ်ဝတ်စုံများ၊ ပစ်မှတ်လေ့ကျင့်ရေးကွင်းမှ ထွက်ပေါ်လာသော ယမ်းငွေ့များနှင့် ဟိုတစ်စ ဒီတစ်စ ပြန့်ကျဲနေသော ကျည်ခွံများကြားတွင်သာ အချိန်ကုန်ဆုံးခဲ့ရသည်။

သူတို့သည် မြေနီလမ်းများပေါ်တွင် တွားသွားခဲ့ကြသည်၊ တောတောင်လျှိုမြောင်များကို ဖြတ်ကျော်ပြေးလွှားခဲ့ကြသည်။

ထို့ပြင် ကျယ်ပြောလှသော ပင်လယ်ပြင်ကြီးထဲတွင်လည်း အကြိမ်ကြိမ် လေ့ကျင့်ခဲ့ကြသည်။

သူသည် နံနက်ခင်း၏ နှင်းစက်များကို မြင်ဖူးသလို၊ ညနေခင်း၏ ဆည်းဆာရိပ်နှင့် ညဉ့်ကောင်းကင်ယံမှ ကြယ်တာရာများကိုလည်း ရင်းနှီးကျွမ်းဝင်ခဲ့သည်။

သို့သော် ထိုဘဝကို သူတစ်ခါမျှ ငြီးငွေ့သည်ဟု မထင်မှတ်ခဲ့မိပါ။ ၎င်းသည် လူတိုင်း စိတ်ဝိညာဉ်တစ်ခုတည်း၊ ယုံကြည်ချက်တစ်ခုတည်းဖြင့် စုစည်းထားသော စိတ်အားထက်သန်ဖွယ်ရာ ဘဝတစ်ခု မဟုတ်ပါလား။

ယခင်ကမူ ညီဖြစ်သူ၏ ဝါသနာများကို သူ လုံးဝနားမလည်နိုင်ခဲ့ပေ။

သို့သော် ယနေ့တွင်မူ သူ အနည်းငယ် နားလည်လာသယောင် ရှိသည်။

ဤနေရာရှိ လူများသည် တောက်ပြောင်သော ဝတ်စုံများကို ဝတ်ဆင်ထားကြပြီး ပျော်ရွှင်စွာ ဆူညံအော်ဟစ်နေကြသည်။ ပြိုင်ကားများသည်လည်း အင်ဂျင်သံများကို ဟိန်းဟောက်စေလျက် ပြိုင်ကွင်းအတွင်း အရှိန်ပြင်းစွာ မောင်းနှင်နေကြသည်။

ပန်းဝင်ဂိတ်ကို ဖြတ်ကျော်ကာ ချန်ပီယံဆုကို ဆွတ်ခူးနိုင်သည့်အခါတွင်လည်း သူတို့သည် အားပါတရ အော်ဟစ်အောင်ပွဲခံကြသည်။

ထိုအငွေ့အသက်များကြားတွင် စီးမျောနေရင်း ကျန်းချန်းသည်လည်း မသိမသာ စိတ်လှုပ်ရှားလာမိသည်။

ပြိုင်ကားပေါ်မှ ဆင်းလာကာ သူငယ်ချင်းများကို ဖက်လှဲတကင်း နှုတ်ဆက်နေကြသူများကို ကြည့်ရင်း သူသည် မိမိညီငယ်၏ ယုံကြည်မှုအပြည့်နှင့် တက်ကြွလှုပ်ရှားနေမည့် ပုံရိပ်ကို မြင်ယောင်နေမိသည်။

"အစ်ကိုကြီး ကျန်းချန်း အစ်ကိုက ဘယ်လိုဖြစ်ပြီး ဒီကို ရောက်လာတာလဲ"

ဟူကျင်းသည် ကျန်းချန်းကို ဤနေရာတွင် တွေ့လိုက်ရသဖြင့် အတော်ပင် အံ့အားသင့်သွားသည်။ ဤသည်မှာ တကယ်ကို ရှားပါးလှသော မြင်ကွင်းတစ်ခု မဟုတ်ပါလား။

"အားတာနဲ့ လာကြည့်တာပါ"

ကျန်းချန်းက တည်ငြိမ်စွာပင် ပြန်ပြောလိုက် သည်။

"ဟို... ကျန်းယိကတော့ ဒီမှာ မရှိဘူးဗျ၊ သူ အလုပ်သွားတယ်"

ကျန်းချန်းသည် ကျန်းယိကို လာရှာသည်ဟု ထင်မှတ်ကာ ဟူကျင်းက အမြန် ဝင်ပြောလိုက် သည်။

"ငါ သူ့ကို လာရှာတာ မဟုတ်ပါဘူး၊ ပတ်ပတ်လည်ကို လိုက်ကြည့်ရုံတင်ပါ"

ထိုအခါမှ ဟူကျင်းသည် သက်ပြင်းချနိုင်တော့ကာ ကျန်းချန်းကို ပြိုင်ကွင်းပတ်ပတ်လည် လိုက်လံပြသပေးတော့သည်။

တစ်ဖက်တွင်မူ ကျန်းယိ၏ ကြည်နူးနေသော စိတ်အခြေအနေမှာ ကုမ္ပဏီသို့ ရောက်သည်အထိ မပျက်စီးသေးပေ။

"အတွင်းရေးမှူးကျန်း၊ ဒီနေ့ ဘာလို့ ဒီလောက်တောင် စိတ်ရွှင်လန်းနေရတာလဲ"

လက်ထောက်လင်က သံသယဖြင့် မေးလိုက် သည်။

ကျန်းမျိုးနွယ်စု၏ သခင်လေးသည် အလုပ်တွင် အမြဲတမ်း မကျေမနပ် ဖြစ်နေတတ်သည်ကို သူသိထားသဖြင့် ယနေ့ ကျန်းယိ၏ အမူအရာမှာ ပုံမှန်မဟုတ်ဟု ထင်နေမိခြင်း ဖြစ်သည်။

"ငါ့အစ်ကိုက ငါ့ကို မုန့်ဖိုး တစ်သန်း ပေးလိုက်လို့လေ"

ကျန်းယိသည် ဝမ်းသာအားရ ပြောပြလိုက်သည်။

လတ်တလောတွင် သူသည် လက်ထောက်လင်နောက်သို့ တကောက်ကောက် လိုက်နေရသဖြင့် သူတို့နှစ်ဦးကြား ဆက်ဆံရေးမှာ အတော်ပင် ပြေလည်နေပြီ ဖြစ်သည်။

လက်ထောက်လင်သည် ရင်ထဲမှနေ၍ တိတ်တဆိတ် ကျိန်ဆဲလိုက်မိသည်။ လူအချင်းချင်း ကံတရား မတူညီကြပုံမှာ တကယ်ပင် ဆိုးဝါးလှသည်။

“ မုန့်ဖိုး တစ်သန်းတဲ့လား... အားကျစရာကောင်းလိုက်တာ၊ သူလည်းပဲ အဲ့လို အစ်ကိုမျိုး တစ်ယောက်လောက် လိုချင်မိသား”

"ဝင်ခဲ့ပါ"

ရုံးခန်းအတွင်းမှ အေးစက်စက် အသံတစ်သံ ထွက်ပေါ်လာရာ လက်ထောက်လင်၏ စိတ်ကူးယဉ်မှုများ ချက်ချင်း ပျက်ပြားသွားတော့သည်။

“ကဲ... အလုပ်ပြန်လုပ်တာပဲ ကောင်းပါတယ်၊ ဒီဘဝမှာ ဒီလို ကံမျိုး မပါလာရင်တောင် နောက်ဘဝကျမှပဲ ထပ်ကြိုးစားကြည့်တော့မယ်”

ဟု သူ တွေးလိုက်မိသည်။

မိုဟန်ကျီက ညွှန်ကြားချက်များ ပေးပြီးနောက် သူတို့နှစ်ဦး ထွက်လာခဲ့ကြသည်။

လတ်တလောတွင် မိုဟန်ကျီသည် ကျန်းယိကို လုပ်ငန်းပူးပေါင်းဆောင်ရွက်မှု ဆွေးနွေးပွဲများသို့ စတင်ခေါ်ဆောင်သွားလေ့ရှိသည်။

"ဒါ ကျန်းမျိုးနွယ်စုရဲ့ သခင်လေးပဲ ဖြစ်ရမယ်၊ သူက ဘာလို့ ဥက္ကဋ္ဌမိုနောက်ကို လိုက်နေတာလဲ”

ကျန်းယိကို ပထမဆုံးအကြိမ် မှတ်မိသွားသူ တစ်ဦး ပေါ်ထွက်လာခဲ့သည်။

"ကျွန်တော် ကျန်းသခင်လေးကို ပွဲတစ်ခုမှာ တစ်ခါတွေ့ဖူးတယ်၊ ခင်ဗျား မှတ်မိသေးလား”

ထိုအမျိုးသားက နွေးထွေးစွာ ပြုံးလျက် မေးလိုက်သည်။ သို့သော် ကျန်းယိကတော့ သူ့ကို လုံးဝ မှတ်မိပုံမရပေ။

"ဦးလေးကျန်းက သူ့ကို ပညာပိုသင်စေချင်လို့ပါ"

မိုဟန်ကျီက စကားအများကြီး မပြောသော်လည်း လူတိုင်းကတော့ အခြေအနေကို နားလည် လိုက်ကြသည်။

မျက်နှာချင်းဆိုင်မှ အမျိုးသားသည် တစ်စုံတစ်ခုကို ပြောရန် ပြင်လိုက်ပြီးမှ

"ဒါကတော့ ကျွန်တော့်ရဲ့ အသုံးမကျတဲ့ သားပါ၊ သူ နိုင်ငံခြားကနေ အခုမှ ပြန်ရောက်တာ ဥက္ကဋ္ဌမို အဆင်ပြေမယ်ဆိုရင် သူ့ကိုလည်း အနားမှာထားပြီး သင်ပေးပါဦးလား"

ဟု ဆိုလာသည်။

သူသည် ကျန်းယိ၏ နာမည်ကျော်ကြားမှုကို ကြားဖူးထားသော်လည်း ယခု ဥက္ကဋ္ဌမို၏ ဘေးတွင် ငြိမ်သက်စွာ ထိုင်နေသည်ကို မြင်ရသောအခါ အံ့ဩမိသွားသည်။

သူ့သားကို မိုဟန်ကျီကဲ့သို့ တော်စေချင်သည် မဟုတ်သော်လည်း မိုဟန်ကျီ၏ အရည်အချင်း သုံးပုံတစ်ပုံခန့် ရလျှင်ပင် ကျေနပ်ပြီဟု သူတွေးနေခြင်း ဖြစ်သည်။

လက်ထောက်လင်သည် မိုဟန်ကျီ ဧကန်မုချ ငြင်းပယ်တော့မည်ကို သိနေသဖြင့် ရင်တထိတ်ထိတ် ဖြစ်နေမိသည်။

ကျန်းယိ၏ မျက်ဝန်းများတွင်မူ မျှော်လင့်ချက်အရောင်များ ဝင်းလက်လာခဲ့သည်။ မိုဟန်ကျီ၏ အဖြေကို သူ စိတ်ဝင်တစား စောင့်ကြည့်နေမိသည်။ အကယ်၍ ထိုသူကို လက်ခံလိုက်ပါက သူသည် လွတ်လပ်ခွင့် ရနိုင်မည်လားဟုပင် တွေးတောမိသည်။

"မရပါဘူး၊ ကျွန်တော် သူ့ကို သင်ပေးနေတာက ကျွန်တော့်ရည်းစားကြောင့်ပါ၊ တခြားသူတွေအတွက် အချိန်မပေးနိုင်ဘူး"

မိုဟန်ကျီသည် အားနာပါးနာ ပြောဆိုတတ်သူ မဟုတ်ပေ။ ထိုအမျိုးသားသည် အနည်းငယ် မျက်နှာပျက်သွားသော်လည်း ဒေါသထွက် ရန်တော့ မဝံ့ရဲခဲ့ပါ။

"ကောင်းပါပြီ... ဒါဆို ကျွန်တော်တို့ ပူးပေါင်းဆောင်ရွက်မှုအကြောင်းပဲ ဆက်ပြောကြတာပေါ့"

ကျန်းယိသည် သူ့အကြံအစည်များ ပျက်စီးသွားပြီဖြစ်ကြောင်း သိလိုက်ရသလို၊ မိုဟန်ကျီအနားတွင် မည်မျှကြာအောင် ထပ်နေရဦးမည်ကိုလည်း မခန့်မှန်းနိုင်တော့ပေ။

လုပ်ငန်းကိစ္စများ အဆင်ပြေချောမွေ့စွာ ပြီးဆုံးသွားပြီးနောက် မိုဟန်ကျီတို့အဖွဲ့ ပြန်လည် ထွက်ခွာလာခဲ့ကြသည်။

"အဖေ... သူ ကျွန်တော့်ကို တကယ်ပဲ မျက်နှာသာ မပေးဘူးနော်”

ထိုအမျိုးသား၏ သားဖြစ်သူသည် မိုဟန်ကျီအပေါ် အတော်ပင် မကျေမနပ် ဖြစ်နေသည်။

သူကိုယ်တိုင်လည်း မိုဟန်ကျီအောက်တွင် ပညာမသင်ချင်သော်လည်း ယခုကဲ့သို့ အငြင်းခံလိုက်ရခြင်းမှာ အရှက်ရစရာ ဖြစ်နေသည် မဟုတ်ပါလား။

"ကောင်လေး... မင်းက သူ့ရှေ့မှာ ငါတို့ မျက်နှာရှိတယ်လို့ ထင်နေတာလား”

ထိုအမျိုးသားက သားဖြစ်သူ၏ ခေါင်းကို ခပ် ပြင်းပြင်း ရိုက်လိုက်ကာ သတိပေးလိုက်သည်။

"မင်း မနက်ဖြန်ကစပြီး ကုမ္ပဏီမှာ လာပြီး လေ့ကျင့်တော့ နိုင်ငံခြားမှာ နေတာ ကြာလို့ မင်း ဦးနှောက်တွေ ပျက်ကုန်ပြီထင်တယ် ပြည်တွင်းက ကုမ္ပဏီတွေအကြောင်းကို ပိုပြီး လေ့လာထားဦး"

"မင်း စိတ်ပျက်နေပုံပဲ”

မိုဟန်ကျီက သူ့အနောက်ကနေ လိုက်လာသော ကျန်းယိကို ကြည့်ပြီး မေးလိုက်သည်။

"ဗျာ”

ကျန်းယိ ကြောင်သွားသည်။

"မင်းက အတွင်းရေးမှူးဆိုပေမဲ့ ကုမ္ပဏီရဲ့ ဌာနအားလုံးနဲ့ ထိတွေ့နေရတာပဲ၊ လုပ်ငန်းလည်ပတ်ပုံကိုလည်း အခြေခံအားဖြင့် နားလည်နေပြီ မင်းသာ လုပ်ငန်းတစ်ခုကို ကိုယ်တိုင် အောင်အောင်မြင်မြင် ဆွေးနွေးနိုင်မယ်ဆိုရင် မင်းကို ငါ လွှတ်ပေးမယ်"

"တကယ်လား”

မိုဟန်ကျီ၏ စကားကြောင့် ကျန်းယိသည် ချက်ချင်းပင် အားအင်များ ပြည့်ဝလာသလို ခံစားလိုက်ရသည်။ သူ၏ ကြီးမားသော ရည်မှန်းချက်မှာ ဤချုပ်နှောင်မှုမှ လွတ်မြောက်ရန် မဟုတ်ပါလား။

"တကယ်"

ကျန်းယိသည် ကုမ္ပဏီကို အလုံးစုံ စီမံခန့်ခွဲနိုင်ရန်သာ လိုအပ်ပြီး သေးငယ်သော ကိစ္စရပ်တိုင်းကို လိုက်လံလုပ်ဆောင်နေရန် မလိုကြောင်း မိုဟန်ကျီက ဆိုလိုခြင်း ဖြစ်သည်။

မင်ယွဲ့သည် ယနေ့တွင် အလုပ်ကိစ္စ မရှိသဖြင့် အိမ်၌သာ အနားယူနေသည်။

သူမ ဖုန်းဖွင့်ကြည့်လိုက်သည့်အခါ ထိုအချိန်က လူကြိုက်များခဲ့သော "Military Soul" ရုပ်ရှင်နှင့် ပတ်သက်သည့် ဝေဖန်သုံးသပ်ချက်များကို အံ့ဩဖွယ်ရာ မြင်တွေ့လိုက်ရသည်။

သို့သော် ထိုရုပ်ရှင်သည် နိုင်ငံရေးအရ အထိမခံသော ကိစ္စရပ်များ ပါဝင်နေသဖြင့် ပြသချိန်များ လျော့နည်းသွားခဲ့သည်။ သူမလည်း ထိုကိစ္စကို သိပ်အာရုံမစိုက်တော့သော်လည်း ယခုအခါတွင် ထိုရုပ်ရှင်သည် ပြန်လည် နာမည်ကြီးလာမည့် အရိပ်အယောင်များ ပြသနေသည်။

အမှန်တကယ်ပင် ကောင်းမွန်သော လက်ရာများသည် ပရိသတ်၏ စစ်ဆေးမှုနှင့် အချိန်ကာလ၏ ဒဏ်ကို ကြံ့ကြံ့ခံနိုင်စွမ်း ရှိကြသည် မဟုတ်ပါလား။

【ယွဲ့ယွဲ့၊ ဒီဇာတ်ကားကနေ မင်း အသားတင် အမြတ်ငွေ သန်း ၃၀၀ ရတယ်နော်】

မင်ယွဲ့သည် ယခင်က ထိုမျှအထိ များပြားလိမ့်မည်ဟု မထင်ထားခဲ့ပေ။

【ယွမ်ပေါ့... ဒီပိုက်ဆံတွေ အားလုံးကို မင်ယွဲ့ ပရဟိတ ဖောင်ဒေးရှင်းကိုပဲ လှူလိုက်ရအောင်】

ယခုအခါ သူမ၏ ပရဟိတ ဖောင်ဒေးရှင်းမှာ နယ်ပယ်ကျယ်ပြန့်လာသည်နှင့်အမျှ လိုအပ်သော ငွေကြေးပမာဏမှာလည်း တိုးပွားလာခဲ့သည်။

အများပြည်သူထံမှ အလှူငွေ လက်ခံသည့် စနစ်ကို ဖန်တီးထားသော်လည်း သူမကိုယ်တိုင်၏ ပရဟိတ ရည်မှန်းချက်များအတွက် တည်ထောင်ထားခြင်း ဖြစ်ရာ သူမ လှူဒါန်းရမည့် ပမာဏမှာလည်း နည်းပါးလိမ့်မည် မဟုတ်ပေ။

ရုတ်တရက် သူမ၏ ဖုန်းမြည်လာခဲ့သည်။

မင်ယွဲ့ ကြည့်လိုက်သောအခါ ဆက်သွယ်လာသူမှာ လျိုယဲ့ ဖြစ်နေသည်ကို အံ့ဩစွာ တွေ့လိုက်ရသည်။ သူတို့နှစ်ဦးသည် အစီအစဉ်တစ်ခုတွင် တွေ့ဆုံခဲ့ပြီးနောက် အဆက်အသွယ်လဲထားကာ တစ်ခါတစ်ရံ စကားပြောဖြစ်ကြသူများ ဖြစ်သည်။

အခန်း (၃၅၃) ပိုလျှံနေသော လုပ်ရပ်

လျိုယဲ့သည် တီဗီအစီအစဉ်တစ်ခု ရိုက်ကူးနေခြင်းဖြစ်သဖြင့် အနည်းငယ် စိတ်လှုပ်ရှားနေမိသည်။

"ကဲ... အခုဆိုရင် မင်းရဲ့ အဆက်အသွယ်စာရင်းထဲက နံပါတ် (၈) မြောက်လူကို ဖုန်းခေါ်ရပါမယ် တို့ညွှန်ကြားတဲ့အတိုင်း စကားပြောပေးပါနော်"

ဟု အစီအစဉ်တင်ဆက်သူက ဆိုလာသည်။

လျိုယဲ့သည် ဖုန်းနံပါတ်ကို ကြည့်လိုက်ရာ မင်ယွဲ့ ဖြစ်နေသည်ကို တွေ့ရသဖြင့် စိတ်အနည်းငယ် အေးသွားတော့သည်။

"မင်းရဲ့ အဆက်အသွယ်အမည်က 'ယွဲ့ယွဲ့' ဆိုတော့ မိန်းကလေးတစ်ယောက် ဖြစ်ရမယ်"

ဟု တင်ဆက်သူက ပြုံးလျက် မေးသည်။

လျိုယဲ့က ခေါင်းညိတ်ပြလိုက်ပြီးနောက် ဖုန်းခေါ်ဆိုမှု စတင်ခဲ့သည်။

"ယဲ့အာ”

ကြည်လင်ပြတ်သားလှသော အမျိုးသမီးအသံလေးတစ်ခု ထွက်ပေါ်လာရာ ရိုက်ကူးရေးကွင်းတစ်ခုလုံးရှိ လူတိုင်း ကြားလိုက်ရသည်။

လှပသော အသံပိုင်ရှင်များသည် ရုပ်ရည်ဆိုးတတ်သည်ဟု ဆိုစမှတ်ရှိသော်လည်း ဤအသံလေးမှာမူ တစ်ဖက်လူသည် နတ်မိမယ်ကဲ့သို့ ချောမောလှပမည်ဟု အလိုလို စိတ်ကူးယဉ်မိစေသည်။

"ယွဲ့ယွဲ့... ဘာလုပ်နေလဲ”

"အိမ်မှာ အနားယူနေတယ်"

ဖုန်းထဲမှတစ်ဆင့် အနည်းငယ် တုန်ခါနေသော်လည်း ထိုအသံမှာ အလွန်ပင် နားဝင်ချိုလှသည်။ တင်ဆက်သူ၏ အချက်ပြမှုအရ လျိုယဲ့က ဆက်မေးလိုက်သည်။

"ယွဲ့ယွဲ့... မင်းမှာ ရည်းစားရှိလား”

လျိုယဲ့၏ မျက်ခုံးများ တွန့်ချိုးသွားသည်။

ရိုက်ကူးရေးအဖွဲ့သားများသည် ကိုယ်ကျိုးအတွက် အာဏာအလွဲသုံးစားလုပ်ကာ ဤကဲ့သို့ ရုတ်တရက်ဆန်သော မေးခွန်းမျိုးကို မေးခိုင်းနေသည်ဟု သူမ ခံစားလိုက်ရသည်။ မင်ယွဲ့သည်လည်း ထိုမေးခွန်းကြောင့် အနည်းငယ် ကြောင်သွားသော်လည်း အေးအေးလူလူပင် ပြန်ဖြေလိုက်သည်။

"ရှိတယ်လေ၊ နောက်တစ်ခါ ပြန်လာရင် မင်းနဲ့ မိတ်ဆက်ပေးမယ်"

လျိုယဲ့သည် အခြားမြို့တစ်ခုတွင် ဇာတ်လမ်းတွဲ ရိုက်ကူးနေသည်ကို သူမ သိထားသည်။ ထိုအဖြေကို ကြားလိုက်ရချိန်တွင် ရိုက်ကူးရေးကွင်းအတွင်းရှိ အမျိုးသားထုကြီးထံမှ စိတ်ပျက်အားလျော့သွားသော သက်ပြင်းချသံများ ပျံ့လွင့်သွားတော့သည်။

"ငါ အခု နည်းနည်း အခက်အခဲဖြစ်နေလို့၊ ပိုက်ဆံခဏလောက် ချေးလို့ရမလား”

မင်ယွဲ့သည် မျက်ခုံးတစ်ချက် ပင့်လိုက်မိပြီး တစ်ဖက်တွင် အစီအစဉ်တစ်ခုခု ရိုက်ကူးနေပြီဖြစ်ကြောင်း ချက်ချင်း ရိပ်မိလိုက်သည်။

【ယွမ်ပေါ့... လျိုယဲ့ ဘာလုပ်နေတာလဲ】

【မင်းရဲ့ ဖုန်းပြောသံကို တီဗီအစီအစဉ်တစ်ခုမှာ တိုက်ရိုက်ထုတ်လွှင့်နေတာ】

သူမသည် သဘောကျစွာ ရယ်မောလိုက်ပြီးနောက် -

"ဘယ်လောက်လိုချင်လို့လဲ ငါးသန်းဆိုရင် လောက်ပါ့မလား အခုပဲ လွှဲပေးလိုက်မယ်လေ"

လျိုယဲ့ သာမက ရိုက်ကူးရေးကွင်းရှိ လူတိုင်းပင် မှင်တက်သွားကြသည်။

သူတို့အားလုံးသည် ကမ္ဘာကြီးတစ်ခုတည်းမှာ ရှင်သန်နေကြသည်ကော ဟုတ်ပါလေစ။ ထိုအမျိုးသမီးသည် ငွေငါးသန်းကို ဒေါ်လာငါးဆယ်ကဲ့သို့ အလွန်ပေါ့ပါးစွာ ပြောဆိုနေသည် မဟုတ်ပါလား။

"ငါ မင်းကို လိမ်နေတာဆိုရင်ကော မကြောက်ဘူးလား”

ဟု လျိုယဲ့က အစီအစဉ်ညွှန်ကြားချက်ကို ကျော်လွန်၍ သူမ သိချင်နေသော မေးခွန်းကို မေးလိုက်သည်။

"မကြောက်ပါဘူး"

မင်ယွဲ့တွင် ငွေကြေးအလွန် ချမ်းသာကြွယ်ဝကြောင်း လူတိုင်းက ကောက်ချက်ချလိုက်ကြတော့သည်။

"ယွဲ့ယွဲ့... ငါ အစီအစဉ်တစ်ခု ရိုက်နေတာပရိသတ်တွေကို နှုတ်ဆက်လိုက်ဦးမလား”

သူမအား ဤမျှအထိ ကူညီပေးသော မင်ယွဲ့ကို လျိုယဲ့သည် အလွန်ပင် ကျေးဇူးတင်နေမိသည်။

"အားလုံးပဲ မင်္ဂလာပါရှင်"

မင်ယွဲ့၏ ချိုသာလှသော နှုတ်ခွန်းဆက်သံကြောင့် အစီအစဉ်တင်ဆက်သူမှာ ရင်ဘတ်ကို ဖိထားလိုက်ရသည်။

သူမ၏ တစ်ချက်မျှ ရယ်မောလိုက်သံမှာပင် လူကို နတ်ပြည်ရောက်သွားစေနိုင်သည့်အလား အစွမ်းထက်လှသည်။

ဖုန်းချပြီးနောက် တင်ဆက်သူက လျိုယဲ့ကို စူးစမ်းစွာ မေးတော့သည်။

"မင်းရဲ့ သူငယ်ချင်းက အနုပညာလောကထဲကလား သူ ချောသလား”

"အင်း... အနုပညာလောကထဲကတော့ မဟုတ် ဘူး၊ ဒါပေမဲ့ တကယ်ကို လှပတဲ့သူပါ"

ဟု လျိုယဲ့က ဖြေသည်။

ရင်းနှီးမြှုပ်နှံသူတစ်ဦးကို အနုပညာရှင်ဟု သတ်မှတ်၍ မရနိုင်သဖြင့် သူမ အဖြေမှာ မှန်ကန်လှသည်။

"သူက ဘာလုပ်တာလဲ”

"ကျောင်းတက်တုန်းပဲ ရှိသေးတယ်"

ထိုစကားကြောင့် ဝေဖန်သံများ ထွက်ပေါ်လာသည်။

ကျောင်းသူတစ်ယောက်က ငွေငါးသန်းကို အလွယ်တကူ ထုတ်ပေးနိုင်ပါ့မည်လား။

"ဟုတ်တယ်၊ သူ့မိသားစုမှာ ဗီလာတွေ၊ ပင်လယ်ကူးသင်္ဘောတွေ ရှိတယ် သူတို့က တကယ်ကို ချမ်းသာကြတာ"

ဟု လျိုယဲ့က ဆိုလိုက်ရာ တစ်ခန်းလုံး တိတ်ဆိတ်သွားတော့သည်။

ချမ်းသာသော ဒုတိယမျိုးဆက်သူဌေးလေးတစ်ဦး ဖြစ်ကြောင်း အားလုံးက လက်ခံလိုက်ကြပြီး လျိုယဲ့၏ အဆက်အသွယ်များကိုလည်း အထင်ကြီးသွားကြသည်။

မွန်းလွဲပိုင်းတွင် မင်ယွဲ့သည် မိုဟန်ကျီနှင့်အတူ ညစာစားရန် သူ၏ ကုမ္ပဏီသို့ သွားရောက်ခဲ့သည်။

"ယွဲ့ယွဲ့... နောက်အပတ်မှာ ငါ့အဘိုးရဲ့ မွေးနေ့ပွဲ ရှိတယ် ငါနဲ့အတူ လိုက်ခဲ့ပေးမလား”

မိုဟန်ကျီသည် သူမနှင့် ထာဝရ အတူရှိရန် ရည်ရွယ်ထားသူဖြစ်ရာ အနှေးနှင့်အမြဲ မိသားစုနှင့် မိတ်ဆက်ပေးရမည်ကို သိထားသည်။ အဘိုး၏ မွေးနေ့ပွဲမှာ အကောင်းဆုံး အခွင့်အရေးပင်။

"ကောင်းပြီလေ"

မင်ယွဲ့က ဝန်လေးခြင်းမရှိဘဲ သဘောတူလိုက်သဖြင့် မိုဟန်ကျီသည် အလွန်ဝမ်းသာသွားကာ သူမကို နမ်းရှိုက်လိုက်သည်။

"သတိထားဦးလေ... အပြင်မှာလေ"

ဟု မင်ယွဲ့က ပတ်ဝန်းကျင်ကို ကြည့်ရင်း တိုးတိုးလေး ဆူလိုက်သော်လည်း မိုဟန်ကျီကတော့ ဂရုမစိုက်ပါ။

"ကိုယ့်ရည်းစားကိုယ် နမ်းတာ ဘာဖြစ်လို့လဲ”

သူ ပြုံးလိုက်သည့်အခါတွင် ခါတိုင်းရှိနေတတ်သော အေးစက်စက် အရှိန်အဝါများ ပျောက်ကွယ်သွားကာ ချိုမြိန်သော အငွေ့အသက်များသာ ဖုံးလွှမ်းသွားတော့သည်။

နောက်တစ်နေ့တွင် မိုဟန်ကျီသည် အလုပ်ပိတ်ရက်ယူကာ မင်ယွဲ့အတွက် ဝတ်စုံရွေးချယ်ရန် လိုက်ပါလာခဲ့သည်။ မိုမိသားစုပိုင် အထည်ဆိုင်ကြီးမှာ ယနေ့တွင် သူတို့နှစ်ဦးအတွက်သာ သီးသန့် ပိတ်ထားပေးသည်။

"မင်း ဝတ်စုံရွေးပြီးပြီလား”

ဟု မင်ယွဲ့က မေးရာ မိုဟန်ကျီက

“မင်း အရင်ရွေးပါ"

ဟု ပြန်ဖြေရင်း သူမ၏ ပခုံးကို အသာအယာ ဖက်ထားလိုက်သည်။

ဆိုင်မန်နေဂျာသည် မိုဟန်ကျီ ပထမဆုံးအကြိမ် မိန်းကလေးတစ်ဦးကို ခေါ်လာခြင်းဖြစ်သဖြင့် အကောင်းဆုံး ဝန်ဆောင်မှုပေးရန် အသင့် ပြင်ထားသည်။

သူတို့နှစ်ဦးသည် ဝတ်စုံများ ပြသထားသော အခန်းထဲသို့ ဝင်လာကြသည်။ မီးရောင်စုံအောက်တွင် ဝင်းလက်နေသော ဝတ်စုံများကြောင့် မင်ယွဲ့၏ မျက်ဝန်းများ အရောင် တောက်သွားသည်။

"မစ္စမင်... ဒါက ပြင်သစ်စတိုင် ဝတ်စုံလေးပါဝတ်လိုက်ရင် တကယ်ကို ကျော့ရှင်းပြီး မိန်းကလေးဆန်စေမှာပါ"

မင်ယွဲ့ ကြည့်လိုက်ရာ ဖောင်းကြွနေသော လက်အင်္ကျီများ၊ ဖဲကြိုး အလှဆင်မှုများနှင့် ရှေးဟောင်းစတိုင် ဇာနားလေးများ ပါဝင်သည့် ဝတ်စုံလေးကို တွေ့လိုက်ရသည်။

အထူးခြားဆုံးမှာ အပြာရောင် ခါးပတ်လေးပင် ဖြစ်သည်။ နို့နှစ်ရောင်နှင့် အပြာနုရောင်တို့ ပေါင်းစပ်ထားပုံမှာ ဒီဇိုင်နာ၏ အရောင်အသွေး ရွေးချယ်မှုမှာ အလွန်ပင် ပြောင်မြောက်လှသည်။

"စမ်းဝတ်ကြည့်ပါဦး"

ဟု မိုဟန်ကျီက မျှော်လင့်တကြီး ပြောသည်။

မင်ယွဲ့သည် တစ်ဦးတည်း ဝတ်ဆင်ရန် ကျင့်သားမရသဖြင့် အကူအညီယူကာ အဝတ်လဲခန်းထဲ ဝင်သွားသည်။ ခဏအကြာတွင် တံခါးပွင့်လာပြီး မင်ယွဲ့ ထွက်လာခဲ့သည်။

ဆိုင်အတွင်းရှိ လူတိုင်းသည် သူမ၏ အလှတွင် မိန်းမောသွားကြကာ အသက်ရှူဖို့ပင် မေ့လျော့နေကြသည်။

“မြောက်ပိုင်းမှာ ထူးကဲလှပတဲ့ မိန်းမလှလေးတစ်ဦး ရှိတယ်၊ တစ်ချက်ကြည့်ရင် မြို့တစ်မြို့ ပျက်စီးစေပြီး နှစ်ချက်ကြည့်ရင် တိုင်းပြည်တစ်ခုကို ပြိုလဲစေနိုင်တယ်"

ဟူသော စကားမှာ ဤပုံရိပ်ကို ဆိုလိုခြင်း ဖြစ်ရမည်။

မိုဟန်ကျီသည် သူ့ထံသို့ လှပသော ခြေလှမ်းများဖြင့် လျှောက်လာသော အမျိုးသမီးကို ကြည့်ရင်း ရင်ထဲတွင် မြတ်နိုးမှုများနှင့်အတူ ဆန္ဒအချို့လည်း ရောပြွမ်းလာခဲ့သည်။

ဝတ်စုံအောက်မှ သွယ်လျလှသော ခါးလေးနှင့် ပေါ်လွင်နေသော ညှပ်ရိုးလေးများမှာ ဆွဲဆောင်မှု အပြည့်ရှိနေသည်။

"လှရဲ့လား”

မိုဟန်ကျီသည် အသိပြန်ဝင်လာပြီး သူမ၏ မျက်ဝန်းများကို လက်ဖြင့် အသာအယာ ဖုံးကွယ်လိုက်သည်။

မိမိရင်ထဲတွင် ဖြစ်ပေါ်လာသော အလိုရမ္မက်များအတွက် သူ ရှက်ရွံ့မိသွားခြင်း ဖြစ်သည်။

နောက်ထပ် ဝတ်စုံတစ်ခုမှာ နွေဦးရာသီ၏ အစိမ်းနုရောင်လေး ဖြစ်သည်။ ၎င်းသည် သစ်ပင်များ အညှောက်ထွက်လာသည့်အလား အသက်ဝင်သော အလှကို ပေးစွမ်းသည်။

ပခုံးသိုင်းကြိုးလေးများပေါ်တွင် လက်ဖြင့် ကိုယ်တိုင်ချုပ်လုပ်ထားသော ပန်းရောင် ပန်းပွင့်လေးများက မင်ယွဲ့၏ အသားအရေကို ပိုမိုဝင်းပစေသည်။

မင်ယွဲ့သည် မှန်ရှေ့တွင် သူမ၏ ဆံပင်များကို စုစည်းကာ ဆံပင်စည်းကွင်းလေးကို ပါးစပ်ဖြင့် ကိုက်ထားလိုက်သည်။

"ကိုယ့်ကို ပေး၊ ကိုယ်လုပ်ပေးမယ်"

မိုဟန်ကျီက အမြန်ရှေ့တိုးလာပြီး သူမ၏ ဆံပင်များကို အကျအန စုစည်းပေးလိုက်သည်။ ဆိုင်မန်နေဂျာနှင့် ဝန်ထမ်းများမှာ အေးစက်လှသော ဥက္ကဋ္ဌမိုသည် အချစ်နှင့်တွေ့သောအခါ ဤမျှအထိ ပြောင်းလဲသွားသည်ကို မြင်ရသဖြင့် အံ့အားသင့်နေကြသည်။

ဆံပင်များ အပေါ်သို့ တင်စည်းလိုက်သောအခါ မင်ယွဲ့၏ ဖြူဖွေးသော ကျောပြင်လေးမှာ ပေါ်လွင်သွားသည်။ မိုဟန်ကျီသည် ချက်ချင်းပင် သူ့ဝတ်စုံအင်္ကျီကို ချွတ်ကာ သူမ၏ ပခုံးပေါ်သို့ ခြုံပေးလိုက်သည်။

"မလိုပါဘူး... ငါ အဝတ်ပြန်လဲရဦးမှာလေ”

ဟု မင်ယွဲ့က ရယ်မောလျက် ဆူလိုက်သည်။

ထိုအခါမှ မိုဟန်ကျီသည် မိမိ၏ လုပ်ရပ်မှာ အနည်းငယ် ပိုလျှံနေသည်ကို သတိပြုမိကာ ခပ်ပြုံးပြုံးပင် ဖြစ်သွားတော့သည်။

အခန်း (၃၅၄) ရုတ်တရက် နားလည်သွားခြင်း

ဝတ်စုံအချို့ကို စမ်းသပ်ဝတ်ဆင်ကြည့်ပြီးနောက် မင်ယွဲ့သည် အလွန်ပင် ပင်ပန်းနွမ်းနယ်လာကာ ဆက်လက်၍ မစမ်းသပ်လိုတော့ပေ။ နောက်ဆုံးတွင် သူမသည် ပထမဆုံး ဝတ်ဆင်ခဲ့သော ပြင် သစ်စတိုင် ဝတ်စုံလေးကိုသာ ရွေးချယ် လိုက်တော့သည်။

သူမ ဆုံးဖြတ်ချက်ချပြီးသည်နှင့် မိုဟန်ကျီသည်လည်း တုံ့ဆိုင်းမနေဘဲ အပြာရောင် ဝတ်စုံတစ်စုံကို အလျင်အမြန် ရွေးချယ်လိုက်သည်။

၎င်းသည် မင်ယွဲ့ ဝတ်ဆင်မည့် ဝတ်စုံမှ အပြာရောင် ခါးပတ်လေးနှင့် အရောင်အသွေးချင်း ကွက်တိ ကျနေခဲ့သည်။

မိုဟန်ကျီ၏ ရည်ရွယ်ချက်ကို မင်ယွဲ့ ချက်ချင်း သဘောပေါက်လိုက်သည်။ ထို့နောက် ကျွမ်းကျင်လှသော စတိုင်လစ်က ထိုနေ့အတွက် မင်ယွဲ့၏ အလှအပကို စတင်ပုံဖော်ပေးတော့သည်။

ထိုအချိန်အတောအတွင်း မိုဟန်ကျီသည် အနည်းငယ်မျှ စိတ်မရှည်ခြင်း မရှိဘဲ တည်ငြိမ်စွာ စောင့်ဆိုင်းပေးနေပုံမှာ စံပြချစ်သူတစ်ဦး၏ အရည်အချင်းကို အပြည့်အဝ ဖော်ပြနေသယောင် ရှိသည်။

ပြင်ဆင်မှုများ ပြီးဆုံးသွားသောအခါ သူတို့နှစ်ဦး အိမ်သို့ ပြန်ရန် ပြင်ကြသည်။ ဆိုင်တံခါးဝသို့ ရောက်သည့်အခါ အပြင်ဘက်မှ ဆူညံသံများကို စတင်ကြားလိုက်ရသည်။

"ဒီနေ့ ဘယ်လို အရေးကြီးတဲ့ ဧည့်သည်တွေ ရောက်နေလို့ ငါ့ကို ပေးမဝင်တာလဲ ငါ့ရည်းစားက 'ထျန်းယီ ဖျော်ဖြေရေး' ရဲ့ ဒုတိယဥက္ကဋ္ဌ ဝမ် ဆိုတာ မင်းတို့ သိရဲ့လား ဖယ်စမ်း”

စူးရှရှနှင့် မောက်မာလှသော အမျိုးသမီးအသံသည် လူမမြင်ရခင်ကပင် အရင်ဦးဆုံး ပျံ့လွင့်လာခဲ့သည်။

"ဥက္ကဋ္ဌ... ကတော်..."

တံခါးဝတွင် ရပ်နေသော ဝန်ထမ်းသည် သူတို့နှစ်ဦးကို မြင်သည်နှင့် ရိုသေစွာ နှုတ်ဆက်

လိုက်သည်။

ထိုအသုံးအနှုန်းကြောင့် မင်ယွဲ့ ကြောင်သွားရသည်။ အကယ်၍ လူများစွာ ဝိုင်းမနေပါက သူမ၏ မျက်နှာလေးမှာ ရှက်သွေးဖြန်းကာ နီမြန်းသွားမည်မှာ သေချာလှသည်။

သူမသည် မိုဟန်ကျီကို ခိုးကြည့်လိုက်ရာ သူသည် အလွန်ပင် တည်ငြိမ်နေပြီး 'ကတော်' ဟူသော ခေါ်ဝေါ်မှုကို စောလွန်းသည်ဟု မထင်မှတ်ထားသကဲ့သို့ ရှိနေသည်။

မင်ယွဲ့သည် ဆူညံနေသည့်ဘက်သို့ လှည့်ကြည့်လိုက်ရာ သူမ သိကျွမ်းဖူးသူတစ်ဦး ဖြစ် နေသည်ကို အံ့ဩဖွယ်ရာ တွေ့လိုက်ရသည်။

သူမမှာ တက္ကသိုလ်တက်စဉ်က အတန်းဖော် ကျိုးရှီယန် ဖြစ်သည်။ ယခင်က ကျောင်းသူဆောင်အတွင်းသို့ ကျူးကျော်ဝင်ရောက်လာသော ကျိုးစီစီ၏ ဓားဖြင့် ထိုးခြင်းကို ခံခဲ့ရသူလည်း ဖြစ်သည်။

ထိုစဉ်က ကျိုးစီစီသည် ကျိုးရှီယန်ကို လူသတ်ရန် ကြံစည်သည်ဟု တိုင်ကြားခဲ့သော်လည်း နောက်ပိုင်းတွင် နှစ်ဦးနှစ်ဖက် ကျေအေးခဲ့ကြသဖြင့် မည်သူမျှ ထောင်မကျခဲ့ပေ။

သို့သော် ကျိုးစီစီသည် ပီကင်းတက္ကသိုလ်၏ ဘွဲ့လွန်သင်တန်းကို တက်ရောက်ခွင့် ဆုံးရှုံးသွားခဲ့ရသည်။

ယခင်က သူမနှင့် ပတ်သက်ရန်ပင် နှာခေါင်းရှုံ့ခဲ့သော မောက်မာသည့် အမျိုးသမီးမှာ ယခုအခါတွင်မူ ကာမရာဂရိပ်များ ထင်ဟပ်နေသည့် အမျိုးသားတစ်ဦးကို တွဲထားသည်ကို တွေ့ရသည်။

ထိုအမျိုးသား၏ အကြည့်များကို မင်ယွဲ့ မနှစ်မြို့သဖြင့် မိုဟန်ကျီက သူမကို သူ့အနောက်သို့ ဆွဲခေါ်ကာ အကာအကွယ် ပေးလိုက်သည်။

"နင်လား နင်... နင် ဒီမှာ ဘာလုပ်နေတာလဲ”

ကျိုးရှီယန်သည် သူမ၏ အခြေအနေကောင်းမွန်ကြောင်းကို မင်ယွဲ့အား ဝင့်ကြွားချင်သော်လည်း သူမဘေးရှိ ခန့်ညားလှသော မိုဟန်ကျီကို မြင်လိုက်ရချိန်တွင် သူမ၏ မာနများ ချက်ချင်းပင် အရည်ပျော်ကျသွားတော့သည်။

မိုဟန်ကျီ၏ ချောမောမှုနှင့် ယှဉ်လိုက်လျှင် သူမ၏ ချစ်သူမှာ ကြည့်ရဆိုးလှသည့်အပြင် သူမဘဝသည်လည်း မင်ယွဲ့နှင့် ယှဉ်လျှင် နိမ့်ကျနေသည်ဟု ခံစားလိုက်ရသည်။

မင်ယွဲ့သည် သူတစ်ပါး၏ ရှုပ်ထွေးလှသော ကိစ္စများတွင် မပါဝင်လိုသဖြင့် မိုဟန်ကျီ၏ လက်ကိုဆွဲကာ ထွက်ခွာရန် ပြင်လိုက်သည်။

"ဆိုင်ထဲမှာ အကြာကြီး စောင့်ခိုင်းထားတဲ့သူတွေက နင်တို့ပဲပေါ့ တောင်းပန်သင့်တယ် မဟုတ်ဘူးလား”

ကျိုးရှီယန်သည် မင်ယွဲ့ကို အမြန်ထွက်သွားစေချင်သော်လည်း သူမ၏ချစ်သူ ဝမ်ကတ်က ဝင်ရောက် ပြောဆိုလိုက်သည်။

"ငါဆိုင်ကို ဘာဖြစ်လို့ တောင်းပန်ရမှာလဲ”

မိုဟန်ကျီက အေးစက်စက် လှမ်းကြည့်လိုက်ရာ ဝမ်ကတ်မှာ ကိုယ်လေး တုန်ရင်သွားရသည်။

"မင်းဆိုင် ဟုတ်လား ဒါ မိုမိသားစုရဲ့ လုပ်ငန်းလေ လေလုံးထွားတာက ဥပဒေနဲ့ မငြိဘူးလို့ ထင်နေတာလား”

ဟု ဝမ်ကတ်က လှောင်ပြောင်ရယ်မောလိုက်ညသည်။

"ငါ့ရည်းစားရဲ့ မျိုးရိုးက 'မို' ဖြစ်နေလို့ကော မဖြစ်နိုင်ဘူးလား”

ဟူသော မင်ယွဲ့၏ စကားကြောင့် ဝမ်ကတ်၏ ရယ်သံမှာ လည်ချောင်းထဲတွင် တစ်ဆို့သွားကာ မျက်နှာတစ်ခုလုံး နီမြန်းသွားတော့သည်။

ကျိုးရှီယန်သည် ဝမ်ကတ်၏ ချမ်းသာကြွယ်ဝမှုကြောင့်သာ သူ့အနားတွင် ကပ်တွယ်နေရသော်လည်း မင်ယွဲ့၏ ခန့်ညားချောမောကာ ကြွယ်ဝလှသော ချစ်သူကို မြင်လိုက်ရချိန်တွင် သူမ၏ ရင်ထဲ၌ မနာလိုမှုနှင့် နာကျည်းမှုများ ပြည့်နှက်သွားတော့သည်။ ဘဝကြီးက သူမကို အဓမ္မပြုကျင့်နေသကဲ့သို့ ခံစားနေရသည်။

"ခင်ဗျား... ခင်ဗျားက ဥက္ကဋ္ဌမိုလား”

ဝမ်ကတ်သည် နောက်ဆုံးတွင် တစ်ဖက်လူ၏ အရှိန်အဝါကို သတိပြုမိသွားသည်။ ရှင်းယောင် လုပ်ငန်းစု၏ ဥက္ကဋ္ဌမှာ ဤမျှ ငယ်ရွယ်ခန့်ညားမည်ဟု သူ မထင်မှတ်ထားခဲ့ပေ။

ဝမ်ကတ်သည် ချက်ချင်းပင် လေသံပြောင်းကာ တောင်းပန်သော်လည်း မိုဟန်ကျီက ဂရုမစိုက်ဘဲ မင်ယွဲ့ကို ခေါ်ဆောင်ကာ ထွက်ခွာသွားခဲ့သည်။

ထိုညတွင် ကျိုးရှီယန်သည် အိပ်မပျော်နိုင်ဘဲ မိုဟန်ကျီနှင့် ပတ်သက်သော သတင်းများကို လိုက်လံရှာဖွေနေမိသည်။

သူမသည် ရုတ်တရက် တစ်စုံတစ်ခုကို သတိရသွားသည်။ ဥက္ကဋ္ဌမိုသည် ပီကင်းတက္ကသိုလ်သို့ လာရောက်ကာ ဓာတ်ခွဲခန်းတစ်ခု လှူဒါန်းခဲ့ ဖူးသည် မဟုတ်ပါလား။

"ဟက်... မင်ယွဲ့ကလည်း အဖြူထည်လေးတော့ မဟုတ်ပါဘူး သူလည်း ပိုက်ဆံအတွက်ဆို ဘာမဆို လုပ်မယ့်သူပဲ ကျောင်းကလည်း သူ့ကို ဓာတ်ခွဲခန်းအတွက် ချီးကျူးနေလိုက်ကြတာ"

ဟု သူမက နာကျည်းစွာ ရေရွတ်လိုက်မိသည်။

မင်ယွဲ့ အိမ်သို့ ပြန်ရောက်သည့်အခါ သူမ၏ စီနီယာအစ်ကို ဟယ်ဝမ်ထံမှ ဖုန်းဝင်လာသည်။

"ညီမလေး... အဘိုးရဲ့ မွေးနေ့ပွဲကို လာမှာလား”

"ဟန်ကျီနဲ့အတူ လာမှာပါ အစ်ကို"

"ကောင်းပြီ... အစ်ကိုက ပွဲဦးထွက်အနေနဲ့ သီချင်းတစ်ပုဒ် တီးခတ်ပေးရမှာ ညီမလေး အစ်ကိုနဲ့အတူ ဖျော်ဖြေပေးမလား”

ထိပ်တန်း ဂီတပညာရှင်တစ်ဦးဖြစ်သော ဟယ်ဝမ်သည် မိသားစုပွဲတွင်ပင် ဖျော်ဖြေမှုမှ မလွတ်ကင်းနိုင်ပေ။ မင်ယွဲ့သည်လည်း ဝမ်းမြောက်စွာပင် သဘောတူလိုက်သည်။

အချိန်ကာလသည် လျင်မြန်စွာ ကုန်ဆုံးသွားပြီးနောက် ဟယ်မိသားစု အကြီးအကဲ၏ မွေးနေ့ပွဲနေ့သို့ ရောက်ရှိလာခဲ့သည်။ ဟယ်မိသားစုသည် မိုမိသားစုကဲ့သို့ မအာဏာမကြီးမားသော်လည်း မိုမိသားစုနှင့် ခမည်းခမက် တော်စပ်ထားသဖြင့် လာရောက် ဂါရဝပြုသူများမှာ အလွန်ပင် များပြားလှသည်။

ခမ်းနားလှသော မွေးနေ့ပွဲခန်းမအတွင်း၌ ရယ်မောသံများနှင့် ဝိုင်ခွက်ချင်း တိုက်သံများဖြင့် စည်ကားနေသည်။ မင်ယွဲ့သည် မိုဟန်ကျီ၏ လက်ကိုတွဲကာ ခန်းမအတွင်းသို့ လှမ်းဝင် လိုက်သည်။

ထိုခဏတွင် ဆူညံနေသော ခန်းမကြီးမှာ ရုတ်ချည်း တိတ်ဆိတ်သွားကာ လူတိုင်း၏ အကြည့်မှာ တောက်ပလှသော ထိုစုံတွဲထံသို့သာ ကျရောက်သွားတော့သည်။

အခန်း (၃၅၅) အမျိုးသမီးအဖော်ကို ဆုံးရှုံးလိုက်ရခြင်း၏ နာကျင်မှု

မင်ယွဲ့သည် ယခုကဲ့သို့ အထက်တန်းလွှာတို့၏ ခမ်းနားထည်ဝါသော ပွဲလမ်းသဘင်များသို့ တက်ရောက်လေ့မရှိသော်လည်း သူမ၏ စိတ်အစုံမှာမူ အနည်းငယ်မျှ တုန်လှုပ်ချောက်ချားခြင်းမရှိဘဲ တည်ငြိမ်အေးဆေးနေသည်။

မိုဟန်ကျီသည် နဂိုကပင် လူအများအကြား ထင်ရှားပေါ်လွင်သူဖြစ်သော်လည်း ယနေ့တွင်မူ သူ၏ ဘေးနားရှိ အမျိုးသမီးအဖော်မှာ ပို၍ပင် တောက်ပလွန်းလှသဖြင့် သူတို့စုံတွဲမှာ လူတိုင်းအားကျရသည့် ပြိုင်ဘက်ကင်း အလှပိုင်ရှင်များအလား ဖြစ်နေတော့သည်။

"အထွေထွေမန်နေဂျာမို... မင်္ဂလာပါဗျာ”

သူတို့ ရောက်ရှိလာသည်နှင့် ချက်ချင်းပင် တစ်စုံတစ်ဦးက လာရောက်နှုတ်ဆက် တော့သည်။

ဧည့်သည်တော်များကို အောက်ထပ်တွင် ကြိုဆိုနေသော ဟယ်ဝမ်သည် သူတို့နှစ်ဦးကို မြင်သည်နှင့် ချက်ချင်းပင် လျှောက်လာခဲ့သည်။ လူအုပ်ကြီးမှာလည်း ပြဿနာမတက်စေရန်အတွက် အလိုလိုပင် လမ်းဖယ်ပေးလိုက်ကြသည်။

"ဟန်ကျီ... ယွဲ့ယွဲ့ ရောက်လာပြီပဲ"

အနားသို့ မကပ်ဝံ့ကြသော်လည်း ပွဲတက်ဝတ်စုံ အဆင်တန်ဆာများကို ဆင်ယင်ထားကြသော ထိုလူကုံထံကြီးများသည် အဝေးမှနေ၍ စူးစမ်းကြည့်ရှုနေကြသည်။

ဟယ်ဝမ်၏ နူးညံ့ချိုသာလှသော အသံကို ကြားလိုက်ရချိန်တွင် လူတိုင်းသည် မင်ယွဲ့ကို အံ့ဩတကြီး ကြည့်လိုက်ကြတော့သည်။

ဥက္ကဋ္ဌမိုတွင် ချစ်သူတစ်ဦးရှိနေပြီး ထိုသူမှာ ဥက္ကဋ္ဌအ‌မေ၏ အချစ်တော်ဖြစ်ကြောင်း သတင်းများ ကြားဖူးနားဝ ရှိခဲ့ကြသော်လည်း အချို့ကမူ ထိုကိစ္စမှာ သားဖြစ်သူ၏ မျက်နှာကို ထောက်ထား၍ ဟန်ဆောင်နေခြင်းသာ ဖြစ် လိမ့်မည်ဟု ထင်မှတ်ခဲ့ကြသည်။

သို့သော် ယခုအခါတွင်မူ ဟယ်မိသားစုကပါ သူမကို နွေးထွေးစွာ ကြိုဆိုနေကြသဖြင့် မိုမိသားစုနှင့် ဟယ်မိသားစု နှစ်ဖက်စလုံးက ဤမိန်းကလေးကို အသိအမှတ်ပြုထားကြောင်း အထင်အရှား သက်သေပြလိုက်သကဲ့သို့ ဖြစ်သွားသည်။

လူအများ၏ စိတ်ထဲတွင် မင်ယွဲ့၏ ဂုဏ်ဒြပ်မှာ ရုတ်ချည်း မြင့်တက်သွားတော့သည်။

"ဝမ်းကွဲအစ်ကို"

"စီနီယာအစ်ကို"

မိုဟန်ကျီက ဟယ်ဝမ်ကို "ဝမ်းကွဲအစ်ကို" ဟု ခေါ်သည်မှာ သဘာဝကျသော်လည်း ထိုမိန်းကလေးက "စီနီယာအစ်ကို" ဟု ခေါ်လိုက် ခြင်းမှာ လူတိုင်းကို ဝေခွဲမရ ဖြစ်သွားစေသည်။

သူမသည် မည်သည့်နေရာမှ စီနီယာဖြစ်နေသနည်း။ သူမ၏ အထောက်အထားမှာ ပိုမို၍ပင် နက်နဲသိမ်မွေ့လာခဲ့သည်။

ထိုစဉ် မိုမိသားစု၏ မိဘနှစ်ပါး ဘေးချင်းယှဉ်လျက် ခန်းမအတွင်း လှမ်းဝင်လာကြသည်။ သူတို့သည် ဤနေရာကို ချက်ချင်းသတိထားမိသွားကာ ဥက္ကဋ္ဌကတော်မိုမှာ အပြေးအလွှား ရောက်လာတော့သည်။

"ယွဲ့ယွဲ့လေး... ဒီနေ့ တကယ်ကို လှလွန်းနေတယ်ကွယ်"

သူမသည် ရှေ့သို့ တိုးလာကာ မင်ယွဲ့ကို ဖက်လိုက်သည်။ မင်ယွဲ့၏ လည်တိုင်ပေါ်တွင် မိုဟန်ကျီကိုယ်တိုင် ပြင်ဆင်ပေးထားသော ပုလဲလည်ဆွဲလေးမှာ ဝင်းလက်နေသည်။ ဥက္ကဋ္ဌကတော်သည် သူမကို မလွှတ်တမ်း ဖက်ထားခြင်းမျိုး မဟုတ်ဘဲ အသာအယာ ဖက်ကာ ကြင်နာစွာ လွှတ်ပေးလိုက်သည်။

လူအုပ်ကြီးမှာ မျက်လုံးပြူးသွားကြသည်။ ဥက္ကဋ္ဌကတော် ဝင်လာချိန်တွင် ပထမဆုံး ဖက်လိုက်သူမှာ သူမ၏ သားဖြစ်သူ သို့မဟုတ် တူဖြစ်သူ မဟုတ်ဘဲ ထိုမိန်းကလေး ဖြစ်နေသည် မဟုတ်ပါလား။

ဥက္ကဋ္ဌမိုနှင့် မိုဟန်ကျီတို့ သားအဖမှာ ဘေးနားတွင် တိတ်ဆိတ်စွာ ရပ်နေကြရင်း ဥက္ကဋ္ဌကတော်နှင့် မင်ယွဲ့တို့၏ ချိုမြိန်သော စကားဝိုင်းကို ငေးကြည့်နေရသည်။ ထိုသားအဖနှစ်ဦး၏ တူညီလှသော အမူအရာများကို ကြည့်ပြီး ဟယ် ဝမ်မှာ မရယ်ဘဲ မနေနိုင်တော့ပေ။

မိုဟန်ကျီက သူ့ကို မော့ကြည့်လိုက်သည်။ ဟယ်ဝမ်မှာ ပို၍ပင် ရယ်ချင်လာတော့သည်။ အေးစက်လှသော မျက်နှာပေးများဖြင့် ရပ်နေကြသော ထိုအမျိုးသားနှစ်ဦးမှာ သူတို့၏ အနောက်တွင် ရပ်နေသည့် သက်တော်စောင့်များနှင့်ပင် တူနေတော့သည်။

"အန်တီနဲ့ ဦးလေး... ကျွန်တော် တခြားဧည့်သည်တွေကို သွားနှုတ်ဆက်လိုက်ဦးမယ်ညနော် စိတ်ကြိုက်သာ အနားယူကြပါ"

"တို့တွေက မိသားစုတွေပဲဟာ၊ ဘာလို့ ဒီလောက် အားနာနေရတာလဲ သွား... သွားစရာရှိတာ သွားတော့”

ဟု ဥက္ကဋ္ဌကတော်မိုက လက်ကာပြရင်း ပြောလိုက်သည်။

သူမသည် မင်ယွဲ့၏ လက်ကို ဆွဲထားကာ ပြောစရာ စကားများ ကုန်နိုင်ဖွယ် မရှိတော့သည့်အလား။ သူမသည် သမီးတစ်ယောက် အမြဲလိုချင်ခဲ့ရာ ယခု ချွေးမလောင်းလေးကို ရရှိ

လိုက်ချိန်တွင် သူမ၏ ဆန္ဒများ ပြည့်ဝသွားသကဲ့သို့ ခံစားနေရသည်။

"ယွဲ့ယွဲ့... ဒီနေ့ ဝတ်စုံလေးနဲ့ တကယ် လိုက်ဖက်တယ်"

သူမ၏ မျက်ဝန်းများမှာ အရောင်တောက်နေပြီး ဘာတွေ ကြံစည်နေသည်ကို မည်သူမျှ မခန့်မှန်းနိုင်ပေ။

"အန်တီကလည်း... ကျွန်မက ပုံမှန်ဆိုရင် မလှဘူးလားဟင် ဝမ်းနည်းလိုက်တာရှင်"

ဟု မင်ယွဲ့က ရင်ဘတ်လေးကို ဖိကာ အပြစ်ကင်းစင်သော မျက်နှာပေးလေးဖြင့် ကျီစယ်လိုက် သည်။

ထိုသနားစဖွယ် အမူအရာလေးမှာ ဥက္ကဋ္ဌကတော် တစ်ခါမျှ မမြင်ဖူးသည့် အလှတရားပင်။ မင်ယွဲ့က ဟန်ဆောင်နေခြင်းဖြစ်ကြောင်း သိသော်လည်း သူမမှာ အသည်းယားကာ သနားမိသွားတော့သည်။

"အို... ဘယ်လိုလုပ် အဲ့လို ဖြစ်မှာလဲကွယ် ယွဲ့ယွဲ့က တစ်ကမ္ဘာလုံးမှာ အလှဆုံး မိန်းကလေးပါ"

မင်ယွဲ့၏ မျက်နှာလေး ရှက်သွေးဖြန်းကာ နီမြန်းသွားသည်။ သူမက စနောက်လိုက်ခြင်း ဖြစ်သော်လည်း ဥက္ကဋ္ဌကတော်က တကယ်ကြီး အတည်အလင်း ချီးကျူးလိုက်သဖြင့် ရှက်ကိုးရှက်ကန်း ဖြစ်သွားရသည်။

မိုဟန်ကျီသည် ထိုလှပသော မိန်းကလေးကို ကြည့်ရင်း နှုတ်ခမ်းဖျားတွင် အပြုံးတစ်ခု ပေါ်လာခဲ့သည်။ ဥက္ကဋ္ဌကတော်မှာမူ အိမ်တွင် မင်ယွဲ့အတွက် သီးသန့် အဝတ်အစားခန်းကြီးတစ်ခု ပြုလုပ်ပေးရန် ဆုံးဖြတ်ချက် ချလိုက်လေပြီ။

ယခင်က မိန်းကလေးဝတ်စုံလေးများကို လှသည်ဟု ထင်ခဲ့ဖူးသော်လည်း ယခုအခါတွင်မူ မိန်းကလေးက လှပနေလျှင် ဝတ်စုံများကလည်း လိုက်ဖက်စွာ လှပနေမည်ကို သူမ နားလည်သွားခဲ့သည်။ သူမ၏ သားဖြစ်သူမှာ တကယ်ပင် လှပရုံသာမက ဉာဏ်ရည်ထက်မြက်သည့် ချွေးမတစ်ဦးကို ရှာဖွေနိုင်ခဲ့ခြင်း ဖြစ်သည်။

ဥက္ကဋ္ဌမိုနှင့် မိုဟန်ကျီတို့မှာမူ သူတို့၏ အမျိုးသမီးအဖော်များကို ဥက္ကဋ္ဌကတော်၏ လက်ထဲတွင် ဆုံးရှုံးလိုက်ရသဖြင့် ဝမ်းနည်းပူဆွေးနေကြရသည်။

ခမ်းနားထည်ဝါလှသော ခန်းမကြီးအတွင်း၌ ဂုဏ်သရေရှိ လူကြီးမင်းများနှင့် ကျော့ရှင်းသော အမျိုးသမီးများဖြင့် စည်ကားအေးမြနေသည်။

အာဏာနှင့် စည်းစိမ်၏ အထွတ်အထိပ်သို့ ရောက်ရှိနေသူများ ဤကဲ့သို့ စုံစုံလင်လင် ဆုံတွေ့ရခြင်းမှာ ရှားပါးလှသော အခိုက်အတန့်ပင်။

ထိုအချိန်တွင် မိုမိသားစု၏ ပြန်လည်ဆုံတွေ့မှုကို မည်သူမျှ နှောင့်ယှက်ခြင်း မပြုဝံ့ကြပေ။

ချောမောလှပသော လူငယ်များ၏ စိတ်အစုံမှာမူ မငြိမ်သက်နိုင်ဘဲ ရှိနေကြသည်။

စီးပွားရေးသမားများက စီးပွားရေးကိုသာ အာရုံစိုက်ကြသော်လည်း လူငယ်များ၏ အကြည့်များမှာမူ ထူးချွန်ထက်မြက်လှသော လူငယ်နှစ်ဦးထံမှ ခွာနိုင်ခြင်း မရှိကြပေ။

မင်ယွဲ့နှင့် မိုဟန်ကျီတို့မှာ အမှန်တကယ်ပင် လူအများ၏ အာရုံကို ဖမ်းစားထားနိုင်သူများ ဖြစ်ကြသည်။ သူတို့နှစ်ဦးမှာ ချစ်သူများဖြစ်ကြောင်း သိကြသော်လည်း အချို့သောသူများမှာမူ လက်တွေ့မဆန်သော စိတ်ကူးယဉ်မှုများကို ရင်ဝယ် ပိုက်ထားကြဆဲပင်။

မင်ယွဲ့သည် ပတ်ဝန်းကျင်ကို ဝေ့ဝဲကြည့်လိုက်သော်လည်း သူမ သိကျွမ်းသူတစ်ဦးမျှ မတွေ့ရသေးပေ။ စီနီယာအစ်ကိုများ ရောက်မလာသေးဟု သူမ ယူဆလိုက်သည်။

ခဏအကြာတွင် ဝူရှောင်နှင့် ပိုင်ကျင်းတို့ ဘေးချင်းယှဉ်လျက် လှမ်းဝင်လာကြသည်။ ပိုင်ကျင်းသည် ရှည်လျားသော ဆံနွယ်များကို စုစည်းထားကာ ယနေ့တွင် ခါတိုင်းနှင့်မတူဘဲ ရှေးဟောင်းဝတ်စုံအစား အဖြူရောင် ဝတ်စုံကို ဆင်ယင် ထားသည်။

ဤကဲ့သို့ ဆန့်ကျင်ဘက် အလှတရားမှာ အလွန်ပင် မျက်စိပသာဒ ဖြစ်စေသည်။

သူတို့နှစ်ဦးစလုံးမှာ ဂီတလောကတွင် ထင်ရှားသူများဖြစ်ရာ လူအများက သိရှိကြသည်။

"ညီမလေး"

ဝူရှောင်သည် ခန်းမ၏ အလယ်ဗဟိုတွင် မဟုတ်သော်လည်း အတောက်ပဆုံး ဖြစ်နေသည့် ထောင့်တစ်နေရာရှိ မင်ယွဲ့ကို ချက်ချင်း မြင်သွားကာ သူမထံသို့ လျှောက်လှမ်းလာကြသည်။

ခန်းမအတွင်းရှိ လူတိုင်းသည် ထိုခေါ်သံကို ကြားလိုက်ကြပြီး မင်ယွဲ့ကို "ညီမလေး" ဟု ခေါ်ဆိုလိုက်ခြင်းကြောင့် ဥက္ကဋ္ဌမို၏ ချစ်သူနှင့် ဟယ်ဝမ်တို့မှာ ကျောင်းတော်တစ်ခုတည်းမှ ဖြစ်ကြောင်း အတည်ပြုလိုက်ကြတော့သည်။

ဟယ်ဝမ်သည် ဂီတအသင်း၏ ဒုတိယဥက္ကဋ္ဌ ပိုင်ကျင်း၏ အောက်တွင် ပညာသင်ကြားခဲ့သူ ဖြစ်ကြောင်း လူတိုင်းသိထားကြရာ မင်ယွဲ့၏ ဂီတပါရမီမှာလည်း မသေးလှကြောင်း ခန့်မှန်း လိုက်ကြတော့သည်။

မင်ယွဲ့မှာမူ သူမ ဝင်လာကတည်းက စကားတစ်ခွန်းမျှ မဟရသေးဘဲ လူအများ၏ သဘောထားမှာ အကြိမ်ကြိမ် ပြောင်းလဲသွားခဲ့သည်ကို သတိမမူမိခဲ့ပေ။

အခြားထောင့်တစ်နေရာတွင် မိန်းကလေးတစ်ဦးသည် ဝိုင်ခွက်ကို ကိုင်ထားရင်း မကျေမနပ် ဖြစ်နေသည်။

"စိတ်တိုလိုက်တာ”

"ဘာဖြစ်လို့လဲ”

ဟု သူမ၏ သူငယ်ချင်းက မေးရင်း သူမ ကြည့်နေသည့်ဘက်သို့ လှမ်းကြည့်လိုက်ရာ မျက်ဝန်းများ အရောင်တောက်သွားသည်။

"အဲ့ဒီ မိန်းကလေးက တကယ် လှတာပဲ"

"ငါက အဲ့ဒါကို ပြောတာ မဟုတ်ဘူး၊ သူက ချောတဲ့ယောက်ျားတိုင်းနဲ့ စကားပြောနေတာ၊ ငါ့နားမှာတော့ တစ်ယောက်မှ မရှိဘူး"

ဟု ထိုမိန်းကလေးက မနာလိုစွာ ဆိုလိုက်သည်။

သူမသည် ချောမောသော အမျိုးသားများကို ငေးကြည့်ရသည်ကို ဝါသနာပါသော်လည်း လူချင်းတွေ့လျှင် စကားမပြောရဲသူ ဖြစ်သည်။

ယခုမူ ချောမောသမျှ အမျိုးသားများမှာ မင်ယွဲ့၏ အနားတွင်သာ စုဝေးနေကြသဖြင့် သူမမှာ အဝေးမှသာ ငေးကြည့်နေရတော့သည်။

"ဟဟ... နင်လည်း အဲ့ဒီ အလှလေးကိုပဲ ငေးကြည့်နေလိုက်ပါတော့ဟာ"

All Chapters