အခန်း (၃၆၆-၃၇၀)
Vol. 37 Ch. 366-370
အခန်း (၃၆၆) မျက်လုံးများကို မှိတ်ထားလိုက်ပါ
သူတို့အားလုံးသည် လောကအတွေ့အကြုံရင့်ကျက်လှသည့် မြေခွေးအိုကြီးများပမာ လူရည်နပ်ကြသူများဖြစ်ရာ၊ ဤသည်မှာ သူ၏ကံဆိုးမှုသက်သက်ကြောင့်ဖြစ်သည်ဟု လုံးဝမထင်ကြပေ။
အကယ်၍ သူသည် ဤနှစ်များတစ်လျှောက်လုံး အမှားအယွင်းမရှိဘဲ ကံဆိုးခဲ့သည်ဆိုလျှင်ပင်၊ ယခု လွန်ခဲ့သည့် နှစ်ရက်အတွင်း၌သာ အဘယ်ကြောင့် တစ်ခုပြီးတစ်ခု မတော်တဆမှုများ ဆက်တိုက်ဖြစ်ပွားနေရသနည်း။
ဟိုတယ်တွင် ပြဿနာတစ်ခုခုဖြစ်ပွားပြီးနောက် လူတိုင်းအပေါ်သို့ပါ သက်ရောက်မှုရှိလာသည်မှာ သေချာပေါက် စနစ်တကျ စီစဉ်ထားသည့် လုပ်ရပ်တစ်ခုသာ ဖြစ်ပေလိမ့်မည်။
စိတ်အနှောင့်အယှက်ဖြစ်စရာ လူတစ်ယောက် ဖယ်ရှားခံလိုက်ရသဖြင့် လေထုမှာ ပိုမိုလန်းဆန်းသွားသယောင် ရှိတော့သည်။
မင်ယွဲ့သည် စီနီယာကျောက်နှင့် စီနီယာလျူးဝေတို့နှင့်အတူ ပျော်ရွှင်စွာ စကားစမြည်ပြောဆိုနေသည်။ ပရော်ဖက်ဆာယန်သည် အစပိုင်းတွင် သူတို့ကို သတိမထားမိသော်လည်း၊ သခင်လေးလျူး ပြဿနာတက်သွားပြီးနောက်တွင်မှ သူတို့ထံသို့ လျှောက်လာခဲ့သည်။
ဤသည်မှာ မင်ယွဲ့ကဲ့သို့ မိန်းကလေးတစ်ဦး၏ လက်ချက်ဖြစ်သည်ဟု မည်သူမျှ မသိနိုင်ကြပေ။ အဘယ်ကြောင့်ဆိုသော် သူတို့၏အမြင်တွင် မင်ယွဲ့သည် ရိုးသားဖြူစင်လွန်းသည့် ကလေးမလေးတစ်ဦးသာ ဖြစ်နေသေးသောကြောင့်ပင်။
"ဂျူနီယာ မင်ယွဲ့ရေ... ဟားဟား၊ တကယ်ပဲ ကောင်းကင်မှာ မျက်လုံးရှိတာပဲ”
စီနီယာကျောက်သည် သူ၏အပြုံးကို မထိန်းချုပ်နိုင်တော့ပေ။ သူတစ်ပါး ပျက်စီးရာပျက်စီးကြောင်းကို မရယ်မောသင့်သော်လည်း ထိုလူသည် စိတ်ပျက်စရာ အလွန်ကောင်းလွန်းလှသည်။
"ဒီကိစ္စကို မစ္စတာ မိုဟန်ကျီပဲ ဖြေရှင်းလိုက်တာလား”
ခဏတာ တိတ်ဆိတ်သွားပြီးနောက် စီနီယာလျူးဝေက မေးလိုက်သည်။ ပရော်ဖက်ဆာယန်နှင့် စီနီယာကျောက်တို့သည်လည်း မင်ယွဲ့ကို ဝိုင်းကြည့်လိုက်ကြသည်။
မင်ယွဲ့သည် မနေ့က သူတို့အနိုင်ကျင့်ခံရသည့်အကြောင်းကို မိုဟန်ကျီအား ပြောပြလိုက်သဖြင့်၊ မိုဟန်ကျီကသာ ဤကဲ့သို့ အကြီးအကျယ် လက်တုံ့ပြန်လိုက်ခြင်းဖြစ်မည်ဟု သူတို့ ယူဆထားကြခြင်းဖြစ်သည်။
"မဟုတ်ပါဘူး”
မင်ယွဲ့သည် နှုတ်ခမ်းကိုစေ့ကာ ခေါင်းခါပြလိုက်သည်။ သူမသည် ဤကိစ္စကို ဟန်ကျီအား ဝင်ရောက်ဖြေရှင်းခိုင်းခြင်း မပြုခဲ့ပေ။ သူမကိုယ်တိုင်ပင် ကိုင်တွယ်နိုင်စွမ်း ရှိသည်။
"ဟင်... ဟုတ်လား”
သူတို့အားလုံး ဇဝေဇဝါ ဖြစ်သွားကြသည်။
"ဘာဖြစ်လို့လဲ၊ ကျွန်မကိုယ်တိုင် မလုပ်နိုင်ဘူးလို့ ထင်လို့လား”
မင်ယွဲ့က ပြုံးလျက် မေးလိုက်သည်။
သုံးယောက်သား ဆွံ့အသွားကြသည်။ ပရော်ဖက်ဆာယန်ပင်လျှင် အမြဲပြုံးချိုနေတတ်သည့် သူ၏တပည့်မလေးက ဤသို့ပြုလုပ်ခဲ့လိမ့်မည်ဟု ထင်မထားမိပေ။
“ယခင်က မင်ယွဲ့တစ်ယောက် လူမှုပတ်ဝန်းကျင်ထဲ ရောက်တဲ့အခါ စီးပွားရေးလောကနဲ့ အံဝင်ခွင်ကျ ဖြစ်ပါ့မလားလို့ စိုးရိမ်ခဲ့မိတယ်။ ဒါကြောင့်ပဲ ဗဟုသုတ ပိုရအောင် ငါနဲ့အတူ ခေါ်ထားခဲ့တာ”
“ငါ့တပည့်ကို ငါကိုယ်တိုင် အထင်သေးခဲ့မိတာပဲသူမက ပညာရေးမှာ ထူးချွန်ရုံတင်မကဘူး၊ သူမရဲ့ စိတ်နေစိတ်ထားကပါ အလွန်တရာ ရှားပါးလှတယ်”
ကြံ့ခိုင်မှု၊ ယုံကြည်ချက်ရှိမှု၊ ကြင်နာမှုတို့နှင့်အတူ ထက်မြက်သည့် လျှာဖျားကိုလည်း ပိုင်ဆိုင် ထားသည်။
အရေးကြီးဆုံးမှာ ယနေ့ သူမပြသခဲ့သည့် ပြတ်သားမှုနှင့် နည်းလမ်းများပင် ဖြစ်သည်။ ဤကဲ့သို့သော စိတ်ဓာတ်နှင့် ဉာဏ်ရည်မျိုးဖြင့်ဆိုလျှင် မင်ယွဲ့သည် စီးပွားရေးလောကတွင် သေချာပေါက် ထွန်းတောက်လာမည်မှာ မြေကြီးလက်ခတ်မလွဲပေ။
"ဂျူနီယာ... ငါ မင်းကို စိတ်ဆိုးအောင် မလုပ်မိပါဘူးနော်၊ ဟုတ်တယ်မလား”
စီနီယာကျောက်သည် တံတွေးကို ခက်ခဲစွာ မျိုချရင်း ထစ်ထစ်ငေါ့ငေါ့ မေးလိုက်မိသည်။ မင်ယွဲ့က အပြုံးကိုထိန်းကာ တည်ကြည်သည့် လေသံဖြင့် ပြန်ပြောလိုက်သည်။
"သေချာပေါက် ကျွန်မ မှတ်ထားတာပေါ့၊ စီနီယာကော မမှတ်မိဘူးလား”
စီနီယာကျောက်၏ ရင်ခုန်သံများ မြန်လာသည်။
"ငါ တောင်းပန်ပါတယ်၊ ငါ့ရဲ့ မလေးမစား လုပ်မိတာတွေကို ခွင့်လွှတ်ပေးပါနော်”
သူသည် များသောအားဖြင့် စကားပြောမဆင်ခြင်တတ်သူ ဖြစ်သော်လည်း၊ မသိလိုက်ဘဲ မင်ယွဲ့ကို စိတ်အနှောင့်အယှက် ဖြစ်စေမိမည်ကို ယခုမူ အမှန်တကယ် ကြောက်ရွံ့သွားမိသည်။ လျူးဝေက သူ့ကို စိုက်ကြည့်ကာ ငေါက်လိုက် သည်။
"ရှင်ကတော့ အတာပဲ၊ မင်ယွဲ့က နောက်နေတာကိုတောင် မသိဘူးလား သူမက ရှင့်ကို ဘယ်တုန်းက အတည်ယူဖူးလို့လဲ”
လျူးဝေသည် ဤကဲ့သို့သော ချစ်သူမျိုးရှိရသည်မှာ ပင်ပန်းလှသည်ဟု ခံစားရသည်။ သူတစ်ပါး၏ အရိပ်အကဲကို မကြည့်တတ်ပေ။ မင်ယွဲ့၏ မျက်နှာတွင် စိတ်ဆိုးသည့် အရိပ်အယောင်မှ မရှိဘဲ။
"ရပါတယ်၊ ကျွန်မ နောက်လိုက်တာပါ ကျွန်မက များသောအားဖြင့် ကိစ္စတွေကို ချက်ချင်းပဲ အပြတ်ရှင်းတတ်တာ၊ ဒါပေမဲ့ သူငယ်ချင်းတွေအပေါ်မှာတော့ အင်မတန် ခင်မင်တတ်ပါတယ်၊ ဒါကြောင့် သိပ်ပြီး သတိကြီးကြီးထားနေဖို့ မလိုပါဘူး”
မင်ယွဲ့က ပြုံးလျက် ဆိုသည်။
စီနီယာကျောက်လည်း သက်ပြင်းချနိုင်တော့သည်။ ထိုစဉ် ခမ်းမအတွင်းရှိ မိုက်ခရိုဖုန်းမှ အသံတစ်ခု ထွက်ပေါ်လာသည်။
"စတော့မယ်၊ ပြင်ဆင်ပြီး အဲဒီဘက်ကို သွားကြရအောင်”
ပရော်ဖက်ဆာယန်က ထရပ်လိုက်သည်။ မကြာမီပင် ဝန်ထမ်းတစ်ဦးက သူတို့ထံသို့ လာရောက်ကာ နေရာရွှေ့ရန် ဖိတ်ကြားခဲ့သည်။ မင်ယွဲ့နှင့် အခြားသူများသည် အခြားအစည်းအဝေးခန်းမတစ်ခုသို့ ရောက်ရှိလာကြသည်။
ယခင်နေရာမှာ စပျစ်ရည်ခွက်ချင်း ထိသံများနှင့် စည်ကားနေသည့် ပါတီပွဲတစ်ခုနှင့် တူသော်လည်း၊ ယခုနေရာမှာမူ လုံးဝကွဲပြားခြားနားသည်။ ဤခန်းမကြီးသည် ပိုမို လေးနက်သည့် လေထု ရှိသည်။
ပထမဆုံး မြင်တွေ့ရသည်မှာ ထောင်ပေါင်းများစွာသော လူများကို ဆန့်ဝင်နိုင်သည့် တက္ကသိုလ်ရှိ မာလ်တီမီဒီယာ စာသင်ခန်းကြီးတစ်ခုပမာ အစီအရီ ချထားသော ဆိုဖာအနီရောင်များနှင့် ထိုင်ခုံများပင် ဖြစ်သည်။
ရှေ့တွင်မူ ကြီးမားသည့် ပရိုဂျက်တာ စခရင်ကြီးတစ်ခု ရှိနေသည်။
မင်ယွဲ့တို့အဖွဲ့သည် အလယ်တန်းလောက်ရှိ ထိုင်ခုံတစ်ခုတွင် နေရာယူလိုက်ကြသည်။
သတ်မှတ်ထားသည့် အရေးကြီး ပုဂ္ဂိုလ်များအတွက် နာမည်များ ကပ်ထားသည့် ပထမတန်းမှလွဲ၍ ကျန်ထိုင်ခုံများမှာ လွတ်လပ်စွာ ထိုင် နိုင်သည်။
မကြာမီပင် ဟိုင်ချန်းမြို့တော်ဝန်၊ ကုန်သည်ကြီးများအသင်း ဥက္ကဋ္ဌနှင့် အခြား အရေးပါသော ပုဂ္ဂိုလ်များ စင်မြင့်ပေါ်တွင် နေရာယူလိုက်ကြသည်။ တစ်ခန်းမလုံး တိတ်ဆိတ် ငြိမ်သက်သွားပြီး စင်ပေါ်ရှိ ခေါင်းဆောင်များ၏ မိန့်ခွန်းသံကိုသာ ကြားရတော့သည်။
ယွမ်ပေါ့သည် အွန်လိုင်းတွင် ဖြစ်ပျက်နေသည့် အဖြစ်အပျက်များကို အချိန်နှင့်တစ်ပြေးညီ သတင်းပို့ပေးနေပြီး၊ မင်ယွဲ့သည်လည်း လွန်ခဲ့သည့် ရက်အနည်းငယ်အတွင်း လေ့လာမှုများကို ကြိုးကြိုးစားစား လုပ်ဆောင်နေခဲ့သည်။
သုံးရက်မြောက်သောနေ့တွင် မင်ယွဲ့သည် နောက်ဆုံးတွင် အထုပ်အပိုးများကို ပြင်ဆင်ပြီး အိမ်ပြန်ရန် အသင့်ဖြစ်နေပြီဖြစ်သည်။
"ဆရာ... ကျွန်မ ဒီနေ့ စောစော ပြန်နှင့်မယ်နော်”
ပရော်ဖက်ဆာယန်နှင့် အဖွဲ့သားများသည် နောက်နေ့အတွက် လေယာဉ်လက်မှတ်များ ဝယ်ထားသော်လည်း၊ မင်ယွဲ့မှာမူ အဖွဲ့မှ ခွဲထွက်ကာ အိမ်သို့ စောစီးစွာ ပြန်ရန် ဆုံးဖြတ်လိုက်သည်။ အချိန်မှာ စောသေးရာ ညနေ (၆) နာရီမတိုင်မီ ယန်ကျင်းသို့ ဆင်းသက်နိုင်ပေလိမ့်မည်။
"ယွဲ့ယွဲ့... ကိစ္စတွေ ပြီးပြီလား မနက်ဖြန် လေဆိပ်ကို ငါလာကြိုမယ်နော်”
မိုဟန်ကျီထံမှ ဝီချက်စာတိုကို မြင်လိုက်ရသောအခါ မင်ယွဲ့ ပြုံးမိသွားသည်။ လေယာဉ်စီးရသည်မှာလည်း ပျင်းစရာ မကောင်းတော့ပေ။ တစ်စုံတစ်ဦးကို မျှော်လင့်စောင့်စားနေရခြင်းမှာ ဘဝကို ပိုမို ပြည့်စုံစေပြီး ပျော်ရွှင်စေသည်မှာ အမှန်ပင်။
"အလုပ်ဆင်းပြီလား”
လေဆိပ်မှ ထွက်လာပြီးနောက် မင်ယွဲ့သည် မိုဟန်ကျီထံသို့ စာတစ်စောင် ပို့လိုက်သည်။
"လုပ်စရာလေးတွေ ကျန်သေးလို့ အချိန်ပို ဆင်းရဦးမယ်”
သူမ မရှိသည့်ရက်များတွင် သူသည် ယခင်အတိုင်း အချိန်ပိုဆင်းသည့် အလေ့အထဟောင်းကို ပြန်လည် စတင်နေခဲ့ခြင်းဖြစ်သည်။
"ဆရာ... ရှင်းယောင်း လုပ်ငန်းစုကို မောင်းပေးပါ”
မင်ယွဲ့သည် ကားတစ်စီးကို တားလိုက်ပြီး မိုဟန်ကျီ၏ ကုမ္ပဏီသို့ ဦးတည်လိုက်သည်။
မိုဟန်ကျီသည် မင်ယွဲ့၏ အကြောင်းပြန်စာကို စောင့်နေသော်လည်း ဖုန်းမှာ ပြန်လည်လင်းဝင်းမလာတော့ပေ။ သူသည် ဖုန်းကို တစ်ချက်ကြည့်ကာ 'ယွဲ့ယွဲ့ ဘာတွေလုပ်နေပါလိမ့်' ဟု တွေးတောနေမိသည်။
"ညီမလေး... ရောက်ပြီ”
"ဒီမှာပဲ အလုပ်လုပ်တာလား ရှင်းယောင်းဆိုတာ ကုမ္ပဏီအကြီးကြီးပဲ၊ ညီမလေး တော်လိုက်တာ”
"မဟုတ်ပါဘူး၊ ချစ်သူဆီကို လာတာပါ”
မင်ယွဲ့က ပြုံးလျက် ပြန်ပြောသည်။
"အော်... ဒါဆို ညီမလေးရဲ့ ချစ်သူကလည်း တကယ်ကို ထူးချွန်တဲ့သူ ဖြစ်မှာပဲ”
ကားဆရာက ရိုးသားစွာ ရယ်မောရင်း ဆိုသည်။
မင်ယွဲ့သည် ကားခပေးပြီးနောက် ကားပေါ်မှ ဆင်းလိုက်သည်။
ရှင်းယောင်း လုပ်ငန်းစု၏ အဝင်ဝတွင် ရပ်တန့်ကာ အဆောက်အဦးကို မော့ကြည့်လိုက်မိသည်။ ထိပ်ဆုံးထပ်ရှိ ရုံးခန်းထဲတွင် အလုပ်ရှုပ်နေမည့်သူကို မြင်ယောင်ရင်း သူမ၏ မျက်ဝန်းများတွင် အပြုံးများ ပြည့်လျှံနေသည်။
ယခုအချိန်တွင် ဝန်ထမ်းအများစု အိမ်ပြန်ကုန်ကြပြီဖြစ်ရာ လူအနည်းငယ်သာ ကျန်တော့သည်။
ပထမထပ်ရှိ ဧည့်ကြိုများနှင့် ထိပ်ဆုံးထပ်ရှိ လူများမှလွဲ၍ မင်ယွဲ့ကို လူတိုင်းက မသိကြပေ။ မူလက မင်ယွဲ့၏ ဓာတ်ပုံများသည် ဝန်ထမ်းများ၏ Group Chat ထဲတွင် ပျံ့နှံ့ခဲ့သော်လည်း နောက်ပိုင်းတွင် လင်ကျင်းက ဖျက်ပစ်ခိုင်းခဲ့သည်။
ရှင်းယောင်းလုပ်ငန်းစုသည် လစာကောင်းသကဲ့သို့ ခိုင်မာသည့် လျှို့ဝှက်ချက် ထိန်းသိမ်းခြင်းဆိုင်ရာ သဘောတူညီချက်များကိုလည်း လက်မှတ်ရေးထိုးထားကြရသဖြင့် မင်ယွဲ့၏ ဓာတ်ပုံများကို အလွယ်တကူ ဖြန့်ဝေခြင်း မပြုကြတော့ပေ။
မင်ယွဲ့သည် သီးသန့်ဓာတ်လှေကားဖြင့် ထိပ်ဆုံးထပ်သို့ တိုက်ရိုက်တက်လာခဲ့ပြီး အလုပ်ဆင်းခါနီးဖြစ်သော အတွင်းရေးမှူးအဖွဲ့နှင့် တွေ့ဆုံခဲ့သည်။
"မစ္စ မင်”
သူတို့အားလုံးက သူမကို နှုတ်ဆက်ကြသည်။
"မင်္ဂလာပါ၊ အပင်ပန်းခံ အလုပ်လုပ်ပေးကြတာ ကျေးဇူးတင်ပါတယ်နော်”
မင်ယွဲ့က ပြုံးပြကာ လက်ဝှေ့ယမ်းပြလိုက်သည်။
မိုဟန်ကျီမှာ အလုပ်မဆင်းရသေးသဖြင့် လင်ကျင်းသည်လည်း ထိုနေရာတွင် ရှိနေဆဲဖြစ်သည်။
မင်ယွဲ့ကို မြင်လိုက်ရသောအခါ သူ အနည်းငယ် အံ့သြသွားသည်။ မစ္စတာမိုက မနက်ဖြန် မနက်တွင် မစ္စမင်ကို သွားကြိုရန်အတွက် အချိန်ဇယားများကို ဖယ်ထားခိုင်းထားသည် မဟုတ်ပါလား။
သို့သော်လည်း အတွေ့အကြုံရှိသည့် လင်ကျင်းသည် မင်ယွဲ့၏ ရည်ရွယ်ချက်ကို ချက်ချင်း သဘောပေါက်လိုက်သည်။ သူမသည် ဥက္ကဋ္ဌမိုကို အံ့အားသင့်သွားစေရန် လုပ်ဆောင်နေခြင်းဖြစ်သည်။
"မစ္စမင်... မစ္စတာမိုက သူ့ရုံးခန်းထဲမှာ ရှိပါတယ်”
"ကောင်းပါပြီ”
လင်ကျင်းသည်လည်း ကြားထဲက အနှောင့်အယှက်မဖြစ်စေရန် သတိရှိရှိဖြင့်ပင် ရှောင်ပေးလိုက်သည်။
'ဒေါက် ဒေါက်—'
မင်ယွဲ့သည် မိုဟန်ကျီ၏ ရုံးခန်းတံခါးကို ခေါက်လိုက်သည်။ မိုဟန်ကျီမှာ မင်ယွဲ့ထံမှ အကြောင်းပြန်စာ မရရှိသဖြင့် အနည်းငယ် စိတ်ပျက်နေမိသည်။ တံခါးခေါက်သံ ကြားသောအခါ သူသည် ပင်ပန်းနွမ်းနယ်စွာဖြင့် နှာတံကို ဖျစ်ညှစ်လိုက်ပြီး -
"ဝင်ခဲ့ပါ”
သူသည် မည်သူဖြစ်သည်ကို မကြည့်ဘဲ အလုပ်ကိုသာ ဆက်လုပ်နေသည်။
ဤအချိန်၌ လင်ကျင်းသာ ဖြစ်နိုင်သည်ဟု သူ ယူဆထားသောကြောင့်ဖြစ်သည်။ မနက်ဖြန်တွင် ယွဲ့ယွဲ့ကို ကြိုရန်အတွက် ယနေ့ အလုပ်များကို အပြီးဖြတ်ထားရန် သူ ကြိုးစားနေခြင်းပင်။
"ဘာကိစ္စရှိလို့လဲ”
ဝင်လာသူက ဘာမှ မပြောသဖြင့် မိုဟန်ကျီ တစ်ခုခု ထူးဆန်းနေသည်ကို ခံစားမိကာ ရုတ်တရက် မော့ကြည့်လိုက်သည်။
ပြုံးရွှင်နေသည့် မျက်ဝန်းတစ်စုံနှင့်အတူ သူ အမြဲတမ်း တမ်းတနေရသူလေးမှာ သူ့ရှေ့သို့ ရောက်ရှိနေလေပြီ။
"ယွဲ့ယွဲ့... မင်း ဘယ်လိုဖြစ်ပြီး ဒီကို ရောက်နေတာလဲ”
သူသည် ဝမ်းသာအားရဖြင့် ချက်ချင်းထရပ်ကာ မင်ယွဲ့ကို ပွေ့ဖက်လိုက်သည်။
"ဘာလဲ... ကျွန်မ လာတာကို မကြိုဆိုဘူးလား”
မင်ယွဲ့သည် သူ့ရင်ခွင်ထဲတွင် ခိုဝင်ရင်း သူ၏ မြန်ဆန်နေသော ရင်ခုန်သံများကို နားထောင်နေမိသည်။
"ရင်တွေ သိပ်ခုန်နေတာပဲနော်”
"ဒါဆိုရင် ငါ အခု ဘယ်လောက် ပျော်နေလဲဆိုတာ မင်း သိမှာပေါ့”
မိုဟန်ကျီသည် မင်ယွဲ့အပေါ် ထားရှိသည့် သူ၏ အချစ်များကို ဖုံးကွယ်မထားပေ။
မင်ယွဲ့သည်လည်း သူ၏ ပြင်းပြသည့် စိတ်ဆန္ဒနှင့် ပွင့်လင်းမှုကို သဘောကျသည်။ သို့မဟုတ်ပါက သူမ၏ စိတ်နေစိတ်ထားအရ တစ်သက်လုံး လူပျိုကြီးဘဝဖြင့်သာ နေသွားဖြစ်ပေလိမ့်မည်။
"ရှင် ကျွန်မကို လွမ်းနေမယ်ဆိုတာ သိလို့ စောစောပြန်လာတာ”
မင်ယွဲ့သည် ခြေဖျားလေးထောက်ကာ သူ့ကို နမ်းလိုက်သည်။ မိုဟန်ကျီကလည်း သူမ ဟန်ချက်မပျက်စေရန် ခါးလေးကို ထိန်းကိုင်ထားပေးသည်။
"မျက်လုံးလေး မှိတ်ထားလိုက်ဦး”
အနမ်းမှာ ခဏတာမျှသာ ဖြစ်သော်လည်း ခံစားချက်မှာ အလွန်ပင် ကောင်းမွန်လှသည်။
မင်ယွဲ့က ထပ်မံ နမ်းရှိုက်ချင်သော်လည်း မိုဟန်ကျီ၏ နက်ရှိုင်းပြီး စူးစိုက်နေသည့် အကြည့်များနှင့် ဆုံမိသောအခါ အနည်းငယ် ရှက်ကိုးရှက်ကန်း ဖြစ်သွားမိသည်။
ချစ်သူလေး၏ ချွဲနွဲ့သည့် တောင်းဆိုမှုကို ကြားသောအခါ မိုဟန်ကျီသည် သူ၏ မျက်ဝန်းထဲမှ အပြုံးများကို ဖုံးကွယ်ရင်း နာခံစွာ မျက်လုံးမှိတ်လိုက်သည်။ မင်ယွဲ့သည် သူ့ကို ထပ်မံ နမ်းရှိုက်လိုက်ပြန်သည်။
သူမက ခွာရန် ကြိုးစားသောအခါ မိုဟန်ကျီက အဘယ်မှာ ခွင့်ပြုပါ့မည်နည်း။
ရက်အနည်းငယ်ကြာ ဝေးကွာနေရခြင်းမှာ အချစ်ကို ပိုမို ပြင်းပြစေသည် မဟုတ်ပါလား။ သူသည် မင်ယွဲ့၏ ခါးကို တစ်ဖက်၊ လည်ပင်းနောက်ကို တစ်ဖက်ဖြင့် အုပ်ကိုင်ကာ အနမ်းများကို ပိုမို နက်ရှိုင်းစေခဲ့သည်။
"အွန်း~"
မင်ယွဲ့၏ နှုတ်ခမ်းလေးမှာ အနည်းငယ် နာကျင်သွားရသည်။ မိုဟန်ကျီ၏ ပြင်းပြသော အနမ်းနှင့် ယှဉ်လျှင် သူမ၏ အနမ်းမှာ ကလေးကစားသလိုပင် ရှိတော့သည်။
သူမ၏ ပါးပြင်လေးများမှာလည်း နီရဲလာသည်။ ပုံမှန်အားဖြင့် လောကီအာရုံများကို သိပ်စိတ်မဝင်စားသော်လည်း၊ မိုဟန်ကျီနှင့် ရှိနေချိန်တွင်မူ သူမ၏ စိတ်ကူးများမှာ ထိန်းမရအောင် ဖြစ်နေရသည်။
မိုဟန်ကျီသည် သူ၏ ချစ်သူလေး ဘာတွေ တွေးနေသည်ကို မသိပေ။ သိခဲ့လျှင်မူ သူသည် သူ၏ ဆွဲဆောင်မှုကို အသုံးချကာ အဆုံးထိ ရှေ့ဆက်သွားဖြစ်ပေလိမ့်မည်။
မင်ယွဲ့ကို စိတ်အနှောင့်အယှက် ဖြစ်စေမည်ကို စိုးရိမ်သဖြင့်သာ သူ အစွမ်းကုန် ထိန်းချုပ်ထားခြင်း ဖြစ်သည်။
သူတို့နှစ်ဦး အသက်ရှူသံများ ပြင်းထန်လာမှသာ တစ်ဦးကိုတစ်ဦး လွှတ်ပေးလိုက်ကြသည်။
"တကယ့် အရေခြုံကြီးပဲ”
မင်ယွဲ့က စိတ်ထဲမှ တိတ်တဆိတ် ရေရွတ်
လိုက်သည်။
"မင်း ဘာမှ မစားရသေးဘူးမလား ငါ အလုပ်တွေ ခဏလေးအတွင်း သိမ်းပြီးပြီ”
မိုဟန်ကျီသည် မင်ယွဲ့၏ ကျောပြင်လေးကို ပွတ်သပ်ပေးကာ အမောဖြေခိုင်းနေသည်။
အပူအပင်ကင်းသည့် အချစ်အချိန်လေးမှာ မင်ယွဲ့အတွက်တော့ ရင်ခုန်သံများ မြန်ဆန်လှသည့် အခိုက်အတန့် ဖြစ်နေရသည်။
မိုဟန်ကျီသည် မင်ယွဲ့၏ လက်ကို မလွှတ်ချင်ဘဲ ဆုပ်ကိုင်ထားကာ အလုပ်စားပွဲကို သိမ်းဆည်းပြီးနောက် အတူတူ ထွက်လာခဲ့ကြသည်။
သူမ ပင်ပန်းနေမည်ကို စိုးသဖြင့် သူ၏ အိမ်အနီးရှိ စားသောက်ဆိုင်သို့ ခေါ်သွားခဲ့သည်။
"ယွမ်ထင် ဟိုတယ်ဆိုတာ ငါတို့ရဲ့ ကိုယ်ပိုင် ဟိုတယ်ခွဲပဲ နောက်ခါ မင်း အပြင်သွားရင် အဲဒီမှာပဲ တည်းပါ၊ ငါ့အတွက် သီးသန့် အခန်းအမြဲရှိတယ်”
မိုဟန်ကျီက မင်ယွဲ့ကို ဟင်းများ ထည့်ပေးရင်း ပြောလိုက်သည်။
လျူမျိုးရိုးနှင့် ကိစ္စကို မင်ယွဲ့ ကိုင်တွယ်ခဲ့သည်ကို သူ ခန့်မှန်းမိပြီးသားဖြစ်သည်။ သို့သော်လည်း အခြား အနှောင့်အယှက်များ မကြုံရလေအောင် သူတို့၏ ကိုယ်ပိုင်ဟိုတယ်တွင် တည်းခိုခြင်းက ပိုမို အဆင်ပြေမည် မဟုတ်ပါလား။
"ဟုတ်ကဲ့ပါ"
မင်ယွဲ့ကလည်း ချစ်သူ၏ ဂရုစိုက်မှုကို ကြည်နူးစွာ လက်ခံလိုက်သည်။
"ကျွန်မ လုပ်တာ နည်းနည်း များသွားတယ်လို့ ထင်လား”
သူမသည် အခြားသူများ၏ အမြင်ကို ဂရုမစိုက်သော်လည်း၊ မိုဟန်ကျီ၏ သဘောထားကိုမူ သိချင်မိသည်။
"မထင်ပါဘူး ငါသာဆိုရင် ဒီထက်တောင် ပိုပြီး ပြတ်ပြတ်သားသား လုပ်မိမှာ”
မကောင်းမှုကို ဖယ်ရှားခြင်းမှာ ကောင်းကင်ဘုံ၏ အလိုအတိုင်း လုပ်ဆောင်ခြင်းသာ ဖြစ်သည်။
အကယ်၍ သူသာဆိုလျှင် ထိုကဲ့သို့သော လူယုတ်မာများကို မွေးထုတ်ပေးနေသည့် နေရာများကိုပါ အပြတ်ရှင်းပစ်မည် ဖြစ်သည်။ လျူမိသားစု၏ အလိုလိုက်မှုသာ မရှိလျှင် ထိုသခင်လေးလျူသည် ဤမျှ ယုတ်မာသည့် လုပ်ရပ်များကို လုပ်ရဲမည် မဟုတ်ပေ။
မင်ယွဲ့သည် သဘောကျစွာ ရယ်မောလိုက်သည်။ ညစာစားပြီးနောက် မိုဟန်ကျီက သူမကို အိမ်သို့ လိုက်ပို့ခဲ့သည်။
"ယွဲ့ယွဲ့... ငါ ဒီမှာပဲ နေလို့ မရဘူးလား”
ညနေခင်း အလင်းရောင် အောက်တွင် မိုဟန်ကျီက မင်ယွဲ့ကို တင်းကျပ်စွာ ပွေ့ဖက်ရင်း ခွဲမသွားလိုကြောင်း ပြောလိုက်သည်။
"ဒါဆိုလည်း မသွားနဲ့လေ၊ ဒါပေမဲ့ မနက်ဖြန်တော့ စောစောထရမှာနော်”
မင်ယွဲ့သည်လည်း သူ့ကို ခွဲမသွားစေလိုပေ၊ သို့သော် ဤနေရာမှာ ကုမ္ပဏီနှင့် အနည်းငယ် ဝေးသောကြောင့် စိုးရိမ်ခြင်းသာ ဖြစ်သည်။
"မနက်ဖြန် မနက်ကို မင်းနဲ့အတူ ကုန်ဆုံးမှာပါ၊ ငါ အလုပ်သွားစရာ မလိုသေးဘူး”
သူမနှင့်အတူ ရှိနေမည့် အချိန်များကို သူ အဆုံးရှုံးမခံလိုပေ။ မင်ယွဲ့သည်လည်း သူသည် အလုပ်ကို ပေါ့ဆတတ်သူ မဟုတ်ကြောင်း သိသဖြင့် ခွင့်ပြုလိုက်သည်။ ဧည့်ခန်းမှာ မိုဟန်ကျီအတွက် သီးသန့် အိပ်ခန်းသဖွယ် ဖြစ်နေခဲ့သည်မှာ ကြာပြီဖြစ်သည်။
လက်ရှိတွင် ယွမ်ပေါ့မှာ မိုမိသားစု အိမ်ဟောင်းတွင် အစားကောင်း အသောက်ကောင်းများဖြင့် ပျော်ရွှင်နေသည်။
ယွမ်ပေါ့၏ ချစ်စရာကောင်းသည့် ပုံရိပ်များသည် မိုမိသားစုဝင်များ၏ ဝီချက်တွင် အမြဲလိုလို နေရာယူထားတတ်သည်။
မိုယွဲ့သည်လည်း ကျောင်းပိတ်သည်နှင့် ယွမ်ပေါ့ကို ကြည့်ရန် အိမ်ဟောင်းသို့ ပြေးလာတတ်မြဲ ဖြစ်သည်။
မင်ယွဲ့သည် ယနေ့ညတွင် သူမ၏ သီးသန့်လေ့လာရေးနယ်ပယ်သို့ မသွားဘဲ တီဗီကြည့်ရင်း အနားယူနေခဲ့သည်။
မကြာမီတွင်ပင် သူမသည် မိုဟန်ကျီ၏ ပေါင်ပေါ်တွင် ခေါင်းအုံးကာ တီဗီကြည့်နေမိပြီး၊ မိုဟန်ကျီကမူ သူမကို ကြည့်ရင်း ထိုင်နေခဲ့သည်။
လေထုမှာ နွေးထွေးပြီး သဘာဝကျလှသည်။ မိုဟန်ကျီ ငုံ့ကြည့်လိုက်သောအခါ မင်ယွဲ့မှာ မျက်လုံးလေး မှိတ်လျက် အိပ်ပျော်နေသည်ကို တွေ့လိုက်ရသည်။ သူမ အမှန်တကယ် ပင်ပန်းနေရှာပြီ။ မိုဟန်ကျီက သူမ၏ ဆံနွယ်လေးများကို သပ်ပေးကာ တီဗီကို ပိတ်လိုက်သည်။
သူသည် မင်ယွဲ့ကို အသာအယာ ပွေ့ချီလိုက်ရာ မင်ယွဲ့မှာ လန့်နိုးသွားသော်လည်း ရင်းနှီးသည့် အသံနှင့် ရနံ့ကြောင့် သူ့ရင်ခွင်ထဲတွင် ပြန်လည် ခိုဝင်သွားခဲ့သည်။
"အိပ်တော့နော်... ကိုယ် အိပ်ခန်းထဲ လိုက်ပို့ပေးမယ်”
မိုဟန်ကျီသည် သူမကို ကုတင်ပေါ်သို့ အသာအယာ ချပေးကာ စောင်ခြုံပေးလိုက် သည်။
"ကောင်းသောညပါ... ကိုယ့်ရဲ့ လမင်းလေး”
မင်ယွဲ့သည် သူ၏ တိုးညှင်းသည့် အသံကြောင့် မျက်လုံးလေး ပြန်ပွင့်လာပြီး သူ့ကို စိုက်ကြည့် လိုက်မိသည်။
“ကောင်းသောညပါ”
အိပ်ချင်မူးတူး ဖြစ်နေသည့် သူမ၏ အသံလေးမှာ မိုဟန်ကျီ၏ ရင်ကို လှုပ်ခတ်သွားစေသည်။
သူ ထွက်ခွာရန် ပြင်လိုက်စဉ်မှာပင် -
"အတူတူ အိပ်မလား”
မင်ယွဲ့သည် ပြောပြီးမှပင် ရှက်သွားမိသည်။
သို့သော် မိုဟန်ကျီကမူ အံ့အားသင့်သွားပြီး သူမ၏ ဘေးတွင် နေရာယူလိုက်တော့သည်။ သူတို့သည် ချစ်သူများ ဖြစ်ကြသဖြင့် အတူတူ အိပ်စက်ခြင်းမှာ ထူးဆန်းသည့် ကိစ္စ မဟုတ်ပေ။
မင်ယွဲ့သည် ပထမဆုံးအကြိမ် ဖြစ်သဖြင့် အနည်းငယ် မသက်မသာ ခံစားရကာ မိုဟန်ကျီ၏ မျက်လုံးများကို မကြည့်ရဲဘဲ မီးကို ချက်ချင်း ပိတ်လိုက်တော့သည်။
အခန်း (၃၆၇) ကောင်းသောညပါ... ကိုယ့်ရဲ့ လမင်းလေး
အခန်းတွင်း၌ ရုတ်ချည်းပင် မှောင်အတိကျသွားပြီး တိတ်ဆိတ်မှုကြားဝယ် ခပ်တိုးတိုး အသက်ရှူသံ နှစ်ခုကိုသာ ကြားရတော့သည်။
မင်ယွဲ့သည် များသောအားဖြင့် စကားပြောရာတွင် ပြတ်သားရဲတင်းသော်လည်း၊ လက်တွေ့တွင်မူ သူမသည် စကားကြီးဆယ်ခွန်း ပြောတတ်သလောက် အပြုအမူတွင် ရှက်ကြောက်တတ်သူ တစ်ဦးသာ ဖြစ်သည်။ ယခုအချိန်၌ သူမ၏ နှလုံးသားမှာ ဒိတ်ဒိတ်တုန်အောင် ခုန် လှုပ်နေလေပြီ။
သူမသည် မျက်လုံးများကို အတင်းမှိတ်ကာ စောင်ကို တင်းကျပ်စွာ ဆုပ်ကိုင်ထားမိသည်။ တစ်စုံတစ်ခုနှင့် ထိမိသွားမည်ကို စိုးရိမ်သဖြင့် လှုပ်တောင်မလှုပ်ရဲဘဲ အသက်ရှူသံကိုပင် အစွမ်းကုန် ထိန်းထားမိသည်။ သို့သော်လည်း သူမ၏ ဘေးနားမှ လှုပ်ရှားမှုတစ်ခုနှင့်အတူ လူတစ်ဦး၏ ကိုယ်ငွေ့မှာ သူမအနီးသို့ တိုးကပ်လာခဲ့သည်။
မှောင်မိုက်နေသည့် အမှောင်ထုထဲတွင် မင်ယွဲ့၏ အာရုံခံစားမှုများမှာ ပိုမို ထက်မြက်လာသည်။ သူမ၏ ဘေးနားရှိ အမျိုးသား၏ ခန္ဓာကိုယ်မှ ထွက်ပေါ်နေသော အနွေးဓာတ်ကိုပင် အတိုင်းသား ခံစားနေရသည်။ သူမ၏ ပါးပြင်များမှာလည်း ပူထူလာတော့သည်။
"အိပ်ပျော်သွားပြီလား”
မိုဟန်ကျီသည် မင်ယွဲ့၏ ခါးလေးကို လက် တစ်ဖက်ဖြင့် အသာအယာ သိုင်းဖက်လိုက်သည်။
အခြား မည်သည့် အနှောင့်အယှက်မျိုးမျှ မပြုလုပ်ဘဲ ထိုစကားတစ်ခွန်းကိုသာ ဆိုလိုက်ပြီးနောက် တိတ်ဆိတ်သွားသည်။
မင်ယွဲ့သည် စိုးရိမ်စိတ်ကြောင့် အိပ်ပျော်မည်မဟုတ်ဟု ထင်ထားသော်လည်း၊ မမျှော်လင့်ဘဲ ထိုရင်ခုန်စရာ လေထုကြားဝယ် အိပ်မောကျသွားခဲ့လေသည်။
သူမ၏ ပုံမှန်ဖြစ်သွားသော အသက်ရှူသံကို ကြားရသောအခါမှ မိုဟန်ကျီသည် အမှောင်ထဲတွင် မျက်လုံးဖွင့်လိုက်သည်။ သူသည် မင်ယွဲ့၏ ဦးခေါင်းထိပ်လေးကို မြတ်နိုးစွာ နမ်းရှိုက် လိုက်ပြီးနောက် သူ၏ ချစ်သူလေးကို ပွေ့ဖက် ရင်း အိပ်စက်ခြင်းသို့ ဝင်ရောက်သွားခဲ့သည်။
နောက်နေ့ မနက်တွင် မိုဟန်ကျီသည် အရင်ဆုံး နိုးနေခဲ့သည်။ မင်ယွဲ့ နိုးလာသောအခါ သူမအပေါ်သို့ စိုက်ကြည့်နေသော စူးရှသည့် အကြည့်တစ်စုံနှင့် ဆုံမိသွားသည်။
"ကိုယ် မနက်စာ သွားပြင်လိုက်ဦးမယ်”
မိုဟန်ကျီက ချက်ချင်းပင် ထရပ်ကာ ပြောလိုက်သည်။ မင်ယွဲ့ ခံစားနေရသော အနေခက်မှုများမှာ သူ၏ ပါးနပ်သော အပြုအမူကြောင့် ပျောက်ကွယ်သွားရသည်။
မိုဟန်ကျီသည် အခြေအနေကို လိုက်လျောညီထွေစွာ ကိုင်တွယ်တတ်ပြီး အလွန်အင်မတန်မှ အလိုက်သိတတ်သူ ဖြစ်သည်ဟု ဆိုရပေမည်။
မနေ့ညက အတူတူအိပ်ရန် မင်ယွဲ့၏ ဖိတ်ခေါ်ချက်မှာ စိတ်ကူးပေါက်ရာ ပြောလိုက်ခြင်းဖြစ်ကြောင်း သူ သိသည်။
ထို့ကြောင့် ယနေ့မနက်တွင် သူမ အနေခက်နေမည်ကို စိုးရိမ်သဖြင့် သူကပင် စောစီးစွာ ရှောင်ပေးလိုက်ခြင်းဖြစ်သည်။ သူသည် သူမနှင့် ပိုမို နီးစပ်လိုသော်လည်း မင်ယွဲ့၏ စိတ်ခံစားချက်ကို ဦးစားပေးကာ သူမအတွက် ကိုယ်ပိုင် အချိန်ကို ပေးထားခဲ့သည်။
"အာ..."
မိုဟန်ကျီ ထွက်သွားပြီးနောက် မင်ယွဲ့သည် စောင်ကို ခေါင်းမြီးခြုံကာ အော်ဟစ်လိုက်မိသည်။ ထို့နောက်မှ အမြန်ထကာ မျက်နှာသစ်၊ သန့်စင်လိုက်တော့သည်။
ထမင်းစားခန်းတွင် ထိုင်ရင်း မီးဖိုချောင်ထဲ၌ အလုပ်ရှုပ်နေသော အမျိုးသားကို ကြည့်ကာ 'နောင်အနာဂတ်မှာ ဒီလိုဘဝမျိုးသာဆိုရင် ဘယ်လောက်တောင် ကောင်းလိုက်မလဲ' ဟု သူမ တွေးတောနေမိသည်။
မနက်စာစားပြီးနောက် သူတို့နှစ်ဦး ဘယ်သွားကြမလဲဟု တိုင်ပင်ကြသည်။ မိုဟန်ကျီက မနက်ခင်းအချိန်ကို သူမနှင့်အတူ ကုန်ဆုံးမည်ဟု ပြောထားသဖြင့် အိမ်ထဲတွင် အချိန်မဖြုန်းလိုပေ။
"အနုပညာ ပြပွဲတစ်ခု သွားကြည့်ကြမလား”
မင်ယွဲ့သည် ပန်းချီဆွဲရသည်ကို ဝါသနာပါပြီး ကျွမ်းကျင်သူတစ်ဦးဖြစ်ကြောင်း သူ သိထားသဖြင့် လက်မှတ်များကို ကြိုတင်စီစဉ်ထားခဲ့ခြင်း ဖြစ်သည်။
"ကောင်းသားပဲ”
သူတို့နှစ်ဦး အပြင်ထွက်သောအခါ မင်ယွဲ့ ကားမောင်းစရာ မလိုပေ။ မိုဟန်ကျီသည် မင်ယွဲ့၏ အိမ်တွင် မကြာခဏဆိုသလို ညအိပ်ညနေ နေတတ်သဖြင့် သူ၏ အသုံးအဆောင်များမှာလည်း ဤအိမ်တွင် တဖြည်းဖြည်း များပြားလာခဲ့သည်။
မင်ယွဲ့၏ အိမ်လေးထဲတွင် မိုဟန်ကျီ၏ လူနေမှုဘဝ အငွေ့အသက်များက နေရာအနှံ့ ပျံ့နှံ့လာလေပြီ။
【ယွဲ့ယွဲ့... လျူမျိုးရိုးနဲ့ လူကတော့ တရားရုံးမှာ စစ်ဆေးမေးမြန်းခံနေရပြီ အထောက်အထားတွေက ခိုင်လုံနေတော့ နောက်လထက် နောက်မကျဘဲ စီရင်ချက်ချလိမ့်မယ် ပြစ်မှုတွေ အများကြီးနဲ့ အနည်းဆုံး ထောင်ဒဏ် ၁၃ နှစ်လောက် ကျနိုင် တယ်တဲ့】
ယွမ်ပေါ့က မင်ယွဲ့ထံသို့ အခြေအနေကို အချိန် နှင့်တစ်ပြေးညီ သတင်းပို့လာသည်။
"ကောင်းပြီ... ရလဒ်ထွက်လာရင် ငါ့ကို ပြောပြဦး”
ယွမ်ပေါ့မှာမူ လက်ရှိတွင် အဘွားအိုမို၏ ရင်ခွင်ထဲ၌ ချွဲနွဲ့နေပြီး အဘွားကလည်း
"ငါ့မြေးလေး"
ဟု ခေါ်ကာ အလိုလိုက်နေလေသည်။
မင်ယွဲ့နှင့် မိုဟန်ကျီတို့သည် အနုပညာပြပွဲသို့ ရောက်ရှိလာကြသည်။ သူတို့နှစ်ဦးသည် လက်ချင်းချိတ်ကာ ပန်းချီကားများကို ကြည့်ရှုနေကြသည်။ ပြပွဲရှိ ပန်းချီကားများမှာ အရေအတွက် မများသော်လည်း တစ်ကားချင်းစီမှာ လက်ရာမြောက်လှသည်။
ရုတ်တရက် ဆီဆေးပန်းချီကားတစ်ချပ်က မင် ယွဲ့၏ အာရုံကို ဖမ်းစားလိုက်သည်။
ကျူးလစ်ပန်းခင်းကြီးထဲတွင် ပန်းပွင့်များ ဝန်းရံနေသည့် အမျိုးသမီးတစ်ဦး။ သူမသည် ပန်းလက်သုတ်ပုဝါကို ခေါင်းတွင် စည်းနှောင်ထားပြီး ခြင်းတောင်းလေးကို ကိုင်ကာ လိပ်ပြာလေးများကြားတွင် ပျော်ရွှင်နေပုံပင်။
ပန်းချီကားအောက်တွင် "ဇနီးသည်၏ မွေးနေ့အတွက် ပန်းချီဆရာ၏ လက်ဆောင်" ဟု ရေးသားထားသည်။
ထိုအခါမှ မင်ယွဲ့သည် မိုဟန်ကျီ၏ မွေးနေ့ကို မကျင်းပပေးရသေးကြောင်း သတိရသွားသည်။
"ရှင်... ရှင့်ရဲ့ မှတ်ပုံတင်လေး ကျွန်မကို ပြပါဦး”
မိုဟန်ကျီမှာ ဇဝေဇဝါ ဖြစ်သွားသော်လည်း သူ၏ ပိုက်ဆံအိတ်ထဲမှ မှတ်ပုံတင်ကို ထုတ်ပေးလိုက်သည်။
မင်ယွဲ့သည် မှတ်ပုံတင်ပေါ်က ဓာတ်ပုံနှင့် သူမရှေ့က လူကို နှိုင်းယှဉ်ကြည့်လိုက်သည်။ သူသည် အရင်ကထက် ပိုမို ရင့်ကျက်တည်ငြိမ်လာပြီး ခန့်ညားမြဲ ခန့်ညားနေဆဲပင်။
"ဒီဇင်ဘာ (၁) ရက်" ဟု ရေးထားသည်ကို မြင်သောအခါ မင်ယွဲ့က မှတ်ပုံတင်ကို ပြန် ပေးလိုက်သည်။
သူမ၏ မိသားစုမှာ မွေးနေ့ကို ပြက္ခဒိန်အဟောင်း ဖြင့်သာ ကျင်းပလေ့ရှိသော်လည်း၊ မိုမိသားစုမှာမူ ပြက္ခဒိန်အသစ် ကို သုံးမည်မှာ သေချာသည်။
နိုဝင်ဘာလကုန်တော့မည်ဖြစ်ရာ သူ၏ မွေးနေ့မှာ မကြာမီ ရောက်တော့မည်။ သို့သော်လည်း သူမ၏ ချစ်သူမှာ သူမကို အားနာ၍လားမသိ၊ တစ်ခွန်းမှ မဟသေးပေ။
မင်ယွဲ့သည် ပန်းချီကားများအကြောင်းကို မိုဟန်ကျီအား ရှင်းပြနေသည်။ သူမသည် စနစ်တကျ လေ့လာထားသူဖြစ်ရာ ထိုနာမည်ကျော် ပန်းချီကားများ၏ နောက်ခံသမိုင်းကြောင်းကို အလွတ်ရနေသူ ဖြစ်သည်။
"မစ္စတာမို... ရှင် ဒီကို လာမယ်လို့ မထင်ထားဘူး”
အသံလာရာသို့ ကြည့်လိုက်သောအခါ စုံတွဲတစ်တွဲကို တွေ့လိုက်ရသည်။ တစ်ဖက်မှ လူနှစ်ဦးသည်လည်း မင်ယွဲ့နှင့် မိုဟန်ကျီ၏ ရုပ်ရည်သွင်ပြင်ကြောင့် ခဏတာ ဆွံ့အသွားကြသည်။ သို့သော် မိုဟန်ကျီကမူ ထိုသူကို မမှတ်မိပေ။
"ကျွန်တော်က ယိကျား စက်မှုလုပ်ငန်းက ဟွမ် ပါ မစ္စတာမိုနဲ့ တစ်ခါ ဆုံဖူးပါတယ်”
ထိုသူသည် အလွန်ပင် ဖော်ရွေလှသဖြင့် မိုဟန်ကျီကလည်း ယဉ်ကျေးစွာ လက်ဆွဲနှုတ်ဆက် လိုက်သည်။
"ဒါက ကျွန်တော့်သမီးပါ သူမက အနုပညာကျောင်းသားမို့လို့ လိုက်ပြတာ၊ ကျွန်တော် ကတော့ ဒါတွေကို နားမလည်ပါဘူး”
ထိုသူက သူ၏ သမီးကို မိတ်ဆက်ပေးလိုက် သည်။
မင်ယွဲ့သည် ထိုလူ၏ ရိုးသားပွင့်လင်းသော စရိုက်ကို သဘောကျမိသည်။ သို့သော် ထိုမိန်းကလေး၏ အကြည့်များမှာမူ မင်ယွဲ့နှင့် မိုဟန်ကျီထံမှ မခွာနိုင်အောင် ဖြစ်နေသည်။
အနုပညာကျောင်းသူပီပီ သူမသည် မော်ဒယ်လ်များစွာကို မြင်ဖူးသော်လည်း ဤနှစ်ဦး၏ အလှတရားမှာမူ ကောင်းကင်ဘုံမှ ဖန်ဆင်းထားသည့်အလား ထူးခြားလွန်းလှသည်ဟု သူမ ခံစားရသည်။
"သမီး... ဘာလုပ်နေတာလဲ၊ နှုတ်ဆက်လေ”
မစ္စတာဟွမ်က သူ၏ သမီးကို ပခုံးပုတ်ကာ သတိပေးလိုက်သည်။
ပုံမှန်ဆိုလျှင် ထိုမိန်းကလေးမှာ ဖခင်၏ စီးပွားရေးလုပ်ဖော်ကိုင်ဖက်များကို ဖားယားရသည်ကို မုန်းတီးသူဖြစ်သော်လည်း၊ မင်ယွဲ့တို့နှစ်ဦး၏ မြင့်မြတ်သော အရှိန်အဝါကြောင့် သူမက ဝမ်းမြောက်စွာ နှုတ်ဆက်လိုက်သည်။
"မင်္ဂလာပါ မစ္စတာမို... မင်္ဂလာပါ အစ်မကြီး”
"ဒါဆိုရင် မစ္စတာမိုနဲ့ 'မစ္စမို' တို့ကို ကျွန်တော် မနှောင့်ယှက်တော့ပါဘူး နောက်နောင် လုပ်ငန်းကိစ္စတွေ ရှိရင် ဆက်သွယ်ပေးပါဦး”
ထိုသူသည် မိုဟန်ကျီ၏ ရှေ့တွင် မျက်နှာပြရုံသာ ရည်ရွယ်ပြီး၊ ကြားထဲမှ အနှောင့်အယှက်ဖြစ်မည့် လူပို အဖြစ် အနေမခံလိုသဖြင့် အမြန် နှုတ်ဆက်ကာ ထွက်သွားခဲ့သည်။
မင်ယွဲ့သည် "မစ္စမို" ဟူသော ခေါ်ဝေါ်သံကြောင့် ရင်ထဲတွင် အနည်းငယ် နွေးထွေးသွားသော်လည်း၊ ချက်ချင်းပင် တည်ငြိမ်မှု ပြန်လည် ရယူကာ ငြင်းဆိုခြင်း မပြုခဲ့ပေ။
မိုဟန်ကျီကမူ ထိုစကားလုံးကို ကြားရသောအခါ အလွန်ပင် ကျေနပ်သွားပြီး မင်ယွဲ့၏ လက်ကို ပိုမို တင်းကျပ်စွာ ဆုပ်ကိုင်လိုက်သည်။
"မစ္စတာဟွမ်လား... ကျွန်တော် မှတ်ထားပါ့မယ် နောက်မှ တွေ့ကြတာပေါ့”
ပြပွဲကို ကြည့်ရှုပြီးနောက် အချိန်မှာ မွန်းတည့်တော့မည် ဖြစ်သည်။
"သွားစားရအောင်... မစ္စမို”
မိုဟန်ကျီက သူမ၏ နားနားသို့ ကပ်ကာ တိုးတိုးလေး ခေါ်လိုက်သောအခါ မင်ယွဲ့၏ ပါးပြင်များ ရဲတက်သွားသည်။
"ရှင်ကတော့လေ..."
မင်ယွဲ့သည် သူ့လက်ထဲမှ ရုန်းထွက်ကာ အဝေးသို့ ပြေးထွက်သွားတော့သည်။
မိုဟန်ကျီကမူ သဘောကျစွာ ရယ်မောနေလေသည်။ ကားပေါ်သို့ ရောက်သောအခါ မိုဟန်ကျီ၏ ဖုန်းမြည်လာသည်။ သူသည် ကားမောင်းနေသဖြင့် မင်ယွဲ့အား ဖုန်းဖြေခိုင်းလိုက်သည်။
အဘွားအိုမိုထံမှ ဖုန်းဖြစ်ပြီး နေ့လယ်စာ စားရန် အိမ်သို့ ပြန်လာခဲ့ဖို့ ဖိတ်ကြားခြင်းဖြစ်သည်။ မင်ယွဲ့သည်လည်း အဘွားကို မငြင်းလိုသဖြင့် အိမ်သို့ လာခဲ့မည်ဟု ကတိပေးလိုက်သည်။
မိုဟန်ကျီသည်လည်း မင်ယွဲ့၏ ဆုံးဖြတ်ချက်ကို သဘောတူကာ အိမ်ဟောင်းသို့ ဦးတည်မောင်းနှင်လိုက်တော့သည်။
အိမ်သို့ ရောက်သောအခါ ယွမ်ပေါ့သည် အရင်ဆုံး ပြေးထွက်လာသည်။
"ယွမ်ပေါ့ကလည်း မင်းကို လွမ်းနေတာ ထင် တယ်နော်”
မိုဟန်ကျီက ဆိုသည်။
မင်ယွဲ့သည် ယွမ်ပေါ့နှင့် စိတ်ချင်းဆက်သွယ် လိုက်သည်။
[ယွမ်ပေါ့... ဒီနေ့ ဘာဖြစ်လို့ ဒီလောက်တောင် ဖားနေရတာလဲ တစ်ခုခု အပြစ်လုပ်ထားတာလား]
မင်ယွဲ့က ယွမ်ပေါ့၏ အမွေးနုလေးများကို ပွတ်သပ်ရင်း မေးလိုက်သည်။ ယွမ်ပေါ့က သူမ၏ ရင်ခွင်ထဲတွင် ခေါင်းဝှက်ကာ အမြီးလေး တလှုပ်လှုပ်ဖြင့် ချွဲနေသည်။
"အဘွား... တတိယထပ်က ရှေးဟောင်းပန်းအိုးကြီး ကွဲသွားပြီ”
အိမ်ဖော်ဖြစ်သူ အန်တီချန်က လာရောက် သတင်းပို့သည်။
မင်ယွဲ့ ချက်ချင်းပင် သိလိုက်သည်။ ဤသည်မှာ သေချာပေါက် ယွမ်ပေါ့၏ လက်ချက်ပင်။
"ဘယ်လိုဖြစ်တာလဲ"
အဘွားအိုမိုက မေးလိုက်သည်။
ယွမ်ပေါ့က သူမ၏ အပြစ်ကို ဝန်ခံသည့်အနေဖြင့်
- 【ယွဲ့ယွဲ့... ကျွန်တော် မှားသွားပါတယ် မနက်က ငှက်တစ်ကောင် ဝင်လာလို့ လိုက်ဖမ်းရင်းနဲ့ တိုက်မိသွားတာပါ ကျွန်တော့်မှာ ရှိတဲ့အမှတ် တွေနဲ့ စနစ်စတိုးဆိုင်ကနေ တစ်လုံး ပြန်ဝယ်ပေးပါ့မယ်】
အဘွားအိုမိုမှာမူ ယွမ်ပေါ့ကို စိတ်မဆိုးရုံတင်မကဘဲ -
“ယွဲ့ယွဲ့ရယ်... ပန်းအိုးတစ်လုံးတည်းပါ၊ တန်ဖိုးရှိလှတာ မဟုတ်ပါဘူး ယွမ်ပေါ့လေးကို ဒီလိုကြီး ကိုင်ထားရင် သူမလေး ပင်ပန်းနေပါဦးမယ်”
ဟု ပြောကာ ယွမ်ပေါ့ကို ရင်ခွင်ထဲသို့ ပွေ့ယူလိုက်သည်။
မင်ယွဲ့မှာ ဆွံ့အသွားရသည်။
သန်းနှင့်ချီတန်သည့် ပန်းအိုးကို ခွဲလိုက်သော်လည်း မည်သူမျှ စိတ်မဆိုးကြပေ။ အန်တီချန်က ထိုပန်းအိုးကွဲကို အိမ်ယူသွားကာ ပြန်ဆက်ပြီး ပန်းထိုးရန် တောင်းဆိုသဖြင့် အဘွားကလည်း ပေးလိုက်သည်။
နေ့လယ်စာ စားပြီးနောက် မိုဟန်ကျီမှာ အလုပ်သို့ ပြန်သွားရသော်လည်း မင်ယွဲ့မှာမူ အဘွားနှင့် အန်တီတို့နှင့် စကားစမြည်ပြောရင်း ကျန်ရစ်ခဲ့သည်။ ထိုစဉ် မမျှော်လင့်ဘဲ ဧည့်သည်အချို့ ရောက်ရှိလာကြသည်။
"မရီး... ဟန်ကျီ အိမ်မှာ မရှိဘူးလား”
အမျိုးသမီးတစ်ဦးနှင့် လူငယ်နှစ်ဦး ဝင်လာကြသည်။ သူတို့၏ အပြုအမူအရ မိုမိသားစုနှင့် တော်စပ်သူများဖြစ်ကြောင်း မင်ယွဲ့ သိလိုက် သည်။
"ကျိုးကျွမ်း ရောက်လာတာလား ဘာကိစ္စရှိလို့လဲ”
အဘွားအိုမိုက အေးစက်စက်ပင် မေးလိုက်သည်။
သူတို့သည် မိုမိသားစု၏ ဆွေမျိုးအဝေးများ ဖြစ်ကြသော်လည်း မိုမိသားစု၏ ဂုဏ်ဒြပ်ကို အသုံးချကာ အပြင်လောကတွင် ဗိုလ်ကျတတ် သူများ ဖြစ်ကြသည်။
ထိုအမျိုးသမီးသည် သူမ၏ မြေးဖြစ်သူ 'အာရွန်း' ကို မိုဟန်ကျီ၏ ကုမ္ပဏီတွင် အလုပ်သွင်းပေးရန် လာရောက် တောင်းဆိုခြင်း ဖြစ်သည်။
"ဒါကိုတော့ ဟန်ကျီကိုပဲ မေးကြည့်ပါ ငါကတော့ ကုမ္ပဏီကိစ္စတွေကို ဝင်မပြောဘူး”
အဘွားက ပြတ်ပြတ်သားသားပင် ငြင်းလိုက် သည်။
ထိုအမျိုးသမီးမှာ အလျှော့မပေးဘဲ အဘွားကို ဆက်လက် ဖားယားနေစဉ်၊ မင်ယွဲ့ကို တွေ့သွားပြီး -
“မရီး... ဒါက ဘယ်သူလဲ"
ဟု မေးလိုက်သည်။
သူမ၏ အကြည့်များမှာ မင်ယွဲ့ကို အထက်စီးမှ အကဲခတ်နေသည့်အလား ရိုင်းစိုင်းလှသည်။
"အဘွား... သူမက ဟန်ကျီရဲ့ ချစ်သူ ထင်တယ်”
လိုက်ပါလာသည့် မိန်းကလေး ရှောင်လင်းက ဆိုသည်။
ရှောင်လင်းသည် မိုဟန်ကျီကို အလွန် လေးစားအားကျသူ ဖြစ်သည်။ သူမ၏ အစ်ကိုဝမ်းကွဲတွင် ဤမျှ လှပသော ချစ်သူရှိနေသည်ကို မြင် သောအခါ အံ့အားသင့်သွားမိသည်။
သို့သော် ထိုသူတို့သည် မိုမိသားစု၏ အဓိက အသိုင်းအဝိုင်းထဲမှ မဟုတ်သဖြင့်၊ မင်ယွဲ့သည် ဟယ်အဘိုးအို၏ မွေးနေ့ပွဲတွင် မည်မျှ ထွန်းတောက်ခဲ့သည်ကို မသိရှိကြသေးပေ။
အခန်း (၃၆၈) ဧည့်သည်များ ရောက်ရှိလာခြင်း
ရှောင်လင်းသည် သူမအား "အစ်မ" ဟု ချိုသာစွာ ခေါ်ဝေါ်နေသော်လည်း၊ သူမ၏ မျက်ဝန်းအစုံ၌ ရိပ်ခနဲ ဖြတ်ပြေးသွားသော မလိုတမာစိတ်ကို မင်ယွဲ့ သတိထားမိလိုက်သည်။
အကြောင်းပြချက် မရှိဘဲ သူမအား ကြည့်မရဖြစ်နေသူ နောက်တစ်ယောက် တိုးလာပြန်လေပြီ။
သို့သော်လည်း သူမသည် လူတိုင်းနှစ်သက်သည့် ငွေစက္ကူတစ်ရွက် မဟုတ်သကဲ့သို့၊ လူတိုင်း၏ အကြိုက်ကို လိုက်ရန်လည်း မလိုအပ်ပေ။
"သူမက ဟန်ကျီရဲ့ 'ချစ်သူ' လေ~"
ထိုအမျိုးသမီးကြီးသည် "ချစ်သူ" ဆိုသည့် စကားလုံးကို တမင်တကာ ဆွဲဆိုလိုက်သည်။
၎င်းမှာ "ချစ်သူအဆင့်ပဲ ရှိသေးတာကို ဘာလို့ အိမ်ဟောင်းအထိ တကူးတက လာနေရတာလဲ" ဟု သရော်လိုက်ခြင်းပင်။
မင်ယွဲ့သည် သူမ၏အနားတွင် အမြဲရှိနေတတ်သည့် ယွမ်ပေါ့ကို စမ်းကြည့်မိသော်လည်း ဘာမှမတွေ့သဖြင့်၊ ယွမ်ပေါ့မှာ အဘွားအိုမိုနှင့်အတူ ရှိနေသည်ကို သတိရသွားသည်။
"ယွဲ့ယွဲ့... ဒီမှာ လူကြီးတွေနဲ့ ထိုင်နေရတာ ပျင်းနေပြီမလား ဟန်ကျီရဲ့ အခန်းထဲမှာ သွားနားလိုက်လေ”
အဘွားအိုမို၏ စကားကြောင့် ထိုနေရာတွင် ရှိနေသူအားလုံး၏ မျက်နှာရိပ်မျက်နှာကဲများ ရုတ် ချည်း ပြောင်းလဲသွားကြသည်။
"ဟုတ်ကဲ့ အဘွား၊ တစ်ခုခုလိုရင် ကျွန်မကို ခေါ်လိုက်ပါဦးနော်”
မင်ယွဲ့သည် အဘွားအိုမိုက သူမဘက်မှ မားမားမတ်မတ် ရပ်တည်ပေးနေခြင်းဖြစ်ကြောင်း နားလည်လိုက်သည်။
မိုမိသားစုအိမ်တွင် သူမအတွက် သီးသန့် အိပ်ခန်းတစ်ခန်း ပြင်ဆင်ပေးထားသော်လည်း၊ ယခုမူ အဘွားက ဟန်ကျီ၏ အိပ်ခန်းသို့ပင် သွားခိုင်းလိုက်သည်။
ဤသည်မှာ မင်ယွဲ့သည် သူမကိုယ်တိုင် ရွေးချယ်ထားသည့် မြေးချွေးမလောင်း ဖြစ်ကြောင်းကို ထိုသူများအား အသိပေးလိုက် ခြင်းပင် ဖြစ်သည်။
မိုလင်းသည် သူမ အကြည်ညိုဆုံးဖြစ်သော အစ်ကိုဝမ်းကွဲ၏ အိပ်ခန်းတံခါးကို မင်ယွဲ့ အလွယ်တကူ တွန်းဖွင့်ဝင်သွားသည်ကို ကြည့်ရင်း ရင်ထဲ၌ မနာလိုမှုများ ပြင်းထန်စွာ ဝေဒနာဖြစ်လာရသည်။
သူမသည် ဤအိမ်သို့ အကြိမ်ကြိမ် ရောက်ဖူးသော်လည်း ထိုအခန်းထဲသို့ ခြေတစ်လှမ်းပင် မချဖူးချေ။ ယခုမူ အမည်မသိ မိန်းကလေးတစ်ဦးက အလွန်လွယ်ကူစွာ ဝင်ရောက်သွားနိုင်သည် မဟုတ်ပါလား။
"အဘွား... ကျွန်တော်က ဟန်ကျီကို အမြဲတမ်း အားကျခဲ့တာပါ သူက ကျွန်တော်တို့ မျိုးဆက် သစ်တွေအတွက် စံပြပုဂ္ဂိုလ်တစ်ယောက်ပဲ သူ့ဆီကနေ ပညာသင်ယူနိုင်ဖို့ ကျွန်တော့်ကို ကုမ္ပဏီမှာ အလုပ်လုပ်ခွင့်ပြုပါဦး”
မိုရွန်း သည် အပေါ်ယံကြည့်လျှင် ယဉ်ကျေးသိမ်မွေ့ပုံရသော်လည်း၊ ဝါးပင်ပုပ်မှ ဝါးညှောက်ကောင်း ထွက်နိုင်ပါ့မလားဟု မင်ယွဲ့ တွေးတောနေမိသည်။
အဘွားအိုမိုသည် တည်ငြိမ်စွာပင် ဆက်လက် စောင့်ကြည့်နေသည်။ ကျန်းမိသားစုမှ ကလေးသည် သူမ၏ မြေးဖြစ်သူအနားတွင် ရှိနေသည်မှာ မှန်သော်လည်း၊ မိုရွန်းနှင့်မူ အခြေအနေချင်း လုံးဝ မတူပေ။ သူမသည် ယုံကြည်စိတ်ချရသူမှလွဲ၍ မည်သူ့ကိုမျှ ကုမ္ပဏီအတွင်းသို့ အလွယ်တကူ လက်ခံမည်မဟုတ်။
အရေးကြီးသည့် အချက်တစ်ခုမှာ အဘွားအိုမိုသည် ကုမ္ပဏီကိစ္စများကို စွက်ဖက်ခြင်း မပြုတော့သည်မှာ ကြာပြီဖြစ်သည်။ ဧကရာဇ်တစ်ပါးတွင် သူ့နန်းတွင်းနှင့်သူ ရှိစမြဲပင်။
ရှင်းယောင်းလုပ်ငန်းစုသည် ယခုအခါ ဟန်ကျီ၏ လက်ထဲတွင် ရှိနေပြီး၊ သူမပိုင်ဆိုင်သည့် ရှယ်ယာများသည်လည်း နောက်ဆုံးတွင် သူမ၏ သားသမီးများဆီသို့သာ ရောက်ရှိသွားမည်ဖြစ်ရာ သူမ ဝင်ရောက် မရှုပ်ရှက်လိုပေ။
မင်ယွဲ့သည် မိုဟန်ကျီ၏ အခန်းထဲသို့ ရောက်ဖူးသော်လည်း၊ တစ်ဦးတည်း ရှိနေခြင်းမှာ ဤသည်မှာ ပထမဆုံးပင်။
သူမသည် သူ၏ လူနေမှုဘဝ အငွေ့အသက်များ ပြည့်နှက်နေသည့် အခန်းလေးကို လှည့်ပတ်ကြည့်ရှုရင်း၊ သူ၏ ရနံ့များက သူမကို ဝန်းရံထားသကဲ့သို့ ခံစားရသည်။
သူမသည် ဆိုဖာပေါ်တွင် အသာအယာ ထိုင်လိုက်ပြီး၊ အခန်း၏ မြင်ကွင်းကို ဓာတ်ပုံရိုက်ကာ မိုဟန်ကျီထံ ပို့လိုက်သည်။
"ဒါ ဘယ်နေရာလဲဆိုတာ ခန့်မှန်းကြည့်ပါဦး”
မိုဟန်ကျီသည် ဓာတ်ပုံကို မြင်လိုက်သည်နှင့် သူ၏ အိပ်ခန်းဖြစ်ကြောင်း ချက်ချင်း သိလိုက် သည်။
"ယွဲ့ယွဲ့ ပင်ပန်းနေပြီလား ခဏလောက် အိပ်ပြီး နားလိုက်နော် ကိုယ် အလုပ်ပြီးတာနဲ့ ပြန်လာခဲ့မယ်၊ ညကျရင် အတူတူ ညစာ စားကြတာပေါ့”
ထိုစကားကို ပြောနေစဉ်မှာပင် မိုဟန်ကျီသည် မိမိကိုယ်မိမိ ပြောင်းလဲသွားပြီဖြစ်ကြောင်း ခံစားလိုက်ရသည်။
အလုပ်စလုပ်ကာရှိသေးသော်လည်း သူသည် အလုပ်ဆင်းမည့်အချိန်ကိုသာ မျှော်လင့်နေမိလေပြီ။
"ဟုတ်ကဲ့၊ အောက်ထပ်မှာ ဧည့်သည်တွေ ရောက်နေလို့ အဘွားက ရှင့်အခန်းမှာ သွားနားခိုင်းတာ”
သူမ သူ၏ အခန်းထဲသို့ ဝင်ခြင်းအပေါ် မိုဟန်ကျီက မည်သို့မျှ သံသယမရှိဘဲ ခွင့်ပြုသည့်အတွက် မင်ယွဲ့ အနည်းငယ် အံ့သြသွားမိသည်။
သူတို့နှစ်ဦးစလုံးသည် ဉာဏ်ရည်မြင့်မားသူများ ဖြစ်ကြသည်။ မင်ယွဲ့၏ စကားကို ကြားလိုက်သည်နှင့် မိုဟန်ကျီ၏ မျက်ဝန်းများ အေးစက်သွားသည်။
အိမ်တွင် မင်ယွဲ့အတွက် သီးသန့်နားနေရန် အခန်းရှိပါလျက်နှင့် အဘွားက သူ၏ အိပ်ခန်းသို့ ပို့လိုက်သည်ဆိုခြင်းမှာ ယနေ့ရောက်လာသည့် ဧည့်သည်များသည် မင်ယွဲ့အပေါ် စိတ်ရင်းမမှန်ကြောင်း သူ သဘောပေါက်လိုက်သည်။
အောက်ထပ်တွင်မူ အဘွားအိုမိုသည် အသက်အရွယ်ကြောင့် လူပင်ပန်းလာသဖြင့် ဆက်လက် ထိုင်မနေချင်တော့ပေ။
သို့သော် တစ်ဖက်လူမှာမူ မိုရွန်းအား ရှင်းယောင် လုပ်ငန်းစုသို့ သွတ်သွင်းရန် ဇွဲမလျှော့ဘဲ ရှိနေသည်။
"ဟန်ကျီက အခုတောင် အလုပ်တွေ အရမ်းများနေတာ၊ ကျန်းယိ တစ်ယောက်တည်းနဲ့တင် သူ တော်တော် ပင်ပန်းနေရှာပြီ မင်းကို သင်ပေးဖို့ အချိန်ရှိမှာ မဟုတ်ဘူး”
အဘွားအိုမိုက ထပ်မံ ငြင်းဆိုလိုက်သော်လည်း ထိုအမျိုးသမီးမှာ အလျှော့မပေးဘဲ -
"မရီးကလည်း ဘာတွေ ပြောနေတာလဲ ကျွန်မတို့က ဘယ်လောက် တော်စပ်လဲ၊ ကျန်းယိက ဘယ်သူမို့လို့လဲ ဟန်ကျီကို သူ့ကိုပဲ အလုပ်က ထုတ်ခိုင်းလိုက်လေ ကျွန်မတို့က မိသားစုဝင်တွေပဲ၊ နောက်ဆို အာရွန်းက ဟန်ကျီကို ကူညီပေးနိုင်မှာပါ”
ထိုအမျိုးသမီးကြီးသည် တကယ်ပင် နားမလည်ခြင်းလော၊ သို့မဟုတ် နားမလည်ဟန် ဆောင်နေခြင်းလော မသိရဘဲ၊ ဆွေမျိုးတော်စပ်မှုကိုသာ ထပ်ခါတလဲလဲ ပြောဆိုနေသည်။
မင်ယွဲ့သည် ရေဆင်းသောက်ရန် အောက်သို့ ဆင်းလာစဉ် ဤစကားဝိုင်းကို ကြားလိုက်ရသည်။
ကျန်းယိအား အသုံးမကျသူတစ်ဦးကဲ့သို့ စိတ်ကြိုက် ခိုင်းစေနိုင်သည်ဟု ပြောဆိုနေခြင်းမှာ သူမအတွက် အလွန်ပင် နားခါးလှသည်။
"အဘွား... အဲဒီစကားကို ကျန်းယိရဲ့ ရှေ့မှာရော ပြောရဲသလား လူဆိုတာ ကိုယ့်နေရာကိုယ် သိသင့်တယ်၊ အခြေအနေကို နားလည်ဖို့လည်း လိုပါတယ် သူတစ်ပါးက မျက်နှာသာပေးထားရင်လည်း အလိုက်သိတတ်ရမယ်၊ အခွင့်အရေးကို အလွဲသုံးစား မလုပ်သင့်ဘူး”
မင်ယွဲ့၏ စကားများမှာ ပြတ်သားလွန်းလှသည်။
မိုရွန်းအား ရှင်းယောင်သို့ ဝင်ခိုင်းပြီး သူမ၏ မြေးမှာ အဖိုးတန်သူဖြစ်ကြောင်း ဟန်ဆောင်နေခြင်းမှာ တကယ်ပင် ရယ်စရာကောင်းလှသည်။ ကျန်းယိသည် ကျန်းမိသားစု၏ အဖွဲ့ဝင်တစ်ဦးဖြစ်သည်။ အကယ်၍ ထိုအမျိုးသမီးတွင် သတ္တိရှိလျှင် ကျန်းမိသားစုထံသို့သာ သွားရောက် ပြောဆိုသင့်သည် မဟုတ်ပါလား။
ဧည့်သည်တစ်ဦးအနေဖြင့် မင်ယွဲ့သည် ဤကဲ့သို့ ဝင်မပြောသင့်သော်လည်း၊ အဘွားအိုမိုမှာ သိသိသာသာ ပင်ပန်းနေသည်ကို မြင်ရပြီး၊ ထိုသူများမှာ အားမနာတမ်း စော်ကားမော်ကား ပြောဆိုနေကြသဖြင့် သူမ ဝင်ရောက် တားဆီးလိုက်ခြင်းပင်။
"အဘွား... ကျွန်မ အဘွားကို အပေါ်ထပ် လိုက်ပို့ပေးပါရစေ”
သူမသည် ရေခွက်ကို ချလိုက်ပြီး အဘွားအိုမို၏ လက်ကို အသာအယာ ဆွဲကာ ပြောလိုက်သည်။
"နင်... နင်က ဒီမှာ စကားပြောခွင့် ရှိလို့လား မရီး... ကြည့်ပါဦး၊ အိမ်ထဲတောင် မဝင်ရသေးဘူး၊ လူကြီးတွေကို ဒီလောက် မလေးမစား လုပ်နေတာ နောက်ဆိုရင် ဘယ်လိုဖြစ်မလဲ ဟန်ကျီကရော ဒါကို ဒီအတိုင်း ကြည့်နေမှာလားဎ
မင်ယွဲ့ အပြောခံရသည်ကို မြင်သောအခါ မိုလင်းသည် ကျေနပ်သွားပြီး၊ အဘွားအိုမိုကလည်း မင်ယွဲ့ကို ဆူပူလိမ့်မည်ဟု မျှော်လင့်နေသည်။
သို့သော် သူမ မှားသွားလေပြီ။ အဘွားအိုမိုသည် သူတို့ကဲ့သို့သော သူများအတွက်နှင့် မင်ယွဲ့ကို မည်သည့်အခါမျှ ဆူမည်မဟုတ်ပေ။
'နင်တို့က ဘယ်သူမို့လို့ လူကြီးလို့ ကိုယ့်ကိုယ် ကိုယ် သတ်မှတ်နေတာလဲ'
အဘွားအိုမို၏ မျက်နှာမှာ အေးစက်စက် ဖြစ်သွားပြီး၊ ဆူညံစွာ ပြောဆိုနေသော ထိုအမျိုးသမီး၏ အသံမှာလည်း တဖြည်းဖြည်း တိတ်သွားတော့သည်။
"မရီး... ဒါက ဘာသဘောလဲ”
ပြင်ပလူတစ်ယောက်ကြောင့် အဘွားအိုမိုက သူတို့အပေါ် မျက်နှာလွှဲသွားလိမ့်မည်ဟု သူမ လုံးဝ ထင်မထားခဲ့ပေ။
"ငါ့စကားက ရှင်းပါတယ် ယွဲ့ယွဲ့နဲ့ နှိုင်းယှဉ်ရင် နင်တို့ကသာ ပြင်ပလူတွေပါ ယွဲ့ယွဲ့က နောင်တစ်ချိန်မှာ မိုမိသားစုရဲ့ အိမ်ရှင်မ ဖြစ်လာမယ့်သူ၊ နင်တို့လို ဆွေမျိုးတွေကတော့ ငါတို့ အလိုရှိတဲ့အခါ ခေါ်ယူနိုင်ပြီး၊ အလိုမရှိတဲ့အခါ ဘာမှမဟုတ်တော့တဲ့ သူတွေပဲ”
အဘွားအိုမိုသည် အမြဲတမ်း သိက္ခာရှိစွာ နေထိုင်သူဖြစ်သော်လည်း၊ ယခုမူ ထိုသူများကို လူရှေ့တွင် အရှက်ရစေရန် ပြတ်သားစွာ ပြောဆိုလိုက်ခြင်းပင်။
ထိုသူသုံးဦးစလုံး၏ မျက်နှာများမှာ ရုတ်ချည်း ပျက်ယွင်းသွားကြပြီး၊ မိုရွန်းတစ်ယောက်သာ အတတ်နိုင်ဆုံး တည်ငြိမ်အောင် ထိန်းထားနိုင်တော့သည်။
အခန်း (၃၆၉) ဧည့်သည်ကို ပြန်လည်ပို့ဆောင် ခြင်း
မိုလင်း၏ မျက်ဝန်းအစုံ၌ ဖုံးကွယ်မထားနိုင်သော ဒေါသရိပ်များ ထင်ဟပ်လျက် မင်ယွဲ့ကို စိုက်ကြည့်နေသည်။
ထိုမုန်းတီးမှုမှာ မင်ယွဲ့အတွက်မူ အလွန်ပင် ထူးဆန်းလှ၏။ သူတို့နှစ်ဦးမှာ တစ်ကြိမ်တစ်ခါမျှပင် ဆုံဖူးသူများ မဟုတ်ပါဘဲနှင့် အဘယ်ကြောင့် ဤမျှ ရန်ငြိုးဖွဲ့နေရသနည်း။
'မိုလင်းက မိုဟန်ကျီကို စိတ်ဝင်စားနေတာများလား' ဟုပင် မင်ယွဲ့ တွေးတောမိသွားသည်။
သူတို့သည် သွေးသားရင်းချာ မောင်နှမများ မဟုတ်ကြသော်လည်း ဆွေမျိုးတော်စပ်မှု ရှိနေသည်မှာ အမှန်ပင်။
အကယ်၍သာ ထိုသို့ဖြစ်ခဲ့လျှင် ဤသည်မှာ ကိုယ်ကျင့်သိက္ခာပိုင်းဆိုင်ရာ ဖောက်ဖျက်မှုတစ်ခုသာ ဖြစ်ပေလိမ့်မည်။ မင်ယွဲ့သည် မိုလင်းကို စပ်စုလိုသော အကြည့်များဖြင့် ပြန်လည်ကြည့်ရှုနေမိသော်လည်း မိမိကိုယ်မိမိမူ သတိမထားမိပေ။
မိုလင်းကမူ မင်ယွဲ့အား ရောဂါတစ်ခုခု ရှိနေသလားဟုပင် ထင်မှတ်သွားကာ 'ဒါက ဘယ်လို အကြည့်မျိုးလဲ' ဟု စိတ်ထဲက မကျေမချမ်း ဖြစ်နေတော့သည်။
"အဘွား... စိတ်မရှိပါနဲ့နော် ကျွန်တော့်အဖွားက စကားပြော မတတ်လို့ပါ အဘွားတို့က ခင်မင်လာတာ နှစ်ပေါင်းများစွာ ရှိနေပြီပဲ၊ သူမရဲ့ စရိုက်ကို အဘွား သိသားပဲ စိတ်ထဲရှိတာကို ပြောလိုက်ပေမဲ့ မကောင်းတဲ့ ရည်ရွယ်ချက် မရှိပါဘူး သူမကိုယ်စား ကျွန်တော် အဘွားနဲ့ မစ္စမင်ကို တောင်းပန်ပါတယ်ခင်ဗျာ”
မိုရွန်းသည် အုပ်စုထဲတွင် အပါးနပ်ဆုံးဖြစ်ရာ စကားအနည်းငယ်ဖြင့်ပင် အခြေအနေကို ဖုံးဖိရန် ကြိုးစားလိုက်သည်။
"မလိုပါဘူး၊ နင်တို့ ပြန်ကြတော့ ငါ ပင်ပန်းနေပြီ”
အဘွားအိုမိုသည် မင်ယွဲ့၏လက်ကို အားပြုကာ ထရပ်လိုက်ပြီး အပေါ်ထပ်သို့ တက်ရန် ပြင်ဆင်လိုက်တော့သည်။
"မစ္စမင်... တကယ်ပဲ စိတ်မရှိပါနဲ့ ကျွန်တော့် အဖွားကိုယ်စား တောင်းပန်ပါတယ် ခွင့်လွှတ်ပေးဖို့ မျှော်လင့်ပါတယ်ဗျာ”
အဘွားအိုမိုထံမှ အခွင့်အရေး မရနိုင်တော့ကြောင်း သိသာသွားသဖြင့် မိုရွန်းသည် မင်ယွဲ့ဘက်သို့ လှည့်ကာ ချဉ်းကပ်လာခြင်းဖြစ်သည်။
"မလိုပါဘူး၊ နောင်လည်း ကျွန်မတို့ကြားမှာ ဆက်ဆံရေး ရှိလာမှာ မဟုတ်ပါဘူး”
မင်ယွဲ့က အေးစက်စွာပင် လျစ်လျူရှုလိုက် သည်။
"အန်တီချန်... ဧည့်သည်တွေကို ပြန်ပို့လိုက်ပါဦး”
အဘွားအိုမို၏ အမိန့်သံအဆုံးတွင် အနား၌ အသင့်ရှိနေသော အန်တီချန်က ရှေ့သို့ တက်လာပြီး ဧည့်သည်များကို ပြန်လည်ပို့ဆောင်ရန် ပြင်လိုက်သည်။
ထိုအခါမှ ထိုအမျိုးသမီးကြီးမှာ တအင်းအင်း တအားအားဖြင့် ဒေါသတကြီး ထွက်ခွာသွားတော့သည်။
"အာရွန်း... နင်ကတော့ မျှော်လင့်ချက်ကို အကောင်အထည်ဖော်ရမယ်နော် မိုဟန်ကျီ လုပ် နိုင်တာမှန်သမျှ နင်လည်း လုပ်နိုင်ရမယ်”
နိုင်ငံခြားမှ ပညာသင်ပြန်လာသော သူမ၏ မြေးကြီးအပေါ် သူမက မျှော်လင့်ချက်ကြီးစွာ ထားရှိနေခြင်းဖြစ်သည်။
မိုရွန်း၏ မျက်နှာတွင်မူ ဖတ်ရခက်သော အရိပ်အယောင်များ ယှက်သန်းနေ၏။ ရှင်းယောင် လုပ်ငန်းစုကြီးကို ပိုင်ဆိုင်သော မိုဟန်ကျီကို သူက မည်သို့မှီနိုင်ပါမည်နည်း။ သူ၏ စိတ်ထဲတွင်မူ မိမိတို့၏ ဘိုးဘေးများ ကြိုးစားမှု အားနည်းခဲ့ခြင်းကြောင့်သာ ယခုကဲ့သို့ အဆင့်အတန်း ကွာခြားနေရသည်ဟု အပြစ်တင်နေမိသည်။
အမှန်စင်စစ် မိုမိသားစု၌ မည်သူက အဓိက အနွယ်ဝင်ဖြစ်သည်ကို ခွဲခြားရန် ခက်ခဲလှသော်လည်း၊ မိုဟန်ကျီ၏ မျိုးဆက်မှာ တစ်စထက်တစ်စ အင်အားကြီးမားလာခဲ့သည်။
ယခုအခါ မိုမိသားစုဟု ပြောလိုက်လျှင် မိုဟန်ကျီ၏ မျိုးနွယ်စုကိုသာ လူတိုင်းက ပြေးမြင်ကြတော့သည်။ ထိုသူတို့မှာလည်း မိုဟန်ကျီ၏ အရှိန်အဝါကို မှီခိုနေကြရသူများ ဖြစ်သော်လည်း၊ အလွယ်တကူ လက်လွှတ်ရန်မူ စိတ်မကူးကြပေ။
မိုရွန်းတွင် ရည်မှန်းချက်ကြီးကြီးမားမား ရှိသော်လည်း ထိုရည်မှန်းချက်ကို အကောင်အထည်ဖော်ရန် အရည်အချင်းကမူ လုံလောက်မှု မရှိချေ။
သူသည် မိုဟန်ကျီ၏ ကုမ္ပဏီသို့ ဝင်ရောက်ကာ ရှင်းယောင် လုပ်ငန်းစု၏ လျှို့ဝှက်ချက်များကို ရယူရန်သာ စိတ်ကူးနေခြင်း ဖြစ်သည်။ သူတို့၏ ကုမ္ပဏီလေးမှာ တစ်နှစ်ပတ်လုံး ရှာသမျှ အမြတ်သည် ရှင်းယောင်း၏ တစ်နာရီစာ အမြတ်ကိုပင် မမီကြောင်း သူ ကောင်းကောင်း သိထားသည်။
"ဒါတွေ အားလုံးက အဲဒီမိန်းကလေးကြောင့်ပဲဟန်ကျီကို ဒီထက်သာတဲ့ မိန်းကလေးတစ်ယောက်နဲ့ မိတ်ဆက်ပေးလိုက်ရင် သူမ အပယ်ခံရမှာ သေချာတယ် အဲဒီကျမှ ငါတို့ရှေ့မှာ ဘယ်လောက် ဘဝင်မြင့်ဦးမလဲ ကြည့်ကြသေးတာပေါ့”
မိုလင်းကမူ မင်ယွဲ့ လမ်းဘေးရောက်သွားမည့် မြင်ကွင်းကို စိတ်ကူးယဉ်ရင်း ပြုံးပျော်နေတော့သည်။
"ဟုတ်သားပဲ၊ ငါ ဒါကို ဘာလို့ သတိမထားမိတာလဲ ကိုယ့်သခင်ရဲ့ အရှိန်အဝါကို အားကိုးပြီး ဟောင်နေတဲ့ ခွေးမလေးပါပဲ”
မိုရွန်းကမူ ထိုအမျိုးသမီးနှစ်ဦး၏ စကားကို နားထောင်ရင်း သူတို့မှာ အလွန်တရာ မိုက်မဲလှသည်ဟု မှတ်ချက်ချနေမိသည်။
မိုဟန်ကျီက သူတို့ စိတ်ကြိုက် လှည့်စား၍ရသော လူစားမျိုးဟု ထင်နေကြသည်မှာ တကယ်ပင် ရယ်စရာကောင်းလှ၏။ မိုရွန်းသည် သူ၏ ညီမဖြစ်သူ၏ ရူးကြောင်ကြောင် စကားများကို ဆက်လက် နားမထောင်ချင်သဖြင့် ချက်ချင်းပင် ထွက်ခွာသွားတော့သည်။
မင်ယွဲ့သည် အဘွားအိုမိုကို အိပ်ခန်းထဲအထိ လိုက်ပို့ပေးလိုက်သည်။
"ယွဲ့ယွဲ့ရယ်... သူတို့ကို ဂရုမစိုက်ပါနဲ့ နင်က ငါကိုယ်တိုင် ရွေးထားတဲ့ မြေးချွေးမပဲ၊ ပြင်ပလူ မဟုတ်ဘူး သူတို့ကတော့ အသက်ကြီးလာတာနဲ့အမျှ လောဘတွေလည်း ကြီးလာကြတာ”
အဘွားအိုမိုက သက်ပြင်းချရင်း ဆိုသည်။
မင်ယွဲ့သည် အဘွားကို နားခိုင်းလိုက်ပြီးနောက် မိမိအခန်းသို့ ပြန်လာခဲ့သည်။ ယွမ်ပေါ့မှာ ကုတင်ပေါ်တွင် ပက်လက်လှန်ကာ ခြေထောက်လေးများ လှုပ်ယမ်းလျက် ပျင်းနေလေသည်။
မင်ယွဲ့သည် ယွမ်ပေါ့၏ ခြေထောက်လေးကို ဆွဲကာ ဇောက်ထိုး မလိုက်ပြီး -
“နင့်မှာ အမှတ်ဘယ်လောက် ကျန်သေးလဲ"
ဟု မေးလိုက်သည်။
【အဲဒါက... ၁၀ ခုပဲ ကျန်တော့တယ်...】
ယွမ်ပေါ့က အားငယ်စွာ ပြန်ဖြေသည်။
【နင်ကတော့ တကယ်ပဲ ပိုက်ဆံဖြုန်းတတ်တာပဲ ငါပေးထားတဲ့ point တွေက နည်းတာမဟုတ်ဘူး၊ နင်ကတော့ တကယ့် ပိုက်ဆံစားတဲ့ သားရဲကြီးပဲ】
မင်ယွဲ့က လွှတ်ပေးလိုက်ရာ ယွမ်ပေါ့မှာ အိပ်ရာပေါ်သို့ ဘုတ်ခနဲ ကျသွားတော့သည်။
မင်ယွဲ့သည် စနစ်စတိုးဆိုင်မှ ရှေးဟောင်းပန်းအိုးတစ်လုံးကို ပြန်လည်ဝယ်ယူကာ မိုမိသားစုအား လျော်ကြေးပေးရန် စဉ်းစားနေမိသည်။
မွန်းလွဲ (၃) နာရီကျော် အချိန်တွင် မင်ယွဲ့သည် အိပ်ရာမှ နိုးလာခဲ့သည်။ နေရောင်ခြည် နုနုလေးမှာ ပြတင်းပေါက်မှတစ်ဆင့် အခန်းတွင်းသို့ တိုးဝင်လာပြီး၊ လေထုမှာ အနည်းငယ် အေးမြနေသည်။ သူမသည် မျက်နှာသစ်၊ သန့်စင်ပြီးနောက် အောက်ထပ်သို့ ဆင်းလာခဲ့သည်။
အဘွားအိုမိုနှင့် အန်တီချန်တို့သည် နောက်ဖေးဥယျာဉ်ထဲတွင် လမ်းလျှောက်နေကြသည်။
မင်ယွဲ့သည် ထိုမြင်ကွင်းကို ကြည့်ရင်း ရုတ်တရက် စိတ်ကူးတစ်ခု ရလာခဲ့သည်။
ဟန်ကျီ၏ မွေးနေ့အတွက် သူမ ဘာပေးရမည်ကို သိသွားလေပြီ။ သူမသည် ဟန်ကျီအတွက် ထူးခြားသည့် ပန်းချီကားတစ်ချပ်ကို ကိုယ်တိုင် ဆွဲပေးရန် ဆုံးဖြတ်လိုက်သည်။
မိုဟန်ကျီ၏ မိခင်ဖြစ်သူ ပြန်ရောက်လာသောအခါ မင်ယွဲ့အတွက် အဝတ်အစားအသစ်များ ဝယ်လာပေးသဖြင့် မင်ယွဲ့မှာ အားနာစွာဖြင့် ကျေးဇူးတင်စကား ဆိုလိုက်ရသည်။
ညနေပိုင်းတွင် မိုဟန်ကျီ အလုပ်မှ ပြန်ရောက်လာခဲ့သည်။ သူ၏ ဖခင်ဖြစ်သူ မစ္စတာမိုနှင့် ဆုံသောအခါ အပြန်အလှန် စနောက်နေကြသည်မှာ ချစ်စရာကောင်းလှသည်။
ညစာစားပြီးနောက် မင်ယွဲ့သည် အိမ်သို့ ပြန်လာခဲ့သည်။ သူမသည် မိမိ၏ သီးသန့်နယ်မြေအတွင်းသို့ ဝင်ရောက်ကာ ပန်းချီဆွဲရန် ပြင်ဆင်လိုက်တော့သည်။ ပတ္တူစကို ဖြန့်၊ ဆေးရောင်များကို စပ်ပြီးနောက် စတင် ရေးဆွဲလေတော့သည်။
မင်ယွဲ့သည် ဆီဆေးပန်းချီကို အသုံးပြုရန် ရွေးချယ်ထားသဖြင့် ဆေးရောင်များမှာ အလွန် ပင် စိုပြည်တောက်ပြောင်လှ၏။
သူမသည် ပန်းချီကား နှစ်ချပ် ရေးဆွဲရန် စီစဉ်ထားသည်။ တစ်ချပ်မှာ ဟန်ကျီ၏ တစ်ဦးတည်း ပုံတူဖြစ်ပြီး၊ အခြားတစ်ချပ်မှာ မိုမိသားစုဝင် အားလုံးပါဝင်သော မိသားစုပုံတူ ဖြစ်သည်။
မင်ယွဲ့သည် မိသားစုပုံကို အရင် စတင်လိုက် သည်။
အဘွားအိုမိုက ခရမ်းရင့်ရောင် ချောင်ဆန်းဝတ်စုံဖြင့်၊ မိခင်ဖြစ်သူက အပြာရောင် ချောင်ဆန်းဖြင့်၊ ဖခင်နှင့် ဟန်ကျီတို့က စမတ်ကျလှသော ဝတ်စုံပြည့်များဖြင့် ခန့်ညားစွာ ရှိနေကြသည်။
မင်ယွဲ့၏ လက်ရာမှာ အလွန်ပင် ပြောင်မြောက်လှရာ၊ ဝတ်စုံပေါ်ရှိ ပန်းလက်ရာများ၊ အသုံးအဆောင်ပစ္စည်းများ၏ အရောင်အဝါနှင့် ဆံနွယ်လေးများ၏ လှုပ်ရှားမှုမှာ အသက်ဝင်လှသည်။
ဆေးရောင်များမှာ တောက်ပပြီး သဟဇာတ ဖြစ်နေသကဲ့သို့၊ မိုမိသားစုဝင်များ၏ တည်နေရာနှင့် တစ်ချပ်လုံး၏ ဖွဲ့စည်းပုံမှာလည်း အပြစ်ပြောစရာ မရှိအောင် ပြည့်စုံလွန်းလှပေသည်။ ဤသည်မှာ သူမ၏ ချစ်သူအတွက် ပေးအပ်မည့် အဖိုးတန်ဆုံးသော လက်ဆောင်တစ်ခုပင် ဖြစ်တော့သည်။
အခန်း (၃၇၀) အမှန်တရားကို ထုတ်ဖော်ခြင်း
ပန်းချီကား၏ နောက်ခံကားကားကားမှာ မိုမိသားစု စံအိမ်တော်ကြီး၏ ဝင်းခြံကျယ်ကြီးပင် ဖြစ်သည်။ စိမ်းလန်းစိုပြည်သော သစ်ပင်ကြီးများ၊ ရောင်စုံဖူးပွင့်နေသည့် ပန်းခင်းများနှင့် ကြည်လင်အေးမြသော ရေကန်ငယ်လေးတို့က သဘာဝအတိုင်း တည်ရှိနေကြသည်။
ပန်းချီကားထဲရှိ မြင်ကွင်းနှင့် လူပုဂ္ဂိုလ်များသည် ရပ်တန့်နေသော်လည်း အံ့ဩဖွယ်ကောင်းလောက်အောင် သက်ဝင်လှုပ်ရှားနေသည့် အလှတရားကို ဖော်ဆောင်နေသည်။
သစ်ပင်ကြီးများသည် လေညင်းတွင် ယိမ်းနွဲ့နေသကဲ့သို့၊ ပန်းလေးများသည်လည်း ကစားခုန်စားနေကြသော မိန်းကလေးငယ်လေးများအလား ထင်မှတ်ရပြီး၊ ရေကန်ထဲမှ ရေလှိုင်းလေးများသည်လည်း လေတိုက်ခတ်မှုကြောင့် လှိုင်းကြက်ခွပ်ကလေးများ ထနေသကဲ့သို့ပင်။
မိုဟန်ကျီ၏ မျက်နှာအမူအရာမှာ သူ၏ဖခင်နှင့် ထပ်တူကျလှသော်လည်း၊ ဤပန်းချီကားထဲ၌မူ ထူးခြားစွာပင် နူးညံ့သိမ်မွေ့နေသည်။
ပန်းချီကားတစ်ချပ်လုံးမှာ သန့်ရှင်းကြည်လင်ပြီး တောက်ပသော အရောင်အသွေးများဖြင့် နွေးထွေးသည့် လေထုကို ဖန်တီးပေးထားရာ မင်ယွဲ့သည် မိမိ၏လက်ရာကို ကျေနပ်မိသည်။
ပန်းချီဆွဲပြီးစီးသောအခါ မင်ယွဲ့သည် ခန္ဓာကိုယ်ကြံ့ခိုင်သူဖြစ်သော်လည်း ခါးနှင့် ကျောပြင်မှာ အနည်းငယ် နာကျင်ကိုက်ခဲလာသည်။
သေသပ်လှပသော အသေးစိတ်အချက်အလက်များကို ရေးဆွဲရခြင်းမှာ အလွန်ပင် ပင်ပန်းလှသည် မဟုတ်ပါလား။ သူမသည် အညောင်းအညာဖြေကာ ပစ္စည်းများကိုပင် မသိမ်းဆည်းတော့ဘဲ ရေချိုးပြီး အိပ်စက်ခြင်းသို့ ဝင်ရောက်သွားခဲ့သည်။
နောက်နေ့တွင် မင်ယွဲ့သည် ကျန်းယိအား ဖုန်းဆက်ကာ ရှေးဟောင်းပစ္စည်းများ လေလံပွဲအကြောင်း မေးမြန်းလိုက်သည်။ သူမသည် အဘွားအိုမို၏ ပန်းအိုးအတွက် ယွမ်ပေါ့ကိုယ်စား လျော်ကြေးပြန်ပေးရန် စီစဉ်နေခြင်းဖြစ်သည်။
"အစ်မ... ဘာကိစ္စရှိလို့လဲ”
ကျန်းယိသည် ဒုံဟူး ဂေဟစနစ်ပန်းခြံ စီမံကိန်းခွင်သို့ ရောက်ရှိနေစဉ် မင်ယွဲ့ထံမှ ဖုန်းလက်ခံရရှိခြင်း ဖြစ်သည်။
သူသည် ဆောက်လုပ်ရေး ဆူညံသံများကြားမှ ဖယ်ခွာကာ ဘေးကင်းလုံခြုံရေးဦးထုပ်ကို ချွတ်ပြီး မင်ယွဲ့၏ အကူအညီတောင်းမှုကို နားထောင်လိုက်သည်။
တစ်ချိန်က မောက်မာရမ်းကားခဲ့သော ကျန်းမိသားစု၏ မြေးကြီးမှာ ယခုအခါ အလုပ်တွင် အာရုံစိုက်ကာ ရင့်ကျက်တည်ငြိမ်လာခဲ့လေပြီ။
မင်ယွဲ့ ကျောင်းသို့ ပြန်ရောက်သောအခါ ကျောင်းသားများကြားဝယ် ကောလာဟလများ ပျံ့နှံ့နေသည်ကို တွေ့လိုက်ရသည်။
"ယွဲ့ယွဲ့... ကျောင်းကို အခု မလာပါနဲ့ဦး”
"ယွဲ့ယွဲ့... မစ္စတာမိုက နင့်ရဲ့ချစ်သူဆိုတာ လူတိုင်း သိကုန်ကြပြီ ဘယ်သူ ပေါက်ကြားလိုက်တာလဲ မသိဘူး”
သူငယ်ချင်းများနှင့် ဆရာများထံမှ စာတိုများကို မြင်လိုက်ရသောအခါ မင်ယွဲ့သည် ကျောင်းတွင်း ကွန်ရက်ရှိ အတင်းအဖျင်းစာမျက်နှာများကို စစ်ဆေးကြည့်လိုက်သည်။
မနာလိုစိတ်ဖြင့် ရေးသားထားသော ဆဲဆိုကဲ့ရဲ့သံများမှာ နေရာအနှံ့ပင်။ သူမအား "မြှောင်မ" ဟု စွပ်စွဲသူများရှိသကဲ့သို့၊ သူမ၏ ဇိမ်ခံပစ္စည်းများနှင့် ကားများကိုလည်း အထင်အမြင်သေးစွာ ဝေဖန်နေကြသည်။
【ယွမ်ပေါ့... ဘယ်သူ လုပ်တာလဲ】
မင်ယွဲ့က စိတ်ချင်းဆက်သွယ်ကာ မေးလိုက် သည်။
ယွမ်ပေါ့၏ စုံစမ်းမှုအရ ဤကိစ္စမှာ မင်ယွဲ့၏ ယခင် အဆောင်ဖော်ဟောင်း ကျိုးရှီယန် နှင့် "ထိန်ဖေး နည်းပညာ" တို့၏ လက်ချက် ဖြစ်ကြောင်း သိလိုက်ရသည်။
ထိန်ဖေးနည်းပညာသည် လက်ရှိတွင် မိုဟန်ကျီ၏ ရှင်းယောင်းလုပ်ငန်းစုနှင့် အပြိုင်အဆိုင် ဖြစ်နေသော ကုမ္ပဏီတစ်ခုပင်။
ထိန်ဖေးနည်းပညာ၏ အကြီးအကဲ လီကော်ကျန်းမှာမူ သူ၏ အရည်အချင်းမရှိသော သားဖြစ်သူ လီယွဲ့ ကြောင့် သွေးတိုးတက်နေလေပြီ။
သူ၏သားသည် စီးပွားရေး စစ်ပွဲဆင်နွှဲရာတွင် ပုဂ္ဂိုလ်ရေးဆိုင်ရာ တိုက်ခိုက်မှုများကို အသုံးပြုခဲ့ခြင်းမှာ အလွန်ပင် မိုက်မဲသော လုပ်ရပ် ဖြစ်သည်။
"နင်က အွန်လိုင်းမှာ လူတွေကို ဆဲခိုင်းရုံနဲ့ ရှင်းယောင်းလုပ်ငန်းစုကြီးက ပြိုလဲသွားမယ် ထင်နေတာလား မိုဟန်ကျီကသာ လက်တုံ့ပြန်ရင် ငါတို့ကုမ္ပဏီပါ ပြုတ်သွားလိမ့်မယ်”
ဖခင်ဖြစ်သူက ဒေါသတကြီး ဟောက်လိုက် သည်။
မကြာမီမှာပင် မိုဟန်ကျီသည် တရားဝင် အဖြေပေးခဲ့သည်။
ရှင်းယောင်လုပ်ငန်းစု၏ Weibo အကောင့်မှတစ်ဆင့် -
“ကျွန်တော်တို့က တရားဝင် ချစ်သူတွေပါ၊ မိဘတွေနဲ့လည်း တွေ့ဆုံပြီးပါပြီ ယွဲ့ယွဲ့ကို ကျွန်တော်ကိုယ်တိုင် လိုက်ခဲ့တာဖြစ်ပြီး၊ သူမနဲ့အတူ အိုမင်းသွားဖို့ ကျွန်တော် ဆုတောင်းပါတယ်”
ဟု ရေးသားကာ မင်ယွဲ့အား ကာကွယ် ပေးလိုက်သည်။
မိုမိသားစုဝင် အားလုံးကလည်း တစ်ယောက်တစ်ပေါက် ဝင်ရောက် ထောက်ခံပေးကြသဖြင့် အွန်လိုင်းမှ ဝေဖန်သံများမှာ ရုတ်ချည်းပင် ထောက်ခံအားပေးသံများအဖြစ် ပြောင်းလဲသွားခဲ့သည်။
မင်ယွဲ့ကမူ ထိုမျှနှင့် ရပ်မနေဘဲ သူမ၏ လက်ပ်တော့ပ်ကို အသုံးပြုကာ ကျိုးရှီယန်၏ ဖုန်းအတွင်းသို့ ဝင်ရောက်လိုက်သည်။
ကျိုးရှီယန် အွန်လိုင်းတွင် ရေးသားခဲ့သော ရိုင်းစိုင်းသည့် မှတ်ချက်များ၊ အတင်းအဖျင်းများအားလုံးနှင့် ငွေကြေးအရောင်းအဝယ် မှတ်တမ်းများကို ဖော်ထုတ်လိုက်တော့သည်။
ကျောင်းတွင် ကျိုးရှီယန်သည် အတန်းပြီး၍ ဖုန်းကြည့်ကာ မင်ယွဲ့ ဒုက္ခရောက်သည်ကို မြင်လိုသော်လည်း၊ အခြေအနေမှာ သူမ ထင်မှတ်ထားသကဲ့သို့ ဖြစ်မလာခဲ့ပေ။
ကျောင်းသားများ၏ အကြည့်မှာ သူမထံသို့ ရောက်ရှိလာပြီး၊ သူမ၏ ယုတ်မာမှုများကို လူတိုင်း သိရှိသွားကြသည်။
"နင်က ဘယ်လောက်တောင် စိတ်ပုပ်လိုက်သလဲ မင်ယွဲ့က နင့်ရဲ့ အဆောင်ဖော်ဟောင်းပဲဟာကို”
"မနာလိုစိတ်ကြောင့် သူတစ်ပါးကို ဒီလောက် အထိ လုပ်ရဲတယ်နော်”
ကျိုးရှီယန်သည် ဒေါသတကြီးဖြင့် ပြန်လည်အော်ဟစ်သော်လည်း၊ သူမ၏ လုပ်ရပ်များမှာ လူ့ကျင့်ဝတ်နှင့် မညီညွတ် ကြောင်း လူတိုင်း သိမြင်သွားခဲ့လေပြီ။
သူမသည် ရှက်ရွံ့ပြီး ဒေါသထွက်ကာ ကျောင်းဝင်းထဲမှ ပြေးထွက်သွားတော့သည်။