အမှောင်ထု၏သားတော် Chapter 211 - ချောကလက်အိမ်ကလေး
Vol. 4 Ch. 211
ပထမဆုံးအနေနဲ့ အဖေ့ဖွင့်ထားတဲ့ဆိုင်ထဲ ကျွန်မခြေချလိုက်မိတဲ့ အခါမှာတော့ စကားလုံးတစ်လုံးကိုပဲ ကျွန်မပြောပြနိုင်ခဲ့ပါတယ်။ “အံ့ဩစရာကောင်းလိုက်တာ။” ဒါ့အပြင် တခြားဘာကိုမှ ကျွန်မ တွေးကြည့်လို့မရခဲ့ဘူး။
သေသေသပ်သပ်စီတန်းထားတဲ့ မုန့်ဗီရိုလေးတွေထဲမှာ ပုံစံမျိုးစုံ၊ အရောင်မျိုးစုံရှိတဲ့ ချောကလက်မုန့်အမျိုးအစားစုံလင်စွာ ပြသ ထားခဲ့ပါတယ်။ ကြက်ဥနဲ့တူတဲ့ ချောကလက်ဥလေးတွေ၊ ရိုးရိုး မြင်နေကျချောကလက်တောင့်တွေ၊ ချောကလက်ကွက်ကီး၊ အသည်းပုံချောကလက်တုံးလေးတွေ၊ ပြီးတော့ ခမ်းနားလှတဲ့ ချောကလက်ရဲတိုက်ကြီးရယ်။ တကယ်ပဲ တခြားကမ္ဘာတစ်ခုကို ရောက်သွားသလိုပါပဲ။
“ဖေဖေ၊ သမီးရဲတိုက်ကြီးကို စားကြည့်လို့ရလား....”
ကျွန်မမေးကြည့်တော့ အဖေက ကျွန်မခေါင်းကိုခေါက်လိုက်ရင်း “အဖေက နာရီနဲ့ချီပြီးပုံသွင်းထားတာကို သမီးကို ဂေါ်ဇီလာကြီးလိုမျိုး ဖျက်ဆီးပစ်တော့မလို့လား။”
“ဟီးဟီး....” ကျွန်မလည်း အရှက်ပြေပြုံးပြမိတော့တာပေါ့။
ကျွန်မအဖေက သိပ်တော်တဲ့ချောကလက်စားဖိုမှူးတစ်ယောက်ပါ။ ကမ္ဘာတစ်ခုလုံးမှာ အတော်ဆုံးပဲ။ အရသာရှိပြီး ကြည့်ရတာလှပတဲ့ ချောကလက်တွေကိုပြုလုပ်နိုင်စွမ်းရှိတယ်။ အဖေက ဝန်ထမ်း တစ်ယောက်နဲ့စကားပြောနေတုန်း ကျွန်မကတော့ ဆိုင်ထဲမှာ လျှောက်ပြီးကြည့်နေဖြစ်ခဲ့တာပေါ့။
ချောကလက်အမျှင်လေးတွေနဲ့ အမွှေးပွရုပ်လိုမျိုးဖန်တီးထားတဲ့ ဝက်ဝံချောကလက်ရုပ်ကြီးကိုလည်း ကျွန်မမြင်လိုက်ရတယ်။ ချောကလက်ပူပူတွေက ရေပန်းလိုပန်းထွက်နေတဲ့ ကန်ကြီးလည်း ရှိနေသေးတယ်။ ဒါတွေအားလုံးက ကျွန်မအဖေပြုလုပ်ထားတဲ့ မှော်ဆန်တဲ့ ချောကလက်တွေပါပဲ။
“ဟန်နာ၊ အဖေ့ဆီကို လာခဲ့။”
အဖေက ကျွန်မကိုလှမ်းခေါ်နေတာနဲ့ ဂါဝန်အနားလေးကိုဖြန့်ပြီး အဖေ့ဆီကို ကျွန်မပြေးသွားခဲ့တယ်။ အဖေက အဖြူရောင် စားဖိုမှူးဝတ်စုံဝတ်ထားပြီး အနက်ရောင်အေပရွန်ကို ရှေ့မှာ စည်းထားတယ်။ လူကောင်ထွားပေမဲ့ ကျွန်မသူ့ရင်ခွင်ထဲ ပြေးဝင်လို့ရအောင်လို့ ဆောင့်ကြောင့်ထိုင်ပြီးစောင့်နေတာ။
“ဖေဖေ၊ အဲဒီလိုချောကလက်တွေ ဘယ်လိုလုပ်ရတာလဲဟင်။”
ကျွန်မမေးလိုက်တယ်။ အဖေကတော့ ကျွန်မလက်ထဲကို ဖားပြုတ်ပုံစံ နို့ချောကလက်ခဲတစ်ခုထည့်ပေးလိုက်ရင်းနဲ့
“သမီးလည်း သင်ချင်တာလား။”
“အင်း၊ သမီးလည်း ဖေဖေ့လိိုမျိုး ချောကလက်ရုပ်ထုတွေ အများကြီးလုပ်ချင်တယ်။ သမီးက သမီးတို့နေမယ့်အိမ်လေးကို ချောကလက်တွေနဲ့ဆောက်မှာ။”
ကျွန်မစိတ်ဝင်စားတာသိတော့ အဖေက အတော်ဝမ်းသာသွားတဲ့ ပုံပါပဲ။ သူက ကျွန်မကိုချီလိုက်ပြီး ဆိုင်နောက်က စားဖိုချောင်ထဲ ခေါ်သွားပါတယ်။ အဲဒီမှာ ပုံသွင်းလို့မပြီးသေးတဲ့ ချောကလက် ရုပ်ထုတွေနဲ့ ပုံသွင်းရာမှာသုံးတဲ့ ကိရိယာတန်ဆာပလာတွေ အများကြီးကိုမြင်တွေ့နိုင်ပါတယ်။
အဖေက ကျွန်မကို ချောကလက်လုပ်တဲ့ စတီးစားပွဲကြီးတစ်ခု ရှေ့မှာ ထိုင်ခိုင်းလိုက်တယ်။ နောက်တော့ ကျွန်မကို မေးတယ်။
“ ချောကလက်အမျိုးအစား ဘယ်နှစ်မျိုးရှိလဲ သိလားသမီး။”
ကျွန်မ ခေါင်းလေးကိုစောင်းပြီး အမှန်အတိုင်းပြန်ဖြေဖြစ်တာပေါ့။ “ ချောကလက်က ချောကလက်ပဲ မဟုတ်ဘူးလား၊ ဖေဖေ။”
ကျွန်မအဖေကတော့ ဒီအဖြေမျိုးကို မျှော်လင့်ထားပြီးသားဖြစ်ပုံ ပေါ်ပြီးတော့ သိပ်အံ့ဩပုံမရပါဘူး။ အဲဒီအစား ကျွန်မကို စိတ်ရှည်ရှည်နဲ့ပြန်ဖြေပေးတယ်။
“တကယ်က ချောကလက်အမျိုးအစားတွေ အများကြီးရှိတယ် သမီးလေး။ ချောကလက်ပညာရှင်ကြီးဖြစ်ချင်ရင် အမျိုးအစား အကုန်လုံးနဲ့ အရသာတွေကိုတွဲမှတ်မိဖို့လိုတယ်နော်။ ဒီတော့ တစ်ခုချင်းစီ မြည်းကြည့်ကြမလား။”
“အွန်း...” အဖေရဲ့ပထမဆုံးသင်ခန်းစာ စပြီဆိုတာကို ကျွန်မ နားလည်လိုက်ပါတယ်။
အဖေက စားဖိုချောင်သိုလှောင်ရုံထဲကိုဝင်သွားပြီး လင်ဗန်း တစ်ခုပေါ်မှာ မတူညီကွဲပြားတဲ့ချောကလက်တောင့်မျိုးစုံကို ယူလာပြီးတော့ ပြန်လာခဲ့ပါတယ်။
“တကယ်တော့ ချောကလက်တွေအားလုံးက ကိုကိုးသီးကနေ လာတာ။ အတွင်းထဲကိုခွဲလိုက်ရင် ကိုကိုးစေ့လေးတွေ ရလာရောလေ။ အဲဒါကိုအဖေတို့က အခြောက်ခံတာတို့ လှော်တာတို့လုပ်ပြီး ကျိတ်လိုက်ရင် ကိုကိုးမှုန့်ဆိုတာရတယ်။”
အဖေက ဗန်းပေါ်က ပန်းကန်လုံးတစ်ခုထဲထည့်ထားတဲ့ အညိုရောင် အမှုန့်တချို့ကို ဇွန်းနဲ့ခပ်လိုက်ပြီး ကျွန်မကို ခွံကျွေးတယ်။
“ခါးလိုက်တာ....” ကျွန်မတစ်ကိုယ်လုံး တွန့်လိမ်သွားတာမြင်တဲ့ အခါမှာတော့ အဖေ့ဆီကနေ အခန်းထဲပဲ့တင်သံထွက်လောက်တဲ့ ရယ်သံအကျယ်ကြီး ထွက်လာလေရဲ့။
“ဟားဟားဟား... အဲဒါချောကလက်ရဲ့မူလအရသာပဲ သမီး။”
ကျွန်မကတော့ ခါးတဲ့အရသာလျှာပေါ်ကပျောက်သွားအောင်လို့ ရေနှစ်ခွက်လောက်ဆင့်သောက်ရတယ်။ အဖေကတော့ ကျွန်မလို ကလေးတစ်ယောက်အတွက်နားလည်ရခက်တဲ့စကားတွေနဲ့ ချောကလက်အကြောင်းကို ရှင်းပြနေတုန်းပဲ။
“အင်ကာတွေနဲ့ မာယာတွေက ဒီလိုချောကလက်မှုန့်တွေကို ကျိုချက်ပြီးတော့ ဟင်းခတ်အမွှေးအကြိုင်တွေထည့်ပြီး စားသုံးခဲ့ကြတာတဲ့။ ပူစပ်စပ် ခါးသက်သက်ပေါ့ကွယ်။ အသက်ရှည်ပြီး ကျန်းမာရေးနဲ့ ညီညွတ်တယ်ဆိုပဲ။
အဖေတို့အနောက်တိုင်းသားတွေကတော့ ခါးခါးကြီးမကြိုက်လို့ သကြားတို့နို့တို့ထည့်ရင်း တခြားချောကလက်အရသာတွေ ပေါ်လာတာ။”
ကျွန်မလည်း အဖေပြောသလိုပဲ တိုင်းတပါးကရှေးခေတ်လူတွေ ချောကလက်ရည်ခါးခါးကြီးကို ဘယ်လိုလျှာမျိုးနဲ့သောက်လဲ တွေးမရဘူးရယ်။
“ဒီချောကလက်ကို သူတို့အပြင်ဘယ်သူမှ မဝယ်ဘူးပေါ့နော်။”
“အဲဒီလိုမဟုတ်ဘူး၊ သမီးရဲ့။ ကိုကိုးမှုန့်က အခြေခံအကျဆုံး ချောကလက်ပဲ။ သူမရှိဘဲ တခြားဘာမှလုပ်မရတာမလို့ အရေးအကြီးဆုံးပဲ။ ကွတ်ကီးဖြစ်ဖြစ် ချောကလက်တောင့်ဖြစ်ဖြစ် သူနဲ့လုပ်ရတာ။”
“အွန်း....” ကျွန်မခေါင်းညိတ်ပြတော့ အဖေကနောက်တစ်မျိုးကို ဆက်ပြတယ်။ ကျွန်မအမြင်ဖူးဆုံးလို့ပြောရမယ့် အညိုရောင် ချောကလက်ပဲ။
“ရိုးရိုးချောကလက်လား...” ကျွန်မကမေးတော့....
“နို့ချောကလက်လို့ခေါ်တယ် သမီးလေး။ ကိုကိုးမှုန့်၊ ကိုကိုးထောပတ်၊ သကြားနဲ့နို့ပါလို့ အရသာပျော့ပြီး ချိုခါးခါးနဲ့စားလို့ကောင်းတယ်။”
ကျွန်မမြည်းကြည့်ပြီးတော့ ခေါင်းညိတ်ပြလိုက်မိတယ်။ လူတိုင်းမှတ်မိနေတဲ့ ချောကလက်အရသာဆိုတာဒါမျိုး။ အဖေကထပ်ပြီးတော့ တခြားချောကလက်တွေနဲ့လည်း မိတ်ဆက်ပြပါသေးတယ်။
“ဒီချောကလက်အဖြူလေးက ကိုကိုးမှုန့်မပါဘဲ ကိုကိုးထောပတ်နဲ့ပဲလုပ်ထားတာ။ ဒါကြောင့်ချောကလက် အရသာထက် ဗင်နီလာနဲ့ပိုနီးစပ်တယ်။”
“ပန်းရောင်ချောကလက်လေးကို ပတ္တမြားချောကလက်လို့ ခေါ်တယ်။ အချဥ်ဓာတ်ထည့်ထားတာမလို့ ဘယ်ရီအရသာ ရနေရော။”
အဲဒီနောက်ပိုင်းတော့ ကျောင်းပိတ်တဲ့အခါတိုင်း အဖေ့ဆိုင်ကို ကျွန်မလိုက်သွားဖြစ်ပါတယ်။ ဖေဖေလုပ်သမျှကို ကျွန်မလိုက် မှတ်ထားခဲ့ပြီးတော့ လွယ်တာတချို့ကိုကိုယ်တိုင်လုပ်လုပ် ဖြစ်ခဲ့ပါတယ်။
တစ်နေ့တော့ အဖေက ကျွန်မဆိုင်မှာရှိနေတုန်းမေးလာတယ်။ “သမီး၊ ဒီနေ့ဘာနေ့လဲသိလား။”
“စိန့်ဗလက်တိုင်းနေ့မဟုတ်လား။”
“ အဖေတို့အိမ်လေးကို ချောကလက်အိမ်လေးအဖြစ် ဆောက်ပြီး ပြိုင်ပွဲဝင်ကြမလား။”
အဖေက ကျွန်မကိုပိုစတာတစ်ခုပေးတယ်။ စိန်ဗလက်တိုင်း အထိမ်းအမှတ်အတွက် ကျွန်မတို့ရှိနေတဲ့မြို့လေးမှာ ချောကလက် ပြိုင်ပွဲလုပ်မှာတဲ့။
“အင်း....” ကျွန်မလည်း ခေါင်းညိတ်ပြလိုက်တယ်။ အဲဒီနောက် အဖေက ကျွန်မကို စားဖိုမှူးသေးသေးလေးလိုဝတ်စားပေးပြီး ပြိုင်ပွဲကိုခေါ်သွားတော့တာပဲ။
တကယ့်ကို ပျော်ဖို့ကောင်းခဲ့တာ။
ချောကလက်ဝေဖာတောင့်လေးတွေကို တိုင်လုံးအဖြစ်သုံးပြီး ချောကလက်အဖြူကိုနံရံအဖြစ် ကျွန်မတို့သုံးခဲ့ပါတယ်။ အဖေက အရောင်ပိုစုံစေဖို့အတွက် ရောင်စုံသကြားခဲလေးတွေကိုလည်း သုံးခဲ့သေးတယ်။ ကျွန်မကတော့ ကွတ်ကီးတွေနဲ့လိုက်ပြီး အလှဆင်ဖြစ်တာပေါ့။
အတွင်းထဲက ကျွန်မအခန်း၊ ထမင်းစားခန်းနဲ့ ဧည့်ခန်းတွေကိုပါ ကျွန်မတို့ဖန်တီးဖြစ်ခဲ့တာ။ လုံးဝရာနှုန်းပြည့်တူတဲ့ချောကလက် အိမ်ကလေးပါပဲ။
“ ဒီနှစ် ဘာလင်မြို့အတွက် ချောကလက်ပြိုင်ပွဲအနိုင်ရသွားတဲ့ ပြိုင်ပွဲဝင်ကတော့ သမီးလေးဟန်နာနဲ့မစ္စတာဟောင်းဝပ်တို့ ဖြစ်ပါတယ်။”
ကျွန်မတို့ ဆုရခဲ့တယ်။ အဖေက ဝမ်းသာမိန့်ခွန်းပြောတဲ့အချိန်မှာ ကျွန်မဘဝတစ်သက်လုံးမမေ့နိုင်မယ့် စကားတစ်ခွန်းကိုပြောခဲ့ ပါသေးတယ်။
“ ချောကလက်တွေက လူသားတွေရဲ့နှလုံးသားတံခါးကို တွန်းဖွင့်ပေးနိုင်တဲ့ သော့တံတွေလို့ ကျွန်တော်မြင်တယ်။”
...
ကျွန်မတစ်သက်လုံး အဖေ့နောက်ကိုပဲတစ်ကောက်ကောက် လိုက်နေခဲ့ပြီးတော့ ချောကလက်တွေပဲလုပ်နေဖြစ်ခဲ့တာပါ။ ဒီဘဝလေးကို ကျွန်မတန်ဖိုးထားတယ်။ ပျော်ရွှင်စရာကောင်းတဲ့ အချိန်တွေပေါ့။
ဒါပေမဲ့ တစ်နေ့ကျတော့ ကျန်းမာရေးအခြေအနေကြောင့် အဖေ ချောကလက်တွေဆက်မလုပ်နိုင်တော့ဘူး။ ကျွန်မဆိုင်ကို လက်လွှဲယူခဲ့ပြီး ကတိပေးခဲ့တယ်။
“အဖေဂုဏ်ယူရတဲ့သမီးဖြစ်စေရမယ်။”
အနားယူပြီး မကြာခင်မှာပဲ အဖေဆုံးသွားခဲ့ပါတယ်။
စိတ်ကူးထဲမှာတိုက်အိမ်ဆောက်တာက လွယ်တယ်ထင်ရပေမဲ့ အရွယ်ရောက်ပြီးမိန်းကလေးတစ်ယောက်ဖြစ်လာချိန် ဆိုင်ကို တာဝန်ယူရတဲ့အချိန်မှာတော့ ထင်ထားသလောက်မလွယ်မှန်း ကျွန်မသိလာရပါတယ်။
“ဒီဆိုင်က ချောကလက်တွေက ဒီပုံစံတွေချည်းပဲ။”
“အရသာကလည်း အရင်လိုမကောင်းတော့ဘူး။”
“ စျေးကြီးလိုက်တာ၊ ဟင်း....”
တဖြည်းဖြည်းနဲ့ ဖောက်သည်အဟောင်းတွေ ကျွန်မဆိုင်ကို မလာတော့ဘူး။ ကိုယ်ဘာများအမှားလုပ်ခဲ့မိလို့လဲဆိုပြီး ပြန်ဆန်းစစ်ခဲ့ပေမဲ့ ကျွန်မဘာမှရှာမတွေ့ခဲ့ပါဘူး။ ကျွန်မနဲ့ မျက်နှာချင်းဆိုင်က ဆိုင်ခန်းကို နိုင်ငံခြားသားတစ်ယောက်က ဝယ်သွားပြီး အဲလ်ဘတ်တိုင်းချောကလက်အရောင်းဆိုင်ကို ဖွင့်လှစ်လိုက်ချိန်မှာတော့ ကျွန်မရဲ့ဆိုင်လေးက အရည်ပျော် ကျလုနီးပါးဖြစ်သွားပါတော့တယ်။
“ဆိုင်ရှင်၊ အရင်လက လျှပ်စစ်ဘေလ်လည်း အကုန်မဆောင် ထားသေးဘူး။ ဒီအတိုင်းဆိုရင် နောက်သုံးရက်ကြာရင် မီးဖြတ်ရလိမ့်မယ်နော်။”
လျှပ်စစ်မီတာသမားရောက်လာပြီး သတိပေးတဲ့စကားကြောင့် ကျွန်မရင်ထဲ နေလို့မကောင်းတော့ဘူး။ လူတွေရှင်းနေတဲ့ ဆိုင်လေးထဲကိုတစ်ချက်ကြည့်လိုက်ပြီး မျက်နှာချင်းဆိုင်က ချစ်သူများနေ့ပရိုမိုးရှင်းလုပ်နေတဲ့ အယ်ဘတ်တိုင်းချောကလက် ဆိုင်ကိုကြည့်မိတော့ လူတွေအများကြီးရှိနေတာမြင်ရတာနဲ့ ကျွန်မဘယ်ကိုသွားပုန်းရမှန်းမသိတော့ဘူး။
ကျွီ...
ရုတ်တရက် ကျွန်မဆိုင်ရှေ့မှာ ဆိုင်ကယ်အကောင်းစားတစ်စီး လာရပ်ပါတယ်။ နီညိုရောင်သားရေဘောင်းဘီနဲ့ဂျာကင်ကို ဝတ်ဆင်ထားတဲ့ ဆံပင်တိုနဲ့မိန်းကလေးတစ်ယောက်က ဆိုင်ကယ်စီးဦးထုပ်ကိုချွတ်ပြီး ကျွန်မဆိုင်ထဲကိုဝင်လာတယ်။
“စိတ်မရှိပါနဲ့... ဒီနေရာက ဟောင်းဝပ်ချောကလက်ဆိုင်လား။”
အဲဒီမိန်းကလေးရဲ့အပြာရောင်မျက်လုံးတွေက သိပ်ပြီး တောက်ပတာပဲ။ တွန်ဘွိုင်းလိုလိုဘာလိုလိုပုံစံဖြစ်ပြီးတော့ မိန်းကလေးချင်းတောင် ပြန်ငေးကြည့်ရတဲ့အလှပိုင်ရှင်မျိုး။
“ဟုတ်... ဟုတ်ပါတယ်။ ဝယ်သူက ဘာများလိုချင်လို့ပါလဲ။”
“အရင်က မိတ်ဆွေတစ်ယောက်လက်ဆောင်ပေးလို့ ဒီဆိုင်က ချောကလက်ဝိုင်ကို မြည်းကြည့်ဖူးပြီး သဘောကျလို့ပါ။ လမ်းကြုံတာနဲ့ ထပ်သောက်ကြည့်မလားတွေးဖြစ်တာ။”
“ဟုတ်... ထိုင်ပါရှင့်။ အခုချက်ချင်းနွှေးပြီးတော့ ယူလာပေးပါ့မယ်။”
ချောကလက်ဝိုင်ဆိုတာက ပူပူလေးသောက်ရတဲ့ချောကလက် အမျိုးအစားမျိုးလေ။ အဖေက ဆေးဖြစ်ဝါးဖြစ်ဆိုပြီးတော့ အမြဲလိုလိုသောက်လေ့ရှိတယ်။ ချောကလက်နဲ့နို့ထဲကို ရှယ်ရီအရက်ဖောက်ထည့်ထားတာမျိုး။ ပျစ်ချွဲချွဲနိုင်တာမလို့ အပူပေးပြီးမြန်မြန်မသောက်ရင် စေးပိုင်သွားပြီး သောက်ချင်စရာမကောင်းတော့ဘူး။
“ရပါပြီရှင့်...” ကျွန်မအဖုံးပိတ်ထားတဲ့ ဖန်ပုလင်းကို ရုပ်ချောတဲ့ ဝယ်သူဆီကမ်းပေးတော့ အဲဒီဝယ်သူက ချက်ချင်းပုလင်းအဖုံးကို ဖွင့်လိုက်ပြီး တစ်ငုံသောက်ကြည့်တယ်။ အဲဒီနောက်မှာတော့ မျက်မှောင်ကြုတ်လိုက်ပြီး ပုလင်းကို စားပွဲပေါ်ပြန်တင်ထားပြီး ငွေရှင်းလိုက်တယ်။ နောက်တော့ ဆိုင်ရှင်ကနေထွက်သွားဖို့ ပြင်ပါတယ်။
“ဝယ်သူရှင့်၊ ပုလင်းမေ့ကျန်ခဲ့ပြီ။”
“ဒီဆိုင်က ချောကလက်ဝိုင်ဆိုတာ အဲဒီလိုမျိုးမဟုတ်ဘူး။ နင်က အတုယူဖို့မဖြစ်နိုင်တဲ့အရာတစ်ခုကို အတင်းလုပ်ယူဖို့ ကြိုးစားနေတာပဲ။”
ဘွန်း... ဘရွန်း...
အဲဒီမိန်းကလေးက ဆိုင်ကယ်ဦးထုပ်ကိုစောင်းပြီးတဲ့နောက် ကျွန်မဆိုင်ကနေ ထွက်သွားခဲ့တယ်။ ကျွန်မကတော့ အသားထဲ လက်သည်းတွေစိုက်ဝင်တဲ့အထိ ကိုယ့်လက်ကိုယ်ဆုပ်ထားမိတယ်။
“အဖေ... ကျွန်မဘာအမှားလုပ်မိလို့လဲ။ ကျွန်မချောကလက်တွေကို ဘာလို့ဘယ်သူမှ မကြိုက်ရတာလဲ။ ဒီအတိုင်းသာဆိုရင်...”
ဆိုင်ပိတ်ရမယ့်အချိန် ရောက်လာတော့မှာ။ ကျွန်မစိတ်ဓာတ် ကျသွားတယ်။ ဒါပေမဲ့ အစောပိုင်းက ဝယ်သူက ဝိုင်ပုလင်းနဲ့အတူ ပိုစတာတစ်ခုပါချန်ထားခဲ့တာ သတိထားမိပါတယ်။
“စိန့်ဗလက်တိုင်း ချောကလက်ပြိုင်ပွဲ... ဟုတ်သားပဲ... အဲဒီပြိုင်ပွဲမှာသာ ထင်နိုင်ခဲ့မယ်ဆိုရင်....”
ကျွန်မရင်ထဲမှာ မျှော်လင့်ချက်တချို့ပေါ်ပေါက်လာခဲ့တယ်။ ဒီလိုသာဆိုရင် မြို့သားတွေအားလုံးကို ကျွန်မက ခပ်ညံ့ညံ့ ချောကလက်ပညာရှင်မဟုတ်ကြောင်း သက်သေပြနိုင်မှာပဲ။ ဒါဆိုရင် ဒီဆိုင်လေးလည်း ရှေ့ဆက်နိုင်လိမ့်မယ်။