← Chapters

အခန်း (၆၁-၆၂)

Vol. 4 Ch. 61-62

အခန်း (၆၁-၆၂)

Vol. 4 Ch. 61-62

အပိုင်း (၆၁) နောက်တစ်ကြိမ်ကံစမ်းခြင်း

"ကံအရင် စမ်းလိုက်မယ်... အခုအချိန်မှာ တွေးနေလို့လည်း ဘာမှထူးလာမှာ မဟုတ်ဘူး... ပေါက်မှပဲ ဆက်လေ့လာတော့မယ်"

လင်းယွမ်သည် စိတ်ထဲရှိ သံသယများကို ခေတ္တဘေးဖယ်ထားလိုက်ကာ ကံစမ်းမဲ ဘီးကို ထပ်မံကြည့်ရှုလိုက်သည်။

သူသည် အခဏမျှ စဉ်းစားပြီးနောက် စနစ်ကို ခေါ်ယူလိုက်၏။

"အမှတ်၅၀တန် ကံစမ်းမဲဘီးကို ပြောင်းပေးပါ"

ကံစမ်းမဲဘီးမှာ အနည်းငယ် ဝေဝါးသွားပြီးနောက် ဆုလာဘ်များမှာ ချက်ချင်း ပြောင်းလဲသွားသည်။ လင်းယွမ် တစ်ချက်ကြည့်လိုက်ရာ မျက်မှောင်ကြုတ်သွားမိသည်။

၅၀ အမှတ်တန် ဘီးပေါ်ရှိ ရိက္ခာပစ္စည်းများမှာ ပေါင် ၁၁၀၀ ခန့် အဆင့်ထိ တိုးသွားသော်လည်း အရေအသွေးအမှတ် ပေါက်နိုင်ခြေမှာ တစ်ဝက်ခန့် လျော့နည်းသွားသည်။

"တစ်ကြိမ်လှည့်ရင် ၅၀မှတ် ... ငါ့မှာ အခု ၁၄၉ မှတ် ရှိတယ် ဧည့်ခန်းထဲမှာ အသက်ရှင်နေသေးတဲ့ သန္ဓေပြောင်းငါး နည်းနည်း ကျန်သေးတယ်... အဲဒါတွေကို သတ်လိုက်ရင် အမှတ် ၁၅၀ ပြည့်သွားမှာဆိုတော့ သုံးကြိမ် လှည့်လို့ရမယ်... ဒါပေမဲ့ ပေါက်နိုင်ခြေက အမှတ် ၁၀၀ တန် ဘီးရဲ့ တစ်ဝက်ပဲ ရှိတော့တယ်"

"အဓိက ပြဿနာက... ဒီတစ်ခေါက် ပေါက်မယ့် အရေအသွေးအမှတ်တွေက ကိုယ်တိုင်စိတ်ကြိုက် ပေါင်းထည့်လို့ရတဲ့ ဘုံအရေအသွေးမှတ်တွေ မဟုတ်ဘဲ ကြိုသတ်မှတ်ထားတဲ့ အမှတ်တွေ ဖြစ်နေတာပဲ"

လင်းယွမ်သည် အနည်းငယ်သာ တုံ့ဆိုင်းနေပြီးနောက် မျက်လုံးများက တည်ငြိမ်သွားကာ ၁၀၀ မှတ်တန် ဘီးသို့ ပြန်ပြောင်းလိုက်သည်။

"တစ်ချက်လောက်တော့ ရင်းကြည့်ရမှာပဲ... စနစ် အမှတ် ၁၀၀ သုံးပြီး ကံစမ်းမယ်"

ချက်ချင်းပင် ကံစမ်းမဲဘီးသည် အရှိန်အဟုန်ဖြင့် လည်ပတ်သွားကာ လက်တံသည်လည်း လျင်မြန်စွာ ရွေ့လျားသွားတော့သည်။

မကြာမီ လက်တံသည် အရှိန်လျှော့သွားပြီး အရေအသွေးအမှတ် ဧရိယာသို့ တဖြည်းဖြည်း နီးကပ်လာသည်။

လင်းယွမ်သည် ဘီးကို စိုက်ကြည့်ရင်း စိတ်ထဲမှ တတွတ်တွတ် ဆုတောင်းနေမိသည်။ "အရေအသွေးအမှတ်... အရေအသွေးအမှတ်... အရေအသွေးအမှတ်..."

ခဏအကြာတွင် လက်တံသည် ရပ်တန့်သွား၏။ သို့သော် အရေအသွေးအမှတ် ဧရိယာတွင် မဟုတ်ဘဲ... လက်နက်ပစ္စည်း ဧရိယာတွင် ဖြစ်သည်။

[ဒင်... ဂုဏ်ယူပါတယ်... သင် ဂလော့ - ၁၇ ပစ္စတိုသေနတ် တစ်လက် ပေါက်ပါတယ်]

ဘီးပေါ်ရှိ ပစ္စတိုသေနတ်ပုံရိပ်သည် သူ၏ ပစ္စည်းသိုလှောင်ခန်း ထဲသို့ အလိုအလျောက် ရောက်ရှိသွားသည်။

လင်းယွမ်မှာ အတန်ကြာ ကြောင်သွားပြီးနောက် စိတ်ပျက်သွားသလို ခံစားရသော်လည်း ချက်ချင်းပင် ပြန်လည် စိတ်လှုပ်ရှားလာသည်။

"လက်ရှိ အခြေအနေအရ ပစ္စတိုသေနတ် တစ်လက်ရဲ့ အစွမ်းက အရေအသွေးအမှတ်ထက် မနိမ့်ဘူး"

သူသည် ပစ္စည်းသိုလှောင်ခန်းထဲမှ ပစ္စတိုသေနတ်ကို ထုတ်ယူလိုက်သည်။

[ဂလော့ - ၁၇ ပစ္စတိုသေနတ်] (ကျည်အပြည့်) ကျည်ကတ်ဆံ့ပမာဏ - ၁၇ တောင့်

လင်းယွမ်သည် ကျည်ကတ်ကို ချက်ချင်း ဖြုတ်ကြည့်လိုက်ရာ တောက်ပြောင်နေသော ကျည်ဆန်များဖြင့် ပြည့်နှက်နေသည်ကို တွေ့လိုက်ရသည်။ လက်ထဲတွင် ကိုင်ထားသော သေနတ်၏ လေးလံသော အထိအတွေ့မှာ ကစားစရာ သေနတ်များနှင့် လုံးဝ ခြားနားလှသည်။

လင်းယွမ်သည် ယခင်က သေနတ်ကို တစ်ခါမျှ မကိုင်ဖူးသလို ပစ်လည်း မပစ်ဖူးပေ။

သို့သော် ဝက်သား မစားဖူးသော်လည်း ဝက်ကိုတော့ မြင်ဖူးသည်မဟုတ်ပါလား။ အင်တာနက်ပေါ်တွင် သေနတ်အကြောင်း ပြောပြသော ဗီဒီယိုများကို သူ အကြိမ်ပေါင်းများစွာ ကြည့်ဖူးသည်။

ထို့ကြောင့် သေနတ်ပစ်ရန်မှာ ခက်ခဲသော အလုပ်မဟုတ်သော်လည်း မည်သို့ တည့်အောင် ပစ်ရမည်မှာသာ အခက်အခဲ ဖြစ်သည်။

လင်းယွမ်သည် သေနတ်ပစ်လေ့ကျင့်ဖူးခြင်း မရှိသဖြင့် ပစ်မှတ်တည့်ခြင်း၊ မတည့်ခြင်းမှာ ပြောနေရန် မလိုပေ။

သို့သော် ကိစ္စမရှိ... ဤသေနတ်ကို သန္ဓေပြောင်းလူသားများကို ရင်ဆိုင်ရန်အတွက်သာ အသုံးပြုမည် ဖြစ်သည်။ သာမန်လူများကိုတော့ သူ၏ သာမန်ထက် နှစ်ဆရှိသော ခွန်အားဖြင့် အေးဆေး နှိမ်နင်းနိုင်သည်။

သန္ဓေပြောင်းလူသားနှင့် တွေ့လျှင်တောင်မှ အနီးကပ် ပစ်ခတ်မည်ဖြစ်ရာ မထိဘဲ နေလိမ့်မည်ဟု သူ မယုံကြည်ပေ။

သူသည် သေနတ်ကို ခဏမျှ စမ်းကိုင်ကြည့်ပြီးနောက် ပစ္စည်းသိုလှောင်ခန်းထဲသို့ ပြန်ထည့်လိုက်သည်။ ကျန်ရှိနေသော ၄၉ အမှတ်နှင့် ၁၀၀ အမှတ်တန် ဘီးကို ကြည့်ရင်း အနည်းငယ် နှမြောသယ ဖြစ်သွားမိသည်။

"ထားလိုက်တော့... ပစ္စတိုသေနတ် တစ်လက် ပေါက်တာလည်း မဆိုးပါဘူး... အနည်းဆုံးတော့ ငါ့ရဲ့ တိုက်ခိုက်ရေးစွမ်းရည် ခဏတဖြုတ် တိုးသွားတာပေါ့"

လင်းယွမ်သည် ကိုယ့်ကိုယ်ကိုယ် နှစ်သိမ့်လိုက်ရင်း ဧည့်ခန်းထဲရှိ သန္ဓေပြောင်းငါးများကို အကုန်သတ်ကာ သိုလှောင်ခန်းထဲ ထည့်လိုက်သည်။ သန္ဓေပြောင်းငါး (၇) ကောင်မှာ လင်းယွမ်အတွက် ၃၅ အမှတ်ခန့် ရရှိစေခဲ့သည်။

ယခုအခါ လင်းယွမ်တွင် စုစုပေါင်း ၈၄ အမှတ် ရှိသွားပြီ ဖြစ်သည်။ သူသည် အပြင်ဘက်ရှိ တင်းယန်တို့၏ အခြေအနေကို စိုးရိမ်မိသဖြင့် ထပ်မစောင့်တော့ဘဲ ချက်ချင်း ကံစမ်းရန် ဆုံးဖြတ်လိုက်သည်။

"စနစ်... ၅၀ အမှတ်တန် တစ်ကြိမ်နဲ့ ၃၀ အမှတ်တန် တစ်ကြိမ် လှည့်မယ်"

[ဒင်... ဂုဏ်ယူပါတယ်... သင် ခွန်အား မှတ် တစ်မှတ် ပေါက်ပါတယ်]

[ဒင်... ဂုဏ်ယူပါတယ်... သင် စိတ်စွမ်းအား မှတ် တစ်မှတ် ပေါက်ပါတယ်]

[သင်၏ ခန္ဓာကိုယ် အချက်အလက်များကို အဆင့်မြှင့်ပီးပါပြီ]

လင်းယွမ်မှာ နေရာတွင်တင် ကြောင်အသွားသည်။ ရုတ်တရက် ကျရောက်လာသော ကံကောင်းမှုကြီးကြောင့် သူ အလွန်အမင်း ဝမ်းသာသွားရ၏။

"ဒါ... ဒါကတော့ တကယ် မိုက်တာပဲ"

လင်းယွမ် ပြောမဆုံးသေးခင်မှာပင် ခန္ဓာကိုယ်အတွင်း စီးဆင်းလာသော ပူနွေးသည့် အရှိန်အဝါများက တစ်ကိုယ်လုံးကို လွှမ်းခြုံသွားသည်။ သူသည် အမြန်ပင် ထိုင်ချလိုက်ရ၏။ ခဏအကြာတွင် ထိုအပူရှိန်များ ပျောက်ကွယ်သွားသည်။

သူ၏ ကြွက်သားများမှာ တစ်ဆင့်တိုး၍ ကြီးထွားလာပြီး တစ်ကိုယ်လုံးတွင် ခွန်အားများ ပိုမိုပြည့်ဝလာသည်ဟု ခံစားရသည်။ သို့သော် ထိုအရာထက် ပို၍ ထူးခြားသည်မှာ သူ၏ အာရုံခံစားမှုပင် ဖြစ်သည်။

မှောင်မည်းနေသော အခန်းအတွင်း၌ သူ၏ ဦးနှောက်မှာ ပိုမိုကြည်လင်လာပြီး စဉ်းစားတွေးခေါ်မှုများမှာ ပိုမိုမြန်ဆန်လာသည်ကို တွေ့လိုက်ရသည်။ သူ၏ မျက်လုံးများမှာ ပိုမိုစူးရှလာပြီး အာရုံခံစားမှုများမှာလည်း ပိုမို ထက်မြက်လာသည်။

မူလက မှောင်မည်းနေသော အခန်းထဲတွင် ၆ ပေခွဲခန့် အတွင်းသာ ဝေဝါးစွာ မြင်ရသော်လည်း ယခုမူ ပိုမို ဝေးကွာသော နေရာများကိုပါ မြင်တွေ့နိုင်လာပြီ ဖြစ်သည်။

"ဒါက စိတ်စွမ်းအား အမှတ်ကြောင့်ပဲ"

လင်းယွမ် ချက်ချင်း နားလည်သွားသည်။ ဤပြောင်းလဲမှုများမှာ သူ၏ စိတ်စွမ်းအားအရေအသွေး တိုးလာခြင်းကြောင့် ဖြစ်သည်။

"စိတ်စွမ်းအား အမှတ်က အာရုံခံစားမှုကို တိုးစေတာလား... ငါ့ခန္ဓာကိုယ်ကို ထိန်းချုပ်နိုင်စွမ်းကလည်း ပိုပြီး ကောင်းလာသလိုပဲ"

လင်းယွမ်သည် လက်ကို ဆန့်ထုတ်ကာ လက်သီးဆုပ်လိုက်ပြီး လက်သူကြွယ် တစ်ချောင်းတည်းကိုသာ သီးသန့် မြှောက်ကြည့်လိုက်သည်။ ယခင်ကဆိုလျှင် သူသည် ဤလက်ချောင်းကို သီးသန့် လှုပ်ရှားရန် ခက်ခဲသော်လည်း ယခုမူ လက်ညှိုးကဲ့သို့ပင် လွယ်ကူချောမွေ့စွာ လှုပ်ရှားနိုင်နေပြီ ဖြစ်သည်။

လင်းယွမ်သည် အရေအသွေး ဇယားကွက်ကို ချက်ချင်း ကြည့်လိုက်၏။

အမည် - လင်းယွမ်

ခန္ဓာကိုယ်ကြံ့ခိုင်မှု - ဝ.၈

ခွန်အား - ၂.၉

အလျင် - ဝ.၈

စိတ်စွမ်းအား - ၁.၇

သန္ဓေပြောင်းလဲနှုန်း - ၃%

အမှတ် - ၄ မှတ်

ပစ္စည်းသိုလှောင်ခန်း

-----------------------

ဂလော့ - ၁၇

လောင်ကန်းမားငရုပ်ဆီ

ဖီလေမီညွန် အမဲသားကင် (၁၀)

ခေါက်ဆွဲခြောက်ထုပ် (၁၃)

၁၀ကီလို ဆန်အိပ် (၂)

တစ်ရှူးလိပ်

ဆပ်ပြာ

........

.......

......

လင်းယွမ်၏ မျက်နှာတွင် အပြုံးများ ပြည့်နှက်နေသည်။ သူသည် မတ်တတ်ရပ်ကာ ရှေ့ရှိ လက်ဖက်ရည်ဝိုင်းကို ကြည့်လိုက်သည်။

ထို့နောက် စားပွဲခြေထောက် တစ်ဖက်ကို တစ်လက်တည်းဖြင့် ကိုင်ကာ အသာလေး မလိုက်၏။ ကီလိုဂရမ် ဆယ်ဂဏန်းမျှ လေးလံသော စကျင်ကျောက်စားပွဲမှာ သူ့လက်ထဲတွင် အလွန်ပေါ့ပါးနေတော့သည်။

"သာမန်လူရဲ့ သုံးဆနီးပါးရှိတဲ့ ခွန်အားက တကယ်ကို မိုက်တာပဲ"

သူသည် တူရွင်းကို ကောက်ကိုင်လိုက်ရာ ယခင်က အနည်းငယ် လေးသည်ဟု ထင်ရသော တူရွင်းမှာ ယခုမူ ကော် တံမြက်စည်း တစ်ချောင်းကဲ့သို့ ပေါ့ပါးနေသည်။

"ငါ့ရဲ့ အခုရှိတဲ့ ခွန်အားနဲ့ဆို လျှိုအားလုံနဲ့ ပြန်တွေ့ရင် လက်သီးသုံးချက်အတွင်း သူ့ခေါင်းကို ရိုက်ခွဲပစ်နိုင်တယ်"

လင်းယွမ် ရယ်မောလိုက်ပြီး ခန္ဓာကိုယ်ကို လှုပ်ရှားကာ ရုတ်တရက် တိုးလာသော ခွန်အားသစ်များနှင့် အသားကျအောင် လုပ်လိုက်သည်။ စိတ်စွမ်းအားအမှတ် တိုးလာခြင်းကြောင့် ခွန်အားအသစ်များကို အသားကျအောင် ပြုလုပ်ရသည်မှာလည်း အလွန်မြန်ဆန်လှသည်။

"အပြင် ထွက်ကြည့်ဖို့ အချိန်တန်ပြီ... ဦးလေးမာနဲ့ ချိုင်ကြည်တို့ ဘာမှ မဖြစ်ကြပါစေနဲ့လို့ပဲ ဆုတောင်းရမှာပဲ"

သူသည် အဖွဲ့သားများကို စိတ်ပူနေသဖြင့် တူရွင်းကို ဆွဲကာ အပြင်သို့ အမြန် ထွက်လာခဲ့သည်။

လှေကားထစ်များမှာ မှောင်မည်းနေဆဲဖြစ်ပြီး ကြမ်းပြင်ပေါ်တွင် အလောင်းအချို့ လဲလျောင်းနေသည်။

၎င်းတို့မှာ ဝမ်ယန်မေ သတ်ထားခဲ့ခြင်း ဖြစ်နိုင်သည်။ ဝမ်ယန်မေတစ်ယောက် စိတ်ထိခိုက်ပြီး ရမ်းကားသတ်ဖြတ်နေတာလား၊ သို့မဟုတ် သန္ဓေပြောင်းသွားပြီးနောက် စိတ်ဖောက်ပြန်ကာ ပြင်းထန်သော တိုက်ခိုက်လိုစိတ် ဖြစ်ပေါ်လာတာလား ဆိုသည်ကိုတော့ မသိရပေ။

လင်းယွမ်က လောလောဆယ် အဖြေရှာမနေနိုင်တော့။ အလောင်းများကို ကျော်ခွပြီး ၁၄ ထပ်သို့ မော့ကြည့်လိုက်သည်။

ဝမ်ယန်မေက သူ့ကို ဒေါသတကြီး အော်ဟစ်ရှာဖွေနေသံကို ကြားနေရသေးသည်။

သူက ဂရုမစိုက်တော့ဘဲ အောက်ထပ်သို့ လျင်မြန်စွာ ဆင်းလာခဲ့သည်။

၁၂ ထပ်ကို ကျော်ဖြတ်လာရာ တစ်ယောက်မှ မရှိတော့ပေ။ လူသွားလမ်းလျှောက် စင်္ကြံတွင်လည်း လူသူကင်းမဲ့နေသည်။

အားလုံးက ဝမ်ယန်မေကို ကြောက်လန့်ပြီး ထွက်ပြေးကုန်ကြပုံရသည်။

၁၁ ထပ်သို့ ရောက်သောအခါ အခန်းနှစ်ခန်းထဲမှသာ လှုပ်ရှားသံများ ကြားနေရသည်။

လင်းယွမ်က အခန်း ၁၁၀၁ တံခါးကို ခေါက်လိုက်သည်။

အခန်းထဲမှ အသံများ ချက်ချင်း တိတ်သွားသည်။

"ဘယ်သူလဲ"

လင်းယွမ်သည် ထိုအသံကို ကြားသည်နှင့် ပြုံးလိုက်မိသည်။ "တင်းယန်... ငါပါ... လင်းယွမ်"

အခန်းထဲမှလူများ အသံကို ကြားလိုက်ရသဖြင့် ဝမ်းသာအားရ ဖြစ်သွားကြသည်။

အခန်းတံခါး ချက်ချင်း ပွင့်လာပြီး တင်းယန်က အံ့သြဝမ်းသာစွာဖြင့် "လင်းယွမ်... ရှင် ဘာမှမဖြစ်ဘူးပေါ့... မြန်မြန်... မြန်မြန် အထဲဝင်ခဲ့... ဟိုမိန်းမကြီး ဝမ်ယန်မေ့ကို သတိထားဦး"

လင်းယွမ် အခန်းထဲသို့ ဝင်လိုက်သည်နှင့် တင်းယန်က တံခါးကို လျင်မြန်စွာ ပြန်ပိတ်လိုက်သည်။

"ရှင် ဘယ်လိုဆင်းလာတာလဲ... ဟိုမိန်းမကြီး အပေါ်မှာ မရှိတော့ဘူးလား" တင်းယန်က စိုးရိမ်တကြီး မေးသည်။

လင်းယွမ်က ဧည့်ခန်းဘက်သို့ လျှောက်သွားရင်း "အပေါ်မှာ ရှိသေးတယ်... ငါ သူနဲ့ တွေ့ပြီး တိုက်ခိုက်ခဲ့သေးတယ်... ၁၄ ထပ် ဝရံတာကနေ ၁၃ ထပ်ကို ခုန်ဆင်းပြီး သူ့ကို ရှောင်လာတာ"

"ဦးလေးမာ... ခင်ဗျား ဘာဖြစ်တာလဲ"

ဧည့်ခန်းထဲတွင် ဦးလေးမာက ဆိုဖာပေါ်တွင် လဲလျောင်းနေသည်။ ရင်ဘတ်တွင် ဒဏ်ရာကြီးတစ်ခု ရထားပြီး အဝတ်ဖြင့် စည်းနှောင်ထားရသည်။

သို့သော် သွေးများက စိမ့်ထွက်နေဆဲပင်။

ဦးလေးမာ၏ မျက်နှာမှာ ဖြူဖပ်ဖြူရော် ဖြစ်နေပြီး "ဝမ်ယန်မေ ကုတ်လိုက်တာကွာ... တော်သေးတယ် တင်းယန်က ငါ့ကို ဆွဲခေါ်သွားလို့... ဒီအခန်းထဲကို အမြန်ဝင်ပုန်းလိုက်ရလို့သာပေါ့... မဟုတ်ရင် ငါ့ဘဝ ဒီမှာတင် အဆုံးသတ်ပြီ" ဟု ပြောရှာသည်။

လင်းယွမ်က အလျင်အမြန် မေးလိုက်သည်။ "ဘာတွေဖြစ်ခဲ့တာလဲဗျ... ဒါနဲ့ ကျောက်ခိုင်နဲ့ ချိုင်ကြည်ရော ဘယ်မှာလဲ"

ဆက်ရန်...

အပိုင်း (၆၂) ဦးလေးမာ ဒဏ်ရာရခြင်း

လင်းယွမ်က အခြေအနေကို အလျင်အမြန် မေးမြန်းလိုက်သည်။

ဦးလေးမာမှာ ဒဏ်ရာရထားသဖြင့် လှုပ်ရှားရန် မသင့်တော်သောကြောင့် တင်းယန်ကပင် စောစောက ဖြစ်ပျက်ခဲ့သည်များကို စတင် ပြောပြလေသည်။

"ရှင် အပေါ်တက်သွားပြီးတဲ့နောက် ကျွန်မတို့က အခွင့်ကောင်းယူပြီး အဖွဲ့ကိုလူအင်အား ထက်စုဖို့ကြံတာလေ... အခန်းပိုင်ရှင်တချို့ကို စည်းရုံးမယ်... အထူးသဖြင့် ဒဏ်ရာရထားတဲ့သူတွေကိုပေါ့"

"အဲဒီလူတွေထဲမှာ တကယ်တိုက်ရဲခိုက်ရဲတဲ့သူတွေ မနည်းဘူး"

"ပြီးတော့ ရှင်မသွားခင်မှာ တိုက်တာခိုက်တာတွေ ရပ်ပြီး လူအရင်ကယ်ဖို့ မှာခဲ့သေးတယ် မဟုတ်လား... အဲဒီလို ဒဏ်ရာရတဲ့သူတွေကို ကယ်လိုက်ရင် ရှင့်ကို ကျေးဇူးတင်ကြမှာပဲလေ... လူစုဖို့ အကောင်းဆုံး အချိန်ပဲလို့ တွေးခဲ့တာ"

"အဲဒီအချိန်တုန်းက ဦးလေးမာရယ်... အစ်ကိုချိုင်ကြည်ရယ်... ကျွန်မနဲ့ ကျောက်ခိုင်ရယ် လူတွေကို လိုက်ကယ်နေကြတုံး... ရုတ်တရက် အပေါ်ထပ်ကနေ တံခါးကို ထုခွဲတဲ့အသံကြီး ကြားလိုက်ရတယ်"

"ဘယ်လောက်မှတောင် မကြာလိုက်ဘူး... လူတွေ အလန့်တကြား အော်ဟစ်သံတွေ ထွက်လာတော့တာပဲ"

"ကျွန်မတို့လည်း ကြောင်သွားကြတယ်... ဘာဖြစ်တာလဲဆိုပြီး တက်ကြည့်မလို့ ပြင်တုန်းရှိသေးတယ်... လူအုပ်ကြီးက အလုအယက်ကို အောက်ပြေးဆင်းလာကြတာ"

"တချို့ဆို လူအုပ်ကြားညပ်ပြီး အနင်းခံရလို့ ပွဲချင်းပြီး သေတဲ့လူတောင် ရှိတယ်"

"ကျွန်မလည်း အခြေအနေ မကောင်းမှန်းသိတာနဲ့ ဒီအခန်းတံခါးကို ဖွင့်ပြီး အထဲဝင် ပုန်းနေလိုက်ရတယ်... ဒါမှ လူအုပ်နဲ့ ရောမပါသွားမှာလေ"

"အစ်ကိုချိုင်ကြည်တို့ကတော့ လူအုပ်ကြားထဲ ပါသွားပြီး ဟိုဘက် အဆောင်ကူးတဲ့ စင်္ကြံလမ်းဘက် ရောက်သွားကြတယ်"

"ဦးလေးမာက အဲဒီတုန်းက အပြင်မှာ ကျန်နေတာ... ကျွန်မ လှမ်းခေါ်ပေမယ့် သူက ရုတ်တရက်ကြောင်နေလို့ ထင်တယ်... ချက်ချင်း မတုံ့ပြန်ဘူး"

ဆိုဖာပေါ်တွင် ထိုင်နေသော ဦးလေးမာက ခါးသီးစွာ ပြုံးလိုက်ပြီး ဝင်ပြောသည်။ "လူက အသက်ကြီးလာတော့ တုံ့ပြန်မှုတွေက နှေးကွေးကုန်ပြီလေ"

တင်းယန်က ဆက်ပြောသည်။ "အောက်ထပ်ကို ပြေးဆင်းသွားတဲ့ လူတွေက 'သရဲ... သရဲဟေ့' ဆိုပြီး အော်ဟစ်ရင်း တိုးဝှေ့ပြေးနေကြတာ... ကျွန်မတို့လည်း ကြောင်အပြီး ဘာဖြစ်မှန်းကို မသိလိုက်ဘူး"

"ပြီးတော့..."

စကားပြောရင်း တင်းယန်၏ မျက်နှာပေါ်တွင် ကြောက်ရွံ့ထိတ်လန့်သော အရိပ်အယောင်များ ပေါ်လာသည်။ သူမကဲ့သို့ စိတ်ဓာတ်ကြံ့ခိုင်သော မိန်းမတစ်ယောက်ပင်လျှင် ထိုမြင်ကွင်းကို ပြန်တွေးမိတိုင်း ကြောက်လန့်နေပုံရသည်။

"ပြီးတော့ ဝမ်ယန်မေ ဆင်းလာတာကို မြင်လိုက်ရတယ်... သူလာတဲ့နှုန်းက အရမ်းမြန်လွန်းတယ်... ညအိပ်ဝတ်စုံ အဖြူရောင်ကို ဝတ်ထားပြီး ဆံပင်တွေက ဖားလျားကျလို့... တကိုယ်လုံးလည်း သွေးတွေ ရွှဲနေတာ... တကယ့်ကို ရုပ်ရှင်ထဲက သရဲမတစ်ကောင်လိုပဲ"

"သူ့လက်သည်းတွေက သင်တုန်းဓားလိုပဲ... မြန်လည်းမြန်သလို ထက်လည်း သိပ်ထက်တယ်... သူ့လက်ချက်မိတဲ့လူတွေဆို တစ်ချက်တောင် မခံနိုင်ကြဘူး... လည်ပင်းတွေ ပြတ်... ခြေတွေလက်တွေ ပြတ်ပြီး ကြမ်းပြင်တစ်ခုလုံး သွေးချင်းချင်းနီလို့..."

ဦးလေးမာကလည်း မနေနိုင်ဘဲ ဝင်ပြောလာသည်။ "တကယ်ကို မြန်တာကွ... သူ့လက်တွေက လူလက်နဲ့ကို မတူတော့ဘူး... လက်သည်းတွေက ဓားလိုဖြစ်နေတာ... လက်မောင်းတလျောက်မှာလည်း ငွေရောင် အကြေးခွံတွေ အပြည့်ပဲ"

"ငါအခန်းထဲ ဝင်ပြေးဖို့ လုပ်တော့ နည်းနည်း နောက်ကျသွားလို့ တစ်ချက် အကုတ်ခံလိုက်ရတာလေ... ရင်ဘတ်က အင်္ကျီလည်း ပြဲသွားသလို ငါ့မိန်းမ အင်္ကျီထဲ ထည့်ချုပ်ပေးထားတဲ့ သံပြားပါ ပြတ်ထွက်သွားတယ်"

ပြန်ပြောရင်း ဦးလေးမာတစ်ယောက် ကြက်သီးမွေးညင်း ထနေမိသည်။ မျက်လုံးထဲတွင်လည်း ကြောက်ရွံ့မှုများ မပြယ်သေးပေ။

လင်းယွမ်က ဝမ်ယန်မေ၏ သားရဲလက်သည်းများ မည်မျှအစွမ်းထက်ကြောင်း ကိုယ်တိုင် မြင်တွေ့ခဲ့ရဖူးသူ ဖြစ်သည့်အတွက် သူတို့ပြောစကားများကို သိပ်ပြီး အံ့ဩမနေတော့ပေ။

ဆိုင်ကယ် ဦးထုပ်ကိုတောင် အလွယ်တကူ ခွဲနိုင်သလို သံတံခါးကိုတောင် စုတ်ဖြဲပစ်နိုင်သည့် လက်သည်းများ ဖြစ်သည်။ ထိုလက်သည်းများ၏ ထက်မြက်မှုက လွန်ကဲလွန်းလှသည်။

လျှိုအားလုံသာ မသေဘဲ ရှိနေဦးမည်ဆိုလျှင်တောင် ဝမ်ယန်မေ၏ လက်သည်းချက်ကို ခံနိုင်ရည်ရှိပါ့မလားဟု လင်းယွမ် တွေးမိလိုက်သည်။

"လင်းယွမ်... ဝမ်ယန်မေက လူလား သရဲလားဟင်... သူ တကယ်ပဲ သရဲဘဝရောက်ပြီး လက်စားပြန်လာချေတာလား"

တင်းယန်က စကားအဆုံးတွင် မနေနိုင်ဘဲ တုန်လှုပ်စွာ မေးလိုက်သည်။

သူမက မည်မျှပင် သတ္တိရှိပြီး ကြံ့ခိုင်ပါစေ၊ ယခုလို သဘာဝလွန် ဖြစ်ရပ်မျိုးနှင့် ကြုံလာရသောအခါ ကြောက်လန့်မိသည်မှာ အမှန်ပင်။ အထူးသဖြင့် အမျိုးသမီး ဖြစ်နေသည့်အတွက် စိတ်အားငယ်မိသည်။

တင်းယန်က တခြားအမျိုးသမီးများထက် စိတ်ဓာတ်မာကျောသော်လည်း သန္ဓေပြောင်းလဲသွားသည့် ဝမ်ယန်မေကို ကိုယ်တိုင် မြင်တွေ့လိုက်ရသည့်အခါ မကြောက်ဘဲ မနေနိုင်တော့ပေ။

ဘေးနားရှိ ဦးလေးမာ ဆိုလျှင်လည်း ဘုရား တ, နေရပြီး မျက်ဝန်းထဲတွင် ထိတ်လန့်မှုများ ပြည့်နှက်နေသည်။

ဝမ်ယန်မေ၏ ထူးဆန်းအံ့ဩဖွယ် ပုံစံက သာမန်စဉ်းစားဉာဏ်ဖြင့် တွေးခေါ်၍ မရနိုင်လောက်အောင် သူတို့၏ အသိဉာဏ်အလွန်တွင် ရှိနေသည်။

မနက်ခင်းပိုင်းတုန်းက ဒရုန်းဖြင့် ကြည့်ရှုခဲ့စဉ်က ဝမ်ယန်မေတစ်ယောက် လျှိုအားလုံ၏ နှိပ်စက်မှုကို ခံနေရသည် မဟုတ်ပါလော။ ညဘက်ရောက်မှ ဘယ်လိုလုပ်ပြီး သရဲတစ္ဆေလို ကြမ်းကြုတ်သွားရသနည်း။

လင်းယွမ်က သူတို့နှစ်ဦး၏ ပုံစံကို ကြည့်ပြီး လေးနက်သော အသံဖြင့် ပြောလိုက်သည်။ "သရဲ မဟုတ်ဘူး... သန္ဓေပြောင်းသွားတာ"

ထိုစကားကို ကြားလိုက်ရသောအခါ နှစ်ယောက်သား အံ့ဩသွားကြပြီး လင်းယွမ်ကို ပြူးပြူးကြည့်နေကြသည်။

တင်းယန်က အလျင်အမြန် မေးလိုက်သည်။ "သန္ဓေပြောင်းတာ... ဘာကို သန္ဓေပြောင်းတာလဲ"

ဦးလေးမာကလည်း မျက်လုံးအဝိုင်းသားဖြင့် လင်းယွမ်၏ ရှင်းပြချက်ကို စောင့်မျှော်နေသည်။

လင်းယွမ်က ဆက်ပြောသည်။ "ရေကြီးတုန်းက ပါလာတဲ့ ငါးတွေ အကုန်လုံး သန္ဓေပြောင်းနေကြတယ်လို့ ကျွန်တော် သံသယရှိတယ်"

"အဲဒီငါးတွေကို စားမိတဲ့ လူတွေလည်း သန္ဓေပြောင်းလဲ သွားနိုင်ခြေ ရှိတယ်"

ထိုစကားကြောင့် သူတို့နှစ်ဦး အကြီးအကျယ် တုန်လှုပ်သွားကြသည်။ တင်းယန်က စိတ်လှုပ်ရှားစွာ မေးသည်။

"ရှင် ဘယ်လိုလုပ် သိတာလဲ"

"လင်းယွမ်... မင်းပြောတာ တကယ်လားကွ"

လင်းယွမ်က ခေါင်းညိတ်ပြလိုက်သည်။ "ခင်ဗျားတို့ အဲဒီငါးတွေကို ပြန်စဉ်းစားကြည့်လေ... ရေမကြီးခင်တုန်းက ငါးတွေနဲ့ မတူဘဲ ကွဲပြားနေတယ် မဟုတ်လား... သွားတွေကလည်း ချွန်ထက်နေတာ... အသက်လည်း ဘာပြင်းသလဲ မမေးနဲ့... ပြီးတော့ အကြေးခွံတွေကလည်း ပုံမှန်မဟုတ်ဘဲ မာကျောနေတယ်"

သူ ဤသို့ ထောက်ပြလိုက်မှ ထိုနှစ်ယောက်လည်း သတိထားမိသွားကြသည်။ သူတို့ စားခဲ့သည့် ငါးသုံးကောင်မှာ တခြားငါးများနှင့်မတူဘဲ ထူးခြားနေသည်မှာ အမှန်ပင်။

"ဒါ... ဒါဆို ငါတို့လည်း သန္ဓေပြောင်းသွားတော့မှာလား" ဦးလေးမာက ထိတ်လန့်တကြား ရေရွတ်လိုက်သည်။

တင်းယန်ကလည်း ပို၍ စိတ်ပူသွားကာ မေးလိုက်သည်။ "ကျွန်မတို့လည်း ဝမ်ယန်မေလို ဖြစ်သွားမှာလားဟင်"

လင်းယွမ်က ခေါင်းခါလိုက်သည်။ "ကျွန်တော့် သုံးသပ်ချက်အရတော့ လူတိုင်း သန္ဓေပြောင်းလဲတာမျိုး မဟုတ်ဘူးလို့ ထင်တယ်"

"ပထမအချက်က ငါးများများစားလေ သန္ဓေပြောင်းနိုင်ခြေ ပိုများလေပဲ"

"နောက်တစ်ချက်က သန္ဓေပြောင်းတဲ့လူတွေက သေရေးရှင်ရေး အခြေအနေမျိုးနဲ့ ကြုံပြီး ပြင်းထန်တဲ့ ခြိမ်းခြောက်တာမျိုး ရှိလာမှပဲ သန္ဓေစပြောင်းလဲတာ ဖြစ်နိုင်တယ်"

"ခင်ဗျားတို့ကို ပြောပြဖို့ အချိန်မရလိုက်လို့... လျှိုအားလုံ မသေခင်တုန်းကလည်း အဲဒီလို သန္ဓေပြောင်းလဲတာမျိုး ဖြစ်ခဲ့သေးတယ်"

"အဲဒီတုန်းက သူ့ခေါင်းတစ်ခုလုံးကို အနီရောင် အကြေးခွံတွေ ဖုံးလွှမ်းသွားပြီး တော်တော့ကို မာကျောသွားတာ... ပြီးတော့ သူ့ခွန်အားတွေလည်း အရမ်းတိုးတက်သွားတယ်"

"ဒါပေမဲ့ အဲ့ဒီတုံးက သူက ဒဏ်ရာအပြင်းအထန် ရထားပြီးသား ဖြစ်နေတာရယ်... ကျွန်တော်နဲ့ ကျောက်ခိုင် ဝိုင်းတိုက်လိုက်တာရယ်ကြောင့် သူ သေသွားတာ... သန္ဓေပြောင်းလူသားအဖြစ် အပြည့်အဝ အသွင်မပြောင်းလိုက်နိုင်ဘူး"

"အဲ့ဒီလိုမဟုတ်ပဲ သူသာ အပြည့်အဝ သန္ဓေပြောင်းသွားခဲ့ရင် ကျွန်တော်တို့တောင် အသက်ရှင်ပါ့မလား မသိဘူး"

လင်းယွမ်၏ ရှင်းပြချက်ကို ကြားပြီးနောက် တင်းယန်နှင့် ဦးလေးမာတို့၏ စိတ်ထဲတွင် အတွေးပေါင်းစုံ ဝင်ရောက်လာပြီး တုန်လှုပ်ခြောက်ခြားသွားကြသည်။ ထိုမျှလောက် ကြီးမားသည့် သတင်းဆိုးကို ကြားလိုက်ရသဖြင့် နှစ်ယောက်သား ဆွံ့အလျက် ခေတ္တမျှ ငြိမ်သက်နေကြသည်။

လင်းယွမ်က ဆက်ပြောသည်။ "နောက်ပြီး ကျွန်တော် သတိထားမိသလောက်ဆိုရင် လူတစ်ယောက်နဲ့ တစ်ယောက် သန္ဓေပြောင်းပုံချင်း မတူကြဘူး"

"လျှိုအားလုံကျတော့ ခေါင်းပိုင်းက စပြီး သန္ဓေပြောင်းတယ်... သူ့အဓိက စွမ်းရည်က ခံနိုင်ရည်နဲ့ ခွန်အား တိုးလာတာ"

"ဒါပေမဲ့ ဝမ်ယန်မေကို ကြည့်ရတာ အမြန်နှုန်းနဲ့ တိုက်ခိုက်ရေးဘက်ကို ပိုအားသန်ပုံရတယ်"

"လောလောဆယ်တော့ ဘာလို့ မတူညီတဲ့ ပုံစံမျိုးတွေ ကွဲပြားပြီး သန္ဓေပြောင်းလဲတာလဲဆိုတာ ကျွန်တော်လည်း မခန့်မှန်းနိုင်သေးဘူး... စားတဲ့ ငါးအမျိုးအစားကြောင့်လား... သူတို့ရဲ့ မူလစရိုက်ကြောင့်လား... ကျား၊မ မတူလို့လား... ဒါမှမဟုတ် မျိုးရိုးဗီဇ ကြောင့်လား ဆိုတာ မသိရသေးဘူး"

"ဒါတွေအကုန်လုံးက ကျွန်တော့် ခန့်မှန်းချက် သက်သက်ပဲ... သက်သေတော့ မပြနိုင်သေးဘူး... "

"အဲ့ဒါကြောင့် ဝမ်ယန်မေက သရဲ မဟုတ်တာ သေချာတယ်... သူက သန္ဓေပြောင်းသွားရုံ သက်သက်ပဲ... ခင်ဗျားတို့ သိပ်ပြီး ကြောက်မနေကြနဲ့"

"သူလည်း လူပဲလေ... ဒဏ်ရာရနိုင်သလို သေလည်း သေနိုင်တယ်"

လင်းယွမ်က နှစ်သိမ့်စကား ပြောလိုက်ပြီးနောက် အကြောင်းအရာကို လမ်းကြောင်းလွှဲလိုက်သည်။ "ဝမ်ယန်မေ ကိစ္စ ခဏထားလိုက်ကြရအောင်... မျက်နှာချင်းဆိုင် အခန်းက ဘယ်သူတွေ ရှိနေတာလဲ... စောစောက ကျွန်တော် ဆင်းလာတော့ အဲဒီဘက်က အသံတွေ ကြားလိုက်သလိုပဲ"

တင်းယန် အသိပြန်ဝင်လာပြီး ဖြေလိုက်သည်။ "ဒဏ်ရာရထားတဲ့ အခန်းပိုင်ရှင်တချို့ပဲ... ဝမ်ယန်မေ လူသတ်ပြီး ဆင်းလာတုန်းက သူတို့ အဲဒီအခန်းထဲ ဝင်ပုန်းလိုက်ကြတာ"

"ပြေးနိုင်လွှားနိုင်တဲ့ ကျန်တဲ့လူတွေကတော့ စင်္ကြံလမ်းအတိုင်း တခြား အဆောင်တွေဘက် ထွက်ပြေးကုန်ကြပြီ"

(သူတို့နေတဲ့ ၃၃ထပ် မြင့်တဲ့တိုက်က တိုက်တစ်လုံးထဲမဟုတ်ပဲ တိုက် လေးလုံးကို ဆက်ထားတဲ့သဘောမျိုး တည်ဆောက်ထားတာပါ။ တိုက်တစ်ခုနဲ့တစ်ခုကို လျှောက်လမ်း (သို့မဟုတ်) စင်္ကြံလမ်းကနေ ကူးပြီးသွားလို့ရတယ်။ အဲ့လျှောက်လမ်းမှာ လူတွေတဲထိုးပြီးနေကြတယ် အမိုး၊အကာရှိပေမယ့် အကာက ခါးလောက်ပဲရှိလို့လေရော မိုးရောမလုံဘူး။ လျှိုအားလုံက ဇာတ်လိုက်တို့နေတဲ့ဘက်အခြမ်းမှာ မင်းမူနေတာ)

လင်းယွမ်က ခေါင်းညိတ်လိုက်ပြီး ဦးလေးမာဘက် လှည့်ကာ မေးလိုက်သည်။ "ဦးလေးမာ... လမ်းလျှောက်နိုင်သေးလား... ၃၂ လွှာကို အရင် ပြန်တက်ကြရအောင်"

"ရပါတယ်"

ဦးလေးမာက အံကြိတ်ပြီး ရုန်းထလိုက်သည်။

ဒီမှာ ဆက်လှဲနေလို့လည်း ဘာမှထူးမည် မဟုတ်။ ၃၂ လွှာတွင် ဆေးသေတ္တာ ရှိသည်။ အခန်းပြန်ရောက်မှ ဆေးထည့်ပြီး ပတ်တီးစည်းရမည်။ သူ့မိန်းမလည်း သူ့ကို ပြုစုပေးနိုင်မည်။

သို့သော် ၁၁ လွှာမှ ၃၂ လွှာအထိ လှေကားအတိုင်း တက်ရမည်မှာ မလွယ်ကူလှပေ။

နောက်ဆုံးတွင် လင်းယွမ်ကပင် ဦးလေးမာကို ကုန်းပိုးလိုက်သည်။ သူတို့ သုံးယောက် အခန်းတံခါးကို သေချာသော့ခတ်ပြီး တိတ်တဆိတ် ထွက်ခွာလာခဲ့ကြသည်။

မျက်နှာချင်းဆိုင်အခန်းမှ ဒဏ်ရာရထားသူများကို ဂရုမစိုက်နိုင်တော့ဘဲ စင်္ကြံလမ်းအတိုင်း ဘေးကပ်လျက် အဆောင်သို့ ကူးလာခဲ့ကြသည်။

ထို့နောက် အမှတ်(၂) အဆောင်ဘက်မှတဆင့် အပေါ်သို့ ပြန်တက်ကြသည်။ လမ်းတလျှောက်တွင် မည်သူနှင့်မျှ မတွေ့ရပေ။

စင်္ကြံလမ်းတွင် အခင်းခင်းပြီး အိပ်နေကျလူများပင် အရိပ်အယောင် မတွေ့ရတော့။ အားလုံး ထွက်ပြေးကုန်ကြပြီ ဖြစ်သည်။

အမှတ်(၁) အဆောင်တွင် သရဲခြောက်နေသည်ဟူသော သတင်းကြောင့် အခန်းရှိသူများက အခန်းထဲဝင် ပုန်းနေကြပြီး အခန်းမရှိသူများမှာ အဝေးဆုံးဖြစ်သည့် အမှတ် (၃) နှင့် (၄) အဆောင်များဘက်သို့ ပြောင်းရွှေ့သွားကြပုံရသည်။

လင်းယွမ်တို့ သုံးယောက်သည် ၃၂ လွှာအထိ မနားတမ်း တက်လာခဲ့ကြပြီး အခန်း ၃၂၀၂ ထဲသို့ ပြန်ရောက်လာခဲ့ကြလေသည်။

ဆက်ရန်...

All Chapters