အခန်း (၆၅-၆၆)
Vol. 4 Ch. 65-66
အပိုင်း (၆၅) ခေတ်ဆိုးကြီးမှာ လူဖြစ်ရသည်ထက် ငြိမ်းချမ်းတဲ့ခေတ်မှာ ခွေးဖြစ်ရသည်က ပိုမြတ်၏
အရှေ့တိုင်းနှင့် အနောက်တိုင်း ဒဏ္ဍာရီများတွင် ကမ္ဘာပျက် ရေလွှမ်းမိုးဘေးအန္တရာယ်အကြောင်းကို ဖော်ပြထားခဲ့ဖူးကြသည်။
အနောက်တိုင်းသားများတွင် ရေဘေးမှ လွတ်မြောက်ရန် နောဧသင်္ဘောကြီး ရှိခဲ့ပြီး အရှေ့တိုင်းသားများတွင် လူတွေကို ကယ်တင်ရန် ရေဘေးကာကွယ်ခဲ့သော ဧကရာဇ်ယွီ ရှိခဲ့သည်။
ထိုရှေးဟောင်း ဒဏ္ဍာရီများထဲမှ သားရဲတိရစ္ဆာန်များသည် ယခုလက်ရှိ ကမ္ဘာကြီးတွင် ပေါ်ပေါက်လာနေသော သန္ဓေပြောင်းသတ္တဝါများနှင့် တူညီနေမည်လော။
ရှေး "တောင်ပင်လယ်ကျမ်း" တွင် မှတ်တမ်းတင်ထားခဲ့သော ဘီလူးသရဲစီး သတ္တဝါဆန်းများသည် အမှန်တကယ် တည်ရှိနေသည်လော။
ဤမေးခွန်းများကို မည်သူမျှ အတိအကျ မသိရှိနိုင်ပေ။ သို့သော် ယခုအချိန်၌ သန္ဓေပြောင်းသတ္တဝါများပင် ပေါ်ထွက်လာခဲ့ပြီဖြစ်ရာ ရှေးဟောင်းဒဏ္ဍာရီများသည် အတုအယောင် သက်သက်သာဖြစ်ကြောင်း မည်သူက အာမခံရဲမည်နည်း။
လင်းယွမ်သည် အတွေးပေါင်းစုံကို တွေးတောရင်း ကျောပိုးအိတ်ကို လွယ်ကာ ၃၂ လွှာသို့ ပြန်တက်လာခဲ့သည်။
တံခါးဖွင့်ပေးသူမှာ အဒေါ်လီ ဖြစ်သည်။ ပစ္စည်းများကို နေရာချပြီးနောက် ဝူချင်းက လင်းယွမ်ဘက်သို့ လှည့်ကြည့်လာသည်။ သူမ၏ အမူအရာမှာ စကားပြောချင်သော်လည်း ပြောရခက်နေသည့်ဟန် ပေါ်နေ၏။
လင်းယွမ်က သူမ၏ ဆိုလိုရင်းကို ချက်ချင်း သဘောပေါက်လိုက်သဖြင့် "အမဝူ... အမ ဘာပြောချင်လဲဆိုတာ ကျွန်တော် သိတယ်... ဒီလိုလုပ်... ကျွန်တော် ဘေးက တိုက်ခန်းအဆောင်ဘက်ကို သွားပြီး အစ်ကိုချိုင်ကို သွားရှာပေးမယ်" ဟု ပြောလိုက်သည်။
တင်းယန်က ချက်ချင်းပင် ဝင်ပြောလေသည်။ "ကျွန်မလည်း လိုက်ခဲ့မယ်လေ"
လင်းယွမ်က ခေါင်းအနည်းငယ်ညိတ်ပြလိုက်ပြီး ဝူချင်းဘက်သို့ ပြန်လှည့်ကာ မေးလိုက်၏။ "အစ်ကိုချိုင်ရဲ့ ဓာတ်ပုံ ရှိလား... လမ်းမှာ လူကြုံတွေ့ရင် မေးလို့ရအောင်လို့"
"ရှိ... ရှိပါတယ်... အမ သွားယူပေးမယ်နော်"
ဝူချင်းသည် အိပ်ခန်းထဲသို့ အလျင်အမြန် ဝင်သွားပြီး မကြာမီ ဓာတ်ပုံနှစ်ပုံကို ယူဆောင်လာခဲ့သည်။
ဓာတ်ပုံနှစ်ပုံစလုံးမှာ ချိုင်ကြည်၏ တစ်ကိုယ်တော်ပုံများဖြစ်ပြီး နွေရာသီ ခရီးထွက်စဉ်က ရိုက်ကူးထားပုံ ရသည်။
ချိုင်ကြည်၏ သမီးလေး ချိုင်ယောင်သည်လည်း မိခင်ဖြစ်သူ၏ နောက်မှ လိုက်ပါလာပြီး လင်းယွမ်ကို ကြည့်ကာ အသနားခံလေသည်။ "ကိုကိုလင်းယွမ်... သမီး ဖေဖေကို ပြန်တွေ့အောင် ရှာပေးပါနော်... သမီးတောင်းပန်ပါတယ်..."
လင်းယွမ်က ကလေးမလေး၏ ခေါင်းကို ပွတ်သပ်ပေးရင်း ပြုံးကာ ပြောလိုက်သည်။ "စိတ်ချပါညီမလေးရဲ့... ငါနင့်အဖေကို မရရအောင် ပြန်ခေါ်လာခဲ့မယ် ဟုတ်ပြီလား"
ထိုသို့ပြောပြီးနောက် သူသည် တင်းယန်ကို လှမ်းခေါ်လိုက်ပြီး တံခါးပေါက်ဆီသို့ လှည့်ထွက်လာခဲ့သည်။
ထိုစဉ် ရန်မေက အနောက်မှ ပြေးလိုက်လာပြီး လှမ်းခေါ်လေသည်။ "မောင်လေး"
လင်းယွမ် နောက်သို့ လှည့်ကြည့်လိုက်ရာ သူမ၏ မျက်ဝန်းအိမ်များ နီရဲနေသည်ကို တွေ့လိုက်ရသည်။ "မောင်လေး... ဂရုစိုက်သွားနော်... အမ စောင့်နေမယ်"
လင်းယွမ်က ပြုံးလိုက်ပြီး "အမ အခန်း ၃၂၀၂ မှာပဲ တခြားသူတွေနဲ့ အတူနေခဲ့ဦး... ကျွန်တော် ပြန်လာခဲ့မယ်" ဟု ပြောလိုက်သည်။
"အင်းပါ"
လင်းယွမ်သည် တင်းယန်ကို ခေါ်ဆောင်လျက် တံခါးပေါက်မှ ထွက်ခွာလာခဲ့သည်။
တင်းယန်သည် ဘာစကားမျှ မပြောဘဲ ဘေးမှ တိတ်တဆိတ် လိုက်ပါလာ၏။
ရုတ်တရက် သူမက မေးခွန်းတစ်ခု မေးလာသည်။ "ရှင် ရန်မေကို တကယ် ကြိုက်တာလား"
လင်းယွမ်က လက်ပတ်နာရီကို ငုံ့ကြည့်လိုက်ရာ ည ၁၁ နာရီပင် ကျော်နေပြီဖြစ်သည်။
သူက ပြန်ဖြေလိုက်သည်။ "အမရန်မေက ကိုယ်လုံးကိုယ်ပေါက်ဆိုလည်း ပြောစရာမလိုဘူး... ရုပ်ရည်ကလည်း ရှယ်ပဲလေ... ဘယ်ယောကျ်ားက မကြိုက်ဘဲ နေမှာလဲ"
"ငါသိပါတယ်... တကယ်လို့သာ ကမ္ဘာမပျက်ခင် အချိန်တုန်းကဆိုရင်တော့ သူ့လို မိန်းအမျိုးကို ငါတို့က ဖုန်းထဲက ဗီဒီယိုအတိုလေးတွေထဲမှာပဲ မြင်ဖူးကြမှာ... အပြင်လောကမှာဆိုရင် သူတို့က ငါ့လိုလူကို မျက်လုံးထဲတောင် ထည့်မှာ မဟုတ်ဘူး"
"ဒါပေမဲ့ အခုတော့ အခြေအနေတွေက ပြောင်းလဲသွားပြီလေ... ပတ်ဝန်းကျင်က မတူတော့ဘူး... သူ့လို မိန်းမလှလေးတွေက အခုလိုအချိန်မှာ အန္တရာယ် ပိုများတယ်... အရင်တုန်းကဆိုရင် ငါလည်း သူ့လို မိန်းအမျိုးကို ပိုင်ဆိုင်ရလိမ့်မယ်လို့ စိတ်ကူးတောင် ယဉ်ခဲ့ဖူးတာ မဟုတ်ဘူး"
"ဒါပေမဲ့ ကပ်ဘေးက ပိုပိုဆိုးလာတယ်... လူတွေမှာ ကိုယ်ကျင့်တရားဆိုတာ စည်းမရှိ ကမ်းမရှိ ဖြစ်လာကြတယ်... တစ်ခါတလေကျရင် ပေါင်မုန့်တစ်လုံး ခေါက်ဆွဲခြောက်တစ်ထုပ်လောက်နဲ့တင် မိန်းမတစ်ယောက်ကို ရနိုင်တဲ့ အခြေအနေ ဖြစ်နေပြီ"
"အမရန်မေက ဉာဏ်ကောင်းတဲ့ မိန်းမတစ်ယောက်ပဲ... ဒီလို ပတ်ဝန်းကျင်မျိုးမှာ ဘယ်လို အသက်ရှင်ရပ်တည်ရမလဲ... ဘယ်လိုလူမျိုးကို အားကိုးရမလဲဆိုတာ သူ ကောင်းကောင်းသိတယ်"
"လျှိုအားလုံလို စိတ်ဓာတ်အောက်တန်းကျတဲ့ လူမျိုးကို သူ ဘယ်ရွေးရဲပါ့မလဲ"
"ငါကျတော့ သူ့အခန်းချင်း မျက်နှာချင်းဆိုင်က အိမ်နီးချင်း ဖြစ်နေတာရယ်... ငါ့အကြောင်းကိုလည်း သူ အတော်အတန် သိထားတာရယ်... ပြီးတော့ ငါ့ဆီမှာ ရိက္ခာတွေ ပိုနေတာကိုလည်း သူသိတယ်လေ... ဒါကြောင့် သူ ငါ့ကို ရွေးတာက သဘာဝကျပါတယ်"
"ငါလည်း တိုက်ခန်းထဲမှာ ၆ လလောက် ပိတ်မိနေတာ... စကားပြောမယ့်သူလည်း မရှိ အဖော်လည်း မရှိဆိုတော့ သူ့ကို လိုအပ်တာပဲလေ"
"ပွင့်ပွင့်လင်းလင်း ပြောရရင်တော့ ငါတို့နှစ်ယောက်က နှစ်ဦးနှစ်ဖက် အကျိုးရှိအောင် ပေါင်းစည်းလိုက်ကြတဲ့သဘောပဲ"
ထိုစကားကို ကြားသောအခါ တင်းယန်၏ မျက်ဝန်းများ အရောင်လက်သွားခဲ့သည်။
သို့သော် လင်းယွမ်က ဆက်ပြောလေသည်။ "ဒါပေမဲ့ လူဆိုတာက သံယောဇဉ်ရှိတဲ့ အမျိုး... အစပိုင်းမှာ အကျိုးလိုလို့ ညောင်ရေလောင်းကြတာ မှန်ပေမဲ့... ဒီကာလအတွင်း အတူတူ ဒုက္ခခံလာကြတော့ သံယောဇဉ်ဆိုတာ ဖြစ်လာတာပါပဲ"
"သူက ငါ့အပေါ် ပိုပိုပြီး မှီခိုလာတယ်... ပိုပြီး ယုံကြည်လာတယ်"
"ငါကလည်း အချိန်ကြာလာတာနဲ့အမျှ သူ့ကို ပိုယုံကြည်လာတယ်"
"ဒါကြောင့် ငါ သူ့ကို ကြိုက်လားလို့ နင်မေးရင်... ကြိုက်တာပေါ့လို့ပဲ ဖြေရမှာပဲ"
လင်းယွမ်က ပြုံးလိုက်သည်။
တင်းယန်က သူ့ကို တစ်ချက်ကြည့်လိုက်ပြီး နှုတ်ခမ်းကို တင်းတင်းစေ့ကာ တိုးတိုးလေး ရေရွတ်လိုက်၏။ "အမရန်မေ ကံကောင်းတာပဲနော်"
လင်းယွမ်က မျက်ခုံးပင့်လိုက်သည်။ "ဘာပြောလိုက်တာလဲ"
တင်းယန်က ခေါင်းခါပြလိုက်သည်။ "ဘာမှ မဟုတ်ပါဘူး... ကျွန်မကြည့်ရတာ သူက အခု ရှင့်အပေါ် တကယ်ကို ပုံအပ်ထားပုံရတယ်... ရှင့်ကို တစ်မိနစ်လောက် မတွေ့ရရင်တောင် စိုးရိမ်ထိတ်လန့်နေတော့တာပဲ"
လင်းယွမ် ပြုံးလိုက်မိသည်။ ရန်မေက သူ့အပေါ် ဤမျှအထိ မှီခိုအားကိုးနေသည်ကို တွေးမိပြီး စိတ်ထဲတွင် အနည်းငယ် အံ့သြသွားသည်။
ရန်မေလို ရှေးရိုးဆန်သည့် မိန်းအမျိုးသည် သူမ၏ ခန္ဓာကိုယ်ကို ပုံအပ်လိုက်ပြီဆိုသည်နှင့် စိတ်နှလုံးတစ်ခုလုံးပါ ထိုသူ့ထံသို့ ပုံအပ်တတ်ကြသည် ထင်ပါရဲ့။
ထိုသို့သော မိန်းအမျိုးကို သူ သေချာပေါက် တန်ဖိုးထားရမည်၊ လုံးဝ လစ်လျူရှု၍ မဖြစ်ပေ။
"နင်ရော... ဒီရေဘေးကြီး မဖြစ်ခင်တုန်းက ရည်းစားတွေ ဘာတွေမရှိဘူးလား" လင်းယွမ်က စကားစပ်ပြီး မေးလိုက်သည်။
တင်းယန်က အနည်းငယ် ကြောင်အမ်းအမ်း ဖြစ်သွားပြီး မျက်နှာ အနည်းငယ် ပျက်သွားသော်လည်း ခေါင်းညိတ်ပြလိုက်သည်။ "ရှိတယ်"
လင်းယွမ်က စပ်စုချင်စိတ်ဖြင့် မေးလိုက်၏။ "သူကရော ကျောင်းဆရာပဲလား"
တင်းယန်က ခေါင်းခါလိုက်သည်။ "မဟုတ်ဘူး... သူက အစိုးရဝန်ထမ်းပါ"
လင်းယွမ်က ရယ်မောလိုက်သည်။ "တက္ကသိုလ် ဆရာမနဲ့ အစိုးရဝန်ထမ်း... တကယ့်ကို လိုက်ဖက်ညီတဲ့ စုံတွဲပဲ... လူကြီးတွေ ပြောကြသလို အစိုးရဝန်ထမ်းက ဝန်ထမ်းအချင်းချင်းပဲ ယူကြတယ်ဆိုတာ တကယ်ပါလား"
တင်းယန်က ဖျစ်ညှစ်ပြီး ပြုံးလိုက်သည်။ "အဲဒီတုန်းကတော့ အဲဒီလိုပါပဲ... ကျွန်မကို လူကြီးချင်း ဆက်သွယ်ပေးပြီး မိတ်ဆက်ပေးတဲ့သူ အတော်များများက အစိုးရဝန်ထမ်းတွေချည်းပဲလေ... တချို့ ဝန်ထမ်းမဟုတ်တဲ့သူတွေကျပြန်တော့လည်း မိဘတွေက အရာရှိကြီးတွေ ဖြစ်နေပြန်ရော"
"လူ့လောကကြီးက ဒီလိုပါပဲ... လူတိုင်းက ကိုယ့်အင်အားကို ခိုင်မာအောင် တည်ဆောက်ချင်ကြတာပဲမလား... နင်နဲ့ နင့်ရည်းစားလို စုံတွဲမျိုးက ရှားမှမရှားဘဲ... နင်တို့သာ အိမ်ထောင်ကျသွားရင် နောက်ထပ် မျိုးဆက်သုံးလေးဆက်လောက်ဆို အစိုးရဝန်ထမ်း မျိုးရိုး ဖြစ်သွားမှာ"
လင်းယွမ်က ပြုံးရင်း သက်ပြင်းချလိုက်သည်။ "ငါ့လိုလူကျတော့ ရေမကြီးခင်တုန်းက သာမန် လက်လုပ်လက်စား ဝန်ထမ်းလေးတစ်ယောက်ပဲ... ရည်းစားရှာရင်လည်း ဝန်ထမ်းအချင်းချင်းပဲ တွေ့မှာ... ကလေးမွေးလာရင်လည်း အဲဒီကလေးက သူများခိုင်းဖတ် ဝန်ထမ်းဘဝ ဖြစ်လာဖို့များတယ်"
"သားစဉ်မြေးဆက် ထူးခြားတဲ့ အခွင့်အရေးမျိုး မကြုံရသရွေ့တော့ ကျွဲလိုနွားလို ရုန်းရမယ့် ဘဝတွေပါပဲ"
"ဪ... ဒါပေမဲ့ အသေအချာတော့ ပြောလို့မရဘူးပေါ့... ငါ့ကလေးခေတ် ရောက်ရင်တောင် သူတို့က အိမ်ထောင်မပြုကြတော့ရင် ငါက မြေးတောင် ရချင်မှ ရတော့မှာ... ဟားဟားဟား"
လင်းယွမ်၏ ရယ်သံကြောင့် တင်းယန်လည်း လိုက်ရယ်မိသွားသည်။
ထို့နောက် သူမက ရုတ်တရက် ပြောလာသည်။ "တကယ်တော့ ရှင့်လိုလူမျိုးက အခုလို ခေတ်ပျက်ကြီးနဲ့ အကိုက်ဆုံးပဲ"
"ကမ္ဘာပျက်ပြီး စည်းမျဉ်း ဥပဒေတွေ ပျက်စီးကုန်တော့ လူတိုင်းက တစ်ကနေ ပြန်စကြရတာမလား"
"တချို့လူတွေက မိုးကိုဒူးနဲ့တိုက်ပြီး ကြီးပွားနိုင်သလို... တချို့လူတွေကကျတော့ သူများဓားအောက်က သားကောင် ဖြစ်သွားရတယ်"
"တိုင်းပြည် အေးချမ်းနေတဲ့အချိန်တုန်းကဆိုရင် ရှင့်လိုလူမျိုးအတွက် အခွင့်အရေးဆိုတာ တစ်စက်မှ မရှိဘူး... ဒါပေမဲ့ အခုလို အချိန်မှာကျတော့ ရှင်က ရေထဲကငါးလို ဖြစ်နေပြန်ရော"
လင်းယွမ်က ပြုံးလိုက်သည်။ "ဟုတ်လို့လား... ငါလည်း အသက်နဲ့ရင်းပြီး ရုန်းကန်နေရတာကို နင် မြင်သားနဲ့"
တင်းယန်က သက်ပြင်းချလိုက်သည်။ "တိုင်းပြည် အေးချမ်းနေတဲ့အချိန်မှာဆိုရင် ရှင် ဘယ်လောက်ပဲ အသက်နဲ့ရင်းပြီး ကြိုးစားပါစေ... အရာထင်မှာ မဟုတ်ဘူးလေ"
လင်းယွမ် အနည်းငယ် မှင်သက်သွားပြီးမှ ခေါင်းညိတ် ထောက်ခံလိုက်သည်။ "နင် ပြောတာလည်း ဟုတ်တာပဲ... ဒီလိုဆိုတော့ ဒီ ရေဘေးကြီးကို ငါက ကျေးဇူးတင်ရမလို ဖြစ်နေပြီပေါ့"
တင်းယန်က ပြုံးရင်း ခေါင်းခါလိုက်သည်။ "ခေတ်ဆိုးကြီးမှာ လူဖြစ်ရတာထက် ငြိမ်းချမ်းတဲ့ခေတ်မှာ ခွေးဖြစ်ရတာက ပိုမြတ်တယ်တဲ့"
လင်းယွမ် သက်ပြင်းတစ်ချက် ချလိုက်သည်။ "နင် ပြောတာ အမှန်ပဲ... ရွေးချယ်ခွင့်သာရှိရင် ငါလည်း ငြိမ်းချမ်းတဲ့ခေတ်က ခွေးပဲ လုပ်ချင်တယ်"
"ပင်ပင်ပန်းပန်း အလုပ်လုပ်... လစာလေး နည်းနည်းရ... တောင်လောက်ကြီးမားတဲ့ တိုက်ခန်းချေးငွေကြွေးကို ပခုံးပေါ် ထမ်းထားရတဲ့ ဘဝဖြစ်ပါစေဦး..."
"အနည်းဆုံးတော့ လူတိုင်း အသက်ရှင်ခွင့်ရတယ်... ဘဝမှာ ပျော်စရာလေးတွေ ရှိသေးတယ်"
"အခုတော့... လူတိုင်းက ရူးကုန်ကြပြီ... ထမင်းတစ်လုပ်စာအတွက်နဲ့ လူသတ်ဖို့ ဝန်မလေးကြတော့ဘူး... ကိုယ်ကျင့်တရား စည်းကမ်းတွေ မရှိကြတော့ဘူး... တချို့လူတွေဆိုရင် သိက္ခာဆိုတာ မရှိတော့ဘဲ အရှက်တရားမဲ့စွာ အသက်ရှင်နေကြရတယ်"
တင်းယန်သည် သူ့ကို ငေးကြည့်နေမိသည်။ သူမ၏ မျက်ဝန်းထဲတွင် ထူးဆန်းသော အရောင်အဝါတစ်ခု ဖြတ်ပြေးသွား၏။
လင်းယွမ်သည် ဤကမ္ဘာပျက်ကပ်ဘေးမှ အကျိုးအမြတ်ရသူ တစ်ဦးဖြစ်သည်။ ကပ်ဘေးမတိုင်မီက သူ လှမ်းမကြည့်ရဲခဲ့သော မိန်းအမျိုးကို ယခုအခါ လက်တစ်ကမ်းတွင် ပိုင်ဆိုင်ထားနိုင်သည်။
အရင်က သူ မဆပ်နိုင်ခဲ့သော အိမ်ရာချေးငွေ အကြွေးများကိုလည်း ယခုအခါ ဂရုစိုက်စရာ မလိုတော့ပေ။
တင်းယန် ထင်ထားခဲ့သည်မှာ သူသည် ယခုလို ဘဝမျိုးကို သဘောကျ နှစ်ခြိုက်နေလိမ့်မည် ဟူ၍ဖြစ်သည်။ သို့သော် လင်းယွမ်၏ နှုတ်မှ ယခုလို စကားမျိုး ထွက်ပေါ်လာလိမ့်မည်ဟု သူမ ထင်မှတ်မထားခဲ့ပေ။
သူမ၏ စိတ်ထဲတွင် လင်းယွမ်အပေါ် အမြင်ကြည်လင်မှု ပိုမို တိုးပွားလာခဲ့သည်။ ခဏမျှ စဉ်းစားပြီးနောက် သူမ ဆက်ပြောလိုက်သည်။ "အရင်တုန်းက ဖုန်းသုံးရင်း နိုင်ငံခြားမှာ စစ်ဖြစ်နေတဲ့ ဗီဒီယိုတွေ တက်လာရင် မှတ်ချက်တွေမှာ လူတွေက တတိယကမ္ဘာစစ် ဖြစ်ပါစေတော့ဆိုပြီး မြှောက်ပင့် ရေးသားနေကြတာ အများကြီး တွေ့ဖူးတယ်"
"တချို့ကျတော့လည်း ကျွန်မတို့တိုင်းပြည်က ဂျပန်တို့... ထိုင်ဝမ်တို့... အမေရိကန်တို့နဲ့ အခုချက်ချင်း စစ်ထဖြစ်လိုက်ရင် ကောင်းမှာပဲဆိုပြီး ကမ္ဘာကြီး ပျက်စီးမှာကို မစိုးရိမ်ဘဲ ပြောဆိုနေကြတာတွေ ရှိတယ်"
"ကမ္ဘာကြီး ပျက်စီးသွားရင်ပဲ သူတို့အတွက် အကျိုးအမြတ် ရလာမလိုလို ပြောနေကြတာ"
"တကယ်တမ်း စစ်တွေ ဖြစ်လာရင် အရင်ဆုံး မြေစာပင် ဖြစ်ရမှာက အောက်ခြေလူတန်းစားပြည်သူတွေဆိုတာ သူတို့ နားမလည်ကြဘူး"
"တကယ့် ငွေတို့ အာဏာတို့ရှိတဲ့သူတွေက ဘာမှ မထိခိုက်ဘူး"
"ရှေးလူကြီးတွေ ပြောခဲ့တဲ့ စကားတစ်ခွန်း ရှိတယ်လေ... တိုင်းပြည်တိုးတက်လည်း ပြည်သူက ခံရ... တိုင်းပြည်ပျက်လည်း ပြည်သူကပဲ ခံရတာပါပဲ တဲ့"
ဆက်ရန်...
အပိုင်း (၆၆) တင်းယန် စိတ်ဓာတ်ပြိုလဲခြင်း
လင်းယွမ်က အသာပြုံးလိုက်၏။ သူတို့နှစ်ဦး စကားပြောရင်း လျှောက်လာကြရာ နှစ်ဆယ်လွှာသို့ ရောက်ရှိလာခဲ့ပြီ ဖြစ်သည်။
တင်းယန်က ခြေလှမ်းကို ရပ်တန့်လိုက်ပြီး ရုတ်တရက် ဆိုလာသည်။ "ဟို မုတ်ဆိတ်မွေးနဲ့ လူသုံးယောက်က ဒီအထပ် ၂၀ မှာ နေတာလို့ ကျွန်မ မှတ်မိတယ်... သူတို့ အမျိုးသမီးတစ်ယောက်ကို ဖမ်းထားတယ်မလား"
"ခဏ စောင့်ဦး"
လင်းယွမ်က သူမကို လှမ်းကြည့်လိုက်သည့်အခါ သူမသည် အခန်း ၂၀၀၁ ရှေ့သို့ လျှောက်သွားပြီး တံခါးကို စတင် ဖျက်ဆီးနေသည်ကို တွေ့လိုက်ရ၏။
ထို့နောက် သူမက "အဲ့ဒီ တိရစ္ဆာန်ကောင် သုံးကောင်လုံး သေသွားကြပြီဆိုတော့ ဒီအခန်းထဲမှာ အဖမ်းခံထားရတဲ့ အမျိုးသမီးကို ဘယ်သူမှ ဂရုမစိုက်ရင် ငတ်သေသွားလိမ့်မယ်" ဟု ပြောလိုက်သည်။
"ငါဖွင့်လိုက်မယ်"
လင်းယွမ်က ပြောပြောဆိုဆိုနှင့် သံတူရွင်းကို ကိုင်ကာ တံခါးသော့ကို အားကုန်လွှဲ၍ ထုချလိုက်လေသည်။ သာမန်လူထက် သုံးဆမျှသာလွန်သော ခွန်အားဗလကြောင့် တံခါးသော့သည် မခက်ခဲလှဘဲ ပျက်စီးသွားခဲ့၏။
တံခါးပွင့်သွားသည်နှင့် တစ်ပြိုင်နက် အခန်းထဲမှ မှိုစော်နံသော အနံ့ဆိုးကြီး ထွက်ပေါ်လာသည်။ လေထုထဲတွင် ညှီစော်ပြင်းပြင်းနှင့် အောက်သိုးသိုး အနံ့အသက်များ ရောနှောနေ၏။ လင်းယွမ်က နှာခေါင်းကို အုပ်လိုက်မိသည်။ အတွေ့အကြုံရှိသူပီပီ ဒါဘာအနံ့လဲဆိုတာ သူ ကောင်းကောင်း သိနေသည်။
တင်းယန်လည်း အနည်းငယ် ပျို့အန်ချင်သလို ဖြစ်သွားသဖြင့် ပါးစပ်နှင့်နှာခေါင်းကို အမြန်ပင် လက်ဖြင့် အုပ်လိုက်လေသည်။ ထို့နောက် သူတို့နှစ်ဦး အခန်းထဲသို့ ဝင်ခဲ့ကြသည်။
ဧည့်ခန်းတစ်ခုလုံး ရှုပ်ပွနေပြီး မီးဖိုထားသော အရာများစွာ ကျန်ရစ်နေသည်ကို တွေ့ရ၏။ ထမင်းဟင်းချက်ပြုတ်ထားသည့် လက်ကျန် အစအနများ ဖြစ်ပုံရသည်။
တင်းယန်က အိပ်ခန်းဘက်သို့ လက်ညှိုးထိုးပြပြီး အသံအက်အက်ဖြင့် "ကျွန်မ ဟိုဘက်ကို သွားကြည့်လိုက်မယ်" ဟု ပြောသည်။
"ငါပါ လိုက်ခဲ့မယ်" လင်းယွမ်က ပြန်ပြောလိုက်၏။
သူတို့နှစ်ဦး ပင်မအိပ်ခန်းထဲသို့ ရောက်သောအခါ ကြမ်းပြင်အနှံ့ တစ်ရှူးစက္ကူများနှင့် ညစ်ပတ်ပေရေနေသော အဝတ်အစားများ ပြန့်ကျဲနေသည်ကို မြင်လိုက်ရသည်။ စုတ်ပြဲနေသော ခြေအိတ်ရှည်များနှင့် အမျိုးသမီး အတွင်းခံများမှာလည်း ဟိုတစ်စ ဒီတစ်စ ပုံနေ၏။
ထိုအနံ့ဆိုးသည် ပို၍ပင် ပြင်းထန်လာခဲ့သည်။
ကုတင်ပေါ်တွင် အမျိုးသမီးတစ်ဦး ငြိမ်သက်စွာ လဲလျောင်းနေသည်။ သူမကို ကြိုးတုပ်ထားပြီး ကိုယ်ပေါ်တွင် အဝတ်တစ်စုံတစ်ရာ မရှိချေ။ ခန္ဓာကိုယ်အနှံ့တွင်လည်း ညိုမဲစွဲနေသော ဒဏ်ရာဒဏ်ချက်များ ပြည့်နှက်နေသည်။ သူမသည် ရေရှည် နှိပ်စက်ညှဉ်းပန်းမှုကို ခံစားခဲ့ရကြောင်း သိသာထင်ရှားလှ၏။
လင်းယွမ်က အနားသို့ သိပ်မကပ်လိုသဖြင့် တင်းယန်ကိုသာ သွားကြည့်စေလိုက်သည်။ ဤမြင်ကွင်းကို မြင်လိုက်ရသောအခါ တင်းယန်သည် သူမကိုယ်တိုင် ခံစားခဲ့ရဖူးသော စော်ကားမှုများကို ပြန်လည်အမှတ်ရလာပုံရပြီး မျက်ဝန်းထဲတွင် ဒေါသအာဃာတမီးများ တောက်လောင်လာခဲ့သည်။
သူမသည် ပြတင်းပေါက်နားသို့ လျှောက်သွားပြီး လေသံကို လျှော့ကာ ပြောလိုက်သည်။ "နေကောင်းရဲ့လားရှင်... ကျွန်မတို့က ၃၂ လွှာကပါ... အခု ကျွန်မ ရှင့်ကို ကြိုးတွေ ဖြေပေးမယ်နော်... ဟိုလူဆိုး ၃ ယောက်ကို ကျွန်မတို့ သတ်လိုက်ပြီ... ရှင် လွတ်မြောက်သွားပါပြီ"
ပြောရင်းဆိုရင်းဖြင့် အမျိုးသမီး၏ ပါးစပ်တွင် ဆို့ထားသော အဝတ်စကို ဖယ်ရှားပေးလိုက်၏။ ထိုအမျိုးသမီး၏ မျက်လုံးများက ကြောင်ငေးနေပြီး အဝတ်စနှင့်အတူ တံတွေးများ စီးကျလာသည်။
သူမက တင်းယန်ကို စိုက်ကြည့်နေသော်လည်း မျက်ဝန်းထဲတွင် စိတ်ဝိဉာဉ် ကင်းမဲ့နေ၏။ တင်းယန်၏ ရင်ထဲ တုန်လှုပ်သွားရသည်။ မျက်ရည်စများ ဝဲလာပြီး "တိရစ္ဆာန်ကောင်တွေ..." ဟု ကြိတ်မနိုင်ခဲမရ ဆဲရေးလိုက်မိသည်။
ထို့နောက် ကြိုးများကို အမြန်ဖြေပေးလိုက်သည်။ ကြိုးများ ပြေသွားသည်နှင့် ထိုအမျိုးသမီး၏ ရင်အုပ်မှာ နိမ့်ချည်မြင့်ချည်ဖြင့် အသက်ရှူသံ ပြင်းလာသည်။ သူမ လက်မောင်းများ လှုပ်ရှားလာပြီး ထရန် ကြိုးစားလာ၏။
တင်းယန်လည်း မြင်မြင်ချင်းပင် ကူညီထူမ ပေးလိုက်သည်။ အမျိုးသမီးမှာ မနည်း အားယူ၍ ထထိုင်လိုက်ပြီးနောက် ပြတင်းပေါက်ဘက်သို့ လက်ညှိုးထိုးပြသည်။
"ပြတင်းပေါက် ဖွင့်ချင်လို့လား" ဟု တင်းယန်က မေးလိုက်ရာ သူမက ခေါင်းညိတ်ပြ၏။
အခန်းထဲရှိ အနံ့အသက်ဆိုးများကို မခံနိုင်၍ဟု တင်းယန်က ထင်မှတ်လိုက်ပြီး ပြတင်းပေါက်ကို တွန်းဖွင့်ပေးလိုက်သည်။ ပြတင်းပေါက်ဖွင့်ပြီးနောက် ပြန်လှည့်ကြည့်လိုက်သောအခါ ထိုအမျိုးသမီးက သူမကို ရုတ်တရက် ပြုံးပြလေသည်။ ထိုအပြုံးထဲတွင် ကျေးဇူးတင်သည့် အရိပ်အယောင်များ ပါဝင်နေ၏။
ထို့နောက် တင်းယန် ဘာမှ မတုံ့ပြန်နိုင်ခင်မှာပင် ထိုအမျိုးသမီးသည် ရုတ်ခြည်း ထရပ်လိုက်ပြီး ပြတင်းပေါက်ဆီသို့ အားကုန်ပြေးဝင်သွားတော့သည်။
"ဟေ့"
တင်းယန်မှာ လန့်ဖျပ်သွားပြီး အလိုအလျောက် ဘေးသို့ ရှောင်လိုက်မိသည်။ ထိုအမျိုးသမီး၏ ခန္ဓာကိုယ်မှာ ပြတင်းပေါက်အပြင်ဘက်သို့ လွင့်စင်ထွက်သွားတော့၏။
တင်းယန် ကြောင်အသွားသည်။ ချက်ချင်းပင် အနောက်သို့လှည့်၍ မှောင်မည်းနေသော ပြတင်းပေါက် အပြင်ဘက်သို့ ငုံ့ကြည့်လိုက်မိသည်။ "ဗွမ်း" ခနဲ ရေလှိုင်းသံကိုသာ ကြားလိုက်ရပြီးနောက်... သဲသဲမဲမဲ ရွာသွန်းနေသော မိုးရေသံများသာ ကျန်ရစ်တော့သည်။
တင်းယန်က ပြတင်းပေါက်အပြင်ဘက်သို့ လက်လှမ်းလိုက်သော်လည်း သူမ ဖမ်းဆုပ်မိလိုက်သည်က အေးစက်သော မိုးရေများသာ ဖြစ်နေသည်။
"ဘာဖြစ်လို့လဲ... ဘာဖြစ်လို့လဲ..."
သူမ တီးတိုးရေရွတ်ရင်း မျက်ဝန်းမှ မျက်ရည်များ စီးကျလာသည်။ လင်းယွမ်လည်း အပြေးအလွှား ရောက်ရှိလာပြီး အပြင်ဘက်ရှိ မှောင်မည်းနေသော ရေပြင်ကို ကြည့်ကာ လေးလံသော မျက်နှာထားဖြင့် ပြောလိုက်သည်။
"သူ အသက်ဆက် မရှင်ချင်တော့တာ..."
တင်းယန်မှာ စိတ်ဓာတ်များ ပြိုလဲသွားပုံရသည်။ လင်းယွမ်၏ လက်မောင်းကို ဆုပ်ကိုင်ထားရင်း ရှိုက်ကြီးတငင် ငိုကြွေးတော့သည်။ "သူ့မှာ အသက်ရှင်ဖို့ အခွင့်အရေး ရှိသေးတယ်လေ... သူ့ကို ကျွန်မတို့ ကယ်လိုက်နိုင်ပြီလေ... ဘာလို့ ကိုယ့်ကိုယ်ကိုယ် သတ်ရတာလဲ... ဘာဖြစ်လို့လဲဟင်"
"ဟို တိရစ္ဆာန်ကောင် သုံးကောင်ကြောင့်လား... အဲ့လိုလုပ်ဖို့တန်လို့လား"
"မတန်ဘူး..."
"လုံးဝ မတန်ဘူး..."
သူမသည် ရှိုက်ငိုနေရင်း ထိုအမျိုးသမီးကို ပြောနေသကဲ့သို့ ရှိသော်လည်း ကိုယ့်ကိုယ်ကိုယ် ပြန်ပြောနေသလိုလည်း ဖြစ်နေသည်။ လင်းယွမ်က သူမကို ကြည့်ရင်း သက်ပြင်းတစ်ချက် ချလိုက်မိ၏။ ဘာစကားမှ ဝင်မပြောဘဲ သူမ စိတ်ထွက်ပေါက်ရစေရန် လွှတ်ထားလိုက်သည်။
အဘယ်ကြောင့်ဆိုသော် တင်းယန် လှေကားထစ်များတွင် နေထိုင်စဉ်က စော်ကားမှုများစွာ ခံစားခဲ့ရဖူးသည်ကို လင်းယွမ် ကောင်းကောင်း သိထားသောကြောင့် ဖြစ်သည်။ သူမကတော့ ကိုယ့်ကိုယ်ကိုယ် အရှုံးမပေးဘဲ သတ္တိရှိရှိ၊ ကြံ့ကြံ့ခံကာ ဆက်လက်ရှင်သန်ခဲ့သည်။
သို့သော် လူတိုင်းတွင် ထိုကဲ့သို့သော သတ္တိမျိုး ရှိမနေကြပေ။ သေဆုံးခြင်းက အလွယ်ကူဆုံး ရွေးချယ်မှုတစ်ခု ဖြစ်ပြီး အသက်ဆက်ရှင်နေသူများကသာ ပို၍ နာကျင်ခံစားရလေ့ ရှိသည်။
အတော်ကြာပြီးနောက် တင်းယန်၏ ရှိုက်သံများ တိတ်ဆိတ်သွား၏။ သူမက လင်းယွမ်၏ ရင်ခွင်မှ မော့ကြည့်လာပြီး မျက်ရည်များကို သုတ်လိုက်သည်။ "တောင်းပန်ပါတယ်"
လင်းယွမ်က "ရပါတယ်... နင်အဆင်ပြေသွားပြီလား" ဟု မေးရာ တင်းယန်က ခေါင်းညိတ်ပြသည်။
"အခန်းထဲမှာ သုံးလို့ရမယ့် ပစ္စည်းရှိမရှိ ရှာကြည့်ကြတာပေါ့... ပြီးရင် အစ်ကိုချိုင်နဲ့ ကျောက်ခိုင်တို့ကို သွားရှာရဦးမယ်"
"အင်း"
တင်းယန်က တိတ်ဆိတ်စွာ ခေါင်းညိတ်ရင်း အိမ်ကို စတင် ရှာဖွေလေသည်။ လင်းယွမ်လည်း အခန်းထဲမှ အသုံးဝင်မည့် ပစ္စည်းအချို့ကို ရှာဖွေကာ တင်းယန် သတိမထားမိချိန်တွင် သူ့ပစ္စည်းသိုလှောင်ခန်းထဲသို့ တိတ်တဆိတ် ထည့်လိုက်သည်။
ခဏအကြာတွင် တင်းယန်၏ အော်သံ ကျယ်လောင်စွာ ထွက်ပေါ်လာသည်။
လင်းယွမ် လန့်သွားပြီး အိပ်ခန်းဆီသို့ အမြန်ပြေးသွားကာ "ဘာဖြစ်တာလဲ" ဟု မေးလိုက်၏။ တင်းယန်က ဖိုင်တွဲတစ်ခုနှင့် အိမ်သုံးဆေးသေတ္တာတစ်လုံးကို ကိုင်ထားသည်ကို တွေ့လိုက်ရသည်။ သူမ၏ မျက်နှာတွင် ဒေါသအမျက်များ ဖုံးလွှမ်းနေပြီး မျက်ဝန်းများ နီရဲနေသည်။
ထိုစဉ် တင်းယန်၏ ခန္ဓာကိုယ်ပတ်လည်တွင် မှိန်ဖျဖျ အလင်းရောင်တစ်ခု ပေါ်လာသည်ကို လင်းယွမ် သတိထားလိုက်မိသည်။
လင်းယွမ် အကြီးအကျယ် လန့်ဖျပ်သွားပြီး "တင်းယန်" ဟု အမြန် လှမ်းအော်လိုက်သည်။
တင်းယန်က ရုတ်တရက် သတိပြန်ဝင်လာပြီး စိတ်လှုပ်ရှားစွာဖြင့် အော်ဟစ်ပြောဆိုလာသည်။ "သူ့မှာ ကိုယ်ဝန်ရှိနေတာ... ကိုယ်ဝန်ကြီးနဲ့ရှင့်... ဟိုတိရစ္ဆာန်ကောင်တွေ... ခွေးကောင်တွေ... သူတို့ ဘယ်လိုလုပ်ပြီး ဒီလိုအလုပ်မျိုး လုပ်ရက်ကြတာလဲ"
တင်းယန်၏ စိတ်လှုပ်ရှားစွာ အော်ဟစ်သံနှင့်အတူ သူမ ခန္ဓာကိုယ်မှ အလင်းရောင်သည် ပိုမို ကြီးမားထူထဲလာသည်။ လင်းယွမ်၏ နှလုံးခုန်သံများ မြန်ဆန်လာပြီး ခေါင်းထဲတွင် စကားလုံးတစ်လုံး လက်ခနဲ ပေါ်လာ၏။
"သန္ဓေပြောင်းခြင်း"
သူ့ရှေ့မှ တင်းယန်သည် သန္ဓေပြောင်းလဲမှု ဖြစ်ပေါ်နေပြီ ဖြစ်သည်။ လင်းယွမ်က အရှိန်ဖြင့် ပြေးဝင်သွားပြီး တင်းယန်ကို ဖမ်းချုပ်ကာ "စိတ်ကို လျှော့ထားစမ်း" ဟု အော်ဟစ်လိုက်သည်။
သို့သော် တင်းယန်မှာ အလွန်အမင်း ကြမ်းတမ်းလာပြီး လင်းယွမ်၏ လက်မောင်းကို တွန်းထုတ်ပစ်လိုက်၏။
"ဒုန်း"
သူမ ကိုယ်ပေါ်မှ အလင်းရောင်များ ရုတ်ခြည်း ကြီးထွားလာပြီး သူမ၏ ခွန်အားသည်လည်း သာမန်လူထက် နှစ်ဆ၊ သုံးဆခန့်အထိ ရုတ်တရက် တိုးလာကြောင်း လင်းယွမ် ခံစားလိုက်ရသည်။
ကံကောင်းသည်မှာ လင်းယွမ်၏ ခွန်အားကလည်း မနည်းလှသဖြင့် တင်းယန်၏ လက်မောင်းကို အတင်း ပြန်လည် ဖမ်းဆွဲထားလိုက်နိုင်သည်။
တင်းယန်က ပြင်းထန်စွာ ရုန်းကန်နေသည်။ ကိုယ်ပေါ်မှ အလင်းရောင်များ လက်ခနဲ ဖြစ်သွားပြီး လေပူဖောင်းသဏ္ဍာန် အကာအကွယ်တစ်ခုအဖြစ် သူမ တစ်ကိုယ်လုံးကို လွှမ်းခြုံသွားလေသည်။
လင်းယွမ် မည်မျှပင် အားစိုက်စေကာမူ ထိုအကာအကွယ်ကြောင့် တင်းယန်၏ ခန္ဓာကိုယ်ကို တိုက်ရိုက် ထိတွေ့၍ မရနိုင် ဖြစ်နေသည်။
သူမ၏ မျက်နှာကို ကြည့်လိုက်သောအခါ မျက်နှာပြင်ပေါ်တွင် သေးငယ်သော အကြေးခွံများ ထွက်ပေါ်လာသည်ကို တွေ့လိုက်ရ၏။ ထိုကြေးခွံများသည် မျက်ခုံးနှစ်ခုကြားမှ စတင်ကာ လျင်မြန်စွာ ပြန့်ပွားလာနေသည်။
လင်းယွမ် အကြီးအကျယ် တုန်လှုပ်သွားသည်။ စကားတစ်ခွန်းမျှ မဆိုတော့ဘဲ အားကို တိုးမြှင့်ကာ တင်းယန်၏ ဦးခေါင်းကို လက်သီးဖြင့် ပြင်းပြင်းထန်ထန် ထိုးချလိုက်တော့သည်။
"ဒုန်း"
သာမန်လူတစ်ယောက်၏ ဦးခေါင်းခွံကို ကြေမွသွားစေနိုင်သော အားအင်ဖြင့် ထိုးလိုက်သော်လည်း တင်းယန်၏ ဦးခေါင်းမှာ အနည်းငယ် ယိမ်းယိုင်သွားရုံသာ ရှိသည်။
သို့သော် တင်းယန်ကို လွှမ်းခြုံထားသော အလင်းရောင်မှာမူ အနည်းငယ် မှိန်ဖျော့သွားသည်ကို လင်းယွမ်၏ မျက်လုံးများက အမိအရ မြင်လိုက်သည်။
သူ ချက်ချင်းပင် အကွက်မြင်သွားပြီး လက်သီးဖြင့် ဆက်တိုက် ထိုးနှက်လိုက်လေသည်။
"ဒုန်း... ဒုန်း... ဒုန်း"
သုံးချက်ဆက်တိုက် ထိုးလိုက်ပြီးနောက် "ဒုတ်" ခနဲ အသံနှင့်အတူ လေပူဖောင်းအကာအကွယ် ကွဲအက်သွားတော့သည်။
ထို့နောက် တင်းယန် တစ်ကိုယ်လုံး ပြင်းထန်စွာ တုန်ခါသွားပြီး အားအင်ကုန်ခမ်းသွားသည့်အလား ကြမ်းပြင်ပေါ်သို့ ခွေခွေလေး ပုံလျက်သား ကျသွားလေသည်။
မျက်ခုံးကြားရှိ အကြေးခွံများသည်လည်း မျက်စိရှေ့မှာပင် လျင်မြန်စွာ ပျောက်ကွယ်သွားပြီး ချောမွေ့သော အရေပြားအတိုင်း ပြန်လည် ဖြစ်သွားသည်။ အရာအားလုံးသည် ဘာမှ မဖြစ်ခဲ့သကဲ့သို့ ပကတိ အတိုင်း ပြန်ဖြစ်သွားလေတော့သည်။
ဆက်ရန်...