အခန်း (၆၇-၆၈)
Vol. 4 Ch. 67-68
အပိုင်း (၆၇) တင်းယန်၏ သန္ဓေပြောင်းအစွမ်း နိုးထလာခြင်း
လင်းယွမ်သည် စိတ်ထဲတွင် သံသယများနှင့် ပြည့်နှက်နေပြီး တင်းယန်ကို ပွေ့ချီကာ ကုတင်ပေါ်သို့ တင်ပေးလိုက်သည်။ ထို့နောက် သူမကို အသာအယာ လှုပ်နှိုးလိုက်လေသည်။ "တင်းယန်... တင်းယန်... သတိထားပါဦး"
လင်းယွမ်၏ ခေါ်သံအောက်တွင် တင်းယန်၏ မျက်ခွံများ တုန်ခါသွားပြီး မျက်လုံးများကို ဖြည်းညင်းစွာ ဖွင့်ကြည့်လာသည်။
မျက်ဝန်းအိမ်များမှာ ကြည်လင်ပြတ်သားနေသော်လည်း မျက်လုံးထဲတွင်တော့ ဇဝေဇဝါဖြစ်မှု အရိပ်အယောင်အချို့ ရှိနေသေးသည်။
လင်းယွမ်က အလျင်အမြန် မေးလိုက်သည်။ "နင် ဘယ်လိုနေသေးလဲ... နေမကောင်းဖြစ်တာမျိုး ရှိလား"
"ကျွန်မ... ကျွန်မ ဘာဖြစ်သွားတာလဲ" ဟု တင်းယန်က တီးတိုးရေရွတ်လိုက်ပြီးနောက် ရုတ်တရက် တစ်စုံတစ်ခုကို သတိရသွားပုံဖြင့် "ရှင် ဘာလို့ ကျွန်မကို ရိုက်တာလဲ"
လင်းယွမ်က မနေနိုင်ဘဲ ပြန်မေးလိုက်သည်။ "စောစောက နင်ဘာတွေဖြစ်ပျက်ခဲ့လဲဆိုတာ မှတ်မိလား"
"ကျွန်မကလား... ဘာကို ပြောတာလဲ"
လင်းယွမ်က အကျိုးအကြောင်း ရှင်းပြလိုက်သောအခါ တင်းယန်တစ်ယောက် ဗြုန်းခနဲ ထထိုင်လိုက်မိပြီး အံ့အားသင့်စွာဖြင့် မေးလိုက်သည်။ "ကျွန်မ... ကျွန်မခန္ဓာကိုယ်က သန္ဓေပြောင်းလဲသွားတာလား... ဘယ်နားလဲ... ဘယ်နားမှာလဲ"
သူမသည် ဗီရိုတံခါးမှ မှန်ကို အလျင်အမြန် ဖွင့်လိုက်ပြီး မှန်ထဲတွင် မိမိကိုယ်ကို စိတ်လှုပ်ရှားစွာဖြင့် ကြည့်ရှုစစ်ဆေးလေသည်။
လင်းယွမ်က "စောစောက နင့်တစ်ကိုယ်လုံးကနေ အလင်းရောင်မှိန်မှိန်လေးတွေ ဖြာထွက်နေပြီး လေအကာအရံတစ်ခုလို အလွှာပါးလေးက နင့်ကို ကာကွယ်ပေးထားတယ်"
"နင့်နဖူးပြင်မှာလည်း အကြေးခွံတွေ ပေါ်လာခဲ့သေးတယ်... ဒါပေမဲ့ ငါ ရိုက်ချပြီး အရှိန်သတ်လိုက်တော့ အဲဒါတွေ ပြန်ပျောက်သွားတယ်"
"နင်..."
လင်းယွမ် စကားမဆုံးသေးခင်မှာပင် တင်းယန်က သူမ၏ လက်ချောင်းများကို မြှောက်လိုက်သည်ကို မြင်လိုက်ရသည်။ သူမ၏ လက်ချောင်းထိပ်လေးများတွင် မှိန်ဖျော့ဖျော့ အလင်းရောင်လေးများ ပေါ်ထွက်နေသည်။
တင်းယန်သည် သူမ၏ လက်ချောင်းများကို ပြန်ကြည့်ရင်း မျက်နှာတွင် အံ့သြဝမ်းသာမှုများ ပြည့်နှက်နေသည်။ "ဒါ... ဒါက ကျွန်မရဲ့ သန္ဓေပြောင်းအစွမ်းလား"
လင်းယွမ်က သူမ၏ စိတ်အခြေအနေကို အလျင်အမြန် လှမ်းကြည့်လိုက်ရာ ထူးခြားစွာ ပြောင်းလဲသွားပုံ မရသည်ကို တွေ့လိုက်ရသည်။
ထို့ကြောင့် သူက ချက်ချင်း မေးလိုက်သည်။ "နင် စိတ်တိုဒေါသထွက်တာမျိုး... ဒါမှမဟုတ် လူသတ်ချင်တာမျိုး ခံစားရလား"
"ဟင်... မရှိပါဘူး... ခံစားချက်က တော်တော် ဆန်းကြယ်တယ်... ကျွန်မခန္ဓာကိုယ်ထဲမှာ စွမ်းအင်တစ်ခု ရှိနေသလိုပဲ... အဲဒီစွမ်းအင်ကို ကျွန်မစိတ်တိုင်းကျ ထိန်းချုပ်လို့ ရနေတယ်"
"ကြည့်ကြည့်လိုက်"
သူမက နောက်ထပ် လက်တစ်ဖက်ကို ဆန့်ထုတ်လိုက်ရာ ထိုလက်ပေါ်တွင်လည်း မှိန်ဖျော့ဖျော့ အလင်းရောင်လေးများ ရှိနေသည်။
လင်းယွမ်က အတွေးနက်သွားပြီး "ဒါ နင့်ဆီမှာ နိုးထလာတဲ့ အစွမ်းလား" ဟု မေးလိုက်သည်။
"အဲဒီအစွမ်းက ဘာလုပ်လို့ရလဲဆိုတာ နင် သိလား?"
"အဲဒါတော့... ကျွန်မလည်း သေချာမသိသေးဘူး" ဟု တင်းယန်က ခေါင်းခါလိုက်သည်။
လင်းယွမ် စိတ်ဝင်စားသွားပြီး "သန္ဓေပြောင်းတဲ့ ဖြစ်စဉ်ကို ငါ ဝင်နှောင့်ယှက်လိုက်လို့များလား... နင်က ဝမ်ယန်မေတို့... လျှိုအားလုံတို့လိုမျိုး ဒေါသကြီးပြီး စိတ်ဖောက်ပြန်သွားတာမျိုး မဖြစ်ဘဲ သန္ဓေပြောင်းအစွမ်း သက်သက် ရလိုက်တာများလား" ဟု ခန့်မှန်းပြောဆိုလိုက်သည်။
"ကဲ... စမ်းကြည့်ရအောင်... နင့်ရဲ့ အဲဒီအစွမ်းနဲ့ နင့်လက်သီးကို လွှမ်းခြုံပြီး ထိုးကြည့်ပါလား"
တင်းယန်က ခေါင်းညိတ်လိုက်ပြီး ထိုစွမ်းအင်ကို စုစည်းလိုက်သည်။ ချက်ချင်းပင် လက်သီးတစ်ခုလုံးကို အလင်းရောင်ဖျော့ဖျော့လေးများ လွှမ်းခြုံသွားပြီးနောက် သူမက ဗီရိုတံခါးကို အားကုန်လွှဲ၍ ထိုးချလိုက်သည်။
"ဘုန်း"
ကျယ်လောင်သော အသံတစ်သံနှင့်အတူ ဗီရိုတံခါးရွက်မှာ ဝုန်းခနဲ ကြေမွသွားတော့သည်။
ထိုမြင်ကွင်းကြောင့် တင်းယန် လွန်စွာ အံ့သြသွားပြီး သူမ၏ လက်သီးကို အလျင်အမြန် ပြန်စစ်ဆေးကြည့်လိုက်သည်။
လက်သီးမှာ ပွန်းပဲ့ဒဏ်ရာ တစ်စက်မှ မရရှိသည်ကို တွေ့လိုက်ရသည်။ ထိုအလင်းရောင် အလွှာပါးလေးက သူမ၏ လက်သီးကို ကာကွယ်ပေးလိုက်ပုံ ရသည်။
လင်းယွမ်က ကြေမွသွားသော တံခါးရွက်ကို ကြည့်ပြီး "ခွန်အားလည်း တိုးလာသလို ကာကွယ်ရေးအစွမ်းလည်း ပါတာပဲ" ဟု ပြောလိုက်သည်။
စောစောက တင်းယန်တစ်ကိုယ်လုံးကို အလင်းရောင် အကာအရံများ လွှမ်းခြုံထားခဲ့သည့် မြင်ကွင်းကို ပြန်သတိရလိုက်ပြီး "နင် စွမ်းအင် ဘယ်လောက်များများ ထုတ်သုံးနိုင်လဲ... တစ်ကိုယ်လုံးကို လွှမ်းခြုံထားနိုင်လား" ဟု မေးလိုက်သည်။
တင်းယန်က ကြိုးစားကြည့်သော်လည်း လုပ်ဆောင်ရန် ခက်ခဲနေသည်။
သူမအနေဖြင့် ထိုစွမ်းအင်ကို လက်သီးနှင့် လက်ကောက်ဝတ် နေရာလောက်ထိသာ ဖုံးလွှမ်းနိုင်သေးသည်။
သို့မဟုတ် ခန္ဓာကိုယ်၏ အခြားအစိတ်အပိုင်း တစ်နေရာရာကို ရွှေ့ပြောင်းနိုင်သော်လည်း ဖုံးလွှမ်းနိုင်သည့် ဧရိယာပမာဏမှာ ထိုမျှလောက်သာ ရှိနေသေးသည်။
လင်းယွမ်က "ကြည့်ရတာ နင် ဒီအစွမ်းကို အပြည့်အဝ မထိန်းချုပ်နိုင်သေးပုံပဲ" ဟု သုံးသပ်လိုက်သည်။
"စောစောက နင် သန္ဓေပြောင်းခါစတုန်းကဆိုရင် အလင်းရောင်တွေက နင့်တစ်ကိုယ်လုံးကို လွှမ်းခြုံထားပြီး ကာကွယ်နိုင်စွမ်းကလည်း တော်တော့်ကိုမြင့်တာ"
တင်းယန်သည် စိတ်လှုပ်ရှားစွာဖြင့် သုံးမိနစ်ခန့် စမ်းသပ်ပြီးနောက် ရုတ်တရက် ခေါင်းထဲ မူးဝေလာကာ မျက်လုံးများ ပြာဝေသွားပြီး လဲကျလုနီးပါး ဖြစ်သွားသည်။
လင်းယွမ်က သူမကို ချက်ချင်း တွဲထိန်းလိုက်ရင်း "ဘာဖြစ်တာလဲ"
"ကျွန်မ... ကျွန်မ ခေါင်းမူးတယ်... ဒီအစွမ်းကို ဆက်တိုက် သုံးလို့မရဘူး ထင်တယ်"
လင်းယွမ်က ခေါင်းညိတ်လိုက်ပြီး "ဒါက ပုံမှန်ပါပဲ... ဘယ်အစွမ်းမဆို အကန့်အသတ်မဲ့ သုံးလို့ရတာမှ မရှိတာဘူးလေ... နင့်ရဲ့ ခန္ဓာကိုယ် ခွန်အားကို လောင်ကျွမ်းပြီး သုံးရတာ ဖြစ်မှာပေါ့"
"ကျွန်မ ရုတ်တရက် ဗိုက်အရမ်းဆာလာတယ်" ဟု တင်းယန်က ပြောသည်။
လင်းယွမ်က ကျောပိုးအိတ်ထဲမှ စမ်းသပ်နှိုက်ယူဟန် ပြုလိုက်သော်လည်း တကယ်တမ်းတွင် ပစ္စည်းသိုလှောင်ခန်း ထဲမှ ပေါင်မုန့်တစ်လုံးကို ထုတ်ယူလိုက်ခြင်း ဖြစ်သည်။ "ဒါလေး အရင်စားပြီး ဗိုက်ဖြည့်ထားလိုက်ဦး... ကြည့်ရတာ သန္ဓေပြောင်းအစွမ်းကို သုံးရင် ကန့်သတ်ချက် ရှိတဲ့ပုံပဲ"
"သုံးမိနစ်ဆိုတာ လောလောဆယ် နင့်ရဲ့ အကန့်အသတ် ဖြစ်လောက်တယ်"
တင်းယန်က ပေါင်မုန့်ကို အငမ်းမရ စားလိုက်မှသာ ခွန်အားအနည်းငယ် ပြန်လည်ပြည့်ဖြိုးလာသည်။
သူမက စိတ်လှုပ်ရှားမှုကို မထိန်းနိုင်ဘဲ "ဒီလိုအစွမ်းမျိုး ရှိလာပြီဆိုတော့ ကျွန်မလည်း ရှင့်ကို... တခြားလူတွေကို ကာကွယ်ပေးနိုင်ပြီပေါ့"
"ရှင့်ကို" ဟု ပြောလိုက်ချိန်တွင် အနည်းငယ် ရပ်တန့်သွားပြီးမှ နောက်ဆက်တွဲ စကားကို ထပ်ဖြည့်ပြောခြင်း ဖြစ်သည်။
လင်းယွမ်က ထိုအချက်ကို သတိမထားမိဘဲ "နင် အရင်တုန်းက သန္ဓေပြောင်းငါးတွေ အများကြီး စားခဲ့ဖူးလား" ဟုသာ မေးလိုက်သည်။
"အင်း... အရင်က ကျွန်မနဲ့ ဖန်းမေချင်း အဖမ်းခံထားရတုန်းက ငါးကိုပဲ အဓိကစားပြီး အသက်ဆက်ခဲ့ရတာလေ"
လင်းယွမ်က ခေါင်းညိတ်လိုက်သည်။ "ဒါဆိုရင် နင့်ခန္ဓာကိုယ်ထဲက သန္ဓေပြောင်းလဲတဲ့ အဆင့်က မနိမ့်လောက်ဘူး... ဒါကြောင့်လည်း ဒီလောက်မြန်မြန် အစွမ်းနိုးထလာတာ ဖြစ်မယ်"
"ဒါနဲ့... နင် အစွမ်းနိုးထခါနီးတုန်းက ဘာနိမိတ်လက္ခဏာမျိုးများ ပြလဲ... ဘာလို့ ရုတ်တရက်ကြီး ထပြီး သန္ဓေပြောင်းသွားရတာလဲ"
တင်းယန်က ပြန်လည်စဉ်းစားလိုက်ပြီး ကြမ်းပြင်ပေါ် ကျနေသော စာရွက်စာတမ်းကို ကောက်ယူလိုက်သည်။ "စောစောက အဲဒီမိန်းကလေးရဲ့ ဆေးစစ်ချက်မှတ်တမ်းကို ကျွန်မ ဖတ်မိလိုက်တယ်လေ... အဲဒီထဲမှာ ရေးထားတာက ကိုယ်ဝန် သုံးလ ရှိနေပြီတဲ့"
"အဲဒီအချိန်တုန်းက ကျွန်မခေါင်းတစ်ခုလုံး ပေါက်ကွဲထွက်မတတ် ဖြစ်သွားတယ်... ပြင်းထန်တဲ့ စိတ်ခံစားချက်တွေက ကျွန်မကို လွှမ်းမိုးသွားတာ... အဲဒီ တိရစ္ဆာန်ကောင် သုံးကောင်ကို နောက်တစ်ခါ ထပ်သတ်ချင်စိတ်တွေ ပေါက်လာပြီး အလောင်းကိုပါ ပြစ်ဒဏ်ပေးချင်လောက်အောင် မုန်းတီးသွားမိတယ်"
"တချိန်တည်းမှာပဲ အဲဒီမိန်းကလေးကို မကယ်တင်နိုင်ခဲ့ဘူးဆိုတဲ့ စိတ်နဲ့ ကိုယ့်ကိုယ်ကိုယ် အပြစ်တင်မိတယ်... အဲဒီတုန်းက အတွေးတွေ အရမ်း ရှုပ်ထွေးနေတာ... ရှင်ခေါ်တာကိုတောင် ကျွန်မ လုံးဝ မကြားမိတော့ဘူး"
"ဒီပြင်တခြားတော့ ဘာခံစားချက်မှ မရှိဘူး"
"ပြီးတော့ နင့်လက်ချက်နဲ့ အထုခံလိုက်ရတာပဲ"
ထိုသို့ပြောရင်း တင်းယန်က လင်းယွမ်ကို ထူးဆန်းသလို ကြည့်လိုက်သည်။
မိမိမှာ သန္ဓေပြောင်းအစွမ်း နိုးထလာသည့်တိုင် လင်းယွမ်က အလွယ်တကူ ကိုင်ပေါက် လဲချနိုင်သည်ဆိုတော့ လင်းယွမ်ကိုယ်တိုင်ကရော သန္ဓေပြောင်းအစွမ်း ရထားပြီးသား မဟုတ်ပေဘူးလား။
လင်းယွမ်ကမူ အကြောင်းရင်းကို စဉ်းစားခန်းဖွင့်နေသည်။
"လျှိုအားလုံတုန်းက သေဘေးနဲ့ ကြုံတွေ့နေရတဲ့ အရေးကြီးအချိန်မှာ သန္ဓေပြောင်းအစွမ်း နိုးထသွားတယ်... ဒါကြောင့် ကာကွယ်ရေးအစွမ်းကို ရခဲ့တာ"
"ဝမ်ယန်မေကျတော့ ဝူဟွခြိမ်းခြောက်တာကို ခံခဲ့ရတာ... ဒါပေမဲ့ သူက ဘာလို့ တိုက်ခိုက်ရေးအစွမ်းကို ရသွားတာလဲ"
"နေဦး... ဝမ်ယန်မေမှာ ဒဏ်ရာမရှိဘူး... သူ့သမီးပဲ အသတ်ခံလိုက်ရတာ... ဝူဟွက သူ့သမီးကို သတ်နေတာ မြင်ရတဲ့အချိန်မှာ ဝမ်ယန်မေက စိတ်ထိခိုက်လွန်းသွားပြီး သန္ဓေပြောင်းအစွမ်း နိုးထလာတာများလား"
"တင်းယန်ကျတော့ ဘယ်သူ့ခြိမ်းခြောက်မှုမှ မခံရသလို... သေဘေးနဲ့လည်း မကြုံရဘူး... ဒါပေမဲ့ သူလည်း သန္ဓေပြောင်းအစွမ်း နိုးလာတယ်"
"ဒီသုံးယောက်ရဲ့ ဖြစ်စဉ်ကို ကြည့်မယ်ဆိုရင် 'သေဘေးကြုံရခြင်း' ဆိုတာက မရှိမဖြစ် လိုအပ်တဲ့ အချက်တော့ မဟုတ်ဘူး... ဒါဆို ဘယ်အရာက သူတို့ကို နိုးထစေတာလဲ"
လင်းယွမ် စဉ်းစားနေရင်း ရုတ်တရက် မျက်လုံးများ အရောင်တောက်လာသည်။ ၁.၇ အဆင့်ရှိသော သူ၏ စိတ်စွမ်းအား က အလုပ်လုပ်သွားပြီး တူညီချက်များကို ချက်ချင်း ကောက်ချက်ချနိုင်လိုက်သည်။
"စိတ်ခံစားချက်ပဲ"
"သေဘေးကြုံရတဲ့ အခြေအနေမှာ လျှိုအားလုံက ငါ့ရဲ့ သေစေနိုင်တဲ့ တိုက်ခိုက်မှုကို ကာကွယ်ချင်စိတ် ပြင်းပြခဲ့တယ်... ဒါကြောင့် ကာကွယ်ရေးအစွမ်းကို ရရှိခဲ့တာ"
"ဝမ်ယန်မေက သူ့သမီးလေး လျူချန်ကို ဝူဟွ သတ်တော့မယ့်ဆဲဆဲ အခြေအနေကို မျက်မြင်ကိုယ်တွေ့ ကြုံလိုက်ရတယ်လို့ ယူဆကြည့်မယ်... အဲဒီအချိန်မှာ ဝူဟွ လူမသတ်နိုင်အောင် တားဆီးချင်စိတ်၊ ဝူဟွကို အမြန်ဆုံး သတ်ပစ်ချင်စိတ်တွေ ပြင်းပြင်းထန်ထန် ဖြစ်ပေါ်လာမှာပဲ"
"ဒါကြောင့် သူ နိုးထလာတဲ့ အစွမ်းက အမြန်နှုန်းနဲ့ တိုက်ခိုက်ရေး ဖြစ်နေတာ"
"တင်းယန်ကျတော့ အဲဒီလူယုတ်မာတွေကို သတ်ချင်နေသလို တဖက်မှာလည်း မိန်းကလေးကို ကယ်တင်ချင်စိတ် ရှိနေခဲ့တယ်... ဒါကြောင့် သူမရဲ့ အစွမ်းက တိုက်ခိုက်တာနဲ့ ကာကွယ်တာ နှစ်မျိုးလုံး ပါနေတာ"
"အဲ့ဒီတော့ သန္ဓေပြောင်းအစွမ်း နိုးထလာတာက လူတစ်ယောက်ရဲ့ စိတ်ခံစားချက်နဲ့ သက်ဆိုင်နေတယ်"
"ပြီးတော့ ရရှိလာမယ့် အစွမ်းအမျိုးအစားက အဲဒီအချိန်မှာ အဲဒီလူ အပြင်းအထန် တောင့်တနေတဲ့ ဆန္ဒနဲ့ သက်ဆိုင်နေတယ်"
လင်းယွမ်သည် ထိုကဲ့သို့ ကောက်ချက်ချလိုက်ပြီးနောက် စိတ်ထဲတွင် အံ့သြမှင်သက်သွားမိသည်။
သန္ဓေပြောင်းအစွမ်းဆိုသည်မှာ တစ်သီးပုဂ္ဂလ တစ်ဦးချင်းစီနှင့် အမှန်တကယ် ဆက်နွယ်နေသည်။
လူတိုင်း နိုးထလာမည့် အစွမ်းများမှာ တူညီနိုင်မည် မဟုတ်ပေ။
အဘယ်ကြောင့်ဆိုသော် လူတိုင်း၏ နိုးထချိန်တွင် ဖြစ်ပေါ်နေသော အတွေးများမှာ မတူညီကြသောကြောင့်ပင်။
လူသတ်ချင်သည့် ဆန္ဒချင်း တူရင်တောင်မှ သတ်ချင်သည့် ပုံစံချင်းက တူချင်မှ တူမည် မဟုတ်ပါလော။
ရုတ်တရက် လင်းယွမ် နောက်ထပ် မေးခွန်းတစ်ခုကို တွေးမိလိုက်ပြန်သည်။
"ဒါဆိုဘာလို့ တင်းယန်က အစွမ်းနိုးထလာပြီး စိတ်အခြေအနေ ကြမ်းတမ်းမသွားတာလဲ... ဝမ်ယန်မေလိုမျိုး စကားနည်းနည်းပြောတာနဲ့ သတ်ချင်ဖြတ်ချင်စိတ် မဖြစ်လာရတာလဲ"
ဆက်ရန်...
အပိုင်း (၆၈) ကြောင်တွေလည်း သန္ဓေပြောင်းကုန်ပြီ
"သူ့ခန္ဓာကိုယ်မှာလည်း သန္ဓေပြောင်းသွားတဲ့ ထူးခြားလက္ခဏာမျိုး မတွေ့ရဘူး..."
"နေဦး... အဲ့ဒါ ငါ ဝင်ပြီးနှောင့်ယှက်လိုက်လို့ သူ့သန္ဓေပြောင်းလဲမှု ဖြစ်စဉ် ရပ်တန့်သွားတာနဲ့များ သက်ဆိုင်နေမလား"
လင်းယွမ် ရုတ်တရက် ထိုအချက်ကို သတိထားလိုက်မိသည်။ ဖြစ်နိုင်ခြေ အတော်များသည်။
ဆိုလိုသည်မှာ သန္ဓေပြောင်းလဲမှု ဖြစ်စဉ်သည် ပြင်ပလွှမ်းမိုးမှုကြောင့် အလွယ်တကူ ပြောင်းလဲသွားနိုင်သည် ဟူသောအချက်ပင်။
"ရှင် ဘာတွေ စဉ်းစားနေတာလဲ"
လင်းယွမ်က သူ၏ ထင်မြင်ယူဆချက်ကို တင်းယန်အား ပြောပြလိုက်သည်။
တင်းယန်က နားထောင်ပြီးနောက် ခေတ္တမျှ စဉ်းစားကာ "ရှင့်သုံးသပ်ချက်က ဖြစ်နိုင်ခြေ တော်တော်ရှိတယ်" ဟု ပြန်ပြောသည်။
"သန္ဓေပြောင်းလဲတဲ့ ဖြစ်စဉ်ကို ပြင်ပအနှောင့်အယှက်တွေက သက်ရောက် နိုင်တာပဲ"
"ရှင်သာ ဝင်မပါခဲ့ရင် ကျွန်မလည်း ဝမ်ယန်မေလိုပဲ တခြားလူတွေကို တိုက်ခိုက်ဖို့လောက်သာ သိတော့တဲ့ အရူးမတစ်ယောက် ဖြစ်သွားနိုင်တယ်"
"ဒေါသတရားတွေ လွှမ်းမိုးပြီး အဲ့ဒီ စိတ်ခံစားချက်ရဲ့ ချယ်လှယ်တာကိုပဲ ခံနေရတဲ့သူ ဖြစ်သွားနိုင်တာပေါ့"
လင်းယွမ်က လေးနက်သော လေသံဖြင့် "အခုလို ခေတ်ပျက်ကြီးထဲမှာ သန္ဓေပြောင်း ငါးတွေကို စားမိတဲ့လူတွေ မနည်းလောက်ဘူး... ပြီးတော့ စိတ်ခံစားချက် ပြင်းထန်လွန်ကဲနေတဲ့ လူတွေလည်း အများကြီး ရှိနေမှာပဲ"
"မကြာခင်မှာ ထူးဆန်းတဲ့ သန္ဓေပြောင်း အစွမ်းရှင်တွေ အများကြီး ပေါ်ထွက်လာလိမ့်မယ်လို့ ငါ ထင်တယ်"
တင်းယန် ထိုစကားကို ကြားသောအခါ မျက်နှာပျက်သွားပြီး "အဲ့ဒီလိုသာဆိုရင် ကျွန်မတို့ လျှိုအားလုံ တစ်ယောက်ကို ခက်ခက်ခဲခဲ သတ်ဖြတ်ပြီးကာမှ နောက်ထပ် ဒုတိယ... တတိယ လျှိုအားလုံတွေ ထပ်ပေါ်လာနိုင်တာပေါ့" ဟု မေးလိုက်သည်။
လင်းယွမ်က ခေါင်းညိတ်ကာ "ဒီလို ပတ်ဝန်းကျင် အခြေအနေမျိုးမှာ လူသားတွေရဲ့ ကိုယ်ကျင့်တရား စည်းကမ်းတွေက အောက်ဆုံးထိ ထိုးကျသွားမှာပဲ... လျှိုအားလုံလို လူစားမျိုးတွေ လုံးဝ နည်းသွားမှာ မဟုတ်ဘူး"
"ဦးလေးမာတို့တွေကိုလည်း စောစောစီးစီး သန္ဓေပြောင်း အစွမ်းတွေ ရလာအောင် ငါတို့ နည်းလမ်းရှာပေးရမယ်"
"စိတ်ခံစားချက် လွှမ်းမိုးတာကို မခံရအောင် သတိထားနေသရွေ့ ဖျက်ဆီးသတ်ဖြတ်လိုစိတ်ပဲ ရှိတဲ့ အရူးတွေ မဖြစ်ဘဲ သန္ဓေပြောင်း အစွမ်းကို စိတ်ချလက်ချ ရယူနိုင်မှာပါ"
တင်းယန်က ခေါင်းညိတ်ထောက်ခံလိုက်သည်။ "အင်း... ဒါဆို အစ်ကိုချိုင်နဲ့ ရှောင်ကျောက်တို့ကို တွေ့ရင် သူတို့နဲ့ပါ တိုင်ပင်ကြည့်ကြတာပေါ့"
"သွားကြစို့... လူအရင် လိုက်ရှာရအောင်... အစ်ကိုချိုင်နဲ့ ရှောင်ကျောက်က ဘေးက တိုက်ခန်းဆောင်ကို ထွက်ပြေးသွားကြတာဆိုတော့ ပုံမှန်ဆိုရင် ပြန်ရောက်နေသင့်ပြီ... အခုထိ ပြန်မလာသေးဘူးဆိုတော့ တခုခု ဖြစ်နေပြီ ထင်တယ်"
လင်းယွမ် မတ်တတ်ထရပ်လိုက်ရာ မျက်နှာထားမှာ တည်ကြည်လေးနက်နေသည်။
တင်းယန်လည်း စိုးရိမ်စိတ် ဝင်လာပြီး "သူတို့ အသက်ရှင်သေးပါစေလို့ပဲ ဆုတောင်းရမယ်" ဟု ရေရွတ်လိုက်သည်။
လမ်းတွင် တင်းယန်က သူမ၏ အစွမ်းကို [အစွမ်းသွင်းခြင်း] ဟု အမည်ပေးလိုက်သည်။
အမည်နှင့် လိုက်ဖက်စွာပင် သူမ၏ ခန္ဓာကိုယ် အစိတ်အပိုင်း တစ်ခုခုကို အစွမ်း အပြည့်သွင်းပေးနိုင်စွမ်း ရှိသည်။
လက်ဝါးပဲဖြစ်ဖြစ်၊ ခေါင်းပဲဖြစ်ဖြစ် ထိုအစွမ်း ရောက်ရှိသွားသည့် နေရာတိုင်းတွင် ခန္ဓာကိုယ်၏ ကာကွယ်နိုင်စွမ်းနှင့် တိုက်ခိုက်နိုင်စွမ်းတို့ လျင်မြန်စွာ မြင့်တက်လာသည်။
ဒါက သူမ၏ [အစွမ်းသွင်းခြင်း] စွမ်းရည်ပင် ဖြစ်သည်။
လင်းယွမ်လည်း စဉ်းစားနေမိသည်။ သူ၏ သန္ဓေပြောင်းလဲမှု အဆင့်က (၃%) သာ ရှိသေးသည်။ သန္ဓေပြောင်း အစွမ်းတစ်ခု ရရှိရန် ဘယ်လောက်အထိ ရောက်အောင် သွားရမည်နည်း။
ထို့ပြင် စနစ် မှတစ်ဆင့် အမှတ်ပေါင်းထည့်၍ သန္ဓေပြောင်းလဲမှု အဆင့်ကို မြှင့်တင်ခြင်းက သန္ဓေပြောင်း ငါးများကို စားသလောက် မြန်ဆန်ပါ့မလား။
နောက်တစ်ချက်က သူသည် သန္ဓေပြောင်း ငါးများကို မစားဘဲ အစွမ်း ရရှိလာပါက စိတ်ခံစားချက် လွှမ်းမိုးခံရမည့် အန္တရာယ် ရှိနိုင်ပါ့မလား။
ခေတ္တမျှ စဉ်းစားပြီးနောက် ဆုံးဖြတ်ချက် တစ်ခု ချလိုက်သည်။
သန္ဓေပြောင်း ငါးတွေကို မစားဘဲ နေနိုင်သရွေ့ မစားတာ အကောင်းဆုံးပင်။
အဘယ်ကြောင့်ဆိုသော် စနစ် ၏ ကံစမ်းမဲ ဘီးတွင် ပါဝင်သော သန္ဓေပြောင်း စတော်ဘယ်ရီသီးက သူ့ကို သတိပေးချက် တစ်ခု ပေးခဲ့သောကြောင့်ပင်။
သန္ဓေပြောင်း စတော်ဘယ်ရီသီးတွင် အရည်အသွေးနှင့် သန့်စင်မှုနှုန်း ဟူသော ဂုဏ်သတ္တိများ ပါဝင်သည်။
ထိုအချက်နှစ်ချက်က သန္ဓေပြောင်းလဲစဉ် စိတ်ခံစားချက် အန္တရာယ်ကို သက်ရောက်စေသော အဓိက အကြောင်းရင်းများ ဖြစ်နေမလား။
အရည်အသွေး မြင့်လေ၊ သန့်စင်မှုနှုန်း များလေ အန္တရာယ် နည်းလေ ဖြစ်နိုင်မလား။
"လောစရာမလိုဘူး... စနစ် ထဲကနေ အမှတ်တွေ ပေါင်းထည့်တာကလည်း ငါ့ရဲ့ စွမ်းရည်တွေကို တိုးတက်စေတာပဲလေ... အမှတ်တွေကို ဖြည်းဖြည်းချင်းပဲ စုတော့မယ်... အမှတ် (၁၀၀) တန် ကံစမ်းမဲကနေ အရေအသွေးမှတ်တွေ မရရင် အမှတ် (၅၀၀) တန်... (၁၀၀၀) တန်တွေနဲ့ ကံစမ်းတာပေါ့"
"အရေအသွေးမှတ်တွေ လုံးဝ မပေါက်ဘူးလို့ ငါမယုံဘူး"
လင်းယွမ် စိတ်ထဲမှ တေးမှတ်ထားလိုက်သည်။ သူတို့နှစ်ဦး သတိမထားမိလိုက်ခင်မှာပင် (၁၄) လွှာသို့ ပြန်ရောက်လာကြသည်။
ဝမ်ယန်မေ၏ အိမ်တံခါးမှာ ပွင့်ဟနေပြီး အတွင်းမှ လှုပ်ရှားသံများ ကြားနေရသည်။
လင်းယွမ်နှင့် တင်းယန်တို့ တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်လိုက်ကြပြီးနောက် လင်းယွမ်က "လောလောဆယ် ဒီအရူးမနဲ့ ပြဿနာ သွားမရှာတာ ကောင်းမယ်... ငါတို့ လမ်းလွှဲပြီး စင်္ကြံလမ်းကနေ တိုက် (၂) ဘက်ကို ကူးကြမယ်" ဟု ပြောလိုက်သည်။
တင်းယန်ကလည်း ခေါင်းညိတ်သည်။ "အင်း"
သူမအနေဖြင့် အကြောင်းမဲ့ အန္တရာယ် မပြုလိုပေ။ ယခု အရေးကြီးသည်မှာ ပျောက်နေသူများကို ရှာဖွေရန်သာ ဖြစ်သည်။
နှစ်ယောက်သား စင်္ကြံလမ်းကို လျင်မြန်စွာ ဖြတ်သန်းပြီး တိုက် (၂) သို့ ရောက်ရှိလာကြသည်။
ဤသည်မှာ လင်းယွမ်အတွက် တိုက် (၂) သို့ ဒုတိယအကြိမ် ရောက်ဖူးခြင်း ဖြစ်သည်။
ပထမအကြိမ်က ဝမ်မုံကို လိုက်လံ သတ်ဖြတ်စဉ်က ဖြစ်သည်။
ရေကြီးပြီး နောက်ပိုင်းတွင် လင်းယွမ်သည် အပြင်သို့ အလွယ်တကူ ထွက်လေ့မရှိပေ။ တိုက် (၂) ဘက်သို့ လာရန် ဆိုသည်မှာ ပို၍ပင် ဝေးစွ။
တိုက် (၂) ၏ ဖွဲ့စည်းပုံမှာ တိုက် (၁) နှင့် ထပ်တူပင်ဖြစ်ပြီး တစ်လွှာတွင် တိုက်ခန်း နှစ်ခန်းရှိသည်။
လှေကားလမ်း တစ်လျှောက်တွင် မှိုများ တက်နေပြီး ကြမ်းပြင်ပေါ်တွင် အမှိုက်များ ပွစာကြဲနေသည်။ နေရာတိုင်းလိုလိုတွင် မီးခိုးမှိုင်း စွဲနေသော အရာများကို တွေ့ရသည်။
လူအချို့ လှေကားခွင်တွင် ထမင်းဟင်း ချက်ပြုတ်ခဲ့ပုံရသည်။
ရံဖန်ရံခါတွင် ဖော့ဘူးခွံများ၊ ကုတင်ဘောင်များကို စင်္ကြံလမ်းတွင် ပစ်ထားသည်ကို တွေ့ရတတ်သည်။
လင်းယွမ်နှင့် တင်းယန်တို့သည် လှေကားလမ်းအတိုင်း ယှဉ်တွဲ လျှောက်လာကြသည်။ တိတ်ဆိတ် ငြိမ်သက်နေသော တိုက်ခန်းဆောင်ကြီးထဲတွင် အပြင်ဘက်မှ မိုးသည်းထန်စွာ ရွာသွန်းသံနှင့် မိုးခြိမ်းသံများမှလွဲ၍ တခြား မည်သည့်အသံမှ မကြားရပေ။
"တိုက် (၂) က လူတွေ ဘယ်ရောက်ကုန်လဲမသိဘူး... သူတို့လည်း ကြောက်ပြီး ထွက်ပြေးကုန်ကြတာလား" တင်းယန်က သံသယဖြင့် မေးလိုက်သည်။
လင်းယွမ်က "ဖြစ်နိုင်တာပဲ... ငါတို့ (၁၁) လွှာကနေ စပြီး ရှာကြမယ်... ပြီးတော့ တိုက် (၂) ရဲ့ (၁၁) လွှာကို လျှိုအားလုံရဲ့ လူတွေများ သိမ်းပိုက်ထားသလား ဆိုတာပါ ကြည့်ရတာပေါ့" ဟု ဖြေသည်။
နှစ်ယောက်သား လှေကားအတိုင်း ဆင်းလာကြပြီး (၁၁) လွှာသို့ ရောက်သောအခါ ဝါးစားနေသကဲ့သို့သော "ဂျွတ်... ဂျွတ်..." မြည်သံများကို ကြားလိုက်ရသည်။
နှစ်ယောက်သား ခြေလှမ်း တုံ့ခနဲ ရပ်သွားပြီး တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်ကြသည်။
လင်းယွမ်က တိုးတိုးနေရန် လက်ဟန်ပြလိုက်ပြီး လှေကားလက်ရန်းကြားမှတစ်ဆင့် အောက်ဘက်သို့ ချောင်းကြည့်လိုက်သည်။
မြင်လိုက်ရသော မြင်ကွင်းကြောင့် မျက်လုံးအိမ် ကျဉ်းမြောင်းသွားတော့သည်။
(၁၁) လွှာနေရာတွင် အဖြူအမဲ ကြောင်ကြီးတစ်ကောင်သည် လူသေအလောင်း တစ်လောင်းပေါ်တွင် ဝပ်ကာ အသားများကို ကိုက်ဖဲ့စားသောက်နေသည်ကို တွေ့လိုက်ရသည်။
ရံဖန်ရံခါတွင် "ဝူး... ဝူး..." ဟူသော အသံနက်ကြီးများဖြင့် ဟိန်းသံ ထွက်ပေါ်လာတတ်သည်။
ထို အဖြူအမဲ ကြောင်ကြီး၏ ခန္ဓာကိုယ် အရွယ်အစားမှာ ပုံမှန်ကြောင်များထက် သိသိသာသာ ကြီးမားနေပြီး အရွယ်ရောက်ပြီးသား ရွှေရောင်ခွေးကြီး တစ်ကောင်စာလောက် ရှိသည်ကို လင်းယွမ် တွေ့လိုက်ရသည်။
(Golden retriever = ရွှေရောင်ခွေးကြီး)
"သန္ဓေပြောင်းနေတာလား"
လင်းယွမ် ရင်ထဲ ဒိတ်ခနဲ ဖြစ်သွားပြီး ချက်ချင်းပင် ထိုအချက်ကို တွေးမိလိုက်သည်။
ဟုတ်သားပဲ... ငါး တွေ လူတွေတောင် သန္ဓေပြောင်းနိုင်ရင် တိရစ္ဆာန်တွေက ဘာလို့ မပြောင်းနိုင်ရမှာလဲ။
သူသည် သန္ဓေပြောင်း ငါးများနှင့် လူများကိုသာ တွေ့ကြုံခဲ့ရသဖြင့် တိရစ္ဆာန်နှင့် အပင်များကို မေ့လျော့နေခဲ့ခြင်း ဖြစ်သည်။
ဤကြောင်၏ ခန္ဓာကိုယ်မှာ ကြီးမားလွန်းလှသဖြင့် သန္ဓေပြောင်းနေသည်မှာ ယုံမှားသံသယ ဖြစ်ဖွယ် မရှိပေ။
တင်းယန်သည်လည်း လှေကားခွင်ထဲမှ လှုပ်ရှားမှုကို မြင်တွေ့သွားပြီး မျက်နှာပျက်ကာ အော်မိလုနီးပါး ဖြစ်သွားသည်။
လင်းယွမ်က သူမ၏ ပါးစပ်ကို အမြန်လှမ်းပိတ်လိုက်ပြီး "အပေါ်ကို အရင် ပြန်ဆုတ်မယ်" ဟု ခပ်တိုးတိုး ပြောလိုက်သည်။
စကားဆုံးသည်နှင့် တပြိုင်နက် ထိုကြောင်ကြီးက ခေါင်းကို ရုတ်တရက် လှည့်ကြည့်လာသည်။
ဒေါင်လိုက် ကျဉ်းမြောင်းနေသော မျက်ဆံအိမ်များထဲတွင် စိမ်းဖန့်ဖန့် အလင်းရောင်များ တောက်ပနေသယောင် ရှိသည်။
"သေစမ်း"
လင်းယွမ် မျက်နှာပျက်သွားသည်။ ဤကြောင်၏ အကြားအာရုံက ဤမျှထိ ကောင်းလိမ့်မည်ဟု မထင်ထားခဲ့ပေ။ သူက သံတူရွင်းကို ကမန်းကတန်း ကောက်ကိုင်လိုက်ရင်း "သတိထား" ဟု အော်လိုက်သည်။
တင်းယန်ကလည်း ချက်ချင်းပင် ဒူးလေးကို မောင်းတင်ကာ သန္ဓေပြောင်း ကြောင်ကြီးထံသို့ ပစ်ခတ်လိုက်သည်။
"ဝှစ်"
လေကို ခွင်းသွားသံ ထွက်ပေါ်လာသော်လည်း နောက်တစ်စက္ကန့်တွင် သန္ဓေပြောင်း ကြောင်ကြီး ပျောက်ချင်းမလှ ပျောက်သွားသည်ကို တင်းယန် တွေ့လိုက်ရသည်။
"မြန်လိုက်တာ... အရမ်းမြန်လွန်းတယ်"
ထိုကြောင် ဘယ်လို ပျောက်သွားသလဲ ဆိုတာကိုတောင် သူမ သေချာ မမြင်လိုက်ရပေ။
သူမ ကြောင်အမ်းအမ်း ဖြစ်နေစဉ်မှာပင် လင်းယွမ်က သူမ၏ အင်္ကျီကော်လာကို ဖမ်းဆွဲကာ အနောက်သို့ အားကုန် ဆောင့်ဆွဲလိုက်ပြီး "သတိထား" ဟု အော်ဟစ်လိုက်သည်။
ကျောချမ်းဖွယ် ကောင်းလှသော ကြောင်အော်သံ တစ်သံ သူမ၏ ခေါင်းပေါ်တည့်တည့်မှ ထွက်ပေါ်လာသည်။
ထို့နောက် "ဗြိ" ခနဲ အသံနှင့်အတူ သူမ၏ တီရှပ်အင်္ကျီမှာ ချက်ချင်း စုတ်ပြဲသွားတော့သည်။
တင်းယန် လက်ဖျားခြေဖျားများ အေးစက်သွားပြီး အလိုအလျောက် လက်သီးဖြင့် ပစ်ထိုးလိုက်မိသည်။
ထိုလက်သီးပေါ်တွင် မှိန်ဖျဖျ အလင်းရောင်လေး လက်သွားသည်။
[အစွမ်းသွင်းခြင်း] ကို အသုံးပြုလိုက်ခြင်းဖြစ်သည်။
လက်သီးက လေထုကို ထိုးခွင်းသွားသော်လည်း ထို သန္ဓေပြောင်း ကြောင်ကြီးမှာမူ ပျောက်ကွယ်သွားပြီ ဖြစ်သည်။
လင်းယွမ်က သူမကို ဆွဲကာ နံရံဘက်သို့ အမြန်ကပ်လိုက်ပြီး "မြန်မြန်ပြေး... ဒီကြောင်ရဲ့ သန္ဓေပြောင်းလဲမှု အဆင့်က အရမ်းမြင့်တယ်" ဟု ပြောလိုက်သည်။
သူ၏ စိတ်စွမ်းအား အမှတ်မှာ (၁.၇) ရှိနေသဖြင့် အာရုံခံနိုင်စွမ်းများ အလွန် ထက်မြက်နေသောကြောင့်သာ ထိုကြောင်၏ အရိပ်အယောင်ကို မထင်မရှား မြင်လိုက်ရခြင်း ဖြစ်သည်။
တင်းယန်က သန္ဓေပြောင်း ကြောင်ကုတ်ဖဲ့လိုက်သဖြင့် စုတ်ပြဲသွားသော သူမ၏ တီရှပ်ကို ငုံ့ကြည့်လိုက်သည်။ နှာဖျားလေး တစ်ဖျားစာသာ လွဲသွားခြင်း ဖြစ်၏။ မဟုတ်လျှင် ထို သန္ဓေပြောင်း ကြောင်ကြီးက သူမ၏ အသားကိုပါ ဆွဲဖဲ့သွားလိမ့်မည်။
သူမ ရင်တုန်ပန်းတုန် ဖြစ်လာပြီး ချွေးစေးများလည်း ပြန်လာသည်။ "ဒီလိုတိရစ္ဆာန်တောင် သန္ဓေပြောင်းနေပြီဆိုရင် ကျွန်မတို့..."
သူမ စကားမဆုံးခင်မှာပင် ခြေထောက်နားမှ လေတိုးသံ တစ်ခု ကြားလိုက်ရပြီး လင်းယွမ်က သံတူရွင်းဖြင့် ရိုက်ချလိုက်ပြီး ဖြစ်သည်။
"ဒုန်း"
သံတူရွင်းက လှေကားထစ်ကို ရိုက်မိသွားပြီး ကြီးမားသော အားကြောင့် ကွန်ကရစ်သားများ ပဲ့ထွက်သွားသည်။
မီးပွားများ လွင့်စင်သွားချိန်တွင် အဖြူအမဲ အရိပ်တစ်ခုသည် တစ်ချက်လေးသာ လက်ခနဲ ပေါ်လာပြီး အမှောင်ထုထဲသို့ တိုးဝင်ပျောက်ကွယ်သွားသည်။
စိမ်းဖန့်ဖန့် မျက်လုံးတစ်စုံသာ အမှောင်ထဲတွင် လက်ခနဲ၊ လက်ခနဲ ကျန်ရစ်ခဲ့သည်။
လင်းယွမ်က တင်းယန်ကို ဆွဲထူလိုက်ပြီး နံရံကို ကျောမှီကာ ဆုတ်ခွာလေတော့သည်။
"ညောင်"
"ညောင်"
"ဝူး... ဝူး..."
ထိုအချိန်မှာပင် အမှောင်ထုထဲမှ ကြောင်အော်သံများ ဆက်တိုက်ဆိုသလို ထွက်ပေါ်လာသည်။
လင်းယွမ် ထိတ်လန့်သွားသည်။ "နောက်ထပ်အကောင်တွေ ရှိသေးတယ်"
(၁၁) လွှာ၌ နောက်ထပ် သန္ဓေပြောင်း ကြောင်သုံးကောင် ထပ်မံ ထွက်ပေါ်လာသည်ကို တွေ့လိုက်ရသည်။
တင်းယန်လည်း အကြီးအကျယ် လန့်သွားပြီး "သန္ဓေပြောင်း ကြောင်တွေ ဒီလောက်များနေတာ... တိုက် (၂) က လူတွေ ဘယ်လိုလုပ် အသက်ရှင်ကြမှာလဲ" ဟု မနေနိုင်ဘဲ ပြောလိုက်မိသည်။
လင်းယွမ်က သူမကို ဆွဲကာ အပေါ်ထပ်သို့ အမြန် ပြေးတက်လိုက်သည်။ ထို သန္ဓေပြောင်း ကြောင်များက သူတို့ကို မော့ကြည့်နေရုံသာ ကြည့်နေကြပြီး လိုက်မလာကြပေ။
(၁၂) လွှာသို့ ရောက်သည်နှင့် အခန်း (၁၂၀၃) ၏ တံခါး ရုတ်တရက် ပွင့်လာသည်။
"လင်းယွမ်... တင်းယန်... မြန်မြန် ဝင်လာကြ"
ဆက်ရန်...