← Chapters

အခန်း (၆၉-၇၀)

Vol. 4 Ch. 69-70

အခန်း (၆၉-၇၀)

Vol. 4 Ch. 69-70

အပိုင်း (၆၉) လူသားစားကြောင်

"အစ်ကိုချိုင်!"

တင်းယန်က တံခါးဖွင့်လိုက်သူကို မြင်သည်နှင့် ဝမ်းသာအားရ အော်ခေါ်လိုက်မိသည်။

ထိုသူမှာ သူမတို့ တစ်ချိန်လုံး ရှာဖွေနေခဲ့သော ချိုင်ကြည်ပင် ဖြစ်နေတော့သည်။

လင်းယွမ်က တင်းယန်ကို ချက်ချင်း ဆွဲခေါ်လိုက်ပြီး အခန်း ၁၂၀၃ အတွင်းသို့ လျင်မြန်စွာ ဝင်ရောက်လိုက်သည်။

ချိုင်ကြည်က တံခါးကို အမြန်ပြန်ပိတ်လိုက်ပြီးမှ သက်ပြင်းချနိုင်တော့သည်။

လင်းယွမ်က အခန်းထဲသို့ ဝေ့ဝဲကြည့်လိုက်ရာ လူအတော်များများ ရှိနေသည်ကို တွေ့လိုက်ရသည်။

အကြမ်းဖျင်း ရေတွက်ကြည့်လျှင်ပင် ခုနစ်ယောက်၊ ရှစ်ယောက်ထက် မနည်းပေ။

တင်းယန်ကလည်း ထိုအချက်ကို သတိထားမိပြီး "အစ်ကိုချိုင်... ရှင် ဘယ်လိုလုပ် ဒီရောက်နေတာလဲ... ကျောက်ခိုင်ရော" ဟု မေးလိုက်သည်။

"အမတင်း... အစ်ကိုလင်း... ကျွန်တော် ဒီမှာပါ"

လူအုပ်ကြားထဲမှ ကျောက်ခိုင် ထွက်လာသည်။ သူ၏ လက်ကောက်ဝတ်မှာ ကျိုးနေဆဲဖြစ်ပြီး အဒေါ်ကြီးလီ လုပ်ပေးထားသည့် ပိတ်စသိုင်းကြိုးဖြင့် လည်ပင်းတွင် သိုင်းလွယ်ထားရရှာသည်။

လင်းယွမ်က လူအုပ်ကို တစ်ချက်ကြည့်လိုက်ပြီးနောက် "ဘာတွေဖြစ်နေတာလဲ" ဟု မေးလိုက်သည်။

ချိုင်ကြည်က ခါးသက်စွာ ပြုံးလိုက်ပြီး "ခင်ဗျားတို့ စောစောက မြင်လိုက်တယ်မလား... ကျွန်တော်တို့ ဒီမှာ ပုန်းနေတာ အဲဒီကြောင်တွေရန်က လွတ်အောင်လို့ဗျ" ဟု ပြန်ဖြေသည်။

တင်းယန်က သူမ သိလိုနေသည်ကို မေးမြန်းလိုက်သည်။ "အဲဒီကြောင်တွေက ဘယ်က ရောက်လာတာလဲ... ဒီလောက် ကြောင်တွေရှိနေတာ တိုက် (၂) က လူတွေ ဘယ်လို အသက်ရှင်ကြတာလဲ"

ချိုင်ကြည်က ရှင်းပြသည်။ "ကျွန်တော် တိုက် (၂) က လူတွေကို မေးကြည့်ပြီးပြီ... အဲဒီကြောင်တွေက (၁၁) ထပ်နဲ့ (၁၂) ထပ်မှာပဲ ကျက်စားကြတာတဲ့... တခြားအလွှာတွေကို သွားခဲတယ်တဲ့ဗျ"

"သူတို့ပြောတာတော့ (၁၁) ထပ်နဲ့ (၁၂) ထပ်မှာ ငါးညှီနံ့ရလို့ အဲဒီကြောင်တွေက ငါးဖမ်းစားဖို့ နေ့တိုင်း အဲဒီမှာပဲ စောင့်နေကြတာတဲ့"

"လျှိုအားလုံတို့အဖွဲ့က ဒီကိစ္စကို သိမှာ သေချာတယ်... ဒါပေမဲ့ သူတို့က သတင်းကို ဖုံးထားကြတာ"

"လျှိုအားလုံရဲ့ လူယုံဖြစ်တဲ့ ဝမ်မုံ... ခင်ဗျား တိုက် (၂) မှာ ရိုက်သတ်ခဲ့တဲ့ကောင်လေ... အဲဒီကောင်က ဒီကိစ္စကို သိတယ်"

"အဲဒီတုန်းက သူ တိုက် (၂) ဘက်ကို အသေအလဲ ပြေးတာက တိုက်ခန်းပိုင်ရှင်တွေကို ဒီကြောင်စာကျွေးပြီး သူလွတ်အောင် လုပ်ချင်တဲ့ ယုတ်မာတဲ့စိတ်ကူး ရှိတဲ့ပုံပဲ"

တင်းယန်က "ဒါကြောင့်ကိုး... ကျွန်မ ဒီ သန္ဓေပြောင်းကြောင်တွေကို တစ်ခါမှ မမြင်ဖူးပါဘူးလို့" ဟု ရေရွတ်လိုက်သည်။

"အဲဒါနဲ့ (၁၄) ထပ်က အခြေအနေရော ဘယ်လိုလဲ... ဝမ်ယန်မေနဲ့ တွေ့ခဲ့လား" ဟု ချိုင်ကြည်က စိတ်မထိန်းနိုင်ဘဲ မေးလိုက်သည်။

လင်းယွမ်က ခေါင်းညိတ်လိုက်ပြီး "တွေ့ခဲ့တယ်... တစ်ပွဲတောင် နွှဲခဲ့ရသေးတယ်" ဟု ဖြေသည်။

"ဘာ... ခင်ဗျား... ခင်ဗျားက ဝမ်ယန်မေနဲ့ တိုက်ခိုက်ခဲ့တယ် ဟုတ်လား... ဒါဆို... ခင်ဗျား ဘာမှ မဖြစ်ဘူးလား"

ချိုင်ကြည်မှာ ထိုစကားကို ကြားသည်နှင့် ပါးစပ်အဟောင်းသား ဖြစ်သွားရသည်။

ဝမ်ယန်မေ မည်မျှ ကြောက်စရာကောင်းကြောင်း သူ ကိုယ်တိုင် မျက်မြင်ကြုံခဲ့ရသူ ဖြစ်သည်။

ထိုလက်သည်းရှည်ကြီးများက ရှေ့တည့်တည့်ရှိ အရာအားလုံးကို အပိုင်းပိုင်းအစစ ဖြစ်သွားစေနိုင်သည်။ သူမရှေ့တွင် မည်သူမျှ ကြာကြာ ရပ်တည်နိုင်စွမ်း မရှိခဲ့ပေ။

သူသာ အပြေးမမြန်ခဲ့လျှင် ယခုချိန်ဆို အပေါ်ထပ်တွင် လဲလျောင်းနေသော အလောင်းများထဲမှ တစ်လောင်း ဖြစ်နေလောက်ပြီ။

"ငါ့ညီတကယ် ပြောနေတာလား... အဲဒီ သရဲမကို ငါ့ညီ ယှဉ်နိုင်တယ်လား"

"မဖြစ်နိုင်တာငါ့ညီရ... ငါတို့ကို နောက်ပြောင်နေတာမလား"

"အဲဒီ သရဲမ (၁၄) ထပ်မှာ ရှိသေးလား"

အခန်းထဲတွင် ပုန်းခိုနေကြသော တိုက်ခန်းပိုင်ရှင်များက ထိုစကားကိုကြားသည်နှင့် ဝိုင်းအုံမေးမြန်းကြတော့သည်။

လင်းယွမ်က သူတို့ကို တစ်ချက်ဝေ့ကြည့်လိုက်ပြီး "ဝမ်ယန်မေက သရဲမဟုတ်ဘူး... လူပဲ" ဟု ပြောလိုက်သည်။

"ဟေ... လူ ဟုတ်လား"

"မဖြစ်နိုင်တာ... ဘယ်မိန်းမက လက်သည်းတွေ အဲဒီလောက်ရှည်ပြီး ဓားသွားလို ထက်နေမှာလဲ"

"ပြီးတော့ သူ လမ်းလျှောက်ရင် အသံမမြည်ဘူး... လှုပ်ရှားတာကလည်း တော်တော်မြန်တာ"

"ခွန်အားကလည်း ကြီးသေးတယ်... ဘယ်မိန်းမက အဲဒီလောက် ခွန်အားကြီးမှာလဲဗျာ"

........................................................................................................................

လင်းယွမ်က ဆက်ပြောလိုက်သည်။ "သူက သာမန်လူ မဟုတ်တော့ဘူး... အပြင်က သန္ဓေပြောင်းကြောင်တွေလိုပဲ သူကလည်း 'သန္ဓေပြောင်းလူသား' ဖြစ်သွားပြီ"

ထိုစကားကို ကြားလိုက်ရသောအခါ အားလုံး မှင်သက်သွားကြသည်။

"သန္ဓေပြောင်းလူသား" ဟူသော ဝေါဟာရကို သူတို့ ပထမဆုံးအကြိမ် ကြားဖူးခြင်း ဖြစ်သည်။

ရုတ်တရက် ထွက်ပေါ်လာသော ထိုစကားလုံးအသစ်ကြောင့် အားလုံး ကြက်သေသေသွားကြပြီး မေးခွန်းပေါင်းများစွာ ခေါင်းထဲ ရောက်လာကြသည်။

သန္ဓေပြောင်းတယ်?

ဘယ်လိုလုပ် သန္ဓေပြောင်းသွားတာလဲ။

ဘာကြောင့် ဝမ်ယန်မေ ဖြစ်နေရတာလဲ။

လူတွေကရော သန္ဓေပြောင်းနိုင်လို့လား။

လင်းယွမ်က သူတို့ကို ဂရုမစိုက်ဘဲ ချိုင်ကြည်ဘက်သို့ လှည့်ကာ မေးလိုက်သည်။ "အဲဒီ သန္ဓေပြောင်းကြောင်တွေက (၁၁) ထပ်ကနေ လွယ်လွယ်နဲ့ မခွာဘူးဆိုရင် ခင်ဗျားတို့ ဘာလို့ ထွက်မပြေးပဲ ဒီမှာ ဘာလုပ်နေကြတာလဲ"

ချိုင်ကြည်က မဲ့ပြုံးပြုံးလိုက်ပြီး "ကျွန်တော်တို့ ပြေးချင်တာပေါ့... ဒါပေမဲ့ ခုနက လူတစ်ယောက် (၁၁) ထပ်ကို မှားဝင်မိပြီး အဲဒီကြောင်တွေရဲ့ လက်ချက်နဲ့ သေသွားတယ်လေ... အဲဒီကြောင်တွေက လူသားစားဖူးသွားတော့ အခု လူတွေကို စိတ်ဝင်စားနေတဲ့ပုံပဲ"

"ကျွန်တော်တို့ မျက်နှာချင်းဆိုင်ခန်းက လူတစ်ယောက်ဆို လွန်ခဲ့တဲ့ နာရီဝက်လောက်ကပဲ ခိုးထွက်ပြေးဖို့ ကြိုးစားသေးတယ်... တံခါးဝက ထွက်တာနဲ့ ကြောင်တွေ ဝိုင်းဆွဲတာ ခံလိုက်ရတယ်... ခင်ဗျားတို့ စောစောက အလောင်းတစ်လောင်း တွေ့ခဲ့တယ်မလား... အဲဒါ အဲဒီလူပဲ"

ထိုစကားကြောင့် လင်းယွမ်၏ စိတ်နှလုံး လေးလံသွားရသည်။

လူသားအရသာ တွေ့သွားသည့် သန္ဓေပြောင်းကြောင်များက သန္ဓေပြောင်းငါးတွေကို စိတ်မဝင်စားကြတော့ဘူးလား။

အခု လူတွေကိုပဲ ပစ်မှတ်ထားနေကြပြီလား။

လူသားစားချင်နေကြပြီပေါ့။

"ဒီတိုက်ထဲမှာ သန္ဓေပြောင်းကြောင် စုစုပေါင်း ဘယ်နှကောင်ရှိလဲ သိလား" ဟု လင်းယွမ် မေးလိုက်သည်။

"ဘယ်သူက သိမှာလဲဗျာ"

"ဟုတ်တယ်... အခန်းတိုင်းလိုလိုမှာ ကြောင်မွေးထားတဲ့သူတွေ ရှိသလို ရေကြီးတုန်းက အပြင်က အလေအလွင့်ကြောင်တွေပါ နေရာမရှိလို့ တိုက်ထဲ ဝင်ခိုကြတာဆိုတော့ အနည်းဆုံး (၁၀) ကောင်အထက် ရှိမယ်ထင်တယ်"

"ကျွန်တော် အခု ပိုစိတ်ပူတာက ကြောင်တွေ သန္ဓေပြောင်းကုန်ပြီဆိုတော့ တချို့မွေးထားတဲ့ ခွေးတွေရော သန္ဓေမပြောင်းဘူးလားဆိုတာပဲ"

"အရင်တုန်းက ဂရုထဲမှာ တစ်ယောက်က ရွှေစပါးအုံးမြွေ မွေးထားတယ်ဆိုပြီး ကြွားဖူးတယ်... တောက်... အဲဒီကောင်က ရေကူးတတ်တယ်ဗျ... သူပါ သန္ဓေပြောင်းသွားရင် ဘယ်လိုလုပ်မလဲ"

"အဲ့အရူးတွေ... ဘာလို့ တိရစ္ဆာန်တွေ ကိုမွေးထားလဲမသိဘူး... တောက်... ကိုယ့်ကိုယ်ကိုယ်တောင် ဝအောင် မကျွေးနိုင်ဘဲနဲ့... အခုတော့ အားလုံး သေရမလို ဖြစ်နေပြီ"

အခန်းထဲရှိ လူအချို့မှာ စိတ်ဓာတ်ကျကာ ထိန်းမနိုင်သိမ်းမရ ဆဲဆိုကြိမ်းမောင်းကုန်ကြသည်။

လင်းယွမ် မျက်မှောင်ကြုတ်လိုက်မိသည်။ ဤတိုက်ခန်းပိုင်ရှင်များ၏ စိတ်ဓာတ်ခွန်အားမှာ အလွန်နိမ့်ပါးလွန်းလှသည်။ ဒေါသထွက်လွယ်ခြင်း၊ စိတ်ဆတ်ခြင်း လက္ခဏာများ ပြနေကြပြီဖြစ်သည်။

လင်းယွမ် သတိဝင်သွားသည်။ ဤလူများနှင့် တတ်နိုင်သမျှ ခပ်ခွာခွာနေမှ ဖြစ်မည်။

သူက လေးနက်သောလေသံဖြင့် ပြောလိုက်သည်။ "မိတ်ဆွေတို့... ဒီမှာ ပုန်းနေလို့လည်း အဖြေထွက်လာမှာ မဟုတ်ဘူး... ဒီမှာ စားစရာလည်း မရှိတော့ ကြာရင် ငတ်သေကြလိမ့်မယ်"

"အခု အပြင်က ကြောင်သုံးကောင်က လူသားစားဖူးသွားပြီဆိုတော့ (၁၁) ထပ်မှာပဲ ငါးစောင့်ဖမ်းနေမှာ မဟုတ်တော့ဘူး... လူသားတွေကို တိုက်ခိုက်ဖို့ အပေါ်ထပ်တွေကို တက်လာနိုင်ခြေ အရမ်းများနေပြီ"

"ကျွန်တော်တို့ အဲဒီ သန္ဓေပြောင်းကြောင်တွေကို သတ်ပစ်ဖို့ နည်းလမ်းရှာမှ ဖြစ်မယ်"

လင်းယွမ် ဤသို့ပြောခြင်းမှာ သူတော်ကောင်း လုပ်နေခြင်း မဟုတ်ပေ။

လက်တွေ့တွင် ဤကြောင်များကို မရှင်းလင်းပါက တဖြည်းဖြည်းနှင့် လူသားများကို လိုက်လံစားလာမည်ဖြစ်ပြီး မကြာမီ တိုက် (၁) ဘက်သို့ ရောက်လာပေလိမ့်မည်။ လင်းယွမ်တို့လည်း အိမ်ထဲမှာချည်း တံခါးပိတ်ပုန်းနေ၍ မရ။ တစ်နေ့မဟုတ် တစ်နေ့ ဤသန္ဓေပြောင်းကြောင်များနှင့် ရင်ဆိုင်ရမည်သာ ဖြစ်သည်။

၎င်းတို့ ပိုမို အဆင့်မြင့် သန္ဓေပြောင်းကာ လူပိုစားလေ ပိုအစွမ်းထက်လေ ဖြစ်လာမည့် အချိန်ကို ထိုင်စောင့်နေမည့်အစား...

အခုကတည်းက လူစုပြီး ထိုသန္ဓေပြောင်းကြောင်များကို သတ်ပစ်လိုက်ခြင်းက ပိုကောင်းပေလိမ့်မည်။

အနည်းဆုံးတော့ လူသားစားဖူးနေသည့် ကြောင်တွေကို ရှင်းပစ်ရမည်။

သို့သော် လင်းယွမ်သည် လူ့စိတ်သဘောထားကို လျှော့တွက်မိခဲ့ပုံရသည်။ အခန်းထဲရှိ လူငယ်တစ်ဦးက ထိုစကားကို ကြားသည်နှင့် မျက်လုံးအရောင် တောက်လာသည်။

"ဟုတ်သားပဲ... အဲဒီကောင်တွေက လူသားစားဖူးသွားပြီဆိုတော့ (၁၁) ထပ်မှာပဲ စောင့်နေတော့မှာ မဟုတ်ဘူး... သူတို့ တခြားလူတွေကို လိုက်ရှာဖို့ ထွက်သွားတဲ့အချိန်ကျရင် ငါတို့ အခွင့်ကောင်းယူပြီး ထွက်ပြေးလို့ ရပြီပေါ့"

"အဲဒါ အဓိပ္ပာယ်ရှိတယ်ဟ... ငါတို့ ဘာလို့ မတွေးမိပါလိမ့်"

"ဟုတ်တယ် ဟုတ်တယ်... ငါတို့ နည်းနည်း ထပ်စောင့်ကြည့်ရအောင်... အဲဒီ တိရစ္ဆာန်ကောင်တွေ အပြင်က အလောင်းကို စားပြီးရင် ထွက်သွားလောက်တယ်"

တင်းယန်က ထိုလူများ၏ မျက်နှာပေးများကို ကြည့်ပြီး ဒေါသထွက်စွာ အော်ပြောလိုက်သည်။

"တစ်ကယ်သုံးစားမရတဲ့ ဆန်ကုန်မြေလေးတွေပဲ"

နုနုနယ်နယ် အမျိုးသမီးတစ်ယောက်က ရုတ်တရက် ဆဲဆိုလိုက်သဖြင့် လူအုပ်ကြီး ဒေါသထွက်သွားကြသည်။

လူအများအပြားက ဒေါသတကြီး စိုက်ကြည့်လာကြပြီး ထိုလူငယ်က ပြန်ဆဲလေသည်။

"ဘာကွ... ဒီကောင်မ စော်ကားလှချည်လား... နင်က ဘယ်သူ့ကို ဆဲတာလဲ"

လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးကလည်း ဝင်ပြောသည်။ "ညီမလေး... အားလုံးက ခေါင်မိုးတစ်ခုတည်းအောက် ရောက်နေကြတာ... ပါးစပ်ကို ထိန်းပြောပါဦး"

စကားပြောရင်းနှင့် သူက လင်းယွမ်နှင့် ချိုင်ကြည်ကိုပါ စောင်းငဲ့ကြည့်လိုက်သေးသည်။

ထိုလူငယ်က လင်းယွမ်ဘက် လှည့်ကာ ပြောလိုက်သည်။ "ဟေ့... မင်းမိန်းမကို မင်းသေချာ ထိန်းနော်... ယောကျာ်းချင်း စကားပြောနေတာ သူက ဘာဝင်ပါရတာလဲ"

"မင်း မထိန်းနိုင်ရင် ငါ ဝိုင်းထိန်းပေးမယ်"

ထိုသို့ပြောရင်း သူက နှာဘူးအပြုံးဖြင့် ပြုံးလိုက်ကာ စုတ်ပြဲနေသော တင်းယန်၏ တီရှပ်အင်္ကျီမှတဆင့် မဖွယ်မရာ ကြည့်လိုက်လေသည်။

"ကြည့်ရတာ အထုတ်အထည်နဲ့ပဲ"

ဆက်ရန်...

အပိုင်း (၇၀) ငါးစာ

ထိုလူငယ်၏ ရိုင်းစိုင်းသော အကြည့်ကြောင့် တင်းယန်၏ မျက်နှာထားသည် ရုတ်ခြည်း ပြောင်းလဲသွားလေ၏။

သူမ၏ စိတ်ထဲတွင် ဒေါသအဟုန်များ ထောင်းခနဲ ထွက်လာပြီး "ဘာကြည့်တာလဲ... ထပ်ကြည့်ရင် နင့်မျက်လုံးကို ကလော်ထုတ်ပစ်လိုက်မယ်" ဟု အော်ဟစ်ဆဲဆိုလိုက်သည်။

ထိုအခါ လူငယ်က ဂရုမစိုက်သည့်ဟန်ဖြင့် ရယ်မောကာ "နင့်မှာ အဲဒါတွေ ပါလာတာက လူကြည့်အောင်လို့ မဟုတ်ဘူးလား... ကြည့်ရုံတင်မကဘူး... နောက်ဆို စို့တောင် စို့ရဦးမှာ... ဟားဟား"

ထို ညစ်ညမ်းသော ပြက်လုံးကြောင့် ဘေးနားရှိ အခြားလူများပါ လိုက်လံရယ်မောလာကြသည်။

တင်းယန်မှာ ဒေါသကြောင့် မျက်နှာတစ်ခုလုံး နီရဲတက်လာပြီး "နင်တို့လို သောက်ရူးတွေက ဒီ သန္ဓေပြောင်း ကြောင်တွေကို လွှတ်ပေးလိုက်ရင် အေးဆေးနေရမယ် ထင်နေလား"

"ကြောင်တွေမှာ သားကောင်ဖမ်းတဲ့ ဗီဇရှိတယ်... လူသားစားဖူးတဲ့ ကြောင်တွေက လူကို သားကောင်အဖြစ်ပဲ မြင်တော့မှာ"

"အခု နင်တို့ ထွက်ပြေးလို့ လွတ်သွားရင်တောင် သူတို့က အဆောက်အအုံ လှေကားခွင်တွေထဲမှာ လှည့်ပတ်သွားလာနေကြမှာ... အဲဒီအခါကျရင် နင်တို့တွေ အခန်းထဲက အခန်းပြင်မထွက်ဘဲ ပုန်းနေကြတော့မလို့လား"

"သူတို့တွေ အပေါ်ထပ်ကို တက်လာပြီး သားကောင်လိုက်ရှာတဲ့အချိန်ကျရင် နင်တို့တွေ ငါးတောင် ရှာစားနိုင်မှာ မဟုတ်ဘူး... အကုန် ငတ်သေကုန်ကြလိမ့်မယ်"

လူအုပ်ကြီးမှာ တင်းယန်၏ စကားကြောင့် ခေတ္တမျှ တိတ်ဆိတ်သွားကြပြီး၊ လူအတော်များများ၏ မျက်နှာတွင် ကြောက်ရွံ့ထိတ်လန့်ရိပ်များ ပေါ်လာလေသည်။

သို့သော် ထိုလူငယ်သည် မိန်းမတစ်ယောက်၏ ဆုံးမပြောဆိုမှုကို ခံလိုက်ရသဖြင့် သိက္ခာကျသည်ဟု ခံစားလိုက်ရပုံရသည်။ သူသည် ချက်ချင်းပင် ဆင်ခြေတစ်ခုရှာပြီး ပြန်လည် ရန်တွေ့လေတော့သည်။ "ဟမ့်... နင့်ကိုယ်နင် အရမ်းတော်တယ် ထင်နေလား... နင်ပြောတာတွေ ငါတို့ မသိဘူးမှတ်နေလား"

"ပြဿနာက အဲဒီကြောင်ရိုင်းတွေကို သတ်ရတာ ဘယ်လောက် အန္တရာယ်များလဲ သိလား... လူသေနိုင်တယ်ဟ"

"အဲဒီလောက် အန္တရာယ်များတဲ့ကိစ္စကို ဘာကိစ္စ ငါတို့ကပဲ ခေါင်းခံ ရှင်းပေးရမှာလဲ"

"ကျန်တဲ့လူတွေက အိမ်ထဲမှာ အေးအေးဆေးဆေး ပုန်းနေကြပြီးတော့လေ..."

"သောက်ကျိုးနည်း... နင်က ပြောတော့ ကောင်းလိုက်တာ... နင့်ဘာသာ အပြင်ထွက်ပြီး အဲဒီတိရစ္ဆာန်တွေကို သွားရှင်းပါလား"

သူသည် ဆဲဆိုကြိမ်းမောင်းလိုက်ပြီးနောက် ကိုယ်ကျင့်တရားအရ သူပဲ မှန်နေသလိုလို၊ အသာစီးရသွားသလို ခံစားလိုက်ရပြီး ဘဝင်ပြန်မြင့်သွားသည်။

ဘေးနားရှိ လူလတ်ပိုင်းအရွယ် အမျိုးသားအချို့ကလည်း ထိုလူငယ် ပြောသည်မှာ ဟုတ်သည်ဟူသော သဘောဖြင့် ခေါင်းတညိတ်ညိတ် လုပ်နေကြသည်။

ထိုကြောင်ရိုင်းများသည် လူသားစားကြသည်၊ နေရာအနှံ့ လိုက်လံ သားကောင်ရှာကြသည်မှာ မှန်သော်လည်း ယခုအချိန်တွင် ထွက်တိုက်လျှင် သူတို့အားလုံး အန္တရာယ်ရှိနိုင်သည်။

အခုအခြေအနေက ၁၁ လွှာမှာ ပိတ်မိနေသည့် သူတို့လူစုလောက်ပဲ အန္တရာယ်အရှိဆုံး ဖြစ်နေတာ မဟုတ်ပါလား။

အခြားလူတွေက ကိုယ့်ကို ကျေးဇူးတင်မှာလည်း မဟုတ်ဘဲနဲ့ ဘာကိစ္စ ကိုယ်တွေကပဲ အသက်နဲ့ရင်းပြီး အဲဒီတိရစ္ဆာန်တွေကို ရှင်းပေးရမှာလဲ။

လူငယ်သည် သူ့ကိုယ်သူ အလွန် ဉာဏ်ကောင်းသည်ဟု တွေးထင်ကာ ကျေနပ်နေလေသည်။

ဒီမိန်းမက စေတနာရှင် စိတ်ဓာတ်နဲ့များ ငါ့ကို လာဆရာလုပ်နေသေးတယ်။

တင်းယန်မှာ ဒေါသကြောင့် ရင်ဘတ်တစ်ခုလုံး နိမ့်ချည်မြင့်ချည် ဖြစ်နေပြီး ထိုလူငယ်ကို လက်ညှိုးထိုးကာ "နင်... နင်..."

သူမသည် တစ်ဖက်လူကို ပြန်လည်ချေပရန် စကားလုံး ရှာမတွေ့ ဖြစ်နေရှာသည်။

အဘယ်ကြောင့်ဆိုသော် ကိစ္စရပ်က ထိုလူငယ်ပြောသလို ဖြစ်နေသောကြောင့်ပင်။ သူတို့လူစုက အန္တရာယ်စွန့်စားရပြီး ကျန်သည့်လူများက အခန့်သား စံစားရမည့် ကိန်း ဖြစ်နေသည်။

လူအများ အငြင်းပွားနေကြစဉ်မှာပင်...

လင်းယွမ်သည် ရုတ်တရက် ရှေ့သို့ ခြေတစ်လှမ်း တိုးလိုက်ပြီး မည်သူမျှ သတိမထားမိခင်မှာပင် ထိုလူငယ်ကို လှမ်းဖမ်းလိုက်လေသည်။

လူငယ်မှာ အလွန်အမင်း ထိတ်လန့်သွားပြီး ရုန်းကန်လေတော့သည်။ "မင်း ဘာလုပ်တာလဲ... လွှတ်... ငါ့ကို လွှတ်စမ်း"

လင်းယွမ်သည် ညာလက်ဝါးဖြင့် ထိုလူငယ်၏ လည်ပင်းဘေးဘက် သွေးကြောမကြီးကို ဖြတ်ရိုက်ချလိုက်ရာ "ဖြောင်း" ခနဲ အသံနှင့်အတူ ထိုလူငယ်မှာ မျက်ဖြူလန်သွားပြီး ခန္ဓာကိုယ်တစ်ခုလုံး ပျော့ခွေကာ ကြမ်းပြင်ပေါ်သို့ လဲကျသွားလေတော့သည်။

ဘေးပတ်ဝန်းကျင်ရှိ လူအများမှာ ထိတ်လန့်တကြား ဖြစ်ကုန်ကြပြီး အနောက်သို့ ခြေလှမ်းများ ဆုတ်ကာ လင်းယွမ်နှင့် ခပ်ခွာခွာ နေလိုက်ကြသည်။

လင်းယွမ်သည် ထိုသူများကို ဂရုမစိုက်ဘဲ ကျောက်ခိုင်ဘက်သို့ လှည့်ကာ ပြောလိုက်သည်။ "ကျောက်ခိုင်... ကြိုးတစ်ချောင်း သွားရှာစမ်း"

ကျောက်ခိုင်မှာ အစပိုင်းတွင် ကြောင်အမ်းအမ်း ဖြစ်နေသော်လည်း ချက်ချင်း အသိဝင်လာပြီး ခေါင်းညိတ်ပြလိုက်သည်။ "အော်... ဟုတ်... ဟုတ်ကဲ့ အစ်ကိုလင်း"

သူသည် အိပ်ခန်းထဲသို့ အပြေးသွားပြီး မကြာခင် ပြန်ထွက်လာလေသည်။ "အစ်ကိုလင်း... ကြိုးမရှိဘူးဗျ... ဒီခါးပတ်ကြိုး ရမလား"

လင်းယွမ်သည် ခါးပတ်ကို လှမ်းယူလိုက်ပြီး မေ့လဲနေသော လူငယ်ကို တုပ်နှောင်လိုက်သည်။ ထို့နောက် မတ်တတ်ရပ်ကာ ကျန်လူများကို တစ်ချက် ဝေ့ကြည့်လိုက်သည်။

စောစောက ထိုလူငယ်ဘက်မှ ကူပြောပေးခဲ့သော လူလတ်ပိုင်း အမျိုးသားမှာ အနည်းငယ် ထိတ်လန့်နေပုံရပြီး လှမ်းပြောလေသည်။ "ညီလေး... စိတ်လိုက်မာန်ပါ မလုပ်ပါနဲ့ကွ... အခုက ငါတို့အားလုံး အမိုးတစ်ခုတည်းအောက်မှာ တစ်လှေထဲစီး တစ်ခရီးထဲသွားတွေပဲကို..."

သို့သော် သူ့စကား မဆုံးခင်မှာပင် လင်းယွမ်က လေသံအေးအေးဖြင့် ဖြတ်ပြောလိုက်သည်။ "အခု ကျွန်တော့်မှာ ခင်ဗျားတို့အားလုံး ဒီကနေ လွတ်မြောက်နိုင်မယ့် နည်းလမ်းတစ်ခု ရှိတယ်... နားထောင်ချင်ကြလား"

ထိုလူကြီးမှာ စကားစ ပြတ်သွားပြီး အခြားသူများကလည်း လင်းယွမ်ကို ဝိုင်းကြည့်လာကြသည်။

လင်းယွမ်က လူအုပ်ကို ကြည့်ပြီး ပြောလိုက်သည်။ "ခဏနေရင် ကျွန်တော် သူ့ကို နှိုးလိုက်မယ်... ပြီးရင် တံခါးဖွင့်ပြီး အသံကျယ်ကျယ်လောင်လောင် ထွက်အောင် လုပ်မယ်"

"အဲဒီအသံကြားရင် ကြောင်တွေက ဝင်လာဖို့ သေချာသလောက်ပဲ"

"သူ့ကို 'ငါးစာ' အဖြစ်ထားပြီး ကြောင်တွေကို မျှားခေါ်ထားတုန်း ကျွန်တော်တို့တွေ အခွင့်ကောင်းယူပြီး ထွက်ပြေးကြမယ်... ပြီးရင် အခန်းတံခါးကို အပြင်ကနေ သော့ခတ်လိုက်ရင် ကြောင်တွေကို ဒီအခန်းထဲမှာ ပိတ်မိအောင် ဖမ်းထားနိုင်သလို... ကျွန်တော်တို့လည်း ဘေးကင်းကင်းနဲ့ ထွက်သွားလို့ ရပြီ"

"ကျွန်တော် ပြောချင်တာ ဒါပဲ... ခင်ဗျားတို့ထဲက သဘောမတူတဲ့သူရှိရင် ပြောလို့ရတယ်"

လူအားလုံးမှာ ပါးစပ်ပိတ်သွားကြပြီး ကြမ်းပြင်ပေါ်တွင် လဲကျနေသော လူငယ်ကိုသာ တိတ်တဆိတ် ကြည့်နေမိကြသည်။ မည်သူမျှ စကားတစ်ခွန်းမှ ဝင်မပြောရဲကြပေ။

စောစောက ထိုလူငယ်ဘက်မှ ဝင်ပြောခဲ့သော လူကြီးသည်လည်း ယခုအခါ နှုတ်ဆိတ်သွားလေပြီ။

တင်းယန်သည် လင်းယွမ်ကို အံ့ဩမှင်သက်စွာ ကြည့်နေမိသည်။ လင်းယွမ်က ဤကဲ့သို့သော အကြံမျိုး ထုတ်လိမ့်မည်ဟု သူမ ထင်မှတ်မထားခဲ့ပေ။

သို့သော် သူမသည် အနည်းငယ် အံ့ဩသွားရုံမှလွဲ၍ ကန့်ကွက်ခြင်း မပြုခဲ့ပေ။

လင်းယွမ်သည် ကန့်ကွက်သူ မရှိသည်ကို မြင်သောအခါ ခေါင်းတစ်ချက် ညိတ်လိုက်ပြီး ချိုင်ကြည်ကို လှမ်းပြောလိုက်သည်။ "အစ်ကိုချိုင်... မီးဖိုချောင်တံခါးကို ဖွင့်လိုက်... ပြီးရင် သူ့ကို အထဲ ဆွဲခေါ်သွားပေး"

ချိုင်ကြည်က ခေါင်းညိတ်လိုက်ပြီး စကားများများစားစား မပြောဘဲ ထိုလူငယ်ကို မီးဖိုချောင်ထဲသို့ တရွတ်တိုက် ဆွဲခေါ်သွားလေသည်။

လင်းယွမ်လည်း နောက်မှ လိုက်သွားပြီး ရေပိုက်ခေါင်းအောက်ရှိ ပိုက်လုံးနှင့် ထိုလူငယ်ကို တွဲချည်ထားလိုက်သည်။

ထိုအချိန်တွင် တင်းယန်လည်း မီးဖိုချောင်ထဲသို့ ဝင်လာသည်။ သူမ၏ မျက်နှာတွင် တွေဝေသည့် အရိပ်အယောင်များ ယှက်သန်းနေ၏။

လင်းယွမ်က သူမကို တစ်ချက်ကြည့်ပြီး ပြောလိုက်သည်။ "ခေတ်ကာလက မတူတော့ဘူး... အခုလိုအချိန်မှာ ဒီလိုလူစားမျိုးတွေကို အကျိုးအကြောင်းနဲ့ ပြောပြနေလို့ အရာထင်မှာ မဟုတ်ဘူး"

"လူ့မှန်သမျှ အတ္တကြီးကြတာချည်းပဲ... ဒီလို အခြေအနေမျိုးမှာ အာဏာနဲ့ အင်အားသုံးမှပဲ ပြတ်ပြတ်သားသား ဆုံးဖြတ်ချက်ချနိုင်မှာ"

တင်းယန်က ခေါင်းအနည်းငယ် ညိတ်ကာ "အင်း" ဟု ထူးလိုက်သော်လည်း ရုတ်တရက် မေးခွန်းတစ်ခု မေးလာသည်။ "ဘာလို့ သူလဲ"

"ဟမ်"

"ကျွန်မ ပြောတာက... ဒီလောက် လူတွေအများကြီးထဲမှာ ဘာဖြစ်လို့ သူ့ကိုမှ ငါးစာအဖြစ် ရွေးလိုက်တာလဲလို့"

လင်းယွမ်က သူမကို ကြည့်လိုက်ရာ သူမ၏ မျက်ဝန်းထဲတွင် မျှော်လင့်ချက် အရိပ်အယောင်တချို့ကို မြင်လိုက်ရသည်။

သူက ပြုံးရုံသာ ပြုံးလိုက်ပြီး "သူ့ကို ကြည့်ရတာ အမြင်ကပ်လာလို့" ဟုသာ ဖြေလိုက်သည်။

တင်းယန်က သူ့ကို စိုက်ကြည့်ရင်း ရုတ်တရက် ရယ်မောလိုက်လေသည်။ "သူက ကျွန်မကို ဆဲလိုက်လို့ မဟုတ်ဘူးလား"

လင်းယွမ်က ရယ်လိုက်ပြီး "ပေါက်ကရ လျှောက်တွေးမနေနဲ့" ဟု ပြန်ပြောလိုက်သည်။

တင်းယန်က မျက်စောင်းတစ်ချက် ထိုးလိုက်သော်လည်း စိတ်ထဲတွင်တော့ ကျေနပ်သွားလေသည်။

ထိုအကောင်ကို သေချာ တုပ်နှောင်ပြီးနောက် လင်းယွမ် မီးဖိုချောင်ထဲမှ ထွက်လာပြီး ပြောလိုက်သည်။ "အားလုံး ပုန်းဖို့နေရာ ရှာထားကြတော့... ကျွန်တော်ကတော့ ရေချိုးခန်းထဲမှာ ပုန်းနေမယ်... သန္ဓေပြောင်းကြောင်တွေ အကုန်ဝင်လာပြီး 'ငါးစာ' ရှိတဲ့ မီးဖိုချောင်ထဲ ရောက်သွားပြီဆိုမှ ကျွန်တော် တံခါးလိုက်ပိတ်မယ်... အဲဒီအချိန်ကျမှ ခင်ဗျားတို့ ပြေးကြ"

အားလုံးက ခေါင်းတညိတ်ညိတ်ဖြင့် သဘောတူကြသည်။

"အားလုံး မင်းသဘောအတိုင်းပါပဲကွာ"

"ညီလေး... မင်း စီစဉ်တဲ့အတိုင်း လုပ်ကြတာပေါ့"

သူတို့အားလုံးသည် နားလည်မှုရှိစွာဖြင့် "ငါးစာ" အကြောင်းကို ထည့်မပြောကြတော့ပေ။ စောစောက လူကြီးဆိုလျှင် လင်းယွမ်ကို ကြည့်သည့် အကြည့်များ၌ ကြောက်ရွံ့ခြင်းနှင့် သတိထားခြင်းများ ပြည့်နှက်နေလေသည်။

စကားအနည်းငယ် ပြန်ပြောမိရုံနှင့် ထိုလူငယ်ကို ငါးစာအဖြစ် အသုံးပြုရဲသော ဤလူမှာ အလွန် ကြောက်စရာကောင်းလှသည်။

လင်းယွမ်သည် သူတို့၏ အတွေးများကို ဂရုမစိုက်ဘဲ "ဟုတ်ပြီ... ဒါဆို ကိုယ့်နေရာကိုယ် ယူပြီး ပုန်းနေကြတော့" ဟု ပြောလိုက်သည်။

ထို့နောက် သူသည် မီးဖိုချောင်ထဲသို့ ပြန်ဝင်သွားပြီး မည်သူမျှ သတိမထားမိချိန်တွင် သန္ဓေပြောင်း ငါးအချို့ကို ထုတ်ကာ ထိုလူငယ်၏ ဘေးနားတွင် ချထားလိုက်သည်။

သူ သိချင်သည်မှာ လူသားနှင့် ငါး တစ်ပြိုင်နက် ရှိနေလျှင် ထို သန္ဓေပြောင်း ကြောင်များသည် မည်သည့်အရာကို ဦးစားပေး စားသောက်မည်နည်း ဟူ၍ဖြစ်သည်။

ငါးများကို နေရာချပြီးနောက် လင်းယွမ်သည် သံတူရွင်းကို ကောက်ကိုင်လိုက်ပြီး လူငယ်၏ ခြေသလုံးရိုးကို အားကုန်လွှဲ၍ ရိုက်ချလိုက်သည်။

"ဂျွတ်"

အရိုးကျိုးသံနှင့်အတူ ပြင်းထန်သော နာကျင်မှုကြောင့် ထိုလူငယ်မှာ ချက်ချင်း သတိပြန်ဝင်လာပြီး အော်ဟစ်ငြီးတွားလေတော့သည်။

လင်းယွမ်ကို မြင်လိုက်သည်နှင့် သူက ချက်ချင်း ဆဲဆိုလေတော့သည်။ "မင်းအမေ..."

လင်းယွမ်သည် မျက်နှာသေဖြင့် မီးဖိုချောင်ထဲမှ လျှင်မြန်စွာ ထွက်ခွာလာပြီး အိမ်တံခါးမကြီးဆီသို့ သွားလိုက်သည်။ စကားတစ်ခွန်းမျှ မပြောဘဲ တံခါးလက်ကိုင်ကို လှည့်ဖွင့်လိုက်ပြီးနောက် ကိုယ်ကို တစ်ချက်တိမ်းကာ တံခါးအနောက်တွင် ဝင်ပုန်းလိုက်သည်။

ထိုခဏချင်းမှာပင် အရိပ်တစ်ခုသည် တံခါးကို တွန်းတိုက်ကာ လျှပ်စီးလက်သကဲ့သို့ အခန်းထဲသို့ ဝင်ရောက်လာသည်။

လင်းယွမ် လှမ်းကြည့်လိုက်ရာ အဖြူအမည်းကြား ကြောင်ကြီး ဖြစ်နေသည်ကို တွေ့လိုက်ရသည်။

ထိုနောက်တွင်တော့ ကြောင်အဝါ နှစ်ကောင်ပါ ထပ်မံ ဝင်ရောက်လာကြလေတော့သည်။

ဆက်ရန်...

All Chapters