← Chapters

အခန်း (၇၅-၇၆)

Vol. 4 Ch. 75-76

အခန်း (၇၅-၇၆)

Vol. 4 Ch. 75-76

အပိုင်း (၇၅) အဲ့ကိစ္စ ဖြစ်ပြီးလောက်ပြီ

လင်းယွမ်က စကားစလိုက်သည်။ "ဒါကလည်း ကျွန်တော်ပြောချင်နေတဲ့ အကြောင်းအရင်းပဲ"

"သန္ဓေပြောင်းလဲတဲ့ဖြစ်စဉ်က ပြန်ပြင်လို့မရတာမျိုး မဟုတ်ဘူး"

"အဲ့ဒီဖြစ်စဉ်ကို အပြင်ကနေ အတင်းအဓမ္မ ဝင်ရောက်နှောင့်ယှက်ပြီး ရပ်တန့်ပစ်လို့ ရနိုင်ပုံပေါ်တယ်"

"ကျွန်တော် လျှိုအားလုံကို သတ်လိုက်တုန်းက သူက သန္ဓေပြောင်းလဲနေတဲ့ အဆင့်မှာပဲ ရှိနေတာ"

"ဒါပေမဲ့ သူက နောက်ဆုံးမှာ သန္ဓေပြောင်းအစွမ်းနိုးထလာတာမျိုး မဖြစ်လိုက်ဘဲ ကျွန်တော့်လက်ချက်နဲ့ သေသွားခဲ့ရတယ်"

"အဲ့ဒီတိုက်ပွဲကနေ ကျွန်တော် အတွေ့အကြုံရလိုက်တာပဲ... ဖြစ်လိုရာဖြစ် ဆိုပြီး စွန့်စားကြည့်လိုက်တာကနေ တင်းယန်ရဲ့ သန္ဓေပြောင်းလဲတဲ့ဖြစ်စဉ်ကို ဖျက်ဆီးပစ်နိုင်ခဲ့ပြီး သူ့ရဲ့ အသိစိတ်ကို ပြန်ရလာစေခဲ့တာပေါ့"

"ဒါကြောင့်... ကျွန်တော့်အနေနဲ့ ခင်ဗျားတို့ကို သန္ဓေပြောင်းအစွမ်းတွေ နိုးထလာအောင် ချက်ချင်းကြီး မကြိုးစားစေချင်ဘူး... အနည်းဆုံးတော့ ဒီလို စိတ်ခံစားချက် လွှမ်းမိုးခံရတဲ့ ဆိုးကျိုးတွေကို ဘယ်လိုကျော်လွှားရမလဲ ဆိုတာကို အဖြေမရှာနိုင်ခင်အထိတော့ သန္ဓေပြောင်းဖို့ မကြိုးစားကြပါနဲ့ဦး"

သူ့စကားကို လူတိုင်းက ခေါင်းညိတ်ထောက်ခံကြသည်။

လူတိုင်းက စွမ်းအားမရနိုင်သည့်အတွက် နှမြောတသ ဖြစ်မိကြသော်လည်း အမှန်တကယ်တော့ မစွန့်စားရဲကြပေ။

မည်သူကမျှ စွမ်းအားကြီးလာပြီးနောက် သတ်ဖြတ်ခြင်းနှင့် ဖျက်ဆီးခြင်းကိုသာ သိတော့သည့် အရူးတစ်ယောက် မဖြစ်လိုကြချေ။

"စကားတွေ အများကြီး ပြောခဲ့ပြီးပြီ... လိုရင်းပြောရရင် အခု ကျွန်တော်တို့ဘက်မှာလည်း သန္ဓေပြောင်းအစွမ်း နိုးထလာတဲ့ ကျွမ်းကျင်သူတစ်ယောက် ရှိနေပြီဆိုတော့... ဝမ်ယန်မေနဲ့ ရင်ဆိုင်တဲ့အခါ ကျွန်တော်တို့ဘက်က နိုင်ချေမရှိတာမျိုး မဟုတ်တော့ဘူး"

"ခင်ဗျားတို့ကော ဘယ်လိုမြင်လဲ"

ဦးလေးမာက ဝင်ပြောသည်။ "ရက်နည်းနည်းလောက် စောင့်ပြီးမှ လှုပ်ရှားလို့ မရဘူးလား... ရက်နည်းနည်းလောက်နေရင် ငါ့ဒဏ်ရာတွေ သက်သာသွားမှာမို့ ကူညီပေးလို့ ရတာပေါ့"

ကျောက်ခိုင်မှာလည်း စိတ်ဓာတ်ကျနေသည့် ပုံစံဖြင့် ပြောရှာသည်။ "ကျွန်တော့်လက်က... ခဏလေးနဲ့ ပြန်ကောင်းလာမှာ မဟုတ်ဘူး... ဒါပေမဲ့ ဘယ်ဘက်လက်တော့ ကျန်ပါသေးတယ်... အကိုလင်းယွမ်... အမတင်းယန်... ကျွန်တော့်ကို သုံးလို့ရမယ်ဆိုရင် ဘာမဆို ခိုင်းသာခိုင်းပါဗျာ"

လင်းယွမ်က ပြုံးလိုက်သည်။ "ဦးလေးမာ... ကျောက်ခိုင်... ခင်ဗျားတို့ စိတ်အေးအေးထားပြီး ဒဏ်ရာသက်သာအောင် အရင်နေကြဦး... ဝမ်ယန်မေကို ကိုင်တွယ်ဖို့က လူအများကြီးနဲ့ မသင့်တော်ဘူး"

"သူ့အမြန်နှုန်းက အရမ်းမြန်တယ်... ကျွန်တော်တို့ဘက်က လူများနေရင် ပစ်မှတ်တွေ များသွားသလိုပဲ ဖြစ်နေလိမ့်မယ်"

"နှစ်ယောက်... သုံးယောက်လောက်ဆို လုံလောက်ပါပြီ"

"ကျွန်တော်ရယ်... အစ်ကိုချိုင်ရယ်... တင်းယန်ရယ်... ဒီသုံးယောက်ဆို အဆင်ပြေလောက်ပါပြီ"

"ဝမ်ယန်မေကို ရှင်းလင်းပြီးရင် တိုက်အဆောက်အအုံထဲမှာ သန္ဓေပြောင်း သတ္တဝါတွေ ရှိမရှိကိုပါ ကျွန်တော်တို့ လိုက်စစ်ဆေးရဦးမယ်"

"ခင်ဗျားတို့အတွက်လည်း တာဝန်ရှိပါတယ်... အမှတ် ၇၆ အဆောက်အအုံက တိုက်တွဲ ၆ ခုလုံးမှာ ဘယ်အခန်းတွေက အိမ်မွေးတိရစ္ဆာန်တွေ မွေးထားသလဲဆိုတာ ရှင်းရှင်းလင်းလင်း သိရအောင် စုံစမ်းပေးပါ... နောက်ပြီး တိုက်တွဲ ၃၊ ၄၊ ၅၊ ၆ ဘက်တွေကို ကျွန်တော်တို့ သွားမကြည့်ရသေးဘူး... အဲ့ဒီဘက်မှာ ဘာတွေရှိနေလဲ... အုပ်စုဖွဲ့ထားတာတွေ ရှိလား... လျှိုအားလုံလိုမျိုး ဗိုလ်ကျစိုးမိုးနေတဲ့သူတွေ ရှိလားဆိုတာကိုပါ စုံစမ်းပေးပါ"

"ဝမ်ယန်မေကို ရှင်းပြီးလို့ ပြန်လာရင် ဒီကိစ္စတွေကို ဆက်လုပ်ရမှာ"

"နောက်တစ်ခုက... သစ်သားတွေ... ဘက်ထရီအိုးတွေနဲ့ ပန်ကာလို ပစ္စည်းမျိုးတွေကိုလည်း စုဆောင်းထားဖို့ လိုတယ်"

လင်းယွမ်က တစ်ဆက်တည်း ပြောလိုက်သည်။

အစပိုင်းတွင် အားလုံးက နားလည်သဘောပေါက်ကြသော်လည်း နောက်ပိုင်း စကားများကို ကြားသောအခါ မနေနိုင်ဘဲ သံသယ ဝင်လာကြသည်။

တင်းယန်တစ်ယောက်သာ သူဘာလုပ်မည်ကို ရိပ်မိသဖြင့် "ရှင် လှေလုပ်မလို့လား" ဟု အလျင်အမြန် မေးလိုက်သည်။

လင်းယွမ်က တည်ငြိမ်စွာဖြင့် ပြောသည်။ "လှေလုပ်ဖို့က မလွယ်ဘူးဗျ... ကျွန်တော်တို့ဆီမှာ အဲ့ဒီဖက် ကျွမ်းကျင်တဲ့သူမှ မရှိတာ... ကျွန်တော့်အကြံကတော့ သစ်ဖောင်တစ်ခု အရင်လုပ်ကြမယ်"

"ကျွန်တော်တို့ ဒီတိုက်ထဲမှာပဲ အမြဲတမ်း နေသွားလို့ မဖြစ်နိုင်ဘူး"

"ဒီမှာရှိတဲ့ စားစရာတွေက တစ်နေ့ကျရင် ကုန်သွားမှာပဲ... ငါးကြီးပဲ နေ့တိုင်း စားနေလို့လည်း မဖြစ်ဘူးလေ"

"ဟင်းသီးဟင်းရွက် မရှိရင်... ဗီတာမင်ဓာတ် မဖြည့်ဆည်းနိုင်ရင်... ရောဂါရပြီး သေသွားကြလိမ့်မယ်"

"ခြေချရပ်တည်နိုင်မယ့် ကုန်းမြေတစ်ခုကို အတတ်နိုင်ဆုံး ရှာဖွေနိုင်မှသာ ကျွန်တော်တို့ အသက်ရှင်သန်နိုင်မှာ"

"ဒီမိုးကြီးက ဘယ်တော့မှ တိတ်မလဲဆိုတာ ဘယ်သူမှ မသိနိုင်ဘူး"

လင်းယွမ်က သက်ပြင်းတစ်ချက်ချလိုက်ရာ လူတိုင်း၏ စိတ်နှလုံး တုန်လှုပ်သွားကြသည်။

ဟုတ်ပေသည်။ အကယ်၍ ဒီမိုးကြီးသာ မတိတ်ဘဲ ရွာနေမယ်ဆိုရင် ကမ္ဘာကြီးကလည်း ပြောင်းလဲမှုတွေ ဖြစ်ပေါ်နေတော့မည်။

သူတို့အနေဖြင့် ဒီတိုက်အဆောက်အအုံထဲတွင် ထာဝရ ပုန်းအောင်းနေ၍ မဖြစ်နိုင်ပေ။

"ဒါပေမဲ့... ကုန်းမြေရှာမယ်ဆိုတော့... ရေကြီးတာက ၁၀ ထပ်အထိတောင် ရောက်နေပြီလေ... ဘယ်သွားပြီး ကုန်းမြေရှာမလဲ" အဒေါ်ကြီးလီက စိုးရိမ်တကြီး မေးလိုက်သည်။

ဒီတစ်ခါ လင်းယွမ် ဝင်မပြောခင် ကျောက်ခိုင်က ဦးအောင်ပြောလိုက်သည်။ "အစ်ကိုလင်းယွမ်... အစ်ကိုက ထိုက်ယန်တောင် ဒါမှမဟုတ် မိန်တောင် ဘက်ကို သွားဖို့ စိတ်ကူးနေတာလား"

သူ့စကားကြောင့် အားလုံး၏ မျက်လုံးများ အရောင်တောက်သွားကြသည်။

ဦးလေးမာက မွေ့ရာကို ဘုန်းခနဲ ပုတ်လိုက်ပြီး "ဟုတ်သားပဲ... လင်ကျန်းတစ်မြို့လုံးမှာ ပင်လယ်ရေမျက်နှာပြင်ထက် အမြင့်ဆုံးနေရာတွေဆိုလို့ ဒီတောင်တွေပဲ ရှိတာ"

"အမြင့်ဆုံးတောင်ထွတ်က ချန်ချုံးတောင်တန်းဘက်မှာ ရှိတာမှန်ပေမဲ့... ငါတို့ ဒီနားတဝိုက်မှာတော့ ထိုက်ယန်တောင်က မနိမ့်ဘူး... ငါမှတ်မိသလောက် တရားဝင် အချက်အလက်တွေအရ ထိုက်ယန်တောင်က ပေ ၁၁၀၀ ဝန်းကျင်လောက် မြင့်တယ်မလား... ချန်ချုံးတောင် ပြီးရင် လင်ကျောင်းမှာ ဒုတိယအမြင့်ဆုံးတောင်ပဲ"

ချိုင်ကြည်ကလည်း ဝင်ထောက်ခံသည်။ "ဟုတ်တယ်... ထိုက်ယန်တောင်က တော်တော်မြင့်တယ်... တောင်ထိပ်မှာ ဘုရားကျောင်းတွေ... ခရီးသွားတွေ နားနေဖို့ တည်းခိုခန်းတွေ ရှိတာ ကျွန်တော်မှတ်မိတယ်... အဲ့ဒီကို ရောက်နိုင်ရင် ရေကြီးတာ ဘယ်လောက်ကြာကြာ... ခဏတဖြုတ်တော့ အဲ့ဒီနေရာကို ရေမတက်နိုင်လောက်ဘူး"

လင်းယွမ်က ခေါင်းညိတ်လိုက်သည်။ "မှန်တယ်... ထိုက်ယန်တောင်သာ ရေမြုပ်သွားပြီဆိုရင်တော့ လင်ကျောင်းတစ်ခုလုံး ရေအောက်ရောက်သွားပြီလို့ ဆိုရမှာပဲ"

"အဲ့ဒီနေရာက မြင့်တာတစ်ခုတည်းကြောင့် မဟုတ်ဘူး... အဓိကက မြေကြီးရှိနေတာပဲ"

"မြေကြီးရှိရင် ကျွန်တော်တို့ ငတ်မသေနိုင်တော့ဘူး"

ထိုစကားကို ကြားသောအခါ အားလုံး၏ စိတ်ထဲတွင် လှုပ်ရှားသွားကြသည်။

တရုတ်လူမျိုးတို့သည် မြေကြီးနှင့် ပတ်သက်လျှင် အစွဲအလမ်း ကြီးမားကြသည်။

မြို့ပြဘဝ မည်မျှပင် ကောင်းမွန်ပါစေ၊ ကျေးလက်ရနံ့ကို မစွန့်လွှတ်နိုင်ကြပေ။

မြေကြီးထဲက ရွှေသီးစေမည့် စိတ်ဓာတ်သည် တရုတ်လူမျိုးတိုင်း၏ သွေးထဲသားထဲတွင် ပါလာပြီးသား ဖြစ်သည်။

မြို့ပြတွင် နေထိုင်ရလျှင်ပင် မြေညီထပ်၌ ခြံဝင်းပါသော အိမ်သည် သာမန်တိုက်ခန်းများထက် ပိုဈေးကြီးတတ်သည်။

အဘယ်ကြောင့်ဆိုသော် ခြံဝင်းထဲတွင် မြေကွက်လေးပါသောကြောင့် မဟုတ်ပါလော။

"ပြောရင်းနဲ့ ဝေးသွားပြီ... ဒါတွေက လက်ရှိ ကျွန်တော်တို့ရဲ့ စီမံကိန်းအဆင့်ပဲ ရှိသေးတယ်... လောလောဆယ် အရေးကြီးတာက ရိက္ခာတွေ ရှာဖွေစုဆောင်းဖို့ပဲ"

"ဒီနေ့တော့ အားလုံး ခဏလောက် အနားယူကြဦး... နေ့လယ်စာကို ကျွန်တော့်ဆီမှာ လာစားကြ... ကျွန်တော် ကျွေးမယ်"

"အမမေ... အမတော့ နည်းနည်း ပင်ပန်းရလိမ့်မယ်"

ရန်မေမှာ စိတ်ဆင်းရဲနေရှာသည်။ အဖွဲ့ထဲတွင် သူမက အသုံးမဝင်ဆုံးဟု ခံစားနေရသည် မဟုတ်ပါလား။

တင်းယန်ပင် သန္ဓေပြောင်းအစွမ်း ရသွားပြီဖြစ်သော်လည်း သူမကတော့ ရုပ်ရည်အလှအပတစ်ခုကိုသာ အားကိုးပြီး လင်းယွမ်ဘေးတွင် ပန်းအိုးတစ်လုံးသဖွယ် မှီခိုနေရသည်။

ဘေးလူတွေ ဘာမှမပြောရင်တောင် သူမကိုယ်တိုင် စိတ်မလုံ ဖြစ်ရသည်။

အဖွဲ့အတွက် ဝန်ထုပ်ဝန်ပိုး ထပ်ဖြစ်သွားမည်ကို သူမ အလွန်စိုးရိမ်နေမိသည်။

ယခုလို လင်းယွမ်က သူမကို တာဝန်ပေးလိုက်သောအခါ ရန်မေမှာ ချက်ချင်းပင် ဝမ်းသာသွားလေသည်။ မကျေမနပ် ဖြစ်မည့်အစား ပျော်ရွှင်ကြည်နူးမှုတို့က အစားထိုး ဝင်ရောက်လာသည်။

တာဝန်ပေးခံရသည် ဆိုခြင်းက သူမသည် အသုံးဝင်ကြောင်း၊ ဝန်ထုပ်ဝန်ပိုး မဟုတ်ကြောင်း သက်သေပြနေသည် မဟုတ်ပါလော။

သူမက ခေါင်းကို ဆတ်ခနဲ ညိတ်လိုက်ပြီး "အင်း... အင်း... နေ့လယ်ကျရင် အားလုံး လာခဲ့ကြနော်... ကျွန်မ လက်စွမ်းပြပြီး ချက်ကျွေးမယ်" ဟု ပြောလိုက်သည်။

ဝူချင်းက "အရမ်းကြီး ဖွယ်ဖွယ်ရာရာ မလုပ်ပါနဲ့... ကျွန်မတို့ ရိက္ခာကို ချွေတာရဦးမှာ" ဟု အလျင်စလို ဝင်ပြောသည်။

လင်းယွမ်က သူမစကားကို ဖြတ်ပြောလိုက်ပြီး ပြုံးလျက်ဆိုသည်။ "စားဖို့သောက်ဖို့ကိစ္စ ကျွန်တော့်ကို လွှဲထားလိုက်... အမဝူ အရမ်း မတွေးနဲ့... ဒီကိစ္စအတွက် လျှိုအားလုံဆီက ရထားတဲ့ ရိက္ခာတွေကို ကျွန်တော် မသုံးပါဘူး"

အမဝူမှာ ချက်ချင်း မျက်နှာပူသွားပြီး "အမက အဲ့ဒီသဘော ပြောတာ မဟုတ်ပါဘူး..." ဟု ကပျာကယာ ပြန်ပြောသည်။

လင်းယွမ်က ပြုံးရယ်လျက် လက်ကာပြလိုက်ပြီး ထိုအကြောင်းကို ဆက်မပြောတော့ပေ။

လျှိုအားလုံပိုင်ဆိုင်သည့် ပစ္စည်း ၉၀ ရာခိုင်နှုန်းလောက်က သူ့၏ ပစ္စည်းသိုလှောင်ခန်း ထဲတွင် ရှိနေသည်။

အမဝူတို့ ရလိုက်သည်က ဘယ်လောက်မှ မရှိချေ။

အရာအားလုံး တိုင်ပင်ပြီးသောအခါ လင်းယွမ်က ၃၂၀၂ မှ လူများကို နှုတ်ဆက်ပြီး ရန်မေကို ခေါ်ကာ ၃၂၀၁ ဘက်သို့ ပြန်လာခဲ့သည်။

တင်းယန်သည် ထွက်ခွာသွားသော သူတို့နှစ်ဦး၏ ကျောပြင်ကို ငေးကြည့်ရင်း နှုတ်ခမ်းကို တင်းတင်းစေ့လိုက်မိသည်။

အခြားသူများလည်း ကိုယ့်အခန်းကိုယ် အသီးသီး ပြန်သွားကြသည်။ ဝူချင်းက ပန်းကန်ခွက်ယောက်များ သိမ်းဆည်းနေရင်း တင်းယန် ပြန်မသွားသေးသည်ကို တွေ့သဖြင့် သူမအနားသို့ လျှောက်လာပြီး မေးလိုက်သည်။

"တင်းယန်... ဘာတွေ ကြည့်နေတာလဲ"

တင်းယန်က ခေါင်းခါလိုက်သည်။ "ဘာမှ မဟုတ်ပါဘူး"

ဝူချင်းက ပြုံးလိုက်ပြီး "ဒီနေ့ ရန်မေက တမူထူးခြားမနေဘူးလား" ဟု ဆိုသည်။

"ဘာကိုလဲ"

တင်းယန် ကြောင်အသွားသည်။

ဝူချင်းက အသံနှိမ့်ကာ ပြောလိုက်သည်။ "နင်မရိပ်မိဘူးလား... ဒီနေ့ ရန်မေရဲ့ အသားအရေက အရင်ကထက် အများကြီး ပိုစိုပြေနေတယ်... မျက်နှာလေးက ပန်းရောင်သန်းပြီး ရေဆေးငါးလေးလို ဖြစ်နေတာ..."

တင်းယန် ရယ်ရခက် ငိုရခက် ဖြစ်သွားသည်။ "ရန်မေက လှတာတော့ အမှန်ပဲ... သူက လင်းယွမ်နဲ့ နေရတာဆိုတော့ လင်းယွမ်က သူ့ကို စိတ်ဆင်းရဲခံမှာ မဟုတ်ဘူးလေ... စားရေးသောက်ရေးလည်း အဆင်ပြေမှာပေါ့"

"အမယ်လေး... အဲ့ဒါက စားကောင်းသောက်ကောင်း စားရရုံနဲ့ ဖြစ်လာတာ မဟုတ်ဘူးအေ့... တို့မိန်းမတွေက ယောကျ်ားတစ်ယောက်ရဲ့ အချစ်နဲ့ ပြုစုယုယမှုကို မခံရရင် ဘယ်လိုလုပ် အဲ့လောက် နုဖတ်နေမှာလဲ"

"သူတို့နှစ်ယောက် ဟိုကိစ္စ ဖြစ်သွားကြပြီလို့ ငါတော့ထင်တယ်..."

ဝူချင်းက တခစ်ခစ်ရယ်ရင်း နောက်ပြောင်သည့် မျက်နှာထားဖြင့် ပြောလိုက်သည်။

တင်းယန် ကြောင်အသွားသည်။ ဘာကြောင့်မှန်းမသိ ရင်ထဲတွင် တစ်မျိုးကြီး ဖြစ်သွားသည်။

စကားပြောနေစဉ်မှာပင် အဒေါ်ကြီးလီက မီးဖိုချောင်ထဲသို့ ဝင်လာပြီး ထိုအကြောင်းအရာကို ကြားသွားသဖြင့် ချက်ချင်း ဝင်ပါတော့သည်။

မိန်းမဆိုသည်မှာ အတင်းပြောရတာ ဝါသနာပါကြသည်၊ အထူးသဖြင့် အသက်ကြီးသော အဒေါ်ကြီးများ ပိုဆိုးသည်။

"ဟယ်... ယောင်ယောင်အမေ... ညည်းလည်း ရိပ်မိတယ်ပေါ့လေ"

"ဟာ... ကိုယ်တိုင် ဖြတ်သန်းဖူးတဲ့ ဘဝတွေပဲ... ကျွန်မမျက်စိကို ဘယ်ဖုံးလို့ ရပါ့မလဲ" ဝူချင်းက ရယ်မောရင်း ပြောသည်။

အဒေါ်ကြီးလီကလည်း ဟားတိုက် ရယ်မောလိုက်ပြီးနောက် အသံပြန်ထိန်းကာ သက်ပြင်းချလိုက်သည်။ "ရန်မေက ကံကောင်းပါတယ်... အားကိုးရတဲ့ ယောကျ်ားတစ်ယောက်ကို ရထားတာပဲ"

"ဟုတ်တယ်နော်... အိမ်ထောင်ရှိဖူးတာတစ်ခုပဲ နှမြောစရာကောင်းတယ်... အိမ်ထောင်မရှိဖူးရင် လင်းယွမ်ရဲ့ တရားဝင် ဇနီးမယား ဖြစ်လောက်တယ်"

"ညီမဝူ... ညည်းက နားမလည်ပါဘူး... ယောကျ်ားတွေဆိုတာ အတူတူပါပဲ... ကောင်းတဲ့ကောင် တစ်ကောင်မှ မရှိဘူး... တို့ဌာနက အရင်ခေါင်းဆောင် ဝူတာဝေ ဆိုရင်လေ... သိတယ်မလား... ရပ်ကွက်အုပ်ချုပ်ရေးမှူးလေ"

"သူဆို သူများမိန်းမတွေကိုမှ သဘောကျတာတဲ့... တို့ရပ်ကွက်ထဲက ရပ်ကွက်တူတူ တခြားအိမ်ထောင်ရှင်မတွေနဲ့ ရှုပ်ပွေနေလို့ဆိုပြီး ရပ်ကွက်ရုံးအထိတောင် ပြဿနာတက်ဖူးတယ်"

"ဟယ်... ဟုတ်လား... အဲ့လိုကိစ္စမျိုးတောင် ရှိတာလား... ဝူတာဝေရဲ့ မိန်းမကလည်း တော်တော်ချောတာပဲကို"

"ညည်းကြည့်ရတာ ငယ်သေးလို့ နားမလည်တာပါ... အိမ်ကပန်းထက် လမ်းဘေးကပန်းက ပိုမွှေးတယ် ဆိုတာမျိုးပေါ့"

...............................................................................................................

တင်းယန်တစ်ယောက် ခေါင်းထဲတွင် ဝီခေါ်လျက် အိပ်ခန်းထဲသို့ ပြန်ရောက်လာသည်။ အဒေါ်ကြီးလီနှင့် အမဝူတို့၏ အတင်းပြောနိုင်စွမ်းမှာ သူမထင်ထားသည်ထက် ပိုလွန်ကဲသည်။

အထူးသဖြင့် အဒေါ်ကြီးလီ၊ ရပ်ကွက်ရုံးမှ အမာခံဝန်ထမ်းပီပီ တကယ့်ကို ပြောနိုင်ဆိုနိုင်ပါပေသည်။

သူမကို ဆွဲထားပြီး ဆယ်မိနစ်ကျော်လောက် အတင်းပြောနေကြသည်။

အိပ်ခန်းထဲသို့ ရောက်သောအခါ တင်းယန် သက်ပြင်းချလိုက်ပြီး ခေါင်းခါလိုက်မိသည်။ "ဘာတွေလျှောက်တွေးနေတာလဲ... နင့်အသက်က ၃၁ ရှိနေပြီ... သူများထက်လည်း အများကြီး ကြီးတာကို..."

တင်းယန် စိတ်ထဲမှ အတွေးများကို ဖယ်ရှားလိုက်သည်။ သူမအသက် ၃၁ နှစ် ရှိနေပြီဖြစ်ရာ အသက်အရွယ်နှင့် ပတ်သက်ပြီး အားငယ်စိတ် ရှိသည်။

ပြီးခဲ့သည့် အတွေ့အကြုံများကြောင့်လည်း အချစ်ရေးနှင့် ပတ်သက်လာလျှင် သူမတွင် သတ္တိမရှိတော့ပေ။

အတွေးများကို ဖိနှိပ်လိုက်ရင်း ဝါမေပန်းခြံဘက်တွင် နေထိုင်သော မိဘနှစ်ပါးကို လွမ်းဆွတ်တမ်းတမိသည်။ သူတို့အခု ဘယ်လိုနေကြလဲ မသိချေ။

လင်းယွမ်က သစ်ဖောင်လုပ်မည်ဟု ပြောလိုက်ချိန်တွင် သူမ၏ ပထမဆုံး အတွေးမှာ ထိုက်ယန်တောင်သို့ သွားရောက်ခိုလှုံရန် မဟုတ်ဘဲ မိဘများကို သွားရှာရန်သာ ဖြစ်သည်။

ဒီလို ရေလွှမ်းမိုးသော ကမ္ဘာပျက်ကပ်ကြီးထဲတွင် အမျိုးမျိုးသော သန္ဓေပြောင်းသတ္တဝါများကလည်း ရှိနေသေးရာ မိဘနှစ်ပါး ဘေးကင်းပါ့မလား၊ စားစရာရော ရှိရဲ့လား မသိနိုင်ပေ။

............................................................................................................................

စာကြည့်ခန်း ကျဉ်းကျဉ်းလေးထဲတွင် ကျောက်ခိုင်သည် ပြတင်းပေါက်ဘောင်တွင် မှီထိုင်နေသည်။

လက်တစ်ဖက်ကို သိုင်းကြိုးဖြင့် လည်ပင်းတွင် သိုင်းထားပြီး ကျန်လက်တစ်ဖက်ဖြင့် ရင်ခွင်ထဲမှ ဓာတ်ပုံတစ်ပုံကို ထုတ်ကြည့်နေသည်။

ဓာတ်ပုံထဲတွင် လူငယ်စုံတွဲလေးတစ်တွဲကို တွေ့ရသည်။

နှစ်ယောက်သား လက်တစ်ဖက်စီ မြှောက်ကာ အသည်းပုံသဏ္ဌာန် လုပ်ပြထားကြသည်။

ကောင်လေးက ငယ်ရွယ်ချောမောပြီး ဆံပင်တိုတို၊ ရှပ်အင်္ကျီနှင့် ကြည်လင်တောက်ပသော ပုံရိပ်ရှိသည်။

ကောင်မလေးကလည်း အသားဖြူဖြူ၊ ချစ်စဖွယ်ကောင်းပြီး ပါးချိုင့်နှစ်ဖက်နှင့် အလွန်နုပျို လန်းဆန်းနေသည်။

"ရှောင်မန်..."

ကျောက်ခိုင်သည် ဓာတ်ပုံထဲမှ ကောင်မလေး၏ ပါးပြင်ကို ပွတ်သပ်ရင်း မျက်ရည်များ ဝဲလာသည်။

"ဒီနှစ်ကျရင် ကိုယ့်ကို ချစ်မိဘတွေနဲ့ ပေးတွေ့မယ်ဆို... ချစ် ကတိမတည်ဘူး..."

"ဒီနေ့က ကိုယ်တို့နှစ်ယောက် ချစ်သူသက်တမ်း ၅ နှစ်ပြည့်တဲ့နေ့လေ... အမှတ်တရ ဓာတ်ပုံသွားရိုက်ကြမယ်လို့ ပြောထားပြီးတော့ ဘာလို့ ကိုယ့်ကို ထားခဲ့ရတာလဲ... ဘာလို့လဲ..."

သူသည် အပြင်ဘက်မှ ရေလှိုင်းများကို မော့ကြည့်ရင်း ရေရွတ်လိုက်သည်။ "ဘာလိုပဲဖြစ်ဖြစ် ချစ်က ကိုယ့်ရင်ထဲမှာ ကိုယ့်မိန်းမ... ကိုယ့်ဇနီးပါပဲ... စိတ်ချနော်... ကိုယ် ချစ်မိဘတွေဆီ ရောက်အောင်သွားပြီး ကိုယ့်ကတိကို တည်စေရမယ်"

"အစ်ကိုလင်းယွမ်က သစ်ဖောင်လုပ်ပေးမယ်လို့ ပြောတယ်... အဲ့ကျရင် ကိုယ် သူ့ကို သွားတောင်းဆိုမယ်... ချစ်အိမ်က ကိုယ်တို့မင်္ဂလာဆောင်ရင် နေမယ့်အိမ်နဲ့ သိပ်မဝေးဘူးလေ... အစ်ကိုလင်းယွမ် လက်ခံမှာပါ"

"ချစ်သိလား... ကိုယ် နေ့တိုင်း ချစ်ကို လွမ်းနေတာ... ကိုယ် ချစ်ကို အရမ်းလွမ်းတာပဲကွာ... အဟင့်... ဟင့်..."

.......................................................................................................................................

သူက မိဘမဲ့တစ်ယောက်ဖြစ်ပြီး ငယ်စဉ်ကတည်းက အားငယ်စိတ် ရှိခဲ့သူဖြစ်သည်။ ကိုယ်ထူကိုယ်ထ ကြိုးစားပြီး အောက်ခြေသိမ်းအလုပ်များ လုပ်ကာ အထက်တန်းပညာကို ပြီးဆုံးအောင် သင်ယူခဲ့သည်။

အရောင်းစာရေးလည်း လုပ်ဖူးသလို အစားအသောက် ပို့ဆောင်သူ လည်း လုပ်ခဲ့ဖူးသည်။ တစ်ခါက အစားအသောက် သွားပို့ရင်း သူမနှင့် ဆုံတွေ့ခဲ့ခြင်း ဖြစ်သည်။

သူမက တက္ကသိုလ်ကျောင်းသူ တစ်ယောက် ဖြစ်သည်။ သူမဆီ အစားအသောက် သွားပို့တိုင်း သူမက အမြဲတမ်း ပြုံးပြုံးလေးနှင့် ကျေးဇူးတင်ကြောင်း ပြောတတ်သလို သူ့ကိုလည်း လေးလေးစားစား ဆက်ဆံတတ်သည်။

ထိုသို့ဖြင့် သူတို့နှစ်ဦး ရင်းနှီးသွားခဲ့ကြသည်။ သူမသည် သူ့ဘဝနောက်ခံကို အပြစ်မမြင်သလို၊ ပညာရေး နိမ့်ကျသည်ကိုလည်း မနှိမ်ခဲ့ပေ။ ထိုအစား သူ့ကို ဘဝတက်လမ်းအတွက် ကြိုးစားရန် အားပေးတိုက်တွန်းခဲ့သည်။

သူမ၏ တိုက်တွန်းမှုကြောင့်ပင် သူသည် အဝေးသင်တက္ကသိုလ်မှ ဘွဲ့တစ်ခု ရယူနိုင်ခဲ့ပြီး ဆောက်လုပ်ရေး ကုမ္ပဏီတစ်ခုသို့ ဝင်ရောက်ကာ တဖြည်းဖြည်း တိုးတက်အောင်မြင်လာခဲ့သည်။

ထိုနေ့က သူ သတ္တိမွေးပြီး သူမကို ချစ်ခွင့်ပန်ခဲ့သည်။

သူမက ရယ်မောရင်း "ရှင်က အခုမှပဲ ဒီစကားကို ပြောရဲတော့တာလား" ဟု ပြန်ပြောခဲ့သည်။

ထိုအချိန်ကစပြီး ဒီဘဝတွင် သူမကိုသာ ချစ်မြတ်နိုးပြီး သူမကိုသာ တယုတယထားမည်ဟု သူ ဆုံးဖြတ်ခဲ့သည်။

သို့သော် မုန်တိုင်းထန်သော ထိုညတွင် အရာအားလုံး ပျက်စီးသွားခဲ့ရသည်။

သူ မျှော်လင့်ချက်မဲ့ခဲ့ရပြီး အချစ်ဆုံးလူကို လက်လွှတ်ဆုံးရှုံးခဲ့ရသည်။

ညရောက်တိုင်း အပြင်တွင် မိုးသက်မုန်တိုင်း ကျရောက်နေချိန်ဆိုလျှင် သူသည် အဆုံးမဲ့သော နာကျင်မှုထဲသို့ ကျရောက်သွားတတ်သည်။

ကမ္ဘာပျက်ကပ်ဘေးကြီးထဲတွင် အသက်ရှင် ကျန်ရစ်သူတိုင်း၌ ကိုယ်ပိုင် ဇာတ်လမ်းလေးတွေ ရှိကြစမြဲ။

ဝမ်းနည်းစရာကောင်းသလို၊ နာကျင်စရာလည်း ကောင်းလှသည်။

လွမ်းဆွတ်မှုများက ဒီရေအလား သူ့ဆီသို့ တိုးဝင်လာသည်။

နာကျင်မှု၊ နောင်တ၊ ကိုယ့်ကိုယ်ကိုယ် အပြစ်တင်မှု စသည့် ခံစားချက်ပေါင်းစုံက သူ့ကို လွှမ်းမိုးထားပြီး အသက်ရှူကျပ်စေသည်။

သူ့ခန္ဓာကိုယ်ပေါ်တွင် အလင်းရောင်မှိန်မှိန်လေးများ တဖြည်းဖြည်း စီးဆင်းလာသည်။

သို့သော် ထိုအလင်းရောင်သည် ခဏမျှသာ လက်ခနဲ ဖြစ်သွားပြီး တဖြည်းဖြည်း ပြန်လည်ပျောက်ကွယ်သွားလေသည်။

...............................................................................................................

အဒေါ်ကြီးလီ အခန်းထဲသို့ ပြန်ရောက်လာချိန်တွင် ခင်ပွန်းဖြစ်သူ မာကောချိုင်က ကုတင်ခေါင်းရင်းကို မှီလျက် တစ်စုံတစ်ခုကို စဉ်းစားနေပုံရသည်။

သူမက "ဘာတွေ စဉ်းစားနေတာလဲ" ဟု မေးလိုက်သည်။

မာကောချိုင်က ပြောသည်။ "လင်းယွမ်ဆိုတဲ့ကောင်လေးက အလုပ်ကြီးအကိုင်ကြီး လုပ်မယ့်သူပဲ... ကြည့်ပါလား... လျှိုအားလုံကို ဖြုတ်ချပြီးတာနဲ့ နောက်ထပ် အစီအစဉ်သစ်တစ်ခု ရှိနေပြီ"

အဒေါ်ကြီးလီက သက်ပြင်းချရင်း "ဒါတော့အမှန်ပဲ... လင်းယွမ်က အကြံတုံးဉာဏ်တုံး မဟုတ်ဘူး... ဒါပေမဲ့ ကျွန်မတို့ ဒီကနေ တကယ် ထွက်သွားရမှာလား"

"အပြင်မှာ ရေတွေက အများကြီး... ရေထဲမှာလည်း သန္ဓေပြောင်း သတ္တဝါတွေ အများကြီး ရှိနေတာ... ကိုယ့်ဘာသာလုပ်ထားတဲ့ သစ်ဖောင်လေးနဲ့ ဒီရေလွှမ်းမိုးမှုကို ခံနိုင်ပါ့မလား"

"လမ်းတစ်ဝက်ကျမှ..."

သူမ စကားကို ဆက်မပြောတော့ပေ။ မကောင်းသော နိမိတ်များ ဖြစ်သွားမည်ကို စိုးရိမ်သောကြောင့် ဖြစ်သည်။

မာကောချိုင်က သက်ပြင်းချလိုက်သည်။ "မင်းကတော့ကွာ... မိန်းမသားပီပီ စိုးရိမ်လွန်းနေပါပြီ... လင်းယွမ် ပြောတာ ဟုတ်တယ်... ငါတို့ ဒီတိုက်ထဲမှာ အမြဲနေလို့ မဖြစ်ဘူး"

"စဉ်းစားကြည့်လေ... ဒီတိုက်ထဲမှာ စားစရာ ဘယ်လောက် ကျန်ဦးမှာလဲ... ဒီလောက် လူအများကြီး ပိတ်မိနေတာ အစားအစာ ကုန်တာ မြန်မှာပေါ့"

"အဲ့ဒီ သန္ဓေပြောင်းငါးတွေ စားတာများရင် လင်းယွမ်ပြောသလို ငါတို့လည်း သန္ဓေပြောင်းကုန်ဦးမယ်"

"လူတွေအများကြီး သန္ဓေပြောင်းအစွမ်းတွေ ရလာပြီး ဝမ်ယန်မေလို ဘီလူးသရဲတွေ ဖြစ်ကုန်ရင် ဒီတိုက်ကြီးက နေစရာ မဟုတ်တော့ဘူး... အန္တရာယ် များသွားပြီ"

"နောက်တစ်ခုက ငါးဟင်းချည်းပဲစားပြီး ထမင်းတို့ ဂျုံတို့လို ကစီဓာတ်တွေ မပါ၊ အသီးအရွက်တွေ မပါရင် ရေရှည်မှာ မလွယ်ဘူး... အဓိကက မင်းရောဂါပဲ... အပြင်ထွက်ပြီး အင်ဆူလင် ဆေးရှာဖို့ နည်းလမ်းရှာမှ ဖြစ်မှာ"

အဒေါ်ကြီးလီက ကြားလိုက်ရသဖြင့် မျက်နှာပျက်သွားသည်။

ဆီးချိုရောဂါသည် နာတာရှည်ရောဂါ ဖြစ်သည်။ ကောင်းကောင်း မထိန်းနိုင်ဘဲ ဆီးချိုတက်လာလျှင် တကယ်တမ်း အလွန်အန္တရာယ်များသည်။

"အဲ့တော့ သစ်သားတွေစုပြီး ဖောင်ဖွဲ့ ဆိုတာက တကယ် လုပ်သင့်လုပ်ထိုက်တဲ့ ကိစ္စလို့ ငါထင်တယ်"

"ဘာပဲဖြစ်ဖြစ် ငါတို့ နောက်ဆုတ်ဖို့ လမ်းကြောင်းတစ်ခုတော့ ပြင်ထားသင့်တယ်... ဖောင်ရှိနေရင် ဘယ်လိုအခြေအနေမျိုးပဲ ဖြစ်လာပါစေ... အားလုံး အချိန်မီ ထွက်ပြေးနိုင်သေးတာပေါ့"

အဒေါ်ကြီးလီ ခေါင်းညိတ်လိုက်ပြီး မျက်ရည်သုတ်ကာ ပြောသည်။ "ကျွန်မကြောင့် ရှင် ဒုက္ခရောက်ရတာ"

"မင်း... ဘာတွေ လာပြောနေတာလဲ... ငါတို့က လင်မယားအိုကြီးတွေ ဖြစ်နေပြီဥစ္စာ"

...........................................................................................................................

ချိုင်ကြည်၏ အခန်းတွင် ဝူချင်းက သမီးဖြစ်သူကို ပန်းကန်တစ်ချပ် ပေးကာ ဘေးနားတွင် မုန့်သွားစားခိုင်းလိုက်ပြီး သူမက ပြတင်းပေါက်နားသို့ လျှောက်လာသည်။

ချိုင်ကြည်သည် အပြင်ဘက်မှ မိုးသက်မုန်တိုင်းကို ငေးကြည့်ရင်း တွေဝေငေးမောနေသည်ကို တွေ့ရသဖြင့် "ဘာကြည့်နေတာလဲ" ဟု မေးလိုက်သည်။

ချိုင်ကြည်က လှည့်မကြည့်ဘဲ သက်ပြင်းချကာ ဆိုသည်။ "ဒီမိုးကြီး ဘယ်တော့မှ တိတ်မယ် ထင်လဲ"

ဝူချင်းလည်း အပြင်ဘက်မှ တရစပ် ရွာသွန်းနေသော မိုးကို ကြည့်ရင်း မျက်နှာညှိုးသွားသည်။ "ဘယ်သူ ပြောနိုင်မှာလဲ... စရွာတုန်းကတော့ တီဗီမှာ တိုင်ဖွန်းမုန်တိုင်း အရှိန်ကြောင့်လို့ ပြောကြတာပဲ... ဒီမိုးက ခြောက်လလောက် ဆက်တိုက် ရွာလိမ့်မယ်လို့ ဘယ်သူက ထင်မှာလဲ"

"ဟုတ်တယ် ဘယ်သူက ထင်မှာလဲ... အစောကြီးကသာ သိရင် လူတွေအားလုံး မြင့်တဲ့နေရာကို ထွက်ပြေးကြမှာပေါ့... အခုလို အိမ်ထဲမှာ ပိတ်မိနေစရာ အကြောင်းမရှိဘူး"

ချိုင်ကြည်က သက်ပြင်းချပြီး ဆက်ပြောသည်။ "ငါ အရမ်း အသုံးမကျဘူးလို့ ခံစားရတယ်ကွာ"

"ရှင်... ဘာလို့ ကိုယ့်ကိုယ်ကိုယ် အဲ့လိုပြောရတာလဲ" ဝူချင်း လန့်သွားပြီး မေးလိုက်သည်။

ချိုင်ကြည်က ညည်းတွားလိုက်သည်။ "လျှိုအားလုံကို တိုက်တုန်းက ငါနဲ့ ဦးလေးမာက အိမ်ထဲမှာပဲ ပုန်းနေခဲ့ကြတာ... ဘာမှ မကူညီနိုင်ခဲ့ဘူး"

"ဝမ်မုံတို့နဲ့ စကားသွားပြောတုန်းကလည်း ငါနဲ့ ဦးလေးမာက နောက်ကပဲ ရပ်ကြည့်နေခဲ့တာ... ဘာမှ မကူညီနိုင်ခဲ့ဘူး"

"ပြီးတော့ သန္ဓေပြောင်းကြောင်တွေ လိုက်လို့ တိုက်တွဲ ၂ ဘက်မှာ ပုန်းနေရတုန်းကလည်း လင်းယွမ်သာ လာမကယ်ရင် အခုချိန်ထိ ပြန်ရောက်နိုင်မှာ မဟုတ်ဘူး"

"ငါက ကျောက်ခိုင်လောက်တောင် အားမကိုးရဘူး.. သူဆို တိုက်ရခိုက်ရရင် အသက်တောင် မငဲ့ဘူး... သေရင်သေပါစေ လျှိုအားလုံကို ဆွဲခေါ်သွားမယ်ဆိုတဲ့ စိတ်ဓာတ်မျိုး"

"အခုဆို တင်းယန်လောက်တောင် မစွမ်းဆောင်နိုင်တော့ဘူး... သူတောင် သန္ဓေပြောင်းအစွမ်း ရသွားပြီ... ငါက တကယ်ကို ဘာမှ အသုံးမကျတဲ့ အကောင်ပဲ"

ချိုင်ကြည်က ခါးသက်စွာ ပြုံးလိုက်သည်။

ဝူချင်းက သူ့ကို ညင်သာစွာ ဖက်လိုက်ပြီး "ရှင်သိလား... ကျွန်မ ရှင့်ကို လင်းယွမ်လို အစွမ်းထက်စေချင်တာ မဟုတ်ဘူး... ကျောက်ခိုင်လို အသက်နဲ့ရင်းပြီး စွန့်စားတာမျိုးလည်း မဖြစ်စေချင်ဘူး... တင်းယန်လိုမျိုး ဘီလူးသရဲ ဖြစ်သွားနိုင်မယ့် အန္တရာယ်ကို ရင်ဆိုင်ပြီး သန္ဓေပြောင်းအစွမ်းတွေ ရလာဖို့လည်း မလိုပါဘူး"

"ကျွန်မ လိုချင်တာက ရှင် ကျွန်မနဲ့ ယောင်ယောင်ရဲ့ ဘေးနားမှာ ရှိနေပေးဖို့ပါပဲ... ကျွန်မ လိုအပ်တာ ခင်ပွန်းတစ်ယောက်ပါ... ယောင်ယောင် လိုအပ်တာ ဖခင်တစ်ယောက်ပါ"

"ရေကြီးကတည်းက အခုချိန်ထိ ရှင် ကျွန်မတို့ကို ကောင်းကောင်း စောင့်ရှောက်ပေးခဲ့တာပဲလေ... အငတ်ထားခဲ့တာမှမဟုတ်တာ... လူဆိုးတွေ အနိုင်ကျင့်တာ မခံရအောင် လည်း ကာကွယ်ပေးခဲ့တယ်... ယောကျ်ား... ရှင်က တခြားလူတွေအများကြီးထက် သာပါတယ်"

ချိုင်ကြည် ကြောင်သွားသည်။ ထို့နောက် ဇနီးသည်၏ နူးညံ့သိမ်မွေ့သော မျက်နှာလေးကို ကြည့်ရင်း ပြုံးလိုက်မိသည်။

"ငါ့မှာ မင်း ရှိနေတာ တကယ် ကောင်းတယ်"

ဆက်ရန်...

အပိုင်း (၇၆) ဟင်းပွဲစုံလင်သော ထမင်းဝိုင်းနှင့် ခါးပတ်အင်္ကျီ ဝတ်ထားသည့် အမျိုးသမီးသူရဲကောင်း

"လာ... လာကြ... အထဲဝင်ကြလေ... ဟင်းနှစ်ပွဲပဲ ကျန်တော့တယ်... ပြီးတော့မှာ"

မွန်းတည့်ချိန်တွင် အခန်း ၃၂၀၁ သို့ လူစုံတက်စုံ ရောက်ရှိလာကြသည်။

ရန်မေက တံခါးဖွင့်ပေးပြီး အားလုံးကို လှိုက်လှဲနွေးထွေးစွာ ကြိုဆိုနေပုံမှာ အိမ်ရှင်မတစ်ယောက်နှင့်ပင် တူနေတော့သည်။

လင်းယွမ်ကလည်း လျှောက်လာပြီး ပြုံးကာ နှုတ်ဆက်လိုက်သည်။ "အားလုံး ရောက်နေကြပြီပဲ"

"ဦးလေးမာ... ဖြည်းဖြည်းလျှောက်ဦး"

ဦးလေးမာက ရယ်မောကာ ပြန်ပြောလိုက်သည်။ "ရပါတယ်ကွ... နှစ်လှမ်းလောက် လျှောက်ရတာ ဘာမှမဖြစ်ပါဘူး"

ချိုင်ယောင်ကလည်း သူမလက်ထဲမှ ဝိုင်ပုလင်းကို မြှောက်ပြပြီး "ကိုကိုလင်းယွမ်... သမီး ဘာယူလာလဲ ကြည့်" ဟု လှမ်းပြောသည်။

လင်းယွမ်က ပြုံးလိုက်ပြီး "ဝိုင်ပါလား... နင်ဘယ်က ရလာတာလဲ" ဟု မေးလိုက်သည်။

ချိုင်ကြည်က "လျှိုအားလုံရဲ့ အခန်းထဲက တွေ့တာလေ... နောက်ထပ် နှစ်ပုလင်းတောင် ကျန်သေးတယ်" ဟု ဝင်ပြောသည်။

လင်းယွမ်က "ချွေတာပြီး သောက်ကြတာပေါ့... နောက်မှ ကိစ္စကောင်းတွေ ရှိလာရင် ထပ်ဖောက်ပြီး အောင်ပွဲခံကြတာပေါ့" ဟု ပြောလိုက်သည်။

အဒေါ်ကြီးလီကလည်း ဘဲလည်ချောင်းခြောက်စပ်ကြော်ထုပ် အနည်းငယ်နှင့် သရေစာအချို့ကို ယူလာပြီး "အဒေါ်တို့လည်း ရှာကြည့်ပါသေးတယ်... အမြည်းလုပ်လို့ရမယ့်ဟာဆိုလို့ ဒါလေးတွေပဲ ရှိတော့တယ်" ဟု ပြောသည်။

တင်းယန်က မြေပဲထုပ်တစ်ထုပ်ကို ထုတ်ပေးပြီး "ကျွန်မ မြေပဲဆားလှော် တစ်ထုပ် တွေ့ထားတယ်... အရက်နဲ့မြည်းလို့ ကောင်းတယ်" ဟု ပြောလိုက်သည်။

လင်းယွမ်က လှမ်းယူလိုက်ပြီး "ဟာ... ကောင်းတာပေါ့... မြေပဲဆားလှော်ကမှ အမြည်းလုပ်လို့ ကောင်းတာ" ဟု ရယ်မောကာ ပြောလိုက်သည်။

ကျောက်ခိုင်၏ မျက်နှာထားက အနည်းငယ် အားနာနေပုံရသည်။ "အစ်ကိုလင်း... ကျွန်တော်က အမြည်းလုပ်စရာ ဘာမှ မတွေ့ဘူးဗျ... မုန့်ထုပ်ည်းနည်းပဲ ပါတယ်" ဟု ပြောရင်း အိတ်ကပ်ထဲမှ မုန့်ထုပ်နှစ်ထုပ်ကို ဆွဲထုတ်လိုက်သည်။ "မိန်ကွေ့ကျောင်" ပြောင်းဖူးမုန့်နှင့် ပုစွန်ချောင်းကြော်ထုပ် ဖြစ်သည်။

လင်းယွမ်က ဟားတိုက်ရယ်မောလိုက်ပြီး "ထမင်းလာစားပါလို့ ပြောတာလေ ဘာမှ ယူလာစရာ မလိုပါဘူး... လာ... လာ... ထိုင်ကြ" ဟု ပြောကာ အားလုံးကို နေရာချပေးလိုက်သည်။

အခန်းထဲသို့ ဝင်လိုက်သည်နှင့် စားပွဲပေါ်တွင် ခင်းကျင်းထားသော ဟင်းပွဲ ၅-၆ ပွဲကို အားလုံး မြင်လိုက်ကြရသည်။

စားပွဲအလယ်တည့်တည့်တွင်ကား ဝက်သုံးထပ်သားနှပ် တစ်ပွဲရှိနေသည်။ ဆီရွှဲရွှဲနှင့် ပြောင်လက်နေသော ဝက်သုံးထပ်သားတုံးကြီးများသည် ကြည့်လိုက်ရုံနှင့် သွားရည်ကျချင်စရာ ကောင်းလှသည်။

"ဟာ... ဝက်သားနှပ်"

ချိုင်ယောင်က ပထမဆုံး အော်ဟစ်လိုက်မိသည်။ သူမ၏ မျက်လုံးများ ပြူးကျယ်သွားပြီး ပါးစပ်မှ သွားရည်များပင် စီးကျလာမတတ် ဖြစ်သွားသည်။

သူတို့ ဝက်သားနှပ် မစားရသည်မှာ ဘယ်လောက်ကြာပြီလဲ ဆိုသည်ကိုပင် မမှတ်မိတော့ပေ။

"ဘုရားရေ... အမဲသားခြောက်ကြော်တောင် ပါသေးတယ်"

တင်းယန်က ဒယ်အိုးကပ်ကြော်ထားသော အမဲသားခြောက်ကြော်ကို မြင်လိုက်ရသောအခါ အလွန်အံ့သြသွားသည်။

ရေကြီးပြီးကတည်းက အိမ်တိုင်းလိုလို မီးပျက်သွားကြပြီ ဖြစ်သည်။

ထို့ကြောင့် အသားငါး စသော ရိက္ခာများကို ကြာရှည် အထားမခံဘဲ ပုပ်သိုးကုန်ကြသည်။

ယခုအချိန်၌ လူများ အသားစားရသည်ဆိုလျှင် ရေထဲမှ ဖမ်းမိသော ငါးလောက်သာ ရှိတော့သည်။

ဝက်သား၊ အမဲသား ဆိုသည်မှာ ခြောက်လလောက်ကြာအောင် အနံ့ပင် မရခဲ့ကြပေ။

ယခုအချိန်တွင် ကလေးဖြစ်သူ ချိုင်ယောင်သာမက တင်းယန်ပင်လျှင် တံတွေးမြိုချလိုက်မိသည်။

ထိုဟင်းပွဲနှစ်ပွဲအပြင် စိမ်းစိုလတ်ဆတ်နေသော ဟင်းပွဲတစ်ပွဲကလည်း သူတို့အာရုံကို ချက်ချင်း ဖမ်းစားလိုက်သည်။

ငရုတ်ပွစိမ်းနှင့် တို့ဖူးခြောက်ကြော်။

ရေမကြီးခင်ကဆိုလျှင် ဤဟင်းပွဲသည် သာမန်ကာလျှံကာ ဟင်းတစ်ပွဲသာ ဖြစ်သည်။

သို့သော် ရေကြီးပြီးနောက်ပိုင်း၌ မည်သူ့အိမ်တွင် ဟင်းသီးဟင်းရွက် စားရနိုင်ဦးမည်နည်း။

ဝက်သား မစားရလျှင် ရေထဲက သန္ဓေပြောင်းငါးကို ဖမ်းစား၍ ရသေးသည်။

သို့သော် ဟင်းသီးဟင်းရွက်ကတော့ ရှာဖွေစားသောက်ရန် နည်းလမ်းမရှိပေ။

ခေါင်းပေါက်အောင် စဉ်းစားလျှင်ပင် လင်းယွမ့်အိမ်၌ ဟင်းသီးဟင်းရွက် ရှိနေလိမ့်မည်ဟု သူတို့ တွေးမိမည် မဟုတ်ပေ။

ကျန်သည့် ဟင်းပွဲနှစ်ပွဲကတော့ သာမန်ဟင်းပွဲများ ဖြစ်သည်။

ပြောင်းဖူးစေ့နှင့် ဝက်ပေါင်ခြောက်ကြော် တစ်ပွဲဖြစ်ပြီး အသားနှင့် အသီးအရွက် မျှတအောင် ချက်ထားသည်။

နောက်တစ်ပွဲက ကြက်သားအာလူးနှပ် ဖြစ်သည်။ ထိုဟင်းပွဲတွင်လည်း အသီးအရွက် အနည်းငယ် ပါဝင်သည်။

ဤဟင်းပွဲများကို မြင်လိုက်ရရုံနှင့် (၃၂၀၂) မှ လူများ ကြောင်အမ်းသွားကြတော့သည်။

"လင်းယွမ်... မင်း... မင်းအိမ်မှာ ဘယ်လိုလုပ် ဝက်သားတွေ ရှိနေတာလဲ... ကြက်ပေါင်တွေရောပဲ"

"ဟာ... ငရုတ်ပွစိမ်းတွေတောင် ပါသေးတယ်ဗျာ"

"အစ်ကိုလင်း... ခင်ဗျားတို့ နေ့တိုင်း ဒီလို အကောင်းစားတွေ စားနေကြတာလား"

အားလုံးက မနေနိုင်ဘဲ ဝိုင်းမေးကြတော့သည်။

လင်းယွမ်က ပြုံးပြီး ခေါင်းခါလိုက်သည်။ "ဘယ်လိုလုပ် နေ့တိုင်း စားနိုင်မှာလဲဗျာ... ကျွန်တော့်ဆီမှာ ရေခဲသေတ္တာရှိတော့ အသားနဲ့ ဟင်းသီးဟင်းရွက် နည်းနည်းပါးပါး အေးခဲထားလို့ ရနေတာပါ"

"ရေခဲသေတ္တာ... မင်းအိမ်မှာ မီးလာလို့လား"

ယခုတစ်ကြိမ်တွင် အဒေါ်ကြီးလီပါ အံ့သြသွားရသည်။

တင်းယန်ကတော့ တည်ငြိမ်နေသည်။ ပြီးခဲ့တဲ့တစ်ခေါက် လင်းယွမ့်အိမ်သို့ ဒူးလေးမြှားတံ လာလုပ်တုန်းက လင်းယွမ်က အိမ်သုံးဘက်ထရီအိုး ပေးသုံးခဲ့သလို မီးစက်ရှိကြောင်းလည်း ပြောဖူးသည်။

ထိုစဉ်ကတည်းက သူမ အံ့သြခဲ့ရပြီးဖြစ်၍ ယခု တခြားလူများ အံ့သြနေပုံကို ကြည့်ပြီး သဘောကျနေမိသည်။

အသက်အရွယ်ကြီးရင့်နေပြီဖြစ်သော အဒေါ်ကြီးလီပင် ဤမျှ ဣန္ဒြေပျက်နေလျှင် ကျန်လူများဆို ပြောဖွယ်ရာ မရှိတော့ပေ။

ဦးလေးမာနှင့် ချိုင်ကြည်တို့သည် (၃၂၀၁) သို့ ရောက်ဖူးသော်လည်း စည်းကမ်းရှိသူများပီပီ ဟိုကြည့်ဒီကြည့် မလုပ်ခဲ့ကြပေ။

အထူးသဖြင့် အစားအသောက် ရှိနိုင်သော မီးဖိုချောင်ဘက်ကို သူတို့ အသိစိတ်ဖြင့် ရှောင်ရှားခဲ့ကြသည်။

ထို့ကြောင့် လင်းယွမ်အိမ်တွင် မီးစက်ရှိသည်ကို သူတို့ မသိခဲ့ကြပေ။

ရန်မေကလည်း လျှောက်မပြောခဲ့ပေ။ သူမက ဉာဏ်ကောင်းသော အမျိုးသမီးဖြစ်သလို နှုတ်လုံသော အမျိုးသမီးလည်း ဖြစ်သည်။

လင်းယွမ်က ပြုံး၍ "ကျွန်တော့်အိမ်မှာ ဓာတ်ဆီမီးစက် တစ်လုံးရှိတယ်" ဟု ပြောလိုက်သည်။

ထို့နောက် သူတို့ကို မီးစက်သွားပြလိုက်သည်။

အားလုံး ထပ်မံအံ့သြသွားကြပြီး ဝမ်းသာအားရ ဖြစ်သွားကြသည်။

"မီးစက်... တကယ်ကြီး မီးစက်ပါလား"

"မောင်လင်းရေ... မင်းမီးစက်က တကယ့် အဖိုးတန်ပစ္စည်းပဲကွ"

အဒေါ်ကြီးလီက "အို... ငါတို့အိမ်မှာတုန်းက အမဲသားတွေ ဆိတ်သားတွေ အများကြီး ရှိခဲ့တာ... မီးပျက်သွားလို့ အကုန် ပုပ်ကုန်ရော" ဟု နှမြောတသ ပြောရှာသည်။

"ငါ့အိမ်မှာသာ မီးစက်ရှိရင် အဲဒီ အသားတွေ မှိုတက်ပြီး ပစ်လိုက်စရာ မလိုတော့ဘူး"

ဝူချင်းကလည်း နှမြောလွန်းသဖြင့် ပေါင်ကို တဖုန်းဖုန်း ရိုက်နေမိသည်။

မီးစက်ရှိနေခြင်းက အားလုံးအတွက် အံ့မခန်း ဖြစ်ရပ်တစ်ခု ဖြစ်နေသည်။

ချိုင်ကြည်က အလျင်အမြန်ပင် "လင်းယွမ်... ငါ့အိမ်မှာ ရေရှည်ထားလို့ မရတဲ့ ပစ္စည်းတချို့ ရှိနေသေးတယ်... မင်းဆီမှာ ခဏ လာထားလို့ ရမလား" ဟု မေးလိုက်သည်။

အဒေါ်ကြီးလီကလည်း "မောင်လင်း... အဒေါ်ကြီးအိမ်မှာလည်း ငါးတွေ ရှိတယ်... အကြာကြီး ထားလို့ မရလို့ ဒီမှာ လာပြီး အေးခဲထားပေးလို့ ရမလား" ဟု ဝင်မေးသည်။

လင်းယွမ်က ပြုံး၍ "ပြဿနာ မရှိဘူး... သိမ်းဆည်းဖို့ ခက်ခဲတဲ့ ပစ္စည်းတွေ ရှိရင် ကျွန်တော့်ဆီ လာထားကြပါ" ဟု ပြောလိုက်သည်။

တင်းယန်က "လင်းယွမ်... ရှင့်မှာ ဓာတ်ဆီရော လုံလောက်ရဲ့လား... ဒီမီးစက်က ဆီစားနှုန်း ဘယ်လိုနေလဲ" ဟု ဝင်မေးသည်။

လင်းယွမ်ဆီတွင် ဓာတ်ဆီ ရှားပါးနေကြောင်း သူမ သိထားသည်။ ယခင်က ဓာတ်ဆီကို လက်နက်အဖြစ် မသုံးဘဲ အရက်ပြင်းဖြင့် ရောစပ်ကာ မီးလောင်ဗုံး လုပ်ရန်ပင် သူမ အကြံပေးခဲ့ဖူးသည်။

လင်းယွမ်က ပြုံးလိုက်သည်။ သူမ ဘာကို စိတ်ပူနေမှန်း သူသိသည်။ "ကိစ္စမရှိဘူး... ငါ့ဆီမှာ ဓာတ်ဆီအပို ရှိပါသေးတယ်... လောလောဆယ်တော့ လုံလောက်ပါတယ်" ဟု ဖြေလိုက်သည်။

"ဒါနဲ့... နောက်ကျရင် ပစ္စည်းရှာထွက်တဲ့အခါ ဘက်ထရီအိုးတွေ တွေ့ရင် ယူလာခဲ့ကြနော်"

"မီးစက်ရှိတော့ ဘက်ထရီအိုးတွေကို အားသွင်းလို့ ရတယ်"

ကျောက်ခိုင်က "အစ်ကိုလင်း... ဆိုင်ကယ် ဘက်ထရီအိုးတွေရော ရလား... ကျွန်တော့်အိမ်မှာ ရှိတယ်" ဟု မေးလိုက်သည်။

လင်းယွမ်က ခေါင်းညိတ်လိုက်ပြီး "ရတာပေါ့... ဆိုင်ကယ် ဘက်ထရီအိုးတွေက အားခံတယ်လေ... အရမ်း အသုံးဝင်တယ်" ဟု ပြောသည်။

ဦးလေးမာက နားမလည်စွာဖြင့် "မောင်လင်းယွမ်... မင်းက ဆိုင်ကယ် ဘက်ထရီအိုးတွေကို ဘာလုပ်မလို့လဲ" ဟု မေးသည်။

လင်းယွမ်က ပြုံးလိုက်ပြီး "ကျွန်တော် ပြန်ပြီး ပြုပြင်ကြည့်မလို့လေ... ဘက်ထရီအိုးတွေကို ဆက်သွယ်ပြီး မော်တာအင်ဂျင် တစ်ခုခု ရှာတပ်ကြည့်ချင်တယ်... အဲ့တာနဲ့မောင်းနှင်တဲ့စနစ်တစ်ခု လုပ်ကြည့်မလို့" ဟု ရှင်းပြသည်။

"သစ်သားဖောင် ဖွဲ့တဲ့အခါကျရင် အဲဒီ မော်တာကို တပ်လိုက်ရင် မြန်လည်းမြန်မယ်... လူအားလည်း သက်သာမယ်လေ"

သူ့စကားကြောင့် အားလုံး၏ မျက်လုံးများ အရောင်တောက်လာကြသည်။

ချိုင်ကြည်က ခေါင်းတငြိမ့်ငြိမ့်ဖြင့် "ဟုတ်တယ်... အဓိပ္ပာယ်ရှိတယ်... ဘက်ထရီအိုးနဲ့ မော်တာစနစ်သာ သုံးနိုင်ရင် သစ်သားဖောင်ခပ်ကြီးကြီး ဖွဲ့ရင်တောင် လှိုင်းဒဏ်လေဒဏ်ကို ခံနိုင်ရုံတင်မကဘူး ခရီးဝေးပါ သွားနိုင်မှာ" ဟု ထောက်ခံသည်။

"ဒါပေမဲ့ ဘက်ထရီအိုးက ရှာရခက်မယ် ထင်တယ်... ခရီးအထွက်များတဲ့ လူတွေလောက်ပဲ အိမ်မှာ ဆောင်ထားတတ်ကြတာ... သာမန်အိမ်တွေမှာ ရှိမှာ မဟုတ်ဘူး"

"ကျောက်ခိုင်... မင်းအိမ်မှာ ဘယ်လိုလုပ် ဘက်ထရီအိုး ရှိနေတာလဲ" ဟု ချိုင်ကြည်က မေးလိုက်သည်။

ကျောက်ခိုင်က သက်ပြင်းချလိုက်ပြီး "ကျွန်တော့်ကောင်မလေးလေ... သူက အိမ်ရာဝင်းထဲက အားသွင်းရုံမှာ ပိုက်ဆံပေးပြီး အားသွင်းရမှာ နှမြောလို့ အမြဲတမ်း ဘက်ထရီအိုးကို ဖြုတ်ပြီး အိမ်သယ်လာပြီးမှ အားသွင်းလေ့ရှိတာ" ဟု ပြောပြသည်။

ဦးလေးမာက "အိမ်ရာဝင်း စည်းကမ်းက ဘက်ထရီအိုး ဖြုတ်ပြီး ဓာတ်လှေကားပေါ် မတင်ရဘူးလို့ တားမြစ်ထားတယ် မဟုတ်လား" ဟု မှတ်ချက်ပြုလိုက်သည်။

ကျောက်ခိုင်က ခါးသက်သက် ပြုံးလိုက်သည်။ "ကျွန်တော့်ကောင်မလေးက အရမ်းချွေတာတတ်တာ... ကျွန်တော် ပိုက်ဆံရှာရတာ ပင်ပန်းမှန်း သိတော့သူက..."

စကားပြောရင်း သူ၏ မျက်ဝန်းအိမ်များ နီရဲလာလေသည်။

ကျောက်ခိုင်နှင့် သူ့ချစ်သူကောင်မလေးတို့၏ ကြေကွဲဖွယ် ကံကြမ္မာကို အားလုံး ပြန်သတိရသွားကြပြီး စိတ်မကောင်း ဖြစ်သွားကြသည်။

ဦးလေးမာကလည်း အလျင်အမြန် တောင်းပန်လိုက်သည်။ "ဆောရီးကွာ... ငါ့တူကျောက်ခိုင်... ဦးလေးက အသက်ကြီးပြီး စကားမဆင်ခြင်မိပါဘူးကွာ..."

ကျောက်ခိုင်က အတင်းပြုံးလိုက်ပြီး ကိစ္စမရှိကြောင်း ခေါင်းခါပြသည်။ ထို့နောက် လင်းယွမ့်ကို "ခဏနေရင် အိမ်ပြန်ပြီး ဘက်ထရီအိုး သွားယူလာခဲ့မယ်" ဟု ပြောသည်။

ချိုင်ကြည်က "ကျောက်ခိုင်တို့အိမ်မှာ ဘက်ထရီအိုး ရှိတယ်ဆိုရင် တခြားအိမ်တွေမှာလည်း မရှိဘူးလို့ ပြောမရဘူး... အထူးသဖြင့် သက်ကြီးရွယ်အို ရှိတဲ့အိမ်တွေဆိုရင် အောက်မှာ ပိုက်ဆံပေးပြီး အားသွင်းရမှာ နှမြောကြတာများတယ်... အိမ်ပေါ် သယ်လာပြီး အားသွင်းကြတာတွေ ရှိမှာပဲ... နောက်ကျရင် သေချာ ရှာကြည့်ကြတာပေါ့" ဟု ဝင်ပြောသည်။

လင်းယွမ်က ပြုံးလိုက်ပြီး "အဲဒီကိစ္စကို နောက်မှပြောတာပေါ့... အခုတော့ ထမင်းစားကြရအောင်" ဟု ပြောကာ အားလုံးကို ထမင်းစားပွဲ၌ ထိုင်စေလိုက်သည်။

ရန်မေက နောက်ထပ် ဟင်းပွဲနှစ်ပွဲ ထပ်ချပေးသည်။

ဝမ်းနည်းစရာ ကောင်းသည်မှာ အသီးအရွက်ဟင်း မဟုတ်ဘဲ အသားဟင်းများသာ ဖြစ်နေခြင်းပင်။

ဤအသားဟင်းများသည် လင်းယွမ် စောစောစီးစီးကတည်းက အေးခဲသိမ်းဆည်းထားခဲ့သော ငရုတ်ပွ၊ ခရမ်းသီး၊ အာလူးနှင့် ခရမ်းချဉ်သီးတို့ဖြင့် ချက်ပြုတ်ထားခြင်း ဖြစ်သည်။

သို့သော် ခရမ်းချဉ်သီး ကုန်သွားပြီဖြစ်သလို ငရုတ်ပွလည်း ကုန်ခါနီးပြီဖြစ်သည်။ အာလူးလည်း သိပ်မကျန်တော့ပေ။

သို့သော် လင်းယွမ် မပူပေ။ မဲနှိုက်သည့်စနစ် ရှိနေသရွေ့ အမှတ် (၁၀) မှတ်ဆိုလျှင် အစားအစာ မဲနှိုက်နိုင်ပြီ ဖြစ်သည်။

အမှတ် (၂၀) ဆိုလျှင် သေတ္တာလိုက် မဲနှိုက်နိုင်ပြီး အမှတ် (၅၀) ဆိုလျှင် ပေါင် (၁၁၀၀) ခန့်ရှိသော အစားအစာ အမြောက်အမြားကို မဲပေါက်နိုင်သည်။

အမှတ်တွေ ရှာဖို့အတွက်လည်း သူ အစီအစဉ်ဆွဲပြီးသား ဖြစ်၍ မစိုးရိမ်ပေ။

လက်ရှိတွင် ဝမ်ယန်မေကို ရှင်းပစ်ပြီး တိုက်အတွင်းရှိ လုံခြုံရေး အန္တရာယ်ကို ဖယ်ရှားရန်မှာ ပထမဦးစားပေး ဖြစ်သည်။

ထမင်းစားပွဲတွင် အားလုံး ပလုပ်ပလောင်း စားသောက်ကြရာ ဟင်းပွဲတိုင်း ပြောင်သလင်းခါသွားသည်။

ခြောက်လလုံးလုံး အသားနှင့် ဟင်းသီးဟင်းရွက် မစားခဲ့ရသဖြင့် မည်သူက မစားချင်ဘဲ နေမည်နည်း။

ဆီးချိုရောဂါရှိသည့် အဒေါ်ကြီးလီပင်လျှင် မထိန်းနိုင်ဘဲ ပိုစားမိလေသည်။

ဝက်သားနှပ်ဟင်းမှ ကျန်ရစ်သော ဟင်းရည်အနည်းငယ်ကိုပင် ချိုင်ကြည်က နှမြောသဖြင့် မသွန်ပစ်ရက်ပေ။

သူ့ထမင်းပန်းကန်ထဲသို့ လောင်းထည့်ကာ ထမင်းနှင့်နယ်ပြီး အရသာခံ စားသောက်လိုက်လေသည်။

ဝိုင်နီကတော့ တစ်ယောက် တစ်ခွက်တစ်ဝက်လောက်နှင့် ကုန်သွားသဖြင့် ပြောစရာပင် မလိုတော့ပေ။

အရက်သောက်၍ အရှိန်မရလိုက်သော်လည်း ဗိုက်ကတော့ တင်းကားနေအောင် စားလိုက်ရသဖြင့် အားလုံး ကျေနပ်နေကြသည်။

ပထမအချက်မှာ ရှားပါးအစားအစာများ ဖြစ်၍ စားရခဲသောကြောင့် ဖြစ်ပြီး၊ ဒုတိယအချက်မှာ ရန်မေ၏ လက်ရာ ကောင်းလွန်းသောကြောင့် ဖြစ်သည်။

ရိုးရာဆန်သော ဤအိမ်ရှင်မလေး၏ ဟင်းချက်လက်ရာနှင့် အိမ်မှုကိစ္စ ကျွမ်းကျင်မှုမှာ အဘက်ဘက်မှ ပြည့်စုံလွန်းလှသည်။

အားလုံး ခေတ္တ အနားယူပြီးနောက် လင်းယွမ်က မတ်တတ်ထရပ်လိုက်ပြီး "ကဲ... အားလုံးပဲ... သွားဖို့ ပြင်ကြစို့" ဟု ပြောလိုက်သည်။

တင်းယန်က ပထမဆုံး တုံ့ပြန်လိုက်ပြီး ချက်ချင်း ထရပ်ကာ အဆင်သင့် ပြင်လိုက်သည်။

သူမသည် တီရှပ်အင်္ကျီအသစ် လဲလှယ်ဝတ်ဆင်ထားပြီး ဘယ်က ရှာတွေ့လာမှန်းမသိသော "ကျောမတ်ခါးပတ်အင်္ကျီ" တစ်ထည်ကို ဝတ်ဆင်ထားသည်။

(ကျောမတ်ခါးပတ်အင်္ကျီ ဆိုတာက ခါးကိုင်းတဲ့သူတွေ ခါးအရိုးပြန်မတ်လာအောင် ဝတ်ရတဲ့အကျီမျိုးပါ)

ထိုအင်္ကျီ၏ အပြင်ဘက်တွင် သံပြားများကို ချုပ်ကပ်ထားပြီး ဝမ်းဗိုက်၊ နံရိုး၊ ပခုံးနှင့် ကျောပြင်တို့ကို ကာကွယ်ထားသည်။

ထိုအင်္ကျီ၏ သိုင်းကြိုးများကြောင့် သူမ၏ ရင်ဘတ်နေရာရှိ ဖွံ့ထွားသော ရင်သားအစုံမှာ ကြွရွတင်းရင်းနေပြီး အထဲမှ ထွက်ကျလာတော့မတတ် ဆွဲဆောင်မှု ရှိနေသည်။

သူမသည် မူလကပင် လှပပြီး ကိုယ်လုံးကိုယ်ပေါက် ကောင်းမွန်သူ ဖြစ်သည်။ ထို့ကြောင့်လည်း ကျိုးကျားချောင်၏ အနိုင်ကျင့် သိမ်းပိုက်ခြင်းကို ခံခဲ့ရခြင်း ဖြစ်သည်။

ယခုကဲ့သို့ ဝတ်ဆင်ထားလိုက်သောအခါ ပို၍ပင် မျက်စိပသာဒ ဖြစ်နေသဖြင့် လင်းယွမ်ပင်လျှင် မနေနိုင်ဘဲ နှစ်ခါလောက် ခိုးကြည့်လိုက်မိသည်။

တင်းယန်က သူများအကြည့်ကို ဂရုမစိုက်ပေ။ သူမ ခေါင်းပေါ်တွင် ဆိုင်ကယ်ဦးထုပ်တစ်လုံးကို ဆောင်းလိုက်သည်။

ဤပစ္စည်းသည် အိမ်တိုင်းလိုလိုတွင် ရှိတတ်ပြီး တချို့အိမ်များတွင် တစ်လုံးမက ရှိတတ်သည်။

ရေမကြီးခင်က လင်ကျန်းမြို့ ယာဉ်ထိန်းရဲများသည် ဆိုင်ကယ်စီးလျှင် ဦးထုပ်ဆောင်းရန် တင်းကြပ်စွာ စစ်ဆေးခဲ့ဖူးသဖြင့် အိမ်တိုင်းလိုလို ဝယ်ဆောင်ထားကြခြင်း ဖြစ်သည်။

တခြားသူများ ထွက်လာကြသောအခါ ချိုင်ကြည်နှင့် ကျောက်ခိုင်တို့လည်း ဆိုင်ကယ်စီး ဦးထုပ်များ ဆောင်းထားကြသဖြင့် လင်းယွမ် ရယ်ချင်သွားသည်။

သူတို့အားလုံး တစ်ကိုယ်လုံး လုံခြုံအောင် ဝတ်ဆင်ထားကြသည်။ ချိုင်ကြည်ဆိုလျှင် ဘယ်က ရှာတွေ့လာမှန်းမသိသော ဆိုင်ကယ်စီး ဝတ်စုံအပြည့်အစုံကို ဝတ်ဆင်ထားပြီး ဒူးကာ၊ လက်ကောက်ဝတ်ကာနှင့် တံတောင်ဆစ်ကာများပါ ပါရှိသည်။

အားလုံးက သူ့ကို ဝိုင်းကြည့်နေကြသဖြင့် ချိုင်ကြည်က ရှက်ကိုးရှက်ကန်းဖြင့် "ငါ့မိန်းမ ရှာပေးထားတာပါ" ဟု ပြောလိုက်သည်။

လင်းယွမ်က ပြုံးပြီး "ကောင်းပါတယ်... ဘေးကင်းရေးဖို့က ပထမပဲလေ... ကျွန်တော်တို့ အလုပ်မအောင်မြင်ရင်နေပါစေ... ဒဏ်ရာမရဖို့က အရေးကြီးတယ်" ဟု ပြောလိုက်သည်။

ကျောက်ခိုင်ကတော့ နှုတ်ဆိတ်နေဆဲပင်။ သူက ကျောပိုးအိတ်တစ်လုံး လွယ်ထားသည်။ ဒီတစ်ခေါက်တွင် သူက ပစ္စည်းကောက်ဖို့ အဓိက တာဝန်ယူရမည်။ တိုက်ခိုက်ရေးအပိုင်းတွင် လက်တစ်ဖက် ကျိုးနေသဖြင့် သိပ်အားကိုး၍ မရပေ။

တင်းယန်က ပြုံးပြီး "ပြောရမယ်ဆိုရင်... ဒီ ဆိုင်ကယ်စီး ဦးထုပ်ဆောင်းပြီး ကာကွယ်ဖို့ဆိုတာ ရှင့်ဆီကနေ အားလုံး အတုခိုးကြတာ" ဟု ပြောလိုက်သည်။

လင်းယွမ်က တဟားဟားရယ်မောလိုက်သည်။ သူ ပထမဆုံးအကြိမ် အပြင်ထွက်တုန်းက ဆိုင်ကယ်စီး ဦးထုပ်ကို ဆောင်းခဲ့ဖူးသည်။

အခုတော့ အားလုံးက သူ့ကို နမူနာယူပြီး လိုက်လုပ်နေကြပြီ ဖြစ်သည်။

တကယ်တမ်းတွင်လည်း ထိုဦးထုပ်က အလွန်အသုံးဝင်ပြီး သူ့အသက်ကို နှစ်ကြိမ်တိုင်တိုင် ကယ်တင်ခဲ့ဖူးသည်။

တစ်ကြိမ်က လှေကားထစ်တွင် ကျိုးကျားချောင် ချောင်းမြောင်းလုပ်ကြံစဉ်က ဖြစ်ပြီး နောက်တစ်ကြိမ်က ဝမ်ယန်မေ၏ လက်သည်းချက်မှ ကာကွယ်ပေးခဲ့ခြင်း ဖြစ်သည်။

ထို့ကြောင့် ယာဉ်ထိန်းရဲများက ဦးထုပ်ဆောင်းခိုင်းခြင်းသည် တကယ်ပင် အကျိုးရှိလှသောကြောင့်ဖြစ်သည်။

ရန်မေက ချိုင်ကြည်၏ ဝတ်စုံပြည့် အကာအကွယ်များကို ကြည့်ပြီး စိတ်ထဲတွင် အတွေးတစ်ခု ဝင်သွားသည်။ သူမ ကျောက်ခိုင်အနားသို့ သွားကာ တိုးတိုးတိတ်တိတ် စကားအနည်းငယ် ပြောလိုက်သည်။

ကျောက်ခိုင်က လင်းယွမ့်ကို တစ်ချက်လှမ်းကြည့်ပြီး ခေါင်းညိတ်ပြလိုက်သည်။

အားလုံး အခန်းထဲမှ ထွက်လာကြသည်။ လင်းယွမ်နှင့် ချိုင်ကြည်က ရှေ့ဆုံးမှ ဦးဆောင်ပြီး တင်းယန်နှင့် ကျောက်ခိုင်က နောက်မှ လိုက်ကြသည်။

တင်းယန်က ကျောက်ခိုင်အနား ကပ်သွားပြီး "ရန်မေက နင့်ကို ဘာပြောလိုက်တာလဲ" ဟု တိုးတိုးလေး မေးလိုက်သည်။

ကျောက်ခိုင် ကြောင်သွားပြီး တင်းယန်ကို ကြည့်လိုက်သည်။ ပြီးမှ စဉ်းစားကာ အမှန်အတိုင်း ပြောပြလိုက်သည်။

"အမရန်မေက (၁၅) ထပ်မှာ ကလေးတစ်ယောက် ရှိတယ်... စကိတ်စီးရတာ ဝါသနာပါတယ်တဲ့... သူ့အိမ်မှာ ဒူးကာ၊ လက်ကာတွေ ရှိလောက်တယ်... သတိထားပြီး ရှာကြည့်ပေးပါတဲ့... တွေ့ရင် ယူလာခဲ့ပေးပါ... ပစ္စည်းတစ်ခုခုနဲ့ ပြန်လဲပါ့မယ်လို့ မှာလိုက်တာပါ"

တင်းယန်က ကြောင်သွားပြီး ရှေ့မှ လင်းယွမ့်ကျောပြင်ကို တွေးတွေးဆဆ ကြည့်လိုက်သည်။ ဘာမှ ဆက်မပြောတော့ပေ။

ကျောက်ခိုင်က ခေါင်းကုတ်လိုက်မိသည်။ တင်းယန်၏ အပြုအမူကို နားမလည်နိုင် ဖြစ်နေသည်။

အမတင်းယန်က အမရန်မေကို လိုတာထက်ပိုပြီး အာရုံစိုက်နေသလို သူ ခံစားလိုက်ရသည်။

သူတို့အဖွဲ့ လှေကားအတိုင်း လျင်မြန်စွာ ဆင်းလာကြပြီး (၁၅) ထပ်သို့ ရောက်လာကြသည်။

တင်းယန်က ရုတ်တရက် ရပ်လိုက်ပြီး "ကျွန်မကို ခဏလောက် စောင့်နော်" ဟု ပြောသည်။

ပြောပြီးသည်နှင့် တခြားလူများ ဘာမှ မတုံ့ပြန်နိုင်ခင် သူမ (၁၅) ထပ်သို့ သွားကာ တံခါးလက်ကိုင်ဘုကို ညင်သာစွာ ဆုပ်ကိုင်လိုက်သည်။

ထို့နောက် သန္ဓေပြောင်းစွမ်းရည်ကို အသုံးပြုလိုက်ရာ လက်ထဲတွင် အလင်းရောင် ဖျတ်ခနဲ လက်သွားပြီး တံခါးလက်ကိုင်ကို အားကုန် တွန်းဖွင့်လိုက်သည်။

"ဝုန်း"

တံခါးလက်ကိုင်ဘု ပျက်စီးသွားပြီး သော့အိမ်တစ်ခုလုံး ပျက်စီးသွားသည်။

သူမ အသာအယာ ဆွဲဖွင့်လိုက်ရုံဖြင့် တံခါးပွင့်သွားတော့သည်။

(၁၅) ထပ်တွင် လူမနေတော့ပေ။

အမှန်တကယ်တွင်လည်း (၁၄) ထပ်၌ ဝမ်ယန်မေကဲ့သို့ ဘီလူးမတစ်ကောင် ရှိနေမှတော့ မည်သူက သူ့အပေါ်ထပ်တွင် နေရဲပါတော့မည်နည်း။

အခန်းထဲတွင် ပစ္စည်းများ ပြန့်ကျဲနေသော်လည်း အများစုက ရှိနေဆဲဖြစ်သည်။

အခန်းပိုင်ရှင်က အလောတကြီး ထွက်ပြေးသွားပုံရသည်။

ကျောက်ခိုင်က အထဲဝင်သွားသည်။ တင်းယန်က "နင် ပစ္စည်းရှာလိုက်" ဟု ပြောသည်။

သူမက ဝင်ပေါက်အနီးတွင် ဒူးကာ၊ လက်ကာနှင့် တံတောင်ဆစ်ကာများ ပါဝင်သည့် အစုံလိုက်တစ်တွဲကို တွေ့လိုက်ရသည်။

တင်းယန်၏ မျက်နှာတွင် အပြုံးတစ်ခု ပေါ်လာသည်။ သူမက ဘာမှ မဖြစ်သလိုပင် ထိုပစ္စည်းများကို ကောက်ယူလိုက်ပြီး အပြင်ဘက်တွင် စောင့်နေသော လင်းယွမ့်ထံသို့ လျှောက်သွားကာ ကမ်းပေးလိုက်သည်။

"ရော့... ဒါတွေ ဝတ်ထားလိုက်"

လင်းယွမ် ကြောင်သွားပြီး "ငါ့အတွက်လား" ဟု မေးလိုက်သည်။

တင်းယန်က ခေါင်းညိတ်ပြပြီး မျက်လုံးများကို တခြားဘက်သို့ လွှဲထားသည်။

လင်းယွမ်က ပြုံးလိုက်ပြီး အားနာမနေတော့ဘဲ ပစ္စည်းများကို ဝတ်ဆင်လိုက်သည်။ "ဒီအိမ်မှာ ဒါတွေရှိမှန်း နင်က ဘယ်လိုသိတာလဲ" ဟု မေးလိုက်သည်။

တင်းယန်က ပြန်မဖြေဘဲ "ရှင်ကလည်း ဘာတွေ မေးနေတာလဲ... ဝတ်မယ့်သာဝတ်စမ်းပါ... ခဏနေ တိုက်ခိုက်ရင် ကျွန်မက ရှေ့ဆုံးက တိုက်ပေးမှာ" ဟု ပြောလိုက်သည်။

လင်းယွမ်က ဟားတိုက်ရယ်မောလိုက်ပြီး "နင့်မှာ သန္ဓေပြောင်းစွမ်းရည် ရှိမှန်း ငါသိပါတယ်... ဒါပေမဲ့ ဒီလောက်ကြီးတော့ မလိုပါဘူး... ငါနဲ့ အစ်ကိုချိုင်က ယောကျာ်းရင့်မကြီးတွေပါ... မိန်းမတစ်ယောက်ရဲ့ အကာအကွယ်အောက်မှာ နေရလောက်အောင် မညံ့ပါဘူး" ဟု ပြောသည်။

ချိုင်ကြည်ကလည်း ရယ်မောလျက် "ဟုတ်တယ် တင်းယန်... ငါတို့ကိုအထင်သေးစရာ မလိုပါဘူးဟ" ဟု ဝင်ပြောသည်။

တင်းယန်က နှာခေါင်းရှုံ့လိုက်ပြီး "ကျွန်မက တစ်ကောင်ကြွက်လေ... သေသွားလည်း ဘယ်သူမှ ရင်ကျိုးမယ့်သူ မရှိဘူး... ရှင်တို့နှစ်ယောက်ကျတော့ လွမ်းမယ့်သူ၊ ဆွေးမယ့်သူတွေ ရှိနေတာကိုး... တော်ကြာ တစ်ခုခုဖြစ်သွားရင် တစ်ယောက်ယောက်က ရင်ကွဲနာကျပြီး သေသွားမှာ စိုးလို့" ဟု ပြောလိုက်သည်။

ချိုင်ကြည်က ကြောင်သွားပြီးမှ သဘောပေါက်သွားသည်။ ဒီစကားက နည်းနည်း သဝန်တိုသံ ပါနေသလားလို့။

သူ လင်းယွမ့်ကို လှည့်ကြည့်လိုက်သည်။

လင်းယွမ်က နားမလည်ချင်ယောင်ဆောင်ပြီး "နင်ကတော့... နင့်မိဘတွေ ဟွာမေဥယျာဉ်မှာ စောင့်နေတာ မေ့နေပြီလား... နင့်ကို လွမ်းမယ့်သူ မရှိဘူးဆိုတာ ဟုတ်လို့လား" ဟု ပြန်ပြောလိုက်သည်။

တင်းယန် စကားဆွံ့အသွားပြီး သူ့ကို မျက်စောင်းထိုးလိုက်သည်။

ချိုင်ကြည်က "ခွီး" ခနဲ ရယ်ချလိုက်မိသည်။

တင်းယန်က သူ့ကို စိုက်ကြည့်လိုက်သဖြင့် ချိုင်ကြည် ချက်ချင်း ပါးစပ်ပိတ်ကာ လေးနက်သော အမူအရာဖြင့် "ကဲ... (၁၄) ထပ် ရောက်တော့မယ်... သတိထားကြတော့" ဟု ပြောလိုက်သည်။

သူက လေးလေးနက်နက် ပြောလိုက်သဖြင့် တင်းယန်လည်း တိုက်ခိုက်ရန်အသင့်အနေအထား ပြင်လိုက်သည်။

ဝမ်ယန်မေ၏ ကြောက်မက်ဖွယ်ကောင်းပုံကို အားလုံး ကြုံဖူးကြပြီး ဖြစ်သည်။

သူတို့ (၁၂) ဆလောက် ပိုသတိထားရင်တောင် မလွန်ပေ။

လင်းယွမ်တို့ သုံးယောက်သည် အသံမထွက်စေဘဲ နေလိုက်ကြသည်။ ကျောက်ခိုင်ကို (၁၅) ထပ် တံခါး ပြန်ပိတ်ခိုင်းပြီးနောက် ဖြည်းဖြည်းချင်း အောက်ထပ်သို့ ဆင်းလာခဲ့ကြသည်။

အောက်ထပ်တွင် သွေးကွက်များ ကျန်ရှိနေသေးသော်လည်း အလောင်းများမှာမူ ပျောက်ချင်းမလှ ပျောက်ဆုံးနေပြီ ဖြစ်သည်။

(၁၄) ထပ် တံခါးမကြီး ပွင့်ဟနေပြီး အထဲမှ ညှီစော်နံသော အနံ့ဆိုးကြီး ထွက်ပေါ်နေသည်။

အခန်းထဲမှ အမျိုးသမီးတစ်ဦး သီချင်းဆိုသံ သဲ့သဲ့ ထွက်ပေါ်နေသည်။

မှောင်မည်းနေသော လှေကားထစ်များကြားတွင် ထိုသီချင်းသံသည် သရဲခြောက်သကဲ့သို့ ခြောက်ခြားဖွယ်ရာ ကောင်းလှသည်။

လင်းယွမ်တို့ သုံးယောက် တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်လိုက်ကြပြီး ထူးဆန်းနေသည်ဟု ခံစားလိုက်ရသည်။

သူတို့ တံခါးပေါက်နားသို့ တိုးကပ်သွားပြီး အထဲသို့ ဖြည်းဖြည်းချင်း ချောင်းကြည့်လိုက်ကြသည်။

"ဟီးဟီး..."

ရုတ်တရက် မျက်နှာတစ်ခုက သူတို့ရှေ့တည့်တည့်သို့ ရောက်လာပြီး အခန်းထဲမှ ရယ်သံတစ်ခု ထွက်ပေါ်လာသည်။

"ချန်ချန်ရေ... သမီးလေးရေ... သူငယ်ချင်းတွေ လာကစားကြတယ်ဟေ့"

ဆက်ရန်...

All Chapters