အခန်း (၄၃၀-၄၃၂)
Vol. 29 Ch. 430-432
အခန်း(၄၃၀) ဘုရင့်မြို့တော်
ဝက်ဝံနက်၏အဖွဲ့သည် ကုန်ပစ္စည်းများကို သယ်ဆောင်လာပြီး ဝက်ဝံများ၏ ကိုယ်တွင် ပူးချည်လိုက်ကြသည်။ သူတို့သည် အထုပ်အပိုးများပြင်နေရင်း ရှောက်ရွှမ်ကို ကြည့်ကာ တီးတိုးပြောဆိုနေကြသည်။
“အဲဒီချာတိတ်က ဘယ်သူလဲ”
“မသိဘူးကွ…ပုံစံကြည့်တော့ ဘာမှမဟုတ်သလိုနဲ့…အစွမ်းတော့ တော်တော်ထက်တယ်”
“မောင်တာ့ပြောတာတော့ အဲဒီကောင်လေးက ငါတို့နဲ့အတူ ဘုရင့်မြို့တော်ကို လိုက်မယ်တဲ့…နောက်မှမေးကြည့်လို့ရပါတယ်”
မောင်တာ့ကတော့ နေမထိထိုင်မသာဖြစ်နေသည်။ အထူဆုံးသော သားရေအင်္ကျီကို
ဝတ်ဆင်ထားသူပင် စိတ်အနှောင့်အယှက် ဖြစ်သွားပါသည်။ သူအကြွားပိုသွားခြင်းဖြစ်သည်။ မီးတောက်ဦးချိုမျိုးနွယ်စုဝင်များသည် အတွေ့အကြုံရင့်ကျက်သော မုဆိုးများ ဖြစ်ကြသည်။ တောနက်ထဲတွင် နေထိုင်ကြပြီး၊ မရေတွက်နိုင်သော သားရဲကြီးများနှင့် ရင်ဆိုင်လာကြသူများ ဖြစ်ကြသည်။ ယခုဝက်ဝံများသည် သူတို့အတွက် ဘာမှမဟုတ်ပါ။ ထို့ပြင် သူတို့၏ဝက်ဝံများကို ပစ္စည်းသယ်ရုံသာလေ့ကျင့်ပေးထားခြင်းဖြစ်သည်။ တိုက်ခိုက်ရန်လေ့ကျင့်ပေးထားခြင်း မရှိပါ။ ထို့ကြောင့်လည်း ၎င်းတို့၏ စိတ်နေသဘောထားမှာ ရက်စက်ကြမ်းကြုတ်ခြင်း ဖြစ်သည်။
လူများက ကုန်စည်များကို ကြိုးနှင့်ချည်နေသောအခါ၊ ဝက်ဝံ၇ကောင်သည် မြေပြင်တွင်ဝပ်နေကြသည်။ သူတို့ကို ကြည့်ရသည်မှာ ကြောက်စရာမကောင်းပါ။
“ကဲ…ပြီးပြီ…သွားလို့ရပြီ” တစ်ယောက်က မောင်
တာ့ကို လှမ်းပြောလိုက်သည်။
မောင်တာ့က ခေါင်းညိတ်ပြလိုက်ပြီး မေးလိုက်သည်။ “ကင်းထောက်သွားတဲ့အဖွဲ့တွေ ပြန်လာပြီလား”
“အင်း…ပြန်ရောက်ပြီ”
ရှောက်ရွှမ်သည် အရပ်မျက်နှာတစ်ဖက်သို့ ကြည့်လိုက်သည်။ အရိပ်မည်း၂ခုပြေးလာသည်ကို တွေ့ရပြီး၊ ထိုအရိပ်၂ခုသည် မောင်တာ့နားရောက်မှ ရပ်တန့်သွားကြသည်။
“လမ်းမှာရှိတဲ့ အတားအဆီးတွေကို ရှင်းပြီးသွားပါပြီ” တစ်ယောက်က ပြောလိုက်သည်။
“သွားလို့ရပြီ…သူတို့ရှေ့မှာ စောင့်နေကြတယ်” နောက်တစ်ယောက်က ထပ်ပြောသည်။
“ကောင်းပြီ” မောင်တာ့က လက်ဝှေ့ယမ်းပြလိုက်ပြီး “သွားကြမယ်”ဟု အော်ပြောလိုက်ပါသည်။
“ဝေါင်း…”
ရှေ့ဆုံးမှာ ဝက်ဝံကြီးသည် သူ့ကိုယ်လုံးကြီးကို ခါလိုက်ပြီး၊ ကျယ်လောင်သော အသံကြီးဖြင့် ဟိန်းဟောက်လိုက်ပါသည်။ ၎င်းသည် ဝက်ဝံအုပ်စု၏ခေါင်းဆောင် ဖြစ်ပါသည်။ ၎င်းသည် ရှောက်ရွှမ်နှင့် ကွမ်းယီကို သူစိမ်းများအဖြစ် သတိထားမိသလို၊ အန္တရာယ်ရှိသူများအဖြစ်လည်း အကဲခတ်မိပါသည်။ သူ့ကိုယ်သူ ထိန်းချုပ်နိုင်စွမ်းရှိ၍သာ၊ ဝက်ဝံကြီးသည် ရှောက်ရွှမ်တို့ကို မတိုက်ခိုက်ခြင်းဖြစ်သည်။ အခြားသော ဝက်ဝံများကို ထိန်းကျောင်းနိင်သော ထိုဝက်ဝံကြီးကို မောင်တာ့က ခေါင်းဆောင်ခန့်ထားသည်။
ရှောက်ရွှမ်နှင့် ကွမ်းယီတို့သည် လျင်မြန်စွာလိုက်သွားကြပါသည်။
ဝက်ဝံများသယ်ဆောင်လာသော ကုန်များအပင်၊ ၂ဘီးတပ် လှည်းတစ်စီးလည်း ပါပါသေးသည်။ ထိုလှည်းကို ဧရာမသားရဲကြီးတစ်
ကောင်၏ အရိုးများဖြင့် ပြုလုပ်ထားခြင်း ဖြစ်သည်။ ထိုအရိုးသည် အလွန်မာကြောပြီး၊ မျိုးနွယ်စုတစ်ခုစီမှ ရလာခြင်း ဖြစ်ပါသည်။လှည်းတစ်စီးလုံးကို သစ်သားဖြင့်ပြုလုပ်ထားခြင်းမဟုတ်ဘဲ၊ အချို့နေရာများတွင် သတ္တုနှင့် ပြုလုပ်ထားပါသည်။ သစ်သားအောက်တွက် သားရဲကြီး၏ မာကြောသောအခွံကို ခင်းထားသည်။ ထိုလှည်းသည် လွယ်လွယ်နှင့် မပျက်စီးနိုင်ပါ။
လူ၂၀၀ခန့်ရှိသော အုပ်စုသည် တောင်ပေါ်လမ်းအတိုင်း လျှောက်လာကြသည်။ ထိုလမ်းသည် တမင်ဖောက်လုပ်ထားသော လမ်းမဟုတ်ဘဲ၊ လူသွားရင်း ဖြစ်ပေါ်လာသော လမ်းဖြစ်သည်။
လူအသွားအလာများသောကြောင့်၊ သစ်ပင်အချို့ကို ခုတ်လှဲထားသည်ကို တွေ့ရသည်။ တောသည် သိပ်မနက်သောကြောင့်၊ အင်မတန်ကြီးမားသော သစ်ပင်များ မရှိပါ။
ခုတ်ပိုင်းခံထားရသောနေရာများမှ သစ်ကိုင်းအသစ်များ ပြန်ပေါက်လာပါသည်။ ဝက်ဝံကြီး
များသည် လေးဘက်သွားနေသော်လည်း ၎င်းတို့၏ အမြင့်မှာ ၅မီတာလောက် ရှိပါသေးသည်။ ကျောပေါ်မှ အထုပ်အပိုးများနှင့်ဆိုလျှင် ပိုတောင် မြင့်သွားဦးမည် ဖြစ်သည်။ ထိုအခါ သစ်ကိုင်းများသည် ၎င်းတို့အတွက် အတားအဆီးများ ဖြစ်လာလိမ့်မည်။
ရှေ့တွင် လမ်းရှင်းပေးသော အဖွဲ့ရှိကြောင်းကို ခရီးထွက်လာပြီး ၂ရက်၊၃ရက်လောက်ကြာမှ၊ ရှောက်ရွှမ်သိလိုက်ရသည်။ လမ်းရှင်းပေးသောအဖွဲ့သည် သစ်ကိုင်းများနှင့်ကျောက်တုံးများ၊ထို့နောက် လမ်းတွင် လုယက်မည့်သူများကို ရှင်းလင်းပေးပါသည်။
ရှောက်ရွှမ်သည် တစ်ခါတရံတွင် သွေးနံ့များရပါသည်။ တိရစ္ဆာန်သွေးနံ့မဟုတ်ဘဲ၊ လူသွေးနံ့ဖြစ်ပါသည်။ ရှောက်ရွှမ်သည် အမဲလိုက်အတွေ့အကြုံ ရင့်ကျက်သူ ဖြစ်သောကြောင့်၊ လူသွေးနံ့နှင့် တိရစ္ဆာန်သွေးနံ့ကို ကောင်းမွန်စွာ ခွဲခြားနိုင်ပါသည်။
ငယ်ရွယ်သော ဝက်ဝံများကတော့ သွေးနံ့ရသဖြင့်၊ ဂဏှာမငြိမ်ဖြစ်နေပါသည်။ တချိုု့ကောင်များက အော်ဟစ်နေပြီး၊ တန်းစီထားသော ဝက်ဝံတန်းမှာလည်း ပျက်စီးသွားပါသည်။ ခေါင်းဆောင်ဝက်ဝံကြီးက အူသံတစ်ချက်ပေးလိုက်မှ၊ အားလုံး ငြိမ်သက်သွားကြသည်။
နေ့တဝက်လောက်ခရီးနှင်ပြီးသောအခါ၊ သူတို့သည် လူ၁၀၀လောက်ရှိသော အဖွဲ့နှင့် ဆုံမိကြသည်။ ထိုသူများသည် ရှေ့တွင် လမ်းကြိရှင်းသည့်အဖွဲ့ဖြစ်ပြီး၊ မောင်တာ့၏ ညီမောင်ကျင်းလည်းပါဝင်ပါသည်။ ညီအကို၂ယောက်မှာ ရုပ်ချင်းဆင်တူပါသည်။ မောင်တာ့ရောက်လာသောအခါ၊ မောင်ကျင်းသည် ကျောက်တုံးတစ်တုံးပေါ်တွင် ထိုင်ပြီး၊ လက်နက်ပေါ်မှ သွေးများကို သုတ်နေပါသည်။
မောင်တာ့ကို အခြေအနေကို အကဲခတ်လိုက်ပြီး၊ မောင်ကျင်းတို့သည် အနှောင့်အယှက်တစ်စုံတရာနှင့် တွေ့ခဲ့ကြောင်း ရိပ်မိလိုက်သည်။ ခဏအနားယူပြီးလျှင်၊ လူ၄၀၀လောက်ရှိသော အဖွဲ့
ကြီးသည် တဖန်ပြန်လည် ခရီးဆက်ကြမည် ဖြစ်သည်။
လူအုပ်ကြီးမှာ ကြီးမားသလို ဝက်ဝံများလည်း ပါလာသေးသည်။ တော်ရုံလူများက သူတို့၏အဖွဲ့ကို ဓားပြတိုက်ရဲမည် မဟုတ်ပါ။ ဦးနှောက်မရှိဘဲ လောဘကြီးသူများသာ သူတို့ဆီက ဓားပြလာတိုက်ကြသောသူများသည်လည်း သေရွာသို့ ရောက်သွားပြီ ဖြစ်သည်။
ညဘက်အနားယူချိန်တွင်၊ မောင်ကျင်းသည် အသားခြောက်များကို ဝါးရင်း ရှောက်ရွှမ်ကို မေးလိုက်ပါသည် “မင်းဘုရင့်မြို့တော်ကို ဘာသွားလုပ်မလို့လဲ” ။
“လူတစ်ယောက်နဲ့ သွားတွေ့မလို့ပါ” ရှောက်ရွှမ်က ပြောလိုက်ပါသည်။
“ဘယ်သူနဲ့တွေ့ချင်တာလဲ…ငါတို့ကူရှာပေးရမလား…အကူအညီလိုရင်ပြောနော်…ငါတို့က အကျိုးမျှော်ကိုးပြီး ကူညီတာ မဟုတ်ပါဘူး…
ဘယ်လိုလဲ” မောင်ကျင်းသည် ပါးစပ်တွင်ပေနေသော အဆီများကို သုတ်လိုက်ပါသည်။ ထို့နောက် “ငါ့ကို သလင်းကျောက်လေးတစ်လုံးလောက် ပေးရင်ရပါပြီ…မင်းတို့က ဘုရင့်မြို့တော်ကို မရောက်ဖူးတော့ မြို့အကြောင်း ဘာမှသိမှာမဟုတ်ဘူး…ငါတို့ကျတော့ ခဏခဏလာနေတော့ ဒီမြို့ကို ကျွမ်းနေပြီ” ဟုပြောလိုက်ပါသည်။
မောင်ကျင်းသည် လူကြမ်းတစ်ယောက်ဖြစ်ပြီး၊ တစ်ဖွဲ့လုံးလည်း သူ့လိုလူများသာ ဖြစ်သည်။ သို့သော် သူတို့သည် ဉာဏ်ရှိသူများဖြစ်ကြပါသည်။ ရှောက်ရွှမ်ဆီမှ သလင်းကျောက်ကိုလိုချင်လျှင်တော့၊ အခုထက်ပိုကြိုးစားရမည် ဖြစ်သည်။
ကွမ်းယီကတော့ မောင်ကျင်းကို မမှတ်မိဘဲ၊ မောင်တာ့ဟုသာ ထင်နေသည်။ သို့သော် သူ၏အထင်လွဲမှုက စကားဝိုင်းကို သက်ရောက်မှု မရှိပါ။ ကွမ်းယီနှင့် ရှောက်ရွှမ်သည် မြို့တော်အကြောင်းကို ဘာမှမသိသဖြင့်၊ ဝက်ဝံနက်တို့အဖွဲ့ကိုသာ အကူအညီတောင်းရမည် ဖြစ်သည်။
သို့သော် ဆုံးဖြတ်ချက်ချရမည့်သူက ရှောက်ရွှမ်ဖြစ်သဖြင့်၊ ကွမ်းယီက ဘာမှမပြောပါ။
ရှောက်ရွှမ်က ခဏလောက်စဉ်းစားလိုက်ပြီး “ခင်ဗျားက ဘုရင့်မြို့တော်အကြောင်း သိထားတဲ့လူဆိုတော့ လူတစ်ယောက်အကြောင်း မေးချင်တယ်”
ရှောက်ရွှမ်စိတ်ဝင်စားသွားကြောင်း သိသောအခါ မောင်ကျင်းသည် လျင်မြန်စွာဖြင့် “မေးလေ”
ထိုစကားကို ကြားလိုက်သောအခါ မောင်တာ့လည်း ထိုင်ချလိုက်ပါသည်။
“ကျိကျွီဆိုတဲ့ လူတစ်ယောက်ကို ခင်ဗျားတို့ သိလား” ရှောက်ရွှမ်က မေးလိုက်ပါသည်။
“ကျိ”ဆိုသော နာမည်ကိုကြားသောအခါ၊ ၂ယောက်လုံး၏ မျက်နှာမှာ လေးနက်သွားပြီး “တော်ဝင်မိသားစု “ကျိ”ကို ပြောတာလား” ဟုမေး
လိုက်သည်။
“ဟုတ်တယ်”
ညီအကို၂ယောက်သည် တစ်ယောက်ကို တစ်ယောက်ကြည့်လိုက်မိသည်။ တော်ဝင်မိသားစုအကြောင်းကို ပြောရမည်မှာ အန္တရာယ်များလှသည်။ သို့သော် သူတို့အတွက် အခွင့်အရေးကောင်းလည်း ဖြစ်နိုင်ပါသည်။
မောင်တာ့သည် လက်ဝါး၂ဖက်ကို ပွတ်ရင်း စဉ်းစားလိုက်ပြီး “ရွှေကောက်ပဲသီးနှံ ကျီကျွီအကြောင်းကို ပြောတာဆိုရင်တော့ ဟုတ်တယ်…သူ့အကြောင်းကို ကြားဖူးတယ်…လူချင်းတော့ မတွေ့ဖူးဘူး” ဟုပြောလိုက်ပါသည်။
“ရွှေကောက်ပဲသီးနှံ ကျိကျွီ ဟုတ်လား” အဖိုးအို၏ နာမည်ပြောင်ကို ကြားလိုက်ရသောအခါ ရှောက်ရွှမ် အံ့ဩသွားပါသည်။
မောင်တာ့သည် ခေါင်းညိတ်လိုက်ပြီး “ကျိကျွီ
စိုက်တဲ့ လယ်ကွင်းတွေကနေ လူတွေအရမ်းကြိုက်တဲ့ ရွှေရောင်ကောက်ပဲသီးနှံတွေ ထွက်တယ်…သူစိုက်တဲ့ ကောက်ပဲသီးနှံတွေက တခြားလူတွေ စိုက်တဲ့ ကောက်ပဲသီးနှံတွေထက် သာတယ်…အဲဒီထဲကစပြီး သူ့ကို ရွှေကောက်ပဲသီးနှံ ကျီကျွီလို့ခေါ်ကြတာပဲ…ဘုရင့်မြို့တော်မှာ ဆိုရင်တော့ တော်တော်အစွမ်းထက်တဲ့ လူတစ်ယောက်ပေါ့…ဒါပေမဲ့ ခုတလော သူ့အကြောင်း ဘာသတင်းမှ မကြားမိဘူး”
မောင်ကျင်းက ဆက်လက်ပြီး “ခင်ဗျားတို့ ပြောမှ ကျိကျွီအကြောင်းကို စဉ်းစားမိတယ်…အရင်နှစ်တွေကဆို သူ့အကြောင်းကို အမြဲကြားနေကျပဲ…အခုတော့ သူ့အကြောင်း ဘာမှမကြားတာကြာပြီ” ဟုပြောလိုက်ပါသည်။
“ငါကြားထားတာတော့ ကျိကျွီက တန်ဖိုးကြီးတဲ့ ပစ္စည်းတစ်ခုခုရှာတွေ့သွားတာတဲ့” မောင်တာ့က သူ့မေးစေ့ကို ပွတ်ရင်း ပြောလိုက်ပါသည်။
ပြောပြီးသွားသောအခါ၊ မောင်တာ့သည် ရှော
က်ရွှမ်ကို ကြည့်လိုက်ပြီး “ဒီလိုလုပ်ပါလား…ဘုရင့်မြို့တော်ရောက်ရင် ကျိကျွီအကြောင်း ထပ်စုံစမ်းပေးမယ်”
“ကျေးဇူးတင်ပါတယ်” ရှောက်ရွှမ်ကပြောလိုက်ပါသည်။
သူတို့သည် ကိုးရက်တိုင်တိုင်လမ်းလျှောက်လာကြသည်။
“မကြာခင်ရောက်တော့မယ်…ဟိုနေရာက ဘုရင့်မြို့တော်ပိုင်နက်စတာပဲ” မောင်တာ့က အရှေ့ကို လက်ညှိုးထိုးပြလိုက်သည်။
မြို့တံတိုင်းနှင့် အဆောက်အဦးများကို မတွေ့ရသေးသော်လည်း ရောင်စုံစိုက်ခင်းများနှင့် တဲအိမ်လေးများကိုတော့ တွေ့ရပါသည်။
“ဒီစိုက်ခင်းတွေကို အာဏာပိုင်တွေပိုင်တယ်…ကျွန်တွေက တဲအိမ်လေးတွေထဲမှာ နေကြတယ်” မောင်တာက ရှင်းပြရင်း သူ့အဖွဲ့ကို မိန်းလမ်းမ
အတိုင်းသွားရန် ညွှန်ကြားနေသည်။ မိန်းလမ်းမပေါ်မှ မသွားလျှင် သူတို့ကို ရန်သူများဟု သတ်မှတ်ပြီး၊ သတ်ပစ်မည် ဖြစ်ပါသည်။ ထိုသို့ဖြစ်ရခြင်းမှာ ထိုနေရာများသည် ကျွန်ပိုင်ရှင်များ ပိုင်ဆိုင်သော မြေနေရာများ ဖြစ်သောကြောင့် ဖြစ်ပါသည်။
၂၀မီတာလောက်ကျယ်သော မြေသားလမ်းပေါ်တွင် မြက်ပင်များ မပေါက်ရောက်ပါ။ လူသွားလူလာများသောကြောင့် မြေသားမှာ ကျစ်နေပါသည်။ လှည်းဘီးရာများသာ ခပ်တိမ်တိမ် ထင်ကျန်ခဲ့ပါသည်။
အဖွဲ့ကြီး၊အဖွဲ့ငယ် အသီးသီးတို့သည် လမ်းမပေါ်တွင် သွားလာနေကြသည်။ လမ်း၏ တစ်ဖက်တစ်ချက်တွင်တော့ အစောင့်များစောင့်ကြပ်နေပါသည်။ လက်နက်များကို ကိုင်စွဲပြီး တည်ကြည်သော မျက်နှာထားများဖြင့် လူများကိုကြည့်နေကြပါသည်။ တစ်ယောက်ယောက်က အမှားကျူးလွန်လျှင် လှံနှင့် ထိုးသတ်လိုက်ဖို့ ဝန်လေးမည် မဟုတ်ပါ။
တချို့လူများသည် လမ်းလျှောက်ရင်းနှင့် စိတ်လှုပ်ရှားလာကြသည်။
ဝက်ဝံနက်အဖွဲ့ရောက်လာသောအခါ၊ ရှေ့တွင် ရှိသော လူများက လမ်းဖယ်ပေးကြပါသည်။ အစောင့်များက ဝက်ဝံများကို မြင်သည်နှင့် ဝက်ဝံနက်၏ လူများဖြစ်ကြောင်းကို သိလိုက်ပါသည်။ အစောင့်တစ်ယောက်ဆိုလျှင် မောင်တာ့နှင့်ပင် ပျော်ရွှင်စွာ စကြားပြောနေပါသည်။ မောင်တာ့က သားရေချပ်၂ခုကို ပေးလိုက်သဖြင့်၊ အစောင့်သည် အလွန်ပျော်ရွှင်သွားသည်။ ဝက်ဝံနက်အဖွဲ့၏ ပစ္စည်းဆိုလျှင် အရည်အသွေး ကောင်းပြီးသာမဟုတ်ပါလား။
အစောင့်များက မောင်တာ့တို့အတွက် လမ်းရှင်းပေးလိုက်ပါသည်။ ထိုသို့ပြုလုပ်ခြင်းမှာ ထုံးစံတစ်ခုသာဖြစ်သည်။ တချို့က မနှစ်သက်သော်လည်း နှုတ်ကတော့ ထုတ်ဖော်မပြောပါ။ ဘုရင့်မြို့တော်သို့ အခုမှရောက်ဖူးလာသော ကွမ်းယီပင်၊ စိတ်ချလက်ချ ဖြစ်သွားပါသည်။
သူတို့အဖွဲ့သည် ရှေ့သို့ ခရီးဆက်ပါသည်။ မကြာခင်တွင် ဘုရင့်မြို့တော်သို့ ရောက်တော့မည်ဟု ထင်ထားသော်လည်း၊ မြို့တော်တံတိုင်းများကို မြင်ရရန် နေ့တဝက်လောက် ခရီးဆက်လိုက်ရပါသည်။
အန်းပါ့မြို့တော်ဆိုလျှင် ဝက်ဝံများကို ဝင်ခွင့်ပေးမည် မဟုတ်သော်လည်း၊ ဘုရင့်မြို့တော်ကတော့ ဝင်ခွင့်ပေးပါသည်။ ဘုရင့်မြို့တော်မှ လူများသည် ဝက်ဝံများကို မကြောက်ရွံ့ကြပါ။
မြို့တော်တံတိုင်းကို အလျား၅မီတာ၊အနံ၃မီတာ၊အထူ၁မီတာလောက်ရှိသော ကျောက်တုံးကြီးများဖြင့် တည်ဆောက်ထားသည်။ ထိုကျောက်တုံးများသည် အလယ်အလတ်တန်းစားကျောက်တုံးများ ဖြစ်ကြောင်း ရှောက်ရွှမ်သိလိုက်ပါသည်။ မြို့တော်အဝင်တံခါးတွင်တော့ အကောင်းစားကျောက်တုံးများကို အသုံးပြုထားပါသည်။
ထိုသို့ ကျောက်တုံးများဖြင့် တံတိုင်းကြီးတည်ဆောက်ခြင်းမှာ ကြွားဝါဇိမ်ခံခြင်း တစ်မျိုးဖြစ်ပါသည်။
မောင်တာ့တို့ဝက်ဝံနက်အဖွဲ့ ဘုရင့်မြို့တော်သို့ ရောက်သောအခါ၊ ကောင်းကင်သည် မဲမှောင်လာပါသည်။ တချို့လူများသည် ကုန်စည်များကို အောက်သို့ချလိုက်ပြီး၊ ဝက်ဝံ၇ကောင်ကို ခြံများထဲသို့ ထည့်လိုက်ပါသည်။ မောင်တာ့က ရှောက်ရွှမ်နှင့် ကွမ်းယီတို့ကို ဝက်ဝံနက်ဆီခေါ်သွားပါသည်။ ကျိကျွီနှင့် တွေ့ချင်သည်ဆိုပါက ဝက်ဝံနက်ကို လိုက်ပို့ခြင်းက အကောင်းဆုံးဖြစ်ပါသည်။
ကမ္ဘာဦးစစ်ပွဲတို့ရာဇဝင်
အခန်း(၄၃၁) မြင်းရထားပေါ်က အမျိုးသမီး
မတွေ့ဆုံသည်မှာ တစ်နှစ်ကျော်သွားပြီဖြစ်သော်လည်း၊ ဝက်ဝံနက်က ရှောက်ရွှမ်ကို မှတ်မိနေသေးသည်။
“မတွေ့ရတာကြာပြီ ညီလေးရှောက်ရွှမ်” ဝက်ဝံနက်သည် ခြေလှမ်းကျဲကြီးများဖြင့် လှမ်းလာပြီး၊ ရှောက်ရွှမ်၏ ပုခုံးကို သူ၏ကျယ်ပြန့်သော လက်ဝါးကြီးများနှင့် ပုတ်လိုက်ပါသည်။ ထိုသို့ပြုလုပ်ခြင်းမှာ ၎င်းတို့မျိုးနွယ်စု၏ နွေးထွေးစွာ၊ နှုတ်ဆက်သော ဓလေ့ဖြစ်ပါသည်။
သာမန်လူတစ်ယောက်ဆိုလျှင်တော့ ပုခုံးရိုးကျိုးသွားနိုင်ပါသည်။ ရှောက်ရွှမ်ကတော့ အမူအရာမပျက်ဘဲ ဝက်ဝံနက် နှုတ်ဆက်သလို ပြန်နှုတ်ဆက်လိုက်သည်။
ရှောက်ရွှမ်၏လက်ဝါး ဝက်ဝံနက်၏ပုခုံးပေါ်ကျ
သွားသောအခါ၊ ဝက်ဝံနက်၏ မျက်နှာသည် တင်းမာသွားသော်လည်း၊ ခဏချင်းအတွင်းပုံမှန် ပြန်ဖြစ်သွားသည်။ သို့သော် ရှောက်ရွှမ်နှင့် ကွမ်းယီတို့ကို သူတိုနေရမည့်အိမ်သို့ ခေါ်သွားသောအခါ၊ သူ၏နွေးထွေးမှုများပျောက်ဆုံးသွားပါသည်။ သူတို့၏မျိုးနွယ်စုထံ လာသောဧည့်သည်များ အတွက် ဧည့်ခန်းဆောင်များ ဆောက်လုပ်ထားပါသည်။
ဘုရင့်မြို့တော်သို့ ရှောက်ရွှမ်လာရသည့်အကြောင်းရင်းကို မောင်တာ့က ဝက်ဝံနက်အား ပြောပြပါသည်။
“မင်းက ရွှေကောက်ပဲသီးနှံ ကျိကျွီကို ရှာနေတာလား” ဝက်ဝံနက်သည် ခဏစဉ်းစားလိုက်ပြီး၊ “ကျိကျွီကို ဘုရင့်မြို့တော်မှာ မတွေ့တာကြာပြီ…ဒါပေမဲ့ ကျုပ်ရထားတဲ့ သတင်းအရဆိုရင်တော့ ကျိကျွီက အပင်တမျိုးကို စိုက်နေတယ်တဲ့…မြို့ပြင်မှာနေတယ်လို့ပြောတယ်…သူ့ဆီကို ဘယ်သူမှ သွားခွင့်မရှိဘူး…မင်းလည်း ကျိကျွီနဲ့တွေ့လို့ လွယ်
မှာမဟုတ်ဘူး…ရှောက်ရွှမ်” ဟုပြောလိုက်ပါသည်။
“ကြိုးစားကြည့်ရမှာပေါ့” ရှောက်ရွှမ်က ပြောလိုက်သည်။ ရှောက်ရွှမ်သည် လောင်ကျွီအကြောင်းကို မောင်တာ့နှင့် သူ့ညီတို့ဆီမှ အတော်အသင့်သိထားပြီး ဖြစ်သည်။ အရင်တုန်းကတော့ ရှောက်ရွှမ်သည် လောင်ကျွီမှာ ဘုရင့်မြို့တော်ကထူးခြားသော လူတစ်ယောက်ဟုသာ ထင်ခဲ့သည်။ အခုတော့ သူသည် အဖိုးအိုကို အထင်သေးမိခဲ့သလို ဖြစ်နေသည်။
သို့သော် သူ့တွင် ရွှေကောက်ပဲသီးနှံများပါလာပြီး၊ လောင်ကျွီနှင့် စကားပြောရမှ ဖြစ်မည်။
ရှောက်ရွှမ်က ဆုံးဖြတ်ထားသည်ကိုတွေ့သောအခါ၊ ဝက်ဝံနက်က နောက်ထပ် ဘာအကြံမှ မပေးတော့ပါ။ ရှောက်ရွှမ်သည် လောင်ကျွီနှင့် ထူးခြားသော ဆက်ဆံရေးရှိလိမ့်မည်ဟု ဝက်ဝံနက်က သိထားပါသည်။ ရှောက်ရွှမ်ကို အမှီပြုပြီး သူတို့အမြတ်ထုတ်၍ရနိုင်ပါသည်။ ကျိကျွီမှာ တွေ့ဆုံရန် မလွယ်ကူသော လူတစ်ယောက်
ဖြစ်သည်။ အဆက်အသွယ်ကောင်းများမရှိပါက တွေ့ဆုံခွင့်ရမည် မဟုတ်ပါ။
ဝက်ဝံနက်သည် စဉ်းစားလိုက်ပြီး “ ဒီလိုလုပ်ပါလား…မနက်ဖြန်ကျရင် မင်းကို လောင်ကျွီနေတဲ့ တဲ့ကို လိုက်ပို့ပေးမယ်…တွေ့ခွင့်ရတာ၊မရတာကတော့ ကံတရားပေါ့” ဟုပြောလိုက်ပါသည်။
“ကျေးဇူးတင်ပါတယ်”
“ရပါတယ်ကွာ…ကျိကျွီနဲ့ တွေ့ခွင့်ရမယ်ဆိုရင် ငါကတောင် ပြန်ကျေးဇူးတင်ရမှာ” ဝက်ဝံနက်သည် သူ့လူများအား အစားအသောက်များပြင်ဆင်ခိုင်းလိုက်ပါသည်။ ထို့နောက် ကျိကျွီအကြောင်းကို စုံစမ်းရန် လူတချို့ကို စေလွှတ်လိုက်ပါသည်။
နောက်တနေ့တွင် ဝက်ဝံနက်သည် ရှောက်ရွှမ်နှင့်ကွမ်းယီတို့ကို မြို့ပြင်သို့ခေါ်ထုတ်လာပါသည်။
အမြင့်၇မီတာခန့်ရှိမည်ဖြစ်သော အမွှေးရှည်ဆင်ကြီးတစ်ကောင်သည် မြို့ထဲတွင်
လမ်းလျှောက်နေပါသည်။ခြေထောက်ကြီးများက ကျောက်တိုင်ကြီးများလို တုတ်ခိုင်သန်မာလှပါသည်။ အခြားကုန်သည်အဖွဲ့တစ်ဖွဲ့က ပစ္စည်းများသယ်ဆောင်ရန် ထိုဆင်ကြီးကို ခေါ်လာခြင်းဖြစ်သည်။ ဆင်ကြီး၏ ခွာသံထွက်ပေါ်လာပြီးနောက်၊ ဖုံများလွင့်စင်ထွက်ကုန်သည်။
ထိုကဲ့သို့ သတ္တဝါကြီးများမှာ ရှားပါးသော သတ္တဝါမျိုးမဟုတ်ပါ။ မြို့ထဲမှလူများအတွက် အထူးအဆန်းမဟုတ်သဖြင့် ရပ်ပင်မကြည့်ကြပါ။
တိရစ္ဆာန်ကြီးများကို မြို့ထဲသို့ ဝင်ခွင့်ပေးသော်လည်း၊ လွတ်လပ်စွာ သွားလာခွင့်တော့ပေးမထားပါ။ မြို့တော်ထဲသို့ဝင်ရောက်လာလျှင် တိရစ္ဆာန်များကို စခန်းချရမည့်နေရာသို့ ခေါ်ဆောင်သွားရမည် ဖြစ်သည်။
မျိုးနွယ်စုအသီးသီးမှ ကုန်သည်အဖွဲ့ပေါင်းစုံလာကြပါသည်။ သာမန်သွားလာနေကျသော အဖွဲ့များအပြင်၊ ရထားလုံးများပေါ်တွင် သားသားနား
နား ဝတ်ဆင်ပြီး သွားလာနေကြသူများဖြစ်သည်။ ထိုရထားလုံးများသည် အရာရှိ၊အရာခံများသာ တတ်နိုင်သော ဇိမ်ခံပစ္စည်းများဖြစ်သည်။ သာမန်လူများ မစီးနိုင်ကြပါ။ ပစ္စည်းသယ်သော လှည်းများကိုပင် လူများစီးခွင့်မရှိပါ။ ဘုရင့်မြို့တော်တွင် စည်းကမ်းရှိပါသည်။
ရှောက်ရွှမ်သည် ဘုရင့်မြို့တော်ကို အခုမှ ရောက်ဖူးသူ ဖြစ်သဖြင့်၊ မောင်တာ့သည် စကားသိပ်မပြောပါ။ ဝက်ဝံနက်က မြို့တော်အကြောင်းကို အကျဉ်းချုပ် ရှင်းပြသည်။
ရှောက်ရွှမ်သည် ဝက်ဝံနက်၏လေသံကို နားထောင်နေပါသည်။ သူ့လေသံမှာ ယဥ်ကျေးသောလေသံဖြစ်သော်လည်း၊ အဏာပိုင်များကို ကြောက်ရွံ့ခြင်းမရှိပါ။ သူ့ကိုယ်သူ အာဏာပိုင်များအောက် နိမ့်ကျသည်ဟုလည်း မထင်ပါ။ ဂုဏ်ကြီးရှင် အာဏာပိုင်များအကြောင်းကို ပြောရမည်ဆိုလျှင်၊ သူ့လေသံသည် တက်ကြွနေပါသည်။
ဘုရင့်မြို့တော်ကြီးသည် ကြက်ပျံမက
စည်ကားလှပါသည်။
မြို့တော်တွင် သုံးသောငွေကြေးမှာ သစ်ရွက်ငယ်များပုံစံရှိသည့် ကြေးပြားများဖြစ်သည်။ အရွယ်အစားမှာ လက်မဝက်လောက်ရှိပါသည်။ ကြေးပြားပုံစံသည် ရွှေကောက်ပဲသီးနှံပင်၏ အရွက်ပုံစံနှင့် တူသောကြောင့်၊ ရွှေရွက်လွာဟုလည်း ခေါ်ကြသည်။
သူတို့သည် လမ်းများပေါ်တွင် အော်ဟစ်ရောင်းချခြင်း မပြုကြပါ။ ဝက်ဝံနက်သည် သူတို့အား မြို့ထဲမှနေ၍ မြို့တော်၏ ဘယ်ဘက်အစွန်နားတွင်ရှိသော လမ်းမကျယ်ကြီးတစ်ခုသို့ ခေါ်ဆောင်လာပါသည်။
“ကျိကျွီရဲ့တဲက အဲဒီမှာ ရှိတယ်…အရင်အကြီးအကဲနဲ့တုန်းကတော့ ငါအထဲကို လိုက်သွားဖူးတယ်…ဒါပေမဲ့ ကျိကျွီနဲ့မတွေ့ခဲ့ရဘူး” ဝက်ဝံနက်သည် လမ်းလျှောက်ရင်းနှင့် သူ့အတွေ့အကြုံများကို ရှောက်ရွှမ်အားပြောပြနေပါသည်။
“ရွှေကောက်ပဲသီးနှံအကြောင်းကို မျိုးနွယ်စုအတော်များများက သိထားကြတယ်…မြို့တော်နဲ့အလှမ်းဝေးတဲ့နေရာက မျိုးနွယ်စုတွေတောင် ကျိကျွီအကြောင်းကို သိကြတယ်…နှစ်တိုင်းလိုလို ကျိကျွီဆီကို လူတွေအများကြီးလာတွေ့ကြတယ်…မြို့တော်ထဲမှာ ကျိကျွီရဲ့နာမည်ကျော် ရွှေကောက်ပဲသီးနှံကို မတွေ့တော့ အဲဒီလူတွေ မြို့ပြင်က တဲကို လိုက်သွားကြမှာပဲ...တဲအပြင်နားရောက်သွားရင်တော့ ရှေ့ဆက်သွားခွင့်ရမှာ မဟုတ်ဘူး…တဲထဲကို ဘယ်သူမှ ဝင်ရမှာ မဟုတ်ဘူး”
ဝက်ဝံနက်သည် ထိုအကြောင်းအရာများကို ရှောက်ရွှမ်အားပြောပြနေခြင်း ဖြစ်သည်။ ကျိကျွီနှင့်တွေ့ခွင့်မရပါက အလွန်အမင်းစိတ်မကောင်း မဖြစ်ရန် ထိုအကြောင်းများကို ပြောပြနေခြင်းဖြစ်သည်။
ရွှေကောက်ပဲသီးနှံ ကျိကျွီသည် အလွန်နာမည်ကြီးသည်ဟု ဝက်ဝံနက်က ဆိုပါသည်။ သူ့ခြံထဲတွင် ပေါက်နေသော မြက်တစ်ပင်ကိုပင် တန်ဖိုးကြီးစွာ ရောင်းချနိင်ပါသည်။
ဘုရင့်မြို့တော်နှင့်ဝေးသောနေရာတွင် ပစ္စည်းအတုများကို ကျိကျွီ၏ထုတ်ကုန်များဟု လိမ်လည်ရောင်းချကြပါသည်။ လိမ်လည်သူများသည် သူတို့၏သီးနှံများမှာ ကျိကျွီ၏စိုက်ခင်းတွင် စိုက်ပျိုးသော သီးနှံများဟုပြောကြပါသည်။ သို့သော် ဘုရင့်မြို့တော်သို့ သွားသူများပင် ကျိကျွီ၏သီးနှံများကို မရကြပါ။ တံခါးဝတွင် တနေကုန် တောင်းဆိုသော်လည်း၊ ဘာမှမရကြပါ။
မည်သည့်မြေက ပိုင်ရှင်မည်သူဖြစ်ကြောင်း၊ ကျွန်အရေအတွက် မည်မျှရှိကြောင်းတို့ကို ဝက်ဝံနက်က ရှောက်ရွှမ်အားပြောပြထားသည်။ ကျယ်ပြန့်သောမြေနေရာနှင့်၊ ပိုများသော ကျွန်အရေအတွက်ကို ပိုင်ဆိုင်ထားလျှင်၊ ထိုကျွန်ပိုင်ရှင်မှာ အာဏာပိုရှိလာပါသည်။ ခြံအနေအထားကို ကြည့်ပြီး၊ ပိုင်ရှင်၏ အခြေအနေကို အကဲခတ်နိုင်ပါသည်။
ခြံပတ်ပတ်လည်တွင် မြင့်မားသော ခြံစည်းရိုးကြီးကာရံထားပါသည်။ သစ်သားခြံစည်းရိုးများ
ကြားမှ ခြံထဲတွင်ရှိသော တဲလေးများကို တွေ့ရပါသည်။ ခြံထဲတွင်ရှိသော စိုက်ခင်းများတွင် ကျွန်များက ဝိုင်းကူနေကြပါသည်။
“အဲဒါတွေကို တစ်သက်လုံးပေါ်ကြော့နေလာတဲ့ မင်းမျိုးမင်းနွယ်တွေ ပိုင်တာပေါ့…အဲဒီမြေတွေကို မျိုးရိုးစဉ်ဆက် လက်ဆင့်ကမ်းလာကြတာလေ…တချို့လူတွေက ပိုင်ဆိုင်တဲ့မြေကို ချဲ့ထွင်နိုင်ပေမယ့် တချို့လူတွေကတော့ ရာဇဝတ်မှုကျူးလွန်မိလို့ မြေတွေအသိမ်းခံလိုက်ရတယ်...အဲဒီနေရာကို ပိုင်တဲ့ကျွန်ပိုင်ရှင်လည်း ရာဇဝတ်မှုကျုးလွန်မိလို့ မြေအသိမ်းခံလိုက်ရတယ်…အခုဆိုရင် ပိုင်ရှင်အသစ်ဖြစ်နေပြီ”
ပြောရင်းနှင့်၊ သုံးယောက်သား လှည်းဘီးသံများကို ကြားလိုက်ရသည်။
“ဖယ်ကြ…ဖယ်ကြ…ဖယ်ကြ” တစ်ယောက်ကအော်နေသည်။
မြင်း၂ကောင်ဆွဲလာသော ရထားလုံးဖြစ်
ပါသည်။ မြင်းကြီးများသည် အမြင့်၃မီတာခန့် ရှိပြီး ဦးခေါင်းတွင် ရှည်လျားသော ချိုတစ်ချောင်းစီပေါက်နေပါသည်။ မြင်းများစီမှ ခွာပေါက်သံ တဖြောင်းဖြောင်းထွက်ပေါ်နေပါသည်။ ရထားလုံးကို အဝတ်စတစ်ခုဖြင့်အုပ်ထားပြီး အဝတ်စပေါ်တွင် အမှတ်အသားတစ်ခုကို ရေးဆွဲထားပါသည်။ ထိုအမှတ်အသားမှာ တော်ဝင်ကျိမိသားစု၏ အမှတ်အသားအလံဖြစ်မှန်း ရှောက်ရွှမ်သိလိုက်ပါသည်။
ဘုရင့်မြို့တော်မှ လူများသည် ထိုအလံကိုမြင်သောအခါ အလိုလို လမ်းဖယ်ပေးလိုက်ကြသည်။ သို့သော် တချို့လူများကတော့ လမ်းမဖယ်ပေးကြပါ။
ဝက်ဝံနက်သည် ပြဿနာမတက်ချင်ပါ။ သို့သော် “ထွက်သွား”ဟုမောင်းထုတ်ခံရသောအခါ အနည်းငယ် စိတ်ပျက်သွားသည်။
လမ်းခရီးသည် မညီညာသော်လည်း၊ မြင်းများက လျင်မြန်စွာ ပြေးလွှားနေပါသည်။
ရထားလုံးနားတွင် အစောင့်၈ယောက်က စောင့်ရှောက်နေပါသည်။ ၎င်းတို့သည် ဝက်ဝံနက်ကို ဝက်ဝံနက်မှန်းသိလိုက်ပါသည်။ ဝက်ဝံနက်ကို မြင်လိုက်သောအခါ၊ ၎င်းတို့သည် “သေစမ်းကွာ”ဟု ရေရွတ်လိုက်မိကြသည်။
ရထားလုံးက သူတို့နားသို့ချဉ်းကပ်လာသော်လည်း၊ ရှောက်ရွှမ်တို့၃ယောက်သည် မလှုပ်ရှားကြပါ။ ရထားလုံးကို မောင်းသောသူသည် မြင်းများကို ကြာပွတ်နှင့်ရိုက်လိုက်ရင်း၊ ရှောက်ရွှမ်တို့ကို ဝင်တိုက်ခိုင်းလိုက်သည်။
မြင်းများသည် အရှိန်ကိုမြှင့်လိုက်ပြီး ခေါင်းများကိုငုံ့ကာပြေးဝင်လာကြသည်။
ထိုအဖြစ်အပျက်ကို မြင်သောအခါ ဝက်ဝံနက်သည် ဒေါသထွက်သွားပါသည်။ ဝက်ဝံနက်သည် ရှေ့တိုးသွားပြီး ၁မီတာလောက်ရှည်သော ဓားတစ်ချောင်းကို ဆွဲထုတ်လိုက်ပါသည်။
ဓားကို ထုတ်လိုက်သောအခါ ၊ သွေးဆာနေသော အငွေ့အသက်များ ဖုံးလွှမ်းသွားပါသည်။
ဝက်ဝံနက်သည် ဓားကြီးကို ကိုင်ထားပြီး လေထဲတွင် ဝှေ့ယမ်းလိုက်ပါသည်။ ဓားသွားကလေထုကို ထိုးခွဲသွားပါသည်။
“ချွမ်…”
မြေပြင်တွင် မီတာဝက်လောက်ရှိသော အက်ကွဲကြောင်းတစ်ခု ဖြစ်ပေါ်သွားပါသည်။ ထို့နောက် သဲများ၊ဖုန်များ၊ မြေစိုင်ခဲများ လွင့်စင်ထွက်လာပါသည်။
မြေစိုင်ခဲများသာ ဖြစ်သော်လည်း၊ အရှိန်မြန်လွန်းသဖြင့် ထိမိလျှင် သက်သာမည် မဟုတ်ပါ။
မြင်း၂ကောင်သည် ကျယ်လောင်စွာ ဟီလိုက်ပြီး ပဒတ်ရပ်လိုက်ပါသည်။ သူတို့သည် ဝက်ဝံနက်ဆမှ ထွက်နေသော အငွေ့အသက်ကို ခံစားလိုက်ရသဖြင့် ရုတ်တရက်ရပ်တန့်လိုက်သည်။
ဆတ်ခနဲ ရပ်တန့်လိုက်ခြင်း ဖြစ်သဖြင့်၊ အထဲကလူသည် ရထားလုံးအပြင်သို့ ထွက်ကျလာတော့မလို ဖြစ်သွားပါသည်။
ရထားလုံးပြတင်းပေါက်မှ လိုက်ကာစ လှုပ်သွားပြီး၊ အမျိုးသမီးအသံတစ်ခုထွက် ပေါ်လာသည် “ဘာတွေဖြစ်နေတာလဲ”။
အသံမှာ စူးရှပါသည်။ ထို့နောက် ရထားလုံးထဲမှ အဖြူရောင်ဝတ်စုံဝတ်ဆင်ထားသော အမျိုးသမီးတစ်ယောက် ထွက်လာပါသည်။
အမျိုးသမီးသည် ရှောက်ရွှမ်တို့သုံးယောက်ကို ကြည့်လိုက်ပြီး “တော်တော်သတ္တိကောင်းတဲ့လူတွေပါလား”ဟု ကြိမ်းမောင်းလိုက်သည်။
ဓားပေါ်မှ ဖုန်များကို သုတ်နေသော ဝက်ဝံနက်သည် သူမစကားကို ကြားသောအခါ အော်ရယ်မိမလို ဖြစ်သွားပါသည်။ ဝက်ဝံနက်သည် လူများကို အကြောင်းမဲ့တိုက်ခိုက်လေ့ မရှိပါ။ သူ့ကို လာ
စော်ကားမှသာ တိုက်ခိုက်လေ့ရှိသည်။ သူသည် ဝက်ဝံနက်အဖွဲ့၏ ခေါင်းဆောင်ဖြစ်ပြီး၊ မျိုးနွယ်စုတစ်ခု၏ အကြီးအကဲ ဖြစ်ပါသည်။ တစ်ယောက်ယောက်က မောင်းထုတ်တိုင်း ငုံ့ခံနေမည်ဆိုလျှင် သူ့ကို မည်သူက လေးစားတော့မည်နည်း။ ဝက်ဝံနက်ကတော့ သူ့ကို မလေးစားလျှင်၊ သူကလည်း လေးစားမည် မဟုတ်ပါ။
“မြို့ကြီး၆မြို့က တော်ဝင်မိသားစုတွေလား…ငါဂရုမစိုက်ဘူး…မှားတယ်ဆိုရင်ရော ဘာဖြစ်လဲ…သတ္တိကောင်းတာကတော့ အရင်ကတည်းကပဲ”
ဝက်ဝံနက်သည် လမ်းဖယ်ပေးရန် စိတ်ကူးမရှိပါ။
အစောင့်များသည် ဝတ်စုံဖြူအမျိုးသမီးကို တစ်စုံတရာ ပြောချင်သော်လည်း မပြောရဲကြပါ။ အမျိုးသမီးသည် ဒေါသထွက်နေသဖြင့်၊ ပြောလျှင်လည်း နားထောင်မည် မဟုတ်ပါ။
(ဆက်ရန်…)
ကမ္ဘာဦးစစ်ပွဲတို့ရာဇဝင်
အခန်း(၄၃၂) လောင်ကျွီနှင့်တွေ့ဆုံခြင်း
အဖြူရောင်ဝတ်စုံနှင့် အမျိုးသမီးသည် တစ်စုံတစ်ခုပြောရန် ပြင်လိုက်သော်လည်း အသံတစ်သံ ထွက်ပေါ်လာသည်။
“နေဦး…”
သူတို့နောက်တွင် ရထားလုံးနောက်တစ်စီးရောက်လာသည်။ ထိုရထားလုံးကို မြင်းများက ဆွဲလာခြင်းမဟုတ်ဘဲ နွားသိုးကြီးတစ်ကောင်က ဆွဲလာခြင်းဖြစ်သည်။ အကောင်းစားပစ္စည်းများကို သုံးထားသလို လက်ရာကလည်း ထိပ်တန်းအဆင့်မှာရှိပါသည်။
ရှေ့တွင် မြင်းနှင့်ဆွဲသော ရထားလုံးခံနေသဖြင့်၊ နွားသိုးကြီးဆွဲလာသော ရထားလုံးမှာ အရှိန်လျှော့သွားသည်။ အဝါရောင်နွားသိုးကြီးသည် ပြင်းထန်စွာ နှာမှုတ်လိုက်ပြီး၊
၎င်း၏ဦးခေါင်းကြီးကို မြင်းရထားဆီသို့ ဦးတည်ထားလိုက်သည်။
မြင်းနှင့်နွားသိုးမှာ ရန်သူဟောင်းများဖြစ်မည်ထင်သည်။ တစ်ကောင်နှင့် တစ်ကောင် တွေ့သည်နှင့် ဒေါသများထွက်လာကြသည်။ မြင်းနှင့် နွားသိုးတို့ ခေါင်းချင်းဆိုင်မိကြသည်။ နှစ်ကောင်၁ကောင်ဖြစ်သော်လည်း နွားသိုးကြီးမှာ နောက်မဆုတ်ပါ။ဦးချို၂ဖက်ပါခြင်း၏ အားသာချက် ဖြစ်ပါသည်။
ထိုအချိန်တွင် ရထားပေါ်မှ အမျိုးသားတစ်ယောက်နှင့် အမျိုးသမီးတစ်ယောက် ခုန်ဆင်းလာသည်။ သူတို့၂ယောက်သည် ရုပ်ချင်းဆင်တူပြီး၊ အမျိုးသားက အသက်အနည်းငယ်ကြီးပါသည်။
“ကျိယန်…ကျိဝမ်…ဘာလို့ ငါတို့ရထားလုံးကို ဝင်တိုက်တာလဲ” အဖြူရောင်ဝတ်စုံဝတ်ထားသော အမျိုးသမီးက အော်လိုက်သည်။
သို့သော် ကျိယန်တို့၂ယောက်က သူမကို ကြည့်ပင်မကြည့်ပါ။ ဝက်ဝံနက်ဆီသို့ လှမ်းသွားကြပြီး “ နောင်တော်ဝက်ဝံနက်ပါလား…ဒီနေ့ဖြစ်သွားတဲ့ ကိစ္စအတွက်တောင်းပန်ပါတယ်…အရေးပေါ်ကိစ္စဆိုတော့ ခင်ဗျားတို့ မပြောပြနိုင်လိုက်ဘူး…အဆင်မပြေမှုတွေအတွက် နောက်တစ်နေ့ကျရင် လျော်ကြေးပေးပါ့မယ်” ဟုပြောလိုက်ပါသည်။ ထိုသူသည် “နေဦး”ဟုအော်ပြောလိုက်သူ ဖြစ်သည်။
“ကျိယန်လား” ဝက်ဝံနက်သည် သူ့ရှေ့မှ လူငယ်ကို ကြည့်နေလိုက်သည်။ ဝက်ဝံနက်သည် ထိုလူငယ်ကို သိပါသည်။ တိုက်ခိုက်ရန် မလိုတော့သဖြင့် ဓားကိုသိမ်းလိုက်ပါသည်။ လျော်ကြေးဆိုသည်မှာ လက်ဆောင်တစ်ခုခုပေးခြင်းကို ဆိုလိုခြင်း ဖြစ်ပါသည်။
အဖြူရောင်ဝတ်စုံနှင့် အမျိုးသမီးသည် ကျိယန်မှာ သူတို့စိတ်ဆိုး၍၍ရသော လူစားမဟုတ်ကြောင်း သိသွားသည်။ သူမ မှားနေပြီကို သိသောအခါ၊ စကားမပြောတော့ပါ။ ဆိတ်ဆိတ်နေခြင်းသည် ကျိယန်၏ လျော်ကြေးကို လက်ခံ
လိုက်သော သဘောပင် ဖြစ်ပါသည်။
ဝက်ဝံနက်သည် ကျိမိသားစုဝင်၃ယောက်ကို ကြည့်နေပါသည်။ သူ့မြေးများကို မျက်နှာသာပေးသည့်အနေဖြင့် ကျိကျွီသည် သူ့ကို များ စကားပြောမလား။ အဖိုးအိုသည် ဒေါသကြီးသူတစ်ယောက် ဖြစ်သော်လည်း၊ သူ့မြေးများကို မည်သို့ဆက်ဆံသလဲတော့ သူတို့ မသိပါ။ ကျိယန်၏ အရေးပေါ်ကိစ္စဆိုသည်မှာ ကျိကျွီနှင့် ဆက်စပ်နေနိုင်ပါသည်။
ထိုအကြောင်းကိုတွေးမိသောအခါ၊ အစီအစဉ်များကို ရပ်ဆိုင်းထားလိုက်ရန် တွေးမိပါသည်။ ဝက်ဝံနက်၏ မျက်နှာသည် ပြုံးချိုသွားပြီး “မင်းတို့အားလုံး အရှင်ကျိကျွီဆီကို သွားမလို့မဟုတ်လား…ဟန်ကျတာပဲ…ငါတို့လည်း လောင်ကျွီဆီကို လာကြတာ” ဟုပြောလိုက်ပါသည်။
ကျိယန်သည် မျက်မှောင်ကြုံ့သွားပြီး ရှောက်ရွှမ်နှင့် ကွမ်းယီတို့ကို ကြည့်လိုက်သည်။ ထို့နောက် ဝက်ဝံနက်ကို ကြည့်လိုက်သည်။ သူ့အတွက်တော့
ရှောက်ရွှမ်တို့သည် အရေးမပါပါ၊ ဝက်ဝံနက်ကသာ အရေးပါပါသည်။
“သွားမယ့်ခရီးချင်တူနေတာပဲ…ငါတို့ရထားလုံးနဲ့လိုက်ခဲ့ပါ” ကျိယန်က ပြောလိုက်သည်။ သာမန်ပြည်သူများသည် ဖိတ်ခေါ်မခံရဘဲ ရထားလုံးစီးနင်းခွင့်မရှိပါ။
ဝက်ဝံနက်ကလည်း ထိုကဲ့သို့ ဖိတ်ခေါ်ခြင်းမျိုးကို ကြားချင်နေခြင်း ဖြစ်သည်။ ဝက်ဝံနက်သည် ရယ်လိုက်ပြီး “ကောင်းတာပေါ့ဗျာ”ဟုပြောလိုက်ပါသည်။
ဝက်ဝံနက်က ရထားလုံးပေါ်တက်သွားသည်ကို မြင်လိုက်ရသောအခါ ရှောက်ရွှမ်နှင့် ကွမ်းယီတို့သည်လည်း ရထားလုံးပေါ်တက်လိုက်ပါသည်။
ဝက်ဝံနက်တို့၃ယောက် ကျိယန်နှင့် ကျိဝမ်တို့၏ ရထားလုံးပေါ်တက်သွားသောအခါ ကျိကျင်းသည် အံ့ဩသွားပါသည်။ ထို့နောက် ဒေါသ
ထွက်လာပါသည်။ “သစ္စာဖောက်တွေ…အပြင်လူတွေကို ခေါ်သွားတယ်”
လမ်းသည် သိပ်မကျယ်လှသဖြင့်၊ ရထားလုံးများနှင့် တလမ်းလုံးပြည့်နေပါသည်။ ရထားလုံးများသည် အကျယ်၃မီတာရှိပြီး အမြင်၈မီတာရှိပါသည်။ အဓိကထိုင်ခုံများနှင့် ဧည့်သည်ထိုင်ခုံများ ခွဲခြားထားပါသည်။ ရှောက်ရွှမ်တို့ကတော့ ဧည့်သည်ခုံတွင် ဝင်ထိုင်ပါသည်။
“တစ်ခုလောက်မေးလို့ရမလား…ခင်ဗျားတို့ဒီနေ့ ဘာလာလုပ်တာလဲ ဝက်ဝံနက်ကြီး ခင်ဗျာ” ကျိယန်ကမေးလိုက်သည်။
“ကျုပ်လား…ကျုပ်ကအဖော်လိုက်လာတာပါ” ဝက်ဝံနက်က ပြောလိုက်သည်။
“အဖော်လိုက်လာခြင်းလား”
“ဝက်ဝံနက်အဖွဲ့ခေါင်းဆောင်က အဖော်လိုက်လာခြင်းလား…ဘယ်သူနဲ့လိုက်လာတာလဲ”
ကျိယန်နှင့် ကျိဝမ်တို့သည် ရှောက်ရွှမ်နှင့် ကွမ်းယီတို့ကို ကြည့်လိုက်သည်။ ထို့နောက် ဘာထူးခြားမှုမှမတွေ့ပါ။ သာမန်တိုင်းရင်းသားများဖြစ်ပြီး၊ ရှောက်ရွှမ်တို့ကို သူတို့မသိပါ။
“ခင်ဗျားတို့၂ယောက်က” ကျိယန်သည် ရှောက်ရွှမ်တို့ကို ကြည့်လိုက်ပါသည်။
ရှောက်ရွှမ်က ပြုံးလိုက်ပြီး “မီးတောက်ဦးချိုမျိုးနွယ်စုက ရှောက်ရွှမ်ပါ”
ကွမ်းယီကလည်း “မီးတောက်ဦးချိုမျိုးနွယ်စု က ကွမ်းယီပါ”
မီးတောက်ဦးချိုမျိုးနွယ်စုဝင်များကို လူများ သိပ်မသိတော့ဟု ကျိကျွီသည် တစ်ခါတုန်းက ရှောက်ရွှမ်ကို ပြောဖူးသည်။ သက်ကြီးပိုင်းများသာ သိတော့ပါသည်။ ထို့ကြောင့် ရှောက်ရွှမ်သည် ကျိယန်တို့ကို အကဲခတ်နေလိုက်သည်။ ကျိယန်တို့သည် မီးတောက်ဦးချိုမျိုးနွယ်စုကို သိ
သည့်ပုံမပေါ်ပေ။
“ကြားဖူးတယ်ထင်တာပဲ” ကျိယန်က ခဏစဉ်းစားပြီး “ခင်ဗျားတို့ မျိုးနွယ်စုနေတဲ့ရွာက ဘုရင့်မြို့တော်နဲ့ဆို အတော်ဝေးမယ်ထင်တယ်”
“ဟုတ်ကဲ့…တော်တော်လေး ဝေးပါတယ်” ရှောက်ရွှမ်က ပြောလိုက်သည်။
မေးခွန်းအနည်းငယ်မေးပြီးသောအခါ၊ ရှောက်ရွှမ်သည် ကျိကျွီဆီမှ ပညာလာသင်ကြောင်း ကျိယန်သိသွားပါသည်။ ထိုအခါ ကျိယန်သည် စိတ်မဝင်စားတော့ဘဲ၊ ဘာမေးခွန်းမှ ဆက်မမေးတော့ပါ။ ကျိကျွီဆီတွင် ပညာသင်လိုချင်သူများသည် များပြားလှပေသည်။
ကျိဝမ်သည် ရှောက်ရွှမ်ကို ကြည့်နေပေသည်။
နာရီဝက်ခန့်ကြာသောခါ ၊ နွားသိုးကြီးဆွဲလာသော ရထားလုံးမှာ ရပ်တန့်သွား၏။
ရထားလုံးပေါ်က ဆင်းလိုက်သောအခါ၊ ရဲတိုက်ကြီးတစ်လုံးကို ရှောက်ရွှမ်တွေ့လိုက်ရပါသည်။ ရဲတိုက်ကြီး၏ ပတ်ပတ်လည်တွင် မြင့်မားသော ခြံစည်းရိုးများကာရံထားပြီး အစောင့်များကလည်း ခြံထဲတွင် လှည့်ပတ်နေပါသည်။ အားလုံးသည် တူညီဝတ်စုံများကို ဝတ်ဆင်ထားကြပါသည်။
ဝင်ပေါက်နားမှ ကျောက်ပြားတစ်ချပ်ပေါ်တွင် ကျိမိသားစု၏ အမှတ်တံဆိပ်ကို ရေးဆွဲထားသည်။
ထို့နောက် မြင်းရထားလည်း ဆိုက်ရောက်လာပါသည်။ ရဲတိုက်ကြီးနားသို့ ရောက်လာသောအခါ၊ သူတို့သည် စကားများငြင်းခုန်ခြင်းများ မပြုလုပ်တော့ပါ။ တိရစ္ဆာန်များပင် တိတ်ဆိတ်နေကြပါသည်။
ကျိယန်နှင့် ကျန်၂ယောက်တို့က အရင်ဝင်သွားသည်။ သူတို့သည် ကျိမိသားစုဝင်များ ဖြစ်သည့်အတွက် အစောင့်များက သူတို့ကို မတားကြ
ပါ။ ရှောက်ရွှမ်တို့ သုံးယောက်ကိုတော့ အစောင့်များက တားထားပါသည်။
ကျိယန်က ပြောပေးချင်သော်လည်း မရပါ၊ ဆုံးဖြတ်ပိုင်ခွင့်ရှိသူသည် ကျိကျွီတစ်ယောက်တည်းသာ ရှိပါသည်။
ကျိယန်သည် ဝက်ဝံနက်ကို တောင်းပန်သလို ကြည့်ပြီးနောက်၊ ကျန်၂ယောက်နှင့်အတူ အိမ်ထဲသို့ ဝင်သွားပါသည်။ ဝင်ပေါက်မှ အစောင့်များက ရှောက်ရွှမ်တို့၃ယောက်ကို စားမလို၊ဝါးမလိုကြည့်နေကြပါသည်။
သို့သော် ဝက်ဝံနက်ကတော့ ဘာမှမဖြစ်ဘဲ ရှောက်ရွှမ်ကို “ဘယ်လိုလုပ်ကြမလဲ…မင်းမှာ တခြားနည်းလမ်းရှိသေးလား”
အိမ်ထဲသို့ အတင်းတိုးဝင်၍မဖြစ်ပါ။ စွန့်စားရာကျမည် ဖြစ်သည်။
ရှောက်ရွှမ်က သူ့ကို စိတ်လျှော့ရန် အချက်ပြ
ပြီး၊ ဝင်ပေါက်နားသို့ လျှောက်သွားသည်။ ထို့နောက် ရှောက်ရွှမ်သည် ထူးဆန်းသော ဓားမြောင်တစ်ချောင်းကို ထုတ်လိုက်ပြီး အစောင့်များကို ပေးလိုက်ကာ “ ကျိကျွီကိုတွေ့ချင်တဲ့ ဧည့်သည်ရောက်နေတယ်လို့ ပြောပေးပါ” ဟုပြောလိုက်ပါသည်။
ဝင်ပေါက်မှအစောင့်များက ကြိတ်ရယ်နေကြပါသည်။ ချာတိတ်သည် သူ့ကိုယ်သူ ဘာထင်နေသလဲ မသိပါ။ ရဲတိုက်ကြီး၏ အရှင်သခင်နှင့် တွေ့ချင်တယ်ဟု ဆိုနေပါသည်။
သို့သော် ထိုချာတိတ်သည် အတည်ပြောနေကြောင်း သူတို့သတိထားလိုက်မိပါသည်။
ရှောက်ရွှမ်သည် ပါးစပ်နှင့်သာပြောလျှင် အစောင့်များက မောင်းထုတ်မည် ဖြစ်သည်။ သို့သော် လက်ဆောင်ပေးလိုက်သောအခါတွင် အခြေအနေက ပြောင်းလဲသွားပါသည်။
အစောင့်များသည် ဓားမြောင်ကို မြင်
သောအခါ၊ အမူအရာများပြောင်းလဲသွားပြီး ရှောက်ရွှမ်ကို စိုက်ကြည့်နေကြသည်။ သူတို့သည် ရှောက်ရွှမ်ကို စိတ်ဝင်စားသွားကြပြီ ဖြစ်ပါသည်။
ရှောက်ရွှမ်၏လက်ထဲမှ ဓားကို မြင်ပြီးသောခါ၊ အစောင့်၁ယောက်သည် လက်၂ဖက်ဖြင့် တရိုတသေ လှမ်းယူလိုက်ပါသည်။
“ခဏလေးစောင့်ပါ” အစောင်သည် ဓားကိုယူပြီး အိမ်ထဲသို့ ပြေးဝင်သွားပါသည်။
ဝက်ဝံနက်သည် ရှောက်ရွှမ်ကို အထူးအဆန်းသတ္တဝါတစ်ကောင်လို ကြည့်နေပါသည်။
“မင်းကျိကျွီနဲ့သိတာလား” ဟုမေးလိုက်ပါသည်။
“သိတယ်လေ…သူနဲ့တွေ့ဖူးတယ်လို့ ခင်ဗျားကို ကျွန်တော်မနေ့က ပြောလိုက်ပါတယ်” ရှောက်ရွှမ်ကပြောလိုက်သည်။
ထိုအခါမှ ဝက်ဝံနက်သည် မှတ်မိသွားသည်။
ထိုစကားကို ရှောက်ရွှမ်ပြောတုန်းကတော့ အတည်မမှတ်ယူမိခဲ့ပါ။ ကျိကျွီကို အဝေးမှ လှမ်းမြင်ဖူးခြင်းလောက်သာ ထင်မှတ်ခဲ့သည်။
“ရှောက်ရွှမ်…မင်းဒီကိုလာတာ စိုက်ပျိုးရေးပညာလေ့လာဖို့ပဲလား…တခြားဘာကိစ္စရှိသေးလဲ” ဝက်ဝံနက်က စပ်စုနေပါသည်။ ကျိကျွီက အမှတ်အသားပစ္စည်းတစ်ခုပေးခဲ့သည့်အတွက်၊ ရှောက်ရွှမ်သည် အဖိုးအိုနှင့် ခင်မင်ကြောင်းသိနိုင်ပါသည်။
“အင်း” ရှောက်ရွှမ်က ခေါင်းငြိမ့်ပြလိုက်သည်။
“တခြားဘာကိစ္စရှိသေးလဲ” ဝက်ဝံနက်က မေးလိုက်ပါသည်။
“သူ့ဆီက ကျွန်တော်အကြွေးရစရာရှိတာလည်း ယူရမယ်”
ဝက်ဝံနက် နှုတ်ဆိတ်သွားပါသည်။ သူသည် ရှောက်ရွှမ်ကို မယုံပါ။ နာမည်ကျော် ရွှေ
ကောက်ပဲသီးနှံကျိကျွီက ရှောက်ရွှမ်ဆီတွင် အကြွေးတင်နေသည်ဆိုခြင်းမှာ မဖြစ်နိုင်ပါ။
ခြံဝန်းထဲတွင်…။
ကျိကျွီသည် သူ့နားတွင် ရှိသော မြေပြင်ကို မျက်စိပျက်၊မျက်နှာပျက်နှင့် ကြည့်နေပါသည်။ သူ့နားတွင်ဦးညွတ်နေကြသော လူ၁၀ယောက်ကျော်ကျော်လောက် ရှိ၏။
“တစ်လံလောက်အကွာအဝေးလို့ ငါပြောထားတယ်လေ…မင်းတို့ဘာတွေ လုပ်နေကြတာလဲ…မင်းတို့လက်မောင်းတွေက ခြေထောက်လောက်ရှည်နေလို့လား… ထပ်လုပ်ကြစမ်း”
“ကောက်ရိုးခြောက်တွေကော အသင့်ပြင်ပြီးပြီလား…၁၀ရက်အတွင်းရမှ ဖြစ်မယ်…အပင်တွေကို အပေါ်က အချိန်မီ မဖုံးနိုင်ရင် အကုန်လုံးသေကုန်လိမ့်မယ်”
“နောက်ပြီးတော့ ဒီနားမှာ…ဒီနားမှာ…
လေးထောင့်ပုံစံတူးပါလို့ ငါပြောနေတယ်လေ…ငါ့ဆီမှာ လုပ်လာတာပဲ ကြာလှပြီ…အခုထိ စတုရန်းက ဘာလဲ မသိသေးဘူး…စတုရန်းဘာလဲမသိရင် ခြံထဲက ထွက်သွားကွာ…”
ကျိကျွီသည် ဆဲဆိုရင်း ဟိုဟိုဒီဒီ ခေါက်တုံ့ခေါက်ပြန် လမ်းလျှောက်နေပါသည်။ သူ့နားမှ လူ၁၀ယောက်တို့သည် မျက်နှာတွင် တံတွေးများပေကျံနေသော်လည်း၊ မသုတ်ရဲကြပါ။ သူတို့သည် ကျိကျွီမေးသမျှကို အမှားအယွင်းမရှိ ဖြေဆိုနိုင်အောင် ကြိုးစားနေကြရသည်။ သူတို့သည် ထိုမြေကို စွန့်ခွာမသွားချင်ပ။ သူတို့နေသော နေရာသည် အစာရေစာပေါများလှသည်။ အခြားလူများကတော့ သူတို့ကို မနာလို ဖြစ်နေကြသည်။ အဆင့်အနိမ့်ဆုံးကျွန်ဖြစ်ခွင့်ရလျှင်ပင်၊ လောင်ကျွီတို့ဆီတွင် အလုပ်လုပ်လိုသူများ တန်းစီနေပါသည်။
နောက်တစ်နေရာသို့ ရောက်သောအခါ လောင်ကျွီသည် မြေပြင်ကို စိုက်ကြည့်လိုက်ပြီး “ဒီအရိုးတွေကို ဘယ်သူလာမြှပ်ထားတာလဲ” ဟုမေး
လိုက်ပါသည်။
၁၀ယောက်လုံး တုန်လှုပ်သွားကြသည်။ “သွားပြီ…အဖိုးကြီးတော့ ပေါက်ကွဲတော့မယ်”
သူတို့အားလုံးသည် လောင်ကျွီ၏ ဒေါသကို ရိုးနေကြပြီဖြစ်သည်။ အဆူအဆဲခံရမှုများနှင့်လည်း အသားကျနေကြပါသည်။ ဆူပူခံရလျှင် အမှားကို ပြင်ဆင်ခွင့်ရှိသေးသည်။ ဆူပူခြင်းမပြုတော့လျှင်တော့ ထိုသူမှာ နှင်အထုတ်ခံရတော့မည် ဖြစ်သည်။
၁၀ယောက်ထဲမှ ၁ယောက်၏မျက်နှာသည် ဖြူဖျော့နေပါသည်။ သူသည် စတုရန်းတစ်ကွက်ကို တာဝန်ယူရသည်။ မြေကွက်လပ်တွင် ဘာမှမစိုက်ပျိုးခင်၊ ပြင်ဆင်သည့်အနေဖြင့် အရိုးများကို အရင်မြေမြှပ်ရပါသည်။ သူတို့မြှပ်ထားသော အရိုးများမှာ လောင်ကျွီကိုယ်တိုင်မှာယူထားသော အရိုးများဖြစ်သည်။ ထိုအရိုးများနှင့်ဆိုလျှင် အပင်များပိုမိုဖွံ့ဖြိုးမည် ဖြစ်သည်။ သို့သော် လောင်ကျွီကတော့ တစ်စုံတရာမှားသွားသလို ပြုမူနေ
ပါသည်။
လောင်ကျွီသည် မျက်လုံးသေကြီးများဖြင့် လယ်ကွက်များကို လိုက်ကြည့်နေပါသည်။ သူသည် ထိုမြေကွက်များအကြောင်းကို ကောင်းကောင်းသိပါသည်။ တစ်ခုခုမှားနေပြီဟု သူကယူဆလျှင် တကယ်ပင် တစ်ခုခုမှားနေပြီ ဖြစ်ပါသည်။
ထိုမြေကွက်ကို တာဝန်ယူထားရသူသည် နဖူးမှချွေးများကို သုတ်ရင်း၊ အရိုးများကို မြှပ်သောလူကို ခေါ်ရန် လူတစ်ယောက်ကိုလွှတ်လိုက်ပါသည်။
မြေကွက်ကို တာဝန်ယူထားသောသူသည် သူ့လူများကို မီးတောက်မတတ်မျက်လုံးများနှင့် ကြည့်နေပါသည်။
လောင်ကျွီကိုတွေ့သောအခါ၊ ကျွန်၂ယောက်သည် သူတို့အမှားများကို သူတို့ သိသားကြပါသည်။ သူတို့သည် တုန်တုန်ယင်ယင်နှင့်
မြေပြင်ပေါ်တွင် ဝပ်တွားနေကြပါသည်။
လောင်ကျွီသည် စိတ်ကြီးသူတစ်ယောက်ဖြစ်သော်လည်း အခြားကျွန်ပိုင်ရှင်များလို ကျွန်များကို နှိပ်စက်သတ်ဖြတ်ခြင်းများ မပြုလုပ်ပါ။ သူ့အပင်များထွက်နှုန်းကောင်းနေလျှင် ကျွန်များကို ပင်ဆုလာဘ်များပင် ပေးလေ့ရှိပါသည်။ စိတ်ကောင်းဝင်နေသောအချိန်တွင် လောင်ကျွီသည် ရက်ရောသူတစ်ယောက်ဖြစ်ပါသည်။ သို့သော် တချို့လူများကတော့ အခု၂ယောက်လို လောဘကြီးပါသည်။
သူတို့သည် အရိုးများကိုလဲထားခြင်းဖြစ်သည်။ လောင်ကျွီမှာထားသော အရိုးများကို တခြားတစ်နေရာတွင် အမြတ်တင်ပြီး လဲလှယ်ကြမည်ဖြစ်သည်။ ထိုနေရာသည် လောင်ကျွီ၏နည်းလမ်းများအတိုင်း အပင်များစိုက်ပျိုးနေသော နေရာတစ်ခုဖြစ်သည်။
စိုက်ပျိုးခြင်းကို ကျွမ်းကျင်သူတစ်ယောက်သည် အရိုး၁ချောင်းကို မြင်ရုံနှင့် လျှို့ဝှက်ချက်
အားလုံးကို သိသွားနိုင်ပါသည်။
အစောင့်များရောက်လာပြီး ထိုကျွန်၂ယောက်ကို စစ်ဆေးမေးမြန်းရန် ဆွဲခေါ်သွားကြပါသည်။ မည်သို့ပင်ဖြစ်စေ၊ ထိုကျွန်၂ယောက်သည် အသတ်ခံရတော့မည်ဖြစ်သည်။
တချို့လူများသည် လူ့အသားကို ဓတ်မြေဩဇာအနေဖြင့် အသုံးပြုကြသည်။တချို့ ကျွန်ပိုင်ရှင်များသည် သတ်ခံရသော ကျွန်များကို ဓာတ်မြေဩဇာအနေဖြင့် အသုံးချခဲ့ဖူးသည်။ သို့သော် လောင်ကျွီကတော့ ထိုကဲ့သို့မလုပ်ပါ။ လောင်ကျွီသည် စိုက်ပျိုးခြင်းတွင် အလွန်တိကျသေချာသူ ဖြစ်သည်။ ထို့ကြောင့် သူ့သီးနှံများသည် အကောင်းဆုံးသော သီးနှံများ ဖြစ်နေကြပါသည်။
ထိုမြေကွက်ကို တာဝန်ယူရသူသည် ရာထူးမှ ဖယ်ရှားခြင်းခံရမည် ဖြစ်သည်။ ဖြစ်လာသမျှ အကျိုးဆက်အားလုံးသည် တာဝန်ရှိသူကြောင့် ဖြစ်ရခြင်းဖြစ်သည်။
လောင်ကျွီစိတ်ဆိုးနေတုန်းမှာပင်၊ အိမ်တော်ထိန်းရောက်လာပါသည်။
“သခင်ကြီး…သခင်လေးနဲ့သခင်မလေးတို့ရောက်နေပါတယ်”
“မတွေ့နိုင်ဘူးကွာ” လောင်ကျွီက စိတ်မရှည်စွာဖြင့် လက်ဝှေ့ယမ်းပြလိုက်သည်။
“နောက်ပြီးတော့ ကုန်သည်တွေလည်း…”
“အကုန်ထွက်သွားခိုင်းလိုက်…”အိမ်တော်ထိန်း၏ စကားမဆုံးသေးခင် လောင်ကျွီက ဖြတ်ပြောလိုက်သည်။
အိမ်တော်ထိန်းကလည်း လောင်ကျွီသည် ထိုကဲ့သို့ပြောမည်ဆိုတာကို သိပြီးသားဖြစ်သည်။ အလုပ်သဘောတရားအရ သွားမေးလာခြင်းဖြစ်သည်။ ကုန်သည်များသည် သခင်ကြီး၏ အဖိုးတန်အပင်များကို ကြည့်လို၍ ရောက်လာ
ခြင်းပင် ဖြစ်ရမည်။
ခြေလှမ်းအနည်းငယ်လှမ်းပြီးသွားသောအခါ၊ တံခါးဝမှအစောင့်သည် အိမ်တော်ထိန်းကို စကားအနည်းငယ်ပြောပြီး၊ ဓားတစ်ချောင်းကို လှမ်းပေးလိုက်ပါသည်။
အိမ်တော်ထိန်းသည် ထိုဓားကိုမြင်သောအခါ၊ တုန်လှုပ်သွားပြီး လောင်ကျွီကို အပြေးအလွှားလိုက်ရှာပါသည်။
“သခင်ကြီး…”
“ဘာလဲ…”
“သခင်ကြီးနဲ့တွေ့ချင်တဲ့လူရောက်…”
“ထွက်သားခိုင်းလိုက်ကွာ…”
“ဒါပေမဲ့ ဒီဓားမြောင်လေးကို ထုတ်ပြလို့”
“ငါပြောတာ မင်းတို့မကြားဖူး…ဟင်…နေစမ်းပါဦး…ဘာဓားမြောင်လဲ”
လောင်ကျွီ၏ဒေါသများ ပြေပျောက်သွားပြီး၊ အိမ်တော်ထိန်းလက်ထဲမှ ဓားမြောင်ကို ကြည့်လိုက်ပါသည်။ ထို့နောက် ဓားကိုလှမ်းယူလိုက်ပြီး “အဲဒီလူဘယ်သူလဲ…သူ့နာမည်ရှောက်ရွှမ်လို့ ခေါ်တာလား” ဟုမေးလိုက်ပါသည်။
“အဲဒါတော့ မသိပါဘူး…တိုင်းရင်းသားတစ်ယောက်လို့တော့ အစောင့်တွေက ပြောပါတယ်”
“အဲဒါရှောက်ရွှမ်ပဲ…ခေါ်ခဲ့လိုက်…”
(ဆက်ရန်…)