← Chapters

ပြောစရာစကားမရှိ

Vol. 6 Ch. 51

ပြောစရာစကားမရှိ

Vol. 6 Ch. 51

ဘာတွေဖြစ်နေတာလဲ...

သူမက ဝိညာဉ်ပုံဖော်ခြင်းအဆင့်မှာပဲရှိသေးတာကို အမှတ် ၁,၆၀၀ တောင် ရတာလား...

လင်းနင်ရဲ့ပါရမီကတော့ တကယ်ကို အံ့မခန်းပဲ...

ကျန်းချန် စိတ်လှုပ်ရှားသွားပြီး သူမကိုအသေအချာသိရှိနိုင်ရန် သိမြင်မှုစွမ်းရည်ကို အသုံးပြုလိုက်သည်။

လင်းနင်၏ ဦးခေါင်းထက်တွင် မီးခိုးရောင်အာမေဍိတ်သင်္ကေတတစ်ခုရှိနေ၏။

“ပုန်းကွယ်နေသော ဖီးနစ်သွေးမျိုးဆက်- ရှေးဦးနတ်ဘုရားသားရဲလေးပါး၏ သွေးမျိုးဆက်မှ ဆင်းသက်လာခြင်းဖြစ်သည်။ အကယ်၍သူမသည် အမှောင်ဂုဏ်သတ္တိရှိသည့် ကျင့်စဉ်များကိုကျင့်ကြံပါက အမှောင်စွမ်းရည်များကို တဖြည်းဖြည်းနိုးထလာစေနိုင်သည်။”

အမှောင်ဂုဏ်သတ္တိဆိုပါလား...

ကျန်းချန် တစ်ခါမှမကြားဖူးပေ။

သို့သော် စနစ်၏ဖော်ပြချက်အရ ဤသွေးမျိုးဆက်မှာ ကြောက်စရာကောင်းလောက်အောင် အစွမ်းထက်၏။

တပည့်တစ်ယောက်လက်ခံလိုက်ရုံဖြင့် ကောင်းကင်အလိုကျပါရမီရှင်တစ်ဦး ရရှိလိမ့်မည်ဟု မထင်ထားခဲ့ပေ။

ကျန်းချန်အလွန်ဝမ်းသာသွားကာ အခြားသူများကိုပေးခဲ့သည့် အဆင့် ၄ ဝိညာဉ်လက်နက်ပါသည့်လက်စွပ်ကို ပြန်သိမ်းလိုက်သည်။

သူကိုယ်တိုင်ထရပ်ကာ ရှေ့သို့လှမ်းပြီး လင်းနင်ကိုထူပေးလိုက်သည်။ လူတို့၏စိတ်ကိုဖမ်းစားနည်းမှာ သူသင်စရာမလိုဘဲ တတ်မြောက်ထားသောပညာပင်။

လင်းနင်သည် သူ၏လူဖြစ်နေပြီဆိုသော်လည်း သူမ၏သစ္စာရှိမှုကို ပိုမိုခိုင်မာအောင် လုပ်ဆောင်နိုင်သည်။

"မင်းက ဝင်ခွင့်စာမေးပွဲမှာ နံပါတ်တစ်ရခဲ့တယ်လို့ ငါကြားတယ်"

ကျန်းချန်၏ချောမောသောမျက်နှာတွင် နွေးထွေးကြင်နာသောအပြုံးတစ်ခုပေါ်လာသည်။

လင်းနင်မှာ အံ့ဩဝမ်းသာသွားကာ အလျင်အမြန် ပြန်လည်ဂါရဝပြုလိုက်၏။

"ဟုတ်ပါတယ်"

"ကောင်းပြီ... နံပါတ်တစ်ဆိုတော့ အထူးဆုနဲ့ထိုက်တန်တာပေါ့"

ကျန်းချန်သည် အခြားလက်စွပ်တစ်ကွင်းကိုပွတ်လိုက်ရာ အဆင့် ၅ ဝိညာဉ်ဓားနှင့် အဆင့် ၅ ဝိညာဉ်ချပ်ဝတ်တို့ ထွက်လာသည်။

"ဒါ... ဒါတွေက ကျွန်မအတွက်လား"

တည်ငြိမ်လှသောလင်းနင်ပင်လျှင် တုန်လှုပ်မှုကိုမဖုံးကွယ်နိုင်တော့ပေ။

ဒါတွေက အဆင့် ၅ ဝိညာဉ်လက်နက်တွေပဲ....

သူမ၏မိသားစုနောက်ခံမှာ အခြားသူများထက် အနည်းငယ်သာသော်လည်း သူတို့မြို့တွင်အကြီးဆုံးဖြစ်သည့် လင်းမိသားစုတွင် ဝိညာဉ်စုစည်းခြင်းအဆင့် ပညာရှင်သုံးဦးသာရှိသည်။

မိသားစု၏ အဖိုးတန်ဆုံးအမွေအနှစ်မှာ အဆင့် ၄ ဝိညာဉ်ချပ်ဝတ်တစ်စုံသာ။

သူမထွက်လာချိန်တွင် အန္တရာယ်ကင်းစေရန်အတွက် ထိုအဆင့် ၄ ချပ်ဝတ်ကို ယုံကြည်စိတ်ချစွာ ပေးအပ်ခဲ့၏။

ဂိုဏ်းရောက်သည့်ပထမဆုံးနေ့မှာတင် သူမ၏ အဆင့် ၄ ချပ်ဝတ်မှာ အသုံးမဝင်ဖြစ်သွားမည်ဟု မည်သူကထင်ထားပါမည်နည်း။

ရှူး...

အစောပိုင်းက ဝမ်းသာနေကြသော တတိယမျိုးဆက်တပည့်များမှာ မျက်လုံးပြူးသွားကြသည်။

အဆင့် ၅ ချပ်ဝတ်နှင့် အဆင့် ၅ ဓား...

ဤနံပါတ်မှာ လူများကိုရူးသွပ်စေနိုင်လောက်သည်။

"ဒါပေါ့... မင်းအတွက်ပေါ့။ အခု မင်းက ဖေးရှန်ဂိုဏ်းကိုဝင်လာပြီဆိုတော့ ငါတို့ကမိသားစုတွေပဲ၊ အားနာနေစရာမလိုဘူး။"

လင်းနင်၏ မျက်ဝန်းများနီမြန်းလာသည်။

သူမငယ်စဉ်က သာမန်ပါရမီသာရှိခဲ့သဖြင့် မိသားစု၏လျစ်လျူရှုခြင်းကို ခံခဲ့ရသည်။

အသက် ၁၂ နှစ်တွင် သွေးမျိုးဆက်နိုးထလာမှသာ အရေးပေးခံခဲ့ရခြင်းဖြစ်၏။

သို့သော် အလွန်အစွမ်းထက်လှသော ဤဂိုဏ်းချုပ်က ပထမဆုံးနေ့မှာပင် ဤမျှနွေးထွေးစွာဆက်ဆံလိမ့်မည်ဟု မထင်ထားခဲ့ပေ။

"ကျေးဇူးတင်ပါတယ် ဂိုဏ်းချုပ်"

သူမ၏စကားလုံးများမှာ တိုတောင်းသော်လည်း ခိုင်မာသောသစ္စာရှိမှုကိုဖော်ပြနေသည်။

လင်းနင် နောက်ဆုတ်သွားပြီးနောက် ချီချန်းတစ်ယောက်သာ ကျန်တော့သည်။

သူသည် ဤအခြေအနေကို အလွန်မုန်းတီးနေလေ၏။

အခြားတပည့်များကိုမှင်သက်စေသော လက်ဆောင်များသည် သူ့မျက်စိထဲတွင် အမှိုက်များသာဖြစ်သည်။

ပါယွန်းခန်းမ၏သခင်လေးသည် အဆင့် ၇ ဝိညာဉ်လက်နက်များကိုသာသုံးစွဲသူ မဟုတ်ပါလား။

ကျန်းချန်ကို ဒူးထောက်ရခြင်းကသာ သူ့အတွက်ရူးချင်စရာပင်။

သို့သော် ရည်မှန်းချက်ကြီးအတွက် သူသည်းခံရပေမည်.... နောက်ဆုံးတွင် ဒူးထောက်လိုက်ရတော့သည်။

ဘုန်း... ဘုန်း... ဘုန်း...

သူသည် ဦးသုံးကြိမ်ချ၊ ကိုးကြိမ်ဂါရဝပြုခြင်းကို အပြည့်အဝပြုလုပ်လိုက်သည်။

"ယွန်းချန်း.... ဂိုဏ်းချုပ်ကို ဂါရဝပြုပါတယ်"

သူ၏ လက်သီးများကို တင်းတင်းဆုပ်ထားသဖြင့် လက်ဆစ်များပင်ဖြူကုန်သည်။

'မြန်မြန်ပြီးပါတော့..... လက်ဆောင်ကိုမြန်မြန်ပေးပြီး ဒီဇာတ်လမ်းကို အဆုံးသတ်လိုက်ပါတော့။'

သို့သော် ယခုတစ်ကြိမ်တွင် အခြေအနေကွဲပြားသွားသည်။

၅၄ ကြိမ်ဆက်တိုက်ပေးခဲ့သောလက်ဆောင်မှာ ပေါ်မလာတော့ပေ။

ကျန်းချန်၏မျက်နှာမှအပြုံးများ ပျောက်ကွယ်သွားသည်။ စနစ်မှ အချက်ပေးသံ ထွက်မလာပေ....

အချက်ပေးသံမထွက်လာခြင်းမှာ ဤသူသည် သူ၏လူမဟုတ်ကြောင်း သက်သေပြနေသည်။

ဂါရဝပြုပြီးသည့်တိုင် စနစ်မှအသိအမှတ်မပြုပါက ဤသူကို အဘယ်ကြောင့်ဆက်ထားရမည်နည်း။

သူမည်မျှပင်ကြွယ်ဝစေကာမူ ကျေးဇူးမသိသောတောခွေးတစ်ကောင်ကို အလကားမကျွေးနိုင်ပေ။

"ထွက်သွား"

သူသည် ချီချန်း မည်သူမည်ဝါဖြစ်ကြောင်း သို့မဟုတ် မည်သည့်အကြံအစည်ရှိကြောင်း မသိပေ။

၎င်းမှာ ဂိုဏ်းကိုခုတုံးလုပ်ကာ အင်အားကြီးလာလျှင်သစ္စာဖောက်မည့် အခွင့်အရေးသမားတစ်ဦးဟုသာ သူ ယူဆလိုက်သည်။

ဤလူသည် ဂိုဏ်းကိုဖျက်ဆီးရန်လာခြင်းဖြစ်သည်ဟု မည်သူမျှမတွေးမိကြချေ။

"ဗျာ"

ခန်းမဆောင်အတွင်းရှိ ပျော်ရွှင်စရာအငွေ့အသက်များ ရုတ်ချည်းအေးခဲသွား၏။

လူတိုင်းက မယုံကြည်နိုင်စွာငေးကြည့်နေကြသည်။

ထွက်သွားတဲ့လား... ဘာဖြစ်လို့လဲ... ယွန်းချန်းကလည်း ဝင်ခွင့်အောင်ခဲ့တာပဲ မဟုတ်လား... ဘာလို့ လက်ဆောင်မရတဲ့အပြင် ဂိုဏ်းချုပ်ကနှင်ထုတ်တာကိုခံရတာလဲ...

"ဘာကြောင့်လဲ"

ချီချန်းမှာ တုတ်နှင့်အရိုက်ခံလိုက်ရသလို ခံစားလိုက်ရသည်။ သူ မခံစားနိုင်ပေ။

သူ၏ ဟန်ဆောင်မှုမှာပြည့်စုံသည်ဟု သူယုံကြည်ထားသည်။

ကျန်းချန်အနေဖြင့် သူ့ကိုရိပ်မိစရာ အကြောင်းမရှိပေ။

"ဘာအကြောင်းမှ မရှိဘူး။"

ကျန်းချန်က အေးစက်စွာပြုံးလိုက်သည်။

"ငါ မင်းရဲ့မျက်နှာကိုကြည့်ရတာ သဘောမကျလို့ပဲ။"

ဒါက ဘာအဖြေလဲ... ဒါက အကြောင်းပြချက်မရှိဘဲ လူသိရှင်ကြား စော်ကားလိုက်ခြင်းပင်။

သို့သော် ခန်းမဆောင်အတွင်း မည်သူမျှမကန့်ကွက်ရဲကြ။

ကျန်းချန်သည် တပည့်သစ်များ၏စိတ်ထဲတွင် နတ်ဘုရားတစ်ပါးကဲ့သို့ ဖြစ်နေလေပြီ။

ဂိုဏ်းချုပ်သဘောမကျလျှင် သူတို့လည်း ထိုသူကို ရန်သူလိုကြည့်ကြတော့သည်။

လင်းနင်ပင်လျှင် သူမ၏ဓားကိုကိုင်လိုက်ကာ ဤလူကိုသတ်ပစ်လိုက်လျှင် ဂိုဏ်းချုပ်များသဘောကျမလားဟု စဉ်းစားနေမိသည်။

ဒုတိယမျိုးဆက်အကြီးအကဲများကမူ ကျန်းချန်၏စကားကို တစ်သွေးတစ်သံတစ်မိန့် မှတ်ယူထားကြလေသည်။

"ကျေးဇူးပြုပြီး... ထွက်သွားပေးပါ"

လော့ယွမ်က မျက်နှာထားတင်းတင်းဖြင့် ရှေ့သို့ထွက်ကာ ခန်းမအဝင်ဝကိုညွှန်ပြလိုက်သည်။

ချီချန်း၏ရင်ထဲတွင် ဒေါသ၊ အရှက်ရမှုနှင့် နာကျည်းမှုများမှာ မီးတောင်ပေါက်ကွဲတော့မည့်အတိုင်းပင်...

'ငါက ပါယွန်းခန်းမရဲ့သခင်လေးကွ... မင်းတို့က ငါ့ကိုနှင်ထုတ်ရဲတယ်ပေါ့'

ယခုအချိန်တွင် သူသည် ကျန်းချန်ကိုလည်ပင်းညှစ်ကာ တစ်စစီဆွဲဖြဲပစ်ချင်နေမိသည်။

သို့သော် သူမလုပ်ရဲ။

ဤနေရာမှာ ဖေးရှန်ဂိုဏ်းဖြစ်ပြီး ထိုကျားမိစ္ဆာမှာလည်း အနီးအနားတွင်ရှိနေသည်။

အကယ်၍ သူသာပုံစံအစစ်အမှန်ကို ထုတ်ပြလိုက်ပါက အသက်ရှင်လျက် ထွက်သွားနိုင်မည်မဟုတ်ပေ။

သူသည် လူအများ၏ အထင်သေးသော အကြည့်များအောက်တွင် အရှက်တကွဲဖြင့် ဆုတ်ခွာသွားရတော့သည်။

သူ ထွက်သွားပြီးနောက် ကျန်းချန်က နှုတ်ခမ်းကိုမဲ့လိုက်သည်။

"ကဲ... စိတ်ရှုပ်စရာ ယင်ကောင်တစ်ကောင်ကို မောင်းထုတ်ပြီးပြီဆိုတော့ အခမ်းအနားကိုဆက်ကြစို့"

သူသည် ကျိလင်းဟန်နှင့် အခြားအကြီးအကဲများကို လက်ဝှေ့ယမ်းပြလိုက်သည်။

"မင်းတို့တွေ စိတ်ကြိုက်တပည့်ရွေးလို့ရပြီ။"

မကြာမီ လူ ၅၃ ဦးမှာ ဆရာကိုယ်စီရရှိသွားကြသည်။

ကျိလင်းဟန်ပင်လျှင် အမျိုးသမီးတပည့်နှစ်ဦးကိုလက်ခံခဲ့သည်။

ခြွင်းချက်မှာ လင်းနင်ပင်။ သူမသည် မည်သူ့ကိုမျှဆရာမတင်ဘဲ ကျန်းချန်ကိုသာစိုက်ကြည့်နေသည်။

ဤမျှ ပွင့်လင်းစွာအကြည့်ခံရသဖြင့် ကျန်းချန်မှာ အနည်းငယ်ကျေနပ်သွားမိသည်။

'ငါ့ရဲ့ ဆွဲဆောင်မှုက ဒီလောက်တောင် ပြင်းထန်နေတာလား... ဒီကလေးမလေးက ငါ့ကို ပထမဆုံးတွေ့တာနဲ့တင် စိတ်ဝင်စားသွားတာလား...'

ဒါပေမဲ့ သူမက အသက် ၁၅ နှစ်ပဲ ရှိသေးတယ်၊ အရွယ်မရောက်သေးဘူးလေ။

ငါက စည်းစနစ်ရှိတဲ့လူတစ်ယောက်ပဲ။ သူမကို နောက်ထပ် နှစ်အနည်းငယ်လောက်စောင့်ဖို့ ဖျောင်းဖျရမလား.....

All Chapters