မိန်းကလေးများ၏ အားပြိုင်မှု
Vol. 6 Ch. 52
ကျန်းချန် မည်သို့ပြောဆိုရမည်နည်းဟု စဉ်းစားနေစဉ်မှာပင် လင်းနင်က လူအုပ်ထဲမှထွက်လာပြီး သူ့ရှေ့သို့ရောက်လာသည်။
ထို့နောက် ရိုသေစွာဂါရဝပြုလိုက်၏...
"ဂိုဏ်းချုပ်... ကျွန်မ ဂိုဏ်းချုပ်ကိုဆရာတင်ချင်ပါတယ်"
သူမ၏မျက်ဝန်းများထဲတွင် မျှော်လင့်ချက်နှင့် ကြည်ညိုမှုများ အပြည့်ရှိနေသည်။
"မင်းကငယ်ပါသေးတယ်..."
အင်း...
အချစ်စကားပြောမလို့ မှတ်နေတာ၊ ဆရာတင်ချင်တာပါလား။
ကျန်းချန်မှာ အနည်းငယ် ရှက်ကိုးရှက်ကန်းဖြစ်သွားရသည်။
စကားလမ်းကြောင်းကို ချက်ချင်းပင်လွှဲလိုက်ရလေ၏။
"ငါ့ကိုဆရာတင်ချင်တယ်ဆိုတာက... အဲဒါက..."
သူ တပည့်မမွေးချင်ပေ။ လင်းနင်မှာ အလွန်လှပပြီး ပါရမီထူးသူဖြစ်သော်လည်း ကျန်းချန်မှာ တပည့်မွေးပြီးသင်ကြားပေးရန် အချိန်မရှိချေ။
သူမ စိတ်မထိခိုက်အောင် မည်သို့ငြင်းရမည်နည်းဟု ဝေခွဲမရဖြစ်နေစဉ်မှာပင် ကံကောင်းထောက်မစွာဖြင့် ကျိလင်းဟန်က ရှေ့ထွက်လာခဲ့သည်။
"လင်းနင်... နင်သာ ဂိုဏ်းချုပ်ကိုဆရာတင်လိုက်ရင် ဂိုဏ်းရဲ့ မျိုးဆက်အစဉ်အလာတွေ ရှုပ်ထွေးကုန်လိမ့်မယ်"
ထိုစကားမှန်လေသည်။ လင်းနင်သာ ကျန်းချန်၏တပည့်ဖြစ်လာလျှင် သူမသည် ဒုတိယမျိုးဆက် အကြီးအကဲတစ်ဦး ဖြစ်လာပေလိမ့်မည်။
တစ်ချိန်တည်းဝင်လာသော အခြားတပည့် ၅၃ ဦးထက် အဆင့်တစ်ဆင့်မြင့်သွားမည်ဖြစ်ရာ ကျိုးကြောင်းဆီလျော်မှုမရှိပေ။
ကျန်းချန်သည် အကြောင်းပြချက်မရှိဖြစ်နေလေရာ ထိုစကားကို ချက်ချင်းထောက်ခံလိုက်သည်။
"အတိအကျပဲ... အစဉ်အလာတွေကို ဖျက်လို့မကောင်းဘူး။ မင်းက အကြီးအကဲကျိလင်းဟန်ကိုပဲ ဆရာတင်လိုက်ပါ။"
ဂိုဏ်းချုပ်ကိုယ်တိုင်ပြောသဖြင့် လင်းနင်မှာ နာခံရုံမှတစ်ပါးအခြားမရှိတော့ပေ။ သို့သော် သူမ၏ မျက်နှာမှာ မကျေနပ်နေပုံပေါ်နေလေ၏။
"ကျွန်မ တစ်နေ့နေ့မှာ သူမကိုကျော်ဖြတ်ပြမယ်..."
ဤစကားကို အလွန်တိုးညင်းစွာပြောခဲ့သော်လည်း ခန်းမဆောင်အတွင်းရှိ ကျင့်ကြံသူအားလုံး ကြားဖြစ်အောင်ကြားလိုက်ကြသည်။
ကျန်းချန်မျက်နှာပူသွားသည်...
'ကလေးမလေးရာ... မင်းကလည်း ပွင့်လင်းလွန်းလှချည်လား'
ဒါ... ကျိလင်းဟန်က သူမရဲ့ဆရာဖြစ်ဖို့မထိုက်တန်ဘူးလို့ ပြောလိုက်တာပဲမဟုတ်လား။
စိတ်သဘောထားကောင်းလှသော ကျိလင်းဟန်ပင်လျှင် ဤစကားကြောင့် ဒေါသထွက်သွားသည်။
"နင် ငါ့ကိုတကယ်ကျော်ဖြတ်နိုင်တဲ့နေ့ကျရင် ငါကိုယ်တိုင် ဂိုဏ်းချုပ်ဆီမှာ ထောက်ခံပေးမယ်... အဲဒီအချိန်ကျရင် နင်က ဂိုဏ်းရဲ့အကြီးဆုံးစီနီယာဖြစ်လာဖို့တောင် ပြဿနာမရှိဘူး"
'ဟား... ဒါကတော့ အစွန်းရောက်သွားပြီ၊ ဒီလောက်ထိ စိတ်လိုက်မာန်ပါ မလုပ်ပါနဲ့ဦး'
ကျန်းချန်က စိတ်ထဲမှတွေးနေမိသည်။
လော့ယွမ်နှင့် ယင်းရွှယ်အာတို့မှာမူ ဘေးမှကြိတ်ပြုံးနေကြသည်။ စီနီယာအစ်မကျိ ဒေါသထွက်တာကို မြင်ရခဲသည်မဟုတ်ပါလား။
လင်းနင်က ထပ်လောင်းအတည်ပြုလိုက်သည်
"တကယ်လား"
"ငါ ကျိလင်းဟန်က အမြဲကတိတည်တယ်။ ဂိုဏ်းချုပ်က ငါတို့ရဲ့သက်သေပဲ"
"ကောင်းပြီလေ... ကျွန်မရှင့်ထက်သာသွားတဲ့နေ့မှာ ဂိုဏ်းချုပ်ကိုဆရာတင်မယ်"
"သဘောတူတယ်"
ကျန်းချန် ဆွံ့အနေသည်.... ဆွံ့အနေသည်...
'မင်းတို့ မိန်းကလေးချင်းအားပြိုင်တာ ဘာလို့ ငါ့ကိုဆွဲထည့်ကြတာလဲ... ပြီးတော့ နောက်ပိုင်းကျရင် သူမကို တပည့်အဖြစ်လက်ခံမယ်လို့ ငါဘယ်တုန်းက သဘောတူလို့လဲ... ဘာလို့ ဒါက အတည်ဖြစ်သွားရတာလဲ... ငါ့သဘောထားကို မမေးကြတော့ဘူးလား...'
အစ်ကိုကြီးချန်တစ်ယောက် စိုးရိမ်လာသည်။
ဤပါရမီရှင်မိန်းကလေးနှစ်ဦးက သူ့ကို အမည်ခံဂိုဏ်းချုပ်အဖြစ် ပြောင်းလဲပစ်ကြတော့မည်လော...
မဖြစ်ရဘူး....... အာဏာကြောင့်မဟုတ်ဘဲ မျက်နှာကြောင့် ဒါမျိုးအဖြစ်မခံနိုင်ပေ။
နောက်ဆုံးတွင် လင်းနင်သည် ကျိလင်းဟန်ကိုဦးချကာ ယာယီတပည့် ဖြစ်လာခဲ့သည်။
ဤသို့ဖြင့် တပည့်သစ်လက်ခံပွဲမှာ တရားဝင်ပြီးဆုံးသွားလေ၏။
.................................................................................................................................
အခြားသော ဒုတိယမျိုးဆက်အကြီးအကဲများသည် သူတို့၏တပည့်များကို ဂိုဏ်းအတွင်း နေရာအနှံ့လိုက်လံပြသကြသဖြင့် ဂိုဏ်းတစ်ခုလုံး ပျော်ရွှင်စရာအသံများဖြင့် ပြည့်နှက်နေသည်။
ကျိလင်းဟန်နှင့် သူမ၏တပည့်သုံးဦးကြားတွင်မူ အခြေအနေမှာ အနည်းငယ်ထူးဆန်းနေသည်။
ကျိလင်းဟန်သည် တပည့်နှစ်ဦးဖြစ်သော ဟောင်နန်နှင့် ဟန်ဝမ်ယုံတို့ကို ကျင့်စဉ်များပေးအပ်ကာ အခြေခံများကို ရှင်းပြလိုက်သည်။
ထို့နောက် သူတို့ကို ကျင့်ကြံရန်အတွက် သင့်လျော်မည့်ဂူတစ်ဂူစီရွေးရန် လွှတ်လိုက်သည်။
ယခုအခါ တောင်ပေါ်တွင် သူမနှင့် လင်းနင် နှစ်ဦးတည်းသာ ကျန်တော့သည်။
"ဒါက ဂိုဏ်းချုပ်က ချီရီဂိုဏ်းကရလာတဲ့ ခရမ်းရောင်မီးလျှံ နှလုံးသားကျမ်းပဲ။ ဒါက ငါတို့ဂိုဏ်းရဲ့ ထိပ်တန်းကျင့်စဉ်။"
"ပြီးတော့ ဒါက နေမီးတောက်ဓားသိုင်းပဲ။ ဒါလည်း ငါတို့ဂိုဏ်းရဲ့ အစွမ်းအထက်ဆုံးသိုင်းကွက်ပဲ။"
"နားမလည်တာရှိရင် အချိန်မရွေးလာမေးလို့ရတယ်။"
ကျိလင်းဟန်သည် အစောပိုင်းကကိစ္စကြောင့် တစ်စုံတစ်ရာဖုံးကွယ်ထားခြင်းမရှိပေ။
သူမသည် စိတ်သဘောထားပြည့်ဝသူဖြစ်သဖြင့် တပည့်အပေါ် မကောင်းကြံစည်ခြင်းမရှိချေ။
လင်းနင်ပင်လျှင် ကျောက်စိမ်းပြားနှစ်ခုကို လက်ခံရရှိချိန်တွင် အံ့ဩသွားရသည်။
" တကယ်ပဲ ကျွန်မ ရှင့်ထက်သာသွားမှာကို မကြောက်ဘူးလား"
"မင်းရဲ့ အခုကျင့်ကြံမှုအဆင့်နဲ့ ဒီလိုစကားမျိုးပြောနေတာကို မရှက်ဘူးလား"
"အဲလိုလား... ဒီနေ့ တမင်လုပ်ခဲ့တာ မဟုတ်လား"
ထိုကိစ္စကို ပြောလိုက်သည်နှင့် လင်းနင်မှာ ဒေါသထွက်လာသည်။
"ရှင်သာ ကြားကနေမပိတ်ပင်ခဲ့ရင် သူက ကျွန်မကို တပည့်အဖြစ်လက်ခံလုနီးပါးဖြစ်နေပြီ... ရှင်က ကျွန်မကို သူ့နားမကပ်စေချင်တာ ရှင်းနေတာပဲ"
ကျိလင်းဟန်ကလည်း မလျှော့တမ်းပြန်ပြောလိုက်သည်။
"ဟုတ်တယ်... ငါ တမင်လုပ်တာ။ နင့်ရဲ့ ရည်ရွယ်ချက်ကို ငါမမြင်ဘူးလို့မထင်နဲ့။ ကိုယ်နဲ့မဆိုင်တဲ့လူကို လာမပတ်သက်နဲ့"
"ဒါဆိုရင် စောင့်ကြည့်နေလိုက်ပါ။ ဘာပဲဖြစ်ဖြစ် ဒီနေ့ကစပြီး ကျွန်မ သူ့ကိုပစ်မှတ်ထားလိုက်ပြီ။ ရှင်အပါအဝင် ဘယ်သူမှ သူ့ကိုလုယူလို့မရစေရဘူး၊ ယာယီဆရာမ"
"ဒါဆိုရင်လည်း ဆက်ပြီးအိပ်မက်မက်နေလိုက်ပေါ့။"
ကျိလင်းဟန်က လှောင်ပြုံးလေးပြုံးကာ ထွက်ခွာသွားသည်။
'ငါ့မှာ ဂိုဏ်းချုပ်ကိုယ်တိုင်ပေးထားတဲ့ အဆင့် ၉ ဝိညာဉ်ချပ်ဝတ်ရှိတာကို ငါက ထုတ်ကြွားနေလို့လား'
အကယ်၍ ကျန်းချန်သာ ဤမိန်းကလေးနှစ်ဦး၏စကားဝိုင်းကို ကြားလိုက်ရပါက သူတို့အပေါ်ထားရှိသောအမြင်များ ပြောင်းလဲသွားပေလိမ့်မည်။
သူတို့၏အစီအစဉ်များမှာ အလွန်နက်နဲပြီး ကြောက်စရာကောင်းလှသဖြင့် အစ်ကိုကြီးချန်တစ်ယောက် တုန်လှုပ်နေပေလိမ့်မည်။
မိန်းကလေးနှစ်ဦး ခွဲခွာသွားပြီးနောက် ကျင့်ကြံခြင်းကို ချက်ချင်းအာရုံစိုက်လိုက်ကြသည်။
အခြားတစ်ဖက်တွင်မူ ကျန်းချန်သည် နောက်ထပ်ဘာဆက်လုပ်ရင်ကောင်းမလဲ စဉ်းစားနေသည်။
စနစ်၏ နယ်မြေသုံးခုကိုညီညွှတ်စေရန်ဟူသောတာဝန်အရ သူသည် ဤချင်လန်စီရင်စုငယ်လေးထဲတွင်သာ အောင်းနေ၍မရချေ။
"ဟေ့ကောင်လေး... ဒီနေ့တော့ မင်းတော်တော်ထင်ပေါ်နေတယ်ပေါ့"
မျက်စိသုံးလုံးကျား ရုတ်တရက်ပေါ်လာသည်။
၎င်းသည် အစောပိုင်းက အခမ်းအနားသို့တက်ရောက်ရန် ငြင်းဆန်ခဲ့သည်။ ၎င်း၏အမြင်တွင် ကျန်းချန်ကိုဂုဏ်တက်စေမည့်အလုပ်မျိုး မလုပ်ချင်ပေ။
ကျန်းချန်ကလည်း ၎င်းမလာခြင်းကိုပင် ဝမ်းသာနေသည်။
အဘယ်ကြောင့်ဆိုသော် ဤကျား၏လက်ရှိပုံစံမှာ ဂိုဏ်းစောင့်နတ်သားရဲတစ်ကောင်နှင့်မတူဘဲ ခပ်နွမ်းနွမ်းဖြစ်နေသောကြောင့် တပည့်သစ်များကိုမိတ်ဆက်ပေးလျှင် ဂုဏ်ပျက်မည်ကို စိုးရိမ်သောကြောင့်ပင်။
"နည်းနည်းပါ... နေ့တိုင်း ထိပ်ဆုံးမှာရှိနေကျမို့လို့ မထူးဆန်းတော့ပါဘူး။"
ဤကျားကြီးသည် ကျန်းချန်ကဲ့သို့ကြွားဝါတတ်သောသူကို တစ်သက်နှင့်တစ်ကိုယ် မမြင်ဖူးဟု ကျိန်ဆိုဝံ့လေသည်။
"ဒီနေ့ မင်းနှင်ထုတ်လိုက်တဲ့လူက ဝိညာဉ်အခြေတည်အဆင့် ၈ ရှိတဲ့သူလို့ ငါပြောရင် မင်းပြုံးနိုင်ပါဦးမလား"
ချီချန်း၏ကျင့်ကြံမှုကို အခြားသူများမမြင်နိုင်သော်လည်း ဤမိစ္ဆာဘုရင်ကို မဖုံးကွယ်နိုင်ပေ။
ကျန်းချန်၏တုံ့ပြန်မှုကို ၎င်းက စိတ်ဝင်တစားစောင့်ကြည့်နေသည်။
ကျန်းချန် အမှန်တကယ်တည်ငြိမ်သွားသည်။
"မင်းပြောတာက... သူက သူ့အစွမ်းကိုဖုံးကွယ်ထားတယ်ပေါ့"
"ဒါပေါ့... သူ့မှာ အကြံအစည်တစ်ခုခုရှိနေမှာပဲ။ အဲဒီလူက ဖေးရှန်ဂိုဏ်းကို ဒုက္ခပေးဖို့လာတာ၊ အဲဒါကို မင်းကလွှတ်ပေးလိုက်တယ်... ဟားဟားဟားဟား..."
ကျားကြီးသည် အောင်နိုင်သူတစ်ယောက်ကဲ့သို့ ခေါင်းကိုခါယမ်းနေသည်။
၎င်းသည် ကျန်းချန်ဒုက္ခရောက်သည်ကိုမြင်ချင်သဖြင့် သတိမပေးခဲ့ခြင်းဖြစ်၏။
“အခု နောင်တရနေပြီလား... အဲဒီလို အန္တရာယ်ရှိတဲ့ရန်သူကို လွှတ်ပေးလိုက်တာဆိုတော့ နောင်မှာ မင်းရင်ဆိုင်ရမှာတွေအများကြီးပဲ”
ကျန်းချန်သည် အလွန်စိုးရိမ်သွားဟန်ဖြင့် မေးခွန်းများဆက်တိုက်မေးတော့သည်။
"သူက တကယ်ပဲ ဖေးရှန်ဂိုဏ်းကို ဒုက္ခပေးချင်တာ သေချာလား"
ကျားကြီး ကျေနပ်သွားမိသည်။
"ကောင်လေး... မင်းဦးနှောက်ကိုသုံးပြီး စဉ်းစားစမ်း။ သူ့ကျင့်ကြံမှုက မင်းထက်တောင်သာသေးတယ်၊ လူကလည်း ငယ်ငယ်လေး။ သူက ဘာလို့ ဖေးရှန်ဂိုဏ်းကို လာဝင်မှာလဲ... ဒါက မင်းရဲ့ ရန်သူတစ်ဖွဲ့ကလွှတ်လိုက်တာ သိသာနေတာပဲ။"
"ဒါဆိုရင် ဘယ်အဖွဲ့ကဖြစ်မယ်လို့ထင်လဲ"