ပြောင်မြောက်လှသော အစီအစဉ်
Vol. 6 Ch. 53
"ငါဘယ်လိုသိမှာလဲ... မင်းကပြဿနာရှာတာ အရမ်းတော်တာပဲ၊ လူပေါင်းစုံကို ရန်သူလုပ်ထားတာ မဟုတ်လား။"
မျက်စိသုံးလုံးကျားသည် ဘေးမှလှောင်ပြောင်နေသည်။
'ခံလိုက်စမ်း... မင်း ဒီလောက်ကြာအောင် ကြွားချင်တိုင်းကြွားနေတာ၊ အခုတော့ ခေါင်းကိုက်ရပြီမဟုတ်လား'
သို့သော် ဤသုံးသပ်ချက်ကိုကြားပြီးနောက် ကျန်းချန်သည် ခေါင်းကိုက်သွားမည့်အစား လက်ခုပ်လက်ဝါးတီးကာ ဝမ်းသာအားရဖြစ်သွားတော့သည်။
"ဒါက တကယ်ကို ဝမ်းသာစရာပဲ"
"ဟား... မင်းနောင်တရနေ... ပြီ... ဘာ"
ကျားကြီးမှာ အံ့ဩသွားသည်။
ဒါက ဘယ်လိုတုံ့ပြန်မှုမျိုးလဲ...
၎င်း မျှော်လင့်ထားသည်နှင့် လုံးဝဆန့်ကျင်ဘက်ဖြစ်နေသည်။
"ကောင်လေး... မင်း ဘာတွေဟန်ဆောင်နေတာလဲ... အမှန်အတိုင်းပြောရရင် အဲဒီလူက သိပ်ဝေးဝေး မရောက်သေးဘူး။ ငါ့အစွမ်းနဲ့ဆိုရင် သူ့ကိုပြန်ဖမ်းလာဖို့က အလွယ်လေးပဲ၊ ဒါပေမဲ့ မင်း ငါ့ကို အခြေအနေနှစ်ခု ကတိပေးရမယ်..."
၎င်းသည် ဤအခွင့်အရေးကိုအသုံးချကာ ကျန်းချန်ကိုခြိမ်းခြောက်ပြီး ဆင့်ခေါ်အဆောင်များ တောင်းယူရန်နှင့် ဂိုဏ်းစောင့်နတ်သားရဲစာချုပ်ကို ဖျက်သိမ်းရန် ကြံစည်နေ၏။
သို့သော် ၎င်း၏စကားမဆုံးမီမှာပင် ကျန်းချန်က အလျင်အမြန်တားလိုက်သည်။
"မလုပ်နဲ့... သူ့ကို လုံးဝ လုံးဝ ပြန်မဖမ်းနဲ့"
"အဲဒီလူက ဒီအထိရောက်အောင် တော်တော်လေး အပင်ပန်းခံလာခဲ့ရတာ။ သူက လူသတ်တာ၊ မီးရှို့တာလည်း မလုပ်ဘူး၊ ပန်းပင်လေးတွေကိုတောင် မထိခိုက်စေခဲ့ဘူး။ သူ့ကို ဖမ်းဆီးလိုက်တာက ယဉ်ကျေးမှုမရှိရာကျတယ်"
"ငါတို့ ဖေးရှန်ဂိုဏ်းက အခုဆို နာမည်ကျော်ဂိုဏ်းကြီးတစ်ဂိုဏ်းဖြစ်နေပြီ။ ဧည့်သည်တွေကို အဲဒီလိုဆက်ဆံလို့ ဘယ်ဖြစ်မလဲ"
ကျားကြီးသည် ကျန်းချန်ကို အသေအချာကြည့်လိုက်ရာ နောက်ပြောင်နေခြင်းမဟုတ်ဘဲ အတည်ပြောနေခြင်းဖြစ်ကြောင်း တွေ့လိုက်ရသည်။
"မင်း ရူးနေတာလား... ရန်သူက မင်းကိုဒုက္ခပေးဖို့ တိတ်တဆိတ်ကြံစည်နေတာကို မင်းက ပျော်နေသေးတယ်"
"ငါ ဘာလို့မပျော်ရမှာလဲ"
အစ်ကိုကြီးချန်တစ်ယောက် အောင်ပွဲခံသီချင်းပင် ဆိုချင်နေမိသည်။
နောက်ဆုံးတော့ တစ်စုံတစ်ယောက်က သူ့ကိုရန်မူတော့မည် မဟုတ်ပါလား။
သူကလည်း တိုက်ခိုက်စရာမရှိ၍ စိတ်ညစ်နေချိန်တွင် တစ်စုံတစ်ယောက်က အိမ်အရောက် လာပို့ပေးသလိုဖြစ်နေသည်။
ထိုယွန်းချန်း၏နောက်တွင် အင်အားကြီးအဖွဲ့အစည်းတစ်ခုခုရှိနေမှာ သေချာသည်။
သူ စိတ်လှုပ်ရှားလွန်းသဖြင့် လက်နှစ်ဖက်ကိုပွတ်နေမိ၏။
"သူတို့ ငါ့ကို ဘယ်လိုများ ဒုက္ခပေးမလဲ... ဟူး... သူတို့ အစွမ်းထက်ကြပါစေလို့ပဲ ငါ ဆုတောင်းပါတယ်။"
ရန်သူအင်အားကြီးလေ၊ တိုက်ပွဲအပြီးရရှိမည့်ဆုလာဘ်များလေ...
ရန်သူကို ဘယ်လိုအနိုင်ယူမလဲ... ထိုအချက်ကို သူ စဉ်းစားစရာမလိုချေ။ စနစ်ဖေဖေကြီးက စီစဉ်ပေးလိမ့်မည်...
တစ်နေ့လျှင်သုံးကြိမ် မသေနိုင်သောကိုယ်ခန္ဓာကိုရရှိထားသည့် ကျန်းချန်အတွက် နည်းဗျူဟာမလိုအပ်ပေ၊ တိုက်ရိုက်တိုက်ခိုက်ရုံပင်။
"တကယ်ကို မျှော်လင့်နေမိပြီ"
သူ၏ ပျော်ရွှင်နေသောကျောပြင်ကိုကြည့်ပြီး ကျားကြီးမှာ ဇဝေဇဝါဖြစ်နေတော့သည်။
ကမ္ဘာကြီးပဲ ထူးဆန်းနေတာလား... ဒီကောင်လေးပဲ ထူးဆန်းနေတာလား...
...........................................................................................
အခြားတစ်ဖက်တွင်မူ ဖေးရှန်ဂိုဏ်းမှထွက်လာသော ချီချန်းသည် ဒေါသပေါက်ကွဲနေ၏။
သူသည် မိုင်ပေါင်းသောင်းချီပျံသန်းသွားပြီးနောက် မြို့ငယ်လေးတစ်မြို့တွင် ဒေါသဖြေရန်လူသတ်ပွဲ ဆင်နွှဲလိုက်သည်။
ပါယွန်းခန်းမသို့ ပြန်ရောက်သောအခါ သူဒေါသအနည်းငယ်ပြေသွားပြီး လူကျန့်ကို ထပ်မံခေါ်ယူလိုက်သည်။
"ဖေးရှန်ဂိုဏ်းကို ခိုးဝင်မယ့်အစီအစဉ် ပျက်သွားပြီ။"
"သူတို့ ရိပ်မိသွားတာလား"
လူကျန့်သည် မယုံကြည်နိုင်သလို ဖြစ်သွားသည်။
ချီချန်းကဲ့သို့ ပါးနပ်သူတစ်ဦးက ဤဂိုဏ်းငယ်လေးတွင် ကျရှုံးစရာအကြောင်းမရှိပေ။
ချီချန်းက အသေအချာပြန်စဉ်းစားပြီးနောက် ခေါင်းခါလိုက်သည်။
"မဟုတ်လောက်ဘူး။"
သူ့အမြင်အရ ကျန်းချန်သာ သူမည်သူမည်ဝါဖြစ်ကြောင်းသိသွားပါက ကျားမိစ္ဆာကိုခေါ်ပြီး သူ့ကိုဖမ်းခိုင်းမည်ဖြစ်သည်။
အနည်းဆုံးတော့ ကျန်းချန်သည် ဝိညာဉ်အခြေတည်အဆင့်ဖြစ်ရာ သူ့ကိုအလွယ်တကူ လွှတ်ပေးမည် မဟုတ်ပေ။
"သူ မရိပ်မိသေးဘူးဆိုရင် ငါတို့အစီအစဉ်ကို ဆက်လို့ရတာပေါ့။"
"ဘယ်လို ဆက်မလဲ"
"သူတို့နေရာကို ငါတို့က အစားထိုးသိမ်းပိုက်ရမယ်"
"အသေးစိတ်ပြော"
"ငါတို့က တွမ့်မူမိသားစုနဲ့ တခြားစီရင်စုတွေကို အမိန့်ပေးပြီး ဖေးရှန်ဂိုဏ်းကိုဝိုင်းခိုင်းရမယ်..."
လူကျန့်စကားမဆုံးမီ ချီချန်းကဖြတ်ပြောလိုက်သည်။
"အဲဒီမှာ ကျားမိစ္ဆာရှိနေတာ၊ သူတို့ တိုက်ခိုက်လို့မရဘူး။ ဒါက သေတွင်းထဲတိုးဝင်တာပဲ။"
တွမ့်မူမိသားစုနှင့် ပတ်ဝန်းကျင်မှဂိုဏ်းများပေါင်းလျှင် ဝိညာဉ်အခြေတည်အဆင့် ၃၀၊ ၄၀ ခန့် ရှိပေလိမ့်မည်။
ဤအင်အားမှာ များပြားသည်ဟုထင်ရသော်လည်း အနည်းဆုံး ကောင်းကင်ကံကြမ္မာအဆင့် ၉ ရှိသော ကျားမိစ္ဆာကို မယှဉ်နိုင်ပေ။
လူကျန့်ကလက်ကာပြလိုက်သည်...
"သခင်လေး အထင်မှားနေပါပြီ။ သူတို့ကို ဖေးရှန်ဂိုဏ်းကို တိုက်ရိုက်တိုက်ခိုင်းဖို့မဟုတ်ပါဘူး။"
"ဟင်"
"မတိုက်ဘဲနဲ့ ဝိုင်းထားရုံပဲ"
ချီချန်း၏ မျက်လုံးများ ချက်ချင်းတောက်ပသွားပြီး အကြံကိုရိပ်မိသွားသည်။
"ဆိုလိုတာက... ဒီအခွင့်အရေးကိုသုံးပြီး လူတွေကို ဂိုဏ်းထဲလွှတ်လိုက်ဖို့လား"
ဂိုဏ်းများစွာ၏ ဝိုင်းရံခြင်းကိုခံရပါက ဖေးရှန်ဂိုဏ်းမှာ အန္တရာယ်ရှိသော အခြေအနေသို့ ရောက်သွားမည်။
ထိုအချိန်တွင် ပါယွန်းခန်းမက လူကောင်းအဖြစ်ဟန်ဆောင်ကာ တရားမျှတမှုကို ကာကွယ်ပေးရန်ဟူသော အကြောင်းပြချက်ဖြင့် ပညာရှင်များကို ထိုဂိုဏ်းအတွင်း၌ အခြေစိုက်ခိုင်းမည်ဖြစ်သည်။
အင်အားကြီးလှသော ပါယွန်းခန်းမကကူညီမည်ဆိုလျှင် ကျန်းချန် ငြင်းစရာအကြောင်းမရှိပေ။
သူက ကျေးဇူးပင်တင်နေဦးမည်။ ထိုပညာရှင်များ ဂိုဏ်းထဲသို့ ရောက်သွားပြီး အိမ်ရှင်ကဲ့သို့ ပြုမူလာပါက ဖေးရှန်ဂိုဏ်းချုပ်၏အမည်မှာ ကျန်းဖြစ်နေပါဦးမလား ဆိုသည်မှာ ပြောရခက်ပေလိမ့်မည်။ (သူလျှိုဝင်ပြီးအတွင်းကနေသိမ်းမှာ...)
ထိုအချိန်ကျလျှင် ကျားမိစ္ဆာသည်လည်း ပါယွန်းခန်းမဘက်သို့ ပါလာနိုင်ပေသည်။
"တကယ်ကို ပြောင်မြောက်လှတဲ့ အစီအစဉ်ပဲ"
ချီချန်း လက်ခုပ်တီးကာ ရယ်မောလိုက်သည်။ ကျန်းချန်၏ နောက်ဆုံးအချိန်ကို မြင်ယောင်နေပုံရသည်။
ရက်အနည်းငယ်အကြာတွင် ဖေးယွန်းစီရင်စုလက်အောက်ရှိ စီရင်စုများဆီသို့ သတင်းကြီးတစ်ခု ပျံ့နှံ့သွားသည်။
ချင်လန်စီရင်စုမှ တွမ့်မူမိသားစု၊ ချန်းနင်စီရင်စုမှ ချွမ်းနင်ခံတပ်၊ ချုံယန်စီရင်စုမှ ရွှီဖုန်းဂိုဏ်းနှင့် ထျန်းယိုတံခါး၊ ပိုင်လုံစီရင်စုမှ ကျင်းလုံမိသားစုနှင့် အခြားစီရင်စုများမှ လျိုလီဂိုဏ်း၊ နန်ဝူဂိုဏ်းနှင့် သွေးတောင်ကြားဂိုဏ်း... စုစုပေါင်း စီရင်စု ၅ ခုမှ ဂိုဏ်း ၈ ဂိုဏ်း ပူးပေါင်းကာ ကျန်းချန်ဆန့်ကျင်ရေးမဟာမိတ်ကို ဖွဲ့စည်းလိုက်ကြသည်။
ထိုဂိုဏ်း ၈ ဂိုဏ်းသည် လူသိရှင်ကြားကြေညာချက် ထုတ်ပြန်လိုက်သည်...
"ဖေးရှန်ဂိုဏ်း၏ဂိုဏ်းချုပ်ကျန်းချန်သည် ရက်စက်ကြမ်းကြုတ်စွာဖြင့် ဂိုဏ်း ၅ ဂိုဏ်းကို ဖျက်ဆီးခဲ့ပြီး သက်ရှိများကိုသတ်ဖြတ်ခဲ့ရာ ချင်းလန်စီရင်စုတစ်ခုလုံးမှာ ကြောက်ရွံ့တုန်လှုပ်နေကြရသည်။ ချင်းလန်စီရင်စုအတွင်းရှိ သန်းပေါင်းများစွာသော လူသားများနှင့် ကျင့်ကြံသူများကို ကယ်တင်ရန်အတွက် ကျွန်ုပ်တို့ ဂိုဏ်း ၈ ဂိုဏ်းပူးပေါင်းကာ ဖေးရှန်ဂိုဏ်းကို တိုက်ခိုက်သွားမည်။ ယနေ့မှစ၍ ဖေးရှန်ဂိုဏ်းမှ မည်သည့်တပည့်မဆို အပြင်ထွက်ပါက ခြွင်းချက်မရှိသတ်ဖြတ်မည်... ထိုဂိုဏ်းနှင့်ပတ်သက်မှုရှိသော မည်သည့်မိသားစု သို့မဟုတ် ဂိုဏ်းကိုမဆို အမြစ်ပြတ်ဖျက်ဆီးမည်"
ဤကြေညာချက်ထွက်ပေါ်လာသည်နှင့် ချင်လန်စီရင်စုတစ်ခုလုံးမှာ ဆူညံသွားတော့သည်။ ကျင့်ကြံသူများစွာမှာ ထိုကြေညာချက်ကိုကြည့်ပြီး ဇဝေဇဝါဖြစ်နေကြသည်။
'ဪ... ငါတို့က ကြောက်ရွံ့တုန်လှုပ်နေရတာလား
ငါတို့က ဆင်းရဲဒုက္ခရောက်နေတာလား...
ငါတို့တောင် မသိပါလား'
ဖေးရှန်ဂိုဏ်းမှာ မည်သည်မျှလုပ်ဆောင်ခဲ့ခြင်းမရှိပေ။
ဂိုဏ်း ၅ ဂိုဏ်းကို ဖျက်ဆီးခဲ့သော်လည်း ထိုအချိန်မှစ၍ ဂိုဏ်းတံခါးပိတ်ကာ အေးဆေးနေခဲ့ခြင်း ဖြစ်သည်။
ထိုဂိုဏ်းများကိုဖျက်ဆီးလိုက်ခြင်းကြောင့် ပတ်ဝန်းကျင်ရှိ မိသားစုငယ်များနှင့် ကျင့်ကြံသူများမှာ အနှိမ်ခံရခြင်းဘေးမှကင်းဝေးသွားသဖြင့် ဘဝမှာ ပို၍ပင်အဆင်ပြေနေကြသေးသည်။
အရေးကြီးဆုံးအချက်မှာ လူများစွာသည် ဖေးရှန်ဂိုဏ်းသို့မဝင်လိုက်ရသဖြင့် နောင်တရနေကြခြင်းဖြစ်၏။
ဤအချိန်တွင် တွမ့်မူကျယ်သည် အခြားဂိုဏ်းချုပ်များ၊ အကြီးအကဲများနှင့် တွေ့ဆုံနေပြီဖြစ်သည်။
ဤဂိုဏ်း ၈ ဂိုဏ်းသည် ဝိညာဉ်အခြေတည်အဆင့် ပညာရှင် ၃၁ ဦးကို စေလွှတ်ထားသည်။
သူတို့ထဲတွင် အစွမ်းဆုံးမှာ ချုံယန်စီရင်စုမှ ရွှီဖုန်းဂိုဏ်းချုပ် ကျိုလော့ဖြစ်ပြီး ဝိညာဉ်အခြေတည်အဆင့် ၈ သို့ ရောက်ရှိနေ၏။
"အားလုံးပဲ... ဒီဝိုင်းရံမှုအပေါ် ဘယ်လိုထင်ကြသလဲ"
တွမ့်မူကျယ်က အိမ်ရှင်အဖြစ် စတင်မေးမြန်းလိုက်သည်။
ကျိုလော့က မျက်မှောင်ကြုတ်ကာ အေးစက်စွာပြောလိုက်သည်...
"ဘာထင်စရာရှိဦးမှာလဲ... ဒါက ပါယွန်းခန်းမသခင်လေးရဲ့အမိန့်ပဲ။ ငါတို့ထဲမှာ ဘယ်သူကငြင်းရဲလို့လဲ"
ချွမ်းနင်ခံတပ်မှ ခံတပ်မှူးတုန်းဟိုင်က ရက်စက်စွာပြောလိုက်သည်...
"ဖေးရှန်ဂိုဏ်းကိုတော့ အရေးယူဖို့ တကယ်လိုအပ်နေတာ။ သူတို့က နောက်ပိုင်းမှာ အရမ်းကို နာမည်ကြီးနေတာပဲ။ ငါတို့စီရင်စုက ပါရမီရှင်တွေတောင် အဲဒီကိုဝင်ချင်နေကြတာ။"