စိတ်ဓာတ်ကျနေသော ကျင်းလုံမိသားစု
Vol. 6 Ch. 54
အခြားဂိုဏ်းချုပ်များနှင့် အကြီးအကဲများသည်လည်း ထိုစကားကိုထောက်ခံကြသည်။
"ဟုတ်တယ်... ဖေးရှန်ဂိုဏ်းက ငါတို့စီရင်စုကပါရမီရှင်တွေကိုလုယူပြီး နယ်ကျော်နေတာ။ သူတို့က လွန်လွန်းနေပြီ"
"မပြောနဲ့တော့... ငါတို့ ပိုင်လုံစံအိမ်မှာ လင်းနင်ဆိုတဲ့ပါရမီရှင်လေးရှိခဲ့တာ။ ငါတို့ ကျင်းလုံမိသားစုက သူမကိုစောင့်ကြည့်နေပြီး ဒီနှစ်ကုန်ရင် ငါတို့သားမြေးတွေနဲ့ လက်ထပ်ပေးဖို့ စီစဉ်ထားတာ။ ဘယ်သူကထင်မှာလဲ... သူက ဖေးရှန်ဂိုဏ်းကိုဝင်သွားလိမ့်မယ်လို့"
"သူတို့က တကယ်ပဲ အဆိုးအကောင်းမသိကြတာပဲ"
"ပါယွန်းသခင်လေးရဲ့အမိန့်မရှိရင်တောင် ငါကိုယ်တိုင် ဖေးရှန်ဂိုဏ်းဆီသွားပြီး ရှင်းခိုင်းဦးမှာ"
ကျင်းလုံမိသားစုခေါင်းဆောင် လုံကျန့်ရှန်း၏စကားကိုကြားသောအခါ အားလုံးက အပေါ်ယံတွင် ခေါင်းညိတ်ထောက်ခံသော်လည်း စိတ်ထဲတွင်မူ လှောင်ပြောင်နေကြသည်။
'ညီအစ်ကိုရာ... အဲဒီကလေးမလေးက မင်းတို့နဲ့မပတ်သက်ချင်လို့ ထွက်သွားတာကို၊ မင်းက အတင်းအဓမ္မ လက်ထပ်ပေးဖို့ ကြံနေတာ မဟုတ်လား... ဒီမှာရှိတဲ့လူတွေထဲမှာ အတင်းအဓမ္မ လုယူတဲ့နေရာမှာ ဆရာမကျတဲ့လူ ဘယ်သူရှိလို့လဲ... ငါတို့ကို အတယ်ထင်နေတာလား'
တွမ့်မူကျယ်က ပထမဆုံးထရပ်ကာ လုံကျန့်ရှန်းကို ကျယ်လောင်စွာထောက်ခံလိုက်သည်။
"ကောင်းတယ်... မိသားစုခေါင်းဆောင်လုံက ဖေးရှန်ဂိုဏ်းကို ဒီလောက်တောင်မုန်းနေမှတော့... ကျင်းလုံမိသားစုရဲ့အောင်ပွဲကို ငါ ကြိုပြီးဆုတောင်းပေးလိုက်ပါတယ်"
သူ၏စကားမှာ သူရဲကောင်းဆန်သော်လည်း အဓိပ္ပာယ်မရှိပေ။
'မင်း ရှေ့ကတက်တိုက်၊ ငါတို့က နောက်ကကြည့်နေမယ်' ဟုဆိုလိုခြင်းဖြစ်သည်။
အခြားဂိုဏ်းချုပ်များကလည်း ရိပ်မိသွားကြပြီး ချက်ချင်းဝိုင်းပြောကြတော့သည်။
"ဟုတ်တယ်၊ ငါတို့က မိသားစုခေါင်းဆောင်လုံရဲ့ နောက်ကွယ်ကနေ ကူညီပေးမယ်"
"ကျင်းလုံမိသားစု အောင်ပွဲခံပြီးပြန်လာရင် ငါတို့ ဒီမှာတင် အောင်ပွဲခံစားပွဲတော်ကြီး ပြင်ဆင်ထားပေးမယ်"
"ဖေးရှန်ဂိုဏ်းဆိုတာ ဂိုဏ်းငယ်လေးပါ၊ ကျင်းလုံမိသားစုလက်ထဲမှာ အလွယ်တကူပြိုလဲသွားမှာ သေချာတယ်။ ဒီတစ်ခါတော့ အစ်ကိုကြီးလုံက အမှတ်တွေအကုန်ယူတော့မှာပဲ"
ဤနေရာတွင် ရှိနေသူများမှာ အသက်ရာနှင့်ချီနေထိုင်လာကြသော မြေခွေးအိုကြီးများဖြစ်၏။
ဖေးရှန်ဂိုဏ်းက လူနည်းသော်လည်း ချီရီဂိုဏ်းကို အမြစ်ပြတ်သုတ်သင်နိုင်ခဲ့ခြင်းမှာ သာမန်ကိစ္စမဟုတ်ကြောင်း သူတို့သိသည်။
သူတို့သည် ချီချန်း၏အကြံကိုလည်းသိ၏...
သူတို့ကို အမြှောက်စာအဖြစ် အသုံးချချင်နေခြင်းပင်။
ထို့ကြောင့် ကိုယ့်ကိုယ်ကိုယ်အန္တရာယ်မဖြစ်စေဘဲ လူမိုက်တစ်ယောက်ကို အရင်ရှေ့ထွက်ခိုင်းပြီး အခြေအနေကို စမ်းသပ်ကြည့်ချင်ကြခြင်းဖြစ်၏။
အထူးသဖြင့် မျက်စိသုံးလုံးကျားအကြောင်းကိုသိသော တွမ့်မူကျယ်မှာ ဘယ်တော့မှ ရှေ့ကတက်တိုက်မည်မဟုတ်။
"ဒါ... ဒါက..."
လုံကျန့်ရှန်းမှာ စိတ်ပျက်သွားရသည်။
'အစောလေးတင်ပဲ အားလုံးက ဝိုင်းပြောနေကြတာ မဟုတ်လား... ဘယ်လိုဖြစ်လို့ အခုကျတော့ ငါတစ်ယောက်တည်း ကိစ္စ ဖြစ်သွားရတာလဲ...'
"ကျွန်တော်ထင်တာကတော့ ဒါကို သေချာစဉ်းစားသင့်သေးတယ်... ဖေးရှန်ဂိုဏ်းကို ဖျက်ဆီးဖို့ဆိုတာ ငါတို့ ကျင်းလုံမိသားစုတစ်ခုတည်းနဲ့..."
"ဟမ့်..."
ကျိုလော့က အထင်သေးသောအကြည့်ဖြင့် ကြည့်လိုက်သည်။
"မိသားစုခေါင်းဆောင်လုံ... ခုနကပဲရှင်းခိုင်းဦးမယ်ဆို။ ဘာလဲ... ပါးစပ်ကပဲ ပြောတတ်တာလား"
"ဟုတ်တယ်၊ အစ်ကိုကြီးလုံက ပါးစပ်ကပဲကြွားတတ်ပြီး တကယ်တမ်းတော့ ဖေးရှန်ဂိုဏ်းကို ကြောက်နေတာမလား"
လုံကျန့်ရှန်းသည် ဤစွပ်စွဲချက်များကို အောင့်အည်းသည်းခံနေရသည်။
"မင်းတို့ ငါ့ကိုမစွပ်စွဲနဲ့။ ငါ သခင်လေးချီရဲ့အမိန့်ကို နာခံမှာပါ။ ဒါပေမဲ့ သခင်လေးက ငါ့ကို အခုချက်ချင်းတိုက်ခိုင်းတာမှ မဟုတ်တာ..."
သူ့စကားမဆုံးမီမှာပင် ခန်းမထဲသို့ လူတစ်ဦးဝင်ရောက်လာ၏။ ၎င်းမှာ ချီချန်းပင်ဖြစ်သည်။
"အဲဒီလိုဆိုရင်လည်း... မိသားစုခေါင်းဆောင်လုံကပဲ ကျင်းလုံမိသားစုရဲ့အင်အားကိုဦးဆောင်ပြီး ဖေးရှန်ဂိုဏ်းကို အရင်တိုက်ခိုက်လိုက်ပါ"
ချီချန်းကလည်း တစ်စုံတစ်ဦးကို အရင်လွှတ်ပြီး စမ်းသပ်ကြည့်ရန် ဆုံးဖြတ်လိုက်ခြင်းပင်။
သူသည် မျက်စိသုံးလုံးကျားကို ကိုယ်တိုင်မတွေ့ရသေးသဖြင့် ၎င်း မည်မျှအစွမ်းထက်ကြောင်း သိချင်နေသည်။
ကျင်းလုံမိသားစုသေကျေသွားမည်ကိုမူ သူဂရုမစိုက်ပေ။ သူတို့မှာ နယ်ရုပ်များသာ။
"သခင်လေး"
ခန်းမထဲရှိလူတိုင်း ထရပ်ကာ အလေးပြုကြသည်။
လုံကျန့်ရှန်း၏ မျက်နှာမှာမူ ဝမ်းချုပ်နေသကဲ့သို့ဖြစ်သွားသည်။ သူသည် ချီချန်း၏ ရောင်းစားခြင်းကို ခံလိုက်ရပြီဖြစ်ကြောင်း ရိပ်မိသော်လည်း မငြင်းရဲချေ။
ချီချန်း၏နောက်ကွယ်မှ လူကျန့် တစ်ယောက်တည်းကပင် သူတို့ကျင်းလုံမိသားစု၏ ပညာရှင် ၇၀ ကျော်လုံးကို သတ်ပစ်နိုင်သည် မဟုတ်ပါလား။
"အမိန့်ကို မနာခံဘူးဆိုရင် ပါယွန်းခန်းမရဲ့ရန်သူအဖြစ် သတ်မှတ်ရမှာလား"
ချီချန်းက မျက်နှာထားတင်းတင်းဖြင့် မေးလိုက်သည်။
လုံကျန့်ရှန်းသည် စိတ်ထဲမှ ကျိန်ဆဲနေသော်လည်း
"ကျွန်တော် မလုပ်ရဲပါဘူး၊ အခုချက်ချင်း သွားပါ့မယ်..."
ဟုသာ ပြောနိုင်တော့သည်။
အခြားတစ်ဖက်တွင်မူ ကျန်းချန်သည် ဂိုဏ်း ၈ ဂိုဏ်း၏ ဝိုင်းရံခြင်းခံရမည့်သတင်းကို ရရှိထားပြီးဖြစ်သည်။
'နောက်ဆုံးတော့ ရောက်လာကြပြီလား
ဂိုဏ်း ၈ ဂိုဏ်းဆိုတော့ အမှတ်တွေ ဘယ်လောက်တောင် ရမလဲ
ဒီတစ်ခါတော့ အဆင့်တက်ရုံတင်မကဘူး၊ ကံစမ်းမဲတွေပါနှိုက်လို့ရတော့မှာပဲ'
တွေးရင်းနှင့်ပင် သူရင်ခုန်လာမိသည်။
"ဂိုဏ်းချုပ်"
"ဂိုဏ်း ၈ ဂိုဏ်းက ဝိုင်းတိုက်တော့မယ်လို့ကြားတယ်"
"ဟုတ်တယ်... ကျွန်တော်တို့ ဘာလုပ်ကြမလဲ"
ဒုတိယမျိုးဆက်နှင့် တတိယမျိုးဆက် တပည့်အားလုံး ရောက်လာကြသည်။ ကျိလင်းဟန်နှင့် လင်းနင်တို့လည်း ပါဝင်သည်။
ဂိုဏ်း ၈ ဂိုဏ်းဆိုသည်မှာ ဝိညာဉ်အခြေတည်အဆင့်ပညာရှင်များစွာပါဝင်နေသဖြင့် ကျန်းချန်ကိုယုံကြည်သော်လည်း စိုးရိမ်နေကြဆဲပင်။
"ဂိုဏ်းချုပ်... ရန်သူကို ဘယ်လိုရင်ဆိုင်ရမလဲဆိုတာ အမိန့်ပေးပါ"
"ဟုတ်ပါတယ်... ကျွန်တော်တို့ ဘယ်တော့မှ နောက်မဆုတ်ဘူး"
သူတို့၏ အသေခံတိုက်မည့် မျက်ဝန်းများကိုကြည့်ပြီး ကျန်းချန်မှာ ဆွံ့အသွားရသည်။
'မင်းတို့က အေးအေးဆေးဆေး ကျင့်ကြံပြီး ငါ့အတွက် အမှတ်တွေ ရှာပေးကြပါလား’
"ငါ မင်းတို့ကိုမခေါ်ဘဲနဲ့ ဘာလို့ အော်ဟစ်နေကြတာလဲ"
"ရန်သူတွေက တံခါးဝရောက်နေပြီ ဂိုဏ်းချုပ်ရဲ့... ဒါက ဂိုဏ်းရဲ့ သေရေးရှင်ရေးအခိုက်အတန့်ပဲ..."
လော့ယွမ်ပြောနေရင်းနှင့် ရုတ်တရက်သတိဝင်လာသည်။
'ဟုတ်သားပဲ... ဂိုဏ်းချုပ် ဘယ်လောက်အစွမ်းထက်လဲဆိုတာ သူတို့မှမသိတာ'
သူ စကားလမ်းကြောင်းကို ချက်ချင်းပြောင်းလိုက်သည်...
"ဒါဆိုရင် ဂိုဏ်းချုပ်မှာ ရန်သူကိုနှိမ်နင်းဖို့ အစီအစဉ်ရှိပြီးသားပေါ့"
ကျန်းချန်မဖြေမီမှာပင် ရှန်ထိုက်နှင့် အခြားသူများက မြှောက်ပင့်ပြောဆိုကြတော့သည်။
"ဂိုဏ်းချုပ်က နတ်ဘုရားတစ်ပါးပဲ။ ဒီဂိုဏ်း ၈ ဂိုဏ်းဆိုတာ ကြက်တွေ၊ ခွေးတွေလိုပါပဲ၊ တစ်ချက်တည်းနဲ့ ပြုတ်သွားမှာ"
"ဂိုဏ်းချုပ်သာ တစ်ချက်လှုပ်လိုက်ရင် သူတို့ သေမှန်းတောင်သိမှာမဟုတ်ဘူး။"
"ကျွန်တော် လောင်းရဲတယ်၊ ဂိုဏ်းချုပ် သူတို့ကိုသတ်ဖို့ တစ်နာရီတောင်မကြာဘူး"
"တစ်နာရီ ဟုတ်လား... မင်းက ဂိုဏ်းချုပ်ကို အထင်သေးလှချည်လား။ ၁၅ မိနစ်ပဲ ကြာမယ်လို့ ငါထင်တယ်"
"၁၅ မိနစ်... ငါကတော့ တစ်ကွက်တည်းနဲ့ ပြီးသွားမယ်လို့ထင်တယ်"
ကျန်းချန်မှာ မျက်နှာပြောင်တတ်သော်လည်း ဤမျှအထိ မြှောက်ပင့်ပြောဆိုခြင်းကိုမူ ခံနိုင်ရည်မရှိတော့ပေ။
'ငါ့မှာ မသေနိုင်တဲ့ စနစ်ရှိပေမဲ့... တစ်ကွက်တည်းနဲ့ပြီးမယ်ဆိုတာကတော့ လွန်တယ်ထင်တယ်'
တတိယမျိုးဆက်တပည့်များမှာမူ သူတို့၏ဆရာများ ရူးသွားပြီလားဟုပင် သံသယဝင်နေကြသည်။
ထိုအချိန်တွင် ကျင်းလုံမိသားစု၏လူများသည် ဖေးရှန်ဂိုဏ်းတောင်ခြေသို့ ရောက်ရှိလာကြပြီဖြစ်၏။
ဂိုဏ်းစောင့်အစီအရင်ပျက်စီးနေသဖြင့် သူတို့အတွက် တားဆီးမည့်သူမရှိဘဲ ချောမွေ့စွာ ဝင်ရောက်လာကြသည်။
အဝါလေး၏ အသံမှာ ကျန်းချန်နားထဲသို့ ရောက်လာသည်။
"မေမေ... လူစိမ်း ၇၄ ယောက် ဝင်လာနေတယ်။ သူတို့ရဲ့ ဝိညာဉ်စွမ်းအားတွေကို ဖျောက်ပစ်လိုက်ရမလား"
"အဲလိုလုပ်ရင် သမီးလေးအားကုန်သွားမှာလား"
"ဟုတ်တယ်... လူများလေလေ သမီးရဲ့ အစွမ်းကုန်ဆုံးမှုများလေလေပဲ။ ဒါပေမဲ့ မေမေသာ အမိန့်ပေးရင် သမီးလုပ်နိုင်ပါတယ်။"
"လိမ္မာလိုက်တဲ့ သမီးလေး... ဒါပေမဲ့ ဒီတစ်ခါတော့မလိုပါဘူး။ သူတို့ကို အထဲဝင်လာခိုင်းလိုက်ပါ။"