← Chapters

ကြောက်လန့်တုန်လှုပ်ခြင်း

Vol. 6 Ch. 55

ကြောက်လန့်တုန်လှုပ်ခြင်း

Vol. 6 Ch. 55

၇၄ ယောက်တည်းလား...

အစ်ကိုကြီးချန် အနည်းငယ်မကျေမနပ်ဖြစ်သွားသည်။ ဤလူနည်းစုလေးက သူ့ကို အထင်သေးနေသလော...

"အပြင်ထွက်ကြည့်ကြစို့။"

အားလုံး ခန်းမဆောင်အဝင်ဝသို့ ပြေးထွက်သွားကြချိန်တွင် တစ်ဖက်မှရန်သူများလည်း ရှေ့သို့တိုးဝင်လာကြသည်။

"သေစမ်း... ဟိုရှေ့ကလူက ကျင်းလုံမိသားစုရဲ့ အကြီးအကဲ လုံကျန့်ရှန်းပဲ"

လင်းနင် မျက်နှာပျက်သွားသည်။ ကျင်းလုံမိသားစုသည် တစ်ချိန်က လင်းမိသားစုထံသို့ လာရောက်ကာ သူမကိုလက်ထပ်ရန် ကမ်းလှမ်းခဲ့ဖူးသည်။

လင်းမိသားစုက သူမကဲ့သို့ပါရမီရှင်တစ်ဦးကို အခြားမိသားစုထဲသို့ မထည့်ချင်သော်လည်း ကျင်းလုံမိသားစု၏အင်အားကို မလွန်ဆန်နိုင်ခဲ့ချေ။

သူမ ဂိုဏ်းဝင်ရန်လာခဲ့ခြင်းမှာ အမှန်တကယ်တော့ ထိုလက်ထပ်ပွဲမှထွက်ပြေးလာခြင်းပင်။

ဤမျှ အမြန်ရှာတွေ့ခံရလိမ့်မည်ဟု မထင်ထားခဲ့ပေ။

"ဂိုဏ်းချုပ်... သူက ကျွန်မကိုလာဖမ်းတာ ဖြစ်နိုင်တယ်။ ကျွန်မပဲ သူနဲ့လိုက်သွားပါ့မယ်”

ကျန်းချန်သည် သူတို့ကြားမှကိစ္စများကိုမသိသလို အသေးစိတ်မေးမြန်းရန်လည်း ပျင်းနေသည်။ သူက လင်းနင်ကို အံ့ဩသလိုကြည့်လိုက်၏။

'ညီမလေးရာ... ငါတို့က အကုန်လုံးကို အသာလေးအနိုင်ယူလို့ရနေတာ... မင်းက ဘာလို့ ကိုယ့်ကိုယ်ကိုယ်အနစ်နာခံတဲ့ ဒရာမာတွေခင်းနေရတာလဲ'

"မင်းနဲ့ မဆိုင်ဘူး၊ နောက်မှာပဲ သွားနေလိုက်။"

သူက လက်ခါပြလိုက်သည်။

"မင်းတို့ကို ဘယ်သူလွှတ်လိုက်တာလဲ"

လုံကျန့်ရှန်းရောက်လာပြီးနောက် သူ၏ဝိညာဉ်အာရုံဖြင့် ပတ်ဝန်းကျင်ကိုစစ်ဆေးလိုက်သည်။

ဖေးရှန်ဂိုဏ်းတွင် တစ်ခုခုရှိနေမည်ဟု သူ သံသယရှိသဖြင့် သတိထားနေခြင်းဖြစ်သည်။ လင်းနင်ကို မြင်သောအခါ သူ၏မျက်ဝန်းထဲတွင် သတ်ဖြတ်လိုသောအရိပ်အယောင်များ ပေါ်လာသော်လည်း ချက်ချင်း ပေါက်ကွဲမထွက်သေးပေ။

"မင်းက ကျန်းချန်လား... မင်းက လူတွေရဲ့ဒေါသကို ဆွပေးနေတာပဲ..."

၎င်း၏ အာပေါင်အာရင်းသန်သန်ပြောနေသောစကားများကို နားထောင်ပြီးနောက် သူ့ထံမှ ဘာသတင်းမှရလိမ့်မည်မဟုတ်ကြောင်း ကျန်းချန်သိလိုက်သည်။

"ဂိုဏ်းစောင့်နတ်သားရဲ... ထွက်လာပြီး ရှင်းလိုက်စမ်း"

ဂိုဏ်းစောင့်နတ်သားရဲဆိုပါလား...

ဒုတိယမျိုးဆက် အကြီးအကဲများက မျှော်လင့်တကြီးစောင့်ကြည့်နေကြသော်လည်း တပည့်သစ်များမှာမူ တစ်ဦးကိုတစ်ဦး ကြည့်နေကြသည်။

သူတို့ဂိုဏ်းတွင် ထိုကဲ့သို့သောအရာရှိမှန်း မသိကြချေ။

"ကောင်လေး... မင်းက အရမ်းတော်နေတာမဟုတ်လား... အရေးကြီးတဲ့ အချိန်ကျတော့မှ အဘိုးကြီးကိုပဲ ထွက်ခိုင်းနေရတယ်ပေါ့လေ...."

ကျန်းချန်က နှုတ်ခမ်းကိုမဲ့လိုက်သည်။ ကျင်းလုံမိသားစုမှ လူ ၇၄ ယောက်လုံးကိုသတ်ရန်မှာ သူ့အတွက် အလွန်လွယ်ကူပါသည်၊ တစ်ကြိမ် အသေခံလိုက်ရုံပင်။

သို့သော် ထိုသို့လုပ်လျှင် သူ့ဂုဏ်သိက္ခာကျဆင်းသွားပေလိမ့်မည်။ ဂိုဏ်းသားတွေရှေ့မှာ သွေးတွေပန်းထွက်ပြီး အသေခံပြရမှာကို ကျန်းချန်မလိုလားပေ။

"ကောင်းပြီ... မြန်မြန်လုပ်"

မိုင်ပေါင်းထောင်ချီဝေးကွာသောနေရာတွင် ချီချန်းနှင့် လူကျန့်တို့ သေချာစောင့်ကြည့်နေကြသည်။

လုံကျန့်ရှန်း၏ ကိုယ်ပေါ်တွင် ပုံရိပ်လွှင့်ဝိညာဉ်ပစ္စည်းပါရှိသဖြင့် သူတို့က တိုက်ရိုက်မြင်တွေ့နေရခြင်း ဖြစ်သည်။

"ပေါ်လာပြီ"

"ဒါက ကျားမိစ္ဆာလား"

"အရွယ်အစားက ဒီလောက်လေးပဲလား... ဒါပဲလား"

လူတိုင်း မျက်လုံးကိုပွတ်ကာ သံသယဝင်ကုန်ကြသည်။ ချီချန်းပင်လျှင် အံ့ဩသွားသည်။

'ငါ ကြောက်နေရတာ ဒါလေးကိုလား'

"တကယ်ပါ... အဲဒီကျားမိစ္ဆာပဲ။ ငါ့ရဲ့ စတုတ္ထညီ တွမ့်မူချီကို သူသတ်ခဲ့တာ"

တွမ့်မူကျယ်က အော်ပြောလိုက်သည်။ ထိုကျားကို မြင်လိုက်ရသည့်ခဏတွင် ထိုကျားက သူ့ကိုပြန်ကြည့်နေသလို ခံစားလိုက်ရသဖြင့် ချက်ချင်းထွက်ပြေးချင်စိတ်ပေါက်သွားသည်။

ဖေးရှန်ဂိုဏ်းဘက်တွင်လည်း တပည့်သစ်များမှာဆွံ့အနေကြသည်။

'ငါတို့ဂိုဏ်းရဲ့ နတ်သားရဲက ဒီလောက်လေးလား'

အဆောင်တစ်ခုအနေနဲ့ ထားရင်တော့ အဆင်ပြေပေမဲ့ ရန်သူကိုသတ်ဖို့ကတော့...

လုံကျန့်ရှန်းကမူ ဖေးရှန်ဂိုဏ်းကိုဖျက်ဆီးပြီး လင်းနင်ကိုပြန်ဖမ်းချင်သော်လည်း အခြေအနေကို စမ်းသပ်နေခြင်းဖြစ်သည်။

အကယ်၍ ဖေးရှန်ဂိုဏ်းကအစွမ်းမရှိလျှင် သူသည် မည်သူ့ထက်မဆို ရက်စက်ပြပေလိမ့်မည်။

ထို့နောက်... လုံကျန့်ရှန်း၏ခေါင်း ကောင်းကင်ပေါ်သို့ပျံတက်သွားသည်။ သူ၏ ကိုယ်လက်အင်္ဂါများ သွေးအိုင်ထဲလဲကျသွားသည်ကို ကိုယ်တိုင်မြင်လိုက်ရသည်။

တစ်ချိန်တည်းမှာပင် သူနှင့်အတူပါလာသော ကျင်းလုံမိသားစုမှ အထူးချွန်ဆုံးပညာရှင် ၇၃ ဦးစလုံး၏ အလောင်းများ ပြိုင်တူလဲကျသွားကြသည်။

မျက်စိသုံးလုံးကျားသည် တစ်ကွက်တည်းသာသုံးခဲ့၏။

၎င်းအတွက်မူ ဝိညာဉ်အခြေတည်အဆင့်နှင့် ဝိညာဉ်စုစည်းခြင်းအဆင့်ဟူ၍ ကွာခြားချက်မရှိပေ။

လက်တစ်ချက်ဝှေ့ယမ်းလိုက်ရုံဖြင့် အားလုံးမှာ ခေါင်းပြတ်အလောင်းများ ဖြစ်သွားကြတော့သည်။

မိုင်ပေါင်းသောင်းချီဝေးကွာသောနေရာတွင်ရှိနေသည့် ချီချန်းမှာ ကြောက်လန့်လွန်းသဖြင့် ပုံရိပ်လွှင့်စက်ကိုလွှတ်ချလိုက်မိသည်။

သူသည် သွေးထွက်သံယိုမြင်ကွင်းကြောင့် ကြောက်ခြင်းမဟုတ်ဘဲ အသတ်ခံရသူများထဲတွင် သူ့ထက် တစ်ဆင့်သာနိမ့်သော ဝိညာဉ်အခြေတည်အဆင့် ၇ ဖြစ်သည့် လုံကျန့်ရှန်း ပါဝင်နေသောကြောင့်ပင်။

အကယ်၍ သူသာ ထိုနေရာတွင်ရှိနေပါက ရလဒ်မှာအတူတူဖြစ်ပေလိမ့်မည်။

လူကျန့်ကိုကြည့်လိုက်ရာ လူကျန့်၏မျက်နှာမှာလည်း ဖြူဖျော့နေသည်ကိုတွေ့လိုက်ရ၏။

လူကျန့်က ခေါင်းကိုလေးလံစွာညိတ်ပြလိုက်သည်...

"အမှန်ပဲ... အဲဒီကျားမိစ္ဆာက အနည်းဆုံး ကောင်းကင်ကံကြမ္မာအဆင့် ၉ ရှိတယ်။"

ကျိုလော့နှင့် အခြားသူများမှာမူ ကြောက်လွန်းသဖြင့် ဆီးထွက်လုနီးပါးဖြစ်နေကြလေပြီ။

'ဖေးရှန်ဂိုဏ်းမှာ ဒီလောက်ကြောက်စရာကောင်းတဲ့ နတ်သားရဲရှိနေတာကို ဘာလို့ စောစောကမပြောတာလဲ... ငါတို့ကို နောက်နေတာလား'

သူတို့တွင် အတွေးတစ်ခုတည်းသာရှိတော့သည်.... ထွက်ပြေး...

သို့သော် ချီချန်း၏ခွင့်ပြုချက်မရဘဲ ထွက်ပြေးပါက လူကျန့်၏သတ်ဖြတ်ခြင်းကို ခံရပေလိမ့်မည်။

"သခင်လေး... ကျွန်တော်တို့ အဲဒီကျားမိစ္ဆာကို ဘယ်လိုမှမယှဉ်နိုင်ပါဘူး"

"ဒါ ကျွန်တော်တို့ တတ်နိုင်တဲ့အရာမဟုတ်တော့ဘူး။"

"ကျွန်တော်တို့ကို ပြန်ခွင့်ပေးပါ..."

အားလုံး ဒူးထောက်တောင်းပန်နေကြသော်လည်း ချီချန်း၏မျက်ဝန်းများမှာ အေးစက်နေဆဲပင်။ ၎င်းတို့ သေသည်ဖြစ်စေ ရှင်သည်ဖြစ်စေ သူ ဂရုမစိုက်ပေ။

ဖေးရှန်ဂိုဏ်းတွင်လည်း အားလုံးမှာ မှင်သက်နေကြသည်။

ကျင်းလုံမိသားစုမှ ပညာရှင် ၇၄ ဦးစလုံးမှာ တစ်ကွက်တည်းဖြင့် အသတ်ခံလိုက်ရသလော...

ထို နတ်သားရဲလက်ထဲမှာလား...

ဒုတိယမျိုးဆက်တပည့်များပင်လျှင် ကျားသခင်ကြီး ဤမျှအစွမ်းထက်လိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။

"ဂို... ဂိုဏ်းချုပ်..."

အမျိုးသမီးတပည့်အချို့မှာ ကြောက်လန့်တုန်ရင်လျက် ကျန်းချန်၏အနားသို့ တိုးကပ်လာကြသည်။

ထိုကျားမိစ္ဆာကြီးရူးသွပ်ပြီး သူတို့ကိုပါသတ်ပစ်မည်ကို စိုးရိမ်နေကြ၏။

ထိုစဉ်မှာပင် ကျန်းချန်၏ မကျေမနပ်အော်ဟစ်သံကို ကြားလိုက်ရသည်

"မင်း ဘာလုပ်လိုက်တာလဲ"

All Chapters