စနစ် အဆင့်မြှင့်တင်ခြင်း
Vol. 6 Ch. 56
ကျန်းချန်သည် ဒေါသတကြီးဖြင့် မျက်စိသုံးလုံးကျားရှိရာသို့ ပျံသန်းသွားပြီး ၎င်းကို တစ်ချက်ကန်လိုက်သည်။
မျက်စိသုံးလုံးကျားသည် ဖျတ်လတ်စွာရှောင်တိမ်းလိုက်ပြီးနောက် အူကြောင်ကြောင်ပုံစံဖမ်းနေသည်။
"ဘာဖြစ်လို့လဲ"
"မင်းက ဟန်ဆောင်နေတုန်းလား... ဒီလိုလုပ်ဖို့ လိုလို့လား... ငါ့တပည့်တွေကို လန့်အောင်လုပ်လိုက်မိပြီ"
မျက်စိသုံးလုံးကျားသည် လူပေါင်းသောင်းချီကို အစအနမကျန်အောင် ဝိညာဉ်အာရုံတစ်ခုတည်းဖြင့် သုတ်သင်နိုင်စွမ်းရှိသည်ကို သူမှတ်မိနေသည်။
" တစ်နေရာလုံးကို သွေးအိုင်ဖြစ်အောင်လုပ်လိုက်တာလား၊ ခေါင်းထဲမှာ တစ်ခုခုဖြစ်နေလို့လား"
ဤကျားအိုကြီးသည် နေရာတစ်ခုလုံးကို ရှုပ်ပွသွားအောင် တမင်တကာလုပ်ခဲ့ခြင်းဖြစ်ကြောင်း ကျန်းချန်သိသည်။
ဤနေရာမှာ ခန်းမဆောင်ကြီး၏အဝင်ဝဖြစ်ပြီး အစ်ကိုကြီးချန်အတွက် ဟိတ်ဟန်ထုတ်ရမည့် အရေးကြီးသောနေရာဖြစ်ရာ သပ်သပ်ရပ်ရပ်နှင့် ခန့်ညားထည်ဝါနေရမည်မဟုတ်ပါလား။
၎င်းအပြင် ဤသို့သွေးအိုင်ဖြစ်နေခြင်းက ရန်သူ့ထံမှပစ္စည်းများ သိမ်းဆည်းရာတွင်လည်း အဆင်မပြေပေ။
"ငါ လုပ်ချင်လို့လုပ်တာလေ၊ မင်းနဲ့ ဘာဆိုင်လို့လဲ"
မျက်စိသုံးလုံးကျားသည် ၎င်း၏ ချောမွေ့သောအမွေးအမှင်များကို လက်သည်းဖြင့်သပ်လိုက်ရင်း ကျန်းချန်ဒေါသထွက်နေသည်ကိုကြည့်ကာ ကျေနပ်နေသည်။
သူတို့နှစ်ဦးကြားမှ အဆင့်အတန်းအစစ်အမှန်ကို သူတို့သာသိကြပြီး အခြားသူများမသိကြချေ။
ဂိုဏ်းချုပ်က မျက်စိသုံးလုံးကျားကို ကန်ကျောက်ဆဲဆိုရဲသည်ကို မြင်သောအခါ အားလုံးမှာ အသက်ရှူပင် မဝကြတော့ပေ။
မိုင်ပေါင်းသောင်းချီဝေးကွာသောနေရာမှ ပုံရိပ်လွှင့်စက်ဖြင့်ကြည့်နေသော ချီချန်းနှင့် လူကျန့်တို့ပင် ပါးစပ်အဟောင်းသား ဖြစ်သွားကြသည်။
'ဒီလူ ရူးနေတာလား
ဒါက အနည်းဆုံး ကောင်းကင်ကံကြမ္မာအဆင့် ၉ ရှိတဲ့ ကြောက်စရာကောင်းတဲ့ တည်ရှိမှုကြီးလေ'
ပါယွန်းခန်းမတွင်လည်း အဆိပ်ဝိညာဉ်သမင်နီအမည်ရှိ ဂိုဏ်းစောင့်နတ်သားရဲ ရှိသော်လည်း ဂိုဏ်းချုပ်ကိုယ်တိုင်က ၎င်းကို အစဉ်အမြဲ ယဉ်ကျေးစွာဆက်ဆံရသည်။
ယခုမူ ဤကျားမိစ္ဆာသည် ကျန်းချန်ကိုပြန်မတိုက်ဘဲ စကားအချေအတင်ပြောရုံသာ ပြောနေသည်ကို မြင်ရသဖြင့် ချီချန်းမှာ အလွန်မနာလိုဖြစ်သွား၏။
ဖေးရှန်ဂိုဏ်းဘက်တွင်မူ ကျန်းချန်အပေါ်ကိုးကွယ်ယုံကြည်မှုမှာ နောက်ထပ်အဆင့်တစ်ခုသို့ မြင့်တက်သွားပြန်သည်။
'ဝါး... ဂိုဏ်းချုပ်က တကယ့်ကို အစွမ်းထက်တာပဲ။ ဒီလောက်အစွမ်းထက်တဲ့ ကျားကြီးတောင် ဂိုဏ်းချုပ်ရှေ့မှာ အမြီးကုပ်နေရတာပဲ'
တိတ်ဆိတ်နေတတ်သော လင်းနင်ပင်လျှင် ယခုတစ်ကြိမ်တွင်မူမမှန်ဘဲ အပြစ်ကင်းစင်သော မိန်းကလေးတစ်ဦးကဲ့သို့ အစ်ကိုကြီးချန်အနားသို့ ကပ်လာသည်။
" ကျွန်မတို့မိသားစုရဲ့ ရန်သူတော်ကြီး ကျင်းလုံမိသားစုကို သုတ်သင်ပေးလို့ ကျေးဇူးတင်ပါတယ် ဂိုဏ်းချုပ်... ဂိုဏ်းချုပ်က တကယ်တမ်းဘယ်လောက်အစွမ်းထက်တာလဲဟင်"
သူမက မျက်လုံးလေးကလည်ကလည်ဖြင့် မေးလိုက်သည်။
မျက်စိသုံးလုံးကျားမှာမူ ဒေါသထွက်သွားသည်။
'အလုပ်လုပ်တာက ငါကွ၊ မင်းက ဘာလို့ သူ့ကို သွားကျေးဇူးတင်နေတာလဲ'
"ဒါက ဘာမှ မဟုတ်ပါဘူး"
ကျန်းချန်က ခန့်ညားဟန်ဆောင်လိုက်သည်။
"ဝါး... ဂိုဏ်းချုပ်က ကျွန်မထင်ထားတာထက်တောင် ပိုတော်တာပဲ..."
အစ်ကိုကြီးချန်သည် သူမကို အသာအယာတွန်းဖယ်လိုက်သည်။
'ညီမလေးရာ... ငါ အခု အမှတ်လဲဖို့ ပစ္စည်းတွေသိမ်းနေတာ အလုပ်ရှုပ်နေတယ်၊ လူပျိုလှည့်တာကို နောက်မှအချိန်ပေးမယ်နော်။'
လင်းနင် တွန်းဖယ်ခံရသည်ကို ကြည့်ပြီး ကျိလင်းဟန်က ရယ်မောလိုက်သည်။
'နင် အခြေအနေကို မှားတွက်မိပြီထင်တယ် လင်းနင်။ ဂိုဏ်းချုပ်က အလုပ်ကို အရမ်းတန်ဖိုးထားတဲ့သူ၊ သူအလုပ်ရှုပ်နေတုန်း သွားမနှောင့်ယှက်တာ အကောင်းဆုံးပဲ။'
မျက်စိသုံးလုံးကျားသည် ကောင်းကင်ပေါ်သို့ ပျံတက်သွားသည်။
"ကောင်လေး... ငါတို့ ကြိုတင်သဘောတူထားတာက ငါက ဂိုဏ်းရဲ့နယ်မြေကိုပဲ ကာကွယ်ပေးမှာ။ တခြားရန်သူတွေက တိုက်မလာဘူးဆိုရင် ငါဝင်ပါမှာမဟုတ်ဘူး၊ မင်းဘာသာမင်းပဲ ဖြေရှင်းတော့"
ပြောပြီးသည်နှင့် ၎င်းသည် ရယ်မောကာ ပျံသန်းထွက်ခွာသွားတော့သည်။
အဝေးရှိချီချန်းက ၎င်းကိုကြည့်ပြီး ဝမ်းသာသွားသည်။
"ဟားဟား... ဒါ တကယ့်ကို ကောင်းကင်က ငါ့ကိုကူညီတာပဲ... ကျားမိစ္ဆာနဲ့ ကျန်းချန်ရဲ့ ဆက်ဆံရေးက သိပ်မကောင်းဘူးပဲ"
ကျိုလော့နှင့် အခြားသူများလည်း သက်ပြင်းချနိုင်သွားကြသည်။
"သခင်လေး... ကျွန်တော်တို့ ဒီနေရာမှာ ဆက်ပြီးဝိုင်းထားပါ့မယ်။ ဖေးရှန်ဂိုဏ်းကို ပိတ်ဆို့ထားဖို့ ကျွန်တော်တို့ အစွမ်းကုန်ကြိုးစားပါ့မယ်"
ကျားမိစ္ဆာသာ အပြင်ထွက်မတိုက်ပါက သူတို့ ကြောက်စရာမလိုတော့ပေ။
အပြင်ဘက်မှဝိုင်းရံထားပြီး ချီချန်း၏အကြံအစည်အောင်မြင်အောင် ကူညီပေးရုံသာ။
သူတို့သည် ကျန်းချန်ကို ကျားမိစ္ဆာထက်ပိုတော်သည်ဟု မယုံကြည်ကြပေ၊ သူသည် ဝိညာဉ်အခြေတည်အဆင့်သာရှိသည်ဟု ထင်နေကြဆဲပင်။
"ဟားဟား... ကောင်းပြီ"
ချီချန်းက ဂုဏ်ယူဝံ့ကြွားစွာဖြင့် လက်ဝှေ့ယမ်းလိုက်သည်...
"အကြီးအကဲ လူ... ကျွန်တော်တို့ အလှည့်ရောက်ပြီ"
အခြားတစ်ဖက်တွင်မူ ဖေးရှန်ဂိုဏ်းမှတပည့်များမှာ စိုးရိမ်နေကြသည်။
"ဂိုဏ်းချုပ်... နတ်သားရဲက တကယ်ပဲ အပြင်ကရန်သူတွေကို ဂရုမစိုက်တော့ဘူးလား"
"ရတယ်... လွတ်ထားလိုက်"
ကျန်းချန်က လုံကျန့်ရှန်း၏ကိုယ်ပေါ်မှ ချပ်ဝတ်များနှင့် လက်နက်များကို ချွတ်ယူနေရင်း တစ်ချက်ပင်လှည့်မကြည့်ပေ။
သူသည် အပြင်ကရန်သူများကို လုံးဝဂရုမစိုက်ပေ။
အဆိုးဆုံးဖြစ်လာလျှင်ပင် တစ်ကြိမ်အသေခံလိုက်ရုံဖြင့် အားလုံးပြီးသွားမည် မဟုတ်ပါလား။
ဂိုဏ်းအပြင်ဘက်တွင်ဖြစ်မည်ဆိုပါက တပည့်များလည်း သူအသတ်ခံရသည်ကို မြင်လိမ့်မည် မဟုတ်ပေ။
လော့ယွမ်၊ ယင်းရွှယ်အာနှင့် အခြားသူများကလည်း တပည့်များကို လိုက်လံဖျောင်းဖျနေကြသည်။
"ဂိုဏ်းချုပ်က အဲဒီကျားလေးထက် ပိုတော်တယ်ဆိုတာ မင်းတို့ မသိဘူးလား... ဂိုဏ်းချုပ်ကို ယုံကြည်စမ်းပါ။"
ယခုတစ်ကြိမ်ရရှိသောပစ္စည်းများမှာ အလွန်တန်ဖိုးရှိလှသည်။ ကျန်းချန်သည် အချို့သော ပစ္စည်းများကို တပည့်များအတွက်ချန်ထားပြီး ကျန်သည်များကို အမှတ် ၃၂,၁၅၂ နှင့် လဲလှယ်လိုက်သည်။
ယခင်ရှိပြီးသား အမှတ်များနှင့် ပေါင်းလိုက်သောအခါ စုစုပေါင်း အမှတ် ၁၂၄,၅၀၉ ရရှိသွားသဖြင့် စနစ်ကို အဆင့်မြှင့်လိုက်၏။
အဆင့်- ၄
လိုအပ်သောအမှတ်- ၀/၁,၀၀၀,၀၀၀
လက်ရှိအမှတ်- ၂၄,၅၀၉
လက်ရှိစွမ်းရည်- လက်ခံသူသည် အမှတ်များကိုအသုံးပြု၍ အခြားသူတစ်ဦး၏ ကျင့်ကြံမှုအဆင့်ကို အဆင့်ကြီးတစ်ခု တိုးမြှင့်ပေးနိုင်သည်။ (ပစ်မှတ်အရေအတွက် ၁ ဦး၊ ပြန်လည်အသုံးပြုနိုင်သည့်ကြာချိန်- ၁ လ)
နောက်ထပ်ရရှိမည့်စွမ်းရည်- လက်ခံသူသည် မိမိမြင်ဖူးသမျှ မည်သူ့အသွင်အပြင်ကိုမဆို အမှတ်သုံး၍ ပြောင်းလဲနိုင်သည်။ (ပြန်လည်အသုံးပြုနိုင်သည့်ကြာချိန်- ၃ ရက်)
မှတ်ချက်- အသွင်ပြောင်းလဲမှုသည် ခန္ဓာကိုယ်သွင်ပြင်သာမက ပစ်မှတ်၏အရှိန်အဝါနှင့် ဝိညာဉ်စွမ်းအားကိုပါ ၁၀၀% တူညီအောင် အသွင်ယူနိုင်သည်။
'ဟမ်... ဒီလိုမျိုးလည်းရတာလား'
ကျန်းချန်အံ့ဩသွား၏။
ဤစွမ်းရည်သည် ၎င်း၏ အရှိန်အဝါနှင့် ဝိညာဉ်စွမ်းအင်များကိုပါ တူညီအောင် လုပ်ဆောင်နိုင်သဖြင့် ရန်သူများအနေဖြင့် ရိပ်မိရန် အလွန်ခက်ခဲပေလိမ့်မည်။
လူသားအသွင်မှ အခြားမျိုးစိတ်များအဖြစ်ပါ ပြောင်းလဲနိုင်ခြင်းက ကျင့်ကြံသူများ၏ ရိုးရိုး အသွင်ပြောင်းလဲခြင်းထက် များစွာသာလွန်လှသည်။