ကောင်းချီးတစ်ခု
Vol. 6 Ch. 57
မိစ္ဆာသားရဲများအတွက်မူ သူတို့၏အသွင်ပြောင်းလဲခြင်းကို သဏ္ဍာန်ပြောင်းခြင်းဟုခေါ်သည်။
သူတို့သည် မိစ္ဆာအသွင်မှ လူသားအသွင်သို့ ပြောင်းလဲနိုင်သော်လည်း အခြားမျိုးစိတ်များအဖြစ် ပြောင်းလဲ၍မရချေ။
မျက်စိသုံးလုံးကျားသည် ယခုအခါ လူသားအသွင်ပြောင်းလဲနိုင်ပြီဖြစ်သော်လည်း ၎င်း၏ သေးငယ်သောအရွယ်အစားကြောင့် လူအသွင်ပြောင်းလျှင် ကလေးလေးတစ်ယောက်နှင့်သာ တူပေလိမ့်မည်။
၎င်းသည် မိမိ၏ပုံရိပ်ကိုအလွန်တန်ဖိုးထားသဖြင့် ထိုသို့သိက္ခာကျမည့်အလုပ်မျိုးကို လုပ်မည်မဟုတ်ပေ။
ကျန်းချန်မှာမူ အသွင်ပြောင်းလဲခြင်းစွမ်းရည်ကို အသုံးပြု၍ သူလုပ်ဆောင်နိုင်မည့် အရာများကို တွေးတောရင်း မရိုးမသားပြုံးနေမိသည်။
တပည့်များမှာ သူ့ကိုစောင့်ကြည့်နေကြသဖြင့် အားလုံး၏စိတ်ထဲတွင် အတွေးတစ်ခု ပေါ်လာကြသည်
'ငါတို့ဂိုဏ်းချုပ်ကြီး ခုနက ဘာလို့ တဏှာထနေတဲ့ပုံစံမျိုး ဖြစ်သွားတာလဲ
မဟုတ်လောက်ပါဘူး... ဒါ ငါတို့ ထင်ယောင်ထင်မှားဖြစ်တာပဲ နေမှာပါ
ဂိုဏ်းချုပ်က ပညာရှိပြီး အစွမ်းထက်တဲ့သူပဲ၊ ဒီလို နှာဘူးပုံစံမျိုးနဲ့ ဘယ်လိုမှမသက်ဆိုင်ဘူး။'
ကျန်းချန်သည် နောက်ထပ်အဆင့်မြှင့်ရန်လိုအပ်သော အမှတ်တစ်သန်းကိုကြည့်ပြီးနောက် သူယခုရရှိထားသောစွမ်းရည်ကို အာရုံစိုက်လိုက်သည်။
မည်သူ့ကိုမဆို အဆင့်ကြီးတစ်ခု အတင်းအဓမ္မမြှင့်တင်ပေးနိုင်သော စွမ်းရည်... စမ်းကြည့်ရအောင်
သူ၏ အကြည့်များသည် တပည့်များပေါ်တွင် ဟိုဟိုဒီဒီ ဝေ့ဝဲနေပြီးနောက် နောက်ဆုံးတွင် ကျိလင်းဟန်ထံတွင် ရပ်တန့်သွားသည်။
သူမသည် ဤကမ္ဘာတွင် သူပထမဆုံးတွေ့ခဲ့သူဖြစ်ပြီး သူ့အပေါ်တွင်လည်း အလွန်နူးညံ့သိမ်မွေ့ကာ နာခံမှုရှိသူဖြစ်သည်။
အဆင့်မြှင့်တင်ခြင်းစွမ်းရည်ကိုနှိပ်လိုက်ရာ ကျိလင်းဟန်၏ခေါင်းပေါ်တွင် တောက်ပသောစာသားများ ပေါ်လာသည်။
ပစ်မှတ်- ကျိလင်းဟန်
လက်ရှိအဆင့်- ဝိညာဉ်ခွဲထုတ်ခြင်းအဆင့် ၂
မြှင့်တင်နိုင်သောအဆင့်- ဝိညာဉ်အခြေတည်အဆင့် ၂
အသုံးပြုရမည့်အမှတ်- ၃၀,၀၀၀
'ဟာ... ဒီလောက်တောင် ဈေးကြီးတာလား'
ကျန်းချန်တွင် အမှတ် နှစ်သောင်းကျော်သာရှိသဖြင့် မလောက်ပေ။
ထို့ကြောင့် အခြားသူများကို လိုက်ကြည့်လိုက်သည်။
ပစ်မှတ်- လော့ယွမ်
လက်ရှိအဆင့်- ချီစုစည်းခြင်းအဆင့် ၉
မြှင့်တင်နိုင်သောအဆင့်- ဝိညာဉ်ပုံဖော်ခြင်းအဆင့် ၉
အသုံးပြုရမည့်အမှတ်- ၃,၀၀၀
ဈေးနှုန်းမှာ ဆယ်ဆကွာသွားသည်။ အဆင့်နိမ့်လေ အမှတ်နည်းလေဖြစ်ကြောင်း သူသဘောပေါက်လိုက်သည်။
ကျိလင်းဟန်ကို မြှင့်တင်မည်ဆိုပါက ဝိညာဉ်စင်မြင့်တစ်ခုကို အရှိတရားထဲတွင် ဖန်တီးပေးရမည်ဖြစ်သဖြင့် အမှတ်ပိုကုန်ခြင်း ဖြစ်ပေလိမ့်မည်။
ကျန်းချန်သည် လော့ယွမ်ကို မြှင့်တင်ပေးရန် စဉ်းစားလိုက်သော်လည်း ရုတ်တရက် စိတ်ပြောင်းသွားသည်။
လော့ယွမ်က ယောကျ်ားလေးဖြစ်နေသဖြင့် အခြားတပည့်များက
'ဂိုဏ်းချုပ်က လော့ယွမ်ကိုပဲ ဘာလို့ အထူးအခွင့်အရေး ပေးတာလဲ... သူက ယောကျ်ားချင်း ကြိုက်တာလား'
ဟု ထင်သွားမည်ကို စိုးရိမ်သောကြောင့် ဖြစ်သည်။
ဤစွမ်းရည်မှာ တစ်လလျှင်တစ်ကြိမ်သာသုံးနိုင်သဖြင့် ဆင်ခြေပေးရန်လည်း ခက်ခဲပေလိမ့်မည်။
နောက်ဆုံးတွင် သူသည် ယင်းရွှယ်အာကို ရွေးချယ်လိုက်သည်။
ပါရမီပိုကောင်းသော လင်းနင်ကို ဘာကြောင့် မရွေးသနည်းဆိုသော် သူမမှာ နောက်မှဝင်လာသူ ဖြစ်သောကြောင့် လူဟောင်းများကို မျက်နှာသာပေးချင်၍ဖြစ်သည်။
ထို့အပြင် လင်းနင်ကို မြန်မြန်မြှင့်တင်ပေးလိုက်ပါက သူမက ကျိလင်းဟန်ကိုကျော်တက်သွားပြီး သူ့တပည့်ဖြစ်လာမည်ကိုလည်း မလိုလားပေ။
ပစ်မှတ်- ယင်းရွှယ်အာ
လက်ရှိအဆင့်- မူလဖြစ်တည်ခြင်းအဆင့် ၉
မြှင့်တင်နိုင်သောအဆင့်- ဝိညာဉ်ခွဲထုတ်ခြင်းအဆင့် ၉
အသုံးပြုရမည့်အမှတ်- ၃,၀၀၀
ကျန်းချန်သည် သူ့ကိုယ်သူ ပို၍ခန့်ညားသွားစေရန်အတွက် ချက်ချင်းမနှိပ်သေးဘဲ လက်ယပ်ခေါ်လိုက်သည်။
"ရွှယ်အာ... ဒီကိုလာဦး"
"ရှင်... ကျွန်မလား..."
ယင်းရွှယ်အာ အံ့ဩသွားသည်။
ဂိုဏ်းချုပ်သည် ကျိလင်းဟန်ကိုသာ အမြဲမျက်နှာသာပေးပြီး နောက်ပိုင်းတွင် လင်းနင်ကိုလည်း ဂရုစိုက်ခဲ့သည်။
သူမမှာလည်း ပါရမီရှင်တစ်ဦးဖြစ်သော်လည်း ထိုနှစ်ဦးလောက် အစွမ်းမထက်သဖြင့် အထူးအခွင့်အရေးရလိမ့်မည်ဟု မျှော်လင့်မထားခဲ့ပေ။
ကျန်းချန်က ပြုံးပြီး သူမ၏ခေါင်းကို ပွတ်လိုက်သည်။
"ရွှယ်အာ... မင်းက ငါတို့ရဲ့ပထမဆုံးသောတပည့်တွေထဲက တစ်ယောက်ပဲ။ မင်းရဲ့ တိတ်တဆိတ် ကြိုးစားအားထုတ်မှုတွေကို ငါအမြဲမြင်နေရပါတယ်။"
အဆင့်မြှင့်ပေးရန်အတွက် အကြောင်းပြချက်ကောင်းကောင်းတစ်ခု ဖန်တီးလိုက်ခြင်းသာ။
'တိတ်တဆိတ် ကြိုးစားအားထုတ်မှု... ငါ ဘာတွေလုပ်ခဲ့လို့လဲ'
ယင်းရွှယ်အာမှာ ကြောင်တောင်တောင်ဖြင့် ခေါင်းညိတ်လိုက်ရသည်။
"တချို့အားထုတ်မှုတွေကို မင်းမပြောပေမဲ့ ငါအကုန်သိပါတယ်"
ကျန်းချန်က သူ၏ရင်ဘတ်ကိုပုတ်ကာ ငါတို့ချင်းနားလည်ပါတယ်ဆိုသည့် အမူအရာမျိုး လုပ်ပြလိုက်သည်။ တကယ်တော့ သူဘာပြောနေမှန်း သူကိုယ်တိုင်ပင်မသိပေ။
ယင်းရွှယ်အာမှာ ပို၍ပင် ဇဝေဇဝါဖြစ်သွားသည်။
'ဂိုဏ်းချုပ်က ငါ့ကို ရည်စားစကား ပြောတော့မှာလား
ဝါး... ငါက စီနီယာအစ်မတော်ကျိနဲ့ လင်းနင်ကိုကျော်ပြီး ဂိုဏ်းချုပ်ရဲ့နှလုံးသားကို သိမ်းပိုက်နိုင်သွားတာလား'
ထိုအချိန်တွင် ကျိလင်းဟန်နှင့် လင်းနင်တို့မှာ အသက်ရှူရပ်မတတ် ဖြစ်သွားကြသည်။
"ဒါကြောင့် ကောင်းချီးတစ်ခုပေးဖို့ ဆုံးဖြတ်လိုက်တယ်။"
"ကောင်းချီး"
"ဆုလာဘ်တစ်ခုလို့ပဲ သဘောထားလိုက်ပါ"
ကျန်းချန်ကခေါင်းမော့ကာ ခန်းမဆောင်၏ထောင့်တစ်နေရာကိုကြည့်ပြီး အေးဆေးစွာ ပြောလိုက်သည်...
"တကယ်တော့... ဒီဂိုဏ်းချုပ်က နတ်ဘုရားအတတ်ပညာတစ်ခုကို တတ်မြောက်ထားတယ်"
"နတ်ဘုရားအတတ်ပညာ"
ခန်းမတစ်ခုလုံး ဆူညံသွားတော့သည်။
"ဂိုဏ်းချုပ်က နတ်ဘုရားတစ်ပါး ဖြစ်နေတာလား"
"ဒါပေါ့... မဟုတ်ရင် ကျားကြီးက ဘာလို့နာခံမှာလဲ"
ကျန်းချန်က အဆင့်မြှင့်ရန် အတည်ပြုမည်ကို နှိပ်လိုက်၏။
ရုတ်တရက်ဆိုသလို ယင်းရွှယ်အာ၏ကိုယ်ပေါ်တွင် အဖြူရောင်အလင်းတန်းတစ်ခု သုံးစက္ကန့်ခန့် ထွက်ပေါ်လာပြီးနောက် ပျောက်ကွယ်သွားသည်။
ကျန်းချန်ကလည်း 'နတ်မင်းက ခေါင်းကို ပွတ်သပ်၍ ကောင်းချီးပေးသည်' ဆိုသော ပုံစံမျိုးဖြင့် သူမခေါင်းပေါ်တွင် လက်တင်ထားဆဲဖြစ်သည်။
သူ့လက်ကိုဖယ်လိုက်သောအခါ ယင်းရွှယ်အာ၏မျက်လုံးများ ပြူးကျယ်သွား၏။
သူမ၏ခန္ဓာကိုယ်အတွင်းရှိ ဝိညာဉ်စွမ်းအင်မှာ ယခင်မူလဖြစ်တည်ခြင်းအဆင့်ထက် အဆပေါင်းများစွာ တိုးတက်လာသည်ကို ခံစားလိုက်ရသည်။
သူမ၏ ဝိညာဉ်သည်လည်း အခြေခံကျကျ ပြောင်းလဲသွားပြီး ဝိညာဉ်ခွဲထုတ်ခြင်းအဆင့်စွမ်းအားကို နားလည်သဘောပေါက်သွားသည်။
သူမ၏ တုန်လှုပ်နေသောမျက်ဝန်းများကိုကြည့်ပြီး ကျန်းချန်က လက်ကိုနောက်ပစ်ကာ သာသာယာယာပြောလိုက်သည်
"ငါ အဆင့်ကြီးတစ်ခုမြှင့်တင်ပေးလိုက်ပြီ။ အခု ဝိညာဉ်ခွဲထုတ်ခြင်းအဆင့် ၉ ကို ရောက်သွားပြီ။"
" ဝိညာဉ်ခွဲထုတ်ခြင်းအဆင့် ၉"
လူတိုင်း ရူးသွပ်သွားကြလေသည်။
ဒီလိုမျိုး တိုးမြှင့်ပေးလို့ ရတာလား...
ကျိလင်းဟန်နှင့် လော့ယွမ်တို့က ယင်းရွှယ်အာကို စစ်ဆေးကြည့်ရာ သူမ၏ကျင့်ကြံမှုအဆင့်ကို သူတို့မမြင်နိုင်တော့ကြောင်း တွေ့လိုက်ရသဖြင့် အံ့ဩမှင်သက်သွားကြ၏။
ယင်းရွှယ်အာမှာ ပျော်လွန်းသဖြင့် ကောင်းကင်ပေါ်သို့ပျံတက်သွားပြီး သူမ၏ဓားကိုဝှေ့ယမ်းလိုက်ရာ ကောင်းကင်တစ်ခုလုံး မီးလျှံများဖြင့် ဖုံးလွှမ်းသွားတော့သည်။ သူမ၏ ဝိညာဉ်အာရုံမှာလည်း ဂိုဏ်းတစ်ခုလုံးကို လွှမ်းခြုံနိုင်သွားပြီဖြစ်သည်။
"ဂိုဏ်းချုပ်"
သူမသည် ကောင်းကင်ပေါ်မှဆင်းလာပြီး ကျန်းချန်၏ရင်ခွင်ထဲသို့ပစ်ဝင်ကာ ငိုချလိုက်တော့သည်။
"ဝါး... ဂိုဏ်းချုပ်က ကျွန်မအပေါ် ဘာလို့ ဒီလောက်တောင် ကောင်းရတာလဲ..."