နတ်ဘုရားအတတ်ပညာလား
Vol. 6 Ch. 58
"စိတ်အေးအေးထားစမ်း... ကိုယ့်ကိုယ်ကိုယ်ထိန်းဦး"
အစ်ကိုကြီးချန်သည် ယင်းရွှယ်အာ၏ နူးညံ့သောကျောပြင်ကိုပုတ်ပေးရင်း တိတ်တဆိတ် ကြည်နူးနေမိသည်။
'ဟန်ထုတ်ရကျိုးနပ်သွားတာပဲ'
အမှန်အတိုင်းပြောရလျှင် ဤတစ်ကြိမ်တွင် မျက်စိသုံးလုံးကျားပါ မှင်သက်သွားသည်။
၎င်းသည် အဝေးသို့ထွက်သွားသော်လည်း ဖေးရှန်ဂိုဏ်းအတွင်းရှိ လှုပ်ရှားမှုမှန်သမျှကို စောင့်ကြည့်နေ၏။
ကျန်းချန်က နတ်ဘုရားအတတ်ပညာတတ်သည်ဟုပြောစဉ်က အထင်သေးစွာနှာခေါင်းရှုံ့ခဲ့သည်။
၎င်းကိုယ်တိုင်ပင် နတ်ဘုရားအတတ်ပညာကိုမမြင်ဖူးချေ...
ဤကောင်လေးကတော့ ကြွားလိုက်တာမှအဆုံးမရှိ။
သို့သော် ကျန်းချန်က ယင်းရွှယ်အာ၏ခေါင်းကိုပုတ်လိုက်ပြီး အဖြူရောင်အလင်းတန်းနှင့်အတူ သူမကို မူလဖြစ်တည်ခြင်းအဆင့် ၉ မှ ဝိညာဉ်ခွဲထုတ်ခြင်းအဆင့် ၉ သို့ ချက်ချင်းရောက်သွားစေသည်ကို မြင်လိုက်ရသောအခါ ကျားကြီး၏ မျက်လုံးများပြုတ်ထွက်မတတ်ဖြစ်သွားရသည်။
အကြိမ်ပေါင်းများစွာ အသေအချာစစ်ဆေးကြည့်သော်လည်း ထိုမိန်းကလေးမှာ အဆင့်ကြီးတစ်ခုလုံး အမှန်တကယ်မြင့်တက်သွား၏။ ၎င်းမှာ ထင်ယောင်ထင်မှားဖြစ်နေခြင်း မဟုတ်ပေ။
'ဒါ... ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ
ကျင့်ကြံမှုကို လွှဲပြောင်းပေးတဲ့ နည်းလမ်းတစ်ခုလား'
မျက်စိသုံးလုံးကျားသည် ထိုကဲ့သို့သော ဒဏ္ဍာရီလာနည်းလမ်းများကို ကြားဖူးသော်လည်း တစ်ခါမှမမြင်ဖူးချေ။
ထို့အပြင် ကျန်းချန်၏စရိုက်အရ သူတစ်ပါးအတွက်နှင့် မိမိကိုယ်ကို နာကျင်အောင်လုပ်မည့်သူမဟုတ်ကြောင်း သူအသေအချာသိလေသည်။
အကယ်၍ ထိုသို့သောနည်းလမ်းမျိုးရှိခဲ့လျှင်ပင် နတ်ဝိညာဉ်ကိုမူ ပြောင်းလဲ၍မရနိုင်ပေ။
ထိုသို့ဆိုလျှင်... အမှန်တကယ်ပင် နတ်ဘုရားအတတ်ပညာပေလော....
၎င်းသည် ယခုပင် ကျန်းချန်ထံပြန်သွားပြီး ကိုယ်တိုင်မေးမြန်းချင်စိတ် ပေါက်သွားသည်။
အကယ်၍ ထိုအတတ်ပညာဖြင့် သူ့ကိုပါ အဆင့်မြှင့်ပေးမည်ဆိုလျှင် ရွှေနဂါးဘုရင်ထက်ပင် ပို၍အစွမ်းထက်လာမည် မဟုတ်ပေလော...
ထိုအချိန်ကျလျှင် နှင်းယုန်ဘုရင်မပင် သူ၏ခြေထောက်ကိုဖက်ကာ မျက်နှာသာပေးရန် ငိုယိုတောင်းပန်နေပေလိမ့်မည်။
သို့သော် ကျားကြီးသည် ထိုအတွေးကို ပြန်လည်ထိန်းချုပ်လိုက်သည်။
ခုနကတင် ကျန်းချန်နှင့်စကားများထားသဖြင့် ယခုသွားပြီးတောင်းပန်တိုးလျှိုးလျှင် သိက္ခာကျပေလိမ့်မည်။
ထို့အပြင် ဤအတတ်ပညာမှာ ကျန်းချန်ထက် အဆင့်နိမ့်သူများကိုသာ မြှင့်တင်ပေးနိုင်ခြင်း ဖြစ်လိမ့်မည်ဟုတွေးတောကာ စိတ်ဖြေလိုက်ရသည်။
အခြားတစ်ဖက်တွင်မူ အစ်ကိုကြီးချန်သည် ယင်းရွှယ်အာနှင့် ခွဲခွာနိုင်ခဲ့ပြီဖြစ်သည်။
တပည့်အုပ်ကြီးမှာ သူမကို ဝိုင်းအုံကာဂုဏ်ပြုနေကြ၏။
သူတို့၏ ကမ္ဘာကြီးအပေါ်နားလည်မှုများမှာ ပြိုလဲပျက်စီးသွားခဲ့လေပြီ။ ကျင့်ကြံစရာမလိုဘဲ တိုက်ရိုက်အဆင့်တက်သွားသည့် နတ်ဘုရားအတတ်ပညာမှာ သာမန်အသိနှင့် လုံးဝဆန့်ကျင်နေသည်။
ယခုအခါ သူတို့သည် ကျန်းချန်ကို နတ်ဘုရားတစ်ပါးအဖြစ် အမှန်တကယ် သတ်မှတ်လိုက်ကြလေပြီ။
လော့ယွမ်၊ ရှန်ထိုက်နှင့် အခြားသူများမှာလည်း ကျန်းချန်အနားသို့ တိုးကပ်လာကာ မြှောက်ပင့်ပြောဆိုကြတော့သည်။
"ဟီးဟီး... ပညာရှိပြီး နတ်ဘုရားနဲ့တူတဲ့ ဂိုဏ်းချုပ်ကြီးခင်ဗျာ... ကျွန်တော်တို့လည်း... ဟိုလေ..."
"သမိုင်းတစ်လျှောက် အချောဆုံးဂိုဏ်းချုပ်ကြီးက သူ့ရဲ့သစ္စာအရှိဆုံးတပည့် ရှန်ထိုက်ကို မေ့မှာမဟုတ်ပါဘူးနော်"
"တကယ်တော့ ကျွန်တော်က ဂိုဏ်းချုပ်အတွက် ညတိုင်းဆုတောင်းပေးနေတာ အကြိမ်ပေါင်းတစ်သန်းလောက်ရှိပါပြီ..."
"ကျွန်တော်က တစ်သိန်း"
"ကျွန်တော်က သိန်းတစ်ထောင်"
ကျန်းချန်သည် သူတို့ကို နေရာတွင်ပင် ကန်ထုတ်ချင်စိတ် ပေါက်သွားသည်။
'တစ်ညမှာ စက္ကန့်ပေါင်း သောင်းဂဏန်းပဲရှိတာကို၊ မင်းတို့က သိန်းတစ်ထောင်တောင် ဘယ်လိုဆုတောင်းတာလဲ.... အလင်းအလျင်နဲ့ ဆုတောင်းတာလား'
ဤသို့ ဖြစ်လာမည်ကို သူသိပြီးသားပင်။
အဆင့်ကြီးတစ်ခုလုံး တိုးမြှင့်ပေးနိုင်ခြင်းကို မည်သူကမှ မမက်မောဘဲမနေနိုင်ချေ။
သို့သော် ဤစွမ်းရည်မှာ တစ်လလျှင်တစ်ကြိမ်သာသုံးနိုင်သည်။ ထို့အပြင် ယင်းရွှယ်အာ၏ အဆင့်တက်မှုမှ အမှတ်မရကြောင်းလည်း သိလိုက်ရသည်။
"ဒီဂိုဏ်းချုပ်ရဲ့ နတ်ဘုရားအတတ်ပညာက တစ်ခါသုံးတိုင်း မူလချီကို ထိခိုက်စေတယ်။ မင်းတို့ ထင်သလို မလွယ်ကူဘူး။"
ပြောပြီးသည်နှင့် သူက ဟန်ဆောင်ကာ ချောင်းအနည်းငယ်ဆိုးပြလိုက်သည်။
"အော်... အဲလိုလား"
"ဒါဆို ဂိုဏ်းချုပ် ခန္ဓာကိုယ်ကိုဂရုစိုက်ပါ"
"ဟုတ်ပါတယ်... ဂိုဏ်းချုပ်သာတစ်ခုခုဖြစ်သွားရင် ငါတို့ဖေးရှန်ဂိုဏ်းတော့ သွားပြီ"
အားလုံးမှာ ဂိုဏ်းချုပ်ကို အလွန်စိုးရိမ်ကြသဖြင့် အဆင့်မြှင့်ပေးရန်တောင်းဆိုခြင်းကို ချက်ချင်းရပ်လိုက်ကြသည်။
ယင်းရွှယ်အာမှာမူ သူ့ကိုထပ်မံဖက်ထားပြန်ကာ ငိုယိုတော့သည်။
"ဂိုဏ်းချုပ်... ကျွန်မအတွက်နဲ့ ကိုယ့်ကျန်းမာရေးကိုတောင် ဂရုမစိုက်ဘဲ အနစ်နာခံခဲ့တာလား... ကျွန်မ ဘယ်လို ကျေးဇူးဆပ်ရမှန်း မသိတော့ဘူး၊ ကျွန်မကိုယ် ကျွန်မပဲ အပ်နှင်းပါရစေ..."
'ဟူး... ငါ သရုပ်ဆောင်တာ နည်းနည်း လွန်သွားပြီ ထင်တယ်'
ကျန်းချန် တွေးမိသွားသည်။ သူတို့အားလုံးက သူ အခုပဲ သွေးအန်ပြီးလဲကျတော့မည့်အလား ကြည့်နေကြသည်။
သူသည် ကျိလင်းဟန်၏အကြည့်ကို တွေ့လိုက်ရာ ၎င်းမှာ စိုးရိမ်မှုနှင့်အတူ ဝမ်းနည်းရိပ်များ ပါဝင်နေသည်။
သူမ၏ကျင့်ကြံမှုကို ယင်းရွှယ်အာကကျော်တက်သွားခြင်းထက် ကျန်းချန်၏ကျန်းမာရေးကို ပို၍စိုးရိမ်နေခြင်းပင်။
'ဘာလို့ ကိုယ့်ကိုယ်ကိုယ် ဂရုမစိုက်ရတာလဲ
ယင်းရွှယ်အာအတွက်နဲ့ ဒီလောက်အထိဒဏ်ရာရမယ့် နတ်ဘုရားအတတ်ပညာကို သုံးလိုက်တာလား
သူမကို အဲဒီလောက်တောင် ချစ်တာလား'
မိန်းကလေးများ၏စိတ်မှာ တစ်ခါတစ်ရံ အလွန်နုနယ်တတ်သည်။
ကျန်းချန်သည် သူမကို တိုက်ရိုက် မကြည့်ရဲတော့ဘဲ
'တောင်းပန်ပါတယ် ညီမလေးရာ... မင်းကို အရင်ဆုံးမြှင့်ပေးချင်ပေမဲ့ မင်းက အဆင့်မြင့်နေတော့ အမှတ်မလောက်လို့ပါ'
စိတ်ထဲမှသာ ပြောနေမိသည်။
ယခုအခါ ဟန်ထုတ်ခြင်းပြီးဆုံးပြီဖြစ်ရာ အလုပ်လုပ်ချိန်တန်လေပြီ။
"ကဲ... အပြင်ကရန်သူတွေလည်း စောင့်ရတာစိတ်မရှည်တော့ဘူးထင်တယ်။ ငါ ခဏသွားလိုက်ဦးမယ်။"
ပြောပြီးသည်နှင့် သူ ထွက်ခွာရန်ပြင်လိုက်သည်။
သို့သော် ကျိလင်းဟန်က သူ့ကို အရင်ဆုံးတားလိုက်သည်။
"ဂိုဏ်းချုပ်... ရှင်က ဒဏ်ရာ ပြင်းထန်နေတာလေ၊ အနားယူသင့်တယ်။ ရန်သူကို သွားရင်ဆိုင်လို့ ဘယ်ဖြစ်မလဲ"
"ဟုတ်ပါတယ်... ကျွန်တော်တို့ တတ်နိုင်သလောက် အချိန်ဆွဲပေးပါ့မယ်"
ကျန်းချန်မှာ အကျပ်ရိုက်သွားရသည်။
'ငါ ဒဏ်ရာ မရပါဘူး၊ အမှတ် ၃,၀၀၀ ပဲ ကုန်သွားတာပါ' ဟုလည်း ရှင်းပြ၍မရပေ။
သူသည် ကောင်းကင်ကို ၄၅ ဒီဂရီ စောင်းကြည့်ကာ ဆက်လက်ဟန်ဆောင်လိုက်ရပြန်သည်။
"မင်းတို့ ငါ့ရဲ့ အစွမ်းကို အဲဒီလောက်တောင် မယုံကြည်ကြဘူးလား"
"မဟုတ်ပါဘူး... အဓိကက ဂိုဏ်းချုပ်က..."
"အဓိကတွေ ဘာတွေ မရှိဘူး။ အမှန်အတိုင်းပြောရရင် အပြင်ကလူအုပ်စုကို ငါ့ရဲ့အစွမ်း တစ်ရာခိုင်နှုန်းတောင် သုံးစရာမလိုဘဲ အလွယ်တကူ သုတ်သင်နိုင်တယ်။"
"ဟင်"
တပည့်များမှာ ပါးစပ်အဟောင်းသား ဖြစ်သွားကြသည်။
သူတို့သည် နတ်ဘုရားတစ်ပါး မည်မျှအစွမ်းထက်ကြောင်း မသိသော်လည်း ဝိညာဉ်အခြေတည်အဆင့်ထက် အဆပေါင်းများစွာသာလွန်မည်ဟု တွေးမိလိုက်ကြသည်။
"ဒါဆိုရင်... ဂိုဏ်းချုပ် သတိထားပါနော်"
"အဆင်မပြေရင် အမြန်ပြန်ဆုတ်လာခဲ့ပါ"
အစ်ကိုကြီးချန်သည် နှုတ်ဆက်သံများကြားမှတစ်ဆင့် ဂိုဏ်းတံခါးအပြင်ဘက်သို့ ပျံထွက်လာခဲ့သည်။
ထို့နောက် သူသည် ချီချန်း၊ လူကျန့်နှင့် ၎င်းတို့၏အဖွဲ့နှင့် မျက်နှာချင်းဆိုင် တွေ့ဆုံလေတော့သည်။