ကျွဲပါးစောင်းတီး အကြံအစည်
Vol. 6 Ch. 59
ချီချန်းနှင့် လူကျန့်တို့၏အဖွဲ့တွင် လူ ၁၃ ယောက်သာ ပါဝင်သော်လည်း အနိမ့်ဆုံး ကျင့်ကြံမှုအဆင့်မှာ ဝိညာဉ်အခြေတည်အဆင့် ၅ ဖြစ်သည်။
၎င်းတို့သည် ဖေးရှန်ဂိုဏ်းအတွင်းသို့ ထိုးဖောက်ဝင်ရောက်ရန်အတွက် ချီချန်းခေါ်ဆောင်လာသော ပါယွန်းခန်းမ၏ အထူးပညာရှင်များဖြစ်လေ၏။
ယခင် တပည့်သစ်ဝင်ခွင့်စာမေးပွဲတွင် သူမျက်နှာပြဖူးသဖြင့် ယခုတစ်ကြိမ်တွင် ချီချန်းသည် ရုပ်ဖျက်ဝိညာဉ်ပစ္စည်းတစ်ခုကို အသုံးပြုထားသည်။
ထို့အပြင် သူ၏ အစစ်အမှန်ကျင့်ကြံမှုအဆင့်ဖြစ်သော ဝိညာဉ်အခြေတည်အဆင့် ၈ ကိုလည်း ထုတ်ဖော်ပြထားသည်။ သူ၏အမြင်တွင် ကျန်းချန်အနေဖြင့် သူ့ကိုမှတ်မိရန်မဖြစ်နိုင်ပေ။
"ဂိုဏ်းချုပ်ကျန်း"
"ဘယ်သွားမလို့လဲ"
"အပြင်မှာ အရမ်းအန္တရာယ်များတယ်၊ ဂိုဏ်းအများကြီးက ဝိုင်းဝန်းတိုက်ခိုက်ဖို့ လာနေကြတာ"
သူ၏စကားများမှာ စေတနာပါပုံပေါက်နေပြီး ကူညီရန်လာသကဲ့သို့ရှိသော်လည်း အမှန်စင်စစ် ချီချန်းနှင့် လူကျန့်တို့မှာ အလွန်အံ့ဩနေကြသည်။
'ဒီလူက တကယ်ပဲ ဂိုဏ်းခုနစ်ဂိုဏ်းလုံးကို တစ်ယောက်တည်း ရင်ဆိုင်ဖို့ သွားနေတာလား မျက်စိသုံးလုံးကျားကရော သူ့နောက်ကပါမလာဘူးလား'
သူတို့သည် ဝိညာဉ်အာရုံဖြင့် ပတ်ဝန်းကျင်ကို အသေအချာစစ်ဆေးသော်လည်း လူကျန့်ပင်လျှင် ဒုတိယမြောက်သက်ရှိတစ်ဦးကို ရှာမတွေ့ခဲ့ပေ။
"မင်းတို့က ဘယ်သူတွေလဲ"
ကျန်းချန်က တိမ်တိုက်ပေါ်တွင်ရပ်တန့်ကာ မေးလိုက်သည်။
ချီချန်းသည် ချက်ချင်းမှတ်မိခံရလိမ့်မည်ဟု အိပ်မက်ပင်မမက်ဖူးပေ။
အစ်ကိုကြီးချန်သည် ဤလူစိမ်းအုပ်စုပေါ်လာသည်နှင့် သိမြင်ခြင်းမှုရည်ကို အလိုအလျောက်အသုံးပြုလိုက်ပြီးဖြစ်သည်။
ထိုစွမ်းရည်သည် ကျင့်ကြံခြင်းအဆင့်များကို ကောင်းကင်နှင့်မြေကြီး ရတနာများကဲ့သို့ အမှတ်များဖြင့် အဆင့်ခွဲပေးလေသည်။ ထို့ကြောင့် ချီချန်း၏အဆင့်မှာ ၇,၅၀ဝ ဖြစ်ကြောင်း တွေ့လိုက်ရသည်။
ချီချန်းမှာ ဝိညာဉ်အခြေတည်အဆင့် ၈ အထိ ရောက်နေသော်လည်း ပါရမီအရမူ ကျိလင်ဟန်နှင့် လင်းနင်တို့ကို မမီပေ။
သူ၏ ကိုယ်ပေါ်ရှိလက်နက်များနှင့် ရုပ်ဖျက်နိုင်သည့် ဝိညာဉ်ပစ္စည်းကိုလည်း သိမြင်မှုစွမ်းရည်က အမည်တပ်ကာ ဖော်ပြပေးနေသည်။
'ဒီကောင်က တော်တော် ချမ်းသာတာပဲ၊ အဆင့် ၇ ဝိညာဉ်လက်နက် နှစ်ခုတောင်ပါတယ်'
အဆင့် ၇ လက်နက်တစ်ခုကို အမှတ် ၁၀,၀၀ဝ နှင့် လဲလှယ်နိုင်သည် မဟုတ်ပါလား။
အစ်ကိုကြီးချန်မှာ သွားရည်ပင်ကျချင်လာသည်။
သူသည် အဆင့်သုံးကံစမ်းမဲကိုပင်မနှိုက်ရသေးသဖြင့် အမှတ်များကို အလွန်လိုအပ်နေ၏။
"ဪ... ကျွန်တော်တို့က ပါယွန်းခန်းမကပါ။ ကျွန်တော်က ပါယွန်းခန်းမရဲ့သခင်လေး ချီချန်းပါ"
ချီချန်းက ကျန်းချန် သူ့ကိုမမှတ်မိဟုထင်ကာ ဟန်ဆောင်ပန်ဆောင် မိတ်ဆက်လိုက်သည်။
အစ်ကိုကြီးချန်မှာမူ စိတ်ထဲမှ ကျိန်ဆဲနေမိသည်...
'ငါ့ကောင်ရာ... ပြီးခဲ့တဲ့တစ်ခါက ယွန်းချန်းလို့ နာမည်ပြောင်းတယ်၊ အခုကျတော့ မျိုးရိုးနာမည်လေးပဲပြောင်းပြီး နာမည်ရင်းကိုတော့ ချန်ထားခဲ့တာလား... မင်းကတော့ တကယ့်ကိုအဆင့်မမီဘူး'
"အော်... မင်းတို့ပဲလား။ ဘာကိစ္စရှိလို့လဲ... ငါ့ကို လာတိုက်ခိုက်တာလား"
'မြန်မြန်... ငါ့ကို တိုက်ခိုက်ဖို့လာတာလို့ ပြောလိုက်စမ်း၊ ပြီးရင် လူယုတ်မာတွေလို ငါ့ကိုဝိုင်းသတ်ဖို့ ကြိုးစားလိုက်စမ်းပါ'
အမှန်အတိုင်းပြောရလျှင် ချီချန်းသည် ထိုသို့လုပ်ရန်စဉ်းစားခဲ့သည်။ ကျန်းချန်တစ်ယောက်တည်း ထွက်လာချိန်တွင် သတ်ပစ်လိုက်ပါက ဖေးရှန်ဂိုဏ်းကိုသိမ်းပိုက်ရန် အလွန်လွယ်ကူသွားမည် ဖြစ်သည်။
သူသည် လူကျန့်ကို အသံလှိုင်းဖြင့် တိတ်တဆိတ်မေးလိုက်သည်...
"သူတစ်ယောက်တည်းရှိတုန်း အပြတ်ရှင်းလိုက်ရမလား"
"မဖြစ်ဘူး၊ သူ တစ်ခုခုကိုယုံကြည်ပြီး ထွက်လာတာဖြစ်ရမယ်"
လူကျန့်က ပို၍သတိကြီးသူဖြစ်သည်။
"သူက ဘာကိုယုံကြည်ရမှာလဲ... ခုနက ကြားလိုက်တာပဲလေ၊ အဲဒီကျားက တောင်ကိုပဲစောင့်မှာ၊ အပြင်ထွက်မတိုက်ဘူးတဲ့။ သူ့ကိုသတ်လိုက်ရင် အားလုံးပြီးသွားပြီလေ။"
ချီချန်းက သည်းမခံနိုင်တော့ပေ။ သူသည် ယခင်က ဒူးထောက်ခဲ့ရသော အရှက်ကွဲမှုကို လက်စားချေချင်နေသည်။
လူကျန့်က ခေါင်းခါလိုက်သည်
"သူ့ရဲ့ယုံကြည်ချက်က ဘယ်ကလာမှန်းမသိဘူး။ ချီရီဂိုဏ်းကို သွားတုန်းကလည်း သူတစ်ယောက်တည်းလို့ထင်ရပေမဲ့ တကယ်တမ်းကျတော့ အားလုံးကိုသတ်ပစ်နိုင်ခဲ့တာပဲ။"
"ဒါဆိုလည်း... ခဏလောက် စောင့်ကြည့်တာပေါ့။"
ချီချန်းက စဉ်းစားပြီးနောက် မူလအစီအစဉ်အတိုင်းဆက်လုပ်ရန် ဆုံးဖြတ်လိုက်သည်။
"ဂိုဏ်းချုပ်ကျန်းကတော့ နောက်နေပြန်ပြီ။ ကျွန်တော်တို့က ကူညီဖို့လာတာပါ၊ ဘာလို့သတ်ရမှာလဲ"
"ကူညီဖို့လား"
သူတို့က သူ့ကိုမသတ်ဘူးဟုကြားလိုက်ရသဖြင့် ကျန်းချန် အလွန်စိတ်ပျက်သွားပြီး အသံမှာလည်း အေးစက်သွားသည်။
"ဟုတ်ပါတယ်။ ဖေးယွန်းစီရင်စုရဲ့ အရှင်သခင်တွေအနေနဲ့ ကျွန်တော်တို့ ပါယွန်းခန်းမက အပြစ်မရှိတဲ့ဂိုဏ်းတစ်ဂိုဏ်း အဝိုင်းခံနေရတာကို လက်ပိုက်ကြည့်မနေနိုင်ပါဘူး"
ချီချန်းက ပါယွန်းခန်းမသည် လောကကြီးကိုကယ်တင်နေသူများအလား အားရပါးရပြောလိုက်သည်။
"လာပါ ဂိုဏ်းချုပ်ကျန်း၊ ကျွန်တော်တို့နဲ့အတူ ဖေးရှန်ဂိုဏ်းကို အတူပြန်ရအောင်။ ကျွန်တော်တို့ရှိနေသရွေ့ ဟိုဂိုဏ်းခုနစ်ဂိုဏ်းက ဘယ်တော့မှကျူးကျော်နိုင်မှာ မဟုတ်ဘူး"
သူက ပြုံးရွှင်သောမျက်နှာဖြင့် ကျန်းချန်အနားသို့တိုးလာသည်။
အစ်ကိုကြီးချန်မှာမူ အလွန်ဒေါသထွက်နေလေပြီ။
'မင်းတို့က ငါ့ကို ဒုက္ခပေးဖို့လာတာမဟုတ်လား... ဘာလို့ ဒီလောက်ရှုပ်ထွေးအောင်လုပ်နေရတာလဲ... ငါ့ကို အခုပဲသတ်လိုက်စမ်းပါ၊ ဒါမှ ငါက ပြန်လည်ရှင်သန်ခြင်းစွမ်းရည်ကို သုံးလို့ရမှာပေါ့'
သူက ချီချန်းကိုတွန်းဖယ်လိုက်ပြီး စိတ်ပျက်လက်ပျက်ဖြင့် ပြောလိုက်သည်...
"မလိုပါဘူး။ ငါတို့ဂိုဏ်းက ကယ်တင်ရှင်မလိုဘူး။ မင်းတို့ အခု သွားလို့ရပြီ။"
ပြောပြီးသည်နှင့် ရှေ့ဆက်သွားရန် ပြင်လိုက်သည်။
'ဟမ်'
ကယ်တင်ရှင် မလိုဘူးလား...
ဤတုံ့ပြန်မှုမှာ ချီချန်းနှင့် လူကျန့်တို့အတွက် လုံးဝမျှော်လင့်မထားသောအရာဖြစ်သည်။
အားလုံးက သူ့ကိုဝိုင်းဝန်းတိုက်ခိုက်ရန်လာနေချိန်တွင် အင်အားကြီးသောစစ်ကူရောက်လာသည်ကို ဝမ်းသာအားရကြိုဆိုရမည်မဟုတ်လော...
လူကျန့်က ချောင်းတစ်ချက်ဟန့်ကာ ကျန်းချန်ကို ဆက်လက်ဖျောင်းဖျရန် ကြိုးစားသည်
"ဂိုဏ်းချုပ်ကျန်း... ဟိုဂိုဏ်းခုနစ်ဂိုဏ်းကို အထင်မသေးပါနဲ့။ သူတို့မှာ ဝိညာဉ်အခြေတည်အဆင့် ပညာရှင် ၂၀ ကျော်တောင် ပါတာ။ ဂိုဏ်းချုပ်က ကောင်းကင်ကံကြမ္မာအဆင့်ပညာရှင်မို့လို့လား"
"မဟုတ်ဘူး။"
"ဒါဆိုရင် ဂိုဏ်းချုပ်မှာ တခြားစစ်ကူတွေရှိသေးလို့လား"
"မရှိဘူး"
"ဒါဆိုရင် အဲဒီဂိုဏ်းခုနစ်ဂိုဏ်းကိုနှိမ်နင်းဖို့ တခြားထူးခြားတဲ့အကြံအစည်ရှိလို့လား"
ဤမျှအထိ အကဲခတ် မေးမြန်းနေသည်ကိုကြည့်ပြီး ကျန်းချန်က သူတို့အစားပင်ပန်းလာသည်။
"အဘိုးကြီး... မင်း မပျင်းဘူးလား... ငါ့မှာ ဘာအစွမ်းမှ မရှိဘူး၊ စစ်ကူလည်းမရှိဘူး၊ အကြံလည်းမရှိဘူး၊ ဘာဝှက်ဖဲမှလည်းမရှိဘူး။ အခုကျေနပ်ပြီလား"
"မင်းတို့ ငါ့ကိုသတ်မှာလား၊ မသတ်ဘူးလား တည့်တည့်ပဲ ပြောစမ်းပါ"
"မသတ်ဘူးဆိုရင် ငါ အလုပ်များတယ်၊ သွားတော့မယ်"
သူတကယ်စိတ်မရှည်တော့ပေ။
ဤသည်မှာ သူတို့အတွက် နောက်ဆုံးအခွင့်အရေးဖြစ်သည်။ အကယ်၍ သူတို့ကမသတ်လျှင် သူသည် ဂိုဏ်းခုနစ်ဂိုဏ်းထံသွား၍ အသတ်ခံရုံသာရှိတော့သည်။
လူကျန့်မှာ သွေးအန်မတတ်ဖြစ်သွားရသည်။ သူနှင့် ချီချန်းတို့ တစ်ဦးကိုတစ်ဦးကြည့်လိုက်ကြ၏။
သူတို့ကဲ့သို့ အကွက်ချစီစဉ်တတ်သူများအတွက် ကျန်းချန်၏စကားမှာ သူတို့ကို ထောင်ချောက်ထဲဆွဲသွင်းရန် အားနည်းချင်ယောင်ဆောင်နေခြင်းဖြစ်သည်ဟု ကောက်ချက်ချလိုက်ကြသည်။
"ဂိုဏ်းချုပ်ကျန်းကတော့ နောက်ပြန်ပြီ။ ကျွန်တော်တို့က ကူညီမှာပါ၊ ဘာလို့ သတ်ရမှာလဲ... ဟိုဂိုဏ်းခုနစ်ဂိုဏ်းက အင်အားမသေးဘူး၊ ဂိုဏ်းကိုပြန်ပြီးတိုင်ပင်ကြတာ အကောင်းဆုံးပဲ..."
သူ့စကားမဆုံးမီမှာပင် ကျန်းချန် ပျံသန်းထွက်ခွာသွားပြီဖြစ်သည်။ အဝေးမှနေ၍ စကားတစ်ခွန်းသာ ပြန်အော်ခဲ့သည်
"စိတ်ပျက်စရာပဲ"
ချီချန်းတို့မှာ တစ်ဦးကိုတစ်ဦးကြည့်ကာ ကြောင်အနေကြသည်။
"သူ ဘာကို ဆိုလိုတာလဲ"
ချီချန်းမှာ ဒေါသတကြီးအံကြိတ်၏။
သူမည်သူမည်ဝါဖြစ်ကြောင်း ပြောပြခဲ့သော်လည်း ကျန်းချန်က သူ့ကို လုံးဝအရေးမစိုက်ဘဲ ထွက်သွားခြင်းဖြစ်သည်။
လူကျန့်က သက်ပြင်းချလိုက်၏...
"သူ့ရဲ့အကြံအစည်ကို ငါလည်းနားမလည်တော့ဘူး..."
သူတို့၏အကွက်ချစီစဉ်မှုများမှာ ကျန်းချန်ကဲ့သို့လူစားမျိုးနှင့်တွေ့သောအခါ ကျွဲပါးစောင်းတီးသကဲ့သို့ အချည်းနှီးဖြစ်သွားရတော့သည်။