← Chapters

လူသတ်သမားတို့ရဲ့ဘုရင်

Vol. 6 Ch. 60

လူသတ်သမားတို့ရဲ့ဘုရင်

Vol. 6 Ch. 60

ကျန်းချန်သည် ဂိုဏ်းခုနစ်ဂိုဏ်းစုဝေးရာစခန်းသို့ အပြေးအလွှားရောက်ရှိသွားချိန်တွင် သူတို့မှာ ပစ္စည်းများသိမ်းဆည်းကာ ထွက်ခွာရန်ပြင်ဆင်နေကြကြောင်း တွေ့လိုက်ရ၏။

ဤဂိုဏ်းခုနစ်ဂိုဏ်းနှင့် အဖွဲ့ဝင်များသည် အစီအစဉ်အရ ဖေးရှန်ဂိုဏ်းကို ဝိုင်းရံထားရမည့်သူများဖြစ်သည်။

ဝိုင်းရံထားသော်လည်း မတိုက်ခိုက်ဘဲ ဖိအားပေးခြင်းဖြင့် ချီချန်းကို ဂိုဏ်းအတွင်းဝင်ရောက်ရန် အကြောင်းပြချက်ကောင်း ဖန်တီးပေးရမည်။

ထိုသို့ ဝိုင်းရံပိတ်ဆို့ရန်အတွက် သူတို့သည် တစ်နေရာတည်းတွင်စုမနေဘဲ လူခွဲထားကြခြင်းဖြစ်သည်။

ကျန်းချန်သည် သူတို့၏အကြံအစည်ကိုမသိသော်လည်း ဤမြင်ကွင်းကိုမြင်သောအခါ အချိန်မီရောက်လာခြင်းကို ဝမ်းသာမိ၏။

မဟုတ်ပါက သူတို့လူစုကွဲသွားလျှင် တစ်ယောက်ချင်းစီလိုက်သတ်ရန်အတွက် သူ၏ပြန်လည်ရှင်သန်ခြင်းစွမ်းရည်ကို အကြိမ်ကြိမ်ဖြုန်းတီးရပေလိမ့်မည်။

"ကျန်းချန်လား"

"ကျန်းချန် ရောက်လာပြီ"

သူသည် ပေါ်တင်ကြီးပျံသန်းလာခြင်းဖြစ်သဖြင့် ရန်သူများက ချက်ချင်းသတိထားမိသွားကြသည်။

"ဘာ"

"သူက ဘာလို့တစ်ယောက်တည်းထွက်လာတာလဲ"

"ဟိုကျားမိစ္ဆာရောပါလာလား"

ဤသတင်းကိုကြားလိုက်ရသောအခါ ခန်းမထဲရှိဂိုဏ်းချုပ်များနှင့် မိသားစုခေါင်းဆောင်များမှာ လန့်ဖျန့်သွားကြပြီး အချို့မှာ မြေကျင်းတူးပြီးပုန်းချင်စိတ်ပင်ပေါက်သွားကြသည်။

သူတို့ ဤနေရာတွင်ဆက်နေရဲခြင်းမှာ ကျားကြီး အပြင်ထွက်မလာသရွေ့ ဖေးရှန်ဂိုဏ်းက တိုက်ရဲမည်မဟုတ်ဟု ထင်ထားသောကြောင့်ဖြစ်သည်။

ယခု ကျန်းချန်ရောက်လာပြီဆိုတော့ တပ်ဖွဲ့ကြီးနှင့်လာတိုက်သည်ဟု ထင်မှတ်ကုန်ကြ၏။

"သူ တစ်ယောက်တည်းပဲ"

"ကျားမိစ္ဆာကို မတွေ့ဘူး"

"တကယ်လား"

"ကျိန်းသေတယ်"

"ဒါဆို အပြင်ထွက်ကြည့်ရအောင်"

အစွမ်းအထက်ဆုံးဖြစ်သော ကျိုလော့သည် သူ၏ဖရိုဖရဲဖြစ်နေသော မုတ်ဆိတ်မွေးများကို ပြန်သပ်ကာ အထက်တန်းစားပညာရှင်တစ်ဦးအသွင် ပြန်ဖမ်းလိုက်သည်။

ဂိုဏ်းခုနစ်ဂိုဏ်းမှ ထိပ်တန်းပညာရှင်ငါးရာကျော်သည် ကျန်းချန်ကို ဝိုင်းလိုက်၏။

"ဒီလူတွေက နည်းနည်းတော့ အားနည်းသလိုပဲ..."

ကျန်းချန် မေးစေ့ကိုပွတ်ရင်း စိတ်ပျက်လက်ပျက်ပြောလိုက်သည်။ ယခင်က ဂိုဏ်းငါးဂိုဏ်းဝိုင်းစဉ်က လူသောင်းချီရှိသောမြင်ကွင်းလောက်မခန့်ညားဟု ခံစားနေရ၏။

"ကျန်းချန်... မင်း ဘာလို့ ဒီကိုလာတာလဲ"

ဤနေရာတွင် ကျန်းချန်ကိုအမုန်းဆုံးသူမှာ တွမ့်မူကျယ်ဖြစ်သည်။ သူ၏ ညီအစ်ကိုများဖြစ်သော တွမ့်မူဟုန်နှင့် တွမ့်မူချီတို့မှာ ကျန်းချန်လက်ချက်ဖြင့်သေဆုံးခဲ့ရသည် မဟုတ်ပါလား။

ကျန်းချန်က ရယ်ချင်စိတ်ကိုအောင့်ထားရင်း ပြန်ပြောလိုက်သည်

"မင်းရဲ့ မေးခွန်းက ထူးခြားသားပဲ။ မင်းတို့အားလုံးက ငါ့ဂိုဏ်းကိုဖျက်ဆီးဖို့လာနေကြတာကို၊ ငါက လာကြည့်လို့ မရဘူးလား"

"မင်း တစ်ယောက်တည်းပဲလား"

ကျိုလော့သည် သတိကြီးစွာဖြင့် သူ၏ဝိညာဉ်ဓားကို အသင့်ပြင်ထားသည်။ ကျန်းချန်ကိုသတ်ရန်မဟုတ်ဘဲ တစ်ခုခုထူးခြားလျှင် အမြန်ထွက်ပြေးရန်သာ။

"ဟိုကျားမိစ္ဆာ ဘယ်မှာလဲ"

တခြားဂိုဏ်းချုပ်တစ်ဦးက တိုက်ရိုက်မေးလိုက်သည်။ ဝိညာဉ်အခြေတည်အဆင့်အထိ ကျင့်ကြံနိုင်သူများသည် အမြဲတမ်းသတိကြီးကြသည်။

သူတို့သည် ချီချန်းကဲ့သို့ပင် အခြေအနေမှာ ပုံမှန်မဟုတ်ဟု ခံစားနေရသည်။

"သူ မလာဘူး။"

ကျန်းချန်က အမှန်အတိုင်းပြောလိုက်သော်လည်း စိတ်ထဲမှတွေးနေမိသည်

'သူတို့က ဘာလို့ ကျားကြီးအကြောင်းပဲ မေးနေကြတာလဲ... ငါက ဂိုဏ်းချုပ်လေ... ငါ့ကို အလေးမထားကြဘူးလား'

"မင်း သေချာလား"

ကျန်းချန်မှာ အမှန်တကယ်စိတ်တိုလာသည်။

'ဒီလူတွေက ငါ့ကိုမြန်မြန်သတ်ကြတာမဟုတ်ဘူး... ဘာလို့ ဒီလောက်အချိန်ဆွဲနေကြတာလဲ'

"သေချာတယ်... လုံးဝသေချာတယ်"

"မင်းတို့ကို ငါ အကူအညီတောင်းပါရစေ... ငါကိုယ်တိုင်ရောက်လာတာကို ငါ့မျက်နှာကိုထောက်ထားပြီး တခြားတိရစ္ဆာန်အကြောင်းမမေးဘဲ ငါ့ကိုပဲအာရုံစိုက်ပေးလို့မရဘူးလား..."

အားလုံး တိတ်ဆိတ်သွားကြသည်။ ကျန်းချန်၏ အတွေးအခေါ်ကို သူတို့လိုက်မမီတော့ပေ။

*ဇွပ်*

ရုတ်တရက် အမည်းရောင်အရိုးစူးတစ်ခု ကျန်းချန်၏နှလုံးသားကို နောက်ကျောမှဖောက်ထွက်သွားသည်။

ထိုအရိုးစူး၏ ထိပ်တွင် အနက်ရောင်မြူခိုးများရစ်သိုင်းနေပြီး သွေးများလည်း တစ်စက်စက်ကျလာသည်။

ကျန်းချန် ငုံ့ကြည့်လိုက်သည်။

'ဘယ်သူက ငါ့ကိုသတ်ဖို့ ဒီလောက်တလောနေတာလဲ'

မည်သို့ပင်ဆိုစေ... သူ နောက်ဆုံးတော့ သေလေပြီ။ သူသည် အလွန်ကျေနပ်အားရစွာဖြင့် လဲကျသွားတော့သည်။

သွေးတောင်ကြား၏ ဂိုဏ်းချုပ် ရွှမ်ချီသည် ဝတ်ရုံကိုခြုံလျက် ကျန်းချန်၏နောက်ကွယ်တွင် ပေါ်လာသည်။

"မင်း... မင်း သူ့ကို သတ်လိုက်တာလား"

ကျိုလော့နှင့် အခြားသူများမှာ ပါးစပ်အဟောင်းသားဖြစ်သွားကြသည်။ ကျန်းချန်က ဒီလောက် အလွယ်တကူ သေသွားတာလား....

ရွှမ်ချီက အရိုးစူးကိုပြန်သိမ်းလိုက်၏။ သူကိုယ်တိုင်ပင်မယုံနိုင်ဘဲ အသံအက်အက်ဖြင့်ပြောလိုက်သည်...

"ဗီဇအရပဲ... အခွင့်အရေးက အရမ်းကောင်းနေတော့ မနေနိုင်ဘဲလုပ်မိသွားတာ..."

သူသည် လုပ်ကြံသတ်ဖြတ်ခြင်းတွင် အလွန်ကျွမ်းကျင်သူဖြစ်ပြီး ဝိညာဉ်အခြေတည်အဆင့် ၁ ဖြင့် အဆင့် ၉ ကိုပင် သတ်ဖူးသူဖြစ်၏။

ကျန်းချန် ရောက်လာကတည်းက အမှောင်ထဲတွင်ပုန်းနေခဲ့ခြင်းဖြစ်သည်။

အခြေအနေမကောင်းလျှင် ထွက်ပြေးရန်ပြင်ထားသော်လည်း ကျန်းချန်၏ရပ်တည်ပုံနှင့် အမူအရာမှာ ဟာကွက်များဖြင့် ပြည့်နှက်နေသည်ကို သူတွေ့လိုက်ရသည်။

ဤလူသည် ပတ်ဝန်းကျင်ကို လုံးဝသတိမထားပေ။ ကျင့်ကြံခြင်းလောကတွင် ဤမျှ ပေါ့ဆသောသူ ရှိနိုင်ပါ့မလား...

ရွှမ်ချီသည် ထိုဟာကွက်များမှာ ထောင်ချောက်ဟု သံသယဝင်ခဲ့သော်လည်း နောက်ဆုံးတွင် သူ၏ စိတ်ရောဂါပေါက်ကွဲထွက်လာပြီး တိုက်ခိုက်လိုက်ခြင်းဖြစ်သည်။ သူ ထိုးနှက်လိုက်စဉ်က လွဲချော်သွားမည်ကို စိုးရိမ်ခဲ့သော်လည်း အမှန်တကယ် အောင်မြင်သွားခဲ့သည်။

အားလုံးမှာ မှင်သက်နေကြသည်။

'ဒီလောက် လွယ်တာလား

သူက ဂိုဏ်းငါးဂိုဏ်းကိုဖျက်ဆီးခဲ့တဲ့သူရောဟုတ်ရဲ့လား’

ခဏအကြာတွင် အောင်ပွဲခံသံများ ဆူညံသွားတော့သည်။

"ဟားဟားဟား"

"အစ်ကိုကြီး ရွှမ်ချီ... တော်လိုက်တာ"

"ချင်းလန်စီရင်စုရဲ့ နံပါတ်တစ်လူသတ်သမားဆိုတာ တကယ်ပဲ"

"ဒါက လူသတ်သမားတို့ရဲ့ဘုရင်ပဲ"

ကျန်းချန်သေသွားပြီဖြစ်ရာ သူတို့၏တာဝန်ပြီးဆုံးသွားပြီဟု ယူဆလိုက်ကြသည်။ ကျားမိစ္ဆာမှာလည်း ဂိုဏ်းကိုစောင့်ရှောက်ရန်သာတာဝန်ရှိပုံရပြီး ကျန်းချန်အသတ်ခံရသည်ကို ဝင်မတားခဲ့ပေ။

"သူက အရမ်းပေါ့ဆလွန်းတယ်။ ဝိညာဉ်ချပ်ဝတ်တောင် မဝတ်ထားဘူး၊ သူက ပုံသေပစ်မှတ်ကြီးပဲ။"

ရွှမ်ချီက မာန်တက်စွာပြောလိုက်သည်။

တွမ့်မူကျယ်ကမူ အမြန်ပြေးတက်လာပြီး

"သူ သေဟန်ဆောင်နေတာဖြစ်နိုင်တယ်၊ သတိထားကြ"

ဟု အော်ဟစ်ကာ ကျန်းချန်၏ လည်ပင်းနှင့် ဝမ်းဗိုက်ကို ဓားဖြင့်အချက်ပေါင်းများစွာ ထပ်ထိုးလိုက်သည်။ သူတို့ တွမ့်မူမိသားစု သင်ခန်းစာရခဲ့ဖူးသည်လေ။

အဝေးမှ တိတ်တဆိတ်စောင့်ကြည့်နေသော ချီချန်းနှင့် လူကျန့်တို့လည်း ကြောင်အနေကြသည်။

"သူ့ကို ရွှမ်ချီက သတ်လိုက်တာလား"

"ရွှမ်ချီက ဝိညာဉ်အခြေတည်အဆင့် ၆ ပဲ ရှိတာလေ။ ကျန်းချန်က သူ့ထက်အဆင့်မြင့်တဲ့အပြင် ထူးခြားတဲ့ဝိညာဉ်စင်မြင့်လည်းရှိတာကို ဘယ်လိုဖြစ်လို့လဲ"

လူကျန့်က ရှင်းပြရန်ကြိုးစားသော်လည်း သူကိုယ်တိုင်ပင် အခြေအနေကို နားမလည်နိုင်အောင် ဖြစ်နေရသည်။

သူတို့ အချိန်အကြာကြီးစိုးရိမ်ခဲ့ရသော ရန်သူကြီးမှာ ဤမျှ အလွယ်တကူ သေဆုံးသွားခဲ့ပြီလော...

All Chapters