← Chapters

အခန်း (၂၁၂)

Vol. 19 Ch. 212

အခန်း (၂၁၂)

Vol. 19 Ch. 212

နှစ်ရက်အကြာတွင် သူသည် ခရီးပန်းလာပြီးတော့ မဟာရှနိုင်ငံ၏ မင်းနေပြည်တော်သို့ ရောက်ရှိလာခဲ့သည်။ စုံစမ်းမေးမြန်းကြည့်ပြီးနောက် ဤနေရာသည် မဟာရှနိုင်ငံဖြစ်ပြီး လက်ရှိဧကရာဇ်မှာ နာမည်ကျော် အရှက်မရှိ မိုက်မဲလှတဲ့ ဧကရာဇ်ဖြစ်သူ လင်းပိုင်ဖန် ဖြစ်ကြောင်းကို သူသိရှိခဲ့ရသည်။

သူသည် ထိုမိုက်မဲလှတဲ့ ဧကရာဇ်အကြောင်းကို ယခင်ကတည်းက ကြားဖူးနားဝရှိခဲ့သည်။ သို့သော် ထိုအချိန်က သူသည် အစစ်အမှန် နဂါးလည်းဖြစ်တဲ့ ဧကရာဇ်ကြယ်ကိုသာ အပတ်တကုတ် ရှာဖွေနေခဲ့ခြင်းကြောင့် ထိုမိုက်မဲလှတဲ့ ဧကရာဇ်ကို အလေးမထားခဲ့ပေ။ ထိုနှစ်ဦးမှာ တစ်ယောက်တည်း ဖြစ်နေလိမ့်မည်ဟု သူ လုံးဝမမျှော်လင့်ထားခဲ့မိဘဲ ယခုမှသာ အမှန်တရားကို သိရှိသွားပြီး စိတ်ထဲတွင် အလေးအနက်ထားလာမိတော့သည်။

သူသည် အချက်အလက်များကို ဆက်လက်စုဆောင်းရာ ဧကရာဇ် လင်းပိုင်ဖန်သည် အမှန်တကယ်ပင် မိုက်မဲသော လုပ်ရပ်များစွာကို လုပ်ဆောင်ခဲ့ကြောင်း တွေ့ရှိခဲ့ရသည်။ ဧကရာဇ်ဖြစ်ပြီး မကြာမီမှာပင် သူသည် လှပသော အမျိုးသမီးတစ်ဦးအတွက်နှင့် နိုင်ငံတော် ပိုင်နက် နယ်မြေများကို လဲလှယ်ခဲ့သည်။ နေရာအနှံ့ ပြဿနာများ ဖန်တီးပြီး စစ်မျက်နှာပေါင်းစုံတွင် စစ်မီးမွှေးခဲ့သည်။ ပညာရှိအမတ်များကို ထုတ်ပယ်ပြီး လာဘ်စားသော အကျင့်ပျက်အမတ်များနှင့် လူယုတ်မာများကို ရာထူးတိုးပေးခဲ့သည်။ ဇိမ်ခံပျော်ပါးခြင်း၊ ကာမဂုဏ်ခံစားခြင်းတို့တွင် နစ်မွန်းနေပြီး နိုင်ငံတော်၏ အခြေခံအုတ်မြစ်ကို ထည့်မတွက်ဘဲ သူ၏ တစ်ကိုယ်ရေဆန္ဒအတွက်နှင့် တစ်နိုင်ငံလုံးကို အလုပ်အကျွေးပြုစေမည့် အကြီးစား ဆောက်လုပ်ရေး စီမံကိန်းများကို လုပ်ဆောင်ခဲ့သည်။ သူသည် ကြီးမြတ်သော မျိုးနွယ်စုကြီးများကိုသာမက အိမ်နီးချင်းနိုင်ငံများကိုပါ ရန်သူဖြစ်အောင် လုပ်ခဲ့သည်။

အမိုက်မဲဆုံးဧကရာဇ်တစ်ပါး လုပ်သင့်လုပ်ထိုက်သမျှ အရာအားလုံးကို သူလုပ်ဆောင်ခဲ့သည်ဟု ဆိုနိုင်ပေသည်။ သာမန် မိုက်မဲလှတဲ့ဧကရာဇ်များပင် မလုပ်ရဲသည့် အရာများစွာကိုလည်း သူလုပ်ဆောင်ခဲ့သည်။ သို့သော် ထူးဆန်းသည်မှာ နိုင်ငံသည် အားနည်းသွားခြင်း မရှိသည့်အပြင် ပိုမိုအင်အားတောင့်တင်းလာကာ ယခုအခါ ကိုယ်ပိုင်မင်းဆက်တစ်ခုကိုပင် ထူထောင်နိုင်မည့် အလားအလာရှိနေခြင်းပင်ဖြစ်သည်။

နှစ်နှစ်မပြည့်ခင်မှာပင် သာမန်နိုင်ငံလေးတစ်ခုကနေ အင်အားကြီးနိုင်ငံအဆင့်ကို ရောက်အောင် လုပ်နိုင်ခဲ့သည်မှာ တကယ့်ကို ဧကရာဇ်ကြယ်ပင် ဖြစ်နိုင်သော်လည်း သူ၏လုပ်ရပ်များကို ကြည့်လျှင် ကပ်ဘေးကြယ် တစ်ပွင့်လည်း ဖြစ်နေပြန်သည်ဟု သူက ခါးသီးသော အပြုံးဖြင့် ရေရွတ်လိုက်သည်။

သူသည် ဧကရာဇ်များစွာကို တွေ့မြင်ခဲ့ဖူးသော်လည်း ဤကဲ့သို့ ထူးခြားသောသူမျိုးကို တစ်ခါမျှ မကြုံဖူးခဲ့ပေ။ တစ်ဖက်လူက မည်မျှပင် မိုက်မဲနေပါစေ၊ ယခုအခါ သူသည် ထို အစစ်အမှန်နဂါးအတွက် အလုပ်အကျွေးပြုရန် နန်းတွင်းသို့ ဝင်ရောက်နိုင်မည့် နည်းလမ်းကိုသာ ရှာဖွေလိုတော့သည်။

သူသည် အိတ်ကပ်ထဲမှ ကြေးပြားငါးပြားကို ထုတ်ယူကာ လက်ထဲတွင် အသာအယာ လှုပ်ယမ်းလိုက်သည်။ ဗေဒင်နိမိတ်များကို မြင်လိုက်ရသောအခါ သူ အလွန်စိတ်အေးသွားပြီး အပြင်ထွက်ရှာနေဖို့ မလိုတော့ကြောင်းနှင့် ကံပါသည့်သူက သူ့ထံသို့ အလိုလို ရောက်လာလိမ့်မည်ဖြစ်ကြောင်း မိမိကိုယ်ကိုယ် ပြောလိုက်သည်။

ထို့ကြောင့် သူသည် မည်သည့်နေရာမှ မသွားဘဲ ထိုနေရာတွင်ပင် ဆက်နေခဲ့သည်။ ထိုစဉ်မှာပင် ယန်စန်း သည် ရထားလုံးဖြင့် ဖြတ်လာနေသည်။ ရထားလုံး၏ ပြတင်းပေါက်မှတစ်ဆင့် ထိုလူကို မြင်လိုက်ရသောအခါ ယန်စန်းမှာ အလွန်အံ့အားသင့်သွားခဲ့ရသည်။ ထိုသူ၏ အဆင်းသဏ္ဌာန်မှာ မြင့်မြတ်ပြီး မသေမျိုးတစ်ပါးကဲ့သို့ အရှိန်အဝါရှိနေကာ သာမန်လူတစ်ဦး မဟုတ်သည်မှာ ထင်ရှားလှသည်။

သူသည် မဟာရှနိုင်ငံအတွက် ထူးချွန်ထက်မြက်သူများကို ရှာဖွေရန် ဧကရာဇ်၏ အမိန့်ကို ရရှိထားသူဖြစ်ရာ ဤလူမှာ သူရှာနေသောသူနှင့် ကွက်တိဖြစ်နေပုံရသည်။ ထို့ကြောင့် သူက ရထားလုံးကို အခုချက်ချင်း ရပ်ခိုင်းလိုက်သည်။

ရထားလုံး ရပ်သွားသည်နှင့် ယန်စန်းသည် ရထားလုံးပေါ်မှ ခုန်ဆင်းကာ သူ၏ဦးထုပ်ကို အသာအယာပြင်ပြီး ပြုံးရွှင်စွာဖြင့် ထိုလူ့ထံ ချဉ်းကပ်သွားကာ ဦးညွှတ်နှုတ်ဆက်လိုက်သည်။

ထိုလူက လှည့်ကြည့်လိုက်သောအခါ သူ့ကို လာတွေ့မည့် ကံပါသူမှာ ဤလူဖြစ်ကြောင်း ချက်ချင်းသိလိုက်သဖြင့် နှုတ်ခမ်းထောင့်တွင် အပြုံးတစ်ခုဖြင့် “ အရာရှိကြီး အနေဖြင့် ကျုပ်လို သာမန်လူတစ်ယောက်ဆီကို အဘယ်ကြောင့် ချဉ်းကပ်လာသနည်း” ဟု မေးမြန်းလိုက်သည်။

“ ကျွန်တော်က မဟာရှနိုင်ငံရဲ့ ဝန်ထမ်းရေးရာ ဝန်ကြီးဌာနက ကြီးကြပ်ရေးမှူး ယန်စန်းပါ၊ ခုနက ရထားလုံးပေါ်ကနေ လူကြီးမင်းကို မြင်လိုက်ရတော့ လူတွေကြားထဲက နဂါးတစ်ကောင်လို ထူးခြားတဲ့ သူလို့ ခံစားလိုက်ရတဲ့အတွက် မိတ်ဆွေဖွဲ့ချင်တာနဲ့ လာခဲ့တာပါ”

“အော်... လေးစားအပ်တဲ့ အမတ်မင်း ယန်စန်းကိုး။ ကျုပ်ကတော့ ယွမ်ထျန်းကန်းပါ” ဟု ယွမ်ထျန်းကန်းက ပြန်လည် မိတ်ဆက်လိုက်သည်။

“ ဒီလောက် ယဉ်ကျေးနေဖို့ မလိုပါဘူး” ယန်စန်းက သူ့လက်ကို ဆွဲကာ ဟားတိုက်ရယ်မောလိုက်ပြီး “ညစာစားချိန်လည်း ရောက်ပြီဆိုတော့ ကျွန်တော့်အိမ်မှာ ဧည့်သည်အဖြစ် လာရောက်သုံးဆောင်ဖို့ ဖိတ်ခေါ်ပါရစေ။ ကျွန်တော့်ကို ဂုဏ်ပြုပေးနိုင်မလား”

“အမတ်မင်းက အရမ်းကြင်နာတတ်တာပဲ။ ကျုပ်အတွက်လည်း ဂုဏ်ယူစရာပါပဲ။ ဒီလောက် ရင်းရင်းနှီးနှီး ဖိတ်ခေါ်မှတော့ ငြင်းပယ်တာထက် နာခံတာက ပိုပြီးလေးစားရာရောက်တယ်ဆိုတဲ့ စကားအတိုင်း လိုက်ခဲ့ပါ့မယ်”

“ဟားဟား... ဆရာယွမ်က တကယ့်ကို ပွင့်လင်းတဲ့သူပဲ၊ ကဲ... ရထားပေါ် တက်ပါဦး”

အိမ်တော်သို့ ရောက်သောအခါ ယန်စန်းက နွေးထွေးစွာ ကြိုဆိုပြီး နှစ်ဦးသား ပျော်ပျော်ပါးပါး သောက်စားကာ စကားပြောကြသည်။ စကားပြောကြည့်ပြီးနောက် ယန်စန်းသည် ထိုသူမှာ ဂီတ၊ စစ်တုရင်၊ စာရေးစာဖတ်နှင့် ပန်းချီတို့တွင် ကျွမ်းကျင်ရုံသာမက ကမ္ဘာ့ရေးရာများကိုပါ ထိုးထွင်းသိမြင်သူဖြစ်ကြောင်း တွေ့ရှိလိုက်ရသဖြင့် ဤသူသည် ဧကရာဇ်မင်းမြတ်ထံ ဆက်သသင့်သည့် တကယ့်ပါရမီရှင်ဖြစ်ကြောင်း ယုံကြည်သွားသည်။

ထို့ကြောင့် ယန်စန်းက သူ၏ အကြံအစည်ကို ချက်ချင်းပြောပြလိုက်သည်။ ယွမ်ထျန်းကန်းသည် ၎င်းမှာ သူရည်ရွယ်ထားသည့်အတိုင်း ဖြစ်လာသဖြင့် စိတ်ထဲမှ တိတ်တဆိတ် ဝမ်းသာသွားခဲ့သည်။ သူသည် အတန်ကြာ စဉ်းစားဟန်ပြုပြီးမှ ဦးညွှတ်ကာ ပြောလိုက်သည် - “သာမန်လူတစ်ယောက်အနေနဲ့ ကျုပ်လည်း အရှင်မင်းကြီးကို အလုပ်အကျွေးပြုချင်တဲ့ ဆန္ဒရှိပါတယ်။ ဒါကြောင့် အမတ်မင်းယန်အနေနဲ့ ကျုပ်အတွက် အရှင်မင်းကြီးထံမှာ စကားကောင်းလေး ပြောပေးပါဦး”

“ဆရာယွမ်က အရမ်းနှိမ့်ချတာပဲ၊ ဒါက ကျွန်တော့်အတွက် ဘာမှခက်တဲ့ကိစ္စ မဟုတ်ပါဘူး” ဟု ယန်စန်းက ရယ်မောပြောဆိုလိုက်သည်။

ဒုတိယနေ့တွင် သူတို့နှစ်ဦးသည် ဧကရာဇ်မင်းမြတ်နှင့် တွေ့ဆုံရန် နန်းတော်သို့ အတူထွက်ခွာလာကြသည်။ ယန်စန်းသည် ဧကရာဇ်နှင့် တွေ့ဆုံရန်အတွက် အခြားလူတစ်ဦးကိုလည်း ဖိတ်ခေါ်ထားသည်။ ထိုလူသည် လေးထောင့်ကျသော မျက်နှာ၊ စူးရှသော မျက်လုံးများ၊ တည်ငြိမ်သော အသားအရေ၊ ကျယ်ပြန့်သော ပခုံးနှင့် သန်မာသော ခါးရှိသူ ဖြစ်သည်။ သူသည် ခေါင်းကိုမော့ကာ ဗိုလ်ချုပ်ကြီးတစ်ဦး၏ အရှိန်အဝါဖြင့် လျှောက်လှမ်းလာနေသည်။

ယွမ်ထျန်းကန်းက ထိုသူ၏ မျက်နှာသွင်ပြင်ကို ကြည့်ပြီး ပြုံးလျက် ပြောလိုက်သည် - “မင်းမှာ တပ်မှူးတစ်ယောက်ရဲ့ ပါရမီရှိတယ်၊ အရှင်မင်းကြီးက မင်းကို သေချာပေါက် အားကိုးရလိမ့်မယ်”

“ဒါဆိုရင်တော့ ခင်ဗျားရဲ့ မင်္ဂလာရှိတဲ့ စကားအတိုင်း ဖြစ်ပါစေဗျာ” ဟု ထိုလူက အသံဩဩဖြင့် ပြန်ပြောကာ လက်ယှက်နှုတ်ဆက်လိုက်သည်။

နာရီဝက်ခန့်အကြာတွင် သူတို့သုံးဦး နန်းတော်ထဲသို့ ဝင်ရောက်လာကြပြီး မကြာမီမှာပင် လင်းပိုင်ဖန်သည် သူ၏ ချစ်လှစွာသော ကြင်ယာတော်နှင့်အတူ ရှုခင်းကြည့်နေသည့် နောက်ဖေးဥယျာဉ်သို့ ရောက်ရှိလာခဲ့သည်။ ယွမ်ထျန်းကန်းသည် လင်းပိုင်ဖန်ကို အဝေးမှမြင်လိုက်ရသောအခါ အလွန်ပင် အံ့အားသင့်သွားခဲ့သည်။ အမှန်တကယ်ပင် သူသည် အစစ်အမှန်နဂါးဖြစ်ပြီး သာမန်နဂါးမျိုးတောင် မဟုတ်ချေ။

ထိုကဲ့သို့ ထူထဲလှသော ဧကရာဇ်အရှိန်အဝါမျိုးမှာ ကောင်းကင်သို့ ပျံတက်ခြင်းမပြုမီ ငြိမ်သက်နေခြင်းသာ ဖြစ်ပြီး တစ်ခါပျံတက်လိုက်သည်နှင့် ကမ္ဘာကြီးကို လှုပ်ခါသွားစေလိမ့်မည်မှာ သေချာသည်။

“ငါ တကယ့်နေရာမှန်ကို ရောက်လာတာပဲ၊ ဟားဟား..”

ထိုအချိန်တွင် သူတို့သုံးဦးမှာ လင်းပိုင်ဖန်အနီးသို့ ရောက်ရှိလာကြပြီဖြစ်သည်။ “အရှင်မင်းကြီးကို ဂါရဝပြုပါတယ်၊ အရှင်မင်းကြီး သက်တော်ရာကျော် ရှည်ပါစေ ”

လင်းပိုင်ဖန်က ပြုံးကာ- “အမတ်ယန်၊ မောင်မင်း ရောက်လာပြီပဲ။ ဒီနှစ်ယောက်က ဘယ်သူတွေများလဲ” ဟု မေးမြန်းလိုက်သည်။

“အရှင်မင်းကြီး၊ ကျွန်တော်မျိုးဟာ အရှင်မင်းကြီးရဲ့ အမိန့်တော်အတိုင်း မဟာရှကို အလုပ်အကျွေးပြုဖို့ ပါရမီရှင်တွေကို လိုက်လံရှာဖွေခဲ့ပါတယ်။ ဒီနှစ်ယောက်ကတော့ အရပ်ထဲကနေ ကျွန်တော်မျိုး ရှာတွေ့ခဲ့တဲ့ ပါရမီရှင်တွေပါပဲ” ဟု ယန်စန်းက ခေါင်းငုံ့ကာ လျှောက်တင်လိုက်သည်။

“ကောင်းတယ်” လင်းပိုင်ဖန်က ဝမ်းသာအားရ ပြောလိုက်ပြီး ဦးစွာ လေးထောင့်မျက်နှာနှင့် လူကို ကြည့်လိုက်သည်။ ထိုလူက တည်ငြိမ်စွာဖြင့် နက်နက်ရှိုင်းရှိုင်း ဦးညွှတ်လိုက်ကာ အသံကျယ်ကျယ်ဖြင့် - “ကျွန်တော်မျိုး ဝူစန်းကွေ့၊ အရှင်မင်းကြီးကို ဂါရဝပြုပါတယ်”

(ဘာသာပြန်သူ၏ မှတ်ချက် - ဝူစန်းကွေ့သည် တရုတ်နိုင်ငံတွင် မင်မင်းဆက်ကို ကျဆုံးစေရန်နှင့် ချင်းမင်းဆက် တည်ထောင်နိုင်ရန်အတွက် အဓိကနေရာမှ ပါဝင်ခဲ့သူဖြစ်သည်။ တရုတ်ရိုးရာပုံပြင်များနှင့် ရာဇဝင်များတွင် ဝူစန်းကွေ့ကို ဂုဏ်သိက္ခာမဲ့သော ဟန်လူမျိုး သစ္စာဖောက်တစ်ဦးအဖြစ် မှတ်ယူကြသည်)

လင်းပိုင်ဖန်၏ မျက်ခုံးများ အသာအယာ မြင့်တက်သွားပြီး ယန်စန်းကို အရိပ်အကဲဖြင့် ကြည့်လိုက်သည်။ ဤလူသည် တကယ်ကို လူရွေးတော်ပေလှသည်။ နောက်ထပ် သစ္စာဖောက် အမတ်တစ်ဦးကို ငါ့ဆီ မိတ်ဆက်ပေးနေပြန်ပြီ။ သို့သော် သူက ပါရမီရှိပြီး ငါ့အတွက် အသုံးဝင်နေသရွေ့ သူက သစ္စာဖောက်ဖြစ်ဖြစ်၊ မဖြစ်ဖြစ် ငါ ဘာဂရုစိုက်ရမှာလဲ။

“မောင်မင်းနာမည်က ဝူစန်းကွေ့ပေါ့။ မောင်မင်းမှာ ဘယ်လိုအရည်အချင်းတွေရှိလဲ၊ အသေးစိတ်ပြောစမ်း” ဟု လင်းပိုင်ဖန်က ပြုံးလျက် မေးလိုက်သည်။

“အရှင်မင်းကြီး၊ ကျွန်တော်မျိုးဟာ ငယ်စဉ်ကတည်းက စစ်ပညာကျမ်းစာတွေနဲ့ စစ်ဗျူဟာတွေကို ကျွမ်းကျင်ခဲ့ပြီး တပ်ဖွဲ့တွေကို ကွပ်ကဲတာနဲ့ တိုက်ပွဲဝင်တာမှာ အတော်ဆုံး ဖြစ်ပါတယ်။ ဒါ့အပြင် ငယ်စဉ်ကတည်းက သိုင်းပညာကို လေ့ကျင့်ခဲ့လို့ အခုဆိုရင် ကျွန်တော်မျိုးရဲ့ ခွန်အားဟာ ပထမတန်းစားအဆင့်ကို ရောက်ရှိနေပါပြီ” ဟု ထိုလူက လျှောက်တင်လိုက်သည်။

“မောင်မင်းက တပ်ကွပ်ကဲတာနဲ့ တိုက်ပွဲဝင်တာမှာ ကျွမ်းကျင်တယ်လို့ ဆိုတော့ ငါကိုယ်တော် စမ်းသပ်ကြည့်ရတာပေါ့” လင်းပိုင်ဖန်က ချောင်းတစ်ချက်ဟန့်ကာ လက်ဖက်ရည်တစ်ငုံ သောက်ပြီးနောက် သူ့ကို မေးခွန်းအချို့ဖြင့် ချက်ချင်း စမ်းသပ်တော့သည်။

မေးခွန်းအနည်းငယ် မေးပြီးနောက် လင်းပိုင်ဖန်သည် ထိုသူမှာ တပ်ကွပ်ကဲရာတွင် အမှန်တကယ် ကျွမ်းကျင်ပြီး ဗိုလ်ချုပ် သို့မဟုတ် စစ်သူကြီးအဆင့်ရှိသည့် ပါရမီရှင်ဖြစ်ကြောင်း အတည်ပြုနိုင်ခဲ့သည်။ သူသည် သမိုင်းဝင်ပုဂ္ဂိုလ် ဝူစန်းကွေ့နှင့် သိပ်မခြားနားပေ။ တစ်ခုတည်းသော မေးခွန်းမှာ သူသည် သမိုင်းမှာကဲ့သို့ပင် ရန်သူ့အတွက် တံခါးဖွင့်ပေးပြီး နိုင်ငံကို သစ္စာဖောက်မလား ဆိုသည်ပင် ဖြစ်သည်။

တစ်ဖက်တွင်လည်း ဝူစန်းကွေ့မှာ အလွန်ပသ် အံ့အားသင့်နေမိသည်။ သူ၏ ရှေ့မှ ဧကရာဇ်သည် စစ်ဗျူဟာကျွမ်းကျင်သူဖြစ်ပြီး စစ်ပညာရပ်ကို နှံ့နှံ့စပ်စပ် သိရှိထားလိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။ စစ်ပညာကို လေ့လာထားသူတစ်ဦးသာ ဤကဲ့သို့ ခက်ခဲသော မေးခွန်းများကို မေးနိုင်မည်ဖြစ်သည်။ ထို့ကြောင့် သူသည် လင်းပိုင်ဖန်အပေါ် လေးစားမှုများ ပိုတိုးသွားခဲ့သည်။

“မောင်မင်းရဲ့ အရည်အချင်းကို ငါကိုယ်တော် သိလိုက်ပြီ” လင်းပိုင်ဖန်က ပြုံးရွှင်စွာဖြင့် ပြောလိုက်သည်။ “ငါတို့ မဟာရှနိုင်ငံက အခုတင် စစ်သည်သစ်တွေ စုဆောင်းပြီးပြီ၊ ဒါပေမဲ့ ပါရမီရှိတဲ့ ဗိုလ်ချုပ်တွေ လိုအပ်နေတုန်းပဲ။ မောင်မင်းရောက်လာတာ အချိန်ကိုက်ပဲ၊ ဒါကြောင့် မောင်မင်းကို စစ်တက္ကသိုလ်မှာ နည်းပြအဖြစ် အရင်တာဝန်ပေးမယ်၊ ချောင်ချောင်ကို လေ့ကျင့်ရေးအလုပ်တွေမှာ ကူညီပေးရမယ်၊ ဒီအလုပ်ပြီးရင် မောင်မင်းရဲ့ စွမ်းဆောင်ရည်အပေါ် မူတည်ပြီး ငါကိုယ်တော် ဆုချီးမြှင့်မယ်”

ဝူစန်းကွေ့သည် မဟာရှစစ်တက္ကသိုလ်အကြောင်း သိထားသည်။ ၎င်းမှာ ဧကရာဇ်ကိုယ်တိုင် တည်ထောင်ထားသည့် ဗိုလ်ချုပ်များ မွေးထုတ်ရာ နေရာအဖြစ် ကျော်ကြားသည်။ လက်ရှိတွင် ရာထူးအဆင့်အတန်း မရှိသေးသဖြင့် ထိုနေရာသို့ သွားခြင်းမှာ သင့်တော်လှပေသည်။ ထို့ပြင် မဟာရှရှိ ဗိုလ်ချုပ်များနှင့် အဆက်အသွယ်များစွာ ရရှိနိုင်မည်ဖြစ်ရာ သူ၏ အနာဂတ်အတွက် အလွန်အကျိုးရှိမည်ဖြစ်သည်။ “ကျေးဇူးတင်ပါတယ် အရှင်မင်းကြီး” ဟု ဝူစန်းကွေ့က ကျယ်လောင်စွာ ပြောလိုက်သည်။

သူအလိုရှိရာကို ရရှိပြီးနောက် ဝူစန်းကွေ့သည် နောက်သို့ဆုတ်ကာ ဘေးတွင် ရိုသေစွာ ရပ်နေလိုက်သည်။ လင်းပိုင်ဖန်၏ အကြည့်က ဒုတိယမြောက်လူထံသို့ ရောက်သွားပြီး - “ဒါဆိုရင် မောင်မင်းက...”

“ကျွန်တော်မျိုး ယွမ်ထျန်းကန်း အရှင်မင်းကြီးကို အလုပ်အကျွေးပြုဖို့ ရောက်ရှိလာကြောင်းပါ”

လင်းပိုင်ဖန်မှာ အနည်းငယ် အံ့အားသင့်သွားသည်။ နောက်ထပ် ရင်းနှီးပြီးသား ပုဂ္ဂိုလ်တစ်ဦးပင် ဖြစ်သည်။ ၎င်းအပြင် ဤသူက အနည်းငယ် ထူးခြားသည်။ သမိုင်းအရ ဤသူသည် ဗေဒင်ပညာရပ်နှင့် နိမိတ်ဖတ်ခြင်းတို့တွင် ကျွမ်းကျင်ရုံသာမက နက္ခတ္တဗေဒနှင့် ပထဝီဝင်တို့တွင်လည်း အံ့သြဖွယ် ကောင်းလောက်အောင် တိကျသူဖြစ်သည်။ သူသည် ငယ်ရွယ်သော ဝူကျီထျန်းကိုပင် သူမသည် ကမ္ဘာကို အုပ်စိုးမည့်သူဖြစ်ကြောင်း ဟောကိန်းထုတ်ခဲ့ဖူးပြီး နောက်ပိုင်းတွင် ထိုဟောကိန်းမှာလည်း မှန်ကန်ခဲ့သည်။

All Chapters