အခန်း (၂၁၃)
Vol. 19 Ch. 213
"ယွမ်ထျန်းကန်းတဲ့လား... နာမည်ကောင်းပဲ၊ မောင်မင်းမှာ ဘယ်လိုအရည်အချင်းတွေ ရှိလဲ။ မြန်မြန် ပြောစမ်း"
လင်းပိုင်ဖန်က ပြုံးလျက်- "မောင်မင်းမှာ တကယ်ပဲ ထူးချွန်တဲ့ ပါရမီရှိတယ်ဆိုရင် ငါကိုယ်တော် မောင်မင်းကို သေချာပေါက် ရာထူးကြီးကြီးမားမား ခန့်အပ်ပေးမယ်"
"အရှင်မင်းကြီးကို လျှောက်တင်လိုသည်မှာ... ကျွန်တော်မျိုးသည် ဆင်းရဲနွမ်းပါးစွာ ကြီးပြင်းလာခဲ့ရသည့် သာမန်အရပ်သားတစ်ဦးသာ ဖြစ်သော်လည်း စာဖတ်ခြင်းကို အလွန်ဝါသနာပါပါသည်။ 'ကျမ်းစာလေးအုပ်နှင့် ဂန္ထဝင်ကျမ်းငါးစောင်' ကို အလွတ် ရွတ်ဆိုနိုင်သလို၊ စောင်းတီးခြင်း၊ စစ်တုရင်ကစားခြင်း၊ ကဗျာရေးခြင်းနှင့် ပန်းချီဆွဲခြင်း အစရှိသည့် အနုပညာရပ်အားလုံးတွင်လည်း ကျွမ်းကျင်ပါသည်။ သို့သော် အကျွန်ုပ်၏ အတော်ဆုံးအတတ်ပညာမှာ ရုပ်ရည်လက္ခဏာကြည့်အတတ်ပင် ဖြစ်ပါသည်!"
"လက္ခဏာပညာရပ် ဟုတ်လား"
လင်းပိုင်ဖန်၏ မျက်လုံးများ အရောင်တောက်ပသွားပြီး ရယ်မောလိုက်ကာ- "ဒါက တကယ်ကို ထူးခြားတဲ့ အတတ်ပညာပဲ၊ ကောင်းကောင်းတတ်မြောက်ထားရင် သက်ရှိနတ်ဘုရားတစ်ပါးလို ဖြစ်နိုင်ပေမယ့်၊ ညံ့ဖျင်းရင်တော့ လူလိမ်တစ်ယောက်ပဲ၊ ဒါဆို မောင်မင်းမှာ တကယ့်အရည်အချင်း ရှိ၊ မရှိ ငါကိုယ်တော် စမ်းသပ်ကြည့်ရမယ်"
"အရှင်မင်းကြီး... မေးခွန်းထုတ်တော်မူပါ" ယွမ်ထျန်းကန်းက ယုံကြည်မှုအပြည့်ဖြင့် ပြောလိုက်သည်။
လင်းပိုင်ဖန်က သူ့ကိုယ်သူ ညွှန်ပြလျက်- "ငါကိုယ်တော်ကို ကြည့်စမ်း... ဘာမြင်သလဲ?" ဟု မေးလိုက်သည်။
ယွမ်ထျန်းကန်းက ချက်ချင်းပင် လက်အုပ်ချီ ဦးညွှတ်ကာ "အရှင်မင်းကြီးသည် ကြယ်တာရာတို့၏ အရှင်သခင်၊ ကြယ်ပေါင်းသောင်းခြောက်ထောင်တို့၏ စစ်မှန်သော အရှင်သခင်၊ ကောင်းကင်ဘုံက ရွေးချယ်ထားသော မင်းလောင်းမင်းလျာ ဖြစ်ပါသည်။ အနှေးနှင့်အမြန် ဤကမ္ဘာလောကကြီးကို သိမ်းပိုက်စိုးစံရပါလိမ့်မည်။ ဒါ့ကြောင့်ပင် ကျွန်တော်မျိုးသည် အရှင်မင်းကြီးထံ ခစားရန် ခရီးမိုင်ပေါင်း ထောင်ချီနှင်လာခဲ့ခြင်း ဖြစ်ပါသည်"
လင်းပိုင်ဖန်က ရယ်မောကာ ငေါက်လိုက်သည်။ "မောင်မင်းပြောတာတွေက နားထောင်လို့တော့ ကောင်းပါရဲ့၊ ဒါပေမဲ့ ဖော်လံဖားတာတွေ ပါဝင်နေတယ်။ ဒီမေးခွန်းကို ရှုံးနိမ့်တယ်လို့ သတ်မှတ်လိုက်မယ်။ နောက်ထပ်မေးခွန်းတစ်ခု မေးဦးမယ်"
"အရှင်မင်းကြီး... ဆက်လက်မိန့်ကြားတော်မူပါ" ယွမ်ထျန်းကန်းက ဆိုလိုက်သည်။
"ငါကိုယ်တော်ရဲ့ ဘေးက တိတ်ဆိတ်နေတဲ့ ကြင်ယာတော်အပေါ် မောင်မင်းဘယ်လိုမြင်သလဲ" လင်းပိုင်ဖန်က သူ့ဘေးရှိ ဝမ်ရှန်ကျန်းကို ညွှန်ပြကာ မေးလိုက်သည်။
ယွမ်ထျန်းကန်းက ဝမ်ရှန်ကျန်းကို တစ်ချက်ကြည့်လိုက်ပြီး ရိုသေစွာ ဦးညွှတ်လျက်- "သူမတွင် ရွှေဖီးနစ်လက္ခဏာ ရှိနေပါသည်။ သူမ၏ ကံကြမ္မာမှာ အလွန်တရာ မြင့်မြတ်လှပြီး တစ်လောကလုံး၏ မိခင် ဖြစ်လာမည့်သူ ဖြစ်ပါသည်"
လင်းပိုင်ဖန်က ခေါင်းခါလိုက်ပြီး- "မှားတယ်၊ ငါကိုယ်တော်ရဲ့ ချစ်လှစွာသော ကြင်ယာတော်ဟာ ကလေးဘဝကတည်းက မိသားစုဝင်တွေ တစ်ယောက်ပြီးတစ်ယောက် ဆုံးပါးသွားခဲ့လို့ တစ်ယောက်တည်း အထီးကျန်စွာ ရှင်သန်လာခဲ့ရတာ။ သာမန်လူတွေ သူမနဲ့ ထိတွေ့မိရင် ကံဆိုးမိုးမှောင်ကျတတ်တယ်။ သူမကို 'ကောင်းကင်ဘုံရဲ့ ပျက်သုဉ်းခြင်းကြယ်' လို့တောင် သတ်မှတ်လို့ရတယ်။ ငါကိုယ်တော်နဲ့သာ မတွေ့ခဲ့ရင် သူမရဲ့ဝိညာဉ်က အခုအချိန် ဘယ်ရောက်နေမယ်မှန်းတောင် မသိနိုင်ဘူး၊ ဒါကြောင့် မောင်မင်းရဲ့ တွက်ချက်မှုက လုံးဝမမှန်ဘူး"
ဝမ်ရှန်ကျန်းသည် သူမ၏ ဝမ်းနည်းစရာအတိတ်ကို ပြန်လည်တွေးတောမိကာ စိတ်မကောင်းဖြစ်သွားရှာသည်။
"အရှင်မင်းကြီး... ကျွန်တော်မျိုး လုံးဝ မမှားနိုင်ပါ"
ယွမ်ထျန်းကန်းက အလေးအနက် ပြောလိုက်သည်။ "ကြင်ယာတော်သည် အမှန်တကယ်ပင် ဖီးနစ် လက္ခဏာရှိပြီး သူမ၏ ကံကြမ္မာမှာ နှိုင်းယှဉ်၍မရအောင် မြင့်မြတ်လှပါသည်။ သူမ ငယ်စဉ်က မိသားစုဝင်များ ဆုံးပါးသွားရခြင်းမှာ ဖီးနစ်ကံကြမ္မာသည် အလွန်ထူးခြားလှသဖြင့် မည်သူမျှ သူမနှင့် သွေးသားတော်စပ်မှုကို မခံနိုင်သောကြောင့် ဖြစ်ပါသည်။ ၎င်းတို့၏ တာဝန်ပြီးဆုံးသွားသည်နှင့် ဤလောကမှ ထွက်ခွာကာ ပြန်လည်မွေးဖွားကြပါလိမ့်မည်။ သို့သော် နောက်ဘဝများတွင် ချမ်းသာကြွယ်ဝသော မိသားစုများ၌ ပြန်လည်မွေးဖွားပြီး အေးချမ်းသာယာကာ စည်းစိမ်ဥစ္စာ အပြည့်နှင့် နေထိုင်ရပါလိမ့်မည်"
ဝမ်ရှန်ကျန်းက မနေနိုင်တော့ဘဲ- "ရှင်ပြောတာ တကယ်ပဲလား။ ကျွန်မရဲ့ မိသားစုဝင်တွေအားလုံး နောက်ဘဝမှာ ချမ်းသာတဲ့ မိသားစုတွေမှာ ပြန်လည်မွေးဖွားပြီး ပျော်ပျော်ရွှင်ရွှင် နေရမှာလား" ဟု မေးလိုက်သည်။
"ကြင်ယာတော်ကို ကျွန်တော်မျိုး ဘယ်လိုလုပ် လိမ်ရဲပါ့မလဲ၊ ကျွန်တော်မျိုး၏ ဦးခေါင်းဖြင့် အာမခံပါသည်" ယွမ်ထျန်းကန်းက အခိုင်အမာ ပြောလိုက်သည်။
"သူမနဲ့ ထိတွေ့မိတဲ့ သာမန်လူတွေ ကံဆိုးကြတာဟာလည်း သူမရဲ့ ကံကြမ္မာကြောင့်ပါပဲ။ သူမရဲ့ ကံကြမ္မာက မြင့်မြတ်လွန်းလို့ စော်ကားလို့မရပါဘူး။ စော်ကားမိသူတိုင်း ကောင်းကင်ဘုံရဲ့ အပြစ်ပေးခြင်းကို ခံရပြီး ကံဆိုးမှုတွေ ဆက်တိုက်ကြုံရမှာပါ"
ယွမ်ထျန်းကန်းက လင်းပိုင်ဖန်ကို ကြည့်ကာ လက်အုပ်ချီ ဦးညွှတ်လျက် "အရှင်မင်းကြီး တစ်ဦးတည်းသာလျှင် ဤကံကြမ္မာကို တောင့်ခံနိုင်ပါသည်။ အဘယ်ကြောင့်ဆိုသော် အရှင်မင်းကြီးသည် ကြယ်တာရာတို့၏ အရှင်သခင်၊ လောကကြီး၏ အုပ်စိုးရှင်ဖြစ်ပြီး၊ အမြင့်မြတ်ဆုံးနှင့် ကောင်းကင်ဘုံ၏ စောင်မမှုအရှိဆုံး ကံကြမ္မာကို ပိုင်ဆိုင်ထားသောကြောင့် ဖြစ်ပါသည်။ အရှင်မင်းကြီးတို့နှစ်ဦး ပေါင်းဖက်ခြင်းမှာလည်း ကောင်းကင်ဘုံက ဖန်တီးပေးသော စုံတွဲပင် ဖြစ်ပါသည်"
လင်းပိုင်ဖန်က ရယ်မောကာ- "ဒါကလည်း ဖော်လံဖားနေတာပဲ၊ ဒါပေမဲ့ ဒီတစ်ခါတော့ အဆင့်မြင့်သွားပြီ။ ဒါလည်း မရေသေးဘူး၊ မောင်မင်းကို စမ်းသပ်ဖို့ နောက်မေးခွန်းတစ်ခု ထပ်မေးမယ်! ဒီလူ့ကိုရော ဘယ်လိုမြင်သလဲ"
လင်းပိုင်ဖန်က ဝူစန်းကွေ့ ကို ညွှန်ပြလိုက်သည်။
"ဒါကတော့..." ယွမ်ထျန်းကန်းက မျက်မှောင်ကြုတ်ကာ အခက်တွေ့နေပုံရသည်။
"ဘာဖြစ်လို့လဲ၊ တွက်လို့မရဘူးလာ?" လင်းပိုင်ဖန်က ပြုံးကာ မေးလိုက်သည်။
"တွက်လို့မရတာ မဟုတ်ပါဘူး၊ လူပုံအလယ်မှာ ပြောဖို့မသင့်တော်တဲ့ အရာအချို့ ရှိနေလို့ပါ။ အရှင်မင်းကြီး... ခေတ္တခဏ ဖယ်ပေးတော်မူပါ၊ အကျွန်ုပ် အားလုံးကို အသေးစိတ် ရှင်းပြပါ့မည်"
လင်းပိုင်ဖန်က ပြုံးလျက် ခေါင်းညိတ်ကာ "ကောင်းပြီ" ဟု ဆိုလိုက်သည်။
သူတို့နှစ်ဦးသည် အခြားသူများနှင့် လှမ်းလှမ်းသို့ ထွက်လာပြီးနောက် လင်းပိုင်ဖန်က "အခု ပြောလို့ရပြီလား" ဟု မေးလိုက်သည်။
ယွမ်ထျန်းကန်းက ရိုသေစွာ ဦးညွှတ်လျက် "အရှင်မင်းကြီးကို လျှောက်တင်လိုသည်မှာ... ဝူစန်းကွေ့သည် အရည်အချင်းရှိသော စစ်သူကြီးတစ်ဦး ဖြစ်သော်လည်း တစ်ချိန်တည်းမှာပင် သူသည် ဟန်ဆောင်ကောင်းပြီး စိတ်ဓာတ်မခိုင်မြဲသော လူယုတ်မာတစ်ဦးလည်း ဖြစ်ပါသည်။ သူ့တွင် ပုန်ကန်လိုသောစိတ် ရှိနေပါသည်။ တစ်နေ့တွင် အာဏာကြီးထွားလာပါက သူ၏ ရည်မှန်းချက်များ ကြီးထွားလာပြီး မောက်မာလာပါလိမ့်မည်။ ထို့ကြောင့် အရှင်မင်းကြီး... ဤလူကို အသုံးချနိုင်သော်လည်း ကြီးမားသော အာဏာကိုမူ လုံးဝ အပ်နှင်းခြင်း မပြုသင့်ပါ"
လင်းပိုင်ဖန်၏ မျက်လုံးများ တောက်ပသွားသည်။ ဤလူသည် တကယ်ပင် အရည်အချင်းရှိပေသည်။
အထူးသဖြင့် လူကဲခတ်ရာတွင် အလွန်ပင် တိကျလှသည်။
"ဒါဆိုရင် အမတ်ကြီး ယန်စန်းကိုရော မောင်မင်း ဘယ်လိုမြင်သလဲ" ဟု လင်းပိုင်ဖန်က ထပ်မေးလိုက်သည်။
"အမတ်ကြီးယန်သည် ထူးချွန်သော အရည်အချင်းနှင့် ပါရမီရှိသူ ဖြစ်ပါသည်။ သူသည် မင်းကောင်းမင်းမြတ်တို့၏ အကြံပေးအရာရှိ ဖြစ်ထိုက်သော ရှားပါးလှသည့် ပါရမီရှင်တစ်ဦး ဖြစ်ပါသည်။ သို့သော် သူသည် အထက်လူကြီးကို ဖော်လံဖားပြီး အောက်လူကို နှိပ်စက်တတ်သော၊ အာဏာကို ကိုယ်ကျိုးအတွက် အသုံးချတတ်သော လိမ်လည်လှည့်ဖြားတတ်သည့် အရာရှိတစ်ဦးလည်း ဖြစ်ပါသည်။ ထိုသို့သောသူကို အရေးပါသော ရာထူးများတွင် ခန့်အပ်နိုင်သော်လည်း သူ၏ အာဏာပမာဏကို ဂရုတစိုက် ထိန်းချုပ်ရပါလိမ့်မည်။ သို့မဟုတ်ပါက ဘေးဒုက္ခများ ဖြစ်လာနိုင်ပါသည်" ဟု ယွမ်ထျန်းကန်းက ပြောလိုက်သည်။
လင်းပိုင်ဖန်၏ မျက်လုံးများ ထပ်မံ တောက်ပလာပြန်သည်။
‘ဘယ်လိုလူစားမျိုးလဲ... သူက ထပ်ပြီးတော့ ကွက်တိ ပြောနိုင်ပြန်ပြီ’
"ဒါပေမဲ့ သူက မောင်မင်းကို အကြံပြု တင်မြှောက်ခဲ့တဲ့သူလေ၊ မောင်မင်းက သူ့အကြောင်းကို ဒီလိုပြောရသလား..." လင်းပိုင်ဖန်က ပြုံးစိစိဖြင့် ပြောလိုက်သည်။
"အရှင်မင်းကြီး... သူသည် ကျွန်တော်မျိုးကို အကြံပြုခဲ့သူဖြစ်၍ ကျွန်တော်မျိုး သူ့အပေါ် ကျေးဇူးရှိပါသည်။ သို့သော် ကောင်းကင်ဘုံက ရွေးချယ်ထားသော အရှင်မင်းကြီးသည် အလွန်အမင်း ထိုးထွင်းသိမြင်နိုင်စွမ်း ရှိပြီးသားဖြစ်ကြောင်း၊ သူတို့၏ စရိုက်အမှန်ကို မြင်ထားပြီးသား ဖြစ်ကြောင်းကိုလည်း ကျွန်တော်မျိုး ယုံကြည်ပါသည်။ သူတို့ကို ဘယ်လိုသုံးမလဲဆိုတာ အရှင်မင်းကြီး ရင်ထဲမှာ ဆုံးဖြတ်ပြီးသားပါ။ ထို့ကြောင့် ကျွန်တော်မျိုးသာ တစ်ခုခုကို ဖုံးကွယ်ထားမည်ဆိုလျှင် အရှင်မင်းကြီး စိတ်အနှောင့်အယှက် ဖြစ်ရုံသာမက ကျွန်တော်မျိုးကိုပါ အထင်သေးသွားပါလိမ့်မည်"
"မောင်မင်းက တကယ်ပဲ အရည်အချင်းရှိတာပဲ၊ ငါကိုယ်တော် မောင်းမင်းကို လက်ခံလိုက်ပြီ"
မကြာမီတွင် သူတို့နှစ်ဦး ပြန်ရောက်လာကြသည်။
လင်းပိုင်ဖန်က ပြုံးလျက်- "ယွမ်ထျန်းကန်းဟာ တကယ်ပဲ ပါရမီရှိသူပဲ၊ လက္ခဏာကြည့်ရုံတင်မကဘဲ ဗေဒင်ပညာ၊ နက္ခတ်ဗေဒင်နဲ့ တခြား အတတ်ပညာတွေမှာလည်း ကျွမ်းကျင်တယ်။ ငါတို့နိုင်ငံမှာ 'နက္ခတ်ဗေဒင် ဦးစီးဌာန' မရှိသေးဘူး၊ ဒါပေမဲ့ အခုကစပြီး ရှိလာတော့မယ်။ အမတ်ကြီးယွမ်... ဒီနေ့ကစပြီး မောင်မင်းကို နက္ခတ်ဗေဒင် ဦးစီးဌာနရဲ့ ညွှန်ကြားရေးမှူးအဖြစ် ခန့်အပ်လိုက်တယ်၊ ဌာနရဲ့ အရေးကိစ္စအားလုံးကို တာဝန်ယူရမယ်"
"ကြီးမြတ်လှတဲ့ ဂရုဏာအတွက် ကျေးဇူးတင်ပါတယ် အရှင်မင်းကြီး" ယွမ်ထျန်းကန်းသည် အလွန်ဝမ်းသာသွားသည်။
"အမတ်ကြီးယန်... မောင်မင်းက ငါကိုယ်တော်အတွက် ပါရမီရှင် နှစ်ယောက်တောင် ရှာပေးခဲ့လို့ ငါကိုယ်တော် အရမ်း ဝမ်းသာရတယ်။ ဒါတင်မကဘဲ မောင်မင်း ရာထူးကို လက်ခံကတည်းက ကြိုးစားအားထုတ်မှုတွေကလည်း ထူးထူးခြားခြား ကောင်းမွန်လှတယ်"
လင်းပိုင်ဖန်က ပြုံးကာ- "ဒါကြောင့် မောင်မင်းကို 'ပြည်သူ့ဝန်ထမ်းဝန်ကြီးဌာန' ရဲ့ ဒုတိယဝန်ကြီးအဖြစ် ရာထူးတိုးပေးလိုက်တယ်၊ ဝန်ကြီးဌာနရဲ့ လုပ်ငန်းအားလုံးကိုလည်း ယာယီကြီးကြပ်စေမယ်"
"ကျေးဇူးတင်ပါတယ် အရှင်မင်းကြီး" ယန်စန်းမှာ ရာထူးတိုးသွားသဖြင့် အတိုင်းမသိ ဝမ်းသာနေတော့သည်။
လင်းပိုင်ဖန်က လက်ကာပြလျက် "တခြားကိစ္စမရှိရင် အခု သွားနိုင်ပြီ" ဟု ဆိုလိုက်သည်။
ထိုအချိန်တွင် ယွမ်ထျန်းကန်းက တစ်ခုခုကို သတိရကာ "အရှင်မင်းကြီး... အရှင်မင်းကြီးက ချီဖွဲ့တည်ခြင်းအဆင့် သိုင်းပညာရှင်တွေကို ရှာဖွေနေတယ်လို့ ကြားသိရပါတယ်..."
လင်းပိုင်ဖန်က ခေါင်းညိတ်လျက် "ဟုတ်တယ်... အဲ့ဒါအမှန်ပဲ"
"လျှောက်တင်ခွင့်ပြုပါ အရှင်မင်းကြီး"
ယွမ်ထျန်းကန်းက ရိုသေစွာ ဦးညွှတ်လျက်- "ကျွန်တော်မျိုးသည် နေရာအနှံ့ ခရီးလှည့်လည်ခဲ့သူဖြစ်၍ ကျွန်တော်မျိုး၏ လက္ခဏာကြည့် အတတ်ပညာဖြင့် သိုင်းပညာရှင် အများအပြားနှင့် ရင်းနှီးခဲ့ပါသည်။ အရှင်မင်းကြီးထံ ခစားနိုင်ရန် သူတို့ကို ကျွန်တော်မျိုး ဖိတ်ခေါ်ပေးနိုင်ပါသည်"
"တကယ်လား" လင်းပိုင်ဖန် အလွန် ဝမ်းမြောက်သွားသည်။
"ဟုတ်ပါတယ် အရှင်မင်းကြီး။ ကျွန်တော်မျိုးက တစ်ကမ္ဘာလုံးမှာ အသိမိတ်ဆွေတွေ ရှိပါတယ်၊ အဲ့ဒီထဲက အများစုဟာ သိုင်းပညာမှာ ထူးချွန်ကြတဲ့ သူတွေပါ! အများစုကတော့ အခြေကျနေကြပြီမို့ မဟာရှ နိုင်ငံကို မလာနိုင်ကြပေမဲ့ သုံးလေးယောက်လောက်ကတော့ ပြဿနာမရှိပါဘူး"
ထိုအခါမှ လင်းပိုင်ဖန် သတိရသွားသည်မှာ ယွမ်ထျန်းကန်းကဲ့သို့ ထူးခြားသောပုဂ္ဂိုလ်တစ်ဦးတွင် တစ်လောကလုံး၌ မိတ်ဆွေများရှိတတ်ပြီး ထိုမိတ်ဆွေများမှာလည်း သာမန်မဟုတ်ကြပေ။
တကယ်လို့ ချီဖွဲ့တည်ခြင်းအဆင့် သိုင်းပညာရှင်အချို့ကို ခေါ်ဆောင်လာနိုင်ရင် သူ့အတွက် အများကြီး အကျိုးရှိမှာ သေချာပေသည်။
"ဒါဆိုရင် အမတ်ကြီးယွမ်ကိုပဲ အားကိုးရတော့မယ်"
လင်းပိုင်ဖန်က ပြုံးကာ- "ငါကိုယ်တော်က ပါရမီရှင်တွေကို အရမ်းလိုအပ်နေတယ်လို့ သူတို့ကို ပြောလိုက်ပါ။ သူတို့သာ ငါကိုယ်တော်ဆီလာပြီး အမှုထမ်းမယ်ဆိုရင် သူတို့ရဲ့ အရည်အချင်းတွေကို အကောင်းဆုံး အသုံးချပေးမယ့်အပြင် ကျေနပ်လောက်တဲ့ ဆုလာဘ်တွေကိုလည်း ပေးသနားမှာပါ"
"ဒါဟာ သူတို့အတွက် ဂုဏ်ယူစရာပါ" ယွမ်ထျန်းကန်းက ပြုံးလျက် ပြောလိုက်သည်။
နန်းတော်မှ ပြန်လာပြီးနောက် ယွမ်ထျန်းကန်းသည် ချက်ချင်းပင် စာအချို့ကို ရေးသားကာ သိုင်းလောကမှ သူ၏ မိတ်ဆွေများထံသို့ မဟာရှ နိုင်ငံတွင် လာရောက်အမှုထမ်းရန် ဖိတ်ခေါ်စာများ ပေးပို့လိုက်သည်။
ရက်သတ္တပတ် နှစ်ပတ်မပြည့်မီမှာပင် လူသုံးယောက် ရောက်ရှိလာကြသည်။
တစ်ယောက်မှာ ဖြူဝင်းသော အသားအရေနှင့် ပုလဲရောင် သွားများရှိကာ သွယ်လျသော ကိုယ်လုံးကိုယ်ပေါက်ဖြင့် အနည်းငယ် မိန်းမဆန်သော ပုံစံရှိသည့် ပညာရှိတစ်ဦးနှင့် တူသည်။
သို့သော် သူ့ကို အထင်သေးမိလျှင်တော့ မှားသွားပေလိမ့်မည်။
သူသည် ချီဖွဲ့တည်ခြင်းအဆင့် ခွန်အားရှိပြီး သူ၏ ဓားသိုင်းမှာ ဆန်းကြယ်ကာ ရက်စက်လှသည်၊ ထို့ပြင် သူသည် လက်နက်ပုန်း အသုံးပြုရာတွင်လည်း ကျွမ်းကျင်သည်။ သိုင်းလောကတွင် သူ့ကို 'သေမင်းတမန် ကျောင်းတော်သား' ဟု ခေါ်ကြသည်။
အခြားနှစ်ယောက်မှာ ညီအစ်ကိုတွေ ဖြစ်ကြပြီး ပုခုံးကျယ်ကာ သန်မာထွားကြိုင်းသော ကိုယ်လုံးကိုယ်ပေါက်များ ရှိကြသည်။ သူတို့သည် ဓား၊ လှံ၊ လက်နက်များ မဖောက်နိုင်သော 'သံမဏိ အင်္ကျီ' အတတ်ကို ကျွမ်းကျင်ကြသည်။
သို့သော် သူတို့မှာ အနည်းငယ် ဉာဏ်ထိုင်းကြပြီး စဉ်းစားရတာကို မကြိုက်ဘဲ စကားပြောမည့်အစား လက်တွေ့လုပ်ဆောင်ရတာကို ပိုနှစ်သက်ကြသည်။ ၎င်းတို့နှစ်ဦးကို 'ဟန် နှင့် ဟာ နတ်မင်း စစ်သူကြီးများ' ဟု လူသိကြသည်။ ( ဘာသာပြန်မှတ်ချက်- ‘ Heng and Ha ' က တရုတ်ဗုဒ္ဓဘာသာ ကျောင်းတော်တွေရဲ့ တံခါးစောင့် နတ်မင်းကြီးနှစ်ပါးကို ဆိုလိုခြင်း ဖြစ်သည်)
သူတို့သည် ယွမ်ထျန်းကန်းအပေါ် ကျေးဇူးရှိဖူးကြပြီး လောလောဆယ်တွင်လည်း သွားစရာ နေရာမရှိသဖြင့် ဤနေရာသို့ ရောက်လာကြခြင်း ဖြစ်သည်။
သူတို့သည် အနည်းငယ် ထူးဆန်းနေကြသော်လည်း လင်းပိုင်ဖန်ကတော့ သူတို့ကို လက်ခံရရှိသည့်အတွက် အလွန်ဝမ်းသာနေသည်။
ချီဖွဲ့တည်ခြင်းအဆင့် သုံးယောက် ထပ်တိုးလာပြီဖြစ်၍ အခုဆိုလျှင် ၂၀ ပြည့်ရန် သုံးယောက်သာ လိုတော့သည်။ တိုင်းပြည်၏ အလားအလာမှာလည်း အလွန်ပင် မျှော်လင့်ချက် ရှိလာနေပြီ ဖြစ်သည်။