အခန်း (၂၁၄)
Vol. 19 Ch. 214
လင်းပိုင်ဖန်သည် သူ၏ရှေ့မှ ထူးဆန်းသော လူသုံးယောက်ကို ကြည့်လိုက်သည်။ သူတို့မှာ ယွမ်ထျန်းကန်း ခေါ်ဆောင်လာသည့် အထူးကျွမ်းကျင်သူ သုံးဦးဖြစ်သော ဟန်နှင့်ဟာ စစ်သူကြီးညီနောင် နှင့် သေမင်းတမန်ကျောင်းတော်သားတို့ ဖြစ်ကြသည်။
ယွမ်ထျန်းကန်း၏ ကြိုးပမ်းမှုကြောင့် သူတို့သည် မည်သည့်တောင်းဆိုချက်မှ မရှိဘဲ မဟာရှ နိုင်ငံအား အလုပ်အကျွေးပြုရန် လာရောက်ကြခြင်းဖြစ်သော်လည်း လင်းပိုင်ဖန်အနေဖြင့် သူ၏ ကျေးဇူးတင်မှုကို ပြသရန်လိုအပ်သည်ဟု ခံစားလိုက်ရသည်။
"မောင်မင်းတို့သုံးယောက်လုံးကို ကြိုဆိုပါတယ်။ မောင်မင်းတို့ရောက်ရှိလာတာဟာ ငါကိုယ်တော်အတွက် ကျားကို အတောင်ပံတပ်ပေးလိုက်သလိုပါပဲ"
လင်းပိုင်ဖန်က ပြုံးရွှင်သောမျက်နှာထားဖြင့်- "မောင်မင်းတို့ ဘာကိုအလိုရှိသလဲဆိုတာ ငါကိုယ်တော်မသိပေမဲ့ ဘာမဆို ပွင့်ပွင့်လင်းလင်း တောင်းဆိုနိုင်တယ်။ ငါကိုယ်တော် တတ်နိုင်သမျှ အစွမ်းကုန် ဖြည့်ဆည်းပေးမယ်" ဟု ဆိုလိုက်သည်။
ထို့နောက် ခန္ဓာကိုယ် တောင့်တင်းသော စစ်သူကြီးနှစ်ဦးကို ကြည့်ကာ- "မောင်မင်းတို့ နှစ်ယောက်ကနေပဲ အရင်စပြောပါ"
ထိုသူနှစ်ဦးမှာ တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြပြီးနောက် တစ်ယောက်က အသံဩဩကြီးဖြင့် "ကျွန်တော်မျိုးတို့ ညီအစ်ကိုနှစ်ယောက်မှာ ထူးထူးခြားခြား တောင်းဆိုချက်မရှိပါဘူး။ ကျွန်တော်တို့ရဲ့ အကြီးမားဆုံး ဝါသနာကတော့ အသားစားပြီး အရက်ကို သောက်ဖို့ပါပဲ။ အများကြီးလည်း စားနိုင်ပါတယ်။ တစ်ခါတလေ နွားတစ်ကောင်လုံးတောင် ဗိုက်မပြည့်ချင်ပါဘူး။ ဒါကြောင့် ကျွန်တော်တို့ကို ဝအောင်စား၊ ဝအောင်သောက်ခွင့်ပေးရင်ပဲ လုံလောက်ပါပြီ" ဟု တောင်းဆိုလိုက်သည်။
လင်းပိုင်ဖန်က ပြုံးလျက် ခေါင်းညိတ်ကာ- "ဒါက ဘာမှ ပြဿနာမရှိပါဘူး။ နိုင်ငံတော်ကိစ္စတွေကို မထိခိုက်သရွေ့ မောင်မင်းတို့ နှစ်သက်သလောက် အသားကို စားပြီး အရက်သောက်နိုင်ပါတယ်။ ဒါကို ငါကိုယ်တော် ခွင့်ပြုတယ်" ဟု ဆိုလိုက်သည်။
"နောက်ထပ် တစ်ခုရှိပါသေးတယ်" ဟု ကျန်တစ်ယောက်က ဝင်ပြောလိုက်သည်။ "ကျွန်တော်မျိုးတို့ နှစ်ယောက်လုံးက စာဖတ်တာ ဝါသနာမပါဘူး။ စာလုံးတွေကို မြင်တာနဲ့တင် ခေါင်းကိုက်ချင်လာတာ။ ဒါကြောင့် ကျွန်တော်မျိုးတို့ကို အရာရှိရာထူးတွေပေးတာ ဒါမှမဟုတ် စစ်တပ်ဦးဆောင်ခိုင်းတာမျိုး မလုပ်ပါနဲ့။ တိုက်ခိုက်တာကလွဲလို့ ကျန်တဲ့ကိစ္စတွေအတွက် ကျွန်တော်မျိုးတို့ကို မခေါ်ပါနဲ့။ အဲဒါအတွက် ကျေးဇူးတင်ပါတယ်"
လင်းပိုင်ဖန်က ရယ်မောကာ "ဒါလည်း ပြဿနာမရှိပါဘူး။ မောင်မင်းတို့ရဲ့ တောင်းဆိုချက်တွေက တကယ့်ကို ရိုးရှင်းပါတယ်။ အားလုံးကို ဖြည့်ဆည်းပေးပါ့မယ်"
ထိုနှစ်ယောက်သည် တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြပြီးနောက် လင်းပိုင်ဖန်ကို ဦးညွှတ်ကာ အရှင်မင်းကြီးကို ကျေးဇူးတင်ရှိကြောင်း ပြောလိုက်ကြသည်။ ဤသည်မှာ သူတို့နှစ်ဦးသည် လင်းပိုင်ဖန်ကို အသိအမှတ်ပြုလိုက်ပြီဖြစ်ကြောင်း ဖော်ပြနေသည်။
လင်းပိုင်ဖန်က ကျန်ရှိနေသည့် တစ်ဦးဘက်သို့ လှည့်ကာ "ကျောင်းတော်သား…မောင်မင်းကော ဘာပြောချင်လဲ" ဟု မေးလိုက်သည်။
သေမင်းတမန်ကျောင်းတော်သားသည် တောက်ပြောင်လွန်းသော စာသင်သားဝတ်စုံကို ဝတ်ဆင်ထားပြီး သူ၏ဦးထုပ်တွင်ပင် လှပသော ပန်းနှစ်ပွင့် တပ်ဆင်ထားကာ လက်ထဲတွင်လည်း ပန်းတစ်ပွင့်ကို ကိုင်ထားသည်။ သူသည် ပန်းပွင့်ဖတ်များကို အသာအယာ ဖဲ့ခြွေရင်း နူးညံ့ချိုသာသော အသံဖြင့် ပြောလိုက်သည်။
"အရှင်မင်းကြီး၊ ဒီမေးခွန်းက ကျွန်တော့်မျိုးကို တကယ် အကျပ်ရိုက်စေပါတယ်။ ကျွန်တော်မျိုး ဘာလိုချင်လဲဆိုတာ ကိုယ့်ကိုယ်ကိုယ်တောင် မသိပါဘူး။ ယွမ်ထျန်းကန်းကပဲ ကျွန်တော်မျိုးကို ဒီကို လွှတ်လိုက်တာပါ။ သူက အရှင်မင်းကြီးဟာ နောင်တစ်ချိန်မှာ ကမ္ဘာကြီးကို အုပ်စိုးမယ့် ဧကရာဇ်ကြယ်လို့ ပြောတယ်။ အရှင်မင်းကြီးဆီမှာ အလုပ်လုပ်ရင် အကျိုးကျေးဇူးတွေ အများကြီး ရလိမ့်မယ်တဲ့။ သူက လူကဲခတ် တော်တဲ့သူဆိုတော့ ကျွန်တော်မျိုး လာခဲ့တာပါ။ ဘယ်သူ့ဆီမှာ အလုပ်လုပ်လုပ် အလုပ်ကတော့ အတူတူပဲ မဟုတ်လား"
လင်းပိုင်ဖန် ခေါင်းညိတ်ကာ "သူက လူကဲခတ်တာ တကယ်ကို တိကျတယ်" ဟု ပြောလိုက်သည်။
သေမင်းတမန်ကျောင်းတော်သားက- "ဒါပေမဲ့ ကျွန်တော်မျိုးမှာ သေးငယ်တဲ့ တောင်းဆိုချက်တစ်ခုတော့ ရှိပါတယ်"
လင်းပိုင်ဖန်က "ပြောပါ" ဟု ဆိုလိုက်သည်။
"ကျွန်တော်မျိုးကို လူသတ်ခိုင်းလို့ ရပေမဲ့ စစ်မြေပြင်ထဲ ပြေးဝင်တိုက်ခိုက်ခိုင်းတာမျိုးတော့ မလုပ်ပါနဲ့။ အဲဒါက အရမ်းရိုင်းစိုင်းပြီး လူမဆန်လွန်းလို့ပါ၊ ပြီးတော့ ကျွန်တော်မျိုးရဲ့ ပုံရိပ်နဲ့လည်း မလိုက်ဖက်ပါဘူး။ ဒါကို အရှင်မင်းကြီး နားလည်ပေးဖို့ မျှော်လင့်ပါတယ်" ဟု သေမင်းတမန်ကျောင်းတော်သားက စစ်မြေပြင်တိုက်ပွဲကို စက်ဆုပ်ရွံရှာသော အမူအရာဖြင့် ပြောလိုက်သည်။
လင်းပိုင်ဖန် မနေနိုင်တော့ဘဲ ရယ်လိုက်ကာ- "ဒါလည်း ကိစ္စမရှိပါဘူး။ မောင်မင်းကို အနုပညာဆန်ပြီး သေသပ်လှပတဲ့ လုပ်ကြံသတ်ဖြတ်မှု တာဝန်တွေကိုပဲ ငါကိုယ်တော် ပေးအပ်မှာပါ" ဟု ပြောလိုက်သည်။
"ကျေးဇူးတင်ပါတယ် အရှင်မင်းကြီး" ဟု သေမင်းတမန်ကျောင်းတော်သားက လက်အုပ်ချီ ဦးညွှတ်လိုက်သည်။
ထိုသို့ဖြင့် သူတို့သုံးယောက်လုံး လင်းပိုင်ဖန်ထံတွင် လုံးဝ သစ္စာခံလိုက်ကြတော့သည်။
“ဒင်! ကစားသမား၏ နိုင်ငံတော်အင်အား တိုးတက်လာသည့်အတွက် သင်၏ စွမ်းအားများလည်း လိုက်လျောညီထွေစွာ တိုးတက်လာခဲ့သည်။ သင်သည် 'ကောင်းကင်နဂါး သံစဉ်ရှစ်မျိုး' ကို ဆုလာဘ်အဖြစ် ရရှိလိုက်သည်”
ကောင်းကင်နဂါး သံစဉ်ရှစ်မျိုးပညာရပ်သည် အသံလှိုင်းသုံး သိုင်းပညာရပ် ဖြစ်ပြီး ကပ်ညှိခြင်း၊ သတ်ဖြတ်ခြင်း၊ လုယူခြင်း၊ စုပ်ယူခြင်း၊ ဆွဲငင်ခြင်း၊ တွန်းထုတ်ခြင်း၊ လည်ပတ်ခြင်းနှင့် ထုရိုက်ခြင်း ဟူသော အသံရှစ်မျိုး ခွဲခြားထားသည်။ ပုံသဏ္ဍာန်မရှိ၊ ထိတွေ့၍မရဘဲ ထိုအသံရှစ်မျိုးကို ကြားရသူတိုင်းသည် နှလုံးပေါက်ကွဲပြီး သွေးကြောများ ပျက်စီးသွားပေလိမ့်မည်။ 'ကောင်းကင်နတ်ဆိုး ဇီသာ' နှင့် တွဲဖက်အသုံးပြုပါက ပိုမို အစွမ်းထက်မည်ဖြစ်သည်။
လင်းပိုင်ဖန်သည် ထိုပညာရပ်ကို လျင်မြန်စွာ စုပ်ယူလိုက်သည်။ ဤသည်မှာ သူ၏ ပထမဆုံး အသံလှိုင်းကို သုံးပြုတဲ့ သိုက်းပညာရပ်ဖြစ်ပြီး တကယ့်ကို အစွမ်းထက်သော ပညာရပ် တစ်ရပ်ဖြစ်သည်။ ထိုအသံရှစ်မျိုးကို ထုတ်လွှင့်ခြင်းဖြင့် ပြင်းထန်သော ဖျက်ဆီးအားကို ထုတ်လွှင့်နိုင်ပေသည်။ ၎င်းသည် တစ်ပြိုင်နက်တည်း ပြိုင်ဘက်အများအပြားကို နှိမ်နင်းနိုင်သော အစုလိုက်အပြုံလိုက် သတ်ဖြတ်နိုင်သည့် ပညာရပ်လည်း ဖြစ်သည်။
သူ့တွင် ကောင်းကင်နတ်ဆိုး ဇီသာ မရှိသော်လည်း 'တာအိုနှလုံးသား နတ်ဆိုးမျိုးစေ့' ပညာရပ်တွင် ကျွမ်းကျင်သောကြောင့် သူ၏ စိတ်စွမ်းအားကို အသုံးပြုကာ ထိုပညာရပ်ကို ထုတ်ဖော်နိုင်ပြီး ပိုမို ထိရောက်စေနိုင်သည်။
"ဒီဆုလာဘ်က တကယ်ကို မိုက်တာပဲ" လင်းပိုင်ဖန် အလွန်ကျေနပ်သွားသည်။
"ဝေးလံတဲ့အရပ်က လာကြတဲ့သူတွေ အားလုံးအတွက် ဒီညမှာ ခရီးဦးကြိုဆိုတဲ့ အနေနဲ့ ခမ်းနားတဲ့ စားသောက်ပွဲ ကျင်းပပေးမယ်"
"အရှင်မင်းကြီးရဲ့ ရက်ရောမှုအတွက် ကျေးဇူးတင်ပါတယ်"
ညနေရောက်သောအခါ လင်းပိုင်ဖန်သည် ထိုအထူးကျွမ်းကျင်သူ သုံးဦးအတွက် ခမ်းနားသော ကြိုဆိုပွဲကို ကျင်းပခဲ့သည်။ တစ်ချိန်တည်းမှာပင် မဟာရှ၏ အခြားသော ကျွမ်းကျင်သူများကိုလည်း ဖိတ်ကြားကာ တစ်ဦးနှင့်တစ်ဦး ရင်းနှီးကျွမ်းဝင်စေခဲ့သည်။
လင်းပိုင်ဖန်သည် ဝန်းကျင်ရှိ ကျွမ်းကျင်သူများကို ကြည့်လိုက်ရာ တကယ့်ကို စုံလင်လှသည်။ လုပ်ကြံသတ်ဖြတ်သူတွေ၊ သူခိုးတွေ၊ ပန်းပဲဆရာတွေ၊ မကောင်းတဲ့ ဂိုဏ်းချုပ်တွေ၊ အကြမ်းပတမ်း တိုက်ခိုက်သူတွေနှင့် ပညာရှိ ကျောင်းတော်သားတွေဖြင့် စုံလင်နေတော့သည်။
သာမန်အားဖြင့်ဆိုလျှင် ဤလူများသည် နယ်ပယ်အသီးသီးမှဖြစ်ပြီး တစ်ဦးနှင့်တစ်ဦး ပတ်သက်ရန် မရှိသလောက်ဖြစ်သော်လည်း ယခုအခါ သူက သူတို့အားလုံးကို စုစည်းနိုင်ခဲ့ပြီဖြစ်သည်။ ဤသည်မှာ ရှားပါးလှသော ဆုံဆည်းမှုတစ်ခုပင် ဖြစ်ချေသည်။
လင်းပိုင်ဖန်က သူ၏ အရက်ခွက်ကို မြှောက်ကာ "မောင်မင်းတို့အားလုံးအတွက် ငါကိုယ်တော် ဂုဏ်ပြုပါတယ်" ဟု အသံကျယ်လောင်စွာဖြင့် ပြောလိုက်သည်။
အားလုံးကလည်း "အရှင်မင်းကြီးကိုလည်း ဂုဏ်ပြုပါတယ်" ဟု ဆိုကာ အရက်ခွက်များကို မြှောက်လိုက်ကြသည်။
ထိုသို့ ဂုဏ်ပြုသောက်ပြီးနောက် ပွဲတော်မှာ ပိုမို သက်ဝင်လှုပ်ရှားလာသည်။ သူတို့သည် တေးဂီတနှင့် အကများကို ခံစားရင်း စကားစမြည် ပြောဆိုနေကြသည်။
ထိုအချိန်တွင် လင်းပိုင်ဖန်သည် သူ၏ခွက်ထဲသို့ အရက်ထည့်ကာ ယွမ်ထျန်းကန်းကို ဂုဏ်ပြုလိုက်ပြီး "ဝန်ကြီးယွမ်၊ မောင်မင်းက ငါကိုယ်တော်အတွက်တော့ တကယ့်ကို ကံကောင်းစေတဲ့ ကြယ်ပွင့်ပဲ။ မဟာရှကို ရောက်တာ မကြာသေးပေမဲ့ ကျွမ်းကျင်သူ သုံးယောက်တောင် ခေါ်လာပေးနိုင်တယ်။ မောင်မင်းကို ငါကိုယ်တော် ဂုဏ်ပြုတယ်" ဟု ပြောလိုက်သည်။
ယွမ်ထျန်းကန်းက အံ့အားသင့်သွားပြီး- "အရှင်မင်းကြီးက ချီးမွမ်းလွန်းနေပါပြီ၊ ဒါဟာ ကျွန်တော်မျိုးရဲ့ တာဝန်ပါပဲ" ဟု ပြန်လည် လျှောက်တင်လိုက်သည်။
၎င်းနောက် လင်းပိုင်ဖန်က- "ဝန်ကြီးယွမ်၊ မောင်မင်းမှာ အဆက်အသွယ်တွေ အများကြီးရှိတယ်ဆိုတော့ ကောင်းကင်အဆင့် ကျွမ်းကျင်သူတွေကိုကော သိလား" ဟု မေးလိုက်သည်။
"အရှင်မင်းကြီး ဆိုလိုတာက…"
လင်းပိုင်ဖန်က ပြုံးကာ- "အခု မဟာရှနိုင်ငံတော်က အင်အားတောင့်တင်းနေပြီ၊ နောက်တစ်ဆင့်တက်ရင် ငါတို့ မင်းဆက် တစ်ခု တည်ထောင်နိုင်ပြီ။ ဒါကြောင့် ပိုမို တည်ငြိမ်မှုရှိအောင် ကောင်းကင်အဆင့်တစ်ယောက်ကို ဖိတ်ခေါ်ပြီး နိုင်ငံကို စောင့်ရှောက်ခိုင်းချင်လို့ပါ" ဟု ဆိုလိုက်သည်။
"နားလည်ပါပြီ" ဟု ယွမ်ထျန်းကန်းက ခေါင်းညိတ်လိုက်သည်။
လက်ရှိတွင် မဟာရှ၏ နယ်မြေမှာ စတုရန်းမိုင် ၁.၅ သန်း၊ လူဦးရေ ၁၇ သန်း၊ စစ်အင်အား ၂ သန်းနှင့် ကျွမ်းကျင်သူ အမြောက်အမြားရှိနေပြီ ဖြစ်ရာ မင်းဆက်တစ်ခု တည်ထောင်ရန် အမှန်တကယ် အရည်အချင်း ပြည့်မီနေပြီ ဖြစ်သည်။
မင်းဆက်တစ်ခုတွင် ကောင်းကင်အဆင့်တစ်ဦး ရှိရမည်ဟု စည်းကမ်းမရှိသော်လည်း ကောင်းကင်အဆင်တစ်ဦး ရှိသော မင်းဆက်နှင့် မရှိသော မင်းဆက်ကြား ကွာခြားချက်မှာ အလွန်ကြီးမားသည်။ ကောင်းကင်အဆင့် မရှိသော မင်းဆက်ကို အားနည်းသည်ဟု သတ်မှတ်ကြသည်။ ကောင်းကင်အဆင့်သည် ခေတ်သစ် နျူကလီးယားလက်နက်ကဲ့သို့ အခြားနိုင်ငံများကို ဟန့်တားနိုင်စွမ်းရှိသည်။
သို့သော် ယွမ်ထျန်းကန်းမှာ အကျပ်ရိုက်သွားပြီး "အရှင်မင်းကြီး၊ ကျွန်တော်မျိုးမှာ အသိအကျွမ်းများပေမဲ့ ကောင်းကင်အဆင့် တစ်ယောက်မှ မသိပါဘူး။ သူတို့က အရေအတွက် အရမ်းနည်းပြီး နဂါးတွေလိုပဲ သူတို့ရဲ့ ခြေရာလက်ရာကို ရှာဖို့ ခက်ပါတယ်" ဟု လျှောက်တင်လိုက်သည်။
လင်းပိုင်ဖန်၏ မျက်လုံးများ မှေးမှိန်သွားကာ "ရပါတယ်၊ ငါကိုယ်တော် နားလည်ပါတယ်" ဟု ဆိုလိုက်သည်။ ဤအလုပ်မှာ ခက်ခဲမှန်း သူသိသော်လည်း မျှော်လင့်ချက်လေးဖြင့် မေးကြည့်ခြင်းဖြစ်သည်။
"အရှင်မင်းကြီး၊ အဖြေက လက်တစ်ကမ်းမှာ ရှိနေပါလျက်နဲ့ ဘာလို့ အဝေးကြီးမှာ လိုက်ရှာနေတာလဲ"
"ဘာကို ဆိုလိုတာလဲ" ဟု လင်းပိုင်ဖန် လှည့်ကြည့်လိုက်သည်။
ယွမ်ထျန်းကန်းက လင်းပိုင်ဖန်၏ ဘေးတွင်ရပ်နေသော ဓားအဖိုးအို ကို ညွှန်ပြကာ "ဓားအဖိုးအိုဟာ နှစ်ပေါင်းတစ်ရာကြာ ကျင့်ကြံလာခဲ့တာဖြစ်ပြီး သူ့ရဲ့ စွမ်းရည်တွေက သဘာဝတရားနဲ့ ဟန်ချက်ညီနေပါပြီ။ သူဟာ ကောင်းကင်အဆင့် ရောက်ဖို့ နောက်ထပ် ခြေလှမ်းတစ်လှမ်းပဲ လိုတော့တာပါ။ နောက်ထပ် နှစ်အနည်းငယ်အတွင်းမှာပဲ သူဟာ တကယ့် ကောင်းကင်အဆင့်တစ်ယောက် ဖြစ်လာပါလိမ့်မယ်" ဟု ပြုံးကာ ပြောလိုက်သည်။
မျက်စိမှိတ်နေသော ဓားအဖိုးအိုမှာ သိသိသာသာ လှုပ်ရှားသွားပြီး- "ငါလို အဖိုးကြီးက ကောင်းကင်အဆင့် ရောက်နိုင်တယ်လို့ မင်းပြောနေတာလား" ဟု မေးလိုက်သည်။
ယွမ်ထျန်းကန်းက- "မူလကတော့ မျှော်လင့်ချက် မရှိတော့ပါဘူး၊ ဒါပေမဲ့ အရှင်မင်းကြီးနောက်ကို လိုက်ကတည်းက ခင်ဗျားရဲ့ ကံကြမ္မာ ပြောင်းလဲသွားပြီ။ ကောင်းကင်အဆင့်ရောက်ဖို့ အခွင့်အရေးက ရှိလာခဲ့ပြီ။ ကျုပ်သာ မမှားဘူးဆိုရင် တစ်နှစ်ခွဲကနေ အများဆုံး သုံးနှစ်၊ ငါးနှစ်အတွင်းမှာ ခင်ဗျား အဲဒီအဆင့်ကို ရောက်ပါလိမ့်မယ်"
ထိုစကားကြောင့် ဟန်နှင့်ဟာ ညီနောင်နှင့် သေမင်းတမန်ကျောင်းတော်သားတို့မှာ အားကျစိတ်ဖြင့် ကြည့်လိုက်ကြသည်။ ယွမ်ထျန်းကန်း၏ ဟောကိန်းမှာ အမြဲတမ်း မှန်ကန်လေ့ရှိသည်။
"ကောင်းကင်အဆင့် ဖြစ်လာမယ့် ဓားအဖိုးအိုကို ကြိုတင် ဂုဏ်ပြုပါတယ်" ဟု ဆိုကာ အားလုံးက အရက်ခွက်များကို မြှောက်လိုက်ကြသည်။
ဓားအဖိုးအိုက အလွန်ဝမ်းသာသွားပြီး "ကောင်းပြီ။ မင်းတို့ရဲ့ ဆုတောင်းစကားတွေအတွက် ကျေးဇူးတင်ပါတယ်။ ငါ တကယ်ပဲ အောင်မြင်ခဲ့ရင် မင်းတို့အားလုံးကို အရက်ပြန်တိုက်ပါ့မယ်" ဟု ဆိုကာ အရက်ကို မော့သောက်လိုက်သည်။
သို့သော် လင်းပိုင်ဖန်ကတော့ တိုးတိုးလေး သက်ပြင်းချလိုက်မိသည်။ တစ်နှစ်ခွဲ သို့မဟုတ် သုံးနှစ်၊ ငါးနှစ် ဆိုသည်မှာ သူ့အတွက်တော့ အရမ်းကို နှေးကွေးလွန်းလှသည်။ သူ ဤကမ္ဘာသို့ ရောက်လာသည်မှာ တစ်နှစ်ခွဲသာ ရှိသေးသော်လည်း မဟာရှကို နိုင်ငံငယ်လေးဘဝမှ မင်းဆက်အဆင့်အထိ တိုးတက်အောင် လုပ်ဆောင်နိုင်ခဲ့သည်။ ထိုမျှလောက် အချိန်ကို သူ ထပ်မစောင့်ချင်တော့ပေ။
ထိုအချိန်တွင် ယွမ်ထျန်းကန်းက လင်းပိုင်ဖန်၏ အတွေးကို သိနေသကဲ့သို့ "အရှင်မင်းကြီး မစိုးရိမ်ပါနဲ့၊ အရှင်မင်းကြီးဟာ ဧကရာဇ်ကြယ် ဖြစ်တဲ့အတွက် ကောင်းကင်ဘုံက စောင့်ရှောက်နေပါတယ်။ အရှင်မင်းကြီး မျှော်လင့်နေတဲ့ အရာက မကြာခင် ရောက်လာတော့မှာပါ" ဟု ပြုံးလျက် လျှောက်တင်လိုက်သည်။
"မောင်မင်းရဲ့ စကားတွေက အမှန်ဖြစ်ပါစေလို့ မျှော်လင့်တယ်"