အခန်း (၂၁၅)
Vol. 19 Ch. 215
အေးချမ်းသာယာသော နေ့ရက် အချို့က ကုန်ဆုံးသွားပြီးနောက် ချောင်ချောင်သည် လင်းပိုင်ဖန်ထံသို့ ရောက်ရှိလာခဲ့သည်။
“ဝန်ကြီးချောင်... မောင်မင်း စစ်တက္ကသိုလ်မှာ စာသင်မနေဘဲ ဘယ်လို အရေးကြီးကိစ္စမျိုးကြောင့် ငါကိုယ်တော်ဆီ အပြေးအလွှား ရောက်လာရတာလဲ” ဟု လင်းပိုင်ဖန်က ပြုံးလျက် မေးလိုက်သည်။
“အရှင်မင်းကြီးအား လျှောက်တင်လိုပါသည်”
ချောင်ချောင်သည် လက်အုပ်ချီ အရိုအသေပေးကာ- “ကျွန်တော်မျိုးတို့ရဲ့ လက်ရှိ စစ်သင်တန်းဟာ ပြီးဆုံးတော့မှာဖြစ်တဲ့အတွက် ကျောင်းသားတွေ သင်ယူထားတဲ့ ပညာရပ်တွေကို တကယ့်စစ်မြေပြင်မှာ လက်တွေ့အသုံးချ စမ်းသပ်နိုင်ဖို့ တိုက်ပွဲဝင် လေ့ကျင့်ခန်း တစ်ခုကို စီစဉ်လိုပါတယ်။ ဒါကြောင့် အရှင်မင်းကြီးရဲ့ ခွင့်ပြုချက်ကို လာရောက် တောင်းခံခြင်း ဖြစ်ပါတယ်”
လင်းပိုင်ဖန်က မျက်ခုံးပင့်လိုက်ကာ “လက်တွေ့ တိုက်ပွဲဝင် လေ့ကျင့်ခန်း ဟုတ်လား။ မောင်မင်း ပြောချင်တာက စစ်တိုက်ဖို့ ပြင်ဆင်နေတာလား”
“မှန်လှပါ အရှင်မင်းကြီး။ ‘ကျောက်မျက်ရတနာဆိုတာ အချောမသတ်ပဲနဲ့ မတောက်ပနိုင်ပါဘူး’ ဆိုတဲ့ စကားပုံရှိပါတယ်။ စစ်သူကြီးကောင်းတစ်ယောက် ဖြစ်လာဖို့ဆိုတာ စစ်မြေပြင်ရဲ့ သတ်ဖြတ်မှုတွေကြားထဲက ဖြတ်သန်းရမှာပါ။ မဟုတ်ရင်တော့ ဒါတွေဟာ လက်တွေ့အသုံးမကျတဲ့ စာအုပ်ကြီးအတိုင်း သီအိုရီတွေပဲ ဖြစ်နေပါလိမ့်မယ်” ဟု ချောင်ချောင်က ပြတ်သားစွာ ပြောလိုက်သည်။
လင်းပိုင်ဖန်က ခေါင်းညိတ်ကာ “ဝန်ကြီး ပြောတာ အဓိပ္ပာယ်ရှိတယ်။ ဒါဆို ဘယ်နိုင်ငံကို တိုက်ချင်တာလဲ”
“မဟာကျူး ဒါမှမဟုတ် မဟာရှီ နိုင်ငံပါပဲ” ချောင်ချောင်က ဆက်ပြောလိုက်သည်။ “အိမ်နီးချင်းနိုင်ငံတွေထဲမှာ အဲဒီနှစ်နိုင်ငံက နိုင်ငံအင်အား အနည်းဆုံးမို့ လေ့ကျင့်ဖော် လေ့ကျင့်ဖက်လုပ်ဖို့ အသင့်တော်ဆုံးပါပဲ”
လင်းပိုင်ဖန်က ခေါင်းခါလိုက်ကာ- “ဒါက မသင့်တော်ဘူး။ အဲဒီနှစ်နိုင်ငံက အခု မဟာရွှယ် နိုင်ငံနဲ့ အကြိတ်အနယ် စစ်ဖြစ်နေကြတာ။ ငါတို့သာ ကြားဝင်လိုက်ရင် အဲဒီရှားရှားပါးပါး အခြေအနေကို ဖျက်ဆီးလိုက်သလို ဖြစ်သွားလိမ့်မယ်”
“ဒါပေမဲ့ အခုလောလောဆယ်မှာ တခြား တိုက်ခိုက်စရာ ပြိုင်ဘက် မရှိသေးဘူး ဖြစ်နေပါတယ် အရှင်မင်းကြီး” ချောင်ချောင်က အားမလိုအားမရ ပြုံးကာ ပြောလိုက်သည်။
မူလက သူသည် မြောက်ဘက်ရှိ နိုင်ငံငယ်ငါးနိုင်ငံကို လေ့ကျင့်ဖော်အဖြစ် သုံးရန် စီစဉ်ထားခဲ့သော်လည်း ထိုငါးနိုင်ငံမှာ မဟာရွှယ်နိုင်ငံ၏ လက်ချက်ဖြင့် မျက်စိတစ်မှိတ်အတွင်း ပျောက်ကွယ်သွားခဲ့သဖြင့် ရွေးချယ်စရာ နည်းပါးသွားခြင်း ဖြစ်သည်။ အနီးအနားတွင် မဟာကျူး၊ မဟာရှီ နှင့် မဟာရွှယ် နိုင်ငံများသာ ရှိတော့သည်။ မဟာရွှယ်မှာ အင်အားကြီးလွန်းပြီး အလှမ်းဝေးသဖြင့် စစ်ရေးလေ့ကျင့်ရန်က မဖြစ်နိုင်ပေ။ ကျန်နှစ်နိုင်ငံမှာ နိုင်ငံကြီးဟု ဆိုသော်လည်း အင်အားဆုတ်ယုတ်နေပြီး မဟာရှ နှင့် အလှမ်းကွာနေသဖြင့် အနိုင်ကျင့်ရန် အကောင်းဆုံး ဖြစ်နေသည်။
သို့သော်လည်း အရှင်မင်းကြီးက သဘောမတူသဖြင့် ချောင်ချောင်မှာ စိတ်ပျက်သွားရသည်။
လင်းပိုင်ဖန်က ပြုံးကာ “ဝန်ကြီး မစိုးရိမ်ပါနဲ့၊ အခုက စစ်တပ်စေလွှတ်ဖို့ အချိန်ကောင်း မဟုတ်သေးဘူး။ နောက်ထပ် ရက်အနည်းငယ်လောက် စောင့်ကြည့်လိုက်ပါ၊ အခြေအနေကအ ကောင်းဘက်ကို ပြောင်းသွားနိုင်ပါတယ်”
“မှန်လှပါ အရှင်မင်းကြီး” ဟု ချောင်ချောင်က စိတ်ပျက်လက်ပျက် ပြန်လည်ဖြေကြားခဲ့သည်။
သို့သော် လင်းပိုင်ဖန်သည် အင်ပါယာမြေပုံကို ကြည့်ကာ “မဟာယန်... ငါ့ရဲ့ စစ်သည်တော်တွေအတွက် မင်းကို တစ်ခေါက်လောက် ထပ်ပြီး တောင်းပန်ရတော့မယ်” ဟု ဆိုကာ နတ်ဘုရား၏ လက်ကို ဆန့်ထုတ်လိုက်လေသည်။
နှစ်ရက်အကြာတွင် ဟန်ဒွမ် တောင်တန်းတွင် တပ်စွဲထားသော စစ်တပ်ထံမှ သတင်းရောက်လာခဲ့သည်။ တောင်တန်းကြီးအတွင်း မြေငလျင်လှုပ်ခတ်မှုကြောင့် ယခင်က ပိတ်သွားခဲ့သော လမ်းကြောင်းဟောင်းမှာ မဟာယန်နိုင်ငံသို့ ပြန်လည်ပွင့်သွားခဲ့ပြီ ဖြစ်သည်။
လင်းပိုင်ဖန်သည် အလွန်ဝမ်းမြောက်သွားပြီး ချောင်ချောင်ကို ဆင့်ခေါ်ကာ “ဝန်ကြီး... ကြည့်စမ်း၊ အခွင့်အရေးက ရောက်လာပြီပဲ မဟုတ်လား။ ဟန်ဒွမ်တောင်တန်းက လမ်းပွင့်သွားပြီ။ ငါတို့ရဲ့ စစ်သူကြီးတွေနဲ့ တပ်သားသစ်တွေကို အဲဒီမှာ သွားပြီး ကောင်းကောင်း လေ့ကျင့်လို့ရပြီ”
ချောင်ချောင်လည်း အလွန်ဝမ်းသာသွားကာ “အရှင်မင်းကြီး မိန့်ကြားတာ မှန်ကန်လှပါတယ်။ ကျွန်တော်မျိုး အခုပဲ ပြန်ပြီး အစီအစဉ်တွေ ဆွဲလိုက်ပါ့မယ်” ဟု ဆိုကာ ထွက်ခွာသွားသည်။
ချောင်ချောင် ထွက်သွားပြီးနောက် ချိုင်ယွီရှင်းလည်း အပြေးအလွှား ရောက်လာကာ စိတ်လှုပ်ရှားစွာဖြင့် “အရှင်မင်းကြီး၊ မဟာယန်ကို တိုက်ဖို့ ပြင်နေတယ်ဆို... ကျွန်မလည်း လိုက်ချင်တယ်”
သူမသည် အမျိုးသမီးတစ်ဦး ဖြစ်သော်လည်း တိုက်ခိုက်ရေးတွင် ဝါသနာပါသူ ဖြစ်သဖြင့် အခွင့်အရေးရတိုင်း ပါဝင်လိုသူ ဖြစ်သည်။
လင်းပိုင်ဖန်က မျက်မှောင်ကြုတ်ကာ- “မရဘူး”
“ဘာလို့လဲ။ တစ်ခါတိုက်ဖူးတဲ့ အတွေ့အကြုံလည်း ရှိနေတာပဲ။ အခုဆို ကျွန်မက ပိုတောင် ကျွမ်းကျင်နေပြီ။ ဒီတစ်ခါ သူတို့သာ လာတိုက်ရင် တစ်ယောက်မှ အသက်ရှင်လျှက် ပြန်မသွားစေရဘူး” ဟု ချိုင်ယွီရှင်းက ရဲရင့်စွာ ပြောလိုက်သည်။
“ဒီတစ်ခါ အဓိက ရည်ရွယ်ချက်က တပ်သားသစ်တွေကို လေ့ကျင့်ပေးဖို့ပဲ။ မင်းလို စစ်သားဟောင်းကြီး ပါသွားရင် ဘာထူးမှာလဲ။ ဒါကြောင့် ငါ ခွင့်မပြုနိုင်ဘူး” လင်းပိုင်ဖန်က ပြတ်ပြတ်သားသား ငြင်းဆိုလိုက်သည်။
“တကယ်ပဲ သဘောမတူဘူးပေါ့” ချိုင်ယွီရှင်းက သူမ၏ မျက်လုံးများကို ကျဉ်းမြောင်းကာ အန္တရာယ်ရှိသော အကြည့်ဖြင့် ကြည့်လိုက်သည်။
“သဘောမတူဘူး” လင်းပိုင်ဖန်ကလည်း ခေါင်းကို မော့ကာ မလျှော့တမ်း ရင်ဆိုင်လိုက်သည်။
ချိုင်ယွီရှင်း ဒေါသထွက်သွားပြီး “ဟွန့် ရှင်ကတော့ လွန်နေပြီ။ ကျွန်မသာ ရှင့်ကို ပညာမပေးရင် ကိုယ့်မျိုးရိုးနာမည်တောင် ရှင်မှတ်မိမှာ မဟုတ်တော့ဘူး”
သူမသည် အင်္ကျီလက်ကို ပင့်တင်ကာ လင်းပိုင်ဖန်ကို ကိုယ်ထိလက်ရောက် ကျီစယ်နှိပ်စက်တော့သည်။
မကြာမီ လင်းပိုင်ဖန်၏ မျက်နှာတွင် အနီကွက်များဖြင့် ပြည့်သွားပြီး မူးဝေနောက်ကျိနေသည့် ကြားမှ နောက်ဆုံးတွင် သဘောတူလိုက်ရတော့သည်။
သို့သော် သူက ကန့်သတ်ချက် တစ်ခုထားခဲ့သည် - ‘ချောင်ချောင်ကသာ ဦးဆောင်ရမည်ဖြစ်ပြီး၊ သူမအနေဖြင့် အလွန်အရေးကြီးသည့် အခြေအနေမှလွဲ၍ ဝင်မပါရ’ဟု ဖြစ်သည်။
“သိပြီ၊ အခုပဲ သွားပြင်တော့မယ်” ဟု ဆိုကာ ချိုင်ယွီရှင်း အပြေးအလွှား ထွက်သွားပြန်သည်။
လင်းပိုင်ဖန်၏ ထောက်ခံမှုနှင့် ချောင်ချောင်၏ စီမံမှုအောက်တွင် ယာယီစစ်တပ်ကြီးတစ်ခုကို လျင်မြန်စွာ ဖွဲ့စည်းလိုက်သည်။ ဤစစ်တပ်ကြီးတွင် စစ်တက္ကသိုလ်မှ စစ်သူကြီးများနှင့် တပ်သားသစ် ၄ သိန်း ပါဝင်နေသည်။
“ငါပြောတာကို သေချာနားထောင်ကြ”
ချောင်ချောင်က စစ်တပ်ကြီးကို အသံကျယ်လောင်စွာဖြင့် မိန့်ခွန်းပြောကြားလိုက်သည်။ “ဒါဟာ ငါတို့ တက္ကသိုလ်ရဲ့ စာမေးပွဲပဲ။ တိုက်ပွဲအတွင်းမှာ မင်းတို့ကို တာဝန်အမျိုးမျိုး ပေးမယ်။ အဲဒီတာဝန်တွေကို ဘယ်လောက် ကောင်းကောင်း ထမ်းဆောင်နိုင်သလဲဆိုတာပေါ် မူတည်ပြီး အမှတ်ပေးမယ်။ ထူးချွန်တဲ့သူတွေပဲ ကျောင်းဆင်းခွင့် ရမယ်”
“ဟုတ်ကဲ့ပါ” လူတိုင်း၏ မျက်နှာများမှာ တည်ကြည်လေးနက်နေကြသည်။
“ဒါဟာ စာမေးပွဲတင်မကဘူး၊ တကယ့်စစ်ပွဲလည်း ဖြစ်တယ်။ ဒါကြောင့် မင်းတို့ မှတ်ထားရမှာက အမိန့်ကို အတိအကျ နာခံဖို့ပဲ။ ငါ ဘယ်နေရာကို တိုက်ခိုင်းတိုက်ခိုင်း၊ ငါ ဘာခိုင်းခိုင်း လုပ်ရမယ်။ မဟုတ်ရင်တော့ အကျိုးဆက်ကို မင်းတို့ ခံစားရလိမ့်မယ်”
ထို့နောက် ချောင်ချောင်သည် ချိုင်ယွီရှင်းဘက်သို့ လှည့်ကာ နှုတ်ဆက်ရင်း- “စစ်သူကြီးချိုင်၊ ဘာများ ပြောစရာ ရှိသေးလဲခင်ဗျာ”
ချိုင်ယုရှင်းက ခေါင်းခါကာ “မရှိပါဘူး၊ ရှင် စီမံတာ တော်တော် ကောင်းပါတယ်”
“ကောင်းပြီ၊ စစ်သူကြီးချိုင်မှာ ဘာမှ ထပ်ပြောစရာ မရှိတော့ရင်... ကဲ...”
ချောင်ချောင်က စစ်အလံကို ဝှေ့ယမ်းလိုက်ကာ “ချီတက်ကြ”
ခန့်ညားထည်ဝါလှသော စစ်တပ်ကြီးသည် တောင်ကြားလမ်းကို ဖြတ်ကျော်ကာ မဟာယန်နိုင်ငံအတွင်းသို့ တစ်ကျော့ပြန် ဝင်ရောက်တိုက်ခိုက်ပြီး မြို့ရွာများကို သိမ်းပိုက်ကာ အရင်းအမြစ်များကို လုယူလေတော့သည်။ မဟာယန်နိုင်ငံဘက်မှ လုံးဝ ပြင်ဆင်ထားခြင်း မရှိသဖြင့် နှစ်ရက်အတွင်း မြို့ပေါင်း ၂၀ ခန့်ကို အလွယ်တကူ သိမ်းပိုက်နိုင်ခဲ့သည်။
သတင်းသည် မဟာယန် နန်းတော်သို့ လျင်မြန်စွာ ရောက်ရှိသွားလေသည်။
မဟာယန် ဧကရာဇ်မှာ ထိတ်လန့်သွားပြီး- “ဘာ၊ ငါတို့ နောက်ကျောဘက်မှာ စစ်တပ်ကြီး ပေါ်လာတယ် ဟုတ်လား။ အဲဒါ ဘယ်သူ့တပ်လဲ၊ စုံစမ်းပြီးပြီလား”
“မဟာရှ နိုင်ငံပါပဲ အရှင်မင်းကြီး။ သူတို့ ဟန်ဒွမ်တောင်တန်းကနေ တစ်ခါ ပြန်လာတာပါ”
“ဘာ၊ မဟာရှပဲလား” မဟာယန် ဧကရာဇ်သည် ဒေါသကြောင့် တုန်ရင်သွားသည်။
ဒါဟာ တတိယအကြိမ်မြောက် ရှိနေပြီ ဖြစ်သည်။
“လူတစ်ယောက်ကို အနိုင်ကျင့်ချင်ရင်တောင်မှ ဒီလောက်အထိတော့ မလုပ်သင့်ဘူး။ ငါဆိုတဲ့ မဟာယန် ဧကရာဇ်မှာ ဂုဏ်သိက္ခာဆိုတာ မရှိတော့ဘူးလို့ ထင်နေတာလား။ မဟာရှက အနိုင်ကျင့်လွန်းတယ်”
မဟာယန် ဧကရာဇ်က ဟိန်းဟောက်ကာ “အခုချက်ချင်း စစ်သည် ၁ သန်းနဲ့ ချီဖွဲ့တည်ခြင်းအဆင့် သိုင်းပညာရှင် ၁၀ ယောက်ကို ဆင့်ခေါ်ပြီး ပြန်တိုက်ခိုင်းလိုက်။ ဒီတစ်ခါတော့ ဘာပဲဖြစ်ဖြစ် သူတို့ကို ဖမ်းမိအောင် ဖမ်းရမယ်”
ထို့ကြောင့် မဟာယန်နိုင်ငံသည် စစ်သည် ၁ သန်းနှင့် ချီဖွဲ့တည်ခြင်းအဆင့် သိုင်းပညာရှင် ၁၀ ဦးကို စေလွှတ်လိုက်လေသည်။
ထိုအချိန်တွင် ချောင်ချောင်သည် စစ်တပ်ကို ကြီးကြပ်နေပြီး လက်ထဲတွင် မှတ်တမ်းစာအုပ်တစ်အုပ်ကို ကိုင်ကာ တပ်မှူးတစ်ဦးချင်းစီ၏ စွမ်းဆောင်ရည်ကို အမှတ်ပေးနေသည်။
ထိုစဉ် ဝူစန်းကွေ့ ရောက်လာခဲ့ပြီး “အမတ်ချောင်... ရှေ့တန်းက သတင်းရပါတယ်။ မဟာယန် ဧကရာဇ်က ဒေါသအလွန်ထွက်နေပြီး စစ်သည် ၁ သန်းနဲ့ချီဖွဲ့တည်ခြင်းအဆင့် သိုင်းပညာရှင် ၁၀ ယောက်ကို လွှတ်လိုက်ပြီ။ နောက် ၃ ရက်လောက်ဆိုရင် ပထမဆုံး စစ်ကြောင်းနဲ့ စတင် ရင်ဆိုင်ရပါတော့မယ်”
ချောင်ချောင်က ခေါင်းညိတ်လိုက်ကာ “သိပြီ၊ ကြည့်ရတာ မကြာခင်မှာ တိုက်ပွဲကြီးတစ်ခု ဆင်နွှဲရတော့မှာပဲ”
ဝူစန်းကွေ့မှာ အံ့သြသွားပြီး “အမတ်ကြီး... သူတို့ကို ထိပ်တိုက်ရင်ဆိုင်ဖို့ စိတ်ကူးနေတာလား။ သူတို့မှာ အင်အား ၁ သန်းရှိပြီး ကျွန်တော်တို့ဆီမှာက တပ်သားသစ် ၄ သိန်းပဲ ရှိတာလေ”
“ငါ သိပါတယ်။ သူတို့အင်အားက တောင့်တင်းလွန်းတော့ ငါတို့ မယှဉ်နိုင်ဘူး။ ဒါပေမဲ့ မတိုက်ဘဲ ရှောင်နေရင်လည်း လေ့ကျင့်ပေးရတဲ့ အကျိုးကျေးဇူး မရှိတော့ဘူး။ ဒါကြောင့် နောက်တစ်ဆင့်ကတော့ တိုက်ရင်းနဲ့ နောက်ဆုတ်မယ်... ဟန်ဒွမ်တောင်တန်းအထိ ရောက်အောင် စနစ်တကျ နောက်ဆုတ်ကြမယ်”