အခန်း (၂၁၉)
Vol. 19 Ch. 219
သုံးရက်ကြာပြီးနောက် မဟာရှ နန်းတော်အတွင်း၌...
ချောင်ချောင်၏ အစီရင်ခံတင်ပြမှုကို နားထောင်ပြီးနောက် လင်းပိုင်ဖန်သည် အလွန်ဝမ်းမြောက်သွားကာ - "ဒီတောင်ပိုင်းစစ်ဆင်ရေးမှာ မောင်မင်းဟာ မဟာယန်ရဲ့ မြို့ပေါင်း ၄၂ မြို့ကို သိမ်းပိုက်နိုင်ခဲ့ရုံတင်မကဘူး၊ ငွေတေး ၆ သန်း တန်ဖိုးရှိတဲ့ ပစ္စည်းတွေကိုလည်း သိမ်းဆည်းနိုင်ခဲ့တယ်။ ဒါ့အပြင် မဟာယန်ရဲ့ ချီဖွဲ့တည်ခြင်းအဆင့် သိုင်းပညာရှင် ၃ ယောက်ကိုလည်း သုတ်သင်နိုင်ခဲ့တယ်။ ဒါဟာ တကယ့်ကို ပြောင်မြောက်တဲ့ အောင်ပွဲပဲ၊ ငါတို့နိုင်ငံရဲ့ ဂုဏ်သိက္ခာကိုလည်း အများကြီး မြှင့်တင်ပေးနိုင်ခဲ့တယ်"
"အမတ်ချောင်... မောင်မင်းဟာ ဒီစစ်ပွဲကို အစအဆုံး ကွပ်ကဲခဲ့တာဖြစ်လို့ အကြီးမားဆုံးသော ဂုဏ်ပြုမှုကို ရထိုက်တဲ့ သူပဲ။ ဒါ့အပြင် မောင်မင်း စစ်ဝန်ကြီးဌာနမှာ တာဝန်ထမ်းဆောင်ကတည်းက မောင်မင်းရဲ့ လုပ်ဆောင်ချက်တွေဟာ အလွန်ကို ထူးချွန်ပြောင်မြောက်ခဲ့တယ်။ စစ်တက္ကသိုလ်ရဲ့ ဒုကျောင်းအုပ်အဖြစ် တာဝန်ယူချိန်မှာလည်း ငါကိုယ်တော်အတွက် ထူးချွန်တဲ့ စစ်သူကြီးများစွာကို လေ့ကျင့်ပေးခဲ့တယ်"
"မောင်မင်းရဲ့ အရည်အချင်းနဲ့ စွမ်းဆောင်ရည်တွေဟာ လုံလောက်တာထက်တောင်မှ ပိုနေပြီ။ ဒါကြောင့် အခု မောင်မင်းကို စစ်ဝန်ကြီးဌာနရဲ့ ဒုတိယဝန်ကြီးအဖြစ်နဲ့ တတိယအဆင့် အရာရှိကြီးအဖြစ် ခန့်အပ်လိုက်တယ်၊ စစ်ဝန်ကြီးဌာနရဲ့ ကိစ္စရပ်တွေအားလုံးကိုလည်း ယာယီစီမံခန့်ခွဲခွင့် ပေးလိုက်တယ်။ ဒါ့အပြင် မောင်မင်းကို ငွေတေး ၁၀,၀၀၀ နဲ့ အကောင်းစား ပိုးထည် ၁၀ လိပ်ကို ဆုလာဘ်အဖြစ် ချီးမြှင့်လိုက်တယ်"
ချောင်ချောင်မှာ အလွန်ဝမ်းမြောက်သွားလေသည်။ သူ၏ ရေရှည်ကြိုးပမ်းအားထုတ်မှုများမှာ နောက်ဆုံးတွင် အရာထင်လာခဲ့ပြီဖြစ်သည်။ သူက အသံကျယ်လောင်စွာဖြင့် ကျေးဇူးတင်စကား ဆိုလိုက်သည် -
"အရှင်မင်းကြီးရဲ့ ကြီးမားလှတဲ့ ကရုဏာအတွက် ကျေးဇူးတင်ရှိပါတယ် "
"ကောင်းကင်စစ်သူကြီး၊ မြေပြင်းစစ်သူကြီး နဲ့ လူသားစစ်သူကြီးတို့... ဘွဲ့ထူးတွေ လက်ခံရယူဖို့ ရှေ့ကို ထွက်ခဲ့ကြ"
စစ်သူကြီး သုံးဦးစလုံး ရှေ့သို့ ထွက်လာပြီး ရိုသေစွာ ဦးညွှတ်ကာ "အမိန့်တော်အတိုင်းပါ အရှင်မင်းကြီး" ဟု ဆိုလိုက်ကြသည်။
လင်းပိုင်ဖန်က အသံကျယ်လောင်စွာဖြင့် ဆက်လက်မိန့်ကြားလိုက်သည် - "စစ်သူကြီးတို့... မောင်မင်းတို့အားလုံးဟာ ဒီစစ်ဆင်ရေးမှာ ထူးထူးခြားခြား စွမ်းဆောင်နိုင်ခဲ့ကြတယ်။ မောင်မင်းတို့အားလုံးဟာ သိသိသာသာ တိုးတက်လာပြီး စစ်သူကြီးတွေဖြစ်ဖို့ အရည်အချင်း ပြည့်မီနေပြီလို့ ငါကိုယ်တော် ကြားသိရတယ်။ ဒါကြောင့် အခု ငါကိုယ်တော်က မောင်မင်းတို့ကို ကောင်းကင်စစ်သူကြီး၊ မြေပြင်စစ်သူကြီး နဲ့ လူသားစစ်သူကြီးဆိုတဲ့ ဘွဲ့အမည်တွေကို တရားဝင် အပ်နှင်းလိုက်တယ်။ တတိယအဆင့် အရာရှိကြီးတွေအဖြစ် ခန့်အပ်ပြီး စစ်သည် ၄ သိန်းရှိတဲ့ စစ်တပ်ကြီးကိုလည်း ကွပ်ကဲခွင့် ပေးလိုက်တယ်"
၎င်းတို့သည် တတိယအဆင့် အရာရှိကြီးများအဖြစ် ခန့်အပ်ခံရရုံသာမက စစ်သည် ၄ သိန်းကိုပါ အုပ်ချုပ်ခွင့် ရခဲ့ခြင်းဖြစ်သည်။ မဟာရှနိုင်ငံတွင် ဤသည်မှာ အဆင့်မြင့် အရာရှိကြီးများအဖြစ် သတ်မှတ်ခြင်း ခံရခြင်းပင် ဖြစ်သည်။
စစ်သူကြီး သုံးဦးစလုံး အလွန်ဝမ်းမြောက်သွားကာ - "အရှင်မင်းကြီးရဲ့ ကြီးမားလှတဲ့ ကရုဏာအတွက် ကျေးဇူးတင်ရှိပါတယ်။ ကျွန်တော်မျိုးတို့ သေသည်အထိ အစွမ်းကုန် အလုပ်အကျွေး ပြုသွားပါမည်"
ထို့နောက် လင်းပိုင်ဖန်သည် စစ်ပွဲတွင် စွမ်းစွမ်းတမံ ဆောင်ရွက်ခဲ့သူများကို ဆက်လက်ပြီး ဂုဏ်ပြုဆုချီးမြှင့်ခဲ့သည်။ ဝူစန်းကွေ့ ပင်လျှင် စစ်သည် ၃၀,၀၀၀ ကို ကွပ်ကဲရသော စတုတ္ထအဆင့် စစ်သူကြီးဘွဲ့ကို ရရှိခဲ့သည်။ ထို့ကြောင့် လူတိုင်းသည် သဘာဝအတိုင်း အလွန်ဝမ်းသာ ပျော်ရွှင်နေကြတော့သည်။
အခြားတစ်ဖက်တွင်မူ အသက်ဘေးမှ လွတ်မြောက်သွားသော မဟာယန်၏ သိုင်းပညာရှင်များသည် မဟာယန်မြို့တော်သို့ သနားစရာကောင်းသော အခြေအနေဖြင့် ပြန်ရောက်လာပြီး ဧကရာဇ်ထံ အစီရင်ခံခဲ့ကြသည်။
ထိုသတင်းကို ကြားလိုက်ရသောအခါ မဟာယန်ဧကရာဇ်မှာ အလွန်တုန်လှုပ်သွားပြီး လဲကျလုနီးပါး ဖြစ်သွားခဲ့သည် - "ငါတို့ မဟာယန်ရဲ့ ချီဖွဲ့တည်ခြင်းအဆင့် သိုင်းပညာရှင် ၃ ယောက်တောင်မှ သေသွားတာလား။ မဟာရှက သတ်လိုက်တာလား"
အကြီးအကဲကျောက်က အပြစ်မကင်းသော မျက်နှာဖြင့် -"မှန်လှပါ အရှင်မင်းကြီး၊ ကျွန်တော်တို့မျိုးရဲ့ ရဲဘော်ရဲဖက် ၃ ယောက်ဟာ မဟာရှက ပညာရှင်တွေရဲ့ သတ်ဖြတ်ခြင်းကို ခံလိုက်ရပါတယ်။ ကျွန်တော်မျိုးတို့ ဟန်ဒွမ် တောင်တန်းကို ဖြတ်ကျော်လိုက်တာနဲ့ သူတို့က ကျွန်တော်မျိုးတို့ကို ရှာတွေ့သွားပြီး ကြားဖြတ်တိုက်ခိုက်ဖို့ ပညာရှင်တွေ စေလွှတ်လိုက်ပါတယ်။ ကျွန်တော်မျိုးတို့ရဲ့ ရဲဘော်ရဲဖက် ၃ ယောက်ဟာ အလစ်အငိုက် အတိုက်ခံရပြီး ကျဆုံးသွားခဲ့ရပါတယ်။ အရှင်မင်းကြီးရဲ့ ယုံကြည်မှုကို မစောင့်ထိန်းနိုင်တဲ့အတွက် ကျွန်တော်မျိုးကို အပြစ်ပေးတော်မူပါ"
"ကျွန်တော်မျိုးတို့ကို အပြစ်ပေးတော်မူပါ အရှင်မင်းကြီး" ဟု ကျန်ရှိနေသော ချီဖွဲ့တည်ခြင်းအဆင့် သိုင်းပညာရှင်များကလည်း တညီတညွတ်တည်း ပြောလိုက်ကြသည်။
မဟာယန်ဧကရာဇ်သည် ရှေ့မှ သိုင်းပညာရှင်များကို ကြည့်ကာ သက်ပြင်းကြီး တစ်ချက်ချလိုက်သည်။ ဤလူများသည် ၎င်းတို့နိုင်ငံ၏ ကျောက်တိုင်များဖြစ်ရာ မည်သို့ အပြစ်ပေးရက်ပါမည်နည်း။ ၎င်းတို့မှာ ချီဖွဲ့တည်ခြင်းအဆင့် သိုင်းပညာရှင်များ ဖြစ်သည့်အတွက် အပြစ်ပေးရန်လည်း မလွယ်ကူလှချေ။
"မောင်မင်းတို့မှာ အပြစ်ရှိတာမှ မဟုတ်တာ၊ ငါကိုယ်တော် ဘာလို့ အပြစ်ပေးရမှာလဲ။ ဒါတွေ အားလုံးဟာ မဟာရှကြောင့်ပဲ။ သူတို့သာ မရှိရင် ငါကိုယ်တော်ရဲ့ သူရဲကောင်းတွေကို ဆုံးရှုံးလိုက်ရမှာ မဟုတ်ဘူး။ ဒါဟာ တကယ့်ကို ရင်နာစရာပဲ"
မဟာယန်ဧကရာဇ်သည် ရင်ဘတ်ကို ထုကာ နောင်တရစွာဖြင့် -"ဒီလို ဖြစ်မှန်းသိရင် မောင်မင်းတို့ကို ငါကိုယ်တော် ဘယ်တော့မှ လွှတ်မှာ မဟုတ်ဘူး။ ဒါတွေဟာ ငါကိုယ်တော်ရဲ့ အပြစ်တွေလည်း ပါတယ်။ အပြစ်ပေးမယ်ဆိုရင် ငါကိုယ်တော်ကိုပဲ ပေးသင့်တယ်။ မောင်မင်းတို့အပေါ် မှားယွင်းမိခဲ့ပြီ"
"အရှင်မင်းကြီး" ဟု အားလုံးက ဝိုင်းဝန်း ခေါ်လိုက်ကြသည်။ ဧကရာဇ်၏ ဝမ်းနည်းနေပုံကို မြင်လိုက်ရသောအခါ ၎င်းတို့၏ ကြည်ညိုလေးစားမှုမှာ ပိုမိုတိုးပွားလာခဲ့သည်။
ဧကရာဇ်က လက်ကို အားနည်းစွာ ဝှေ့ယမ်းကာ -"ကဲ... မောင်မင်းတို့အားလုံးလည်း ပင်ပန်းနေကြပြီပဲ၊ ပြန်ပြီး အနားယူကြတော့။ အခု ငါကိုယ်တော်ရဲ့ စိတ်တွေ အရမ်းလေးလံနေလို့ ခဏလောက် တစ်ယောက်တည်း နေချင်တယ်"
လူတိုင်း ထွက်ခွာသွားပြီးနောက် ဧကရာဇ်၏ မျက်နှာသည် တည်ငြိမ်သွားသော်လည်း ဒေါသများက ဟုန်းဟုန်းတောက်နေဆဲ ဖြစ်သည် - "မဟာရှ။ ဘာကောင်းကျိုးမှ မပေးတဲ့ မဟာရှ။ ငါ ကလဲ့စားမချေရသရွေ့ မနားဘူးလို့ ကျိန်ဆိုတယ်"
ထိုအချိန်တွင် မဟာရှစစ်တက္ကသိုလ်မှ ကျောင်းသားများမှာ သင်တန်းဆင်းခဲ့ကြပြီ ဖြစ်သည်။ ၎င်းတို့သည် စစ်ဆင်ရေးတွင် ကောင်းမွန်စွာ စွမ်းဆောင်နိုင်ခဲ့သဖြင့် လင်းပိုင်ဖန်မှ ရာထူးတိုးမြှင့်ပေးပြီး တပ်မတော်အသီးသီးသို့ တာဝန်ချထားပေးခဲ့သည်။
ကောင်းကင်၊ မြေပြင်နှင့် လူသားစစ်သူကြီး တို့သည်လည်း တာဝန်သစ်များကို စတင်ကာ ထမ်းဆောင်နေကြသည်။ စစ်သည် ၄ သိန်းကို ကွပ်ကဲနေပြီး တိုက်ခိုက်လိုစိတ် ပြင်းပြနေသော စစ်သည်သစ်များကို လေ့ကျင့်ပေးနေကြသည်။
ထိုအချိန်တွင် လင်းပိုင်ဖန် ရောက်ရှိလာသည်။ စစ်သူကြီး သုံးဦးစလုံး အံ့အားသင့်သွားကာ ချက်ချင်းပင် ဦးကြိုလိုက်ကြကာ -"အရှင်မင်းကြီးကို ဂါရဝပြုပါတယ်၊ အရှင်မင်းကြီး သက်တော်ရာကျော် ရှည်ပါစေ"
လင်းပိုင်ဖန်က -"စစ်သူကြီးတို့... တာဝန်အသစ်တွေမှာ အသားကျပြီလား"
"အစီရင်ခံပါတယ် အရှင်မင်းကြီး၊ ကျွန်တော်မျိုးတို့ အသားကျနေပါပြီ" လူသားစစ်သူကြီးက စိတ်လှုပ်ရှားစွာဖြင့် "ကျွန်တော်မျိုးတို့ရဲ့ လေ့ကျင့်ပေးမှုအောက်မှာ စစ်သည်တွေ သန်မာလာတာကို ကြည့်ပြီး ကျေနပ်မိပါတယ် အရှင်မင်းကြီး။ ဒီစစ်သည်တွေဟာ ကျွန်တော်မျိုးတို့ အရင်က ဦးဆောင်ခဲ့တဲ့သူတွေထက် အများကြီး သာပါတယ်"
"မှန်ပါတယ် အရှင်မင်းကြီး၊ ကျွန်တော်မျိုးအတွက်တော့ ဒီနေရာက အိမ်လိုမျိုး နွေးထွေးမှုကို ခံစားစေရပါတယ်" ဟု ကောင်းကင်စစ်သူကြီး ပြုံးလျက် ပြောလိုက်သည်။
လင်းပိုင်ဖန်က လေးနက်စွာဖြင့် -" ငါကိုယ်တော် အခုလာတာက မောင်မင်းတို့ကို အရေးကြီးတဲ့ ကိစ္စတစ်ခု အပ်နှံဖို့ပဲ"
"အရှင်မင်းကြီး အမိန့်ပေးတော်မူပါ ဘုရား"
လင်းပိုင်ဖန်က "မောင်မင်းတို့ သုံးယောက်ဟာ လူတွေကို စိတ်ညှို့နိုင်တဲ့ ပညာရပ်မှာ ကျွမ်းကျင်ကြတယ်။ အဲဒါက မောင်မင်းတို့ရဲ့ အားသာချက်ပဲ။ ငါကိုယ်တော် မေးချင်တာက စစ်မြေပြင်မှာ ဒီပညာကို အထိရောက်ဆုံး ဘယ်လို သုံးမလဲ"
လူသားစစ်သူကြီးက မျက်တောင်ခတ်လိုက်ကာ "ရန်သူ့စစ်တပ်ကို စိတ်ညှို့ပြီး ကျွန်တော်မျိုးတို့ ဘက်ကိုပါလာအောင် လုပ်ရမှာ မဟုတ်ဘူးလား" ဟု မေးလိုက်သည်။
လင်းပိုင်ဖန်က ခေါင်းခါပြလိုက်ကာ -"မဟုတ်ဘူး။ အဲဒီနည်းလမ်းက အားနည်းချက် ရှိတယ်။ မောင်မင်းက စစ်တပ်တစ်ခုလုံးကို စိတ်ညှို့နိုင်ပေမယ့် ရန်သူ့ဘက်က အားကောင်းတဲ့ စစ်သည်တော်တွေကိုတော့ စိတ်ညှို့လို့ မရဘူး။ တစ်ခါတလေကျရင် စွမ်းအားကြီးတဲ့ ပညာရှင်တစ်ယောက်ဟာ စစ်သည်တစ်ထောင်ထက် ပိုတန်ဖိုးရှိတယ်။ အဲဒီလူကို မောင်မင်းတို့ မကိုင်တွယ်နိုင်ရင် စစ်သည်တွေ အားလုံးကို မောင်မင်းတို့ဘက်ပါအောင် လုပ်နိုင်ရင်တောင် အလကားပဲ"
စစ်သူကြီး သုံးဦးစလုံး တိတ်ဆိတ်သွားကြသည်။ ၎င်းတို့၏ ပညာသည် သာမန်လူများအပေါ်တွင်သာ ထိရောက်ပြီး စွမ်းအားကြီး သိုင်းပညာရှင်များအပေါ်တွင်မူ အသုံးမဝင်လှပေ။
လင်းပိုင်ဖန်က ဆက်မေးလိုက်ကာ - "စစ်ဗျူဟာ ခင်းကျင်းနိုင်တဲ့ စစ်တပ်တစ်ခုကို မောင်မင်းတို့ လေ့ကျင့်ပေးချင်လား"
"ဟုတ်ကဲ့။ ဒါဟာ ကျွန်တော်မျိုးတို့ရဲ့ အိပ်မက်ပါပဲ"
ကောင်းကင်စစ်သူကြီးက - "တပ်ဖွဲ့ဝင် အရေအတွက် တူရင်တောင် စစ်ဗျူဟာ ကျွမ်းကျင်တဲ့စစ်တပ်နဲ့ မကျွမ်းကျင်တဲ့စစ်တပ်ဟာ စွမ်းအားချင်း အဆပေါင်းများစွာ ကွာခြားပါတယ်။ ဒါပေမဲ့ ဒါက အရမ်းခက်ခဲပါတယ် အရှင်မင်းကြီး"
လင်းပိုင်ဖန်က ပြုံးလိုက်ကာ -"မဟုတ်ဘူး။ တခြားသူတွေအတွက် အခွင့်အရေး မရှိပေမယ့် မောင်မင်းတို့ သုံးယောက်အတွက်တော့ အခွင့်အရေး အကြီးကြီး ရှိတယ်။ စဉ်းစားကြည့်ပါ၊ မောင်မင်းတို့က စိတ်ညှို့ပညာရှင်တွေ။ မောင်မင်းတို့သာ စစ်တပ်တစ်ခုလုံးကို စိတ်ညှို့ပြီး သူတို့ရဲ့ စိတ်နဲ့ နှလုံးသားကို တစ်သားတည်းဖြစ်အောင် လုပ်နိုင်ရင် စစ်ဗျူဟာ ခင်းကျင်းဖို့ အခွင့်အရေး မရနိုင်ဘူးလား"
စစ်သူကြီး သုံးဦးစလုံး၏ မျက်လုံးများ ဝင်းလက်သွားကြသည် - "ဟုတ်သားပဲ... ဒါကို ကျွန်တော်မျိုးတို့ ဘာလို့ မစဉ်းစားမိတာလဲ"
"ငါကိုယ်တော် အခုလာတာက ဒါကို သတိပေးဖို့ပဲ။ မောင်မင်းတို့ရဲ့ အရည်အချင်းကို အသုံးချပြီး အဲ့ဒီဘက်ကို ကြိုးစားကြည့်ကြပါ။ အောင်မြင်သွားရင်တော့ မောင်မင်းတို့ဟာ ဘယ်သူမှ မတားဆီးနိုင်တဲ့ အင်အားကြီး စစ်တပ်တစ်ခုကို ပိုင်ဆိုင်ရလိမ့်မယ်”