ဒီနေ့တော့ ငါ နင့်ကို သတ်ပစ်မယ်
Vol. 24 Ch. 231
“ဘာတွေ ကြောင်ကြည့်နေကြတာလဲ။ ငါ့ကို ကူကြဦးလေ...”
ပြင်းထန်လှသော ဓားအလင်းတန်းကို စိုက်ကြည့်ရင်း လုချန်ထျန်းက ဓားဒိုင်းတစ်ခု ဖန်တီးရန် လက်မြှောက်လိုက်သည်။ သို့သော် သူက ခန္ဓာကိုယ်ကျင့်ကြံခြင်းဘက်သို့ ကူးပြောင်းထားသူ ဖြစ်ရာ သဏ္ဌာန်မဲ့ဓားငယ်၏ ခုခံနိုင်စွမ်းမှာ သိသိသာသာ အားနည်းနေပြီဖြစ်သည်။
ထိုတိုက်ကွက်ကို သူ တစ်ယောက်တည်း မခုခံနိုင်မှန်း သိသဖြင့် ကျန်ရှိသော ညီငယ်သုံးဦးကို အကူအညီ လှမ်းတောင်းလိုက်ရသည်။
မည်သို့ဆိုစေကာမူ သူက သူတို့၏ စီနီယာအစ်ကို မဟုတ်ပါလား။
ကျန်းဟန်ရှောင်၊ ရှောင်ယိဖုန်းနှင့် ယွင်ကျိမိုတို့မှာ ရုတ်တရက် ဖြစ်ပွားသော ပဋိပက္ခကြောင့် ကြောင်တောင်တောင် ဖြစ်နေကြသော်လည်း လီချင်းရန်၏ ဓားအရှိန်အဝါကို တားဆီးရန် ဗီဇအရ လှုပ်ရှားလိုက်ကြသည်။
“ရှင်တို့က မကောင်းမှုဘက်က ရပ်တည်နေတာလား။ ဒါဆိုရင်လည်း အားလုံးကို တစ်ခါတည်း သတ်ပစ်ရတာပေါ့...”
လီချင်းရန်၏ အကြည့်များမှာ ပို၍ မိုအေးစက်လာပြီး သူ၏ ခန္ဓာကိုယ်ပတ်လည်တွင် မြူခိုးများ ထွက်ပေါ်လာသည်။
နောက်ထပ် ဓားကွက်တစ်ခုကို ထုတ်ဖော်ရန် ပြင်လိုက်သော်လည်း သူ၏ စိတ်ဝိညာဉ်ချီစွမ်းအင် ကုန်ခမ်းလုနီးပါး ဖြစ်နေသည်ကို ရုတ်တရက် သတိပြုမိလိုက်သည်။
ကြာစိမ်းဓားသိုင်းကျမ်းသည် အလွန် အစွမ်းထက်လှပြီး မြန်ဆန်မှု၊ ဖျက်ဆီးမှုနှင့် ဖိနှိပ်မှုတို့ကို တစ်ခုတည်းအဖြစ် ပေါင်းစပ်ထား၏။ ၎င်း၏ ခန့်မှန်းရခက်သော လှုပ်ရှားမှုများကြောင့် ခုခံရန် ခက်ခဲလှသော်လည်း သဏ္ဌာန်မဲ့ဓားသိုင်းငယ်ထက် စိတ်ဝိညာဉ်ချီစွမ်းအင် ပိုမိုကုန်ခမ်းစေသည်။
အစပိုင်းတွင် သူ၏ အန္တိမအဆင့် ဒန်တျန်ကို စတင်ဖွဲ့စည်းစဉ်က ထိုမျှများပြားသော စိတ်ဝိညာဉ် ချီစွမ်းအင်များ ရှိနေခြင်းမှာ အလဟဿဖြစ်မည်ဟု သူ ထင်ခဲ့ဖူးသည်။ သို့သော် ထိုဓားကျမ်းကို လေ့လာပြီးနောက်တွင်မူ သူ မည်မျှ နုနယ်ခဲ့သည်ကို ချက်ချင်း သဘောပေါက်သွားတော့သည်။
ချီရှောင်းတောင်ထွတ်မှ တပည့်လေးဦးမှာ သူ၏ ဓားအရှိန်အဝါကို မနည်းခုခံလိုက်ရသည်။
လီချင်းရန်၏ စိတ်ဝိညာဉ်ချီစွမ်းအင် ကုန်ခမ်းနေသည်ကို မြင်လိုက်ရာ သူတို့၏ မျက်နှာများမှာ စိတ်လှုပ်ရှားမှုကြောင့် ဝင်းခနဲ ဖြစ်သွားကြသည်။
“လီချင်းရန်၊ မင်းမှာ စိတ်ဝိညာဉ်ချီစွမ်းအင် ကုန်သွားပြီ။ မင်း အခု ဘာလုပ်နိုင်ဦးမလဲ ကြည့်ကြ သေးတာပေါ့...”
“မင်း... မင်းက တကယ်ကို ကိုယ့်စီနီယာအစ်ကိုကို သတ်ဖို့ ကြိုးစားနေတာလား။ ခွေးတစ်ကောင် မှာတောင် သစ္စာရှိမှု ရှိသေးတယ်။ မင်းကတော့ တကယ့်ကို အသည်းနှလုံး မရှိတဲ့သူပဲ...”
“အားလုံး မျက်လုံးဖွင့်ပြီး ကြည့်ကြ။ လီချင်းရန်က ငါတို့ကို စီနီယာအစ်ကိုတွေလို့ မသတ်မှတ် တော့ဘူး။ သူ့အတွက်တော့ ငါတို့က ရန်သူတွေပဲ။ မင်းတို့ အခုထိ မသိသေးဘူးလား။” လုချန်ထျန်းက ဓားကို အားပြုကာ မတ်မတ်ရပ်လိုက်ရင်း မျက်နှာပျက်ပျက်နှင့် ပြောလိုက်သည်။ “ငါတို့က ရန်သူတွေဆိုရင်တော့ တစ်ယောက်ယောက်က သေရမှာပဲ...”
“လီချင်းရန်။ ငါတို့ မင်းကို တစ်ခါ ဒုက္ခိတဖြစ်အောင် လုပ်ခဲ့သလို အခုလည်း ထပ်လုပ်နိုင်တယ်...”
“ပါးစပ်ပိတ်ထား။”
လီချင်းရန်က သူတို့လေးဦးကို ကြည့်ရင်း ရယ်စရာကောင်းသည်ဟု ထင်မိသည်။
သူတို့ ပြောင်းလဲလာနိုးနိုးနှင့် ချီရှောင်းတောင်ထွတ်မှာ အကြာကြီး မည်သည့်အတွက်ကြောင့် မျှော်လင့်ချက်ထားပြီး နေခဲ့မိသနည်း။
တကယ်တမ်း သူတို့သည် အစကတည်းက ထိုကဲ့သို့လူများ ဖြစ်နေပေလိမ့်မည်။
စီနီယာအစ်ကိုဆိုသော ဂုဏ်ပုဒ်ကသာ သူ့ကို မျက်စိကွယ်စေခဲ့ခြင်း ဖြစ်ပေလိမ့်မည်။
အစပိုင်းတွင် သူတို့၏ စိတ်ဓာတ်အမှန်ကို သူ မမြင်နိုင်ခဲ့သော်လည်း အချိန်ကြာလာသည်နှင့်အမျှ အရာအားလုံးက ရှင်းလင်းလာခဲ့ပြီ ဖြစ်သည်။
စိတ်ဝိညာဉ်ချီစွမ်းအင် ကုန်ခမ်းသွားခြင်းက ပြဿနာမဟုတ်ပေ။ ပြန်ဖြည့်လိုက်ရုံပင်။
လီချင်းရန်က သူ၏ အသက်စည်းနှောင်ရတနာကို ဆင့်ခေါ်လိုက်သည်။
လုချန်ထျန်းနှင့် ကျန်သူများ အမြင်တွင်မူ ၎င်းမှာ အနက်ရောင် အဝိုင်းပြားတစ်ခုနှင့်သာ တူနေသည်။
ဒါက ဘယ်လိုလက်နက်မျိုးလဲ။
တိုက်ခိုက်ရေးလက်နက်လား။ ခုခံရေးပစ္စည်းလား။ ဒါမှမဟုတ် ထွက်ပြေးဖို့အတွက်လား။
ထိုအဝိုင်းပြားမှာ သူ၏ လက်ဖဝါးပေါ် လည်ပတ်နေပြီး အပြာနုရောင် အလင်းတန်းလေးများ ဖြာထွက်နေ၏။
သို့သော် နောက်တစ်စက္ကန့်တွင်မူ...
သူတို့၏ မျက်နှာများမှာ ထိတ်လန့်မှုကြောင့် ပုံပျက်သွားကြ၏။
လီချင်းရန်၏ ကုန်ခမ်းနေသော စိတ်ဝိညာဉ်ချီစွမ်းအင်များမှာ သိသိသာသာ မြန်ဆန်သောနှုန်းဖြင့် ပြန်လည်ပြည့်ဝလာနေသည်ကို မြင်တွေ့နေရသည်။
မျက်စိတစ်မှိတ်အတွင်းမှာပင် သူက စွမ်းအင်များ အပြည့်အဝ ပြန်လည်ရရှိသွားသည်။
“စိတ်....စိတ်ဝိညာဉ်ချီစွမ်းအင် ပြန်ဖြည့်ပေးတဲ့ ရတနာလား။...” ကျန်းဟန်ရှောင်က အံ့ဩ တုန်လှုပ်စွာ ရေရွတ်လိုက်သည်။
“မဟုတ်ဘူး... အဲဒါတင် မကသေးဘူး...” လုချန်ထျန်းက လီချင်းရန်၏ မျက်လုံးများကို စိုက်ကြည့်ရင်း မျက်နှာပျက်သွားသည်။
သူ၏မျက်ဝန်းထဲမှ ပင်ပန်းနွမ်းနယ်မှုများမှာ လုံးဝ ပျောက်ကွယ်သွားပြီ ဖြစ်သည်။
ထိုထူးဆန်းသော ရတနာသည် စိတ်ဝိညာဉ်ချီစွမ်းအင်ကို ပြန်ဖြည့်ပေးရုံတင် မကဘဲ အသုံးပြုသူ၏ ခန္ဓာကိုယ်အခြေအနေကိုပါ ပြန်လည် လန်းဆန်းလာစေခြင်းပင်။
ချင်းယွန်ဘုံမှာ ဒီလိုရတနာမျိုး ရှိနေတာလား။
သူ ထိုသို့အရာမျိုးကို တစ်ခါမှ မကြားဖူးခဲ့ပေ...
ကျန်းဟန်ရှောင် နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်လိုက်ပြီး လီချင်းရန်၏ ကိုယ်ပေါ်မှ ထွက်ပေါ်နေသော ဓားအသိများကို ကြည့်ကာ တုန်ရီနေတော့သည်။
“အဲ... စီ..စီနီယာ ချင်းရန်၊ ကျွန်တော်က အစ်မနဲ့ ဘာရန်ငြိုးမှ မရှိပါဘူးနော်။ တကယ်တော့ ကျွန်တော် ဗိုက်ထဲက သိပ်မကောင်းလို့ အရင်သွားနှင့်ပါရစေဦး...”
ပြောပြီးသည်နှင့် သူ လှည့်ပြီး ထွက်ပြေးတော့သည်။
သူက အခြေခံအုတ်မြစ်အဆင့်သာ ရှိသေးသည်။ ရွှေရောင်အနှစ်သာရအဆင့် ကျင့်ကြံသူကို မည်သို့ ယှဉ်နိုင်မည်နည်း။
ရွှမ်း...
ဓားအလင်းတန်းတစ်ခုက သူ့ကို ထိုးဖောက်သွား၏။
ကျန်းဟန်ရှောင်က သွေးစွန်းထင်းနေသော ရင်ဘတ်ကို ငေးကြည့်ရင်း လဲကျသွားတော့သည်။
သူ့ရှေ့မှ မြူခိုးများမှာ လွင့်ပါးသွားပြီး ဝိညာဉ်ဓားသမားတစ်ဦး၏ ပုံရိပ်မှာ ထွက်ပေါ်လာသည်။
“ညီလေး...”
ရှောင်ယိဖုန်းက ကျန်းဟန်ရှောင်၏ ဘေးသို့ အပြေးအလွှား သွားရောက်ကာ စမ်းသပ်ကြည့်ရာ သူ သေဆုံးသွားပြီဖြစ်ကြောင်း သိလိုက်ရသည်။
သူ့မျက်လုံးများမှာ ဒေါသကြောင့် နီမြန်းလာ၏။
သူက လီချင်းရန်ဘက်သို့ လှည့်ကြည့်ကာ ဒေါသတကြီး အော်ဟစ်လိုက်သည်။ “မင်း သူ့ကို သတ်လိုက်တာလား။ မင်း ဘယ်လိုလုပ်ပြီး...”
သူ့အတွက် အဖြေကတော့ ဓားဟိန်းသံပင်။
လီချင်းရန် သိပ်ပြီး မလှုပ်ရှားလိုက်ရပေ။ သူက လက်ကောက်ဝတ်ကို လှည့်လိုက်ရုံသာ ရှိသေးသော်လည်း ရှောင်ယိဖုန်း၏ နောက်ဆုံးအချိန်တွင် မျက်စိကျိန်းမတတ် ပြင်းထန်သော ဓားအလင်းကိုသာ မြင်လိုက်ရတော့သည်။
၎င်းမှာ သူ နောက်ဆုံးမြင်တွေ့လိုက်ရသော အရာပင်။
သူ၏ဦးခေါင်းမှာ မြက်ခင်းပေါ်သို့ လိမ့်ကျသွား၏။
လီချင်းရန်၏ အေးစက်သော အကြည့်များမှာ ကျန်ရှိနေသော ယောက်ျား နှစ်ယောက်ထံသို့ ကျရောက်လာသည်။
သူ၏နှုတ်ခမ်းများ ပွင့်ဟလာပြီး အေးစက်သော အသံဖြင့် ပြောလိုက်သည်။
“နှစ်ယောက်...”
သူ၏ဆရာ ပြောခဲ့သည်မှာ မှန်ပေသည်။
ပေါင်းပင်ကို အမြစ်မှ မနှုတ်လျှင် နွေဦးရောက်သောအခါ ပြန်ပေါက်လာလိမ့်မည်။
ထိုလူများ သေသင့်သည်မှာ ကြာလှလေပြီ။
ချင်းယွန်ဂိုဏ်းသို့ ပထမဆုံးအကြိမ် လာစဉ်က သူ၏ဆရာသည် သူ၏ မျက်နှာကို ထောက်ထားပြီး သူတို့အသက်ကို ချမ်းသာပေးခဲ့ခြင်း ဖြစ်သည်။ အကယ်၍ သူသာ တကယ် အလိုရှိခဲ့လျှင် ဟင်းလင်းပြင်ပေါင်းစည်းခြင်းအဆင့် စွမ်းအားနှင့် ချင်းယွန်ဂိုဏ်းကို မျက်စိတစ်မှိတ်အတွင်း အမှုန့်ချေပစ်နိုင်သည်။
ဆရာက သူ၏ ခံစားချက်ကို ငဲ့ညှာလွန်းခဲ့သည်။
အခုတော့ သူ တွန့်ဆုတ်နေခဲ့မိသည်ကို နောင်တရမိသည်။
သူက သူကိုယ်တိုင်နှင့် သူ၏ဆရာအတွက်ပါ ဒုက္ခများသာ ဖန်တီးခဲ့မိသည်။
ကောင်းပြီလေ။
ဒီနေ့တော့ အရာအားလုံးကို အပြီးအပိုင် အဆုံးသတ်ရမယ်။
“ယွင်ကျိမို။ ငါတို့ ပူးပေါင်းမှ ရမယ်။ မဟုတ်ရင် ဘယ်သူမှ အသက်ရှင်လျက် ထွက်သွားနိုင်မှာ မဟုတ်ဘူး...” လုချန်ထျန်းက အံကြိတ်ကာ ပြောလိုက်သည်။ “ထွက်ပြေးဖို့ မစဉ်းစားနဲ့။ သူက ရွှေရောင်အနှစ်သာရအဆင့်မှာ။ ငါတို့ လွတ်မှာ မဟုတ်ဘူး။ ဒါပေမဲ့ လျို့ဝှက်နယ်မြေရဲ့ ထွက်ပေါက်က ပွင့်တော့မယ်။ ပွင့်သွားတာနဲ့ ပျံသန်းမှုတားမြစ် အခင်းအကျင်းက ပျက်ပြယ် သွားလိမ့်မယ်...”
[ လုချန်ထျန်း။ နင်က တကယ့်ကို သနားစရာကောင်းတဲ့ အကောင်ပဲ ]
လုချန်ထျန်း မှင်တက်သွား၏။
သူ၏ စိတ်ထဲတွင် မုပိုင်ရွှမ်၏ ပုံပျက်ပန်းပျက် မျက်နှာမှာ ပေါ်လာလေသည်။
“ဂျူနီယာညီမလေး... မင်း..”
[ နင့်ကို ကောင်းကင်မိစ္ဆာကျင့်စဉ် ပေးထားတာတောင် လီချင်းရန်ကိုတောင် မယှဉ်နိုင်ဘူးလား။ အရာအားလုံးကို ငါကိုယ်တိုင် လုပ်နေရမှာလား... ]
“ကောင်းကင်မိစ္ဆာကျင့်စဉ်... ဘာကောင်းကင်မိစ္ဆာကျင့်စဉ်လဲ...”
ပထမဆုံးအကြိမ်အဖြစ် သူက မုပိုင်ရွှမ်၏ မျက်နှာတွင် ဒေါသအရှိန်အဝါများကို မြင်လိုက်ရသည်။
သူ့မှတ်ဉာဏ်ထဲတွင် မုပိုင်ရွှမ်က အမြဲတမ်း နူးညံ့ပြီး အပြစ်ကင်းသူ ဖြစ်သည်။ သို့သော် ယခု တွေ့နေရသော မုပိုင်ရွှမ်မှာမူ သူ၏ဝိညာဉ်ကိုပင် တုန်လှုပ်စေသည်။
[ ငါ နင့်ကို ပေးခဲ့တဲ့ ကျင့်စဉ်က ခန္ဓာကိုယ်သန့်စင်တဲ့ အတတ်မဟုတ်ဘူး။ အဲဒါက ကောင်းကင်မိစ္ဆာကျင့်စဉ်ရဲ့ အပိုင်းအစတစ်ခုပဲ။ ငါ ချင်းယွန်ဂိုဏ်းကို ဝင်လာခဲ့တာက မိစ္ဆာ အရှင်သခင်ရဲ့ အဆင့်တက်မှုကို ကူညီဖို့ပဲ။ ပြီးတော့ အချိန်တန်ရင်... ချင်းယွန်ဂိုဏ်းကို အဆုံးစီရင်ဖို့ပဲ ]
[ နင်က ငါ့အတွက် နယ်ရုပ်တစ်ရုပ်ပဲ... ]
ပြုစားထားသော မှော်အတတ်များ ပျက်ပြယ်သွား၏။
လုချန်ထျန်းနှင့် ယွင်ကျိမိုတို့ ရုတ်တရက် သတိပြန်ဝင်လာကြသည်။
သို့သော် ထူးဆန်းသည်မှာ သူတို့ကိုယ်သူတို့ ထူးထူးခြားခြား ပြောင်းလဲသွားသည်ဟု မခံစား ရခြင်းပင်။
ပြန်စဉ်းစားကြည့်လျှင် မုပိုင်ရွှမ်မှာ အရင်ကလောက် ဆွဲဆောင်မှု မရှိတော့သယောင် ခံစားရသည်။
အမှန်တရားမှာ သူတို့အပေါ် စိတ်ရင်းနှင့် ကောင်းခဲ့သူမှာ လီချင်းရန်သာ ဖြစ်၏။
သူက မည်သည့်အခါမှ ဟန်ဆောင်ခြင်း မရှိခဲ့သလို ချိုသာသော စကားများလည်း မပြောခဲ့ပေ။ သို့သော် မုပိုင်ရွှမ်နှင့် ယှဉ်လျှင် သူ၏ လုပ်ရပ်များမှာ အမြဲပင် ပို၍ အဓိပ္ပာယ်ရှိခဲ့သည်။
“ငါ နားလည်သွားပြီ။ နောက်ဆုံးတော့ နားလည်သွားပြီ...” လုချန်ထျန်းက လက်သီးကို တင်းတင်းဆုပ်လိုက်ပြီး နောင်တရနေသော မျက်လုံးများဖြင့် အော်ဟစ်လိုက်သည်။ “ဒါဆို ငါတို့ လီချင်းရန်အပေါ် လုပ်ခဲ့သမျှက မင်းရဲ့ ခြယ်လှယ်မှုကြောင့်ပေါ့...”
အေးစက်သော ရယ်သံတစ်ခု သူ၏စိတ်ထဲတွင် ပဲ့တင်ထပ်လာ၏။
ထို့နောက် ၎င်းမှာ ရိုင်းစိုင်းသော ရယ်မောသံအဖြစ် ပြောင်းလဲသွားခဲ့သည်။
[ မဟုတ်ဘူး ]
မုပိုင်ရွှမ်၏ အသံမှာ အေးစက်သွားသည်။
[ အဲဒါက နင်တို့ရဲ့ ယုတ်ညံ့တဲ့ စိတ်ဓာတ်ကြောင့်ပဲ။ ငါ့ရဲ့ မိစ္ဆာအတတ်က ရှိပြီးသား အရာတွေကို ပိုပြီး ကြီးထွားလာအောင် လုပ်ပေးလိုက်တာပဲ... အဲဒါထက် မပိုဘူး... ]
“ငါ မင်းကို မယုံဘူး...”
[ ယုံချင်တာ ယုံ ]
သူ၏ အသံ ပျောက်ကွယ်သွား၏။
တစ်ချိန်တည်းမှာပင် လုချန်ထျန်းက အသိစိတ်များ တဖြည်းဖြည်း ပျောက်ဆုံးလာပြီး တစ်ခုခုက သူ့ကို ဝါးမျိုနေသကဲ့သို့ ခံစားလိုက်ရသည်။
“စီနီယာအစ်ကို။ စီနီယာအစ်ကို။”
ယွင်ကျိမိုက တစ်ယောက်တည်း ရေရွတ်ရင်း ရပ်နေသော လုချန်ထျန်းကို ကြည့်ကာ ထိတ်လန့် သွားသည်။
သူ ဘာဖြစ်နေတာလဲ။
ထို့နောက် နောက်တစ်စက္ကန့်တွင်မူ...
လုချန်ထျန်း ရုတ်တရက် လှည့်လာပြီး ပုံပျက်နေသော အပြုံးကြီးနှင့်အတူ ယွင်ကျိမို၏ နဖူးပေါ်သို့ သူ၏ လက်ဝါးဖြင့် ရိုက်ချလိုက်၏။
ကောင်းကင်မိစ္ဆာဝါးမျိုခြင်းအတတ် အသက်ဝင်လာသည်။
ရွှေရောင်အနှစ်သာရအဆင့် စွမ်းအားများ ပြည့်လျှံနေသော လုချန်ထျန်းက ယွင်ကျိမိုကို မလှုပ်နိုင်အောင် ဖိထားလိုက်ရာ သူ၏ခန္ဓာကိုယ်မှာ မီးထဲမှ ဖယောင်းတိုင်လို အရည်ပျော်ကျ သွားတော့သည်။
ယွင်ကျိမိုကို ဝါးမျိုပြီးနောက် လုချန်ထျန်းက လီချင်းရန်ဘက်သို့ လှည့်ကြည့်လိုက်သည်။
သူက နှုတ်ခမ်းကို လျှာဖြင့် သပ်လိုက်ပြီး မျက်လုံးများတွင် မိစ္ဆာစွမ်းအင်များနှင့် မုန်းတီးမှုများ ပြည့်နှက်နေ၏။
သူ၏ ဝတ်ရုံများမှာ မှောင်မိုက်သော အငွေ့အသက်များကြားတွင် လွင့်ပျံနေသည်။
သူ၏ နှုတ်ခမ်းများ မလှုပ်ရှားသော်လည်း လည်ချောင်းထဲမှ လုချန်ထျန်းနှင့် မုပိုင်ရွှမ်တို့၏ အသံများ ထပ်တူကျလျက် ထွက်ပေါ်လာသည်။
“လီချင်းရန်။ နင့်ရဲ့ဆရာက ငါ့ရဲ့ မိစ္ဆာအရှင်သခင်ကို သတ်ခဲ့တယ်...”
“ဒီနေ့တော့ နင့်ကို ငါကိုယ်တိုင် သတ်ပစ်မယ်...”
...